← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 16 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 16 Ch. 249-250

အခန်း ၂၄၉ ။ အရှင်မင်းကြီးကို ကာကွယ်မည့် မိန်းမ

"အခုကတော့ ကံတရားကိုပဲ စောင့်ရတော့မယ်။ မယ်တော်ကြီး ပြန်လိုက်ပါတော့။"

စားတော်ကဲကြီးဟွမ် ခေါင်းမာမာဖြင့် ပြောလိုက်သည်။

မယ်တော်ကြီးရှဲ့ ကုတင်ပေါ်မှ နဉ်ရှောင်ယောင်းကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

"အရှင်မင်းကြီး အခြေအနေက..."

"တစ်ဝက်သေနေပြီ။"

နဉ်ရှောင်ယောင်း... ငါ့ကို တစ်ဝက်မသေ၊ တစ်ဝက်မရှင်လို့ ပြောရင် ပိုကောင်းမယ်ထင်တယ်။ (ဒီအချိန်မှာ ဒါကို ဂရုစိုက်နေရသေးလား။)

မယ်တော်ကြီးရှဲ့ ကုတင်နား မကပ်ရဲပေ။ သူ့သမီးကို မကြည့်ချင်တာတစ်ကြောင်း၊ အားရွမ်က သူ့ကို လျှာထုတ်ပြနေတာတစ်ကြောင်းကြောင့် နောက်ဆုတ်လိုက်သည်။

စားတော်ကဲကြီးဟွမ်... ဒီမိန်းမကြီး ဘာလို့ မပြန်သေးတာလဲ။ ငါ သေးပေါက်ချင်နေပြီ။

....

အပြင်ခန်းတွင် သမားတော်ကောက လိုကျစ်ကွေ့ကို တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော်မျိုး အပေါ့သွားချင်လို့။"

လိုကျစ်ကွေ့ သမားတော်ကောကို လှည့်ကြည့်လိုက်သည်။

"မသွားနဲ့။"

သမားတော်ကော အံကြိတ်လိုက်သည်။ သေးထွက်ကျတော့မယ်။ ဒီလူက သတ်ချင်နေတာလား။

လိုကျစ်ကွေ့ နားမလည်နိုင်ဖြစ်နေသည်။ သေးပေါက်ချင်တာကို ဘာလို့ ရန်သူလိုကြည့်နေရတာလဲ။

အတွင်းခန်းတံခါး ပွင့်လာခဲ့သည်။

လိုကျစ်ကွေ့ လှည့်ကြည့်လိုက်တော့ မယ်တော်ကြီးရှဲ့ တံခါးဝတွင် ရပ်နေသည်။

သမားတော်ကော... သွားလို့မရတော့ဘူး။

မယ်တော်ကြီးရှဲ့ တံခါးဘောင်ကို ကိုင်ပြီး အားယူကာ လိုကျစ်ကွေ့ရှေ့ လျှောက်လာသည်။

သမားတော်ကော လိုကျစ်ကွေ့အနောက် ဝင်ပုန်းလိုက်သည်။ မယ်တော်ကြီးရှဲ့ကို ကြောက်လွန်းလို့ ရင်တုန်နေပြီ။

"အရှင်မင်းကြီးရဲ့ဆရာအကြောင်း နင် သိလား။"

မယ်တော်ကြီးရှဲ့ မေးလိုက်သည်။

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။

"သူပြောတယ်... အရှင်မင်းကြီးက ဒီတစ်ခေါက် အသက်မရှင်နိုင်လောက်ဘူးတဲ့။"

လိုကျစ်ကွေ့ မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်လား။"

မယ်တော်ကြီးရှဲ့ ဒေါသထွက်သွားသည်။

"နင်က အဲဒီစကားနှစ်ခွန်းပဲ ပြောတတ်တာလား။"

"မယ်တော်ကြီး... အခု ဒေါသထွက်နေလို့ အပိုပါပဲ။"

လိုကျစ်ကွေ့ တိုးတိုးလေး သတိပေးလိုက်သည်။

မယ်တော်ကြီးရှဲ့ ကြောင်သွားသည်။

"ဆရာကြီးက အသက်မရှင်နိုင်လောက်ဘူးလို့ပြောတာ။ သေချာပေါက်သေမယ်လို့ပြောတာမှ မဟုတ်တာ။ အရှင်မင်းကြီးက အသက်ရှင်နိုင်ပါသေးတယ်။"

မယ်တော်ကြီးရှဲ့ မျက်ခုံးပင့်လိုက်သည်။ ဒီစကားက ဟုတ်သလိုလိုပဲ။

"ကျွန်တော်မျိုး ထပ်ပြောပါရစေ။ ကျွန်တော်မျိုး အသက်ရှင်နေသရွေ့ အရှင်မင်းကြီးအတွက် လက်စားချေပေးပါ့မယ်။ မယ်တော်ကြီးနဲ့ မင်းသားလေးအတွက်တော့ ကျွန်တော်မျိုး ဘာမှမတတ်နိုင်ပါဘူး။"

မယ်တော်ကြီးရှဲ့ အေးစက်စွာ ပြုံးလိုက်သည်။ ဒီကံဆိုးမိုးမှောင်ကျတတ်တဲ့လူရဲ့ သစ္စာတရားကို သူ မမျှော်လင့်ပါဘူး။

"အမတ်ချုပ်ကြီး နန်းတော်တံခါးဝ ရောက်နေပြီ။ နန်းတော်စောင့်တပ်တွေကို တားခိုင်းထားပေမယ့် အမတ်ချုပ်ကြီးလက်ထဲမှာ မြို့တော်စစ်တပ်ရှိနေတော့ အကြာကြီးတားနိုင်မယ် မထင်ဘူး။"

"မိဖုရားခေါင်ကြီးကော။"

"မိဖုရားခေါင်ကြီးနန်းဆောင်ကို ဝိုင်းထားပါတယ်။ ဒါပေမဲ့ သူက မိဖုရားခေါင်ကြီးလေ။ အရှင်မင်းကြီး သတိရလာမှ သူ့ကို ဘယ်လိုစီရင်မလဲဆိုတာ ဆုံးဖြတ်တာ ပိုကောင်းမယ်။ မယ်တော်ကြီး ဘယ်လိုသဘောရလဲ။"

"လိုကျစ်ကွေ့... နင် ငါနဲ့ တိုင်ပင်နေတာလား။ ငါ့သဘောကတော့ အဲဒီမိန်းမယုတ်ကို ချက်ချင်း သတ်ပစ်စေချင်တယ်။"

လိုကျစ်ကွေ့ ခါးသက်သက် ပြုံးလိုက်သည်။

"မဖြစ်ဘူး။"

မယ်တော်ကြီးရှဲ့ လိုကျစ်ကွေ့ကို ကျော်ပြီး ထွက်သွားသည်။ ဒီလူက သူ့စကား နားမထောင်မှတော့ ဘာဆက်ပြောနေရမလဲ။

သမားတော်ကော လိုကျစ်ကွေ့ကို တိုးတိုးလေး မေးလိုက်သည်။

"မယ်တော်ကြီး ဒီအတိုင်း ပြန်သွားပြီလား။"

"သမားတော်ကော... သေးပေါက်ချင်တယ်ဆို။"

သမားတော်ကော လိုကျစ်ကွေ့ကို စိုက်ကြည့်လိုက်သည်။ အခုက သေးပေါက်ရမယ့်အချိန်လား။

လိုကျစ်ကွေ့ အပြင်ထွက်သွားသဖြင့် သမားတော်ကော နောက်ကလိုက်သွားသည်။

"ဒီအတိုင်း လွှတ်ပေးလိုက်တော့မလို့လား။"

"မယ်တော်ကြီး ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ သမားတော်ကော စိတ်ပူစရာ မလိုပါဘူး။"

သမားတော်ကော နှာခေါင်းရှုံ့လိုက်သည်။ သူ စိတ်ပူနေတာမှ မဟုတ်တာ။

မယ်တော်ကြီးရှဲ့ တံခါးဝတွင် ရပ်စောင့်နေသည်။ လိုကျစ်ကွေ့ ထွက်လာတာမြင်တော့ မေးလိုက်သည်။

"အရှင်မင်းကြီးကို ဝင်မကြည့်တော့ဘူးလား။"

"ဆရာကြီးက ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး။"

"ငါ ဂရုမစိုက်ဘူး။ မိဖုရားခေါင်ကြီးကို နန်းတော်အပြင် ထွက်ခွင့်မပေးနဲ့။"

"ဟုတ်ကဲ့။"

မယ်တော်ကြီးရှဲ့ လှေကားထစ်များမှ ဆင်းသွားသည်။ ခြေထောက်နာနေသော်လည်း ခါးမတ်မတ်ထားပြီး လျှောက်သွားသည်။ သားလေးအတွက် သူ လဲကျလို့မဖြစ်ဘူး။

သမားတော်ကော လိုကျစ်ကွေ့ကို လေးစားသွားသည်။ မျက်နှာပိုးသတ်ပြီး လိမ်နိုင်လွန်းလို့။

"မယ်တော်ကြီးကို လိုက်ပို့လိုက်ဦးမယ်။ သမားတော်ကော သေးမပေါက်ချင်ရင် ဒီမှာ စောင့်နေ။"

"နေပါဦး။ အရှင်မင်းကြီးရဲ့ဆရာက ဘယ်သူလဲ။"

"မီးဖိုချောင်က စားတော်ကဲ ဟွမ်လေ။"

"ဘာ..."

သမားတော်ကော မယုံနိုင် ဖြစ်သွားသည်။ ဟိုစားတော်ကဲကြီးက မယ်တော်ကြီးကို လှည့်စားနိုင်တယ် ဟုတ်လား။

လိုကျစ်ကွေ့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"အသံကြားတာနဲ့ သိသာနေတာပဲ။ သမားတော်ကော မသိဘူးလား။"

သမားတော်ကော... ငါက စားတော်ကဲအသံကို ဘာလို့ မှတ်ထားရမှာလဲ။

မယ်တော်ကြီးရှဲ့ ခြံဝင်းထဲတွင် ဝေါယာဉ်ပေါ်တက်လိုက်သည်။ ယင်းဖုန်းတို့ကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး တစ်ခုခုဖြစ်သွားရင် နင်တို့ အကုန်သေမယ်။"

ယင်းဖုန်းတို့ ဘာမှပြန်မပြောကြပေ။ သူတို့သေရင်တောင် အရှင်မင်းကြီး သေမှာ မဟုတ်ဘူး။

"နင်က မယ်တော်ကြီးနန်းဆောင်က လူတွေကို ဖမ်းသွားပြီဆိုတော့ ငါနဲ့ နဉ်ရှင်းကို ဘယ်သူ လာပြုစုမှာလဲ။"

"မယ်တော်ကြီးအတွက် လူအသစ်တွေ စီစဉ်ပေးပါ့မယ်။"

"နင်က နန်းတွင်းရေးရာတွေကိုပါ ချယ်လှယ်ချင်နေတာလား။ စစ်သေနာပတိချုပ်က အရှင်မင်းကြီးအတွက် တော်တော်အပင်ပန်းခံတာပဲ။"

"အခြေအနေအရမို့လို့ ခွင့်လွှတ်ပေးပါ။"

"သွားကြစို့။"

ဝေါယာဉ်ထမ်းနှစ်ဦး ဝေါယာဉ်ကို ထမ်းပြီး ထွက်ခွာသွားကြသည်။

"ဘာမှမဖြစ်တော့ဘူး။ ထိုက်ဟွာနန်းဆောင်ကို သေချာစောင့်ကြ။"

လိုကျစ်ကွေ့ ယင်းဖုန်းတို့ကို မှာကြားလိုက်သည်။

ယင်းဖုန်းတို့ ထွက်ခွာသွားကြတော့မှ လိုကျစ်ကွေ့ စင်္ကြံလမ်းထဲ ဝင်သွားပြီး ရပ်တန့်လိုက်သည်။ ခြံဝင်းထဲတွင် ရပ်နေသော အဘွားယာကို လက်ယပ်ခေါ်လိုက်သည်။

အဘွားယာ အနားရောက်လာပြီး ဂါရဝပြုကာ လက်ဟန်ပြလိုက်သည်။

"အရှင်မင်းကြီး ဒဏ်ရာ တော်တော်ပြင်းတယ်။"

လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

အဘွားယာ စိတ်လှုပ်ရှားသွားသည်။

လိုကျစ်ကွေ့ ခေါင်းခါပြလိုက်သည်။

"အခု စိတ်ပူနေလို့ ဘာမှမထူးဘူး။ အဘွားယာ... ယုံကြည်စိတ်ချရတဲ့ လူတွေကိုခေါ်ပြီး မယ်တော်ကြီးနန်းဆောင်ကို သွားလိုက်ပါ။ မယ်တော်ကြီးကို ပြုစုပေးလိုက်ပါ။"

အဘွားယာ အိပ်ဆောင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူသွားရင် အရှင်မင်းကြီး ဘယ်လိုလုပ်မလဲ။

"အရှင်မင်းကြီးရဲ့ဆရာကြီး စောင့်ရှောက်ပေးနေပါတယ်။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး။"

အရှင်မင်းကြီးမှာ ဆရာရှိမှန်း အဘွားယာ သိသည်။ ဆရာကြီးက နတ်ဆေးဆရာတစ်ပါးမို့လို့ အရှင်မင်းကြီး အဆင်ပြေမှာပါ။

"အခုအချိန်မှာ မယ်တော်ကြီးက အရှင်မင်းကြီးကို ကာကွယ်ပေးနိုင်မယ့်သူဖြစ်လာပြီ။ အဘွားယာ... သူ့ကို ကောင်းကောင်း ပြုစုပေးလိုက်ပါ။"

အဘွားယာ ခေါင်းညိတ်လိုက်သည်။

"ဒီအချိန်မှာ အဘွားယာကို လွှတ်လိုက်တာက အဘွားယာအတွက်လည်း ကောင်းပါတယ်။ မယ်တော်ကြီးက ကျွန်တော်မျိုး သူ့လူတွေကို ရှင်းထုတ်နေတယ်လို့ထင်သွားပြီး အဘွားယာ သစ္စာဖောက်တယ်လို့ သံသယဝင်မှာ မဟုတ်တော့ဘူး။"

အဘွားယာ လိုကျစ်ကွေ့ကိုစိုက်ကြည့်ပြီး ဂါရဝပြုကာ ထွက်ခွာသွားသည်။

အဘွားယာ ထွက်သွားချိန်တွင် ရှန်မူ ဝင်လာသည်။

"နန်းတော်တံခါးဝ အခြေအနေ ဘယ်လိုရှိလဲ။"

"အမတ်မင်းတွေ အများကြီး ရောက်လာပြီး အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေကြတယ်။"

"ရှဲ့ဝမ်ယွမ်ရော။"

"လူတွေ ဆူညံနေတာမြင်တော့ အနောက်ဆုတ်သွားတယ်။ စစ်သေနာပတိချုပ်... အမတ်ချုပ်ကြီးဘက်တော်သားတွေကို တားထားလို့ရပေမယ့် အကြီးအကဲလီတို့ ရောက်လာရင် ဘယ်လိုလုပ်မလဲ။"

"အကြီးအကဲလီ မရောက်သေးဘူးလား။"

"မရောက်သေးပါဘူး။ ဒါပေမဲ့ မကြာခင် ရောက်လာတော့မှာပါ။ အရှင်မင်းကြီး လုပ်ကြံခံရတဲ့သတင်းက မြို့တော်တစ်ခုလုံး ပျံ့နှံ့နေပြီ။"

"တားထားလိုက်။"

"ဘာ..."

"အကြီးအကဲလီတို့ ရောက်လာရင်လည်း တားထားလိုက်။"

ရှန်မူ ခေါင်းညိတ်လိုက်သည်။ အကြီးအကဲလီတို့ကို ဝင်ခွင့်ပေးပြီး အမတ်ချုပ်ကြီးရှဲ့တို့ကို တားထားရင် နန်းတော်တံခါးဝမှာ ရန်ဖြစ်ကြလိမ့်မယ်။

"တန့်ရုံကို ဟုကော်ကုန်းဆီ လွှတ်လိုက်။ ဟုကော်ကုန်းနဲ့ ဖေ့ယင်ကို နန်းတော်ထဲ ခေါ်လာခိုင်းလိုက်။ တံခါးမကြီးကနေ မဝင်ခိုင်းနဲ့။"

ရှန်မူ အမိန့်နာခံပြီး ပြေးထွက်သွားသည်။

နဂါးအစောင့်တပ်သားနှစ်ဦး လိုကျစ်ကွေ့ရှေ့ ရောက်လာသည်။

"ဘယ်လိုနေလဲ။"

"အဲဒီမိန်းမစိုးက အစေခံမလေးတစ်ယောက်နဲ့ စကားပြောပြီးတာနဲ့ ကျွန်တော်မျိုးတို့ သတ်ပစ်လိုက်ပါတယ်။"

"အစေခံမလေးက အဝေးကြီး မရောက်သေးတော့ သတ်လိုက်တဲ့အသံကို ကြားသွားပါတယ်။"

"အစေခံမလေးနောက်ကို လိုက်တဲ့လူရှိလား။"

"ရှိပါတယ်။"

"ကောင်းပြီ။ ပင်ပန်းသွားပြီ။ သွားနားကြတော့။"

တပ်သားနှစ်ဦး နဉ်ရှောင်ယောင်းအကြောင်း မေးချင်သော်လည်း လိုကျစ်ကွေ့ ထွက်သွားပြီဖြစ်၍ မမေးရဲကြတော့ပေ။

......

သမားတော်ကော အိပ်ဆောင်အပြင်ဘက်တွင် ခဏစောင့်ပြီး မယ်တော်ကြီး ပြန်မလာတော့မှ အထဲဝင်သွားသည်။

နဉ်ရှောင်ယောင်းသည် မယ်တော်ကြီး ပြန်လာမှာစိုးသဖြင့် သွေးစွန်းနေသော အဝတ်အစားများကို မလဲသေးဘဲ ကုတင်ပေါ်ထိုင်ကာ မြွေနှစ်ကောင်နှင့် ကစားနေသည်။

သမားတော်ကော ကုလားထိုင်ပေါ်တွင်ထိုင်နေသော စားတော်ကဲကြီးဟွမ်ကို မျက်လုံးပြူးကြည့်လိုက်သည်။

"တကယ်ကြီး ခင်ဗျားလား။"

စားတော်ကဲကြီးဟွမ် ခြေထောက်ပျော့နေသဖြင့် မထနိုင်သေးပေ။

"လူစွမ်းကောင်းကြီးပါလား။"

သမားတော်ကော ချီးကျူးလိုက်သည်။ မယ်တော်ကြီးရှဲ့ကို လှည့်စားနိုင်တယ်ဆိုတာ သာမန်လူ မလုပ်နိုင်ဘူး။

စားတော်ကဲကြီးဟွမ် မျက်နှာမဲ့လိုက်သည်။ လူစွမ်းကောင်း မဟုတ်ပါဘူး။ အရှင်မင်းကြီး အတင်းခိုင်းလို့ လုပ်ရတာပါ။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၅၀ ။ ကြောင်လောက်တောင် ဉာဏ်မမီသော အရှင်မင်းကြီး

"သမားတော်ကော၊ အပေါ့မသွားတော့ဘူးလား။"

နဉ်ရှောင်ယောင်း ကုတင်ပေါ်တွင် ထိုင်နေရင်း မေးလိုက်သည်။ သေးပေါက်ချင်တယ်ဆိုပြီး ခုထိမသွားသေးဘူး။

သမားတော်ကော နဉ်ရှောင်ယောင်းကို မကြည့်ရဲဘဲ စားတော်ကဲကြီးဟွမ်ကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ကျွန်တော်မျိုးကို ဘာလို့ ကြည့်နေတာလဲ။"

စားတော်ကဲကြီးဟွမ် မေးလိုက်သည်။

"သေးမပေါက်ချင်တော့ဘူး။"

သမားတော်ကောက စားတော်ကဲကြီးဟွမ်ကို ဆက်ကြည့်နေသည်။

"သေးပေါက်ချင်တာက စိတ်ဆန္ဒအရ လုပ်လို့ရလို့လား။"

နဉ်ရှောင်ယောင်း ဝင်ပြောလိုက်သည်။

သမားတော်ကော နဉ်ရှောင်ယောင်းကို လှည့်ကြည့်လိုက်သည်။ ဒီအချိန်မှာ သူ့ဆီးအိမ်အကြောင်း ဆွေးနွေးရမယ့်အချိန်လား။

"ရှူး..."

အားရွမ်နှင့် အားလျန် သမားတော်ကောကို လျှာထုတ်ပြလိုက်သည်။

သမားတော်ကော နောက်ဆုတ်လိုက်သည်။ အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှ ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး သွားလိုက်ပါဦးမယ်။"

"ကောင်းပြီလေ။"

သမားတော်ကော ထွက်ပြေးသွားတော့သည်။

စားတော်ကဲကြီးဟွမ်လည်း သေးပေါက်ချင်နေသော်လည်း ခြေထောက်မခိုင်သေးပေ။

"ဟိုကောင်လေး ကြောက်နေတာ။ ရှူး..."

အားရွမ်က နဉ်ရှောင်ယောင်းကို ပြောပြလိုက်သည်။

နဉ်ရှောင်ယောင်း နားလည်သွားသည်။ သမားတော်ကော သေးပေါက်ချင်တာ မဟုတ်ဘူး။ ကြောက်လွန်းလို့ သေးထွက်ကျတော့မလိုဖြစ်နေတာ။

"အရှင်မင်းကြီး။"

စားတော်ကဲကြီးဟွမ် ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟိုမှာ..."

နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်တော့ မြွေပါမြီးတိုက ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်နေသည်။

"မြွေပါမြီးတို။"

စားတော်ကဲကြီးဟွမ် အော်လိုက်သည်။

"အဲဒါ နတ်ကွန်းစောင့် မြွေပါမြီးတိုလေ။"

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

စားတော်ကဲကြီးဟွမ်... အရှင်မင်းကြီး မွေးထားတာပဲဖြစ်မယ်။

"အဆင်ပြေသွားပြီ။"

နဉ်ရှောင်ယောင်း မြွေပါမြီးတိုကို အနမ်းပေးလိုက်သည်။

"ညကျရင် စားစရာကောင်းကောင်း ကျွေးမယ်နော်။"

မြွေပါမြီးတို ခေါင်းညိတ်ပြီး ခုန်ဆင်းသွားသည်။

"အရှင်မင်းကြီး ပြောတာကို နားလည်တယ်လား။"

စားတော်ကဲကြီးဟွမ် အံ့သြတကြီး မေးလိုက်သည်။

"ဝက်ကြီး။"

အားလျန်က စားတော်ကဲကြီးဟွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့က လူစကား နားလည်တာပေါ့။"

"ဒါကြောင့် သူ့ကို ဝက်ကြီးလို့ ခေါ်တာပေါ့။ ရှူး..."

အားရွမ် ဝင်ပြောလိုက်သည်။

"အဲ..."

နဉ်ရှောင်ယောင်း မျက်နှာမဲ့လိုက်ပြီး မြွေနှစ်ကောင်၏ခေါင်းကို ပုတ်လိုက်သည်။

"လူတွေက မသိကြဘူးလေ။"

"အရှင်မင်းကြီး ဘာပြောနေတာလဲ။"

စားတော်ကဲကြီးဟွမ် နားမလည်နိုင် ဖြစ်နေသည်။

"ဝက်ကြီး။"

အားရွမ်က ထပ်ပြောလိုက်သည်။ ခေါင်းမော့ပြီး နဉ်ရှောင်ယောင်း၏ ပါးကို ပွတ်သပ်လိုက်သည်။

"ရှောင်ယောင်း၊ ငါတို့ သွားတော့မယ်။"

"ကောင်းပြီ။ ညကျရင် စားစရာကောင်းကောင်း လာစားနော်။ ရှောင်လျန်ကိုပါ ခေါ်ခဲ့။"

"ငါ့ကို ရှောင်လျန်လို့ မခေါ်ပါနဲ့။"

အားလျန် မကျေမနပ် ပြောလိုက်သည်။

"ကောင်းပြီလေ ရှောင်လျန်။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

အားလျန် "..."

စားတော်ကဲကြီးဟွမ် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ အရှင်မင်းကြီးက အဆိပ်မြွေတွေနဲ့ စကားပြောနေတာလား။

မြွေနှစ်ကောင် ပြတင်းပေါက်မှ ထွက်သွားပြီးနောက် လိုကျစ်ကွေ့ ဝင်လာသည်။

"စစ်သေနာပတိချုပ်။"

နဉ်ရှောင်ယောင်း လက်ပြလိုက်သည်။

"သွေးစွန်းနေတဲ့ အဝတ်အစားတွေ မလဲသေးဘူးလား။"

လိုကျစ်ကွေ့ ကုတင်နား လျှောက်လာပြီး နဉ်ရှောင်ယောင်း၏ခေါင်းကို ပွတ်သပ်လိုက်သည်။ ပြီးတော့ လည်ပင်းဒဏ်ရာကို ကြည့်လိုက်သည်။

"မယ်တော်ကြီးကို ပြဖို့လေ။ ဘယ်လိုလုပ်ခေါ်လာနိုင်တာလဲ။"

"လည်ပင်းဒဏ်ရာ သက်သာရဲ့လား။"

လိုကျစ်ကွေ့ ခါးကိုင်းပြီး ဆံပင်ကို ဖယ်ကာ ဒဏ်ရာကို သေချာကြည့်လိုက်သည်။

"သက်သာပါတယ်။ တွေ့လား။"

နဉ်ရှောင်ယောင်း လည်ပင်းကို စောင်းပြလိုက်သည်။

ဒဏ်ရာတဝိုက် နီရဲနေသေးသော်လည်း အသားပြန်တက်နေပြီ။ လိုကျစ်ကွေ့ ဒဏ်ရာကို လက်ချောင်းဖြင့် တို့ထိပြီး မေးလိုက်သည်။

"နာလား။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။

လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်ပြီး စားတော်ကဲကြီးဟွမ်ကို ကြည့်လိုက်သည်။

"စစ်သေနာပတိချုပ်၊ ကျွန်တော်မျိုး ခြေထောက်မခိုင်လို့ မထနိုင်တော့ပါဘူး။"

စားတော်ကဲကြီးဟွမ် ငိုမဲ့မဲ့ ပြောလိုက်သည်။

"ကြောက်လို့လား။ အားရွမ်နဲ့ အားလျန်က လူမကိုက်ပါဘူး။ ပြန်သွားကြပါပြီ။"

နဉ်ရှောင်ယောင်း အားပေးလိုက်သည်။

မယ်တော်ကြီးက အဆိပ်မြွေနဲ့ ဘာကွာလို့လဲ။ စားတော်ကဲကြီးဟွမ် စိတ်ထဲက ပြောလိုက်သည်။

"မီးဖိုချောင်မှာပဲ နေပါ။ လျှောက်မသွားနဲ့။ မယ်တော်ကြီး အမှန်တိုင်းသိသွားရင် ခင်ဗျား ဘယ်လိုဖြစ်မလဲဆိုတာ သိတယ်မလား။"

လိုကျစ်ကွေ့ သတိပေးလိုက်သည်။

စားတော်ကဲကြီးဟွမ် ပိုပြီး ထလို့မရတော့ပေ။ မယ်တော်ကြီးက သတ်ရုံတင်မကဘူး၊ အရိုးပါ ထောင်းပစ်လိမ့်မယ်။

"သွားတော့။"

လိုကျစ်ကွေ့ နှင်ထုတ်လိုက်သည်။

"ဖောင့်ဟွမ် မထနိုင်ဘူးတဲ့။"

နဉ်ရှောင်ယောင်း ဝင်ပြောလိုက်သည်။

လိုကျစ်ကွေ့ စားတော်ကဲကြီးဟွမ်ကို စိုက်ကြည့်လိုက်သည်။

လိုကျစ်ကွေ့၏အကြည့်က မရက်စက်သော်လည်း စားတော်ကဲကြီးဟွမ် ကြောက်လန့်သွားသည်။ ဘယ်ကအားတွေ ရောက်လာမှန်းမသိ ထိုင်ခုံမှထခုန်လိုက်ပြီး နဉ်ရှောင်ယောင်းကို ဦးညွှတ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

"နောက်တစ်ခါ မယ်တော်ကြီးနဲ့ တွေ့ရင် အရှင်မင်းကြီးရဲ့ ဆရာလို့ပဲ ပြောပါ။"

လိုကျစ်ကွေ့ ထပ်ပြောလိုက်သည်။

စားတော်ကဲကြီးဟွမ် ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။ နောက်တစ်ခါ ထပ်တွေ့ရဦးမလား။

"ကြားလား။"

"ဖောင့်ဟွမ်က မယ်တော်ကြီးနဲ့ ထပ်တွေ့ဦးမလား။"

"ကြိုတင်ကာကွယ်ထားတာ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ခေါင်းကို ပုတ်လိုက်သည်။

"ကျွန်တော်မျိုး မယ်တော်ကြီးနဲ့ မတွေ့ရအောင် နေပါ့မယ်။"

စားတော်ကဲကြီးဟွမ် ကတိပေးလိုက်သည်။

"မတော်တဆတွေ့သွားရင် အရှင်မင်းကြီးနဲ့ ကိုယ့်အတွက် ချက်ပြုတ်ရတာဝါသနာပါလို့ ချက်ပြုတ်နေတာပါလို့ ပြောလိုက်။ သိုင်းပညာရှင်က ဟင်းမချက်တတ်ရဘူးလို့ ဘယ်သူပြောလဲ။"

စားတော်ကဲကြီးဟွမ် ငိုချင်သွားသည်။

"ဟုတ်သားပဲ။ သိုင်းပညာရှင်က စားတော်ကဲကြီးလည်း ဖြစ်နိုင်တာပဲ။"

နဉ်ရှောင်ယောင်း သဘောတူလိုက်သည်။

"သိပါပြီ။"

စားတော်ကဲကြီးဟွမ် အလျှော့ပေးလိုက်သည်။

"အရှင်မင်းကြီးအတွက် သွေးအားကောင်းစေမယ့် အစားအစာတွေ လုပ်ပေးလိုက်ပါ။ ပင်ပန်းသွားပြီ။"

"မပင်ပန်းပါဘူး။ အခုချက်ချင်း သွားလုပ်ပေးပါ့မယ်။"

"ကောင်းသားပဲ။"

စားရမယ်ဆိုရင် နဉ်ရှောင်ယောင်း ပျော်သည်။

စားတော်ကဲကြီးဟွမ် အခန်းပြင် ရောက်သွားသည်။ ပန်းခင်းကို ကြည့်ပြီး ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။ ဘုရားရေ... ငါ ဘာတွေ လုပ်ခဲ့မိတာလဲ။

အခန်းထဲတွင် လိုကျစ်ကွေ့ အဝတ်အစားတစ်စုံ ထုတ်ပေးလိုက်သည်။

"ရေခပ်ပေးမယ်ဆို။"

နဉ်ရှောင်ယောင်း အဝတ်အစား ချွတ်ရင်း မေးလိုက်သည်။

ရင်ဘတ်ဟနေတာမြင်တော့ လိုကျစ်ကွေ့ ခေါင်းလွှဲလိုက်သည်။

"ရှက်နေတာလား။"

"စောစောက မယ်တော်ကြီးကိစ္စ အရေးကြီးနေလို့။ အခု ရေနွေးသွားခပ်ပေးမယ်။ ရေချိုးပြီးမှ ဝတ်လိုက်။"

"ရပါတယ်။ ကျွန်မကိုယ်က..."

လိုကျစ်ကွေ့ ထွက်သွားသည်။

"...သန့်ရှင်းနေပါပြီ။"

နဉ်ရှောင်ယောင်း စကားဆက်ပြောလိုက်သည်။ ကုတင်ပေါ် လှဲချလိုက်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။ နှစ်ခါတောင် အတူအိပ်ပြီးပြီ။ ရှက်နေတုန်းလား။

လောင်တ အသံမကြားရအောင် ဝင်လာပြီး ကုတင်ပေါ် ခုန်တက်လိုက်သည်။ နဉ်ရှောင်ယောင်း၏ လည်ပင်းကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း သကြားလုံးစားရင်း ပြောလိုက်သည်။

"အသားတက်နေပြီ။"

"ရှောင်ပိုင် မယ်တော်ကြီးနန်းဆောင်မှာ စောင့်ကြည့်နေတယ်။ ဖောင့်ဟွမ် (ကြောင်ဝါလေး)တို့က နန်းတော်တံခါးဝမှာ အမတ်ချုပ်ကြီးကို စောင့်ကြည့်နေတယ်။"

"အင်း... ညကျရင် စားစရာကောင်းကောင်း ကျွေးမယ်။"

"ကိစ္စမရှိပါဘူး။ သူတို့ အားနေတာပဲ။"

"ဒါဆို ညကျရင် မလာတော့ဘူးလား။"

"လာမှာပေါ့။ မြောင်... နင်က မကျွေးချင်လို့လား။"

"မဟုတ်ပါဘူး။"

နဉ်ရှောင်ယောင်း လှည့်အိပ်လိုက်သည်။

"ရှောင်ယောင်း၊ ဘယ်လို ဆက်လုပ်မလဲ။"

လောင်တ ပါးကို ကုတ်လိုက်သည်။

"သေချင်ယောင်ဆောင်နေလိုက်မယ်။ အနက်ရောင်နှင်းခဲမြင်းတပ်ရောက်လာရင် စစ်သေနာပတိချုပ်က အမတ်ချုပ်ကြီးကို ရှင်းပစ်လိမ့်မယ်။"

"အနက်ရောင်နှင်းခဲမြင်းတပ် ဘယ်ရောက်နေပြီလဲ။"

"မသိဘူး။ စစ်သေနာပတိချုပ် မပြောဘူး။"

"နင် မမေးဘူးလား။"

ဒီခေတ်မှာ ဖုန်းမရှိ၊ အင်တာနက်မရှိဆိုတော့ လိုကျစ်ကွေ့လည်း သိမှာ မဟုတ်ဘူး။

"စစ်သေနာပတိချုပ်လည်း သိမယ်မထင်ဘူး။"

"ဒါဆို နင်တို့နှစ်ယောက်က ကြွက်ထောင်ချောက်ထဲဝင်လာမယ့် ကြွက်ကို စောင့်နေကြတာလား။"

"ဘာ..."

"ငါ့ကို အရူးလုပ်မနေနဲ့။"

"မသေချာရင် ငါတို့ လုပ်ပါ့မလား။"

"ဒါပေမဲ့ အနက်ရောင်နှင်းခဲမြင်းတပ် ဘယ်ရောက်နေလဲ မသိဘူးလေ။"

"မြို့တော်ကို လာနေတာပဲ ဖြစ်မှာပေါ့။"

"မလာရင် ဘယ်လိုလုပ်မလဲ။"

"ကျိုးမိသားစုတပ် ရှိသေးတာပဲ။"

"မိဖုရားခေါင်ကြီးက နင့်ကို မုန်းနေတာလေ။ ကူညီပါ့မလား။"

"ငါတို့ သေချာမရှင်းပြရသေးလို့ပါ။"

"ရှင်းပြပြီးလို့ ဆက်မုန်းနေရင် ဘယ်လိုလုပ်မလဲ။"

နဉ်ရှောင်ယောင်း "..."

"စကားမပြောနိုင်တော့ဘူးမလား။"

လောင်တ နှာခေါင်းရှုံ့လိုက်သည်။

နဉ်ရှောင်ယောင်း မှောက်အိပ်လိုက်သည်။ မိဖုရားခေါင်ကြီးက ခွင့်မလွှတ်နိုင်တာလည်း ဖြစ်နိုင်တယ်။

"ဘယ်လိုလုပ်မလဲ။ စစ်သေနာပတိချုပ်နဲ့ ထပ်တိုင်ပင်ကြည့်။"

"လောင်တ၊ အနက်ရောင်နှင်းခဲမြင်းတပ်အကြောင်း စုံစမ်းပေးလို့ရမလား။"

"မြို့ထဲမှာ အန်းယွမ်ကလာတဲ့ ကြောင်တွေရှိမလား မေးကြည့်လိုက်မယ်။"

"ငန်းရိုင်းတွေကို သွားမေးကြည့်ပါလား။ သူတို့က တောင်ဘက်ကနေ မြောက်ဘက်ကို ပျံသန်းလာတာဆိုတော့ သတင်းသိမှာပဲ။"

"မြောင်..."

လောင်တ ကုတ်လိုက်သည်။

"ဘာလို့ ကုတ်တာလဲ။"

"ငန်းရိုင်းတွေက နွေရာသီမရောက်ခင် မြောက်ဘက်ပြန်သွားကြပြီလေ။ နင် မသိဘူးလား။"

ဟုတ်သားပဲ။ ရာသီဥတုပူလာရင် ငန်းရိုင်းတွေ မြောက်ဘက်ပြန်ကြတယ်။

"နင့်ဉာဏ်ကို အားကိုးလို့ မရဘူး။ ငါပဲ သွားစုံစမ်းလိုက်မယ်။ နင် ဆက်ပြီး သေချင်ယောင်ဆောင်နေလိုက်။"

နဉ်ရှောင်ယောင်း လောင်တကို ကြည့်လိုက်သည်။ ကြောင်တစ်ကောင်က သူ့ကို ဉာဏ်မမီဘူးလို့ ပြောနေတာလား။ သေပြီးပြန်ရှင်လာလို့ ဉာဏ်ရည် နိမ့်သွားတာလား။

"သွားပြီ။"

လောင်တ ပြတင်းပေါက်မှ ခုန်ထွက်သွားသည်။

"ညကျရင် လာစားနော်။"

"ငါ လာခဲ့မယ်။"

လိုကျစ်ကွေ့ ရေပုံးကြီး ထမ်းပြီး ဝင်လာသည်။ နဉ်ရှောင်ယောင်းကို စောင်ခြုံပေးလိုက်သည်။

"ခဏစောင့်။ ရေသွားခပ်လိုက်ဦးမယ်။"

"အင်း... သကြားလုံးတစ်ထုပ်လောက် ယူပေးပါလား။"

"ကောင်းပြီ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ဆံပင်ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

***

All Chapters