← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 16 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 16 Ch. 251-252

အခန်း ၂၅၁ ။ အိမ်နဲ့အတူ အသေခံမယ်

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းအတွက် ရေသုံးခေါက်ဖြည့်ပေးခဲ့သည်။ သကြားလုံးတစ်ထုပ်ကိုလည်း ယူလာပေးသေးသည်။

နဉ်ရှောင်ယောင်း ရေစည်ပိုင်းကြီးကို ပတ်ကြည့်ပြီး အံ့သြတကြီး ပြောလိုက်သည်။

"ရေစည်ပိုင်းက အကြီးကြီးပဲ။ နှစ်ယောက်တူတူချိုးရင်တောင် ချောင်နေဦးမယ်။"

လိုကျစ်ကွေ့ ဘာမှပြန်မပြောဘဲ မျက်နှာလွှဲလိုက်သည်။

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ နီရဲနေသောနားရွက်ကို ကြည့်ပြီး မေးလိုက်သည်။

"ကျွန်မနဲ့အတူတူ ချိုးချင်လို့လား။"

"မြန်မြန်ချိုး။"

လိုကျစ်ကွေ့ ချောင်းဟန့်လိုက်သည်။

"ကျွန်တော် အပြင်မှာ စောင့်နေမယ်။ ပြီးရင် ခေါ်လိုက်။"

နဉ်ရှောင်ယောင်း ထပ်ပြောလာမည့်စကားများကို နားမထောင်ရဲတော့သဖြင့် အခန်းပြင် ထွက်သွားလေသည်။

နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ မချိုးချင်ရင် မချိုးချင်ဘူး ပြောပေါ့။ ဘာလို့ ရှက်နေရတာလဲ။

လိုကျစ်ကွေ့ အပြင်ခန်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သော်လည်း ရင်ခုန်သံ မြန်နေဆဲပင်။ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လိုက်မှ ပုံမှန်ပြန်ဖြစ်သွားသည်။

နဉ်ရှောင်ယောင်း ရေစိမ်ရင်း သီချင်းဆိုနေသည်။ ဖုတ်ကောင်တွေကို ဓားနဲ့ခုတ်သတ်မယ်လို့ အော်ဟစ်နေသည်။ ဖုတ်ကောင်တွေကို မေ့ထားလိုက်ရင် ဒီကမ္ဘာကြီးက နေချင့်စဖွယ် ကောင်းသားပဲ။

.....

နန်းတော်တံခါးဝတွင်တော့ ရှန်မူတစ်ယောက် စိတ်ညစ်နေသည်။ အမတ်မင်းတွေ အကုန်လုံး ရောက်နေကြသည်။ မြို့တော်ထဲက အရာရှိတွေ အကုန်ပါသလား အောက်မေ့ရသည်။

"ကျွန်တော်တို့ တားလို့ရပါ့မလား။"

နန်းတော်စောင့်တပ် စစ်သူကြီးတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။

"သူတို့က အတင်းဝင်ရဲလို့လား။"

"မပြောတတ်ဘူး။ အတင်းဝင်ရင် ဘယ်လိုလုပ်မလဲ။"

"အမတ်မင်းတွေကို မနိုင်ဘူးလို့ ပြောချင်တာလား။"

"သတ်လို့ရလား။"

ရှန်မူ မသိပေ။ လိုကျစ်ကွေ့က ဘာမှမမှာထားဘူး။

"ဓားတွေ၊ လှံတွေက မျက်စိမပါဘူး။ တစ်ယောက်ယောက် သေသွားရင် ဘယ်လိုလုပ်မလဲ။"

စစ်သူကြီးက ရေရွတ်လိုက်သည်။

"ဘာလို့ လူတွေ ဒီလောက်များနေတာလဲ။"

ရှန်မူ မေးလိုက်သည်။

"နန်းတော်ထဲမှာ အမတ်တွေ ဒီလောက် အများကြီးရှိလို့လား။"

စစ်သူကြီး ခေါင်းခါလိုက်သည်။

"တချို့လူတွေကို ကျွန်တော်တောင် မသိဘူး။"

ယင်းတျန့် ရောက်လာပြီး ပြောလိုက်သည်။

"အကြီးအကဲလီနဲ့ အမတ်ချုပ်ကြီးရှဲ့ စကားပြောနေကြတယ်။ သူတို့ ပေါင်းမိသွားကြပြီလား မသိဘူး။"

စစ်သူကြီးက ရှန်မူကို ကြည့်လိုက်သည်။ အဲဒီနှစ်ယောက်ပေါင်းမိရင် လိုကျစ်ကွေ့ ခံနိုင်ပါ့မလား။

ရှန်မူ ချွေးပြန်လာသည်။

"နန်းတော်တံခါး ပိတ်လိုက်တာ ကောင်းမယ်။"

ယင်းတျန့် အကြံပေးလိုက်သည်။

ရှန်မူ စဉ်းစားလိုက်သည်။ ဒီကိစ္စကို သူ မဆုံးဖြတ်ရဲဘူး။

"စစ်သေနာပတိချုပ်ကို သွားမေးလိုက်ပါမယ်။"

"စစ်သေနာပတိချုပ်ကို ဒီကိုလာခိုင်းပါလား။"

စစ်သူကြီးက အကြံပေးလိုက်သည်။

"လူချင်းတွေ့ပြီး ရှင်းလိုက်တာ ပိုမကောင်းဘူးလား။"

စစ်သေနာပတိချုပ် လာချင်ရင်လာတာကြာပြီပေါ့။ ရှန်မူ စစ်သူကြီးကို မျက်စောင်းထိုးကြည့်လိုက်ပြီး အထဲဝင်ပြေးသွားသည်။

"အကြီးအကဲလီ၊ လိုကျစ်ကွေ့အကြောင်း သိတယ်မလား။"

အမတ်ချုပ်ကြီးရှဲ့က လူအုပ်နောက်တွင် အကြီးအကဲလီကို တိုးတိုးလေး ပြောလိုက်သည်။

"အခု အရှင်မင်းကြီး ဒဏ်ရာရနေတာ ဘယ်လောက်ပြင်းလဲ မသိရဘူး။ လိုကျစ်ကွေ့က နန်းတော်ကို ထိန်းချုပ်ထားပြီ။ သူ ဘာလုပ်ချင်နေတာလဲ။"

အကြီးအကဲလီ မျက်နှာပျက်နေသည်။

"အရှင်မင်းကြီး ဒဏ်ရာအကြောင်း ဘာကြားသေးလဲ။"

အမတ်ချုပ်ကြီးရှဲ့ ခေါင်းခါလိုက်သည်။

"ဘာသတင်းမှ မရသေးပါဘူး။"

အကြီးအကဲလီ နန်းတော်တံခါးကို လှမ်းကြည့်လိုက်သည်။ နန်းတော်စောင့်တပ်သားတွေ ပိတ်ဆို့ထားလို့ ဘာမှမမြင်ရဘူး။ သံချပ်ကာတွေ၊ လက်နက်တွေရဲ့အရောင်ပြန်တာကိုပဲ မြင်ရတယ်။ နေပူကျဲကျဲမှာတောင် အကြီးအကဲလီ၏စိတ်ထဲ အေးစက်နေသည်။

"အကြီးအကဲလီ။"

အမတ်ချုပ်ကြီးရှဲ့ ဆက်ပြောလိုက်သည်။

"လိုကျစ်ကွေ့ သစ္စာရှိတယ်လို့ ယုံနေတုန်းပဲလား။"

အကြီးအကဲလီ အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။

"အမတ်ချုပ်ကြီး ဘာလုပ်ချင်လို့လဲ။"

"အရှင်မင်းကြီးကို တွေ့ရမယ်။"

အကြီးအကဲလီ နန်းတော်တံခါးကို လက်ညှိုးထိုးပြလိုက်သည်။

"လိုကျစ်ကွေ့က ပေးမဝင်ရင် အတင်းဝင်ရမှာပဲ။"

အကြီးအကဲလီ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။

"အရှင်မင်းကြီး ဘာမှမဖြစ်ရင် ကျွန်တော်မျိုး သေဒဏ်ခံပါ့မယ်။"

အကြီးအကဲလီ၏စိတ်ထဲ ဒွိဟဖြစ်နေသည်။ လိုကျစ်ကွေ့ရော၊ အမတ်ချုပ်ကြီးရှဲ့ရော မယုံကြည်ဘူး။ အမတ်ချုပ်ကြီးရှဲ့က မြို့တော်စစ်တပ်ကိုခေါ်ပြီး ဝင်စီးရင် အရှင်မင်းကြီးကို ထိန်းချုပ်သွားနိုင်တယ်။ ဒါပေမဲ့ လိုကျစ်ကွေ့က မရိုးသားရင်ရော။

ဒါက အရှင်မင်းကြီးရဲ့ အသက်အန္တရာယ်နဲ့ ဆိုင်နေတယ်။ လောင်းကြေးထပ်လို့ မရဘူး။

"အရှင်မင်းကြီးက အကြီးအကဲလီကို လေးစားပါတယ်။"

အမတ်ချုပ်ကြီးရှဲ့က အကြီးအကဲလီ၏ အမူအရာကို အကဲခတ်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးသာ အဆင်ပြေရင် အကြီးအကဲလီကို အသိပေးမှာ သေချာပါတယ်။"

အကြီးအကဲလီ မျက်လုံး ကျဉ်းမြောင်းသွားသည်။

"အရှင်မင်းကြီး ဒဏ်ရာပြင်းထန်နေတယ်။ လိုကျစ်ကွေ့က ဝင်ခွင့်မပေးဘူး။ သူ ဘာကြံနေတာလဲ။"

"လိုကျစ်ကွေ့လက်ထဲမှာ စစ်တပ်အင်အား နည်းနည်းပဲ ရှိတယ်။"

အကြီးအကဲလီ တိုးတိုးလေး ပြောလိုက်သည်။

"အခုချိန်မှာ ပုန်ကန်လောက်အောင် သူ မတုံးပါဘူး။"

"သခင်ကြီး။"

အမတ်ချုပ်အိမ်တော်မှ အိမ်တော်ထိန်းတစ်ဦး ရောက်လာပြီး လျှောက်တင်လိုက်သည်။

"နန်းတော်ထဲက လူတစ်ယောက် ထွက်လာပါတယ်။"

"ဘယ်သူလဲ။"

အကြီးအကဲလီ မေးလိုက်သည်။

အိမ်တော်ထိန်း လန့်သွားပြီး နောက်ဆုတ်လိုက်သည်။

"အကြီးအကဲလီ သိချင်ရင် လိုက်ခဲ့ပါ။"

အမတ်ချုပ်ကြီးရှဲ့ ခေါ်သွားသည်။

အမတ်ချုပ်ကြီးရှဲ့၏ ဝေါယာဉ်နားတွင် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် မိန်းမစိုးလေးတစ်ဦး ဒူးထောက်နေသည်။

"အရှင်မင်းကြီး ဘယ်လိုနေလဲ။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

"အရှင်မင်းကြီး တစ်ကိုယ်လုံး သွေးတွေနဲ့ပါ။ သမားတော်ကောက ကုတင်ဘေးမှာ ဒူးထောက်ပြီး ငိုနေပါတယ်။"

"အရှင်မင်းကြီးနားမှာ သမားတော်ကော တစ်ယောက်တည်းလား။"

"ဟုတ်ပါတယ်။ သမားတော်ကော တစ်ယောက်တည်းပါ။ အပြင်မှာ နဂါးအစောင့်တပ်သားတွေ စောင့်နေပါတယ်။"

"လိုကျစ်ကွေ့ရော။"

"ကျွန်တော်မျိုးက အဝတ်လျှော်ဆောင်မှာ လုပ်တာပါ။ ထိုက်ဟွာနန်းဆောင်ထဲ ဝင်ခွင့်မရှိပါဘူး။ စစ်သေနာပတိချုပ် ဘာလုပ်နေလဲ မသိပါဘူး။"

"သတင်းပို့တဲ့လူကရော။"

"သတင်းပို့ပြီးတာနဲ့ နဂါးအစောင့်တပ်သားတွေ သတ်ပစ်လိုက်ပါတယ်။"

မိန်းမစိုးလေး တုန်ယင်နေသည်။

"သမားတော်ကောက ငိုပဲငိုနေတာလား။ ဆေးမကုပေးဘူးလား။"

အကြီးအကဲလီ အော်ဟစ်မေးလိုက်သည်။

"အရှင်မင်းကြီးက သွေးစွန်းနေတဲ့ အဝတ်အစားတွေ ဝတ်ထားတုန်းပါပဲ။ သမားတော်ကော ဆေးမကုပါဘူး။"

သမားတော်ကောသာ ဆေးကုပေးရင် အရှင်မင်းကြီးက မိန်းကလေးဆိုတာ ပေါ်သွားမှာပေါ့။ အမတ်ချုပ်ကြီးရှဲ့ တွေးလိုက်သည်။ မိဖုရားခေါင်ကြီးက နဉ်ယွီကို သတ်လိုက်တာဖြစ်မယ်။ လူသေကို ဆေးကုစရာ မလိုတော့ဘူးလေ။ လိုကျစ်ကွေ့က ထွက်ပြေးဖို့ ပြင်ဆင်နေတာမို့လို့ အလောင်းကို ဂရုမစိုက်နိုင်တာ ဖြစ်မယ်။

"အကြီးအကဲလီ၊ ဘယ်လိုမြင်လဲ။"

သမားတော်ကောက ငိုပဲငိုနေတယ်။ ဆေးမကုဘူး။ အဝတ်အစားတောင် မလဲပေးဘူး။ ဒါ ဘာသဘောလဲ။ အကြီးအကဲလီ အဆိုးရွားဆုံး အခြေအနေကို တွေးမိသွားသည်။ မျက်နှာဖြူဖျော့သွားပြီး မိန်းမစိုးလေးကို မေးလိုက်သည်။

"မင်း လျှောက်ပြောရင် ဘာဖြစ်မလဲ သိတယ်မလား။"

"မပြောရဲပါဘူး။"

မိန်းမစိုးလေး မြေကြီးပေါ် ခေါင်းဆောင့်ပြီး ပြောလိုက်သည်။

အကြီးအကဲလီ ယိုင်လဲသွားပြီး ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။

အမတ်ချုပ်ကြီးရှဲ့ ဘေးကနေ ကြည့်နေသည်။ နဉ်ယွီရဲ့အလောင်းကို မီးသင်္ဂြိုဟ်ပစ်ဖို့ စဉ်းစားနေသည်။ အိမ်တော်ထိန်းကို လက်ယပ်ခေါ်ပြီး တိုးတိုးလေး အမိန့်ပေးလိုက်သည်။

"ချန်လုကို ခေါ်ခဲ့။"

အိမ်တော်ထိန်း ထွက်ခွာသွားသည်။

ဘေးနားရှိ လူများက အကြီးအကဲလီကို တွဲထူပေးလိုက်ကြသည်။ အကြီးအကဲလီ မျက်ရည်ဝဲနေပြီး ရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး။"

မင်းကောင်းမင်းမြတ်လေး သေသွားပြီတဲ့လား။

.....

နဉ်ရှောင်ယောင်း ရေစည်ပိုင်းထဲမှ ထွက်ပြီး အဝတ်အစား ကောက်စွပ်ကာ အပြင်ခန်းသို့ ပြေးထွက်လာသည်။

"စစ်သေနာပတိချုပ်၊ ပြဿနာတစ်ခု ရှိတယ်။"

"ဘာပြဿနာလဲ။"

"အိမ်ပြဿနာ မဟုတ်ဘူး။ ကျွန်မ သေသွားပြီလို့ သဘောထားလိုက်။"

လိုကျစ်ကွေ့ မျက်နှာပျက်သွားသည်။

"အဲဒီလို မပြောပါနဲ့။"

"ကောင်းပြီလေ။ ကျွန်မ သေချင်ယောင်ဆောင်နေတာ မဟုတ်လား။ ကျွန်မအလောင်းကို ဘယ်သူမှ မပြုစုပေးဘူးလား။ သေလူကို အဝတ်အစားသစ် လဲပေးရတယ် မဟုတ်လား။"

ဖုတ်ကောင်ကမ္ဘာမှာတော့ မရှိပေမယ့် သခင်မကြီးရှဲ့ သေတုန်းက အဝတ်အစားသစ်ဝတ်ပေးတာ တွေ့ဖူးတယ်။

"လဲပေးရတာပေါ့။"

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ပြဿနာတက်ပြီ။ အဝတ်အစားလဲရင် ကျွန်မက မိန်းကလေးဆိုတာ ပေါ်သွားမှာပေါ့။ အမတ်ချုပ်ကြီးကို ဘယ်လိုရှင်းပြမလဲ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းနား တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါကြောင့် မီးရှို့ပစ်ရမယ်။"

"ဘာ..."

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။

"အရိုးပြာဖြစ်သွားရင် ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ အဆိပ်လည်း သောက်ရမယ်။ ဓားနဲ့လည်း ထိုးခံရမယ်။ အခု အိမ်ပါ အရှို့ခံရတော့မယ်။

"ခဏနေမှ ရှို့ရမယ်။ အခု ကျွန်တော်က ထွက်ပြေးဖို့ ပြင်ဆင်နေရဦးမယ်။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ပေါင်ပေါ် ဝင်ထိုင်လိုက်သည်။

"မရှို့ဘဲ နေလို့မရဘူးလား။ ထင်းပုံရှို့ပြီး မီးခိုးထွက်အောင် လုပ်လိုက်ရင် ရပြီမလား။"

"နှမြောလို့လား။"

"ဒါ အိမ်ကြီးလေ။ တန်ဖိုးဘယ်လောက်ရှိလဲ သိလား။ ရှို့ပစ်လိုက်တော့မလို့လား။"

လိုကျစ်ကွေ့ ဘာမှမပြောပေ။ ဟန်ဆောင်မယ်ဆိုရင် ပီပြင်အောင်လုပ်ရမယ်။ အိပ်ဆောင်ကို မီးရှို့ပြီး နောက်မှ ပြန်ဆောက်လိုက်ပေါ့။

"မရှို့ပါနဲ့။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏လည်ပင်းကို ဖက်ပြီး လှုပ်ခါလိုက်သည်။

"ကျွန်မက ဆင်းရဲတာ။ အိမ်မီးလောင်သွားရင် ဘယ်ကငွေနဲ့ ပြန်ဆောက်မလဲ။ မရှို့ပါနဲ့နော်။"

"ရှောင်ယောင်း..."

"မရဘူး!"

နဉ်ရှောင်ယောင်း မျက်နှာထား တင်းမာသွားသည်။

"ကျွန်မ အိမ်နဲ့အတူ အသေခံမယ်။ ဘယ်သူမှ ကျွန်မအိမ်ကို မီးမရှို့ရဘူး။"

"အမတ်ချုပ်ကြီး ဝင်လာရင် ဘယ်လိုလုပ်မလဲ။"

လိုကျစ်ကွေ့ အကျိုးအကြောင်း ရှင်းပြဖို့ ကြိုးစားနေသည်။

နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။

"ဒါဆို အသေးဆုံးအခန်းကို ရွေးရှို့လိုက်။"

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၅၂ ။ မင်းလိုလူမျိုးကိုပဲ ကြိုက်တာ

"မဖြစ်ဘူး။"

လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။

"အရှင်မင်းကြီးရဲ့ အလောင်းကို ကြိုက်သလို ရွှေ့ပြောင်းလို့မရဘူး။ မင်းက မိန်းကလေးဆိုတာကို ဘယ်သူမှ မသိစေချင်ဘူး။ ဒါကြောင့် တစ်ခုတည်းသော နည်းလမ်းက အိပ်ဆောင်ကို မီးရှို့ပစ်လိုက်ဖို့ပဲ။"

"နောက်တစ်နည်း စဉ်းစားပေးဦး။ ကျွန်မက အိမ်နဲ့အတူ အသေခံမယ်လို့ ပြောထားတာလေ။"

နဉ်ရှောင်ယောင်း မျက်နှာမဲ့လိုက်သည်။

"စောစောက ပြောတုန်းက ဒီလိုမဟုတ်ပါဘူး။"

"အိပ်ဆောင်ဆိုတာ အိမ်ပဲလေ။ ကျွန်မပြောတာ မှားလို့လား။"

"နောက်ကျရင် ကျွန်တော် ငွေစိုက်ပြီး အသစ်ပြန်ဆောက်ပေးမယ်လေ။ ရမလား။"

လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

"*ရှင့်မှာ ငွေရှိလို့လား။"

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။

"စစ်သားတွေကိုတောင် မကျွေးနိုင်ဘူးလို့ ပြောဖူးတယ်လေ။ ကျွန်မကို လိမ်တာလား။"

ဒီအပြစ်ကိုတော့ လိုကျစ်ကွေ့ ခံနိုင်ရည်မရှိပါ။

"အမတ်ချုပ်ကြီးဘက်တော်သားတွေကို ရှင်းပြီးရင် ဘဏ္ဍာရေးအခြေအနေ ကောင်းလာမှာပါ။"

"ခေါင်းဆောင်ရှန်တို့ကို တိုက်ရဦးမယ်။ မြောက်ပိုင်းဟူတွေကို တိုက်ရဦးမယ်။ စစ်တိုက်မယ့်ငွေတွေကို ရှင် ယူသုံးမလို့လား။"

နဉ်ရှောင်ယောင်း သံသယဝင်နေသည်။

လိုကျစ်ကွေ့ စကားမပြောနိုင်တော့ပေ။

"ဒါဆို ပြောပြ။ ရှင့်မှာ ငွေ ဘယ်ကရမှာလဲ။"

"ကျွန်တော့်မှာ ငွေမရှိဘူး။"

လိုကျစ်ကွေ့ ဝန်ခံလိုက်သည်။

"ကျွန် ဂရုမစိုက်ဘူး။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ လည်ပင်းကို ဖက်ပြီး လှုပ်ခါလိုက်သည်။

"အိမ်ကို မီးမရှို့ရဘူး။ အိမ်ကို မီးမရှို့ရဘူး။ ဝါး... ဝါး... ဝါး... ကျွန်မအိမ်ကို မီးမရှို့ပါနဲ့။"

လိုကျစ်ကွေ့ ခေါင်းကိုက်လာသည်။ တခြားနည်းလမ်း စဉ်းစားရတော့မယ်။ မဟုတ်ရင် နဉ်ရှောင်ယောင်းက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။

"မရှို့တော့ဘူး။"

"တကယ်လား။"

နဉ်ရှောင်ယောင်း မယုံသင်္ကာ မေးလိုက်သည်။

"တကယ်ပါ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဖက်ထားလိုက်သည်။

"မင်းက ဧကရာဇ်မင်း မလုပ်ချင်ဘူးဆိုတော့ ဒီအိမ်ကို တန်ဖိုးမထားဘူးလို့ ထင်နေတာ။"

"ဧကရာဇ်မင်း မလုပ်ချင်တာနဲ့ အိမ်ကို တန်ဖိုးမထားတာ ဘာဆိုင်လို့လဲ။"

နဉ်ရှောင်ယောင်း မျက်စောင်းထိုးလိုက်သည်။

"ကျွန်မအိမ်မဟုတ်ရင် တန်ဖိုးမထားရတော့ဘူးလား။ ဒါက အိမ်လေ။ စက္ကူတစ်ရွက် မဟုတ်ဘူး။"

လိုကျစ်ကွေ့ ဘာမှပြန်မပြောနိုင်တော့ပေ။

"မီးမရှို့ဘူးလို့ ကတိပေးပြီးပြီနော်။ ကျွန်မကို မလိမ်နဲ့။"

"ယောကျာ်းကတိပါ။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ လိုကျစ်ကွေ့က လူလိမ်မဟုတ်သလို လုပ်နေတယ်။

"ဘာတွေ စဉ်းစားနေတာလဲ။"

လိုကျစ်ကွေ့ မေးစေ့ကို ကိုင်ပြီး မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ကျွန်မအိမ်ကို မီးမရှို့ရဘူး။"

"မင်းအလောင်းကို ချန်ထားရင် ရှဲ့ဝမ်ယွမ်ကို ခြိမ်းခြောက်လို့ရတယ်။"

"ဒါဆို အမတ်ချုပ်ကြီးက အလောင်းဖျောက်ဖို့အတွက် မီးလာရှို့မှာပေါ့။"

အလောင်းဖျောက်ဖို့ဆိုရင် မီးရှို့တာက အကောင်းဆုံး နည်းလမ်းပဲလေ။

လိုကျစ်ကွေ့ တိတ်ဆိတ်သွားသည်။ တကယ်တော့ သူ မီးရှို့တာက အမတ်ချုပ်ကြီးရှဲ့ မီးလာရှို့တာထက် ပိုကောင်းတယ်။ သူက အိပ်ဆောင်တစ်ခုတည်းကိုပဲ ရှို့မှာ။ အမတ်ချုပ်ကြီးရှဲ့လူတွေက ထိုက်ဟွာနန်းဆောင်တစ်ခုလုံးကို မီးရှို့ပစ်နိုင်တယ်။ နဉ်ရှောင်ယောင်း လက်သည်းကိုက်နေတာ မြင်တော့ စိတ်မကောင်းဖြစ်သွားသည်။

"ကျွန်တော် ကတိပေးပါတယ်။ ရှဲ့ဝမ်ယွမ်ကို မီးလာမရှို့စေရပါဘူး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏လက်ကို ဆွဲပြီး ပြောလိုက်သည်။

"ရှင်က မီးရှို့ဖို့ မစဉ်းစားခဲ့ဖူးသလို ပြောနေတယ်။"

နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။

လိုကျစ်ကွေ့... ဒီကောင်မလေးကို ဘယ်လိုချော့ရမလဲ။

"သူ ကျွန်မအိမ်ကို မီးလာရှို့ရင် ကျွန်မလည်း သူ့အိမ်ကို ပြန်ရှို့ပစ်မယ်။ အမတ်ချုပ်အိမ်တော်တစ်ခုလုံး ပြာကျသွားအောင် ရှို့ပစ်မယ်။"

"ကောင်းပြီ။"

လိုကျစ်ကွေ့ သဘောတူလိုက်သည်။ အမတ်ချုပ်အိမ်တော် မီးရှို့တာကို သူ သဘောကျတယ်။

"ကျွန်မ သွားအိပ်တော့မယ်။"

နဉ်ရှောင်ယောင်း စိတ်ကောက်ပြီး ပြောလိုက်သည်။

"ဒဏ်ရာ ကြည့်ပါရစေဦး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို မလွှတ်ပေးသေးပေ။

"ရော့..."

နဉ်ရှောင်ယောင်း လည်ပင်းကို စောင်းပြလိုက်သည်။

ဒဏ်ရာက သက်သာနေပြီ။ အရေပြား ပြန်တက်နေပြီ။ လိုကျစ်ကွေ့ ဒဏ်ရာကိုပွတ်သပ်ပြီး နမ်းလိုက်သည်။

"အဆင်ပြေသွားပြီပဲ။"

"ကျွန်မ အစကတည်းက ပြောသားပဲ။ ရှင် ကျွန်မဆေးပညာကို မယုံလို့လား။"

"ယုံပါတယ်။"

လိုကျစ်ကွေ့ ပြုံးလိုက်သည်။ မျက်မြင်သက်သေပဲလေ။ ဘာလို့ မယုံရမှာလဲ။

"စစ်သေနာပတိချုပ်။"

အပြင်ဘက်မှ ရှန်မူ ခေါ်လိုက်သည်။

"ဘာကိစ္စလဲ။"

"နန်းတော်တံခါးဝမှာ လူတွေပြည့်နေပြီ။ တံခါးပိတ်လိုက်ရမလား။"

"မြို့တော်စစ်တပ် ရောက်လာပြီလား။"

"မရောက်သေးပါဘူး။ ဒါပေမဲ့ အကြီးအကဲလီနဲ့ အမတ်ချုပ်ကြီးရှဲ့ စကားပြောနေကြတယ်။ တစ်ခုခု တိုင်ပင်နေကြပုံရတယ်။"

"ပိတ်လိုက်။"

လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။

နဉ်ရှောင်ယောင်း တစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။ အကြီးအကဲလီကို ကြိုမပြောခဲ့မိဘူး။ နောက်ကျရင် အကြီးအကဲလီက သူ့ကို ရိုက်သတ်မလား မသိဘူး။

"စစ်သေနာပတိချုပ်၊ နန်းတော်တံခါးဝကို သွားမကြည့်တော့ဘူးလား။"

"မသွားတော့ဘူး။ မြို့တော်စစ်တပ် ရောက်လာရင် လာပြော။"

"ဟုတ်ကဲ့။ စစ်သေနာပတိချုပ်... အရှင်မင်းကြီး ဒဏ်ရာကော..."

လိုကျစ်ကွေ့ ဘာမှပြန်မပြောပေ။

ရှန်မူ ဘာမှဆက်မမေးရဲတော့ဘဲ ထွက်ခွာသွားသည်။

"သွားပြီ။"

နဉ်ရှောင်ယောင်း ညည်းတွားလိုက်သည်။

"အကြီးအကဲလီက ကျွန်မကို ကိုက်သတ်တော့မှာပဲ။"

"မသတ်ပါဘူး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ဆံပင်ကို သပ်တင်ပေးလိုက်သည်။

"ရှင် သွားပြောပြလိုက်ပါလား။"

"မဖြစ်ဘူး။ အမတ်ချုပ်ကြီးရှဲ့ကို လှည့်စားဖို့ဆိုရင် လူသိနည်းလေ ကောင်းလေပဲ။"

ဟုတ်သားပဲ။ ဒါကြောင့် သူ့လူတွေကိုတောင် အသိမပေးတာကိုး။

"ဒါဆို အကြီးအကဲလီက အမတ်ချုပ်ကြီးနဲ့ ပေါင်းမိသွားတာကို ထိုင်ကြည့်နေတော့မှာလား။ အကြီးအကဲလီက တော်တော်ကြမ်းတာနော်။"

လိုကျစ်ကွေ့ ရယ်မောလိုက်ပြီး နဉ်ရှောင်ယောင်းကို ပွေ့ချီကာ အတွင်းခန်းထဲ ဝင်သွားသည်။

"အကြီးအကဲလီက ရှင့်ကို အနိုင်ကျင့်ရင် နောင်တမရနဲ့နော်။"

"သူ ကျွန်တော့်ကို မရိုက်ပါဘူး။"

"သူ နိုင်မှ ရိုက်လို့ရမှာပေါ့။ ဒါပေမဲ့ ဆဲတာတော့ ခံရလိမ့်မယ်။"

"ကျွန်တော် အဆဲခံနိုင်ပါတယ်။"

နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။ အဆဲခံနိုင်တယ်ဆိုရင်တော့ စိတ်ပူစရာမလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အကြီးအကဲလီက လိုကျစ်ကွေ့ကို နိုင်မှာမှမဟုတ်တာ။

နဉ်ရှောင်ယောင်းကို ကုတင်ပေါ် တင်ပေးပြီး လိုကျစ်ကွေ့ ဘေးနားဝင်ထိုင်လိုက်သည်။

"တခြားနေရာ ပြောင်းနေမလား။"

"မနေဘူး။ ကျွန်မ အိမ်နဲ့အတူ အသေခံမယ်။"

နဉ်ရှောင်ယောင်း ခေါင်းမာမာဖြင့် ပြောလိုက်သည်။

"စိတ်ချပါ။ မီးလောင်ရင် ကျွန်မ ထွက်ပြေးမှာပါ။"

"ဒါဆို လူတွေ မြင်သွားမှာပေါ့။"

"မျက်နှာကို ဖုံးထားလိုက်မယ်။"

"ထိုက်ဟွာနန်းဆောင်ထဲမှာ မင်းလို အကောင်သေးသေးနဲ့ အပြေးမြန်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ကိုယ်လုံးကိုကြည့်ပြီး မေးလိုက်သည်။

နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။

"ဘာသဘောလဲ။ ကျွန်မက ပုတယ်၊ ရင်သားသေးတယ်လို့ ပြောချင်တာလား။ လူတွေက မှတ်မိလွယ်တယ်ပေါ့။"

"မဟုတ်ပါဘူး။"

လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။ ပုတာ၊ သေးတာတော့ မှန်ပေမယ့်...

"ကျွန်တော်က မင်းကို တခြားနေရာ ပြောင်းနေစေချင်လို့ပါ။"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ လာချော့နေတာ သိသာတယ်။

"မပြောင်းချင်ဘူးလား။"

"မပြောင်းဘူး။"

"ကောင်းပြီလေ။ မပြောင်းနဲ့တော့။"

လိုကျစ်ကွေ့ လိုက်လျောလိုက်သည်။

နဉ်ရှောင်ယောင်း အဝတ်အစားကို ဆွဲဆန့်လိုက်သည်။ သူလည်း ကြီးလာမှာပါ။ စွမ်းအင်နည်းနည်းလျှော့သုံးရင် အချိုးအစားကျတဲ့ ကိုယ်လုံးပိုင်ရှင်ဖြစ်လာမှာပါ။ သူ့အမေအရင်းကိုကြည့်ရင် သိသာတာပဲ။ မျိုးရိုးဗီဇ ကောင်းတယ်လေ။

"မငယ်တော့ပါဘူး။"

လိုကျစ်ကွေ့ ရုတ်တရက် ပြောလိုက်သည်။

နဉ်ရှောင်ယောင်း မော့ကြည့်လိုက်သည်။

"ကျွန်မကို လာချော့နေတာလား။ မျက်စိကန်းနေတယ်လို့ ထင်နေလား။"

"မင်း ငယ်ပါသေးတယ်။ ကြီးလာဦးမှာပါ။"

"ဟဲဟဲ..."

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"မကြီးလာရင်ရော။"

"မဖြစ်နိုင်ပါဘူး။"

"ကျွန်မ မကြီးလာရင် ရှင်က မိန်းကလေးကျီတို့လို မိန်းမမျိုးကို သွားရှာမှာလား။"

ကျီယွဲ့ရုံနဲ့ ဘာဆိုင်လို့လဲ။ လိုကျစ်ကွေ့ ခေါင်းကိုက်လာသည်။

"မဟုတ်ပါဘူး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ခေါင်းကို ပုတ်လိုက်သည်။

"ကျွန်တော်က မင်းလိုလူမျိုးကိုပဲ ကြိုက်တာ။ ကြီးတာ၊ သေးတာ အရေးမကြီးပါဘူး။"

နဉ်ရှောင်ယောင်း သဘောကျသွားပြီး ပြုံးလိုက်သည်။

လိုကျစ်ကွေ့ နေရခက်သွားသည်။

"ဟုကော်ကုန်းတို့ ရောက်လာပြီလား သွားကြည့်လိုက်ဦးမယ်။"

"မွ..."

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို လှမ်းနမ်းလိုက်သည်။

"ပြောပြီးပြီနော်။ နောက်ကျရင် ကျွန်မ ဘယ်လိုပုံစံဖြစ်နေနေ ရှင် ငြင်းလို့မရဘူး။"

လိုကျစ်ကွေ့ ကြောင်သွားပြီးမှ ပြုံးလိုက်သည်။

"ကောင်းပြီ။"

.....

ယိုကွမ့်နှင့် ရှောင်မိုက်တို့ ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကြည့်နေကြသည်။

"နန်းတော်တံခါးဝမှာ ရန်ဖြစ်တော့မယ်။ စစ်သေနာပတိချုပ်က ဒီမှာ ရိုမန်းတစ်ဆန်နေတုန်းလား။"

ယိုကွမ့်က မေးလိုက်သည်။

"ရှောင်ယောင်းက ပိုအရေးကြီးတယ်လေ။"

ရှောင်မိုက်က ပြန်ဖြေလိုက်သည်။

"ဪ... နားလည်ပြီ။ နန်းတော်တံခါးဝမှာ ရန်ဖြစ်တာထက် ရှောင်ယောင်းနဲ့နမ်းတာက ပိုအရေးကြီးတာပေါ့။"

...

"အခြေအနေ ကောင်းနေတုန်း..."

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"တစ်ချီလောက် ဆွဲလိုက်ကြမလား။"

လိုကျစ်ကွေ့ တောင့်ခဲသွားပြီး နဉ်ရှောင်ယောင်းကို လွှတ်ပေးလိုက်သည်။

"မလုပ်နဲ့။"

နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။

"မင်း ဒဏ်ရာရထားတယ်လေ။"

လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်သည်။

"အကြွေးမှတ်ထားလိုက်မယ်။"

လိုကျစ်ကွေ့ ထွက်သွားသည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ဒီလိုကိစ္စကို အကြွေးမှတ်ထားလို့ရတယ်လို့ တစ်ခါမှ မကြားဖူးဘူး။

"စစ်သေနာပတိချုပ်။"

နဂါးအစောင့်တပ်သားတစ်ဦး လိုကျစ်ကွေ့ကို လျှောက်တင်လိုက်သည်။

"ဟုကော်ကုန်းနဲ့ အမတ်မင်းဖေ့ ရောက်နေပါပြီ။"

"ကောင်းပြီ။ သွားတွေ့လိုက်ဦးမယ်။"

လိုကျစ်ကွေ့ လိုက်သွားသည်။

"ရှောင်ယောင်း။"

ယိုကွမ့်နှင့် ရှောင်မိုက်နဉ်ရှောင်ယောင်းဆီ ပြေးလာကြသည်။

"ရှောင်မိုက်၊ ဒီနေ့ ဘာလို့ နန်းတော်ထဲ ရောက်လာတာလဲ။"

နဉ်ရှောင်ယောင်း လက်ဖြန့်ပေးလိုက်သည်။

"မြို့ထဲမှာ ရှောင်ယောင်း သေပြီလို့ သတင်းထွက်နေလို့ လာကြည့်တာ။"

နဉ်ရှောင်ယောင်း... ငါ သေတာ ဘယ်လောက်ကြာသေးလို့လဲ။ သတင်းပြန့်တာ မြန်လိုက်တာ။

***

All Chapters