အခန်း (၂၅၃-၂၅၄)
Vol. 16 Ch. 253-254
အခန်း ၂၅၃ ။ စစ်သေနာပတိချုပ်ရှိနေတာ ကောင်းပါတယ်
ဟုကော်ကုန်းနှင့် ဖေ့ယင်တို့သည် စားပွဲတွင် ထိုင်စောင့်နေကြစဉ် လိုကျစ်ကွေ့ ဝင်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်လိုက်ကြသည်။
ဟုကော်ကုန်းသည် စိတ်လှုပ်ရှားလွယ်သူဖြစ်သော်လည်း ဖေ့ယင်ကတော့ အမြဲတမ်း တည်ငြိမ်နေတတ်သူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဖေ့ယင်၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ။"
ဖေ့ယင် မေးလိုက်သည်။
လိုကျစ်ကွေ့က ထိုင်ဖို့အချက်ပြလိုက်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"အရှင်မင်းကြီး ဒဏ်ရာနည်းနည်းပဲ ရတာပါ။ စိတ်မပူကြပါနဲ့။"
ဟုကော်ကုန်း သက်ပြင်းချလိုက်သည်။
"အရှင်မင်းကြီးကို တွေ့ခွင့်ရမလား။"
ဖေ့ယင် မေးလိုက်သည်။
ဟုကော်ကုန်းက လိုကျစ်ကွေ့ကို ယုံကြည်သော်လည်း ဖေ့ယင်က သံသယရှိနေသည်။ လိုကျစ်ကွေ့ တည်ငြိမ်နေသော်လည်း ဒါက ဟန်ဆောင်မှုလား။ အရှင်မင်းကြီး တစ်ခုခုဖြစ်သွားရင် အထိခိုက်ဆုံးက လိုကျစ်ကွေ့ပဲလေ။ လိုကျစ်ကွေ့က အရှင်မင်းကြီးရဲ့အခြေအနေကို ဖုံးကွယ်ပြီး ထွက်ပြေးဖို့ ပြင်ဆင်နေတာများလား။
လိုကျစ်ကွေ့ ဖေ့ယင်ကို ကြည့်လိုက်သည်။
"မရဘူးလား။ ဒဏ်ရာနည်းနည်းပဲ ရတယ်ဆို။"
ဖေ့ယင် မေးခွန်းထုတ်လိုက်သည်။
"ရပါတယ်။"
လိုကျစ်ကွေ့ ပြန်ဖြေလိုက်သည်။
"ဆွေးနွေးပြီးရင် ခေါ်သွားပေးပါ့မယ်။"
အရှင်မင်းကြီးကို တွေ့ခွင့်ရမယ်ဆိုတော့ ဟုကော်ကုန်း စိတ်အေးသွားသည်။ သူက သမားတော်မဟုတ်ပေမယ့် ဒဏ်ရာပြင်းမပြင်းတော့ ခွဲခြားတတ်ပါတယ်။
ဖေ့ယင်လည်း စိတ်သက်သာရာ ရသွားသည်။
"အရှင်မင်းကြီး အဆင်ပြေရင် အမတ်မင်းတွေကို ဘာလို့ တွေ့ခွင့်မပေးတာလဲ။ နန်းတော်တံခါးဝမှာ စုရုံးနေကြတာ ပြည်သူတွေမြင်ရင် မကောင်းဘူး။"
"မကြာခင် အနက်ရောင်နှင်းခဲမြင်းတပ် မြို့တော်ကို ရောက်လာတော့မယ်။"
လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။
"ဒီအခွင့်အရေးကိုယူပြီး အမတ်ချုပ်ကြီးဘက်တော်သားတွေကို ရှင်းပစ်လိုက်ချင်တယ်။"
ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
"အနက်ရောင်နှင်းခဲ မြင်းတပ် လာနေပြီဆိုတာ သေချာလား။"
ဖေ့ယင် မေးလိုက်သည်။
"သေချာပါတယ်။ စာရထားတယ်။"
"အမတ်ချုပ်ကြီး မသိဘဲနေပါ့မလား။"
ဟုကော်ကုန်း သံသယဝင်နေသည်။ အန်းယွမ်ကနေ မြို့တော်အထိ စစ်တပ်တစ်တပ်လုံး ချီတက်လာတာကို အမတ်ချုပ်ကြီး မသိဘဲ နေပါ့မလား။
"လူ ၅၀၀၀ ပဲ ပါတယ်။"
လိုကျစ်ကွေ့ ရှင်းပြလိုက်သည်။
"ကုန်သည်တွေ၊ ဒုက္ခသည်တွေအဖြစ် ဟန်ဆောင်ပြီး လမ်းကြောင်းအမျိုးမျိုးကနေ လာနေကြတာ။"
မြို့တော်တံခါး ၄ ပေါက်ကနေ နေ့စဉ် လူသောင်းချီ ဝင်ထွက်နေကြတာဆိုတော့ လူ ၅၀၀၀ လောက်က သတိထားမိဖို့ ခက်ပါတယ်။
"၅၀၀၀ ဆိုတာ နည်းလွန်းမနေဘူးလား။"
ဟုကော်ကုန်း စိတ်ပူနေသည်။
"များရင် ရှဲ့ဝမ်ယွမ် သတိထားမိသွားမှာပေါ့။"
"အမတ်ချုပ်ကြီးလက်ထဲမှာ အနည်းဆုံး စစ်သည် ၁ သိန်းလောက်ရှိတယ်။"
ဖေ့ယင် တွက်ချက်ပြလိုက်သည်။
"အနက်ရောင်နှင်းခဲ မြင်းတပ်က ဘယ်လောက်တော်တော် ၅၀၀၀ နဲ့ ၁ သိန်းကို ယှဉ်နိုင်ပါ့မလား။"
"ဟုတ်တယ်။"
ဟုကော်ကုန်း ထောက်ခံလိုက်သည်။
"မြို့တော်ပတ်ဝန်းကျင်က မြေပြန့်ဆိုတော့ ပုန်းခိုစရာ မရှိဘူး။ အင်အားချင်း ယှဉ်တိုက်ရမှာ။ ၅၀၀၀ ဆိုတာ သွားကြားထိုးတံလောက်ပဲ ရှိမှာ။"
"ရှဲ့ဝမ်ယွမ်က သူ့စစ်တပ်အကုန်လုံးကို မြို့တော်ထဲ ခေါ်လာနိုင်မှာ မဟုတ်ဘူး။"
လိုကျစ်ကွေ့ ရှင်းပြလိုက်သည်။
"သူ့ကို သစ္စာရှိပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်တွေကိုပဲ ရွေးခေါ်လာလိမ့်မယ်။ ကျွန်တော် တွက်ကြည့်တာတော့ အများဆုံး ၄ သောင်းလောက်ပဲ ရှိမယ်။"
"၅၀၀၀ နဲ့ ၄ သောင်း... နိုင်ပါ့မလား။"
ဟုကော်ကုန်း မေးလိုက်သည်။
လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။
"ကွင်းပြင်မှာ ယှဉ်တိုက်ရင်တော့ မနိုင်နိုင်ဘူး။"
"ဒါဆို စစ်သေနာပတိချုပ် ဘာလုပ်မလို့လဲ။"
ဟုကော်ကုန်း နားမလည်နိုင်ဖြစ်နေသည်။
"မြို့တော်ထဲမှာ တိုက်ပွဲဖော်မလို့လား။"
ဖေ့ယင် လန့်ဖျပ်သွားသည်။
လိုကျစ်ကွေ့ ဖေ့ယင်ကို လေးစားသလို ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်းပြောတာ မှန်တယ်။ ဖေ့ယင်က သူ့အစ်ကိုထက် ပိုဉာဏ်ကောင်းတယ်။
"မြို့တော်ထဲမှာ လမ်းကြားတွေ များတယ်။"
ဖေ့ယင်က အစ်ကိုဖြစ်သူကို ရှင်းပြလိုက်သည်။
"လမ်းမကျွမ်းကျင်တဲ့လူတွေဆိုရင် ဝင်္ကပါထဲ ရောက်နေသလိုပဲ။ လမ်းကြားထဲမှာတိုက်ရရင် လူအင်အားက အဓိကမဟုတ်တော့ဘူး။ တိုက်ရည်ခိုက်ရည်က အဓိကပဲ။"
လမ်းကြားတွေက ကျဉ်းတော့ လူအများကြီး ဝင်လို့မရဘူးလေ။ ဒါဆို အမတ်ချုပ်ကြီးရှဲ့ရဲ့ လူအင်အားသာလွန်မှု အားသာချက် ပျောက်သွားပြီ။ တိုက်ရည်ခိုက်ရည်အရကြည့်ရင်လည်း မြို့တော်စစ်တပ်က နှစ်ပေါင်းများစွာ စစ်မတိုက်ဖူးဘူး။ အနက်ရောင်နှင်းခဲ မြင်းတပ်ကတော့ နေ့တိုင်း မြောက်ပိုင်းဟူတွေနဲ့ တိုက်ခိုက်နေရတာ။ ဘယ်ယှဉ်နိုင်ပါ့မလဲ။
ဟုကော်ကုန်း လိုကျစ်ကွေ့ကို လေးစားသွားသည်။ ငယ်ငယ်လေးနဲ့ လိုမိသားစုကို ဦးဆောင်နိုင်တာ ကံကောင်းလို့ မဟုတ်ဘူးပဲ။
"ဒါပေမဲ့ မြို့တော်ထဲမှာ လူတွေ အများကြီး သေကြေပျက်စီးကုန်မှာပေါ့။"
ဖေ့ယင် ထပ်မေးလိုက်သည်။
"ပြည်သူတွေ ဘယ်လိုလုပ်မလဲ။"
လိုကျစ်ကွေ့ လက်ကို လက်ရန်းပေါ် တင်လိုက်သည်။
"ကျွန်တော့်လူတွေက ပြည်သူတွေကို ဒုက္ခမပေးဘူးလို့ အာမခံနိုင်ပါတယ်။"
ဒါပေမဲ့ အမတ်ချုပ်ကြီးရှဲ့လူတွေက ဒုက္ခမပေးဘူးလို့ အာမမခံနိုင်ဘူးလေ။ ဖေ့ယင် တစ်ခုခုပြောချင်သော်လည်း မျိုသိပ်လိုက်ရသည်။ စစ်ဖြစ်ရင် ထိခိုက်နစ်နာမှု ရှိစမြဲပဲ။ အနိုင်ရသူက ဘုရင်ဖြစ်မယ်။ ရှုံးနိမ့်သူက သူပုန်ဖြစ်မယ်။ နောက်ကွယ်မှာတော့ အလောင်းတွေ ပုံနေမှာပဲ။
ဟုကော်ကုန်း သက်ပြင်းချလိုက်သည်။
"ညီလေးရာ... ပြည်သူတွေအတွက် စိတ်မပူပါနဲ့တော့။ ကံကောင်းရင် အသက်ရှင်မယ်။ ကံဆိုးရင် သေမယ်။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။"
"အရှင်မင်းကြီး သဘောတူလား။"
ဖေ့ယင် မေးလိုက်သည်။
"အရှင်မင်းကြီးကို မပြောပြထားဘူး။"
လိုကျစ်ကွေ့ ဖြေလိုက်သည်။
"ဘာ..."
ဟုကော်ကုန်း အံ့သြသွားသည်။
"ဒါ ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်တာပါ။ အရှင်မင်းကြီးနဲ့ မဆိုင်ပါဘူး။ ကိစ္စပြီးရင် အပြစ်ဒဏ် ခံယူပါ့မယ်။"
ဟုကော်ကုန်း တစ်ခုခုပြောချင်သော်လည်း ဖေ့ယင်က တားလိုက်သည်။
"မြို့တော်ထဲမှာ စစ်တိုက်ရင် ပြည်သူတွေ သေကြေပျက်စီးမယ်။ မီးလောင်ရင် အိုးအိမ်မဲ့တွေ ဖြစ်ကုန်မယ်။ ဒါတွေက အရှင်မင်းကြီးရဲ့ ဆန္ဒမဟုတ်ပါဘူး။"
အရှင်မင်းကြီးက ရက်စက်တယ်ဆိုတဲ့ နာမည်ဆိုး မထွက်စေချင်ဘူးလေ။
ဟုကော်ကုန်း ခေါင်းညိတ်လိုက်သည်။ လိုကျစ်ကွေ့က အရှင်မင်းကြီးအတွက် ဒီလောက်ထိ စဉ်းစားပေးတာ သစ္စာရှိလွန်းတယ်။
"ရှဲ့ဝမ်ယွမ် ဘယ်တော့ စစ်တပ်ခေါ်လာမလဲ။"
ဖေ့ယင် မေးလိုက်သည်။
"မကြာခင် လာတော့မှာ။ ဟုကော်ကုန်း၊ ချန်လုကို သတ်နိုင်မလား။"
"ကျွန်တော့်လက်ထဲမှာ လူအင်အား နည်းပေမယ့် ချန်လုကို လုပ်ကြံရင်တော့ ရနိုင်တယ်။ သူ့သိုင်းပညာက ကျွန်တော့်လောက် မကောင်းဘူး။"
"အမတ်မင်းဖေ့၊ အစ်ကိုကြီးကို ကူညီပေးပါ။"
ဖေ့ယင် ခေါင်းညိတ်လိုက်သည်။
"မြို့တော်စစ်တပ် အသုံးမဝင်တော့ရင် ရှဲ့ဝမ်ယွမ်က တခြားစစ်တပ်တွေကို ခေါ်လာလိမ့်မယ်။"
လိုကျစ်ကွေ့ ဆက်ပြောလိုက်သည်။
"အခု ရှဲ့ဝမ်ယွမ်ကို သတ်ပစ်လိုက်ရင် မကောင်းဘူးလား။"
ဟုကော်ကုန်း အကြံပေးလိုက်သည်။
"အခုသတ်လိုက်ရင် သူ့စစ်တပ်တွေ ရောက်မလာတော့ဘူးပေါ့။ တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်တာ ပိုကောင်းတယ်။ နောင်ကျရင် နေရာတိုင်းမှာ စစ်မီးတောက်လောင်နေတာထက်စာရင် မြို့တော်တစ်ခုတည်းမှာ စစ်ဖြစ်တာ ပိုသက်သာတယ်။"
ဖေ့ယင် ရှင်းပြလိုက်သည်။
ဟုကော်ကုန်း ဘာမှပြန်မပြောနိုင်တော့ပေ။ သူက ဉာဏ်နီဉာဏ်နက် မများတတ်ဘူးလေ။
"အရှင်မင်းကြီးကို သွားတွေ့ရအောင်။"
လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်သည်။
"စောစောက ပြောတာတွေကို အရှင်မင်းကြီး မသိစေချင်ဘူး။"
ညီအစ်ကိုနှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
နဉ်ရှောင်ယောင်း ကုတင်ပေါ်တွင် လဲလျောင်းရင်း ယိုကွမ့် ပြောပြတာကို နားထောင်နေသည်။
"စစ်သူကြီးစုန့်မှာ အစ်ကိုရှိတယ်တဲ့။"
"စစ်သေနာပတိချုပ်က သူ့ကို စုန့်ဝူ လို့ ခေါ်တယ်။"
ယိုကွမ့် ပြောပြလိုက်သည်။
စုန့်ဝူဆိုရင် စုန့်ချီးရဲ့ ငါးယောက်မြောက်အစ်ကို ဖြစ်မယ်။
"စစ်သူကြီးစုန့် စာပို့လိုက်ပြီဆိုတော့ အနက်ရောင်နှင်းခဲမြင်းတပ် လာနေပြီပေါ့။"
ရှောင်မိုက် သကြားလုံးစားရင်း ပြောလိုက်သည်။
"အင်း..."
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ စိတ်အေးသွားပြီ။ အနက်ရောင်နှင်းခဲ မြင်းတပ် ရောက်လာရင် အမတ်ချုပ်ကြီးရှဲ့ကို ရှင်းပစ်လို့ရပြီ။ မရှင်းနိုင်ရင်တော့ အမတ်ချုပ်ကြီးကိုပဲ ဧကရာဇ်မင်း ပေးလုပ်လိုက်တော့မယ်။ သူကတော့ လိုကျစ်ကွေ့ကိုခေါ်ပြီး ထွက်ပြေးမယ်။
"ရှောင်ယောင်း၊ စစ်သေနာပတိချုပ်နဲ့ ဟုကော်ကုန်း ညီအစ်ကိုတွေ လာနေကြပြီ။"
သိမ်းငှက်လေးက ပြတင်းပေါက်ဘောင်ပေါ် နားပြီး ပြောလိုက်သည်။
"ရှောင်ယောင်း၊ ငါ သွားတော့မယ်။ ညကျမှ တွေ့မယ်။"
ယိုကွမ့် ပြေးထွက်သွားသည်။
"ရှောင်ယောင်း၊ ငါလည်း သွားတော့မယ်။ နင် ဘာမှမဖြစ်ဘူးဆိုတဲ့ သတင်းကို ဖြန့်လိုက်ဦးမယ်။"
ရှောင်မိုက်လည်း ပျံထွက်သွားသည်။
"ကောင်းပြီ။"
......
လိုကျစ်ကွေ့ အတွင်းခန်းထဲ ဝင်လာသည်။ နဉ်ရှောင်ယောင်း အဝတ်အစား လဲပြီးသားကို မြင်တော့ မေးလိုက်သည်။
"ဟုကော်ကုန်းတို့ကို ခေါ်လာမှန်း သိတယ်ပေါ့။"
"အင်း... သိတယ်။ ဖုံးကွယ်မထားဘူးလား။"
"သူတို့က ကူညီပေးမယ့်သူတွေလေ။"
"ကောင်းပြီလေ။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့နောက် လိုက်သွားသည်။
ဟုကော်ကုန်းညီအစ်ကို နဉ်ရှောင်ယောင်း ကျန်းကျန်းမာမာရှိနေတာမြင်တော့ စိတ်သက်သာရာရသွားကြသည်။ အရှင်မင်းကြီး အသက်ရှင်နေသရွေ့ ဟုကော်ကုန်းအိမ်တော် ဘာမှမဖြစ်နိုင်ဘူး။ ရှဲ့ဝမ်ယွမ် အာဏာရသွားရင်တော့ သူတို့အိမ်တော် ပျက်စီးမှာသေချာတယ်။
"စစ်သေနာပတိချုပ်စကား နားထောင်ကြနော်။ အမတ်ချုပ်ကြီးကို အပြတ်ရှင်းပစ်ရမယ်။"
"အမိန့်တော်အတိုင်းပါ။"
ညီအစ်ကိုနှစ်ယောက် ပြိုင်တူဖြေလိုက်ကြသည်။
"သခင်မကြီးကို ဂရုစိုက်ပေးနော်။ စစ်ဖြစ်ရင် မလန့်သွားစေနဲ့။"
နဉ်ရှောင်ယောင်း မှာကြားလိုက်သည်။
ဟုကော်ကုန်း စိတ်ထဲ နွေးထွေးသွားသည်။ အရေးကြီးတဲ့အချိန်မှာတောင် အရှင်မင်းကြီးက သခင်မကြီးကို သတိရနေသေးတယ်။
"အရှင်မင်းကြီးလည်း ဂရုစိုက်ပါ။"
ဖေ့ယင် စိုးရိမ်တကြီး ပြောလိုက်သည်။
"အင်း... ဂရုစိုက်ပါ့မယ်။ အမတ်ချုပ်ကြီး မသေသေးသရွေ့ ငါ မသေနိုင်ဘူး။"
ဟုကော်ကုန်း... ဒီကိစ္စကို အမတ်ချုပ်ကြီးနဲ့ ပြိုင်နေတာလား။
"အရှင်မင်းကြီး အနားယူပါတော့။"
လိုကျစ်ကွေ့ ဖြတ်ပြောလိုက်သည်။
"အားလုံး ကြိုးစားကြနော်။ ရည်မှန်းချက်က အမတ်ချုပ်ကြီးကို ရှင်းပစ်ဖို့ပဲ။"
နဉ်ရှောင်ယောင်း လက်သီးဆုပ်ပြလိုက်သည်။
ညီအစ်ကိုနှစ်ယောက် ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
နန်းတော်တံခါးငယ်လေးမှ တိတ်တဆိတ်ထွက်လာပြီးနောက် ဟုကော်ကုန်းက ပြောလိုက်သည်။
"ဒီလိုဖြစ်သွားတာ ကောင်းပါတယ်။"
"ဘာကိုလဲ။"
"အရှင်မင်းကြီးဘေးမှာ လိုကျစ်ကွေ့ရှိနေတာ ကောင်းပါတယ်။"
အရှင်မင်းကြီးက ငယ်ရွယ်ပြီး အားနည်းတယ်။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရတာ ပင်ပန်းမှာပဲ။ လိုကျစ်ကွေ့လို လူမျိုးက ကာကွယ်ပေးထားတာ ကောင်းပါတယ်။
ဖေ့ယင် နန်းတော်ကြီးကို လှည့်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"လိုကျစ်ကွေ့ ထာဝရ သစ္စာရှိပါစေလို့ ဆုတောင်းပါတယ်။"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၅၄ ။ လမ်းပေါ် သွေးစွန်းခဲ့သော စစ်သူကြီး
ဖေ့ညီအစ်ကိုများ နန်းတော်ထဲမှ ထွက်ခွာသွားပြီးနောက် နန်းတော်တံခါးကြီး ဝုန်းခနဲ ပိတ်ကျသွားသည်။ အမတ်မင်းများအားလုံး ကြောင်အသွားကြသည်။
"လိုကျစ်ကွေ့က ထွက်လာမှာ မဟုတ်တော့ဘူး။"
အမတ်ချုပ်ကြီးရှဲ့ အကြီးအကဲလီနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
အကြီးအကဲလီ ရေရွတ်လိုက်သည်။
"လိုကျစ်ကွေ့ဆိုတာ အသံမထွက်ဘဲ ကိုက်တတ်တဲ့ ခွေးဆိုးပဲ။"
အမတ်ချုပ်ကြီးရှဲ့ မုတ်ဆိတ်မွေးကို သပ်ရင်း ခေါင်းခါလိုက်သည်။
"သူ ဘာလုပ်ချင်နေတာလဲ။"
"အချိန်ဆွဲနေတာ။ အရှင်မင်းကြီး မရှိတော့ရင် အန်းယွမ်ကလွဲပြီး သူ့အတွက် လွတ်လမ်းမရှိတော့ဘူး။"
"အန်းယွမ်ပြန်ရုံလေးနဲ့ ဒီလောက်ထိ လုပ်စရာလိုလို့လား။"
အကြီးအကဲလီ စကားမဆုံးလိုက်ပေ။ အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်တော့မှ သဘောပေါက်သွားသည်။ အမတ်ချုပ်ကြီးရှဲ့ရှိနေသရွေ့ လိုကျစ်ကွေ့ အန်းယွမ်ကို ပြန်နိုင်မှာ မဟုတ်ဘူး။
"ငါ လိုကျစ်ကွေ့ကို လုံးဝ လွှတ်မပေးဘူး။"
အမတ်ချုပ်ကြီးရှဲ့ ကြုံးဝါးလိုက်သည်။
အကြီးအကဲလီ အားလျော့သွားသည်။ သူ့လို စာတတ်ပေမယ့် အားနည်းတဲ့ အဘိုးကြီးတစ်ယောက်က ဘာတတ်နိုင်မှာလဲ။
"ငါ မြို့တော်စစ်တပ်ကိုခေါ်ပြီး နန်းတော်ကို ဝင်စီးမယ်။ အကြီးအကဲလီ သဘောတူလား။"
အကြီးအကဲလီ ပိတ်ထားသော နန်းတော်တံခါးကြီးကို ကြည့်လိုက်သည်။
"ကောင်းပြီ။ အရှင်မင်းကြီးကို တွေ့ရမှဖြစ်မယ်။ အရှင်မင်းကြီး အသက်ရှင်နေတာ သေချာမှဖြစ်မယ်။"
"အရှင်မင်းကြီး ကံကောင်းပါစေလို့ ဆုတောင်းရမှာပေါ့။"
အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။ အလောင်းမတွေ့မချင်း ဘယ်သူကမှ အရှင်မင်းကြီး သေပြီလို့ ထုတ်မပြောရဲကြဘူး။
ချန်လု သံဘုရားကျောင်းမှ နန်းတော်တံခါးဝသို့ ရောက်လာသည်။ လမ်းမှာ သတင်းကြားခဲ့သော်လည်း အမတ်ချုပ်ကြီးရှဲ့ကို မြင်တော့ မေးလိုက်သည်။
"အမတ်ချုပ်ကြီး၊ အရှင်မင်းကြီး..."
"မင်း စခန်းကို ချက်ချင်းပြန်ပြီး စစ်သည်တွေ ခေါ်ခဲ့။ နန်းတော်ကို ဝင်စီးရမယ်။"
"နန်းတော်ကို ဝင်စီးမလို့လား။"
ချန်လု လန့်သွားသည်။
အမတ်ချုပ်ကြီးရှဲ့ လူရှင်းသောနေရာသို့ ခေါ်သွားသည်။
"အရှင်မင်းကြီး နတ်ရွာစံသွားပြီ ထင်တယ်။"
ချန်လု မျက်နှာဖြူဖျော့သွားသည်။
"တာဝန်အကုန်လုံး ငါယူတယ်။ မင်း စိတ်ချလက်ချ လုပ်သာလုပ်။"
"အမတ်ချုပ်ကြီး... အရှင်မင်းကြီး တကယ်..."
"ငါက ဒီလိုကိစ္စမျိုးကို နောက်ပြောင်ပါ့မလား။"
ချန်လု နန်းတော်တံခါးကြီးကို မော့ကြည့်လိုက်သည်။
"နန်းတော်စောင့်တပ်နဲ့ နဂါးအစောင့်တပ် ပေါင်းရင် လူတစ်သောင်းတောင် မပြည့်ဘူး။ တစ်ရက်အတွင်း သိမ်းပိုက်လို့ ရနိုင်ပါတယ်။"
"ကောင်းပြီ။ ငါ မင်းကို ယုံတယ်။"
အမတ်ချုပ်ကြီးရှဲ့ ချန်လု၏ပခုံးကို ပုတ်လိုက်သည်။
ချန်လု ဦးညွှတ်ပြီး မြင်းပေါ်တက်ကာ ကိုယ်ရံတော်အချို့နှင့်အတူ ထွက်ခွာသွားသည်။
နန်းတော်တံတိုင်းပေါ်ရှိ မျှော်စင်ပေါ်မှ လိုကျစ်ကွေ့ ကြည့်နေသည်။
"ချန်လု စစ်ကူသွားခေါ်ပြီ။"
အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီးတစ်ဦးက ပြောလိုက်သည်။
"စစ်သေနာပတိချုပ်၊ နန်းတော်စောင့်တပ်တွေ ခံနိုင်ပါ့မလား။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ ဖေ့ညီအစ်ကိုတွေ လက်သွက်ရင် တိုက်ပွဲဖြစ်မှာ မဟုတ်ဘူး။
မြို့တော်စစ်တပ်စခန်းသို့ သွားရာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဟုကော်ကုန်း ထိုင်စောင့်နေသည်။ ကိုယ်ရံတော်တစ်ဦးက ဒူးထောက်ပြီး လျှောက်တင်လိုက်သည်။
"သခင်ကြီး၊ ချန်လုနဲ့ ကိုယ်ရံတော် ၉ ယောက် လာနေပါပြီ။"
ဟုကော်ကုန်း ခေါင်းညိတ်လိုက်သည်။
"ရှေ့က လမ်းဆုံမှာ စောင့်နေတဲ့ လေးသမားတွေကို ပြောလိုက်။ ချန်လုကို တွေ့တာနဲ့ ပစ်သတ်လိုက်လို့။"
ကိုယ်ရံတော် ထွက်ခွာသွားသည်နှင့် နောက်ထပ် ကိုယ်ရံတော်တစ်ဦးကို မှာလိုက်သည်။
"စခန်းရှေ့သွားပြီး ငါ့ညီကို ပြောလိုက်။ ငါ စလုပ်ပြီလို့။"
ဟုကော်ကုန်း မတ်တတ်ရပ်ပြီး အရက်တစ်ခွက် မော့သောက်လိုက်သည်။ ပါးစပ်သုတ်ပြီး ပြောလိုက်သည်။
"ငါနဲ့ ချန်လုကြားမှာ ပုဂ္ဂိုလ်ရေး အငြိုးအတေး မရှိဘူး။ ဒါပေမဲ့ သခင်ချင်း မတူတော့ တိုက်ရမှာပဲ။ ငါတို့ ဟုကော်ကုန်းအိမ်တော်က ရှဲ့ဝမ်ယွမ်လက်အောက်မှာ နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရတယ်။ အရှင်မင်းကြီးရဲ့ကျေးဇူးကြောင့် အခုမှ လူရာဝင်လာတာ။ ဒီတစ်ခါ ချန်လုကို သတ်တာက အရှင်မင်းကြီးကို ကျေးဇူးဆပ်တာပဲ။"
"စိတ်ချပါ သခင်ကြီး။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်။"
ဟုကော်ကုန်း ခေါင်းညိတ်ပြီး လက်ဖက်ရည်ဆိုင်ထဲမှ ထွက်ခွာသွားသည်။
အရှင်မင်းကြီး လုပ်ကြံခံရပြီး နတ်ရွာစံပြီဆိုတဲ့ သတင်းက မြို့တော်တစ်ခုလုံး ပျံ့နှံ့နေပြီ။ ပြည်သူတွေ ကြောက်လန့်ပြီး အိမ်ထဲမှာ ပုန်းနေကြသည်။ လမ်းမပေါ်တွင် လူသူကင်းမဲ့နေသည်။
ချန်လု စခန်းသို့ အမြန်သွားနေသည်။ လမ်းခုလတ်ရောက်တော့ လူတစ်ယောက်မှ မတွေ့ရတော့သဖြင့် မြင်းကို ရပ်လိုက်သည်။
"သခင်ကြီး?"
ကိုယ်ရံတော်တစ်ဦးက မေးလိုက်သည်။
ချန်လု လမ်းမကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ ပုံမှန်ဆိုရင် ဒီနေရာကဈေးတန်းမို့လို့ လူစည်ကားနေတတ်သည်။ အခုတော့ လူတစ်ယောက်မှ မရှိ။ ဆိုင်အောက်တွင် ခွေးလေခွေးလွင့်အချို့ အစာလုစားနေသည်ကိုသာ တွေ့ရသည်။
"လူတစ်ယောက်မှ မရှိပါလား။"
ကိုယ်ရံတော်တစ်ဦးက ရေရွတ်လိုက်သည်။
နေပူကျဲကျဲမှာ လူသူကင်းမဲ့နေတာက ကြောက်စရာကောင်းလှသည်။
ချန်လု စိတ်ထဲ ထိတ်လန့်သွားသော်လည်း ဟန်မပျက် ဆက်သွားလိုက်သည်။
တိတ်ဆိတ်နေသော လမ်းမပေါ်တွင် မြင်းခွာသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
လမ်းဆုံရောက်တော့မည်။ ချန်လု စိတ်သက်သာရာရသွားသည်။ စိတ်ထင်တာပဲ ဖြစ်မှာပါလေ။
ထိုစဉ် မြှားသံကြားလိုက်ရသည်။ လမ်းဘေးဝဲယာရှိ အိမ်ခေါင်မိုးများပေါ်မှ မြှားများ မိုးရွာသလို ကျလာသည်။
အပေါ်စီးမှ ပစ်ခတ်ခြင်းဖြစ်ပြီး ရုတ်တရက်မို့လို့ ကိုယ်ရံတော်များ ရှောင်တိမ်းချိန် မရလိုက်ပေ။ ကိုယ်ရံတော် ၆ ဦး မြှားမှန်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။
ချန်လု ဓားဖြင့် ကာကွယ်လိုက်သဖြင့် မြှားများ လွတ်သွားသည်။ မြင်းကို ဒုန်းစိုင်းမောင်းနှင်ရန် ပြင်လိုက်စဉ် နောက်ထပ် မြှားများ ကျလာပြန်သည်။
ကျန်ရှိနေသော ကိုယ်ရံတော် ၃ ဦးလည်း မြှားမှန်ပြီး ပြုတ်ကျသွားသည်။
ချန်လု၏ပခုံးကို မြှားတစ်စင်း ထိမှန်သွားသည်။
ကိုယ်ရံတော်တစ်ဦးက ဒဏ်ရာရလျက်နှင့် ထပြေးသွားသည်။ စခန်းကို သတင်းသွားပို့ဖို့ပင်။
လေးသမားများက ထိုကိုယ်ရံတော်ကို မပစ်ဘဲ လွှတ်ပေးလိုက်သည်။ ချန်လုကိုသာ ပစ်မှတ်ထားသည်။
ချန်လု၏မြင်း မြှားမှန်ပြီး ရူးသွပ်စွာ ပြေးထွက်သွားသည်။ လမ်းမပေါ်တွင် ကြိုးတန်းထားသဖြင့် မြင်းခလုတ်တိုက်ပြီး လဲကျသွားသည်။ ချန်လုသည်လည်း မြင်းပေါ်မှ လွင့်စဉ်ကျသွားသည်။
နံရိုးကျိုးသွားသလို နာကျင်သွားလေသည်။
ထွက်ပြေးသွားသော ကိုယ်ရံတော်သည် လမ်းဆုံရောက်သောအခါ မြင်းစီးလာသော ဟုကော်ကုန်းနှင့် တွေ့ပြီး ခေါင်းဖြတ်သတ်ခံလိုက်ရသည်။
ချန်လု အံကြိတ်ပြီး ထရပ်ကာ ဓားထုတ်လိုက်ချိန်မှာပဲ နောက်ကျောဘက်မှ မြှားတစ်စင်း လာစိုက်သည်။
ချန်လု လှည့်မကြည့်ဘဲ ရှေ့ဆက်ပြေးသည်။ ဟုကော်ကုန်းနှင့် နီးကပ်လာသဖြင့် လေးသမားများ ဆက်မပစ်ရဲကြတော့ပေ။
ဟုကော်ကုန်း အေးစက်စွာ ပြုံးလိုက်သည်။ ဒဏ်ရာရနေတာတောင် တိုက်ချင်သေးတာလား။ အမတ်ချုပ်ကြီးရှဲ့ မြှောက်ပေးထားလို့ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးလို့ ထင်နေတာလား။
ပြေးနေရင်း ချန်လု၏ဘယ်ဘက်ခြေသလုံးကို မြှားတစ်စင်း ထပ်မှန်သည်။
ဟုကော်ကုန်း ချန်လုအနား ရောက်လာပြီး မြင်းပေါ်မှ ဓားဖြင့် ခုတ်လိုက်သည်။
ချန်လုက ဓားဖြင့်မကာကွယ်ဘဲ မြေကြီးပေါ် လှိမ့်ချလိုက်သည်။ ဟုကော်ကုန်း၏ မြင်းခြေထောက်အောက် ရောက်သွားသည်။
ဟုကော်ကုန်း မြင်းကို အရှိန်သတ်လိုက်သည်။
မြင်းက ရှေ့ခြေထောက်ကို မြှောက်ပြီး ချန်လုကို နင်းချလိုက်သည်။
ချန်လု ဘယ်ဘက်သို့ လှိမ့်ရှောင်လိုက်ပြီး လမ်းကြားထဲ ဝင်ပြေးသည်။
မြင်းခြေထောက် မြေကြီးပေါ် ကျသွားချိန်တွင် ဟုကော်ကုန်းက ချန်လု၏ကျောကို ဓားဖြင့် ခုတ်လိုက်သည်။ သွေးများ ပန်းထွက်လာကာ ချန်လု ယိုင်နဲ့သွားသော်လည်း လှည့်မကြည့်ဘဲ လမ်းကြားထဲ ဆက်ပြေးသွားသည်။
လမ်းကြားဝတွင် ဟုကော်ကုန်း၏ကိုယ်ရံတော်များ စောင့်နေကြသည်။
ချန်လုက ဟုကော်ကုန်းလောက် သိုင်းမတော်သော်လည်း ဒဏ်ရာရလျက်နှင့် ကိုယ်ရံတော်များကို ဖောက်ထွက်ပြီး လမ်းကြားထဲ ဝင်ပြေးနိုင်ခဲ့သည်။ ဒါကိုကြည့်ရင် သူက အတော်ဆုံးမဟုတ်ပေမယ့် ညံ့ဖျင်းသူတော့ မဟုတ်ပေ။
"လိုက်!"
ဟုကော်ကုန်း ဒေါသတကြီး အမိန့်ပေးလိုက်သည်။ ဒီလောက်ထိဖြစ်နေတာတောင် လွတ်သွားသေးတယ်ပေါ့။
"ရှောင်ယောင်းကို ပြောပြရမလား။"
ခွေးလေခွေးလွင့် အားဝမ်က လောင်ဟွမ်ကို မေးလိုက်သည်။
လောင်ဟွမ် အရိုးကို မြိုချလိုက်ပြီးမှ ပြောလိုက်သည်။
"လိုက်ကြည့်ရအောင်။ ဒဏ်ရာရပြီး ပြေးသွားတဲ့ကောင်က ချန်လုတဲ့။ မြို့တော်စစ်တပ်က စစ်သူကြီး။ အမတ်ချုပ်ကြီးလူပဲ။ သေမသေ သွားကြည့်ရအောင်။"
ခွေးအုပ်စုတစ်စု လမ်းကြားထဲ ပြေးဝင်သွားကြလေသည်။
***