အခန်း (၂၅၆)
Vol. 25 Ch. 256
အခန်း။ ၂၅၆
"မင်းနဲ့ မင်းရဲ့မိစ္ဆာသားရဲ ဒဏ်ရာတွေကို အရင်ကုလိုက်ဦး"
ယွင်ရှန်းက ပြောကာ စိတ်တည်ငြိမ်ဆေးရည်နှင့် သွေးတိတ်ဆေးနှစ်ဗူးကို ပစ်ပေးလိုက်သည်။
ကျုံးရန်သည် ဆေးရည်ကို သောက်သုံးပြီး သွေးတိတ်ဆေးကို သူ၏ဆင့်ခေါ်သားရဲ ဒဏ်ရာများပေါ်တွင် လိမ်းပေးလိုက်သည်။ ဆေးများကို အသုံးပြုလိုက်သည်နှင့် ကျုံးရန်မှာ သူ၏မှော်စွမ်းအားများ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ရပြီး သွေးတိတ်ဆေးမှာလည်း အလွန်အစွမ်းထက်လှရာ လင်းယုန်ခြေသည်းလင်းနို့နှင့် သူ၏ကိုယ်ပေါ်မှ သွေးထွက်သံယိုများမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
"သခင်မလေး... သခင်မလေးရဲ့ဆေးတွေက တကယ်ကို အစွမ်းထက်တာပဲ"
ကျုံးရန်သည် မှော်ဆရာတစ်ဦးဖြစ်သည့်အလျောက် ယခင်ကလည်း စိတ်တည်ငြိမ်ဆေးရည်များစွာ သောက်ဖူးသော်လည်း ဤမျှ အံ့ဩဖွယ်ကောင်းလောက်အောင် အာနိသင်မြန်သော ဆေးမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
"ဒါက ငါကိုယ်တိုင် ဖော်စပ်ထားလို့ပဲ။ ငါက မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဟုတ်တယ်။ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းကို မတရားဆက်ဆံမှာ မဟုတ်ဘူး။ ကဲ ပြောစမ်း... ဒါကျိုးအိမ်ရှေ့မင်းသားကို သတ်ဖို့ မင်းကို ဘယ်သူက ခိုင်းတာလဲ"
ယွင်ရှန်းသည် နောက်ကွယ်မှလူကို ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း သေချာစေရန် ထပ်မံမေးမြန်းလိုက်ခြင်းဖြစ်သည်။
"အဲ့ဒါ ဟောက်ချင်နိုင်ငံရဲ့ အိမ်ရှေ့မင်းသားပါ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူက လူလွှတ်ပြီး ကျွန်တော့်ကို ဆက်သွယ်ခဲ့တယ်။ လော့ရှစိုစွတ်မြေမှာ ခုနစ်ရွက်ခရမ်းရောင်ဂျင်ဆင်း ပေါ်နေတယ်ဆိုတာရယ် ဒါကျိုးအိမ်ရှေ့မင်းသား အဲ့ဒါကို လာရှာလိမ့်မယ်ဆိုတာရယ် သူက ပြောပြခဲ့တာ။ အကယ်၍ ကျွန်တော်က ဒါကျိုးအိမ်ရှေ့မင်းသားကို သတ်ပေးမယ်ဆိုရင် နန်းတွင်းဆေးပညာရှင်တွေကို သုံးပြီး ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံးကို ဖော်စပ်ပေးမယ်လို့ အမှောင်အိမ်ရှေ့မင်းသားက ကတိပေးခဲ့ပါတယ်"
ကျုံးရန်က ယွင်ရှန်းအပေါ် သစ္စာရှိစွာဖြင့် အမှန်အတိုင်း ထုတ်ဖော်ပြောလိုက်သည်။
ကျုံးရန်သည် ခတ်ထန်သော စရိုက်ရှိသော်လည်း ပေးထားသော ကတိကိုမူ အမြဲတည်သူဖြစ်သည်။
သူသည် ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံးကို လိုချင်နေရခြင်းမှာ မြင့်မြတ်သားရဲဆင့်ခေါ်
ပညာရှင်အဆင့်သို့ တက်လှမ်းစဉ်က အတွင်းဒဏ်ရာအချို့ ရရှိခဲ့ဖူးပြီး အသက်ကြီးလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာ နှစ်စဉ် အားနည်းလာသောကြောင့် ဖြစ်သည်။ ထိုဆေးလုံးသည် အသက်ကို အနည်းဆုံး အနှစ်ငါးဆယ်ခန့် ပိုမိုရှည်ကြာစေနိုင်ကြောင်း ကြားသိခဲ့သဖြင့် သူသည် ဂျင်ဆင်းကို နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဂျင်ဆင်းရှိရာကို သိရှိလိုက်ရသော်လည်း သူကိုယ်တိုင်မှာ ဆေးလုံးဖော်စပ်ရန် မတတ်မြောက်သဖြင့် အမှောင်အိမ်ရှေ့မင်းသား၏ ကမ်းလှမ်းမှုကို ချက်ချင်းသဘောတူခဲ့ခြင်း ဖြစ်သည်။ သူ့ကဲ့သို့ မိသားစုနှင့် သူငယ်ချင်းမရှိဘဲ တစ်ကိုယ်တည်း နေထိုင်လာသော အဘိုးအိုတစ်ဦးအဖို့ ဒါကျိုးအိမ်ရှေ့မင်းသား သေသည်ဖြစ်စေ နိုင်ငံများအကြား အာဏာလုပွဲဖြစ်စေ သူ လုံးဝဂရုမစိုက်ပေ။
"ဒါကျိုးအိမ်ရှေ့မင်းသားရဲ့ တန်ဖိုးမရှိတဲ့ အသက်က ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံး တစ်လုံးစာပဲ တန်တာကိုး။ စိတ်ချပါ... ငါ့နောက်ကို လိုက်လာမှတော့ မင်းကို ငါ စိတ်မပျက်စေရဘူး။ ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံးဆိုတာ ငါကိုယ်တိုင်လည်း ဖော်စပ်နိုင်တယ်"
ယွင်ရှန်းက ပြောလိုက်သည်။ သူမသည် လမင်းနတ်ဘုရား ဝတ်ပြုပွဲအတွက် အဆင့်မြင့်ဆေးရည်များကို ဖော်စပ်ပြီးကတည်းက သူမ၏ ဆေးဖော်စပ်ခြင်းအတတ်မှာ နောက်တစ်ဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။
မှော်ပညာ၏ အကူအညီဖြင့် သူမဖော်စပ်သော ဆေးလုံးများမှာ သာမန်ဆေးပညာရှင်များ ဖော်စပ်သည်ထက် အရည်အသွေး များစွာသာလွန်သည်။ ကျုံးရန်မှာ ရိုးသားသော လူအိုကြီးတစ်ဦးသာ ဖြစ်သဖြင့် ခုနစ်ရွက်ဂျင်ဆင်း သို့မဟုတ် ကိုးရွက်ဂျင်ဆင်းတို့၏ ကွာခြားချက်ကို အလေးမထားပေ။ သူ့အမြင်တွင် ဆေးပင်က ဆေးပင်သာ။
သူသာ ထိုခရမ်းရောင်ဂျင်ဆင်းကို ရရှိပါက ဆေးလုံးဖော်စပ်နိုင်မည်ဟု ယုံကြည်နေသည်။ ယွင်ရှန်း၏ ယုံကြည်ချက်အပြည့်ရှိသော စကားများကို ကြားရသောအခါ ကျုံးရန်မှာ အလွန်ပင် ဝမ်းမြောက်သွားတော့သည်။
"ဒါပေမဲ့ အဲ့ဒီမတိုင်ခင်... မင်း ငါ့ကို ကူညီပေးရမယ့် ကိစ္စတစ်ခုရှိတယ်"
ထိုသို့ပြောကာ ယွင်ရှန်းက ကျုံးရန်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
သူမ၏ စကားများကို ကြားပြီးနောက် ကျုံးရန်မှာ ဆွံ့အသွားရသည်။ ဤအစီအစဉ်မှာ အလွန်ပင် ရက်စက်လွန်းလှသည်။ ရှေ့မှ မိန်းကလေးမှာ ငယ်ရွယ်ပုံရသော်လည်း အလွန်ပင် ပါးနပ်လွန်းလှသည်။
"ကောင်းပါပြီ... သခင်မလေး စိတ်ကျေနပ်စေရမယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်။ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"
ကျုံးရန်သည် သူ၏ လင်းယုန်ခြေသည်းလင်းနို့ကို ချက်ချင်းဆင့်ခေါ်ကာ သူတို့လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာသွားတော့သည်။
ယွင်ရှန်းသည် ဆင့်ခေါ်မိစ္ဆာလက်ကို အသုံးပြုခဲ့သဖြင့် ကုန်ခန်းသွားသော မှော်စွမ်းအားများအတွက် ထိုနေရာတွင် ခေတ္တမျှ အနားယူလိုက်သည်။ ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း ရင့်မှည့်တော့မည့် အချိန်ကို သူမ တွက်ချက်လိုက်ပြီးနောက် ရုပ်ဖျက်မှော်ပညာကို အသုံးပြုကာ ဂျင်ဆင်းရှိရာသို့ ပြန်လည်ဦးတည်ထွက်ခွာခဲ့သည်။
တစ်ဖက်တွင် ရွှံ့နွံအိုင်အနီး၌...
"ဒါက ဘာလို့ ခုထိ မရင့်မှည့်သေးတာလဲ"
ယီပိုင်လျန်နှင့် ကျန်ရှိနေသူများသည် ဂျင်ဆင်းရင့်မှည့်မည့်အချိန်ကို စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြသည်။
ယီပိုင်မင်းမှာမူ စိတ်နှင့်ကိုယ်နှင့် မကပ်ဘဲ ဖြစ်နေသည်။ ယွင်ရှန်းက ထိုမြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင်ကို အဝေးသို့ ခေါ်ထုတ်သွားပြီးနောက် လူတိုင်းမှာ သက်ပြင်းချနိုင်ခဲ့ကြသော်လည်း ယီပိုင်မင်းအတွက်မူ စိုးရိမ်စိတ်တို့က တိုးပွားနေဆဲပင်။
မြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင် ပေးစွမ်းသော ဖိအားမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။
"မင်းက အဲ့ဒီမိန်းကလေး ယွင်ရှန်းအတွက် စိုးရိမ်နေတုန်းလား။ ဟမ့်... ငါ့အထင်တော့ အခုလောက်ဆိုရင် သူမဟာ အဲ့ဒီဆင့်ခေါ်ပညာရှင်ရဲ့ နဝမအဆင့်မိစ္ဆာသားရဲရဲ့ ဝါးမြိုတာကို ခံလိုက်ရလောက်ပြီ"
ချန်လျန်လျန်သည် ယွင်ရှန်းထွက်သွားသည့် ဘက်သို့ စိုက်ကြည့်နေသော ယီပိုင်မင်းကို မြင်သောအခါ မနာလိုဝန်တိုစိတ်ကို မထိန်းနိုင်ဘဲ ပြောဆိုလိုက်တော့သည်။
ယီပိုင်မင်းသည် အဘယ်ကြောင့် ယွင်ရှန်းအပေါ် ဤမျှ ထူးထူးခြားခြား ဆက်ဆံနေရတာလဲဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။ အကယ်၍ လွန်ခဲ့သောအချိန်များက ယီပိုင်မင်းသာ ထိုနိမ့်ကျသော မိန်းကလေးအပေါ် ဂရုစိုက်သကဲ့သို့ သူမအပေါ် ဂရုစိုက်ခဲ့ပါက သူမသည် အိမ်ရှေ့မင်းသား ယီပိုင်လျန်၏ ရင်ခွင်ထဲသို့ ရောက်သွားစရာ အကြောင်းမရှိပေ။
"အကယ်၍ သူမသာ သေသွားခဲ့ရင်... မင်းတို့အားလုံး ကိုယ့်အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်" ယီပိုင်မင်း၏ မီးခိုးရောင်မျက်ဝန်းများတွင် မှောင်မိုက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ယွင်ရှန်းကို လိုက်လံရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့သဖြင့် သူ ပြန်လာခဲ့ရသော်လည်း စိုးရိမ်စိတ်မှာ တစတစ ကြီးထွားလာသည်။ ယွင်ရှန်းကို ထိုဆင့်ခေါ်ပညာရှင်အိုကြီးနှင့်အတူ တစ်ယောက်တည်း လွှတ်လိုက်မိသည်ကို သူ အကြီးအကျယ် နောင်တရနေမိသည်။ တစ်ဖက်လူမှာ စိတ်ပြောင်းလဲလွယ်သူဖြစ်ရာ ယွင်ရှန်းက လှည့်စားနေမှန်း သိသွားပါက ဘာလုပ်မည်ကို မည်သူမျှ မသိနိုင်ပေ။
"ယီပိုင်မင်း ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်းက ရင့်မှည့်တော့မယ်။ အဲ့ဒါကို ငါ့အတွက် မြန်
မြန်သွားခူးပေးစမ်း"
ယီပိုင်လျန်က အော်ဟစ်စေခိုင်းလိုက်သည်။ ဂျင်ဆင်း၏ ပန်းပွင့်သရဖူမှာ လိမ္မော်ရောင်မှသည် အနီရောင်သို့ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင်၏ ဟန့်တားမှု မရှိတော့သဖြင့် စိုစွတ်မြေအတွင်း အောင်းအောင်းနေကြသော မိစ္ဆာသားရဲများမှာ ဂနာမငြိမ်ဖြစ်လာပြီး စတင်လှုပ်ရှားလာကြသည်။ ရွှံ့နွံအိုင်အတွင်းမှ နှစ်မီတာကျော် ရှည်လျားသော မြေကမ္ဘာကျောရိုး မိကျောင်းများမှာ သူတို့၏ လောဘဇောတက်နေသော ပါးစပ်ကြီးများကို ဖြဲထားကြသလို အနီးအနားရှိ သစ်ပင်ခြောက်များပေါ်မှ လင်းတများကလည်း ကျောချမ်းဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။
ယီပိုင်မင်းသည် စိုစွတ်မြေကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့သို့ ရုတ်တရက် ခုန်ဝင်လိုက်သည်။ သူ၏ကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် တိုက်ခိုက်လိုစိတ်ကြောင့် အနီးအနားရှိ မိစ္ဆာသားရဲများမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြရသည်။
ယီပိုင်မင်းသည် ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း ကို ဆုပ်ကိုင်ရန် ပြင်လိုက်စဉ်မှာပင်...
စိုစွတ်မြေ၏ ဘေးဘက်မှ လူရိပ်သုံးခု ရုတ်တရက် ထွက်ပေါ်လာပြီး အဆင့်မြင့်မှော်အတတ်များစွာဖြင့် ယီပိုင်မင်းကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ကြသည်။
"ဒါက တိုက်ကြီးရဲ့ အထူးအကျော်အမော်စခန်းကလူတွေပဲ"
ယီပိုင်မင်း၏ မီးခိုးရောင်မျက်ဝန်းများမှာ လျင်မြန်စွာ လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် ဝေ့ဝဲကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ ယီပိုင်လျန်၏ လက်အောက်ခံများမှာလည်း ဤရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ လှုပ်ရှားလာကြသည်။
ထိုရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ကောင်းကင်ယံမှ လှောင်ပြောင်ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းတယ်... မင်းက ဒါကျိုးရဲ့ အိမ်ရှေ့မင်းသားပေါ့လေ။ ဒီတစ်ခါတော့ မင်း ဘယ်ကို ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့"
ရုတ်တရက် ပြန်လည်ရောက်ရှိလာသော မြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင် ကျုံးရန်သည် ကောင်းကင်မှ ဆင်းသက်လာပြီး လင်းယုန်ခြေသည်းလင်းနို့၏ ခြေသည်းများဖြင့် အကာအကွယ်မဲ့နေသော အိမ်ရှေ့မင်းသား ယီပိုင်လျန်ကို ဆွဲမလိုက်တော့သည်။
ယီပိုင်လျန်မှာ ဖျားနာနေသည်မှာ ကြာပြီဖြစ်၍ အားအင်ချည့်နဲ့နေသူဖြစ်သည်။ ကျုံးရန်ကဲ့သို့သော ပုဂ္ဂိုလ်ကို မည်သို့မျှ ပြန်လည်မခုခံနိုင်ဘဲ သတ်ရန်ပြင်ထားသော သိုးငယ်တစ်ကောင်
ကဲ့သို့ အဖမ်းခံလိုက်ရတော့သည်။
ဘေးနားရှိ မှော်ဆရာနှစ်ဦးနှင့် ပုန်းအောင်းနေသော အရိပ်အစောင့်အရှောက်တို့မှာလည်း ကြောင်တောင်တောင် ဖြစ်သွားကြပြီး ကျုံးရန်၏ ဟိန်းဟောက်သံနှင့်အတူ သူတို့၏ အရှင်သခင် ပါသွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"မင်းတို့ရဲ့ မင်းသားကို ပြန်လိုချင်ရင်... လော့ရှမြို့စားစံအိမ်ကိုသွားပြီး ဟောက်ချင်
အိမ်ရှေ့မင်းသားကို တောင်းဆိုလိုက်ကြ"
ထိုသို့ပြောကာ ကြောက်လန့်တကြား အော်ဟစ်နေသော ဒါကျိုးအိမ်ရှေ့မင်းသားကို ခေါ်ဆောင်၍ ပျံသန်းထွက်ခွာသွားတော့သည်။
ဤရုတ်တရက် ဖြစ်ပျက်သွားသော အဖြစ်အပျက်ကြောင့် ရှိနေသူအားလုံး မှင်တက်သွားကြသည်။ သို့သော် ကျုံးရန် ပြောသွားသောစကားကို လူတိုင်း အထင်အရှား ကြားလိုက်ကြသည်။
ဟောက်ချင်အိမ်ရှေ့မင်းသားလား။
ချက်ချင်းပင် ဤနေရာ၌ မြင့်မြတ်သားရဲဆင့်ခေါ်ပညာရှင်တစ်ဦး အဘယ်ကြောင့် ပေါ်လာရတာလဲဆိုသည်ကို လူတိုင်း သဘောပေါက်သွားကြသည်။ အစောပိုင်းက ပြန်ပေးဆွဲမှုဖြစ်စေ လုပ်ကြံမှုဖြစ်စေ အားလုံးမှာ အမှောင်အိမ်ရှေ့မင်းသား၏ လက်ချက်ပင်။
ဘယ်လောက် ရက်စက်တဲ့ အမှောင်အိမ်ရှေ့မင်းသားလဲ။
အိမ်ရှေ့မင်းသား အဖမ်းခံလိုက်ရသဖြင့် အစောင့်များနှင့် မှော်ဆရာများသည် ရင့်မှည့်တော့မည့် ဂျင်ဆင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်ယံတွင် အမည်းစက်လေးအဖြစ် ပြောင်းလဲသွားသော ကျုံးရန်နောက်သို့ လော့ရှမြို့ဘက်ဆီသို့ အပြေးအလွှား လိုက်ပါသွားကြတော့သည်။ ချန်လျန်လျန်သည် ယီပိုင်မင်းကို တစ်ချက်ကြည့်လိုက်ပြီး ယီပိုင်လျန်၏ သနားစဖွယ် အခြေအနေကို တွေးကာ အံကြိတ်ပြီး ထိုနေရာမှာပင် ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။