အခန်း (၂၄၃-၂၄၄)
Vol. 16 Ch. 243-244
အခန်း ၂၄၃ ။ လူ့သဘာဝဆိုတာ အဲဒီလိုပါပဲ
ယင်းဖုန်း မိဖုရားခေါင်ကြီးကို ဘယ်လိုခေါ်ထုတ်သွားလဲဆိုတာ နဉ်ရှောင်ယောင်း ကြည့်ချင်ပေမယ့် လိုကျစ်ကွေ့က အတင်းဖက်ထားပြီး "မလှုပ်နဲ့" လို့ ပြောနေရသည်။
"နာတယ်" နဉ်ရှောင်ယောင်း ညည်းတွားလိုက်သည်။ မိဖုရားခေါင်ကြီး လက်ချက်နဲ့မသေဘဲ လိုကျစ်ကွေ့ လက်ချက်နဲ့ သေရတော့မယ်။
လိုကျစ်ကွေ့ လက်ကို လျှော့ပေးလိုက်ပေမယ့် "မလှုပ်နဲ့၊ မလှုပ်နဲ့" လို့ ဆက်ပြောနေဆဲပင်။
နဉ်ရှောင်ယောင်း ငြိမ်နေလိုက်ရသည်။
အိပ်ဆောင်ထဲရောက်တော့ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ကုတင်ပေါ် ဖြည်းဖြည်းချင်း ချပေးလိုက်သည်။ မျက်နှာကိုစိုက်ကြည့်နေပြီးမှ လည်ပင်းက ဒဏ်ရာကို ကြည့်လိုက်သည်။
"ကျွန်မ ဘာမှမဖြစ်ပါဘူး။"
နဉ်ရှောင်ယောင်း လှည့်အိပ်ဖို့ ပြင်လိုက်သည်။
"မလှုပ်နဲ့။ ကြည့်ပါရစေဦး။"
လိုကျစ်ကွေ့ တားလိုက်သည်။
ဒဏ်ရာက ကျက်လုနီးပါး ဖြစ်နေပြီ။ သွေးခဲတွေ ကပ်နေပေမယ့် အန္တရာယ် မရှိတော့ဘူး။ လိုကျစ်ကွေ့ အသက်ရှူငြိမ်သွားပြီး အချိန်အတော်ကြာမှ မေးလိုက်သည်။
"နာလား။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ နာတယ်လို့ပြောလိုက်ရင် ငိုတော့မယ့်ရုပ် ပေါက်နေသည်။ ဒါကြောင့် ခေါင်းခါပြီး ပြောလိုက်သည်။
"မနာပါဘူး။"
"မိန်းမယုတ်!"
လိုကျစ်ကွေ့ ဆဲလိုက်သည်။
နဉ်ရှောင်ယောင်းလည်း ဆဲချင်နေတာ။ ဒီလောက်ထိ ရက်စက်ရလား။
လိုကျစ်ကွေ့ ဒဏ်ရာကို ပွတ်သပ်ကြည့်လိုက်သည်။ အရေပြားက အကုန်ပြန်မကောင်းသေးဘဲ အသားနီရဲနေတာမြင်ရတော့ ရင်ထဲနာကျင်သွားသည်။ ကိုယ်တိုင် အသားလွှာခံရတုန်းကထက် ပိုနာကျင်ရသည်။
"ပြီးသွားပါပြီ။ မငိုပါနဲ့။ ကျွန်မ တကယ် ဘာမှမဖြစ်ပါဘူး။"
နဉ်ရှောင်ယောင်း ဒဏ်ရာကို ပွတ်သပ်ပြလိုက်သည်။
"ကျွန်တော် မငိုပါဘူး!"
လိုကျစ်ကွေ့ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း လန့်သွားသည်။
"ကောင်းပြီလေ။ ရှင်က ယောကျာ်းဆိုတော့ မငိုသင့်ပါဘူး။ ကျွန်မပဲ ငိုပေးပါ့မယ်။ အသက်ရှင်နေသေးလို့ ဝမ်းသာလွန်းလို့ ငိုတာပါ။ ဟီး... ဟီး..."
လိုကျစ်ကွေ့ သက်ပြင်းချလိုက်သည်။
"မျက်ရည်မထွက်ဘဲနဲ့ ငိုတယ် ခေါ်မလား။"
"ကျွန်မက ထူးခြားတယ်လေ။ မွေးကတည်းက မျက်ရည်မရှိဘူး။"
နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။
"ယောကျာ်းမဟုတ်ပေမယ့် သွေးထွက်ရင် မျက်ရည်မကျဘူး။"
နဉ်ရှောင်ယောင်း ပေါက်ကရတွေပြောနေတာကြားရတော့မှ လိုကျစ်ကွေ့ စိတ်သက်သာရာရသွားသည်။
"အခု ဘယ်လိုဆက်လုပ်မလဲ။ ကျွန်မက သေချင်ယောင်ဆောင်နေပြီး ရှင်က အရှေ့ထွက်ရှင်းမှာလား။"
"မင်း အနားယူလိုက်ပါ။ ကျန်တာ ကျွန်တော့်တာဝန်ထား။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"မိဖုရားခေါင်ကြီးကို နန်းတော်ထဲမှာပဲ ဆက်ထားမလို့လား။"
မိဖုရားခေါင်ကြီးအကြောင်း ကြားလိုက်ရတော့ လိုကျစ်ကွေ့ မျက်နှာပျက်သွားသည်။
"စိတ်မဆိုးပါနဲ့တော့။"
နဉ်ရှောင်ယောင်း ချော့လိုက်သည်။
"နန်းတော်ထဲမှာပဲ ထားလိုက်ပါ။ မင်း ဒုက္ခရောက်နေတုန်း အပြင်ထုတ်လိုက်ရင် မကောင်းဘူး။"
"အင်း... ကောင်းပြီ။"
"နန်းတော်ထဲမှာ လုပ်ကြံသူ ရှာဖွေရေးစမယ်။ မယ်တော်ကြီးနန်းဆောင်မှာ လုပ်ကြံသူကို မိအောင် ဖမ်းခိုင်းလိုက်မယ်။"
"ဘာ..."
နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။
"လုပ်ကြံသူ အတု ဖန်တီးမလို့လား။ ဘယ်သူ့ကို ခိုင်းမလို့လဲ။"
"မယ်တော်ကြီးနန်းဆောင်မှာ သိုင်းတတ်တဲ့ မိန်းမစိုးတွေရှိတယ်။ တစ်ယောက်ယောက်ကို လက်ညှိုးထိုးလိုက်ရုံပဲ။"
"မကောင်းပါဘူး။ သူတို့မှာ သက်သေရှိရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ မယ်တော်ကြီးနောက်လိုက်တိုင်း လူဆိုးလို့ ပြောလို့ရမလား။"
"သိုင်းတတ်တဲ့ မိန်းမစိုးနဲ့ အစေခံအကုန်လုံးကို ဖမ်းခိုင်းလိုက်မယ်။ သူတို့ကို ဒုက္ခမပေးပါဘူး။ မယ်တော်ကြီးရဲ့ လက်ရုံးတွေကို ဖြတ်တောက်လိုက်ရုံပါ။"
ဥပမာပေးတာမှန်း သိပေမယ့် နဉ်ရှောင်ယောင်း ကြောက်သွားသည်။
"မယ်တော်ကြီးကို အမုန်းဆုံးပဲလား။"
"ကျွန်တော် ကျိုးမျိုးရိုး မိန်းမယုတ်ကိုလည်း မမေ့ပါဘူး။"
လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။
"မိဖုရားခေါင်ကြီးက ကိုယ်ဝန်နဲ့လေ။ မယ်တော်ကြီးကိုပဲ ဒုက္ခပေးလိုက်ပါ။ မယ်တော်ကြီးက နဉ်ရှင်းအတွက် အသက်ရှင်နေဦးမှာပါ။"
လိုကျစ်ကွေ့ လက်ကို နဉ်ရှောင်ယောင်းခေါင်းပေါ် တင်ထားပြီး ဘာမှပြန်မပြောပေ။
"ရှင် ဘာပြောချင်လို့လဲ။"
"ကျွန်တော် သမားတော်တွေ ပြောတာ ကြားတယ်။ မိဖုရားခေါင်ကြီးရဲ့ကိုယ်ဝန်က အခြေအနေမကောင်းဘူးတဲ့။"
"ဘာမကောင်းရမှာလဲ။ အရမ်းဆိုးနေတာ။ ဒါပေမဲ့ အခု အဆင်ပြေသွားပြီ။ ကျွန်မ ကူညီလိုက်လို့ ကလေးလေး ဘာမှမဖြစ်တော့ဘူး။"
နဉ်ရှောင်ယောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
လိုကျစ်ကွေ့ တိတ်ဆိတ်နေသည်။
"ဘာလို့ စကားမပြောတာလဲ။"
"အဲဒီမိန်းမက မင်းကို သတ်ဖို့ကြိုးစားတာတောင် မင်းက သူ့ကလေးကို ကယ်ပေးလိုက်တာလား။"
လိုကျစ်ကွေ့ ပြုံးပြီး မေးလိုက်သည်။
"ဒါက ဇာတ်လမ်းလေ။ တကယ်မှ မဟုတ်တာ။"
"ငါတို့အတွက်က ဇာတ်လမ်းပေမယ့် မိဖုရားခေါင်ကြီးအတွက်က တကယ်လေ။"
နဉ်ရှောင်ယောင်း ခဏတာ တိတ်ဆိတ်သွားသည်။ ဒီဇာတ်လမ်းမကရင် မိဖုရားခေါင်ကြီး ဒီလောက်ရက်စက်မှန်း သိရမှာ မဟုတ်ဘူး။
"ကျွန်မတို့ ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရင် သူ ဒီလိုလုပ်မှာ မဟုတ်ပါဘူး။ သူက သူ့အစ်ကိုနဲ့ ရွှီဖေးယွီကို ကယ်တင်ချင်လို့ ကျွန်မကို သတ်တာပဲ ဖြစ်မယ်။"
"လူသတ်တာ လူသတ်တာပဲ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းပါးစပ်ကို ပိတ်လိုက်သည်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ကို ဖယ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ သေချာစဉ်းစားကြည့်ပြီးပြီ။ မိဖုရားခေါင်ကြီး ဘာလို့ ဒီလိုလုပ်ရလဲဆိုတာ။"
"မင်းက သူ့ဘက်က ပြောပေးချင်နေတုန်းလား။"
"အစ်ကိုနဲ့ ချစ်သူနဲ့ ယှဉ်လိုက်ရင် ကျွန်မက စွန့်ပစ်လို့ရတဲ့လူ ဖြစ်နေတာလေ။ ဒါကြောင့် သူက ကျွန်မကို သတ်ဖို့ ဆုံးဖြတ်လိုက်တာ။ ပြီးတော့ ပြန်လမ်းမရှိအောင် ရက်ရက်စက်စက် လုပ်လိုက်တာ။"
သွေးထွက်သံယိုဖြစ်ပြီးမှ နဉ်ရှောင်ယောင်း နားလည်သွားသည်။ လူသားတွေရဲ့ စိတ်နေသဘောထားက ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရသလိုပါပဲ။ အဖွဲ့ထဲမှာ မရှိမဖြစ်လိုအပ်သူနဲ့ စွန့်ပစ်လို့ရသူဆိုပြီး ခွဲခြားထားတတ်ကြတယ်။ မိဖုရားခေါင်ကြီးအတွက်တော့ ကျိုးကျွင်းချီနဲ့ ရွှီဖေးယွီက အရေးကြီးပြီး နဉ်ရှောင်ယောင်းကတော့ စွန့်ပစ်လို့ရတဲ့လူ ဖြစ်နေတာ။
"တကယ်လို့ ကျွန်မနဲ့ လိုနန် (လိုကျစ်ကွေ့တူ) နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင် ရှင် ဘယ်သူ့ကို ရွေးမလဲ။"
နဉ်ရှောင်ယောင်း မေးခွန်းထုတ်လိုက်သည်။
လိုကျစ်ကွေ့ ချက်ချင်း မဖြေနိုင်ပေ။
"တွေ့လား။ ဒါကြောင့် မိဖုရားခေါင်ကြီးကို စိတ်မဆိုးပါနဲ့။ လူ့သဘာဝဆိုတာ အဲဒီလိုပါပဲ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်နေသည်။
နဉ်ရှောင်ယောင်း အပေါ်ကိုမော့ကြည့်လိုက်သည်။ သကြားလုံးစားရင် ကောင်းမလား။ သွေးထွက်ထားတာဆိုတော့ အားဖြည့်ရမယ်။
လိုကျစ်ကွေ့ ကုတင်ပေါ် ထိုင်ချလိုက်ပြီး နဉ်ရှောင်ယောင်းကို ဖက်လိုက်သည်။
"အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး။"
"ကျွန်မနဲ့ လိုနန်လား။"
"အင်း... အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော် မင်းတို့နှစ်ယောက်လုံးကို ကာကွယ်ပေးမယ်။"
"ဟားဟား... ကျွန်မက ဥပမာပေးတာပါ။ ဘယ်သူက ကျွန်မကို ဒုက္ခပေးနိုင်မှာလဲ။"
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
"ဒါ နောက်ဆုံးအကြိမ်ပဲ။ ကျွန်တော် ကတိပေးတယ်။ နောက်တစ်ခါ ထပ်မဖြစ်စေရဘူး။"
လိုကျစ်ကွေ့ လေးလေးနက်နက် ပြောလိုက်သည်။
"အင်း... ကျွန်မ မှတ်ထားပါတယ်။ သုံးကြိမ်ပြည့်ပြီလေ။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ကျောကို ပုတ်ပေးလိုက်သည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ဒဏ်ရာကို နမ်းလိုက်သည်။
"ယားတယ်ဟ။ ကျွန်မကိုယ်မှာ သွေးတွေ ပေနေတယ်။ လွှတ်ပေးဦး။ အဝတ်အစား လဲလိုက်ဦးမယ်။"
"ရေချိုးလိုက်ပါလား။"
"အခန်းထဲမှာ ရေမရှိဘူး။ ဥယျာဉ်ထဲက ရေကန်ထဲ ဆင်းချိုးလိုက်မယ်။"
နေ့ခင်းကြောင်တောင် ရေကန်ထဲ ဆင်းချိုးမလို့လား။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို လွှတ်ပေးလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
"ဘယ်သူက ကျွန်မကို ချောင်းကြည့်မှာမို့လို့လဲ။"
နဉ်ရှောင်ယောင်း အံ့သြတကြီး မေးလိုက်သည်။
"ကျွန်တော် ရေသွားခပ်ပေးမယ်။"
လိုကျစ်ကွေ့ ထွက်သွားရန် ပြင်လိုက်သည်။
"နေပါဦး။ မယ်တော်ကြီးက သူ့အပေါ် အပြစ်ပုံချမယ်ဆိုတာ ကြိုမသိဘူးလား။"
"မယ်တော်ကြီးက မိဖုရားခေါင်ကြီးကို ဒဏ်ရာရအောင်လုပ်ဖို့ပဲ ခိုင်းတာ။ သတ်ဖို့ မခိုင်းဘူး။"
"ဒါဆိုရင်..."
"မယ်တော်ကြီးပေးတဲ့ အဆိပ်က ချက်ချင်းသေစေတဲ့ အဆိပ်မျိုး မဟုတ်ဘူး။ မိဖုရားခေါင်ကြီး လွတ်မြောက်ဖို့ အချိန်ရအောင်လို့လေ။"
"ဘာ..."
နဉ်ရှောင်ယောင်း အံ့သြသွားသည်။
"မကောင်းမှုအတူတူလုပ်ရင်း သံယောဇဉ် တွယ်သွားကြတာလား။"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၄၄ ။ ဒီကမ္ဘာကြီးမှာ မေတ္တာတရားတွေ ခေါင်းပါးလိုက်တာ
"ဒါဆို မယ်တော်ကြီးက ဒီနေ့ လုပ်ကြံခံရမယ်ဆိုတာကို ကြိုမတွေးမိဘူးပေါ့။"
လိုကျစ်ကွေ့ဆိုလိုသည်ကို နဉ်ရှောင်ယောင်း ချက်ချင်း နားလည်လိုက်သည်။ မယ်တော်ကြီးအတွက် ဖယောင်းတိုင်တစ်တိုင်လောက် ထွန်းထားပေးလိုက်ရမလား။ ထပ်ပြီး အနိုင်ကျင့်ခံရတော့မယ်။
"ဒီမှာ စောင့်နေ။"
လိုကျစ်ကွေ့ လှည့်ထွက်သွားသည်။
"ကျွန်မဘာသာ ရေခပ်ချိုးလိုက်လို့ ရပါတယ်။ စစ်သေနာပတိချုပ်... အလုပ်ရှိရင် သွားလုပ်လိုက်ပါ။ မယ်တော်ကြီးကို သွားနှိပ်စက်လိုက်ဦး။ ကောင်းကောင်း နှိပ်စက်နော်။"
"ကျွန်တော် မင်းအတွက် တစ်ခုခုလုပ်ပေးချင်လို့ပါ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ခေါင်းကို ပုတ်လိုက်ပြီး ထွက်သွားသည်။
နဉ်ရှောင်ယောင်း... ရေသွားခပ်တာထက် သကြားလုံးတစ်ထုပ်လောက် သွားဝယ်ပေးတာ ပိုကောင်းမယ်။
အပြင်ခန်းတွင် စောင့်နေသော သမားတော်ကောသည် လိုကျစ်ကွေ့ သွေးများပေကျံလျက် ထွက်လာသည်ကို မြင်သောအခါ အမြန်ပြေးသွားပြီး မေးလိုက်သည်။
"အရှင်မင်းကြီး ဘယ်လိုနေလဲ။"
"အရှင်မင်းကြီးကို သွားကြည့်လိုက်ပါ။"
လိုကျစ်ကွေ့ စကားတစ်ခွန်းသာပြောပြီး ထွက်သွားသည်။
သမားတော်ကော အတွင်းခန်းထဲသို့ အပြေးဝင်သွားသည်။ အရှင်မင်းကြီးက ဆေးပညာတော်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုသလို့ မရနိုင်ဘူးလေ။
နဉ်ရှောင်ယောင်းသည် သမားတော်ကော ဝင်လာသည်ကိုမြင်သောအခါ ကုတင်ပေါ်မှ လက်ပြနှုတ်ဆက်လိုက်သည်။
"ရှောင်ကော၊ ရောက်လာပြီလား။"
သမားတော်ကော ကုတင်ဘေးသို့ ရောက်လာပြီး အော်ဟစ်လိုက်ချင်သည်။ နှုတ်ဆက်နေရမယ့်အချိန်လား။ သို့သော် နဉ်ရှောင်ယောင်း၏မျက်နှာကို ကြည့်လိုက်သောအခါ သံသယဝင်သွားသည်။
"အရှင်မင်းကြီး အဆင်ပြေရဲ့လား။"
"ငါ ဘာမှမဖြစ်ပါဘူး။"
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
"လန့်သွားတာလား။"
သမားတော်ကော ကြောင်သွားပြီး အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်တာ!"
"ငါ့ကို ဒဏ်ရာအပြင်းအထန် ရစေချင်နေတာလား။"
"မဟုတ်ရပါဘူး။ ကျွန်တော်မျိုး ဘယ်လိုလုပ် အဲဒီလိုဆန္ဒရှိရမှာလဲ။"
"ဒါဆို ဘာသဘောလဲ။"
သမားတော်ကော နဉ်ရှောင်ယောင်းကိုယ်ပေါ်မှ သွေးများကို လက်ညှိုးထိုးပြလိုက်သည်။
"ဪ..."
နဉ်ရှောင်ယောင်း အင်္ကျီရင်ဘတ်ကြားထဲမှ သွေးအိတ်ကို ဆွဲထုတ်ပြီး ကုတင်ပေါ် ပစ်တင်လိုက်သည်။
"တွေ့လား။ သွေးအိတ်လေ။ ငါ့ကိုယ်ပေါ်က သွေးတွေက အတုတွေပါ။"
သွေးအိတ်ကို ဘာသားရေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ပါးလွှာပြီး အလွယ်တကူ ပေါက်ကွဲနိုင်တဲ့ပုံစံပဲ။ အိတ်က အကြည်မဟုတ်လို့ အထဲကသွေးက လူသွေး ဟုတ်မဟုတ်တော့ မသိဘူး။ သမားတော်ကော အကောင်းပကတိအတိုင်း ရှိနေတဲ့ သွေးအိတ်ကိုကြည့်ပြီး နဉ်ရှောင်ယောင်းကို ပြန်ကြည့်လိုက်သည်။ သွေးအိတ်တောင် မပေါက်ဘဲနဲ့ အရှင်မင်းကြီးကိုယ်ပေါ်က သွေးတွေက အတုတွေပါလို့ ပြောနေတာလား။ ကျွန်တော်မျိုးကို အရူးလုပ်နေတာလား။
"ငါ သွေးအိတ်နှစ်အိတ် ယူလာတာလေ။"
နဉ်ရှောင်ယောင်း ရှင်းပြလိုက်သည်။
"အရှင်မင်းကြီးရဲ့လည်ပင်းက ဒဏ်ရာက ရှိနေတုန်းပဲ။"
သမားတော်ကော မျက်နှာသေဖြင့် ပြောလိုက်သည်။ အရေပြားတောင် ပြန်မကောင်းသေးဘူး။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို မျက်စိကန်းနေတယ် ထင်နေတာလား။
"ဪ... အဲဒါလား။ မိဖုရားခေါင်ကြီးက ငါ့ကိုတွေ့တော့ ဝမ်းသာလွန်းလို့ ဖက်နမ်းရင်း ကိုက်မိသွားတာ။ ဟဲဟဲ... မိဖုရားခေါင်ကြီးက အကိုက်ကြမ်းသားပဲ။"
သမားတော်ကော... ဒီစကားကို ကိုယ့်ဘာသာကိုယ် ယုံလား။
"စိတ်လျှော့ပါ။"
နဉ်ရှောင်ယောင်း သမားတော်ကော၏ပခုံးကို မမီသဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။
"စစ်သေနာပတိချုပ် မင်းကို ပြောပြပြီးပြီမလား။"
သမားတော်ကော ခေါင်းညိတ်လိုက်သည်။
"ပြောပြပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီး သွေးသံရဲရဲဖြစ်နေမယ်လို့တော့ မပြောပါဘူး။"
"ဟုတ်တယ်။ မိဖုရားခေါင်ကြီး ဒီလောက်ရက်စက်မယ်လို့ ဘယ်သူထင်မှာလဲ။"
"အရှင်မင်းကြီး၊ လက်ကောက်ဝတ် စမ်းသပ်ခွင့်ပြုပါဦး။"
နဉ်ရှောင်ယောင်း သွေးသံရဲရဲ ဖြစ်နေတာကိုမြင်နေရတော့ သမားတော်ကော စိတ်မချနိုင်ပေ။
"ရပါတယ်။"
နဉ်ရှောင်ယောင်း လက်ကမ်းပေးလိုက်သည်။
သမားတော်ကော ဒူးထောက်ပြီး အာရုံစိုက် စမ်းသပ်လိုက်သည်။
"ရှောင်ကော၊ နောက်ပိုင်းကိစ္စတွေကို စစ်သေနာပတိချုပ် ပြောသလိုပဲ လုပ်လိုက်တော့။"
"အမိန့်တော်အတိုင်းပါ။"
"ရှောင်ကော၊ တခြားလူတွေ ငါ့အကြောင်းမေးရင် ငိုပြလိုက်။"
သမားတော်ကော တိတ်ဆိတ်သွားသည်။
"အရှင်မင်းကြီး၊ အမြဲတမ်း ငိုပြနေရမှာလား။"
"ဟင်... မငိုတတ်ဘူးလား။ ဒါဆို ဝမ်းနည်းပူဆွေးတဲ့ မျက်နှာထားလုပ်ပြလိုက်။"
နေကောင်းကျန်းမာနေတဲ့ လူတစ်ယောက်အတွက် ဘယ်လိုလုပ် ဝမ်းနည်းပူဆွေးတဲ့ မျက်နှာထား လုပ်ပြရမှာလဲ။
"ဒါက သရုပ်ဆောင်တတ်ဖို့ လိုတယ်။ ရှောင်ကော၊ မင်း တတ်လား။"
သမားတော်ကော ခေါင်းခါလိုက်သည်။ သူက သမားတော်လေ။ သရုပ်ဆောင်ဖို့ ဘာလိုလို့လဲ။
"ငါ သင်ပေးမယ်။"
နဉ်ရှောင်ယောင်း စိတ်ပါဝင်စားသွားသည်။
"သရုပ်ဆောင်တဲ့အခါ ဒီလိုတွေးလိုက်။ ငါ့မိန်းမကို သူများလုသွားပြီ။ ငါ့မိန်းမက ငါ့ကို မချစ်တော့ဘူး။ ဟိုကောင့်ကို ချစ်သွားပြီ။"
သမားတော်ကော "..."
"မရသေးရင် ဒီလိုတွေးလိုက်။ ငါ ပင်ပင်ပန်းပန်း မွေးမြူထားတဲ့ သမီးလေး၊ ငါ့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး၊ ယဉ်ကျေးသိမ်မွေ့တဲ့ သမီးလေးက ဟိုကောင့်နောက် လိုက်ပြေးသွားပြီ။"
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ သမီးမရှိပါဘူး။"
"အဲ... ဒါဆို မင်းသား သူများနောက် လိုက်ပြေးသွားတယ်ပေါ့။"
သမားတော်ကော တိတ်ဆိတ်သွားသည်။
"အဖေအသတ်ခံရတာ၊ မျိုးဖြုတ်သတ်ဖြတ်ခံရတာတွေကို တွေးခိုင်းရင် ရက်စက်လွန်းရာ ကျလိမ့်မယ်။"
နဉ်ရှောင်ယောင်း စာနာစွာ ပြောလိုက်သည်။
စောစောက ပြောတာတွေက မရက်စက်ဘူးလား။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး အာရုံစိုက်ပြီး စမ်းသပ်ပါရစေ။"
"မင်း မပြီးသေးဘူးလား။"
သမားတော်ကော ဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။ အရှင်မင်းကြီးနဲ့ စကားပြောရတာ ညှဉ်းဆဲခံနေရသလိုပဲ။
"အရှင်မင်းကြီး"
အတွင်းခန်းအပြင်ဘက်မှ ယင်းယွီ၏ အသံထွက်ပေါ်လာသည်။
"ငါ့အစား ပြန်ပြောပေးလိုက်။ စန်းယွီကို ဝင်လာခိုင်းလိုက်။"
နဉ်ရှောင်ယောင်း သမားတော်ကောကို ပြောလိုက်သည်။
"အရှင်မင်းကြီး စကားမပြောနိုင်ဘူးလား။"
"ငါ သေချင်ယောင်ဆောင်နေတာလေ။ အသံကျယ်ကျယ်ပြောလို့ သူလျှိုကြားသွားရင် ဘယ်လိုလုပ်မလဲ။ ရှောင်ကော၊ ထိုက်ဟွာနန်းဆောင်ထဲမှာ သူလျှိုမရှိဘူးလို့ အာမခံနိုင်လား။"
နဉ်ရှောင်ယောင်း သမားတော်ကောကို ငတုံးလို့ပြောနေသလို ကြည့်လိုက်သည်။
သမားတော်ကော ဘာမှမမြင်ရသလို ဟန်ဆောင်ပြီး တံခါးဘက် လှည့်အော်လိုက်သည်။
"ဝင်ခဲ့ပါ။"
ယင်းယွီက သမားတော်ကောအသံ ကြားလိုက်ရပြီး အရှင်မင်းကြီးအသံ မကြားရသဖြင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ တံခါးတွန်းဖွင့်ပြီး ပြေးဝင်လာသည်။
နဉ်ရှောင်ယောင်း ကုတင်ပေါ်ထိုင်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
စက္ကန့်ပိုင်းအတွင်း ယင်းယွီ ငရဲမှ ကောင်းကင်ဘုံသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
"စန်းယွီ။"
နဉ်ရှောင်ယောင်း တိုးတိုးလေး ခေါ်လိုက်သည်။
ယင်းယွီ ကုတင်နား ပြေးကပ်သွားသည်။ နဉ်ရှောင်ယောင်းကိုယ်ပေါ်မှ သွေးများကို မြင်လိုက်ရသောအခါ မျက်လုံးအိမ် ကျုံ့သွားပြီး အသံတုန်တုန်ဖြင့်ခေါ်လိုက်သည်။
"အရှင်မင်းကြီး"
"အတုတွေပါ။ အကုန်လုံး အတုတွေပါ။ ဒဏ်ရာကော၊ သွေးကော အတုတွေပါ။ စန်းယွီ မငိုနဲ့နော်။"
ယင်းယွီ မျက်ရည်ဝဲလာသဖြင့် မျက်လုံးကို ပွတ်သပ်လိုက်သည်။
"လာ... ထိုင်ပြီး စကားပြောရအောင်။"
ယင်းယွီ စိတ်လှုပ်ရှားနေသဖြင့် သခင်၊ ကျွန် ခွဲခြားဖို့ မေ့သွားပြီး ကုတင်ပေါ် ဝင်ထိုင်လိုက်သည်။
"အရှင်မင်းကြီး၊ တကယ် ဘာမှမဖြစ်ဘူးလား။"
"မဖြစ်ပါဘူး။ တကယ်ဖြစ်ရင် စစ်သေနာပတိချုပ်က အပြင်ထွက်သွားပါ့မလား။"
ယင်းယွီ နဉ်ရှောင်ယောင်း၏ လည်ပင်းဒဏ်ရာကို ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ စောစောက မိဖုရားခေါင်ကြီးရဲ့ ကလေးကို ကယ်ပေးခဲ့တယ်။ အဆိပ်လည်း နှစ်ခါဖြေခဲ့ရတယ်။ သွေးတိတ်အောင်၊ အသားပြန်တက်အောင် လုပ်ခဲ့ရတယ်။ စွမ်းအင်တွေ အများကြီး သုံးလိုက်ရလို့ အခုအားကုန်နေပြီ။ မဟုတ်ရင် အရေပြားပါ ပြန်ကောင်းအောင် လုပ်လိုက်မှာ။
"တကယ် ဘာမှမဖြစ်ဘူးလား။"
"ဒဏ်ရာသေးသေးလေးပါ။ တွေ့လား... အသားတောင် ပြန်တက်နေပြီ။"
နဉ်ရှောင်ယောင်း လည်ပင်းကို မော့ပြလိုက်သည်။
သမားတော်ကော နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ စောစောက ပြောတုန်းက ဒီလိုမဟုတ်ပါဘူး။
ဒဏ်ရာပြန်ကောင်းနေပြီ ဆိုပေမယ့် ယင်းယွီ စိတ်မကောင်း ဖြစ်နေတုန်းပဲ။ မျက်ရည်ဝဲနေပြီး အံကြိတ်ထားသည်။ မိဖုရားခေါင်ကြီးနန်းဆောင်ကိုသွားပြီး မိဖုရားခေါင်ကြီးကို သတ်ပစ်ချင်စိတ်ပေါက်နေသည်။
"မလုပ်ပါနဲ့။"
နဉ်ရှောင်ယောင်း ချော့လိုက်သည်။
"ကဲ... အရှင်မင်းကြီးအတွက် ပြုံးပြလိုက်ပါဦး။"
သမားတော်ကော ယင်းယွီကို ကြည့်လိုက်သည်။ ဒီအချိန်မှာ ပြုံးနိုင်ရင် သရဲပဲ ဖြစ်မယ်။
ယင်းယွီ မျက်ရည်သုတ်လိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးတို့က အရှင်မင်းကြီးကို လာကြည့်ခိုင်းလိုက်တာ။ စစ်သေနာပတိချုပ်က အရှင်မင်းကြီး ဘာမှမဖြစ်ဘူးလို့ပြောပေမယ့် ကျွန်တော်မျိုးတို့ စိတ်မချလို့ပါ။"
"အခု မြင်ပြီမလား။ ငါ တကယ် ဘာမှမဖြစ်ပါဘူး။"
နဉ်ရှောင်ယောင်း ခေါင်းခါပြလိုက်သည်။
"ဟုတ်ကဲ့။ ကျွန်တော်မျိုး အစ်ကိုကြီးတို့ကို သွားပြောပြလိုက်ပါမယ်။"
"အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ။"
"စစ်သေနာပတိချုပ်က နန်းတော်စောင့်တပ်တွေကိုခေါ်ပြီး လုပ်ကြံသူ ရှာခိုင်းထားပါတယ်။ စစ်လေ(ယင်းလေ)ကို လူခေါ်ပြီး မိဖုရားခေါင်ကြီးနန်းဆောင်ကို ဝိုင်းခိုင်းထားပါတယ်။"
"ဘာ..."
နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။
"မိဖုရားခေါင်ကြီးနန်းဆောင်ကို အရင်ဝိုင်းလိုက်တာလား။"
"မိဖုရားခေါင်ကြီးက နန်းဆောင်ပြန်ရောက်တော့ လမ်းမှာ အရှင်မင်းကြီး လုပ်ကြံခံရပြီး နတ်ရွာစံပြီလို့ အော်ဟစ်နေလို့လေ။"
"ပြီးတော့ရော။"
"အဘွားယာက တားမရလို့ မိဖုရားခေါင်ကြီးကို ရိုက်ပြီး သတိလစ်စေလိုက်ပါတယ်။"
ယင်းယွီ ဒေါသတကြီး ပြောလိုက်သည်။ အဘွားယာက လက်မရဲလိုက်တာ။
"ဘုရားရေ... မိဖုရားခေါင်ကြီးက ကိုယ်ဝန်နဲ့လေ။"
"အရှင်မင်းကြီး စိတ်မပူပါနဲ့။ မင်းသားလေး ဘာမှမဖြစ်ပါဘူး။ ကျွန်တော်မျိုးတို့ မင်းသားလေးကို ဘာမှမဖြစ်စေရပါဘူး။"
မိဖုရားခေါင်ကြီးက သေသင့်ပေမယ့် ဗိုက်ထဲက ကလေးက တော်ဝင်သွေးလေ။
နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်လိုက်သည်။ နဂါးအစောင့်တပ်သားတွေက ကလေးအဖေ ရွှီဖေးယွီဆိုတာ မသိကြသေးဘူး။
"မိန်းကလေး ဖြစ်နေရင်ရော။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အရှင်မင်းကြီးရဲ့ ပထမဆုံးသွေးသားပဲလေ။ ကျွန်တော်မျိုး အသက်ပေးပြီး ကာကွယ်ပါ့မယ်။"
နဉ်ရှောင်ယောင်း စကားဆက်မပြောနိုင်တော့ပေ။ နောက်ဆုံး အမှန်တရားပေါ်လာရင် စန်းယွီ ဘယ်လိုနေမလဲ မသိဘူး။
"မင်း အရှင်မင်းကြီးလက်ကို ဘယ်အချိန်ထိ ကိုင်ထားမှာလဲ။"
ယင်းယွီက သမားတော်ကောကို ဟောက်လိုက်သည်။
"ဆေးစွမ်းပြပြီလား။ မပြရင် ပြော။ ဟန်မဆောင်နဲ့။"
သမားတော်ကော... ငါ ဘာလုပ်မိလို့လဲ။
"မလုပ်ပါနဲ့။"
နဉ်ရှောင်ယောင်း ဝင်တားလိုက်သည်။
"ရှောင်ကောကို အပြစ်မတင်ပါနဲ့။ သူက အပြစ်ကင်းပါတယ်။ စစ်သေနာပတိချုပ် ဘာလုပ်သေးလဲ ပြောပြပါဦး။"
"စစ်သေနာပတိချုပ်က အစ်ကိုကြီးတို့ကိုခေါ်ပြီး မယ်တော်ကြီးနန်းဆောင်ကို သွားပါတယ်။ လုပ်ကြံသူက မယ်တော်ကြီးနန်းဆောင်မှာ ရှိတယ်တဲ့။"
"ဪ..."
နဉ်ရှောင်ယောင်း စိတ်သက်သာရာရသွားသည်။ လိုကျစ်ကွေ့က မိဖုရားခေါင်ကြီးနန်းဆောင်ကို သွားမသတ်လို့ တော်သေးတာပေါ့။
"စစ်သေနာပတိချုပ်က မယ်တော်ကြီးနန်းဆောင်ကို သွားတယ် ဟုတ်လား။ သူက မယ်တော်ကြီးကို သွားတွေ့တာလား။ သူက အပြင်အမတ်လေ။"
သမားတော်ကော ဝင်ပြောလိုက်သည်။
"လုပ်ကြံသူက အရေးကြီးလား၊ မယ်တော်ကြီးက အရေးကြီးလား။"
ယင်းယွီက သမားတော်ကောကို ပြန်မေးလိုက်သည်။
"မဟုတ်ဘူး။ စန်းယွီ... မင်း ဒီလိုမေးသင့်တာ။ ငါ့အသက်က အရေးကြီးလား၊ မယ်တော်ကြီးရဲ့ သိက္ခာက အရေးကြီးလား။"
နဉ်ရှောင်ယောင်း ဝင်ပြင်ပေးလိုက်သည်။
သမားတော်ကော... အရှင်မင်းကြီးရဲ့ အသက်က အရေးကြီးတာပေါ့။ ဒါပေမဲ့ သိက္ခာကျသွားရင် မယ်တော်ကြီး သေလိမ့်မယ်။ ရုတ်တရက် သမားတော်ကော သဘောပေါက်သွားသည်။ အရှင်မင်းကြီးက မိဖုရားခေါင်ကြီးနဲ့ပေါင်းပြီး မယ်တော်ကြီးရဲ့သိက္ခာကို ဖျက်ဆီးပြီး သေအောင်မောင်းထုတ်နေတာလား။ (အရှင်မင်းကြီးက အဲဒီလောက် ရက်စက်လို့လား။)
"ငါ သကြားလုံး စားချင်တယ်။"
နဉ်ရှောင်ယောင်း ယင်းယွီကို ပြောလိုက်သည်။
ယင်းယွီ အပြေးအလွှား သွားယူပေးသည်။ သကြားလုံးမကလို့ နဂါးသားစားချင်တယ်ဆိုရင်တောင် သွားရှာပေးမှာ။
သမားတော်ကော နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ ဒီအချိန်မှာတောင် သကြားလုံး စားချင်နေသေးတာလား။
"ငါ့သွေးခုန်နှုန်း ဘယ်လိုနေလဲ။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။ သမားတော်ကောက သူမကို လူဆိုးတစ်ယောက်လို ကြည့်နေသဖြင့် စိတ်တိုလာသည်။
"အရှင်မင်းကြီး ကျန်းမာပါတယ်။"
သမားတော်ကော ခေါင်းငုံ့ပြီး ဖြေလိုက်သည်။
"အင်း... ဆေးပညာ တော်သားပဲ။"
နဉ်ရှောင်ယောင်း ချီးကျူးလိုက်သည်။
"အရှင်မင်းကြီးက မယ်တော်ကြီးကို သတ်ချင်နေတာလား။"
သမားတော်ကော မေးလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ ခုလေးတင် ချီးကျူးလိုက်တာကို ချက်ချင်း စိတ်ဒုက္ခပေးနေပြီ။ ဒီကမ္ဘာကြီးမှာ မေတ္တာတရားတွေ ခေါင်းပါးလိုက်တာ။
***