← Chapters

နတ်ဆိုးတစ်ထောင်ဂူမှ အရှင်မ

Vol. 21 Ch. 202

နတ်ဆိုးတစ်ထောင်ဂူမှ အရှင်မ

Vol. 21 Ch. 202

လင်းကျန်းစီရင်စု

စစ်သူကြီးအို ချန်ချမ်ခွင်း ပြန်ရောက်လာသည်နှင့်အမျှ ဤနေရာတွင် သိသာထင်ရှားသော နတ်ဆိုးဘေးအန္တရာယ်များကို ရှာဖွေတွေ့ရှိရန် ခက်ခဲသွားပြီ ဖြစ်သဖြင့် ရှန်းယီ ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ပေ။

ညစာစားပြီး နောက်ထပ်တစ်ည အိပ်စက်အနားယူပြီးနောက် သူ ထွက်ခွာရန် စတင် စဉ်းစားထားလေပြီ။

"ရှင် ဘယ်သွားဖို့ စီစဉ်ထားလဲ"

လင်းပိုင်ဝေ့သည် စီရင်စုအတွင်း ဖြစ်ပျက်ခဲ့သော မကြာသေးမီက ဖြစ်ရပ်များကို ကြားသိထားပြီးဖြစ်ရာ သူ့အား ရုတ်တရက် မျှော်လင့်ချက်ဖြင့် ကြည့်လိုက်၏။

"တကယ်တော့ ကျွန်မက နတ်ဆိုးရှာဖွေရာမှာ တော်တော်လေး ကောင်းပါတယ်"

သူမသည် အမြုတေဖွဲ့စည်းခြင်း အဆင့်တွင် အသုံးမဝင်နိုင်သော်လည်း ရှန်းယီသည် ကျောက်စိမ်းအဆင့် ကိုပင် ချမ်းသာပေးပုံ မရပေ။

ထိုအချိန်တွင် ကျန်းချိုလန်သည် စာတစ်စောင်ကို ကိုင်လျက် အခန်းထဲသို့ ဝင်လာလေ၏။

"စစ်သူကြီးချုပ်က ကျွန်မတို့ကို ပြန်လာစေချင်နေတယ်။ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်လို့ ပြောတယ်"

စစ်သူကြီးချုပ် အရေးကြီးကိစ္စ ဟုတ်လား။

ရှန်းယီ မျက်လုံးအနည်းငယ် ပင့်လိုက်ပြီး အခြေအနေကို ခန့်မှန်းကြည့်လိုက်၏။

ပြီးခဲ့သည့်အကြိမ်တွင် သူသည် နတ်ဆိုးဘုရင်လေး၏ သွေးအဆီအနှစ်အား အလကား ပေးလိုက်ပြီး သိုင်းဘုံကျောင်းနှင့် ဆက်သွယ်ခဲ့လေ၏။

ယခု ရက်ပေါင်းများစွာ ကြာပြီးနောက် ရလဒ်ထွက်ပေါ်လာသင့်လေပြီ။

"သတင်းဆိုးတော့ မဖြစ်လောက်ဘူး"

ကျန်းချိုလန် ထိုစာကို တစ်ခေါက် ဖတ်ပြီးဖြစ်ရာ စာကြောင်းများကြားတွင် နွေးထွေးမှုတစ်စုံတစ်ရာ စိမ့်ဝင်နေသည်ကို တွေ့ရသည်။ ချင်ပြည်နယ်တွင် တပ်စွဲထားသော ထိုသိုင်းဝိဇ္ဇာသည် ထိုကဲ့သို့သော သဘောထားမျိုးကို ပြသခဲလှပေသည်။

လင်းပိုင်ဝေ့သည် သူတို့နှစ်ဦး မည်သည့်အကြောင်း ပြောနေသည်ကို နားမလည်သော်လည်း သူမ ပါဝင်ပတ်သက်၍ မရနိုင်သော ကိစ္စဖြစ်ကြောင်း သိရှိသဖြင့် ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်‌၏။

"သွားကြစို့"

ရှန်းယီ မတ်တပ်ရပ်လိုက်ပြီး မိန်းမပျိုလေးကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။

သူလည်း စစ်သူကြီးချုပမနှင့် တစ်စုံတစ်ခု ဆွေးနွေးလိုနေပေသည်။

ဤကာလအတွင်း နေ့စဉ်နေ့တိုင်း နတ်ဆိုးအသေးစားလေးများနှင့်သာ ဆက်ဆံနေရခြင်းက ကြီးမားသောရိတ်သိမ်းမှုများနှင့် ကျင့်သားရနေသော ရှန်းယီကို အနည်းငယ် နေသားမကျ ဖြစ်စေခဲ့၏။

တူညီသော အားစိုက်ထုတ်မှုဖြင့် လက်သီးတစ်ချက် ထိုးနှက်လိုက်လျှင် အချို့က နတ်ဆိုးသက်တမ်း နှစ်ထောင်ချီ ရရှိသော်လည်း အချို့မှာမူ ဆယ်စုနှစ်အနည်းငယ်မျှသာ ရရှိတတ်ပေသည်။

မဟာလနတ်ဆိုးဘုရင်သည် စစ်သူကြီးချုပ်အား အမြဲတစေသတိအနေအထားဖြင့် ရှိနေစေနိုင်သည် ဆိုပါက စစ်သူကြီးချုပ် ချင်ပြည်နယ်မှ ထွက်ခွာသွားချိန်တွင် မဟာလနတ်ဆိုးဘက်မှလည်း အနည်းငယ် တုံ့ပြန်လာသင့်ပေသည်။

အကယ်၍ တစ်ဖက်လူက စွန့်စားရဲလျှင်... သူ၏ တာအိုသန္ဓေသားသည် ကိုယ်တွင်းအမြုတေအား ခွဲခြမ်းရန် ဆံခြည်တစ်မျှင်စာသာ လိုတော့ပြီး အာဟာရဖြည့်တင်းရန် နတ်ဆိုးအမြုတေများကို အသည်းအသန် လိုအပ်နေ၏။

သူ၏ လက်ရှိ အင်အားဖြင့် မဟာလနတ်ဆိုးအား သတ်ဖြတ်နိုင်ခြင်း မရှိကောင်းမရှိနိုင်သော်လည်း ၎င်း၏လက်အောက်ရှိ အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးများကမူ ရှန်းယီကို အလွန်အမင်းမက်မောစေလေ၏။

"ကောင်းပါပြီ"

လင်းပိုင်ဝေ့လည်း မတ်တပ်ရပ်လိုက်၏။ သူမ ဘာမှ ထပ်မမေးတော့ဘဲ အိမ်တော်အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးလိုက်သည်။

အဘိုးချန်နှင့်အတူ လင်းကျန်းစီရင်စုအထိ ခရီးရှည်ကြီး လာခဲ့ရသော်လည်း ထမင်းတစ်နပ်စားပြီး ပေါ့ပါးသော စကားအနည်းငယ် ပြောဆိုကာ ရှန်းယီ ထွက်ခွာသွားသည်ကို ကြည့်နေရရုံသာ တတ်နိုင်ပေသည်။

သို့သော် သူမ မည်သည့် စိတ်ပျက်အားလျော့မှုကိုမျှ မပြသခဲ့ပေ။

ရှန်းယီတွင် ပိုမိုအရေးကြီးသော လုပ်စရာများ ရှိနေပြီး သူမတွင်လည်း သူမ၏ ကိုယ်ပိုင်အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်ပေသည်။

ချန်ချမ်ခွင်းသည် သူ၏ စီးတော်မြင်းကို ကျန်းချိုလန်အား ငှားရမ်းလိုက်လေ၏။

လင်းကျန်းစီရင်စု၏ လက်ရှိ အခြေအနေအရ ဤမြင်းကောင်းကို သူ မလိုအပ်တော့ဟု စစ်သူကြီးအိုက ခံစားမိသောကြောင့်ပင်။

သူတို့နှစ်ဦး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း။ သူ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လင်းပိုင်ဝေ့ကို ကြည့်လိုက်၏။

"စိတ်မပူပါနဲ့၊ နောက်တစ်ခါ သူ့ကိုတွေ့ရင် ငါ မင်းကို အကြောင်းကြားပေးပါ့မယ်"

...

ချင်ပြည်နယ် အပြင်ဘက်၊ နတ်ဆိုးဘုရင်၏ ဂူအတွင်း၌

အဖြူရောင်ဝတ်ဆင်ထားသော အခြွေအရံနှစ်ဦးသည် အပြင်ဘက်တွင် ရပ်နေကြပြီး တစ်ဦးမှာ ဓားကို ကိုင်ဆောင်ထားကာ အခြားတစ်ဦးမှာ ထီးကို ကိုင်ဆောင်ထားလေ၏။

သူတို့၏မျက်နှာများမှာ ဖြူဖွေးသန့်စင်ပြီး နာခံမှုရှိပုံ ပေါက်သော်လည်း သူတို့၏ အမူအရာများမှာ လစ်လျူရှုထားပုံရပြီး အသံများတွင် စိတ်ခံစားချက် ကင်းမဲ့နေ၏။

"ဒီနေရာက နတ်ဆိုးဘုရင်ဘယ်မှာလဲ"

ဂူအတွင်းမှ နတ်ဆိုးအရှင် ဆယ့်နှစ်ပါးလုံး ထွက်လာပြီး သူတို့ကို ကြိုဆိုကြလေသည်။

ဆင်နတ်ဆိုး ရှေ့ဆုံးမှလျှောက်လာပြီး ရိုသေစွာ လက်သီးဆုပ် အရိုအသေပြုလိုက်၏။

"ဘယ်က အရှင်သခင်များ လာရောက်လည်ပတ်တာပါလဲ ခင်ဗျာ"

ဓားကိုင်ဆောင်ထားသော အခြွေအရံက လစ်လျူရှုစွာ ကြည့်လိုက်၏။

"နတ်ဆိုးတစ်ထောင်ဂူ၊ သွေးပြောင်းလဲခြင်း နတ်ဆိုးဧကရာဇ် "

ထိုစကားကို ကြားလိုက်ရသောအခါ ဆင်နတ်ဆိုး၏ကြံ့ခိုင်ခိုင်မာသော ခန္ဓာကိုယ်သည် နေရာတွင်ပင် တောင့်ခဲသွားပြီး ကျောပြင်မှ ချွေးစေးများ စိမ့်ထွက်လာကာ နှလုံးသားထဲတွင် ခါးသီးသော ငိုကြွေးသံများဖြင့် ပြည့်နှက်သွားတော့၏။

မဟာချန်မင်းဆက်က လူတွေ ဘာလုပ်နေကြတာလဲ။ နတ်ဆိုးဧကရာဇ် တစ်ပါးကို ဒီလို ဝင်လာခွင့် ပေးထားကြတာလား။

နတ်ဆိုးများ၏ အမူအရာကို အကဲခတ်ပြီးနောက် ဓားကိုင်ဆောင်ထားသော အခြွေအရံက မထီမဲ့မြင် ပြုလိုက်၏။

"မြန်မြန်လုပ်၊ နင်တို့ရဲ့ နတ်ဆိုးဘုရင်ကို ထွက်လာခိုင်းလိုက်"

"နတ်ဆိုးဘုရင်က... နတ်ဆိုးဘုရင်က ဂူထဲမှာ မရှိပါဘူး"

နတ်ဆိုးများ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်ကြရာ သူတို့နောက်မှ ဗလာဖြစ်နေသော ဂူကို မြင်တွေ့လိုက်ရလေ၏။

"ကျေးဇူးပြုပြီး မလောကြပါနဲ့၊ ကျွန်တော်တို့ အခုပဲ နတ်ဆိုးဘုရင်ဆီ သွားပြီး သတင်းပို့လိုက်ပါ့မယ်"

သတင်းပို့ရမတဲ့လား၊ချေးတဲ့မှပဲ ခွေးနတ်ဆိုး ထွက်သွားပြီးကတည်းက မဟာလနတ်ဆိုးဘုရင်က ဂူကို ပြန်မလာတော့တာ။ သူ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူ သိမှာလဲ။

အခြွေအရံနှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြလေ၏။

အဝေးရှိ စမ်းချောင်းတစ်ခုဘေးတွင် အနက်ရောင် ဝတ်ရုံခြုံထားသော လူတစ်ဦးသည် ခေါင်းဆောင်းကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ရာ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခု ပေါ်လာလေ၏။

သူမ၏ ဆံနွယ်နက်များကို သပ်ရပ်သော ဆံထုံးအဖြစ် ထုံးဖွဲ့ထားပြီး မျက်နှာသွင်ပြင်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပကာ တင်းတင်းစေ့ထားသော နှုတ်ခမ်းနီများက သူမကို အမှန်တကယ် လှပပြီး ဖမ်းစားနိုင်စေသည်။

အနက်ရောင်ဝတ်ရုံအောက်ရှိ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ကျော့ရှင်းပြည့်ဖြိုးပြီး ဆွဲဆောင်မှုရှိသော အကွေးအကောက်များ ရှိလေသည်။

ဆံပင်များကြားတွင် ဝှက်ထားသော ဦးချိုငယ် နှစ်ချောင်းကြောင့်သာ မဟုတ်လျှင် သူမကို နတ်ဆိုးတစ်ကောင် ဖြစ်သည်ဟုပင် ထင်မှတ်ရမည် မဟုတ်ပေ။

သူမ၏ကျဉ်းမြောင်းသော မျက်ဝန်းအိမ် အနားသတ်များတွင် အနီရောင် သမ်းနေပြီး သူမ၏ လစ်လျူရှုထားသော အမူအရာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါင်းစပ်ထား၏။

"သူ ဘယ်မှာရှိလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ နှစ်နာရီအတွင်း ချင်ပြည်နယ်မှာ ပေါ်မလာဘူးဆိုရင် ငါ သူ့အသက်ကို ယူပစ်မယ်"

သူမ ခေါင်းဆောင်းကို ဖယ်ရှားလိုက်မှသာ နတ်ဆိုးအရှင်များအုပ်စု သူမ၏ အရှိန်အဝါကို ရုတ်တရက် အာရုံခံမိကြလေ၏။

သူမသည် နောက်ထပ် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပြီး သူမ၏ အရှိန်အဝါသည် မဟာလနတ်ဆိုးဘုရင်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ချွမ်

အခြေအရံဖြစ်သူက ဓားသွားတစ်ဝက်ကို ဆွဲထုတ်လိုက်ပြီး သူတို့ကို အေးစက်စွာ ကြည့်လိုက်၏။

မိမိတို့၏ ကန့်သတ်ချက်ကို နားမလည်သော တောသားနတ်ဆိုးအုပ်စုက အရှင်မအား တိုက်ရိုက် ကြည့်ရဲကြသည်လော။

"ကျွန်တော်တို့ နားလည်ပါပြီ"

နတ်ဆိုးများ အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး အလွန်အမင်း သိချင်စိတ် ပြင်းပြနေကြသော်လည်း ထပ်မံ မကြည့်ရဲကြတော့ပေ။

ထိုအမျိုးသမီး မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ခေါင်းဆောင်းကို ပြန်ဆောင်းလိုက်လေ၏။

သူမ၏ ခင်ပွန်းနှင့် လက်အောက်ငယ်သား တစ်စုသည် ဝူထုံတောင်မှ လူသတ်သမားနှင့် ရှုပ်ထွေးနေကြလေ၏။

သူမသည် ကြီးမားသော စွန့်စားမှုကို ရယူကာ မဟာချန်မင်းဆက်သို့ သီးသန့် လာရောက်ခဲ့ခြင်းပင်။

ဤမျက်နှာကို မှတ်မိသွားသည်နှင့် မရေမတွက်နိုင်သော လူများက သူမ၏ သတင်းအချက်အလက်အတွက် မသေမျိုးဂိုဏ်းမှ ဆုကြေးကို တောင်းဆိုချင်ကြလိမ့်မည်။

သို့သော် သူမ ဘယ်လိုလုပ် မလာဘဲ နေနိုင်မည်နည်း။

ထိုအရာက သူမ၏ တစ်ဦးတည်းသော သားပင်။

စီရင်စုတစ်ခုလုံး၏ အသက်များကို ယူဆောင်မှသာ သူမ၏ နှလုံးသားထဲမှ အမုန်းတရားကို ဖြေဖျောက်နိုင်ပေလိမ့်မည်။

ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် လျင်မြန်စွာ လုပ်ဆောင်ရမည်။

အမျိုးသမီးက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူမ၏ ပုံရိပ်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

အခြေအရံနှစ်ဦးလည်း နောက်မှ လိုက်ပါသွားကြသည်။

"ငါတို့ ဘယ်နေရာကို သွားရှာရမလဲ"

နတ်ဆိုးများ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြ၏။ အချိန်မည်မျှ ကြာသွားသည် မသိ၊ ဝံပုလွေအိုကြီး တစ်ကောင်သည် အဝေးမှ ဖြည်းညှင်းစွာ လျှောက်လာလေသည်။

မဟာလ နတ်ဆိုးဘုရင်သည် လက်ကို နောက်ပစ်ကာ လမ်းလျှောက်လာရင်း စောစောက သူ ပေးပို့ပေးခဲ့သော သွေးအဆီအနှစ်မှာ ယခုအခါ လုံးဝ ငြိမ်တတ်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရလေ၏။

သူက သက်ပြင်းချသံဖြင့် တောက်ခေါက်လိုက်၏။

"တကယ် ရက်စက်တာပဲ"

သူ ထိုခွေးအိုကြီးကို အတော်အတန် သန်မာသည်ဟု ထင်မှတ်ထားခဲ့ပြီး သူ့စိတ်ကို ထိန်းချုပ်ရန် သူ၏သွေးအဆီအနှစ်အား ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းခွင့်ပြုလောက်အောင် မိုက်မဲသည်ဟုလည်း တွေးထင်ထားခဲ့သည်။

ဤကိစ္စပြီးသွားလျှင် ရှေ့ပြေးတပ်သားအဖြစ် သိမ်းသွင်းလိုက်လျှင် မဆိုးဟု တွေးထားသော်လည်း ၎င်း ဤအတိုင်းသေဆုံးသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။

မဟာလနတ်ဆိုးဘုရင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

သူ့အား လက်အောက်ငယ်သားအိုကြီးဟု အချိန်တိုင်းခေါ်ဝေါ်ပြီး သူ့လိုအပ်ချက်အား အခွင့်ကောင်းယူကာ သူ့လက်အောက်ငယ်သားများ၏အသက်များကို အသုံးပြု၍ တရားမျှတသောတစ်ဦးချင်း ယှဉ်ပြိုင်ပွဲ ကစားနည်း တစ်မျိုးကို ကစားခဲ့သည့် နတ်ဆိုးဘုရင်လေး၏ အားနည်းချက်ကို မူလကတည်း သူဖမ်းဆုပ်မိထားခဲ့ခြင်း ဖြစ်ပေသည်။

ချင်ပြည်နယ်အားသိမ်းပိုက်နိုင်လျှင်ပင် သက်ရှိများကို ဝါးမျိုပြီး နတ်ဆိုးသွေးအဖြစ် ပြောင်းလဲပစ်သည့် ၎င်း၏ ထူးဆန်းသော နည်းလမ်းကြောင့် အသားကိုထားပါ၊ အခြားသူများအတွက် ဟင်းရည်တစ်စက်တောင် ချန်ထားခဲ့မည် မဟုတ်ပေ။

စီရင်စုတစ်ဆယ်နှစ်ခုလုံးကို ၎င်း ဝါးမျိုပြီးသွားသောအခါ ဤနေရာတွင် သူ ပြောဆိုပိုင်ခွင့် ရှိလာမည်ဟု မဟာလနတ်ဆိုးဘုရင် မထင်မြင်မိပေ။

ယခုအခါ သူ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်လေ၏။

နတ်ဆိုးနှိမ်နင်းရေးဌာနကို ဆန့်ကျင်မယ့် နတ်ဆိုးတစ်ထောင်ဂူ... ကျွတ် ကျွတ်။

သူတို့၏ သဘောထားကို ကြည့်ခြင်းအားဖြင့် အဆက်အသွယ် လုပ်ဖို့ စဉ်းစားစရာပင် လိုမည် မဟုတ်ပေ။

ဝံပုလွေအိုကြီး၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များ ပေါ်လာ၏။ ပထမဦးစွာ ချင်ပြည်နယ်ကို ဝါးမျိုမည်။

သူတို့ စတင် တိုက်ခိုက်ကြရင်းဖြင့် အပြန်အလှန် ပျက်စီးသွားကြလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့နောက် အခြေအနေပေါ် မူတည်၍ သူသည် ဤနတ်ဆိုးဘုရင်မနှင့် ကျန်းယွမ်ဟွာတို့ကို ဝါးမျိုပစ်လိုက်မည်။

ကောင်းကင်နှင့် သမုဒ္ဒရာသည် သူ လွတ်လပ်စွာ ကျင်လည်ကျက်စားရာ ဖြစ်လာပေလိမ့်မည်။

နောက်ထပ် နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ ကြာသောအခါ သူမဟာလနတ်ဆိုးဘုရင်ကို နတ်ဆိုးဧကရာဇ်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ကြရမည် ဖြစ်ပြီး နတ်ဆိုးတစ်ထောင်ဂူမှ သူ့ကို လေးစားသမှုဖြင့် ဖိတ်ခေါ်ကြရပေလိမ့်မည်။

"မင်းတို့အားလုံး ပြင်ဆင်ထားကြ။ ချင်ပြည်နယ် ဖရိုဖရဲ ဖြစ်သွားတဲ့အချိန် ကျူးကျော်ဝင်ရောက်ဖို့ အခွင့်အရေးကို အရယူကြရမယ်"

မဟာလနတ်ဆိုးဘုရင်သည် ပျင်းရိစွာ လက်ဝှေ့ယမ်းလိုက်ရာ မျက်လုံးထဲတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ဖြတ်သန်းသွားလေ၏။

ငါ့အသက်ကို လိုချင်တယ် ဟုတ်လား။ ငါ့မိန်းမ သေတုန်းကတောင် ငါ မျက်တောင်တစ်ချက် မခတ်ခဲ့ဘူး၊ဒါကို မင်းကသားတစ်ယောက် သေတာနဲ့ ဒီလောက်တောင် စိတ်ဆင်းရဲနေရတာလား။ မင်း တကယ်ပဲ ထိုက်တန်ရဲ့လား။

သူ ခေါင်းခါလိုက်ပြီး ချင်ပြည်နယ်ဘက်သို့ မနှေးမမြန်စွာဖြင့် လမ်းလျှောက်သွားလေတော့သည်။

All Chapters