အခန်း (၄၉၂)
Vol. 39 Ch. 492
အပိုင်း ၄၉၂
ချန်ကျဲ့မှ ပြောသည်။
“ဒါပေါ့။ ကျုပ်ချန်ကျိုစစ်က မှန်ကန်တဲ့လုပ်ရပ်ကိုပဲ လုပ်တယ်။ ကျုပ် ခင်ဗျားကို မေးချင်ပါတယ်၊ ကျုပ် ကျားဖြူခန်းမကိုတာဝန်ယူတဲ့ အချိန်ကာလအတွင်းမှာ ကျားဖြူခန်းမလက်အောက်က ဘယ်တစ်ယောက်ရဲ့ဘဝကများ အရင်ကထက် အခြေအနေပိုဆိုးရွားသွားတာ ရှိဖူးလို့လဲ ကျားဖြူခန်းမရဲ့ ဖိနှိပ်ခံရတဲ့လူ တစ်ယောက်တစ်လေများရှိခဲ့လို့လား
“ခင်ဗျားတို့အားလုံး ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်လိုက်စမ်းပါ။ သူတို့ရဲ့ဘဝတွေ အရင်ကထက် ပိုမကောင်းမွန်လာဘူးလား မိန်ဂိုဏ်းက ဘယ်လိုမျိုးဖြစ်ပြီး သာ့ချန်က ဘယ်လိုဖြစ်ပါတယ်ဆိုတာတွေ ကျုပ်မသိဘူး။ ကျုပ်သိတာက ဟန့်လူမျိုးပြည်သူတွေ ပိုကောင်းမွန်တဲ့ဘဝရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့လူ အဲဒီလူက ဘယ်သူဖြစ်ပါစေ အကူအညီဖြစ်တဲ့လူပဲ”
“အဲဒီတော့ ခင်ဗျားတို့အမြင်မှာ ကျုပ်က လူကောင်းလား လူဆိုးလား”
ထိုစကားအဆုံး၌ အမြွာညီအစ်မနှစ်ဦးနှင့် စွင်းထျဲချွေ့တို့သည် တိတ်ဆိတ်သွားကြ၏။ ထို့နောက် တစ်ပြိုင်နက်တည်း ပြောလာကြသည်။
“မင်းက ထူးဆန်းတဲ့လူပဲ”
ချန်ကျဲ့မှ ပြောသည်။
“ထူးဆန်းတယ်တဲ့လား ဘာကလဲ”
သုံးယောက်မှ ပြန်ဖြေသည်။
“ဘာလဲဆိုတာတော့ အတိအကျမသိဘူး။ ဒီတိုင်းထူးဆန်းနေတာ၊ လုံးဝကြီး ကောင်းနေတာမဟုတ်ဘူး။ ဒါပေမဲ့ ဆိုးနေတာလည်း မဟုတ်ဘူး။ မင်းမှာ ရပ်တည်ချက်မရှိသလို ခံစားရတယ်”
ချန်ကျဲ့မှ ပြောသည်။
“ကျုပ်က သာမန်ပြည်သူတွေရဲ့ဘဝကို စာနာတွေးတောပေးတတ်တယ်လို့ပဲ ထားလိုက်တာပေါ့။ ရှေးယခင်အချိန်တွေကတည်းက မင်းဧကရာဇ်တွေ တစ်ပါးပြီးတစ်ပါး ပြောင်းလဲစိုးစံခဲ့ကြတယ်။ ဒါပေမဲ့ အဆုံးသတ်ကျ ဘယ်ဧကရာဇ်တက်လာသည်ဖြစ်စေ၊ ဆင်းသွားသည်ဖြစ်စေ ပြည်သူတွေ ဒုက္ခခံစားနေရတာက ပြောင်းလဲမသွားဘူး”
“ကောင်းပြီ၊ အဲဒီအကြောင်းပြောတာ တော်လောက်ပြီ။ ကျုပ်တို့ အသစ်ပြန်လည်သိကျွမ်းကြတာပေါ့။ ကျုပ်နာမည်က ချန်ကျဲ့ပါ၊ ချန််ကျိုစစ်လို့် သိကြတယ်။ ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမအရှင်သခင်ပါ။ အမျိုးသမီးနှစ်ယောက်ရဲ့ အမည်ကို သိခွင့်ရှိမလား”
အနက်ရောင်ဝတ်အမျိုးသမီးမှ ပြောသည်။
“ဟန်ဟယ့်ပါ”
အဖြူရောင်ဝတ်အမျိုးသမီးမှ ပြောသည်။
“ဟန်လျန်ပါ”
“ကျုပ်က စွင်းထျဲချွေ့ပါ…”
“ကျုပ် ခင်ဗျားကို မမေးပါဘူး…”
ချန်ကျဲ့မှ မညှာမတာပြောလိုက်ရာ စွင်းထျဲချွေ့သည် သူတို့ကို စိုက်ကြည့်နေတော့သည်။
မင်းက မိန်းကလေးတွေကို ပရော်ပရည်လုပ်ဖို့ပဲ အာရုံစိုက်နေတော့မှာလား
ထို့နောက်တွင်တော့ ချန်ကျဲ့သည် အမျိုးသမီးနှစ်ဦးအကြောင်းကို အကြမ်းဖျင်း သိခွင့်ရခဲ့သည်။
အနက်ရောင်ဝတ်အမျိုးသမီးသည် ဟန်ဟယ့်ဟု အမည်ရပြီး အကြီးဖြစ်သည်။ အဖြူရောင်ဝတ်အမျိုးသမီးသည် ဟန်လျန်ဟုအမည်ရပြီး အငယ်ဖြစ်သည်။ ထိုနေ့က တောအုပ်ထဲတွင် လျိုစုန့်ကို လုပ်ကြံခဲ့သူမှာ ဟန်လျန် အငယ်မဖြစ်သည်။ ယီးဟုန်ဂေဟာကို စီမံခန့်ခွဲကာ လူမှုဆက်ဆံရေးများကို တာဝန််ယူထားသူသည် အစ်မဖြစ်သူ ဟန်ဟယ့်ဖြစ်သည်။
အစ်မဖြစ်သူသည် ပြတ်သားဝင့်ကြွား (extrovert)ဖြစ်ပြီး ညီမဖြစ်သူသည် တိတ်ဆိတ်အေးစက်သည် (introvert)။
အစ်မကြီးသည် လူမှုဆက်ဆံရေးကောင်းမွန်ပြီး အဖက်ဖက်မှ ဆွဲဆောင်မှုရှိသည်။ ညီမဖြစ်သူသည်တော့ ကျင့်ကြံရေးကိုသာ အာရုံစိုက်ထားတတ်ပြီး ရှက်ကြောက်တတ်သူမျိုးဖြစ်ကာ ပင်ကိုသဘာဝအလျောက် ချစ်ဖို့ကောင်းသူဖြစ်သည်။
ဤသုံးယောက်တွင် ရာထူးအမြင့်ဆုံးသူမှာ အစ်မဖြစ်သူ ဟန်ဟယ့်ဖြစ်သည်။
သူမသည် မိန်ဂိုဏ်း၏ ဓမ္မရာဇာကြီိးလေးပါးထဲမှ အမတငှက်ဟန်မြောင်ကျန်း၏ တိုက်ရိုက်တပည့်ဖြစ်သည်။ ညီမဖြစ်သူ ဟန်လျန်သည်လည်း ထို့အတူပင်။
စွင်းထျဲချွေ့သည်တော့ မျန့်ရွှေစီရင်စု မိန်ဂိုဏ်းခွဲ၏ ခေါင်းဆောင်ဖြစ်သည်။
ဟန်ဟယ့်နှင့် ဟန်လျန်သည် အထက်မှ စေလွှတ်လိုက်သည့် တမန်တော်များဖြစ်ကြပြီး ဓမ္မရာဇာကြီးလေးပါးထဲမှ အမတငှက်ဟန်မြောင်ကျန်း၏တပည့်ဟူသည့် အချက်တစ်ချက်တည်းဖြင့်ပင် ဂိုဏ်းခွဲခေါင်းဆောင်ရာထူးထက် အများကြီးပို၍ အဆင့်အတန်းမြင့်မားပေသည်။
(နဂါးနိုင်ဓားကျန်းဝူကျိမှာတော့ အစောင့်အရှောက်ကြီးလေးပါးလို့ ခေါ်တွင်တယ်၊ ရှဲ့ရွှင် (ရွှေခြင်္သေ့မင်း)၊ ရင်းထျန်းကျန့် (မျက်ခုံးဖြူသိမ်းငှက်မင်း)၊ ထိုက်ချိစီ (ခရမ်းရောင်နဂါးမင်း)၊ ကိုယ်ဖော့သိုင်းမှာဆရာတဆူဖြစ်တဲ့ လင်းနို့မင်း ဝေ့ရိရှောက် တို့ဖြစ်ပါတယ်)
(ဒီဝတ္ထုထဲမှာတော့ ပထမဆုံးပေါ်လာတဲ့ အစောင့်အရှောက်ကတော့ အမတငှက်ဟန်မြောင်ကျန်းပါ။ မူရင်းဝတ္ထုနဲ့တော့ ကွဲလွဲမှုတွေရှိပါတယ်။ အပြိုင်ကမ္ဘာဖြစ်နေလို့ပါ။)
ညီမဖြစ်သူ ဟန်လျန်သည် ပြောဆိုဆက်ဆံရေးတွင် မကျွမ်းကျင်ဘဲ စွင်းထျဲချွေ့သည် လက်အောက်ငယ်သားမျှဖြစ်သောကြောင့် လာမည့်ညှိနှိုင်းမှုကို အစ်မဖြစ်သူ ဟန်ဟယ့်မှ ဦးဆောင်ကိုင်တွယ်သည်။
သို့သော် ချန််ကျဲ့သည် ညီမဖြစ်သူ ဟန်လျန်ကို အတော်လေး သဘောကျမိသည်။
ဟန်လျန်သည် မိမိကိုယ်ကိုယ် အလွန်အကျွံ ကာကွယ်ထားဟန်ရသော်ငြား ရိုးသားဖြူစင်သည့်အငွေ့အသက်ရှိသည်။ အေးစက်သည့်ဟန်ပန်ရှိသော်ငြား အတွေ့အကြုံနည်းပါးပြီး စိတ်ယိမ်းယိုင်လွယ်ကူလိမ့်မည်။ အနည်းငယ် တုံးအသည့် ပင်ကိုဉာဉ်လေးလည်း ရှိလိမ့်မည်။
ပို၍ သဘောကျဖွယ်ကောင်းသည်မှာ သူမသည် အစ်မဖြစ်သူနှင့် တစ်ထပ်တည်း ဆင်တူနေခြင်းဖြစ်သည်။ ချန်ကျဲ့သည် ချောင်ဟုန်ယန်နှင့် အကြိမ်ရေမနည်း ဆုံတွေ့ဖူးသောကြောင့် သူမကို ကောင်းကောင်းသိသည်။ သို့သော် ဟန်လျန်၏ ဤသို့ကွဲပြားသည့် ချစ်စဖွယ်ပုံစံလေးသည် ချန်ကျဲ့အား မထိန်းချုပ်နိုင်စွာဖြင့် အကြိမ်နည်းနည်းမျှ ထပ်မံကြည့်ရှုမိစေသည်။
ဒုန်း ဒုန်း ဒုန်း…
ဟန်ဟယ့်သည် ချန်ကျဲ့ကိုကြည့်၍ စားပွဲကို ထုရိုက်လိုက်သည်။
“ဟေး နှာဘူးကောင် ကျွန်မညီမကို ကြည့်နေတာရပ်လိုက်တော့”
ထိုစကားတွင် ချန်ကျဲ့သည် အသိပြန်ဝင်သွားခဲ့သည်။ ဟန်လျန်သည် သူစိမ်းတစ်ယောက်နှင့် အကြမ်းဖက်နည်းမသုံးဘဲ မည်သို့မည်ပုံပြောဆိုဆက်ဆံရမည်ကို မသိလေရာ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်လေးများ နီမြန်းနေလေသည်။
ချန်ကျဲ့ အာရုံပြန်စုစည်းလိုက်ပြီး ပြောသည်။
“မိန်းကလေးအားဟယ့် မင်းအထင်လွဲနေပြီ။ ကျုပ်က ဒီတိုင်း မိန်းကလေးအားလျန်က အဲဒီနေ့က တောအုပ်ထဲက လုပ်ကြံသူနဲ့ အရမ်းကွာခြားနေတဲ့ပုံပေါ်တာကြောင့် အံ့ဩနေမိရုံပါ။ ကျုပ်မှာ မသင့်လျော်တော်တဲ့အတွေး မရှိပါဘူး”
“ဟမ့် ရှင် မဟုတ်တဲ့အတွေးတွေ မဝင်တာပဲကောင်းမယ်။ မဟုတ်လို့ကတော့ ကျွန်မ ရှင့်ကို အလွတ်မပေးဘူး”
ဟန်ဟယ့်သည် ချန်ကျဲ့ကို စူးစိုက်ကြည့်၏။ ထို့နောက် ဟန်လျန်ဘက်သို့ လှည့်သွားသည်။
“နင် ဒီလူကို ဘယ်တော့မှ တစ်ယောက်တည်းသွားမတွေ့ရဘူးနော် နားလည်ပြီလား”
“အာ– သိပါပြီ မမ”
ဟန်လျန်သည် အနည်းငယ်ထိတ်လန့်သွားလျက် ချက်ချင်းပြန်ဖြေသည်။
ချန်ကျဲ့မှ ပြောသည်။
“အင်း အားဟယ့် အားလျန်… အမြွာကြာပန်းနှစ်ပွင့်လို တကယ်ကောင်းတဲ့ နာမည်တစ်စုံပဲ”
ဟန်ဟယ့်မှ ပြန်ပြောသည်။
“ဟေး အရမ်းရင်းနှီးပြမနေနဲ့။ ကျွန်မတို့က အခု ရန်သူတွေပဲရှိသေးတယ်”
ချန်ကျဲ့မှ ပြောသည်။
“ဟက် မိန်းကလေးအားဟယ့်ပြောတာ မှန်ပါတယ်။ ကောင်းပြီ၊ ကျုပ်တို့ ကိုယ်ရေးကိုယ်တာအကြောင်းပြောတာ လုံလောက်ပြီ။ အလုပ်ကိစ္စအကြောင်း ပြောကြရအောင်”
ဟန်ဟယ့်မှ ပြောသည်။
“တကယ့်ကိုပဲ အရေးကြီးကိစ္စကို ဆွေးနွေးသင့်နေပြီ”
ထို့နောက် ဟန်ဟယ့်မှ မေးသည်။
“ချန်ကျိုစစ် ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းမယ် စီစဉ်ထားလဲ”
ချန်ကျဲ့မှ ပြောသည်။
“ကျုပ်တို့ကြားမှာ ပဋိပက္ခဖြစ်စရာအကြောင်း ဘာမှမရှိဘူးလေ။ အတိတ်က ရန်ငြိုးတွေကို ဒီတိုင်းချေဖျက်ပစ်လိုက်ရင် မကောင်းဘူးလား”
ဟန်ဟယ့်မှ ပြောသည်။
“အမ်း ကောင်းပြီလေ။ ဒါဆိုလည်း ဒီလိုပဲဆုံးဖြတ်လိုက်ကြတာပေါ့။ ကျွန်မတို့ကြားထဲက အတိတ်ရန်ငြိုးတွေအားလုံးကို ချေဖျက်လိုက်ကြမယ်။ အခု အားလုံးဖြေရှင်းပြီးသွားပြီဆိုတော့ ကျွန်မ ရှင်နဲ့ အပေးအယူတစ်ခုလုပ်ချင်တယ်”
“အပေးအယူ”
ချန်ကျဲ့အံ့အားသင့်သွားပြီး မျက်လုံးမှေးကျုံ့လိုက်သည်။
“ဘယ်လိုအပေးအယူလဲ”
ဟန်ဟယ့်မှ ပြောသည်။
“ရှင်မြင်တဲ့အတိုင်း ကျွန်မတို့မှာ မြို့ပြင်ကို ပို့ဆောင်ရမယ့် စစ်သုံးပစ္စည်းတစ်သုတ်ရှိတယ်”
ချန်ကျဲ့မှ ပြောသည်။
“အင်း အဲဒါဆိုလည်း ပို့လိုက်ပေါ့ မဟုတ်ဘူးလား”
ဟန်ဟယ့်မှ ပြောသည်။
“ကျွန်မတို့ ပို့လို့မရဘူး အရူးကောင်ရဲ့။ ကျွန်မတို့ရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအားလုံး အပိတ်ခံထားရတယ်။ မြို့ဂိတ်တံခါးတွေမှာလည်း စစ်ဆေးရေးနေရာတွေ လုပ်ထားတာမလို့ ပို့လို့မရဘူး”
“ပြီးတော့ အရေးအကြီးဆုံးအချက်က ပစ္စည်းတွေအပြင်ရောက်တာနဲ့ မြောက်ပိုင်းဒေသကို ချက်ချင်းပို့ပေးဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ သင်္ဘောမရှိဘူး။ ပြီးတော့ ပို့ရမယ့်စစ်သုံးပစ္စည်းရဲ့ သုံးပုံနှစ်ပုံကလည်း လုပ်လို့မပြီးသေးဘူး။ ပြီးဖို့ ရက်နည်းနည်းလိုသေးတယ်”
ထိုအခါ ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်သည်။
“အဲဒီတော့ မင်းတို့က ကျုပ်ကို စစ်သုံးပစ္စည်းတွေကို မြို့အပြင်ပို့ပေးစေချင်တာပေါ့”
ဟန်ဟယ့်မှ အတည်ပြုသည်။
“အမှန်ပဲ”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက အရမ်းအန္တရာယ်များလွန်းတယ်။ မိန်ဂိုဏ်းကိုကူညီပြီး စစ်သုံးပစ္စည်းပို့ပေးလို့ မိသွားခဲ့ရင် မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ရန်ကြံစည်မှုအဖြစ် သတ်မှတ်ခံရလိမ့်မယ်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ကျုပ်ကိုသုတ်သင်နှိမ်နင်းဖို့ သေချာပေါက်အားကုန်သုံးလိမ့်မယ်”
“အထူးသဖြင့် အခုက တော်ဝင်နန်းတော်ကနေ စိစစ်ရေးတမန်တော်တွေ စေလွှတ်နေတဲ့အချိန်မလို့ အရမ်းဖိအားများလွန်းတဲ့အချိန်ပဲ။ ခြေလှမ်းတစ်လှမ်းမှားသွားတာနဲ့ အရာအားလုံးဆုံးရှုံးလိုက်ရလိမ့်မယ်။ ကျုပ်ရဲ့မိသားစုကိုပါ အန္တရာယ်ဖြစ်စေလိမ့်မယ်။ အရမ်းအန္တရာယ်များလွန်းတယ်”
ချန်ကျဲ့ အကျပ်ရိုက်နေခဲ့၏။ မိန်ဂိုဏ်းနှင့် ပူးပေါင်းခြင်းသည် ပုန်ကန်ရန်ကြံစည်မှုဖြစ်သည်။
ချန်ကျဲ့၏စကားတွင် ဟန်ဟယ့်သည် မျက်မှောင်ကြုတ်သွားလျက် ဟန်လျန်သည် သူမ၏အောက်နှုတ်ခမ်းကို ဖိကိုက်နေ၏။ စွင်းထျဲချွေ့သည်တော့ မျက်ခုံးနှစ်ခု ထိစပ်လုမတတ် တွန့်ချိုးနေခဲ့သည်။ လက်ရှိအချိန်တွင် သူတို့စဉ်းစားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ချန်ကျိုစစ်ဖြစ်သည်။
ချန်ကျိုစစ်သာ ကူညီဖို့ငြင်းလိုက်ရင် ငါတို့မှာ တကယ်ရွေးစရာမရှိတော့ဘူး။ အဲဒါဆို ပစ္စည်းပို့ဖို့ အစီအစဉ်ကို လက်လျှော့လိုက်ရတော့မှာလား
ဒါပေမဲ့ မြောက်ပိုင်းဒေသက စစ်သည်တွေကို ဘယ်လိုလုပ်မလဲ သူတို့ လက်နက်တွေ လိုအပ်နေတယ်လေ။
သုံးဦးစလုံး စိုးရိမ်ပူပန်စွာ တွေးတောနေကြစဉ် ချန်ကျဲ့မှ ရုတ်တရက် ပြောလာ၏။
“တကယ်တော့ ဒီကိစ္စက လုံးဝ လုပ်မရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့ ကျုပ်ကို တစ်ခုသဘောတူရမယ်”
ချန်ကျဲ့သည် ထိုသို့ပြောရင်းဖြင့် ဟန်ဟယ့်နှင့် ဟန်လျန်တို့နှစ်ဦးကို စူးစမ်းကြည့်လိုက်သည်။ ထို့နောက်တွင်မူ ဟန်လျန်ထံတွင် အကြည့်များရစ်ဝဲနေခဲ့၏။
ဟန်ဟယ့်သည် ချက်ချင်း သတိချပ်သွားလျက် ပြောသည်။
“ဘာလဲ ရှင် ကျွန်မညီမကိုဘာလုပ်ချင်နေတာလဲ”