အခန်း (၄၉၅)
Vol. 39 Ch. 495
အခန်း ၄၉၅
ချန်ကျဲ့မှ ပြောသည်။
“မင်းမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းကျမ်းတွေ အများကြီးရှိတာလား”
ဟန်ဟယ့်မှ ရယ်လျက် ပြန်ပြောသည်။
“ဟားဟား ကျွန်မရဲ့နောက်ခံက ဘာလဲဆိုတာ ရှင်သိရဲ့လား ကျွန်မက မိန်ဂိုဏ်းသားတစ်ယောက်၊ ကျွန်မရဲ့ဆရာက ဓမ္မရာဇာတစ်ပါးပဲ။ ကျွန်မမှာ တရားဝင်ရာထူးအဆင့်မရှိပေမဲ့ အစောင့်အရှောက်အဆင့်နဲ့ ညီတူညီမျှလောက် ဆက်ဆံခံရပါတယ်”
“ပြီးတော့ မိန်ဂိုဏ်းမှာ အစောင့်အရှောက်အဆင့်အနေနဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အောက် သိုင်းကျမ်းတွေအားလုံးကို ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက် ရွှေ့ပြောင်းယူဆောင်ပိုင်ခွင့်ရှိတယ်။ အခု ကျွန်မလက်ထဲမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကိုယ်ဖော့သိုင်းကျမ်း အနည်းဆုံး ၂၀လောက်ရှိတယ်။ ရှင် စိတ်ကြိုက်သင်ယူနိုင်တယ်”
“အဲဒီလောက်တောင်လား”
ချန်ကျဲ့ အံ့အားသင့်စွာ ပြောလိုက်သည်။ ထိုအခါ ဟန်ဟယ့်မှ ရယ်မောလျက် ပြန်ပြောသည်။
“ဘယ်လိုလဲ တပ်မက်ချင်စရာပဲ မဟုတ်လား ရှင် ဒီတိုင်း မိန်ဂိုဏ်းထဲကို ဝင်လိုက်ပါလား။ ရှင့်ကို အစောင့်အရှောက်ရာထူးပေးဖို့ ကျွန်မ ဆရာ့ကို ပြောပေးမယ်လေ”
ထိုအခါ ချန်ကျဲ့ ပြန်ပြောလိုက်သည်။
“နေပါစေဗျာ။ ကျုပ်က တခြားသူရဲ့ ထိန်းချုပ်ခံရတာကို မကြိုက်ဘူးဗျ”
ဟန်ဟယ့်မှ ပြောသည်။
“ဒါက တကယ်ကောင်းတဲ့ အခွင့်အရေးကြီးနော်။ ကျွန်မတို့မိန်ဂိုဏ်းက တော်ဝင်နန်းတော်နဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ရင်း စုဆောင်းမိထားတဲ့ သိုင်းကျမ်းတွေ မနည်းလှဘူး။ အဆင့်အတန်းတစ်ခုကို ရောက်တာနဲ့ အဲဒီသိုင်းကျမ်းတွေကို စိတ်တိုင်းကျ ယူဖတ်ခွင့်ရှိတယ်။ အသိအမှတ်ပြုလောက်တဲ့ အောင်မြင်မှုတွေရခဲ့ရင်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက် ဆေးလုံးတွေကို ဆုလာဘ်အဖြစ် ရနိုင်သေးတယ်။ အဲဒီအခါကျ သိုင်းပညာလမ်းကြောင်းက ဖြောင့်ဖြူးချောမွေ့သွားမှာပဲ။ ကျင့်ကြံဆင့်တက်လှမ်းဖို့ လိုအပ်တဲ့ဆေးလုံးတွေအတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး။ ဘယ်လိုလဲ”
ဟန်ဟယ့်သည် အတော်လေး ဖျောင်းဖျနိုင်စွမ်းရှိသည်ဟု ဆိုရပေမည်။
ချန်ကျဲ့ ခဏမျှတွေးတောလိုက်ပြီးနောက် ပြောသည်။
“အဲဒါကိုတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ခုနက မင်းကမ်းလှမ်းတဲ့ အပေးအယူကို လက်ခံတယ်။ မင်းတို့ရဲ့ သံထည်ပစ္စည်းတွေကို မျန့်ရွှေအပြင်ကို ရောက်အောင် ပို့ဆောင်ပေးမယ်။ မင်းတို့ဘက်က သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဆေးဖော်စပ်နည်းနဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းကျမ်းနှစ်ခု ပေးရမယ်”
ဟန်ဟယ့်မှ ပြောသည်။
“ကောင်းပြီ”
“ကတိ”
ချန်ကျဲ့နှင့် ဟန်ဟယ့်တို့နှစ်ဦးသည် လက်ချင်းရိုက်၍ နှုတ်ဆက်လိုက်ကြသည်။
လက်ဝါးသုံးချက်ရိုက်ခြင်းသည် လူကြီးလူကောင်းတို့၏ ကတိကို ကိုယ်စားပြုသည်။
သဘောတူညီချက်ယူပြီးနောက် ညှိနှိုင်းမှုပြီးဆုံးသွားလေပြီ။ ထိုအခိုက်အတန့်၌ ဟန်ဟယ့်သည် လက်ဆန့်ထုတ်လိုက်ရင်း ပြောသည်။
“အခု သွေးတန့်ဆေးကို ထုတ်ပေးနိုင်ပြီလား ကျွန်မ ညီမလေးကို ဆေးကုသဖို့လိုသေးတယ်”
ထိုအခါ ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။
“ဟားဟား မိန်းကလေးဟန်လျန်အတွက် လိုအပ်နေတာဆိုမှတော့ ကျုပ်က သေချာလေးပြင်ဆင်ပေးရမှာပေါ့။ ဒီမှာ ဒါက သက်တမ်း၁၀နှစ်ရှိတဲ့ သွေးတန့်ဆေးပဲ။ အတွင်းဒဏ်ရာတွေအတွက် အရမ်းကောင်းတယ်”
ချန်ကျဲ့သည် သူ၏ခန္ဓာကိုယ်ထက်မှ အဝတ်အိတ်တစ်အိတ်ကို ထုတ်ယူပြီး ဟန်ဟယ့်ကို ပစ်ပေးလိုက်သည်။
ဟန်ဟယ့်လည်း ဖမ်းယူလိုက်ပြီးနောက် ဖွင့်ကြည့်ပြီး အနံ့ခံကြည့်သည်။ ထို့နောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
ချန်ကျဲ့မှ မေးသည်။
“ဘယ်လိုလဲ ကျုပ် မင်းကို မလိမ်ဘူးမလား”
ဟန်ဟယ့်မှ ပြန်ပြောသည်။
“ကတိတည်ပေးတဲ့အတွက် အသိအမှတ်ပြုပါတယ်”
ချန်ကျဲ့မှ ပြောသည်။
“အင်း ကျုပ်ဘက်က ကတိတည်တယ်။ မိန်းကလေးဟန်ဟယ့်ကရော ကျုပ်ကို ကတိပေးထားတဲ့အရာကို သက်သေပြပေးနိုင်မလား”
ထိုအခါ ဟန်ဟယ့်မှ ပြောသည်။
“ကျွန်မကို မယုံဘူးလား”
ချန်ကျဲ့မှ ပြောသည်။
“မဟုတ်ပါဘူး။ ဒီတိုင်း သိချင်ရုံသက်သက်ပါပဲ”
ဟန်ဟယ့် စွင်းထျဲချွေ့ကို ကြည့်လိုက်သည်။
စွင်းထျဲချွေ့သည် ခေါင်းညိတ်လိုက်ပြီးနောက် ချန်ကျဲ့အား အခြားသီးသန့်ခြံဝင်းငယ်လေးများထဲသို့ ဖြတ်ခေါ်သွားသည်။ ထို့နောက် စက်ယန္တရားများစွာကိုလည်း ဖြတ်သန်းခဲ့ကာ နောက်ဆုံးတွင်တော့ အခန်းငယ်လေးတစ်ခန်းကို ဖွင့်လိုက်သည်။
ချန်ကျဲ့မှ ပြောသည်။
“ဒီမှာ လျှို့ဝှက်အခန်းတောင် ရှိနေတာပဲ”
ဟန်ဟယ့်မှ ပြန်ပြောသည်။
“ရှင်မသိတာတွေ အများကြီးရှိသေးတာပဲ။ ဒါက မျန့်ရွှေစီရင်စုရဲ့ မိန်ဂိုဏ်းခွဲပဲ။ ဘယ်လိုလုပ်ပြီး လျှို့ဝှက်အခန်းတစ်ခုတောင် မရှိဘဲနေပါ့မလဲ”
ထို့နောက် နှစ်ဦးသည် လျှို့ဝှက်အခန်းထဲသို့ ဝင်ခဲ့ကြသည်။ အခန်းထဲတွင် မြားခေါင်းများထည့်ထားသည့် သေတ္တာကြီးများစွာ ရှိသည်။
စစ်သုံးပစ္စည်းတွေပဲ။
ထို့နောက် စွင်းထျဲချွေ့သည် ချန်ကျဲ့အား စာအုပ်စင်တစ်ခုဆီသို့ ခေါ်သွားပြီး စာအုပ်များကို ညွှန်ပြလျက် ပြောသည်။
“ဒါတွေက မိန်ဂိုဏ်းရဲ့သိုင်းကျမ်းတွေပဲ။ ဒုတိယထပ်က သိုင်းကျမ်းစာအုပ်၂၀က စွင်းအင်ပြောင်းလဲခြင်းအဆင့် ကိုယ်ဖော့သိုင်းကျမ်းတွေပဲ။ မင်း ကြည့်ကြည့်လိုက်ပါဦး”
“ဆေးဖော်စပ်နည်းကတော့ မိန်းကလေးဟယ့်ဆီမှာပါ”
ဟန်ဟယ့်သည် သူမ၏အိတ်ထဲမှ သိုးသားရေတစ်ပိုင်းတစ်စကို ထုတ်ပြသည်။ ၎င်းသိုးသားရေထက်တွင် ဆေးအမည်များ တစ်သီတစ်တန်းရေးသားထား၏။ ထိပ်ဆုံးတွင်မူ အဆင့်တက်လှမ်းဆေးဟု ရေးထားသည်။
ချန်ကျဲ့သည် စစ်မှန်ကြောင်း သေချာစေရန်အတွက် နှစ်ကြိမ်တိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်တွင် ဟန်ဟယ့်သည် ချက်ချင်း ပြန်သိမ်းသွား၏။
“ဟားဟား ကတိအတိုင်းပဲ ပစ္စည်းတွေပို့ပြီးသွားတာနဲ့ ဒီဆေးဖော်စပ်နည်းက ရှင့်အပိုင်ဖြစ်သွားလိမ့်မယ်”
ဟန်ဟယ့်မှ ရယ်လျက် ပြောသည်။
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“မိန်းကလေးဟန်ဟယ့် မစိုးရိမ်ပါနဲ့။ ကျုပ် ချန်ကျိုစစ်က စကားမတည်တဲ့သူ မဟုတ်ပါဘူး။ ကျုပ် သိုင်းကျမ်းတွေကို ဖတ်ကြည့်လို့ရမလား”
ဟန်ဟယ့်မှ ပြောသည်။
“သိုင်းကျမ်းတွေလား တစ်ချက်ဖတ်ကြည့်လိုက်ပါ။ ဒီနေ့ယူသွားမယ်ဆိုလည်း ရတယ်။ ကျွန်မဘက်က စရံငွေပေးချေတာလို့ပဲ သတ်မှတ်လိုက်ပေါ့။ အတော်လေး စိတ်ရင်းမှန်တယ် ဟုတ်တယ်မလား”
ထိုအခါ ချန်ကျဲ့သည် မထိန်းချုပ်နိုင်စွာ စိတ်ထဲမှ တွေးမိ၏။
တကယ်ချမ်းသာတာပဲ။ သိုင်းကျမ်းရတနာသိုက်ကြီးတောင် အပိုင်ရှိတယ်။
ဤသည်မှာလည်း မထူးခြားပါချေ။ မိန်ဂိုဏ်းတွင် အလွန်ကောင်းမွန်သည့် စနစ်တစ်ခုရှိ၏။ ၎င်းမှာ သိုင်းကျမ်းအသစ်တစ်ခု သိမ်းဆည်းရရှိတိုင်း အုပ်ရေရာချီခန့် ကူးယူထားပြီး အဆင့်အတန်းအလိုက် ဖြန့်ဖြူးခွဲဝေပေးသည့် စနစ်ဖြစ်သည်။
ဥပမာဆိုရသော် အစောင့်အရှောက်ရာထူးအဆင့်ရှိသူတစ်ဦးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းကျမ်းများအားလုံးကို စိတ်တိုင်းကျ ဖတ်ခွင့်ရှိသည်။
၎င်းအထက် သိုင်းကျမ်းများကိုတော့ ဖတ်ခွင့်မရှိပေ။
ချန်ကျဲ့၏ကျင့်ကြံဆင့်အရ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းကျမ်းလေးတစ်စုံခန့်ဖြင့် သိသိသာသာ အင်အားတိုးတက်လာရန် မျှော်လင့်မရနိုင်ပေ။
ခြုံငုံလိုက်ပါက ချန်ကျဲ့တွင် နဂါးနိုင်လက်ဝါးသိုင်းရှိနေပြီးဖြစ်သည်။ သူ့တွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာ လျော့နည်းမနေပါချေ။
သို့ဖြစ်ရာ ဟန်ဟယ့်သည် သဘောထားကြီးစွာ ပြုမူလိုက်သည်။ သို့သော်ငြား ဆေးဖော်စပ်နည်းသည် ချန်ကျဲ့အတွက် မဖြစ်မနေ လိုအပ်၏။ ထို့ကြောင့် ဆေးဖော်စပ်နည်းကိုမူ ချက်ချင်း မပေးနိုင်သေးပေ။
ဟန်ဟယ့်၏ ရက်ရောသည့် အပြုအမူကို မြင်သောအခါ ချန်ကျဲ့သည် အလွန်ကျေနပ်သွားပြီး ပြောလိုက်သည်။
“မိန်ဂိုဏ်းရဲ့ထိပ်တန်းတပည့်ဖြစ်ဖို့ ထိုက်တန်တယ်။ အရမ်းကိုမှ ရက်ရောတာပဲဗျာ။ အဲဒါကိုတော့ အသိအမှတ်ပြုလိုက်ပါပြီ”
ထိုအခါ ဟန်ဟယ့်မှ ပြောသည်။
“မြန်မြန်ကြည့်ပြီး ဒီက မြန်မြန်ထွက်သွားတော့။ တော်ကြာ ရှင့်ရဲ့အပြင်မှာစောင့်နေတဲ့ညီနောင်က ရှင်ပြန်ထွက်လာတဲ့အထိ မစောင့်နိုင်ဘဲ စီရင်စုအုပ်ချုပ်ရေးမှူးကို သွားတင်ပြနေဦးမယ်”
ထိုအခါ ချန်ကျဲ့ ပြောလိုက်သည်။
“အင်း”
ထိုသို့ပြောလျက် ချန်ကျဲ့သည် တုံ့ဆိုင်းမနေဘဲ ကိုယ်ဖော့သိုင်းကျမ်း၂၃အုပ်ကို စတင်ဖတ်ရှုရွေးချယ်သည်။
လင်းယုန်ပျံခြေသိုင်းကျမ်း။
ပုစဉ်းဖမ်း၈ကွက်ခြေသိုင်းကျမ်း…
ချန်ကျဲ့သည် သိုင်းကျမ်းတစ်ခုချင်းစီကို ဖတ်ကြည့်နေခဲ့ရင်း သိုင်းကျမ်းတစ်ခုတွင် မျက်လုံးများ တောက်ပသွားခဲ့သည်။
လျှပ်စီးခြေသိုင်းကျမ်း။
လျှပ်စီးခြေသိုင်းတဲ့လား
ချန်ကျဲ့သည် ရပ်တန့်သွားပြီး ထိုခြေသိုင်းကျမ်းကို သေချာဖတ်ကြည့်သည်။ လျှပ်စီးခြေသိုင်းသည် အထက်ကောင်းကင်မှ မိုးကြိုးတိမ်ကဲ့သို့ အတွင်းအားစီးဆင်းမှုဖြင့် ကျင့်ကြံသူ၏အရှိန်နှုန်းကို မိုးကြိုးလျှပ်စီးအလား လျင်မြန်စေနိုင်သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းသိုင်း၏ ခံနိုင်ရည်နှင့် အင်အားသုံးစွဲမှု များလွန်းခြင်းဖြစ်သည်။
သာမန်အတွင်းအားနဲ့ဆို ဒီသိုင်းကို သုံးလို့ရမှာ မဟုတ်ဘူး။
ဟန်ဟယ့်သည် ချန်ကျဲ့လက်ထဲမှ လျှပ်စီးခြေသိုင်းကို ကြည့်၍ မှတ်ချက်ပြုသည်။
“အင်း အဲဒီကိုယ်ဖော့သိုင်းက မဆိုးပါဘူး။ အထူးသဖြင့် တိုက်ခိုက်နေစဉ်အတွင်းမှာ ပြိုင်ဘက်အနားကို ချက်ချင်းရောက်နိုင်တာကြောင့် ပြိုင်ဘက်ကို သတိလက်လွတ်ဖြစ်စေပြီး အငိုက်ဖမ်းနိုင်တယ်”
“ကံဆိုးစွာနဲ့ အားနည်းချက်က အရမ်းသိသာပါတယ်၊ အင်အားသုံးစွဲမှု များလွန်းတာပဲ။ ကိုယ်ဖော့သိုင်းတစ်ခုရဲ့ အင်အားသုံးစွဲနှုန်းက လက်ဝါးသိုင်းထက်တောင် များနေတယ်။ အဲဒါကြောင့် ဒီသိုင်းကို အချိန်ကြာကြာ ထိန်းထားလို့ မရနိုင်ဘူး။ အဲဒါကြောင့် ပြိုင်ဘက်ကို အငိုက်ဖမ်းတိုက်ခိုက်ဖို့အတွက်ပဲ အားကိုးရလိမ့်မယ်။ ဒီသိုင်းကို အချိန်ကြာကြာထိန်းပြီး အသုံးပြုနိုင်မယ့်နည်းလမ်းကို ရှာနိုင်ခဲ့ရင်တော့ ဒီလျှပ်စီးခြေသိုင်းက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထက် ပိုသာလွန်ပါလိမ့်မယ်”