← Chapters

အခန်း (၄၉၈)

Vol. 39 Ch. 498

အခန်း (၄၉၈)

Vol. 39 Ch. 498

အခန်း ၄၉၈

ချွေ့ကျူ၏အပြုအမူသည် အနည်းငယ် အရှက်သိက္ခာမဲ့သော်ငြား ဤသည်မှာလည်း အမျိုးသမီးတစ်ယောက်၏ ဝင့်ဝါမှုတစ်မျိုးဖြစ်နိုင်ပေသည်။

အမျိုးသမီးအားလုံးသည် ပြစ်မျိုးမှဲ့မထင်ဖြစ်ရန် လိုအပ်ပါ၏လော။ ထိုသို့သူတော်ကောင်းတရားမျိုးသည် တန်ဖိုးမရှိပါချေ။

အိမ်တော်သခင်မတစ်ဦးအနေဖြင့် စူးယွင်ကျင်းသည် စောင့်ထိန်းသည်းခံရသည်။

စူးယွင်ကျင်း၏ သဘောထားကြီးမှုသည် တစ်ခါတရံတွင် သူကိုယ်တိုင်ထက်ပင် ပို၍သာလွန်ကြောင်း ချန်ကျဲ့ ဝန်ခံရပေမည်။

ချန်ကျဲ့သည် ခေါက်ဆွဲစားနေရင်း ရှောင်ဟူကို မေးသည်။

“ရှောင်ဟူ ဒီရက်ပိုင်းအတွင်း မြို့ထဲမှာ မူမမှန်တာတစ်ခုခု သတိထားမိသေးလား”

ရှောင်ဟူသည် ကျားဖြူခန်းမ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူဖြစ်ရာ သူကိုယ်တိုင်လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်များစွာရှိသည်။ ထို့ကြောင့် ရှောင်ဟူသည် နေ့တိုင်းနီးပါး မြို့ထဲမြို့ပြင် သွားလာနေရတတ်သည်။ ရှောင်ဟူလည်း ခေါက်ဆွဲစားရင်း ပြန်ပြောသည်။

“သိပ်တော့မရှိပါဘူး။ မြို့ဂိတ်တံခါးက အစောင့်ရဲမက်တွေထဲမှာ လူသစ်တချို့ရောက်နေပြီး ခါတိုင်းထက် စစ်ဆေးတာ နည်းနည်းပိုတင်းကျပ်ရုံပါပဲ။ ယာဉ်အားလုံးကို သေချာစစ်ဆေးကြတယ်”

“ကျားဖြူခန်းမရဲ့လှည်းရော ငါးဖမ်းကုန်သည်အဖွဲ့လှည်းရော အကုန်လုံး ဘယ်သူ့ကိုမှ အလွတ်မပေးဘဲ စစ်ဆေးကြတယ်”

“ပြီးတော့ မြို့ပြင်မှာလည်း ကျွန်တော် ချီမုကောနဲ့ နှစ်ခါတောင်တွေ့ခဲ့သေးတယ်”

“ချီမုကော?”

ချန်ကျဲ့ အံ့ဩသွားပြီး ရှောင်ဟူကို လှည့်ကြည့်လိုက်သည်။ ချီမုကောသည် စီရင်စုအုပ်ချုပ်ရေးမှူး၏ အယုံကြည်ဆုံးသော လူယုံတော်ဖြစ်ရာ ချီမုကော၏လှုပ်ရှားမှုများသည် စီရင်စုအုပ်ချုပ်ရေးမှူး၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုပေသည်။

“ဟုတ်တယ်။ ကျွန်တော် သူ့ကို တောအုပ်အပြင်ဘက်မှာ တစ်ကြိမ်တွေ့ခဲ့သေးတယ်။ သံနက်မြင်းတပ်ကို လေ့ကျင့်ပေးနေတာလို့ထင်တာပဲ”

“သံနက်မြင်းတပ်”

ချန်ကျဲ့ မျက်လုံးမှေးကျုံ့လိုက်သည်။ အခြားအရာများကို ဂရုစိုက်နေချိန်တွင် သံနက်မြင်းတပ်ကိုလည်း လျစ်လျူရှုထား၍ မဖြစ်ချေ။

သံနက်မြင်းတပ်သည် စီရင်စုအုပ်ချုပ်ရေးမှူး အရန်သင့်ပြင်ဆင်ထားသည့် အင်အားတစ်ရပ်ဖြစ်ပြီး ချီမုကောထက်ပင် ပို၍ အတိမ်းအစောင်းမခံချေ။

သံနက်မြင်းစစ်သည်၅၀၀တွင် တစ်ဦးချင်းစီတိုင်းသည် အမှောင်စွမ်းအင်အဆင့်အထက်တွင် ရှိကြသည် တိုက်ပွဲအစီအရင်ကို ခင်းကျင်းလိုက်ပါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များသည်လည်း ၎င်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့် အထွတ်အထိပ်အဆင့်ဖြစ်သည့် နန်ပါးထျန်းပင်လျှင် သံနက်မြင်းစစ်သည်ငါးရာနှင့် ထိပ်တိုက်ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ပါချေ။

စီရင်စုအုပ်ချုပ်ရေးမှူးက ဘာလို့ ဒီအချိန်မှာ သံနက်မြင်းတပ်ကို လှုပ်ရှားခိုင်းရတာလဲ?

ချန်ကျဲ့ ရှောင်ဟူကို ကြည့်နေခဲ့သည်။ ရှောင်ဟူမှ ပြောသည်။

“အင်း အဲဒိနေ့က ကျွန်တော် အဲဒီစစ်တပ်ကို အရှေ့မြို့ဂိတ်မှာ တွေ့ခဲ့တာ။ နောက်တစ်ခေါက် တွေ့ခဲ့တာကတော့ တောင်မြို့လို့ ထင်တာပဲ။ သူတို့ရဲ့တည်နေရာက နေ့တိုင်းပြောင်းလဲနေတာဗျ”

ထိုအခါ ချန်ကျဲ့၏မျက်လုံးများ စူးရှလာခဲ့သည်။ နေ့တိုင်း တည်နေရာပြောင်းနေတယ်ဆိုတာက သူတို့တွေ မြို့ပြင်မှာ ကင်းလှည့်နေတယ်လို့ ဆိုလိုတာပဲ။

ကင်းလှည့်ဖို့အတွက် သံနက်မြင်းတပ်ကို လှုပ်ရှားစေတယ်တဲ့လား သူတို့ ဘာကို စောင့်ကြပ်နေကြတာလဲ

ချန်ကျဲ့ စဉ်းစားနေခဲ့သည်။ ထို့နောက် အဖြေတစ်ခုတည်းသာရှိကြောင်း နားလည်သွားခဲ့သည်။

သူတို့က မိန်ဂိုဏ်းကို စောင့်ကြပ်နေတာပဲ။ မိန်ဂိုဏ်းရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ အပိတ်ခံထားရတဲ့အချက်နဲ့ ပေါင်းလိုက်ရင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က သေချာတဲ့သတင်း ရထားတာကြောင့် မိန်ဂိုဏ်းက စစ်သုံးပစ္စည်းတွေ ပို့ဆောင်မှာကို အထူးတလည်စောင့်ဆိုင်းနေကြတာပဲ ဖြစ်နိုင်ခြေရှိတယ်။

ဒီကိစ္စက ဒုက္ခများရတော့မှာပဲ။

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ကိစ္စများသည် လုပ်ဆောင်ရခက်ခဲလိမ့်မည်။

စစ်သုံးပစ္စည်းတွေကို မြို့ပြင်ပို့ရမှာပေမဲ့ စစ်ဆေးခံရမှာကို ရှောင်လွှဲလို့ မရနိုင်ဘူး။ စစ်ဆေးရေးဂိတ်တွေနဲ့ သံနက်မြင်းတပ်ကင်းလှည့်တာ… အဲဒီနှစ်ခုစလုံးကို ငါဘယ်လိုရှောင်ထွက်ရမလဲ။

ခက်ခဲပေမဲ့လည်း အနည်းဆုံးတော့ အချိန်ရှိပါသေးတယ်— အနည်းဆုံး လဝက်အချိန်ရှိတယ်။

လောလောဆယ် စိုးရိမ်ပူပန်ရမည့်ကိစ္စမှာ သမားတော်ပိုင် ဟူပေ ရှန်းနုံမှ မကြာမီ ပြန်ရောက်လာရေးဖြစ်သည်။ ရနံရသာကိုးပါးအဆိပ်ဖြေဆေးကို ရခဲ့ပြီလား မသိရသေးပေ။

ထို့ပြင် နောက်ထပ် ကိုင်တွယ်ဖြေရှင်းရမည့်အရာများ များစွာရှိနေသေးသည်။

မိန်ဂိုဏ်း၏ စစ်သုံးပစ္စည်းများ၊ လျိုစုန့်အား ကုသရေးနှင့် နန်ပါးထျန်းနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း… ကိစ္စတစ်ခုချင်းစီတိုင်းသည် တစ်ခုထက် တစ်ခုပို၍ ဒုက္ခများရပေသည်။

ထို့ပြင် ဤကိစ္စများ ဖြေရှင်းမပြီးသေးမီအတွင်း မည်သည့်အရာများ ဖြစ်ပျက်လာဦးမည်ကိုလည်း မသိနိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် မိသားစုအရေးသည်တော့ ပြဿနာမများသောကြောင့် ချန်ကျဲ့အား အခြားကိစ္စများအပေါ် ပို၍ အာရုံစိုက်နိုင်စေသည်။

“ရှောင်ဟူ ဆရာဘယ်တော့ပြန်ရောက်မှာလဲ”

ရှောင်ဟူမှ ပြန်ပြောသည်။

“စာအရဆိုရင်တော့ နောက်နှစ်ရက်လောက်ဆို မျန့်ရွှေကို ရောက်မယ်ထင်ပါတယ်။ ဆရာတို့က နေ့ညမပြတ် ခရီးနှင်ခဲ့ကြတာ၊ ကံကောင်းလို့ ဆရာဘိုးဘေးအန်းက အပြင်သွားမနေလို့ ရောက်ရောက်ချင်းပဲ တွေ့နိုင်ခဲ့ပါတယ်တဲ့။ သမားတော်ပိုင်က ဆရာဖြစ်သူနဲ့ ညစာတစ်နပ် အတူစားဖို့တောင် အချိန်မပေးနိုင်ခဲ့ဘဲ အမြန်ပြန်လာနေခဲ့တာပါတဲ့”

ထိုစကားတွင် ချန်ကျဲ့သည် ရင်ထဲရိုက်ခတ်သွားရကာ ပြောသည်။

“ဆရာတော့ တကယ် အများကြီးပင်ပန်းသွားရပြီ”

ထိုအခါ ရှောင်ဟူမှ မှတ်ချက်ပြုသည်။

“တကယ့်ကိုပဲ ဒီတစ်ကြိမ်တော့ သမားတော်ပိုင် ပင်ပန်းသွားခဲ့ရပြီ”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်

မနီးမဝေးရှိ လမ်းထောင့်ဖက်ထုပ်ဆိုင်၌

ရွှတ် ရှလွတ်~

အနက်ရောင်ဝတ်လူတစ်ယောက်သည် ဖက်ထုပ်များကို အားရပါးရစားသောက်နေသည်။ ထိုစဉ် ရုတ်တရက် အနီးဝန်းကျင်မှ လူသုံးယောက်နှင့်အတူ လက်အောက်ငယ်သားတစ်စု ထွက်ပေါ်လာခဲ့သည်။

ထိုလူသုံးဦးသည် အနက်ရောင်ဝတ်လူအနီးသို့ တိုးကပ်သွားကြသည်။

အနက်ရောင်ဝတ်လူသည် ခေါင်းပင် မော့မကြည့်ဘဲ ပြော၏။

“ခေါင်းဆောင်နန် အထင်ကြီးလောက်စရာ အခြွေအရံတွေနဲ့ပါလား”

ရွှတ် ရှလွတ်~

အနက်ရောင်ဝတ်လူသည် ပူနွေးနွေးဖက်ထုပ်များကို ပါးစပ်ထဲထည့်လိုက်ပြီးနောက် ချက်ချင်း မြိုမချနိုင်ဘဲ ပါးစပ်ထဲတွင် အအေးခံနေသည်။

ထို့နောက် လူသုံးယောက်တွင် အလယ်မှလူသည် ဝင်ထိုင်လိုက်သည်– ဤလူမှာ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နန်ပါးထျန်းဖြစ်ပါ၏။

သူ၏ဘယ်ဘက်တွင် ရပ်နေသူမှာ ချင်းယင်ဖြစ်ပြီး ညာဘက်တွင် ရပ်နေသူမှာ ထန်ဇီယွဲ့ဖြစ်သည်။

အနက်ရောင်ဝတ်လူသည် နန်ပါးထျန်းကို ကြည့်လိုက်ပြီးနောက် တူကို ချလိုက်ကာ စားပွဲတွင် အသင့်တင်ထားသည့် အဝတ်ဖြင့် ပါးစပ်သုတ်လိုက်ပြီး ပြောသည်။

“မင်းရဲ့ နေအိမ်တံခါးနားက ဖက်ထုပ်က အတော်လေး အရသာကောင်းတယ်ဆိုတာတော့ ငြင်းလို့မရဘူးပဲ”

နန်ပါးထျန်းသည် ထိုလူကို ကြည့်လျက် ပြောသည်။

“တစ္ဆေလက်ကုချင်းဖုန်း ခင်ဗျားဘာလို့ ပြန်လာပြီး ကျုပ်ကို လူလွှတ်ပြီးတော့တောင် ဆက်သွယ်လိုက်ရတာလဲ”

ကုချင်းဖုန်းမှ ပြန်ပြောသည်။

“ဟားဟား ခေါင်းဆောင်နန် ခင်ဗျားရဲ့အစီအစဉ်အတွက် ကျုပ်မှာ တစ္ဆေလက်ခန်းမကိုတောင် ဆုံးရှုံးသွားခဲ့ရတယ်။ အခု ကျုပ် အရမ်းစိတ်ပျက်အားငယ်နေလို့ ခင်ဗျားဆီမှာ ထမင်းတစ်နပ်လောက် စားရအောင်လို့ လာခဲ့တာပါ”

ထိုအခါ နန်ပါးထျန်းသည် ရယ်မော၏။

“ဟားဟား တစ္ဆေလက်ကုချင်းဖုန်းက ထမင်းကျွေးဖို့ တောင်းဆိုတယ်တဲ့လား? ဒီအကြောင်းသာ အပြင်ကိုပျံ့နှံ့သွားရင် လူတွေ ရယ်ကုန်ကြမယ် မဟုတ်လားဗျာ”

ကုချင်းဖုန်းမှ ပြန်ပြောသည်။

“ကျုပ်မှာ ရွေးချယ်စရာမရှိဘူး”

နန်ပါးထျန်းမှ မေးသည်။

“ခင်ဗျား ဘယ်လောက်လိုချင်လဲ”

“ရွှေနှစ်သောင်း”

“ဟားဟား ခင်ဗျားက တရားလွန်တောင်းဆိုနေတာပဲ။ အများဆုံး တစ်သောင်းရမယ်”

နန်ပါးထျန်းမှ ကမ်းလှမ်းသည်။

“ကောင်းပြီ”

ကုချင်းဖုန်းမှ ပြောသည်။

“ဒါပေမဲ့ ခင်ဗျား ကျုပ်အတွက် တစ်ခုလုပ်ပေးရမယ်”

ကုချင်းဖုန်းသည် မျက်လုံးတို့မှေးကျုံ့လျက် ပြောသည်။

“ခင်ဗျားက လူတွေကို ဘယ်လိုအသုံးချရမလဲ ကောင်းကောင်းသိတာပဲ။ ဘာလုပ်ရမှာလဲ”

နန်ပါးထျန်းမှ အချက်ပြလိုက်ရာ ချင်းယင်သည် စာရွက်တစ်ရွက် ထုတ်ပေးလိုက်သည်။

“နောက်သုံးရက်နေရင် ဒီနေရာမှာ ကျုပ်အတွက် လူတစ်ယောက်သတ်ပေးရမယ်”

“ဘယ်သူလဲ”

ကုချင်းဖုန်းသည် နန်ပါးထျန်းကို ကြည့်နေသည်။

နန်ပါးထျန်းမှ ပြောသည်။

“ရှန်းထောင်ရွာက ပိုင်ဝမ့်ကျင်း”

ကုချန်ဖုန်းသည် နန်ပါးထျန်းကို တစ်ချက်လှန်ကြည့်လာ၏။ နန်ပါးထျန်းမှ ဆက်ပြောသည်။

“ပြီးတော့ အဆိပ်ဖြေဆေးကို ဖျက်ဆီးလိုက်”

ကုချင်းဖုန်းသည် သိသိသာသာ မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။

“ခင်ဗျားက တကယ် အကြင်နာမဲ့တာပဲ။ ကိုယ့်လူကိုတောင် ပြန်သတ်တယ်။ ကောင်းပြီ၊ ကျုပ် ဒီအလုပ်ကို လက်ခံတယ်”

နန်ပါးထျန်း ပြုံးလိုက်သည်။

“ကောင်းတယ်။ ဒါဆို ခင်ဗျားကို အပ်လိုက်ပြီ”

ထို့နောက် နန်ပါးထျန်းသည် ထရပ်၍ ဖက်ထုပ်ဆိုင်မှ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။

All Chapters