← Chapters

အခန်း (၄၄၀-၄၄၄)

Vol. 32 Ch. 440-444

အခန်း (၄၄၀-၄၄၄)

Vol. 32 Ch. 440-444

အပိုင်း(၄၄၀): အမတသခင်၏ ဓမ္မကာယကိုယ်ထည် သုံးပါး ၊ တိ့ထျန်းက အမတဘုရင်လား?

ထိုစကားသံထွက်လာသည်နှင့် ။

ဟောက်သံကြောင့် ဖြစ်ပေါ်လာသော နတ်သံစဉ် လှိုင်းတံပိုးများသည် အာကာသအနှံ့ ပျံ့နှံ့သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အလိုဆန္ဒတစ်ခု ဖြစ်တည်လာသကဲ့သို့ ၊ ဤနေရာ၏ အချိန်စီးဆင်းမှုကို အလွန် နှေးကွေးသွားစေခဲ့သည်။

သို့သော်။

မကောင်းဆိုးဝါး မျိုးနွယ်ဝင် ရှေးဘိုးဘေးကိုးဦးသည် ဤစွမ်းအားကို အလွန်ကြောက်ကြသော်လည်း၊

သူတို့ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဒေါသတရားများက ပို၍ အားကောင်းနေခဲ့သည်။

သူတို့က ဘယ်သူတွေလဲ?

ဤတိုက်မြေသုံးထောင်တွင် သူတို့သည် စစ်မှန်သော အသန်မာဆုံးသော စွမ်းအားရှင်များပင် ဖြစ်သည်။

သူတို့သည် အမတနယ်ပယ်အဆင့်အောက်တွင် အစွမ်းထက်ဆုံး ၊ အသန်မာဆုံးသူများပင်။

မဟာဧကရာဇ်မင်း ဟုတ်လား?

သူ့တို့မျက်လုံးထဲမှာတော့ ၎င်းသည် ပုရွက်ဆိတ်အဆင့်သာ ရှိသည်။

မိမိတို့၏ လမ်းကို တားစီးပိတ်ဆို့ထားသော ဤသကောင့်သားသည် ယခုအချိန်ထိ သူ့၏ရုပ်အစစ်အမှန်ကို ထုတ်ဖော်မပြသေးပေ။

၎င်းသည် သူတို့ကို ကွေးယွမ်သူတော်စင်နယ်မြေတွင် အနှစ်တစ်ရာ လက်အောက်ခံဖို့ ပြောဆိုခဲ့သည် ။ မဟုတ်ရင် သူတို့ကို သတ်ပစ်မတဲ့လား!?

“ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်!”

ဒေါသကြီးသော မျောက်ဝံမျိုးနွယ် ရှေးဘိုးဘေးသည် ချက်ချင်းပင် ဒေါသတကြီး ပေါက်ကွဲလာခဲ့သည်။

အမျက်ဒေါသသံနှင့်အတူ ၊ မဟာလမ်းစဉ်၏ အဆုံးမရှိသော နိယာမများကို ချက်ချင်းအသက်သွင်းလိုက်ပြီး သူ၏ အစွမ်းထက်ဆုံး မှော်စွမ်းအားများဖြင့် ထိုပရမ်းပတာ အလင်းဂိတ်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ ဟွန်း ၊ အမတအဆင့်တောင် မအောင်မြင်သေးဘူး ၊ ဒီလိုပြုမှုရဲတယ်ပေါ့?”

ပရမ်းပတာ အလင်းဂိတ်မှ အေးစက်သော နှာမှုတ်သံ ထွက်ပေါ်လာသည်။

ဝုန်း !

နောက်အခိုက်တန့်တွင် ၊

အမတလမ်းစဉ်၏ အဆုံးမရှိသော နိယာမတရားများ ပွင့်လန်းလာပြီး တုနှိုင်းမရသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် အဆုံးမရှိသော လက်သီးများ ပေါက်ကွဲထွက်ပေါ်လာသည်။

အဆိုပါ ကြောက်စရာကောင်းသော ခွန်အား၏ ရှေ့မှောက်တွင် ၊

မျောက်ဝံ ရှေးဘိုးဘေး၏ ခွန်အားသည် အလွန် အားနည်းပုံပေါက်သည်။ မြေကြီးနှင့် နတ်တောင်တန်း နှစ်ဖက်တိုက်မိကြသကဲ့သို့ ထိခိုက်လွယ်ပေသည်။

တစ်ချိန်တည်းမှာပင်၊ မျောက်ဝံ ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်စွမ်းအား မှော်သစ်ပင်ကြီးမှာ ပြိုကျသွားသည်။

အဆုံးမရှိသော အမတသဘောတရားများ ပါဝင်သော ဤလက်သီးအလင်းသည် လျော့ကျမသွားဘဲ ၎င်း၏ရင်ဘက်ကို ထိမှန်သွားသည်။

ဝုန်း !!

အဖြူရောင် တွင်းကြီးတစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ တောက်လောင်နေသော နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။

၎င်း၏တိုက်ခိုက်မှုသည် မျောက်ဝံရှေးဘိုးဘေးမှ ပေါင်းစပ်ဖွဲ့စည်းထားသော မကောင်းဆိုးဝါးသားရဲအသွင် ဓမ္မကာယကိုယ်ထည်ကြီးကို အစိတ်စိတ်အမွှာမွှာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

မျောက်ဝံ ရှေးဘိုးဘေး၏ လူတစ်ကိုယ်လုံးသည် မိုင်သန်းပေါင်းများစွာ ကွာဝေးသော နေရာအထိ လွင့်ထွက်သွားသည်။

ဒုန်း! !

ကြီးမားသော ကြယ်ကြီးတစ်လုံးနှင့် တိုက်မိပြီး ဟိုးအဝေးထိ လွင့်မထွက်သွားအောင် တားဆီးနိုင်ခဲ့သည်။

“ဒီလူက ဘယ်သူလဲ!?”

မကောင်းဆိုးဝါး မျိုးနွယ်ဝင် ဘိုးဘေးတစ်ဦးသည် နောက်ဆုံးတွင် သူ၏ စိတ်နှလုံးသားထဲက ကြောက်ရွံ့မှုကို မထိန်းနိုင်တော့ဘဲ ရေရွတ်လိုက်သည်။

“မျောက်ဝံ ရှေးဘိုးဘေးက ငါတို့ထဲမှာ အသန်မာဆုံးပဲ ၊ ဘယ်လိုလုပ်ပြီး လက်သီးတချက်တောင် မခံနိုင်ရတာလဲ! ?”

သူတို့အားလုံး တုန်လှုပ်လို့မပြီးသေးခင် ။

ပရမ်းပတာ အလင်းဂိတ်ထဲမှ တောက်လောင်နေသော နတ်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

အမတလမ်စဉ်၏ အဆုံးမရှိသော နိယာမတရားများနှင့်အတူ မှုန်ဝါးဝါး အရိပ်သဏ္ဍာန်သုံးခု ထွက်ပေါ်လာသည်။

၎င်းတို့၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံနေသော အမတလမ်းစဉ်၏ နိယာမတရားများက သက်ဝင်လှုပ်ရှားနေသည်။

သူတို့ သုံးယောက်သည် နေရာတွင် ငြိမ်သက်စွာ ရပ်နေသည်။ သို့သော် ကြယ်တာယာ ကောင်းကင်ကြီးသည် ထိုလူသုံးဦး၏ အငွေ့အသက်များနှင့်အတူ ပဲ့တင်ထပ်နေပုံရသည်။

“ဒါက...”

“ အမတ ဓမ္မကာယကိုယ်ထည်!?”

ခွင်းဖိန် ရှေးဘိုးဘေးသည် သူ့အသံကို မနည်းညစ်ထုတ်ကာ ပြောလိုက်သည်။

“ တိုက်မြေသုံးထောင်ရဲ့ ကန့်သတ်ချက်က ကုန်ဆုံးသွားပြီ၊ ဘယ်လိုဖြစ်လို့ အမတသခင်တွေကို မွေးထုတ်နိုင်တာလဲ!?”

“ပြီးတော့ အမတ အောင်မြင်မှုလမ်းကြောင်းက ပြတ်တောက်သွားခဲ့ပြီ မဟုတ်လား!?”

“ အမတနယ်မြေက အမတသခင်တွေ ဘယ်လိုလုပ်ပြီး ဆင်းသက်နိုင်တာလဲ”

အခြား ရှေးဘိုးဘေးများလည်း သူတို့၏ နှလုံးသားထဲက ကြောက်ရွံ့မှုကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။

လက်ရှိတွင် အမတလမ်းကြောင်းကို မဖွင့်လှစ်ရသေးပေ ။ အမတဘုံမှ အမတသခင်များ ဆင်းသက်လာချင်ရင်တောင် မဖြစ်နိုင်ပေ။

အချိန်များကို ပြောင်းပြန်လှန်နိုင်သော အမတဧကရာဇ်မင်းပင်လျှင် နယ်နိမိတ်ကို ဖြတ်ကျော်လိုပါက ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နိုင်ပြီး ၊ အကြောင်းအကျိုးတရား အစွမ်းသတ္တိ၏ ဖျက်‌ဆီးခြင်းကိုခံရပေလိမ့်မည်။

အမတသခင် ဓမ္မကာယကိုယ်ထည်များသည် အဘယ့်ကြောင့် ကွေးယွမ် သူတော်စင်နယ်မြေသို့ ဆင်းသက်လာနိုင်သနည်း။

သို့သော် သူတို့မသိခဲ့သည်မှာ ကွေးယွမ် သူတော်စင် နယ်မြေတွင် ကွေးယွမ် ပရမ်းပတာခေါင်းလောင်းကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာများ ရှိသည်။

ကောင်းကင်နှင့် မြေ၏ စည်းမျဉ်းများကို လျစ်လျူရှုခြင်းဖြင့် မိမိတို့၏ ဓမ္မကာယကိုယ်ထည်များကို ခေတ္တဆင်းသက်ခွင့်ပြုရန် ကွက်လပ်များကို တိုက်ရိုက်အသုံးချနိုင်သည်။

သူတို့အနေဖြင့် သိပ်အကြာကြီး မနေနိုင်သော်လည်း ၊ သူတို့ရှေ့က အမတယောင်ယောင် ကောင်များကို ကိုင်တွယ်ဖို့ လုံလောက်သည်။

“ မကောင်းဆိုးဝါးတစ်သိုက်က အတော်လေး အတင့်ရဲလွန်းနေတာပဲ “

ထိုပုဂ္ဂိုလ်သုံးဦးထဲမှ အလယ်ပုဂ္ဂိုလ်သည် ဒေါသတကြီး အောပြောလိုက်သည်။

“ဧကရာဇ်နဂါး နတ်လက်သီး!”

သူ၏လက်သီးကို ထုတ်လွှတ်လိုက်သည်နှင့် ၊

အဆုံးမရှိသော အမတ အဓိပ္ပာယ်ဖော်ဆောင်သော အလင်းသင်္ကေတများသည် ဟောက်သံပြုနေသော ရွှေဝါရောင် နဂါးကြီးအသွင် ဖြစ်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားများသည် အာကာသတစ်ဝှမ်းလုံးကို တုန်ခါသွားစေပြီး၊ ကြီးမားသည့် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။

“မကောင်းတော့ဘူး ၊ မြန်မြန် တား!”

အခြားမကောင်းဆိုးဝါး မျိုးနွယ်ဝင် ရှေးဘိုးဘေးရှစ်ဦးတို့သည် သတိလက်လွတ်မဖြစ်ဝံ့ကြပေ။ စစ်မှန်သော အမတသခင်များနှင့် အမတယောင်ယောင် ကြားက ကွာဟချက်သည် မိုးနှင့်‌မြေဟု ဆိုနိုင်သည်။

ဤလူများသည် အမတဆန္ဒကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ပြီး၊ သူတို့သည် ဖွဲ့စည်းမှု ကနဦးအဆင့်တွင်သာ ရှိသေးသည်။ မည်သို့မှ နှိုင်းယှဉ်၍မရချေ။

ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း ၏ ရှေးဘိုးဘေးမှာ ချီလင်မျိုးနွယ် ဘိုးဘေးတစ်ဦးဖြစ်သည်။

ချီလင် ရှေးဘိုးဘေးက လှုပ်ရှားလိုက်သည်။

သူ၏ ရှေ့မျက်နှာစာတွင် အဆုံးမရှိသော အင်္ဂါဂြိုဟ် ပုံစံအကွက်များ ထွက်ပေါ်လာပြီး ဤအမှောင်ကျနေသော ကွက်လပ်ထဲတွင် မီးတောက်များဖြင့် တောက်လောင်နေသည်။

သူ၏ ကြီးမားသော ပါးစပ်ဖြင့် အဆုံးမဲ့ တောက်လောင်နေသော မီးတောက်များကို ထွေးထုတ်လိုက်သည်။ ယင်း၌ လျှပ်စီးကြောင်းများ ရောယှက်နေလေသည်။

အခြားသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် ရှေးဘိုးဘေးများသည်လည်း အလားတူ ကြောက်မက်ဖွယ်ကောင်းသော ထိုးစစ်မှော်အတတ်များကို အသုံးပြုခဲ့ကြသည်။

မိုးခြိမ်းသံများ ဆူညံလျက် ၊ နှင်းခဲများ ကျဆင်းလာပြီး ချီလင်၏ လောင်မြိုက်မီးလျှံများဖြင့် အတူတကွ ပေါင်းစည်းသွားကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသော ကြယ်အလင်းတန်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝုန်း ——!!

နောက်အခိုက်တန့်တွင် ၊

ဤထိပ်တိုက်ဆုံတွေ့မှုကြီးသည် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့သည်။

တစ်ဖက်က စစ်မှန်သော အမတ ဓမ္မကာယကိုယ်ထည်ဖြင့် အမတလမ်းစဉ်၏ နိယာမမှော်အစီအရင်ကို အသုံးပြုကာ တိုက်ခိုက်လာခဲ့သည်။

ကျန်တစ်ဖက်တွင် ရှေးဘိုးဘေး ရှစ်ဦးက ပူးပေါင်း၍ တိုက်ခိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်း ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာကာ ဤအမှောင်ကျနေသော ကြယ်တာယာ ကောင်းကင်ကြီးကို လုံးဝ လင်းထိန်သွားစေသည်။

ပြင်းထန်သော နတ်တန်ခိုးများသည် စကြဝဠာအတွင်းရှိ အရာအားလုံးကို ဖြိုခွဲလိုက်ပြီး ၊ ထိပ်တိုက်‌ဆုံတွေ့မှုမှ ဖြစ်ပေါ်လာသော အာကာသမုန်တိုင်းသည် မိုင်ပေါင်းများစွာ သော အာကာသအပိုင်းအစများကို ကွဲအက်သွားစေခဲ့သည်။

ထိပ်တိုက်ဆုံတွေ့ခဲ့ပြီးနောက် ၊

ရှေးဘိုးဘေး ရှစ်ဦးစလုံး လွင့်ထွက်သွားခဲ့ပြီး ၊ ၎င်းတို့၏ ခန္ဓာကိုယ်တွင်းရှိ သွေးချီစွမ်းအားများသည် မရပ်မနား အတတ်အကျဖြစ်ပေါ်နေကာ ကြောက်ရွံ့မှုများက သူ့တို့ကို လွှမ်းမိုးထားခဲ့သည်။

သူတို့အတူတကွ စွမ်းဆောင်ခဲ့သော ခွန်အားသည် တားဆီးရန်သာ လုံလောက်သည်။

ဤသည်မှာ စစ်မှန်သော အမတ နှင့် အမတ ယောင်‌ယောင်၏ ကွာခြားချက်ပေလော ။

“မင်းတို့ ဝင်စွက်ဖက်ဖို့ မလိုဘူး၊ ငါနဲ့တင် လုံလောက်ပြီ”

“ တခြားလမ်းကြောင်းကနေ ကွေးယွမ် သူတော်စင်နယ်မြေကို ကျူးကျော်လိုတဲ့ ငါးသေးသေးလေးတွေ ရှိနေတာကို ငါ သတိပြုမိတယ် “

ခေါင်းဆောင်ဖြစ်သူ အမတသခင်က ဘာမှမထူးခြားသော လေသံဖြင့် ဆိုလိုက်သည်။

“မင်းတို့ သွားလိုက်ကြဦး၊ ဒီငါးအုပ်စုကို ငါနဲ့တင် ထားခဲ့လိုက်”

ထိုစကားကိုကြားပြီးနောက် ၊

မကောင်းဆိုးဝါး မျိုးနွယ်ဝင် ရှေးဘိုးဘေးရှစ်ယောက်၏ မျက်နှာများသည် ပို၍ပင် ကြည့်ရဆိုးလာသည်။

ဤအမတ ဓမ္မကာယကိုယ်ထည်သည် အလွန်တန်ခိုးကြီးမားသော်လည်း၊ သူတို့သည် မာန်မာနရှိသူများ ဖြစ်သည်။

ဒီလိုနှိမ့်ချတာကို လက်ခံစရာလား!?

“ အမတသခင်ဆိုလည်း ဘာဖြစ်လဲ!”

“ဒီနေ့ သူတို့ထဲက တစ်ယောက်ကို ငါ သတ်မယ်!”

ခွင်းဖိန် ရှေးဘိုးဘေးက ဟောက်လိုက်သည်။

သူ့လက်ဝါးထဲက မှော်စွမ်းအားများကို အသက်သွင်းလိုက်သည်နှင့် ၎င်းသည် အတောင်များဖြန့်ကျက်ထားသော ခွင်းဖိန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ပုံစံသည် အရာအားလုံးကို ချိုးဖျက်တော့မည့်ပုံပေါက်သည်။

အခြားသော ရှေးဘိုးဘေးများသည်လည်း အလားတူ ၎င်းတို့၏ အစွမ်းထက်ဆုံး မှော်အစွမ်းများကို ထပ်မံအသုံးပြုခဲ့ကြသည်။

အရာအားလုံးကို နှိပ်ကွပ်နိုင်စွမ်းရှိသကဲ့သို့ ကြောက်ခမန်းလိလိ ရောင်ဝါများ ထွက်ပေါ်လာသည်။

“ပုရွက်ဆိတ်တွေ အချင်းချင်းစည်းလုံးတောင် ၊ ဘာကြောက်စရာရှိတုန်း?”

အမတသခင် ဓမ္မကာယကိုယ်ထည်က အေးစက်စွာ နှာမှုတ်လိုက်သည်။

ချက်ချင်းပင် ၊ သူ၏လက်သီးဖြင့် တိုက်ရိုက်ထိုးနှက်လိုက်သည်။

၎င်းသည် အံ့အားသင့်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

ဒုန်းဒုန်း !!

ဘုန်း ဘုန်း ဘုန်း !!

သူ၏ လှုပ်ရှားမှုတိုင်းသည် မဟာလမ်းစဉ်၏ နိယာမကို ကိုယ်စားပြုသည်ဟု ထင်ရသည်။

သူ၏ ရိုးရှင်းသော လက်သီးတချက်တည်းဖြင့် ၊မကောင်းဆိုးဝါး မျိုးနွယ်ဝင် ရှေးဘိုးဘေးတို့၏ ဓမ္မကာယကိုယ်ထည်များသည် ချက်ချင်း ကွဲကြေသွားသည်။

မတူညီသော မြင်ကွင်းနှစ်ခု အဆက်မပြတ် ထိပ်တိုက်ဆုံတွေ့‌ နေကြသည်။

ကြီးကျယ်ခမ်းနားသော မကောင်းဆိုးဝါး စွမ်းအင်ရှိသော ရုပ်သွင် ရှစ်ပါးနှင့် ပြိုးပြိုးပျက်ပျက် တောက်ပသော အမတရုပ်သွင် တစ်ပါးတို့ ဆက်လက် တိုက်ပွဲဝင်နေကြသည်။

သူတို့ဖြတ်သန်းသွားလေရာ နေရာတိုင်း နဂါးငွေ့တန်းများ ကွဲအက်ကာ ကြယ်စုကြီးများ ပေါက်ကွဲသွားတတ်သည်။

အခြားသော အမတ ဓမ္မကာယကိုယ်ထည်နှစ်ပါးသည် ကူကယ်ရာမဲ့စွာဖြင့် အချင်းချင်း ပြုံးကာ ကြည့်နေလေ၏။

“ ရှေးဘိုးဘေး ဘာတွေတွေးနေလဲမသိဘူး...”

“ တိ့ထျန်းက လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက အမတဘုရင်တစ်ပါး ဖြစ်လာခဲ့တာ.. အခု သူ့ရဲ့ ဓမ္မကာယကိုယ်ထည်နဲ့ တိုက်မြေ သုံးထောင်ကို ဆင်းသက်စေခဲ့တယ်...”

“ငါတို့နှစ်ယောက်လည်း ဒီမှာ ဆင်နွဲဖို့ရောက်လာတာ မဟုတ်ဘူးလား”

နောက်တစ်ယောက်က ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း ။

“ ထားလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ကွေးယွမ်အမတဂိုဏ်းမှာ လူတော်တွေအများကြီး ရှိတာကိုး “

“ ဒါနဲ့ ကွေးယွမ်အမတဂိုဏ်းက ထက်မြက်တဲ့ ဆက်ခံသူတစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့တယ်ဆိုပဲ “

“သူသာ အမတဘုံကို ရောက်လာခဲ့ရင် မုန်တိုင်း ထပ်ဖြစ်မှာကို ကြောက်မိတယ်”

“ငါတို့အခုတော့ ငြိမ်နေလိုက်ရအောင်”

အပိုင်း(၄၄၁): ဒေဝလောကရဲ့ ပြန်လည်စတင်ခြင်း

ပေါက်ကွဲသံများမှာ အဆုံးမသတ်နိုင်ပေ။

သို့သော် တိုက်မြေသုံးထောင်၏ အထက် ကောင်းကင်ယံတွင်လည်း တိုက်ပွဲသံများဖြင့် ဆူညံနေသည်။

အဓိက အင်အားစုများသည် သူတို့ ယုံကြည်ရာလမ်းစဉ်ကို လိုက်နာသည်။

သူတို့ အနေဖြင့် အစွမ်းကုန် ကြိုးစားရုံသာ တတ်နိုင်၏ ။ မအောင်မြင်ပါက၊ သူတို့၏ ယုံကြည်မှုသည် ပျောက်ကွယ်သွားပေတော့မည် ။

တိုက်ပွဲ၏သက်ရောက်မှု အတိုင်းအတာသည် ကျယ်ပြန့်လွန်းသည်။ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲရလဒ်အနေဖြင့် တိုက်မြေ သုံးထောင်ရှိ နယ်နိမိတ်များစွာ ပြိုကျပျက်စီးခဲ့ရသည်။

ရာပေါင်းများစွာသော တိုက်မြေများမှာ တိုက်ပွဲကြောင့် နစ်မြုပ်သွားခဲ့ရချေပြီ။

ကောင်းကင်နှင့်မြေကြီး၏ နိယာမများသည် အဆုံးတွင် လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရသည်။

ကွေးယွမ် သူတော်စင်နယ်မြေ၏ ထိုစကားတစ်ခွန်းကို အတည်ပြုလိုက်သလိုပင်။

ပျက်သုဉ်းပြီးနောက် အသစ်ပြန်လည် မွေးဖွားမည်။

အလုံးစုံသော နိယာမတရားများကို ဖယ်ရှားပြီးနောက်၊ နိယာမစည်းမျဉ်းအသစ် ပေါ်ထွက်လာမည် ဖြစ်သည်။

အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များအနေဖြင့် သေချာကြည့်မည်ဆိုပါက ၊ ဤအရာထဲတွင် အမတ သဘောတရားများကို ဆောင်ကျဉ်းထားသော အလွန်သိမ်မွေ့သော တာအိုစည်းချက်များ ပါရှိသည်ကို မြင်တွေ့နိုင်သည်။

အထက် ကောင်းကင်ကြီးတစ်ခုလုံး နတ်အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။

စစ်သည်များသည် အဆက်မပြတ် တဖွဲဖွဲ ဆင်းသက်လာနေသည်။

စည်တီးသံနှင့်အတူ ခရာမှုတ်သံများကို ‌နေရာတိုင်းလိုလို ကြားနေရသည်။

သွေးများစွန်းထင်းနေသော ‌စစ်ရထားများသည် ကောင်းကင်ကို ဖြတ်ကျော်ကာ ဝင်ရောက်လာကြသည်။

စုတ်ပြဲနေသော အလံတို့သည် လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေ၏။

မသေဆုံးမီ ၊ သက်ရှိသတ္တဝါတို့၏ နာကြည်းမှု အငွေ့အသက်သည် တကယ်တည်ရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကွက်လပ်အတွင်း၌ ပျံ့နှံ့နေသည်။

သွေး၏ အငွေ့အသက်များသည် မြူခိုးမြူငွေ့များသဖွယ် ပြောင်းလဲကာ ပျံ့နှံ့သွားခြင်းမရှိဘဲ ကွက်လပ်အတွင်း၌ စုဝေးတည်ရှိနေသည်။

“သတ်ပစ်! ကွေးယွမ်ကို မချေမှုန်းနိုင်ရင် ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်တွေ ဘယ်တော့မှ ခေါင်းမော့လာနိုင်မှာ မဟုတ်ဘူး!”

“လူသားတွေ နေရာယူထားတာ ကြာပြီ ၊ ဒီခေတ်သစ်ရဲ့ ခေါင်းဆောင်က ငါတို့ပဲ ဖြစ်သင့်တယ်!”

“သတ်၊ သတ်၊ သတ်!!!”

သူသူကိုယ်ကိုယ် တိုက်ခိုက်ကြပြန်သည်။

စခန်းနှစ်ခုမှ စစ်သည်များသည် ၎င်းတို့၏ မှော်လက်နက်များဖြစ်သည့် လှံ နှင့် ဓားများကို မြှောက်ကိုင်ကာ တိုက်ပွဲဆင်နွဲလျက် ရှိသည်။

မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ တိုက်ပွဲဆင်နွဲပြီးနောက် ၊

သူတို့ဝတ်ထားသော ချပ်ဝတ်တန်ဆာများသည် ယခုတွင် သွေးများဖြင့် စွန်းထင်းနေခဲ့ပြီ ဖြစ်သည်။

တချို့က တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် စုတ်ပြဲနေတာတောင် ၎င်းတို့၏ မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများကို အတိုင်းသား မြင်နေရသေးသည်။

ယခုအချိန်တွင်၊ ၎င်းတို့ထဲမှ တစ်ဦးတည်းသာလျှင် အနိုင်ရနိုင်မည်။

မည်သည့်အပိုစကားများ မပြောဘဲ ကြောက်စရာကောင်းသော စစ်ပွဲကြီးသည် ရပ်နားခြင်းမရှိ ဖြစ်ပွားနေသည်။

“ဟမ်! မင်းအထင် အသံပြဲကြီးနဲ့ အော်ပြောလည်း ရလဒ်ကို ပြောင်းလဲသွားမယ်လို့ ထင်နေလား “

“ ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေကို ဆန့်ကျင်သူတိုင်း ဖျက်ဆီးပစ်မယ်!”

ကွေးရှန်း တာအိုစစ်တပ်၏ ဦးဆောင်မှုအောက်တွင် ၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ စစ်သည်များသည် အလုံးအရင်းဖြင့် ရန်သူကို ဖြိုခွဲလေ၏။

ဝုန်း !!!

နှစ်ဖက်အင်အားစုမှ ထိပ်တိုက် တွေ့ဆုံကြသည့်အခိုက်အတန့်တိုင်းတွင် သွေးချောင်းများ စီးရလေသည်။

ဤတိုက်ပွဲတွင် ၊ သူတော်စင် နယ်ပယ်အဆင့်အောက်လူများ မရှိပေ။

၎င်းတို့အားလုံးသည် ယခင်တိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဤတိုက်ပွဲတွင် လူတိုင်းက သူတော်စင်ဧကရာဇ် နယ်ပယ်အဆင့်ရှိကြပြီး ၊ ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ရှိသော စွမ်းအားရှင်များက ပို၍ များပြားသည်။

သူတော်စင်ဧကရာဇ် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးသည် သူ၏ ညာဘက်လက်ထဲတွင် တောက်ပသော နတ်ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည် ။ သူ့ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း မကောင်းဆိုးဝါးမျိုးနွယ်ဝင် တပ်ဖွဲ့ကြီးသည် သွေးအဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားခဲ့ရသည်။

တဖက်တွင်လည်း ၊ ကောင်းကင်နှင့် နေကိုတောင် ဖုံးအုပ်ထားနိုင်သည့် ပြိုင်ဘက်ကင်း မကောင်းဆိုးဝါးဘုရင်တစ်ပါး ရှိပြီး ၊ ၎င်း၏ ဝင်သက်တစ်ချက်သည် တစ်လောကလုံးကို စုပ်ယူပစ်နိုင်ပုံရပေသည်။

တောင်ကို ဖောက်နိုင်လောက်အောင် ခွန်အားရှိသော စွမ်းအားရှင်တစ်ဦးလည်း ရှိပြီး ၊ သူ၏ နတ်လက်နက်ကို ဝှေ့ယမ်းလိုက်တိုင်း မရေမတွက်နိုင်သော ဓားအလင်းများသည် သွေးပင်လယ်ထဲတွင် တောက်ပစွာ ထွက်ပေါ်လာတတ်သည်။

ဝုန်း ဝုန်း ဝုန်း !

ဘယ်နေရာပင်ကြည့်ကြည့် သွေးသံရဲရဲမြင်ကွင်းများသာ ရှိသည်။

မြေပေါ်တွင် ၊

မရေမတွက်နိုင်သော မြင်းစီးသူရဲကောင်းများသည် နတ်လှံများ ကိုင်ဆောင်ကာ အဆက်မပြတ် တိုက်ခိုက်နေကြသလို ၊ အလောင်းများနှင့် ကျိုးပဲ့နေသော လက်နက်များသည် မြေပြင်အနှံ့ ပြန့်ကျဲနေသည် ။

ဝေဟင်အထက်တွင် ၊

မရေမတွက်နိုင်သော အလင်းတန်းများသည် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်လာတတ်ပြီး ၊ စစ်သင်္ဘော၏ ဟောက်သံများကို အဆင်မပြတ် ကြားနေရသည်။ ကျင့်ကြံသူ တော်တော်များများက ၎င်းအပေါ်တွင် လက်သင်္ကေတများဖြင့် မှော်အစီအရင် ဖွဲ့စည်းပုံများကို ဖန်တီးဆောက်လုပ်နေသည်။

ဖီးနစ်၊ မိုးပြာနဂါး၊ နှင့် နတ်ငှက်များသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သော ကောင်းကင် မြင်ကွင်းအထက်၌ ကြွေးကြော်နေကြသည်။

ဖီးနစ်၏ သီဆိုသံနှင့်အတူ ၊

နဂါးသည် ဟောက်သံပြုနေလေ၏။

ကြယ်တာယာ ကောင်းကင်အလွန်တွင် ၊

ဘိုးဘေးများကြား တိုက်ပွဲသည်လည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ကျပန်း လက်ဝါးတချက် ရိုက်နှက်လိုက်ရုံဖြင့် နဂါးငွေ့တန်းသည် လှုပ်ရှားသွားပြီး ၊ မရေမတွက်နိုင်သော ကြယ်စုများကို ချေမှုန်းပစ်နိုင်ပုံရသည်။

…….

အပြင်က ကြေကွဲဖွယ်ရာ အခြေအနေနှင့် နှိုင်းယှဉ်ပါက ၊

ဧကရာဇ်လျှောက်လှမ်းတွင်လည်း လှိုင်းထန်နေသည်။

စူးချန်ကဲ နှင့် ကွေးယွမ် သူတော်စင်နယ်မြေ မှ တပည့်များသည် နိဗ္ဗာန်နမြို့၏ အရှေ့ဘက်ခြမ်းတွင် စုဝေးခဲ့ကြသည်။

မကောင်းဆိုးဝါးမျိုးနွယ် ကဲ့သို့သော အခြားသော အင်အားစုများသည် နိဗ္ဗာန်နမြို့၏ အခြားနေရာတွင် စုဝေးနေကြသည်။

နှစ်ဘက်စလုံးက ရည်ရွယ်ချက်ရှိရှိ စုဝေးနေကြခြင်းတော့ မဟုတ်ပေ။

ပြင်ပကမ္ဘာတွင် ကွေးယွမ် သူတော်စင် နယ်မြေနှင့် မကောင်းဆိုးဝါးမျိုးနွယ်ကြားက ဆက်ဆံရေးသည် လုံးလုံးလျားလျား ပြတ်တောက်သွားကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် အဆုံးသတ် ဧကရာဇ်လျှောက်လှမ်းတွင် နောက်ဆုံးတိုက်ပွဲကို ဆင်နွဲရန် ကြံစည်ခဲ့ကြသည်။

တိုက်မြေ သုံးထောင်တွင် အနိုင်ရသူကို ဆုံးဖြတ်ပေတော့မည်။

အဆုံးသတ် ဧကရာဇ်လျှောက်လှမ်းတွင်လည်း အလားတူပင် ဖြစ်ပြီး ၊ အနိုင်ရသူကို ဆုံးဖြတ်ကြတော့မည်။

သူတို့သည် အဆုံးသတ်ဖြစ်သော ဧကရာဇ်လျှောက်လှမ်းကို လျှောက်လှမ်းကြပေတော့မည်။

အဆုံးသတ် ဧကရာဇ်လျှောက်လှမ်းတွင် ကြို‌ဆိုနေမည့်အရာမှာ အဆုံးမဲ့ သတ်ဖြတ်ခြင်းသာ ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဘုရင်များအားလုံးတွင် ဧကရာဇ်မင်းဟူသော တစ်ပါးတည်းသာ လိုအပ်သည်။

ရှုံးနိမ့်သူ ဘုရင်သည် ဧကရာဇ်လျှောက်လှမ်းတွင် မြှုပ်နှံခံရမည် သို့မဟုတ် သမိုင်း၏ဇာတ်ခုံမှ ထွက်ကာ ခေတ်၏ အဆုံးသတ်ဖြစ်လာပေမည်။

နိဗ္ဗာန်နမြို့၏ ပို့ဆောင်ရေးဂိတ်ရှေ့တွင် ၊

ဧကရာဇ်လျှောက်လှမ်းတွင် ပါဝင်ခဲ့ကြသော ကွေးယွမ် သူတော်စင်နယ်မြေမှ ထူးချွန်သူအားလုံးသည် ဤနေရာတွင် စု‌ဝေးနေသည်။

လော့ရန်ယွီ နှင့် ယောင်ချီ သူတော်စင်နယ်မြေ မှ တပည့်များအပြင် ကျန်းဝမ့်ချင်လည်း ပါဝင်သည်။

အဆုံးသတ် ဧကရာဇ်လျှောက်လှမ်းမှာ စတင်ခဲ့ချေပြီ။

ဤသည်မှာ အဆုံးထိ တိုက်ပွဲဝင်ရမည့် အရာဖြစ်သလို ၊ ဧကရာဇ်လျှောက်လှမ်း၏ အဆုံးကို လျှောက်လှမ်းကာ ဤခေတ်၏ ကံကြမ္မာကို ရယူပေတော့မည်။

“ အိုင်း... နည်းနည်းတော့ မကျေနပ်ပေမယ့် ငါတို့ထဲမှာ မင်းတစ်ယောက်တည်းကသာ ကံကြမ္မာရဲ့ မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ အလားအလာရှိတယ် “

ကျန်းဝမ့်ချင်သည် သူ့ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက်သည်။ သူသည် သူရွေးချယ်ခဲ့သော ရှေးဟောင်းလမ်း၏အဆုံးတွင် အမွေတချို့ကို ရရှိခဲ့သည်။

ထို့ကြောင့် သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် အဋ္ဌမအဆင့်ထိ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့်အလျောက် စူးချန်ကဲသည်လည်း ပို၍ ကြောက်စရာကောင်းလာသည်ဟု သူအမြဲတမ်းခံစားရသည်။

သူ မည်မျှပင် ကြိုးစားပါစေ ၊စူးချန်ကဲကို လိုက်မမှီသလိုပင်။

“ဒီလို ခွန်အားမျိုးနဲ့ ချန်ကဲ ဆက်ခံသူသာလျှင် ဒီခေတ် ကံကြမ္မာရဲ့ မဟာဧကရာဇ်မင်း ဖြစ်လာသင့်တယ် ၊ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စပဲ!”

လီဟောက်ထျန်းသည် ယဲ့လင်ထျန်း၏ စကားကို လေးလေးနက်နက် သဘောတူလိုက်သည်။

“မှန်တယ်၊ ဆက်ခံသူ သခင်သာလျှင် ဒီခေတ် ရဲ့ ကံကြမ္မာ ဖြစ်လာဖို့ အရည်အချင်းရှိတယ်”

လူအုပ်ထဲတွင်ရှိနေသော လော့ရန်ယွီက ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း။

“ ကံကြမ္မာရဲ့ မဟာဧကရာဇ်မင်းဆိုတာ ခေတ်တစ်ခုချင်းစီတိုင်းမှာ တစ်ယောက်ပဲရှိတယ် ၊ ကြည့်ရတာ ရှင်နဲ့အတူ နောက်ဆုံးအထိ အဖော်ပြုဖို့ဆိုတာ ခဲယဉ်းပုံရတယ်...”

လော့ရန်ယွီ၏ စကားသံအဆုံးတွင် ၊

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

မှန်၏။ သူတို့သည် စူးချန်ကဲနှင့်အတူ အမတဘုံအထိ လိုက်ပါနိုင်ဖို့ ဆန္ဒရှိခဲ့သည်။

သို့သော် ဤခေတ်ကံကြမ္မာ၏မဟာဧကရာဇ်မင်းသည် စူးချန်ကဲသာလျှင် ရရှိနိုင်မည်ဟု မဆိုလိုချေ။

သူတို့သည် အနာဂတ်တွင် ၎င်းတို့၏ အခြေခံအုတ်မြစ်ကို စုဆောင်းခြင်းဖြင့် သေမျိုး မဟာဧကရာဇ်မင်း ဖြစ်လာနိုင်သည်။

သို့သော် သူတို့ကြားက ကွာဟမှုသည် ပို၍ ကြီးမားလာပြီး ၊နောက်ဆုံးမှာတော့ မည်သူမျှ စူးချန်ကဲကို အမီလိုက်နိုင်တော့မည် မဟုတ်ချေ။

ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် သူတို့အမြင်တွင် လုံးဝ ပျောက်ကွယ်သွားတော့မည့်အထိ ။

“စိတ်မပူနဲ့ ဒီခေတ်က ခေတ်ရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်”

စူးချန်ကဲက ဆက်ဆိုသည်။

“ အမတလမ်းကြောင်းကို ဒီခေတ်မှာ ဖွင့်ပေးနိုင်လိမ့်မယ် ၊ အခု ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲနေပြီ ၊ တခြားပြောင်းလဲမှုတွေလည်း ရှိလာနိုင်တယ် “

တကယ်တန်းတွင် ။

နိဗ္ဗာန်နမြို့ကို မဝင်မီ ။

ချီရွှမ် စစ်မှန်သူဆရာသခင်သည် စူးချန်ကဲနှင့် တစ်ဖန်တွေ့ဆုံကာ စကားပြောခဲ့ဖူးသည်။

ဆိုလိုသည်မှာ - ဤခေတ်သည် တိုက်မြေ သုံးထောင်နှင့် ဒေဝလောကအတွက် အချိုးအကွေ့တစ်ခု ဖြစ်လာမည်။

ဤခေတ်တွင် ပေါ်ထွက်လာသော ကံကြမ္မာ အရေအတွက်သည် အလွန် ကြီးမားလာပေလိမ့်မည်။

ဤသည်မှာ ဒေဝလောကကို ပြန်လည်မစတင်မီ မဟာလမ်းစဉ်၏ နောက်ဆုံး ပြန်လည်ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်သည်။

စူးချန်ကဲအား ဧကရာဇ်လျှောက်လှမ်း၏ အတားအဆီးများကို ချိုးဖျက်ရန် ပြောဆိုခဲ့သည်။

ဧကရာဇ်လျှောက်လှမ်းက သက်ရှိသတ္တဝါများကို လွတ်မြောက်စေပြီး ၊ အကျဉ်းကျနေသူများကို လွတ်လပ်ခွင့်ပေးရန် တောင်း‌ဆိုခဲ့သည်။

သို့သော်၊

တဖက်လူသည် သူ့ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် တမင်တကာ လမ်းပြနေသည် ဟု သူ အမြဲခံစားခဲ့ရသည်။

စူးချန်ကဲသည် နိဗ္ဗာန်နမြို့ရှိ အမှောင်တံခါးကို လှမ်းကြည့်လိုက်သည်။

သူ၏မျက်လုံးများသည် အလွန်နက်ရှိုင်းပြီး အဓိပ္ပာယ်များ ပြည့်ဝနေသည်။

“ ဧကရာဇ်လျှောက်လှမ်းရဲ့အဆုံးသတ်က အရာအားလုံးရဲ့ အဆုံးမဟုတ်ဘူးလား....”

“ပြီးတော့ ဒေဝလောကရဲ့ ပြန်လည်စတင်ခြင်းတဲ့လား...?”

အပိုင်း(၄၄၂): ဘဝရဲ့ နေရာတိုင်းမှာ စိမ်းလန်းတဲ့ တောင်တွေရှိတယ် ၊ ဘယ်နေရာမှာ သေသေ သေတဲ့နေရာမှာ မြှုပ်နှံနိုင်တယ်

သို့သော် စူးချန်ကဲသည် ဂရုမစိုက်ခဲ့ချေ။

မဟာလမ်းစဉ်ကို မအောင်မြင်ပါက ၊ နောက်ဆုံးတွင် သင်သည် ဖုန်အမှုန်အမွှားဖြစ်လာရုံမှတစ်ပါး ဘာမျှဖြစ်လာမည် မဟုတ်ပေ။

“သွားကြရအောင်”

စူးချန်ကဲကိုယ်တိုင် ဦးဆောင်၍ သူတို့သည် နိဗ္ဗာန်နမြို့ရှိ အမှောင်တံခါးဆီသို့ လျှောက်သွားခဲ့သည်။

“ နောက်ဆုံး တိုက်ပွဲဝင်ဖို့ အချိန်တန်ပြီ”

လူတိုင်း စူးချန်ကဲ၏ခြေရာအတိုင်း လိုက်လာကြသည်။

တခဏအတွင်း ၊

စူးချန်ကဲတို့အဖွဲ့သည် ဗလာကျင်းသော မုခ်ပေါက်ကြီးဆီသို့ ရောက်ရှိလာကြသည်။

အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုနှင့်အတူ ၊ ရှေးကတည်းက ကြွယ်ဝစွာတည်ရှိလာသော စွမ်းအားတစ်ခုသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်လာခဲ့ရာ လူတိုင်း၏ နှလုံးသားများကိုတုန်လှုပ်သွားစေခဲ့သည်။

“ဒါက ဧကရာဇ်လျှောက်လှမ်းရဲ့ နောက်ဆုံး ဝင်ပေါက်လား...?”

စူးချန်ကဲ၏နောက်လိုက်များသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

ဗလာကျင်းသော ဤမုခ်ပေါက်ထဲတွင်၊ အလွန်မှော်ဆန်သော လမ်းတစ်စင်းရှိနေပြီး ၊ ၎င်းသည် ကြယ်ရောင်စုံကောင်းကင်တစ်ဝန်းအထိ ဖြန့်ကျက်နေသည်။

နိယာမတရားမှ ပျံ့နှံ့ထွက်ရှိလာသော အလင်းရောင်များသည် တောက်ပနေသော နဂါးငွေ့တန်းပမာ အရောင်အသွေးစုံစွာ တောက်ပနေသည်။

ထိုအချိန်တွင် စူးချန်ကဲသည် သူ့နောက်လိုက်များကို လှည့်ကြည့်ကာ စကားဆိုလိုက်သည်။

“အားလုံး၊ ဒီတံခါးကို ဝင်ပြီးတာနဲ့ ငါတို့တွေက နေရာကွဲသွားကြလိမ့်မယ်လို့ ငါထင်တယ် “

“ ဒီအဆုံးသတ်ဧကရာဇ်လျှောက်လှမ်းဟာ ငါတို့အတွက် နောက်ဆုံး ကပ်ဘေးပဲ “

စူးချန်ကဲ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ။

“မင်းတို့အားလုံး ကောင်းကောင်း အသက်ရှင်ရမယ် ၊ ငါတို့ ဧကရာဇ်လျှောက်လှမ်းရဲ့အဆုံးမှာ ပြန်တွေ့ကြမယ် “

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် လူအုပ်ထဲတွင် ရှိနေသော လော့ရန်ယွီကို ကြည့်ကာ ဆိုလိုက်သည်။

“ ငါတို့ရဲ့ သဘောတူညီချက်ကို မမေ့နဲ့ “

“ မဟာလမ်းစဉ်ရဲ့ အထွက်အထိပ်မှာ ပြန်ဆုံကြမယ်”

ထိုစကားကို ကြားတော့ လော့ရန်ယွီမှာ အံ့သြသွားသည်။

ထို့နောက် သူမသည် ညင်သာစွာ ပြုံးလိုက်သည်။ အိမ်မက်ထဲက နတ်မိမယ်ကဲ့သို့ ဆွဲဆောင်မှုမျိုးဖြင့် ပြန်ပြောလိုက်သည်။

“ ကျွန်မကို အဲ့လောက်ထိ အထူးမျက်နှာသာ ပေးစရာမလိုပါဘူး “

“ ကျွန်မတို့အားလုံး မဟာလမ်းစဉ်ရဲ့ အထွပ်အထိပ်မှာ ရှင်နဲ့ပြန်တွေ့မယ်လို့ မျှော်လင့်နေတယ်”

စူးချန်ကဲက အသာယာပြုံးကာ အနည်းငယ် ခေါင်းညိတ်လိုက်ရင်း လူတိုင်းကို ဦီးညွှတ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။

“အားလုံးပဲ ၊ ငါတို့ရဲ့ သဘောတူညီချက်ကို သတိရပါ ၊ နှုတ်ဆက်ပါတယ်!”

ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် မုခ်ပေါက်ထဲသို့ ဝင်ရောက်သွားခဲ့သည် ။

တစ်ချိန်တည်းမှာပင်။

သူ၏နောက်လိုက်များစွာက စူးချန်ကဲပျောက်ကွယ်သွားသော ဉီးတည်ရာဘက်ကို ဦီးညွှတ်ကာ ဆိုလိုက်သည်။

“ ချန်ကဲ ဆက်ခံသူရဲ့ အမည်နာမ ထာဝရတည်မြဲနေလိမ့်မယ်! “

ကြွေးကြော်သံများက ကောင်းကင်ကိုလှုပ်ခါသွားစေပြီး ၊ တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ရသည်။

သူတို့အသိအမှတ် ပြုထားသော ဒဏ္ဍာရီအမည်သည် မြင့်မားသော ကမ္ဘာတစ်ခွင်၌ ဧကန်မုချ ကြားသိပေလိမ့်မည် ။

……..

စူးချန်ကဲ ထွက်သွားပြီးနောက် ၊

ကျန်လူများသည် မုခ်ပေါက်ထဲသို့ အသီးသီး ဝင်ရောက်သွားကြသည်။

သူတို့သဘောတူထားသည့်အတိုင်း ၊

ဧကရာဇ်လျှောက်လှမ်း၏ အဆုံးတွင် သူတို့သည် ပြန်လည်တွေ့ဆုံကြပေတော့မည်။

………

ကြယ်စင်များ ပြိုကျပျက်စီးကာ နိယာမတရားများ ချုပ်ငြိမ်းလေသည်။

မုခ်ပေါက်ကြီးနောက်တွင်၊ မြစ်သေကဲ့သို့ တိတ်ဆိတ်နေသော နဂါးငွေ့တန်းနေရာတစ်ခုရှိသည်။

မရေမတွက်နိုင်သော ဂလက်ဆီကျောက်များဖြင့် တည်ဆောက်ထားသော ဧရာမကျောက်တိုင်ကြီးများလည်း ရှိနေသည်။

ဤကျောက်တိုင်ကြီးများသည် အထီးကျန်စွာဖြင့် ရှိနေသော သေတမ်းကျောက်စာတိုင်ကဲ့သို့ ရှေးကျသော အငွေ့အသက်များနှင့်အတူ မရေမတွက်နိုင်သော နှစ်ကာလများစွာကတည်းက တည်ရှိလာခဲ့ပုံရသည်။

ကျောက်တိုင်တစ်ခုချင်းစီပေါ်တွင် ရှေးအက္ခရာစာလုံးများ ရေးထွင်းထားသည်။

အချိန်ကာလ၏ ကြာမြင့်မှုနှင့်အတူ ၊ရှေးအက္ခရာ စာလုံးများသည် အနည်းငယ် မှုန်ဝါးနေပြီး နာမည်အနည်းငယ်သာ မြင်နိုင်သည်။

၎င်းမှ ပေါက်ဖွားလာသော သတ်ဖြတ်လိုသော စိတ်ဆန္ဒတွင် အဆုံးမရှိသော နာကြည်းမှုများ ပါဝင်နေသည်။

သူတို့ဘဝ၏ မကျေနပ်သော စိတ်ဆန္ဒများကို ဖော်ပြပေးနေပုံရသည်။

“ဒါ ဧကရာဇ်လျှောက်လှမ်းမှာ မြှုပ်နှံခံထားရတဲ့ ပါရမီရှင်တွေလား...?”

စူးချန်ကဲသည် သူ့ကိုယ်သူ ညည်းညူလိုက်သည်။

“ဒါဆို ဒီအမည်မသိ ဂလက်စီကျောက်တိုင်တွေက သူတို့ရဲ့ သင်္ချိုင်းတွေလား?”

“ဟုတ်တယ်၊ ဒီနေရာကို ဧကရာဇ်မင်း သင်္ချိုင်းမြေလို့ ခေါ်တယ်၊ တစ်ချိန်က အလွန်ဘုန်းကံကြီးခဲ့တဲ့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ဒီနေရာမှာ မြှုပ်နှံထားတယ်”

ရုတ်တရက်၊ မရဏကမ္ဘာမှ ပေါက်ကွဲထွက်လာသော အသံကဲ့သို့ စူးချန်ကဲ၏နားထဲတွင် ထွက်ပေါ်လာသည်။

စူးချန်ကဲသည် ထိုအရာကို မျှော်လင့်ထားပုံရကာ ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထိတ်လန့်မသွားခဲ့ပေ။

“လူကြီးမင်း ဘယ်လိုလုပ်သိလဲ”

စူးချန်ကဲသည် အနည်းငယ် လှည့်ကြည့်လိုက်ရာ ၊ သူ့နောက်ကနေ လှမ်းပြောနေသော ထိုလူကို တွေ့လိုက်ရသည်။

ထိုအနှီသူသည် ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး ၊ အနက်ရောင် ဝတ်လုံကို ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးဖြစ်သည်။

သူကိုယ်ပေါ်မှ ဖြာထွက်နေသော ရောင်ဝါသည် လူကို တစ်မူထူးခြားသော ခံစားချက်ကို ပေးစွမ်းနေပြီး ၊ သူ၏ အသက်အရွယ် ကြီးရင့်သောမျက်နှာအောက်တွင် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိသည် ။ သူ၏ခန္ဓာကိုယ်သည် လေတစ်ချက် တိုက်ရုံဖြင့် လွင့်စင်သွားနိုင်သည်။

သို့သော်လည်း သူသည် အသံတစက်ကလေးမှ မထွက်ဘဲ စူးချန်ကဲ၏ အနားသို့ ချည်းကပ်လာနိုင်ခဲ့သည်။

သူ၏ ကျင့်ကြံမှုသည် စူးချန်ကဲထက် များစွာသာလွန်ပုံရသည်။

“ငါ့နာမည် ကျန်း ၊ ငါက သင်္ချိုင်းအစောင့်ပဲ “

အဘိုးအိုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူ၏အသံမှာ ခြောက်သွေ့အက်ကွဲနေသည်။

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး ဘာမှ မပြောခဲ့ပေ ။

ထိုအချိန်တွင် ကျန်း က ဆက်ပြောသည် ။

“ ခေတ်ကာလတစ်လျှောက်လုံး ပါရမီရှင်တွေ မရေတွက်နိုင်အောင် ရှိခဲ့တယ်”

“တစ်ချိန်က၊ မင်းလိုမျိုး ထက်မြက်တဲ့ ဒဏ္ဍာရီတွေကို ဖန်တီးခဲ့တဲ့သူတွေလည်း အများကြီးရှိခဲ့ဖူးတယ် “

“နောက်ဆုံးရလဒ်မှာတော့ သူတို့ သေသွားပြီး ဒီမှာ မြှုပ်နှံခံခဲ့ရတယ် ၊ သူတို့အားလုံးက အရှုံးသမားတွေပဲ ၊ အတိတ်ရဲ့ ပြာအဖြစ်နဲ့ ဘယ်သူမှ သူတို့ကို မှတ်မိမှာ မဟုတ်တော့ဘူး “

ကျန်း က အေးအေးဆေးဆေး ဆက်ပြောပြန်သည်။

“လူငယ်လေး ၊ မင်းရှေ့ဆက်လျှောက်ရင် မင်းလည်း နောက်ဆုံးမှာ သူတို့လိုဖြစ်မှာပဲ “

“မင်းရဲ့ အရည်အချင်းနဲ့ ဧကရာဇ်လျှောက်လှမ်းရဲ့ အဆုံးကို ဆက်မသွားဘူးဆိုတောင် တုနှိုင်းမရတဲ့ အောင်မြင်မှုတွေကို ရနိုင်ပါသေးတယ် ၊ ဘာကြောင့်များ ခုလိုဒုက္ခခံနေမှာလဲ”

စူးချန်ကဲ၏ မျက်လုံးများသည် လုံးဝတုန်လှုပ်မသွားဘဲ ဤအကြောင်းအရာများနှင့် လုံးဝမသက်ဆိုင်သော စကားတစ်ခွန်းကို ဆိုလိုက်သည်။

“လူကြီးမင်းက လူ့ဇာတိခံယူထားတာမလား ၊ ဧကရာဇ်လျှောက်လှမ်းရဲ့ အဆုံးသတ်လမ်းကို ဝင်လာတဲ့ ပါရမီရှင်တွေအားလုံး ခုလိုမြင်ကွင်းမျိုးကို မြင်ကြရလိမ့်မယ် မဟုတ်လား”

ထိုစကားကိုကြားတော့ ကျန်း အဘိုးအိုသည် ခဏလောက် ထိတ်လန့်သွားသည်။ စူးချန်ကဲမှ ယခုလိုစကားမျိုး ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

“အတော် စိတ်ဝင်စားဖို့ကောင်းတယ်”

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ ဤကဲ့သို့ လူဆိတ်ညံနေသော မြင်ကွင်းနှင့် သူ၏ထွက်ပေါ်လာမှုသည် လူကို တုန်လှုပ်သွားစေလိမ့်မည်။

ယခင်က မရေမတွက်နိုင်သော ပါရမီရှင်တော်တော်များများ ဤမြင်ကွင်းကို မြင်သည်နှင့် ဧကရာဇ်လျှောက်လှမ်း၏ အဆုံးသတ်ကနေ တိုက်ရိုက် နုတ်ထွက်ခဲ့ကြသည် ။

သူတို့သည် တိုင်းတစ်ပါး၌ မြှုပ်နှံရန်ဆန္ဒမရှိသလို မြေဆီလွှာဖြစ်ကာ ပျောက်ကွယ်သွားမည်ကို မလိုလားကြပေ ။

“ မဆိုးဘူး၊ ဒီမှာ သင်္ချိုင်းတွေ အများကြီးရှိတယ် ​​ရေတွက်လို့မရတဲ့အထိ များလွန်းတယ် “

ကျန်း က ပြုံးပြီးပြောပြန်သည်။

“ သင်္ချိုင်းစောင့်အနေနဲ့၊ သေလမ်းရှာနေတဲ့ ဒီကောင်လေးတွေကို တားဆီးပြီး ငါ့ရဲ့ စိတ်ဖိစိီးမှုကို လျော့ချရမယ်လေ “

“ ပြီးတော့ ဧကရာဇ်လျှောက်လှမ်းရဲ့ အဆုံးသတ်ဆိုတာ ဒီလိုပဲ ၊ မင်းက သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့ မင်းအနေနဲ့ သေဖို့ ပြင်ဆင်ထားရလိမ့်မယ် “

“ ဒီလမ်းကို ဝင်ရောက်လာသူတိုင်း အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေရှိတယ် ၊ သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း တုနှိုင်းမဲ့ပဲ”

ကျန်း သည် အဝေးတစ်နေရာမှ အလွန်မြင့်မားစွာဖြင့် ရှိနေသော ကျောက်တိုင်ကြီးကို ညွှန်ပြလိုက်သည်။

“ဥပမာ၊ သူ့လို အစွမ်းထက်တဲ့ ပါရမီရှင်တစ်ဦးတောင် အဆုံးမှာတော့ ကျဆုံးခြင်းဆိုတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ဘူး “

စူးချန်ကဲသည် ကျန်းအဘိုးကြီး၏ ညွန်ပြရာကို လှမ်းကြည့်လိုက်သည်။

အဆုံးမရှိသော နှစ်များ၏ တိုက်စားမှုကြောင့် ထိုကျောက်တိုင်သည် အနည်းငယ် ပျက်စီးနေသည်။

သို့သော် ပြင်းထန်သော တိုက်ပွဲဝင် စိတ်ဓာတ်နှင့် နာကျည်းမှုများက ယခုထိတိုင် သက်ဝင်နေသည်။

ဤကြောက်စရာကောင်းသော အနုတ်လက္ခဏာ စွမ်းအင်များအောက်တွင် စူးချန်ကဲပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သေချာကြည့်မည့်ဆိုပါက ၊ ကျောက်တိုင်ပေါ်တွင် ရေးထွင်းထားသော စကားလုံးများကို တွေ့မြင်နိုင်သည်။

[အမည်- ယဲ့ထျန်း

ဖွဲ့စည်းပုံ - လူဝင်စားဉာဏ်အလင်း ကိုယ်ထည်

အတ္ထုပ္ပတ္တိ- ထျန်းရှန်း တာအိုအရိုးဖြင့် မွေးဖွားလာခြင်း၊ ပြိုင်ဘက်ကင်းသော စွမ်းရည်၊ ဖိနှိပ်မှုတွင် သူ့ကို တွန်းလှန်နိုင်သူ မရှိ ၊ သူ၏ မျိုးဆက်တွင် တုနှိုင်းမဲ့သူ ဖြစ်ခဲ့သည်။

သေရခြင်းအကြောင်းရင်း- လူငယ် တိ့ထျန်း နှင့် တိုက်ပွဲတွင် ၎င်း၏အကွက်ရွေ့မှု တစ်ကွက်မှားရုံဖြင့် အဆုံးတွင် ရှံးနိမ့်ကာ နာကျည်းစွာဖြင့်သေဆုံးသွားခဲ့ရသည် ]

ထိုအရာမြင်တော့ စူးချန်ကဲ၏ မျက်ဝန်းများသည် ကျဉ်းမြောင်းသွားသည်။

တိ့ထျန်း မဟာဧကရာဇ် ။

ဤသည်မှာ နောက်ဆုံးအဖြစ် အမတဘုံသို့ တတ်လှမ်းသွားခဲ့သော ကွေးယွမ်သူတော်စင်နယ်မြေ၏ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်သည်။

လောကတွင် ပြိုင်ဘက်ကင်းပြီး ၊ အတောက်ပဆုံးသော မဟာ ဧကရာဇ်များထဲမှ တစ်ဦးအဖြစ် ချီးကျူးခံထားရသည်။

သူသည် တိုက်မြေ သုံးထောင်သမိုင်းတွင် အလွန်နက်ရှိုင်းသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။

ဤနေရာတွင် သူသည် တိ့ထျန်း မဟာဧကရာဇ်မင်း၏ ငယ်ရွယ်စဉ်အခါက ရန်သူကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကြည့်စမ်း၊ သူလို တန်ခိုးကြီးတဲ့လူတောင် အဆုံးမှာတော့ သေသွားရတယ် “

ကျန်း က စူးချန်ကဲကို စိုက်ကြည့်ပြီး ပြုံးကာ ဆိုလိုက်သည်။

“မင်း မကြောက်ဘူးလား?”

သို့ဆိုတောင် စူးချန်ကဲ၏ စိတ်သဘောထားမှာ လုံးဝ ပြောင်းလဲမသွားခဲ့ပေ။

သူသည် ဖြည်းညှင်းစွာ ရှေ့ကို လျှောက်လှမ်းရင်း အပြုံးမပျက် ဆိုလိုကိသည်။

“ တစ်ချိန်က စီနီယာလူကြီးမင်းတစ်ယောက် ပြောဖူးတာ ကျုပ် မှတ်မိသေးတယ် “

“ နေရာတိုင်းကို ခရီးသွားနေတဲ့ လူတစ်ယောက်ဟာ နေရာတိုင်းက သူ့အိမ်ဖြစ်‌နေမှာပဲတဲ့ “

စူးချန်းကဲက လှည့်မကြည့်ဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ ဘယ်နေရာမှာ သေသေ ၊ သေတဲ့နေရာမှာ မြှုပ်နှံနိုင်တယ် “

“ ဘဝရဲ့နေရာတိုင်းမှာ စိမ်းလန်းတဲ့ တောင်တန်းတွေရှိတယ် “

အပိုင်း(၄၄၃): ရန်သူဟောင်းများတွေ့ဆုံခြင်း

ထိုစကားသံအဆုံးတွင် ၊

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

“ဘယ်နေရာမှာ သေသေ သေတဲ့နေရာမှာ မြှုပ်နှံနိုင်တယ် ကောင်းလိုက်တဲ့စကား ...”

ကျန်း က ညည်းညူလိုက်သည်။

“ မဟာလမ်းစဉ်ကို ဝင်ရောက်လာပြီဆိုကတည်းက ကိုးကြိမ်သေခဲ့ရင်တောင် နောင်တရမှာမဟုတ်ဘူး”

စူးချန်ကဲသည် ထိုစကားတစ်ခွန်းကို ဆိုခဲ့ပြီးနောက် ၊ ရှေ့သို့ ဆက်သွားခဲ့သည်။ ဤသည်မှာ သူ၏နောက်ဆုံးတုံ့ပြန်မှုပင် ဖြစ်သည်။

ကျန်းအဘိုးအိုသည် အဝေးသို့ ထွက်ခွာသွားပြီဖြစ်သော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည် ။

သူ့စိတ်ထဲတွင် ပြောမပြနိုင်သော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့ပြီး ခဏတာ စကားမဲ့သွားခဲ့သည်။

တစ်ခါက ၊

စူးချန်ကဲ ကဲ့သို့သော ရွေးချယ်မှုများကို ပြုလုပ်ခဲ့သော ပါရမီရှင်များကို မရေမတွက်နိုင်အောင် သူ မြင်ခဲ့ဖူးသည်။

သူသည် ၎င်းတို့ကို တူညီသောမေးခွန်းကိုသာ မေးခဲ့သည်။

သူတို့အားလုံးကလည်း တူညီသော အဖြေကိုသာ ဖြေခဲ့ကြသည်။

မဟာလမ်းစဉ်ထဲကို ဝင်ရောက်လာပြီးဆိုကတည်းက ရှေ့ကိုသာ ဆက်သွားသင့်သည်။

သေခြင်းတရားကို ကြောက်နေရင် ၊ ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။

ထို့ကြောင့်၊ ဧကရာဇ်လျှောက်လှမ်းအဆုံးသတ်တွင် ခြေချခဲ့ကြသော ပါရမီရှင်တိုင်းတွင် ပန်းတိုင်တစ်ခုတည်းသာ ရှိသည်။

ကံကြမ္မာ၏ မဟာဧကရာဇ်မဖြစ်နိုင်ရင်တောင်မှ ဧကရာဇ်လျှောက်လှမ်း အဆုံးထိ ရောက်ရှိနိုင်ရမည်။

စူးချန်ကဲ၏ စကားကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ခေတ်ကာလပေါင်းများစွာ ငြိမ်သက်နေခဲ့သော ထိုကျောက်တိုင်များသည် ရုတ်ချည်းဆိုသလို တောက်ပစွာ ဝင်းလက်လာခဲ့သည်။

နိယာမတရားများ စီးဆင်းသက်ဝင်လာပြီး ၊ အလင်းမြူများက တဖျပ်ဖျပ် ခတ်လို့နေသည်။

နောက်ဆုံးတွင် မှုန်ဝါးဝါး အသွင်သဏ္ဍာန်အဖြစ် ဖွဲ့စည်းသွားသည်။

“ဒါက...မဟာလမ်းစဉ်ရဲ့ ပဲ့တင်ထပ်သံလား!?”

ဤရုတ်တရက်မြင်ကွင်းကြောင့် ကျန်းအဘိုးကြီးမှာ ထိတ်လန့်သွားခဲ့သည်။

သူသည် သင်္ချိုင်းစောင့်လုပ်လာခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါလေးမှ မတွေ့ကြုံဖူးပေ။

ဤသေဆုံးသွားသော ပါရမီရှင်များသည် အငယ်တန်းတစ်ယောက်၏ စကားတစ်ခွန်းကြောင့် တုံ့ပြန်မှုများ ပြုလုပ်လာခဲ့သည်။

ဝီ——!!

တောက်ပသော မှော်သင်္ကေတများသည် မှိတ်တုတ်မှိတ်တုတ်ဖြင့် အဆက်မပြတ် ရိုက်ခတ်နေပြီး ၊ ကြွယ်ဝသော နိယာမတရား၏ စွမ်းအားများ စုဝေးလာသည်။ နောက်ဆုံးတွင် ထိုမှုန်ဝါးဝါး အသွင်သဏ္ဍာန်ပုံရိပ်များသည် အစစ်အမှန်တစ်ခုအဖြစ် ထင်ရှားလာသည်။

သူတို့အားလုံးသည် ငယ်ရွယ်နုပျိုပြီး ထူးကဲသာလွန်သည်။

သူတို့အားလုံးသည် နောက်‌ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းတွင် ကျဆုံးခဲ့ကြသော အနှိုင်းမဲ့ ပါရမီရှင်များပင် ဖြစ်သည်။

တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်နေကာ ၊ သူတို့အားလုံးသည် အဝေးသို့ရောက်ရှိသွားပြီဖြစ်သော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို လှမ်းကြည့်နေကြသည်။

“ကျေးဇူးပဲ မိတ်ဆွေ... ငါတို့ .. သင်ယူခဲ့ပါပြီ”

ရုတ်​တရက်​ ၊ ပုံရိပ်​တစ်​ခုက ရေရွတ်လိုက်ပြီးနောက် ​လေးနက်​စွာဖြင့် ဦးညွှတ်လိုက်သည်​။

တစ်ချိန်တည်းမှာပင် ၊ မရေမတွက်နိုင်သော မှုန်ဝါးဝါး အသွင်သဏ္ဍာန် ပုံရိပ်များက စူးချန်ကဲ ထွက်ခွာသွားသည့် ဦးတည်ရာဘက်ဆီသို့ လှမ်းကြည့်လျက် ဦးညွှတ်လိုက်ကြသည်။

နှစ်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ‌မသိ။

သူတို့၏ နှလုံးသားထဲက နာကြည်းမှုများသည် ဘယ်တော့မှ လျော့နည်းသွားခြင်း မရှိခဲ့ပေ။

အဆုံးမရှိသော နှစ်ကာလတစ်လျှောက်လုံး သူတို့သည် နောင်တများကို ထွေးပိုက်ကာနေခဲ့ကြသည်။

အကယ်၍ သူတို့သည် ဤလမ်းကြောင်းပေါ်သို့ ခြေမချခဲ့ပါက၊ သူတို့သည် ဘဝ၏ ပျော်ရွှင်မှုကို တွေ့ကြုံခံစားနေမည်လော။

အကယ်၍ ကိုယ်ယုံကြည်ရာ တစ်ခုအတွက် အသက်ကို မစတေးခဲ့ဘူးဆိုပါက ၊ သူတို့သည် တခြားပုံစံဖြင့် ဆက်လက်တည်ရှိနေမည်လော။

သို့သော်လည်း စူးချန်ကဲ၏ စကားများသည် နောက်ဆုံးတွင် သူတို့၏ နှလုံးသားထဲက အာဃာတများကို စွန့်လွှတ်နိုင်စေခဲ့သည်။

ဘယ်နေရာမှာ သေသေ ၊ သေတဲ့နေရာမှာ မြှုပ်နှံနိုင်တယ်...

မဟာလမ်းစဉ်ကို ဝင်ရောက်လာပြီဆိုကတည်းက ၊ ကိုးကြိမ်သေခဲ့ရင်တောင် နောင်တရမှာမဟုတ်ဘူး...

………

စူးချန်ကဲသည် အချိန်ခဏတာ လျှောက်လှမ်းခဲ့ပြီးနောက်တွင် ၊

​ သူ့​ရှေ့တွင်​ အလင်း​ရောင်​တစ်​ခုက ရုတ်တရက် ထွက်ပေါ်လာသည်​။

သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ၊

မြင်ကွင်းသည် ရုတ်တရက် ကြည်လင်လာသည်။

ဘယ်နေရာကိုပဲကြည့်ကြည့် ၊ လူဆိတ်ညံသော အရပ်တစ်ခုလိုပင်။

တောင်တန်းများ အထပ်ထပ်ကာ‌ရံလျက် ၊ ကျောက်တုံးကြီးများက မိုးကောင်းကင်တစ်ဆုံး စုပုံနေသည်။

လေထုထဲတွင် ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ရှိနေသည်။

“ စူးချန်ကဲ ငါမင်းကိုစောင့်နေတာကြာပြီ”

“ဒီနေရာကို မင်းရဲ့‌ခေါင်းချရာမြေအဖြစ် မင်း ကျေနပ်ရဲ့လား”

ထိုအချိန်တွင် စူးချန်ကဲ၏ အနောက်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

နောက်ပြန် လှည့်ကြည့်လိုက်မည်ဆိုပါက ၊ တိမ်ပင်လယ်ထိ တိုးဝင်နေသော တောင်ထိပ်ပေါ်တွင် လူနှစ်ဦး ရပ်နေသည်ကို မြင်ရပေမည်။

တစ်ယောက်က ဆံပင်ဖြူဖြူနှင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ နောက်တစ်ယောက်က မဲနက်သော ဆံပင်နှင့် အနက်ရောင် ဝတ်ရုံကို ၀တ်ဆင်ထားသည်။ ၎င်းတို့သည် လူကို ပြင်းထန်သောသတိပေးမှုကို ပေးစွမ်းနေသည်။

အထူးသဖြင့် သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေသည်။ တစ်ချက်လှုပ်လိုက်ရုံဖြင့် ဟင်းလင်းပြင်အလွှာများကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

“မင်း ဖြစ်နေတာလား...?”

အေးစက်သောလေသံဖြင့် အသံပိုင်ရှင်မှာ စုမျဲ့ ဖြစ်ပြီး ၊ ယခင်က လေမုန်တိုင်းဂိတ်တွင် စူးချန်ကဲ နှင့် တိုက်ခိုက်ခဲ့ဖူးသည်။

သူ့ဘေးတွင် ဧကရာဇ်တစ်ပိုင်းနယ်ပယ် အဋ္ဌမအဆင့်ရှိ ချန်းဟွမ်းကျီလည်း ရှိသည်။

ချန်းဟွမ်းကျီ၏ မျက်လုံးများမှာ နီရဲနေပြီး စူးချန်ကဲကို သတ်ဖြတ်လိုသောအကြည့်များဖြင့် စိုက်ကြည့်နေသည် ။

“ စူးချန်ကဲ၊ ဒီနေ့ မင်းရဲ့အသွေးနဲ့ ကောင်းကင်ဘုံမှာရှိတဲ့ ငါ့ညီရဲ့ဝိညာဉ်အတွက် ယဇ်ပူဇော်မယ်!”

ချန်းဟွမ်းကျီသည် ထိုစကားများပြောပြီးနောက် အပိုတွေထပ်မပြောတော့ချေ။

ပြင်ပကမ္ဘာတွင် သူတို့၏ မကောင်းဆိုးဝါးမျိုးနွယ်စု နှင့် ကွေးယွမ်သူတော်စင်နယ်မြေသည် စစ်ပွဲကြီးတစ်ခုကို ဆင်နွဲနေပြီ ဖြစ်သည်။

စူးချန်ကဲသည် သူ့ညီကို သတ်ခဲ့သည်။ သူတို့သည် အရင်ကတည်းက ရန်သူတွေ ဖြစ်ခဲ့ပြီဟု ဆိုနိုင်သည်။

ဘုန်း ! !

ချန်းဟွမ်းကျီသည် အနက်ရောင် လှံတစ်ချောင်းကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

မကောင်းဆိုးဝါး စွမ်းအားများနှင့်အတူ ၊ လှံသည် စူးချန်ကဲဆီသို့ ပြေးဝင်သွားခဲ့သည်။

တခဏချင်းမှာပင်၊ သွေးနီရောင်ဖြင့် တောက်ပနေသော ချီလင်နတ်မီးတောက်သည် လေထဲတွင် ပေါက်ကွဲထွက်ပေါ်လာပြီး အရာအားလုံးကို လောင်ကျွမ်းသွား‌စေနိုင်သော ကြောက်ခမန်းလိလိ စွမ်းအားများကို သယ်ဆောင်လာခဲ့သည်။

“ကောင်းတယ်၊ မင်းကိုရှာဖို့ အချိန်ကုန်သက်သာတာပေါ့”

စူးချန်ကဲသည် တည်ငြိမ်စွာဖြင့် ကြည့်ရင်း သူ့လက်ဝါးကို ဆန့်ထုတ်လိုက်သည်။

တခဏချင်းမှာပင်၊ ကွက်လပ်တွင် အလင်းလှိုင်းဂယက်များ ရိုက်ခတ်လာခဲ့ပြီး ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။

ဘုန်း ! !

ထိုအချိန် ၊ အလင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲခံနီးအလိုတွင်

စုမျဲ့သည် ထိုအရာကို အခွင့်အရေးယူကာ တိုက်ခိုက်လာခဲ့သည်။

“ ကန့်သတ်မဲ့ လက်ချောင်း!”

စုမျဲ့သည် လက်ညိုးကို ဆန့်ထုတ်ကာ ကွက်လပ်ကို အသာပုတ်လိုက်သည်။

ဝီ——!!

တောက်လောင်နေသော နတ်အလင်းများ ပွင့်ထွက်လာပြီး ၊ အဆုံးမရှိသော မှော်ပြာသင်္ကေတများ တဟုန်ထိုး ထွက်ပေါ်လာသည်။

ကောင်းကင်လမ်းစဉ်၏ မှော်သင်္ကေတများသည် ဧရာမ လက်ချောင်းကြီးတစ်ခုအဖြစ် စုဝေးသွားပြီး ခမ်းနားထည်ဝါသော တန်ခိုးစွမ်းအားများကို ဆောင်ကျဉ်းကာ စူးချန်ကဲထံသို့ ကျရောက်သွားသည်။

“ လာတာကောင်းတယ် !”

“ ဓားအစီအရင် ၊ ဓားတစ်သောင်း မူလဆီသို့ ပြန်သွားခြင်း!”

စူးချန်ကဲက ဒေါသတကြီးဟစ်ကြွေးလိုက်သည်။ သူသည် ချန်းဟွမ်းကျီ၏ တိုက်ခိုက်မှုက မရင်‌ဆိုင်သေးခင် သူ့လက်ချောင်းဖြင့် ဓားကို စေညွှန်ကာ စုမျဲ့၏ တိုက်ခိုက်မှုကို ခုတ်ပိုင်းလိုက်သည်။

ရွှမ်း!!

ထို့နောက် လေခွင်းသံတစ်ချက် ထွက်ပေါ်လာသည်။

တဟုန်းဟုန်း တောက်လောင်နေသော ဓားစွမ်းအင်များသည် မရေမတွက်နိုင်သော ဓားအရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ လင်းလက်စွာ တောက်ပနေသော ကြယ်အစုအဝေးများကဲ့သို့ ရှိနေသည်။

စူးချန်ကဲသည် သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

ဝှစ် ဝှစ် ဝှစ်!

ဓားမိုးများသည် နေရာအနှံ့ရွာသွန်းလေသည်။

သို့သော် စူးချန်ကဲသည် ဤတိုက်ခိုက်မှုကို ပြုလုပ်နေစဉ် ၊ ချန်းဟွမ်းကျီသည် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

နောက်အခိုက်အတန့်တွင် သူသည် အလွန်လျင်မြန်သောအရှိန်ဖြင့် စူးချန်ကဲ၏ မျက်ကွယ်ရာနေရာတွင် လျှပ်တပြက် ထွက်ပေါ်လာသည်။

သူသည် လှံကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး သူ၏ မကောင်းဆိုးဝါးစွမ်းအားများကို လှံထဲသို့ ပို့လွှတ်လိုက်သည်။

“ ချီလင် ဇီယန်ဖြိုခွဲခြင်း! “

ဒေါသတကြီး အော်ဟစ်ပြီးနောက်၊ ချန်းဟွမ်းကျီသည် တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။

သူသည် စူးချန်ကဲကို မျက်ကွယ်နေရာကနေ တိုက်ခိုက်ခဲ့သည်။

ဝှစ်ဝှစ်!!!!

သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ၊ လက်များကို အလွန်လျင်မြန်သောအရှိန်ဖြင့် လှုပ်ရှားကာ စူးချန်ကဲအား မရေမတွက်နိုင်သော လှံအရိပ်များဖြင့် ထိုးနှက်လိုက်သည်။

လှံအရိပ်တစ်ခုချင်းစီတိုင်းတွင် အလွန်အားကောင်းသော မကောင်းဆိုးဝါးစွမ်းအင်များ ပါဝင်သည်။

တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသော လှံအလင်းများစွာသည် စူးချန်ကဲ၏ ရင်ဘက်နှင့် အကန့်အသတ်မရှိ နီးကပ်လာလေသည်။

“ ဟွန်း! အကြွင်းမဲ့ခွန်အားရဲ့ရှေ့မှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက ဘာမှအသုံးမဝင်ဘူး!”

စူးချန်ကဲက အေးစက်စွာနှာမှုတ်လိုက်သည်။ ဤအခိုက်အတန့်တွင်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ကိုယ်ထည်များ၏ အသွေးအသားတို့သည် လုံးဝ နိုးကြားလာခဲ့သည်။

ပြိုးပြိုးပြက်ပြက် တောက်ပသော နတ်အလင်းရောင်များက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သန်းပေါင်းများစွာသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ထို့နောက် စူးချန်ကဲ၏ အရေပြားမျက်နှာပြင်ပေါ်တွင် အလင်းကာတစ်ခုက လွှမ်းခြုံသွားသည်။

“ဒါက... သူတော်စင်ကိုယ်ထည်လေးခုရဲ့ အငွေ့အသက်လား?”

ဤရုတ်တရက်မြင်ကွင်းသည် ချန်းဟွမ်းကျီ၏ မျက်နှာကို သိသိသာသာပြောင်းလဲသွားစေခဲ့သည်။

သူ ပစ်လွှတ်လိုက်သော လှံသည် စူးချန်ကဲကို လုံးဝမှ မထိနိုင်ခဲ့ပေ။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက သူ၏ ထိုးနှက်တိုက်ခိုက်မှုသည် တားဆီးခဲ့သည်။

သူ မည်မျှပင် ကြိုးစားပါစေ လှုပ်မရခဲ့ပေ ။

“ဘာလို့လဲ...!?”

“စူးချန်ကဲက မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း မဟုတ်ဘူးလား!”

“ ဘာလို့သူတော်စင်ကိုယ်ထည် လေးခုတောင် ရှိနေရတာလဲ “

သို့သော် ချန်းဟွမ်းကျီ၏ စကားမဆုံးခင်မှာပဲ၊ စူးချန်ကဲသည် သူ၏တိုက်ခိုက်မှုကို စတင်ခဲ့ပြီ ဖြစ်သည်။

“ လုံရှန့်ကောင်းကင်ကို ဖိနှိပ်ခြင်းလက်သီး!”

စူးချန်ကဲသည် လက်သီး‌ဆုပ်လိုက်သည်။ ပူပြင်းတောက်ပသော နတ်အလင်းရောင်များက သူ၏ ညာလက်သီးကို ရစ်ပတ်ထားသည်။

ဘုန်း ! !

ထို့နောက် ချန်းဟွမ်းကျီ၏ ဦးတည်ရာဆီသို့ တိုက်ရိုက် ကျရောက်သွားသည်။

သူတို့နှစ်ဦးရှိရာ နေရာကို ဗဟိုပြုလျက် ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းတစ်စင်း ချက်ချင်းပေါက်ကွဲသွားပြီး ကောင်းကင်သို့ ပစ်ခွင်းသွားသည်။

တဟုန်ထိုး ရိုက်ခတ်လာသော လေလှိုင်းများက ဤနေရာတစ်ခုလုံးကို လုံးဝပျက်စီးသွားစေခဲ့သည်။

အပိုင်း(၄၄၄): ခြိမ်းခြောက်သူတိုင်း သေရမည်

“ စိတ်ဝင်စားဖို့ ကောင်းတယ် ၊ မင်းက ငါ့ရဲ့လက်သီးကို တားဆီးနိုင်တယ်ပေါ့ ?”

စူးချန်ကဲ၏ မျက်လုံးများသည် ပို၍အသက်ဝင်လာသည်။

အခိုးအငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ၊ ကျိုးပဲ့နေသော ကျောက်ခဲများကြား ဒူးတစ်ဖက်တည်းကိုသာ ထောက်ထားသော ချန်းဟွမ်းကျီကို တွေ့လိုက်ရသည်။

သူသည် သူ၏လှံကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသည်။ ၎င်းသည် စူးချန်ကဲ၏ လက်သီးကို သူ၏လှံတံဖြင့် တားဆီးနိုင်ခဲ့သည့်။

သို့သော် ဤမျှအားကောင်းသော ခွန်အား၏ ရှေ့‌မှောက်တွင်၊ ၊

ချန်းဟွမ်းကျီ၏ လက်များသည် အက်ကွဲရှကာ သွေးများ ထွက်နေသည်။

“ စုမျဲ့ ! မင်း မလှုပ်ရှားသေးဘူးလား!?”

ချန်းဟွမ်းကျီ၏ ဟောက်သံအပြီးတွင် ၊

အထက်ကောင်းကင်တွင် အလွန်ကြီးမားသော ကြာပြာပန်း တစ်ပွင့် ထွက်ပေါ်လာသည်။

ထိုကြာပန်း၏ အလယ်တွင် ရပ်နေသော စုမျဲ့သည် ကောင်းကင်လမ်းစဉ်၏ ပြင်းထန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်လမ်းစဉ် အထူးစွမ်းအား၏ ပံ့ပိုးမှုအောက်တွင် ၊ သူ၏ ခွန်အားသည် မဟာဧကရာဇ်မင်းနီးပါး ရောက်ရှိလာခဲ့သည်။

“ ဒီလောကကြီးမှာ ထူးဆန်းတဲ့ဖြစ်တည်မှုတွေ မလိုဘူး ၊ ဒီကမ္ဘာကြီးအနေနဲ့ ဟန်ချက်ညီဖို့ပဲ လိုအပ်တယ် !”

“ စူးချန်ကဲ ၊ မင်း အရှုံးပေးလိုက်တော့!”

ဝုန်း !!!

စုမျဲ့၏ စကားအဆုံးတွင် ၊

ကြာပြာမှ မရေမတွက်နိုင်သော အဖျက်မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ၊ ပျံဝဲနေ‌သော မိုးပြာနဂါးတစ်ကောင်ကဲ့သို့ စူးချန်ကဲရှိရာဘက်သို့ ကျဆင်းသွားသည်။

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲ၏ လက်ချက်ဖြင့် မြေကြီးထဲသို့ ရိုက်ချိုးခံခဲ့ရသည့် ချန်းဟွမ်းကျီသည်လည်း ဤအခွင့်အရေးတွင် သူ၏ခွန်အားကို တဖန်ပြန်လည် စုစည်းခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ချီလင်အသွေးအသားများသည် ဤအခိုက်အတန့်တွင် ပွက်ပွက်ဆူလာသည်။

တစ်ချိန်တည်းမှာပင် ၊ အလင်းနှင့် အမှောင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်ကာ ပွင့်လန်းလာသည်။

“သေပေတော့!”

စုမျဲ့၏ တိုက်ခိုက်မှုနှင့် အတူ ၊ သူ၏ မှော်စွမ်းအားများကို တစ်ဖန်ပြန်လည်အသက်သွင်းခဲ့သော ချန်းဟွမ်းကျီသည် စူးချန်ကဲကို ထပ်မံနှိမ်နင်းလိုခဲ့သည်။

အထက်ကောင်းကင်မှ အင်အားတစ်ခု ကျဆင်းလာသလို ၊

တစ်ချိန်တည်းမှာပင် ၊ မြေကြီးမှ အင်အားတစ်ခု ထွက်ပေါ်လာသည်။

သူတို့နှစ်ဦးသည် ၎င်းတို့၏ အကန့်အသတ်မရှိသော အဖျက်စွမ်းအားများကို မြှင့်တင့်ကာ စူးချန်ကဲအား လုံးဝချေမှုန်းပစ်ရန် ဆုံးဖြတ်ထားကြသည်။

“ ကောင်းကင်ဓား ၊ လာစမ်း!”

စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တခဏချင်းမှာပင်၊ အကန့်အသတ်မရှိသော ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပြန့်ကျဲသွားသည်။

ဤမျှ လွန်ကဲသော ဓားစွမ်းအင်၏ ရှေ့မှောက်တွင် ၊ ဓားတစ်လက်သည် သူတို့နှစ်ဦး၏ နဖူးရှေ့ကနေ ဖျတ်ခနဲ ပြေးဖြတ်သွားသည်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် စူးချန်ကဲသည် ဓားကို လွှဲယမ်းလိုက်ပြီ ဖြစ်သည်။

ရွှမ်း!!

အာကာသအတွင်းရှိအလွှာများကို လုံးလုံးလျားလျား ကွဲအက်စေနိုင်သော စူးရှတောက်ပသည့် ဓားအလင်းများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်၏ ဟောက်သံသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည်။

“ဒါက ...ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအား?”

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို မြင်လိုက်ရသဖြင့် စုမျဲ့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါက ကောင်းကင်လမ်းစဉ်ရဲ့ အနှိုင်းမဲ့ သန့်စင်တဲ့ စွမ်းအားပဲ... ဒီဓားက မဟုတ်မှလွဲရော...”

“မဖြစ်နိုင်ဘူး! ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်သခင်ကလွဲပြီး ဘယ်သူက သူ့ကို အသက်သွင်းဖို့ အရည်အချင်းပြည့်မီမှာတုန်း?”

စုမျဲ့၏ရင်ထဲက ဒေါသသည် ပို၍ကြီးမားလာသည်။

ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်သခင်သည် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အမြင့်မားဆုံးသော ယုံကြည်ချက်ဖြစ်သည်။

သူ၏ဖြစ်တည်မှုသည် သူတို့အတွက် အမှောင်ထဲတွင် တောက်ပနေသော အလင်းရောင်လိုပင်။ စူးချန်ကဲလက်ထဲ ဓားရှိနေခြင်းသည် ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်သခင်၏ အသိအမှတ်ပြုခံရသည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။

စူးချန်ကဲကို သုတ်သင်ရန် မိမိတို့၏ ခဲရာခဲစစ် ကြိုးစားမှုသည် ဘာအဓိပ္ပာယ်များရှိတော့မည်နည်း။

ဒေါသတရားများဖြင့် ၊ စုမျဲ့သည် သူ့လက်ထဲက စွမ်းအားများကို ပို၍တိုးမြှင့်လိုက်သည်။

ဤကမ္ဘာကြီးရှိ နေ၊ လနှင့် ကြယ်စင်များသည် သူနှင့်အတူ ပဲ့တင်ထပ်နေပုံရပြီး ၊ ၎င်းတို့သည် တုနှိုင်းမရအောင် ထိန်လင်းတောက်ပနေသည်။

ဤအခိုက်အတန့်တွင် ၊ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားများ လုံးလုံးလျားလျား ထွက်ပေါ်လာပြီး ကမ္ဘာကြီး လှုပ်ယမ်းနေကာ ကြယ်စင်များက တဖျပ်ဖျပ် ခက်လျက် တုန်ခါနေ၏။

ဝုန်း! !

အင်အားသုံးခု ပြင်းထန်စွာ တိုက်မိကြသည်။

ကမ္ဘာမြေကြီးသည် အပြင်းအထန် တုန်ခါနေပြီး ၊ မီးခိုးမြူမှုန်များက အကန့်အသတ်မရှိ တလိပ်လိပ် တက်လာသည်။

နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းကို ခြေချခဲ့ကြသော ပါရမီရှင်များပင်လျှင် အဆိုပါ ကြောက်စရာကောင်းသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အင်အားကို ခံစားခဲ့ရပြီး ၊ ထိုဦးတည်ရာဘက်ဆီသို့ မနေနိုင်ဘဲ လှည့်ကြည့်လိုက်ကြသည်။

“အဲ့ဘက်မှာ ထိတ်လန့်စရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံပဲ... ဘယ်သူများလဲ...?”

“ဒီရောင်ဝါကို ငါ အရမ်းရင်းနှီးသလိုပဲ ၊ စူးချန်ကဲ အဲ့ကောင်နဲ့ တူသလိုလိုပဲ “

“သွားကြမယ် ၊ သွားကြည့်ရအောင် ၊ တကယ်ပဲ စူးချန်ကဲသာဆိုရင် ငါတို့ပါ ပူးပေါင်းပြီး အဲ့ကောင်ကို ဖျက်ဆီးပစ်ကြမယ်!”

မကောင်းဆိုးဝါးဂိုဏ်းမှ ပါရမီရှင်တစ်ဦးက ဆိုလိုက်သည်။

“ စူးချန်ကဲ အဲ့ကောင်ရှိနေသ၍ ငါတို့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး!”

ထိုစကားများ ထွက်လာသည်နှင့်။

ပတ်ဝန်းကျင်သည် ချက်ခြင်း တိတ်ဆိတ်သွားသည်။

စူးချန်ကဲသည် သူတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်။

စူးချန်ကဲ ပြန်လည်အားကောင်းလာပြီးကတည်းက ၊ ဧကရာဇ်လျှောက်လှမ်း၏ အဆင့်ဖော်ပြမှု စာရင်းတွင် ပထမဆုံးနေရာကို သူကပဲ ပြန်လည် သိမ်းယူသွားခဲ့သည်။

သူတို့ကို အသက်ရှူကျပ်စေခဲ့သည့် အရာမှာ တဖက်လူ၏ အင်အားသည် ပို၍အားကောင်းလာခြင်းဖြစ်သည်။

“မှန််တယ်၊ စူးချန်ကဲ မသေရင်၊ ငါတို့ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး၊ ‌နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းဟာလည်း ဘာအဓိပ္ပါယ်မှ ရှိတော့မှာမဟုတ်ဘူး...”

ရှေးအင်အားစု၏ မျိုးနွယ်ဝင်တစ်ဦးက ဆိုလိုက်သည်။

“ ဒါ့ကြောင့် ၊ ငါတို့ ဒါကို သေချာပေါက် လုပ်ရလိမ့်မယ်...”

သို့သော် သူ့စကားမဆုံးခင် ၊

ဝုန်း ! !

မိုးကုတ်စက်ဝိုင်းမှ ကြောက်မက်ဖွယ်ရာ ပရမ်းပတာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ထိုသူတို့၏ ဧရိယာထဲသို့ ချက်ချင်း ကျရောက်လာခဲ့ပြီး အဖျက်စွမ်းအားများဖြင့် ပေါက်ကွဲလေသည်။

ထိုအနှီပြောဆိုသူသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် တန်ပြန်ကာကွယ်သော မှော်အတတ်များကို အသက်သွင်းခဲ့သော်လည်း ၊

သို့သော် အဆိုပါ ကြောက်စရာကောင်းသော စွမ်းအား၏ တိုက်ရိုက် ဝါးမျိုခံခဲ့ရကာ သူ့ခန္ဓာကိုယ်သည် ပျက်သုဉ်းသွားခဲ့သည်။

“ဘယ်သူလဲ ကွ ! ငါ့ရဲ့ ပုကျုံတောင်ကို တိုက်ခိုက်ဝံ့တယ်ပေါ့!?”

ထိုလူ၏ မိတ်ဆွေဖြစ်သူ ပါရမီရှင်တစ်ဦးက အော်ဟစ်လိုက်သည်။

သို့သော်လည်း ၊ ဤတိုက်ခိုက်မှုကို အစချီခဲ့သူသည် အလင်းအခင်းအကျင်း တစ်ခုဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။

ဘုန်း ! !

ချက်ချင်းပင်၊ ထိုအလင်းအခင်းအကျင်းမှ ပုလဲလို တောက်ပြောင်ကာ အရာအားလုံးကိုဖုံးအုပ်ထားသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး တရားစီရင်ချက်တစ်ခုကဲ့သို့ ထိုအနှီလူ၏ ဦးတည်ရာဆီသို့ ကျဆင်းသွားသည်။

“ လူကို စော်ကားလွန်းတယ်!”

“ ပုံသဏ္ဍာန်မရှိသော ဓမ္မကာယကိုယ်ထည်!”

ထိုအနှီလူသည် ဟောက်လိုက်သည်။

သူ့နောက်ကျောဘက်မှ နိယာမတရားများ တဟုန်ထိုး တတ်လာခဲ့ပြီး ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။

ထို့နောက် အရွယ်အစား ကြီးမားသော ဓမ္မကာယကိုယ်ထည်ကြီးတစ်ခုသည် နတ်ဘုရားတစ်ပါးကဲ့သို့ သူ့ကိုယ်နောက်သို့ ချက်ချင်း ဆင်းသက်လာသည်။

နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းထဲသို့ ဝင်ရောက်နိုင်သည့် ပါရမီရှင်တိုင်းသည် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားသူများဖြစ်သည်။

သူ့အမြင်အရ ၊ မိမိ၏ ဆရာတူညီလေးသည် တဖက်လူ၏ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီး သေဆုံးခဲ့ရသည်။ သူသာ အပြည့်အဝ တိုက်ခိုက်မည်ဆိုပါက ထိုအပြစ်သားကို သတ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

သို့သော် စိတ်ကူးသည် လှပသလောက် ၊ လက်တွေ့သည် ရက်စက်သည်။

ဤအဖျက်စွမ်းအားရှိသော နတ်အလင်းရောင်ထဲတွင် ပရမ်းပတာစွမ်းအင်များ ပါဝင်နေပုံရသည်။

ထိုအလင်းတန်း ထိုးဖောက်ဝင်ရောက်လာသည်နဲ့အမျှ မဟာလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်သော‌ မှော်သင်္ကေတများစွာ သက်ဝင်လှုပ်ရှားလာခဲ့ပြီး ၊ တစ်စင်းတည်းသော အလင်းတန်းမှ ရောင်စဉ်မျိုးစုံ ပြန်လည်ခွဲထွက်လာပြီး ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

“ဒါက ဘယ်လိုလုပ်...”

ပုကျုံတောင်၏ ထိုပါရမီရှင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ အဆုံးသတ်တော့မည်ကို သိလိုက်သည် ။

“ လော့နတ်ဘုရားရဲ့ ဒီလုပ်ရပ်က စည်းကျော်သွားပြီ”

“မင်း ပုကျုံတောင်ကလူတွေကို ဒီစကားတစ်ခွန်းအတွက်နဲ့ သတ်ပစ်တော့မယ်ပေါ့ “

“မင်း ပုကျုံတောင်ကို အလေးအနက် မထားတာလား?”

ထိုအချိန်တွင် ကောင်းကင်ယံမှ အေးစက်သော နှာမှုတ်သံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

နတ်လှံတစ်စင်း ‌ထွက်ပေါ်လာပြီး တဖက်လူ၏ တိုက်ခိုက်မှုကို ဖြိုခွင်းလိုက်သည်။

ဝုန်း !!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ မျက်စိကို စူးရှသွားစေသော ပူပြင်းတောက်လောင်နေသော အလင်းပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အာကာသတစ်ခုလုံး လွှမ်းခြုံသွားသည်။

တောက်ပသော နတ်အလင်းကို ဆောင်ကျဉ်း၍ ထွက်ပေါ်လာသော ထိုလှံတံသည် တဖက်လူ၏ အဖျက်စွမ်းအားကို ရပ်တန့်စေနိုင်ခဲ့ရုံသာမက အပိုင်းပိုင်း လွင့်ထွက်သွားစေခဲ့သည်။

“ လော့ရန်ယွီ မင်းလုပ်ရဲလား!?”

နောက်ထပ် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

“ဘာလို့ မလုပ်ရဲရမှာလဲ?”

“ဒီကောင်က ခေါင်းဆောင်ဖြစ်ချင်နေတာဆိုတော့ သေသင့်တယ် “

သွေးအန်သံ !!

နောက်အခိုက်အတန့်တွင် ၊

အ‌သွေးအသားများ စုတ်ဖြဲခံလိုက်ရသော အသံနှင့်အတူ ငိုကြွေးအော်မြည်သံကို ကြားလိုက်ရသည်။

စူးချန်ကဲကို သတ်ရန် အခြားလူများနှင့် ပူးပေါင်းရန်ပြောဆိုခဲ့သော ပုကျုံတောင်မှ ထိုအနှီလူသည် ရင်ဘက်ထုတ်ချင်းဖောက်ခံရကာ သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် ပျက်သုန်းသွားခဲ့ရသည်။

All Chapters