← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 32 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 32 Ch. 445-447

အပိုင်း(၄၄၅): သူ့လမ်းကို ပိတ်ဆို့တဲ့သူတိုင်း ငါတို့က ရှင်းထုတ်ပေးမယ်

“လော့ရန်ယွီ မင်း လုပ်ရဲလား!”

ထိုအချိန်တွင် ၊ မိုးကုပ်စက်ဝိုင်းပေါ်ရှိ ထိုအနှီလူ၏ ရုပ်ရည်သွင်ပြင်သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ထိုအနှီလူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသူတိုင်း ခေါင်းကြီးသွားကြသည်။

“ဒါ ပုကျုံတောင်ရဲ့ အကြွင်းမဲ့ ပါရမီရှင် ထျန်းရှင်!”

ထျန်းရှင်သည် လက်ရှိအချိန်ထိ ကျော်ကြားအောင်မြင်နေသူ တစ်ဦးဖြစ်သည်။

ရတနာရှာသံလိုက်အိမ်မြှောင်၏ အကူအညီဖြင့် ဧကရာဇ်လျှောက်လှမ်းတစ်လျှောက် သူ လုယူထားသော အခွင့်အရေးများသည် မည်မျှများပြားသည်ကို မသိန်ိုင်ချေ။

ထို့ကြောင့် သူ၏ခွန်အားသည် အလွန်အားကောင်းရုံသာက အဖိုးတန်ရတနာများ၏ အကူအညီလည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့ကို ဧကရာဇ်လျှောက်လှမ်း၏ မြင်းနက်များထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသည်။

“ အဖိုးတန်ရတနာတွေရဲ့ အားကိုးနဲ့ ငါ့ရှေ့မှာ ရောင့်တက်ဖို့ နင့်ကိုယ့်နင် အရည်အချင်းပြည့်မီတယ်လို့ ထင်နေတာလား?”

ဂရုမစိုက်သော လေသံနှင့်အတူ ၊

ဟိုးအဝေး မိုးကုတ်စက်ဝိုင်းတစ်နေရာမှ ပရမ်းပတာ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

လှပသော မိန်းမပျိုတစ်ဦးသည် အထက်ကောင်းကင်ယံတွင် ဖြေးညှင်းစွာ ထွက်ပေါ်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။

အဖြူထည်စသည် လေနှင့်အတူ တဖျပ်ဖျပ်ခတ်နေပြီး ၊ ဆံနွယ်များက လေနှင့်အတူ လွင်မျောနေသည် ။

ထိုသူမှာ ယောင်ချီ သူတော်စင်နယ်မြေ၏ လော့ရန်ယွီဖြစ်သည်။

မူလက သူမသည် တိုက်ပွဲ၏ ရိုက်ခတ်မှု အတက်အကျကို ခံစားခဲ့ရပြီး ထိုနေရာသို့ သွားရောက်တော့မည့်အချိန် ၊ ဤနေရာတွင် လူတစ်စု လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို သတိထားမိလိုက်သည်။

စူးချန်ကဲအား ဒုက္ခပေးရန်ကြံရွယ်နေသော လူတစ်ယောက်ကို သူမသည် စိတ်မထိန်းနိုင်ဘဲ သတ်ပစ်ခဲ့သည်။

“ကောင်းလိုက်တဲ့ လော့ရန်ယွီ!”

“ ငါ ထျန်းရှင်က မိန်းမတွေနဲ့ ရန်ဖြစ်ရတာကို မကြိုက်ဘူး ၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ ပုကျုံတောင်ကို ဆန့်ကျင်ခဲ့မှတော့ အဲ့အတွက် မင်းပြန်ပေးဆပ်ရမယ် !”

ထိုစကားသံအဆုံးတွင် ၊

ထျန်းရှင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ၊ ခမ်းနားထည်ဝါသော စေတီမျှော်စင်တစ်ဆောင် ထွက်ပေါ်လာသည်။

ဝီ!

စေတီမျှော်စင် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၊

အဆုံးမရှိသော ရောင်ခြည်တော်များ ပွင့်လန်းလာပြီး ၊ ထောင်ပေါင်းများစွာသော နိယာမတရားများဖြင့် ဖန်တီးတည်ဆောက်ထားသော နိယာမပင်လယ်ကြီးနှင့် တူသည်။

“ ကောင်းတာပေါ့၊ ကျွန်မ သူ့အတွက် လမ်းရှင်းပေးပြီးသား ဖြစ်တာပေါ့!”

လော့ရန်ယွီသည် ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်ပြီး ၊ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင်၊ သူမ၏ လက်ထဲ၌ လှပသော ဓားရှည်တစ်ချောင်း ပေါ်ထွက်လာခဲ့သည်။

ဝုန်း !!

ချက်ချင်းပင်၊ လော့ရန်ယွီ၏ ခန္ဓာကိုယ်ထဲမှ ပရမ်းပတာ စွမ်းအင်များ အကန့်အသက်မရှိ ထွက်ပေါ်လာသည်။

ပူပြင်းတောက်လောင်သော ပရမ်းပတာစွမ်းအားများသည် မနားမနေ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ရပ်နားခြင်းမရှိ သက်ဝင်လှုပ်ရှားလာသည်။

၎င်းတို့သည် တောက်ပနေသောအလင်းလှိုင်းများအဖြစ် ကွက်လပ်အတွင်း ပျံ့နှံ့ နေသည်။

လော့ရန်ယွီသည် သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ ပရမ်းပတာ အလင်းလှိုင်းပင်လယ်ပြင်ပေါ်တွင် တောက်ပသော လတစ်စင်း ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ ဟွိုင့်တွိုင့်ခန္ဓာကိုယ်၏ ရူပါရုံ၊ ပင်လယ်ပြင်ပေါ်တွင် တောက်ပသောလသော်တာ !

“ဆောင်းဦးလေ လော့ထျန်း!!”

ထိုအသံနှင့်အတူ ၊

လော့ရန်ယွီသည် သူမဓားကို မြှောက်လိုက်ပြီး လေထဲတွင် ပျံဝဲနေသော စေတီမျှော်စင်ကို ခုတ်ပိုင်းလိုက်သည်။

ဓားသည် လှိုဏ်ဂူထဲမှ ထွက်လာသော ဝိညာဉ်မြွေတစ်ကောင်နှင့်တူပြီး ၊ ဓားစွမ်းအင်နှင့်အတူ ပြင်းထန်သော ပရမ်းပတာစွမ်းအင်များသည် အချင်းချင်းရောယှက်ကာ လူးလိမ့်ရိုက်ခတ်နေသည်။

နောက်ဆုံးတွင်၊ လသော်ဝာာ ဆုံလှည့်ဘီးအဖြစ် ပြောင်းလဲသွားသည်။

ရွှမ်း!!

လေထဲတွင် လွင့်မျောနေသော စေတီမျှော်စင်ဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။

လော့ရန်ယွီ၏ ဓားစွမ်းအင်သည် စူးချန်ကဲထက် အားနည်းသော်လည်း ၊ ပရမ်းပတာ စွမ်းအား၏ ကောင်းချီးပေးမှုအောက်တွင် သူမ၏ခွန်အားမှာ အလွန် ကြောက်စရာကောင်းနေသည်။

နှစ်ဖက်စလုံး ထိပ်တိုက် တွေ့ဆုံကြသည့်အခိုက်အတန့်တွင် ၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဝုန်း --! !

မှော်သင်္ကေတများ ပျက်သုန်းကာ လေပြင်းများ ထန်လာသည်။

စေတီမျှော်စင်သည် အဆိုပါ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားအောက်တွင် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေပြီး အချိန်မရွေး ပြိုကျလုမတတ်ပင်။

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…!?”

ထျန်းရှင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ၊ သူကိုယ်တိုင်ပင် မထိန်းနိုင်ဘဲ ထုတ်ပြောမိသည်။

ဤမျှော်စင်စေတီသည် ဧကရာဇ်လျှောက်လှမ်း၏ ပဉ္စမအဆင့်ဂိတ်ရှိ ထျန်းကွမ့်လှိုဏ်ဂူတွင် သူ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းကို အလွန်မာကြောသော ဥက္ကာခဲသံဖြင့် ပြုလုပ်ထားပြီး ၊ ၎င်းပေါ်တွင် ရှေးနိယာမတရား၏ ကောင်းချီးများ ရှိသောကြောင့် ဖျက်ဆီးဖို့ဆိုတာ အတော်ပင် ခက်ခဲပေလိမ့်မည်။

သို့သော် လော့ရန်ယွီ၏ တိုက်ခိုက်မှုအောက်တွင် ၊ ၎င်းသည် ပြိုကွဲလုနီးပါးဖြစ်ခဲ့သည်။

ရုတ်တရက် ၊ ထျန်းရှင်သည် တစ်ခုခုကို တွေးလိုက်မိသည် ။

သူသည် သွားများကို တင်းကြပ်စွာ အံကြိတ်ရင်း ဆိုလိုက်သည်။

“ -ီးပဲ! စောနက တိုက်ခိုက်မှုမှာ သူမ အဓိပတိအရိုးရဲ့ အစွမ်းကို သုံးထားပုံရတယ်!”

တုံ့ဆိုင်းမနေဘဲ ၊ ထျန်းရှင်သည် ရတနာများစွာကို ထပ်မံ ထုတ်သုံးခဲ့ပြန်သည်။

နတ်လှံတစ်စင်းသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ၊

မှော်လက်ဖွဲ့တစ်ခုသည် ကောင်းကင်ယံကို လွှမ်းခြုံထားသည်။

ရှေးစည်းတံဆိပ် တစ်ခုက တဖျပ်ဖျပ်ဖြင့် တုန်ခါနေသည်။

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများပါရှိသော မရေမတွက်နိုင်သော ရတနာများသည် ကောင်းကင်ယံတွင် ပြန့်ကျဲနေကာ ထူးခြားဖြစ်စဉ်အမျိုးမျိုးကို ဖန်တီးနေလေ၏။

သို့ဆိုတောင် လော့ရန်ယွီသည် လုံးဝ ဂရုမစိုက်ချေ။

သူမ၏ လက်ဖြင့် တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။

သန်းပေါင်းများစွာသော ပရမ်းပတာ စွမ်းအင်များ ဖောက်ထွင်းဝင်ရောက်လာပြီး လော့ရန်ယွီ၏ ဘေးတစ်ဝိုက်တွင် ရစ်ပတ်နေသည်မှာ သူမကို ကောင်းကင်ဘုံကိုးထပ်က နတ်ဘုရားမ တစ်ပါးကဲ့သို့ အသွင်ဆောင်ကျဉ်းနေသည်။

.........

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲရှိရာနေရာတွင် တိုက်ပွဲကြီးတစ်ခု ဆက်လက်ဖြစ်ပွားနေသည်။

နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းထဲ ခြေချခဲ့ကြသော မကောင်းဆိုးဝါးမျိုးနွယ်ဝင် စွမ်းအားရှင်များသည် ၎င်းတို့နှစ်ဦး၏ ဆင့်ခေါ်မှုကိုရရှိကာ ထိုဒေသဆီသို့ ပြေးသွားကြသည်။

နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းထဲသို့ ခြေချခဲ့သော ပါရမီရှင်တိုင်းကလည်း ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြီးကို မြင်တွေ့‌ခဲ့ကြသည်။

ကောင်းကင်တွင် မကောင်းဆိုးဝါးစွမ်းအင်များလှိုင်လှိုင်ထနေပြီး ၊ အနက်ရောင်အလင်းတန်းများသည် ဦးတည်ချက်တစ်ခုဆီသို့ သွားရောက်နေကြသည်။

“ဟမ်… ဒီမကောင်းဆိုးဝါးတွေ ရူးနေကြပြီလား ၊ ဘာလို့ တစ်နေရာတည်း စုဝေးနေကြပါလိမ့်”

“ဒီမကောင်းဆိုးဝါးစွမ်းအင်တွေထဲမှာ ဖုံးကွယ်ထားတဲ့ ပြင်းပြင်းထန်ထန် သတ်ဖြတ်လိုခြင်းအငွေ့အသက်တွေ ရှိနေသလိုပဲ …သူတို့ တစ်စုံတစ်ယောက်ကို သတ်ပစ်တော့မှာလား?”

ထိုအချိန်တွင် သတင်းအချို့ကို အနည်းငယ်ကြားသိထားသော ပါရမီရှင်တစ်ဦးက လေးနက်သော အသံဖြင့် ဝင်ပြောလိုက်သည်။

“ငါ့မိသားစုကနေ ပေးပို့လာတဲ့သတင်းစကားအရ၊ တိုက်မြေသုံးထောင် အခု ရုန်းရင်းဆန်ခတ်ဖြစ်နေပြီ”

“ ကွေးယွမ် သူတော်စင်နယ်မြေ က ကောင်းကင်ဘုံမကောင်းဆိုးဝါး တောင်တန်းက ဦးဆောင်ထားတဲ့ မကောင်းဆိုးဝါးမျိုးနွယ်စုတွေနဲ့အတူ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နဲ့ စစ်ပွဲကြီးတစ်ခုကို ဆင်နွဲနေတယ် “

“ တိုက်မြေသုံးထောင်ရဲ့ နေရာတော်တော်များများ မြှုပ်နှံခံလိုက်ရပြီ…”

ထိုစကားကို ကြားလိုက်ရသောလူတိုင်း ၊ သူတို့၏စိတ်နှလုံးသားများမှာ တုန်လှုပ်သွားကြသည်။

တိုက်မြေတော်တော်များများကို နစ်မြုပ်သွားစေနိုင်သည့်အထိ စစ်ပွဲကြီးသည် မည်မျှတောင်ပြင်းထန်လေသနည်း။

ပြင်ပကမ္ဘာတွင် ဘာတွေများဖြစ်ပျက်နေသနည်း။

လူတိုင်းအတွေးကိုယ်စီဖြင့် ရှိနေတုန်း ၊

အထက်ကောင်းကင်မှ အေးစက်သော လေသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။

“ အရှေ့ဘက်က တားမြစ်နယ်မြေပဲ ၊ ကျူးကျော်သူတိုင်း သေရမယ်!”

ထိုအသံသည် ပေါက်ကွဲထွက်လာသော မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

ဘုန်း ! ဘုန်း ! ဘုန်း !

မကောင်းဆိုးဝါးမျိုးနွယ်ဝင်များ ဦိးတည်သွားနေသော လမ်းကြောင်း၏ အရှေ့မျက်နှာစာတွင် အလင်းတန်းများစွာ ကျရောက်လာသည်။

ထိုအလင်းတန်းများကြား ၊ အားကောင်းသော ရောင်ဝါများကို ပိုင်ဆိုင်ထားသော စွမ်းအားရှင်တချို့ရှိနေသည်။

ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအင်များက သူတို့၏ ဘေးတစ်ဝိုက်တွင် ဝန်းရံနေသည်မှာ ကောင်းကင်ပြင်ကြီးပင်လျှင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေသည်။

“ဒါက… ကွေးယွမ် သူတော်စင်နယ်မြေရဲ့ သူတော်စင် သုံးယောက်ပဲ! ရှေးဟောင်းသူတော်စင် ကိုယ်ထည်ပိုင်ရှင် လီဟောက်ထျန်း ၊ မြင့်မြတ်သော ဘုရင် ကိုယ်ထည်ပိုင်ရှင် ပီချင်းရှ ၊ ရှေးဟောင်း မျက်စံနှစ်မြွာပိုင်ရှင် ယဲ့လင်ထျန်းပဲ !”

“ပြီးတော့… ကောင်းကင်တောင်နတ်ဓားဂိုဏ်းက ကျန်းဝမ့်ချင်လည်း ပါသေးတယ်”

“အမ်… ဒါက အရိုးဖြူပင်လယ် ဘုရင်မ… ယွင်ရှင်းယန် …သူတို့အားလုံးက စူးချန်ကဲရဲ့ နောက်လိုက် တွေ မဟုတ်ဘူးလား!”

ပါရမီရှင်တစ်ဦးက အာမေဋိတ်ပြုလိုက်သည်။

သူတော်စင်သုံးပါး ဦးဆောင်သော ထိုအနှီလူများသည် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကြသည်။

လက်ရှိနေရာတစ်ခုလုံးကို လုံးဝ ပိတ်ဆို့လိုက်သကဲ့သို့ အလင်းကာတစ်ခုသည် ကောင်းကင်ယံမှ ကျရောက်လာသည်။

“ဟွန့် မင်းတို့ လူနည်းနည်းလေးနဲ့ ငါတို့ကို တားနိုင်မယ် ထင်လား!”

ခေါင်းဆောင်ဖြစ်သူ မကောင်းဆိုးဝါးမျိုးနွယ်ဝင် စွမ်းအားရှင်တစ်ဦးက ဟောက်လိုက်သည်။

“ဒီကောင်တွေက စူးချန်ကဲနဲ့အတူ သေချင်နေတာဆိုတော့ ငါတို့ သူတို့ကို အရင်သတ်လိုက်ကြရအောင်!”

ဝုန်း !!

မကောင်းဆိုးဝါးမျိုးနွယ်ဝင် စွမ်းအားရှင်အုပ်စုသည် ကြောက်မက်ဖွယ်ကောင်းသော ၎င်းတို့၏ မှော်စွမ်းအားများကို ချက်ချင်းအသက်သွင်းကာ ပေါက်ကွဲထွက်လာကြသည်။

ဤကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများ၏ နှိုးထ‌မှုအောက်တွင် ၊ ကောင်းကင်ကြီးတစ်ခုလုံး တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားပြီး အရာအားလုံးကို အမှောင်ထုထဲသို့ ကျရောက်သွားစေသည်။

သူတော်စင် သုံးဦးနှင့် တခြားလူများ၏ မျက်နှာများမှာ ဘာမှမထူးခြားဟန်ဖြင့် ရှိနေကြဆဲပင် ဖြစ်သည်။

၎င်းတို့သည်လည်း အလားတူ တောက်ပသော နတ်အလင်းများဖြင့် ပေါက်ကွဲထွက်လာကြသည်။ ထို့နောက် ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော မှော်အစွမ်းများကို အသက်သွင်းကာ မကောင်းဆိုးဝါးမျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့ကြသည်။

“ ချန်ကဲ ဆက်ခံသူကသာ ဒီခေတ် ကံကြမ္မာရဲ့ မဟာဧကရာဇ်မင်းပဲ!”

“ ချန်ကဲဆက်ခံသူကို တားဆီးလိုသူတိုင်း ငါတို့က သေချာပေါက် ရှင်းထုတ်ပစ်မယ်!”

လီဟောက်ထျန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ရှေးဟောင်း သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါများ နိုးထလာပြီး နောက်ဆုံးတွင် အရွယ်အစား ကြီးမားသော ဓမ္မကာယကိုယ်ထည်ကြီးကို ဖန်ဆင်းခဲ့သည်။

သူ၏ လှုပ်ရှားမှုနှင့်အတူ ၊ သူ့နောက်မှ ဓမ္မကာယကိုယ်ထည်ကြီးသည်လည်း အလားတူ လှုပ်ရှားလာခဲ့ပြီး မကောင်းဆိုးဝါးမျိုးနွယ်ဝင်များကို တိုက်ခိုက်လေတော့သည်။

အပိုင်း(၄၄၆): အမှား အမှန်ဟူ၍မရှိ

တစ်ချိန်တည်းမှာပင်

တိုက်မြေ သုံးထောင်၌ ၊

စစ်ပွဲကြီးသည် ရပ်တန့်သွားခြင်းမရှိ။

မရေတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်ကို မျှော်ကြည့်နေကြသည်။

စစ်ပွဲ၏မြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းသော်လည်း ၊ ဝမ်းနည်းစရာကောင်းသော ခံစားချက်က ပို၍များသည် ။

တပ်ဖွဲ့ကြီးနှစ်ခု ထိပ်တိုက်ဆုံတွေ့လေတိုင်း ၊နိယာမတရားများ ငိုကျွေးမြည်တမ်းရလေသည်။

ကြီးမားသော လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့လွင့်ရိုက်ခတ်သွားသည်။

မရေမတွက်နိုင်သော နိယာမတရားများအပြင် အလင်းကန့်လန့်ကာသည် စကြဝဠာအများအပြားကို လွှမ်းခြုံထားသည်။

မည်သည့်နေရာမဆို ၊ တိုက်ခိုက်နေကြသော စွမ်းအားရှင်များကိုသာ မြင်တွေ့ရပေလိမ့်မည်။

ဘုန်း ! ဘုန်း ! ဘုန်း !

ကမ္ဘာမြေကို တုန်လှုပ်စေသော ပြင်းထန်သော ပေါက်ကွဲသံများကို အဆက်မပြတ် ကြားနေရသည်။

စကြာဝဠာအလွန်က တိုက်ပွဲသည်လည်း လူကိုသည်းထိတ်ရင်ဖို ဖြစ်စေသည်။

“တောက်လောင် မီးတောက်!”

ရှေးဖီးနစ်မျိုးနွယ်စု၏ ရှေးဘိုးဘေး ဟွမ်ထျန်း ဖန်းယန်သည် ဒေါသတကြီးဟောက်လိုက်သည်။ သူ၏ အေးစက်သောမျက်လုံးထဲတွင် မဟာလမ်းစဉ်၏ နတ်မီးလျှံများ တောက်လောင်နေသည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း !

ကမ္ဘာကြီးတစ်ခုလုံး တခဏချင်း လောင်မြိုက်ခံလိုက်ရသကဲ့သို့ ပူပြင်းသော လေထုသည် အာကာသအတွင်းသို့ ဝင်ရောက်ရိုက်ခတ်လာခဲ့သည်။

နတ်မီးတောက်သည် ပို၍ ပြင်းထန်လာသည်နှင့်အမျှ ၊ အဆုံးမဲ့မီးလျှံများသည် ဟွမ်ထျန်း ဖန်းယန်၏နောက်တွင် စု‌ရုံးသွားလေသည်။

ဖီးနစ်တစ်ကောင်၏ အော်ဟစ်သံကို ကမ္ဘာကြီးတစ်ခုလုံး ကျယ်လောင်စွာ ကြားလိုက်ရသည်။

ဧရာမ နတ်ဖီးနစ်ဌက်ကြီးတစ်ကောင် ရုတ်တရက် ထိုးဆင်းလာသည်။ ၎င်း၏ ကြီးမားသော မျက်လုံးအစုံတွင် ပြင်းထန်သော ရက်စက်မှုများဖြင့် ပြည့်နှက်နေ‌သည်။

မီးတောက်များဖြင့် ပြည့်နှက်နေသော ၎င်း၏တောင်ပံများကို ခက်လျက် ကောင်းကင်တွင် ပျံသန်းပြီးနောက် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးဖြစ်သူထံသို့ ပြေးဆင်းသွားသည်။

ထိုကွေးယွမ်ဘိုးဘေး၏ အမည်မှာ လုံရွှမ် ဘိုးဘေး ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် ရှေးဘိုးဘေးနဂါး၏ အသွေးများ ရှိနေပြီး ၊ သူ့ကိုယ့်သူ နဂါးတစ်‌ကောင်အဖြစ် ပြောင်းလဲကာ တစ်လောကလုံးကို အုပ်စိုးနိုင်သည်။

လုံရွှမ် ဘိုးဘေးက ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။

ဝုန်း !

နောက်ဆုံးတွင် ၊ အလွန်ပြင်းထန်သော ရောင်ဝါများဖြင့် ပေါက်ကွဲထွက်လာသည်။

နဂါးတစ်ကောင်၏ ​ဟောက်​သံသည်​ သူ၏အတွင်းထဲမှ ပွင့်ထွက်လာပြီး ၊ စကြာဝဠာကြီးတစ်ခုလုံးကို ဖြန့်ကျတ်သွားကာ လှိုင်းဂယက်များ ရိုက်ခတ်လေသည်။

ဆက်လက်ပြီး ။

မြင့်မြတ်သော ရွှေဝါရောင် မိုးနဂါးကြီးသည် လုံရွှမ် ဘိုးဘေး၏ ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီး ကောင်းကင်သို့ ပျံတတ်သွားသည်။

တစ်ချိန်တည်းမှာပင်။

ရွှေ‌ရောင် မိုးနဂါးကြီး ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ၊ အထက်ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းများ ပြန့်ကျဲသွားပြီး မရေမတွက်နိုင်သော စစ်မှန်နဂါးအရိပ်များအဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

လုံရွှမ် ‌ဘိုးဘေးမှ အသွင်ခံယူထားသော ရွှေရောင် မိုးနဂါးကြီးသည် ခမ်းနားထည်ဝါသော နတ်နဂါးတို့၏ သခင်တစ်ပါးကဲ့သို့ မရေမတွက်နိုင်အောင် ရှိနေသည့် စစ်မှန်နဂါးအရိပ်များ၏ အလယ်တွင် ရှိနေသည်။

နောက်အခိုက်အတန့်တွင် ၊ ဟွမ်ထျန်း ဖန်းယန်မှ ဖန်တီးထားသော ပူပြင်းတောက်လောင်နေသော လေပြင်းများသည် ပို၍ ကြမ်းတမ်းလာပြီး သူ၏ ကြီးမားသော တောင်ပံတစ်စုံကို ရိုတ်ခတ်နေသည်မှာ အရာအားလုံးကို စုတ်ဖြဲပစ်နိုင်ပုံရသည်။

တဖက်လူမှ တိုက်ခိုက်လာသည်နှင့် တစ်ချိန်တည်းမှာပင် လုံရွှမ်ဘိုးဘေး၏ ဘေးတစ်ဝိုက်တွင် စုဝေးနေကြသော စစ်မှန်နဂါးများသည် ဟောက်သံပြုကြလေသည်။

ဟောက်သံ!!

မရေမတွက်နိုင်သော မိုးပြာနဂါးများ ဟောက်သံပြုနေကြသည့် မြင်ကွင်းသည် မည်မျှ ကြီးကျယ်ခမ်းနားပြီး ကြောက်စရာ ကောင်းလိုက်လေသနည်း။

မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် နေရာအနှံ့ လွင့်ထွက်သွားပြီး ၊ အသံလှိုင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နိယာမတရားများ ပြိုကျပျက်စီးရသည်။

ဤနောက်ဆက်တွဲဒဏ်ကို ခံစားခဲ့ရသော ကျင့်ကြံသူများအနေဖြင့် ၊ ၎င်းတို့၏ သွေးများမှာ ပွက်ပွက်ဆူလာပြီး စိတ်ဝိညာဉ်သည်ပင် တုန်လှုပ်သွားခဲ့ရသည်။ ကျင့်ကြံမှု အားနည်းသောလူများသည် သွေးများအန်ထွက်ရသည့်အထိပင်။

စစ်မြေပြင်ကို ထပ်ပြီး ကြည့်ဝံ့ဦးမည်ဆိုပါက ၊ မမြင်နိုင်သော ယင်းအသံလှိုင်းများကြောင့် မိမိသည် သွေးအခိုးအငွေ့များအဖြစ် ပြောင်းလဲခံလိုက်ရမည်ကို ကြောက်မိပေသည်။

ထိုအသံလှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသော ဟွမ်ထျန်း ဖန်းယန်သည် တုန်လှုပ်သွားခဲ့ပြီး သွေးအန်လုနီးပါးပင်။

“ငါဟာ ရှေးဖီးနစ် စစ်မှန်ဘိုးဘေးကနေ ဆင်းသက်လာတဲ့ သွေးအနွယ်ပဲ….မင်းထက် ငါကနိမ့်ကျစရာလား!?”

ဟွမ်ထျန်း ဖန်းယန်မှ အသွင်ခံယူထားသော ဖီးနစ်ဌက်ကြီးသည် ကြွေးကြော်အော်ဟစ်လိုက်သည်။

အရှုံးပေးလိုသော စိတ်ဆန္ဒမရှိဘဲ ရှေ့သို့ ဆက်တိုးချင်ပုံရသည်။

သို့သော်လည်း အကြွင်းမဲ့ခွန်အားကို ရင်ဆိုင်ရချိန်တွင် ကျရှုံးမှုသည် သူ၏တစ်ခုတည်းသောရလဒ်သာ ဖြစ်သည်။

လုံရွှမ်ဘိုးဘေးသည် ဟွမ်ထျန်း ဖန်းယန်၏ အော်ဟစ်မှုကို အေးအေးလူလူ ကြည့်နေပြီး ၊ ဘာမှမလှုပ်ရှားပေ။

နောက်အခိုက်တန့်တွင် ၊

ဖီးနစ်ဌက်ကြီးသည် လုံရွှမ်ဘိုးဘေးနှင့် အကန့်အသတ်မရှိ နီးကပ်လာချိန်တွင် ၊

လုံရွှမ်ဘိုးဘေး၏ မျက်လုံးထဲတွင် နတ်အလင်းတစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက လွှမ်းခြုံသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျရောက်လာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခု ဝင်ရောက်လာကဲ့သို့ ထိုဧရိယာတစ်ခုလုံး အေးခဲသွားသည်။

“ဒါက… အာကာသ စွမ်းအားလား!?”

အဆိုပါ ကြောက်မက်ဖွယ်ရာ စွမ်းအားကို တွေ့ကြုံခံစားလိုက်ရသော ထိပ်တန်းစွမ်းအားရှင်တစ်ဦးကို ထိတ်လန့်သွားစေသည့်အထိ အာကာသ၏စွမ်းအားကို ထိန်းချုပ်နိုင်သော ထိုအနှီလူသည် မည်မျှတောင်သန်မာလေသနည်း။

ဘုန်း --!!

နောက်အခိုက်တန့်တွင်။

နဂါးနှင့် ဖီးနစ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

၎င်းတို့နှစ်ဦး၏ ထိပ်တိုက်ဆုံတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုသည် မရေမတွက်နိုင်သောလူများကို အသက်ရှူကြပ်သွားစေသည်။

ပျက်သုန်းခြင်းအလင်းတန်းများ လွင့်ထွက်သွားပြီး ၊ ကြယ်အစုအဝေးများစွာ ဖြိုခွဲခံလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းသည် မရေမတွက်နိုင်သော သူတော်စင်ဧကရာဇ် စွမ်းအားရှင်များကို အဝေးသို့ လွင့်ထွက်သွားစေခဲ့ပြီး မြေပြင်ပေါ်တွင် ဘုန်းဘုန်းလဲကျကာ သွေးအန်ထွက်စေခဲ့သည်။

ကျွီ !

စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ၊

ဟွမ်ထျန်း ဖန်းယန်သည် ဤတိုက်ပွဲတွင် ကျရှုံးသွားခဲ့ပြီး အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ နတ်မီးတောက်များသည် မှိန်ဖျော့သွားခဲ့ပြီး မီးပွားများအဖြစ်သို့ ပျံ့လွင့်သွားခဲ့သည်။ အဆုံးတွင် ကြယ်တာယာ ကောင်းကင်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ တိုက်ရိုက်ကျရောက်ကာ ပျောက်ကွယ်သွားသည်။

ယခုလို မြင်ကွင်းများသည် နေရာစုံတွင် ဖြစ်ပွားနေပြီး ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များ ကြွေလွင့်ခဲ့ရသည်။

ဘုန်း ! !

နောက်တစ်နေရာတွင် ၊

တောက်ပသော မီးတောက်တစ်ခုသည် အထက် ကောင်းကင်ယံမှ အောက်သို့ ကျဆင်းလာခဲ့သည်။ ၎င်းတွင် ပါဝင်သော ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများသည် ဖြည်းဖြည်းချင်း ပျံ့လွင့်နေသည်။

“ ကျုံ !!!”

အပျက်အစီးများထဲမှ စိတ်ထိခိုက်ဖွယ်ရာအသံ ထွက်ပေါ်လာသည်။

စန်းသည် သွေးအလိပ်လိပ်ဖြင့် အပျက်အစီးများပေါ်တွင် ရပ်နေသည်။

သူ့တစ်ကိုယ်လုံး တောက်ပနေသေးသော်လည်း အားအင်ကုန်ခန်းလုနီးနေပြီ ဖြစ်သည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဝင် တတိယမြောက်အစ်ကိုအဖြစ်၊ သူ၏ ဂုဏ်သိက္ခာကို မစွန့်လွှတ်နိုင်သေးပေ။

သူ၏ ဘေးပတ်ပတ်လည်တွင် တောက်လောင်နေသော ကောင်းကင်လမ်းစဉ်၏ စွမ်းအားသည် သူ့အတွက် နောက်ဆုံးခွန်အားဖြစ်ပုံရသည်။

သူသည် အထက်ကောင်းကင်ယံမှ တဖြည်းဖြည်း ကျဆင်းလာသော မီးပွားများကို ကြည့်ရှုနေသည်။

မျက်ရည်များက တားစီးမရအောင်ကျဆင်းနေပြီး ၊ အဆုံးမသတ်နိုင်သော နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

ယခုတွင် သူတို့အဖွဲ့ဝင် ခြောက်ယောက်မှလွဲ၍ ကျန်လူများသည် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။

သူတို့အားလုံးသည် ကိုယ်ယုံကြည်ရာတစ်ခုအတွက် အသက်ကို စတေးခဲ့ကြသည်။

သူတို့အားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ အစ်ကို စန်း …..”

စီ နှင့် ဝူ တို့သည်လည်း သွေးများအလိပ်လိပ်ဖြင့် သူ့နောက်တွင် ရပ်နေကြသည်။

စကားပြောဖို့ ချီတုံချတုံဖြစ်နေပုံရပြီး ၎င်းတို့၏ နှလုံးသားထဲလည်း ထပ်တူထပ်မျှ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

“ဟားဟား၊ ဒါ ငါတို့ လျှောက်လှမ်းချင်ခဲ့တဲ့အရာလား ?”

“ဒါက ငါတို့ ပေးဆပ်ရမယ့်တန်ကြေးလား?!”

စန်းက ရုတ်တရက် ထရယ်လိုက်သည်။ သူ့ရယ်သံထဲတွင် ဝမ်းနည်းမှုများရှိနေသည်။

“ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ကောင်းကင်နှင့်မြေကြီးရဲ့ အလိုဆန္ဒနဲ့ ဖွဲ့စည်းခဲ့တယ် ၊ သက်ရှိအပေါင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ တည်ဆောက်ခဲ့တယ်…”

“ဒါပေမယ့် နောက်ဆုံးမှာတော့ ၊ ခုလိုအဆုံးသတ်တဲ့လား…”

စစ်မြေပြင်ကို ကြည့်ရင်း စန်းက မရပ်မနား ငိုကြွေးလေ၏။

ဤလောကတွင် အမှားအမှန်ဟူ၍ မရှိ ။

သူတို့လျှောက်ခဲ့သော လမ်းမှာ မတူသလို ၊သူတို့ ယုံကြည်ထားခဲ့သော အယူအဆများမှာလည်း မတူညီရုံသာ ဖြစ်ခဲ့သည်။

ဤသည်မှာ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နှင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ ကံကြမ္မာပင် ဖြစ်သည်။

ဒါဟာလည်း ကောင်းကင်လမ်းစဉ်၏ ပထမမျိုးဆက် သခင်၏ နောက်ဆုံးဆန္ဒလည်း ဖြစ်သည်။

သူတို့အဖို့ နောက်ပြန်ဆုတ်ဖို့လမ်းမရှိခဲ့ချေ။

……

ကြယ်တာယာ ကောင်းကင်အလွန်တွင် ၊

ကြီးမားကျယ်လောင်သော ‌အသံတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သူ ယီ သည် ဝိန့်ထျန်းဘိုးဘေးမှ ဖန်တီးထားသော ဓမ္မကာယကိုယ်ထည်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

“အစ်ကို!”

အော့ က အော်ဟစ်လိုက်ပြီး ၊ တခြားတစ်နေရာမှ အမြန်ရောက်လာကာ လဲကျသွားသော ယီ ကို ဖမ်းဆုပ်လိုက်သည်။

“ဘာမှမဖြစ်​ဘူး…”

ယီ ၏ ပါးစပ်သည် သွေးများဖြင့် စွန်းထင်းနေပြီး သူ၏အသက်ရှုသံမှာ အားနည်းနေသည်။

“ အစီအစဉ်က ဘယ်လိုလဲ…?”

ထိုစကားကို ကြားပြီးနောက် ၊ အော့၏ မျက်လုံးများသည် တုန်လှုပ်သွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူသည် ခက်ခက်ခဲခဲ ပြောလိုက်သည်။

“အဲဒါက အသက်ဝင်သွားပြီ၊ ငါတို့ အရေးယူဖို့ပဲ လိုတော့တယ်”

“ကောင်းတယ်…..”

ယီ က အားတင်းပြီးပြုံးလိုက်ရင်း။

“ငါတို့ရဲ့ နောက်ဆုံး ယုံကြည်မှုအတွက် ၊ ငါတို့ရဲ့ ကောင်းကင်လမ်းစဉ် သခင်အတွက် ….”

“ကောင်းကင်လမ်းစဉ်ဟာ ထာဝရ တည်မြဲနေတယ်ဆိုတာကို ကမ္ဘာကို သက်သေပြမယ်…!”

အပိုင်း(၄၄၇): မဟာလမ်းစဉ်၏ အမြင့်မြတ်ဆုံး အရာဝတ္ထုနှစ်ခု ထိပ်တိုက်ဆုံတွေ့ခြင်း

ထိုစကားကိုကြားပြီးနောက် ၊

အော့ ၏ မျက်လုံးများသည် သိသိသာသာ မှိန်ဖျော့သွားသည်။

သူတို့ ဒီအဆင့်ထိ ရောက်ခဲ့ကြပြီလား?

သို့သော် ဤအရာသည် ကောင်းကင်လမ်းစဉ် သခင်မှ လိုလားတောင့်တခဲ့သော ဆန္ဒပေလော။

“ အော့ ..”

အော့ ၏အတွေးကို မြင်နေရသကဲ့သို့ ယီ က ဆက်ပြောခဲ့သည်။

“ဒါက ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်နဲ့ ဒီခေတ်ရဲ့ ကံကြမ္မာပဲ”

ထို့နောက် ၊

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ ကျွန်တော် ယီ၊ ပထမမျိုးဆက် ကောင်းကင်လမ်းစဉ်သခင်ကို တောင်းဆိုပါတယ် ၊ ကျွန်တော်တို့ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကောင်းကင်လမ်းစဉ်ရဲ့ အာဏာစက်ဒိုင်းလွှာကို အသုံးပြုခွင့်ပေးပါ!”

ထိုစကားများ ထွက်ပေါ်လာပြီးသည်နှင့် ၊

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ထိုအရာကို အာရုံခံစားမိခဲ့ပုံရသည်။

ချက်ချင်းပင် ၊ ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများသည် ကြီးကျယ်ခမ်းနားစွာ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ၊

ကြီးမားသော ကြေးဝါဒိုင်းလွှားကြီးတစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

ဤကြီးမားသော အပြာရောင် ဒိုင်းလွှာကြီးသည် ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်ပုံရပြီး ထာဝရတည်ရှိလာသော အရာတစ်ခုလိုပင်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးကျသော ကမ္ပည်းစာလုံးများစွာ ရေးထွင်းထားပြီး ၊ ပြာလဲ့လဲ့ တောက်ပနေသည်။

ကောင်းကင်လမ်းစဉ်၏ ပြင်းထန်သော ရောင်ဝါများကို ပိုင်ဆိုင်ထားပြီး ရောင်စုံအလင်းတန်းများ ဖြာကျနေသည်မှာ မျောလွင့်နေသော ကြယ်စုများကဲ့သို့ လှပသည်။

“ဒါက ကောင်းကင်လမ်းစဉ်ရဲ့ အာဏာစက် ဒိုင်းလွှားလား…!?”

မကောင်းဆိုးဝါးမျိုးနွယ်ဝင် စွမ်းအားရှင်များသည် အထက်ကောင်းကင်တွင် မျောလွင့်နေသော ဒိုင်းလွှားကြီးကို မျှော်ကြည့်နေကြသည်။

ထိန်းမနိုင်သိမ်းရ တုန်လှုပ်ခြင်းများစွာဖြင့်။

မိမိတို့၏ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကိုတောင် ယှဉ်နိုင်သော ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ်၏ ကြီးကျယ်ခမ်းနားသော ရှေးဟောင်းပစ္စည်းသည် နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့လေသလော။

ထျန်းချန် မကောင်းဆိုးဝါးအိုကြီးသည်လည်း ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေခဲ့သည်။

သို့သော် မကောင်းဆိုးဝါး မျိုးနွယ်ဝင် တစ်ယောက်အနေဖြင့် ၊ သူသည် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို သူ့ဘက်ကအရင် ဆင့်ခေါ်ဖို့ ရွေးချယ်လိမ့်မည် မဟုတ်ပေ။

ယင်းအစား၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ကွေးယွမ် သူတော်စင် နယ်မြေတို့ ဒဏ်ရာရ‌ရှိနေစဉ် သူသည် အပြင်းထန်ဆုံး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပြီး ၎င်းတို့အား ဖျက်ဆီးရန်ပြင်ဆင်ထားခဲ့သည်။

“ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာ… ကမ္ဘာပေါ်မှာ အခိုင်ခံ့ဆုံး ဒိုင်းလွှာလို့ ခေါ်ကြတယ်မလား…?”

“ ဒါပေမဲ့ ငါတို့ ကွေးယွမ်ရဲ့ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်းထက် နိမ့်ကျနေသေးတယ်!”

ထျန်းဝိန့်ဘိုးဘေးက ရှေ့တစ်လှမ်းတိုးလာခဲ့သည်။

သူသည် ကွေးယွမ် သူတော်စင် နယ်မြေကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး။

“ ကျွန်တော် ထျန်းဝိန့် ၊ ကွေးယွမ်ပရမ်းပတာ ခေါင်းလောင်းရဲ့ စွမ်းအားကို ပြသပေးဖို့ ရှေးဘိုးဘေးကို တောင်းဆိုပါတယ် !”

“ကောင်းပြီ”

ထိုအသံနှင့်အတူ ၊

ဒင်--!!

ခေါင်းလောင်းသံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အဖျက်သဘောဆောင်သော မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပရမ်းပတာအလင်းတန်းများ အဆုံးမရှိ ထွက်ပေါ်လာပြီး ၊ ဟုန်မုန်၏ ခရမ်းရောင်စဉ်တန်းများ ကျဆင်းလာသည်။

🍁T/N - ဟုန်မုန် : ဖန်ဆင်းခြင်းမပြုမီ သဘာဝတရားတွင် အရေးကြီးသော နိယာမတရား 🍁

အလားတူ၊ အရွယ်အစားကြီးမားသော ကြေးဝါခေါင်းလောင်းကြီးသည် ကမ္ဘာ၏ တစ်ဝက်လောက်ကို ဖုံးလွှမ်းသွားသည်။

ခေါင်းလောင်းသံသည် အဆက်မပြတ် မြည်တမ်းနေပြီး တစ်ချိန်တည်းမှာပင် အဆုံးမရှိသော အာကာသမုန်တိုင်းများ ရိုက်ခတ်လို့လာသည်။

ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် အလွန် လျှို့ဝှက်ဆန်းကြယ်သော ရောင်ခြည်များကို ထုတ်လွှတ်နေသည်။

ထို့နောက် ၊ ကောင်းကင်တွင် မရေမတွက်နိုင်သော ခေါင်းလောင်းပုံရိပ်များစွာ ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။

နောက်ဆုံးတွင်၊ ၎င်းသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှား ရှိရာဦးတည်ရာဘက်ဆီသို့ ဖျက်စီးရန်အလို့ဌာ ကျရောက်သွားသည်။

သို့သော်။

ကောင်းကင်လမ်းစဉ်၏ အာဏာစက်ဒိုင်းလွှားသည်လည်း အလွန်အစွမ်းထက်သည်။

သူ့ဟာသူ အသက်ဝင်ကာ လှုပ်ရှားနေပြီး ၊ လောကတစ်ခုလုံးကို ချေမှုန်းပစ်နိုင်သော အင်အားမျိုး ရှိပေသည်။

မှော်အစီအရင် ဖွဲ့စည်းပုံများကို ဖန်တီးကာ ကောင်းကင်တွင် ပျံဝဲနေသည်။

ထိုမှော်အစီအရင်ကွက်များ အသက်ဝင်လာသည်နှင့်အမျှ တစ်ချိန်တည်းမှာပဲ လွန်စွာ ခမ်းနားထည်ဝါသော တန်ခိုးစွမ်းအားများ ကျဆင်းလာသည်။ ယင်းတွင် မရေမတွက်နိုင်သော ဘုံဗိမာန်များနှင့် မျှော်စင်များကို ယောင်ဝါးဝါး မြင်တွေ့နိုင်မည် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်မှာ လောကရှိ အရာအားလုံးကို ကြေမွမတတ်ပင်။

တစ်ချိန်တည်းမှာပင်။

ယီ သည် လုံးဝမတုံ့ဆိုင်းဘဲ ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အမတ သဘောဆောင်သော နတ်အလင်းရောင်များဖြင့် တောက်ပလာကာ သူ၏ လက်အစုံဖြင့် ရှေးကျသော စည်းတံဆိပ်ကဲ့သို့သော မှော်အစီအရင်တစ်ခုကို ဖန်တီးနေသည်။

ဘုန်း ! !

တစ်ချိန်တည်းမှာပင်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသံတစ်ခုကို ကြားရပြီး ၊ လျှပ်စီးမိုးကြိုးများ ကျရောက်လာသည်။

ယီ တည်ရှိရာဧရိယာတွင် မိုးခြိမ်းသံများဖြင့် ဖုံးလွှမ်းသွားသည်။

ကောင်းကင်ပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများရှိနေပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော အင်အားများ သက်ဝင်လှုပ်ရှားနေပုံရသည်။

ဘယ်နေရာကိုပဲ ကြည့်ကြည့် ၊ မဟာလမ်းစဉ်၏ ကြောက်စရာကောင်းသော မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထျန်းဝိန့်ဘိုးဘေးသည် ဤမြင်ကွင်းကို အေးအေးလူလူ ရပ်ကြည့်နေသည်။

တန်ခိုးကြီးမားသော တာအိုဆရာသခင် တစ်ယောက်အနေဖြင့်၊ သူ့တွင်လည်း သူ့ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသည်။

တကယ်တော့၊ ကွေးယွမ် သူတော်စင် နယ်မြေ နှင့် ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကြားတွင် သေဆုံးရလောက်သည့်အထိ ရန်ကြွေးမျိုး မရှိပေ။

သူတို့၏ အတွေးအခေါ်များသည် မတူညီသလို ၊ သူတို့ယုံကြည်ရာလမ်းစဉ်မှာလည်း ကွဲပြားသည်။ ထို့ကြောင့်သာလျှင် ယခုလို ပြင်းထန်သော သဘောထားကွဲလွဲမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤစစ်ပွဲကြီးသည် ကမ္ဘာ့ပျက်ကပ် ခေတ်၏ နောက်ဆုံးတိုက်ပွဲ ဖြစ်သလို ၊

ခေတ်သစ်ကို ဆောင်ကျဉ်းမည့် ပထမဆုံး တိုက်ပွဲလည်း ဖြစ်သည်။

ယီ ၏ ရောင်ဝါသည် ပို၍ အားကောင်းလာသည်။

အသက်ရှင်ကျန်ရှိနေသော ကောင်းကင်လမ်းစဉ်အဖွဲ့ဝင်များသည် သူ၏ ဘေးပတ်ပတ်လည်တွင် စုဝေးနေသည်။

တစ်ဖက်တွင် ၊ ထျန်းဝိန့်ဘိုးဘေးဦးဆောင်သော ကျန့်ရှင်းဘိုးဘေးအပါအဝင် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးငါးဦးသည်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

ဘုန်း ! !

ကမ္ဘာကြီးသည် ကျယ်လောင်စွာ ဟောက်သံပြုနေသည်။

အမတသဘောဆောင်သော နတ်အလင်းများများစွာသည် ကွက်လပ်တွင် ကျရောက်လာသည်။

ကောင်းကင်လမ်းစဉ် အဖွဲ့ဝင်များသည်လည်း ရှေ့ဆက်တိုးလာကြသလို သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများသည် ပိုပို၍ အားကောင်းလာသည်။

မရေမတွက်နိုင်သော ကြယ်စင်များစွာ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ၊ ကြယ်မှော်အခင်းအကျင်း၏ ဗဟိုချက်ဟု ထင်ရသည့် မှော်ဖွဲ့စည်းပုံ၏ အလယ်တွင် ယီ သည် နေရာယူထားသည်။

တစ်ချိန်တည်းမှာပင် ၊ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ၊ လွန်စွာ ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ကောင်းကင်လမ်းစဉ်၏ ပထမမျိုးဆက်အရှင်သခင်သည် လောကထဲသို့ တစ်ဖန်ဆင်းသက်လာသလိုပင်။

“သတ်! ကောင်းကင်လမ်းစဉ်အတွက်၊ ကောင်းကင်လမ်းစဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အတွက် ၊ ဟန်ချက်ညီဖို့အတွက် !”

ယီ ကိုယ်တိုင် ဦးဆောင်လျက် ။

ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် ၊ ကောင်းကင်လမ်းစဉ် စွမ်းအားများသည် သူတို့၏ ဦးခေါင်းထက်တွင် စုဝေးလာခဲ့ပြီး ဤအခိုက်အတန့်တွင် ပြင်းထန်စွာ ပေါက်ကွဲလေသည်။

ကြယ်တာယာ ကောင်းကင်ကြီးတစ်ခုလုံးနှင့် ၎င်း၏အောက်ရှိ ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

လွန်စွာတောက်ပသော အမတ သဘောဆောင်သော နတ်အလင်းတန်းများပွင့်လန်းလာသည်။ ဤစွမ်းအားသည် ဒဏ္ဍာရီလာ အမတအဆင့်နီးပါး ရှိသည်။

လွန်စွာထူးကဲပြီး ၊ ဤကမ္ဘာကြီးထက် ကျော်လွန်သည်။

ဘုန်း ! !

ဤအခိုက်အတန့်တွင် ၊ အထက်ကောင်းကင်ယံမှ မဟာလမ်းစဉ်သည် ၎င်းနှင့် ပဲ့တင်ထပ်နေပုံရပြီး အဖျက်သဘောဆောင်သော အပြာရောင်နတ်အလင်းတန်းများ ထွန်းတောက်လာသည်။

“ဒီတိုက်ပွဲပြီးရင် မင်းနဲ့ ငါ့ကွေးယွမ်ရဲ့ သဘောတူညီချက်ဟာ ပြီးဆုံးသွားပြီပဲ”

သို့သော် ၊ ထျန်းဝိန့်ဘိုးဘေးသည် ကောင်းကင်ကိုမော့ကြည့်ကာ အေးစက်သောလေသံဖြင့် သူ့ကိုယ်သူ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

ထိုအပြာရောင်နတ်အလင်းတန်းများ သူတို့ထံ နီးကပ်လာသည်နှင့်အမျှ ၊

သူသည် အော်လိုက်သည်။

“လုပ်တော့!”

တစ်ချိန်တည်းမှာပင်။

ထျန်းဝိန့်ဘိုးဘေးသည် သူ၏ လက်ငါးချောင်းကို လက်သီးပုံစံပြောင်းလိုက်သည်နှင့် ၊ သူ့နောက်တွင် မိုးကောင်းကင်တစ်ဆုံး ဖုံးလွှမ်းနိုင်သော ယင်ယန်စက်ဝန်းကြီး ထွက်ပေါ်လာသည်။

သူ့လက်သီးဖြင့် ထိုးနှက်လိုက်ချိန်တွင် ၊ ထိုယင်-ယန်စွမ်းအားများသည် သူ့လက်သီးအလင်းပေါ်တွင် ကပ်ညှိနေသည်။

အခြားဘိုးဘေးများသည်လည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ကျန့်ရှင်းဘိုးဘေးသည် သာမန်အသွင်အပြင် ရှိသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ပေါ့ပါးစွာဖြင့် ခုတ်လွှဲလိုက်သည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဓားစွမ်းအင်သည် မြစ်ရေပမာ စီးဆင်းလာသလိုပင်။

ဝုန်း --!!

နောက်ဆုံးနေ့အလား ထင်မှတ်ရသည့် ပျက်သုန်းခြင်းအသံသည် မိုးကောင်းကင်တစ်ဆုံး ပေါက်ကွဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊

တိုက်ခိုက်နေကြသော နှစ်ဖက်တပ်ဖွဲ့မှ စွမ်းအားရှင်များသည်ပင် ၎င်းတို့၏ တိုက်ခိုက်မှုကို မနေနိုင်ဘဲ ရပ်တန့်ခဲ့ကြသည်။

၎င်းတို့အားလုံးသည် ဤကြောက်စရာကောင်းသော ထိပ်တိုက်ဆုံတွေ့မှုကြီးကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေတော့သည်။

All Chapters