အခန်း (၄၇၁-၄၇၄)
Vol. 34 Ch. 471-474
အပိုင်း(၄၇၁): ချန်ကဲ ဆက်ခံသူသခင်ကို ကြိုဆိုခြင်း
ထိုအပြင်။
သူတို့အားလုံးတွင် ခံစားချက်တစ်ခု အမြဲတမ်းရှိသည်။
စစ်ပွဲကြီးအပြီးတွင် ၊ တုနှိုင်းမဲ့သော ဧကရာဇ်မင်းအသစ်တစ်ပါး ဖွားမြင်လာခဲ့သည်။
တိုက်မြေသုံးထောင်၏ နိယာမ စွမ်းအားများသည်ပင် တဖြည်းဖြည်း လျှို့ဝှက်ဆန်းကြယ်လာပုံရသည်။
ထိုနိယာမစွမ်းအားများသည် ပို၍ သန့်စင်လာသလိုပင်။
တစ်ချိန်က အချိန်စီးကြောင်းတွင် သိုဝှက်စွာဖြင့် ရှိနေခဲ့သော အင်အားစုများသည်လည်း တဖြည်းဖြည်း နိုးထလာပုံရသည်။
တစ်ချိန်တည်းမှာပင်။
ဤမြင်ကွင်းကို ကြည့်ရှုနေသည့် မျဲ့ရှိန် အဝေးဘိုးဘေး နှင့် စူးထျန်းမင်တို့သည် လေးနက်သော အမူအရာများဖြင့် ရှိနေသည်။
“ အချိန်အကြာကြီး ပျောက်ကွယ်သွားခဲ့တဲ့ အမှောင်ထုကြီးက ခုလို ပြန်ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး…”
မျဲ့ရှိန် အဝေးဘိုးဘေးက စူးထျန်းမင်ကို ပြုံးကာ ဆိုလိုက်သည်။
“ဒီကောင်တွေက စူးချန်ကဲကို ပစ်မှတ်ထားနေတာပဲ”
“မင်းတို့ စူးမိသားစု သတ္တိမရှိရင် ဝင်မစွက်ဖက်နဲ့ “
“ ငါ့ ကွေးယွမ်သူတော်စင်နယ်မြေက ကိုင်တွယ်သွားမယ်”
“ သတ္တိမရှိဘူး ဟုတ်လား ?”
ထိုစကားကိုကြားတော့ စူးထျန်းမင် က ပြန်ပြောလေသည်။
“ ဒီလောကတစ်ခွင်လုံးမှာ ကျုပ်ရဲ့စူးမိသားစု မလုပ်ရဲတဲ့ကိစ္စ ရှိလို့လား!?”
“ဒီတစ်ခါတော့ သံသရာစက်ဝန်း အမတမင်းဆက်လည်း ပါဝင်လာမယ် ၊ ဘာပဲဖြစ်ဖြစ် အမတဘုံ ကိုးထပ်မှာ ခြောက်ပိုင်း ရှိသေးတယ်မဟုတ်လား?”
“ နောက်ဆုံးအခြေအနေကွာ ငါတို့ နောက်ထပ် သုံးပိုင်းခွဲလိုက်မယ် ၊ ကျန်တဲ့ အမတနယ်မြေ သုံးပိုင်းကို ငါတို့ သုံးယောက် အညီအမျှ ခွဲလိုက်မယ် “
ထိုစကားကိုကြားတော့ မျဲ့ရှန်း အဝေးဘိုးဘေးက ရယ်ချင်သွားသည်။
ဤသည်မှာ အတော်လေး စိတ်ကူးယဉ်ဆန်သော အတွေးတစ်ခုသာပင်။
လူသုံးယောက် အညီအမျှ ခွဲယူမတဲ့လား!?
ဤသည်မှာ မိမိ၏ ကွေးယွမ် သူတော်စင် နယ်မြေကို ၎င်းတို့ထဲသို့ ဆွဲသွင်းမည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။
သို့သော် ၊ သူ ဂရုမစိုက်ပေ။
“စိတ်မပူနဲ့ ၊ ချန်ကဲက ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူပဲ ၊ ဒီကောင်တွေ သူ့အပေါ် မကောင်းတာကြံစည်ရဲရင် “
“ အဆိုးဆုံး ငါတို့ နောက်ထပ် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးတစ်ခု ဆင်နွှဲရုံပေါ့ “
“ အရင်းအမြစ်ချိုးဖျက်မယ့် နောက်ထပ် တိုက်ပွဲတစ်ခု ဆင်နွဲရလည်း ဘာဖြစ်လဲ”
“ဘာပဲဖြစ်ဖြစ် ဒေဝလောကတစ်ခုလုံးက အပိုင်းပိုင်း ပျက်စီးပြီးသားပဲ ၊ နည်းနည်းပါးပါး ထပ်ကွဲသွားတော့ရော ဘာဖြစ်လဲ”
နှစ်ဦးသား ပေါ့ပေါ့ပါးပါး စကားစမြည်ပြောလို့ နေကြသည်။
အနာဂတ်တွင် ဒေဝလောကတစ်ခွင်လုံး အန္တရာယ် ထပ်မံကျရောက်နိုင်ချေ ရှိနေသည်။
လောကသားများကတော့ သေတဲ့အထိ သိနိုင်လိမ့်မည် မဟုတ်ချေ။
ဒုတိယမြောက် ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးသည် စူးမျိုးရိုးဟု အမည်ရသော ကလေးတစ်ယောက်ကြောင့် ဖြစ်ပေသည်။
……..
တစ်ဖက်တွင်။
ဧကရာဇ်လျှောက်လှမ်း သုညဂိတ်။
အချိန်လျို့ဝှက်နယ်မြေတွင် ၊
ဝုန်း ! !
ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အဆုံးမရှိသော နိယာမစည်းမျဉ်းများ ၊ မှော်သင်္ကေတတို့သည် ကြယ်တာယာ ကောင်းကင်၏ အနက်ရှိုင်းဆုံး အပိုင်းဆိီသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာသည်။
၎င်း၏ လျင်မြန်သော အမြန်နှုန်းကြောင့် ကြယ်တာယာ ကောင်းကင်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် လှိုင်းဂယက်များ ရိုက်ခတ်သွားသည်။
အမှောင်ထု၏ကူးစက်မှုကို ခံထားရသော ဧကရာဇ်လျှောက်လှမ်း၏ ပျောက်ဆုံးသူတို့သည် အမှောင်ထုအပိုင်းအစများ အဖြစ်သို့ ကွဲကြေကာ ပျောက်ကွယ်သွားခဲ့သည်။
ရှေ့မျက်နှာစာတွင်၊ ထိုက်ချူတာအိုဆရာသခင်သည် သူ၏ညာလက်သီးကို ပြန်လည်ရုတ်သိမ်းလိုက်သည်ကို တွေ့ရပေမည်။
သူသည် ညည်းတွားကာ သက်ပြင်းချလိုက်သည်။
“ ချီရွှမ် စစ်မှန်သူဆရာသခင်ကို တကယ်ပဲ အမှောင်ထုက ဖျက်စီးသွားလိမ့်မယ်လို့ ထင်မထားမိဘူး…”
“ဒီကောင်က တကယ်ကို ငမိုက်သားပဲ၊ ငါတို့လို ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူတွေကို မျက်နှာပျက်အောင်လုပ်တယ်”
သူ့နောက်တွင် ၊ တန်ခိုးစွမ်းအား ကြီးမားသော ပုဂ္ဂိုလ်ငါးဦိးလည်း ရှိနေသည်။
၎င်းတို့အားလုံးသည် ဧကရာဇ်လျှောက်လှမ်း၏ စောင့်ကြည့်သူများပင် ဖြစ်သည်။
ချီရွှမ် စစ်မှန်သူဆရာသခင်သည် အမှောင်စွမ်းအားကို အသုံးပြုခဲ့သောကြောင့် ၊
ဧကရာဇ်လျှောက်လှမ်း၏ အနက်ရှိုင်းဆုံး အပိုင်းတွင် မူလက ငြိမ်သက်နေခဲ့သော အမှောင်စွမ်းအင်သည် နိုးထလာခဲ့ပြီး ဧကရာဇ်လျှောက်လှမ်းရှိ ပျောက်ဆုံးသူများကို ကူးစက်စေခဲ့သည်။
သူတို့ထဲက ဧကရာဇ်လျှောက်လှမ်း စောင့်ကြည့်သူ သုံးဦးကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နောင်တများ ပျောက်ကွယ်မသွားသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤအမှောင်ထုသည် တစ်ဖန်ပြန်လည် နိုးထလာခဲ့ချိန်တွင် ၊ ၎င်းသည် ဧကရာဇ်လျှောက်လှမ်း၏ သုညဂိတ် နှင့် အချိန်လျို့ဝှက်နယ်မြေကို ဆက်လက်ကျူးကျော် တိုက်ခိုက်နေခဲ့သည်။
“ ဧကရာဇ်လျှောက်လှမ်း သုညဂိတ်ကို ပိတ်ပြီး ဝင်ခွင့်တားမြစ်မယ်!”
ထိုက်ချူတာအိုဆရာသခင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၊ အမှောင်ထုကို သုတ်သင်ရှင်းလင်းရန် အခြားသော စောင့်ကြည့်သူ ငါးဦိးကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
…….
တစ်ဖက်တွင်။
ယခင်သဘောတူညီချက်အရ၊
စူးချန်ကဲသည် ချန်းကူကြယ်သို့ ရောက်ရှိလာပြီး ၊ ဤရှေးဟောင်းကြယ်ကြီးတစ်ခုလုံးကို သူ၏ မှော်စွမ်းအားများဖြင့် တိုက်ရိုက်ပြောင်းရွှေ့ခဲ့သည်။
အမှန်စစ်စင် ၊ ယခုအခါတွင် သူသည် မဟာဧကရာဇ်မင်းတစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့် ဧကရာဇ်လျှောက်လှမ်းပေါ်ရှိ ကမ္ဘာကို ဖြတ်တောက်ကာ ဖယ်ထုတ်နိုင်ပြီ ဖြစ်သည်။
[ဒင်! တာဝန်ကို အောင်မြင်စွာ ပြီးမြောက်စေခဲ့တဲ့အတွက် သင့်အား ဂုဏ်ပြုလိုက်ပါတယ်]
[ဆုလာဘ် - ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ် ]
ဤသည်မှာ ယခင်စနစ်၏ ဆုလာဘ်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်သည် တားမြစ်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
ဓားသေတ္တာကိုးလက် နှင့်အတူ လက်ရှိတွင် စူးချန်ကဲ၏ လက်ထဲ၌ တားမြစ်ပစ္စည်းနှစ်ခုရှိနေပြီဖြစ်သည်။
ချန်းကူ ကြယ်စုနယ်မြေကိုဖယ်ထုတ်ပြီးနောက် ၊
စူးချန်ကဲသည် နောက်ဆုံးအနေဖြင့် ဧကရာဇ်လျှောက်လှမ်းကို လှမ်းကြည့်လိုက်သည်။
အတိတ်က ဂုဏ်အသရေတို့သည် ပြီးဆုံးသွားခဲ့ချေပြီ။
ယခုမှစ၍ ၊ နောင်လာမည့် ဘုန်းအသရေတို့သည် ထွန်းတောက်လာပေတော့မည်။
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ--!!
မှောင်မိုက်နေသော ကြယ်တာယာ ကောင်းကင်တွင် ဧကရာဇ်တန်ခိုးစွမ်းအားများဖြစ်သော ရွှေဝါရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ခြေဖဝါးအောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များ ပေါ်ထွက်လာသည်။
ရွှေဝါရောင် လမ်းကြောင်းပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ၊
ဤကမ္ဘာကြီးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် သူ့နောက်သို့ ဆုတ်ခွာသွားပုံရသည်။
တခဏအတွင်း ၊ သူသည် ဧကရာဇ်လျှောက်လှမ်းမှ ထွက်ခွာလာခဲ့သည်။
သူသည် နတ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပေမင်တိုက်မြေဆီသို့ ဦးတည်လိုက်သည်။
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကျန်ရှိခဲ့သော ကမ္ဘာလောက၌ လှိုင်းတံပိုးများ ရိုက်ခတ်သွားခဲ့သည်။
စူးထျန်းမင်၏ မှုန်ဝါးသောရုပ်သွင်သည် ထိုနေရာ၌ ထွက်ပေါ်လာခဲ့သည်။
“ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်မျိုး ၊ ဒီကမ္ဘာပေါ်မှာ သူကလွဲပြီး ဘယ်သူကများ ဝတ်ရုံဖြူကို ဆင်မြန်းဖို့ လိုက်ဖက်တုန်း “
“ စူးကျွင်း…”
“သူက မင်းနဲ့ တကယ်ကို တူတယ်…”
……..
ဝီ!!
စူးချန်ကဲသည် ကြယ်တာယာ ကောင်းကင်တွင် လျှောက်လှမ်းနေသည်။
ပြိုးပျက်စွာ တောက်ပနေသော နတ်အလင်းများက သူ၏ ဘေးတဝိုက်တွင် လည်ပတ်နေပြီး ၊ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသကဲ့သို့ပင်။သူသည် မရေမတွက်နိုင်သော အချိန်နှင့် အာကာသ အပိုင်းအစများကို ဖြတ်ကျော်ကာ ခရီးဆက်လာခဲ့သည် ။
ခြေတစ်လှမ်းကြွလိုက်တိုင်း ၊ မရေမတွက်နိုင်သော တိုက်မြေများကို ဖြတ်ကျော်လာခဲ့သလိုပင်။
မူလရင်းမြစ် ကောင်းကင်လမ်းစဉ်၏ အမှတ်အသားကို လက်ခံရရှိပြီးနောက် ၊ စူးချန်ကဲသည် ပဉ္စမအဆင့်ရှိ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့သည် ။
သူချုပ်ကိုင်ထားသော ဧကရာဇ်အလိုဆန္ဒများသည် ဟိုးအတိတ်က မဟာဧကရာဇ်မင်းများသည်ပင် စိန်ခေါ်နိုင်သောအရာမဟုတ်ချေ။
သူသည် တိုက်မြေ သုံးထောင်ရှိ မဟာဧကရာဇ်မင်းများထက်ပင် သာလွန်သော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့သည်။
သူသည် ကမ္ဘာက နားလည်လက်ခံထားသော မဟာဧကရာဇ်မင်းများနှင့်မတူဘဲ တစ်မူထူးခြားသော မဟာဧကရာဇ်မင်းတစ်ဦး ဖြစ်လာခဲ့သည်။
ဤသည်မှာ သူကိုယ်တိုင် လျှောက်လှမ်းခဲ့သော တုနှိုင်းမယှဉ်နိုင်သော မဟာလမ်းစဉ်ဖြစ်ပြီး ၊ အရာအားလုံးထက် ၊အတိတ်က မဟာလမ်းစဉ်များထက် သာလွန်သည်။
သူတော်စင်ကိုယ်ထည် လေးမျိုး၏ ကောင်းချီးပေးမှုအောက်တွင်၊ သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် စိတ်ကူးနဲ့တောင် မယဉ်နိုင်သော အမြင့်ဆုံးနေရာထိ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
အမတဘုံကို နောက်ဆုံးအဖြစ် တက်လှမ်းနိုင်ခဲ့သော တိ့ထျန်း မဟာဧကရာဇ်မင်းပင်လျှင် သူနှင့် နှိုင်းယှဥ်၍မရနိုင်လောက်အောင်ပင်။
ဝုန်း !!
နောက်အခိုက်တန့်တွင် ၊
နိယာမစည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော လမ်းကြောင်းသည် ပေမင်တိုက်မြေဆီသို့ ရှိလာလေသည်။
မကောင်းဆိုးဝါး တပ်ဖွဲ့ကို သုတ်သင်ပြီးကာစ ကွေးယွမ်မှ တပ်ဖွဲ့ဝင်များနှင့် တပည့်များသည် ကောင်းကင်ကို မျှော်ကြည့်နေကြသည်။
အထက်ကောင်းကင်တွင် ၊ မှော်သင်္ကေတများက အဆုံးမရှိ ရောင်ပြန်ဟပ်လို့နေသည်။
အမတရှင်ဟု ထင်မှတ်ရလောက်သော ပုဂ္ဂိုလ်တစ်ဦးသည် အောက်သို့ တဖြည်းဖြည်း ဆင်းသက်လာသည်။
ယင်းက သူတို့အားလုံး၏ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေခဲ့ပြီး ပျော်ရွှင်မှုက အစားထိုးဝင်ရောက်လာခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ ယုံကြည်အားကိုးရာ ။
သူတို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ အတုမရှိသော ဒဏ္ဍာရီလာပုဂ္ဂိုလ်။
ဧကရာဇ်လျှောက်လှမ်းမှ အောင်မြင်စွာဖြင့် ပြန်ရောက်လာခဲ့သူ ။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ပြုံးရွှင်စွာဖြင့် သူတို့၏လက်နှစ်ဖက်ကိုမြှောက်ကာ ကြွေးကြော်ခဲ့ကြသည်။
“ ချန်ကဲ ဆက်ခံသူသခင် ပြန်ရောက်လာတာကို ကြိုဆိုပါတယ်!”
“ ချန်ကဲ ဆက်ခံသူသခင် ပြန်ရောက်လာတာကို ကြိုဆိုပါတယ်!”
ကြွေးကြော်သံများက တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်တော့ ၊
စူးချန်ကဲက ညင်သာစွာ ပြုံးလိုက်သည်။
ဤနေ့သည် သူ ဧကရာဇ်လျှောက်လှမ်းသို့ ခရီးနှင်ခဲ့စဉ်က နေ့ရက်ကလိုပင်။
“ကျွန်တော် ပြန်ရောက်ပြီ”
ဧကရာဇ်တန်ခိုးစွမ်းအားများက ကြီးကျယ်ခမ်းနားစွာ ဖြာထွက်နေသည်။
ကွေးယွမ် သူတော်စင် နယ်မြေကို ဗဟိုပြုလျက် နေရာအနှံ့ ပျံ့နှံ့သွားသည်။
မရေမတွက်နိုင်သော အင်အားစုမှ စွမ်းအားရှင်များသည် ဤမြင်ကွင်းကို ကြည့်နေကြသည်။
အားကျခြင်း ၊ မနာလိုခြင်း ၊ ကြည်ညိုခြင်း၊ ကိုးကွယ်ခြင်း…စသော ခံစားချက်မျိုးစုံကြားတွင် ဝမ်းမြောက်နေကြသော လူတစ်စုလည်း ရှိသည်။
မှန်၏ ။ လော့ဟယ်ဓားဂိုဏ်း၏ ဓားသမားအုပ်စုပင် ဖြစ်သည်။
“ဒီနတ်ဆိုးကောင် နောက်ဆုံးတော့ ဧကရာဇ်ဖြစ်သွားပြီပဲ… ဒီရဲ့ရောင်ဝါက ထင်ထားတာထက်တောင် ပိုကြောက်စရာကောင်းတာပဲ…”
ဝူကျီအောက်ထျန်းသည် သူ့စိတ်ထဲက ကြောက်လန့်မှုကို မျိုသိပ်လိုက်ရင်း။
“ဒီကောင် စူးချန်ကဲအကြောင်းကို ကုံကျင့်စဉ်မှာ မှတ်တမ်းတင်ထားရမယ်!”
“ညီလေး မင်း အရမ်းကြီးချဲ့ကားနေတာ မဟုတ်ဘူးလား?”
ဘေးနားက ဟုန်ချန် ဓားသခင်ငယ်သည် ရယ်မောရင်း ကြိမ်းမောင်းလိုက်သည်။
“ အခု ချန်ကဲ ဆက်ခံသူသခင်တောင် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်နေပြီ ၊ မင်းလို ပေါက်စကို စိတ်ထဲထားနေဦးမှာလား “
“ဆရာဦးလေး နားမလည်ဘူးလား ၊ စူးချန်ကဲ ဒီကောင်က ရန်သူကို ထိန်းချုပ်နိုင်တဲ့နေရာမှာ ပြိုင်ဘက်ကင်းပဲ “
“ ဒီလိုလူမျိုးကို ဆန့်ကျင်ရင် မြန်မြန်သေရလိမ့်မယ် ၊ ဒါက ကျွန်တော်တို့ ကုံလမ်းစဉ်မှာ အဆိုးဆုံး မဖြစ်သင့်တဲ့အရာပဲ”
“ကျွန်တော် စူးချန်ကဲရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားမယ် ၊ ဒီလိုလူနဲ့တွေ့ရင် တတ်နိုင်သမျှ ဝေးဝေးကို ပြေးတာ အကောင်းဆုံးပဲ”
တစ်ချိန်တည်းမှာပင်၊ ဝူကျီအောက်ထျန်း ခမျာ အနည်းငယ် ကြောက်လန့်သွားသည်။
မိမိသည် တစ်ချိန်က စူးချန်ကဲနှင့် လက်ရည်ဖလှယ်ဖူးသည်။
ဘုရားရေ! အဲ့တုန်းကလုပ်ရပ်က သူ့အပေါ်ကို သက်ရောက်လာမှာတော့ မဟုတ်ဘူးမလား?!
အပိုင်း(၄၇၂): လက်ထပ်ဖို့ တိုက်တွန်းနေပြီ
ဝုန်း !!
ဤအခိုက်အတန့်တွင်၊
မိုးခြိမ်းသံများက တစ်ဖန် ထွက်ပေါ်လာခဲ့ပြန်သည်။
အမိန့်အာဏာ နိယာမစည်းမျဉ်းများစွာ ကျဆင်းလာပြီး အထက်ကောင်းကင်ယံတွင် ရူးသွပ်စွာ စုဝေးနေကြသည်။
တိမ်တိုက်များ တလိပ်လိပ် ရိုက်ခတ်လျက်၊ တာအိုစည်းချက်များ ပျံလွင့်လာသည်။
ခရမ်းရောင် စွမ်းအင်များသည်ပင် ကောင်းကင်ယံ၌ လှုပ်ရှားထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင် စွမ်းအင်များနှင့် တစ်သားတည်းကျနေသော ကြယ်အလင်းများသည် အထက်မှ အောက်သို့ ကျဆင်းလာခဲ့သည်။
ကောင်းကင်တွင် ခရမ်းရောင် စွမ်းအင်များသည် ပင်လယ်ပြင်အလား ပြန့်နှံ့နေကာ ဝင်းလက်တောက်ပစွာဖြင့် လှုပ်ရှားနေသည်။
မတူညီသော လမ်းစဉ်မှ လာသကဲ့သို့ ၊ ကြီးကျယ်ခမ်းနားပြီး အသစ်ဖွားမြင်လာသော အင်အားတစ်ခုကို ဆောင်ကျဉ်းလျက် ကောင်းကင်၌ ဖြည်းဖြည်းချင်း စုဝေးနေသည်။
ဤအခိုက်အတန့်သည် တိုက်မြေသုံးထောင်ရှိ ကျင့်ကြံသူတိုင်းကို တုန်လှုပ်စေခဲ့သည်။
လူတိုင်း၏ အမူအရာများသည် ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေသည်။
“ဒါ… ခရမ်းရောင်စွမ်းအင်… လမ်းစဉ်အသစ် ဆင်းသက်လာတဲ့သဘောပဲ “
T/N - ခရမ်းရောင်စွမ်းအင် : မဂ်လာရှိသော စွမ်းအင်လှိုင်း
“ လမ်းစဉ်အသစ် ထွက်ပေါ်လာပြီ ၊ ခရမ်းရောင်စွမ်းအင်တွေက မိုင်ထောင်ပေါင်းများစွာ ဖြန့်ကျတ်နေတာ…”
“ ဒါဟာ အရင်က မဖြစ်ဖူးသေးတဲ့လမ်းစဉ်အသစ်… တကယ်ပဲ ဒီခေတ်မှာ ပေါ်ထွက်လာခဲ့ပြီလား…?”
“အမ်…ဒီလိုအောင်မြင်မှုမျိုးကို အရင်က မပြောနဲ့၊ နောင်လည်း ဒီလိုမျိုးလုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ် “
“……”
ဤအခိုက်အတန့်တွင်၊ ဂိုဏ်းပေါင်းစုံမှ စွမ်းအားရှင်များသည် ကွေးယွမ် သူတော်စင်နယ်မြေရှိရာ ဦးတည်ရာဘက်ဆီသို့ တစ်ဖန်လှည့်ကြည့်လာကြသည်။
အဆုံးစွန်သော တောက်ပမှုများဖြင့် ရွှေခေတ်၊ ဒေဝလောက၏ အပြောင်းအလဲများ….
ဤကဲ့သို့ အောင်မြင်မှုမျိုးကို မည်သူကများ တွေးဝံ့မည်နည်း!?
လူတိုင်းကို ခေါင်းငုံ့ပြီးကြည့်နိုင်သူ ၊
သူတစ်ဦးတည်းသာလျှင် မဟာလမ်းစဉ်ကို ကိုယ်စားပြုသည်။
“ချင်းတိ့မြို့ကနေ ကွေးယွမ် သူတော်စင်နယ်မြေကို ဂုဏ်ပြုပါတယ် ၊ ချန်ကဲ မဟာဧကရာဇ်မင်းဟာ တုနှိုင်းမရတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး ကောင်းကင်ကနေ ကောင်းသောလက္ခဏာတွေ ပြသခဲ့တယ် ၊ ချန်ကဲ ဆက်ခံသူသခင်ကို မဟာလမ်းစဉ်ရဲ့ အထွပ်အထိပ်မှာ အမြဲရပ်တည်နိုင်ပါစေလို့ ဆုတောင်းတယ်”
“ ကျွန်တော်တို့ ထိုက်ယီတောင်ကနေ ကွေးယွမ် သူတော်စင်နယ်မြေကို ဂုဏ်ပြုပါတယ် ၊ ချန်ကဲ မဟာဧကရာဇ်မင်းဟာ တုနှိုင်းမရတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး ကောင်းကင်ကနေ ကောင်းသောလက္ခဏာတွေ ပြသခဲ့တယ် ၊ ချန်ကဲ ဆက်ခံသူသခင် တစ်လောကလုံးကို အုပ်စိုးနိုင်ပါစေလို့ ဆုတောင်းပါတယ်”
“ ကျွန်တော်တို့ ထျန်းကျုံ ဂိုဏ်းကနေ ကွေးယွမ် သူတော်စင်နယ်မြေကို ဂုဏ်ပြုပါတယ် ….”
ကွေးယွမ် သူတော်စင်နယ်မြေနှင့် ဆက်စပ်သော အင်အားစုတပ်ဖွဲ့များ ပေါ်ထွက်လာကြသည်။
၎င်းတို့အားလုံးသည် ပေမင်တိုက်မြေရှိ ဒုတိယအဆင့်နှင့်အထက် အင်အားစုတပ်ဖွဲ့များဖြစ်သည်။
တတိယအဆင့်အောက် အင်အားစုများသည် ၎င်းတို့၏ ဓမ္မကာယကိုယ်ထည်ကို ထုတ်ဖော်ပြသ၍ ဂုဏ်ပြုစကားပြောဆိုရန် အရည်အချင်းမရှိကြပေ။
ဤမြင်ကွင်းနှင့်အတူ။
အခြားသော အင်အားစုများ၏ ထာဝရဂိုဏ်းများသည် ထိတ်လန့်တုန်လှုပ်နေကြသည်။
ကောင်းကင်မှ ကောင်းချီးမဂ်လာတိမ်တိုက်များသည် ဤမဟာလမ်းစဉ်ကို လုံးဝ အသိအမှတ်ပြုခဲ့သည်။
ဤကဲ့သို့သော ဖြစ်စဉ်သည် ခေတ်အဆက်ဆက် မတွေ့ကြုံဖူးသောအရာသာပင်။
“မြန်မြန် ၊ မျိုးနွယ်စုထဲက အကြီးအကဲတွေအားလုံးကို စုပြီး ချန်ကဲ မဟာဧကရာဇ်မင်းကို ဂါဝရပြုဖို့ ကွေးယွမ် သူတော်စင်နယ်မြေကို သွားရောက်ကြစို့ “
“ မဟာလမ်းစဉ်က ဒါကို အသိအမှတ်ပြုတယ်၊ ဒီအံ့အားသင့်ဖွယ် ဖြစ်ရပ်က မကြုံစဖူးပဲ၊ ငါတို့ ချန်ကဲ မဟာဧကရာဇ်မင်းဆီကို သွားလည်သင့်တယ်!”
“အခု တားမြစ်နယ်မြေ ထွက်ပေါ်လာတော့မယ် ဆိုတော့ အမတနယ်မြေ နဲ့ တိုက်မြေ သုံးထောင် ချိတ်ဆက်တော့မယ်…ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ အောင်မြင်မှုတွေနဲ့အတူ သူ့မှာ ထူးကဲတဲ့ အနာဂတ်တစ်ခုရှိလိမ့်မယ်လို ငါ ယုံကြည်တယ် ၊ ဒါက သူ့ဆီသွားလည်ဖို့ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ “
“လာ၊ အမိန့်ပေးလိုက်လိုက် ၊ ငါ့ဂိုဏ်းရဲ့ တန်ဖိုးရှိသမျှအရာတွေ အကုန်လုံးကို ယူခဲ့ ! ထျန်းယန်မြက် ၊ ပိုင်လင် သစ်သီးတစ်သောင်း ၊ အာဟာရဖြည့်ရည် ကီလိုဂရမ် တစ်သောင်း!”
“သမီး၊ မင်း ကောင်းကောင်း ပြင်ဆင်ထားသင့်တယ် ၊ ချန်ကဲ မဟာဧကရာဇ်မင်းက တာအိုလက်တွဲဖော်ကို ခုထိမတွေ့သေးဘူး ၊ ငါတို့ မျိုးနွယ်ရဲ့ ကံကြမ္မာ ဧကရာဇ်လက်နက်ကို ယူသွားပြီး အဲ့ကိုသွားရင် …..”
“……….”
လက်ရှိတွင် မရေမတွက်နိုင်သော ထာဝရ အင်အားစုများနှင့် ထိပ်တန်း တာအိုဂိုဏ်းခွဲများသည် အမိန့် ထုတ်ပြန်ထားသည်။
ယခု စူးချန်ကဲသည် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
လက်ရှိအချိန်သည် စူးချန်ကဲ နှင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ သဘောကျမှုကို ရရှိရန် ၎င်းတို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။
ဘုန်း ! !
ကောင်းကင်နှင့်မြေကြီးသည် ထပ်မံ တုန်လှုပ်သွားခဲ့ပြန်သည်။
မရေမတွက်နိုင်သော တိုက်မြေများမှ အလင်းတန်းများ ထွက်ပေါ်လာကြသည်။
ဤအလင်းတန်းများ၏ အဆုံးစွန်သော ပန်းတိုင်မှာ ကွေးယွမ် သူတော်စင် နယ်မြေထဲသို့ ဝင်ရောက်ရန်ဖြစ်သည်။
သူတို့ထဲတွင်။
မရေမတွက်နိုင်သော လှေပျံများ ၊ ရှေးဟောင်း ရတနာသင်္ဘောများ၊ ခမ်းနားသော အရှိန်အဟုန်ဖြင့် ရောင်စုံသားရဲဌက်များသည် ပေမင်တိုက်မြေဆီသို့ ဦးတည်နေကြသည်။
၎င်းတို့၏ ရတနာသင်္ဘောပေါ်တွင် မရေမတွက်နိုင်သော အဖိုးတန် ရတနာများနှင့် နတ်ဆေးပင်များ ပါရှိသည်။
၎င်းတို့အထဲတွင်၊ ကွေးယွမ် သူတော်စင် နယ်မြေကို ရန်လိုခဲ့သော အင်အားစုများလည်း ရှိသေးသည်။
လက်ရှိအခြေအနေသည် ရန်လိုမုန်းတီးမှုမှ ခင်မင်ရင်းနှီးမှုအဖြစ်သို့ ပြောင်းလဲရန် ၎င်းတို့အတွက် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်သည်။
ကျင့်ကြံ အရင်းအမြစ်များနှင့် အဖိုးတန်ရတနာများအပြင် သူတို့တတ်နိုင်သလောက် မဆိုင်းမတွ ပေးဆပ်သွားမည်ဖြစ်သည်။
ယနေ့တွင် ကောင်းမွန်စွာစတင်၍ နောင်အနာဂတ်တွင် ကွေးယွမ်သူတော်စင်နယ်မြေသည် သူတို့နှင့် စာရင်းရှင်းမည်မဟုတ်ဟု မျှော်လင့်နေကြသည်။
တစ်ချိန်တည်းမှာပင်။
မူလက ပေမင်တိုက်မြေသည် ကြေကွဲဖွယ်ရာ တိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီး၊ ယခုတွင်မူ သာယာဝပြောကာ စည်ကားနေသည်။
နတ်သားရဲများသည် အထက် ကောင်းကင်ယံ၌ လှည့်ပတ်နေကြသည်။
ကွေးယွမ်နှင့် ဆက်စပ်သော အင်အားစုတပ်ဖွဲ့များသည် ဗုံနှင့် ဒရမ်များ တီးမှုတ်ကာ မီးရောင်များဖြင့် အလှဆင်နေကြသည်။
မူလက ဤဧရိယာကို ဖုံးလွှမ်းထားခဲ့သော ခရမ်းရောင်စွမ်းအင်သည် ပေါက်ကွဲထွက်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် တိုးဝင်လာခဲ့ပြန်သည် ။
ကွေးယွမ်သူတော်စင် နယ်မြေကို ဗဟိုပြုလျက် ၊
တာအိုစည်းချက်များ ပျံလွင့်နေသည်။
နိယာမစွမ်းအားများဖြင့် ပေါင်းစပ်ထားသော ကြယ်များသည် တုနှိုင်းမယှဉ်နိုင်သော နတ်အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီး ၊ ရောင်စုံငါးသွယ်တိမ်တိုက်များအဖြစ် ထွက်ပေါ်ကာ သက္ကတသံစဉ်များကို ထုတ်လွှတ်နေသည်။
ညှိုးနွမ်းနေခဲ့သော ပန်းပင်များနှင့် သစ်ပင်များသည် ယခုအချိန်တွင် ပြန်လည်အသက်ဝင်လာခဲ့သည်။
မည်းညစ်ကာ လောင်မြိုက်နေခဲ့သော မြေကြီးသည်ပင် စိမ်းလန်းစိုပြေကာ မြက်ပင်များ ပေါက်ဖွားလာသည်။
ပေမင်တိုက်မြေ တစ်ခုလုံး၏ လောကနိယာမ စည်းမျဉ်းများသည် ပြန်လည်ကောင်းမွန်လာရုံသာမက ဝိညာဉ်စွမ်းအင်များသည် ယခင်ထက် အဆများစွာ တိုးပွားလာသည်မှာ အမတနယ်မြေနှင့် ကွာခြားသွားခြင်းမရှိချေ။
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော လယ်သမားများအနေဖြင့် ဝမ်းသာလွန်းလို့ မျက်ရည်ကျရသည့်အထိပင်။
သူတို့၏နေအိမ်များကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ရုံသာမက ဝိညာဉ်စွမ်းအင်သည် ယခင်ကထက် အဆများစွာ မြင့်မားလာသောကြောင့် ၎င်းတို့အတွက် များစွာအကျိုးဖြစ်ထွန်းခဲ့သည်။
စူးချန်ကဲသည် လမ်းစဉ်အသစ်ကို ချုပ်ကိုင်ကာ မဟာလမ်းစဉ်၏ကောင်းချီးပေးမှုကို လက်ခံရရှိစေခဲ့သည်။
တိုက်မြေသုံးထောင်တစ်ခုလုံးပင်လျှင် အကျိုးများစွာ ရရှိခဲ့သည်။
အနည်းငယ် စိတ်ဓာတ်ကျနေသော ပါရမီရှင်များအဖို့ ၊ ထိုလမ်းစဉ်၏ လွှမ်းမိုးမှုအောက်တွင် ယုံကြည်မှုပြန်လည်ရရှိလာခဲ့သည်။
ဤအခြေခံအုတ်မြစ်ကနေ တဆင့်ပိုမို အားကောင်းသော မဟာဧကရာဇ်မင်းများ ဖြစ်ကောင်းဖြစ်လာနိုင်သည်။
ဤသည်မှာ တိုက်မြေသုံးထောင်အတွက် နောက်ဆုံးအကြိမ်အဖြစ် မဟာလမ်းစဉ်မှ ပြန်လည်အကျိုးပြုခြင်း ဖြစ်သည်။
အမတနယ်မြေ မကျရောက်မီ ၊ တိုက်မြေသုံးထောင်၏ ပြုပြင်ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သည်။
သက်ရှိသတ္တဝါအားလုံးတိုင်း ပိုမိုတိုးတက်အောင်မြင်လာနိုင်မည့် အခွင့်အလမ်းရှိသည်။
တစ်ချိန်တည်းမှာပင်။
ကွေးယွမ် ဘိုးဘွားပိုင်မြေ။
မရေတွက်နိုင်သော ဘိုးဘေးများစွာ နိုးထလာကြသည်။
ရှေးဘိုးဘေးနှစ်ဦးနှင့် အဝေးဘိုးဘေးမှ လွဲ၍ ၊
တိုက်မြေသုံးထောင်ရှိ ကွေးယွမ်သူတော်စင် နယ်မြေ၏ဘိုးဘေးများအားလုံး နိုးထလာကြသည်။
စုစုပေါင်း ဆယ့်ကိုးဦိးရှိသည်။
သူတို့တစ်ဦးချင်းစီတိုင်း၏ ရောင်ဝါများသည် နိယာမစည်းမျဉ်းများ ကျယ်ပြန့်စွာရှိနေသော သမုဒ္ဒရာထဲသို့ ရပ်နေသည့်အတိုင်း လွန်စွာ ပြင်းထန်လွန်းလှသည်။
လွန်စွာနက်ရှိုင်းပြီး နားမလည်နိုင်အောင်ပင် ။
သူတို့အောက်တွင် ဝတ်ရုံဖြူလူငယ်လေးတစ်ဦးသည် ဘိုးဘေးဆယ့်ကိုးဦိး၏ သွန်သင်ချက်ကို နားထောင်နေသည်။
ဤသည်မှာ စူးချန်ကဲအတွက် ပထမဆုံးအကြိမ်အဖြစ် ဘိုးဘွားပိုင်မြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ယခင်က သူသည် အားနည်းလွန်းသည်။ သူ့အား ကွေးယွမ်ဘိုးဘွားပိုင်မြေသို့ လာခွင့်မပြုခဲ့သော အကြောင်းရင်းမှာ ဤနေရာရှိ နိယာမတရားတို့သည် အတော်လေး ပြင်းထန်သောကြောင့် ဖြစ်သည်။
စူးချန်ကဲသည် ၎င်း၏ တိုက်ရိုက်စုပ်ယူမှုကို ခံလိုက်ရပါက ၊ ၎င်း၏ အခြေခံအုတ်မြစ်တည်ငြိမ်မှုကို ထိခိုက်သွားစေနိုင်သည်။
“မဆိုးဘူး၊ ဒီသုံးနှစ်အတွင်း ချန်ကဲ မင်းကို မဟာဧကရာဇ်မင်း ဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ၊ ကံကြမ္မာရဲ့ မဟာဧကရာဇ်မင်း ဖြစ်လာရုံသာမက သမိုင်းမှာ တန်ခိုးအကြီးမားဆုံး မဟာဧကရာဇ်မင်းတစ်ပါးလည်း ဖြစ်ခဲ့တယ်!”
ဖော့ကျွင်းဘိုးဘေးက သူ၏မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်ချရင်း ဝမ်းသာအားရဆိုလေသည်။
“ဟာဟားဟား ငါ အစကတည်းက မပြောဖူးလား ချန်ကဲမင်းကို ဆက်ခံသူအဖြစ် ရွေးချယ်တာ မှန်ခဲ့တယ်!”
“မင်း အတော်လေး အဖုံးအဖိကောင်းမယ်လို့ ထင်မထားဘူး ၊ မင်းမှာ သူတော်စင် ခန္ဓာကိုယ် လေးခုရှိရုံတင်မကဘူး အားလုံးက သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်တွေချည်းပဲ ၊ မင်းရဲ့ ရုပ်ခန္ဓာက ဘာလို့ဒီလောက်ထိ ကြောက်စရာကောင်းလဲဆိုတာ ငါ နောက်ဆုံးတော့ သိသွားပြီ”
အရင်က စကားဝိုင်းတွင် ၊
သူသည် သူတော်စင်ကိုယ်ထည် လေးခု၏ လက္ခဏာများကို ပိုင်ဆိုင်ထားကြောင်း ဖော်ပြခဲ့သည်။
သူ့အနေဖြင့် ထိုကိစ္စကို ဖုံးကွယ်ထားရန်မလိုအပ်ချေ။
မည်သို့ပင်ဖြစ်စေ ၊ ဤကိစ္စသည် အနာဂတ်တွင် သိလာမည့်ကိစ္စဖြစ်ပြီး သူတို့အားလုံးသည် မိမိ၏ မိသားစုဝင်များဖြစ်သည်။ သူ့အား မည်သို့ အန္တရာယ်ပြုလိမ့်မည်နည်း။
“ဒါပေမယ့် ချန်ကဲ!”
ပါ့ချန်ဘိုးဘေးက ရုတ်တရက် စိတ်အားထက်သန်စွာဖြင့် ပြောလာသည် ။
“ အခု မင်းက တုနှိုင်းမရတဲ့မဟာလမ်းစဉ်ကို အောင်မြင်သွားပြီ၊ မင်းရဲ့ တစ်သက်တာ ကိစ္စတွေကို ဆွေးနွေးသင့်တယ် မဟုတ်လား”
“မင်းလည်း အသက်ကြီးပြီ၊ မဟာဧကရာဇ်မင်းအဖြစ်လည်း အောင်မြင်ခဲ့ပြီ “
“မင်းရဲ့ခရီးက ဒီမှာတင် မပြီးသေးဘူး၊ မင်းအနာဂတ်မှာ အမတဘုံကို ရောက်သွားရင် ဒီ့ထက်ကို အလုပ်ရှုပ်လာလိမ့်မယ်!”
“မင်း လက်တွဲဖော်ကောင်း တစ်ယောက် ရှာပြီး ဖက်တီးလေးတစ်ယောက် အမြန်မွေးလိုက်ပါ့လား ၊ ငါတို့ မင်းကို ကူပြီးစောင့်ရှောက်ပေးနိုင်တယ် မဟုတ်လား?”
ထိုစကားများထွက်လာသည်နှင့် ။
ချက်ခြင်းပင်၊ အခြားသောဘိုးဘေးများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
“ဟုတ်တယ်၊ မင်းက ယောင်ချီ သူတော်စင်နယ်မြေက အဲ့နတ်ဘုရားမလေးနဲ့ အလွန်ရင်းနှီးတယ်လို့ ငါကြားတယ်၊ သူမမှာ အရည်အချင်းကောင်းတွေ ရှိတာပဲ”
“ ဟွိုင့်တွိုင့်ခန္ဓာကိုယ် နဲ့ တာအိုအရိုး ၊ မင်းရဲ့ကိုယ်ထည်လေးခုနဲ့ ပေါင်းစပ်ပြီး ကလေးသာ မွေးလိုက်ရင်ဖြင့် သူတို့မှာ ကိုယ်ထည်ဖွဲ့စည်းပုံ ခြောက်မျိုး ၊ ခုနှစ်မျိုးလောက် ရှိနေနိုင်လောက်တယ် ..”
“ဒါဆို အမတနယ်မြေတစ်ခုလုံး မင်းတို့ စုံတွဲရဲ့မျိုးရိုးအမည်နောက်ကို လိုက်နာရတော့မယ် မဟုတ်လား”
အပိုင်း(၄၇၃): ကံကြမ္မာစွမ်းအား
ထိုစကားကိုကြားလိုက်ရသည်နှင့် ၊
စူးချန်ကဲ၏ မျက်နှာသည် ခါးသီးမှုများ ပြည့်နှက်သွားပြီး ခေါင်းယမ်းကာ ရှိုက်ကြီးတငင် ပြုံးလေသည်။
“ဘိုးဘေးတို့ မလောလွန်းဘူးလား “
“ ကျွန်တော် ချန်ကဲ ၊ မဟာဧကရာဇ်မင်းရဲ့ အဆင့်အတန်းကို အောင်မြင်ခဲ့ပေမယ့် မဟာလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို မရောက်သေးဘူး “
“ဘယ်လိုလုပ်ပြီး စိတ်ချနိုင်မှာလဲ”
စူးချန်ကဲ၏စကားကိုကြားတော့ ဘိုးဘေးများသည် စိတ်ရှုပ်သွားကြသည်။
ဘာကြောင့်စိတ်မချနိုင်စရာရှိလဲ !?
ကွေးယွမ် သူတော်စင်နယ်မြေ တည်ရှိနေသ၍ ဤစကြဝဠာတစ်ခုလုံးတွင် မည်သူကများ သူ့ကို ဆန့်ကျင်ဖို့ ကြံစည်ဝံ့သနည်း။
ထို့အပြင် ၊ ခက်ခဲသော ပြိုင်ဘက်နှင့် ကြုံတွေ့ရလျှင်တောင် ။
တားမြစ် စူး မိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့ကို ဆွဲထည့်လိုက်ရုံသာပင် ။
တားမြစ်အင်အားစု သုံးခု ပူးပေါင်းလက်တွဲခဲ့ပါက ၊ အမတနယ်မြေအထက်ရှိ အင်အားစုများပင်လျှင် နှစ်ကြိမ် စဉ်းစားရပေလိမ့်မည်။
“ ချန်ကဲ “
ထိုအချိန်တွင် ဘိုးဘွားပိုင်နက်၏ အနက်ရှိုင်းဆုံး အပိုင်းမှ အလင်းတန်းများ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် မဟာလမ်းစဉ်၏ အကြောင်းတရားများ ပြိုကျသွားသည်။
နောက်ဆုံးတွင်၊ ခပ်ဝါးဝါး အသွင်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ မျဲ့ရှိန် ရှေးဘိုးဘေးပင် ဖြစ်သည်။
{ T/N : မျဲ့ရှိန် အဝေးဘိုးဘေး နဲ့ မျဲ့ရှန်း အဝေးဘိုးဘေး တို့ကို ရှေးဘိုးဘေးအဖြစ် ပြန်လည်ပြင်ဆင်ထားပါတယ်}
“ ရှေးဘိုးဘေးကို ဂါရဝပြုပါတယ်!”
စူးချန်ကဲ နှင့် အခြားဘိုးဘေးများသည် ၎င်းတို့၏ အမူအကျင့်များကို မဖောက်ဖျက်ဝံ့ဘဲ ကမန်းကတန်း ဦးညွှတ်လိုက်ကြသည်။
“ ရတယ် “
မျဲ့ရှိန် ရှေးဘိုးဘေးသည် အပြုံးမပျက် ရယ်မောလိုက်ရင်း စူးချန်ကဲအား ဆိုလိုက်သည်။
“ဘဝမှာ အကြီးမားဆုံး နောင်တက တစ်ခုခုကို လွဲချော်သွားခြင်းပဲ “
“ တုနှိုင်းမရှိတဲ့လမ်းစဉ်ကို အောင်မြင်ပြီး အနှိုင်းမဲ့ဖြစ်လာတောင် “
“ဒါပေမယ့် မင်း တာအိုဘာသာကို ကျင့်သုံးတဲ့အခါ အချုပ်အနှောင်တွေကနေ လွတ်ကင်းပြီး နောင်တကင်းတဲ့ ဘဝကို ရှာနေတာ မဟုတ်လား ?”
“ ချန်ကဲ ၊ မင်းဘာတွေတွေးနေလဲဆိုတာ ငါသိတယ်”
ထိုစကားအပြီးတွင် ၊
မျဲ့ရှိန် ရှေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အလင်းစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး စူးချန်ကဲ၏ ရှေ့တွင် ဖြည်းဖြည်းချင်း ရောယှက်သွားသည်။
နောက်ဆုံးတွင် ကြီးမားသော မြေပုံတစ်ခုကို ဖန်တီးတည်ဆောက်ခဲ့သည်။
“အခု မင်းက မဟာဧကရာဇ်မင်း ဖြစ်လာပြီဆိုတော့ အပြင်လောကကို သွားကြည့်ဖို့ အချိန်တန်ပြီ”
“ ငါနဲ့ မျဲ့ရှန်း ရှေးဘိုးဘေးရဲ့ ကောက်ချက်အရ၊ ဇီဝတားမြစ်နယ်မြေကို လူသိရှင်ကြား ထုတ်ဖော်ဖို့ ဆယ်ရက်ထက်မနည်း အချိန်ယူရလိမ့်မယ် “
“အများအားဖြင့် တစ်နှစ်ခွဲအတွင်းမှာ၊ အမတလျှောက်လှမ်း ထွက်ပေါ်လာပြီး အမတနယ်မြေလည်း ဆင်းသက်လာလိမ့်မယ်”
“ အမတလျှောက်လှမ်း မတိုင်မီ ၊ မင်းရဲ့ကျင့်ကြံဆင့်ကို သာလွန်အဆင့်ထိ အမြန်ဆုံး တိုးတက်အောင်လုပ်ရမယ်”
ထိုစကားကိုကြားတော့ စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။
သာလွန်အမတကို ကြွင်းကျန်(မပြီးပြည့်စုံ) အမတဟု နားလည်နိုင်သည်။
၎င်းသည် တိုက်မြေသုံးထောင်၏ ကန့်သတ်ချက်ဖြစ်သည်။
အမတနယ်မြေကို ထုတ်ဖော်မပြနိုင်သ၍ အမတများ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
တစ်စုံတစ်ယောက်သည် မဟာလမ်းစဉ်မှ ချမှတ်ထားသော နယ်နိမိတ်များကို စိန်ခေါ်ဝံ့ပါက၊ သူသည် ကံတရား၏ နောက်ဆက်တွဲ ဆိုးကျိုးကို ခံရမည် သို့မဟုတ် မဟာလမ်းစဉ်၏ မူလဇစ်မြစ်က တိုက်ရိုက် သုတ်သင်ပစ်ပေမည်။
“ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်”
မျဲ့ရှိန် ရှေးဘိုးဘေးက ရယ်မောလိုက်ရင်း ။
“မင်းရဲ့ နောက်လိုက်တွေ ကံကြမ္မာ မဟာဧကရာဇ်မင်းအဖြစ် မအောင်မြင်တော့မှာကို မင်း စိုးရိမ်နေစရာမလိုတော့ဘူး”
“လက်ရှိက တိုက်မြေသုံးထောင်မှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးကို စတင်ခဲ့ပြီ ဖြစ်လို့ ကံကြမ္မာပင်လယ်ကလည်း ကမ္ဘာမြေကြီးတုန်လှုပ်စေမယ့် အပြောင်းအလဲတွေ ဖြစ်လာတော့မယ်”
“ငါတို့ရဲ့ ကောက်ချက်အရ ၊ မရေမတွက်နိုင်တဲ့ ခေတ်တစ်လျှောက် စုစည်းထားခဲ့တဲ့ ကံကြမ္မာစွမ်းအားက ကံကြမ္မာပင်လယ်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ နိုးထလာလိမ့်မယ်”
“မရေမတွက်နိုင်တဲ့ ခေတ်တစ်လျှောက် စုစည်းထားခဲ့တဲ့ ကံကြမ္မာစွမ်းအားကို ကံကြမ္မာအမှတ်အသားအဖြစ် အစားထိုးအသုံးပြုလိုက်ရင် မင်းရဲ့ နောက်လိုက်တွေဟာလည်း ကံကြမ္မာ မဟာဧကရာဇ်မင်း ဖြစ်လာနိုင်တယ်”
ထိုစကားကိုကြားသည်နှင့်။
စူးချန်ကဲ၏ မျက်လုံးများသည် မှေးသွားသည်။
“ကံကြမ္မာစွမ်းအား ကို ကံကြမ္မာအမှတ်အသားအဖြစ် အစားထိုးမယ် ?”
ဒါဆို နောက်ဆုံးအဆင့် ဧကရာဇ်လျှောက်လှမ်းသည် ဘာအဓိပ္ပါယ်ရှိတော့မည်နည်း။
တဖက်လူသည် စူးချန်ကဲ၏အတွေးကို မြင်နေပုံရသည်။
မျဲ့ရှိန် ရှေးဘိုးဘေးက ပြုံးပြီး ရှင်းပြသည်။
“ ဧကရာဇ်လျှောက်လှမ်းမှာရှိတဲ့ ကံကြမ္မာအမှတ်အသားက ဒီခေတ်ရဲ့ အသန့်စင်ဆုံး ကံကြမ္မာပဲ၊ ချန်ကဲ ၊ မင်းက ခေတ်အဆက်ဆက် မတည်ရှိခဲ့ဖူးတဲ့ မူလရင်းမြစ် ကံကြမ္မာအမှတ်အသားကို ရရှိခဲ့တာပဲ “
“ကံကြမ္မာပင်လယ်မှာ အိပ်စက်နေတဲ့ ကံကြမ္မာစွမ်းအားနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရအောင် ကွာခြားတယ် ၊ အများအားဖြင့် ကံကြမ္မာရဲ့ အကာအကွယ်ကို အနည်းငယ်ကို ရရှိနိုင်ရုံပဲ”
“အရင်တုန်းကတော့ မဟာဧကရာဇ်မင်း အဆင့်ကို မပြီးမြောက်ခဲ့တဲ့ ပါရမီရှင်တွေက ကံကြမ္မာပင်လယ်ကို ရောက်သွားကြတယ် ၊ ငါတို့လည်း ကံကြမ္မာစွမ်းအားနဲ့ မဟာဧကရာဇ်မင်းအဖြစ် အောင်မြင်ခဲ့ကြတာပဲ”
“ဒါပေမဲ့ ဒီတစ်ကြိမ်က အထူးအချိန်ကြောင့် ပေါ်ပေါက်လာမယ့် ကံကြမ္မာစွမ်းအားက သမိုင်းမှာ အပြင်းထန်ဆုံး ဖြစ်လိမ့်မယ် ၊ ချန်ကဲ မင်း ဒါကို ကောင်းကောင်းဆုပ်ကိုင်ထားရမယ်”
ထိုသို့ ပြောပြီးနောက် ၊
မျဲ့ရှိန် ရှေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကံကြမ္မာနဲ့ ပတ်သတ်သော အချက်အလက်များကို သယ်ဆောင်လာသော အလင်းစီးကြောင်းသည် စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
“ ချန်ကဲ၊ မျဲ့ရှိန် ရှေးဘိုးဘေးကို ကျေးဇူးတင်ပါတယ်”
သူ့စိတ်ထဲက စိုးရိမ်မှုသည် နောက်ဆုံးတော့ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
“အို၊ ဒါနဲ့ ငါမင်းကို ပေးစရာရှိတယ်”
မျဲ့ရှိန် ရှေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကွက်လပ်သည် ဖြည်းညှင်းစွာ အက်ကွဲသွားပြီး၊ အထဲမှ ရှေးအငွေ့အသက်များ ပြည့်နှက်နေသော ကြေးအပိုင်းအစ နှစ်ခုကို ထွက်လာသည်။
ထို့နောက် ၎င်းတို့သည် စူးချန်ကဲ၏လက်ထဲသို့ ဖြည်းညှင်းစွာ ကျရောက်သွားသည်။
“ဒါက…”
သူသည် ထိုကြေးအပိုင်းအစများ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ခံစားလိုက်ရသည်။
၎င်းတို့သည် ယခင်က စနစ်၏ ဆုလာဘ်ဖြစ်သော မျိုးဆက်သုံးဆက် ကြေးခေါင်းတလား၏ အပိုင်းအစများ ဖြစ်သည်။
ဤအပိုင်းအစများကို ရှေးဘိုးဘေးသည် မျဲ့ဝမ် အမတ နှင့် ယွီ့ရှန်အမတတို့၏ ကိုယ်ပေါ်ကနေ လုယူခဲ့ခြင်း ဖြစ်သည်။
မှန်၏ ၊ တကယ်ကို လုယူထားခြင်းဖြစ်သည်။
[ဒင်! မျိုးဆက်သုံးဆက် ကြေးခေါင်းတလား၏ အပိုင်းအစနှစ်ခုကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် သင့်အား ဂုဏ်ပြုလိုက်ပါတယ် ၊ လက်ရှိတိုးတက်မှု - 4/5]
စနစ်၏ အသံက်ိုကြားတော့မှ စူးချန်ကဲတစ်ယောက် သတိရသွားသည်။
ယခင်က ကျုံယုံ(ငရဲကိုးထပ်)တွင် ပြုလုပ်ခဲ့သော မစ်ရှင်ကြောင့် သူသည် စနစ်မှ ပေးအပ်ခဲ့သော ကြေးခေါင်းတလား၏ အပိုင်းအစတစ်ခုကို ရရှိခဲ့ဖူးသည်။
ထို့အပြင် ၊ ကျုံယုံ(ငရဲကိုးထပ်) မင်းဆက်၏ ဘုရင်ထံမှ တစ်ခုရရှိခဲ့သေးသည်။
“ တစ်ခုပဲ လိုတော့တာပဲ…”
[ဒင်! မစ်ရှင်အသစ် :
ရွေးချယ်မှု - ၁ : နယ်မြေပြင်ပစစ်မြေပြင်သို့ ဝင်ရောက်ရန်
ဆုလာဘ် - မျိုးဆက်သုံးဆက် ကြေးခေါင်းတလားအပိုင်းအစ * 1
မျိူးဆက် သုံးဆက် ကြေးခေါင်းတလားလုပ်ငန်းဆောင်တာတွေထဲက တစ်ခုကို သော့ဖွင့်ပါ - ပြန်လည်မွေးဖွားခြင်း]
ရွေးချယ်မှု -၂: ထိုက်ချုးနတ်ဆိုးချောက်နက်၏ အနက်ရှိုင်းဆုံး နေရာကို ဝင်ရောက်ရန်
ဆုလာဘ် : မျိုးဆက်သုံးဆက် ကြေးခေါင်းတလားအပိုင်းအစ * 1
မျိူးဆက် သုံးဆက် ကြေးခေါင်းတလား၏ မှော်အစွမ်းတွေထဲက တစ်ခုကို သော့ဖွင့်ပါ - မူလရင်းမြစ် စည်းတံဆိပ် ]
စနစ်၏ စကားသံကိုနားထောင်ပြီးနောက် ၊ စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
သူသည် နယ်မြေပြင်ပစစ်မြေပြင် နှင့် ထိုက်ချူ နတ်ဆိုးချောက်နက်အကြောင်း သိပ်မသိပေ ။
၎င်းတို့သည် တိုက်မြေသုံးထောင်၏ ကာကွယ်ရေးလိုင်းများ ဖြစ်သည်။
၎င်းတို့သည် အလွန်ရှေးကျသော စစ်မြေပြင်နှစ်ခုလည်းဖြစ်သည်။
သူအများဆုံးကြားဖူးသည်မှာ နယ်မြေပြင်ပစစ်မြေပြင် ဖြစ်သည်။ ထိုက်ချူ နတ်ဆိုးချောက်နက်နှင့် ပတ်သတ်ပြီး များများစားစား သိမထားပေ။
“ ကြည့်ရတာ ကံကြမ္မာပင်လယ်ကို သွားပြီးရင် ၊ ငါသွားရမယ့်နေရာကို ရွေးရမယ့်ပုံပဲ”
………
ဘိုးဘေးများနှင့် စကားပြောဆိုပြီးနောက်၊
စူးချန်ကဲသည် ကွေးယွမ် ဘိုးဘွားပိုင်မြေမှ ထွက်ခွာလာခဲ့သည်။
“ နယ်မြေပြင်ပစစ်မြေပြင်…ထိုက်ချု နတ်ဆိုးချောက်နက် …”
စူးချန်ကဲ စိတ်ထဲ အဆက်မပြတ် တွေးနေမိသည်။
ထိုစဉ် ၊စူးချန်ကဲသည် ရင်းနှီးသောအငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
“ချန်ကဲ”
ထိုလူကို မတွေ့ခင်မှာပဲ သူ့အသံကို ကြားလိုက်ရသည်။
ရေစင်အလား အေးမြသော အသံဖြင့် လူ၏နှလုံးသားထဲတွင် ပဲ့တင်ရိုက်ခတ်သွားသည်။
သူသည် အသံလားရာကို လှည့်ကြည့်လိုက်သည်။
လှပသော မိသားစုဝင်သည် ဤနေရာတွင် အကြာကြီး စောင့်ဆိုင်းနေသကဲ့သို့ ရပ်နေသည်။
သူမသည် နှင်းစကပ်ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဆံနွယ်များကို နောက်တွင် ဖြည်ချထားသည်။
သူမ၏ မျက်နှာပေါ်တွင် ဤကမ္ဘာကြီးကို စွဲဆောင်နိုင်ပုံပေါ်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည် ။
သူမတစ်ကိုယ်လုံးက နံနက်ခင်းနေရောင် ဖြာကျလာသကဲ့သို့ ထွန်းလင်းတောက်ပနေပြီး မျက်စိစူးလောက်စေသည့် အလှတရားကို ထုတ်ဖော်နေခဲ့သည်။
“ ရန်ယွီ ၊ ချန်ကဲ မဟာဧကရာဇ်မင်းကို ဂါဝရပြုပါတယ်”
လော့ရန်ယွီ၏ မျက်ဝန်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်နေပြီး ၊ သူမ၏နှုတ်ခမ်းများက စနှောက်လိုသော အပြုံးဖြင့် ပြုံးရယ်နေသည်။
“ တကယ်ကို အရူးမပဲ “
စူးချန်ကဲသည် ခေါင်းခါလိုက်သည်။
သူသည် ဧကရာဇ်တန်ခိုးစွမ်းအားများကို ချုပ်တည်းကာ လော့ရန်ယွီဆီသို့ လျှောက်လာခဲ့သည်။
အမှန်စစ်စင် ၊ လော့ရန်ယွီမချာ မည်သည့်စကားပြောရမည်ကို မသိပေ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် သူငယ်ချင်းထက် ပိုပြီး ချစ်သူရည်းစားဆက်ဆံရေးလည်း ဟုတ်မနေချေ။
မည်သို့ပင်ဖြစ်စေ ၊ သူတို့သည် အကြိမ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ကွေးယွမ် သူတော်စင် နယ်မြေ၏ ပြင်ပရှိ ဆန့်ကျင်ဘက်လိင်များထဲတွင် လော့ရန်ယွီသည် ပေါင်းသင်းဆက်ဆံလို့အကောင်းဆုံး ဖြစ်သည်။
“ ဘာလဲ ? မင်း ဒီနေ့ ငါ့ကို ဂုဏ်ပြုဖို့လာတာလား?”
“ ဒါပေါ့၊ တုနှိုင်းမဲ့ ချန်ကဲ မဟာဧကရာဇ်မင်းကို ဂုဏ်ပြုဖို့သေချာပေါက် လာရမှာပေါ့”
လော့ရန်ယွီ၏ လေသံထဲတွင် နောက်ပြောင်သံများ ရှိနေသည်။
စူးချန်ကဲ ပြန်မပြောမီ ၊ သူမသည် အတည်ပေါက် လေးနက်စွာဖြင့် ပြန်ပြောခဲ့သည်။
“ကံကြမ္မာပင်လယ်က ပြောင်းလဲသွားလိမ့်မယ်ဆိုတာကို ယောင်ချီ သူတော်စင်နယ်မြေက ဘိုးဘေးတွေဆီကနေ ကြားသိခဲ့ရတယ် ၊ အဲ့ဒီမှာ ကံကြမ္မာ မဟာဧကရာဇ်မင်းဖြစ်လာဖို့ အခွင့်အလမ်းကို ရှာတွေ့နိုင်လောက်တယ် “
“ဒါဆို ဒီတခေါက် မင်း ဒီကို လာခဲ့တာက…”
“ နှုတ်ဆက်ဖို့လား”
စူးချန်ကဲက အရင်ပြောလိုက်သည် ။
“အင်း… ရှင့်ကို ဖုံးကွယ်လို့မရဘူးပဲ”
“တကယ်တော့ မင်း…”
စူးချန်ကဲ စကားမဆုံးခင် ၊
လော့ရန်ယွီသည် စူးချန်ကဲ၏ နှုတ်ခမ်းကို သူမ၏လက်ညိုးဖြင့် ဖိလိုက်ရင်း ။
ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း။
“ မင်း ငါပြောတာကို အရင်နားထောင်ဦး ဟုတ်ပြီးလား?”
စူးချန်ကဲ၏ အကြောင်းပြန်မှုကို နားထောင်ပြီးနောက်၊
လော့ရန်ယွီ၏ လှပသော မျက်နှာသည် နီမြန်းသွားပြီး သူမလက်ချောင်းကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ စောနက သူမ၏ လုပ်ရပ်အတွက် အနည်းငယ် ရှက်သွားပုံရသည်။
“ကံကြမ္မာ စွမ်းအားကို ရှာဖို့ မင်း ကံကြမ္မာပင်လယ်ကို သွားဖို့ ကြံစည်ထားမှန်း ငါသိတယ်”
“ ငါ ပြောချင်တာက “
“ ရန်ယွီမှာလည်း ကိုယ်ပိုင်လျှောက်ရမယ့်လမ်းရှိတယ် “
ဤအခိုက်အတန့်တွင်၊
ပူနွေးသော နံနက်ခင်း နေရောင်သည် တိမ်တိုက်များမှတဆင့် ကျဆင်းနေသည်။
ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာပေါ်တွင် လင်းလက်တောက်ပနေပြီး ၊ သူမ၏ပါးပြင်များသည် နူးညံ့ကာ ကြည်လင်တောက်ပနေသည်။
လော့ရန်ယွီသည် လက်နှစ်ဖက်ကို နောက်တွင် ပစ်ထားပြီး ကိုယ်ကိုအနည်းငယ် ကိုင်းညွှတ်ထားသည်။
သူမ၏ လှပသော မျက်လုံးများသည် လခြမ်းကဲ့သို့ ကွေးညွတ်သွားသည်။
လေပြေညှင်းများက သူမ၏ဆံနွယ်များကို တိုးဝှေ့ကာ နမ်းရှိုက်သွားသည်။
လေနှင့်အတူ မျောလွင့်နေသော ဆံနွယ်များအောက်တွင် ဤလှပသောမျက်နှာကို ပို၍ ပေါ်လွင်စေသည်။
“ပြီးတော့ ကျွန်မတို့ သဘောတူထားတယ် မဟုတ်လား?”
“အတူတူ မဟာလမ်းစဉ်ရဲ့ အထွပ်အထိပ်မှာ ဆုံကြမယ်ဆို”
“ရန်ယွီ ဘယ်လိုလုပ်ပြီး နောက်ဆုတ်နိုင်မှာလဲ”
အပိုင်း(၄၇၄): မဟာလမ်းစဉ်ရဲ့ အထွက်အထိပ်ထိ အဖော်ပြုမယ်
စူးချန်ကဲသည် ထိုအရာကို မျှော်လင့်ထားပုံရသည်။
သူသည် ပြုံးလျက် ပြန်ပြောသည်။
“ကံကြမ္မာပင်လယ်ကို ငါသွားဖို့ စိတ်ကူးထားပြီးသား ၊ ငါ့ရဲ့ လက်ရှိခွန်အားနဲ့သာဆို အဲ့နေရာကို သွားဖို့ အန္တရာယ်ရှိမှာမဟုတ်ဘူး”
“ မင်း အဲဒီနေရာကို သွားမယ်ဆိုရင် အန္တရာယ်တွေ အများကြီးရှိနိုင်တယ်၊ သေမလားရှင်မလား ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး”
ထိုစကားကို ကြားတော့ ၊ လော့ရန်ယွီသည် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။ သူမလက်ကို နောက်ဘက်သို့ ပစ်ထားပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် လှမ်းလိုက်သည်။
နေရောင်အောက်တွင် လမ်းလျှောက်နေသော နတ်သူငယ်လေး တစ်ကောင်နှင့်တူပေသည်။
စူးချန်ကဲသည် မလှမ်းမကမ်းအကွာအဝေးမှ သူမ၏ နောက်ကနေ လိုက်ပါလာခဲ့သည်။
သူမက ဆို၏။
“ ချန်ကဲ ၊ နင် ငါ့ကိုလျှော့မတွက်နဲ့”
“တကယ်လို့ တိုက်မြေသုံးထောင်မှာ နင့်လို လူ့ဘီလူးတစ်ကောင် ထွက်ပေါ်မလာခဲ့ရင် ငါက ကံကြမ္မာ မဟာဧကရာဇ်မင်းဖြစ်ဖို့ အနည်းဆုံး 90% အခွင့်အလမ်း ရှိတယ် “
ထိုစကားအပေါ် သူ သံသယမရှိချေ။
လော့ရန်ယွီသည် ဟွိုင့်တွိုင့်ခန္ဓာကိုယ် နှင့် အန္တိမအရိုးအား ပိုင်ဆိုင်ထားသည်ကို ထည့်မပြောရသေးခင်၊
သူမ၏ ပါရမီနှင့် နားလည်နိုင်စွမ်းသည် တိုက်မြေ သုံးထောင်ရှိ ပါရမီရှင်တိုင်း သူမကို ယှဉ်ပြိုင်ဖို့ ခဲယဉ်းပေသည်။
“ ဒီလိုအရည်အချင်းမျိုးနဲ့ ရှင့်လိုမျိုး ကိုယ်ပိုင်လမ်းကို မလျှောက်လှမ်းရင် ကျွန်မအရည်အချင်းတွေက အလဟသ မဖြစ်ပေဘူးလား “
ထိုအချိန် ၊ လော့ရန်ယွီ၏ ခြေလှမ်းများသည် ရပ်တန့်သွားသည်။
စူးချန်ကဲ၏ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း ဝတ်ရုံလက်စပေါ်သို့ ဖြည်းညှင်းစွာ မှီလိုက်သည်။
သူမသည် လေးနက်သောလေသံဖြင့် ဆိုလိုကိသည်။
“ ကံကြမ္မာမဟာဧကရာဇ်မင်း မဟုတ်ရင် ရှင်နဲ့ ကျွန်မကြား ကွာဟချက်က ပိုကြီးလာလိမ့်မယ် ၊ တစ်နေ့ကြရင် ကျွန်မမှတ်ဥာဏ်ထဲမှာ ရှင့်ရဲ့ မှုန်ဝါးဝါးပုံရိပ်ကိုပဲ မှတ်မိနေလိမ့်မယ်”
“ အဲ့တော့ ကျွန်မ သေချာပေါက် သွားရမယ်”
လော့ရန်ယွီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း စက္ကန့်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ၊
စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။
“ ငါ သိပြီ “
လော့ရန်ယွီသည် နူးညံ့စွာပြုံးရယ်လိုက်ရင်း တိုးတိုးလေး ထပ်ပြောလိုက်သည်။
“အခု၊ နယ်မြေပြင်ပစစ်မြေပြင်ရဲ့ တိုက်ပွဲက တင်းမာနေတယ် ၊ ရှင်က ကံကြမ္မာမဟာဧကရာဇ်မင်း တစ်ပါး ဖြစ်လာပြီဆိုတော့ ရန်သူကို ချေမှုန်းဖို့ သွားသင့်တယ်”
“ကံကြမ္မာပင်လယ်ကို ကျွန်မတို့ကိုယ်တိုင် သွားမယ် “
“အနာဂတ်မှာ ကျွန်မချစ်ရတဲ့သူက ဒေဝလောကတစ်ခုလုံး ကိုးကွယ်ရတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”
“ အွန်း “
စူးချန်ကဲသည် စကားအများကြီး မပြောခဲ့ပေ။ ဤစကားတစ်ခွန်းတွင် အနှိုင်းမဲ့ယုံကြည်မှုများပါရှိသည်။
“ ရန်ယွီ ရှင့်အတွက် ကမပြဖူးဘူး ၊ ကျွန်မ မသွားခင် ရှင့်အတွက် ကပြပေးမယ် မကောင်းဘူးလား “
ထိုစကားကိုကြားတော့ ၊ စူးချန်ကဲသည် မျက်ခုံးပင့်တင်လိုက်သည်။
လော့ရန်ယွီသည် အဆိုနှင့်အကတွင် ထူးချွန်ပြောင်မြောက်ကြောင်း သူ ယခင်ကတည်းက ကြားသိခဲ့ဖူးသည်။
“ကောင်းပြီ “
ထိုစကားများထွက်လာသည်နှင့် ၊
လော့ရန်ယွီသည် သူမ၏ ဝတ်ရုံစကို မြှောက်ကာ ကပြရန်အစချီလိုက်သည်။
ဖြာကျနေသော အလင်းတန်းများအောက်တွင်
နှင်းစကပ်ဂါဝန် နှင့် ဆံနွယ်များသည် နူးညံ့စွာ ပျံဝဲနေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ ကပြလှုပ်ရှားမှုသည် တဖြည်းဖြည်း မြန်ဆန်လာသည်။
သူမ၏ ပြေပြစ်သော လက်များကို ညင်သာစွာ မြှောက်ကာ လှုပ်ရှားနေသည်။
သူမ၏ ကခုန်ဖျော်ဖြေမှုသည် မှုန်ရီရီတောက်ပနေသော မြူခိုးများကြား ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ပင်။
အိမ်မက်ဆန်လွန်းသော မြင်ကွင်းတစ်ခုလိုပင်။
ထိုအချိန်တွင်၊ လော့ရန်ယွီက သူမ၏ နှုတ်ခမ်းများကို အနည်းငယ်ဖွင့်ဟကာ ရွတ်ဆိုလိုက်သည်။
“ သင့်အား ကျွန်မရဲ့လှပသော နုပျိုမှုကို ပေးအပ်ကာ မဟာလမ်းစဉ်ရဲ့ အထွက်အထိပ်ထိ အဖော်ပြုမယ် “
ထိုစကားကိုကြားတော့ စူးချန်ကဲသည် ပြုံးလိုက်ရင်း ပြန်ရွတ်ဆိုလိုက်သည်။
“ မိုးကောင်းကင်တစ်ဆုံး အေးအတူပူအမျှ အတူရှိနေမယ် “
………
အချိန်အတော်တန် ကြာပြီးနောက်။
မိုးကုပ်စက်ဝိုင်းထဲတွင် ပျောက်ကွယ်သွားသော မိန်းမပျိုလေး၏ အသွင်အပြင်ကို ကြည့်ရင်း စူးချန်ကဲသည် သူ့အကြည့်များကို ဖြည်းညှင်းစွာ ဆုတ်ခွာလိုက်သည်။
“ချန်ကဲ ဆက်ခံသူ…!”
ထိုအချိန်။
စူးချန်ကဲ၏နောက်လိုက်များသည် စူးချန်ကဲဆီသို့ ရောက်ရှိလာကြသည်။
ယဲ့လင်ထျန်း ၊ လီဟောက်ထျန်း ၊ ယွင်ရှင်းယန် ၊ ထန်ဝူအာ…။
“ မင်းတို့က….”
၎င်းတို့သည် သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး မှော်လက်နက်များ ကိုယ်စီကိုယ်စီ ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။
သူတို့သည် ခရီးသစ်တစ်ခုထွက်ဖို့ အဆင်သင့်ဖြစ်နေပုံရသည်။
“ ချန်ကဲ ဆက်ခံသူ ၊ ကျွန်တော်တို့ ချန်ကဲ ဆက်ခံသူသခင်ကို နှုတ်ဆက်ဖို့ လာခဲ့တာ “
ယဲ့လင်ထျန်းသည် စူးချန်ကဲကို ဦးညွှတ်ကာ ဖြေကြားလိုက်သည်။
“ကံကြမ္မာပင်လယ်အကြောင်း ကျွန်တော်တို့ သိပြီးပြီ”
“ ချန်ကဲ ဆက်ခံသူလည်း ကံကြမ္မာပင်လယ်ကို သွားမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါပေမယ့် ဒါက ကျွန်တော်တို့ ကိုယ်တိုင်လျှောက်ရမယ့် လမ်းကြောင်းပဲ”
ယွင်ရှင်းယန်သည်လည်း စူးချန်ကဲကို ဦးညွှတ်ကာ ဆိုလိုက်သည်။
“ ဆက်ခံသူ သခင်က ထာဝရ ပထမဆုံးသော ဧကရာဇ်မင်းဖြစ်လာပြီမို့ အရေးကြီး လုပ်စရာတွေရှိသေးတယ် ၊ ဒီလိုအသေးအမွှား ကိစ္စကိုတောင် ကောင်းကောင်းမလုပ်နိုင်ရင် ချန်ကဲ ဆက်ခံသူသခင်ရဲ့ နောက်လိုက်အဖြစ် ဘယ်လိုလုပ်အရည်အချင်းပြည့်မီမလဲ”
စူးချန်ကဲ၏ နောက်လိုက်အားလုံးသည် စူးချန်ကဲကို ဦးညွှတ်လိုက်ကြသည်။
သူတို့သည် တူညီသောဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း ထင်ရှားပေသည်။
ထိုမြင်ကွင်းကြောင့် ၊
စူးချန်ကဲသည် ဘာမှ ပြန်မပြောခဲ့ပေ။
သူသည် မဟာဧကရာဇ်မင်းတစ်ပါးဖြစ်လာသော်လည်း ၊ သူ့မျက်စိရှေ့က ဤလူများသည် သူယုံကြည်ရသော လူများဖြစ်သလို ညီအစ်ကိုကောင်းလည်း ဖြစ်သည်။
စူးချန်ကဲသည်လည်း ပြန်လည်ဦးညွှတ်လိုက်သည်။
“စိတ်မပူနဲ့ ငါ ရှိနေသရွေ့”
“ မင်းတို့ ကံကြမ္မာပင်လယ်ထဲ ကျသွားရင်တောင် ငါ မင်းတို့ကို သေချာပေါက် ရှာတွေ့နိုင်တယ်”
ထိုစကားကြားတော့ အားလုံးက တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်လိုက်ကြသည်။
ဆက်ခံသူ သခင်၏ စကားတိုင်းကို သူတို့ အကြွင်းမဲ့ ယုံကြည်သည်။
……..
သိပ်မကြာခင်မှာပဲ ၊
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
သူ့ဘေးနားက လူတွေအကုန်လုံး ခရီးထွက်သွားကြပြီ ဖြစ်သည်။
သူ့အနေဖြင့် ၊ ယခုအချိန်သည် ခရီးသစ်တစ်ခု စတင်ရန် အချိန်တန်ပြီဖြစ်သည်။
“ နယ်မြေပြင်ပစစ်မြေပြင်…?”
စူးချန်ကဲ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ၊ သူ့လက်ထဲတွင် နယ်မြေသင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဘိုးဘေးတွေပေးခဲ့တဲ့ အချက်အလက်အရ ၊ နယ်မြေပြင်ပစစ်မြေပြင်က တိုက်မြေ သုံးထောင်ရဲ့ အစွန်းမှာရှိပြီး ဗလာနယ်မြေတစ်ခုပဲ…”
“ငါ့ရဲ့လက်ရှိအင်အားနဲ့တော့ အချိန်မကြာလောက်ပါဘူး “
သေချာစဉ်းစားပြီးနောက် ၊
စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် ဧကရာဇ်အလိုဆန္ဒများ ထွက်ပေါ်လာကာ လမ်းကြောင်းတစ်ခုအဖြစ် ကြယ်တာယာကောင်းကင်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ဦိးတည်၍ပျံ့နှံ့သွားခဲ့သည်။
……
တစ်ချိန်တည်းမှာပင်။
နယ်မြေပြင်ပ စစ်မြေပြင်တွင်၊
ဝုန်း ! !
လောကနိယာမစည်းမျဉ်းများ တဟုန်းဟုန်း မြင့်တတ်လျက် ၊
အနက်ရောင် အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်လာသည်။
၎င်းထဲတွင် ၊ အနက်ရောင် ခြေသည်းကြီးတစ်ခု ရှိနေပုံရသည်။
ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း နိယာမစည်းမျဉ်းများ ယိုယွင်းကာ တာအိုစည်းချက်များ ငြိမ်းသက်သွားသည်။
၎င်းသည် တိုက်မြေ သုံးထောင်နှင့် လုံးဝကွဲပြားသော စွမ်းအားတစ်ခုဖြစ်သည်။
ယုတ်ညံ့ခြင်း၊ တိုက်စားခြင်းနှင့် ပျက်စီးခြင်းတို့ကို ကိုယ်စားပြုသည်။
“ တိုက်မြေသုံးထောင်က ကောင်တွေ ၊ ငါ့ကို ဘယ်လောက်ကြာကြာ တားနိုင်မယ် ထင်လဲ”
ထူးဆန်းသော အနက်ရောင် ခြေသည်းပိုင်ရှင်သည် ဤအခိုက်အတန့်တွင် ဒေါသတကြီး ပြောဆိုလာသည်။
“အရာအားလုံး ပြောင်းလဲနေပြီ၊ ဒီခေတ် တိုက်မြေသုံးထောင်လည်း ပျက်စီးတော့မယ်!”
“ -ီးပဲ!”
“ဒီနေ့ အပြင်ဘက်လှိုဏ်ဂူကို စောင့်ရှောက်ဖို့ တာဝန်ကျတာ ဘယ်မဟာဧကရာဇ်မင်းလဲ?”
အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦိးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ပြင်ပလှိုဏ်ဂူသည် အဓိကအကျဆုံး မတည်မငြိမ်ဖြစ်စေသော အချက်အချာဖြစ်ပြီး ၊ ပြင်ပသတ္တဝါအားလုံးသည် ဤနေရာမှ တဆင့် တိုက်မြေသုံးထောင်ကို ကျူးကျော်ဝင်ရောက်ကြသည်။
ဤနေရာ၌ အချိန်တိုင်းစောင့်ကြပ်ပေးသော မဟာဧကရာဇ်မင်း တစ်ပါး အမြဲရှိသည်။
သို့သော် ထင်မှတ်မထားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။
လူတိုင်း အထိတ်တလန့် ဖြစ်နေစဉ် ၊
ဘုန်း ! !
ကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအားများဖြင့် အနက်ရောင်ရုပ်သွင်သည် ကောင်းကင်သို့ ပျံတက်လာသည်။
သို့သော်၊ သူ၏ ရောင်ဝါသည် အလွန်ထူးဆန်းပြီး လူကို ထုံထိုင်းသွားစေသည် ။
“ဒါ…!?”
တပ်မှူးတစ်ယောက်က မနေနိုင်ဘဲ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
“ ချင်ဟွမ် မဟာဧကရာဇ်မင်း!?”
“ချင်ဟွမ် မဟာဧကရာဇ်မင်းက ပြင်ပ လှိုဏ်ဂူကိုစောင့်ကြပ်ဖို့ တာဝန်ယူခဲ့တဲ့သူ မဟုတ်လား… ? ”
“ သူက ဘာလို့နယ်မြေပိုင်နက်စည်းမျဉ်းတွေကို ဖျက်စီးပစ်ရတာလဲ? ”