အခန်း (၄၇၅-၄၇၉)
Vol. 35 Ch. 475-479
အပိုင်း(၄၇၅): ထျန်းယိမြို့သခင်၏ တောင်းဆိုမှု
နယ်မြေပြင်ပက နိယာမစည်းမျဉ်းများသည် ကျင့်ကြံသူများ၏ စိတ်ကို ဖျက်စီးနိုင်သည်။
သို့သော် မဟာဧကရာဇ်ဟူသည် အဘယ်နည်း။
မဟာဧကရာဇ်မင်း၏ ခန္တာသည် တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိပြီး ၊ ဖျက်ဆီးရန်ခက်ခဲသည် ။
သို့သော် ၊မဟာဧကရာဇ်မင်း တစ်ပါးသည် ဤနယ်မြေပြင်ပစစ်မြေပြင်တွင် ပထမဆုံးအကြိမ်အဖြစ် ဖျက်ဆီးခံလိုက်ရသည် ။
သို့သော် ဤအချိန်တွင်။
ဝုန်း ! ! !
တိုက်စားခြင်းခံထားရသော ချင်ဟွမ် မဟာဧကရာဇ်မင်းသည် ဧကရာဇ်တန်ခိုးစွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်လာသည်။
၎င်းကို ဗဟိုပြုလျက်။
ထူးဆန်းသော ရောင်ဝါတစ်ခုသည် သူ့ခန္ဓာကိုယ်အတွင်းမှ လုံးလုံးလျားလျား ထွက်ပေါ်လာသည်။
“အားးး…!!”
ထိုအချိန်တွင်၊ ချင်ဟွမ် မဟာဧကရာဇ်မင်း၏ ကျန်ရှိနေသော အသိစိတ်သည် ဤထူးဆန်းသော အင်အားကို တွန်းလှန်နေပုံရသည်။
သို့သော် သူသည် အလွန်နာကျင်နေပုံရပြီး ထိန်းမနိုင်သိမ်းမရ ဟစ်ကြွေးအော်မြည်နေသည်။
တလိပ်လိပ် ရိုက်ခတ်နေသော စွမ်းအင်လှိုင်းတံပိုးများသည် လမ်းကြောင်းအားလုံးကို တုန်ခါသွားစေပြီး ရှုထောင့်အရပ်ရပ်မှ အရူးအမူး ဝင်ရောက်လာသည်။
အဆိုပါ အင်အားအောက်တွင်၊
ဤနေရာကို စောင့်ကြပ်နေသော မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များသည် လေလှိုင်းကြောင့် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပရမ်းပတာ ပြုတ်ကျကုန်သည်။
တစ်ချိန်တည်းမှာပင်။
ချင်ဟွမ် မဟာဧကရာဇ်မင်း၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော နတ်ဆိုးမျက်လုံးပုံစံများ ပေါ်ထွက်လာသည်။
အဆုံးတွင်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့ရုံသာမကဘဲ ဟင်းလင်းပြင် ကွက်လပ်သည်ပင် ထိုနတ်ဆိုးမျက်လုံးများဖြင့် ပြည့်နှက်နေသည်။
ဤထူးဆန်းသောမြင်ကွင်းသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။
“ဟားဟား!”
ရုတ်တရက် ၊ ချင်ဟွမ် မဟာဧကရာဇ်မင်းသည် အရူးအမူး ရယ်မောပြန်သည်။
သူ၏အသံသည် ထူးဆန်းကာ အက်ကွဲနေသည်။
ချင်ဟွမ် မဟာဧကရာဇ်မင်း၏ ခန္ဓာကိုယ်ထဲတွင် အခြားအရာတစ်ခု လျို့ဝှက်စွာတည်ရှိနေပုံရသည်။
“ ငါ့ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ကြိုးစားအားထုတ်ခဲ့တာတွေက အချည်းနှီးမဖြစ်ခဲ့ဘူး!”
ချင်ဟွမ် မဟာဧကရာဇ်မင်း၏ မျက်လုံးများသည် မည်းနက်နေပြီး သူ့အသံမှာ ပိုပို၍ စိတ်လှုပ်ရှားလာသည်။
“ ငါ နတ်ဆိုးမျက်လုံးသခင်က မဟာဧကရာဇ်မင်းရဲ့ ခန္ဓာကို ရခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး ၊ မဆိုးဘူး တကယ်ကို မဆိုးဘူး!”
“ခုဆက်ပြီး ဒီအမှောင်ကောင်းကင်ကို ချိုးဖျက်ပြီး ဒီကောင်တွေကို လွှတ်ပေးဖို့အချိန်တန်ပြီ ၊
အမှောင်ကောင်းကင်။
၎င်းသည် တိုက်မြေပြင်ပတွင် ရှိနေသော လိုဏ်ဂူများကို တိုက်မြေပြင်ပရှိ လူများက ခေါ်ဆိုသော အမည်ဖြစ်သည်။
“မကောင်းတော့ဘူး! သူ့ကို တားဆီးကြဟေ့!”
တပ်ဖွဲ့များသည် တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
၎င်းတို့သည် သာမန် ထာဝရအင်အားစုမှ တပ်ဖွဲ့များသာ ဖြစ်ပြီး ၊ မဟာဧကရာဇ်မင်းထက် အဆပေါင်းများစွာ နိမ့်ကျသည်။
“ဟမ် ၊ အမှိုက်တသိုက်ကများ!”
ချင်ဟွမ် မဟာဧကရာဇ်မင်းကို ချုပ်ကိုင်ကာ အောက်ခြေတပ်များကို သတ်ရန်ဟန်ပြင်နေသော နတ်ဆိုးမျက်လုံးသခင်၏ မျက်လုံးများသည် အေးစက်သွားသည်။
သို့သော် ထိုအချိန်တွင်၊
ကောင်းကင်ယံ၌ နတ်အလင်းတန်းတစ်ခု လင်းလက်ကာ ထွက်ပေါ်လာခဲ့သည်။
ဝုန်း ! ! !
အဖျက်စွမ်းအားရှိသော နီမြန်းသောအလင်းတန်းသည် စကြဝဠာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး နတ်ဆိုးမျက်လုံးသခင်ဆီသို့ ပစ်ခွင်းဝင်ရောက်လာခဲ့သည်။
“ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်ပေါ့၊ အတော် သတ္တိရှိနေတာပဲ!”
နတ်ဆိုးမျက်လုံးသခင်သည် အေးစက်စွာ အော်ဟစ်လိုက်သည်။
သူလက်ကို ဆန့်ထုတ်လိုက်သည်နှင့် တပြိုင်နက် ၊
သူ၏လက်မောင်းတစ်လျှောက်တွင် နတ်ဆိုးမျက်လုံးများထံမှ ထွက်ပေါ်လာသော ထူးဆန်းသော အငွေ့အသက်များက လွှမ်းခြုံသွားသည်။
ဝုန်း ! !
တခဏချင်းမှာပင် ၊ သူ၏ ရုပ်သွင်သည် နက်မှောင်သော လျှပ်စီးတစ်စင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ ဧကရာဇ်တန်ခိုးစွမ်းအားများနှင့်အတူ သူ၏လက်သီးကို မြှောက်ကာ ကွက်လပ်ကို ထိုးနှက်ချိုးဖျက်လိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးမျက်လုံးများစွာသည် ကြီးမားလှသော နတ်ဆိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။ အဖျက်သဘောဆောင်သော လေပြင်းများ နှိုးဆော်နေစဉ်အတွင်း ယိုယွင်းတိုက်စားခြင်းစွမ်းအားသည် အဆုံးမရှိသော နိယာမစည်းမျဉ်းများကို တပြိုင်နက် ချေမှုန်းပစ်ခဲ့သည်။
နောက်အခိုက်တန့်တွင် ၊
ဖိနှိပ်ပေါက်ကွဲသံသည် အာကာသတစ်ဝှမ်းလုံးထိ ပဲ့တင်ထပ်သွားသည်။
နိယာမမုန်တိုင်းသည် အရပ်ရပ်သို့ လွင့်စင်သွားပြီး ၊ ဤနေရာကို စောင့်ကြပ်နေကြသော တပ်ဖွဲ့ဝင် အများအပြားသည်လည်း ၎င်းနှင့်အတူ တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။
“ ဟမ်၊ ဒီလို ခွန်အားမျိုးနဲ့ အတော်သတ္တိရှိ….”
သို့သော် ၊ နတ်ဆိုးမျက်လုံးသခင်သည် လှောင်ပြောင်စကားကို အပြည့်အဝ မဆိုရသေးခင် ။
နီမြန်းသော လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်သို့ ထိုးဖောက်ထွင်းဝင်ရောက်လာခဲ့ပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးမျက်လုံးသခင်၏ ရှေ့တွင် ထွက်ပေါ်လာသည်။
“အညစ်အကြေး တစ်ကောင်ကများ!”
တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်နှာသည် အေးစက်နေပြီး ၊ ဘာမှမထူးခြားသော လေသံဖြင့် ဆိုလေသည် ။
“ မင်းကများ မောက်မာရဲတယ်ပေါ့!?”
ထိုစကားများ ပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ သူ့ လက်သီးဖြင့် ထိုးနှက်ပစ်လိုက်သည်။
ဤမျှနီးကပ်သောအကွာအဝေးတွင်၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ လက်သီးသည် အလွန်လျင်မြန်သည်။
နတ်ဆိုးမျက်လုံး သခင်သည် တုံ့ပြန်ရန် အချိန်မရှိဘဲ တိုက်ရိုက် ထိမှန်သွားသည်။
ဘုန်း--! !
မှော်သင်္ကေတများ တလိပ်လိပ်ရိုက်ခတ်ကာ ၊ ဧကရာဇ်တန်ခိုးစွမ်းအားများ လွှမ်းခြုံသွားသည်။
အဖျက်စွမ်းအားများ ပါဝင်သော နတ်အလင်းတန်းသည် ချင်ဟွမ် မဟာဧကရာဇ်မင်း၏ ခန္ဓာကိုယ်ကို ဖြတ်၍ထိုးဖောက်သွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။
ထိုအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း၊
အဆိုပါစွမ်းအား၏လက်အောက်တွင် အရာအားလုံးမှာ လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရသည်။
“ဒီကောင်…”
နတ်ဆိုးမျက်လုံးသခင်၏မျက်လုံးများသည် မှေးကျဉ်းသွားပြီး မယုံကြည်နိုင် ဖြစ်လို့နေသည်။
တိုက်မြေသုံးထောင်တွင် အဘယ်ကြောင့် ဤမျှလောက် အစွမ်းထက်သော မဟာဧကရာဇ်မင်း တစ်ပါးရှိနေသနည်း။
ရုတ်တရက် ၊ သူသည် တစ်စုံတစ်ခုကို တွေးမိလိုက်ပုံရသည်။
“ လတ်စသတ်တော့ အဲ့လိုကိုး ၊ မင်းက အသန်မာဆုံးလား…?”
၎င်းသည် ရယ်မောလေသည်။
ချင်ဟွမ် မဟာဧကရာဇ်မင်းအပေါ် ကပ်ပါးကောင်အဖြစ် ရှိနေခဲ့သော နတ်ဆိုးမျက်လုံး သခင်၏ စွမ်းအားများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထိုစကားကို ကြားတော့ တိ့ကျန့် မဟာဧကရာဇ်မင်းသည် ပိုလို့တောင် ရယ်ချင်လာသည်။
တစ်ဖက်လူရဲ့အဓိပ္ပါယ်ကို သူ မသိစရာလား!?
“ ဟာသပဲ ၊ တန်ခိုးအကြီးမားဆုံး မဟာဧကရာဇ်မင်းက ငါမဟုတ်ဘူး”
သေချာပေါက် ၊ သူ့ အစ်ကိုလည်း မဟုတ်ချေ။
“ တိ့ကျန့် မဟာဧကရာဇ်မင်း…”
ဤအချိန်တွင်။
ချင်ဟွမ် မဟာဧကရာဇ်မင်းအပေါ် ကပ်ပါးကောင်အဖြစ် ရှိနေခဲ့သော နတ်ဆိုးမျက်လုံး သခင်၏ စွမ်းအားများသည် ပျက်စီးသွားခဲ့ပြီး ဖြစ်သော်လည်း ၊ သူ့ကိုယ်တိုင်လည်း ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရသည်။
သေခါနီးအချိန်လေးတွင် ၊ သူသည် သတိပြန်ဝင်လာခဲ့သည်။
“တောင်း…ပန်ပါတယ်…”
“ ငါ …မထိန်းချုပ်နိုင်ခဲ့ဘူး…”
ချင်ဟွမ် မဟာဧကရာဇ်မင်းသည် တစ်စုံတစ်ခုကို ပြောလိုခဲ့သော်လည်း ၊
သို့သော် သူ့စကားမဆုံးခင် ၊
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကွဲကြေလာခဲ့ကာ နောက်ဆုံးတွင် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲကာ ပျံ့လွင့်သွားခဲ့လေသည်။
ဤမြင်ကွင်းသည် စစ်မြေပြင်ရှိ လူတိုင်းကို နာကျင်စေခဲ့သည်။
“ မဟာဧကရာဇ်မင်းတစ်ပါးက.. ဒီလိုပုံစံနဲ့ …ကြွေလွှင့်ခဲ့ရတာလား!”
မဟာဧကရာဇ်အများအပြားသည် နယ်မြေပြင်ပစစ်မြေပြင်တွင် နှစ်စဉ်သေဆုံးနေကြဖြစ်သော်လည်း၊
သို့သော် မဟာဧကရာဇ်မင်းတစ်ပါးသည် ယခုလို ကြွေလွှင့်သွားခဲ့ရသည့်မြင်ကွင်းသည် ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ၊ သူတို့၏ ခံစားချက်များကို မည်သို့ဖော်ပြရမည်ကိုပင် မသိချေ။
“ အညစ်အကြေးကောင်တွေ! “
တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်လုံးများသည် အေးစက်နေပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒများက တဟုန်းဟုန်း တောက်လောင်နေသည်။
မဟာဧကရာဇ်မင်းများစွာ၏ အတွင်းစိတ်တွင် ပြင်ပနိယာမဆိုင်ရာ စည်းမျဉ်းများ၏ တိုက်စားခြင်းကို ခံထားရပြီး ဖြစ်သော်လည်း ၊
သို့သော်လည်း ဤအရာသည် သူတို့ ကွေးယွမ်သူတော်စင်နယ်မြေအတွက်တော့ ဘာမှမဟုတ်ပေ။
“ ချန်ကဲက အခု မဟာဧကရာဇ်မင်းဖြစ်လာပြီ”
“ ပြင်ပနယ်မြေရဲ့ အစီအစဉ်တွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီ”
တိ့ကျန့် မဟာဧကရာဇ်မင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ ပြင်ပနယ်မြေလောက်ကတော့ ဟာသတစ်ပုဒ်ထက် မပိုဘူး “
“ ရှေးဘိုးဘေး ပြောတဲ့အတိုင်းဆို ၊ ချန်ကဲ ဒီကို ရောက်လာသင့်ပြီ မဟုတ်လား…?”
“အတော်ပဲ၊ လူအင်အားနည်းနေတာ ဒီကလေးကို အလုပ်များစေမိပြီ “
{ T/N -ဖော်ပြထားတဲ့ ဘိုးဘေးတွေထဲက အဝေးဘိုးဘေးနဲ့ ရှေးဘိုးဘေးနှစ်ဦးမှာ မျဲ့ရှိန် ရှေးဘိုးဘေး နဲ့ မျဲ့ရှန်း ရှေးဘိုးဘေးကို ရှေးဘိုးဘေးနှစ်ဦးအဖြစ် သတ်မှတ်နိုင်ပါတယ် }
…….
အခြားတစ်ဖက်တွင် ၊
စကြာဝဠာ ကြယ်ရောင်စုံကောင်းကင်၌
ဝီ—! !
တောက်ပသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
စူးချန်ကဲမှ နင်းလျှောက်ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရွှေဝါရောင်လှိုင်းတံပိုးများ ရိုက်ခတ်သွားတတ်သည်။
သူ့ရှေ့တည့်တည့်တွင် ကျယ်ပြောလှသော ဗလာပြင်ကွက်လပ်ကြီးသာ ရှိသည်။
ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေသည် ။ ဤမျှ အေးစက်လှသော ကြယ်ရောင်စုံကောင်းကင်ကြီးသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်ရန် ခက်ခဲသော သွေးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ၊ ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ဖြတ်သန်းစီးဆင်းနေသော သွေးမြစ်ကဲ့သိုပင်။
“ ဗလာပြင်ကြယ်နယ်မြေ… တိုက်မြေသုံးထောင်ရဲ့ ရဲ့ အစွန်း၊ နယ်မြေပြင်ပစစ်မြေပြင် တည်ရှိရာ နေရာ ..”
စူးချန်ကဲသည် ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ငေးကြည့်နေစဉ် ၊
ဝီ!!
စူးရှတောက်ပသော အလင်းတန်းတစ်ခုသည် ကွက်လပ်ကိုဖြတ်၍ စူးချန်ကဲဆီသို့ ကျရောက်လာခဲ့သည်။
ထိုပုဂ္ဂိုလ်သည် တာအိုဝါဒီ၀တ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးဖြစ်ပြီး ၊ လွန်စွာအားကောင်းသော ဧကရာဇ်အလိုဆန္ဒများကို ပိုင်ဆိုင်ထားသည်မှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းပေသည်။
“ ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်သပါတယ်!”
ထိုအနှီလူသည် စူးချန်ကဲကို လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်သည် ။
“ ကျွန်တော်က ထျန်းယီ မြို့ရဲ့ အရှင်သခင်ဖြစ်ပြီး ၊ ချန်ကဲ မဟာဧကရာဇ်မင်းကို ကြိုဆိုဖို့ အထူး ရောက်ရှိလာခဲ့တာပါ!”
ထျန်းယိမြို့သခင်သည် မဟာဧကရာဇ်မင်းများကြားတွင် ထိပ်တန်းတည်ရှိမှု ဖြစ်ပြီး ၊ ပထမတန်း မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်သည်။
ထိုကဲ့သို့သော သန်မာသော ပုဂ္ဂိုလ်သည် ဤကမ္ဘာပေါ်တွင် အလွန်လေးစားဖွယ်ကောင်းသော ဖြစ်တည်မှုဖြစ်သည်။
သို့သော် ယခုအချိန်မှာတော့ အထောက်အထားများက ပြောင်းပြန်ဖြစ်လို့နေသည်။ ထျန်းယိမြို့၏ အရှင်သခင်သည် စူးချန်ကဲကို ဦးညွှတ်ဖို့ အစပြုခဲ့ပြီး သူ့မျက်လုံးများက လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
စူးချန်ကဲသည် မဟာဧကရာဇ်ဖြစ်ရန် ဖြတ်ကျော်ခဲ့စဉ်က ကောင်းကင်ဖြစ်စဉ်များသည် တိုက်မြေ သုံးထောင်တစ်ခွင်လုံးကို မြင်တွေ့စေခဲ့သည်။
သေချာပေါက် ၎င်းတို့၏ နယ်မြေပြင်ပ စစ်မြေပြင်လည်း ပါဝင်သည်။ ထိုကဲ့သို့သော သန်မာသူများသည် လေးစားထိုက်သူများဖြစ်ပေသည်။
“ထျန်းယိ မြို့ရဲ့ အရှင်သခင်?”
စူးချန်ကဲသည် မျက်ခုံးပင့်တင်လိုက်သည်။
တည်ငြိမ်သော အနေအထားမျိုးမရှိသော ကြယ်များကင်းမဲ့သည့် တည်နေရာဖြစ်ပြီး ၊ သာမန်သက်ရှိအပေါင်းတို့အနေဖြင့် ထိုနေရာတွင် အမြစ်တွယ်ပြီး ရှင်သန်ဖို့ရာ မဖြစ်နိုင်ချေ။
ထျန်းယိ မြို့သည် မဟာဧကရာဇ်ပေါင်းများစွာ၏ မွေးရာပါမှော်အစွမ်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၎င်းအား နယ်မြေပြင်ပစစ်မြေပြင်၏ အခြေစိုက်စခန်းအဖြစ် ဆောင်ရွက်ထားသည်။
၎င်းသည် ရှေ့တန်းအတွက် အထောက်အပံ့များ ပေးနိုင်ရုံသာမက နယ်မြေပြင်ပ စစ်မြေပြင်တွင် ပုံမှန်မဟုတ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာပါက ၊
မြို့တွင်းရှိ ပေးပို့နည်းစနစ်ခင်းကျင်းမှုမှတစ်ဆင့် စစ်ကူများကို တောင်းခံနိုင်သည်။
သို့သော်၊ ထျန်းယိမြို့တွင် တစ်ခုခုဖြစ်ခဲ့ပါက၊ နယ်မြေပြင်ပစစ်မြေပြင်သည် ဆုံးရှုံးသွားပြီဟု ဆိုရနိုင်သည်။
“ ထျန်းယိမြို့ သခင်အနေနဲ့ ဘာအကြောင်းများရှိလို့လဲ မသိဘူး”
စူးချန်ကဲ က ဦးညွှတ်ပြီး ပြန်မေးလိုက်သည်။
တစ်ဖက်လူ၏ အပြုအမူအရ ၊ ၎င်းသည် တစ်စုံတစ်ခုကို တောင်းဆိုရန်ရှိပုံရသည်။
“ ချန်ကဲမဟာဧကရာဇ်မင်း က အမျှော်အမြင်ရှိပါပေတယ်”
“ နယ်မြေပြင်ပစစ်မြေပြင်အနေနဲ့ လက်ရှိမှာ တည်ငြိမ်မှု မရှိဘူး”
“မနေ့ကပဲ၊ နယ်မြေပြင်ပစစ်မြေပြင်ရဲ့ အနောက်ဘက်စွန်းမှာရှိတဲ့ မီးပြတိုက်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ် ၊ အဲ့မှာစောင့်ကြပ်ပေးနေတဲ့ မဟာဧကရာဇ်မင်းလည်း အလားတူပြသနာမျိုး ဖြစ်နေနိုင်တယ်”
ထို့နောက်၊ ထျန်းယိမြို့သခင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောခဲ့သည်။
“ဒါပေမယ့်၊ ပိုထူးဆန်းတာက ငါတို့ထင်မြင်ချက်အတိုင်းဆို “
“အဲဒီဒေသမှာ အလွန် ဆိုးရွားတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့တယ်”
“ ငါတို့ သံသယဖြစ်မိတာက… အမှောင်ထု ပြန်လည်နိုးထလာပုံပဲ… !”
အပိုင်း(၄၇၆): အမည်မဲ့ မဟာဧကရာဇ်မင်း၏အလောင်း
ထိုစကားတွေ ထွက်လာသည်နှင့် ၊
စူးချန်ကဲ၏ အမူအရာသည် အနည်းငယ် လေးနက်သွားသည်။
မီးပြတိုက်နဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားသတဲ့လား?
အမှောင်ထု ပြန်လည်နိုးထလာပြီလို့ သံသယရှိတယ်တဲ့လား?
“ နယ်မြေပြင်ပတောင် အမှောင်ထုရှိသေးတာလား ?”
စူးချန်ကဲ၏ မသိစိတ်က မေးလိုက်သည်။
သူ့မှတ်ဥာဏ်ထဲတွင် ၊ ကမ္ဘာကပ်ဘေးစစ်ပွဲကို အမှောင်ထုက စတင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ၎င်းသည် အမတနယ်မြေအထိ ရောက်ရှိသွားပြီး ဒေဝလောကတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ထိုစကားကိုကြားတော့ ထျန်းယီမြို့သခင်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
“ တိုက်မြေပြင်ပကို ပင်လယ်ရဲ့ တစ်ဖက်ခြမ်းလို့လည်း ခေါ်တယ်”
“ရှေးဟောင်း မှတ်တမ်းတွေအရ၊ တိုက်မြေသုံးထောင်နဲ့ ပြင်ပနယ်မြေကို ပင်လယ်နက်နဲ့ ပိုင်းခြားထားတယ် “
“ဒီပင်လယ်နက်ထဲမှာ ပါရှိတဲ့ အဆုံးမဲ့အဖျက်စွမ်းအားက ပြင်ပကမ္ဘာနယ်မြေကို တိုက်မြေသုံးထောင်နဲ့ ပိုင်းခြားထားရုံသာမက ကမ္ဘာနှစ်ခုရဲ့ လမ်းစဉ်နိယာမစည်းမျဉ်းတွေကိုလည်း ပိုင်းခြားထားသေးတယ် “
“အရင်တုန်းကတော့ ပြင်ပနယ်မြေရဲ့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကို လုံးလုံးလျားလျား ချေမှုန်းဖို့အတွက်၊ ငါတို့လည်း ကြီးမားတဲ့ စွမ်းအားရှင်များစွာကို ခေါ်ယူပြီး နယ်မြေပြင်ပကို အပြီးတိုင် ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့်…”
ထိုအချိန်တွင်၊ ထိုက်ယီမြို့သခင်သည် လေးလေးနက်နက် သက်ပြင်းချလိုက်သည် ။ သူသည် ဆိုးရွားသောအမှတ်တရအချို့ကို ပြန်လည်အမှတ်ရသွားပုံရကာ ဝမ်းနည်းမှုအနည်းငယ်ကို ထုတ်ဖော်ပြသခဲ့သည်။
“ ကျရှုံးသွားတာလား?”
စူးချန်ကဲသည် ရလဒ်ကို မှန်းဆထားပြီး ဖြစ်သည်။ သို့မဟုတ်ပါက လက်ရှိတွင် နယ်မြေပြင်ပစစ်မြေပြင်ဟူ၍ ရှိလာလိမ့်မည် မဟုတ်ချေ။
“ဟုတ်တယ်….”
ထျန်းယိ မြို့သခင်သည် အသက်ပြင်းပြင်းရှူပြီး ဆက်ပြောသည်။
“အဲဒီတိုက်ပွဲကို အသံတိတ်ပင်လယ်တိုက်ပွဲလို့ ခေါ်တယ်”
“အဲဒီတုန်းက အမတနယ်မြေနဲ့ တိုက်မြေ သုံးထောင်က အဆက်အသွယ် မပြတ်တောက်သေးဘူး “
“အဲဒီတုန်းက ငါက မဟာဧကရာဇ်မင်းအဆင့်ကို ရောက်ပြီးကာစပဲရှိသေးတယ် ၊ ငါတို့စခန်းရဲ့ အဓိကထောက်တိုင်တွေက စစ်မှန်အမတသခင်တွေ နဲ့ ပိုပြီးအားကောင်းတဲ့ ကောင်းကင်အမတတွေပဲ…”
“ဒါပေမဲ့ သူတို့အားလုံး သေသွားခဲ့ပြီ ၊ ပင်လယ်နက်ထဲမှာ ဘာမှမကျန်တော့တဲ့အထိ သေဆုံးသွားကြပြီ”
“ တစ်စုံတစ်ယောက်က ပင်လယ်နက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ရင်တောင် သူတို့ရဲ့ တာအိုခန္ဓာက အဖျက်တရားကြောင့် ပျက်စီးပြီး နောက်ဆုံးမှာတော့ ပင်လယ်ရဲ့တစ်ဖက်ကမ်းမှာ ပျောက်ကွယ်သွားလိမ့်မယ်”
ထျန်းယိ မြို့သခင်သည် ကြောက်စရာကောင်းသော အရာတစ်ခုကို သတိရသွားပုံရပြီး သူ့နှုတ်ခမ်းများသည်ပင် တုန်ရီသွားသည်။
“ ငါမှတ်မိသေးတယ် သူတို့နဲ့ အဆက်အသွယ်မပျက်ခင်က တစ်ခုခုပြောခဲ့သေးတယ်…”
“အဲ့တာဘာလဲ?”
စူးချန်ကဲက မေးလိုက်သည်။
ထျန်းယိ မြို့သခင်သည် မျက်လုံးပြူးကျယ်စွာဖြင့် ခေါင်းမော့လာခဲ့ပြီးတော့ တုန်လှုပ်သောအသံဖြင့်ပြောလိုက်သည်။
“ပင်လယ်တစ်ဖက်ကမ်းကို မသွားနဲ့…!”
ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ကြောက်ရွံ့တုန်လှုပ်နေသော အသံသည် ကြယ်စုံရောင်ကောင်းကင်အတွင်းရှိ အရာများပင်လျှင် ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရသည့်အထိ ပဲ့တင်ထပ်သွားခဲ့သည်။
စူးချန်ကဲ၏ စိတ်နှလုံးသားကို မနှောင့်ယှက်နိုင်သော်ငြားလည်း ၊ သူသည် ပို၍ မျက်မှောင်ကြုတ်သွားသည်။
သူသည် အမတအဆင့် တတ်လှမ်းမှုများကို နားလည်ထားသည်။
ရှေးဘိုးဘေးပြောစကားအရ၊ အမတနယ်ပယ်တွင် စစ်မှန်အမတသခင် ၊ ကောင်းကင်အမတ ၊ ရွှေအမတ ၊ အမတဘုရင် ၊ အမတ ဧကရာဇ် တစ်ပိုင်း နှင့် အမတဧကရာဇ် ဟူ၍ ပိုင်းခြားထားသည်။
ကောင်းကင်အမတသည်ပင် သေခြင်းတရားနှင့် ကြုံတွေ့ခဲ့ရပြီး ပင်လယ်တစ်ဖက်ကမ်းသို့ မသွားရန် သတိပေးခဲ့သည်။
ထိုနယ်မြေပြင်ပတွင် မည်သည့်အရာများရှိနေလေသနည်း။
……..
စကားလက်ဆုံကျပြီးနောက်။
ထျန်းယိ မြို့သခင်သည် သူ့တွင် အရေးကြီးကိစ္စများ ရှိနေသေးသဖြင့် အရင်ထွက်ခွာသွားခဲ့သည် ။
စူးချန်ကဲမှာမူ ၊ သူသည် ထျန်းယိမြို့သခင်၏ လမ်းကြောင်းအတိုင်းလိုက်ကာ အဆက်အသွယ် ပြတ်တောက်သွားသော မီးပြတိုက်ဆီသို့ ဦးတည်သွားခဲ့သည်။
ဧကရာဇ်အလိုဆန္ဒများကို အသုံးချကာ ၊
စူးချန်ကဲသည် သူ့ဦးတည်ရာ နေရာဆီသို့ အမြန်ရောက်ရှိလာခဲ့သည်။
မြင်ကွင်းမှာ ။
ဤနေရာသည် အတော်လေးထူးဆန်းပြီး မှောင်မဲနေရုံသာမက လေးအေးများတိုက်ခတ်နေသည် ။
စူးချန်ကဲ၏ အရေပြားမျက်နှာပြင်ပေါ်တွင် တလက်လက် တောက်ပနေသော အလင်းများသည် အမှောင်ထဲတွင် ထွက်ပေါ်လာသော နေရောင်ခြည်ကဲ့သို့ပင် ။
သို့သော် ၊ စူးချန်ကဲ ရောက်ရှိလာသည်ကို တစ်စုံတစ်ရာက သတိထားမိပုံရသည်။
မှောင်မိုက်နေသော ကြယ်ရောင်ကောင်းကင်တွင်၊ ဒီရေကဲ့သို့ ထူးဆန်းသော နွယ်လက်တံများသည် ဖြည်းညှင်းစွာ လှုပ်ရှားလာသည်။
အနီးကပ်ကြည့်မည်ဆိုပါက ၊ ကျင့်ကြံသူများကို ဖမ်းယူစားသုံးနေသည့် ဆူးပင်များကို တွေ့ရပေလိမ့်မည်။
ယခုအချိန်မှာတော့ ၎င်းတို့၏အရေပြားများသည် ခြောက်သွေ့နေပြီး ၊ ဝိညာဉ်စွမ်းအင်များ ကုန်ခန်းနေခဲ့ပြီဖြစ်သည်။
၎င်းတို့၏မျက်နှာများသည် မသေခင်တွင် ကြောက်လန့်သွားသကဲ့သို့ ကြည့်ရဆိုးနေသည်။
ဤထူထပ်သော နွယ်လက်တံများထဲတွင် ၊
ထူးဆန်းသောရုပ်သွင်များစွာကို ဝှက်ထားသည်။
“ဟာဟား… ငါးကြီးကြီးတစ်ကောင်ကို စွဲဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“ဒီငါးက ဘယ်ဆိုးလို့တုန်း ၊သူ့ရဲ့ အငွေ့အသက်က အရသာရှိတာပဲ ၊ သူ့ကိုသာစုပ်ယူလိုက်ရင် ငါ့မျိုးနွယ်ဝင်တွေကို များများခေါ်ထုတ်နိုင်လိမ့်မယ်”
“သတိထားနော် ၊ ဒီကောင်က အရမ်းထူးဆန်းတဲ့ အသွင်အပြင်ရှိတယ် ၊ အရင်က ကောင်တွေထက် အများကြီး ပိုသန်မာနေနိုင်တယ်”
“စိတ်မပူပါနဲ့၊ ဒီကလေးက ထူးကဲတဲ့ အစွမ်းအစတွေ ရှိရင်တောင် အဖျက်စွမ်းအားရဲ့ရှေ့မှာ ဘာမှမလုပ်နိုင်ဘူး!”
“…….”
ဝုန်း ! !
စူးချန်ကဲသည် ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ဖြိုချပစ်လိုက်သည်။
မကြာခင်မှာပဲ ၊ သူသည် ကြီးမားတဲ့ ကြယ်ကြီးတစ်လုံးကို သတိထားမိခဲ့သည်။
၎င်း၏ဘေးတစ်ဝိုက်တွင် မရေမတွက်နိုင်သော ကြယ်အပိုင်းအစများ ပြန့်ကျဲနေပြီး ၊ ကွက်လပ်ထဲတွင် တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည့် အရိပ်အယောင်တချို့ ကျန်ရှိနေသည်။
“ ဘယ်က …”
ရုတ်တရက်။
စူးချန်ကဲသည် တစ်ခုခုကို သတိပြုမိပုံရသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုဧရာမ ကြယ်ကြီးရှေ့သို့ ချက်ချင်းလက်ငင်း ရောက်ရှိသွားသည်။
ထိုဧရာမ ကြယ်ကြီးသည် အတွင်းဘက်သို့ ချိုင့်ဝင်နေသည်ကို တွေ့လိုက်ရသည်။
ချိုင့်ဝင်နေသော တွင်းထဲတွင် သွေးများဖြင့်စွန်းထင်းနေသော ပုံသဏ္ဍာန်တစ်ခု ရှိနေခဲ့သည်။
ရှုပ်ထွေးစွာ ပြန့်ကျဲနေသော ဆံပင်များသည် ၎င်း၏ မျက်နှာသွင်ပြင်ကို ဖုံးလွှမ်းထားသည်။
သူ့လက်များက အောက်သို့လျော့တိလျော့ရဲ ကျနေပြီး သွေးပူများက သူ့လက်ချောင်းများမှတဆင့် အောက်သို့ စီးကျနေသည်။
သိပ်မကြာခင်မှာပဲ ၊စူးချန်ကဲ၏ မျက်လုံးများသည် ၎င်း၏ ခန္ဓာပေါ်တွင် ရှိနေသော ထူးဆန်းသော ဆူးနီများကို ကြည့်ရှုလိုက်သည်။
ဆူးနီများသည် ထိုလူ၏နှလုံးသားကို ထိုးဖောက်ထားပြီး ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြယ်ပေါ်တွင် ချိတ်ဆွဲထားသည်။
မဟာဧကရာဇ်မင်းတစ်ပါးသည် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရုံသာမက သံမှိုရိုက်ခံထားရသည်။
ဤအရာကိုကြည့်ခြင်းအားဖြင့် ၊လူသတ်သမားသည် မည်မျှရက်စက်သည်ကို သိနိုင်သည်။
စူးချန်ကဲကို ပို၌ ဒေါသထွက်စေခဲ့သောအရာမှာ ထိုမဟာဧကရာဇ်မင်း၏ အလောင်းနံဘေးတွင် ရေးထားသော သွေးစာများပင်ဖြစ်သည် ။
“ တိုက်မြေသုံးထောင်က ခွေးတွေ သတိထားနေ ၊ ဒါက မင်းတို့ ငါတို့ကို ဆန့်ကျင်ရင် ဘာဖြစ်မယ်ဆိုတဲ့ ရလဒ်ပဲ!”
နယ်မြေပြင်ပစစ်မြေပြင်ကို စောင့်ကြပ်ပေးနေသော မဟာဧကရာဇ်မင်း။
တိုက်မြေသုံးထောင်ရှိ သက်ရှိသတ္တဝါအပေါင်း၏ အကျိုးကို ဆောင်ကျဉ်းပေးသူ ။
မိမိတို့၏ အထောက်အထားများကိုပင် ဖုံးကွယ်ကာ သက်ရှိအပေါင်း အေးချမ်းစေဖို့ ဤနေရာတွင် တိတ်တဆိတ် ကာကွယ်ပေးခဲ့သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ဤမျှ ရက်စက်သော နည်းလမ်းဖြင့် အသတ်ခံခဲ့ရရုံသာမက၊ သူသေဆုံးပြီးနောက်တွင်လည်း အရှက်ရမှုကို ခံစားခဲ့ရသည်။
စူးချန်ကဲ၏အမူအရာသည် ပို၍ခက်ထန်လာပြီး ၊ သူ့မျက်လုံးများက လူသတ်လိုသောဆန္ဒများဖြင့် ပြည့်နှက်နေသည်။
“ စိတ်မပူနဲ့ ၊ ငါ မင်းကိုအိမ်ပြန်ခေါ်သွားမယ်”
စူးချန်ကဲသည် အမည်မဲ့ မဟာဧကရာဇ်မင်း၏ အလောင်းကို အောက်သို့ချရန် ကြံစည်လိုက်သည်။
ဝုန်း! !
ချက်ခြင်းဆိုသလိုပင်၊ စူးချန်ကဲ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ၊
မဟာဧကရာဇ်မင်း၏အလောင်းတွင် ကပ်ညှိနေသော ထူးဆန်းသောဆူးနီများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည် ။
ဆူးနီများသည် လှံတစ်စင်း ပစ်ခွင်းဝင်ရောက်လာသကဲ့သို့ စူးချန်ကဲ၏နဖူးဆီသို့ တည့်တည့်တိုးဝင်လာခဲ့သည်။
ဤမျှနီးကပ်သောအကွာအဝေးနှင့် ထိုကဲ့သို့သောအရှိန်အောက်တွင် ၊
ဒုတိယအဆင့် မဟာဧကရာဇ်မင်းသည်ပင် ဤနေရာတွင် ကျရှုံးနိုင်ပေလိမ့်မည်။
ဝုန်း !!
တခဏအတွင်း။
လှံနီသည် စူးချန်ကဲ၏နဖူးကို တိုက်ရိုက်ဖောက်ထွက်သွားသည်။
မရေမတွက်နိုင်သော နီမြန်းသော လျှပ်စီးကြောင်းများ ပေါက်ကွဲသွားပြီး၊ ထိုဒေသကို ဗဟိုပြု၍ သွေးချီစွမ်းအားများသည် အရပ်ရပ်သို့ လွင့်စင်သွားသည်။
“ဟာဟားဟား၊ အောင်မြင်ပြီ ၊ ဒီလှည့်ကွက်က အချိန်တိုင်း အလုပ်ဖြစ်တာပဲ!”
“ဒီငါးကြီးကြီးကလည်း အရင်က ငါးတွေနဲ့ အတူတူပဲ၊ ဘယ်လောက်တောင် တုံးအလိုက်လဲ!”
“သူ့ကို အရမ်းသန်မာတယ်ထင်နေတာ ဒါပေမဲ့ ဒီလောက်ပဲလား?”
“……”
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို အောင်မြင်သွားခဲ့သော လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ချို့သည် ကခုန်ကာထွက်လာကြသည်။
၎င်းတို့သည် လူလိုလို မကောင်းဆိုးဝါးလိုလို သတ္တဝါများဖြစ်ပြီး ၊ ချွန်ထက်သော အစွယ်များရှိကာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အမွှေးအမျှင်များ ပေါက်ရောက်နေသည်။
ယခင်က သူတို့သည် မဟာဧကရာဇ်မင်းများကို ဤနည်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။
ဤအလောင်းပိုင်ရှင်ကို ထောင်ချောက်ထဲသို့ ကျရောက်စေရန် ၎င်းတို့သည် အရင် မဟာဧကရာဇ်မင်းတစ်ပါး၏အလောင်းကို အသုံးပြုခဲ့ခြင်းဖြင့် နောက်ဆုံးတွင် သူ့ကို ဤနည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ထို့နောက် ၊ ၎င်းတို့သည် ထိုအနှီလူ၏ စွမ်းအားကို စုပ်ယူပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။
သေချာပေါက် ၊
အလောင်းကို အလဟသ မဖြစ်စေခဲ့ချေ။
ယင်းအစား ၊ ကယ်ဆယ်ရေးသမားများကို မြှူဆွယ်ရန် အသုံးပြုခဲ့သည်။
“ဟာဟားဟား၊ ငါပြောမယ်၊ လူသားမျိုးနွယ်တွေက တကယ်ကို တုံးအတာပဲ “
“ဟုတ်တယ်၊ သောက်သုံးမကျတော့တဲ့ အလောင်းနဲ့ ဒီကောင်တွေကို ဆွဲဆောင်လိုက်ရုံပဲ ၊ တကယ်ကိုအသုံးမကျတဲ့ကောင်တွေ!”
“ဒီတစ်ခါတော့ ငါပထမဆုံး စုပ်မယ်!”
၎င်းတို့သည် ကဲ့ရဲ့ရှုတ်ချနေကြသည်။
သို့သော် ၊ သူတို့ဘာမှမလုပ်ရသေးခင်
ရုတ်တရက် သွေးမြူငွေ့များ ပေါ်ထွက်လာသည်။
“ကောင်းတယ် အရမ်းကောင်းတယ်”
ထိုအသံသည် လူသတ်ရန်ဆန္ဒရှိနေသကဲ့သို့ အလွန်အေးစက်နေ၏။
“မင်းတို့”
“အားလုံးသေရမယ်!”
အပိုင်း(၄၇၇): အကြွင်းမဲ့နှိပ်စက်ခြင်း
ထိုစကားသံအဆုံးတွင်၊
ဝုန်း ! !
စူးချန်ကဲကို ဗဟိုတည်၍ ကြောက်မက်ဖွယ်ကောင်းသော အဖျက်သဘောဆောင်သော ဖိနှိပ်မှုသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ထိုဖိအား၏လွှမ်းမိုးမှုအောက်တွင် ၊
ကြယ်များသည် တဆတ်ဆတ် တုန်ခါနေပြီး နောက်ဆုံးတွင် ကွဲအက်ကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ဧကရာဇ်လမ်းစဉ်ဆိုင်ရာ အမှတ်အသားသည် အပေါ်သို့ ထိုးတတ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။
ဤသည်မှာ စူးချန်ကဲသည် သူ၏ဧကရာဇ်ခန္ဓာမှ ပေါက်ကွဲနိုင်သောစွမ်းအားကို ပြသလိုက်ခြင်း ဖြစ်သည်။
နီမြန်းပြီး ထူးဆန်းသော သတ္တဝါလေးကောင်သည် အဆိုပါအင်အားကို ခံစားလိုက်ရသည့်အခိုက်တွင်၊ ၎င်းတို့၏နှလုံးခုန်သံနှင့် ခန္ဓာကိုယ်များသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။
၎င်းတို့သည် နယ်မြေပြင်ပမှလာပြီး ဤတိုက်မြေသုံးထောင်၏ နိယာမစည်းမျဉ်းများဖြင့် တစ်စိတ်တစ်ပိုင်း ဖိနှိပ်ခံခဲ့ရသော်လည်း၊ သို့ဆိုတောင် သူတို့သည် သတ္တမတန်း မဟာဧကရာဇ်မင်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သေးသည်။
ယခု စူးချန်ကဲမှ ပေါက်ကွဲထွက်လာသော ရောင်ဝါသည် အလွန်အမင်း ချောက်ချားစရာကောင်းပေသည်။
“ ဒါ မယုံနိုင်စရာပဲ”
ဤစကားလုံးများသည် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ထို့နောက် ။
“ပြေး!”
၎င်းတို့လေးကောင်၏ အရှိန်သည် အတော်လေး လျင်မြန်ပေသည်။
ထိုအကြံကိုတွေးမိလိုက်သည်နှင့် ၊ တစ်ချိန်တည်းမှာပင် ရှိသမျှခွန်အားများကို ၎င်းတို့၏လက်ထဲတွင် စုစည်းပြီး စူးချန်ကဲကို ရိုက်ထုတ်လိုက်သည်။
သွေးနီရောင် ဆူးများသည် နေရာတိုင်းတွင်ပြည့်နှက်နေပြီး စူးချန်ကဲတည်ရှိရာ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
စူးချန်ကဲသည် လုံးဝမှ ဂရုမစိုက်ဘဲ သူ့လက်ဝါးကို ဆန့်ထုတ်လိုက်သည် ။
ဟူး! !
မှော်သင်္ကေတများသည် အဆုံးမရှိ တလိပ်လိပ် ထကြွလာပြီး နောက်ဆုံးတွင် ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသော လက်ဝါးရိပ်ကြီးတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
ဝင်းထိန်တောက်ပနေသည်မှာ မှောင်မိုက်နေသော ကြယ်ရောင်စုံ ကောင်းကင်ကြီးတစ်ခုလုံးကို ရောင်ပြန်ဟပ်ကာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပသွားစေသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊
ရွှေလက်ဝါးကြီးနှင့် တဟူးဟူး အုံကြွလာသော ဆူးနီတို့သည် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ထင်ထားသည့်အတိုင်း ။
ထူးဆန်းသော သတ္တဝါကောင်တို့၏ ဖန်တီးထားသော အနီရောင်လှိုင်းတံပိုးများသည် စူးချန်ကဲအပေါ် နည်းနည်းမှ သက်ရောက်မှု မရှိခဲ့ပေ။
တခဏအတွင်းမှာပင် ၊ ဖုန်မှုန့်များအဖြစ်သို့ ကွဲကြေသွားသည် ။
ပေါက်ကွဲမှုဖြစ်ရာ ဧရိယာကို အခြေခံ၍ ကြောက်ခမန်းလိလိ စွမ်းအားများ ဒရဟောထွက်ပေါ်လာပြီး ဟင်းလင်းပြင်မျက်နှာပြင်တွင် မရေမတွက်နိုင်သော အက်ကြောင်းများဖြင့် ပြည့်နှက်သွားစေသည်။
“ လူ့ဘီလူးပဲ!”
“ တိုက်မြေသုံးထောင်မှာ လူ့ဘီလူးတစ်ကောင် ထွက်ပေါ်လာတယ်!”
သူတို့၏နောက်ကွယ်ကနေ ကြီးမားသော စွမ်းအား၏ ပေါက်ကွဲသံကို ခံစားလိုက်ရသော ထူးဆန်းသော သတ္တဝါလေးကောင်သည် ခေါင်းကိုတောင် မလှည့်ဝံ့ဘဲ ၎င်းတို့၏ အရှိန်ကို ထပ်တင်ကာ အသားကုန်ထွက်ပြေးလေတော့သည်။
ရှိသမျှခွန်အားကို ထွက်ပြေးလွတ်မြောက်ရန်အတွက် အသုံးပြုထားသည်။
“ဟမ်! ပြေးမယ်ပေါ့လေ!?”
စူးချန်ကဲ၏ အသံသည် အေးစက်လွန်းသည်။
သူ၏ ညာလက်ငါးချောင်းကို ဖြန့်ကာ ၎င်းတို့ ပြေးသွားသည့် လမ်းကြောင်းအတိုင်း ဆန့်ထုတ်လိုက်သည်။
“ စီရင်ချက် ကောင်းကင်လက်ဝါး!”
ထိုစကားသံအဆုံးတွင် ၊
စူးချန်ကဲ၏ လက်ဝါးထဲတွင် မှော်သင်္ကေတများ သက်ဝင်လှုပ်ရှားလာပြီး ၊ သူသည် လက်ငါးချောင်းကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည်။
ဒုန်း --! !
တခဏအတွင်း။
ကြယ်ရောင်စုံ ကောင်းကင်ကြီး၏ အစိတ်အပိုင်းများသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ဖိညှစ်ခံလိုက်ရသည်။
ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် ကျုံ့သွားပုံရသည်။
မိုင်ရာနှင့်ချီ ထွက်ပြေးလွတ်မြောက်လာခဲ့သော ထူးဆန်းသော သတ္တဝါလေးကောင်၏ အမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် လျင်မြန်စွာ ကျုံ့သွားသည်ဟု ခံစားလိုက်ရသည်။
မူလက စူးချန်ကဲနှင့် သူတို့ကြား မိုင်ရာနှင့်ချီ ဝေးကွာခဲ့သော အကွာအဝေးသည် အဆက်မပြတ် ကျုံ့လာခဲ့သည်။
“ ဒါ ဘယ်လိုဖြစ်တာလဲ…?”
“ ကောင်းကင်ကြီးက ဘယ်လို့လုပ်ပြီး ကျုံ့သွားတာလဲ?”
“မကောင်းတော့ဘူး၊ ဒါက အာကာသထိန်းချုပ်မှု စွမ်းအားပဲ ၊ အဲဒီကောင်လေးရဲ့ မှော်အစွမ်းကြောင့် ငါတို့ ပိတ်လှောင်ခံလိုက်ရပြီ !”
“ သေစမ်း ! ငါ့ခွန်အားနဲ့ မချိုးဖျက်နိုင်ဘူး!”
ထူးဆန်းသော သတ္တဝါလေးကောင်သည် လွတ်မြောက်ရန် နေရာကို စဉ်ဆက်မပြတ် ရှာဖွေနေသော်လည်း စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် ၎င်းတို့နှင့် ပို၍ နီးကပ်လာသည်။
၎င်းတို့၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲလာသည်။
စူးချန်ကဲထံမှ ဖြာထွက်လာသော ရောင်ဝါအရ ၊ သူသည် ပဉ္စမအဆင့်ရှိသော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်ပါလျှက်နဲ့ ၊ သူတို့ ထင်မထားလောက်သော စွမ်းအားများကို အဘယ့်နည်းဖြင့် ပိုင်ဆိုင်ထားလေသနည်း။
ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင်၊
၎င်းတို့သည် အာကာသအတားအဆီးကို ဖြိုခွင်းရန် ၎င်းတို့၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့ကြသည်။
ဘုန်း ဘုန်း ဘုန်း ! ! !
သို့သော် မည်မျှပင် ကြိုးစားပါစေ၊ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
သူတို့သည် စူးချန်ကဲထိန်းချုပ်ထားသော လှောင်အိမ်ထဲက ကြွက်တွေလိုပင်။
သို့သော် ၊ ဒါဟာလည်း ပုံမှန်အရာတစ်ခုသာပင်။
အဘယ့်ကြောင့်ဆိုသော် ဤ’စီရင်ချက် ကောင်းကင်လက်ဝါး’သည် စူးချန်ကဲ မထွက်ခွာခင် ဘိုးဘေးဖြစ်သူမှ လက်ဆင့်ကမ်းသင်ကြားပေးခဲ့သော မှော်စွမ်းအား ဖြစ်သည်။
ဧကရာဇ်အလိုဆန္ဒဖြင့် အာကာသကို ချုပ်ကိုင်ကာ ၊ အာကာသ၏ တစ်စိတ်တစ်ပိုင်းကို မိမိ၏ကိုယ်ကျိုးအတွက် အသုံးပြုနိုင်သည်။
လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးအုပ်နိုင်ပြီး ၊ပင်လယ်သည် မြစ်တစ်ရာကို ဝင်ခွင့်ပြုနိုင်သည်။
“ငါ ပြောပြီးပြီ”
“မင်းတို့အားလုံး သေရမယ် “
ထိုအချိန်တွင် ၊ ဝတ်ရုံဖြူအသွင်ပုံရိပ်သည် သူတို့၏နောက်တွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ထူးဆန်းသော သတ္တဝါကောင်တို့၏ ရှေ့တွင် ချက်ချင်းပေါ်ထွက်လာခဲ့သည်။
“လူသား ၊ သေလမ်းမရှာချင်စမ်းနဲ့!”
မသေခင် ၊ စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရလေသလား မသိ ။
ထူးဆန်းသော သတ္တဝါတစ်ကောင်သည် ရုတ်တရက် ဒေါသထွက်လာပြီး စူးချန်ကဲကို တိုက်ခိုက်ရန် အစပြုခဲ့သည်။
သို့သော်။
စူးချန်ကဲသည် သူ့လက်ကို ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ရုံဖြင့် သူတော်စင်ခန္ဓာကိုယ်၏ ကြောက်ခမန်းလိလိ ရောင်ဝါများသည် တဟုတ်ချင်း ထွက်ပေါ်လာသည်။
ကွဲအက်သံ !
မျက်စိတမှိတ်အတွင်းမှာပင် ၊
စူးချန်ကဲသည် သူ့လက်ကို အောက်သို့ ဖိချလိုက်သည်နှင့် ထိုအနှီသတ္တဝါကောင်၏ ခန္ဓာကိုယ်တစ်ဝက်သည် တိုက်ရိုက်ပေါက်ကွဲသွားသည်။ မည်းနက်နေသော သွေးများက သူ့ခန္ဓာကိုယ်အနှံ့ စီးကျလာပြီး အတွင်းအင်္ဂါအစိတ်အပိုင်းများသည် အောက်သို့ တစ်စစီပြုတ်ကျသွားသည်။
“ လောင်စစ်!!”
အခြားသတ္တဝါသုံးကောင်သည် စိတ်ပျက်လက်ပျက်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ ခွေးကောင်! မင်းသေချင်နေတာပဲ!!”
သူတို့မလွတ်မြောက်နိုင်မှန်း သိသော်လည်း ၊ သို့သော် ၎င်းတို့သည် အစွမ်းကုန်ကြိုးစား၍ စူးချန်ကဲအား သေသည်အထိ တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသည်။
“ ဟာသပဲ”
စူးချန်ကဲက အေးစက်စွာဆိုလိုက်သည်။ လက်ဝါးရိပ်ကြီးသည် ၎င်းတို့ထံသို့ လှည့်သွားပြီး အရင်ပြေးဝင်လာသော အကောင်ကို ဖမ်းချုပ်လိုက်သည်။
ဝုန်း ! ! !
ဧကရာဇ်အလိုဆန္ဒများနှင့်အတူ ၊ တောက်ပသော နတ်အလင်းများ လွင့်စင်သွားသည်။
ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် ၊
ထူးဆန်းသော သတ္တဝါကောင်၏ စုစည်းထားသော စွမ်းအင်များသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင်၊ စူးချန်ကဲသည် တစ်ဖက်လူ၏လက်ကို ဆုပ်ကိုင်ကာ ဆွဲဖြဲပစ်လိုက်သည်။
စုတ်ပြဲသံ !!
အရိုး နှင့် အသားများ စုတ်ပြဲသွားသည့် အသံကို ကြားလိုက်ရသည်။
ဟူးးလာ လာ !
မည်းနက်ပြီး နံစော်သောသွေးများသည် တဒီးဒီး စီးကျလာသည်။
“အားး!!!”
ထိုထူးဆန်းသော သတ္တဝါကောင်သည် ပြင်းထန်သော ဝေဒနာကြောင့် အော်ဟစ်လေ၏။
၎င်းမှ နောက်ထပ် ကြမ်းတမ်းသော စကားများကို ထုတ်မပြောခင် ၊စူးချန်ကဲသည် သူ့လက်ကို နောက်တစ်ကြိမ် အထက်အောက်လှန်ကာ ဖိနှိပ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် ထိုထူးဆန်းသော သတ္တဝါသည် အမှုန့်အဖြစ်သို့ ဘဝကူးပြောင်းခဲ့ရလေသည်။
“အစ်ကိုကြီး !!”
အသက်ရှင်လျက် ဖြစ်သော ကျန်သတ္တဝါနှစ်ကောင်သည် စိတ်ပျက်အားငယ်စွာ အော်ကြွေးလေသည်။
ထိပ်တိုက် တစ်ကြိမ်သာဆုံတွေ့ရသေးသည်။ သို့သော်၊ မိမိတို့၏ စတုတ္ထမြောက် ညီ နှင့် အကြီးဆုံးအစ်ကိုတို့သည် တယောက်ပြီး တယောက် သေဆုံးသွားခဲ့ရသည်။
ဤကဲ့သို့ ခွန်အားမျိုးသည် ပဉ္စမအဆင့်ရှိသော မဟာဧကရာဇ်မင်းတစ်ပါးအနေဖြင့် ပိုင်ဆိုင်နိုင်သောအရာပင်လော ။
“ ညီ ၃ ၊ အတူတူလုပ်ရအောင်…”
သို့သော် ၎င်း၏ စကားမဆုံးသေးခင် ၊
ဝုန်း ! !
စူးချန်ကဲသည် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
တောက်လောင်နေသော လက်သီးအလင်းသည် နေမင်းတစ်စင်းကဲ့သို့ ကျရောက်လာသည်။
ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားသော နတ်အလင်းတန်းကြီးသည် တစ်စထက်တစ်စ ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ၊ နောက်ဆုံးတွင် တစ်လောကလုံးကို လွှမ်းခြုံသွားသည်။
ကောင်းကင်ယံရှိ အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်မှာတော့ ၊ ထူးဆန်းသော သတ္တဝါကောင်၏ ခန္ဓာကိုယ်ကိုယ်သည် အခိုးအငွေ့များအဖြစ်သို့ ကွယ်ပျောက်သွားခဲ့ပြီး ၊ စိတ်ဝိညာဉ်ပင် ပျက်သုန်းသွားခဲ့သည်။
“ အစ်ကို၂ !!”
“ငါ မင်းကို တိုက်မယ်…”
နောက်ဆုံးလက်ကျန် အကောင်က အရေးယူရန်ပြင်ဆင်လိုက်သည်။
ဒုန်း! !
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊
နောက်ဆုံးလက်ကျန် အကောင်သည် တစ်ခဏအတွင်း အရိုက်ခံလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားသည်။
အရိုးအစအနအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ပြီး ၊ အဆိုပါ အင်အား၏ ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် သူ့တစ်ကိုယ်လုံး အာကာသနယ်နိမိတ်ထဲသို့ တိုက်ရိုက်ကြဲချခံလိုက်ရသည်။
တစ်ချက်ထိုးနှက်မှုအောက်တွင်၊ သူ၏ ပြန်လည်တိုက်ခိုက်ရန် ခွန်အားများသည် အပြီးတိုင် ဆုံးရှုံးလိုက်ရသည်။
“ငါ…”
စူးချန်ကဲသည် အေးစက်သောလေသံဖြင့် ၎င်းကို ငုံ့ကြည့်ကာ စကားတစ်ခွန်းပြောလိုက်သည်။
“ မင်းကို ငါ စကားပြောခွင့်ပေးထားလို့လား?”
အပိုင်း(၄၇၈):လက်လှမ်းမမီသော အရာသာ ဖြစ်ခဲ့လေသည်
ထိုစကားသံအဆုံးတွင် ၊
စူးချန်ကဲကို ဗဟိုပြုလျက် ၊
ကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
အမိန့်အာဏာနိယာမစည်းမျဉ်းများသည် အဆုံးမရှိ တရဟောတိုးဝင်လာကာ ကြီးကျယ်ခမ်းနားသော နတ်အလင်းများသည် တဟူးဟူး အုံကြွလာလေသည်။
စူးချန်ကဲ၏ဝတ်လုံသည် လေထဲတွင် လွင့်ပျံနေပြီး လေနှင့်အတူ ကခုန်နေသည်။ ဤကမ္ဘာကြီးတစ်ခုလုံးသည် ထိန်းမနိုင်သိမ်းမရ တုန်ခါနေပြီး ဟောက်သံပြုလို့နေ၏။
ထူးဆန်းသောသတ္တဝါကောင်သည် ခုခံရန်ပင် ခွန်အားမရှိတော့လေရာ ၊ အဆိုပါစွမ်းအား၏ လက်အောက်တွင် သူသည် သေလုနီးပါး ဖြစ်ခဲ့ရသည်။
“ဘာလို့လဲ…ငါတို့က တိုက်မြေသုံးထောင် နိယာမစည်းမျဉ်းရဲ့ နှိပ်ကွပ်မှုကို ခံထားရပေမယ့်၊ မဟာဧကရာဇ်မင်းလိုအလားတူ တန်ခိုးစွမ်းအားတွေ ရှိနေသေးတယ်…”
နောက်ဆုံးတွင်၊ ၎င်းသည် စိတ်ပျက်အားငယ်မှုကို တွေ့ကြုံခံစားခဲ့ရပြီး ၊နားမလည်နိုင်အောင်ဖြစ်နေခဲ့သည်။
“ဘာလို့ ကွာဟချက်က ဒီလောက်တောင်ကြီးရတာလဲ!”
စူးချန်ကဲသည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရှိနေသည်။
ထို့နောက် ၊ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ထူးဆန်းသော သတ္တဝါကောင်၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ မြှောက်လိုက်သည်။
“ ဟာသပဲ ၊ငါ ယုံကြည်တယ်…ငါလျှောက်တဲ့လမ်းဟာ တခြားအရာအားလုံးထက် သာလွန်တယ်!”
ဝုန်း ! !
ရုတ်တရက်။
စူးချန်ကဲသည် စုပ်ယူသူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားကို အသက်သွင်းလိုက်သည်။
မှော်နက်သင်္ကေတများသည် သူ့လက်ဖဝါးတစ်လျှောက် သက်ဝင်လှုပ်ရှားလာခဲ့ပြီး ၊ စုပ်ယူစွမ်းအားသည် ထူးဆန်းသောသတ္တဝါကောင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
ဧကရာဇ်အလိုဆန္ဒ နှင့် စုပ်ယူ သူတော်စင်ခန္ဓာကိုယ်၏ နှစ်ထပ်ကွမ်းဖိနှိပ်မှုအောက်တွင်၊ ထူးဆန်းသော သတ္တဝါအဖို့ ခုခံနိုင်စွမ်းမရှိခဲ့ချေ။
တခဏချင်းမှာပဲ ၊ ဝါးမြိုခြင်းဆိုင်ရာ နိယာမတရားများသည် ၎င်းကို ဖုံးလွှမ်းသွားခဲ့ပြီး ၊ အဆုံးမှာတော့ သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် စူးချန်ကဲမှ လုံးဝစုပ်ယူသွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၊
စူးချန်ကဲသည် ဤထူးဆန်းသော သတ္တဝါ၏ မှတ်ဉာဏ်ကိုလည်း ရရှိခဲ့သည်။
“နယ်မြေပြင်ပ.. ဆူးနတ်ဆိုးပင်လယ်… ဒီလေးကောင်က လတ်စသတ်တော့ အဲ့ကလား…”
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒါပေမဲ့၊ နယ်မြေပြင်ပနဲ့ တိုက်မြေသုံးထောင်ကြားမှာ အဖျက်စွမ်းအားကြီးမားတဲ့ ပင်လယ်နက် ရှိတယ် မဟုတ်လား…?”
“ဒီကောင်တွေ ဘယ်လိုလုပ်ပြီး ကျော်ဖြတ်လာတာလဲ”
စူးချန်ကဲသည် ထူးဆန်းသော သတ္တဝါကောင်၏ မှတ်ဉာဏ်ကို ဆက်လက်ရှာဖွေခဲ့သည်။
နောက်ဆုံးတွင် သူသည် မှတ်ဉာဏ်တစ်ခုကို ဖမ်းမိခဲ့သည်။
မှောင်မိုက်နေသော ခန်းမကြီးထဲတွင် ။
မှုန်ဝါးဝါး အသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် မည်းမှောင်နေသော ပလ္လင်ပေါ်တွင် ထိုင်နေသည်။
အက်ကွဲသောအသံမျိုးရှိပြီး ၊ ၎င်းက ဆိုသည်။
“ အော့ကွေ ၊ မင်းတို့ ညီအကို လေးယောက်က ငါ့ရဲ့ ဆူးနတ်ဆိုးပင်လယ်ရဲ့ အုပ်ထိန်းသူတွေပဲ၊ ဒီတစ်ခါ မင်းတို့ညီအကို လေးယောက်က ရှေ့တန်းအဖြစ်နဲ့ ပင်လယ်ရဲ့တစ်ဖက်ခြမ်းကို သွားရောက်ရလိမ့်မယ်”
“အချက်အလက်တွေကို တတ်နိုင်သမျှစုဆောင်းပြီး ၊ ပင်လယ်ရဲ့တစ်ဖက်ခြမ်းက အခြေအနေတွေကို အကောင်းဆုံးနားလည်အောင်လုပ်ရမယ် “
“ပင်လယ်နက်ရဲ့ အဖျက်နိယာမစည်းမျဉ်းအတွက် စိတ်မပူနဲ့၊ ဇီဝတားမြစ်နယ်မြေက ငါတို့အတွက် နည်းလမ်းတစ်ခု စဉ်းစားထားပြီးပြီ “
“ငါတို့သာမက အခြား တပ်ဖွဲ့တွေလည်း ပင်လယ်နက်ကို ဖြတ်ကျော်နိုင်လိမ့်မယ်”
“ဒါက ငါတို့ ဆူးနတ်ဆိုးပင်လယ်အတွက် အခွင့်ကောင်းပဲ၊ မင်းတို့ ညီအကိုလေးယောက် တစ်ခုခု မှားယွင်းသွားခဲ့ရင်…”
မှတ်ဉာဏ်မြင်ကွင်းသည် ခြိမ်းခြောက်သောလေသံများဖြင့် ပြည့်နှက်နေပြီး တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
စူးချန်ကဲသည် သူ့မေးစေ့ကိုပွတ်ကာ တွေးတောလိုက်သည်။
သူသည် အရေးကြီးသော စကားတစ်ခွန်းကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ဇီဝတားမြစ်နယ်မြေ။
ရှေးဘိုးဘေး၏ အဆိုအရ —
သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံကိုးထပ်၏ အထက် ဖြစ်တည်မှုဟု ခေါ်ဆိုကြပြီး အမတနယ်ပယ်နှင့် အနီးကပ်ဆုံးရှိသည့် ထူးဆန်းသောအင်အားစု ဖြစ်သည်။
တိုက်မြေသုံးထောင်တွင်၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြောင့် နိယာမတရားများပျက်ပြားကာ ကောင်းကင်နှင့်မြေကြီးတို့သည် ငိုကြွေးခဲ့ရသည်။
နောက်ပိုင်းတွင် ၊ အမတလျှောက်လှမ်းကို ဖြတ်တောက်ပစ်ခဲ့ပြီး တိုက်မြေသုံးထောင်တွင် လွတ်မြောက်သူ အဆင့်ထက် မကျော်နိုင်ခဲ့ပေ။
သို့သော် ၊ လွတ်မြောက်သူဆိုတောင် ၎င်း၏သက်တမ်းမှာ တစ်သက်တာတွင် နှစ် ၃၀,၀၀၀ ခန့်သာရှိသည်။
အမတနယ်မြေကို မတက်လှမ်းနိုင်သ၍ သင်သည် ထာဝရမသေမျိုးဘဝသို့ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် လက်ရှိတွင် အမတ နယ်မြေကို မည်သို့ဖွင့်ရမည်မှန်း ဘယ်သူမှ မသိကြပေ။
အချို့သော မဟာဧကရာဇ်မင်းများနှင့် သာလွန်သူများသည် ဤကဲ့သို့ မသေချင်ကြပေ။
ထိုကြောင့် ၎င်းတို့၏ ကျင့်ကြံမှုကို တံဆိပ်ခတ်ကာ အိပ်ပျော်သွားခဲ့ကြပြီး နောက်ဆုံးတွင် ဇီဝတားမြစ်နယ်မြေထဲက အမတနယ်မြေ ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းခဲ့ကြသည်။
အချိန်တန်သည်နှင့် ၊သူတို့သည် ဇီဝတားမြစ်နယ်မြေတွင် နိုးထလာပြီး သက်ရှိသတ္တဝါအားလုံးကို ၎င်းတို့၏ကိုယ်ကျိုးအတွက် အသုံးချကာ နောက်ဆုံးတွင် ယဇ်ပူဇော်ခြင်းဖြင့် လွတ်မြောက်အမတနယ်ပယ်ကို ကျော်ဖြတ်ရန် ကြိုးပမ်းအားထုတ်ကြမည် ဖြစ်သည်။
“ ဇီဝတားမြစ်နယ်မြေတောင် ထွက်ပေါ်မလာသေးဘူး ၊ သူတို့က အမှောင်ထဲကနေ ပြင်ပကမ္ဘာနဲ့ ခုလိုပူးပေါင်းဆောင်ရွက်နေမယ်လို့ ထင်မထားဘူး…”
“သူတို့ ဘာလုပ်ချင်နေတာလဲ…?”
စူးချန်ကဲသည် ပို၍ မျက်မှောင်ကြုတ်လာသည်။
သူ့တွင် ကြိုတင်သတိပေးချက် ခံစားချက်မျိုးရှိသည်။
ဇီဝတားမြစ်နယ်မြေသည် တစ်ခုခုကို ကြီးကြီးမားမား စီစဉ်နေပုံရသည်။
တိုက်မြေပြင်ပနှင့် မဟာမိတ်ဖွဲ့ခြင်းသည် တိုက်မြေသုံးထောင်ကို နှောင့်ယှက်ရန် ရည်ရွယ်ထားသည်မှန်း ထင်ရှားပေသည်။
နောက်ဆုံးတွင် ၎င်းတို့သည် တိုက်မြေသုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံးတို့၏ဘဝများကို ရိတ်သိမ်းရန် အခွင့်အရေးယူပေတော့မည်။
“ဒီကောင်တွေက နယ်မြေပြင်ပစစ်မြေပြင်ရဲ့ လျှို့ဝှက်နေရာကနေ ခိုးဝင်လာပုံရတယ် “
“သွားကြည့်ဖို့ လိုပြီ “
စူးချန်ကဲ မြတ်နိုးတန်ဖိုးထားသောအရာများသည် ဤနေရာတွင်ရှိသောကြောင့် ၎င်းတို့ကို ကာကွယ်ရန်အတွက် သူသည် သေချာပေါက် လုပ်ဆောင်သွားမည်ဖြစ်သည်။
ဤနေရာမှ မထွက်ခွာမီ ။
စူးချန်ကဲသည် မဟာဧကရာဇ်မင်း၏ရုပ်အလောင်းထံသို့ လျှောက်သွားလိုက်သည်။
စောနက တိုက်ခိုက်မှုသည် ထိုမဟာဧကရာဇ်မင်း၏ ရုပ်အလောင်းကို တစ်စစီ ပေါက်ကွဲမှုဖြစ်စေခဲ့သည်။
မူလနဂိုက အကောင်းအတိုင်း ရှိသော မဟာဧကရာဇ်မင်း၏ ရုပ်အလောင်းသည် ယခုအခါ အနည်းငယ် ကျိုးပဲ့ပျက်စီးနေခဲ့သည်။
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဧကရာဇ်လမ်းစဉ်ဆိုင်ရာ နိယာမတရားတို့သည် အဆုံးမရှိ တိုးဝင်လာခဲ့ပြီး ကျိုးပဲ့ပျက်စီးနေသော မဟာဧကရာဇ်မင်း၏ ရုပ်အလောင်းကို လွှမ်းခြုံသွားသည်။
ထို့နောက် ချက်ခြင်းပင် စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ၊ ရုပ်အလောင်း၏ ကွဲကြေနေခဲ့သော အပိုင်းအစများသည် တဖြည်းဖြည်း စုစည်းသွားသည်။ အက်ရာများရှိနေသော်လည်း အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
အမည်မသိ မဟာဧကရာဇ်မင်း၏ ရုပ်အလောင်းကိုကြည့်ရင်း စူးချန်ကဲက သက်ပြင်းချလိုက်သည်။
“ သွားမယ် ၊ ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ် “
လူသည် နေရာအနှံ့ခရီးလှည့်ကာ စိမ်းလန်းသော တောင်တန်းများရှိနေသ၍ ခေါင်းချနိုင်သည်။
သို့သော် ဖြစ်နိုင်ပါက ၊ မည်သူမဆို ကိုယ်လာရာလမ်းကိုသာ ပြန်သွားလိုသည်။
ဘယ်ကလာလာ ၊ လာရာရင်းမြစ်ကို သေချာပေါက်ပြန်ပို့ရပေမည်။
စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊
မဟာဧကရာဇ်မင်း၏ ရုပ်အလောင်းမှ ဒြပ်မဲ့လေထု တိုးထွက်လာခဲ့ပြီး ဖြည်းညှင်းစွာ စုစည်းသွားသည်။
ထိုမဟာဧကရာဇ်မင်း၏ ပုံပန်းအသွင်အပြင်ကို ယောင်ဝါးဝါးမြင်ခဲ့ရသည်။
သူ၏အမည်မှာ ဝေ့ချန်း မဟာဧကရာဇ်မင်းဖြစ်သည်။
သူသည် ပြင်ပနယ်မြေတွင် အနှစ်တစ်ထောင်ကျော် စောင့်ကြပ်နေခဲ့ပြီး ၊ တစ်ခါမှ အိမ်ပြန်မလာခဲ့ချေ။
အဆုံးတွင် ၊ မိသားစုဝင်များ၏ ပုံပန်းသွင်ပြင်ကိုပင် မေ့သွားခဲ့ရုံသာမက မှတ်ဉာဏ်ထဲက အိမ်ကိုပင် မေ့ပျောက်သွားခဲ့ရသည်။
အိမ်ရှိရာ ဦိးတည်ရာဘက်ကိုတော့ သူ မှတ်မိနေသေးသည်။
ဝေ့ချန်း မဟာဧကရာဇ်မင်း၏ မှုန်ဝါးဝါးအသွင်ပုံရိပ်သည် တိုက်မြေသုံးထောင်၏ ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်သည်။
ဤသည်မှာ သူ့မှတ်ဉာဏ်ထဲက အိမ်ရှိရာ လမ်းကြောင်းပင်။
အတွေးအားလုံးသည် ထိုနေရာဆီသို့ တမ်းတနေခဲ့သော်လည်း သို့သော် လက်လှမ်းမမီသော အရာသာ ဖြစ်ခဲ့လေသည်။
…….
တစ်ချိန်တည်းမှာပင်။
တိုက်မြေပြင်ပတွင် သွေးချီစွမ်းအားများက တဟုန်းဟုန်း တောက်လောက်နေသည်။
တစ်ကိုယ်လုံးကို သွေးနီရောင် ဆူးပင်များဖြင့် ဝန်းရံထားသော ၊ သွေးနီရောင် ၀တ်စုံကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် ပေါက်ကွဲထွက်လာကာ သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူမသည် ဆူးနတ်ဆိုးပင်လယ်၏ အရှင်သခင်ဖြစ်ပြီး ၊ တိုက်မြေပြင်ပ၏ မူလအစ ဘိုးဘေးဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။
(T/N - မူလအစ ဘိုးဘေး - မူလဖြစ်တည်ရာ အစ )
တိုက်မြေပြင်ပကလူများက ရွယ်ကျီ မူလဘိုးဘေးဟု ခေါ်ဆိုကြသည်။
ဤအခိုက်အတန့်တွင် ၊ သူမ၏မျက်လုံးများသည် တွင်းနက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပုံရပြီး ထူးဆန်းသော သတ္တဝါလေးကောင်သေဆုံးသွားသည့် နေရာဆီသို့ ကျရောက်သွားသည်။
“အသုံးမကျတဲ့ အမှိုက်တွေ”
“ဒီလိုအသေးအမွှားကိစ္စလေးတောင် မကိုင်တွယ်နိုင်ဘူး”
ရွယ်ကျီ မူလဘိုးဘေးက အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
“ငါတို့ရဲ့အစီအစဥ်ကို ဘယ်ကောင်က ဖျက်စီးဝံ့တာလဲ!?”
“တစ်နေ့တော့ ပင်လယ်ရဲ့တစ်ဖက်ကမ်းကို လာပြီး အပိုင်းပိုင်း သတ်ဖြတ်ပစ်မယ်”
……..
အခြားတစ်ဖက်တွင် ။
ဇီဝတားမြစ်နယ်မြေ ၊ မည်းနက်နေသော မြေကြီးထဲတွင် အမြစ်တွယ်နေသော မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီး၌။
နိယာမတရားများ၏ စွမ်းအားများသည် ပင်လယ်နက်တစ်စင်းလို အဆုံးမရှိ လူးလိမ့်ရိုက်ခတ်နေသည်။
အထဲတွင် ၊ တရားထိုင်နေသော မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် အဘိုးအိုတစ်ယောက် ရှိနေသည်။
သူသည် တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ သူ၏လက်ချောင်းများကို လှုပ်ရှားနေပြီး ၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များသည် ရောထွေးနေပုံရသည်။
ရုတ်တရက်။
အဖိုးအိုသည် မျက်လုံးဖွင့်လိုက်ပြီး တုန်ရီစွာ ရေရွတ်လိုက်သည်။
“အနာဂတ်အစီအစဉ်မှာ အပြောင်းအလဲရှိနေပြီ!”
သူသည် ဇီဝတားမြစ်နယ်မြေတွင် တွက်ချက်မှုအရာ၌ အလွန်ကျွမ်းကျင်သော လွတ်မြောက်အဆင့်ရှိ ပုဂ္ဂိုလ်ဖြစ်သည်။
T/N : အဆင့်ဖော်ပြချက်
🍁🍁မဟာဧကရာဇ်မင်း ပထမအဆင့်အထက် →ရှေးဧကရာဇ် (သို့မဟုတ်) ဉာဏ်အလင်းရသူများ → ကြွင်းကျန်(မပြီးပြည့်စုံ) အမတ
(အမတညဏ်အလင်း သဘောတရားအရ ): သေမျိုးအမတ ၊ ညဏ်အလင်း အမတ နှင့် လွတ်မြောက် အမတ ဟူ၍ နယ်ပယ်သုံးမျိုးရှိသည်)
ထို့နောက်မှသာလျှင် :
လွတ်မြောက်အမတ →အမတသခင်
အမတသခင်၏ အဆင့်များ -
{ စစ်မှန်အမတသခင် → ကောင်းကင်အမတ → ရွှေအမတ → အမတဘုရင် → အမတ ဧကရာဇ် တစ်ပိုင်း →အမတဧကရာဇ် )
ဒါပေမဲ့ ကြိုဖတ်ထားသလောက် ဒီအဆင့်က အကုန်မဟုတ်သေးဘူး ၊ ကြားထဲ အပြောင်းအလဲရှိရင် ထပ်ဖော်ပြပေးပါ့မယ်🍁🍁
ဇီဝတားမြစ်နယ်မြေအတွက် သူတို့၏အစီအစဥ်သည် အလွန်အရေးကြီးပြီး နည်းနည်းမှ အမှားအယွင်းဖြစ်လို့ မရချေ။
တွက်ချက်မှုအရာတွင် ကျွမ်းကျင်ကြသော လွတ်မြောက်သူများသည် အနာဂတ်ဖြစ်ရပ်များကို အလှည့်ကျ တွက်ချက်ကြသည်။
ယနေ့သည် သူ့အလှည့်ဖြစ်သည်။
သို့သော် ထင်မှတ်မထားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သောကြောင့် ၊ ထိုအဘိုးအိုသည် အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
“ သေသင့်တယ် ! ဇီဝတားမြစ်နယ်မြေရဲ့ ကိစ္စကြီးကို ဘယ်ကောင် ဖျက်ဆီးရဲတာလဲဆိုတာ ငါ ကြည့်ချင်သေးတယ်!”
အဘိုးအို၏ ပတ်ဝန်းကျင်တွင် နတ်အလင်းများ ဝင်းထိန်တောက်ပသွားသည်။
မထင်မရှားသော နိယာမစွမ်းအားများ တိုးဝင်လာပြီး ၊ အနက်ရောင်ဝဲဂယက်ကြီးတစ်ခုသည် သူ့ရှေ့တွင် ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
သို့သော်၊ ဝဲဂယက်ဖန်တီးပြီး လမ်းတဝက်အရောက်တွင် ပြင်းထန်သော စွမ်းအားတစ်ခုက ၎င်းကို တိုက်ရိုက်ရပ်တန့်လိုက်သည်။
ကံကြမ္မာနတ္ထိ ၊ မည်သည့်နိယာမ မဆို ဆုတ်ခွာရပေမည်။
အပိုင်း(၄၇၉): ထိုးစစ်အင်အားစု၏ ခေါင်းဆောင်အသစ်
ဇီဝတားမြစ်နယ်မြေရှိ လွတ်မြောက်သူအဘိုးအိုမှ ပြန်လည်မတုံ့ပြန်နိုင်သေးခင် ၊
ဝုန်း ! !
အနန္တဗလာသဘောကိုဆောင်သော မှော်သင်္ကေတများသည် အာကာသ၏ အနက်ရှိုင်းဆုံး အပိုင်းမှ တလိပ်လိပ် တတ်လာသည်။
ဤအမြင့်မြတ်ဆုံးနှင့် ကြီးကျယ်ခမ်းနားသော ရောင်ဝါအောက်တွင်။
ကောင်းကင်နှင့်မြေကြီးသည် နေရာလှည့်ပြောင်းမှုများဖြစ်ပေါ်နေသကဲ့သို့ နေနှင့်လသည် ဇောက်ထိုးဖြစ်နေသည်။
ဇီဝတားမြစ်နယ်မြေရှိ လွတ်မြောက်သူ ထိုအနှီလူ၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် အနန္တဗလာပင်လယ်ထဲတွင် လျှောက်လှမ်းနေသဟန် ရှိသည်။
နှင်းဖြူရောင် ၀တ်စုံသည် အမှောင်အာကာသာထဲတွင် စူးရှတောက်ပနေပြီး တစ်ကိုယ်လုံး နတ်အလင်းရောင်များဖြင့် ဖိတ်ဖိတ်တောက်လျက် ရှိသည်။
၀တ်ရုံဖြူအသွင်ပုံရိပ်မှ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊ သူ့ခြေဖဝါးအောက်တွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားပြီး အနန္တဗလာပင်လယ်ပြင်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည် ။
၀တ်ရုံဖြူအသွင်ပုံရိပ်သည် တစ်ခုခုကို အာရုံခံမိပုံရပြီး ၊ အနန္တဗလာပင်လယ်ပြင်တွင် လျှောက်လှမ်းနေခဲ့သော သူ၏ခြေလှမ်းများက ရပ်တန့်သွားသည် ။
သူသည် ဘေးဘက်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ။
တခဏအတွင်း။
ဟူးး လာလာ--! !
အနန္တဗလာပင်လယ်ပြင်ကြီးသည် တဖက်လူ၏အကြည့်ကြောင့် ဒေါသဖြစ်သွားပုံရကာ လှိုင်းတံပိုးများသည် ပြင်းထန်စွာ လှုပ်ခတ်လာပြီး လွတ်မြောက်သူ ထိုအဘိုးကြီးဆီသို့ ချက်ချင်းကျရောက်သွားသည်။
ဝုန်း ! !
တစ်ချိန်တည်းမှာပင် ၊ သူ၏ စိတ်ဝိညာဉ်ကို အနန္တဗလာပင်လယ်က ဝါးမျိုသွားခဲ့သည်။
ထိုအနှီ လွတ်မြောက်သူ၏ မူလရင်းမြစ် နှင့် တာအိုခန္ဓာတို့သည် အလွန်လျင်မြန်သောအရှိန်ဖြင့် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး လုံးလုံးလျားလျား ကွယ်ပျောက်သွားသည်။
ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ဟူသည် စကားနှင့်ပင် ဖော်ပြ၍မဖြစ်နိုင်သော အရာသာတည်း။
ယခင်က စူးချန်ကဲ၏ကျင့်ကြံမှုသည် အားနည်းခဲ့သောကြောင့် တွက်ချက်သူများသည် တုံ့ပြန်မှုဒဏ်ကိုသာ ကြုံတွေ့ခဲ့ရသည်။
ယခုမူ ၊ စူးချန်ကဲသည် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာရုံသာမက ကံကြမ္မာနှင့် ဗလာနတ္ထိတို့၏ စွမ်းအားအနည်းငယ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
မည်သူမဆို သူ့အား မှန်းဆတွက်ချက်ရဲပါက ကံကြမ္မာနတ္ထိစွမ်းအား၏ သုတ်သင်ခြင်းကိုခံရပေမည်။
လေညင်းသဖွယ် သဲလွန်စမရှိ ပျောက်ကွယ်သွားရပေမည်။
“ဘာလို့လဲ...”
ပဟေဠိများဖြင့် စကားလုံးနှစ်လုံးကို ချန်ထားခဲ့ပြီးနောက် ၊ ထိုအနှီ လွတ်မြောက်သူသည် အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။
ပို၍ကြောက်စရာကောင်းသည်မှာ ဇီဝတားမြစ်နယ်မြေရှိ တခြားမည်သူမျှ ဤကိစ္စကို မသိခဲ့ကြခြင်း ဖြစ်သည်။
……….
တစ်ချိန်တည်းမှာပင် ။
နယ်မြေပြင်ပ စစ်မြေပြင်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ဌာနချုပ်။
ကွေးယွမ် သူတော်စင် နယ်မြေမှ တန်ခိုးကြီးသော မဟာဧကရာဇ်မင်းလေးပါးသည် ဤနေရာတွင် စုရုံးရောက်ရှိနေသည်။
ကြီးကျယ်ခမ်းနားသော ရောင်ဝါနှင့် ဧကရာဇ်တန်ခိုးစွမ်းအားများကို ကြည့်ခြင်းအားဖြင့် ၊ ၎င်းတို့သည် ပထမအဆင့်ကို ကျော်ဖြတ်ကာ ရှေးဧကရာဇ် နယ်ပယ်အဆင့်ထိ အောင်မြင်ထားပုံရသည်။
ကမ္ဘာကြီးကို လှုပ်ခတ်သွားစေလောက်အောင်ပင် အားကောင်းလွန်းသည်။
အကယ်၍ ၎င်းကို ဖိနှိပ်ထားရန် ဤနေရာတွင် အထူး မှော်အစီအရင်ခင်းကျင်းမှု မရှိခဲ့ပါက၊
ဤမဟာဧကရာဇ်လေးပါးမှ ထုတ်လွှတ်လိုက်သော ရောင်ဝါသည် ကြယ်နယ်မြေတစ်ခုလုံးကို လုံးဝ ပြိုကျသွားစေနိုင်သည်။
“နယ်မြေပြင်ပ မြစ်ရေက ပိုပိုပြီး မတည်မငြိမ်ဖြစ်လာတယ်”
တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်နှာသည် လေးနက်နေသည်။
“အမျိုးမျိုးသော နိမိတ်လက္ခဏာတွေကို အခြေခံကြည့်ရရင် ဇီဝတားမြစ်နယ်မြေရဲ့ခြေရာတွေကို တွေ့နေရတယ် “
“ကိစ္စမရှိဘူး၊ အချိန်တန်ရင် သူတို့ကိုလည်း အတူတူ ချေမှုန်းပစ်လိုက်မယ် “
ပိုင်ကျန့် မဟာဧကရာဇ်မင်းက ပေါ့ပါးသောလေသံဖြင့် ဝင်ပြောလိုက်သည်။
“ငါလည်း သဘောတူတယ် ၊ ဇီဝတားမြစ်နယ်မြေက ပြင်ပကမ္ဘာနဲ့ ပူးပေါင်းထားပုံပဲ ၊ သူတို့ရဲ့ ရည်ရွယ်ချက်က သိသာနေတာပဲ၊ တိုက်ရိုက် ချေမှုန်းပစ်သင့်တယ်!”
ဟွမ်ထျန်း မဟာဧကရာဇ်မင်းက ဆိုပြန်သည်။
“ ဒါနဲ့ ထျန်းတု နဲ့ ယွီ့ထျန်း ၊ ဒီမှာ ဘာလို့မရှိတာလဲ”
ထိုအချိန်တွင် ရွှမ်ယွီဧကရီက အံ့သြစွာဖြင့် မေးလိုက်သည်။
“ ချန်ကဲကို အတူတူ ကြိုဆိုဖို့လို့ ငါတို့ သဘောတူထားတာ မဟုတ်ဘူးလား “
“သူတို့နှစ်ယောက်လုံးက ဘိုးဘေးခိုင်းတဲ့ကိစ္စလေးတွေ သွားလုပ်နေကြတယ် “
တိ့ကျန့် မဟာဧကရာဇ်မင်းက ပြုံးလိုက်ပြီး ။
“ ပြီးတော့ ချန်ကဲလည်း မကြာခင် ရောက်လာတော့မယ် “
ဝုန်း !!
တိ့ကျန့်မဟာဧကရာဇ်မင်း ပြောပြီးသည်နှင့်။
ရုတ်တရက် ၊ ကြယ်ရောင်စုံ ကောင်းကင်ပြင်မှ ကျယ်လောင်သော ဟောက်သံကို ကြားလိုက်ရသည်။
အာကာသထဲမှ တဖျပ်ဖျပ် တောက်ပနေသော မှော်သင်္ကေတများ ပျံ့နှံ့ထွက်ပေါ်လာပြီး ၊ နိယာမစည်းမျဉ်းများ တုန်ခါလာကာ အဆုံးတွင် ထိန်လင်းတောက်ပနေသော လမ်းကြောင်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားကြသည်။
ကွဲအက်သံ !
ဟင်းလင်းပြင်ထက်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများသည် အရပ်ရပ်သို့ ဖြန့်ကျတ်သွားသည်။
အက်ကြောင်းများ ဖြစ်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ၀တ်ရုံဖြူအသွင်ပုံရိပ်သည် ထိုနေရာမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ကြောက်စရာကောင်းသော စွမ်းအင်ပေါက်ကွဲသံသည် ဤနေရာတွင် တပ်စွဲထားသော ကွေးယွမ် သူတော်စင်နယ်မြေ၏ စစ်သည်များကို သတိထားမိစေသည်။
“ဒီလူက ...”
“ဒါက ချန်ကဲဆက်ခံသူ.. ချန်ကဲ မဟာဧကရာဇ်မင်းပဲ!”
“ ချန်ကဲ မဟာဧကရာဇ်မင်း နယ်မြေပြင်ပစစ်မြေပြင်ကို ရောက်လာပြီ!”
“ကောင်းလိုက်တာ၊ ချန်ကဲ မဟာဧကရာဇ်မင်း ရရှိခဲ့တဲ့ ရာဇပလ္လင်က ခေတ်ကာလတစ်လျှောက်လုံးမှာ တုနှိုင်းမရတဲ့ အရာပဲ ၊ သူ့ကို ထာဝရ ပထမဆုံးသောမဟာဧကရာဇ်မင်းလို့တောင် တင်စားခေါ်ဝေါ်ကြတာ ၊ ဒီနယ်မြေရဲ့ မငြိမ်မသက်မှုကို သူက သေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်”
“…….”
စူးချန်ကဲသည် အာကာသတွင်းနက်ထဲမှ ထွက်လာသည်နှင့် ၊
မဟာဧကရာဇ်မင်း၏ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားသည် အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။
မရေမတွက်နိုင်သော ဧကရာဇ်အလိုဆန္ဒများ သက်ဆင်းလာပြီး၊ စူးချန်ကဲကို ဗဟိုပြုလျက် ဤနေရာတစ်ခုလုံးကို မြင့်မြတ်သော နယ်ပယ်စက်ကွင်းအဖြစ် ပြောင်းလဲသွားစေသည် ။
ဤမြင်ကွင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ စစ်သည်တိုင်းကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
အတွင်းစွမ်းအင်၏ စီးဆင်းမှုသည် ဤမျှ ကြောက်စရာကောင်းသော ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်သည်။
“ ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်ပါတယ်!!”
မရေမတွက်နိုင်သော လူများက သူ့အလိုလို အော်ဟစ်လာခဲ့ကြသည်။
အသံလှိုင်းများသည် အကန့်အသတ်မဲ့ အာကာသထဲသို့ ပျံ့နှံ့သွားပြီး အဝေးမှ ကြယ်များပင် တုန်ခါသွားကြသည်။
တစ်ချိန်တည်းမှာပင်။
အခြားသော အင်အားစုများမှ မရေတွက်နိုင်သော မဟာဧကရာဇ်မင်းများကလည်း သတိပြုမိလာကြသည်။
သူတို့သည် ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ကွေးယွမ် သူတော်စင်နယ်မြေကို စော်ကားဖို့ မတတ်နိုင်ပေ။
“အဲဒါက ... ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ စူးချန်ကဲ...!”
“ ကြားရတာထက် လူကိုယ်တိုင်မြင်တာက ပိုသာတယ် ဆိုတဲ့စကားအတိုင်း ဒီလို ကြောက်စရာကောင်းတဲ့ ဧကရာဇ်တန်ခိုးစွမ်းအားတွေက တကယ့်ကို မကြုံစဖူးဘဲ!”
“ နောက်လူငယ်တွေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ၊ ဒီလိုအရွယ်နဲ့ မဟာဧကရာဇ်မင်းရဲ့ အဆင့်အတန်းကို ရောက်နေပြီ၊ သူ့ကို ထာဝရ ပထမဆုံးသောဧကရာဇ် တစ်ပါးလို့ တင်စားခေါ်ဝေါ်တာ မဆန်းဘူး”
“ အရင်က ပြောသံကြားဖူးတယ် ၊ ချန်ကဲ မဟာဧကရာဇ်မင်း ဒီကိုအလာ ထျန်းယိ မြို့သခင်က သူ့ကို တာဝန်တစ်ခုလုပ်ခိုင်းခဲ့တာ သုံးနာရီအတွင်းမှာပဲ သူ့တာဝန် ပြီးမြောက်သွားတယ်ဆိုပဲ “
“ငါလည်း ဒီအကြောင်းကို ကြားဖူးပါတယ် ၊ ချန်ကဲ မဟာဧကရာဇ်မင်းက တရားခံတွေကို သတ်ဖြတ်ခဲ့ရုံသာမက...”
မဟာဧကရာဇ်များစွာသည် ၎င်းတို့၏ စိတ်ဝိညာဉ်များမှတဆင့် အချင်းချင်း လျှို့ဝှက်စွာ ဆက်သွယ်ပြောဆိုနေကြသည်။
စူးချန်ကဲသည် အလွန်ပြောင်မြောက်သော လက်ရာများစွာကို ဖန်တီးခဲ့သည်။
ကျင့်ကြံလောကထဲသို့ ဝင်ရောက်လာချိန်မှစ၍ သူသည် ဤလမ်းတစ်လျှောက် အတောက်ပဆုံး ဒဏ္ဍာရီများကို ဖန်တီးခဲ့သည်။
လောက၏ တုနှိုင်းမဲ့ပုဂ္ဂိုလ် ၊ ဒေဝလောကတစ်ခွင် မည်သူမှမယှဉ်ပြိုင်နိုင်လေသော ပုဂ္ဂိုလ်။
သူတို စူးချန်ကဲအပေါ် ထားရှိသည့် နားမလည်နိုင်သော မျှော်လင့်ချက်များစွာ ရှိသည်။
ဤဒဏ္ဍာရီလာ ပုဂ္ဂိုလ်သည် နယ်မြေပြင်ပသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ၊ သူသည် ဤနေရာတွင် မည်သို့သောဂုဏ်အသရေကို ဖန်တီးဦးမည်နည်း။
ထို့အပြင် စူးချန်ကဲသည် မည်သည့်ဂုဏ်ဘွဲ့မှ မရှိသေးပေ။
“ ဘွဲ့အမည်” ဆိုသည်မှာ မဟာဧကရာဇ်မင်းတစ်ပါးကို သက်ရှိသတ္တဝါအပေါင်းတို့က လေးလေးစားစား ချီးမြှင့်ထားသော ဘွဲ့တစ်ခုဖြစ်သည်။
ဘွဲ့အမည်တိုင်းသည် ကောင်းကင်နှင့် မြေကြီး ၊ သက်ရှိသတ္တဝါအားလုံးတို့က အသိအမှတ်ပြုမှသာလျှင် ရရှိနိုင်သည်။
အနာဂတ်တွင် လူအများက သူ၏အမည်ကို ချီးမွမ်းပါက၊ ၎င်းတို့ထံမှ ယုံကြည်မှု၏ တန်ခိုးစွမ်းအားကို ရရှိနိုင်မည်ဖြစ်သည်။
စူးချန်ကဲသည် မည်သည့်ဧကရာဇ်ဘွဲ့ အမည် တပ်ခံရမည်ကို သူတို့အကုန်လုံး အတော်လေး သိချင်နေကြသည်။
……
“ ချန်ကဲ!”
ထိုအချိန်တွင်၊ တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားလေးဦးတို့သည် နှုတ်ဆက်ရန် ထွက်လာကြသည်။
သို့သော် ၊ သူတို့ မြင်လိုက်ရသည်မှာ ကွေးယွမ် သူတော်စင်နယ်မြေ၏ အရူးအမူးအော်ဟစ်နေကြသော စစ်တပ်ကြီးကိုသာ ။
သူတို့လေးယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
ထိုအပြုံးထဲတွင် နာကြည်းမှုနှင့် အားကျမှုများ ပါဝင်နေသည်။
သူတို့သည် ဤနယ်မြေပြင်ပစစ်မြေပြင်သို့ ပထမဆုံးရောက်လာစဉ်က ၊ ယခုလိုကြိုဆိုမှုမျိုးကို မည်သို့လက်ခံရရှိခဲ့လိမ့်မည်နည်း။
ယခုမြင်ကွင်းနှင့် နှိုင်းယှဉ်ပါက ၊
မဟာဧကရာဇ်မင်းချင်း အတူတူ ၊ဒေါသထွက်ပြီး သေနိုင်တယ်!!
“အိုင်း... ငါ အရင်က အဲ့ကောင်လေးကို ပြောခဲ့ဖူးတယ် ၊ ဒီနယ်မြေပြင်ပစစ်မြေပြင်ကို ရောက်ရင် သူ့ကို ကာကွယ်ပေးမယ်လို့...”
ရွှမ်ယွီဧကရီ၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွားသည်။
“ဒီအခြေအနေအရ... ငါတို့ရဲ့ အထောက်အထားတွေက ပြောင်းပြန်ဖြစ်နေသလိုပဲ “
ရွှမ်ယွီသည် လက်ရှိတွင် ရှေးဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ၊ တကယ်တန်း တိုက်ကြမည်ဆိုပါက သူမအနေဖြင့် တဖက်လူကို နှိပ်ကွပ်နိုင်မည်မဟုတ်ကြောင်း အမြဲလိုလို ခံစားမိသည်။
ရှေးဧကရာဇ်တစ်ပါးအနေဖြင့် ၊ စိုးရိမ်ပူပန်မှုကို ခံစားနေရသည်မှာ အတော်လေး ရယ်စရာကောင်းပေသည်။
ရွှမ်ယွီ၏အတွေးတွေကို မြင်နေပုံရသော တိ့ကျန့်နှင့် တခြားမဟာဧကရာဇ်မင်း သုံးပါးသည် ကူကယ်ရာမဲ့လို့နေ၏။
သူတို့သည် စူးချန်ကဲကို အတော်လေးမျှော်လင့်ထားသော်လည်း ၊ တဖက်လူသည် သူတို့မျှော်လင့်ထားတာထက်ကိုပင် သာလွန်နေခဲ့သည်။
ရုတ်တရက်။
တိ့ကျန့် မဟာဧကရာဇ်မင်းက တစ်ခုခုကို တွေးလိုက်မိသည်။
“ဒီကလေးက ပိုသန်မာလေလေ ပိုကောင်းလေ မဟုတ်ဘူးလား”
“ အတော်ပဲ ၊ တိုက်မြေ သုံးထောင်က ပြင်ပကမ္ဘာကို နောက်ထပ် ထိုးစစ်ဆင်လို့ရပြီ “
တိ့ကျန့် မဟာဧကရာဇ်မင်းက သူ့မေးစေ့သူ ပွတ်ကာ ပြုံးလိုက်သည်။
“ စူးချန်ကဲကို ငါ့ ကွေးယွမ် သူတော်စင်နယ်မြေစစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် လုပ်ခိုင်းကြမလား “
“ သူနဲ့သာဆို စစ်မှုထမ်းကောင်းတွေ ပိုရလာနိုင်တယ် ၊ မရေမတွက်နိုင်တဲ့ လူတွေရဲ့ ယုံကြည်မှုကို ရရှိပြီး တုနှိုင်းမဲ့တဲ့ ဘွဲ့တံဆိပ်တစ်ခုကိုတောင် ဖန်တီးနိုင်လိမ့်ဦးမယ်!”
တိ့ကျန့် မဟာဧကရာဇ်မင်းသည် ထိုအရာမှာ ဖြစ်နိုင်ချေရှိသည်ဟု ယုံကြည်နေသည်။
သူလုပ်သမျှသည် စူးချန်ကဲကောင်းဖို့အတွက်သာ ဖြစ်သည်။
ဒါက သူ တိတ်တိတ်လေးအနားယူချင်လို့ လုံးဝမှ မဟုတ်ဘူးနော်!