← Chapters

အခန်း (၄၈၀-၄၈၄)

Vol. 35 Ch. 480-484

အခန်း (၄၈၀-၄၈၄)

Vol. 35 Ch. 480-484

အပိုင်း(၄၈၀): တိုက်မြေပြင်ပကို တိုက်ခိုက်ရန် အမိန့်ပေးမည့် ချန်ကဲ

“ ချန်ကဲ ၊ ဆရာတူအစ်ကို နဲ့ ဆရာတူအစ်မကို ဂါရဝပြုပါတယ် “

ထိုအချိန်တွင် စူးချန်ကဲသည် တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် အခြားသူများရှေ့သို့ ရောက်ရှိလာပြီး ရိုသေစွာ ဦးညွှတ်ခဲ့သည်။

“ ချန်ကဲ၊ မင်း ငါတို့ကို တကယ်စိတ်မပျက်စေခဲ့ဘူး!”

တိ့ကျန့် မဟာဧကရာဇ်မင်းက ရှေ့သို့ ထွက်လာပြီး စူးချန်ကဲ၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။

“ဒီလို အောင်မြင်မှုမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး!”

“အိုင်းယား.. အစကတော့ မမက မောင်လေးချန်ကဲ နယ်မြေပြင်ပစစ်မြေပြင်ကို ရောက်ရင် ကာကွယ်ပေးမယ်လို့ တွေးထားတာ “

ထိုအချိန်တွင် ၊ ရွှမ်ယွီဧကရီသည်လည်း စူးချန်ကဲထံသို့ ရောက်ရှိလာပြီး ဖြတ်ဆိုလိုက်သည် ။

“ အခုအခြေအနေအရ ၊ မမကတောင် မောင်လေးကိုအားကိုးရတော့မယ် ~”

“ ရွှမ်ယွီဧ...မမကို နှုတ်​ဆက်​ပါတယ်​”

ရွှမ်ယွီဧကရီ၏ ရောင်ဝါသည် ယခု ပို၍ပင် အားကောင်းလာသည်။

ပြီးတော့ ဘယ်လိုပြောရမလဲ!

ပို၍ကြီးလာသည် ဟု စူးချန်ကဲ တစ်ယောက် ခံစားမိသည်။

ဆူဖြိုးသောရွှေဖီးနစ်ပုံစံသည်ပင် ပေါက်ကွဲတော့မည့်အတိုင်း ပိုပို၍ ကြီးထွားလာသည်။

စူးချန်ကဲတွင် မေးခွန်းတစ်ခုရှိနေသည်။

ရွှမ်ယွီဧကရီ ဘာတွေများစားလို့ အဲ့လောက်တောင် ကြီးလာတာလဲ!?

“အိုင်ယိုး ချန်ကဲလေးက အခုဆို ပိုပြီး စွမ်းဆောင်လာနိုင်တယ် ၊ မျက်လုံးလေးတွေကတောင် စူးစမ်းတတ်လာပြီပဲ “

ရွှမ်ယွီဧကရီသည် စူးချန်ကဲ၏ သဘာဝမကျသော အမူအရာကို ဖမ်းစားနိုင်ခဲ့သည်။

သူမ၏ အနီရောင်တောက်တောက် နှုတ်ခမ်းသားများက ကစားလိုသည့် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ ... မင်း ...”

ရွှမ်ယွီဧကရီသည် စူးချန်ကဲထံသို့ ချဉ်းကပ်လာသည်နှင့်အမျှ ၊ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ပိုက်ကာ မူလကတည်းက မို့မောက်နေသော သူမ၏ တောင်နှစ်လုံးကို ပို၍ မြင့်သထက်မြင့်လာစေသည်။

သူမ၏ အနီရောင်နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟကာ ၊ ပါးစပ်ထဲမှ စိုစွတ်ပြီး ပူနွေးသောလေငွေ့နှင့်အတူ နူးညံ့စွာဆိုလိုက်သည်။

“ ငါနဲ့ ခဏလောက် ဆော့ချင်လား ?”

“ ထွီ....!”

မူလက စူးချန်ကဲ နှင့် နှုတ်ဆက်လိုသော ဟွမ်ထျန်း မဟာဧကရာဇ်မင်း နှင့် ပိုင်ကျန့် မဟာဧကရာဇ်မင်းတို့သည် ထိုစကားကိုကြားသည်နှင့် ရယ်ချင်စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။

နားထောင်စမ်း!

ကမ္ဘာကြီးသည် ကြည်လင်ပြီး ၊ နေသည် တောက်ပနေသည်။

ဒါဘယ်လိုတောင် လူမဆန်လိုက်တဲ့ စကားတွေလဲ!?

ရွှမ်ယွီသည် တစ်‌ဦးတည်းသော အမျိုးသမီးဧကရီဖြစ်နေသည်မှာ သနားစရာပင်။

ရွှမ်ယွီသည် သွက်လက်သော ကိုယ်ရည်ကိုယ်သွေးရှိသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူတို့ သိကြသည်။

သို့သော် ဤကိစ္စတွင်၊ အမျိုးသမီးဧကရီအဖြစ် ဂုဏ်သိက္ခာရှိသေးရဲ့လား!?

“ဘာလဲ?”

ရွှမ်ယွီဧကရီက မျက်ခုံးပင့်ကာ မဲ့ပြုံးပြုံးလိုက်ရင်း။

“နင်တို့လည်း ငါနဲ့ ကစားချင်လို့လား”

“ ဆောရီးနော် ဒါက မောင်လေးချန်ကဲ တစ်ယောက်တည်းအတွက် သီးသန့်ပဲ~”

“ ပြီးတော့ နင်တို့က အိုနေပြီ ~”

ထိုစကားလုံးများ ထွက်လာသည်နှင့်။

မဟာဧကရာဇ်နှစ်ပါး၏ နဖူးပေါ်တွင် သွေးကြောများထောင်တတ်လာသည်။

သူတို့သည် မဟာဧကရာဇ်ဖြစ်လာရန် အချိန်ဆယ်နှစ်ခန့်သာ အချိန်ယူခဲ့ရသည်။

ဒါကို အိုတယ်လို့ခေါ်မလား!?

စူးချန်ကဲထက် နည်းနည်းအသက်ကြီးသော်ငြားလည်း....

ဟွမ်ထျန်း မဟာဧကရာဇ်မင်း နှင့် ပိုင်ကျန့် မဟာဧကရာဇ်မင်းတို့၏ မကျေမချမ်းဖြစ်နေသော အမူအရာကိုမြင်ပြီးနောက် ၊

ရွှမ်ယွီဧကရီသည် ထပ်မံ ကျီစားရန်ကြံရွယ်လိုက်သည်။

သို့သော် တိ့ကျန့် မဟာဧကရာဇ်မင်း က ဆိုလိုက်သည်။

“အိုင်ယား ! ရွှမ်ယွီ ! မင်းက မိန်းကလေးတစ်ယောက်လေ ဒီလိုညစ်ပတ်တဲ့ စကားလုံးတွေကို သုံးနှုန်းနေတာ ဘယ်လောက်တောင် မသင့်တော်လိုက်လဲ “

ထိုစကားကို‌ကြားတော့ ရွှမ်ယွီဧကရီက မျက်ဖြူလှန်ပြလေသည်။

ဤမျှ ပျင်းစရာကောင်းသော သကောင့်သားများနှင့် နေ့တိုင်းရှိနေရသည်မှာ အတော်ပျင်းဖို့ကောင်းသည်။ ယခု စူးချန်ကဲသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည် ။

နည်းနည်းလေးတောင် ကျီစားလို့မရဘူးလား!?

သို့သော်လည်း သူမသည် တိ့ကျန့်ကို အနိုင်မယူနိုင်ပေ။

ထို့ကြောင့် ၊ သူမသည် နှုတ်ခမ်းစူကာ တဲထဲသို့ ပြန်သွားခဲ့သည်။သို့သော် ပါးစပ်ကနေ ဤစကားများကို ကျိန်‌ဆဲလိုက်သေးသည်။

“ နင့်မေ **...!”

ထိုစကားလုံးများ ထွက်လာသည်နှင့် ။

စူးချန်ကဲ အပါအဝင် အခြား မဟာဧကရာဇ်မင်းသုံးပါးတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။

“ဘာ... မင်း...”

တုံ့ပြန်လာသော တိ့ကျန့် မဟာဧကရာဇ်မင်းက ရွှမ်ယွီကို လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။

“ မင်းဘာပြောတယ် ! နောက်တစ်ကြိမ် ပြန်ပြောစမ်း!”

ဘေးနားက ဟွမ်ထျန်း မဟာဧကရာဇ်မင်းက ဝင်ထောက်လိုက်သည်။

“သူမက မင်းအမေကို နှုတ်ဆက်နေတာ ဖြစ်မယ်”

“ဟုတ်​တယ်​ ငါလည်း​ အဲ့လိုထင်တယ်​”

တစ်ဖက်မှ ပိုင်ကျန့် မဟာဧကရာဇ်မင်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

ဤစကားဝိုင်းတစ်ခုလုံးကို နားထောင်နေသော စူးချန်ကဲသည် မျက်မှောင်ကုတ်သွားလေသည်။

ဒီလူတွေ !

မဟာဧကရာဇ်မင်းရဲ့ အဆင့်အတန်းနဲ့ ဒီလောက်တောင် တုံးအရသလား!

စူးချန်ကဲ၏ စိတ်ထဲက ကြီးကျယ်ခမ်းနားသော ၎င်းတို့၏ ပုံရိပ်များသည် ဤအခိုက်အတန့်တွင် ပြိုကျသွားလေတော့သည်။

……

ခဏအကြာတွင် ၊

ကြယ်ရောင်စုံ ကောင်းကင်တွင် တောက်ပသော ဖွဲ့စည်းပုံတစ်ခု ထွက်ပေါ်လာသည်။

ထိုဖွဲ့စည်းပုံပေါ်တွင် ဧကရာဇ်လမ်းစဉ်ဆိုင်ရာ နတ်အလင်းများ စီးဆင်းသက်ဝင်လျက်ရှိသည်။

ဖွဲ့စည်းပုံသည် ပို၍တောက်ပလာသည်နှင့်အမျှ၊ ၎င်းသည် ဤနယ်မြေပြင်ပစစ်မြေပြင်ရှိ ကွေးယွမ် သူတော်စင်နယ်မြေ၏ အခြေစိုက်စခန်း တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ဤအကာအကွယ် ဖွဲ့စည်းပုံထဲတွင် ၊

သေရည်အနံ့ ခပ်မွှေးမွှေးဖြင့် ၊ သီဆိုကခုန်မှုမှာ အဆုံးမရှိပေ။

လတ်ဆတ်သော သစ်သီးများနှင့် သေရည်ကောင်းများကို တည်ခင်းဧည့်ခံနေသော လှပသော အစေခံမိန်းမပျိုလေးများစွာ ရှိသည်။

“လာ! ချန်ကဲ မင်း ဒီကို ရောက်လာပြီဆိုမှတော့ မင်းကို ကြိုဆိုဖို့ ဒီပွဲကို ကျင်းပသင့်တယ်!”

အနည်းငယ်မူးနေပြီဖြစ်သော တိ့ကျန့် မဟာဧကရာဇ်မင်းက သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။

တစ်ချိန်တည်းမှာပင်။

ရွှမ်ယွီဧကရီ နှင့် အခြားသူများအပြင် ကွေးယွမ်တပ်များ၏ စစ်သူကြီးများကလည်း မတ်တပ်ထရပ်ကာ ခွက်ကို မြှောက်တင်လိုက်ကြသည်။

တိ့ကျန့် မဟာဧကရာဇ်မင်းက ဆိုလိုက်သည်။

“ ချန်ကဲ မဟာဧကရာဇ်မင်းဟာ ကမ္ဘာမှာ တုနှိုင်းမဲ့ဧကရာဇ်တစ်ပါး ဖြစ်ကာ ထာဝရရှင်သန်မှုမျိုးကို ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် “

အောက်ကလူများကလည်း တပြိုင်နက်တည်း ဟစ်ကြွေးလေသည်။

“ ချန်ကဲ မဟာဧကရာဇ်မင်းဟာ ကမ္ဘာမှာ တုနှိုင်းမဲ့ဧကရာဇ်တစ်ပါး ဖြစ်ကာ ထာဝရရှင်သန်မှုမျိုးကို ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် “

“…….”

စူးချန်ကဲသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ သူ့ဖန်ခွက်ကို မြှောက်ကာ ဆိုလိုက်သည်။

“ ချန်ကဲ ၊ သင်တို့ ယုံကြည်ရာအတိုင်း လိုက်နာ ဆောင်ရွက်ပါ့မယ်!”

ထို့နောက် လူတိုင်း သေရည်မော့လိုက်ကြသည်။

လေထုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိတွင် နယ်မြေပြင်ပစစ်မြေပြင်၏ တိုက်ပွဲမှာ တင်းမာလျက်ရှိသည်။

ယနေ့ စူးချန်ကဲသာ ရောက်မလာသေးဘူးဆိုပါက ၊ သူတို့သည် ရှေ့တန်းမှာတင် အလုပ်ရှုပ်နေကြမည် ဖြစ်သည်။

မဟုတ်ရင် ဒီနေ့လို ပျော်ပွဲရွှင်ပွဲလုပ်ဖို့ ဘယ်ကအချိန်ရှိမှာလဲ!?

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲသည် ထူးဆန်းသော သတ္တဝါကောင်၏ မှတ်ညဏ်ထဲကမြင်ကွင်းကို လူတိုင်းအား ပြောပြခဲ့သည်။

ခဏအကြာတွင် ၊ တိ့ကျန့် မဟာဧကရာဇ်မင်းက နောက်တစ်ခွက် ထပ်မော့လိုက်ရင်း လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။

“ လတ်စသတ်တော့ ဒီလိုကိုး ၊ နယ်မြေပြင်ပက ကောင်တွေ ဒီလောက်မြန်မြန်ဆန်ဆန် ဝင်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”

“ ပင်လယ်နက်ရဲ့ အထူးကျိန်စာကိုတောင် ကျော်ဖြတ်နိုင်တာပဲ “

“ဟား ...”

တိ့ကျန့် မဟာဧကရာဇ်မင်းက အေးစက်စွာ ပြုံးလိုက်ရင်း။

“ ဒီလိုဆိုမှတော့ ငါတို့လည်း နှောင့်နှေးစရာ မလိုတော့ဘူးပဲ”

“ဒီလိုဆိုးယုတ်တဲ့ ကောင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ တိုက်ရိုက်ဆက်‌ဆံရမှာပဲ “

တိ့ကျန့် မဟာဧကရာဇ်မင်းသည် သူ့ဆုံးဖြတ်ချက်ကို ပြတ်သားစွာချမှတ်လိုက်သကဲ့သို့ စူးချန်ကဲအား ပြောလိုက်သည်။

“ ချန်ကဲ ၊ စစ်ပွဲက တင်းမာနေတယ်ဆိုတာ မင်းလည်း သိမှာပါ”

“တားမြစ်နယ်မြေတွေ နိုးထလာပြီး အမတနယ်မြေလည်း ပေါ်ထွက်လာတော့မယ်”

“ တိုက်မြေသုံးထောင်တင်မကဘဲ တိုက်မြေပြင်ပက နိယာမစည်းမျဉ်းတွေ‌တောင်မှ အပြောင်းအလဲတွေကို ကြုံတွေ့ရလိမ့်မယ်”

“ ဒါ့ကြောင့် တိုက်မြေ သုံးထောင်က အင်အားစုတပ်ဖွဲ့တွေ အကုန်လုံးပေါင်းပြီး ပြင်ပကမ္ဘာကို သုံးရက်အတွင်း ထိုးစစ်အသစ်စတင်ဖို့ ရည်ရွယ်ထားတယ် “

“ဒီတခေါက် မင်းက ကွေးယွမ်ကတပ်ဖွဲ့တွေကို ဦိးဆောင်ပေးရင်ရော ဘယ်လိုလဲ?”

ထိုစကားကြောင့် စူးချန်ကဲသည် အနည်းငယ် ထိတ်လန့်သွားသည်။

သူသည် စစ်မြေပြင်တွင် ကြီးမားသောစစ်တပ်ကို ဘယ်တုန်းကမှ ဦးဆောင်ခဲ့ဖူးခြင်း မရှိပေ။

သို့သော် ၊ သူသည် တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်လုံးထဲက အကြွင်းမဲ့ယုံကြည်မှုများကို မြင်နေရသည်။

ဒီလိုဆိုမှတော့ သူဘာကြောက်စရာရှိလဲ!?

လက်ရှိခွန်အားအရ၊ စူးချန်ကဲသည် လုံးဝယုံကြည်ချက်ရှိသည်။

“တကယ်လို့ ဆရာတူအစ်ကိုက စိတ်မဆိုးဘူးဆိုရင် ၊ ချန်ကဲ ပြင်ပကမ္ဘာကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်ဖို့ ဆန္ဒရှိပါတယ် “

“ဟားဟား! ကောင်းတယ်!”

စူးချန်ကဲ၏ သဘောတူမှုကြောင့် တိ့ကျန့် မဟာဧကရာဇ်မင်းသည် နှစ်ခြိုက်စွာ ရယ်မောလိုက်သည်။

“ငါ့ရဲ့ ဆရာတူညီလေး ချန်ကဲက မျှော်လင့်ထားတဲ့အတိုင်းပဲ ၊ ဒီလိုသတ္တိမျိုး ဘယ်သူက ယှဉ်နိုင်မှာလဲ!”

ရွှမ်ယွီဧကရီ နှင့် အခြား မဟာဧကရာဇ်မင်း သုံးပါးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြသည်။

၎င်းတို့ အချင်းချင်း၏ အကြည့်ထဲတွင် စိတ်သက်သာရာ ခံစားချက်များ ရှိနေသည်။

တစ်ချိန်က သူတို့၏ အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့သောကောင်လေးသည် ယခုတွင် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

……..

တစ်ချိန်တည်းမှာပင်။

နယ်မြေပြင်ပစစ်မြေပြင်ရှိ ဝေးလံခေါင်သီသောဒေသတွင် ၊

တိုက်မြေ သုံးထောင်မှ မဟာဧကရာဇ်မင်းတစ်ပါးသည် သူ၏ ရောင်ဝါကို ဖုံးကွယ်ကာ ပျက်စီးနေသော ကြယ်စုပေါ်သို့ ရောက်ရှိလာခဲ့သည်။

မူလက ရေကဲ့သို့ ငြိမ်သက်နေသော သူ၏ မျက်လုံးအစုံတွင် ရုတ်တရက် ထူးဆန်းသော အကြည့်များ ပေါ်ထွက်လာသည်။

ချက်ခြင်းပင်။

မှော်နက်သင်္ကေတများက အဆုံးမရှိ ပျံ့နှံ့ထွက်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော နတ်ဆိုးမျက်လုံးပုံစံများက ဖုံးလွှမ်းထားသည်။

“ဟားဟား... တိုက်မြေသုံးထောင်က ကောင်တွေက ဒါကို လုံးဝမှထင်ထားမှာ မဟုတ်ဘူး”

“ငါ နတ်ဆိုးမျက်လုံးသခင် ဒီလှည့်ကွက်ကို ချန်ထားခဲ့တာ “

နတ်ဆိုးမျက်လုံး အရှင်သခင်၏ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားသော မဟာဧကရာဇ်မင်းက အေးစက်သောအပြုံးဖြင့် ။

“အချိန်တွေကုန်ပြီး ဒေဝလောကကြီး ပြန်လာတော့မယ် “

“ငါ့ရဲ့ အရင်ကနေရာကို ပြန်လည်ရယူရန် ငါတို့အလှည့်ရောက်ပြီ !”

အပိုင်း(၄၈၁): ထာဝရည အင်ပါယာမြို့တော်

ထိုစကားများ ထွက်လာပြီးနောက်၊

နတ်ဆိုးမျက်လုံး အရှင်သခင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဘုန်း ဘုန်း ! !

ရုတ်တရက် ၊ ထူးဆန်းသော အမှောင်လှိုင်းတံပိုးများသည် ကွက်လပ်ထဲတွင် ပေါ်ထွက်လာပြီး မှော်နက်သင်္ကေတများက အဆုံးမရှိ တိုးဝင်လာသည်။

အမှောင်ထုလှိုင်းလုံးကြီးကဲ့သို့ ကွက်လပ်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဝီ! !

မထင်မရှားနှင့် ထူးဆန်းသော အာကာသဆိုင်ရာ မျဉ်းကြောင်းများသည် ဖြည်းဖြည်းချင်း စုဝေးသွားပြီး အခြားကမ္ဘာဆီသို့ ဦးတည်နေပုံရသော မှောင်မိုက်သော နေရာလွတ်တစ်ခုကို ဖန်တီးခဲ့သည်။

…….

တစ်ချိန်တည်းမှာပင်။

တိုက်မြေပြင်ပ တစ်နေရာတွင် ၊

ဆူးနတ်ဆိုးပင်လယ်၊ သင်္ချိုင်းမြေ ချောက်၊ ကျုံယွီတောင် ၊ ထျန်းယွမ် ဝိညာဉ်မြို့ ၊ ကြယ်ခုနစ်ပွင့် ငရဲဘုရင်နန်းတော်၊ ရှဲလုံနန်းတော် ...နှင့် အခြားထူးဆန်းသော ရင်းမြစ်နယ်မြေ ဆယ်ခု။

၎င်းတို့သည် တိုက်မြေပြင်ပတွင် အင်အားအကောင်းဆုံး အင်အားစုများဖြစ်ကြပြီး ၊ ၎င်းတို့အင်အားစုအားလုံး၏ ခေါင်းဆောင်ဖြစ်သူကို ဝေ့ကွေမူလဘိုးဘေးဟု ခေါ်သည်။

ဤအခိုက်အတန့်တွင် ၊ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်ပုံရိပ်များသည် ၎င်းတို့၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

“ဟား... နတ်ဆိုးမျက်လုံးနန်းတော်ရဲ့ နတ်ဆိုးမျက်လုံးအရှင်သခင်က အစီအစဥ်ကို ပြီးမြောက်ပြီး အဲ့ကိုအရင်ရောက်နှင့်မယ်လို့ ထင်မထားဘူး” “

“ကိစ္စမရှိဘူး၊ ငါတို့ရဲ့ အန္တိမပန်းတိုင်က တိုက်မြေ သုံးထောင်ကို လုံးလုံးလျားလျား ဝါးမြိုဖို့ပဲ ငါတို့ ဒီခေတ်မှာ သေချာပေါက် အနိုင်ရရမယ်”

“ တိုက်မြေသုံးထောင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇစ်မြစ်ရှိတဲ့ ကွေးယွမ် သူတော်စင်နယ်မြေ ရှိတယ်လို့ ငါ ကြားတယ်၊ သူတို့ကို အထိရောက်ဆုံး ၊ အလျင်မြန်ဆုံး နည်းလမ်းနဲ့ အရင်ကိုင်တွယ်သင့်လား?”

“မလိုဘူး၊ တိုက်မြေ သုံးထောင်က လွန်ခဲ့တဲ့ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကို ကြုံတွေ့ခဲ့ရဖူးတယ် ၊ ကွေးယွမ် သူတော်စင် နယ်မြေကလည်း ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရတယ် ၊ သူတို့အနေနဲ့ တိုက်ပွဲရဲ့ ရလဒ်ကို မလွှမ်းမိုးနိုင်ဘူးဆိုတာ သေချာတယ်”

“ဒီကောင်တွေက ငါတို့ကို တိုက်ခိုက်ဖို့ အရင်အစပျိုးနေတာ ၊ ဒီတစ်ခါတော့ ငါတို့ အရေးယူရမယ့် အလှည့်ပဲ ၊ တိုက်မြေသုံးထောင်ကို ဖျက်စီးပစ်ကြမယ်”

“…….”

ဝုန်း ! !

တိမ်ပင်လယ်ထိ တိုးဝင်နေသော အနက်ရောင်တောင်တန်းကြီးများသည် ပြင်းထန်စွာ တုန်ခါနေပြီး ၊ ‌တောင်၏အထက်တွင် ဝန်းရံလျက်ရှိသော မြူခိုးနက်များက ဒီရေအလား လူးလိမ့်ရိုက်ခတ်နေသည်။

၎င်းကို ဗဟိုပြုလျက် ။

ထူးဆန်းသော ရောင်ဝါများသည် နက်မှောင်‌သော ဝဲဂယက်တစ်ခုအဖြစ် စုစည်းရောယှက်ကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

တခဏချင်းမှာပင် ၊ ဝါကျစ်နေသော အရေပြားနှင့် ပေတစ်ထောင်လောက်မြင့်မားသော လူပုံသဏ္ဍာန်အရိပ်တစ်ခုသည် တောင်တန်းများပေါ်တွင် မတ်တပ်ရပ်နေသည်။

သူ့ခန္ဓာကိုယ်သည် ကောင်းကင်ထက် မြင့်မားပုံရပြီး ၊ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တစ်ကမ္ဘာလုံး တုန်ခါသွားသည် ။

“ကိုးထောင်အကျဉ်း စည်းတံဆိပ်၊ လာ!”

ထိုအနှီလူသည် ရုတ်တရက် ကျယ်​​လောင်​စွာ ​အော်​ဟစ်လိုက်​သည်​။

ဘုန်း ! !

ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ကောင်းကင်မှ ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

သိပ်သည်းစွာ ပြည့်ကျပ်နေသော တိမ်မည်းများ ပြိုကွဲသွားပြီး ၊ အက်ကွဲကြားထဲတွင် ကြီးမားသော ရှေးဟောင်းစည်းတံဆိပ်တစ်ခု ဖြည်းညှင်းစွာ ကျဆင်းလာသည်။

အမှောင်ကျနေသော ကြယ်တစ်ပွင့် ကျဆင်းလာသကဲ့သို့ပင် ၎င်းသည် လောကတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ဝီ—! !

အနက်ရောင်စည်းတံဆိပ်ပေါ်ရှိ ရှေးဟောင်း အက္ခရာစာလုံးနှစ်ခုသည် နီမြန်းစွာ တောက်ပလာသည်။

ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

၎င်းမှ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ အဆုံးမရှိသော ကွက်လပ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။

ထိုအချိန်တွင်။

အထက်ကောင်းကင်မှ ထွက်ပေါ်လာသော အက်ကွဲသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်သွားသည်။

“ကြေညာလိုက်တယ် — တိုက်မြေသုံးထောင်ကို တိုက်ခိုက်မယ့် စစ်ထွက်မှုအတွက် ငါ ကျုံယွီတောင်ရဲ့ ကိုယ်စားပြုအဖြစ် ကျုံယွီဘုရင်ကို စစ်သူကြီးအဖြစ် ခန့်အပ်လိုက်တယ်”

“ ကျုံယွီဘုရင် ၊ အမိန့်ကို နာခံပါတယ်”

တောင်ကြီးပမာ ကြီးမားသောရုပ်သွင်ကြီးသည် လေးစားမှုအပြည့်ဖြင့် ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။

အလားတူ မြင်ကွင်းမျိုးသည် ပြင်ပကမ္ဘာတစ်ခွင်တွင် ထပ်ခါထပ်ခါ ဖြစ်ခဲ့သည်။

မူလဘိုးဘေးဆယ်ဦးတို့၏ အမိန့်အရ၊ ၎င်းတို့၏ ကွပ်ကဲမှုအောက်တွင် သန်မာသူများသည် တယောက်ပြီးတယောက် နိုးထလာကြသည်။

၎င်းတို့၏ အရှိန်အဟုန်ကြောင့် ကမ္ဘာမြေကြီးသည်ပင် တုန်ခါနေပြီး ၊ ၎င်းတို့အနက် အားအနည်းဆုံးပင်လျှင် စတုတ္ထအဆင့်ရှိ မဟာဧကရာဇ်မင်းနှင့် ယှဉ်နိုင်သည်။

သူလျှောက်လှမ်းလိုက်တိုင်း ၊ အမှောင်လှိုင်းတံပိုးများက နေရာအနှံ့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော တောင်တန်းများသည် မြေပြင်ပေါ်သို့ တဟုတ်ချင်း ပြိုကျသွားသည်။

…….

အခြားတစ်ဖက်တွင် ။

တိုက်မြေပြင်ပ အနက်ရှိုင်းဆုံးအပိုင်း၌ ၊

ထူးဆန်းသော ရင်းမြစ်နယ်မြေဆယ်ခုမှ သီးခြားကမ္ဘာတစ်ခု။

ကွဲအက်နေသော အမှောင်အာကာသထဲတွင် မှော်နက်သင်္ကေတများက လူးလိမ့်ရိုက်ခတ်နေသည်။

နီမြန်းသော သွေးလရောင်သည် အမှောင်ကမ္ဘာ၏ အထက်တွင် ချိတ်ဆွဲထားသည်။

သွေးလရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ ခံ့ညားပြီး အထင်ကြီးစရာကောင်းသော ထူးဆန်းသော အမှောင်နန်းတော်များ ရှိသည်။

အထူးသဖြင့် ၊ မြေပြင်ပေါ်တွင် တွားသွားနေသည့် ရှေးဧရာမသားရဲကြီးနှင့် တူသော အလယ်ဗဟိုရှိ အကြီးဆုံးသော အမှောင်နန်းတော် ဖြစ်သည်။

၎င်းသည် ထောင်ပေါင်းများစွာသော နန်းတော်များကြားတွင် ကြီးကျယ်ခမ်းနားစွာ တည်ရှိနေပြီး ကမ္ဘာကို အပေါ်စီးမှ မြင်ရသော ဧကရာဇ်မြို့ကြီးတစ်ခုလိုပင်။

ထာဝရည အင်ပါယာမြို့တော်။

ဤအင်ပါယာမြို့သခင်သည် ပြင်ပကမ္ဘာတစ်ခုလုံးကို ကျော်လွန်နိုင်သော အင်အားအကြီးဆုံး သန်မာသူဖြစ်သည်။

သူတို့သည်လည်း အလားတူ အမတနယ်မြေမှ လာကြသူဖြစ်သည်။

သို့သော် ၎င်းသည် ပျက်စီးနေသော အမတနယ်မြေ ဖြစ်သည်။

ထာဝရည အင်ပါယာမြို့တော်၏ လက်ရှိသခင်မှာ စူးယွမ်ဖြစ်သည်။

ပြင်ပကမ္ဘာက လေးစားသမှုဖြင့် ယွမ်ဧကရာဇ်ဟု ခေါ်ကြသည်။ သူသည် ထာဝရည အင်ပါယာမြို့တော်တွင် အမြဲအသန်မာဆုံး စွမ်းအားရှင်ဖြစ်ပြီး ဤပြင်ပကမ္ဘာတစ်ခုလုံးတွင် အပြင်းထန်ဆုံးသူ အဖြစ် အသိအမှတ်ပြုခံထားရသည်။

“ ယွမ်ဧကရာဇ် သခင် ၊ ဒီတစ်ခါတော့ တိုက်မြေပြင်ပက တိုက်မြေသုံးထောင်ကို အောင်နိုင်တော့မယ်၊ ကျေးဇူးပြုပြီး ကူညီပေးပါ!”

“ကျေးဇူးပြုပြီး ကူညီပေးပါ သခင်!”

“ကျေးဇူးပြုပြီး ကူညီပေးပါ သခင်!”

…….

ထာဝရည အင်ပါယာမြို့တော်၏ အင်ပါယာနန်းတော်တွင်။

တိတ်ဆိတ်ငြိမ်သက်နေရာမှ အသံသုံးခု ပဲ့တင်ထပ်သွားသည်။

အသံလားရာကို ကြည့်ရှူမည်ဆိုပါက ၊

ရွှေနက်နဂါး ကိုးကောင်ကို ဆင်မြန်းထားသော ပလ္လင်ပေါ်တွင် နဂါးကိုးကောင်ဖြင့် ချယ်သထားသော ဝတ်လုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ့ကို လေးနက်စွာ ဦးညွှတ်နေသော ထူးဆန်းသောမူလဘိုးဘေးသုံးဦးကို ငြိမ်သက်စွာဖြင့် ကြည့်နေသည်။

( T/N - ထူးဆန်းသော မူလဘိုးဘေး - ထူးဆန်းသော အရာများကို စတင်ဖန်တီးခဲ့သော ဘိုးဘေး။

တော်ကြာ ဟိုလိုထူးဆန်းတ‌ယ်ဆိုပြီး ထင်မဆိုးလို့ )

ပြင်ပကမ္ဘာ၏ အင်အားအကြီးမားဆုံးဖြစ်သော မူလဘိုးဘေးများသည် တစ်စုံတစ်ဦးကို တရိုတသေ အကူအညီတောင်းခံနေသည်။

သို့သော်။

ထိုလူ၏ မျက်နှာသွင်ပြင်တွင် မည်သည်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိပေ။

သူ့မျက်နှာ၏အစိတ်အပိုင်းများသည် မနာခံနိုင်သော စိတ်ဆန္ဒနှင့် မြင့်မြတ်သော ဘုန်းတန်ခိုးကို ဖော်ထုတ်ပြနေသည်။

“ငါ့ကို ဝင်စွက်ဖက်ခိုင်းနေတာလား ? မင်းတို့နဲ့အတူ တိုက်မြေ သုံးထောင်ကို တိုက်ခိုက်ရမယ်ပေါ့?”

ခံစားချက်မရှိသော လေသံဖြင့် အေးစက်စွာ ဆိုလိုက်သည်။

“ယွမ်ဧကရာဇ် သခင်...မင်းသာ ကူညီမယ်ဆိုရင်...”

အခြား မူလဘိုးဘေးများ၏ သဘောတူညီချက်ကို ရရှိပြီးပြီ ဖြစ်သောကြောင့် ၊ ထူးဆန်းသော မူလဘိုးဘေးတစ်ဦးက သွားများကို အံကြိတ်ကာ ဆိုလိုက်သည်။

“နောက်ဆုံးရလဒ်ရဲ့ တစ်ဝက်ကို ပေးဆပ်ဖို့ဆန္ဒရှိပါတယ် “

တစ်ဝက်၊ ဤသည်မှာ သူတို့အတွက် အကြီးမားဆုံး လိုက်လျောမှုတစ်ခု ဖြစ်သည်။

ထာဝရည အင်ပါယာမြို့သခင်သည် မည်မျှ တန်ခိုးကြီးမားသည်ကို ပြသနေသည်။ မူလဘိုးဘေး ဆယ်ဦးစလုံးကို ဤကဲ့သို့စွန့်စားစေသည့်အထိပင် ။

“အိုး? တစ်ဝက်ပေးမယ်?”

ယွမ်ဧကရာဇ်သည် စိတ်ဝင်စားပုံရကာ သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။

အမှန်ပင် ။ သူသည် သွေးဆောင်ခံခဲ့ရကြောင်း ဝန်ခံရပေမည်။

သို့သော် ၊​ ထိုအရာနှင့်ယှဉ်ပါက

သူသည် တခြားအရာကို ပိုဂရုစိုက်သည်။

စကားအနည်းငယ် ဖလှယ်ပြီးနောက်၊ ထူးဆန်းသော မူလဘိုးဘေးသုံးဦးတို့သည် အလိုအလျောက် ထွက်ခွာသွားကြသည်။

သူတို့သည် မကျေချမ်းစွာဖြင့် အချင်းချင်း တိုးတိုးပြောနေကြသည်။

“ သေသင့်တဲ့ စူးယွမ်! ရလဒ်တစ်ဝက်ကို ပေးပါ့မယ်ဆိုတာတောင် လက်မခံဘူး ၊ အကုန်ဝါးမြိုချင်နေတာလား”

“ ဟွန်း! ထာဝရည အင်ပါယာမြို့က ကြားဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတောင် ငါတို့ဘာသာလုပ်မယ် ၊ နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တာ တိုက်မြေ သုံးထောင်ကို မတိုက်ခိုက်နိုင်စရာလား?”

“မှန်တယ်၊ အဲ့ဒီအချိန်ကြရင် ဇီဝတားမြစ်နယ်မြေကလည်း ပူးပေါင်းဆောင်ရွက်သွားမှာ ၊ ဒီတိုက်ပွဲကို ကျိန်းသေပေါက် အနိုင်ရနိုင်တယ်!”

“…….”

ထာဝရည အင်ပါယာမြို့တော်။

မကျေမနပ်ဖြစ်နေကြသော ထူးဆန်းသော ဘိုးဘေးသုံးယောက်ကို ကြည့်ရင်း။

ယွမ်ဧကရာဇ်သည် ရယ်ချင်နေမိသည်။

“ အမှိုက်တွေ ၊ ငါ့မိသားစုရဲ့ အစီအစဉ်ကို ဖြည့်ဆည်းဖို့အတွက်သာ မဟုတ်ရင်”

ယွမ်ဧကရာဇ် က အေးစက်သောလေသံဖြင့် ‌ညည်းညူလိုက်သည်။

“မင်းတို့ အခုအချိန်အထိ အသက်ရှင်နေမတဲ့လား”

ထိုအချိန်တွင် ယွမ်ဧကရာဇ်၏ ညည်းတွားသံကို ထပ်မံ ကြားလိုက်ရသည်။

“ငါ့မိသားစုရဲ့ သခင်ငယ်လေးက တိုက်မြေ သုံးထောင်မှာ ရှိနေတယ်ဆိုပဲ...”

“မင်းနဲ့တွေ့ဆုံဖို့ ငါကံကောင်းနိုင်ပါ့မလား မသိဘူး”

အပိုင်း(၄၈၂): ပြင်ပကမ္ဘာက စစ်တပ်ကြီးရောက်လာပြီ

တိုက်မြေပြင်ပရှိ တပ်ဖွဲ့များ၏ လှုပ်ရှားမှုနှင့်အတူ၊

နယ်မြေပြင်ပစစ်မြေပြင်တွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်အများအပြားသည်လည်း ဤရုတ်တရက်ပြောင်းလဲမှုကို ခံစားသိရှိခဲ့သည်။

ယင်းကြောင့် မရေမတွက်နိုင်သော အင်အားစုများမှ မဟာဧကရာဇ်မင်းတို့သည် အတူတကွ တိုင်ပင်ဆွေးနွေးနေကြသည် ။

“ ဒါ ဘာဖြစ်တာလဲ၊ တိုက်မြေပြင်ပက နိယာမစည်းမျဉ်းတွေက ဘယ်လိုလုပ်ပြီး ရုတ်တရက် မတည်မငြိမ် ဖြစ်လာတာလဲ...”

“ ပင်လယ်နက်ကလည်း အနည်းငယ် ထူးဆန်းနေတယ် ၊ ဖျက်စီးခြင်းဆိုင်ရာ နိယာမတရားတွေက နားမလည်နိုင်အောင် အနည်ကျသွားသလိုပဲ “

“ တိုက်မြေပြင်ပက နိယာမစည်းမျဉ်းတွေရဲ့ တိုက်စားမှုက ပိုပြီးသိသာလာနေတယ်”

“စိတ်မပူနဲ့၊ ဒီမှာ ကွေးယွမ် သူတော်စင်နယ်မြေရှိနေသရွေ့ ဘာပြဿနာမှ မဖြစ်နိုင်ဘူး”

“ဟုတ်တယ်... ဒီတခေါက် ကွေးယွမ် သူတော်စင်နယ်မြေရဲ့ စစ်တပ်ကို ဦးစီးမယ့်သူက ချန်ကဲ မဟာဧကရာဇ်မင်းဆိုပဲ ၊ ဒီတစ်ခေါက် ထိုးစစ်က အရင်ရလဒ်နဲ့ မတူနိုင်လောက်ဘူး....”

ထိုစကားများ ထွက်လာသည်နှင့် ၊

မဟာဧကရာဇ်မင်းများစွာတို့၏ နှလုံးသားထဲက စိုးရိမ်ပူပန်မှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် မည်မျှ တန်ခိုးကြီးမားသည်ကို သူတို့ ကောင်းကောင်းသိသည်။

ထိပ်တန်း မဟာဧကရာဇ်မင်းခြောက်ပါးသည် ရှေးဧကရာဇ် နယ်ပယ်အဆင့်ထိ ဖြတ်ကျော်ထားရုံသာမက ၎င်းတို့တစ်ဦးချင်းစီတိုင်းသည် ကံကြမ္မာ မဟာဧကရာဇ်မင်းများလည်း ဖြစ်သည်။

စူးချန်ကဲကိုတော့ သမိုင်းတွင်အမြဲတမ်းတွင်ကျန်ရစ်မည့် ထာဝရ ပထမဆုံးသောဧကရာဇ် တစ်ပါး အဖြစ် လူသိများသည် ။

ဤမျှ တန်ခိုးကြီးမားသော ထောက်တိုင်များ ရှိနေသ၍ သူတို့သည် ခြေဆန့်ပြီး အိပ်နိုင်ပေလိမ့်မည်။

……..

ယခုအချိန်တွင်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ဌာနချုပ်။

“ ထျန်းတု နဲ့ ယွီ့ထျန်း တို့ရဲ့ သတင်းတွေအရ၊ တိုက်မြေပြင်ပမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိနေတယ် ၊ တိုက်မြေ သုံးထောင်ကို တိုက်ခိုက်ဖို့ ကြိုးစားနေမှာကို စိုးရတယ်”

တိုက်ပွဲစင်မြင့်ပေါ်တွင်။

တိ့ကျန့် မဟာဧကရာဇ်မင်းက မတ်တတ်ရပ်အနေအထားဖြင့် ရှိနေသည်။

သူ့အောက်တွင် ကွေးယွမ်၏ မရေမတွက်နိုင်သော သူရဲကောင်းများနှင့် မဟာဧကရာဇ်မင်း အများအပြား ရပ်နေသည်။

ထျန်းတု မဟာဧကရာဇ်မင်း နှင့် ယွီ့ထျန်း မဟာဧကရာဇ်မင်းတို့မှလွဲ၍ ၊

နယ်မြေပြင်ပစစ်မြေပြင်တွင် တပ်စွဲထားသော မဟာဧကရာဇ်မင်း ခုနစ်ပါးသည် ဤနေရာတွင် စုဝေးရောက်ရှိနေသည်။

အောက်တွင် ၊ တောက်ပြောင်သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော စစ်တပ်ကြီး ရှိနေသည်။

ထိုအချိန်တွင် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း က ကျယ်လောင်စွာ ပြောလိုက်သည် ။

“ဒီတစ်ခါ ပြင်ပကမ္ဘာကို တိုက်ခိုက်ဖို့ ငါတို့ ကွေးယွမ်ရဲ့ စစ်တပ်ကြီးကို ဦးဆောင်မယ့်သူက ချန်ကဲ မဟာဧကရာဇ်မင်းပဲ!”

“ဘယ်သူ ကန့်ကွက်စရာရှိလဲ..!”

ထိုစကားများထွက်လာသည်နှင့် ။

အားလုံး၏အကြည့်များက ၀တ်ရုံဖြူအသွင်ပုံရိပ်ထံသို့ ကျရောက်သွားသည်။

ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ၊ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအပေါင်းတို့၏ အထက်တွင်ရှိသော ဧကရာဇ်မင်းတစ်ပါး၏ ဂုဏ်ရည်ဂုဏ်သွေးကို မြင်တွေ့နေရသည်။

“ ကျွန်တော်တို့ ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ အမိန့်ကို နာခံဖို့ ဆန္ဒရှိပါတယ်!”

ကျန်မဟာဧကရာဇ်မင်းများနှင့် ကွေးယွမ်၏ တပ်များအားလုံးသည် စူးချန်ကဲကို ဦးညွှတ်ခဲ့ကြသည်။

စူးချန်ကဲ၏ အောင်မြင်မှုများသည် မည်မျှမြင့်မားသည်ကို သူတို့အားလုံး မြင်ခဲ့ကြပြီး ဖြစ်သည်။ ထိုသို့သောအောင်မြင်မှုများဖြင့် သူတို့ကို ဦးဆောင်ရန် အရည်အချင်းပြည့်မီပေသည်။

ဝုန်း ဝုန်း ! !

သို့သော် ထိုအချိန်တွင် ၊

နယ်မြေပြင်ပ စစ်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

ပင်လယ်နက်တည်ရှိရာ ဧရိယာသည် ကြီးမားသော လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ကြုံတွေ့နေရသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော တစ်စုံတစ်ခု တဖြည်းဖြည်း နိုးထလာသကဲ့သို့ ကြီးမားသောဟောက်သံသည် အကန့်အသတ်မရှိ ပျံ့နှံ့လာခဲ့သည်။

“ဒီဦးတည်ရာဘက်.. ပင်လယ်နက်လား?!”

မဟာဧကရာဇ်မင်းများစွာသည် ပင်လယ်နက်ရှိရာ ဦးတည်ရာဘက်သို့ မျှော်ကြည့်လိုက်ကြသည်။

၎င်းသည် တိုက်မြေသုံးထောင်နှင့် ပြင်ပကမ္ဘာတို့၏ နယ်နိမိတ်ဖြစ်သည်။

သူတို့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဤအဖြစ်အပျက်သည် ရုတ်ချည်းဆန်လွန်းသည်။

“ ပြင်ပနယ်မြေက စတင်တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီလား”

စူးချန်ကဲ၏ မျက်လုံးများသည် လေးနက်ကာ သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ပြင်ပနယ်မြေနှင့် ပတ်သတ်၍ ၊ သူသည် ၎င်းတို့အပေါ်တွင် အထင်ကြီးခြင်း မရှိပေ။ လူမျိုးမတူမှတော့ နှလုံးသားချင်းလည်း တူညီကြလိမ့်မည် မဟုတ်။

ယခုအချိန်တွင်။

ဇီဝတားမြစ်နယ်မြေ။

မှုန်ဝါးဝါးဖြင့် အမှောင်အသွင်ပုံရိပ်များစွာသည် ကြေးဝါစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။

သူတို့ရှေ့တွင် ထူးဆန်းသော မှော်နက်သင်္ကေတများ စုဝေးလာရာမှ နောက်ဆုံးမှာတော့ နက်မှောင်သော ရေကန်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရေကန်ထဲရှိ မြင်ကွင်းသည် နယ်မြေပြင်ပစစ်မြေပြင် ဖြစ်သည်။

“စပြီ ၊ ပြင်ပကမ္ဘာက တိုက်မြေသုံးထောင်ကို တန်ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ”

“ ဒီလိုကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ ဘယ်သူက အရာအားလုံးကို ထိန်းချုပ်နိုင်မလဲ “

“ ကွေးယွမ် သူတော်စင် နယ်မြေဆိုတောင် ခေတ်ရေစီးကြောင်းကို မတားနိုင်ဘူး”

အထက်တွင် ထိုင်နေသော မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးက ဆိုလိုက်သည်။

“ အမတနယ်မြေ ဆင်းသက်တော့မယ်၊ စပါးရိတ်သိမ်းမှုအသစ် စတင်ဖို့ အချိန်တန်ပြီ”

……..

ဝုန်း !!

တစ်လောကလုံး ကမောက်ကမဖြစ်နေပြီး ပိုပို၍ပြင်းထန်လာသည်။

ပင်လယ်နက်တစ်ပြင်လုံး လှိုင်းထန်နေပြီး ၊ အဖျက်စွမ်းအားများ တလိပ်လိပ် ထကြွလာသည်။

နောက်ဆုံးတွင်၊ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ပင်လယ်နက် တစ်ခုလုံး လုံးဝပျောက်ကွယ်သွားသည်။

ဝူး~~~

တစ်ချိန်တည်းမှာပင်။

ကောင်းကင်မှ ကြောက်စရာကောင်းသော ခရာမှုတ်သံ ထွက်ပေါ်လာခဲ့သည် ။

ဟိုးအဝေးက အမှောင်မိုးကုပ်စက်ဝိုင်းတွင် ၊

လေနှင့် တိမ်စိုင်တိမ်ခဲများ ပြောင်းလဲလာသည်။

ရုတ်​တရက်​ပင်​ ၊ နီမြန်း​သော အလံတစ်​ခုသည်​ အမှောင်နယ်မြေထဲတွင် လေနှင့်အတူ လွင့်မျောရင်း အပေါ်သို့ မြင့်တတ်လာသည်။

၎င်းကို ဗဟိုပြုလျက် ၊ အမှောင်မိုးကုပ်စက်ဝိုင်းထက်တွင် ထူးဆန်းသော ရုပ်သွင်များစွာ ထွက်ပေါ်လာသည်။

၎င်းတို့သည် ထူးဆန်းသောပုံသဏ္ဍာန်များ ရှိသည့်အပြင် ထူးဆန်းသော ရောင်ဝါများလည်း ရှိသည်။

အရိုးစု စစ်မြင်းများသည် ပြေးလွှားနေကြသည်။

သွေးများစွန်းထင်နေသော စစ်သင်္ဘောကြီးသည် လေထုကို ခွင်းလျက် ဝင်ရောက်လာသည်။

ကြောက်မက်ဖွယ်ရာ ပုံပန်းသဏ္ဍာန်ရှိသော သတ္တဝါကောင်များသည် မိုးကုတ်စက်ဝိုင်း တစ်နေရာမှ သူတို့ဆီသို့ဦးတည်ကာ ချီတတ်လာသည်။

အထူးသဖြင့် ၊ သူတို့ကြားတွင် မဟာဧကရာဇ်မင်းများကဲ့သို့ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များစွာ ရှိနေသည်။

၎င်းတို့ကို ဗဟိုပြုလျက် ။

အမှောင်တိမ်တိုက်များ တဟူးဟူး အုံကြွလာပြီး နောက်ဆုံးတွင် စကြဝဠာတစ်ခုလုံးကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။

“ဒါတွေ အားလုံးက.. ပြင်ပတပ်တွေလား!?”

နယ်မြေပြင်ပစစ်မြေပြင်တွင် တပ်စွဲထားသော တိုက်မြေသုံးထောင်၏ မရေမတွက်နိုင်သော တပ်ဖွဲ့များသည် ထိတ်လန့်တကြား ညည်းညူလိုက်ကြသည်။

ပြင်ပကမ္ဘာသည် အင်အားများ စုဆောင်းနေကြောင်း သူတို့သိထားသော်လည်း ၊ ၎င်းတို့၏ ကျူးကျော်လာမှုသည် စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။

ပြင်ပစစ်တပ်၏ နောက်ကွယ်တွင် အားကောင်းမောင်းသန် ပုဂ္ဂိုလ်အများအပြား ရပ်နေသည်။

၎င်းတို့အားလုံးသည် မဟာဧကရာဇ်မင်းမြတ်နှင့် ယှဉ်နိုင်ရုံသာက ၎င်းတို့၏ အရေအတွက်သည် တိုက်မြေသုံးထောင်ထက်ပင် ပိုများနေသည်။

“ သေသင့်တဲ့ကောင်တွေ ! မဟာဧကရာဇ်မင်းနဲ့တောင် ယှဉ်နိုင်တဲ့ကောင်တွေ ဒီလောက်အများကြီး ရှိနေတာ ၊ ပြင်ပနယ်မြေဘက်မှာ ကြီးမားတဲ့ ဇာတ်ကွက်တစ်ခု ရှိရမယ်!”

“ဒီကောင်တွေ ငါတို့ကို သေတဲ့အထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားသလားပဲ”

“ဟမ်! အဲ့လိုဆိုတောင် ဘာဖြစ်လဲ?!”

“ငါ့ရဲ့ တိုက်မြေသုံးထောင်ကို လာရှုပ်ဖို့ လွယ်မနေဘူး!”

“ငါ့အင်ပါယာတပ်ဖွဲ့ ဘယ်မှာလဲ!”

“…….”

တခဏအတွင်း။

နယ်မြေပြင်ပစစ်မြေပြင်မှ မရေမတွက်နိုင်သော နတ်ရောင်ခြည်များသည် ကောင်းကင်ယံသို့ ထိုးတတ်သွားသည်။

တဖျပ်ဖျပ် တောက်ပနေသော မှော်သင်္ကေတများသည် အာကာသအက်ကွဲကြောင်းများထဲမှ တိုးဝင်လာသည်။

ဘုန်း ဘုန်း ဘုန်း ! !

စည်းစနစ်တကျ လျှောက်လှမ်းသော ကြီးမားသောခြေသံများ ထွက်ပေါ်လာသည်။

ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော မရေမတွက်နိုင်သော စစ်သည်များသည် လက်နက်များကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ထွက်လာကြသည်။

တန်ခိုးကြီးမားသော ရောင်ဝါတို့သည် အာကာသတစ်ခွင် လွင့်ပျံနေသည်မှာ တစ်လောကလုံးကို တုန်ခါသွားစေသည်။

ရုတ်တရက်။

ဤကမ္ဘာကြီးသည် လုံးဝကွဲပြားခြားနားသော ရောင်ဝါများရှိကြသည့် ဤစစ်တပ်နှစ်ရပ်ကြောင့် ရှုပ်ထွေးမှုများနှင့် ဝရုန်းသုန်းကား ဖြစ်ခဲ့ရသည်။

တဖက်တွင် ၊ တောက်ပသော နတ်အလင်းတန်းများက ကောင်းကင်သို့ ပျံတတ်သွားသည်။

ကျန်တစ်ဖက်တွင်မူ ၊ အမှောင်ငွေ့များက ရိုတ်ခတ်လှုပ်ရှားနေသည်။

နဂါးနှင့် ကျားတို့၏ တိုက်ပွဲ သို့မဟုတ် နတ်ဆိုးများကြားက တိုက်ပွဲကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင်။

တိုက်မြေသုံးထောင် တစ်ခုလုံး တုန်ခါသွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် စွမ်းအားရှင်များသည် ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါနှစ်စင်း၏ ထိပ်တိုက်တွေ့ဆုံမှုကို သိရှိခံစားခဲ့ကြသည်။

တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါအပေါင်းတို့၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲလာပြီးနောက် ဒေါသကြောင့် မျက်လုံးများ နီရဲလာခဲ့သည်။

“ သေသင့်တဲ့ ကောင်တွေ ၊ ဒါ တိုက်မြေပြင်ပက လူယုတ်မာကောင်တွေရဲ့လက်ချက်ပဲ!”

“ ပြင်ပကမ္ဘာကကောင်တွေ ငါ့ရဲ့ တိုက်မြေသုံးထောင်ကို ဖျက်ဆီးပစ်ဖို့ တကယ်ကို စိတ်ပိုင်းဖြတ်ထားတာပဲ!”

“အရင်တိုက်ပွဲပြီးသွားတာတောင် မကြာသေးဘူး ၊ ဒီကောင်တွေက တိုက်မြေသုံးထောင်ကို ပြန်တိုက်ခိုက်ချင်နေတာပဲ!”

“ ပြောသံကြားတာတော့ ချန်ကဲ မဟာဧကရာဇ်မင်းကလည်း နယ်မြေပြင်ပစစ်မြေပြင်ကို သွားရောက်ပြီး ၊ ဒီတစ်ခေါက်မှာ ကွေးယွမ်စစ်တပ်ကို သူကိုယ်တိုင် ဦးဆောင်မယ်ဆိုပဲ”

“ ဟုတ်တယ်၊ ချန်ကဲ မဟာဧကရာဇ်မင်းက မရေမတွက်နိုင်တဲ့ ဒဏ္ဍာရီတွေကို ဖန်တီးခဲ့တာ ၊ပြင်ပကမ္ဘာနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အခါ အဲ့ကောင်တွေပဲ အကြီးအကျယ် ထိခိုက်ပျက်စီးမှာ သေချာတယ်”

“……..”

တစ်ချိန်တည်းမှာပင်။

ပြင်ပကမ္ဘာရှိ စစ်တပ်အတွင်းမှ အင်အားကြီးသော ပုဂ္ဂိုလ်အများအပြားသည်လည်း တိုက်မြေသုံးထောင်ရှိ လူထု၏ဆွေးနွေးမှုများကို ကြားနေရသည်။

တစ်ချိန်တည်း‌မှာပင်၊ ၎င်းတို့သည် ဒေါသတကြီးဖြင့် ထေ့ငေါ့လာကြသည်။

သူတို့ဘက်တွင် ရှိနေသော အင်အားကြီးမားသော ပုဂ္ဂိုလ်အရေအတွက်သည် တိုက်မြေ သုံးထောင်ထက် အဆပေါင်းများစွာ ပိုများသည်။

အနိုင်ရရန်အတွက် ပြဿနာမရှိချေ။

တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း ၊ ယွီ့ထျန်းမဟာဧကရာဇ်မင်း စသည့်ပုဂ္ဂိုလ်များအကြောင်းကို သူတို့လည်း သိထားသည်။

ဒါပေမဲ့ ချန်ကဲ မဟာဧကရာဇ်မင်းဆိုတာ ဘယ်လိုလူလဲ!?

ဒီနာမည် တခါမှတောင် မကြားဖူးဘူး!

ဒါ အမှိုက်ကောင်သာသာပဲ မဟုတ်လား ? ?

“ဒီပုရွက်ဆိတ်တွေက ငါတို့ကို စော်ကားဖို့ မဟာဧကရာဇ်မင်းပေါက်စကို ရွေးခဲ့တယ်ပေါ့လေ!!”

“ ဟွန်း!”

ရှဲလုံနန်းတော်မှ သန်မာသူသည် ရှေ့သို့ ထွက်လာသည်။

သူ့အမည်မှာ ဆိုးညစ်နဂါးဘုရင် ဖြစ်ပြီး စတုတ္ထတန်းအဆင့်ရှိ မဟာဧကရာဇ်မင်းဖြစ်သည်။

“ စူးချန်ကဲဆိုတာ ဘယ်ကောင်တုန်း!”

“ထွက်လာစမ်း! ငါ မင်းကို...”

သို့သော် သူ့စကား မပြီးသေးခင်။

“ ဖော့ထျန်း သံသရာစက်ဝန်းလက်သီး!”

ဘုန်း !!

ထိုစဉ် ၊

အဆုံးမဲ့တောက်ပနေသော နတ်အလင်းများ ပွင့်ထွက်လာပြီး ၊ မရေမတွက်နိုင်သော နိယာမဆိုင်ရာ မှော်သင်္ကေတတို့သည် တဟုန်ထိုး ထွက်ပေါ်လာသည် ။

ကောင်းကင်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသော လက်သီးအလင်းသည် ထိုဦိးတည်ရာဘက်ဆီသို့ ကျဆင်းသွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။

အပိုင်း(၄၈၃): တိုက်မြေ သုံးထောင် vs. တိုက်မြေပြင်ပနယ်မြေ

လက်သီးထိုးနှက်မှုသည် ချက်ခြင်းပင် ရောက်ရှိလာသည်။

သို့သော် ၊ ပြင်ပနယ်မြေမှ သန်မာသူများသည်လည်း အားမနည်းချေ။

ချက်ချင်းလက်ငင်း တုံ့ပြန်နိုင်ခဲ့သည်။

“မင်းကများ သတ္တိရှိနေတယ်ပေါ့!?”

ဆိုးညစ်နဂါးဘုရင် ဦးချိုများသည် ကောင်းကင်ကိုပင် ထိကပ်လျက် ၊ ၎င်း၏ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟလိုက်သည်။

တစ်ခဏအတွင်းမှာပဲ အမှောင်ဆိုင်ရာ မှော်နက်သင်္ကေတများသည် အကန့်အသတ်မရှိ ၎င်း၏ ဧရာမပါးစပ်ဆီသို့ ဆက်လက်စုရုံးလာကြသည်။

ဝုန်း ! !

တဖျပ်ဖျပ် ခတ်နေသော မှော်နက်သင်္ကေတများသည် ဖြည်းဖြည်းချင်း စုဝေးလာရာမှ ပုံသဏ္ဍာန်တစ်ခုအဖြစ် ပေါ်ထွက်လာသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများသည် အဆက်မပြတ် ဝင်းထိန်တောက်ပလာသည်။

ဝေါင်း——!!

ရုတ်တရက် ၊ ဆိုးညစ်နဂါးဘုရင်၏ ပါးစပ်ထဲမှ အမှောင်မီးလျှံများသည် အဖျက်သဘောဆောင်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲထွက်ပေါ်လာကာ လေကိုခွင်းလျက် လက်သီးရှိရာဘက်သို့ ပြေးဝင်သွားခဲ့သည်။

ဝုန်း ! !

ကြီးမားသော ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာပြီး ၊ မှောင်မိုက်သော မီးတောက်လှိုင်းများနှင့် နိယာမလှိုင်းလုံးကြီးများသည် တခဏချင်း တိုက်မိသွားကြသည်။

သို့သော်။

စူးချန်ကဲ၏လက်သီးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အလိုဆန္ဒများ ပါဝင်ရုံသာမက သူတော်စင်ကိုယ်ထည်၏ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားများလည်း ပါရှိသည်။

၎င်းသည် အမှောင်ဖုံးနေသော မီးတောက်လှိုင်းများကို ချေမှုန်းရင်း။

အလွန်ကြီးမားသော လက်သီးအလင်းသည် ဆိုးညစ်နဂါးဘုရင်၏ နဖူးတည့်တည့်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။

“မ‌ကောင်းတော့ဘူး! ဆိုးညစ်နဂါးဘုရင် အဲ့တာကို မတားစီးနိုင်ဘူး!”

ပြင်ပကမ္ဘာမှ လူအများသည် ထိုမြင်ကွင်းကို မြင်သည်နှင့် ၎င်းတို့၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

စစ်မဖြစ်မီ ၊ တိုက်ပွဲတိုင်းသည် တပ်မတော်၏ စိတ်ဓာတ်နှင့် သက်ဆိုင်သည်။ သူတို့သည် ရှုံးနိမ့်မှုကို သည်းမခံနိုင်ခဲ့ပေ။

သို့သော် သူတို့ ဝင်မစွက်ဖက်ခင်မှာပဲ ၊

ကွေးယွမ် သူတော်စင်နယ်မြေ တည်ရှိရာ စစ်စခန်းသည် အလွန်ပြင်းထန်သော ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်လာခဲ့သည်။

အပြာရောင်ကောင်းကင်ကြီးသည် သူတို့၏ နှလုံးသားများကို ဖိနှိပ်ထားသကဲ့သို့ပင် ၊ ကွက်လပ်တစ်ခုလုံးကို အေးခဲသွားစေပြီး လက်မထောင်နိုင်လောက်အောင်ပင် ။

“ဘယ်သူ ဝင်စွက်ဖက်ရဲလဲ!?”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် ဧကရာဇ်တန်ခိုးစွမ်းအားများကို ဖြန့်ကျတ်လျက်၊ သူ၏လေသံမှာ အေးစက်နေသည်။

“ စွက်ဖက်ဝံ့သူ သေမယ်!”

သူတို့အားလုံးသည် တိ့ကျန့် မဟာဧကရာဇ်မင်းထံမှ ဖိနှိပ်ခံရသည့်အခိုက်အတန့်တွင် ၊

ပူပြင်းတောက်လောင်သော လက်သီးအလင်းသည် ဆိုးညစ်နဂါးဘုရင် တည်ရှိရာနေရာကို ဖောက်ခွဲပစ်လေသည်။

ကြောက်မက်ဖွယ်ကောင်းသော မြေအောက်အလင်းတန်းများ ထွန်းတောက်လာပြီး ၊ ကွက်လပ်အထက်တွင် တောက်ပသော ရွှေရောင်မြစ်တစ်စင်း ဖြစ်ပေါ်လာသည်။

ဆိုးညစ်နဂါးဘုရင်သည် လုံးဝ တောင့်မခံနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံးသည် အဝေးသို့လွှင့်ထွက်သွားပြီး မြေပြင်နှင့်ပြင်းထန်စွာ တိုက်မိသွားသည်။

“ သွေးအန်သံ.....!”

သွေးများအန်ထွက်လာပြီး ၊ တစ်ချိန်တည်းမှာပင် မြေကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားပြီး ဖုန်မှုန့်များ တလိပ်လိပ် တတ်လာသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်ရာများ ရှိနေပြီး၊ ထိုအက်ကွဲကြောင်းများထဲမှ သွေးများစီးကျနေသည်။

“ ဆိုးညစ်နဂါးဘုရင်!”

ရှဲလုံနန်းတော်မှ အင်အားကြီးမားသူများသည် ဒေါသတကြီး ပြေးဝင်လာကြသည်။

“ တိုက်မြေသုံးထောင်က ကောင်တွေ ၊ မင်းတို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့!?”

“ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်?”

ထိုစဉ် ၊

ကြယ်ရောင်စုံ ကောင်းကင်တွင် ဂရုမစိုက်သောလေသံဖြင့် အမျိုးသားတစ်ဦး၏အသံထွက်ပေါ်လာသည်။

စူးချန်ကဲသည် အထက်ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာရင်း ။

“ ငါ့ရဲ့ လက်သီးတစ်ချက်ကိုတောင် မတောင့်ခံနိုင်တာ ၊ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရအောင် မင်းတို့က တန်လို့လား?”

ထိုစကားများ ထွက်လာသည်နှင့် ။

စူးချန်ကဲသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ကွေးယွမ်တပ်ဖွဲ့ကြီးသည် အလွန်စိတ်လှုပ်ရှားနေသည်။

သူတို့အားလုံးသည် စူးချန်ကဲကို ဦိးညွှတ်လိုက်ကြပြီး အော်ဟစ်နှုတ်ဆက်လိုက်သည်မှာ ကောင်းကင်ကြီးသည်ပင် တုန်ခါသွားသည်။

“ ချန်ကဲ မဟာဧကရာဇ်မင်းကို နှုတ်ခွန်းဆက်သပါတယ်!”

မိုးခြိမ်းသံကဲ့သို့ပင် အသံသည် ကျယ်လောင်လွန်းသည်။

အထူးသဖြင့် ၊ ပြင်ပကမ္ဘာမှ လူများ၏ နှလုံးသားများပင်လျှင် ဒုန်းခနဲ့ဖြစ်ခဲ့ရသည်။

“ဒီကောင်က ချန်ကဲ မဟာဧကရာဇ်မင်းဆိုတာလား...?”

“ဒီလို တဟုန်းဟုန်းတောက်လောက်နေတဲ့ သွေးချီစွမ်းအား နဲ့ အလွန်နုပျိုတဲ့ အသွင်အပြင် ၊ ဒီကောင်ရဲ့ ကျင့်ကြံမှုက သိပ်မကြာလောက်သေးဘူး....”

“ငယ်ငယ်ရွယ်ရွယ်နဲ့တင် မဟာဧကရာဇ်မင်းရဲ့ အဆင့်အတန်းကို ရရှိနေပြီ ၊ ဒီကောင့်ရဲ့ အရည်အချင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ!”

တစ်ချိန်တည်းမှာပင်။

ဖြစ်စဉ်တစ်ခုလုံးတွင် အာရုံစိုက်ထားသော နယ်မြေပြင်ပ၏ ထူးဆန်းသော မူလဘိုးဘေးဆယ်ဦးတို့သည် စူးချန်ကဲကို သတိပြုမိခဲ့သည်။

ထူးဆန်းသော စွမ်းအားတစ်ခုသည် ဤနေရာသို့ တဖြည်းဖြည်း ဆင်းသက်လာသည်။

ကောင်းကင်ထက်တွင် ထူးဆန်းသော မျက်လုံးပုံစံများ ပေါ်ထွက်လာသည်။

“ တိုက်မြေ သုံးထောင်မှာ ဒီလိုလူ့ဘီလူးတစ်ကောင် ပေါ်လာလိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားဘူး ၊ ဒါ့ကြောင့်လည်း သူတို့က ငါတို့ကို ဦိးစွာ တိုက်ခိုက်ဖို့ ယုံကြည်မှု ရှိနေခဲ့တာ အံ့ဩစရာမရှိတော့ဘူးပဲ “

“ဟားဟား…ဒါပေမဲ့လည်း မပြောမဖြစ်ပြောရဦးမယ် ၊ မင်းတို့တွေ တကယ်ကို နုံအတာပဲ ၊ ပဉ္စမတန်းအဆင့်ပဲ ရှိသေးတဲ့ မဟာဧကရာဇ်မင်းကို ဒီလိုစစ်ပွဲကြီးမှာ ပါဝင်ခွင့်ပေးရဲတယ်”

“မင်းတို့က ငါတို့အိမ်တံခါးဝထိ အရောက်ခေါ်လာမှတော့ ငါတို့ကလည်း သူ့ကို လွှတ်ထားလို့မဖြစ်တော့ဘူးပဲ “

အက်ကွဲသော လေသံဖြင့် တစ်လောကလုံးကို ပဲ့တင်ထပ်သွားသည်။

“ ဘယ်လောက်ပဲ ကုန်ကျကုန်ကျ ၊ ဘယ်နည်းနဲ့မဆို ဒီကောင့်ကို ငါ့အတွက် သတ်ပေး!”

“ သူ့ဦးခေါင်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်သူ ကို မူလရင်းမြစ်သွေးနက်ကို ပေးအပ်မယ် “

ထိုစကားကို ကြားလိုက်ရသည်နှင့်။

ပြင်ပနယ်မြေမှ လူများအားလုံး၏ သွေးများသည် ပွက်ပွက်ဆူလာသည်။

မူလရင်းမြစ်သွေးနက် ဆိုသည်မှာ အဘယ့်နည်း။

ဤသည်မှာ ထူးဆန်းသော မူလဘိုးဘေးအဖြစ်သို့ ပြောင်းလဲခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

ယခုအခါတွင် ၊ ၎င်းတို့၏ ပြင်ပနယ်မြေတစ်ခုလုံးတွင် မူလရင်းမြစ် သွေးနက်သည် သုံးစက်သာ ရှိတော့သည်။ ဆိုလိုသည်မှာ နောင်လာမည့်နှစ်ကာလများတွင် လူသုံးဦးသာလျှင် ထူးဆန်းသော မူလဘိုးဘေးသုံးဦး ဖြစ်လာရန် အခွင့်အရေးရှိပေမည်။

ယခုမူ၊ ထူးဆန်းသော မူလဘိုးဘေးဆယ်ပါးတို့သည် မူရင်းသွေးအစစ်ကို တိုက်ရိုက်ဆုချမည်ဟု ကြေညာခဲ့သည်။ ဤကဲ့သို့သော ရက်ရောမှုမျိုးသည် အမှန်တကယ် မကြုံစဖူးပင်။

ပြင်ပနယ်မြေရှိ သန်မာသူတို့သည် ကြောက်ရွံ့သော အမူအရာမှ ယခုအချိန်တွင် အလိုလောဘအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ငွေသည် ကမ္ဘာကြီးကို လှည့်ပတ်စေသည်။

၎င်းတို့သည်လည်း ခြွင်းချက်မဟုတ်ချေ။

“ ကျုံယွီတောင်ကလူတိုင်း ငါ့နောက်ကနေ လိုက်ခဲ့ သတ်ပစ်ကြမယ်”

“ငါ့အတွက် ဒီကောင့်ရဲ့ခေါင်းကို ဖြတ်ပေး!”

ကျုံယွီဘုရင်သည် ဦးစွာအော်ဟစ်လိုက်ပြီး ၊ အနက်ရောင် မိစ္တာဓားကို ကိုင်‌မြှောက်လျက် စူးချန်ကဲဆီသို့ ဦးတည်သွားခဲ့သည်။

ဤလှုပ်ရှားမှုသည် အကျိုးသက်ရောက်မှုရှိခဲ့သည်။

တခဏအတွင်း။

ပြင်ပနယ်မြေမှ စစ်သည်များသည် အလိုလောဘများ တောက်လောင်နေသော အကြည့်များဖြင့် စူးချန်ကဲဆီသို့ ပြေးသွားကြသည် ။

ထူးဆန်းသော မူလဘိုးဘေး ဖြစ်လာနိုင်မည့် ဤသွေးဆောင်မှုကြီးသည် ၎င်းတို့အနေဖြင့် ခုခံနိုင်စွမ်းမရှိချေ။

“ သေလမ်းရှာနေတာပဲ!”

ထိုမြင်ကွင်းကိုမြင်တော့ ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်နှာသည် အေးစက်သွားသည်။

စူးချန်ကဲသည် သူတို့ ကွေးယွမ် သူတော်စင် နယ်မြေအတွက် မည်မျှအရေးကြီးသည်ကို စကားနှင့်ပင် ဖော်ပြ၍မဖြစ်နိုင်ချေ။

ဒါကိုဒီကောင်တွေက သူတို့ရှေ့မှာ မော်ကြွားဝံ့တယ်ပေါ့!?

“ ကွေးယွမ်ရဲ့ ဖာထျန်းတပ်ဖွဲ့ ဘယ်မှာလဲ?!”

တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့စုများထံမှ အသံထွက်လာသည်။

“ ကျွန်တော်တို့ ရှိပါတယ်!!!”

ထို့နောက် ချက်ချင်းဆိုသလို ၊ မရေမတွက်နိုင်သော စစ်သည်များသည် ၎င်းတို့၏လက်နက်များကို ကိုင်မြှောက်ကာ ကြွေးကြော်လိုက်သည်။

“ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ သခင်အပေါ် မောက်မာဝံတာ ဘယ်လိုလုပ်သင့်လဲ ကွ!”

“သူတို့အားလုံးကို သတ်ပစ်!”

“သူတို့အားလုံးကို သတ်ပစ်!”

“သူတို့အားလုံးကို သတ်ပစ်!”

“သတ်၊ သတ်၊ သတ်!!”

၎င်းတို့၏ ကြွေးကြော်သံသည် ဂလက်ဆီတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

ထို့နောက် ၊ ၎င်းတို့၏ မှော်စွမ်းအားများကို အသက်သွင်းကာ ပြင်ပနယ်မြေ၏ တပ်များဆီသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင်။

တစ်ဖက်အဖွဲ့ကလည်း ထိုအခြေအနေကို မြင်သည်နှင့် ချက်ချင်း အရေးယူခဲ့သည်။

၎င်းတို့ထဲမှအချို့သည် ကွေးယွမ် သူတော်စင် နယ်မြေ နှင့် စိတ်ဝမ်းကွဲပြားသော်လည်း ၊

သို့သော် လက်ရှိအခြေအနေသည် တိုက်မြေ သုံးထောင်တစ်ခုလုံး၏ လုံခြုံရေးဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် တစ်စုံတစ်ခုဖြစ်ခွင့်ပြုခဲ့ပါက သူတို့သည် လူသားမျိုးနွယ်တစ်ခုလုံး၏ အပြစ်သားဖြစ်သွားပေလိမ့်မည်။

တခဏအတွင်းမှာပင် ။

မတူညီသော တပ်စခန်းနှစ်ခုသည် ချက်ချင်းလက်ငင်း တိုက်ခိုက်ကြလေတော့သည်။

၎င်းတို့သည် မတူညီသောကမ္ဘာနှစ်ခုကို ကိုယ်စားပြုသည်။

ဤသည်မှာ တိုက်မြေသုံးထောင်အတွင်းရှိ ပြည်တွင်းစစ်မဟုတ်။

မရေမတွက်နိုင်သော နှစ်ကာလတစ်လျှောက် ၎င်းတို့၏ အာဃာတများသည် ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ချေ။

ယခု ဒေဝလောကတစ်ခုလုံး ပြန်လည်စတင်လာပြီ ဖြစ်သောကြောင့်သူတို့၏ မကျေနပ်ချက်အားလုံးကို ဤခေတ်တွင် အပြီးတိုင် ဖြေရှင်းပေတော့မည်။

၎င်းတို့အနက်။

စူးချန်ကဲသည် ရန်သူငါးဦး၏ ဝိုင်းရံခြင်းကို ခံထားရသည်။

သို့သော်၊ သူသည် ဘာမှမထူးခြားသောအမူအရာဖြင့် ရန်သူငါးဦးနှင့် အပြန်ပြန်အလှန်လှန် တိုက်ခိုက်ခဲ့သည်။

သူတော်စင် ခန္ဓာကိုယ်အတွက်၊ တိုက်ပွဲသည် လေ့ကျင့်ရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

စူးချန်ကဲသည် တိုက်ပွဲဆင်နွဲခြင်းဖြင့် သူ့ကိုယ်သူ ပျိုးထောင်ခဲ့သည်။ အဆုံးတွင် သူသည် တိုက်ပွဲဝင်လေ ပို၍ သန်မာလေလေ ဖြစ်ပြီး နယ်ပယ်အဆင့်များကို အဆက်မပြတ် ချိုးဖျက်နိုင်ခဲ့သည်။

“အခုတော့ ပြင်ပကမ္ဘာက ငါတိုကို ဖျက်ဆီးဖို့ စိတ်ပိုင်းဖြတ်ထားပြီ ၊ ဒီထဲမှာ ဇီဝတားမြစ်နယ်မြေလည်း ပါဝင်နေတယ်”

လက်သီးတချက်တည်းဖြင့် ရန်သူနှစ်ဦးကို ထိုးနှက်လိုက်ပြီးနောက် ၊ စူးချန်ကဲသည် ကွက်လပ်ထဲသို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ကြီးကျယ်ခမ်းနားသော ဓားရှည်တစ်လက်သည် သူ့လက်ထဲတွင် ဖြည်းညှင်းစွာ ပုံပေါ်လာခဲ့သည်။

သူသည် ဓားကို ဆုပ်ကိုင်လိုက်သည်နှင့်၊ တောက်လောင်နေသော ဓားအလင်းသည် လောကတစ်ခုလုံးကို လင်းထိန်စေခဲ့သည်။

“လူသားမျိုးနွယ်ရဲ့ မဟာဧကရာဇ်မင်းအဖြစ် ငါဟာ ခေတ်ရဲ့ရှေ့ဆောင်ပဲ!”

စူးချန်ကဲ၏မျက်လုံးထဲတွင် ဓားဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူ၏လေသံသည် ပြင်းထန်လွန်းသည် ။

“ ဒီခေတ်မှာ ငါ စူးချန်ကဲ က “

“ ပြင်ပနယ်မြေတစ်ခုလုံးကို ပေါင်းစည်းပြီး တားမြစ်နယ်မြေတွေကို ဖျက်ဆီးကာ လူသားမျိုးနွယ်အတွက် အမှန်တကယ် ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ခေတ်ကို ဆောင်ကြဉ်းသွားမယ် !”

အပိုင်း(၄၈၄): မြောက်လေသည် သတ္တုချင်းခတ်သံကို ဆောင်ကျဉ်းလျက် ၊ လရောင်သည် သံချပ်ကာဝတ်စုံပေါ်တွင် ဖြာကျကာ တောက်ပလင်းလက်နေ၏

ထိုစကားများကို ဆိုပြီးသည်နှင့် ။

စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြောက်ကာ သူ့ရှေ့က ရန်သူ ငါးဦးကို တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်သည်။

၎င်းတို့မှာ ထျန်းလွင်ဘုရင် ၊ မိုယွီဘုရင် ၊ စုန့်လင်ဘုရင် ၊ မောယွီ့ဘုရင် နှင့် လျန်ရှန်းဘုရင်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ကြယ်ခုနစ်ပွင့် ငရဲဘုရင်နန်းတော်၏ ကောင်းကင်ဘုရင်ငါးပါးဖြစ်သည်။

စုန့်လင်ဘုရင်သည် ၎င်းတို့ငါးပါးတွင် အားအနည်းဆုံးဖြစ်ပြီး ၊ စတုတ္ထတန်း မဟာဧကရာဇ်မင်းနှင့် ယှဉ်ပြိုင်နိုင်သည်။

သို့သော်။

စူးချန်ကဲ၏ ထိန်လင်းတောက်ပသော ဓားအလင်းရှေ့မှောက်တွင် ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။

စူးချန်ကဲသည် သူ၏ခွန်အားကိုတိုးမြှင့်လိုက်သည်နှင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် အသွင်ပြောင်းလဲသွားသည်။

ကောင်းကင်လမ်းစဉ်၏ တန်ခိုးစွမ်းအားများသည် ပိုမိုအားကောင်းလာရုံသာမက လျှို့ဝှက်ဆန်းကြယ်ပြီး အမြင့်မြတ်ဆုံးသော တန်ခိုးစွမ်းအားများလည်း ပါရှိသည်။

ဓားအလင်း ဖြတ်သန်းသွား‌လေရာ နေရာတိုင်း၊ ကွက်လပ်ကြီးတစ်ခုလုံး ဟောက်ကာ တုန်ခါသွားသည် ။

လူငါးဦး၏တိုက်ခိုက်မှုများသည် စူးချန်ကဲကိုတောင် မထိတွေ့ရသေးခင် ၊ တောက်လောင်နေသော ဓားအလင်း၏လက်အောက်တွင် တိုက်ရိုက် အရည်ပျော်သွားကြသည်။

“ သေသင့်တယ် ၊ ငါတို့ အတူတူပေါင်းပြီး ဒီကောင့်ကို တားစီးကြမယ်!”

ဘုရင်ငါးပါး၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး ၊ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းထဲက နိယာမတရားများနှင့် တာအိုစည်းချက် ခုခံကာကွယ်မှုကို အမြန်အသက်သွင်းလိုက်ကြသည်။

သို့သော်။

စူးချန်ကဲသည် အစောကြီးကတည်းက အရေးယူပြီးခဲ့ပြီ ဖြစ်သည်။

ဝုန်း ! !

စူးချန်ကဲသည် နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အာကာသစွမ်းအားသည် လျင်မြန်စွာ စီးဆင်းသွားပြီး သူ၏ရုပ်သွင်သည် စုန့်လင်ဘုရင်၏ ရှေ့တွင် ချက်ချင်းပေါ်ထွက်လာသည်။

“ပထမတစ်ကောင်!”

စကားအဆုံးတွင် ၊ ဓားသည် လှစ်ခနဲ့ ပြေးဖြတ်သွားသည်။

ရွမ်း!!

မျက်စိတမှိတ်အတွင်းမှာပင် ၊ ဓားစွမ်းအင်သည် အဆုံးစွန်သော တောက်ပမှုဖြင့် ရိုက်ခတ်သွားသည်။

အင်အားကြီးမားပြီး အကန့်အသတ်မရှိသော ဓားစွမ်းအင်သည် ကောင်းကင်မှ ကျရောက်လာသော နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ပင်။

စုန့်လင်ဘုရင် တည်ရှိရာနေရာ၌ ဓားအလင်းသည် ဖျက်ခနဲ့ဝင်းလက်သွားသည်ကို တွေ့လိုက်ရသည်။

ပြင်းထန်သော စွမ်းအားတစ်ခုက အရာအားလုံးကို စုပ်ယူလိုက်သကဲ့သို့ ကွက်လပ်တစ်ခုလုံးတွင် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအားများသည် ရုတ်ချည်း ဆုတ်ယုတ်သွားသည်။

ဝုန်းး--! !

ချက်ချင်းပင် ။

စုန့်လင်ဘုရင် တည်ရှိရာနေရာတစ်ဝိုက်တွင် ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ၊ ကျိုးပဲ့နေသော အာကာသအပိုင်းအစများနှင့် ပြင်းထန်စွာ တိုက်ခတ်နေသော စွမ်းအင်လေပြင်းတို့သည် မိုင်ပေါင်းမရေမတွက်နိုင်သော အကွာအဝေးများစွာအထိ ပျံ့နှံ့သွားသည်။

စုန့်လင်ဘုရင်မှာမူ ၊ သူ၏ရုပ်သွင်သည် လေနှင့်အတူ ပျောက်ကွယ်သွားပြီး လုံးဝပျက်သုဉ်းသွားခဲ့ပြီမှာ ကြာခဲ့ပြီပင်။

“ စုန့်လင်ဘုရင် !!”

ကျန်ဘုရင်လေးပါး၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

စူးချန်ကဲကို သူတို့ငါးယောက် ပူးပေါင်းပြီး တိုက်နေတာ ဘယ်လောက်တောင်ကြာပြီလဲ!?

စူးချန်ကဲ၏ ဖိနှိပ်မှုကိုခံခဲ့ရရုံသာမက သူတို့ထဲကတစ်ဦးသည် အမှန်တကယ်ပင် သတ်ဖြတ်ခံလိုက်ရသည်။

သို့သော် စူးချန်ကဲသည် သူတို့ကို အသက်ရှုချောင်ခွင့်မပေးခဲ့ချေ။

သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို နောက်တစ်ဖန် လွှဲယမ်းလိုက်သည်။

ဝှစ် ဝှစ် ! !

ဓားအလင်းများသည် ကွပ်လပ်၏ထောင့်တိုင်းမှ ဆင်းသက်လာသည်။

ကောင်းကင်၏ ထောင့်တိုင်း၊ နေရာတိုင်းတွင် ပေါက်ကွဲသံများက ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။

ဓားစွမ်းအင်မှ ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာသည်နှင့်အမျှ ၊ ကြယ်အပိုင်းအစများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်ဖြင့် မိုင်ပေါင်းသောင်းချီ ပြန့်ကျဲသွားသည်။

“ လူ့ဘီးလူပဲ! ဒီလို လူ့ဘီလူးတစ်ကောင် တိုက်မြေ သုံးထောင်မှာ ဘယ်လိုလုပ်ပြီးထွက်ပေါ်လာရတာလဲ!”

ဓားစွမ်းအင်၏ဟောက်သံအောက်တွင် ၊ ကျန်ဘုရင်လေးပါးသည် အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ခဲ့သော်လည်း သို့သော် ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဓားခြစ်ရာများ ကျန်ရစ်ခဲ့သည်။

သူတို့၏လက်ထဲတွင်ရှိသော ဧကရာဇ်လက်နက်သည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို လုံး၀မှ မဆန့်ကျင်နိုင်ခဲ့ပေ။

ကောင်းကင်လမ်းစဉ် အာဏာစက်ဓားမှ ထုတ်လွှတ်သော ဓားစွမ်းအင်သည် ၎င်းတို့ ကိုင်ဆွဲထားသော မှော်လက်နက်များမှတဆင့် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားပြီး ကျင့်ကြံသွေးကြောများကို ထိခိုက်စေခဲ့သည် ။

“ဟာဟားဟား၊ ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ ဒီလိုသတ္တိမျိုး ၊ ငါတို့လည်း နောက်ကောက်ကျကျန်လို့ ဘယ်ဖြစ်မလဲ”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် တောက်ပစွာ ပြုံးနေပြီး သူ၏ ဝတ်ရုံနှင့် ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေသည်။

သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ချက်ချင်းပင် ၊ သူ၏ လက်ဖဝါးထဲ၌ ဧကရာဇ်လမ်းစဉ်ဆိုင်ရာ အလင်းတန်းများ စုဝေးရောက်ရှိလာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေပြီး ၊ အနက်ရောင်ရိုးတံဖြင့် ရွှေနဂါးပုံစံ ထွင်းထုထားသော ဓားတစ်လက်သည် သူ့လက်ထဲတွင် ရုတ်ချည်း ထွက်ပေါ်လာသည်။

ချက်ခြင်းပင် တိ့ကျန့် မဟာဧကရာဇ်မင်းသည် လက်ကောက်ဝတ်ကို လှည့်ကာ ဓားကိုလွှဲယမ်းလိုက်သည်။

ကောင်းကင်ထက်တွင် ဓားအလင်းများဖြင့် ပြည့်နှက်နေပြီး စကြာဝဠာကြီးသည်ပင် ကျယ်လောင်စွာ ဟောက်သံပြုနေသည်။

မိုးကောင်းကင်မှ ကျဆင်းလာသော အတိုင်းအဆမရှိသော ဓားအလင်းတန်းတစ်ခုသည် ပင်လယ်နက်တစ်လျှောက် ရှည်လျားစွာ ပျံနှံ့သွားပြီး အာကာသစကြဝဠာတစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေသည်။

ကြီးမားကျယ်ပြန့်သော ကောင်းကင်နှင့် မြေကြီးကြားတွင် လျှိုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ ကြယ်ကိုးပွင့် ထွန်းတောက်ဓား!”

အခြားတစ်ဖက်တွင် ၊

ဟွမ်ထျန်း မဟာဧကရာဇ်မင်းသည်လည်း ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဝုန်း ! ! !

ရှေးကြယ်တစ်လုံး၏ ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာသည်။

ဟွမ်ထျန်း မဟာဧကရာဇ်မင်း၏ ဓားရေးလှုပ်ရှားမှုကို လူတိုင်း ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ ၊

မိုးကောင်းကင်ပမာ ကြီးမားသော အလင်းကန့်လန့်ကာတစ်ခုသည် အနက်ရောင်လှိုင်းတံပိုးများကြားထဲတွင် မြင့်မားစွာရပ်တည်နေသော ဓားစွမ်းအင်တောင်ကြီးအဖြစ် ခမ်းနားစွာ ပေါ်ထွန်းလာသည်။

ဓားစွမ်းအင်တောင်မှ ထွက်ပေါ်လာသော မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် ကျယ်ပြောလှသော စကြာဝဠာကြီးကို ခွဲထုတ်ပြီး လောကနိယာမတရားများကို ဖျက်ဆီးပစ်လိုက်သည်။

“ ဖီးနစ်မီးဥက္ကာမြစ်!”

ရွှမ်ယွီဧကရီသည် ကမ္ဘာအရပ်ရပ်တို့မှ နတ်မီးလျှံများကို ဆင့်ခေါ်လိုက်သကဲ့သို့ သူမ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

မရေမတွက်နိုင်သော မဟာဧကရာဇ်မင်းများသည်လည်း ကောင်းကင်ယံ၌ တိုက်ပွဲဝင်နေကြသည်။

ယခုအခါ အမတနယ်မြေ ဖွင့်လှစ်တော့မည် ဖြစ်ရာ နိယာမများသည်လည်း မူလအစသို့ ပြန်လည်ရောက်ရှိပေတော့မည်။

တိုက်မြေသုံးထောင်နှင့် တိုက်မြေပြင်ပတို့ဆုံရာ ဒေသ၏ နိယာမစည်းမျဉ်းများသည်ပင် ကမောက်ကမ ဖြစ်လာခဲ့သည်။

ဧကရာဇ်အဆင့် သန်မာသူတစ်ယောက်သည် သူ၏အစွမ်းအစဖြင့် ဖြိုခွင်းရန်ကြိုးစားခဲ့မည်ဆိုတောင် ထို‌ဧရိယာကို ဘယ်တော့မှဖျက်စီးနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်၊ တန်ခိုးကြီးမားသော မဟာဧကရာဇ်မင်းများအားလုံးသည် ၎င်းတို့၏ မွေးရာပါမှော်စွမ်းအားများကို အသုံးပြုခဲ့ကြသည်။ စွမ်းအားရှင်များကြားက တိုက်ပွဲအတွင်း၊ နတ်အလင်းလှိုင်းများက စဉ်ဆက်မပြတ် ရိုက်ခတ်နေသည်။

အနက်ရောင် အငွေ့အသက်များ တောက်လောင်နေသော မြေကြီးပေါ်တွင် ၊

“ တိုက်မြေသုံးထောင်အတွက် တိုက်ပွဲဝင်ကြမယ်!!”

မရေမတွက်နိုင်သော တပ်များ၏ အကြီးအကဲများသည် ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြပြီး မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ပြင်ပနယ်မြေ၏ စစ်တပ်ကို တိုက်ခိုက်ကြလေသည်။

သို့သော် ၊ နယ်မြေပြင်ပစစ်မြေပြင်တွင် တပ်စွဲထားသော စစ်တပ်သည် တိုက်မြေ သုံးထောင်ရှိအဓိကအင်အားစုတပ်ဖွဲ့များ၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသည်။

နောက်ဆုံးမှာတော့ ၊ ပြင်ပကမ္ဘာသည် တိုက်မြေ သုံးထောင်ဘက်သို့ အကြီးစားကျူးကျော်ဝင်ရောက်လာလိမ့်မည်လို့ မည်သူမှထင်မထားခဲ့ပေ။

တိုက်မြေသုံးထောင်၏အဓိက အင်အားစုတပ်ဖွဲ့များအားလုံးကို စစ်ကူအဖြစ် စေလွှတ်ထားသော်လည်း အကွာအဝေးသည် ဝေးလွန်းသည်။

အာကာသချန်နယ်ကို တိုက်ရိုက်ဖွင့်လှစ်တောင် အချိန်အများကြီး ယူရပေမည်။

တိုက်မြေပြင်ရှိ ဧရိယာများနှင့်မတူချေ။၎င်းတို့သည် နယ်မြေပြင်ပစစ်မြေပြင်သို့ တိုက်ရိုက်ရောက်ရှိရန် ပင်လယ်နက်ကိုဖြတ်ကူးရန်သာ လိုအပ်သည်။

အကယ်၍ နယ်မြေပြင်ပစစ်မြေပြင်သည် ကျရှုံးသွားခဲ့ပါက ၊

ဤအကြိမ်တွင်၊ တိုက်မြေသုံးထောင်သည် အမှောင်ခေတ်သစ်ကို ရောက်ရှိလာပေတော့မည်။

“ တိုက်မြေသုံးထောင်က လူယုတ်မာကောင်တွေ ငါတို့အရေအတွက်က သူတို့ထက်တောင် များတာ ၊ ဘယ်‌ကနေယုံကြည်ချက်တွေ ရှိ‌နေလဲ မသိဘူး “

“သူတို့ကို သတ် ၊ တိုက်မြေသုံးထောင်ကို ဝါးမျိုပစ်မယ် !”

ပင်လယ်နက်ကို ဖြတ်ကျော်လာသော ပြင်ပတပ်များသည် များသထက်များလာသည်။

လေနှင့်အတူ တလွှင့်လွှင့် ရိုက်ခတ်နေသော အလံများသည် မိုးကောင်းကင်တစ်ဆုံး နေရာယူထားသည် ။

ကွေးယွမ် သူတော်စင်နယ်မြေရှိသော်ငြားလည်း၊ ရန်သူအရေအတွက်သည် ပို၍များလာသဖြင့် သူတို့၏ခံစစ်စည်းသည် ဆက်လက်ပြိုကျကာ ကျုံ့သွားသည် ။

သို့ဆိုတောင် ၊ တိုက်မြေသုံးထောင်၏ တပ်ဖွဲ့များသည် လုံးဝ နောက်ဆုတ်မသွားပေ။

မဟာလမ်းစဉ်ကို အောင်မြင်ခဲ့သည်မှာ ကာကွယ်စောင့်ရှောက်ရန်အတွက်သာ။

စစ်မတိုက်ဘဲ ပြန်ဆုတ်ခွာခဲ့မည်ဆိုပါက ၊ သူတို့ ကာကွယ်ပေးနေသောလူတွေ၏ အဆုံးသတ်ကို မှန်းဆကြည့်နိုင်သည်။

[ မြောက်လေသည် သတ္တုချင်းခတ်သံကို ဆောင်ကျဉ်းလျက် ၊ လရောင်သည် သံချပ်ကာဝတ်စုံပေါ်တွင် ဖြာကျကာ တောက်ပလင်းလက်နေ၏ ]

[ တော်ဝင်စစ်တပ်သည် အလယ်ပိုင်းလွင်ပြင်ကို သိမ်းပိုက်ရန်သွားပေတော့မည် ၊ မိသားစုယဇ်ပူဇော်တဲ့အခါ မင်းအဖေကြီးကို ပူဇော်ပသဖို့ မမေ့ပါလင့်]

“ ငါတို့နောက်မှာ တိုက်မြေသုံးထောင်ရှိတယ် ၊ ငါတို့နောက်ဆုတ်လို့ မဖြစ်ဘူး!”

မှော်စွမ်းအားများမျိုးစုံ ပေါက်ကွဲလျက် ၊ နတ်အလင်းတန်းများက တရစပ်ထွက်ပေါ်လို့ နေသည်။

ဓားနှစ်လက် တိုက်ခိုက်နေကြသလို ၊

မရေမတွက်နိုင်သော စစ်ရထားများသည် ရှေ့သို့ ချီတတ်တိုက်ခိုက်ကြသည်မှာ ပေါက်ကွဲသံများ အဆုံးမရှိချေ။

ထူးဆန်းသော သားရဲကောင်များသည် ကောင်းကင်ကြီးကို ဆွဲဖြဲပစ်လို့နေသည်။

အဆုံးမရှိသော ပေါက်ကွဲသံများသည် ဝိညာဉ်စွမ်းအင် မှိုတိမ်တိုက်များကို ဖန်တီးပေးနေလေ၏။

စစ်ပွဲဆိုသည်မှာ ရှောင်လွှဲ၍မရချေ။

ခေတ်ကြီး၏တိုးတက်မှုသည် အသွေးအသားနှင့် ရေချိုးပေးရန် အမြဲလိုအပ်သည်။

ပျက်စီးခြင်း၏ အဆုံးသတ်တွင် မွေးဖွားခြင်းသာတည်း။

All Chapters