← Chapters

အခန်း (၄၉၄-၄၉၈)

Vol. 36 Ch. 494-498

အခန်း (၄၉၄-၄၉၈)

Vol. 36 Ch. 494-498

အပိုင်း(၄၉၄): တားမြစ် စူးမိသားစု

ထိုစကားများ ထွက်လာပြီးနောက် ။

ဒါဇင်ချီရှိသော မဟာဧကရာဇ်မင်းတို့သည် လူစုခွဲလိုက်ကြသည်။

စူးချန်ကဲ၏ အငွေ့အသက်ကို တွေ့လို့တွေ့ငြား ၊ ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းများနှင့် စိတ်ဝိညာဉ်တို့ကို ဖြန့်ကျတ်ကာ အရပ်ရှစ်မျက်နှာတစ်ခွင် စစ်ဆေးရှာဖွေခဲ့သည်။

ရွှမ်ယွီဧကရီသည် အတော်လေ စိုးရိမ်ပူပန်နေပုံကာ သူမသည် ညည်းတွားလိုက်သည်။

“ ချန်ကဲ … မင်း ဘာမှမဖြစ်ရဘူး !”

“မင်းက ငါ့ရဲ့ အဖိုးတန်မောင်လေးပဲ… ဒီမှာ သေစရာလား!?”

“မင်းရဲ့နာမည်​က ​ ဒေဝလောက တစ်ခုလုံး မကျော်ကြားရသေးဘူး…”

ရွှမ်ယွီဧကရီ၏ လှပသော မျက်ဝန်းအစုံတွင် အမျက်ဒေါသများနှင့်အတူ ဝဲတတ်လာသော မျက်ရည်များ ရှိသည်။

“ တိုက်မြေပြင်ပ ….ဇီဝတားမြစ်နယ်မြေ !”

……..

တစ်ချိန်တည်းမှာပင်။

ဇီဝတားမြစ်နယ်မြေ ။

ဤနေရာတွင် အနက်ရောင် မြူခိုးထုကြီး ရှိနေသည်။

ကောင်းကင်ယံထိ တိုးဝင်နေသော ကမ္ဘာ့ဖျက်သစ်ပင်ကြီးအောက်တွင် ။

ဒါဇင်နဲ့ချီသော ကြောက်စရာကောင်းသော ရုပ်သွင်များ ထပ်မံစုဝေးနေကြပြန်သည်။

သို့သော် ယခုအချိန်တွင်၊ ဇီဝတားမြစ်နယ်မြေရှိ မသေမျိုးဘုရင်များ၏ မျက်နှာသည် ဖြူဖျော့ကာ ကြည့်ရဆိုးနေသည်။

အားလုံးရှုပ်ကုန်ပြီမှန်း သူတို့သိလိုက်သည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် ဒေါသတကြီး တုံ့ပြန်လာခဲ့ပြီ ဖြစ်သည်။

“- ီးပဲ ! တိုက်မြေပြင်ပက ဒီကောင်တွေ ဒါလေးတောင် မလုပ်နိုင်ဘူးလား!?”

“အခု ကွေးယွမ်က ဒေါသဖြစ်ပြီး၊ ငါတို့ ဇီဝတားမြစ်နယ်မြေဆီကို တပ်ဖွဲ့ကြီးတစ်ခု စေလွှတ်လာခဲ့ပြီ ၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ?”

ဤစကားများထွက်လာပြီးနောက်၊ ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင်များသည် အချိန်အတော်ကြာအောင်ပင် စကားမဲ့လို့နေသည်။

အမှန်တွင် ၊ ယခင်က ဖြစ်ပျက်ခဲ့သမျှကိစ္စတိုင်းသည် သူတို့၏ စောင့်ကြည့်မှုအောက်တွင် ရှိသည်။ မူလက တိုက်မြေပြင်ပသည် အများဆုံး အနေဖြင့် စူးချန်ကဲကို ဖမ်းဆီးနိုင်ရုံမျှသာဟု သူတို့ ထင်ထားခဲ့သည်။

ဒါပေမဲ့ ဒီသကောင့်သားတွေက စူးချန်ကဲကို သတ်ပစ်ချင်နေမယ်လို့ ဘယ်သူက ထင်မှာလဲ!?

ဤသည်မှာ ကောင်းသော အခွင့်အရေးတစ်ခု ဖြစ်မည်ဟု မျှော်လင့်ခဲ့သော်လည်း ၊ သို့သော် ကွေးယွမ် သူတော်စင် နယ်မြေသည် တိုက်မြေပြင်ပ သာမက ၎င်းတို့၏ ဇီဝတားမြစ်နယ်မြေကိုပင် ဖျက်ဆီးပစ်မည်ဟု သူတို့သည်လည်း ထင်မထားခဲ့ပေ။

ဤရုတ်တရက်ဆန်လွန်းသော ဘေးအန္တရာယ်ကြီးသည် သူတို့ကို ခေါင်းမီးတောက်စေခဲ့သည် ။

“ သေသင့်တဲ့ ကွေးယွမ်ကကောင်တွေ! အဲ့တုန်းကလည်း တားမြစ်နယ်မြေ လေးခုကို ဖျက်စီးပြီးတာတောင် မကျေနပ်သေးဘူး ၊ အခုလည်း ထပ်ပြီးလိုချင်နေပြန်ပြီ ၊ လူကို အရမ်းအနိုင်ကျင့်လွန်းတယ် !”

မသေမျိူးဘုရင် တစ်ပါးက သည်းမခံနိုင်တော့ဘဲ သွားများအံကြိတ်ကာ ဟောက်လိုက်သည်။

“ဟွန်း၊ ငါတို့ ဇီဝတားမြစ်နယ်မြေက ဖွံ့ဖြိုးလာတာကြာပြီ၊ အရင်ကလို မဟုတ်တော့ဘူး “

“ လက်ရှိ မှေးမှိန်လာတဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို ငါတို့ ကြောက်နေဖို့ လိုသေးလို့လား?”

ထိုစကားသံ ထွက်လာသည်နှင့် ။

မသေမျိုး ဘုရင်တို့၏ ထောက်ခံအားပေးသံများ ထွက်ပေါ်လာခဲ့သည်။

“ဟုတ်တယ်၊ အမတနယ်မြေမှာ ကွေးယွမ်သူတော်စင်နယ်မြေတစ်ခုတည်းတင် ရှိတာ မဟုတ်ဘူး !”

“ ကွေးယွမ် သူတော်စင် နယ်မြေက ကစားချင်နေမှတော့ အဆုံးထိ အဖော်ပြုပေးရတာပေါ့!”

“တစ်ခါလည်း မဟုတ် ၊ နှစ်ခါလည်းမဟုတ် အရှက်ခွဲလာတာ ၊ ငါတို့ရဲ့ ဇီဝတားမြစ်နယ်မြေကို ဘာလို့တားမြစ််နယ်မြေလို့ ခေါ်နေဦးမှာလဲ!”

“သူတို့က တိုက်ချင်မှတော့ အဆုံးထိ သွားကြတာပေါ့!”

မသေမျိုးဘုရင်တို့သည် တိုက်ခိုက်ရန် ထောက်ခံအားပေးခဲ့ကြသည်။

ခေါင်းဆောင်ဖြစ်သူ အဘိုးအို၏ မျက်နှာမှာ မှုန်ကုတ်နေသည်။

သူ၏အမည်မှာ ထျန်းကျန့် တာအိုဆရာတော်ဖြစ်ပြီး ၊ လွတ်မြောက်သူ တစ်ဦးအနေဖြင့် သူ၏ ခွန်အားသည် အမတသခင်နှင့် အလွန်နီးစပ်သည်။

ထျန်းကျန့် တာအိုဆရာတော်က ဆိုလိုက်သည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ က ထင်သလောက် မရိုးရှင်းဘူး”

“အခုချိန်မှာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် လုံးဝဆန့်ကျင်ဘက်တွေ ဖြစ်နေပြီ၊ အမတနယ်မြေလည်း ဆင်းသက်လာတော့မှာ ဖြစ်လို့ ငါတို့ သူတို့နဲ့ တိုက်ခိုက်ရတော့မယ်”

“ပထမဦးဆုံး တားမြစ်ကုန်းပြင်မြင့်ကို ဒီကိစ္စအကြောင်း သတင်းပို့လိုက်”

ဤစကားများထွက်လာပြီးနောက်၊ နဂိုက တင်းမားနေသော မျက်နှာထားများဖြင့် မသေမျိုးဘုရင်တို့သည် အဆုံးမှာတော့ တင်းမာမှုများ အနည်းငယ် ပြေလျော့သွားခဲ့သည်။

တားမြစ်ကုန်းပြင်မြင့်သည် အမတနယ်မြေရှိ ထိပ်တန်းအင်အားစု ကိုးခုအနက်မှ တစ်ခုဖြစ်ပြီး ၊ တစ်ချိန်က အမတနယ်မြေ၏ အကြွင်းမဲ့ အုပ်စိုးသူဖြစ်ခဲ့သည်။

နောက်ပိုင်းတွင်၊ အမတနယ်ပယ် ပြိုကျပျက်စီးစဉ်က တားမြစ်ကုန်းပြင်မြင့်သည် စကြ၀ဠာထဲတွင် ဗလာနယ်ပယ်တစ်ခုကို ဖောက်ထွင်းဖန်တီးနိုင်ခဲ့လို့သာလျှင် ၎င်း၏ ခွန်အားအများစုကို မဆုံးရှုံးဘဲ ယနေ့ထိတိုင် ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတွင် သန်မာသူများ မရေမတွက်နိုင်အောင်ရှိပြီး ၊ အမတဧကရာဇ်များစွာလည်း ရှိသည်။

ဇီဝတားမြစ်နယ်မြေ၏ အရှင်သခင်အနေဖြင့်၊ သူတို့သည် မိမိတို့၏ အသက်နှင့်သေခြင်းတရားကို မည်သို့လျစ်လျူရှုနိုင်မည်နည်း။

…….

တစ်ချိန်တည်းမှာပင်။

အလွန်တောက်ပသော ကမ္ဘာတစ်ခုတွင်၊ ကြယ်များက မှိတ်တုတ်မှိတ်တုတ် တောက်ပလျက် ၊ အမတဆိုင်ရာ သဘောတရားများ ရစ်ဝဲနေသည်။

ဤနေရာကို ဟွမ်ကျီအမတနယ်မြေဟု ခေါ်သည်။

အဓိကအကျဆုံးနေရာလည်း ဖြစ်သည့် နယ်မြေအပိုင်း၌ ၊

နိယာမဆိုင်ရာ မှော်သင်္ကေတများသည် တဖျပ်ဖျပ် ခတ်ကာ ကျဆင်းနေပြီး ၊ တာအိုစည်းမျဉ်းတို့သည် တသိမ့်သိမ့် ရိုက်ခတ်နေသည်။

၎င်းတို့အနက် ၊ အလွန်လှပပြီး ကြီးမားသော ကြယ်စင်ဘုံ ဧကရာဇ်မြို့တော်သည် ပြိုးပြိုးပြက်ပြက် တောက်ပသော နဂါးငွေ့တန်းတွင် တည်ရှိသည်။

လကို ဝန်းရံထားသော ကြယ်များကဲ့သို့ ခမ်းနားထည်ဝါသော နန်းဆောင်များ မရေမတွက်နိုင်အောင် ရှိသည်။

ဗဟိုချက်မတွင် တည်ရှိသော ကြယ်စင်ဘုံဧကရာဇ် မြို့တော်ကြီးသည် မိုးထိမြင့်မားစွာ ရပ်တည်နေပြီး၊ နန်းတော်မုခ်ဦးများကို မတူကွဲပြားစွာ လက်ရာပြောင်မြောက်စွာ တည်ဆောက်ထားသည်။

နန်းတော်ထိပ်တွင် ရွှေရောင်အလင်းတန်းများ ပြိုးပြက်စွာ ဖြာကျနေသော ရွှေရောင် စေတီမျှော်စင်တစ်‌ဆူ တည်ရှိသည်။ ၎င်း၏ မျက်နှာပြင်တွင် ထူးဆန်းနက်နဲသော အက္ခရာများ ရေးထွင်းထားပြီး၊ ၎င်းတို့မှ ထွက်ပေါ်လာသော တောက်ပသည့်အလင်းတန်းများက ဤကြယ်စင်ဘုံလောကတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ဤကြီးမားသော ကြယ်စင်ဘုံ ဧကရာဇ်မြို့တော်ကို ဗဟိုပြုလျက် ၊ ဟွမ်ကျီအမတနယ်မြေ တစ်ခုလုံး၏ နိယာမများသည် ၎င်းဆီသို့ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပုံရသည်။

ဤနေရာသည် ဒဏ္ဍာရီလာ တားမြစ် စူး မိသားစုတည်ရှိရာ နေရာဖြစ်သည်။

ဤသည်မှာ မိုင်ပေါင်း သန်းရာနှင့်ချီရှိသည့် တားမြစ်စူးမိသားစုမှ အုပ်ချုပ်ထားသော နယ်မြေတစ်ခုဖြစ်သည်။

သေချာပေါက် ၊ သူတို့သာ အလိုရှိရင် ဤဟွမ်ကျီအမတနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်သည်။

ယနေ့တွင် ၊

တားမြစ် စူးမိသားစု၏ ခန်းမကြီးထဲတွင်။

မြူခိုးများက လူးလိမ့်နေပြီး အမတဆိုင်ရာ ရောင်ဝါများ တဟုန်ထိုး တောက်လောင်နေသည်။

ရာနှင့်ချီသော အလွန်ကြောက်စရာကောင်းသော ရုပ်သွင်များသည် ဤနေရာတွင် စုဝေးနေကြသည်။

နေရာတွင် ရပ်နေရုံဖြင့် ၊ ၎င်းတို့ထံမှ ဖြာထွက်နေသော ကြောက်ခမန်းလိလိ အလင်းတန်းများသည် အနီးနားရှိ ဟင်းလင်းပြင် ကွက်လပ်ကို အနည်းငယ် ရွဲ့စောင်းသွားစေသည်။

ရာနှင့်ချီသောလူများသည် ဤနေရာတွင် စုဝေးနေကြကာ ၊ ၎င်းတို့အထဲမှ အားနည်းသူသည်ပင် ရွှေအမတအဆင့် ရှိသည်။

T/N - 🍁အမတသခင်၏ အဆင့်များ -

{ စစ်မှန်အမတသခင် → ကောင်းကင်အမတ → ရွှေအမတ → အမတဘုရင် → အမတ ဧကရာဇ် တစ်ပိုင်း →အမတဧကရာဇ်🍁

၎င်းတို့အားလုံးသည် တားမြစ်စူးမိသားစု၏ အကြီးအကဲများ ဖြစ်ပြီး ၊ ယခုအချိန်တွင် သူတို့အားလုံးသည် တည်ကြည်လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။

ထိပ်တွင် ထိုင်နေသောပုဂ္ဂိုလ်သည် အလွန်အေးစက်သော အမူအရာဖြင့် ရှိနေပြီး သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“ ကွေးယွမ် သူတော်စင် နယ်မြေ‌ကနေ အကြောင်းကြားစာကို ရရှိခဲ့တယ် “

“ တိုက်မြေ သုံးထောင်နဲ့ ဇီဝတားမြစ်နယ်မြေက ငါတို့ တားမြစ် စူးမိသားစုရဲ့ သခင်ငယ် စူးချန်ကဲကို ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ဖို့ အင်အားစုတွေနဲ့ ပူးပေါင်းခဲ့တယ်”

“အခု သူ့ဘယ်မှာရှိမှန်း မသိသေးဘူး ၊ သေလား ရှင်လား မသေချာဘူး”

“ ဒီကိစ္စကို ငါတို့ ဘာလုပ်သင့်လဲ”

ထိုစကားများ ထွက်လာသည်နှင့် ။

အကြီးအကဲများစွာသည် ဒေါသတကြီးဖြစ်လာကြပြီး လူသတ်လိုစိတ်အပြည့်ဖြင့် ပြောလာခဲ့ကြသည်။

“ ငါ့တားမြစ်စူးမိသားစုကို စော်ကားဝံ့သူတိုင်း ဆွေစဉ်မျိုးဆက် ကိုးဆက်စလုံး သုတ်သင်ပြီး ဘယ်တော့အခါမှ လူပြန်မဝင်စားရဘူး !”

အများစုက စူးချန်ကဲကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း ကောလဟာလ သတင်းများကို ကြားဖူးသည်။

သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးခုကို ပိုင်ဆိုင်ထားသူ ။

ဒါတင်မက ၊ သူသည် စည်းကမ်းများကို ကျော်လွန်သည့် ဒဏ္ဍာရီလာ တားမြစ်ကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားသည်။

သုံးနှစ်အတွင်း ၊ သူသည် မဟာဧကရာဇ်မင်း တစ်ပါးဖြစ်လာပြီး မူလရင်းမြစ် ကံကြမ္မာကို စုပ်ယူနိုင်ခဲ့သော ခေတ်အဆက်ဆက် မည်သူမှ တုနှိုင်းမယှဉ်နိုင်သည့် ထာဝရ ပထမဆုံးသော ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။

ဒါတောင်မှ ၊ အခြားသော စံချိန်တင်အောင်မြင်မှုများကို ထည့်မပြောရသေးပေ။ ထိုသို့သော အလားအလာရှိရုံမျှဖြင့် သူ့သည် တားမြစ် စူးမိသားစု၏ သခင်ငယ်ဖြစ်ရန် အရည်အချင်းပြည့်မီပေသည်။

ထို့အပြင်၊ အရေးကြီးဆုံးအချက်မှာ စူးချန်ကဲသည် မိမိတို့ တားမြစ်စူးမိသားစုတွင် အသန်မာဆုံးသော မျိုးရိုးဖြစ်သည်။

မရေမတွက်နိုင်သော ခေတ်များ ကျော်လွန်သွားသည့်တိုင် ၎င်းသည် အသန်မာ‌ဆုံးသော မျိုးရိုးဖြစ်နေဆဲပင်။

သူ၏အဖိုးဖြစ်သူသည် စူးမိသားစုတွင် အသန်မာဆုံးသော အဝေးဘိုးဘေးဖြစ်သည်မှာ သံသယမရှိပေ။

သူ၏အဖေသည်လည်း ထပ်တူထပ်မျှ အစွမ်းထက်ပြီး ၊ အမှောင်မူလနယ်မြေကို တိုက်ခိုက်ကာ အစိတ်အပိုင်း တော်တော်များများကို ဖျက်ဆီးပစ်ခဲ့သည်။

သူသည် ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားလုနီးပါးဖြစ်ခဲ့သော်လည်း သို့သော် တားမြစ် စူးမိသားစု၏ အဝေးဘိုးဘေးများက ကယ်တင်နိုင်ခဲ့သည်။

အဆုံး၌ ပျောက်ကွယ်ပြီးမှ ပြန်လည်ရှင်သန်လာကာ စွမ်းအားများ အဆမတန်တိုးပွားလာပြီး၊ သူသည် အမတဧကရာဇ်ကိုပင် ကျော်လွန်သွားခဲ့သည်။

မိခင်ဖြစ်သူမှာ သံသရာစက်ဝန်း အမတမင်းဆက်၏ အကြီး‌ဆုံး မင်းသမီးဖြစ်သည်။

သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ဉာဏ်အလင်းတစ်ခု ရရှိခဲ့ပြီး ၊ အမတဧကရာဇ်၏ အထက်အဆင့်သို့ ဖြတ်ကျော်သွားတော့မည် ဖြစ်သည်။

သူတို့ အရေးယူဆောင်ရွက်ခြင်း မရှိတောင်မှ ၊ ကွေးယွမ် သူတော်စင် နယ်မြေ တစ်ခုတည်းဖြင့် တိုက်မြေပြင်ပ နှင့် ဇီဝတားမြစ်နယ်မြေကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

သို့သော် ၊ စူးချန်ကဲသည် ၎င်းတို့ တားမြစ် စူးမိသားစု၏ သခင်ငယ်ဖြစ်သည်။ မိမိတို့၏ သခင်ငယ် အနိုင်ကျင့်ခံရသည့်အပေါ် ၊ သူတို့သည်လည်း သေချာပေါက် စွက်ဖက်ရပေမည်။

ထို့အပြင် တားမြစ်စူးမိသားစု၏ လက်ရှိခေါင်းဆောင်သည် စူးချန်ကဲ ဖခင်၏ ညီအရင်းဖြစ်သည်။

သူ့တူလေး အနိုင်ကျင့်ခံရတာကို ဦးလေးတစ်ယောက်အနေနဲ့ ထိုင်ပြီး ကြည့်နေစရာလား!?

“ကောင်းပြီ”

“ဒီကိစ္စမှာ ဇီဝတားမြစ်နယ်မြေက တားမြစ်ကုန်းပြင်မြင့်က မွေးမြူထားတဲ့ခွေးပဲ!”

“ခွေးကကိုက်တော့ ပိုင်ရှင်ဖြစ်သူက သေချာပေါက် တန်ကြေးပေးရမှာပေါ့ “

အားလုံး၏ထိပ်တွင် ထိုင်နေသောပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသော အမတလမ်းစဉ်ဆိုင်ရာ ဖိနှိပ်မှုသည် လမ်းကြောင်းအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

“ အမတ စစ်တပ်ကို ဆင့်ခေါ်ပြီး ၊ တားမြစ်ကုန်းပြင်မြင့်ကို တပ်များစေလွှတ်စေ!”

အပိုင်း(၄၉၅): အမတတပ်စည်းတံဆိပ်

ထိုစကားများ ထွက်လာသည်နှင့် ၊

မျိုးနွယ်စုအကြီးအကဲများ၏ အမူအရာများသည် တုန်လှုပ်ခြောက်ခြားသွားခြင်း မရှိဘဲ သဘောတူဟန်ရှိနေသည်။

တားမြစ်ကုန်းပြင်မြင့်သည် ၎င်းတို့နှင့် အလားတူ ‘တားမြစ် ‘ ဟူသော စကားလုံးရှိသော်လည်း၊ သို့သော် ၎င်းတို့သည် ဤစကားလုံးနှစ်လုံး၏ အလေးချိန်နှင့် မထိုက်တန်ချေ။

သူတို့အားလုံးသည် ထိပ်တွင်ထိုင်နေသော ပုဂ္ဂိုလ်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

“ အိမ်တော်သခင်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်!”

တစ်ချိန်တည်းမှာပင်၊ ထိုအနှီပုဂ္ဂိုလ်သည် သူ့လက်ကိုထပ်မံ ဝှေ့ယမ်းလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“ အမတစစ်စည်းတံဆိပ်၊ ဖွင့် !”

ဝူးး--!!

အမတသဘောဆိုင်ရာ အလင်းတန်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

အမတတန်ခိုးစွမ်းအားများသည် အားကောင်းစွာဖြင့် မိုင်ပေါင်းသောင်းချီ ပြန့်ကျဲသွားသည်။

မူလက တိတ်ဆိတ်နေသော ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် အဆိုပါ အင်အား၏ သက်ရောက်မှုကို လက်ခံရရှိခဲ့ပုံရသည်။

အမတသဘောဆိုင်ရာ အလိုဆန္ဒသည် တဖြည်းဖြည်း ပြန့်နှံ့လာပြီး ဟွမ်ကျီအမတနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် နတ်တန်ခိုးသံကြိုးများအဖြစ် ပြောင်းလဲသွားလေသည်။

ဤကြောက်စရာကောင်းသော ပြောင်းလဲမှုကြီးသည် ဟွမ်ကျီအမတနယ်မြေရှိ မရေမတွက်နိုင်သော သန်မာသူများကို ၎င်းတို့၏ စိတ်ဝိညာဉ်ကို ထုတ်လွှတ်ကာ စူးစမ်းလေ့လာစေသည့်အထိ ဖြစ်ခဲ့ရသည်။

“ဟမ်... အမတစစ်စည်းတံဆိပ်...? ဒါက တားမြစ်စူးမိသားစုရဲ့ စစ်တပ်ကိုစုစည်းဖို့ အသုံးပြုတဲ့ အချက်ပြ အမှတ်အသားမဟုတ်လား?”

“ဒါဘယ်လောက်တောင် ကြာသွားပြီလဲ၊ တားမြစ် စူးမိသားစုက စစ်ပြန်ဖြစ်တော့မှာလား...?”

“ဘယ်အင်အားစုကများ ဒီလောက်တောင် ကံဆိုးရတာလဲ မသိဘူး ၊ တားမြစ် စူးမိသားစုရဲ့ သားကောင်ဖြစ်ရတာ တကယ်ကို ကံဆိုးရှာပါတယ်”

ထိုစကားကိုကြားတော့ ရွှေအမတရှင်တစ်ဦး၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။

“ခွေးမသား ၊ မင်းအသက်မရှင်ချင်တော့ဘူးလား၊ ပွစ်ိပွစိပြောမယ်ဆိုလည်း ဟိုဘက်သွားပြော ၊ ငါ့နားမလာနဲ့!”

“ တော်ကြာ တားမြစ် စူး မိသားစုရဲ့ မျက်စိကျတာကို ခံရလိမ့်မယ် ၊ ငါ့ကို လာအမှုမပတ်စေနဲ့ !”

“…….”

အမှန်တွင် ၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အမတနယ်မြေတွင် နောက်ထပ်စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲအပြီးတွင် ၊ အမတနယ်မြေ ကိုးပိုင်းတွင် လေးပိုင်းသည် ဖျက်ဆီးခံလိုက်ရသော်လည်း အမှန်တွင် ငါးပိုင်းကျန်ရှိနေသေးသည်။

သို့သော် ထိုစဉ်က ထိုက်ယီနတ်ဘုရားဂိုဏ်း ဟုခေါ်သော အင်အားစုတစ်ခု ရှိခဲ့သည်။

ထိုက်ယီအမတနယ်မြေသည် ထိုစဉ်က စိတ်လွတ်သွားခဲ့လေသလား မသိ။

တားမြစ် စူးမိသားစုတည်ရှိရာ ဟွမ်ကျီအမတနယ်မြေကို မျက်စိကျခဲ့သည်။

ဒါတင်မက ၊ အခြားအင်အားစုများစွာနှင့် ပူးပေါင်း၍ တားမြစ်စူးမိသားစု၏လက်ထဲကနေ နယ်မြေကို လုယူရန် ကြိုးပမ်းခဲ့သည်။

ရလဒ်မှာ ခန့်မှန်းထားသည့်အတိုင်း ၊ တားမြစ်စူးမိသားစု၏ အမျက်ဒေါသကို မည်သူကများ ခံနိုင်ရည်ရှိမည်နည်း။

၎င်းတို့သည် အမတနယ်မြေရှိ အင်အားစုအားလုံးကို စိန်ခေါ်ခဲ့သည်။

ထိုတိုက်ပွဲကို မည်သည့်စကားဖြင့် ဖော်ပြရမည်နည်း။

မူလက မှောင်မိုက်ပြီး အတိုင်းအဆမရှိ ကျယ်ပြန့်သော ဟင်းလင်းပြင်ကွက်လပ်သည် သွေးများဖြင့် ဆေးခြယ်ခံလိုက်ရသည်။

ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် အမတသခင်တို့၏ အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤလောကတွင် စစ်မှန်အမတဟူသည် ပုရွတ်ဆိတ်အဆင့်သာ ရှိသည်။

ခရာမှုတ်သံသည် လောကတစ်ခွင် ပျံ့လွင့်ကာ ၊ မရေမတွက်နိုင်သော အမတသခင်တို့သည် စစ်မြေပြင်သို့ ပြေးဝင်ကာ တိုက်ခိုက်လေတော့သည်...

အဆုံးတွင် ၊ တားမြစ် စူးမိသားစုသည် ဒဏ္ဍာရီလာ အမတနယ်ပယ်၏အထက် ကံကြမ္မာ အမတဧကရာဇ်မင်းကို စေလွှတ်လာခဲ့သည်။

အမတဧကရာဇ်ထက် သာလွန်သောအစွမ်းအစ အပြင် သဘာဝတရား၏ နိယာမအားလုံးကို ဖော်ပြနိုင်သည့် ဝိသေသလက္ခဏာဖြစ်သည်။

လက်ဝါးတစ်ချက်စာ ရိုက်ထုတ်လိုက်ရုံဖြင့် အာကာသ ဟင်းလင်းပြင်ကို တိုက်ရိုက် ကွဲထွက်သွားစေမည်။

အမတနယ်မြေ၏ နိယာမတရားများသည် တိုက်မြေသုံးထောင်အနေဖြင့် လက်လှမ်းမမီအောင်ပင်။

သင်သည် တိုက်မြေသုံးထောင်ကို မိုင်ပေါင်းသောင်းချီ ချေမှုန်းနိုင်ရင်တောင် ၊ ဤအမတလောကတွင် မီတာတစ်ရာလောက် ချိုးဖျက်နိုင်ရင်ကို သင်သည် အားကောင်းသည်ဟု သတ်မှတ်ရပေမည်။

နောက်ဆုံးတွင်၊ ကံကြမ္မာ အမတဧကရာဇ်မင်း၏ ဦးဆောင်မှုအောက်တွင်၊ ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ် ဆယ်ဦးနှင့် သန်းပေါင်းများစွာသော အမတသခင် စစ်သည်တော်များသည် ထိုက်ယီအမတနယ်မြေကို ဖြိုခွဲပစ်ခဲ့သည်။

ထိုအမတနယ်မြေ၏ မူလရင်းမြစ်ကို တားမြစ် စူးမိသားစုက တိုက်ရိုက် သိမ်းယူခဲ့သည်။

ထိုက်ယီနတ်ဘုရားဂိုဏ်းတွင် လှည့်ကွက်အချို့ ရှိခဲ့လို့သာလျှင် လူနည်းစုသည် အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။ သို့မဟုတ်ပါက ၊ ဤမရေမတွက်နိုင်သော နှစ်ကာလများအတွင်း ထိုက်ယီနတ်ဘုရားဂိုဏ်းသည် လောကထဲတွင် အပြီးတိုင် ပျောက်ကွယ်သွားမည်ကို ကြောက်ရသည်။

၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော် ဤသည်မှာ တားမြစ် စူးမိသားစု၏ ကြောက်စရာကောင်းမှုကို မီးမောင်းထိုးပြနေခဲ့သည်။

ယခုမူ တားမြစ် စူး မိသားစုသည် တပ်ဖွဲ့ကြီးကို ထပ်မံစေလွှတ်လိုက်ပြန်သည်။

ယင်းက သူတို့အားလုံးကို ထိတ်လန့်စေခဲ့သည်။ နယ်မြေလေးခုပဲ ကျန်ရှိတော့သည်မို့ ထပ်မံ စစ်ဖြစ်ပွားပါက အားလုံးပြောင်ပေတော့မည်။

“ဒီမှာ ဒီလောက်ထိကြီးမားတဲ့ လှုပ်ရှားမှုဖြစ်နေတာ ၊ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမ တာအိုတရားရုံးတော်က ဘာလို့ အရေးမယူသေးတာလဲ?”

“ အရေးယူမယ်? မင်းမှာ သတ္တိရှိရင်တောင် တားမြစ် စူးမိသားစုကို အကြောင်းပြချက် သွားတောင်းရဲလား?”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ၊ လူတိုင်း ဆက်ပြောရန် ချီတုံချတုံ ဖြစ်နေကြသည်။

မှန်၏။ တားမြစ် စူး မိသားစု၏ အမျက်ဒေါသကို မည်သူကများ ခံယူနိုင်လိမ့်မည်နည်း။

ဒေါသထွက်နေသော တားမြစ် စူးမိသားစုကို ဒဏ္ဍာရီနယ်မြေထဲက ခေါင်းဆောင်ကြီးနှစ်ဦး ဟု သိကြသည့် အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမ တာအိုတရားရုံးတော်သည်ပင် ဘာတစ်ခွန်းမှ မပြောဝံ့ပေ။

……..

အမှန်တွင် ၊ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမ တာအိုတရားစီရင်ရေးအဖွဲ့သည် ဤအခြေအနေကို စောင့်ကြည့်နေခဲ့သည်။

တားမြစ် စူး မိသားစုမှ အမတစစ်စည်းတံဆိပ်ကို မ‌ဆင့်ခေါ်မီကတည်းက အခြေအနေကို မေးမြန်းရန် လူများကို စေလွှတ်ထားပြီးဖြစ်သည်။

သူတို့ရခဲ့သော အဖြေမှာ--

“ဟမ်! တားမြစ်ကုန်းပြင်မြင့်က မွေးမြူထားတဲ့ ခွေးက ငါ့ရဲ့ တားမြစ်စူးမိသားစုရဲ့ သခင်ငယ်ကို ဒဏ်ရာရစေခဲ့တာ ၊ သခင်အနေနဲ့ ဒီကိစ္စကို တားမြစ်ကုန်းပြင်မြင့်က ဖြေရှင်းပေးသင့်တယ် မဟုတ်လား!?”

“မင်းတို့ကို ငါပြောလိုက်မယ် ၊ဒီကိစ္စအတွက် ဘာညှိနှိုင်းစရာမှ မရှိဘူး ၊ တားမြစ်ကုန်းပြင်မြင့်က ဒီကိစ္စအတွက် တန်ကြေးပေးဆပ်ရမယ် ၊ မင်းတို့နှစ်ယောက်တင် မကဘူး “

“ အမတနယ်မြေ အထက်က အင်အားစုတွေကို ဖိတ်လာခဲ့တောင် ဘာဖြစ်လဲ ! ငါတို့ တားမြစ်စူးမိသားစုက ကြောက်နေမတဲ့လား!?”

“ထွက်သွား! မင်းတို့ အပိုတွေဆက်ပြောနေရင် ကျန်ရှိနေသေးတဲ့ အမတနယ်မြေလေးခုကို ဖျက်စီးပစ်ရမယ်ဆိုတောင် မမူဘူး!”

နောက်ပိုင်းတွင်၊ တားမြစ် စူးမိသားစုထံ စေလွှတ်ခဲ့သော သံတမန်ခမျာ တုန်တုန်ရီရီဖြင့် ပြန်ရောက်လာခဲ့ပြီး၊ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ကို ဤကိစ္စနှင့်ပတ်သက်ပြီး ပြန်လည် ပြောပြခဲ့သည်။

အဆုံးတွင် ၊ ၎င်းတို့နှစ်ဖွဲ့သာ မျက်နှာများ နီရဲလာသည်အထိ ဒေါသတကြီး ဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင် အလွန်ရှုပ်ထွေးသော စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ၊ သူတို့သည် အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

သူတို့သည် အမည်နာမကို မသိခဲ့ရသော်လည်း၊ ထိုလူသည် ငယ်ရွယ်သူဖြစ်ကြောင်း သိခဲ့ရသည်။

သူ၏အထောက်အထားနှင့် နောက်ခံသမိုင်းကြောင်းများက ၎င်းတို့အားလုံးကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

သူသည် တားမြစ်စူးမိသားစု၏ သခင်ငယ်တစ်ဦး ဖြစ်ရုံသာမက။

သူသည် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူလည်း ဖြစ်သည်။

သူ၏ မိခင်မှာ သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသမီးကြီး ဖြစ်နေပြန်သည်။

ပြီးတော့ သူက အဲ့ပုဂ္ဂိုလ်ရဲ့ သား မဟုတ်လား!?

“တားမြစ်ကုန်းပြင်မြင့်က ကောင်တွေ သူတို့ဘာသာ ဒီကိစ္စကို ဖြေရှင်းလိမ့်မယ်! “

“ ကိုယ့်ခွေးကိုတောင် ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ဒုက္ခကိုယ်ရှာတယ် !”

ဤသို့ဖြင့် ၊ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့သည် အခြားသူများ၏အရေးတွင် ဝင်ရောက်စွက်ဖက်မည့်ကိစ္စကို လက်လျှော့ခဲ့သည်။

ဤကိစ္စရပ်တွင် သူတို့သည် အမှန်တကယ် ၀င်ရောက်စွက်ဖက်ခဲ့မည်ဆိုပါက ၊ တားမြစ် အင်အားစုသုံးရပ်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပေတော့မည်။

အမတနယ်မြေသာမက ၊ စကြဝဠာတစ်ခုလုံး ကြီးမားသော အပြောင်းအလဲနှင့် ထပ်မံကြုံတွေ့ရနိုင်သည်။

………

ဟွမ်ကျီအမတနယ်မြေပေါ်တွင် အမတစစ်စည်းတံဆိပ်ထံမှ အဆုံးမရှိသော နတ်အလင်းများ ဖြာကျလာခဲ့သည်။

ဝုန်း ! ဝုန်း ! ဝုန်း !

ခရာသံများ တညီတညွတ်တည်း ထွက်ပေါ်လာကာ ထက်မြက်သော ဓားသွားများသည် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားကို ပြသနေသည်။

ကောင်းကင်နှင့်မြေကြီးတစ်ခွင် နတ်အလင်းများ ဖိတ်ဖိတ်တောက်လျက် နိယာမတရားများ လွှမ်းခြုံလျက်ရှိသည်။

အဆုံးမဲ့ ကောင်းကင်ကို ဖြိုခွင်းကာ ထွက်ပေါ်လာသော နတ်အလင်းများသည် မိုးရွာသွန်းချလေသကဲ့သို့ ကျဆင်းလာသည်။ ၎င်းတို့တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများရှိသည့် အမတစစ်သည်တော်များ ပါဝင်သည်။

ထို့နောက်တွင်၊ ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည့် ရှေးဟောင်း စစ်သင်္ဘောကြီး အများအပြားသည်လည်း အမတနယ်မြေမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

ရောင်ဝါသည် ကြောက်မက်ဖွယ်ကောင်းပြီး၊ မရေမတွက်နိုင်သော ကြယ်များသည်ပင် တဖျပ်ဖျပ် ခတ်ကာ တုန်ခါနေသည်။

မြင်းခွာသံများလည်း ထွက်ပေါ်လာပြီး၊ ဖိတ်ဖိတ်တောက်နေသော ရွှေမီးလျှံတို့သည် ကမ္ဘာမြေကို လင်းထိန်စေခဲ့သည်။

သန်းပေါင်းများစွာသော စစ်သည်များသည် လက်နက်များကို ကိုင်ဆောင်ထားပြီး ၊ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် ငွေရောင်စစ်ဦးထုပ်များကို ဆင်မြန်းထားသည်မှာ ကောင်းကင်ဘုံစစ်သည်တော်များကဲ့သို့ပင်။

မရေမတွက်နိုင်သော အနီရောင်အလံများ တဖျပ်ဖျပ် လွင့်နေပြီး ၊ သူတို့ဆီကနေ ဖြာထွက်လာသော သွေးချီစွမ်းအင်များသည် တစ်လောကလုံးရှိ သက်ရှိအပေါင်းတို့ကို ထိတ်လန့်သွားစေသည်။

စစ်သည်တော်များကို ဦးဆောင်လာသော ထောင်ပေါင်းများစွာသော တပ်မှူးများသည် ရှေ့သို့ထွက်လာကြပြီး စူးမိသားစုရှိရာ ဦးတည်ဘက်သို့ တရိုတသေ ဦးညွှတ်ခဲ့ကြသည်။

ခေါင်းဆောင်ဖြစ်သူ တပ်မှူးများ၏ ဦးဆောင်ပြောဆိုမှုနှင့်အတူ ၊ သူတို့နောက်က တပ်ဖွဲ့ဝင်များကလည်း လူကို တုန်လှုပ်ချောက်ချားသွားစေမည့် အသံမျိုးဖြင့် ကြွေးကြော်လာကြသည်။

“စူးမိသားစု ဘယ်သွားသွား၊ နောက်ကနေ လိုက်ပါဖို့အသင့်ပါပဲ”

“ဤကိုယ်ကို ရှိုးလော်အဖြစ် ပြောင်းလဲကာ ၊ ပူနွေးသောသွေးများဖြင့် ဓားကို လွှဲယမ်းမည်! “

အပိုင်း(၄၉၆): အမတနယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ၊ သံသရာစက်ဝန်း အမတမင်းဆက် (၁)

အမတ တပ်ဖွဲ့ဝင်များ၏ ကြွေးကြော်သံများသည် ပြင်းထန်လှပြီး စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ကြွေးကြော်သံတွင် ပါဝင်သော သတ်ဖြတ်စွမ်းအားသည် ရင်သပ်ရှုမောဖွယ်ရာ ကောင်းပြီး၊ ဆောင်ကျဉ်းထားသော အကန့်အသတ်မရှိသော သွေးချီစွမ်းအားများသည် သက်ရှိသတ္တဝါတိုင်းကို ဦးညွှတ်သွားစေသည်။

“ဒါက အမတ ဖျက်ဆီးရေးတပ်ဖွဲ့ကြီးလား...?”

ထိုက်ယီနတ်ဘုရားဂိုဏ်းသည် တားမြစ် စူး မိသားစု၏ လက်ချက်ဖြင့် ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တိုင် တွေ့ခဲ့ကြသော အမတနယ်မြေမှ လူများသည် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ဤအမတ ဖျက်ဆီးရေးတပ်ဖွဲ့ကြီးသည် ရုတ်တရက် ရောက်ရှိလာသည့်အပေါ် လူတိုင်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။

လူတိုင်း ရှုပ်ထွေးနေကြစဉ် ၊

တားမြစ် စူးမိသားစုထံမှ ထွက်ပေါ်လာသော နက်နဲသိမ်မွေ့သော အသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

“တားမြစ်ကုန်းပြင်မြင့်ကို နင်းချေမယ် !”

အသံသည် အေးစက်နေပြီး ၊စကားလုံးတိုင်းသည် အကန့်အသတ်မရှိသော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။

ထိုစကားများ ထွက်လာသည်နှင့် ။

နဂိုကတည်းက ဇဝေဇဝါဖြစ်နေကြသော အမတနယ်မြေမှ လူတော်တော်များများ ခေါင်းနားပန်းကြီးကုန်ကြသည်။

တားမြစ်ကုန်းပြင်မြင့်ကို နင်းချေမတဲ့လား ?

တားမြစ်ကုန်းပြင်မြင့်သည် မည်မျှအားကောင်းသည်ကို အမတနယ်မြေရှိ မည်သူမဆို ရှင်းရှင်းလင်းလင်း သိထားကြသည်။

၎င်းသည် အမတနယ်မြေရှိ တားမြစ်အင်အားစု ကိုးခုအနက်မှ တစ်ခုဖြစ်ရုံသာမကဘဲ အမတနယ်မြေ၏ အထက်မူလကမ္ဘာနှင့် ဆက်စပ်နေသည်ဟုလည်း ဆိုကြသည်။

၎င်းတို့၏ အလုံးစုံ ခွန်အားသည် တားမြစ် စူး မိသားစုထက် အားနည်းသည်ဟု ပြင်ပလောကသားများက ယုံကြည်ထားသော်လည်း ၊ သို့သော် တားမြစ်ကုန်းပြင်မြင့်ကို ‌နင်းချေရန် စွမ်းအားရှင် မည်မျှစေလွှတ်ရမည်နည်း။

အမတဧကရာဇ်မင်းများကို မည်မျှစေလွှတ်ရမည်နည်း။

အမတဧကရာဇ်မင်းအထက် ပုဂ္ဂိုလ်များကိုပင် စေလွှတ်ရလိမ့်မည်လော။

အကယ်၍ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားမည်ဆိုပါက ၊ အမတနယ်မြေသည် တိုက်ပွဲ၏ဒဏ်ကို ခံနိုင်ရည်ရှိမည်လော။

“အရူးတွေ! လုံးဝကို ရူးနေပြီပဲ!”

“ အမတတွေ ရန်ဖြစ်ရင် သေမျိုးတွေပဲ ဒုက္ခရောက်ကြရတယ်၊ တားမြစ် စူးမိသားစုက အမတ နယ်မြေတစ်ခုလုံးကို ဒုက္ခပေးတော့မှာလား?”

ကြည့်ရှုသူများသည် ကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်နေကြသည်။

တားမြစ် အင်အားစုနှစ်ရပ်၏ တိုက်ပွဲသည် အမတနယ်မြေတစ်ခုလုံး ခံနိုင်ရည်ရှိမည်လော။

“သွားကြမယ် ၊ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ဆီကို သွားတိုင်ကြမယ် “

အချို့သော ပုဂ္ဂိုလ်များသည် အလွန်ဒေါသ ထွက်နေကြပြီး၊ ဤသာလွန်အင်အားစုနှစ်ရပ်၏ တိုက်ပွဲကို ဝင်စွက်ဖက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သူတို့သည် ကိုယ့်ကိုယ်ကို အမတနယ်မြေ၏ အုပ်စိုးသူများဟု အမြဲတမ်း မှတ်ယူထားကြသူများဖြစ်သည်။

ဒီလောက်ထိ ကြီးကြီးမားမား ဖြစ်ပျက်နေတာ ၊ ဒါကို လျစ်လျူရှုထားတာ ရှက်စရာမကောင်းဘူးလား !?

သို့သော် သူတို့မသိခဲ့သည်မှာ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့သည်ပင် ဤကိစ္စနှင့်ပတ်သတ်ပြီး လက်ရှောင်ထားခြင်း ဖြစ်သည်။

တားမြစ် စူး မိသားစုသည် မည်မျှထိကြီးစိုးနိုင်သည်ကို ထည့်မပြောရသေးခင် ၊ အလွန်အကျွံ ဝင်ရောက်စွက်ဖက်မိပါက ၊ ပျက်စီးနိုင်ခြေသည် တားမြစ် ကုန်းပြင်မြင့်တစ်ခုတည်းသာမက ဒေဝလောကတစ်ခုလုံး ထိခိုက်သွားနိုင်သည်။

အဲ့လိုဆိုမှတော့ တားမြစ် ကုန်းပြင်မြင့်ကို လက်လွှတ်ပေးရုံပေါ့ !

ထိုအပြင် ၊၎င်းတို့နှစ်ဖွဲ့စလုံးတွင် အခြားသော အတွေးများရှိနေသးသည်။

တားမြစ် စူး မိသားစုသည် ခေတ်အဆက်ဆက် နှစ်ပေါင်းမည်မျှငြိမ်သက်စွာ နေခဲ့သည့်တိုင် ၊ ၎င်းတို့၏ အင်အားသည် ယခင်ကကဲ့သို့ပင် အားကောင်းနေဦးမည်လော။

ထိုအချိန်တွင် ၊

ဝုန်း ! !

တားမြစ် စူးမိသားစုတည်ရှိရာ ကောင်းကင်ထက်တွင်။

အရောင်စုံလင်သည့် လျှပ်စီးမိုးကြိုးများ မရေမတွက်နိုင်အောင် ပစ်ခွင်းဝင်ရောက်လာပြီး ၊ ဖြူဖွေးသော အလင်းစက်ကွင်းကြီးသည် စကြဝဠာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။

၎င်းနှင့်အတူ ထူးဆန်းနက်နဲသော အမတဆိုင်ရာ အလိုဆန္ဒများ ပြန့်ကျဲလာသည်နှင့် အမျှ ၊ ရိုတ်ခတ်နေသည့် နိယာမစည်းမျဉ်းများကြား တစ်စုံတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာပုံရသည် ။

ခြေလှမ်းများ နီးကပ်လာသည်နှင့်အမျှ ၊ဤနေရာရှိ အမတစစ်သည်‌တော်တို့သည် ထိုအသွင်ပုံရိပ်ကို ကြည့်နေကြသည်။

ထိန်လင်းတောက်ပလွန်းသော နတ်အလင်းရောင်အောက်တွင် ၊ ထိုအနှီသူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း၊

သို့သော် လှပသော အကွေ့အကောက်များမှ တုနှိုင်းမယှဉ်နိုင်သော အလှတရားများကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်မှန်း သိနိုင်သည်။

“ မမလေး စူးယွင်ယွဲ့ ကို ဂါဝရပြုပါတယ် “

မရေမတွက်နိုင်သော အောက်ခြေစစ်သည်တော်တို့သည် ထိုအနှီပုဂ္ဂိုလ်ကို ချက်ချင်းမှတ်မိကြပြီး ရိုသေလေးစားမှုအပြည့်ဖြင့် ဦးညွှတ်ကြလေသည်။

စူးယွင်ယွဲ့ ။

ထိုပုဂ္ဂိုလ်၏ သမီး၊ အဝေးဘိုးဘေး၏ မြေးဖြစ်သူ ၊

သူမသည် ၎င်းတို့ တားမြစ် စူး မိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး၊ ကိုးလှည့်လူဝင်စား နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ယင် နှင့် ယန်၏ သံသရာစက်ဝန်းစွမ်းအားကို ထိန်းချုပ်နိုင်သူဖြစ်သည်။

ထိုကဲ့သို့သော ကိုယ်ထည်သည် အမတနယ်မြေတစ်ခုလုံးတွင် ဒုတိယအဆင့်တွင် တည်ရှိသည်။ အကယ်၍ တားမြစ်ကိုယ်ထည် မရှိခဲ့ပါက ၊ ၎င်းသည် ပထမအဆင့်တွင် ရပ်တည်ပေလိမ့်မည်။

မဟာလမ်းစဉ် သံသရာစက်ဝန်းကို ထိန်းချုပ်နိုင်ပြီး ၊ တချက်တွေးရုံမျှဖြင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။

အနှစ်တစ်ရာအတွင်း၊ ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ် တစ်ပိုင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ရုံသာမက ထာဝရ အမတဧကရာဇ်မင်းဖြစ်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

အဘယ်ကြောင့်ဆိုသော် စူးယွင်ယွဲ့ တွင် အခြားသော ကိုယ်ထည် နှစ်ခုရှိထားသောကြောင့်ဖြစ်သည်။

ဟုန်မုန်တာအိုအရိုး ။

ဟုန်မုန်၏ အစောပိုင်းကာလများတွင် တာအို ရောင်ခြည်ကနေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၊ ဟုန်မုန် ခရမ်းစွမ်းအင်ကို စုစည်းကာ စကြာဝဠာတစ်ခုလုံးကို ဖန်တီးနိုင်စွမ်းရှိသည်ဟု အဆိုရှိသည်။

(T/N - ဟုန်မုန် - ရှေးဦးစကြာဝဠာ၏ မူလအစဖြစ်သော နက်နဲရာမှ မြှုပ်နှံထားသည့် အနှစ်သာရ)

ထို့အပြင် ၊ သူ့တွင် တားမြစ်စူးမိသားစု မူလဘိုးဘေးများ၏ မျိုးရိုးဗီဇအစွမ်းများထဲမှ တစ်ခုဖြစ်သည့် ‘ တားမြစ် နတ်မျက်စိ ‘ ကိုပါ ပိုင်ဆိုင်ထားသည်။”

အမတသခင်များနှင့် နတ်ဘုရားတို့၏ သေခြင်းရှင်ခြင်း အားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ မျက်လုံးတစ်စုံ ပွင့်လာသည်နှင့် ကမ္ဘာကြီးသည် ပျက်စီးသွားနိုင်သည်။

တုနှိုင်းမယှဉ်နိုင်သော ကိုယ်ထည်သုံးခု၏ ကောင်းချီးမင်္ဂလာအောက်တွင် ၊

အမတနယ်မြေတစ်ခုလုံးတွင် နှစ်ယောက်မရှိသော အပြင်းထန်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်သည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည့်တိုင် ၊ စူးယွင်ယွဲ့ သည် နံပါတ်တစ်ပါရမီရှင်အဖြစ် ရပ်တည်နေပြီး ၊ မည်သူမှ သူမကို မယှဉ်နိုင်ပေ။

စူးယွင်ယွဲ့ ကို မြင်သည်နှင့် ၊ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

လူတိုင်း၏မျှော်လင့်ချက်အကြည့်အောက်တွင်၊ အံ့မခန်းသောရုပ်သွင်သည် နောက်ဆုံးမှာတော့ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ချေပြီ။

နတ်အလင်းရောင်အောက်တွင် ၊

စူးယွင်ယွဲ့ သည် လှပသော ရွှေပိုးထည် နှင်းဖြူဂါဝန်ထည်ကို ဝတ်ဆင်ထားသည်မှာ သူမ၏ ကောက်ကြောင်းအလှကို ပို၍ဆွဲဆောင်မှုရှိစေသည်။

သူမ၏ အသွင်အပြင်သည် ကောင်းကင်ဘုံ၏ နတ်ဘုရားမကဲ့သို့ လှပတင့်တယ်ကာ အပြစ်ကင်းစင်သည်။

သို့သော် ဤလှပသော အလှတရားကို နှစ်သက်မြတ်နိုးရန် မည်သူမှ သတ္တိမရှိသလို ၊ အရည်အချင်းလည်း မရှိပေ။

အနက်ရောင် ပတ္တမြားကဲ့သို့ တောက်ပသော ထိုမျက်လုံးတစ်စုံမှာ နက်ရှိုင်းလှသည့် ထာဝရကာလနှင့် တူသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး ပြိုကွဲသွားနိုင်သည်။

ဝေဟင်တွင် အသာယာ ရပ်နေရုံမျှဖြင့်။

အကန့်အသတ်မရှိသော အမတဆိုင်ရာ အလိုဆန္ဒများ သက်ဆင်းလာပြီး ၊ ဤကမ္ဘာကြီးသည် သူမရောက်ရှိလာခြင်းအတွက် အားပေးနေပုံရပြီး ၊ လောကနိယာမများသည်ပင် သူမကို ဦးညွှတ်ခစားရသည်။

ခဏအကြာတွင် ၊ သူမ၏ လှပသော မျက်လုံးတစ်စုံတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

သူမ၏ အနီရောင် တောက်တောက် နှုတ်ခမ်းသားများမှ လွန်စွာ အေးစက်သော စကားများ ပွင့်ဟလာသည်။

“ဒီတစ်ခါတော့ တားမြစ်ကုန်းပြင်မြင့်ကို ငါကိုယ်တိုင် ဦးဆောင်မယ် “

“ကန့်ကွက်စရာရှိလား!”

အပိုင်း(၄၉၆) :အမတနယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ၊ သံသရာစက်ဝန်း အမတမင်းဆက် (၂)

ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက်၊ မရေမတွက်နိုင်သော အမတစစ်သည်တော်တို့သည် ၎င်းတို့၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။

စူးယွင်ယွဲ့ သည် သူတို့ကို နှိပ်ကွပ်သတိပေးလိုခြင်း မဟုတ်။

ဤသည်မှာ သူမ မတွေ့ဖူးသော မောင်ဖြစ်သူသည် ယခုလိုတွေ့ကြုံခဲ့ရခြင်းကြောင့် ၊ ယင်းက သူမကို ဒေါသထွက်စေခဲ့ပြီး သူမခန္ဓာကိုယ်အတွင်း လွှမ်းမိုးနေသော ကြီးမားသော အဖျက်စွမ်းအားများကို ဖိနှိပ်ရန် အခက်အခဲရှိလာခဲ့သည်။

“ မမလေးအတွက်‌ဆို မီးတောင်နဲ့ ပင်လယ်‌ကိုတောင် ဖြတ်ကျော်ကာ ရန်သူတွေအားလုံးကို သုတ်သင်ဖို့ ဆန္ဒရှိပါတယ်!”

ကြွေးကြော်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားပြီး ၊ သတ်ဖြတ်လိုစိတ်များက မိုင်ထောင်ပေါင်းများစွာ အကွာအဝေးထိ ရောက်ရှိသွားခဲ့သည် ။

“အရမ်းကောင်းတယ်၊ သွားကြမယ်”

ညွှန်ကြားချက် ပြုလုပ်ပြီးနောက် ၊ စူးယွင်ယွဲ့ ကိုယ်တိုင် ဦးဆောင်ခဲ့သည်။

အမတတပ်ဖွဲ့ဝင် မြင်းစီးသူရဲကောင်းများစွာတို့သည် တညီတညွှတ်တည်း ချီတတ်လာကြပြီး ၊ များစွာသော ရှေးဟောင်းစစ်သင်္ဘောများသည် ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးကွယ်ထားလေ၏။

အရေအတွက် များပြားသော်လည်း ၊ သူတို့အားလုံးသည် စည်းစနစ်တကျ ရှိသည့်အပြင် အဖျက်စွမ်းအားကြီးမားသော မြစ်ကဲ့သို့ပင် လျင်မြန်သော အရှိန်နှင့်အတူ ခမ်းနားထည်ဝါလွန်းသည် ။

ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော ကျယ်လောင်သော ခရာမှုတ်သံနှင့် အတူ ၊ တပ်ဖွဲ့ကြီးသည် တားမြစ်ကုန်းပြင်မြင့်ဆီသို့ ဦးတည်သွားနေသည်။

အဆိုပါမြင်ကွင်းကို မြင်တွေ့နေရသော အမတနယ်မြေရှိ အင်အားစုတော်တော်များများသည် ကြောက်လန့်တကြား ဖြစ်နေကြသည်။

သူတို့အားလုံးသည် ဘိုးဘွားပိုင်မြေဆီသို့ အပြေးအလွှား ပြန်သွားကာ အကာအကွယ် အစီအရင်များကို တည်ဆောက်ထားကြသည်။

တိုက်ပွဲ၏ နောက်ဆက်တွဲဂယက်သည် သူတို့ဘက်သို့ မြှားဦးလှည့်လာပါက ၊

အသက်ပျောက်မည်ကို စိုးရသည်။

“ဒါနဲ့... သံသရာစက်ဝန်း အမတမင်းဆက် နဲ့ တားမြစ် စူးမိသားစုက ဆွေမျိုးတွေလို့ ငါကြားတယ် “

တချို့လူများက အနည်းငယ် ပဟေဋ္ဌိဖြစ်နေကြသည်။

“ဒီလောက်ထိ ကြီးကြီးမားမားဖြစ်သွားတာ၊ သံသရာစက်ဝန်း အမတမင်းဆက်က ဘာလို့ငြိမ်နေတာလဲ “

“အပိုစကားတွေ လျှောက်ပြောမနေနဲ့ “

“တားမြစ် အင်အားစုနှစ်ရပ် အချင်းချင်း တိုက်ခိုက်ကြတော့မှာ ဒါနဲ့တင် မလုံလောက်သေးဘူးလား !? ဒါကို တဖက်နဲ့တဖက် ပူးပေါင်းစေချင်သေးတာလား ၊ သတိထား မဟုတ်ရင် မင်းရဲ့ခွေးအိမ်တောင် နေစရာ ပျောက်ကုန်လိမ့်မယ်”

……..

တစ်ချိန်တည်းမှာပင်။

အဆုံးမရှိ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်တွင်။

နတ်အလင်းများ ဖိတ်ဖိတ်တောက်လျက် ၊ ထောင်သောင်းချီသော နိယာမအလင်းတန်းများ ကျရောက်လျက်ရှိသည်။

ဤကမ္ဘာနယ်မြေသည် အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သည်။ မှောင်မိုက်နေသော စကြဝဠာ ကောင်းကင်တွင်၊ ပြန်လည်ဝင်စားခြင်းဆိုင်ရာ သဘောတရားများ ပျံ့လွင့်လျက်ရှိပြီး ထိုအရာများက ဤကမ္ဘာနယ်မြေကို သံသရာစက်ဝန်းသမုဒ္ဒရာအဖြစ်သို့ အသွင်ပြောင်းလဲနေသည်။

အကယ်၍ သင်သည် လုံလောက်သော ကြံ့ခိုင်မှု မရှိပါက ၊ သို့မဟုတ် သင်သည် ဤလောက၏ ဒေသခံ မဟုတ်ပါက ၊

ဤနေရာသို့ ခြေတစ်လှမ်းချရုံဖြင့် ၊ သံသရာစက်ဝန်း နိယာမများ၏ တိုက်စားခြင်းကိုခံရကာ လုံးဝ ပျက်စီးသွားပေမည်။

သံသရာစက်ဝန်း အမတနယ်မြေ။

အမတနယ်မြေ လေးပိုင်းတွင် အဆန်းကြယ်ဆုံး နယ်မြေတစ်ခု ဖြစ်သည်။

သံသရာစက်ဝန်း ဆိုသည်မှာ အဘယ့်နည်း။

သဘာဝနိယာမတရားများ မရပ်မနား လည်ပတ်နေသော သံသရာစက်ဝန်း တစ်ခုဖြစ်ပြီး ၊ အသက်ရှင်ခြင်းနှင့်သေဆုံးခြင်း သံသရာ ၊ မရေမတွက်နိုင်သော စကြဝဠာများသည် ဤစက်ဝန်းအတွင်း အတူတကွ တည်ရှိနေပြီး အဆက်မပြတ် ရှင်သန်နေဆဲ ဖြစ်သည်။

ဤသံသရာစက်ဝန်း အမတနယ်မြေတွင် အလွန်လှပသော ကြယ်ရောင်စုံ ကောင်းကင်မြို့ တော်ကြီး ရှိသည်။

အလားတူ ကြီးကျယ်ခမ်းနားသော မဏ္ဍပ်များနှင့် မျှော်စင်များမှာ အဆုံးမရှိပေ။

ဤနေရာကို ဗဟိုပြုလျက် ၊ သံသရာစက်ဝန်း၏ ကြီးကျယ်ခမ်းနားသော စွမ်းအားများသည် သံသရာစက်ဝန်းမဟာလမ်းစဉ်ကိုပင် အကျိုးသက်ရောက်နိုင်သည်။

တိမ်တွေထဲထိ တိုးဝင်ကာ မြင့်မားစွာဖြင့် ခမ်းနားတင့်တယ်မှုအပြည့်ရှိသော နန်းဆောင်ထဲတွင် ။

ဤနေရာတွင် မရေမတွက်နိုင်သော သန်မာသူများ စုဝေးနေကြသည်။

လူတိုင်း၏အထက် မိုးနဂါးကျောက်စိမ်းကုလားထိုင်ပေါ်တွင် နဂါးကိုးကောင်အနက်ရောင် ၀တ်လုံကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ထိုင်နေပြီး ၊ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများက ဖုံးလွှမ်းနေသောကြောင့် သူ၏ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ထိုပုဂ္ဂိုလ်ထံမှ ဖြာကျလာသော ရောင်ဝါတို့သည် လူကို ကြောက်ရွံ့တုန်လှုပ်စေပြီး ၊ သူ့ထံ ဦးညွှတ်ခစားရလောက်သည့်အထိပင်။

ထိုအနှီလူမှာ စူးချန်ကဲ မိခင်၏ မောင်ဖြစ်သူ ၊ သံသရာစက်ဝန်း အမတမင်းဆက်၏ အုပ်ချုပ်သူ ၊ တစ်ဖန် စူးချန်ကဲ၏ဦးလေး လင်ဟွေ အမတဧကရာဇ်မင်း ဖြစ်သည်။

လင်ဟွေ အမတဧကရာဇ်မင်း၏ မျက်လုံးများသည် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ၊ သူသည် လှောင်ပြောင်ပြောဆိုလိုက်သည်။

“တားမြစ်ကုန်းပြင်မြင့်၊ မင်းတို့ကောင်တွေ အတော်လေး သတ္တိရှိနေတယ်ပေါ့”

“ ဒီကိစ္စနဲ့ပတ်သတ်ပြီး အစ်မတော်ကို သွားမနှောင့်ယှက်နဲ့ “

“လာစမ်း ၊ တားမြစ်ကုန်းပြင်မြင့်ကို တပ်တွေစေလွှတ်စေ !”

ထိုစကားများ ထွက်လာသည့်တိုင် ၊

သံသရာစက်ဝန်း အမတမင်းဆက်၏ အကြီးအကဲများသည် ကန့်ကွက်ခြင်း မရှိခဲ့ပေ။

စူးချန်ကဲသည် တားမြစ် စူး မိသားစု၏ သခင်ငယ် ဖြစ်ရုံသာမက၊ ၎င်းတို့ သံသရာစက်ဝန်း အမတမင်းဆက်၏ အသွေးများလည်း သူ၏ခန္ဓာကိုယ်တွင် စီးဆင်းနေသည်။

စူးချန်ကဲ၏မိခင်သည် သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသမီးကြီး ဖြစ်သည်။

သူ၏ အဖိုးသည် သံသရာစက်ဝန်း အမတမင်းဆက်တွင် အသက်အကြီးဆုံးနှင့် သြဇာအကြီးမား‌ဆုံးသော ဧကရာဇ်တစ်ပါး ဖြစ်သည်။

သူသည် အမတဧကရာဇ်နယ်ပယ်၏ အထက်အဆင့်ကို ဖြတ်ကျော်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပင်။သူကိုယ်တိုင်သည်ပင် လမ်းစဉ်ကို ကိုယ်စားပြုသည်။

ထို့အပြင် ၊ စူးချန်ကဲ၏မိခင်သည် လက်တလောတွင် အမတဧကရာဇ်နယ်ပယ်၏ အထက်အဆင့်ကို တတ်လှမ်းရန် တံခါးပိတ်ကျင့်ကြံနေသောကြောင့် ဤကိစ္စကို သူတို့သာလျှင် ဖြေရှင်းရပေမည်။

“ပြီးတော့ ဒီကိစ္စကို အစ်မတော် သိလို့မဖြစ်ဘူး...”

လင်ဟွေ အမတဧကရာဇ်မင်းသည် ဤကိစ္စနှင့်ပတ်သတ်ပြီး ခေါင်းကိုက်နေသဟန်ရှိသည်။

“မဟုတ်ရင်...”

အကြောင်းပြချက်သည် အလွန်ရိုးရှင်းသည်။

စူးချန်ကဲ၏ မိခင်သည် ငယ်စဉ်ကတည်းက ပုံမှန်မဟုတ်သော ဒေါသစိတ်ရှိသည်။

တစ်ချိန်က မိမိအနိုင်ကျင့်ခံရစဉ်က အစ်မတော်သည် တုံ့ဆိုင်းခြင်းမရှိ မိုင်ပေါင်းသန်းချီ လိုက်လံရှာဖွေကာ ၎င်း၏ဘိုးဘေးရှေ့မှောက်တွင် သတ်ဖြတ်ပစ်ခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ သူမသည် သူ့ကလေးသူ အရမ်းကာကွယ်သည်။

အစ်မဖြစ်သူသည် စူးချန်ကဲတွင် ယခုလိုအဖြစ်အပျက်မျိုး ရှိမှန်းသိရှိခဲ့ပါက ၊ သူမ၏ဒေါသများသည် အမတနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပေတော့မည်။

ထို့ကြောင့်၊ လင်ဟွေ အမတဧကရာဇ်မင်းအနေဖြင့် ဤအရာကို ကောင်းစွာဖြေရှင်းရပေမည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ၊

အားကောင်းသော စွမ်းအားတစ်ခုသည် ကွက်လပ်ထဲကနေ ထွက်ပေါ်လာသည်။

အဆိုပါစွမ်းအား၏လွှမ်းမိုးမှုအောက်တွင်၊ သံသရာစက်ဝန်း အမတနယ်မြေတစ်ခုလုံးသည် တုန်လှုပ်ခြောက်ခြားစပြုလာပြီး နိယာမဆိုင်ရာ မှော်သင်္ကေတများသည် ဝင်းထိန်တောက်ပလာသည်။

တဟုန်ထိုး တတ်လာသော နိယာမတရားများသည် ကြယ်စင်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဝင်းလက်လာပြီး ၊ အဆုံးတွင် မှေးမှိန်မသွားသော ကြယ်စင်အကွက်များအဖြစ် ဖွဲ့စည်းသွားသည်။

ဝီ! !

ချက်ချင်းပင်၊ ကြယ်စင်အကွက်များမှ အကန့်အသတ်မရှိသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤကြယ်စင်အကွက်များသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ဆက်လက်ချဲ့ထွင်သွားကာ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင်၊ သံသရာစက်ဝန်း အမတနယ်မြေတစ်ခုလုံးရှိ ပြန်လည်ဝင်စားခြင်းဆိုင်ရာ နိယာမတရားတို့သည် ဤအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေပုံရသည်။

ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားတို့သည် အလျှံပယ်ဝင်ရောက်လာပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားတို့သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားလေတော့သည်။

အပိုင်း(၄၉၇): ကွေးယွမ်အမတဂိုဏ်း ၊ အမတဧကရာဇ်မင်း ဆယ်ပါးကို တားမြစ်ကုန်းပြင်မြင့်ကို စေလွှတ်မည်

ကြီးမားသော ခြေလှမ်းသံများနှင့်အတူ ၊သတ်ဖြတ်လိုစိတ်များသည် အရာအားလုံးကို အေးခဲသွားစေပုံရသည်။

စစ်သင်္ဘောများနှင့်အတူ အရှိန်ပြင်းပြင်း ပြေးထွက်လာကြသည်။

တခဏချင်းမှာပင် ၊ ရွှေရောင်ချပ်ဝတ်တန်ဆာများက ပြိုးပျက်စွာ တောက်ပလျက် ၊ ရတနာဓားများက တဖျပ်ဖျပ် လင်းလက်ကာ စစ်သင်္ဘောများသည် ဟောက်သံပြုလို့နေ၏။

တဟုန်းဟုန်း တောက်လောက်နေသော နတ်အလင်းရောင်များနှင့်အတူ သောင်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များသည် တစ်ဟုန်ထိုး ချီတတ်လာလေ၏။

သူတို့အားလုံးသည် မြင့်မြတ်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြပြီး ၊ လူတိုင်း၏ မျက်လုံးထဲတွင် တိုက်ခိုက်ရေးစိတ်ဓာတ်များဖြင့် တောက်လောင်နေသည်။ သံသရာစက်ဝန်း အမတမင်းဆက်၏ သောင်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ချေပြီ။

သွေးနီရောင် မျိုးနွယ်စုအလံများသည် လေနှင့်အတူ ကခုန်လို့နေကာ ၊ စစ်ဗုံသံများဖြင့် ဆူညံနေသည်။

တစ်ချိန်တည်းမှာပင် ၊ သူတို့အားလုံးသည် ဒူးထောက်ကာ သံသရာစက်ဝန်း အမတမင်းဆက်၏ ဧကရာဇ်နန်းဆောင်ဆီသို့ ရိုသေစွာ ဦးညွှတ်လျက် ကြွေးကြော်ကြလေသည်။

“ သံသရာစက်ဝန်း အမတမင်းဆက်အတွက် ဓားတောင်ကို တတ်ရပါ‌စေ ၊ မီးပင်လယ်ကို ဖြတ်ကျော်ရပါစေ ကျွန်တော်တို့ နောက်မဆုတ်ဘူး!”

……..

ဤရုတ်တရက်ပြောင်းလဲမှုသည် သံသရာစက်ဝန်း အမတမင်းဆက်ရှိ အင်အားစုများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

“ဒီရောင်ဝါက ...သံသရာစက်ဝန်း အမတမင်းဆက်ဆီကလား! ?”

“ငါ ခန့်မှန်းတာသာ မမှားရင်... သံသရာစက်ဝန်း အမတမင်းဆက်က တိုက်ပွဲပြင်ဆင်နေပုံပဲ!”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီနှစ်ကာလတွေမှာ ဘယ်အင်အားစုကမှ သံသရာစက်ဝန်း အမတမင်းဆက်ကို မနှိုးဆော်နိုင်ခဲ့ဘူး “

အင်အားစုအားလုံး၏ ခေါင်းဆောင်များ ငြိမ်သက်သွားချိန်တွင် ၊ လူအိုကြီးတစ်ယောက်က သိသိသာသာ မျက်နှာပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် ဆိုလိုက်သည်။

“ ဟွမ်ကျီအမတနယ်မြေက သူငယ်ချင်းဟောင်းတစ်ဦးဆီက ကြားခဲ့တဲ့သတင်းအရ၊ တားမြစ် စူးမိသားစုကလည်း တားမြစ် ကုန်းပြင်မြင့်ကို သိမ်းပိုက်ဖို့ တပ်ဖွဲ့ကြီးတစ်ခု စေလွှတ်လိုက်တယ်ဆိုပဲ “

ထိုစကားများ ထွက်လာသည်နှင့် ၊

အချင်းချင်း ဆွေးနွေးနေကြသော အင်အားစုခေါင်းဆောင်များသည် အံ့အားသင့်သွားကာ ပဟေဠိဖြစ်နေကြသည်။

ရုတ်​တရက်​ သိလိုက်​ရသည်​နှင့်​ လူတိုင်း၏ အမူအရာတို့သည်​ ​ပြောင်းလဲသွားကြသည်​။

သံသရာစက်ဝန်း အမတမင်းဆက် နဲ့ တားမြစ် စူး မိသားစုရဲ့ ဆက်ဆံရေးကို ဘယ်ကောင်မသိတုန်း!

နှစ်ဖက်အင်အားစု၏ အစွမ်းထက်ဆုံး ပါရမီရှင်နှစ်ဦး လက်ထပ်ခဲ့ကြပြီး ၊ ဤသို့ဖြင့် နှစ်ဖက်အင်အားစုသည် ခမည်းခမက်ဆက်ဆံရေးများ ဖြစ်လာကြသည်။

တားမြစ် ကုန်းပြင်မြင့်သည် အင်အားကြီးမားသော်လည်း ၊တားမြစ် အင်အားစုနှစ်ခု၏ ပူးပေါင်းလက်တွဲမှုကို ရင်ဆိုင်ရပေတော့မည်။ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့သည်ပင် လက်ပိုက်ကြည့်ရုံသာ တတ်နိုင်သည်။

အခြားတားမြစ် အင်အားစုလည်း ဤတိုက်ပွဲတွင် ပါဝင်လာပါက ၊ တားမြစ်ကုန်းပြင်မြင့် တည်ရှိရာ ပရမ်းပတာ ကြယ်ပင်လယ်ကြီးသည်ပင် ကျိုးပဲ့ပျက်စီးကာ မြေပြင်ကြီးသဖွယ် ဖြစ်ပေတော့မည်။

……

တစ်ချိန်တည်းမှာပင်။

ကွေးယွမ် အမတနယ်မြေ၊

ဤအမတနယ်မြေတွင် အမတစွမ်းအားများသည် လွန်စွာ ပေါကြွယ်ဝသည်။

ရွှေရောင်တန်ဆာဆင်ထားသော လမ်းကြောင်းများစွာ ကောင်းကင်ယံမှ ကျဆင်းလာပြီး ၊ နတ်အလင်းများက ဖြူဖွေးစွာ လွှမ်းခြုံလျက် နီညိုရောင် တိမ်တိုက်အလှတရားများဖြင့် လှပနေသည်။

ကြိုးကြာများသည် ကောင်းကင်ယံတွင် ပျံသန်းကခုန်နေပြီး ၊ တကျီကျီ အော်ဟစ်နေကြသည်။

ကွေးယွမ်အမတနယ်မြေ၏ အတွင်းပိုင်းတွင် ၊ ကြီးမားသော မှော်ဝင်ပေါက်တစ်ခု ရှိနေသည်။

မဟာလမ်းစဉ်၏ အငွေ့အသက်များ ပျံ့နှံ့လျက်၊ သန်းပေါင်းများစွာသော ကြယ်တာရာလမ်းကြောင်းများသည် ယင်း၏ဗဟိုသို့ စုဝေးနေသည်မှာ၊ ဤစကြဝဠာ ကိုယ်၌ ထာဝရတည်ရှိနေသကဲ့သို့ပင်။

မိုးကောင်းကင်၏ အဆုံးတွင် လမ်းစဉ်တရားအားလုံးသည် မူလအစသို့ ပြန်လည်ရောက်ရှိနေသည်။

ဤသည်မှာ ကွေးယွမ်အမတနယ်မြေရှိ ကွေးယွမ်အမတဂိုဏ်း၏ အခြေစိုက်စခန်း ဖြစ်သည်။

ဤနေရာတွင် ၊ ကောင်းကင်အမတသခင် နှစ်ဦးက တံခါးကို စောင့်ကြပ်နေသည်။

ကောင်းကင်အမတသခင်များက စောင့်ကြပ်နေသည်မို့ ကွေးယွမ်အမတဂိုဏ်းသာလျှင် သွားလာဖြတ်သန်းနိုင်သည် ။

မျက်စိတစ်‌ဆုံးကြည့်ရှုမည်ဆိုပါက ၊ မရေမတွက်နိုင်သော ခမ်းနားထည်ဝါသော အဆောက်အဦးများ ၊ ဘုံဗိမာန်များနှင့်အတူ ဝေဟင်တွင် တွဲလောင်းကျနေသည့် နတ်တောင်တန်းများကို မြင်ရပေလိမ့်မည်။

ကွေးယွမ်အမတဂိုဏ်း၏ အတွင်းပိုင်း၌ ၊

တလိပ်လိပ် ရိုက်ခတ်နေသော မဟာလမ်းစဉ်၏ စည်းချက်များဖြင့် ပြည့်နှက်နေသည့် သမုဒ္ဒရာအလယ်တွင် မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်နှစ်ဦးသည် တည်ငြိမ်စွာဖြင့် တင်ပျဉ်ခွေထိုင်နေသည်။

စူးချန်ကဲသာ ဤနေရာတွင် ရှိမည်ဆိုပါက ၊ သူသည် ထိတ်လန့်သွားပေလိမ့်မည်။

ထိုအနှီရုပ်သွင်များမှာ မျဲ့ရှိန် ရှေးဘိုးဘေး နှင့် မျဲ့ရှန်း ရှေးဘိုးဘေးတို့ပင် ဖြစ်သည်။

တိုက်မြေသုံးထောင်တွင် ရှိနေသည်မှာ ၎င်းတို့နှစ်ဦး၏ အလွန်အားနည်းသော အသွင်သဏ္ဌာန်ငယ်မျှသာ ဖြစ်သည်။

ထိုအချိန်တွင်၊ စကြဝဠာ၏ တွင်းနက်ကြီးကဲ့သို့ နက်နဲပြီး နားမလည်နိုင်သော ၎င်းတို့၏ မျက်ဝန်းအစုံသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

“ ခုနက ငါ ခံစားမိသလောက်ကတော့ ချန်ကဲ ဘာမှမဖြစ်သလိုပဲ”

မျဲ့ရှန်း ရှေးဘိုးဘေး က ဆိုသည်။

“ ဒါပေမဲ့ အခုအချိန်မှာ သူက အတော်လေးကို အားနည်းနေတယ် ဒါကြောင့် ငါ သူ့ကို ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်”

ထိုစကားကိုကြားတော့ သူ့ဘေးနားတွင် ရှိနေသော မျဲ့ရှိန် ရှေးဘိုးဘေးက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။

“ချန်ကဲ အဆင်ပြေနေရင်ကို ရပြီ...”

တုံထျန်း အဝေးဘိုးဘေး မထွက်ခွာမီ ၊ စူးချန်ကဲကို ကောင်းကောင်းဂရုစိုက်ရန် အထူးမှာကြားခဲ့သည်။

မူလက ဤလေ့ကျင့်ရေးသည် စူးချန်ကဲ အတွက် အခွင့်ကောင်းတစ်ခုဟု တွေးထားခဲ့သည်။ သို့သော် ဇီဝတားမြစ်နယ်မြေ နှင့် တိုက်မြေပြင်ပ နယ်မြေသည် ဤမျှ အတင့်ရဲလိမ့်မည်ဟု မည်သူကများ တွေးထင်ခဲ့မည်နည်း။

တစ်ချိန်တည်းမှာပင် ၊ ၎င်းတို့၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက ပို၍ပြင်းထန်လာသည်။

“တားမြစ်ကုန်းပြင်မြင့်၊ ဒိီကောင်တွေ အတော်လေး သတ္တိရှိနေတယ်ပေါ့!”

မျဲ့ရှိန် ရှေးဘိုးဘေးက အေးစက်စွာ ဆိုလိုက်သည်။

“ ဇီဝတားမြစ်နယ်မြေက သူတို့ မွေးထားတဲ့ ခွေး ဆိုမှတော့ ၊ သူတို့လည်း တန်ကြေးပေးဆပ်ရမယ် “

“မှန်တယ်၊ ဒါကို သာဓကအနေနဲ့ ပြသမယ် “

“ အမတနယ်မြေက လူတိုင်း ထိတ်လန့်သွားစေရမယ် ၊ ချန်ကဲ အမတနယ်မြေကို ရောက်လာတဲ့အခါ ဘယ်ခွေးသတောင်းစားတွေက စော်ကားဝံ့မလဲ‌ဆိုတာ ကြည့်ရသေးတာပေါ့!”

မျဲ့ရှန်း ရှေးဘိုးဘေး၏ မျက်လုံးများတွင်လည်းအလားတူ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ရှိနေသည်။

“ တိ့ထျန်းက အခု‌ဆို ကပ်ဘေးကိုးပါး အမတဘုရင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ မဟုတ်လား ?”

“အတော်ပဲ ၊ အကြီးတန်းတွေ အားယားနေကြတာ “

“ အမတဧကရာဇ်အဆင့်ကို ဖြတ်ကျော်ပြီး ဘာမှမလုပ်ဘဲ အားယားနေမယ့်အစား ၊ တပ်ဖွဲ့ကို ဦးဆောင်ပြီး တားမြစ် ကုန်းပြင်မြင့်ကို စေလွှတ်ခိုင်းလိုက် “

“ကောင်းတယ်”

မျဲ့ရှိန် ရှေးဘိုးဘေးလည်း သဘောတူခဲ့သည်။

ထို့နောက် ရှေးဘိုးဘေးနှစ်ဦးသည် လက်ဖျားထိပ်၌ မှော်အတတ်များကို စုဝေးလိုက်သည်။

ဝီ—! !

ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး အပိုင်းမှ နတ်ဘုရားကျောက်တိုင်ကြီးသည် ကြောက်မက်ဖွယ်ရာ တာအိုစည်းချက်များဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။

အတိုင်းအဆမရှိ ကျယ်ပြန့်သော အာကာသဟင်းလင်းပြင်သည် အဆိုပါအင်အား၏ လွှမ်းမိုးမှုအောက်တွင်၊ ကောင်းကင်အက်ကွဲကြောင်းမှ ဤကမ္ဘာကြီးကို ဗဟိုချက်အဖြစ် ဖွဲ့စည်းထားပုံရသော ကောင်းကင်တံခါးကြီးတစ်ခု ပွင့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ကွေးယွမ်အမတဂိုဏ်းတွင် ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ တောက်ချန်ခုန်း ၊ မင်းရဲ့ မောင်နှစ်မကိုးယောက်နဲ့ အတူ ပြီးတော့ တိ့ထျန်း အဲ့ကလေးကိုပါ ခေါ်ပြီး တားမြစ်ကုန်းပြင်မြင့်ကို သွားလိုက် “

“မှတ်ထား ၊ တားမြစ် ကုန်းပြင်မြင့်ကို မနင်းချေနိုင်ရင် ပြန်လာဖို့မလိုဘူး !”

ထိုစကားများ ထွက်လာသည်နှင့်။

ကွေးယွမ်အမတဂိုဏ်း၏ လျှို့ဝှက်လှိုဏ်ဂူထဲတွင် ၊

မိုးကောင်းကင်ထိ တိုးဝင်နေသော ရှေးဟောင်းသစ်ပင်၏အောက်တွင် ၊ ခရမ်းရောင်-ရွှေသရဖူကို ဆောင်းထားပြီး လဖြူရောင် တာအိုဝတ်လုံကို ၀တ်ဆင်ထားသော ဆံဖြူ အမျိုးသားတစ်ဦးသည် သူ့ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ခဏလေးအတွင်းမှာပင် ၊ မိုးကောင်းကင်ထိ တိုးဝင်နေသော ရှေးဟောင်းသစ်ပင်ကြီး၏ အကိုင်းအခက်များပေါ်တွင် ထမ်းပိုးထားသည့် မရေမတွက်နိုင်သော ကမ္ဘာငယ်လေးများသည် သူ၏ ရောင်ဝါကြောင့် အချိန်မရွေး ပြိုကျတော့မည့် အရိပ်အယောင်များကို ပြသနေသည်။

ဤပုဂ္ဂိုလ်သာ အလိုရှိပါက ၊ အတွေးတစ်ချက်တည်းဖြင့် ဤစကြာဝဠာတစ်ခုလုံးကို တခဏအတွင်း ပျက်စီးသွားမည်ကို စိုးရသည်။

တောက်ချန်ခုန်း ၊ ကွေးယွမ်အမတဂိုဏ်း၏ ထိပ်တန်း အမတဧကရာဇ်မင်းတစ်ပါးဖြစ်ပြီး ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်မင်း ဖြစ်သည်။

သူသည် ပရမ်းပတာဟုန်မုန် နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

သူသည် စူးယွင်ယွဲ့ ထက် များစွာအသက်ကြီးသော်လည်း ၊ စူးယွင်ယွဲ့ မမွေးဖွားမီ အမတနယ်မြေတွင် သူသည် အတောက်ပဆုံးသော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ယခုတွင်မူ ၊ သူ့ကို ပါရမီရှင်တစ်ဦးလို့ ယူဆလို့မဖြစ်နိုင်တော့ချေ။ မရေမတွက်နိုင်သော ခေတ်များ ကုန်လွန်သွားခဲ့ပြီးနောက် သူသည် မျိုးဆက်ဟောင်း အကြီးအကဲတစ်ဦးဟု ဆိုရပေလိမ့်မည်။

“ မျဲ့ရှန်း ရှေးဘိုးဘေးက ငါ့ကို တားမြစ်ကုန်းပြင်မြင့်ကို သွားခိုင်းတယ်?...”

တောက်ချန်ခုန်း တစ်ယောက် ပဟေဠိဖြစ်နေသည်။

“ဒါပေမယ့် ငါက အမတဧကရာဇ် နယ်ပယ်ရဲ့ အထက်အဆင့်ကို ဖြတ်ကျော်ခံနီးပြီလေ ...ဒီအချိန်ကြီး ဘာသွားလုပ်ခိုင်းတာတုန်း?”

သို့သော် ရှေးဘိုးဘေး၏ အမိန့်ဖြစ်သောကြောင့် သူသည် သေချာပေါက် လိုက်နာရပေမည်။

သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်နှင့် ၊ အမတဆိုင်ရာ နတ်အလင်းတို့သည် အဆုံးမရှိ ထွက်ပေါ်လာသည်။

“သွားကြမယ်၊ ရှေးဘိုးဘေးက တားမြစ်ကုန်းပြင်မြင့်ကို နင်းချေခိုင်းထားတယ် ၊ မင်းတို့ ထပ်ပြီးအလေလိုက်နေဦးမယ်ဆိုရင် “

“ ငါ မင်းတို့ကို မပြောမိလို့ဆိုပြီး အပြစ်မတင်နဲ့”

ထိုစကားများ ထွက်လာသည်နှင့် ။

နတ်အလင်းတန်း ကိုးခုသည် ဟင်းလင်းပြင်ကွက်လပ်တွင် ထွက်ပေါ်လာသည်။

ချက်ခြင်းပင်၊ ရုပ်သွင်ကိုးသွင်သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး ၊ ၎င်းတို့၏ ဘေးပတ်ပတ်လည်တွင် အချိန်အပိုင်းအစများ ပျံဝဲနေသည်ကို မြင်တွေ့ရပေမည်။

အမတ ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသေးသော တိ့ထျန်း မှလွဲ၍ ၊

ကျန်လူများ အားလုံးသည် အမတဧကရာဇ်မင်း အဆင့်သို့ ရောက်ရှိထားကြသူများ ဖြစ်သည်။

စုစုပေါင်း အမတဧကရာဇ်မင်း ဆယ်ပါး ရှိပြီး ၊ အဆိုပါ အင်အားတစ်စုံ၏ လက်အောက်တွင် အမတနယ်မြေရှိ တားမြစ် အင်အားစုများမှလွဲ၍ မည်သူမျှ သူတို့ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။

အပိုင်း(၄၉၈): တားမြစ် အင်အားစုသုံးစု ပူးပေါင်းခြင်း

“အိုင်း.... ငါတို့ ပျင်းနေတာ ဘယ်လောက်ကြာသေးလို့လဲ ခုမှနှစ်ပေါင်း ခြောက်ထောင်ပဲ ရှိသေးတယ် ၊ ရှေးဘိုးဘေးက ငါတို့ကို အလုပ်ခိုင်းနေပြီလား လူကို နည်းနည်းလေးတောင် အိပ်ခွင့်မပေးနိုင်ဘူးလား...”

နောက်ထပ် ကပ်ဘေးကိုးပါးအမတရှင်ဧကရာဇ်မင်းတစ်ပါးကလည်း မကျေနပ်သောလေသံဖြင့် ညည်းညူလိုက်သည်။

“ဟုတ်တယ်! ငါတို့ကို တားမြစ်ကုန်းပြင်မြင့်ကို သွားပြီးချေမှုန်းခိုင်းနေတာ ၊ ငါ့ကိုယ်ငါ ယုံကြည်ချက်ရှိတယ်ဆိုပေမဲ့ ဒါပေမဲ့ အဲ့လောက်ထိလွယ်နေမယ်ဆိုရင် ငါဘာလို့ ခုလိုအပျင်းကြီးနေမှာတုန်း “

“ ဆရာတူအစ်ကို၊ ကျွန်တော်တို့တွေပဲ သွားရမှာလား ၊ ကွေးယွမ်အမတဂိုဏ်းရဲ့ အမတတပ်ဖွဲ့ကရော?”

တောက်ချန်ခုန်း က ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း။

“မရှိဘူး၊ ငါတို့ပဲ သွားရမှာ “

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ကျန်အမတဧကရာဇ်မင်းတို့၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး ခြေထောက်များ ယိုင်ခွေလုနီးပါး ဖြစ်သွားကြသည်။

“ငါတို့ ဒီလူအရေအတွက်နဲ့တင် တားမြစ်ကုန်းပြင်မြင့်ကို စေလွှတ်ပြီး နင်းချေခိုင်းတယ်? ဒီတသက်ပြီးနိုင်ပါဦးမလား “

“ တော်ပြီ မပျော်နိုင်တော့ဘူး ၊ ဆရာတူအစ်ကို ငါတို့ ပုန်ကန်ကြစို့ !”

“…….”

မိမိ၏ ညီအစ်ကိုမောင်နှမများ၏ ညည်းညူသံများကို နားထောင်ရင်း တောက်ချန်ခုန်းသည် ကူကယ်ရာမဲ့စွာ ပြုံးလို့နေသည်။

“ ကဲပါ ၊ ငါတို့ ကွေးယွမ်အမတဂိုဏ်းက ‌အမတတပ်ဖွဲ့ကို စေမလွှတ်ထားဘူးဆိုပေမဲ့ “

“ဒါပေမဲ့ ရှေးဘိုးဘေးပြောတာတော့ အခြားအင်အားစုနှစ်ဖွဲ့က သူတို့ရဲ့ အမတ တပ်ဖွဲ့ကို တားမြစ်ကုန်းပြင်မြင့်ကို စေလွှတ်ထားပြီးပြီလို့ ပြောတယ် “

“သူတို့နဲ့သာဆို မင်းတို့ ဘာမှလုပ်စရာတောင် မလိုဘူး၊ အောင်ပွဲကို အသာလေးသိမ်းယူနိုင်တယ်”

“ဘယ်အင်အားစုတွေတုန်း? “

အမတဧကရာဇ်မင်းတို့၏ မျက်လုံးအရောင်သည် ပြောင်းလဲသွားကြပြီး ၊ အနည်းငယ် ပဟေဋိ ဖြစ်နေကြသည်။

“အဲ့တာက တားမြစ် စူးမိသားစု နဲ့ သံသရာစက်ဝန်း အမတမင်းဆက် “

ထိုစကားများထွက်လာသည်နှင့် ၊ ၎င်းတို့အားလုံး အံ့အားသင့်လျက် ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ၊ သိပ်မကြာမီ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလာခဲ့သည်။

“သွားမယ် သွားမယ်၊ ဒါများ ဘာခက်လို့တုန်း လူကို သိပ်အထင်သေးတာပဲ “

“ဒီနေ့တော့ တားမြစ်ကုန်းပြင်မြင့် တစ်ခုလုံးကို ပြာအဖြစ် နင်းချေပစ်မယ်ကွ !”

“ မြန်မြန်လုပ်မယ် ! တားမြစ် ကုန်းပြင်မြင့်ကို နင်းချေပြီးတာနဲ့ ပြန်အိပ်ကြမယ် “

“…….”

သူ၏ “ ခုတစ်မျိုး တော်ကြာတစ်မျိုး ‘ ပြောတတ်သော ညီအစ်ကိုမောင်နှများကို ကြည့်ရင်း တောက်ချန်ခုန်းခမျာ ခိုကိုးရာမဲ့စွာ ပြုံး‌လိုက်မိသည်။

အချိန်ကာလကြာရှည်စွာ အားအားယားယား နေလာခဲ့ကြသည်ဖြစ်၍ ၎င်းတို့အားလုံးသည် အတော်လေး ပျင်းရိလာခဲ့ပုံရသည်။

“ဒါနဲ့... ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူက အတော်လေးကို အံ့သြစရာကောင်းတာပဲ”

တောက်ချန်ခုန်းသည် တားမြစ်ကုန်းပြင်မြင့်ဆီသို့ လှမ်းကြည့်ရင်း ဆိုလေသည်။

“ဒီအငယ်တန်းညီလေးကို ငါ တစ်ခါမှမတွေ့ဖူးပေမယ့်”

“ဒါပေမဲ့ တားမြစ်ကုန်းပြင်မြင့်ရဲ့ ခွေးတွေက ဒီလောက်ထိ သတ္တိရှိနေတာ...”

တစ်လောကလုံးကို လောင်မြိုက်ပစ်တော့မည့်အတိုင်း သူ၏မျက်လုံးသည် ပို၍ တောက်လောင်လာခဲ့သည်။

“ သခင်တစ်ယောက်အနေနဲ့၊ နာကျင်တဲ့ သင်ခန်းစာကို ကောင်းကောင်းကြီး နာယူလက်ခံရလိမ့်မယ် !”

……

ဤအဖြစ်အပျက်၏ သက်ရောက်မှုသည် အတော်လေး ကြီးမားသည်ဟု ဆိုရမည်။

အမတနယ်မြေ လေးခု၏ အကြောင်းသည် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

မရေမတွက်နိုင်သော ရှေးဟောင်းအင်အားစုဝင် စွမ်းအားရှင်တိုင်း၏ အကြည့်များသည် တားမြစ် ကုန်းပြင်မြင့် တည်ရှိရာ ပရမ်းပတာကြယ်စုနယ်မြေကို အာရုံစိုက်နေကြသည်။

“ သွားပြီ ၊တားမြစ်ကုန်းပြင်မြင့်တော့ ဒီတစ်ခေါက် လုံးဝသွားပြီ “

“ဟုတ်တယ်၊ တားမြစ် အင်အားစုကြီးသုံးစုက လက်တွဲလိုက်ပြီ ၊ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တောင် ခုခံနိုင်မှာ မဟုတ်ဘူး ၊ တားမြစ် ကုန်းပြင်မြင့်တော့ ဒီတစ်ခေါက် လုံးဝပျက်စီးကိန်းစိုက်ပြီ “

“တားမြစ် ကုန်းပြင်မြင့်က အင်အားစုကြီး သုံးစုကို ဒေါသထွက်စေတဲ့အထိ ဘာများလုပ်ခဲ့လို့ပါလိမ့်....”

“ ကမ္ဘာ့ကပ်ဘေး စစ်ပွဲအပြီး၊ ဒါဟာ နောက်ထပ် ကြောက်စရာကောင်းတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်လာမှာကို စိုးရတယ်...”

“ အေးအေးလူလူ ပြီးသွားဖို့ကိုပဲ မျှော်လင့်တယ် ၊ အမတနယ်မြေကို နောက်တစ်ဖန် ထပ်ပြီး ပျက်စီးစေလို့မဖြစ်ဘူး ...”

အာကာသ ဟင်းလင်းပြင်တွင် ပြိုးပြိုးပျက်ပျက် တောက်ပနေသော လမ်းကြောင်းများကို ကြည့်ရင်း ၊ မိမိတို့၏ ဦးရေပြားများ ပူထူသွားသည်ကို ခံစားလိုက်ရသည်။

ဘယ်နေရာကိုပဲ ကြည့်ကြည့် ၊

တောက်ပသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် စစ်သည်တော်များကို မြင်တွေ့ရပေမည်။

စစ်သင်္ဘောများက ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားလေသကဲ့သို့ ကြယ်စုများသဖွယ် တောက်ပနေသည်။

ကောင်းကင်နှင့်မြေကြီးကြား ၊ ကျယ်လောင်စွာ ပျံ့လွင့်နေသော စစ်ဗုံတီးသံနှင့်အတူ ၊

မြင်းစစ်သည်တော်တို့သည် ကောင်းကင်ယံကို ဖြိုခွဲဖျက်ဆီးကာ တစ်ရှိန်ထိုး ဝင်ရောက်လာကြသည်။

သောင်းချီသော တပ်ဖွဲ့ဝင်များသည် နတ်အလင်းလှိုင်းဆူနာမီသဖွယ် ဝင်ရောက်လာကြသည်မှာ လူတိုင်းကို ကြီးမားသော အမြင့်အာရုံတစ်ခုအဖြစ် ပေးစွမ်းနေသည်။

ကြယ်တာရာလောကထဲက မွေးရာပါ ဧရာမ သားရဲများသည်ပင် လမ်းကြောင်းအသီးသီးမှ ဝင်ရောက်လာကြသည်။

ဤမြင်ကွင်းသည် လူတိုင်းကို စကားမဲ့သွားစေသည်။

ဤဧရာမ သားရဲများသည် အမတနယ်မြေလေးခုရှိ အမတသခင်များကိုသာ စားသုံးတတ်သော ရှေးဟောင်းနတ်သတ္တဝါကြီးများ ဖြစ်သည်။

၎င်းတို့ထဲတွင် ၊ အမတဧကရာဇ်အဆင့်ရှိသော သားရဲများပင်လျှင် ပါဝင်သည် ။

ယခုတွင် တားမြစ် စူး မိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့၏ တပ်ဖွဲ့ဝင်များသည် ရန်သူ၏နယ်မြေထဲသို့ တန်းတန်းမတ်မတ် ချီတက်လာချေပြီ။

ယင်းအစား၊ ၎င်းတို့သည် သားရဲများ၏ သွေးဆာသော စစ်ပွဲကို မြင်လိုက်ရသည့်အတိုင်း ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြသည်။

သို့သော်လည်း ၊ တွေးကြည့်ပါက သဘာဝကျပေသည်။

ရူးနေသူသာလျှင် တားမြစ် အင်အားစုသုံးစုကိုရန်ဆွဝံ့ပေမည်။

ဥပမာအားဖြင့်၊ တားမြစ် ကုန်းပြင်မြင့်ကဲ့သို့ သေချင်တဲ့လူကို မည်သူကမှ တားနိုင်လိမ့်မည် မဟုတ်။

အမတနယ်မြေရှိ စွမ်းအားရှင်ပုဂ္ဂိုလ်များသည် တားမြစ်အင်အားစု သုံးစုကို ရန်ဆွမိခဲ့သော တားမြစ်ကုန်းပြင်မြင့် အနေဖြင့် ၊ ဤအခိုက်အတန့်တွင် နောင်တများရနေမည်လော ဟု သိချင်နေကြသည်။

…….

တစ်ချိန်တည်းမှာပင်။

ပရမ်းပတာ ကြယ်ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်း၌ ၊

အဆုံးမရှိသော မှော်နက်သင်္ကေတများသည် ဒီရေအလား ရိုက်ခတ်ကာ ၊ အမှောင် အလင်းတန်းများ ပျံ့နှံ့လျက် သက်ဝင်စီးဆင်းနေသည်။

တားမြစ် ကုန်းပြင်မြင့် တည်ရှိရာ ထူးဆန်းသောဤကမ္ဘာကြီးသည် ယခုတွင် ကမောက်ကမ ဖြစ်လို့နေသည်။

မရေမတွက်နိုင်သော တပ်ဖွဲ့များသည် ဤအခြေအနေအတွက် အသင့်ပြင်ထားပုံရပြီး၊ ဖွဲ့စည်းပုံများ အထပ်ထပ် ကာရံထားသည်။

ထိပ်တန်း တားမြစ်အင်အားစုဝင်အဖြစ်၊ တားမြစ်ကုန်းပြင်မြင့်ရှိ မျိုးနွယ်စုများနှင့် တပည့်များသည် အမတနယ်မြေရှိ မည်သူကိုမဆို နှိမ့်ချစွာ ဆက်ဆံတတ်ကြသည်။

သို့သော် ၊ လက်ရှိတွင် သူတို့အားလုံး လွန်စွာ အထိတ်တလန့် ဖြစ်နေကြသည် ။

အကောင်းကြီးကနေ ဘယ်လိုလုပ်ပြီး အင်အားစု သုံးဖွဲ့ ပူးပေါင်းပြီး သူတို့ကို လာတိုက်နေရတာတုန်း!?

သူတို့လည်း ဒီအင်အားစုသုံးဖွဲ့က လူတွေကို ထိပ်တိုက်မတွေ့ဘဲ ရှောင်နေခဲ့ကြတာ မဟုတ်ဘူးလား?

“ - ီးပဲ ! တားမြစ် စူး မိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက် နဲ့ ကွေးယွမ်အမတဂိုဏ်း ၊ ဒီကောင်တွေ ရူးများသွားသလား!?”

တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်သည် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

“ ငါတို့ တားမြစ်ကုန်းပြင်မြင့်ကလည်း သူတို့ကို ရန်မစခဲ့ပါဘူး ၊ ဘယ်လိုလုပ်ပြီး တပ်တွေ‌စေလွှတ်လာတာလဲ”

သူတို့အားလုံးသည် ကိုယ့်ဟာကို အေးအေးလူလူ နေထိုင်ခဲ့သည်။ သို့သော် တားမြစ် အင်အားစုသုံးဖွဲ့သည် မိမိတို့ကို တိုက်ခိုက်ရန် တပ်ဖွဲ့များကို စေလွှတ်လာခဲ့သည်။

အထူးသဖြင့် တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်ခမျာ ၊ ခန်းမထဲ သူ့ဟာသူသစ်သီးစားရင်း ပွဲကြည့်နေသင့်သည် ။

ရလဒ်အနေဖြင့်၊ သူသည် သူ၏ ပျော်ရွှင်သောဘဝကြီးကိုပင် မခံစားရသေးဘဲ ၊ နားမလည်နိုင်သော ဘေးဒုက္ခကြီးတစ်ခုက သူ့ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။

မရေမတွက်နိုင်သော‌ နှစ်ကာလပေါင်းများစွာ အသက်ရှင်လာသည့်တစ်လျှောက်လုံး ဤအချိန်သည် သူ့ဘဝတွင် အနာကျင်ဆုံးအချိန်ဖြစ်ခဲ့ရသည်။

တစ်ချိန်က မိမိ၏ “ဘုန်းတန်ခိုးအာဏာ “ ကို ပြန်လည် တွေးတောနေမိသည်။

အမတဧကရီတစ်ပါး ရေချိုးနေတုန်း ၊ ရေနှင်းမှုန်တွေကို ဘယ်သူက ဖယ်ရှားပေးခဲ့တာလဲ?

သူငယ်ချင်းကောင်းတွေ အိမ်မှာမရှိခိုက် ၊ သူ့မိန်းမတွေက ဘယ်သူက ဂရုစိုက်ပေးခဲ့တာလဲ?

ထို့အပြင် ၊ သူသည် အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့ကို တိတ်တဆိတ် ကျိန်ဆဲနေလေ၏။

ဒါပေမဲ့ ဒီတားမြစ် အင်အားစုသုံးဖွဲ့ကို သူ ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးဘူး မဟုတ်လား!?

လူကို အနိုင်ကျင့်လွန်းလို့ အလွန်ဆုံး အရှက်မရှိတဲ့ကောင် ဟူ၍ဆဲဆိုရုံမျှသာ ။ ဒါကို တဖက်လူက သိမှာတဲ့လား!?

ထိုအကြောင်းများကို တွေးရင်း ၊ တားမြစ် ကုန်းပြင်မြင့်၏ အရှင်သခင်မှာ ဒေါသတကြီး ဖြစ်လာသည်။

“ ဟွန်း ၊ တားမြစ် စူး မိသားစုထဲက ဒီကောင်တွေက သူတို့ကိုယ်သူတို့ တုနှိုင်းမဲ့တွေလို့ ထင်နေသလား!”

“ ဒီလောက်ထိ ဗိုလ်ကျတာ ၊ တကယ်ကို လွန်လွန်းတယ်!”

“ အမတနယ်မြေတစ်ခုလုံးက ဒင်းတို့အပိုင်လို့ ထင်နေကြတာလား!”

“ပြီးတော့ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က ကောင်တွေ ၊ ပြောတော့ အမတနယ်မြေရဲ့ အုပ်စိုးသူတွေဆို...ဘာလို့ခုထိ ထွက်မလာသေးတာလဲ?”

တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်သည် ပို၍ ဒေါသထွက်လာပြီး ၊ သူ့ပတ်ဝန်းကျင်တွင် ရှိနေသော အမှောင် နိယာမတရားသည် ပို၍အားကောင်းစွာ ရိုက်ခတ်လာသောကြောင့် ဟင်းလင်းပြင်အလွှာများ တသိမ့်သိမ့် တုန်ခါသွားသည်။

သူသည် ယခင်က အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ကို တိုင်ကြားခဲ့ဖူးသည်။

သကောင့်သားတွေက လေကသာ ကြီးတာ ၊ တကယ့် အရေးကြီးတဲ့အခိုက်အတန့်ကြရင် အီးတောင်မပေါက်ရဲတာ ဘယ်သိမတုန်း!!

တားမြစ်ကုန်းပြင်မြင့်၏ သခင်ဖြစ်သူသည် စိုးရိမ်သောကရောက်နေတုန်း ၊

တပ်သား အစောင့်တစ်ယောက်က ကပျာကယာ ဝင်လာကာ လျှောက်ထားလေ‌သည်။

“သ... အရှင်သခင်... မကောင်းတော့ဘူး!”

“တားမြစ် စူးမိသားစု နဲ့ သံသရာအမတမင်းဆက်က တပ်တွေ ပရမ်းပတာကြယ်စုနယ်မြေထဲကို ဆင်းသက်လာကြပြီ!!”

All Chapters