အခန်း (၄၉၉-၅၀၀)
Vol. 36 Ch. 499-500
အပိုင်း(၄၉၉): တားမြစ်ကုန်းပြင်မြင့်!?
ထိုစကားများ ထွက်လာသည်နှင့် ။
မူလက ဆူညံနေသော နန်းဆောင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
လူတိုင်း ဖြူဖပ်ဖြူရော်ဖြစ်သွားကြပြီး ၊ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပျာပျာသလဲ ဝင်ရောက်လာသော အစောင့်ကို ကြည့်နေကြသည်။
တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်ပင်လျှင် အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည်။
တားမြစ် အင်အားစုသုံးဖွဲ့ ရောက်ရှိလာသည့် အရှိန်သည် သူထင်ထားသည်ထက် ပိုမြန်နေခဲ့သည်။
“ -ီးပဲ ! ဒီကောင်တွေ လွန်လွန်းနေပြီ!”
“ သူတို့သန်မာသလောက် ၊ ငါ့ရဲ့ တားမြစ်ကုန်းပြင်မြင့်ကလည်း မပျော့ညံ့ဘူး!”
ထို့နောက်၊ တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်သည် လက်ကိုဝှေ့ယမ်းကာ ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“သွား ! ဘိုးဘွားပိုင်မြေကို သွားပြီး တားမြစ်ကုန်းပြင်မြင့်ရဲ့ မူလ တည်ထောင်သူ ဘိုးဘေးကို သွားနှိုးမယ် “
“ ဒီကောင်တွေက ရန်ဖြစ်ချင်တာဆိုမှတော့ ငါတို့ကလည်း အဆုံးထိတိုက်ရုံပေါ့!”
ထိုစကားများ ထွက်လာသည်နှင့် ၊ အကြီးအကဲတစ်ဦးသည် အမိန့်ကို အလျင်အမြန်လက်ခံကာ တားမြစ် ကုန်းပြင်မြင့်၏ အတွင်းပိုင်းထဲသို့ ပြေးဝင်သွားခဲ့သည်။
“လာ၊ သကောင့်သားတွေနဲ့ တွေ့ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ !”
အမတဧကရာဇ် တစ်ပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်အချို့သည် သူနှင့်အတူ လိုက်ပါလာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ၊ သူတစ်ယောက်အားနဲ့ တားမြစ်အင်အားစု သုံးဖွဲ့ကို ရင်ဆိုင်ဖို့ဆိုတာ နည်းနည်း အားနည်းနေသေးသည်။
…….
တစ်ချိန်တည်းမှာပင်။
ပရမ်းပတာကြယ်စုနယ်မြေ ။
ဤအခိုက်အတန့်တွင် ၊ စစ်ဗုံတီးသံ ခြိမ့်ခြိမ့်နှောင်းလျက် ကောင်းကင်အနှံ့ မျောလွင့်နေသော နတ်အလင်းတန်းများက လောကတစ်ခွင် လွှမ်းခြုံလို့နေသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော အမတစစ်သည်တော်တို့သည် မိုးရေပမာ ကျဆင်းလာသည်။
တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်ရှိလာပြီး ၊ ကောင်းကင်ပြင်တစ်ခုလုံးကို စစ်သင်္ဘောများက နေရာယူထားသည်။ အမတ တပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းမှုအောက်တွင် ၊ ဤနေရာရှိအရာအားလုံးသည် အဆုံးမရှိသော နတ်အလင်းသမုဒ္ဒရာနှင့် တူလှသည်။
အထက်ကောင်းကင်တွင် ပြိုးပျက်စွာ တောက်ပလျက် ၊ ရောင်စုံတိမ်တိုက်များက လူးလိမ့်ရိုက်ခတ်နေသည်။
စည်းစနစ်ကျသော တပ်ဖွဲ့ဝင်များသည် ပရမ်းပတာ ကြယ်စုနယ်မြေတစ်ခုလုံးကို ၎င်းတို့၏ အရိပ်အောက်တွင် ဖုံးအုပ်ထားသည်။
အာကာသထဲတွင် တိုက်ခတ်နေသော အေးစက်စက်လေသည် သတ်ဖြတ်ခြင်းစွမ်းအားများကို တပါတည်း ယူဆောင်လာလေ့ရှိသည်။
ဤသည်မှာ အပျက်သဘောဆောင်သော မုန်တိုင်းတစ်ခု၏ နိမိတ်ပြယုဒ်ကဲ့သို့ပင်။
တားမြစ်တပ်ဖွဲ့ သုံးဖွဲ့သည် ပရမ်းပတာ ကြယ်စုနယ်မြေသို့ ရောက်ရှိလာကြောင်း ကြားသိလိုက်ရချိန်တွင်၊
တားမြစ် ကုန်းပြင်မြင့် မှလွဲ၍ ကျန်အင်အားစုဝင်များအားလုံးသည် ၎င်းတို့၏ မိသားစုများကို ခေါ်ဆောင်ကာ ထွက်ပြေးခဲ့ကြသည်။
ဝေးနိုင်သမျှ အဝေးဆုံး ထွက်ပြေးကြသည်။
ဤစစ်ပွဲသည် ၎င်းတို့ကြည့်ရှုရန် တတ်နိုင်သည့်အရာမဟုတ်ပေ။
တချက်ကြည့်ရုံမျှဖြင့် သေသွားနိုင်သည်။
တစ်ချိန်တည်းမှာပင် ၊ ၎င်းတို့သည် ထွက်ပြေးနေစဉ်အတောအတွင်း တားမြစ်ကုန်းပြင်မြင့်၏ မူလတည်ထောင်သူ ဘိုးဘေး ဆယ့်ရှစ်မျိုးဆက်တိုင်တိုင် ဆဲဆိုခံလိုက်ရသည်။
တားမြစ် အင်အားစုသုံးဖွဲ့ကို အလကားနေ သွားပြီးရန်စရသလား!!
ကိုယ့်ဟာကို သေချင်တယ်ဆိုလည်း သေပေါ့ ၊ သူတို့လို အပြစ်မဲ့တဲ့သူတွေကိုပါ ဒုက္ခရောက်အောင် ဆွဲခေါ်သွားစရာလား!!
ရှေးဟောင်းမှော်အစီအရင်ကြီးထဲတွင် ပုန်းအောင်းနေသော တားမြစ်ကုန်းပြင်မြင့်မှ လူများအတွက်မူ၊ ယခုအချိန်တွင် ၎င်းတို့၏ နှလုံးသားများသည် တဆတ်ဆတ်ခုန်ကာ ကိုယ့်တံတွေးကို မျိုချနေမိသည်။
သူတို့သည် တားမြစ်ကုန်းပြင်မြင့်သို့ နှစ်အတော်ကြာ ဝင်ရောက်လာခဲ့ကြသော်လည်း ၊ယခုလို အခြေအနေမျိုးနှင့် တစ်ခါမျှပင် မကြုံတွေ့ဖူးသလို ၊ တစ်စုံတစ်ဦးသည် ၎င်းတို့အား ဤကဲ့သို့ စစ်တိုက်ဝံ့မည်ဟု နည်းနည်းမှ မတွေးဆဝံ့ပေ။
ဤစစ်ပွဲတွင် သူတို့ဘက်မှ စတင်ကာ သတ္တိရှိရှိဖြင့် တိုက်ခိုက်ခဲ့မည်ဆိုပါက ၊ ပြာမှုန့်တောင်မကျန်ဘဲ သေရမည့်လူမှာ သူတို့သာ ဖြစ်သွားပေတော့မည်။
“ အမတသခင်တရားစီရင်ရေးရုံးတော်နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က ဒီကိစ္စကို ဒီတိုင်းပဲ ရပ်ကြည့်နေတော့မှာလား?”
“ဒီတားမြစ်အင်အားစု သုံးဖွဲ့က ငါတို့ကို အနိုင်ကျင့်နေတာ ၊ သူတို့ပြောတော့ အမတနယ်မြေရဲ့ အုပ်စိုးသူတွေဆို !!”
တားမြစ်ကုန်းပြင်မြင့်မှ လူအများအပြားသည် ကြောက်ရွံ့ခြင်း ၊ ဒေါသထွက်ခြင်း စသော ရောထွေးသော ခံစားချက်များနှင့်အတူ အော်ဟစ်ပြောဆိုနေကြသည်။
ဝုန်း ဝုန်း!!
ထိုအချိန်တွင်၊
တားမြစ် ကုန်းပြင်မြင့်၏ အတွင်းပိုင်းမှ နတ်အလင်းများ တဟုန်းဟုန်း တောက်လောက်လာခဲ့ပြီး ၊ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဆန္ဒတစ်စုံသည် လောကတစ်ခွင် ပျံ့လွင့်သွားသည်။
တခဏချင်းမှာပင် ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများသည် ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားပြီး လျှပ်စီးကြောင်းများဖြင့် ရောယှက်နေသော အလင်းမိုးများအဖြစ် ပြောင်းလဲသွားသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ဟင်းလင်းပြင် ကွက်လပ်သည် ဖြည်းဖြည်းချင်း ကွဲအက်လာသည်။
အမတ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော ဧရာမ အနက်ရောင်နဂါးကြီးသည် မြူခိုးများထဲမှ ထွက်ပေါ်လာသည်။
၎င်း၏ကျောပေါ်တွင် ဝတ်လုံနက်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပလ္လင်ကြီးတစ်ခုပေါ်တွင် မတ်မတ်ထိုင်နေသည်မှာ ခမ်းနားထည်ဝါလွန်းသည်။
သူသည် တားမြစ်ကုန်းပြင်မြင့်၏ သခင်ဖြစ်သူ ထူဟုန် အမတဧကရာဇ်မင်းမှလွဲ၍ အခြားမဟုတ်ပေ။
လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက သူသည် ဧကရာဇ်တစ်ပါးအဖြစ် အောင်မြင်ခဲ့ပြီး ၊ လက်ရှိတွင် သူ၏ ကျင့်ကြံမှုသည် နားမလည်နိုင်အောင်ဖြစ်နေပြီ ဖြစ်သည်။
“ အရှင်သခင်ကို ဂါရဝပြုပါတယ် !”
အရင်ကတည်းက အနည်းငယ် ထိတ်လန့်တုန်လှုပ်နေခဲ့ကြသော ကုန်းပြင်မြင့်မှ လူအများအပြားသည် မိမိတို့၏ အရှင်သခင် ကြွရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားကြသည်။
ထူဟုန် အမတဧကရာဇ်မင်းသည် ဘာမှမထူးခြားသော ဟန်ပန်ဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူဆင်းသက်လာစဉ်တွင် မှော်စက်ဝိုင်း၏ အပြင်ဘက်တွင် ရောက်ရှိနေသော တားမြစ် စူးမိသားစုကို ဒေါသတကြီးဖြင့် လှမ်းအော်လိုက်သည်။
“ တားမြစ် စူးမိသားစု ၊ သံသရာစက်ဝန်း အမတမင်းဆက် ၊ ကွေးယွမ်အမတဂိုဏ်း!”
“မင်းတို့ကောင်တွေ မလွန်လွန်းဘူးလား ၊ အမတနယ်မြေတစ်ခုလုံးကို မင်းတို့အပိုင်လို့ ထင်နေလား!”
“မင်း ငါတို့ကို ဘယ်တုန်းက စော်ကားခဲ့ဖူးလို့လဲ”
တားမြစ် စူးမိသားစုတပ်ဖွဲ့၏ ရှေ့ဆုံးနေရာတွင် နေရာယူထားသော စူးယွင်ယွဲ့ က ရယ်မောလိုက်သည်။
သူမသည် အံ့သြဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြသနေသည်။
နေရာတွင် ရပ်နေရုံမျှဖြင့် ဤကမ္ဘာကြီးသည် သူမကို ဗဟိုပြုနေသကဲ့သို့ ကြီးကျယ်ခမ်းနားလွန်းသည်။
သူမ၏ အသံသည် အလွန်အေးစက်နေပြီး ၊ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
“ ဇီဝတားမြစ်နယ်မြေက နင်တို့ မွေးမြူထားတဲ့ ခွေး မဟုတ်လား”
“ နင်မွေးထားတဲ့ခွေးက ငါ့မောင်လေးကို နာကျင်စေခဲ့တယ်...”
သူမ၏ စကားသံသည် ပို၍အေးစက်လာပြီး ဒေါသသံများ ပါဝင်နေသည်။
“ နင်ပြောကြည့်လေ ၊ စော်ကားခဲ့လား မစော်ကားခဲ့ဘူးလားဆိုတာ “
ထိုစကားများ ထွက်လာသည်နှင့် ။
ဝုန်း ! !
အဆုံးမရှိသော နတ်အလင်းများသည် အရပ်လေးမျက်နှာ အနှံ့ ရိုက်ခတ်သွားသည်။
သူမခန္ဓာကိုယ်ထဲမှ နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး ၊ မဟာလမ်းစဉ်၏ ဟောက်သံသည် ကောင်းကင်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
တစ်ချိန်တည်းမှာပင်၊ စူးယွင်ယွဲ့ ၏ နောက်တွင် ရှိနေကြသော တားမြစ် စူးမိသားစု၏ စစ်သည်တော်တို့သည် ၎င်းတို့၏ လက်နက်များကို မြှောက်ကိုင်ကာ ကြွေးကြော်ကြလေသည်။
၎င်းတို့၏ ကြွေးကြော်သံသည် အရပ်လေးမျက်မှာအနှံ့ လှုပ်ခါသွားစေသည်။
-“ငါတို့ စူးမိသားစုရဲ့ သခင်ငယ်ကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူမဆို သေရမယ်!”
သံသရာစက်ဝန်း အမတမင်းဆက်၏ တပ်ဖွဲ့ကြီးသည်လည်း ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ပေါက်ကွဲထွက်လာကြသည်။
ဤအချိန်တွင် ၊ စကြဝဠာကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။
အထူးသဖြင့် ၊ တပ်ဖွဲ့နှစ်ဖွဲ့၏ စစ်သင်္ဘောကြီးများသည် ကြယ်တာရာ ကောင်းကင်ယံတွင် လွင့်မျောနေကြသည်။
၎င်းတို့သည် တစ်ချိန်တည်းမှာပင် မြို့အကာအကွယ်ကို ဖြိုခွင်းလာမည်ဆိုပါက၊ မိမိတို့၏ အကာအကွယ်မှော်ဖွဲ့စည်းပုံသည် ထိုအရာကို ခံနိုင်ရည်ရှိမရှိ မေးခွန်းထုတ်စရာ ရှိသည်။
ထူဟုန် အမတဧကရာဇ်မင်းကို ပို၍ပင် ထိတ်လန့်စေခဲ့သော အရာမှာ နှစ်ဖက်တပ်များတွင် အမတဧကရာဇ်မင်းများစွာကို တွေ့လိုက်ရခြင်းပင်။
အထူးသဖြင့် “ ဇီဝတားမြစ်နယ်မြေ” ဟူသော စကားလုံးလေးလုံးကို ကြားလိုက်ရသည်နှင့် ထူဟုန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး တစ်ချိန်တည်းမှာပင် ဒေါသအလိပ်လိပ် ထွက်လာခဲ့သည်။
“ ဇီဝတားမြစ်နယ်မြေ!?”
ဤသည်မှာ တိုက်မြေသုံးထောင်တွင် သူစိုက်ပျိုးထားခဲ့သော ထိပ်တန်းအင်အားစု ဖြစ်ကြောင်း ပြန်သတိရသွားသည်။
ရည်ရွယ်ချက်မှာ သက်ရှိသတ္တဝါအပေါင်းတို့၏ ယုံကြည်ချက်အချို့ကို ရရှိရန်ဖြစ်သည်။
သို့သော်၊ ဒီသကောင့်သားတွေက တားမြစ်အင်အားစု သုံးဖွဲ့ကို ဘာလို့တစ်ချိန်တည်း သွားပြီးရန်စခဲ့တာတုန်း!?
သူ၏ ယခင်က စုံစမ်းမေးမြန်းချက်များအရ၊ ထိုနေရာတွင် ကွေးယွမ်အမတဂိုဏ်းတည်ရှိရာ ကွေးယွမ် သူတော်စင်နယ်မြေရှိသည်။
တားမြစ် စူး မိသားစု နှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့၏ ခြေရာလက်ရာဟူ၍ လုံးဝမရှိခဲ့ပေ။
ထို့အပြင် ၊ ဇီဝတားမြစ်နယ်မြေသည် ဝတ်ရုံဖြူ ကောင်ချောလေးတစ်ယောက်အား ကွပ်မျက်တော့မည့်အကြောင်း သူ့အား သတင်းပို့ခဲ့သည်ကို အမှတ်ရမိသေးသည်။
သို့သော်၊ ၎င်းသည် တားမြစ် စူးမိသားစု၏ သခင်ငယ်နှင့် မည်သို့ဆက်စပ်သနည်း။
ထိုအကြောင်းကို တွေးလေလေ ၊ ပို၍ပင် ရှုပ်ထွေးလာခဲ့ပြီး သူသည် ဒေါသတကြီးဖြင့် အပြင်ကို အော်ဟစ်ပြောဆိုလိုက်သည်။
“ ငါ့ တားမြစ်ကုန်းပြင်မြင့်က အလွန်ဆုံး ကွေးယွမ်အမတဂိုဏ်းနဲ့ ပတ်သက်တယ်ပဲထား “
“မင်းတို့ တားမြစ် စူးမိသားစုနဲ့ သံသရာအမတမင်းဆက်ရဲ့ သခင်ငယ်ကို ဘယ်တုန်းကများ ထိခိုက်စေဖူးလို့လဲ”
ထိုစကားများ ထွက်လာသည်နှင့် ။
ကောင်းကင်ယံမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“ ဟာသပဲ၊ မင်းတို့ ပါးစပ်ထဲမှာ ပြောပြောနေတဲ့ ဝတ်ရုံဖြူနဲ့ကောင်ချောလေးဆိုတာ ဘယ်သူလဲဆိုတာ မင်းသိလား!”
တောက်ချန်ခုန်းသည် အမတဧကရာဇ်မင်း ကိုးဦးနှင့်အတူ ကောင်းကင်ယံကနေ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
သူ၏လေသံသည် အလွန်အေးစက်နေပြီး ၊ သူ ချုပ်ကိုင်ထားသော အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒတို့သည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို ခြိမ်းခြောက်နေသည်။
“ သူက ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ!”
“ တားမြစ် စူးမိသားစုရဲ့ သခင်ငယ်!”
“သူတို့နှစ်ဦးရဲ့ သားပဲ!”
အပိုင်း(၅၀၀): ဓားအလင်းနှင့် လရောင်တို့၏ ရောင်ပြန်ဟပ်မှုအောက်တွင် ရာနှင့်ချီသော မြစ်များသည် အေးခဲသွားပေတော့သည်
ထိုစကားများ ထွက်လာသည်နှင့် ၊
ဤအခိုက်တွင် တစ်လောကလုံး တိတ်ဆိတ်သွားပုံရသည်။
ဤနေရာသို့ မရောက်ခင်ကတည်းက၊ တောက်ချန်ခုန်းသည် စူးချန်ကဲ၏ အထောက်အထားကို သိရှိထားပြီးဖြစ်သည်။
တားမြစ်ကုန်းပြင်မြင့်၏ သခင်ဖြစ်သူ ထူဟုန်အမတဧကရာဇ်မင်းသည် တောက်ချန်ခုန်းထံမှ စူးချန်ကဲ၏ အထောက်အထားကို ကြားသိပြီးနောက် ထိတ်လန့်သွားခဲ့သည်။
သူ့စိတ်ထဲတွင်လည်း မေးခွန်းများစွာ ရှိနေသည်။ ကြောက်စရာကောင်းသော နောက်ခံရှိသူ လူတစ်ယောက်သည် အဘယ့်ကြောင့် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ဦး ဖြစ်လာခဲ့သနည်း။
ဤရလဒ်ကိုကြားပြီးနောက် ၊ ထူဟုန် အမတဧကရာဇ်မင်း နှင့် တားမြစ် ကုန်းပြင်မြင့်ရှိ လူတိုင်း၏ မျက်နှာအရောင်မှာ ဖြူဖျော့သွားသည်။
အထူးသဖြင့် ၊ ထူဟုန် အမတဧကရာဇ်မင်းသည် ယခုအချိန်တွင် တိုက်မြေ သုံးထောင်ကို ဆင်းသက်ကာ ဇီဝတားမြစ်နယ်မြေတစ်ခုလုံးကို ဘယ်ပြန်ညာပြန်ရိုက်၍ ရိုက်ချိုးပစ်ချင်တော့သည်။
သူ့ရင်ဘတ်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက်၊ ထူဟုန် အမတဧကရာဇ်မင်းသည် သူ့ဒေါသကို မျိုသိပ်ကာ တောက်ချန်ခုန်းအား ခွန်းတုံ့ပြန်လိုက်သည်။
“တားမြစ်ကုန်းပြင်မြင့်က ဒီကိစ္စကို မသိခဲ့ဘူး!”
“ဒါက ဇီဝတားမြစ်နယ်မြေက ကောင်တွေလုပ်ခဲ့တဲ့ကိစ္စပဲ ၊ အမှားတိုင်းမှာ ကျူးလွန်သူရှိသလို အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်”
ဤသို့ပြောသည်နှင့်၊ ထူဟုန် အမတဧကရာဇ်မင်းသည် ဆုံးဖြတ်ထားသော လေသံဖြင့်။
“ လူကြီးမင်းတို့အနေနဲ့ ဒီကိစ္စကို လျို့ဝှက်ပေးထားနိုင်ရင်...”
“ တားမြစ်ကုန်းပြင်မြင့်က ဒီကိစ္စအတွက် အပြည့်အဝတာဝန်ယူပြီး ၊ သင်တို့ကိုယ်စား ဇီဝတားမြစ်နယ်မြေကို တိုက်ရိုက်ဖျက်ဆီးပစ်ဖို့ ဆန္ဒရှိပါတယ်”
တားမြစ် အင်အားစုကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် သူတို့သည် အခြားအင်အားစုများနှင့် ပူးပေါင်းကာ မိမိ၏တွဲဖက်အင်အားစုကို ဖျက်ဆီးပစ်မည်။
ဤသည်မှာ လွန်စွာ မျက်နှာပျက်စရာကောင်းရုံသာမက ၊ ဂုဏ်သိက္ခာအတွက် ပို၍ပင် ရှက်စရာကောင်းလှသည်။
ဤသတင်းသည် အပြင်သို့ပေါက်ကြားသွားခဲ့ပါက ၊ တားမြစ်ကုန်းပြင်မြင့်သည် အမတနယ်မြေ တစ်ခုလုံးတွင် ဟာသဖြစ်သွားပေတော့မည်။
သို့သော် တားမြစ် အင်အားစုသုံးဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလောက်သည့်အထိ သူသည် အရည်အချင်းပြည့်မီလေသလော။
ဘယ်က သတ္တိနဲ့သွားပြီး ရင်ဆိုင်ရဲမှာလဲ!
ထိုစကားကိုကြားလိုက်သည်နှင့် တောက်ချန်ခုန်း၏ မျက်နှာသည် အေးစက်လာကာ သူ့ပတ်ဝန်းကျင်တွင် ကျင်လည်နေသော ရောင်ဝါတို့သည် ကြမ်းတမ်းစွာ ရိုက်ခတ်လာသည်။
မိမိမွေးမြူထားသောခွေးသည် တစ်စုံတစ်ယောက်ကို ကိုက်ခဲ့သည်။ မိမိအိမ်က ခွေးကို သတ်ခြင်းဖြင့် ကိုယ့်တာဝန်ကို အချောင်ခိုကာ တစ်ဖက်သားဆီက ခွင့်လွှတ်မှုကို ရယူလိုသည်။
အခြားသူများအနေဖြင့် သဘောတူနိုင်ရင်တောင်မှ သူတို့ ကွေးယွမ်အမတဂိုဏ်းအနေဖြင့် ၊ ပါးရိုက်ခံပြီးနောက် ၎င်းတို့၏ဒေါသများကို မျိုချပစ်မည်မဟုတ်ပေ။
တောက်ချန်ခုန်းဘက်မှ မည်သည့်စကားမှ ပြန်မပြောရသေးခင် ၊
တားမြစ်စူးမိသားစု၏ အကြီးအကဲအဖြစ် ဦးဆောင်နေသော စူးယွင်ယွဲ့ သည် ရှေ့သို့ထွက်လာသည်။
သူမ၏ မျက်လုံးထဲက အအေးဓာတ်သည် ပို၍ပြင်းထန်လာပြီး ၊ ဘေးတစ်ဝိုက်တွင် ရှိနေသော သတ်ဖြတ်လိုစိတ်များသည် တဟုန်ထိုး ပေါက်ကွဲထွက်လာရာ ရှေးဟောင်းမှော်အစီအရင်ကြီးကိုပင် တုန်ခါသွားစေသည်။
“ဟား ... တားမြစ်ကုန်းပြင်မြင့်?”
“ကမ္ဘာပေါ်က ငကြောင်တွေကတော့ နင်တို့ကို ကြောက်ကြတယ် ၊ ဒါ့ကြောင့်လည်း တားမြစ်အင်အားစု စာရင်းထဲပါဝင်လာခဲ့တယ် “
“ ငါ့ရဲ့ တားမြစ်စူးမိသားစုကို စိန်ခေါ်ရဲလောက်အောင် ၊ နင်တို့မှာ တကယ်ပဲ အရည်အချင်းရှိတယ်လို့ ထင်နေတာလား ?”
တစ်ချိန်တည်းမှာပင် ၊ စူးယွင်ယွဲ့ သည် သူမ၏ လက်ကို မြှောက်တင်လိုက်သည်။
သူမ၏ နောက်တွင်ရှိနေသော အမတစစ်သည်တော်တို့သည် အသင့်ရှိနေကြသည်။
သူတို့အားလုံးသည် အေးစက်စွာဖြင့် ထွန်းလင်းတောက်ပနေသော ဓား ၊ လှံ၊ စစ်ပုဆိန်များကို ကိုင်မြှောက်လိုက်ကြသည်။
“နင် နားမလည်သေးဘူးနဲ့ တူတယ် ၊ ဒီတိုက်ပွဲကို တိုက်မလား မတိုက်ဘူးလားဆိုတာ ငါ့အပေါ်မှာ မူတည်တယ် “
“သတ်! သူတို့ကို သတ်ပစ်!”
ထိုစကားများကို အော်ဟစ်ရင်း ၊ စူးယွင်ယွဲ့ ၏ နူးညံ့သောလက်များသည် တားမြစ်ကုန်းပြင်မြင့်ဆီသို့ ကျရောက်သွားကြသည်။
ဝုန်း !!!
ရုတ်တရက် ၊ စူးယွင်ယွဲ့ ၏ ဝန်းကျင်တွင် မူလက စုစည်းထားခဲ့သော အမတလမ်းစဉ်ဆိုင်ရာ စွမ်းအားများသည် ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး အာကာသ ဟင်းလင်းပြင်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
အဆုံးမရှိသော နတ်အလင်းများ ကျဆင်းလာပြီး တားမြစ်ကုန်းပြင်မြင့်၏ အထက်ကောင်းကင်ယံတွင် နတ်အလင်းတန်းတစ်ခု ရုတ်တရင် ဝင်းလက်သွားသည်။
အဆုံးမရှိသော ပရမ်းပတာ အလင်းရောင်များသည် တားမြစ် ကုန်းပြင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
တားမြစ်ကုန်းပြင်မြင့်ရှိ လူအားလုံးသည် မသိစိတ်ကနေ ကောင်းကင်ကို မော့ကြည့်လေသည်။
နောက်အခိုက်အတန့်တွင် ၊ သူတို့၏ ဦးရေပြားတစ်ခုလုံး ထုံကျင်ကာ စိတ်ဝိညာဉ်သည်ပင် ပြိုလဲခဲ့ရသည်။
ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းထားသော ကြီးမားသော သုံးချောင်းထောက်အိုးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထာဝရအလင်းများ ပြိုးပျက်စွာ တောက်ပနေပြီး ၊ ၎င်း၏ကိုယ်ထည်ပေါ်တွင် ဖြာထွက်နေသော မဟာလမ်းစဉ်၏ အမှတ်အသားများသည် တောက်ပသော နဂါးငွေ့တန်းကြီးများ ချပ်ဝပ်နေသကဲ့သို့ ဖြစ်နေပြီး အလင်းများ ဖြာထွက်နေသည်။
ရှေးဟောင်းမှော်အစီအရင်ကြီးသည် တားမြစ်ကုန်းပြင်မြင့်ကို ဖန်ခွက်မှောက်ထားသကဲ့သို့ လုံခြုံစွာဖုံးအုပ်ထားရာမှ ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်လာခဲ့သည်။
ထောင်ပေါင်းများစွာသော နိယာမတရားများသည် အချိန်မရွေးပြိုလဲတော့မည်အတိုင်း တဖျပ်ဖျပ် ရိုက်ခတ်လာသည်။
ဤမြင်ကွင်းကို ကြည့်ရှုနေသော တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်သည် မယုံကြည်နိုင်မှုအပြည့်ဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။
“ဒါက... နတ်ဘုရားအဖျက် သုံးချောင်းထောက်အိုး! !!?”
တားမြစ် စူး မိသားစု၏ အနှိုင်းမဲ့ နတ်ဝတ္ထုများထဲမှ တစ်ခု။
ဤမှော်အိုးမှ ထွက်လာသော အငွေ့အသက်တစ်မျှင်တည်းဖြင့် စကြာဝဠာကို အဓိပ္ပာယ်ဖွင့်နိုင်ပြီး၊ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာကာ စကြာဝဠာတစ်ခုကိုပင် ပြုစုပျိုးထောင်ပေးနိုင်သည်ဟု ဆိုကြသည်။
တားမြစ် စူး မိသားစုသည် မှော်အစီအရင်ကို ချိုးဖျက်ရန် ဤပစ္စည်းကို ထုတ်ယူလာခဲ့လေသလော။
“မင်း...!?”
ပြန်လည်တုံ့ပြန်လာခဲ့သော တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်သည် ရှေးဟောင်းမှော်အစီအရင်ကြီးကို ပြန်လည် အားဖြည့်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ၊ အက်ကွဲသံတချက် ထွက်ပေါ်လာသည်။
မူလက ဖျက်ဆီး၍မရသော၊ မည်သည့်နိယာမစည်းမျဉ်းများမှ တိုက်စား၍မရသော ရှေးဟောင်းမှော်အစီအရင်ကြီးသည် တားမြစ်ကုန်းပြင်မြင့်ရှိ လူအားလုံး၏ ထိတ်လန့်ဖွယ်ရာအကြည့်များအောက်တွင် ကွဲအက်သွားခဲ့သည်ကို မြင်လိုက်ရသည်။
ကောင်းကင်ယံမှ မှော်အက္ခရာအစအနများ ဖြာကျလာသည်နှင့် တစ်ချိန်တည်းမှာပင်။
“သတ်!!”
အေးစက်စက် အသံတစ်ခု ပျံ့လွင့်ထွက်ပေါ်လာသည်။
ပြိုးပြိုးပျက်ပျက် တောက်ပနေသော အလင်းတန်းများကြား လောကတစ်ခုလုံး တုန်လှုပ်ခြောက်ခြားနေသည်။
အမတတပ်ဖွဲ့၏ အရှိန်အဟုန်နှင့်အတူ ကောင်းကင်တစ်ပြင်လုံးကို ဖုံးလွှမ်းထားသော စစ်သင်္ဘောများ၏ ကြွေးကြော်သံများသည် ဤစစ်ပွဲ၏ တရားဝင်စတင်မှုကို အမှတ်အသားပြုသည်။
မရေမတွက်နိုင်သော အမတစစ်သည်တော်တို့သည် လက်နက်များကို ကိုင်ဆွဲလျက် ဝင်ရောက်လာကြသည်။
၎င်းတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ အပြည့်ရှိနေပြီး ၊ တားမြစ်ကုန်းပြင်မြင့်အား အမြစ်ပြတ်ချေမှုန်းရန် တဟုန်ထိုး ပြေးဝင် လာကြသည်။
မိုးကောင်းကင် အထက်တွင် နဂါးငွေ့တန်းကဲ့သို့ လွှင့်မျောနေသည့် စစ်သင်္ဘောများသည် မှော်အစီအရင်ကို ဖန်တီးအသုံးပြုကာ တိုက်ခိုက်ရေးနည်းစနစ်များဖြင့် ထိုးစစ်ဆင်နွှဲခဲ့သည်။
ဘုန်း ! ဘုန်း ! !
ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများစွာသည် စကြဝဠာတစ်ခွင် ဖြတ်ကျော်ဝင်ရောက်လာလေရာ ၊ တားမြစ်ကုန်းပြင်မြင့်၏ တပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်မတုံ့ပြန်နိုင်သေးခင် အဆိုပါ ကြောက်စရာကောင်းသော အလင်းတန်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ထုတ်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
အရိုးများပင် မကျန်တော့သည့်အထိ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့သည် ပျက်ဆီးသွားခဲ့လေပြီ။
“ မင်းတို့ကောင်တွေ သိပ်ကိုဗိုလ်ကျလွန်းတယ်!”
“ငါ့ရဲ့ တားမြစ်ကုန်းပြင်မြင့်က မင်းတို့ကောင်တွေ အနိုင်ကျင့်ရလောက်အောင် အဲ့လောက်ထိ လွယ်မယ်လို့ထင်နေလား”
“သတ်!!”
ရုတ်တရက်။
တားမြစ်ကုန်းပြင်မြင့်ရှိ ကျန်ရှိသောလူများသည် ဤတိုက်ပွဲသည် ရှောင်လွှဲ၍မရကြောင်း သဘောပေါက်ပြီးနောက်၊ မရေမတွက်နိုင်သော အမတသခင်များကို ဦးဆောင်ကာ ဒီရေအလား ရှေ့သို့တဟုန်ထိုး ချီတတ်လာကြသည်။
ဝုန်း ! !
မည့်သည့်နေရာတွင်မဆို နတ်အလင်းများ ပေါက်ကွဲလျက် ၊ ထိုအရာကို တချက်ကလေး ထိတွေ့လိုက်ရုံဖြင့် သွေးပူများက ကမ္ဘာမြေအနှံ့ ပြန့်ကျဲသွားပေလိမ့်သည်။
လွတ်မြောက်သူများသည် စစ်သားများအဖြစ်၊ အမတ ဘုရင်များက စစ်သူကြီးအဖြစ် ဦးဆောင်ကာ တိုက်ပွဲဆင်နွဲလို့နေသည်။
အစကတည်းက တိုက်ပွဲသည် ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုတစ်ခုနှင့် စတင်ခဲ့သည်။
သွေးများက တရဟောစီးကျလျက် ၊ အရိုးနှင့် အသားများ တစ်စစီ ကျိုးပဲ့ကာ ပြင်းထန်သော စစ်ပွဲ၏ အနံ့အသက်များက လေနှင့်အတူ တည့်တည့်တိုးဝင်လာတတ်သည်။
ဓားနှင့် လှံတို့၏ ထိပ်တိုက်တွေ့ဆုံမှု အသံသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
အဓိက အင်အားစုကြီးနှစ်ဖွဲ့မှ စေလွှတ်လိုက်သော အမတစစ်တပ်သည် အလွန်အားကောင်းပြီး ၊ ၎င်းတို့သည် တားမြစ်ကုန်းပြင်မြင့် တည်ရှိရာ နယ်မြေကိုသွား၍ တိုက်ခိုက်ကြသည်။
တားမြစ်ကုန်းပြင်မြင့်နှင့် ဆက်နွယ်နေသော အင်အားစုများစွာသည် ဤနေရာသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။
ဝုန်း ! !
ပေါက်ကွဲသံများသည် နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည်။
ရွှေအမတရှင် နယ်ပယ်အဆင့်ထက် မြင့်မားသော စွမ်းအားရှင်များသည်လည်း ဤတိုက်ပွဲတွင် ပါဝင်လာခဲ့ကြပြီ ဖြစ်သည်။
သူတို့၏ ကိုယ်ခန္ဓာများသည် ဝင်းလက်တောက်ပြောင်နေပြီး ၊ ရွှေရောင် အမှတ်အသားများသည် ကောင်းကင်နှင့် မြေကြားတွင် ရစ်ဖွဲ့နေသည်။
လက်တစ်ဖက်တည်းဖြင့် ပစ်လွှတ်လိုက်သော မှော်အတတ်သည် အဆုံးမရှိသော ပျက်စီးခြင်းမြစ်ကဲ့သို့ပင် ဖြစ်ပြီး ၊ စကြဝဠာအထပ်ထပ်ကို ပြိုကျပျက်စီးသွားစေသည်။
“ ဒီနေ့ ငါသေရမယ်ဆိုတောင် ၊ မင်းတို့ကောင်တွေကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်ပြီးမှ သေမယ်!”
တားမြစ်ကုန်းပြင်မြင့်၏ အရှင်သခင်၊ ထူဟုန် အမတဧကရာဇ်မင်းသည် ဤအခိုက်အတန့်တွင် ချုပ်တည်းမရတော့သည့်အထိ ဒေါသတကြီး ပေါက်ကွဲလာခဲ့သည်။
တားမြစ် အင်အားစု၏ အရှင်သခင်ဖြစ်သလို ၊ တုနှိုင်းမဲ့သော အမတဧကရာဇ်မင်းတစ်ပါးလည်း ဖြစ်သည်။
ဒီလို အရှက်ကွဲမှုကို ဘယ်တုန်းကများ ကြုံဖူးလဲ!!
“ အသံပြဲကြီးနဲ့ အော်ဟစ်နေလည်း ၊ ရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ ထင်နေလား?”
ကွေးယွမ်အမတဂိုဏ်း၏ အမတဧကရာဇ်မင်းများသည် လှောင်ပြောင်သောအကြည့်ဖြင့် ရှိနေကြသည်။
သို့သော် ၊ သူတို့ ဝင်မစွက်ရသေးခင် ။
ဝီ!!
နတ်အလင်းတစ်ချက် ဖျက်ခနဲ့ ဝင်းလက်သွားပြီးနောက် ၊ ဟင်းလင်းပြင်ကြီးသည် မိမိဘာသာပင် အက်ကြောင်းများဖြင့် ကွဲထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
အက်ကွဲကြောင်းမှ အဆုံးမရှိသော ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ၊ တိမ်ဖိနပ်ကို စီးနင်ကာ စိမ်းပြာရောင် ဝတ်စုံကို ဆင်မြန်းထားသော ချောမောပြေပြစ်သော လူငယ်တစ်ဦးသည် ထိုနေရာမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
အထူးသဖြင့် ၊ သူ့လက်ထဲတွင် စူးရှတောက်ပသော ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားပြီး ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူ၏စိတ်နှလုံးကို လှုပ်ခါသွားစေနိုင်သည်။
မူလက ဝင်စွက်ဖက်တော့မည့် တောက်ချန်ခုန်းသည် အနည်းငယ် တုံ့ဆိုင်းသည်။
“သူလား...?”
တားမြစ်စူး မိသားစု၏ တုနှိုင်းမဲ့သော ဓားအမတရှင် လေးပါးထဲက တစ်ပါး ဖြစ်သည့် ၊ ကျင်းရှန်ဓားအမတရှင် ၊ ကပ်ဘေးကိုးပါးအမတရှင်ဧကရာဇ်မင်း!
ကျင်းရှန်ဓားအမတရှင်၏ မျက်လုံးများသည် အေးစက်သော အကြည့်မျိုးရှိပြီး ၊ သူသည် စကားသိပ်မပြောတတ်သော ရက်စက်သူတစ်ယောက်ဟု ဆိုရမည်။
သူ့လက်ထဲက အမတဓားသည် အနန္တနတ်အလင်းကို ထုတ်လွှတ်ကာ ထွန်းလင်းတောက်ပနေသည်ကို တွေ့မြင်နေရသည်။
ရှုပ်ထွေးသော လှုပ်ရှားမှုများမရှိဘဲ သူသည် ထူဟုန် အမတဧကရာဇ်မင်း၏ ဦးတည်ရာဘက်ဆီသို့ ညင်သာစွာ ခုတ်လွှဲလိုက်သည်။
သူသည် စကားလုံးနှစ်လုံးကိုသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ ကျင်းဟုန်”
ပြင်းထန်သော ဓားအလင်းရောင်သည် မိုးမြေကို စတင်ဖန်ဆင်းရာကာလကဲ့သို့၊ ပျက်သုန်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကဲ့သို့ ၊ ကမ္ဘာကြီးသည် စက္ကန့်တစ်ခဏအတွင်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပုံရသည်။
ဘုန်း ! !
ဓားအလင်းသည် ကောင်းကင်ဘုံကိုးထပ်ကို ဖြတ်ကျော်သွားသည်။
ယခုအချိန်တွင် ၊ ကမ္ဘာကြီးသည် တိတ်ဆိတ်နေပုံရသည်။
မိုးကောင်းကင်နှင့် လောကဓာတ်တစ်ခွင်လုံးတွင် ဤဓားတစ်ချောင်းသာလျှင် အမှန်တည်ရှိသည်။
အေးစက်သော ဓားအလင်းသည် နဂါးငွေ့တန်းကို ပိုင်းခုတ်လျက် ၊ ဓားအလင်းနှင့် လရောင်တို့၏ ရောင်ပြန်ဟပ်မှုအောက်တွင် ရာနှင့်ချီသော မြစ်များသည် အေးခဲသွားပေတော့သည်။