လုချန်းကျီနှင့် စကားပြောခြင်း
Vol. 18 Ch. 197
ခရမ်းရောင်ဝါးခြံဝင်း
ထန်ထျန်းက မဟာအကြီးအကဲ၏ စာကြည့်ခန်းမှ ပြန်ရောက်လာပြီး မကြာမီမှာပင် အရှေ့ဘက်ကောင်းကင်ယံ၌ အရုဏ်ဦးအလင်းတန်းများ စတင်ပေါ်ထွက်လာတော့သည်။
မိုးလင်းလာသည်နှင့် ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲ များအားလုံး စုံညီစွာ တက်ရောက်ကြမည်ဖြစ်ပြီး ဂိုဏ်း၏ ဒုတိယအာဏာအရှိဆုံး ရာထူးအတွက် နောက်ဆုံးမဲခွဲဆုံးဖြတ်မှု ပြုလုပ်ကြတော့မည် ဖြစ်သည်။
ထိုဖြစ်စဉ်အတွင်း ပါဝင်ယှဉ်ပြိုင်သူများမှာ အတွင်းသို့ ဝင်ရောက်ခွင့်မရှိဘဲ သူတို့နေရာ၌သာ စောင့်ဆိုင်းကာ နောက်ဆုံးရလဒ်ကို စောင့်ကြိုရမည်ဖြစ်သည်။
သို့သော် ထန်ထျန်းက ထိုနေရာသို့ သွားရန် အစီအစဉ်မရှိပေ။
ယှဉ်ပြိုင်သူဟူ၍ သူနှင့် လုချန်းကျီ နှစ်ဦးသာ ရှိသည်။
မနေ့ညက ဖြစ်ရပ်များကြောင့် လုချန်းကျီက ထောက်ခံမှုအားလုံး ဆုံးရှုံးသွားခဲ့ရသည့်အပြင် ယခုအခါ ပျောက်ကွယ်နေသဖြင့် မဲရလဒ်မှာ အဖြေထွက်ပြီးသားပင် ဖြစ်သည်။
သို့သော် ထန်ထျန်း၏ စိတ်ထဲတွင် ဝမ်းသာကြည်နူးမှုများ မရှိပေ။
သူက ရှေးဟောင်းသစ်ပင်ကြီးအောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
လက်ဖက်ရည်ကြမ်း တစ်အိုးနှင့် လက်ဖက်ရည်ခွက် နှစ်ခွက်။
ကြည့်ရသည်မှာ သူက တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေပုံရသည်။
အချိန်များ ကုန်ဆုံးသွားပြီး နေမင်းမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
နေရောင်ခြည်အောက်တွင် မိုးရွာပြီးစ တောင်ကြား အတွင်း၌ မြူဖြူများ ဝေဆိုင်းနေကာ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ လှပနေသည်။
ရုတ်တရက်ဆိုသလို ခပ်ပိန်ပိန် လူရိပ်တစ်ခုက ခရမ်းရောင်ဝါးခြံဝင်းအတွင်း၌ လေဟာနယ်မှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်။
အပြင်ဘက်ရှိ အစီအရင်မှာလည်း တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိပေ။
"မင်း တကယ်ပဲ မထွက်သွားသေးဘူးပဲ။"
ထန်ထျန်းက လှည့်ကြည့်လိုက်သည်။
ထိုလူရိပ်မှာ လုချန်းကျီ ပင် ဖြစ်သည်။
"မင်း ငါလာမယ်ဆိုတာကို တကယ် ခန့်မှန်းမိနေတာပဲ။"
လုချန်းကျီ၏ လေသံမှာ တည်ငြိမ်လှသည်။ ထို့နောက် သူက ရှေ့သို့ လှမ်းလာကာ သစ်ပင်အောက်ရှိ မိုးရေလွတ်၍ ခြောက်သွေ့နေသော နေရာ၌ ပြန်လည် ထိုင်ချလိုက်သည်။
"ချီယွမ် ဘယ်လိုလဲ"
"သူ့စိတ်ထဲက စွဲလမ်းမှုက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။"
လုချန်းကျီက ပြောသည်။
ထန်ထျန်းက ထိုမေးခွန်းကို ပြန်မဖြေဘဲ ခပ်အေးအေးပင် ပြန်မေးလိုက်သည်။ "မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
လုချန်းကျီက ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
"တခြား ဘာရှိဦးမှာလဲ"
"နှစ်ပေါင်း ၂၀ ကျော် တည်ဆောက်ခဲ့တဲ့ အစီအစဉ် တွေနဲ့ အကွက်ချမှုတွေ အားလုံးက အဲ့ဒီရာထူးအတွက်ပဲ။"
"မူလက ငါ့အတွက်ဖြစ်လာမယ့် အသီးအပွင့်ကို မင်းက အလွယ်တကူ လာခူးသွားမှာကို ငါက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ"
ထန်ထျန်းက တည်ငြိမ်သော လေသံဖြင့် ပြော သည်။ "ဒါပေမဲ့ ချီယွမ်ကို တိုက်ခိုက်တာက ဂိုဏ်းထဲက လူအားလုံးရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားစေမယ်ဆိုတာ မင်း သိနေတာပဲ။"
လုချန်းကျီက ခေါင်းခါပြသည်။
"တုယွမ်ချင်း အဖြစ်အပျက်ရဲ့ အမှန်တရားကို မင်း သိသွားကတည်းက သူတို့ရဲ့ ထောက်ခံမှုက ငါ့အတွက် အရေးမကြီးတော့ဘူး။"
"ငါ ဘယ်လိုပဲ လုပ်လုပ်၊ ထိပ်တိုက်ရင်ဆိုင်မှုမှာတော့ မင်းကို အနိုင်ယူဖို့ မဖြစ်နိုင်တော့ဘူး။"
"ဒါကြောင့်ပဲ ငါက ချီယွမ်ကို ပစ်မှတ်ထားလိုက်တာ။"
" ငါက သူ့ရဲ့ အတွင်းနတ်ဆိုးကို အသုံးချမယ်၊ မင်းတို့ကြားက သံယောဇဉ် ကို အသုံးချမယ်၊ ပြီးတော့ အဲ့ဒီရာထူးအပေါ် မင်းရဲ့ စိတ်မဝင်စားတဲ့ အခြေအနေကို အသုံးချပြီး နောက်ဆုံးပွဲကို ပြန်လှန်ဖို့ ကြိုးစားခဲ့တာ။"
"အကယ်၍ ငါ့အစီအစဉ်အတိုင်းသာ ဖြစ်ခဲ့ရင် ချီယွမ်က အသက်တစ်ဝက်လောက် ဆုံးရှုံးပြီးမှ ဂိုဏ်းက သူ့ကို အတင်းအကျပ် ဖိနှိပ်မှာပဲ။ အဲ့ဒီနောက်မှ ငါက မင်းဆီလာပြီး ချီယွမ်ကို ကယ်တင်ပေးမယ်ဆိုတဲ့ အခွင့်အရေးနဲ့ မင်းကို အဲ့ဒီရာထူးကနေ နုတ်ထွက်ခိုင်းဖို့ လုပ်ထားတာ။"
"မင်းက ငါမျှော်လင့်ထားတဲ့အတိုင်း ရွေးချယ်မှု ပြုလုပ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။"
"ဒါပေမဲ့ ကံမကောင်းတာက မင်းက... ဒီလောက်အထိ တောင် သန်မာနေလိမ့်မယ်လို့ မထင်ထားခဲ့တာပဲ။"
လုချန်းကျီ၏ အစီအစဉ်ကို နားထောင်ပြီးနောက် ထန်ထျန်း တိတ်ဆိတ်သွားသည်။
အမှန်တကယ်ပင် လုချန်းကျီ ပြောသကဲ့သို့သာ ဖြစ်ခဲ့လျှင် သူက ချီယွမ်အတွက် ထိုရာထူးကို စွန့်လွှတ်မိပေလိမ့်မည်။
သို့သော် လုချန်းကျီ၏ ရည်ရွယ်ချက်မှာ ဤမျှနှင့် ရိုးရှင်းမည်မဟုတ်ဟု သူ ခံစားနေရဆဲဖြစ်သည်။
"မင်း လုံးဝ ရှုံးနိမ့်သွားတာတော့ မဟုတ်ပါဘူး။"
"ချီယွမ်က အခုထိ သတိမေ့နေတုန်းပဲ။ အကယ်၍ မင်းမှာ တကယ်ပဲ ကယ်တင်နိုင်တဲ့ နည်းလမ်းရှိမယ်ဆိုရင် နောက်ဆုံးရလဒ် မထွက်ခင်မှာ ငါ ရာထူးကနေ နုတ်ထွက်ပေးဖို့ စဉ်းစားပေးမှာပဲ။"
ထန်ထျန်းက ပြောလိုက်သည်။
လုချန်းကျီက ကောင်းကင်ကို မော့ကြည့်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။
"ထားလိုက်ပါတော့။"
"အဲ့ဒါက သိပ်ပြီး အဓိပ္ပာယ် မရှိတော့ဘူး။ "
"ပြီးတော့ မင်းရဲ့ နည်းလမ်းတွေနဲ့ ချီယွမ်ကို ကယ်ဖို့ နည်းလမ်း မရှိဘူးဆိုတာ ငါ မယုံဘူး။ "
"အခုချက်ချင်း မရှိရင်တောင် အနာဂတ် မှာတော့ မင်း ရှာတွေ့မှာ အသေအချာပဲ။"
ထန်ထျန်း ဘာမှမပြောပေ။
အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော အတွင်းနတ်ဆိုးပင် ဖြစ်ပါစေ၊ ဖြေရှင်းမည့် နည်းလမ်း ရှိစမြဲပင်။
အကယ်၍ ချီယွမ်က သူ့ဘာသာ ရုန်းမထွက်နိုင်ပါက သူသည် အခြားနည်းလမ်းများကို မလွဲမသွေ ရှာဖွေမည်ဖြစ်သည်။
"ဒါဆို မင်း ဒီကို သီးသန့်လာရတဲ့ အကြောင်းရင်းက ဘာလဲ"
"မင်း လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် ငါက မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ မင်း သိမှာပါ။"
ထန်ထျန်းက ပြောသည်။
လုချန်းကျီက ခေါင်းငုံ့ကာ မြက်ပင်လေးတစ်ပင်ကို ဆွဲနှုတ်ပြီး လက်ထဲတွင် ကစားနေသည်။
"နည်းနည်းတော့... ပင်ပန်းလာပြီ။"
"ပြီးတော့ ဒီနေ့ပြီးရင် ငါ ချင်းယွဲ့ဂိုဏ်းကနေ ထွက်သွားတော့မယ်။"
"ငါတို့က အနည်းဆုံးတော့ နောက်ဆုံးပွဲအထိ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်တွေပဲလေ။ ငါ ရှုံးသွားခဲ့ပေမဲ့ မင်းကို နှုတ်ဆက်ဖို့ လိုအပ်တယ်လို့ ငါ ခံစားမိတယ်။"
"အဲ့ဒီအပြင်... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်က မပြီးပြတ်သေးတဲ့ အတိတ်ကိစ္စတစ်ခုကို အဆုံးသတ်ဖို့လည်း ပါတာပေါ့။"
ထန်ထျန်း၏ မျက်ခုံးများ မြင့်တက်သွားသည် - "ချီယွမ် လား"
လုချန်းကျီက ခေါင်းညိတ်ပြသည်။
ထို့နောက် သူက ရှေ့ရှိ ခြံဝင်းကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြော သည်။ "တစ်ချိန်က ငါ ဒီနေရာမှာ အချိန်အတော်ကြာ နေခဲ့ဖူးတယ်။"
"အဲ့ဒါက ငါ့ဘဝမှာ အပျော်ဆုံး အချိန်တွေပေါ့။ နေ့တိုင်း ဒီခြံထဲမှာ ပြေးလွှား ဆော့ကစားပြီး ဘာပူပင်ကြောင့်ကြမှ မရှိခဲ့ဘူး။"
"အဖိုးက ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့သူ၊ ငါ အလေးစားဆုံး ဆွေမျိုးပေါ့။ "
"သူ သေဆုံးသွားတဲ့အချိန်မှာ ငါ့ကမ္ဘာကြီး ပြိုပျက်သွားသလို ခံစားခဲ့ရတယ်။"
"အဲ့ဒီအချိန်ကစပြီး ငါ ကျိန်ဆိုခဲ့တယ်။ အဖိုး သေဆုံးမှုမှာ ပါဝင်ခဲ့တဲ့သူ အားလုံးကို ထိုက်တန်တဲ့ ပေးဆပ်မှုတွေ လုပ်ခိုင်းရမယ်လို့ပေါ့။"
လုချန်းကျီက တည်ငြိမ်သော လေသံဖြင့် အတိတ်က အဖြစ်အပျက်များကို ပြောပြနေသည်။
သူက အမှန်တကယ်ပင် ဤနေရာ၌ နေခဲ့ဖူးပြီး ဝါးတောတာအိုဆရာနှင့် အလွန်ရင်းနှီးသော ပတ်သက်မှု ရှိခဲ့သည်။
"ဒါဆို ငါ ရှိမနေရင်တောင် မင်းက ချီယွမ်ကို ဒုက္ခပေးဦးမှာပဲ၊ မဟုတ်လား"
ထန်ထျန်းက မေးလိုက်သည်။
လုချန်းကျီက ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
"အဲ့ဒီလူတွေထဲမှာ ငါ အမုန်းဆုံးက ချီယွမ်ပဲ။"
"အဖိုးက သူ့ကို အဲ့လောက်အထိ တန်ဖိုးထားခဲ့တယ်၊ အဲ့လောက်အထိ ပံ့ပိုးပေးခဲ့တယ်။ သူ့အတွက်ဆိုရင် အာဏာလုပွဲတွေထဲအထိ ဆင်းဖို့ အဖိုးက ဝန်မလေးခဲ့ဘူး။"
"ဒါပေမဲ့ သူကတော့... သူ့ရဲ့ ပျော့ညံ့မှုကြောင့် သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့တယ်။ "
"ငါ့တစ်သက်လုံး သူ့ကို ခွင့်မလွှတ်နိုင်ဘူး။"
"ဒါပေမဲ့..."
"မနေ့ညက သူ့ရဲ့ အတွင်းနတ်ဆိုးကြောင့် ရူးသွပ်နေတာ၊ သူ့ရဲ့ အသက်စွမ်းအားတွေကို လောင်မြိုက်စေတာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ငါ့စိတ်ထဲမှာ ရုတ်တရက် တစ်မျိုး ခံစားလိုက်ရတယ်။"
"အကယ်၍ အဖိုးသာ ကောင်းကင်ဘုံကနေ မြင်နေရမယ်ဆိုရင် ချီယွမ်ကို ဒီလို ပုံစံမျိုးနဲ့ မြင်ချင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။"
ထန်ထျန်း ခဏမျှ မှင်တက်သွားသည်။
မနေ့ညက တိုက်ပွဲမှာ လုချန်းကျီလည်း ရှိနေခဲ့တာလား
သို့သော် သူလည်း သတိမထားမိခဲ့သလို ဂိုဏ်းထဲက အင်မော်တယ် ကျင့်ကြံသူ တွေလည်း သတိမပြုမိခဲ့ကြပေ။
"ဒါဆို မင်း အခု ဘာလုပ်ချင်လဲ"
ထန်ထျန်းက မေးသည်။
လုချန်းကျီက အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။
"အချို့အရာတွေကိုတော့ လက်လွှတ်သင့်တဲ့အခါ လက်လွှတ်ရမှာပဲ။"
"ချီယွမ်မှာ စွဲလမ်းမှု ရှိသလို ငါ့မှာလည်း ရှိနေတာပဲ မဟုတ်လား"
"ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။"
" သူက ဒီလောက် နှစ်ပေါင်းများစွာ နာကျင်မှုတွေကြားမှာ နေခဲ့ပြီးပြီ၊ ခံယူသင့်တဲ့ ပြစ်ဒဏ်တွေကိုလည်း ခံယူပြီးသွားပြီ။"
"ဒီနေ့ ငါ မင်းဆီ လာတာက သူ့ရဲ့ အတွင်းနတ်ဆိုးကို အမြစ်ပြတ် ဖြေရှင်းပေးဖို့၊ သူ့ကို နာကျင်မှု နွံထဲကနေ ဆွဲထုတ်ပေးဖို့ပဲ။ "
"ဒါက အဖိုး အရင်က လုပ်ချင်ခဲ့တဲ့ အရာလည်း ဖြစ်တယ်။"
ထန်ထျန်း အနည်းငယ် အံ့အားသင့်သွားသည်။
"ဝါးတောတာအိုဆရာကလည်း ချီယွမ်မှာ အတွင်းနတ်ဆိုး ရှိနေတာကို သိတာလား"
လုချန်းကျီက ခေါင်းညိတ်သည်။
"မသေခင်မှာ အဖိုးက ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင် ခန့်မှန်းမိခဲ့တယ်။"
"ဒါကြောင့် သူက ချီယွမ် စိတ်သက်သာရာ ရစေဖို့၊ အတိတ်က ဖြစ်ရပ်တွေထဲမှာ ပိတ်မိမနေဖို့အတွက် အချို့သော အရာတွေကို သီးသန့် ချန်ထားခဲ့ပေးတယ်။"
"ဒါပေမဲ့ အဲ့ဒီအရာတွေကို... ငါက ဝှက်ထားခဲ့တာ။"
ထန်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
လုချန်းကျီက ပုခုံးတွန့်ပြကာ ပြော သည်။ "အဲ့ဒီလို အကြည့်နဲ့ မကြည့်နဲ့။"
"ချီယွမ်က အဖိုး သေဆုံးရခြင်းရဲ့ တရားခံပဲ၊ တိုက်ရိုက် အကြောင်းရင်းပေါ့။ ငါက သူ့ကို အလွယ်တကူ စိတ်အေးလက်အေး နေခွင့်ပေးချင်မှာ မဟုတ်ဘူးလေ။"
"မနေ့ညက သူ့ပုံစံကို မမြင်ခဲ့ရဘူးဆိုရင် ငါ သေတဲ့အထိ ဒီအကြောင်းတွေကို ပြောပြမှာ မဟုတ်ဘူး။"
ထန်ထျန်း တိတ်ဆိတ်သွားသည်။
လုချန်းကျီကလည်း ထိုစဉ်က ဖြစ်ရပ်၏ သားကောင်တစ်ဦး ဖြစ်သည်။
သူ၏ ရွေးချယ်မှုအပေါ် ထန်ထျန်းအနေဖြင့် မည်သို့မျှ ဝေဖန်ရန် မစွမ်းသာပေ။
မည်သို့ပင်ဆိုစေ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ချီယွမ် ဖြစ်သည်။ အကယ်၍ သူ့ကို အတွင်းနတ်ဆိုးမှ လုံးဝ လွတ်မြောက်စေနိုင်မည်ဆိုလျှင် ထိုမျှနှင့် လုံလောက်ပြီဖြစ်သည်။
"ပစ္စည်းက ဘယ်မှာလဲ"
ထန်ထျန်းက မေးလိုက်သည်။
လုချန်းကျီက ထန်ထျန်းကို ကြည့်လိုက်သော်လည်း သူ၏ အကြည့်မှာ ထန်ထျန်းကို ကျော်လွန်ကာ နောက်ဘက်သို့ ရောက်ရှိသွားသည်။
"အဲ့ဒီမှာလေ။"
သူက ကျောက်စားပွဲနှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
၎င်းမှာ နျန့်ချွမ် ရှေးဟောင်းရေတွင်း ပင် ဖြစ်သည်။