ရေတွင်းအောက်ခြေ
Vol. 18 Ch. 198
လုချန်းကျီက မတ်တတ်ရပ်လိုက်ပြီး နျန့်ချွမ် ရှေးဟောင်းရေတွင်း အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ရှေးဟောင်းရေတွင်း၏ နှုတ်ခမ်းဝမှာ သိပ်မမြင့်လှဘဲ ကျောက်တုံးနှစ်ဆင့်ခန့်ဖြင့်သာ နိမ့်နိမ့်လေး ဝိုင်းပတ်ပြုလုပ်ထားခြင်း ဖြစ်သည်။ အပေါ်မှ ငုံ့ကြည့်လိုက်ပါက ရေတွင်းဝ၌ ကိုယ့် မျက်နှာကို ပြန် ထင်ဟပ်နေသည့် ကြည်လင်သော စိမ့်စမ်းရေအိုင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
ထန်ထျန်း ခရမ်းရောင်ဝါးခြံဝင်းသို့ စနေစဉ်က သူက ကုရှောင်းရွှယ် နှင့်အတူ ဤရေတွင်းအနားတွင် ထိုင်ကာ တာအို များ ဆွေးနွေးလေ့ရှိသည်။ နျန့်ချွမ်ရေတွင်းမှ ထွက်ပေါ်လာသော သဘာဝအော်ရာ များက တာအို များကို နားလည်သဘောပေါက်စေရန် အထောက်အကူပြုပေးခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ခွန်အား များ ပိုမိုသန်မာ လာသည်နှင့်အမျှ ဤရေတွင်း၏ အာနိသင်မှာ သူတို့အတွက် အလွန်နည်း သွားခဲ့သဖြင့် ၎င်းကို သတိမထားမိကြတော့ပေ။
ထိုနေရာ၌ လုချန်းကျီ ဝှက်ထားသော အရာများ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"မင်း အောက်ကို မဆင်းဖူးဘူး မဟုတ်လား"
လုချန်းကျီက မေးလိုက်သည်။
ထန်ထျန်းက ခေါင်းခါပြလိုက်သည်။
သဘာဝအတိုင်း ထွက်ပေါ်နေတဲ့ နျန့်ချွမ်ရေတွင်း တစ်ခုပဲလေ၊ ဘယ်သူက အကြောင်းမရှိဘဲ ရေတွင်းအောက်ခြေအထိ ဆင်း မှာလဲ
ထိုသို့လုပ်မည့်သူမှာ ဦးနှောက် ပြဿနာရှိသူသာ ဖြစ်ပေလိမ့်မည်။
"ငါကတော့ ဆင်းဖူးတယ်။"
"ဒါတင်မကဘူး ခဏခဏ ဆင်းဖြစ်ခဲ့တာ။"
လုချန်းကျီက ပြောသည်။
ထန်ထျန်း : "..."
"မင်း အဲ့ဒီကို ဘာသွားလုပ်တာလဲ"
သူက မနေနိုင်ဘဲ မေးမိသည်။
လုချန်းကျီက လှည့်ကြည့်ကာ ပြုံးလျက် ပြောသည်။ "ကစားချင်လို့ပေါ့။"
"အဲ့ဒီတုန်းက ငါက အရမ်းငယ်သေးတာ၊ ဒါပေမဲ့ စိတ်ကတော့ အရမ်းရိုင်းတယ်၊ တစ်နေကုန် ဟိုပြေး ဒီလွှားနဲ့ တောမျောက်တစ်ကောင်လိုပဲ။"
"ဒါပေမဲ့ အဖိုးက ငါ့ကို ဘယ်တုန်းကမှ မတားခဲ့ဘူး၊ ဂရုစိုက် ဖို့ပဲ မှာလေ့ရှိတယ်။"
"အဲ့ဒီတုန်းက နွေရာသီမှန်း မှတ်မိနေတယ်၊ ရာသီဥတုက အရမ်းပူတယ်၊ ဒါပေမဲ့ ဒီနျန့်ချွမ်ရေတွင်းက သူ့သဘာဝအရကိုက အေးမြနေတာ။ ရေတွင်းဝမှာ ရပ်နေရုံနဲ့တင် လန်းဆန်းစေတဲ့ အေးမြမှုကို ခံစားရတယ်။"
"ဒါနဲ့ပဲ ငါက ရုတ်တရက် စိတ်ကူးပေါက်ပြီး ရေထဲကို ခုန်ချလိုက်တာ၊ ရေနစ်သေမလို့တောင် ဖြစ်သွားသေးတယ်။"
လုချန်းကျီက ရေတွင်းကို ကြည့်ရင်း ဆက်ပြောသည်။ "နောက်ပိုင်း ငါ့ကို ကယ်တင်နိုင်ခဲ့ပေမဲ့ ရေတွင်းအောက်ခြေက အဲ့ဒီလို အေးမြတဲ့ ခံစားချက်ကို ငါက သဘောကျနေတုန်းပဲ။"
"ဒါကြောင့် မကြာခင်မှာပဲ ငါ နောက်တစ်ခါ ထပ်ခုန်ချပြန်တယ်၊ နောက်တစ်ခါလည်း ရေနစ်သေမလို့ ဖြစ်ပြန်ရော။"
"နောက်ထပ် ရက်အနည်းငယ်ကြာတော့ အဲ့ဒီလိုပဲ တတိယအကြိမ် ထပ်ဖြစ်ပြန်တယ်။"
"အဲ့ဒီတော့မှ အဖိုးကလည်း တကယ်ကို မတတ်နိုင်တော့လို့ ရေတွင်းအောက်ခြေမှာ ငါ့အတွက် သီးသန့် နေရာလေးတစ်ခု ဖန်တီးပေးလိုက်ရတော့တာ။ အဲ့ဒီမှာဆိုရင် အောက်ဆင်းသွားရင်လည်း ရေမနစ်တော့ဘဲ ဆက်ပြီး ဆော့ကစားလို့ ရတာပေါ့။"
"အဲ့ဒီနောက်ပိုင်း နှစ်အနည်းငယ်မှာတော့ နျန့်ချွမ် ရှေးဟောင်းရေတွင်းက ငါ့ရဲ့ သီးသန့် ကမ္ဘာလေးတစ်ခု ဖြစ်လာခဲ့တာပဲ။"
လုချန်းကျီ၏ ပြောပြချက်ကို နားထောင်ပြီးနောက် ထန်ထျန်းမှာ ဆွံ့အနေမိသည်။
အတွင်းသိ အလွန်နက်နဲသော လုချန်းကျီတွင် ဤကဲ့သို့သော အတိတ်ဆိုး များ ရှိခဲ့လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
တကယ်ကို ကလေးဆိုးလေး ပင်။
ကံကောင်းထောက်မစွာဖြင့် ဝါးတောတာအိုဆရာ၏ စိတ်ထားမှာ နူးညံ့သိမ်မွေ့နေ၍သာ ဖြစ်သည်။ အကယ်၍ စိတ်တိုတတ်သော မိဘများနှင့်သာ တွေ့ခဲ့လျှင် သူ့တင်ပါးမှာ ရှစ်ခြမ်းကွဲအောင် ရိုက်ခံရပြီးလောက်ပြီ ဖြစ်သည်။
"ဝါးတောတာအိုဆရာက ချီယွမ်အတွက် ချန်ထားပေးခဲ့တဲ့ အရာကလည်း အဲ့ဒီမှာပဲလား"
ထန်ထျန်းက မေးလိုက်သည်။
လုချန်းကျီက ခေါင်းညိတ်ပြသည်။
"အဲ့ဒီ အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် ငါက ခရမ်းရောင်ဝါးခြံဝင်းကနေ ထွက်သွားပြီး ထျန်းဖူနန်းတော် ဆီကို သွားခဲ့တာ။"
"ဒါပေမဲ့ မထွက်သွားခင်မှာ အဲ့ဒီပစ္စည်းကို ငါ့ရဲ့ လျှို့ဝှက်နေရာ ထဲမှာ ထားခဲ့တယ်။"
"အဲ့ဒီမှာ ဘာအစီအရင် အကာအကွယ်မှ မရှိသလို အဲ့ဒီပစ္စည်းကလည်း ဘာတာအို လှိုင်းမှ မထုတ်လွှတ်ဘူး။ ဒါကြောင့် ရေတွင်းအောက်ခြေကို ကိုယ်တိုင်ဆင်းမသွားသရွေ့ ဘယ်သူမှ ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပဲ။"
"ဒါကြောင့် အဲ့ဒီပစ္စည်းက အဲ့ဒီမှာ ရှိနေမှာ အသေအချာပဲ။"
ထန်ထျန်း မနေနိုင်ဘဲ တိတ်ဆိတ်သွားသည်။
ဤကဲ့သို့ ပစ္စည်းဝှက်နည်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ သဘာဝကြောင့် ပျက်စီးသွားခြင်းမှလွဲ၍ ကျင့်ကြံသူများအနေဖြင့် ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
အမှန်စင်စစ် လုချန်းကျီမှာ ထိုစဉ်က အရမ်းငယ်သေးသဖြင့် ဤကဲ့သို့သော ဝှက်နည်းမျိုးကိုသာ ရွေးချယ်နိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
"ဒါဆို သွားကြည့်ရအောင်လေ။"
ထန်ထျန်းက ပြောသည်။
လုချန်းကျီက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးက တစ်ဦးနောက် တစ်ဦးလိုက်လျက် နျန့်ချွမ် ရှေးဟောင်းရေတွင်းထဲသို့ ခုန်ချလိုက်ကြသည်။
ရေတွင်းမှာ ကျဉ်းမြောင်းသော်လည်း အလွန်မနက်လှပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့က ရေတွင်းအောက်ခြေသို့ ရောက်ရှိသွားကြသည်။
ဤနေရာမှာ အမှန်တကယ်ပင် အလွန်အေးပြီး အလွန်တိတ်ဆိတ်လှသည်။ သဘာဝအရှိန်အဝါများလည်း အလွန်ထူထပ်သဖြင့် သာမန်လူများ သို့မဟုတ် ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်လာသည့် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများအတွက် စိတ်ငြိမ်စေရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။
ရေတွင်းအောက်သို့ ရောက်သည်နှင့် ထန်ထျန်းက ရေတွင်းအောက်ခြေ ဘေး၌ အသင့်အတင့်ရှိသော နေရာလေးတစ်ခုကို ဖန်တီးထားသည်ကို တွေ့လိုက်ရသည်။
ထိုနေရာလွတ်ကို သီးသန့် ဖန်တီး ထားသဖြင့် မြက်ပင်များ ပေါက်ရောက်နေခြင်း မရှိပေ။ သို့သော် နျန့်ချွမ်ရေ၏ နှစ်ရှည်လများ စိုစွတ်မှုကြောင့် အနည်းငယ် စိုထိုင်းနေပုံရသည်။
သို့သော် အတွင်းပိုင်းမှာမူ တော်တော်လေး ခြောက်သွေ့နေဆဲ ဖြစ်သည်။
အနက်ရှိုင်းဆုံး နေရာ၌ ဝါးကုတင်လေးတစ်ခု၊ ဝါးကုလားထိုင် တစ်လုံးနှင့် ကလေးများ ကစားသည့် အရုပ်အပုံလိုက်ကို တွေ့ရသည်။
နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်၍ ထိုကစားစရာအရုပ်လေးများမှာ အနည်းနှင့်အများ ဆွေးမြည့်နေပြီး ပျက်စီးယိုယွင်းနေပုံ ပေါက်နေသည်။
"ငါ့ရဲ့ မှတ်ဉာဏ်တွေကလည်း ဒီပစ္စည်းတွေလိုပဲ အချိန်နဲ့အမျှ ဆွေးမြည့်သွားနိုင်ရင် ကောင်းမှာပဲ။"
"ဒါပေမဲ့ ကံဆိုးတာက အချိန်တွေ ကြာလာလေလေ၊ တချို့သော မှတ်ဉာဏ်တွေက ပိုပြီး ရှင်းလင်းလာလေလေပဲ။ တစ်ခါတလေ သန်းခေါင်ယံမှာတောင် လန့်နိုးစေနိုင်တယ်။"
လုချန်းကျီက အထဲသို့ လျှောက်သွားပြီး ဝါးကုတင်ပေါ်တွင် အကျင့်အတိုင်း ထိုင်လိုက်သည်။
ဝါးခုတင်မှာ "ကျွိ" ကနဲ အသံမြည်သွားပြီး ကျိုးကျလုနီးပါး ဖြစ်သွားသည်။
ထန်ထျန်းလည်း အထဲသို့ ဝင်လာခဲ့သည်။
ဤနေရာမှာ လုချန်းကျီ ပြောသကဲ့သို့ပင် မည်သည့် တာအို လှိုင်းမှ မရှိဘဲ သာမန်လူတစ်ယောက် တည်ဆောက်ထားသည့် နေရာနှင့် တူလှသည်။
ထို့အပြင် ဤနေရာမှာ ကလေးတစ်ယောက် ဆော့ကစားသည့် နေရာဖြစ်ကြောင်း အထောက်အထားများမှာ နေရာအနှံ့၌ ကလေးဆန်သော အမှတ်အသားများဖြင့် ထင်ကျန်နေသည်။
ဝါးကုတင် ဘေးရှိ နံရံပေါ်မှ ထူးဆန်းသော ပုံရိပ်များကို ကြည့်ရင်း ထန်ထျန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါတွေက ဘာတွေလဲ"
လုချန်းကျီက တစ်ချက်ကြည့်ပြီး ပြုံးလျက် ပြောသည်။ "ကလေးတစ်ယောက်ရဲ့ ထူးဆန်းတဲ့ စိတ်ကူးယဉ်မှုတွေပါကွာ ။"
"အဲ့ဒီတုန်းက အဖိုးက ဝိညာဉ်နဲ့ ပတ်သက်တဲ့ အစီအရင်တချို့ကို သုတေသန လုပ်နေတာ ငါ မြင်သွားခဲ့တယ်။"
"ငါက သင်ချင်တာပေါ့၊ ဒါပေမဲ့ သူက ဒီလိုအဆင့်ရှိတဲ့ အစီအရင်တွေကို ငါက မထိတွေ့နိုင်သေးဘူးလို့ ပြောတယ်။ ဒါနဲ့ ငါလည်း ကိုယ့်ဘာသာကိုယ် စိတ်ထင်သလို လျှောက်ဆွဲထားတာလေ။"
ထန်ထျန်းက ထိုပုံရိပ်များကို အသေအချာ ကြည့်လိုက်သည်။ အမှန်တကယ်ပင် စနစ်မကျဘဲ ရှုပ်ထွေးနေသော လိုင်းများသာ ဖြစ်သည်။ ကလေးတစ်ယောက် စိတ်ကူးပေါက်သလို လျှောက်ဆွဲထားခြင်းသာ ဖြစ်ပေလိမ့်မည်။
"ငါ အဲ့ဒီပစ္စည်းကို ဘယ်မှာ ဝှက်ထားလဲဆိုတာ မင်း ခန့်မှန်းကြည့်မလား"
ရုတ်တရက် လုချန်းကျီက လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
ထန်ထျန်း တစ်ခဏအတွင်း ဆွံ့အသွားသည်။ သူ အထဲဝင်လာကတည်းက ကုတင်ခေါင်းရင်းရှိ နံရံအတွင်း၌ ဝှက်ထားသော လျှို့ဝှက်အကန့် တစ်ခုကို တွေ့ရှိထားပြီးသား ဖြစ်သည်။
ထိုအကန့်ထဲတွင် အပြင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်ထားသော ထူးခြားသည့် သေတ္တာလေးတစ်လုံး ရှိနေသည်။
သူက မျက်စိကန်းနေသူ မဟုတ်လျှင် မည်သို့ မသိဘဲ နေမည်နည်း
ထန်ထျန်း၏ အမူအရာကို ကြည့်ပြီး လုချန်းကျီက စိတ်ပျက်သလို ခေါင်းခါကာ ပြော သည်။ "အေးလေ... မင်းကတော့ အစောကြီးကတည်းက သိနေမှာပေါ့။"
"ငါကတော့ ငါက အရမ်းတော်တယ်၊ သေချာ ဝှက်ထားတယ်လို့ ထင်နေတာ။"
ထန်ထျန်း စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။ ဤလူမှာ ခရမ်းရောင်ဝါးခြံဝင်းသို့ ရောက်သည်နှင့် သူ့ကိုယ်သူ လွတ်လပ်ခွင့် ပေးလိုက်သလိုပင် တစ်ခဏအတွင်းမှာပင် နှစ်ပေါင်း ရာနှင့်ချီ၍ ငယ်သွားသလို ကလေးဆန်လှပေသည်။
လုချန်းကျီက ပြောပြီးသည်နှင့် ကုတင်ခေါင်းရင်းသို့ သွားကာ လျှို့ဝှက်ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
သေးငယ်သော လျှို့ဝှက်အကန့်တစ်ခုက သူတို့နှစ်ဦး ရှေ့၌ ပေါ်လာခဲ့သည်။
ထိုအကန့်ထဲတွင် ရှေးဟောင်းရနံ့သင်းပျံ့နေသော သေတ္တာငယ်လေးတစ်လုံး ရှိနေသည်။
သေတ္တာမှာ သာမန်ပစ္စည်းမဟုတ်ဘဲ စူးစမ်းရှာဖွေမှုများကို တားဆီးပေးနိုင်သည့် ရှားပါး ရတနာ အမျိုးအစား ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း မူလပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး မည်သည့် ဆွေးမြည့်မှုမှ မရှိပေ။
"ဒါက အဖိုး ချီယွမ်အတွက် ချန်ထားပေးခဲ့တဲ့ အရာပဲ။"
လုချန်းကျီက ပြောပြီးနောက် ထိုသေတ္တာလေးကို ထန်ထျန်းထံ တိုက်ရိုက် ကမ်းပေးလိုက်သည်။
ထန်ထျန်းက သေတ္တာငယ်လေးကို လက်ခံယူကာ စစ်ဆေးပြီးနောက် ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ချီယွမ်၏ အတွင်းနတ်ဆိုးကို ဖြေဖျောက်ပေးနိုင်မည့် အရာမှာ ဝါးတောတာအိုဆရာ ချန်ထားခဲ့သော မှတ်ဉာဏ် အပိုင်းအစ တစ်ခုပင် ဖြစ်နေတော့သည်။