အခန်း (၅၀၆-၅၁၀)
Vol. 37 Ch. 506-510
အပိုင်း(၅၀၆): တားမြစ်ကံကြမ္မာ နိုးလာပြီလား၊ အမတနယ်ပယ်ရဲ့ အထက်?
ဝီ!!
အဆုံးမရှိ ထွန်းတောက်နေသည်မှာ ကြယ်စုများသဖွယ် တောက်ပကာ လှပစွာဖြင့် ရှိနေသည်။
မူလကမှောင်မိုက်နေသော ထိုဧရိယာတစ်ခုလုံးသည် လုံးဝ လင်းထိန်သွားသည်။ ထိုနေရာကို ဗဟိုပြုလျက် ။
အရာအားလုံးသည် ရတနာများကဲ့သို့ တောက်ပသောအလင်းများဖြင့် ပြည့်လျှံနေသည်။
ဝုန်း —!!
အတိုင်းအဆမရှိသော နိယာမတရားများ ပြင်းထန်စွာ လှုပ်ခပ်နေပြီး၊ ကြီးမားကျယ်ပြောသော နေမင်းကြီးသည် စူးရှတောက်ပနေသည်မှာ ဒေဝလောကတစ်ခုလုံး၏ မျက်လုံးကြီးတစ်ခုကဲ့သို့ပင်။
ထိုအချိန်တွင်၊ တိုက်မြေ သုံးထောင်၏ နိယာမစွမ်းအားများသည် အမည်မသိသော အင်အားတစ်ခု၏ ဆင့်ခေါ်မှုကို ခံစားလိုက်ရပုံပေါ်သည်။
၎င်းထံ အဆက်မပြတ် စီးဝင်နေကြပြီး ၊ အလွန်တရာ ကြောက်ဖို့ကောင်းသော စွမ်းအားတစ်ရပ်ကို မွေးထုတ်ပေးနေသလိုပင်။
……..
အဝေးတစ်နေရာမှ ၊
ပြင်ပမဟာဧကရာဇ်မင်းတစ်ဦး၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်ခဲ့သော လော့ရန်ယွီသည်လည်း ဤထူးဆန်းသော မြင်ကွင်းကို သတိပြုမိသွားခဲ့သည်။
သို့သော် ၊ ထိုနေရာမှ ထွက်လာသော ရောင်ဝါကို အာရုံခံမိသည်နှင့် သူမ၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။
သူမနှင့်ရင်းနှီးသော အငွေ့အသက်ဖြစ်မှန်း သေချာသွားခဲ့ပြီးနောက်တွင် ၊ ယခင်က ဖျော့တော့နေခဲ့သော နှုတ်ခမ်းပေါ်၌ လှပသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ချန်ကဲ... နင်ပြန်လာပြီလား...”
သူမ၏ လှပသော မျက်ဝန်းတို့သည် ချက်ချင်းဆိုသလို မျက်ရည်များ ဝဲတတ်လာခဲ့သည်။
သို့သော်၊ ဝမ်းနည်းသည့် အရိပ်အယောင်မျိုး မရှိဘဲ အချိန်အတော်ကြာ မတွေ့ခဲ့ရသည့် မိတ်ဆွေဟောင်းတစ်ဦးကို ပြန်လည်တွေ့မြင်ရသည့် ပျော်ရွှင်မှုအရိပ်အယောင်များသာ ရှိသည်။
သို့သော်...
ပါးပေါ်တွင် စီးကျနေသောမျက်ရည်များသည် သူမ၏ နှလုံးသားအနက်ဆုံးမှ ပုန်းလျှိုးနေခဲ့သော တောင့်တမှုနှင့် နူးညံ့မှုများကို ထင်ဟပ်ပြသနေသည်။
သို့သော်၊ သူမသည် စူးချန်ကဲရှိရာဦးတည်ရာဆီသို့ ချက်ချင်း မသွားခဲ့ပေ။ လက်ရှိအချိန်တွင် စူးချန်ကဲထံ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် နိုးထလာပုံရသည်။
လွမ်းဆွတ်တသမိသော်လည်း၊ ထိုဆန္ဒကို ခဏတာဖိနှိပ်လျက် စူးချန်ကဲအား အနှောင့်အယှက်မပေးခဲ့ချေ။
…….
အခြားတစ်ဖက်တွင် ။
အဆိုပါစွမ်းအားကို ခံစားမိခဲ့သော ရွှမ်ယွီဧကရီသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
“ချန်ကဲ!”
“ချန်ကဲ ပြန်လာပြီ!”
လော့ရန်ယွီနှင့် ယှဉ်လျှင် ။
ရွှမ်ယွီဧကရီသည် တတ်ကြွသော ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ခံစားမှုမြန်ဆန်သူဖြစ်သည်။
အလင်းလှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကို ခံစားလိုက်ရသည်နှင့် ၊
အရင်ကတည်းက ဖိနှိပ်ထားခဲ့သော သူမ၏ မျက်ရည်တို့သည် ယခုအခိုက်အတန့်တွင် တားစီး၍မရနိုင်အောင်ပင် စီးကျလာခဲ့သည်။
သူမသည် စူးချန်ကဲရှိရာဦးတည်ရာဘက်ဆီသို့ အပြေးအလွှားသွားရန် စိတ်ကူးခဲ့သော်လည်း၊ သူမဘေးနားက ဟွမ်ထျန်း မဟာဧကရာဇ်မင်းနှင့် ပိုင်ကျန့် မဟာဧကရာဇ်မင်းတို့က တားဆီးခဲ့သည်။
“ခဏစောင့်ဦး! ချန်ကဲက အခု စွမ်းအားအသစ်တစ်ရပ် နိုးထလာပုံရတယ်! သူ့ကို မနှောင့်ယှက်နဲ့!”
ထိုစကားကို ကြားပြီးမှသာလျှင် ၊ ရွှမ်ယွီဧကရီသည် သူမ၏ စိတ်ထဲက လွမ်းဆွတ်မှုများကို ချုပ်တည်းထားနိုင်ခဲ့သည်။
သိပ်မကြာမီ ၊ သူမ၏ မျက်ရည်များကို လျင်မြန်စွာ သုတ်လိုက်သည်။
“မှန်တယ်! ငါတို့ ချန်ကဲကို အပြည့်အဝ ကာကွယ်ရမယ်!”
“ဒီတစ်ခေါက် သူ့ကို လုပ်ကြံဝံ့သူ...ဘယ်သူမဆို.... အပိုင်းပိုင်းလှီးပစ်မယ်!”
……
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲ၏နောက်လိုက်ဖြစ်သော လီဟောက်ထျန်း၊ ယဲ့လင်ထျန်း ၊ ယွင်ရှင်းယန် နှင့် အရိုးဖြူ ပင်လယ် ဘုရင်မ အစရှိသဖြင့်....
ဤအခိုက်အတန့်တွင် ၊ သူတို့အားလုံးသည် ရွှေဝါရောင်သန်းနေသော သမုဒ္ဒရာကြီးကို ဝမ်းသာပီတိဖြင့် ငေးကြည့်ရင်း ပျော်ရွှင်ဝမ်းမြောက်စွာ ပြောဆိုနေကြသည်။
“ ချန်ကဲဆက်ခံသူ ဘာမှမဖြစ်ဘူး!”
ယခုအခါ၌၊ သူတို့အားလုံးသည် ကံကြမ္မာပင်လယ်ကို ဖြတ်ကျော်ကာ ကံစွမ်းအားဖြင့် စစ်မှန်သောဧကရာဇ် တစ်ပါးအဖြစ် အဆင့်တတ်လှမ်းနိုင်ခဲ့ပြီးဖြစ်သည်။
စူးချန်ကဲ ပျောက်ဆုံးနေသည်ဟူသော သတင်းကို ကြားသိချိန်မှစ၍ သူတို့အားလုံးသည် အချိန်တိုအတွင်း ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ယခုမှသာလျှင် ၊ စူးချန်ကဲ၏ ရောင်ဝါကို ပထမဆုံးအကြိမ် ခံစားမိသော်လည်း ....
ဤမတိုင်မီကာလပတ်လုံး သူတို့အားလုံးသည် စူးချန်ကဲ အသက်ရှင်နေသေးသည်ဟူသော ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားကြသည်။
သူတို့၏ နှလုံးသားထဲတွင် စူးချန်ကဲသည် တစ်ခုတည်းသော “ ရှုံးပွဲမရှိသော ဧကရာဇ်တစ်ပါး “ ၊ “ရှုံးပွဲမရှိသော ဒဏ္ဍာရီလာ “ ဖြစ်သည်။
ဒေဝလောကကြီးတစ်ခုလုံး...
နတ်ဘုရားပေါင်းစုံတို့ကပင်...
သူ့ကို အသက်ဆုံးရှုံးအောင် မည်သူမှစွမ်းဆောင်နိုင်လိမ့်မည် မဟုတ်။
……..
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ တပ်ဖွဲ့ကြီးပင် ဖြစ်စေ ၊
တိုက်မြေ သုံးထောင်၏ အခြားအင်အားစု တပ်ဖွဲ့ဝင်များပင် ဖြစ်စေ၊
တိုက်မြေပြင်ပ နယ်မြေ၏ တပ်ဖွဲ့ဝင်များသည်ပင် တိုက်ခိုက်နေကြရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
ဤအခိုက်အတန့်တွင် အာကာသသည်ပင် ခဏတာ ငြိမ်သက်သွားပုံရသည်။
လူတိုင်း၏ အကြည့်များသည် ထိုတောက်ပလွန်းသည့် နေမင်းကြီးရှိရာ အရပ်ဆီသို့ စုဝေးကျရောက်နေသည်။
ကွဲအက်သံ—!!
ရုတ်တရက်...
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား လျှပ်စီးကြောင်းများသည် ကွက်လပ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ၊ ကောင်းကင်ကြီးတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒတစ်ခုက လွှမ်းမိုးထားသည်။
ဤနေရာရှိ စွမ်းအားရှင်အားလုံး ၊ မဟာဧကရာဇ်မင်း ဖြစ်စေ ၊ ရှေးဟောင်းဧကရာဇ်မင်း ဖြစ်စေ သို့မဟုတ် လွတ်မြောက်သူများပင် ဖြစ်စေ ....
အဆိုပါ ကြီးမားသောစွမ်းအားတစ်ရပ်ကို ရင်ဆိုင်ရချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေကာ စိတ်နှလုံးသားပင်လျှင် ခံနိုင်ရည်မရှိချေ။
သူတို့သည် ထာဝရတိတ်ဆိတ်နေသော မိုးကောင်းကင်ကြီးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရသည်။
ထိုမိုးကောင်းကင်အောက်ရှိ သူတို့သည် ပုရွက်ဆိတ်ငယ်များသာ ဖြစ်သည်။
သူတို့၏ အသက်သာမက ၊ အရာအားလုံးသည် ဤထာဝရစွမ်းအားရှင်၏ လက်ထဲတွင် ရှိနေပုံရသည်။
မနာခံလိုသော အတွေးတစ်ချက် ပေါ်ထွက်လာသည်နှင့် ၊ ဤစွမ်းအားကြီးသည် သူတို့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်မည့်ပုံရသည်။
မူလက လှိုင်းထန်နေခဲ့သော လျှပ်စီးကြောင်းများသည် တရွေ့ရွေ့ ရွေ့လျားကာ နောက်ဆုံးတွင် တိုက်မြေပြင်ပ နယ်မြေ၏ မိုးကောင်းကင်တစ်ခုလုံးကို ရောင်ပြန်ဟပ်နေခဲ့သည်။
အမြဲတမ်း မှောင်မိုက်နေသည့် တိုက်မြေပြင်ပရှိ နယ်မြေသည်ပင် အဆိုပါစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် နေ့ဘက်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
မူလဘိုးဘေး ဆယ်ဦးစလုံးသည် အလွန်အမင်း ကြောက်လန့်သွားကြပြီး ၊ ဤကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကို ကြည့်နေရင်း ၎င်းတို့၏ နှုတ်ခမ်းသားများမှာ တဆက်ဆက် တုန်နေသည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...?”
“ မဟုတ်မှလွဲရော အမတသခင် ဆင်းလာတာလား!?”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?! အမတလျှောက်လှမ်းတောင် မဖွင့်လှစ်နိုင်သေးတာ၊ အမတသခင်ကို ဘယ်လိုလုပ်ပြီး မွေးထုတ်နိုင်ဦးမှာလဲ!?”
“……”
တစ်ချိန်တည်းမှာပင်။
ကွေးယွမ် သူတော်စင်နယ်မြေ အတွင်း၌၊
မျဲ့ရှန်း ရှေးဘိုးဘေး နှင့် မျဲ့ရှိန် ရှေးဘိုးဘေးတို့၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။
တောက်ပနက်နဲသည့် မျက်လုံးများသည် ကျယ်ပြန့်သော စကြဝဠာကဲ့သို့ပင် မည်မျှနက်ရှိုင်းသည်ကို မမြင်တွေ့နိုင်ပေ။
အမည်မသိ အချိန်မြစ်တစ်စင်းသည် အမည်မသိနေရာမှ ဖြတ်သန်းထွက်လာပြီး ၊ တိုက်မြေပြင်ပ နယ်မြေသို့ ဖြည်းညင်းစွာ ကျရောက်လာသည်။
ဟူးလားလား...!!
ချက်ချင်းပင်၊ ထိုအမည်မသိ အချိန်မြစ်ကြီးသည် ကြီးမားသော လှိုင်းတံပိုးများနှင့်အတူ ရိုက်ခတ်ဝင်ရောက်လာသည်။
အချိန်-အာကာသ အစိတ်အပိုင်းများသည် ပြန့်ကျဲလျက် ၊ ၊ နိယာမသမုဒ္ဒရာကြီးသည် ကျယ်လောင်စွာ ဟစ်ကြွေးလျက်ရှိသည်။
ထိုအချိန်မြစ်အတွင်းမှ ကြောက်မက်ဖွယ်ရာ ကောင်းသော အသွင်ပုံရိပ်နှစ်ခုသည် အချိန်မြစ်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ဖြည်းဖြည်းချင်း ဆင်းသက်ရောက်ရှိလာသည်။
ဤသည်မှာ ရှေးဘိုးဘေးနှစ်ဦးသည် လူ့အသွင်ခံယူ၍ စူးချန်ကဲကို ကာကွယ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
ယခင်က၊ စူးချန်ကဲသည် မဟာဧကရာဇ်မင်းအဆင့်သို့ ချိုးဖောက်တက်လှမ်းချိန်တွင်၊
အမည်မသိ ကြောက်မက်ဖွယ်ရာတည်ရှိမှုတစ်ခုက အချိန်မြစ်ကိုဖြတ်သန်း၍ စူးချန်ကဲရှိရာသို့ ရောက်ရှိလာခဲ့ဖူးသည်။
သူ၏ရည်ရွယ်ချက်မှာ စူးချန်ကဲအား အရှင်လတ်လတ် သတ်ဖြတ်ရန်ဖြစ်သည်။
ပြောစရာမလိုချေ ။ ထိုသူသည် အမတနယ်ပယ်၏ အထက်အဆင့်ရှိသော တည်ရှိမှုတစ်ရပ် ဖြစ်ပေမည်။
ထိုယုတ်ညံ့သော လူမျိုးများ ထပ်မံ၍ ညစ်ပတ်သော နည်းလမ်းများကို အသုံးမပြုနိုင်စေရန်၊ ရှေးဘိုးဘေးနှစ်ဦးသည် လူ့အသွင်ခံယူကာ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။
တစ်စုံတစ်ဦးသည် ဝင်ရောက်စွက်ဖက်ရန် သတ္တိရှိပါက ၊ သူတို့သည် ထိုသူ၏အငွေ့အသက်ကို အခြေခံ၍ မူလဇစ်မြစ်ကို ရှာဖွေမည်။
နောက်ဆုံးတွင် ၊ ကွေးယွမ်အမတဂိုဏ်း၏ အင်အားဖြင့် အမြစ်ပါမကျန် တစ်ခါတည်းဆွဲနှုတ်ပစ်မည် ။
……..
တစ်ချိန်တည်းမှာပင်။
လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခု၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ။
ခရမ်းရောင် မြူများ တလိပ်လိပ် ရိုက်ခတ်လျက် ၊ ပရမ်းပတာအလင်းများက နေရာအနှံ့အပြားတွင် ဖြာထွက်နေသည်။
မဟာလမ်းစဉ်၏ နတ်သံမဏိဖြင့် တည်ဆောက်ထားသော ခမ်းနားထည်ဝါသော နန်းတော်များသည် မိုင်ပေါင်းထောင်ချီ တည်ရှိကာ အတိုင်းအဆမရှိ ကျယ်ပြန့်လွန်းသည်။
မဟာလမ်းစဉ်၏ လေပြေများသည် သိပ်သည်းသော မွေးရာပါဝိညာဉ်စွမ်းအင်များကို ဆောင်ကျဉ်းလျက် တိုက်ခတ်နေသည်။
ဝူး...!!!
ရုတ်တရက်။
မိုးကောင်းကင်တစ်ခွင်လုံးကို အုပ်မိုးထားသော ဧရာမလက်ကြီးတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
နတ်ဘုရားများ၏ နိုင်ငံတော်ကဲ့သို့ အကန့်အသတ်မရှိ ကျယ်ပြောလှသော ဤကမ္ဘာတွင် ရုတ်တရက် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အလုံးစုံသော နိယာမတရားတို့၏ ပင်လယ်သမုဒ္ဒရာသည် ရူးသွပ်စွာ တစ်နေရာသို့ ဆုတ်ခွာနေပြီး ၊
ယခင်က ရွှေရောင်များဖြင့် ပြိုးပြိုးပျက်ပျက် တောက်ပကာ ခမ်းနားထည်ဝါခဲ့သည့် မရေမတွက်နိုင်သော နန်းဆောင်များသည်လည်း အခိုးအငွေ့များအဖြစ် ပျောက်ကွယ်နေသည်။
ထူထပ်သော မဟာလမ်းစဉ်၏ မြူများသည် အလွှာလိုက် တတ်လာပြီး ၊ ဤကမ္ဘာကြီးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသောအခါတွင် အရာအားလုံးသည် လုံးဝ ဗလာကင်းမဲ့သော အခြေအနေသို့ ရောက်ရှိသွားသည်။
ရုတ်တရက်၊ မဟာလမ်းစဉ်၏ နက်နဲရှည်လျားသော သက်ပြင်းချသံသည် အာကာသအနှံ့ ပျံ့နှံ့သွားသည်။
“အိုင်း.. တားမြစ်ကံကြမ္မာ ပိုပြီး အားကောင်းလာတော့မယ်...”
“တားမြစ် စူး မိသားစု... ကွေးယွမ်အမတဂိုဏ်း...”
“မင်းတို့တွေ ဘာလုပ်ချင်နေကြတာလဲ...?”
အပိုင်း(၅၀၇): ချန်ကဲ မဟာဧကရာဇ်မင်း ပြန်လာခြင်းကို ကြိုဆိုပါတယ်
ဘုန်း ——!!
တစ်ချိန်တည်းမှာပင် ၊ တိုက်မြေပြင်ပ နယ်မြေတစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်လာခဲ့ပြီး၊ မိုးကောင်းကင်ထက်ရှိ အဆိုပါစွမ်းအားများနှင့် ပဲ့တင်ထပ်နေပုံရသည်။
အဆုံးမရှိသော နိယာမစွမ်းအားများသည် ဒီရေအလား လမ်းကြောင်းအသီးသီးကနေ ဆုတ်ခွာနေကြသည်။
ဝေါင်း!!!
ရုတ်တရက်၊
နဂါးဟိန်းသံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
မူလက အတိုင်းအဆမရှိသော နတ်အလင်းများဖြင့် စုစည်းထားသော အနန္တတန်ခိုးရှင်နေမင်းကြီးသည် ရုတ်တရက် ပေါက်ကွဲသွားသည်။
ထို့နောက်တွင် ၊ ကြီးမားသော နတ်နဂါး အသွင်ကိုးကောင်အဖြစ် ပြောင်းလဲသွားပုံရသည်။ ကောင်းကင်ယံတွင် လှည့်ပတ်ကူးခတ်နေသော နဂါးကြီးကိုးကောင်နှင့်အတူ ၊
ရွှေဝါရောင် ဝဲဂယက်တစ်ခု ထွက်ပေါ်လာပြီး ၊ ပြင်ပနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
တခဏအတွင်း။
တိုက်မြေ သုံးထောင်ရှိ မဟာဧကရာဇ်မင်းပင် ဖြစ်စေ ၊ သာမန်ကျင့်ကြံသူပင် ဖြစ်စေ ၊
ပြင်ပနယ်မြေရှိ ထူးဆန်းသော မူလဘိုးဘေးများပင် ဖြစ်စေ ၊ အားလုံးက ဤမြင်ကွင်းကို လေးနက်စွာ စိုက်ကြည့်နေသည်။
ဆူညံသံများနှင့်အတူ ၊ ရွှေဝါရောင်သန်းနေသော စွမ်းအားဝဲဂယက်ကြီးထဲမှ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ပေါက်ကွဲနေသည်ကို မြင်တွေ့နေရသည်။
ယင်း၌ အပျက်အစီးများ လွင့်မျောနေပြီး၊ အပျက်သဘောဆောင်သော မုန်တိုင်းကြီးသည်ဖြစ်တည်မှုအားလုံးကို ဗလာကင်းမဲ့သွားစေသည့်အထိ တိုက်ခတ်နေသည်။
အဆုံးတွင်။
ဝိညာဉ်စွမ်းအင်ဖြင့် ဖန်ဆင်းထားသော မိုးနဂါးကြီး ကိုးကောင်သည် အလင်းဝဲဂယက်ထဲ၌ လှည့်ပတ်သွားလာရင်း ကျယ်လောင်စွာ
ဟောက်သံပြုလျက် ဆင်းသက်လာသည်။
ဝီ!!
ဤအခိုက်အတန့်တွင်၊
ကောင်းကင်နှင့်မြေကြီးတွင် ဝိညာဉ်စွမ်းအင်ဆိုင်ရာ နိယာမစည်းမျဉ်းများ တဟုန်ထိုး တတ်လာခဲ့ပြီး၊ သက်ရှိသတ္တဝါအပေါင်းတို့သည် ဒဏ္ဍာရီသစ်တစ်ရပ် မွေးဖွားလာခြင်းကို ရင်တုန်စွာဖြင့် မော့ကြည့်နေကြသည်။
ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများသည် ပို၍ ကျယ်လောင်လာသည်နှင့်အမျှ ၊
အလင်းတန်းများဖြင့် ဝေဆာနေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် အထဲကနေ ဖြည်းညှင်းစွာ လှမ်းထွက်လာခဲ့သည်။
ဂျိန်း!!
နတ်ဘုရားတစ်ပါး ကြွမြန်းလာသည့်အတိုင်း၊ ထိုပုဂ္ဂိုလ်၏ ဘေးပတ်လည်တွင် ဝန်းရံနေသော ရွှေရောင်အလင်းတန်းမျာသည် နေကဲ့သို့ ဝင်းလက်တောက်ပနေသည်။
သူ၏ ရှည်လျားသော အနက်ရောင်ဆံနွယ်များက ပြေကျနေသည်မှာ သူ့ကို ပို၍သူရဲကောင်းဆန်စေသည်။
ချောမောလှပသော အသွင်အပြင်သည် ဤလောကတွင် ပြိုင်ဘက်ကင်းဟု ဆိုရပေမည်။
ခြေတစ်လှမ်း ကြွမြန်းလိုက်သည်နှင့်၊ ကြောက်မက်ဖွယ်ကောင်းသော အလင်းမုန်တိုင်းတစ်ခု ဖြပေါ်လာစေသည်။
လှိုင်းတံပိုးများ ရိုက်ခတ်သွားသည့်နေရာတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ရပ်၏ သက်ရောက်မှုကို ခံစားရသည်။
ဘုန်း ဘုန်း !
မရေမတွက်နိုင်သော အပျက်အစီးများသည် နေရာအနှံ့ လွင့်စင်ထွက်သွားသည်။
“သူက ဘယ်လိုလုပ်.....”
ထူးဆန်းမူလဘိုးဘေးတို့သည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် စိုက်ကြည့်နေကြသည်။ ဤဝတ်ရုံဖြူလူ၏ ပုံသဏ္ဍာန်ကို သူတို့အားလုံး ရင်းရင်းနှီးနှီး မြင်ဖူးသည်။
စူးချန်ကဲသည် ဖော့ရွှီသစ်ပင်နှင့်အတူ အာကာသမုန်တိုင်းထဲသို့ စုပ်ယူခံလိုက်ရသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ကြရသည်။
အာကာသမုန်တိုင်းသည် တည်ငြိမ်မှုမရှိသည့်အပြင် ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော နိယာမစည်းမျဉ်းများက အရာအားလုံးကို အခိုးအငွေ့များအဖြစ်သို့ ပျောက်ကွယ်စေနိုင်သည်။
သူတို့ကဲ့သို့ လွတ်မြောက်သူများပင်လျှင် ထိုမုန်တိုင်းထဲသို့ စုပ်ယူခံရပါက ၊ အသက်ဆုံးရှုံးရမည်မှာ မလွဲဧကန်ပင်။
သို့သော် စူးချန်ကဲသည် အန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိလာရုံသာမက ၊ သူ၏ခွန်အားသည် ယခင်ကထက် ပို၍ကြီးမားလာခဲ့သေးသည်။
ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့အရာလား!?
“ ချန်ကဲ မဟာဧကရာဇ်မင်းပဲ!”
တခဏအတွင်းမှာပင်၊ တိုက်မြေ သုံးထောင်မှ ကျင့်ကြံသူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော အမူအရာအဖြစ်သို့ ပြောင်းလဲကုန်ကြသည်။
အမှန်တရားကို မသိခဲ့ကြသော သူတို့သည် တိုက်မြေ သုံးထောင်၏ ဒဏ္ဍာရီလာသူရဲကောင်း စူးချန်ကဲသည် အသက်ဆုံးရှုံးသွားပြီဟု ယူဆခဲ့ကြသည်။
ဤအရာက သူတို့ကို အမျက်ဒေါသဖြစ်စေခဲ့သလို၊ နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲခဲ့ရသည်။
ယခုတွင်မူ၊ ဒဏ္ဍာရီသည် ပြန်လည်ရှင်သန်လာချေပြီ။
သူသည် အသက်မဆုံးရှုံးခဲ့ရုံသာမက၊ ပို၍ပင် အားကောင်းလာခဲ့သည်။
မဖြစ်နိုင်သည်ကို ဖြစ်မြောက်စေကာ၊ အရာအားလုံးထက်သာလွန်သော ထာဝရပထမဆုံးသောဧကရာဇ်မင်းသည် တစ်ဖန် ပြန်လည်ကြွမြန်းလာချေပြီ။
နောက်ဆုံးတွင်၊
စူးချန်ကဲ၏ ဘေးတဝိုက်တွင် ဝန်းရံနေသော နိယာမဆိုင်ရာ နတ်အလင်းရောင်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချိန်မှာတော့၊
လူတိုင်းသည် ထိုအဆင်းသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူသည် အဖြူရောင် နဂါးကိုးကောင်နှင့် မွမ်းမံထားသော ဧကရာဇ်ဝတ်လုံကို ဝတ်ဆင်ထားပြီး၊ ကြီးမြတ်သော ကိုယ်ဟန်အနေအထားနှင့် ကြယ်တာရာကဲ့သို့ တောက်ပသောမျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသည်။
သူသည် တည်ငြိမ်စွာဖြင့် နေရာတွေရပ်နေသည်မှာ ကမ္ဘာလောကတစ်ခုလုံး၏ တစ်ခုတည်းသောဗဟိုချက်အလား ထင်မှတ်ရသည်။
သက်ရှိအားလုံးကို အပေါ် ကနေ ငုံ့ကြည့်နေသော အရှိန်အဟုန်နှင့်အတူ ၊ သူ့ခန္ဓာမှ ထွက်ပေါ်လာသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် မိုးကောင်းကင်ကြီးပမာ သက်ရောက်နေသည်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ မဟာဧကရာဇ်မင်းများသည်ပင် စိတ်နှလုံးတုန်လှုပ်ခဲ့ရသည်။
တိ့ကျန့် မဟာဧကရာဇ်မင်း၏ အမူအရာမှာ အံ့အားသင့်စွာဖြင့် ရှိနေသည်။
“ဒီဖိနှိပ်မှု ရောင်ဝါ...မဟုတ်မှလွဲရော ... ချန်ကဲက...”
“ ရှေးဟောင်းဧကရာဇ်အဆင့်ကို ချိုးဖျက်ခဲ့ပြီလား!?”
ထိုစကားများကို ပြောရင်း ၊
တိ့ကျန့် မဟာဧကရာဇ်မင်းကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် ဖြစ်နေသည်။
စူးချန်ကဲ မဟာဧကရာဇ်မင်းဖြစ်တာ ဘယ်လောက်ကြာသေးလို့လဲ!?
သုံးလတောင် မပြည့်သေးဘူး ၊ ရုတ်တရက်ကြီး ရှေးဟောင်းဧကရာဇ်အဆင့်ကို တတ်လှမ်းသွားပြီတဲ့လား!!
ဒါ လူရောဟုတ်ရဲ့လား!?
ထို့အပြင်၊ တိ့ကျန့် မဟာဧကရာဇ်မင်းအား တစ်ခေါင်းလုံးပူထူသွားစေသည့်အချက်မှာ ၊
စူးချန်ကဲ၏ အခြေခံအုတ်မြစ်သည် မည်သည့်ယိုယွင်းမှုမျှ မရှိဘဲ ချောက်နက်အလား နက်ရှိုင်း၍အလွန်တည်ငြိမ်နေသည်ကို ခံစားမိလိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြ၏ စစ်သည်တော်တစ်ဦးက သူ့စိတ်ထဲက ရူးသွပ်မှုကို မထိန်းနိုင်တော့ဘဲ လက်နက်ချကာ စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ဒူးထောက်လျက် ဟစ်ကြွေးလိုက်သည်။
“ ချန်ကဲ မဟာဧကရာဇ်မင်းကို ဂါရဝပြုပါတယ်”
သူ၏ လှုပ်ရှားမှုသည် လူတိုင်း၏ခံစားချက်များကို နှိုးဆွစေခဲ့သည်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ စစ်သည်တော်များသာမက ၊ အခြားအင်အားစုများမှ စစ်သည်တော်များသည်ပင် ရိုသေစွာ ဒူးထောက်လျက် ကြွေးကြော်လေသည်။
“ ချန်ကဲ မဟာဧကရာဇ်မင်းကို ဂါရဝပြုပါတယ်”
“ ချန်ကဲ မဟာဧကရာဇ်မင်းကို ဂါရဝပြုပါတယ်”
“ ချန်ကဲ မဟာဧကရာဇ်မင်းကို ဂါရဝပြုပါတယ်”
“……..”
တစ်ချိန်တည်းမှာပင် ၊ လော့ရန်ယွီ ၊ ရွှမ်ယွီဧကရီ နှင့် စူးချန်ကဲ၏ နောက်လိုက်များ အားလုံးသည် မျက်ရည်များဝဲနေသည်။
သူတို့စိတ်ထဲက ဒဏ္ဍာရီလာ သူရဲကောင်းသည် အမြဲရှိခဲ့ပြီး ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ချေ။
ဒဏ္ဍာရီသည် လောကအနှံ့ ထွန်းတောက်လာပေတော့မည်။
ထိုအခိုက်အတန့်တွင် ၊
သန်းပေါင်းများစွာသော သက်ရှိသတ္တဝါအားလုံးသည် စိတ်ရင်းအမှန်ဖြင့် စူးချန်ကဲရှိရာဘက်သို့ ဒူးထောက်ကာ ကန်တော့ခဲ့ကြသည်။
ဤရိုသေလေးစားမှုသည် သူတို့၏ စစ်မှန်သော နှလုံးသားထဲကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။ တိုက်မြေပြင်ပ နယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှကိစ္စတိုင်းကို သူတို့သိရှိထားပြီးဖြစ်သည်။
တိုက်မြေပြင်ပ နယ်မြေမှ ဖော့ရွှီသစ်ပင်ကို အသုံးပြုလာသောကြောင့် နယ်မြေပြင်ပစစ်မြေပြင်သည် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
သို့သော် ထိုအချိန်တွင်၊ စူးချန်ကဲသည် ရဲရင့်စွာရပ်တည်ခဲ့ပြီး ကွေးယွမ်၏ လူနည်းစုစစ်သည်တော်များကို ဦးဆောင်လျက် တိုက်မြေပြင်ပ နယ်မြေ၏ တပ်များနှင့် တစ်ကိုယ်တော် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင်၊ သူသည် ဖော့ရွှီသစ်ပင်ကို ချေမှုန်းပစ်ခဲ့ပြီး အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ဤကဲ့သို့သော မြင့်မြတ်သော စိတ်ထား၊ ရဲရင့်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် သူရဲကောင်းထံ သူတို့၏စိတ်နှလုံးသားကို အကြွင်းမဲ့ပေးအပ်လိုသည်။
သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များသည် တသမတ်တည်း ဒူးထောက်ကန်တော့ကာ ကြွေးကြော်လေ၏။
“ချန်ကဲ မဟာဧကရာဇ်မင်း ပြန်လာခြင်းကို ကြိုဆိုပါတယ်!”
ကြွေးကြော်သံများက တောင်တွေကို ဖြိုဖျက်၍ ပင်လယ်ကို လှုပ်ခတ်သွားစေပြီး မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဤအသံသည် တိုက်မြေပြင်ပ နယ်မြေကို ဖြတ်သန်းကာ တိုက်မြေသုံးထောင် ဒေသအနှံ့ ပျံ့နှံ့သွားသည်။
ပြင်ပတပ်ဖွဲ့ဝင်များသည် ဤကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ငေးမောကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။
သို့သော် ၊ တိုက်မြေသုံးထောင်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်ရမည်ဆိုပါက ၊
တိုက်မြေပြင်ပ နယ်မြေရှိ လူတိုင်းသည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတွင် ရှိနေကြသည်။
“ဒါဟာ တိုက်မြေ သုံးထောင်ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသောဧကရာဇ်တစ်ပါးလို့ ချီးကျူးခံရတဲ့... ချန်ကဲ မဟာဧကရာဇ်မင်းလား?”
“သွားပြီ.... ငါတို့ ပြင်ပနယ်မြေ လုံးဝ သွားပြီ”
မူလဘိုးဘေးဆယ်ဦးစလုံးသည်လည်း အလားတူ တုန်လှုပ်နေကြသည်။
သူတို့အားလုံးသည် လွတ်မြောက်သူများ ဖြစ်သော်လည်း ၊ စူးချန်ကဲမှာ ရှေးဟောင်းဧကရာဇ်အဆင့်သာရှိသေးသည်။
သို့သော် စူးချန်ကဲ၏ ခန္ဓာကိုယ်မှ အမှတ်မထင် ထုတ်လွှတ်လိုက်သော ကြောက်ခမန်းလိလိ စွမ်းအားများသည် သူတို့ကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုပါက ၊
သူတို့ အနိုင်ရဖို့ဆိုတာ မသေချာပေ။
အမှန်စစ်စင် ၊ ကွေးယွမ် သူတော်စင် နယ်မြေသည် စူးချန်ကဲ ပြန်လာမည်ဖြစ်ကြောင်း အရင်တည်းက သိထားပြီးဖြစ်သည်။
ထို့ကြောင့် ဒေါသကို ချုပ်တည်းလျက် မူလဘိုးဘေးဆယ်ဦးကို ချက်ချင်း မသုတ်သင်ခဲ့ပေ။
သို့မဟုတ်ပါက ၊ ဤသကောင့်သား ဆယ်ယောက်သည် ဓားသွေးကျောက်လုပ်ဖို့တောင် ထိုက်တန်လိမ့်မည်မဟုတ်။
ကွေးယွမ်အမတဂိုဏ်းသည် တိုက်မြေပြင်ပ နယ်မြေတစ်ခုလုံးကို ဗလာအဖြစ် သန့်စင်ပေမည်။
အဆုံးတွင် ၊ ဤနယ်မြေရှိ သက်ရှိသတ္တဝါအားလုံးသည် ကြာနီငရဲထဲသို့ ပစ်ချခံရပြီး၊ ကံမကောင်းစွာဖြင့် မီးတောက်ထဲတွင် ထာဝရလောင်ကျွမ်းခံရပေတော့မည်။
ထိုအချိန်တွင် ဆူးနတ်ဆိုး မူလဘိုးဘေးက စူးယွမ်အား လျှောက်တင်လေ၏။
“ ဧကရာဇ်ယွမ် ဘုရင်မင်းမြတ်! အခုအချိန်မှာ အရှင်မင်းတစ်ယောက်တည်းကသာ ဒီသကောင့်သားကို ရင်ဆိုင်နိုင်တော့မှာ!”
“အရှင်မင်းသာ အပြည့်အဝ အားစိုက်ရင် ၊ ဒီကောင့်ကို အလွယ်တကူ နှိမ်နင်းနိုင်မှာ သေချာတယ်!”
စူးယွမ်ငြင်းမည်ကို စိုးရိမ်သဖြင့် ဆူးနတ်ဆိုး မူလဘိုးဘေး အလျင်အမြန် ဆက်ပြောသည်။
“စိတ်မပူပါနဲ့! ကျွန်တော်တို့ ဆယ်ယောက်ကလည်း အရှင်မင်းနဲ့အတူ အပြည့်အဝ ပူးပေါင်းမှာပါ “
“ အရှင်မင်းသာ မကူညီရင် ကျွန်တော်တို့နယ်မြေတစ်ခုလုံး အပြီးတိုင် ပျက်သုန်းသွားလိမ့်မယ်!”
အပိုင်း(၅၀၈): အလှည့်အပြောင်း(၁)
စူးယွမ်အား အဓိကတိုက်ခိုက်သူအဖြစ် ရွေးချယ်ရသည့် အကြောင်းရင်းမှာ သူသည် ၎င်းတို့အုပ်စုတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထိုအချက်ကို သူတို့ ကောင်းကောင်းကြီး နားလည်ထားကြသည်။
စူးချန်ကဲ ဒီသကောင့်သားက ဘယ်လိုအံ့ဖွယ်စွမ်းအားတွေ ပိုင်ဆိုင်ထားမှန်း ဘယ်သူက သိမှာလဲ!?
သူတို့ကိုယ်တိုင် ရှေ့ထွက်ပြီး စမ်းသပ်တိုက်ခိုက်ရင်းက ၊ အသက်ထွက်သွားရင် ဘယ်လိုလုပ်မလဲ!?
ထို့ကြောင့် စူးယွမ်ကို မြှောင်ပင့်ကာ ဦးဆောင်ခိုင်းခြင်းသည် အသင့်တော်ဆုံးပင် ဖြစ်သည်။
သို့သော်...
သူတို့အမြင်တွင်၊ စူးယွမ်၏ခွန်အားသည်လည်း နားမလည်နိုင်အောင် နက်ရှိုင်းသည်ကို သတိပြုမိသည်။
ထို့ကြောင့် ၊ စူးချန်ကဲလက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု ယူဆထားသည်။
ဤနည်းလမ်းသည်သာ အလုံခြုံဆုံး ဖြစ်သည်ဟု ဆိုရမည်။
ထိုစကားကို နားထောင်ရင်း ၊
စူးယွမ်သည် စိတ်ထဲကနေ အေးစက်စွာ ရယ်မောလိုက်သည်။
ဒီကောင်တွေရဲ့ အကြံအစည်ကို သူ မသိဘဲနေမလား?
သို့သော်၊ သူသည် မငြင်းဆန်ခဲ့ပေ။
လေးနက်သော အမူအရာဖြင့် စူးချန်ကဲထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ဤမြင်ကွင်းသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
စစ်ပွဲကြီးသည် ဆက်လက်ဖြစ်ပွားဦးမည်ကို သိထားပြီး ဖြစ်သော်လည်း ၊ သို့သော် ဤမျှမြန်မြန်ဆန်ဆန် ရောက်ရှိလာမည်ဟု မျှော်လင့်မထားခဲ့ပေ။
“ကောင်းတယ်! ဧကရာဇ်ယွမ် အရေးယူတော့မယ်!”
စူးယွမ်သည် လေးနက်သော အမူအရာဖြင့် စူးချန်ကဲထံ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်နှင့်။
တိုက်မြေပြင်ပ နယ်မြေရှိ လူတိုင်းနှင့် မူလဘိုးဘေးတို့သည် ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။
ယွမ်ဧကရာဇ်သည် သူတို့၏နယ်မြေတွင် အပြင်းထန်ဆုံးသော စွမ်းအားရှင်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် နားမလည်နိုင်လောက်အောင် နက်ရှိုင်းပြီး ၊ အချို့လူများက သူသည် မူလဘိုးဘေးဆယ်ဦးထက် သာလွန်သည်ဟု ခန့်မှန်းကြသည်။
ယခု ယွမ်ဧကရာဇ်၏ ဝင်ရောက်စွက်ဖက်မှုသည် ကစားပွဲကို ပြောင်းပြန်လှည့်နိုင်တော့မည့် အခွင့်အရေးကို ရရှိပေတော့မည်။
“ အတင့်ရဲလိုက်တာ!”
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်နှာသည် အေးစက်သွားပြီး၊ မျက်လုံးများက လူသတ်လိုသော အကြည့်များဖြင့် ပြည့်နှက်နေသည်။
အရင်တုန်းက သူသည် စူးချန်ကဲကို ကောင်းစွာမကာကွယ်ပေးနိုင်ခဲ့ချေ။ နောက်ဆုံးတွင် ဤကဲ့သို့သော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့သည်။
ယခု ၊ သူသည် ဤအခြေအနေကို မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။
သို့သော် သူ ဝင်ရောက်မစွက်ဖက်သေးခင် ၊ စူးချန်ကဲသည် ပြုံးရယ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း ။
“ ဆရာတူအစ်ကို၊ ဒီကိစ္စကို ကျွန်တော့်ကို လွှဲလိုက်ပါ “
စူးချန်ကဲ၏ အသံသည် အေးဆေးတည်ငြိမ်ပြီး အတိုင်းမသိ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
“ကျွန်တော် သူနဲ့ တိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ် “
စူးချန်ကဲ၏ စကားများကြောင့် မူလက ဝင်ရောက်စွက်ဖက်ရန် အသင့်ပြင်ထားသော တိ့ကျန့် မဟာဧကရာဇ်မင်းသည် ခဏတာ ကြောင်အမ်းသွားသည်။
ယခုအခါတွင် စူးချန်ကဲ၏ကိုယ်ပေါ်က လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါများကို သူကိုယ်တိုင်တောင် အတိအကျမမြင်နိုင်တော့ပေ။
သူနှင့် နယ်ပယ်အဆင့်ချင်း တူညီသော်လည်း ၊ အကယ်၍ တကယ်တန်း တိုက်ခိုက်ကြမည်ဆိုပါက သူကိုယ်တိုင်ပင် စူးချန်ကဲ၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။
တိ့ကျန့် မဟာဧကရာဇ်မင်းသည် ကူကယ်ရာမဲ့စွာ ပြုံးရယ်လိုက်ရင်း နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
သူ့အနေဖြင့် ဤမျှ စိုးရိမ်နေစရာမလိုချေ။အကြောင်းမှာ ဤနေရာတွင် လူအများကြီးရှိနေသည်။
မည်သည့်လှည့်ကွက်ကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူတို့ ယုံကြည်ထားသည်။
ဝေဟင်တွင် မျောလွင့်နေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို စိုက်ကြည့်ရင်း၊ တိ့ကျန့် မဟာဧကရာဇ်မင်းသည် စိတ်လှုပ်ရှားနေသည်။
“ ဆရာတူညီလေးရဲ့ ခွန်အားက... အခုဆို ငါ့ထက် အများကြီး သာလွန်နေပြီထင်တယ်.....”
ထိုအချိန်တွင် ၊
တိုက်မြေပြင်ပ နယ်မြေရှိ လူတိုင်း၏ စိတ်လှုပ်ရှားနေသော အကြည့်များအောက်တွင်၊
မိမိတို့၏နယ်မြေ၌ အပြင်းထန်ဆုံး စွမ်းအားရှင်ဟု မှတ်ယူရသော ယွမ်ဧကရာဇ်သည် နောက်ဆုံးမှာတော့ စူးချန်ကဲရှေ့သို့ ရောက်ရှိလာခဲ့သည်။
ယွမ်ဧကရာဇ်သည် စူးချန်ကဲအား ချက်ချင်း သတ်ဖြတ်ပစ်တော့မည်ဟု မျှော်လင့်နေစဉ်၊
နောက်အခိုက်အတန့်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်များသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ယွမ်ဧကရာဇ်သည် စူးချန်ကဲ၏ ရှေ့တွင် ဒူးထောက်ကာ ဦးညွတ်လိုက်သည်။
“လက်အောက်ငယ်သား ကျွန်တော် စူးယွမ်...”
“သခင်ငယ်ကို ဂါရဝပြုပါတယ်!”
………
တခဏအတွင်း။
ကမ္ဘာကြီးတစ်ခုလုံး မှင်တတ်နေလေ၏။
တိုက်မြေပြင်ပ နယ်မြေရှိ လူတိုင်းသာမက၊
တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများပင်လျှင် အံ့အားသင့်ကာ ငေးမောနေကြသည်။
ပါးစပ်အဟောင်းသားဖြင့် စကားမဲ့နေ၏။
မူလကတည်းက တင်းမာနေသောလေထုကြောင့် ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေခဲ့သည်။
ထို့ကြောင့် စူးယွမ်ပြောလိုက်သည့် စကားလုံးများသည် တိမ်တိုက်များကိုပင် ထိုးဖောက်ဝင်ရောက်ကာ လူတိုင်း၏ စိတ်နှလုံးသားထဲအထိ ပဲ့တင်ထပ်ရိုက်ခတ်သွားခဲ့ပြီး တုံ့ပြန်လာဖို့ အချိန်အတော်လေးယူလိုက်ရသည် ။
မူလဘိုးဘေးဆယ်ဦးတို့မှာ မျက်လုံးများ ပြူးထွက်လုနီးပါး အံ့အားသင့်သွားကြသည်။
ဒီအပြုအမူက ဘာကြီးလဲ?
သူတို့ပဲ အမြင်မှားသွားသလား...?
တိုက်မြေပြင်ပ နယ်မြေ၏ အသန်မာဆုံး စွမ်းအားရှင်။
သူတို့တောင် အလေးထားရတဲ့ ယွမ်ဧကရာဇ်က လူအများရှေ့မှောက်မှာ အငယ်တန်းတစ်ယောက်ကို ဒူးထောက်နေတယ်!?
ဒါတင်မကဘူး ၊ “သခင်ငယ်” လို့တောင် ဂုဏ်ယူစွာ ခေါ်ဝေါ်နေသတဲ့လား !?
ကွေးယွမ် သူတော်စင် နယ်မြေ၏အဖွဲ့ဝင်များ၊ စူးချန်ကဲ၏ နောက်လိုက်များစွာတို့သည် ဤမြင်ကွင်းကြောင့် မယုံနိုင်လောက်အောင် အံ့အားသင့်နေကြသည်။
ဆယ်စက္ကန့်ကျော်ကြာပြီးနောက် ၊ တစ်ကမ္ဘာလုံး ပွက်လောရိုက်သွားလေတော့သည်။
“ချန်ကဲ.. ချန်ကဲဆက်ခံသူ ပြိုင်ဘက်မရှိ!”
“ဘုရားရေ... ဒီလူက တိုက်မြေပြင်ပ နယ်မြေကလူတွေကတောင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်လို့ ခေါ်ယူရတဲ့ ယွမ်ဧကရာဇ်မလား? သူက ချန်ကဲ ဆက်ခံသူကို သခင်ငယ်တဲ့လား!?”
“ကြည့်ရတာ ချန်ကဲဆက်ခံသူရဲ့ မိသားစုက အတော်လေး ကြီးကျယ်ခမ်းနားတဲ့ နောက်ခံရှိတာပဲ”
“ဒါပေမဲ့ ချန်ကဲ ဆက်ခံသူက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူမဟုတ်လား? ဒီလောက်ကြီးမားတဲ့ မိသားစုနောက်ခံရှိတာ ဘယ်လိုလုပ်ပြီး ကွေးယွမ် သူတော်စင် နယ်မြေကို ဝင်လာတာလဲ?”
“ သိပ်ကြောက်စရာ ကောင်းလွန်းတယ်၊ မူလဘိုးဘေးဆယ်ဦးရဲ့ အထက်မှာရှိတဲ့ စွမ်းအားရှင်က သူ့ကို ဒူးထောက်ပြီး ဦးညွှတ်နေတယ် ....ချန်ကဲ ဆက်ခံသူရဲ့ မိသားစုက ဘယ်လောက်များတောင် ကြောက်ဖို့ကောင်းလိုက်သလဲ”
“အိုင်း... ဘယ်ခေတ်မှ မရှိဖူးတဲ့ပါရမီနဲ့အတူ ဒီလောက်ထိ ဩဇာအာဏာကြီးမားတဲ့ နောက်ခံ...စဉ်းစားရင်းနဲ့တောင် လန့်ဖျပ်မိတယ်!”
“သမိုင်းတစ်လျှောက် ကြည့်မယ်ဆိုရင်၊ ဒီလိုလူမျိုးဆိုလို ချန်ကဲဆက်ခံသူ တစ်ဦးတည်းရှ်ိနိုင်မယ် ထင်တယ် “
“……”
လူအုပ်ကြီး၏ ဆွေးနွေးသံများသည် အဆက်မပြတ် ရှိနေပြီး၊ တိုက်မြေသုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံးကို ရူးသွပ်သွားစေသည်။
ဤဖြစ်ရပ်သည် သူတို့ နားလည်ထားသည်ထက် ကျော်လွန်နေပြီး ၊ အိမ်မက်ထဲမှာတောင် ထည့်မစဉ်းစားဖူးပေ။
သို့သော်၊ ပတ်ဝန်းကျင်က လူတွေ၏ အံ့အားသင့်နေသော အကြည့်များကို ယွမ်ဧကရာဇ်သည် နည်းနည်းမှပင် ဂရုမစိုက်။
လာနောက်နေတာလား! ဒီလူက သူတို့ တားမြစ် စူးမိသားစုရဲ့ သခင်ငယ်လေ!
သူ့လို သာမန်အဖွဲ့ဝင်တစ်ယောက်က သခင်ငယ်ကို ဦိးညွှတ်ခစားတာ ၊ ဘာရှက်စရာလိုလဲ?
မူလဘိုးဘေး ဆယ်ဦးစလုံး၏ မျက်နှာများသည် နီမြန်းနေပြီး ၊ အဆုံးတွင် ၎င်းတို့၏ စိတ်ထဲက အမျက်ဒေါသတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။
၎င်းတို့သည် ဒေါသတကြီးဖြင့် အော်ဟစ်လေတော့သည်။
“စူးယွမ် ! ဒါဘာသဘောလဲ !?”
“ ငါတို့နယ်မြေမှာ နှစ်ပေါင်းများစွာနေထိုင်လာခဲ့တာ ၊ ဘယ်လိုလုပ်ပြီး သခင်ငယ် ပေါ်လာတာတုန်း!?”
“ဒါ ငါတို့ကို စော်ကားလိုက်တာပဲ! ဒီကောင်က တစ်ဖက်လူရဲ့ ခွန်အားကို ကြောက်လို့ အကြောင်းရှာပြီး အရှုံးပေးနေတာပဲ!”
“……”
မူလဘိုးဘေး ဆယ်ဦးစလုံးသည် အမျိုးမျိုးကြိမ်ဆဲနေသော်လည်း စူးယွမ်သည် လုံးဝမှ ဂရုမစိုက်ပေ။
အပိုင်း(၅၀၈): အလှည့်အပြောင်း (၂)
သူသည် ယခုထိတိုင် ဒူးထောက်လျက် ဦးညွှတ်နေဆဲပင် ဖြစ်သည်။
စူးချန်ကဲ၏ နောက်ခံသမိုင်းနှင့် အဆင့်အတန်းသည် မည်မျှ ကြောက်စရာကောင်းသည်ကို အားလုံးထက် ရှင်းရှင်းလင်းလင်း သူ သိထားသည်။
သူသည် စူးချန်ကဲအပေါ် အရိုအသေတန်မဲ့ ပြုမှုခွင့်မရှိချေ။
စူးချန်ကဲမှ သူ့ကိုမထခိုင်းသ၍ ၊ သေရမည်ဆိုတောင် သူသည် ဘယ်တော့မှထလာမည်မဟုတ်။
ဤအရာအားလုံး၏ ဇာတ်ဆောင်ဖြစ်သော စူးချန်ကဲပင်လျှင် အနည်းငယ် ကြောင်အမ်းနေပြီး၊ အချိန်အနည်းငယ်ကြာမှ ပြန်လည်သတိကပ်လာခဲ့သည်။
“ငါ ...?”
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားပြီး၊ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ သခင်ငယ်?”
မိမိ၏ မိသားစုသည် ဤမျှအထင်ကြီးစရာကောင်းလေသလော။
အကြောင်းမှာ စူးချန်ကဲသည် သူ့မိသားစုနှင့်ပတ်သက်၍ မှတ်ဉာဏ်အချို့ ပိတ်ဆို့ခံထားရသည်။ သူ၏မိသားစုသည် တိုက်မြေသုံးထောင်ရှိ လျို့ဝှက်အင်အားစုတစ်စု ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် လက်ရှိအခြေအနေအရ ၊ သူထင်ထားသည်ထက် မရိုးရှင်းပုံရသည်။
မည်သို့ပင်ဆိုစေကာမူ၊ ယခုအချိန်သည် မိသားစုကိစ္စများကို ဆွေးနွေးရန် အချိန်မဟုတ်ချေ။
“လူကြီးမင်း၊ ဒီလောက်ထိ အရိုအသေပြုဖို့ မလိုပါဘူး “
စူးချန်ကဲသည် ဒူးထောက်နေသော ယွမ်ဧကရာဇ်ကို မထူလိုက်သည်။
မည်သို့ပင်ဖြစ်စေ ၊ ၎င်းသည် သူ၏မိသားစုဝင်တစ်ဦး ဖြစ်သောကြောင့် အရိုအသေတန်မဲ့ မဆက်ဆံသင့်ချေ။
“ကျေးဇူးတင်ပါတယ်၊ သခင်ငယ်!”
ယွမ်ဧကရာဇ်သည် အလျင်အမြန် ဦးညွှတ်လိုက်သည်။
သူ၏အမူအရာသည် အေးစက်နေသော်လည်း၊ စိတ်ထဲမှာမူ ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးရယ်လုနီးပါး ဖြစ်ခဲ့ရသည်။
သူသည် အားလုံးထက် ‘သခင်ငယ်’ ဟု အရင် ခေါ်ဆိုနိုင်ခဲ့သူ ဖြစ်သည်။ ဒါက ကိစ္စကြီး မဟုတ်လား!?
“ ယွမ် ဧကရာဇ်! မင်းလို ဂုဏ်သိက္ခာကင်းမဲ့တဲ့သူက ငါတို့ တိုက်မြေပြင်ပ နယ်မြေကလူ ဖြစ်ဖို့မထိုက်တန်ဘူး!”
မူလဘိုးဘေးဆယ်ဦးတို့သည် ယွမ်ဧကရာဇ်ကို လက်ညိုးငေါက်ငေါက် ထိုးလျက် ဆဲဆိုနေကြသည်။
အချိန်အတန်ကြာ ဆဲခံရပြီးနောက်၊ ယွမ်ဧကရာဇ်လည်း စိတ်ဆိုးလာပြီ ဖြစ်သည်။
စူးချန်ကဲ၏ ရှေ့မှောက်တွင် အရိုအသေတန်မဲ့ မပြုမှုချင်လို့သာလျှင် သူသည် ဆိတ်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။
ဒီငါးပုတ်တွေကို ရိုက်သတ်ဖို့က ခဏနဲ့တင် ပြီးတယ်!!
“သခင်ငယ်! ဒီငါးပုတ်တွေကို ကျွန်တော်နဲ့ လွှဲထားလိုက်ပါ!’
ယွမ်ဧကရာဇ်သည် စူးချန်ကဲထံ တရိုတသေ ထပ်မံ လျှောက်တင်လိုက်သည်။
“သခင်ငယ် အနားယူလိုက်ပါဦး!”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊
ယခုထိတိုင် ဒေါသကြောင့် လည်ပင်းအထိ နီမြန်းနေသော မူလဘိုးဘေးဆယ်ဦးစလုံး၏ မျက်နှာများသည် ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ခုနက ဆဲတာများသွားတော့ ခုတော့ ပိုပြီးကြောက်ရတော့မယ်မလား!
ယွမ်ဧကရာဇ်အဖို့ သူတို့ကို အေးဆေးကစားရုံမျှဖြင့် လွယ်ကူစွာ အနိုင်ယူနိုင်သည်။
စူးချန်ကဲသည် ယွမ်ဧကရာဇ်၏ တောင်းဆိုမှုကို သဘောတူမည်ဟု လူတိုင်းက ထင်ထားကြသည်။
နောက်ဆက်ဖြစ်လာမည့် မြင်ကွင်းသည် လူတိုင်း၏ မျှော်လင့်ချက်ကို ထပ်မံကျော်လွန်သွားခဲ့ပြန်သည်။
စူးချန်ကဲက ခေါင်းခါလျက် တိုက်ရိုက်ငြင်းဆိုလိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ မူလဘိုးဘေးဆယ်ဦးစလုံး၏ ရှေ့သို့ တည်ငြိမ်စွာ ချဉ်းကပ်လာခဲ့သည်။
“ကျွန်တော် အခုပဲ အဆင့်သစ်တစ်ခုကို ချိုးဖျက်ပြီး စွမ်းအားသစ်တစ်ခုကို ရရှိထားတယ် “
“အဲ့တာနဲ့ပတ်သက်ပြီး... စမ်းသပ်ကြည့်ချင်သေးတယ်”
စူးချန်ကဲ၏ မျက်လုံးများသည် ယုံကြည်မှုအပြည့်နဲ့ တောက်ပနေသည်။
“ဒီကောင်တွေက အတော်လေး အရည်အချင်းရှိတယ်၊ သူတို့ကို အသုံးချပြီး ကိုယ့်အရည်အချင်းကို မြှင့်တင်ကြည့်ရမယ်”
…..
ထိုစကားများ ထွက်လာသည်နှင့် ။
မူလက မှုန်ကုတ်ကုတ်ဖြင့်ရှိနေသော မူလဘိုးဘေးဆယ်ဦးတို့၏ဒေါသများသည် တဟုန်ထိုး ပေါက်ကွဲလာခဲ့သည်။
မူလဘိုးဘေးဆိုသည်မှာ အဘယ့်နည်း ။
အမြင်တကာ့အမြင့်ဆုံး ၊ ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသည်။
သူတို့၏ အတွေးတစ်ချက်တည်းဖြင့် ၊ မရေမတွက်နိုင်သော သက်ရှိများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။
ယနေ့တွင် ၊ လူသားမျိုးနွယ် အငယ်တန်းတစ်ယောက်က သူတို့ကို လေ့ကျင့်ရေးကိရိယာ အဖြစ် အသုံးပြုမယ်လို့ ကြွေးကြော်နေသတဲ့လား!?
အတင့်ရဲလွန်းတယ်!
တကယ်ကို မောက်မာလွန်းတယ်!
တစ်ဖက်တွင်မူ ၊ တိုက်မြေ သုံးထောင်ရှိ လူတိုင်း ပွက်ပွက်ဆူသွားသည်။
လက်အောက်ငယ်သားကိုတောင် အသုံးမပြုဘဲ သူကိုယ်တိုင် ချေမှုန်းမယ်တဲ့လား!?
ဒါတင်မကဘူး ၊ မူလဘိုးဘေးဆယ်ဦးကို လေ့ကျင့်ရေးကိရိယာ အဖြစ်တောင် အသုံးပြုမယ်တဲ့လား!?
ဤကဲ့သို့သော သတ္တိနှင့် ရဲရင့်မှုသည် ရူးသွပ်ခြင်းမဟုတ် ၊ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြနေခြင်းပင်။
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် နတ်ဆိုးမျက်လုံး မူလဘိုးဘေးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
“ဒီရင်းနှီးတဲ့ အငွေ့အသက်... ငါခန့်မှန်းတာ မမှားဘူးဆိုရင်....”
ချောက်နက်အလား နက်ရှိုင်းသော သူ၏မျက်ဝန်းတစ်စုံတွင် အဆုံးမရှိသော ဧကရာဇ်တန်ခိုးစွမ်းအားများ လျှံတတ်လာသည်။
“ ဖော့ရွှီသစ်ပင် ငါတို့ နယ်မြေပြင်ပစစ်မြေပြင်ရဲ့ အနောက်ဘက်မှာ ပေါ်ထွက်လာတာ ၊ မင်းရဲ့လက်ချက်မလား”
“ငါ.....”
တချက်ကြည့်ခံလိုက်ရုံဖြင့် ၊ လွတ်မြောက်သူအဆင့်ရှိသည့် နတ်ဆိုးမျက်လုံး မူလဘိုးဘေးပင်လျှင် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မသိစိတ်ကနေ နောက်သို့ ခြေလှမ်းဆုတ်မိသွားသည်။
ရှေးဟောင်းသားရဲကြီးတစ်ကောင်သည် မိမိအပေါ်သို့ မျက်စိကျနေသကဲ့သို့ ခံစားလိုက်ရပြီး ၊ ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်။
ထိုအခိုက်တွင် စူးချန်ကဲသည် ဖြေးဖြေးချင်း လက်သီးဆုပ်လိုက်သည်။ သူ၏ခွန်အားကို အာကာသဟင်းလင်းပြင်ပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲပေမည်။
ကြောက်မက်ဖွယ်ကောင်းသော အာကာသမုန်တိုင်းသည် ပြင်းထန်စွာ တိုက်ခတ်လာပြီး၊ ပို၍ပင် ကြောက်စရာကောင်းသော ပရမ်းပတာမုန်တိုင်းသည် သူ၏လက်ချောင်းများကြားမှ ပေါက်ကွဲထွက်လာသည်။
ဝုန်း !!!
စူးချန်ကဲမှ ထိုးနှက်လိုက်သော လက်သီးအရှိန်သည် မည်သူမှ မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းသည်။
တဒင်္ဂအတွင်းမှာပင်၊ နတ်ဆိုးမျက်လုံး မူလဘိုးဘေးသည် ကြောက်ခမန်းလိလိ အင်အားတစ်ခု၏ ထိုးနှက်မှုကိုခံလိုက်ရပုံပေါ်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော အင်အားတစ်ခုနှင့် တိုက်မိခဲ့သည်။ ဤမျှပြင်းထန်သော အင်အားကြောင့် ထိုနေရာတဝိုက်ရှိ အာကာသ ဟင်းလင်းပြင်တွင် ကွဲအက်ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။
ထိုလက်သီးတစ်ချက်အောက်တွင်၊ နတ်ဆိုးမျက်လုံး မူလဘိုးဘေး၏ ခန္ဓာကိုယ်သည် အတွင်းဘက်သို့ ချိုင့်ဝင်သွားပြီး ကြောက်စရာကောင်းလောက်အောင် ထင်ရှားသော လက်သီးရာတစ်ခု ကျန်ရစ်နေခဲ့သည်။
အပိုင်း(၅၀၉): နတ်ဆိုးမျက်လုံး မူလဘိုးဘေးကို ချေမှုန်းခြင်း
“ သွေးအန်သံ......!!”
နတ်ဆိုးမျက်လုံး မူလဘိုးဘေးသည် ထိုကြောက်မက်ဖွယ်ရာ အင်အား၏ ထိုးနှက်မှုကြောင့် အဝေးသို့ လွင့်ထွက်သွားပြီး ပါးစပ်ထဲမှ သွေးများ ထိန်းမနိုင်သိမ်းမရ အန်ထွက်လာခဲ့သည်။
သို့သော် လက်သီးအလင်းသည် မှေးမှိန်မသွားဘဲ၊ နတ်ဆိုးမျက်လုံး မူလဘိုးဘေးကို မြေကြီးထဲသို့ မြုပ်ဝင်သွားစေသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊
မိုးကောင်းကင်သည် ပြိုကျကာ မြေကြီးတို့သည် အက်ကွဲလျက် ၊ ဖုန်မှုန့်များက လှိုင်းလုံးကြီးများသဖွယ် တလိပ်လိပ် ထလာသည် ။
ရုတ်ချည်းဆန်လွန်းသော ဤမြင်ကွင်းသည် လူတိုင်း၏ မျက်နှာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည် ။
အထူးသဖြင့် အခြားမူလဘိုးဘေး ကိုးဦး၏ မျက်နှာများသည် ပို၍ပင် မှုန်ကုတ်နေသည်။
လက်သီးတစ်ချက်!
တစ်ချက်တည်းဖြင့် !
သူတို့နှင့် အဆင့်အတန်းတူညီသော နတ်ဆိုးမျက်လုံး မူလဘိုးဘေးကိုပင် လွင့်ထွက်သွားစေသည့် ဤခွန်အားသည် ရှေးဟောင်းဧကရာဇ် နယ်ပယ်အဆင့်ရှိသော ခွန်အားပင်လော။
“ ကောင်စုတ်လေး ၊ သေချင်နေတာပဲ!”
ဝုန်း !!
ပြင်းထန်သော ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ စကြဝဠာတစ်ခွင်လုံး တုန်လှုပ်သွားသည်။
ဖုန်မှုန့်များ တလိပ်လိပ် ထနေသော ထိုနေရာတွင် နတ်ဆိုးမျက်လုံး မူလဘိုးဘေးသည် ခက်ခက်ခဲခဲ ပြန်ထလာပြီး၊ ဆံပင်များက တစ်ခေါင်းလုံး ရှုပ်ပွနေသည်။
ရင်ဘတ်သည် အတွင်းဘက်သို့ ချိုင့်ဝင်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနတ်ဆိုးတစ်ကောင်၏ အသွင်သဏ္ဍာန်ကဲ့သို့ တစ်ကိုယ်လုံး ပုံပျက်ပန်းပျက် ဖြစ်နေသည်။
သူသည် မူလဘိုးဘေးဆယ်ဦးထဲက တစ်ဦးဖြစ်ပြီး ၊ တိုက်မြေပြင်ပ နယ်မြေ၏ ဘုရင်တစ်ပါးလည်းဖြစ်သည်။
ယခုအခါ တိုက်မြေပြင်ပ နယ်မြေ၏လူအများရှေ့တွင် လူငယ်တစ်ယောက်၏ လက်သီးတစ်ချက်ဖြင့် အရှက်ကွဲခဲ့ရသည်။
ရှက်စရာကောင်းလွန်းတယ်!
အတော်လေး ရှက်စရာကောင်းလွန်းတယ်!
“ ကမ္ဘာပျက် နတ်ဆိုးမျက်စိ - ဖွင့်!!”
နတ်ဆိုးမျက်လုံး မူလဘိုးဘေးသည် အသားကုန် အော်ဟစ်လိုက်သည်။ သူ၏ဒေါသသည် အကန့်အသတ်မရှိ တောက်လောင်နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် နတ်ဆိုးဟောက်သံကဲ့သို့ ဟိန်းထွက်လာသည်။ ကြောက်မက်ဖွယ်ရာကောင်းသော နိယာမဆိုင်ရာ နတ်အလင်းများသည် သူ့ကိုဝိုင်းရံထားသည်။
မိုးကောင်းကင်ထက်တွင် တခဏအတွင်း မီးခိုးရောင်တိမ်တိုက်များ ထူထပ်လာပြီး၊ ခရမ်းရောင်သန်းသော အဖျက်လျှပ်စီးကြောင်းများက တဖျပ်ဖျပ် ခတ်လို့နေသည်။
တစ်ချိန်တည်းမှာပင် သန်းပေါင်းများစွာသော မိုးခြိမ်းသံများ ပေါက်ကွဲထွက်လာသည်။
ပြင်းထန်စွာ ပေါက်ကွဲထွက်နေသော မိုးခြိမ်းသံနှင့်အတူ နိယာမများသည် တဟုန်ထိုး တတ်လာကာ လှိုင်းထန်နေသည်။
နောက်အခိုက်အတန့်တွင် ၊
အနက်ရောင်လျှပ်စီးကြောင်းများသည် အဆုံးမရှိ ထွက်ပေါ်လာပြီး နက်မှောင်သော မျက်လုံးကြီးအဖြစ် ပေါင်းစည်းသွားသည်။ ထိုနက်မှောင်သော မျက်လုံးကြီးသည် နေကို လွှမ်းခြုံလျက် ကောင်းကင်တစ်ခြမ်းလုံးကို အုပ်မိုးထားလေ၏။
မျက်လုံးကြီး၏ အနက်ရှိုင်းဆုံးနေရာတွင်၊ အရာအားလုံးကို ပြာအဖြစ်ပြောင်းလဲနိုင်စွမ်းရှိသော ကြီးမားသော အဖျက်စွမ်းအားများသည် အရှိန်ပြင်းထန်စွာ ရိုက်ခတ်နေသည်။
“သေ!!”
နတ်ဆ်ိုးမျက်လုံး မူလဘိုးဘေးသည် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်နှင့်။
ကောင်းကင်တစ်ခြမ်းလုံးကို ဖုံးလွှမ်းထားသော ထိုနက်မှောင်သော မျက်လုံးကြီးသည် အနက်ရောင် အလင်းတန်းများဖြင့် ဝင်းလက်တောက်ပလာခဲ့သည်။ ဆက်လက်၍ ၊ ကြီးမားသော မှော်နက်စက်ဝိုင်းကြီးသည် ၎င်း၏မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ မည်းနက်နေသော စွမ်းအင်များဖြင့် ပြည့်နှက်နေသော အဖျက်အလင်းတန်းများသည် နတ်ဆိုးမျက်လုံးကြီး၏အတွင်းပိုင်းထဲကနေ ဖြာထွက်လာသည်။
စူးချန်ကဲ၏ခန္ဓာပေါ်သို့ ကျရောက်သွားသည်နှင့် အလင်းပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မိုးမြေတစ်ခွင်လုံး လှုပ်ခါသွားသည်။
အနက်ရောင် လှိုင်းတံပိုးများက စူးချန်ကဲရှိရာ ဧရိယာတစ်ခုလုံးကို မည်းနက်နေအောင် ဆေးခြယ်ထားသည်။
စူးချန်ကဲသည် သူ၏ အစွမ်းကုန်ထိုးနှက်မှုကို လုံးလုံးလျားလျား ခံလိုက်ရသည်ကို တွေ့ပြီးနောက် နတ်ဆိုးမျက်လုံး ဘိုးဘေး၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာသည်။
စူးချန်ကဲသည် သန်မာသော်လည်း၊ သို့သော် ဤထိုးနှက်မှုကို ထိပ်တိုက်ရင်ဆိုင်ရပါက မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရရှိမည်ဟု သူ ယုံကြည်ထားသည်။
အခြားသူများကလည်း ဤမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်ရှုနေကြသည်။
သို့သော် ၊ စူးချန်ကဲကို နားလည်သူများသည် စိုးရိမ်ခြင်းမရှိဘဲ ဆက်လက် ကြည့်ရှုနေကြသည်။ စူးချန်ကဲသည် သူ၏တန်ခိုးစွမ်းအားများဖြင့် ပြန်လည်တိုက်ခိုက်ခြင်း မရှိခဲ့ပေရာ ၊ ဤသည်က သူ့တွင် ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
“ဒါက တိုက်မြေပြင်ပ လောကရဲ့ မူလဘိုးဘေးဆယ်ဦးထဲက တစ်ဦးတဲ့လား?”
ထိုအချိန်တွင်၊ တလိပ်လိပ် ရိုက်ခတ်နေသော အနက်ရောင် စွမ်းအင်လှိုင်းတံပိုးများကြား စူးချန်ကဲ၏ ရယ်သံကို ကြားလိုက်ရသည်။
“ငါမျှော်လင့်ထားတာထက်... နည်းနည်း အားနည်းသေးတယ် “
ဝုန်း !!
ထို့နောက် မျက်စိတမှိတ်အတွင်းမှာပင် ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ နတ်အလင်းလှိုင်းတံပိုးများသည် မည်းနက်သော မြူခိုးများကို ဖယ်ထုတ်လိုက်ပြီး၊ ဝတ်ရုံဖြူ လူတစ်ယောက်၏ အသွင်ပုံရိပ်ကို မြင်သာစေခဲ့သည်။
ယခုအချိန်ထိ စူးချန်ကဲ၏ မျက်နှာသည် အေးချမ်းသော အမူအရာမျိုးနှင့် ရှိနေဆဲပင် ဖြစ်သည်။
ဒဏ်ရာတစ်ခုတောင် မဆိုနှင့် ၊ သူ၏ နှင်းဖြူရောင် ဝတ်ရုံပေါ်တွင် ဖုန်မှုန့်ဟူ၍ တစ်စွန်းတစ်စမျှ မရှိ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!!?”
ဤမြင်ကွင်းကို မြင်လိုက်ရသော မူလဘိုးဘေးမှာမူ ၊ တစ်ခေါင်းလုံး ပူထူသွားပြီး စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
သူ၏ စောနကတိုက်ခိုက်မှုသည် အပြင်းထန်ဆုံး ထိုးနှက်ချက်ဖြစ်ပြီး ၊ အားနည်းချက်မရှိဟု သူ ယုံကြည်ထားသည်။
ထို့အပြင် သူ၏ဒေါသနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ၊ ပုံမှန်ထက် ကျော်လွန်သွားပေလိမ့်မည်။ သို့သော် စူးချန်ကဲအား အဘယ့်ကြောင့် နည်းနည်းမှ မထိခိုက်ခဲ့သနည်း။
“မင်းက... မင်းက လွတ်မြောက်သူမဟုတ်ဘဲနဲ့... ဘာလို့ ဒီလောက်ထိ အားကောင်းနေရတာလဲ...?”
ပြောရင်းဖြင့် ၊ နတ်ဆိုးမျက်လုံး မူလဘိုးဘေးသည် သူ၏ခြေလှမ်းများကို ထိန်းမနိုင်သိမ်းမရ နောက်ပြန်ဆုတ်နေမိသည်။
ယခုအချိန်တွင် စူးချန်ကဲသည် သူ့အား အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။
“အားကောင်းတယ်?”
စူးချန်ကဲက ရယ်လေ၏။ ဤသည်မှာ အစပျိုးရုံမျှသာ ဖြစ်သည်။
ဤခေတ်၏ စစ်မှန်သောအားကြီးသူဟု သတ်မှတ်၍မရသေးချေ။
“ငါက အားကောင်းတာ မဟုတ်ဘူး၊ ခင်ဗျားကိုက အားနည်းလွန်းတာ”
စူးချန်ကဲ၏ အေးဆေးတည်ငြိမ်သော လေသံဖြင့် ထပ်ဆိုလိုက်သည်။
“ ဒီလိုဆိုမှတော့ ....”
ထို့နောက် သူ၏ မျက်ဝန်းအစုံတွင် ကြောက်မက်ဖွယ်ကောင်းသော တာအိုစည်းချက်များ စီးဆင်းနေသည်မှာ ကမ္ဘာ၏ သံသရာစက်ဝန်း၊ ယင်ယန် သေခြင်းရှင်ခြင်း ၊ စကြဝဠာ၏ ချုပ်ငြိမ်းခြင်းတို့ကို သရုပ်ဖော်နေသကဲ့သို့ပင်။
ကမ္ဘာကြီးသည်ပင် ဤမျှကြောက်မက်ဖွယ်ရာ စွမ်းအား၏ သက်ရောက်မှုကြောင့် အချိန်ခဏတာ ရပ်တန့်သွားပုံရသည်။
စူးချန်ကဲကို ဗဟိုပြုလျက် ၊ ရပ်တန့်နေသော အချိန်လောကအတွင်း။
ရှေးဦိးခရမ်းရောင် အလင်းတန်းများ ကျဆင်းလာပြီး ၊ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဤနေရာရှိ စွမ်းအားရှင်တိုင်း အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားမိကြသည်။
သို့သော် သူတို့ကို ပို၍ထိတ်လန့်စေခဲ့သည်မှာ၊
သူတို့၏ ခန္ဓာကိုယ်များသည် လှုပ်ရှားမရ ဖြစ်နေခြင်းပင်။
အသိစိတ်ရှိပါသော်ငြားလည်း ၊ ခန္ဓာကိုယ်အတွင်းရှိ မည်သည့် နတ်တန်ခိုးစွမ်းအားမျှ အသုံးပြု၍မရချေ။
စကြဝဠာထဲက ကြယ်များကဲ့သို့ နက်ရှိုင်းသော စူးချန်ကဲ၏ မျက်ဝန်းတစ်စုံ၌ လျှပ်တပြက် တောက်ပသွားသည်။
ဟူးး!!
ထိုနည်းတူစွာ ၊ အလွန်တရာမျှ ကြီးမားလှသော ကောင်းကင်မျက်လုံး တစ်စုံသည် နတ်ဆိုးမျက်လုံး မူလဘိုးဘေး၏အထက်တွင် တဖြေးဖြေး စုစည်းပေါ်ပေါက်လာခဲ့သည်။
ဤကောင်းကင်မျက်လုံးသည် ဆုံးခန်းတိုင်မရှိသော တာအိုသဘောတရားများဖြင့် ရောယှက်ဖွဲ့စည်းထားပုံရသည်။
မျက်လုံးကြီးအတွင်း၌ ကြယ်တာရာများ စီးဆင်းတောက်ပနေသည်မှာ ရှေးဟောင်းအာကာသလောကများစွာကို သရုပ်ဖော်ပြသနေသကဲ့သို့ပင်။
လောကတစ်ခွင်ရှိ အလုံးစုံသော မဟာလမ်းစဉ်တို့ကို ဖြိုခွဲပစ်ကာ ၊
စကြဝဠာရှိ အရာခပ်သိမ်းတို့သည် မူလဇာစ်မြစ်ဆီသို့ ပြန်လည်ပို့ဆောင်ခံရသည်။
ဝီ———!!
တောက်လောင်နေသော နတ်အလင်းတန်းကြီးသည် ကောင်းကင်ကိုးဆင့်မှ နတ်ဆိုးမျက်လုံး မူလဘိုးဘေးဆီသို့ တန်းတန်းမတ်မတ် ကျရောက်လာခဲ့သည်။
“ဒါဘယ်လိိုဖြစ်တာလဲ...!?”
ထိုကြောက်ခမမ်းလိလိ စွမ်းအားကြောင့် နတ်ဆိုးမျက်လုံး မူလဘိုးဘေး၏မျက်နှာသည် လုံးဝ ဖြူဖျော့သွားပြီး ၊ အစွမ်းကုန် ခုခံရန်ကြိုးစားခဲ့သည် ။
သို့သော် သူ၏အသိစိတ်သာလျှင် လှုပ်ရှားနိုင်ပြီး၊ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအားလုံးသည် ရပ်တန့်နေသည်။
အဖျက်စွမ်းအား အလင်းတန်းကြီးသည် မိမိထံသို့ ရောက်ရှိလာသည်ကို ကူကယ်ရာမဲ့ ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
ဝုန်း ———!!
ဖောင်း———!!
မှော်သင်္ကေတတို့၏ ဟောက်သံနှင့်အတူ အသွေးအသားများ ပေါက်ကွဲသံတို့သည် တစ်ခုနှင့်တစ်ခု ရောထွေးနေသည်။
ထူးဆန်းဘိုးဘေး၏ တာအိုခန္ဓာသည် ဤဗလာနိတ္ထိစွမ်းအား၏ ရှေ့မှောက်တွင် ကြေမွပျက်စီးသွားသည်။
အဆုံးတွင် ၊ နတ်အလင်းများနှင့်အတူ ပြာမှုန့်များအဖြစ် လွင့်မျောကွယ်ပျောက်သွားလေတော့သည်။
ဝုန်း———!!”
နတ်အလင်းတန်းများ ကြီးမားစွာ ပြန့်ကားလာသည်မှာ မှောင်မိုက်နေသော မိုးကုပ်စက်ဝိုင်းတွင် နေမင်းကြီး ပြိုကျပျက်စီးနေသည့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြီးနှင့် တူသည်။
ဤအဖြစ်အပျက်များ ပြီးဆုံးသွားချိန်မှာတော့ လူတိုင်းသည် ကြောင်တတ်တတ်ဖြင့် ရှိနေကြသည်။
အမှန်တွင် ၊ သုံးစက္ကန့် ကြာပြီးနောက်တွင် ‘အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်’၏ အချိန်ကို ရပ်တန့်စေသော စွမ်းအားသည် ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်သည်။
သို့သော် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းဖွယ်ရာများသည် သူတို့ နားလည်ထားသည်ထက် ကျော်လွန်နေသဖြင့် စကားမဲ့နေမိသည်။
အချိန်နှင့်အာကာသကို ငြိမ်သက်၍ သုံးစက္ကန့်အတွင်းမှာပင် မူလဘိုးဘေးသည် သေဆုံးကာ ကွယ်ပျောက်သွားခဲ့ရသည်။
အပိုင်း(၅၁၀): မူလဘိုးဘေးများ လက်နက်ချပြီ ၊ ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်မည်
လူတိုင်း ပါးစပ်အဟောင်းသားဖြင့် စကားမဲ့လို့နေသည်။
လေအေးများက မိုးမြေတစ်ခွင် ဖြတ်၍ တိုက်ခတ်သွားသည်။
ထိုမှသာလျှင် ၊ သူတို့အားလုံး ချမ်းစိမ့်သွားကာ သတိပြန်ကပ်လာကြသည် ။
“ဟူး——!!”
ကောင်းကင်နှင့်မြေကြီးကြား ၊ ရှုရှိုက်သံများကို ကြားနေရသည်။
စောနက ပေါ်ထွက်လာသော စွမ်းအားသည် သူတို့ မျှော်လင့်ထားသည်ထက် အဆမတန်ကျော်လွန်နေခဲ့သည်။
စူးချန်ကဲဖန်တီးခဲ့သော ကောင်းကင်မျက်လုံးကြီးသည် မည့်ကဲ့သို့သောအရာ ဖြစ်သနည်း။
လောကတစ်ခွင်ရှိ အရာအားလုံးသည် ၎င်း၏ အတွေးတစ်ခုတည်းဖြင့် ဖျက်ဆီးပစ်နိုင်ပုံရသည်။
ကျန်ရှိနေသော မူလဘိုးဘေးကိုးဦးသည် ဤအခိုက်အတန့်တွင်မူ ၊ ၎င်းတို့၏ တာအိုနှလုံးသားသည်ပင် တုန်လှုပ်ကာ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။
“ နတ်ဆိုးမျက်လုံး က ...စူးချန်ကဲရဲ့ နတ်မျက်စိ တချက်အကြည့်အောက်မှာတင် သေဆုံးသွားပြီလား...!?”
၎င်းတို့၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားပြီး ၊ ယခင်က ကြောက်ရွံ့မှုများက ဆည်ကျိုးပေါက်သွားသကဲ့သို့ အလျှံအပယ် ထွက်ပေါ်လာသည်။
သူတို့အကုန်လုံး အမှန်တကယ်ပင် ကြောက်လန့်နေကြသည်။
နတ်ဆိုးမျက်လုံး မူလဘိုးဘေးသည် သူတို့ဆယ်ဦးတွင် အားနည်းသူတစ်ယောက် မဟုတ်ပေ။
သို့သော်လည်း ၊ သုံးစက္ကန့်အတွင်း ယခုလို မရှင်းမလင်း သေဆုံးခဲ့ရလေသလော။
ထို့အပြင် ထူးခြားဆန်းကြယ်ပုံရသော ရပ်တန့်စွမ်းအားဆိုသည်မှာ မည့်ကဲ့သို့သောအရာ ဖြစ်သနည်း။
ထို့အပြင် ၊ အရွယ်အစားကြီးမားသော ကောင်းကင်မျက်လုံးကြီးမှာလည်း မည့်ကဲ့သို့သောအရာ ဖြစ်သနည်း။
စူးချန်ကဲ၏ အဖျက်စွမ်းအားသည် သူတို့ နားလည်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ စူးချန်ကဲသည် အမတလမ်းစဉ်သို့ မရောက်သေးပါသော်လည်း ၊ သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို အဘယ့်ကြောင့် အသုံးပြုနိိုင်သနည်း?
ရှေးဟောင်းဧကရာဇ်အဆင့်တွင်ပင် သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကိုပိုင်ဆိုင်ထားသည်။ လွတ်မြောက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက သူ၏ခွန်အားသည် စစ်မှန်အမတနှင့် တန်းတူဖြစ်သွားမည်လော။
စူးချန်ကဲ၏နောက်ခံကို ထည့်မပြောသေးခင်၊ ၎င်းသည် သူတစ်ယောက်တည်းအားဖြင့် သူတို့အားလုံးကို သုတ်သင်နိုင်လောက်သည် မဟုတ်လော။
ဒါကြီးကို သူတို့ဘယ်လိုလုပ်ပြီး ပြန်တိုက်ခိုက်နိုင်မှာတုန်း?!
ခုချိန်လုပ်ရမှာက အသားကုန် ဖင်ပိတ်ပြေးရုံပဲ!
“မြန်မြန် ! တိုက်မြေပြင်ပ နယ်မြေကလူတွေ အမြန် ထွက်သွားကြတော့!”
ဆူးနတ်ဆိုး မူလဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကျန်ရှိနေသော မူလဘိုးဘေး ကိုးဦးသည်လည်း ချက်ချင်းလက်ငင်း ထွက်ပြေးကြသည်။
စူးချန်ကဲ ရုတ်ချည်းထွက်ပေါ်လာခဲ့စဉ်က ၊ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် သူတို့အား အလွန်ထူးဆန်းသည် ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ စူးချန်ကဲသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ သေချာသည်။
သို့သော် အမှန်တရားက သူတို့မျှော်မှန်းထားသည်ထက် အဆမတန်ကျော်လွန်နေခဲ့သည်။
စူးချန်ကဲ ပိုင်ဆိုင်ထားသော စွမ်းအားသည် သူတို့ထင်ထားတာထက် ပိုကြောက်စရာကောင်းသည်။
“ ဘုရားရေ ! စူးချန်ကဲက အမတသခင်တောင် ဖြစ်နေခဲ့ပြီလား?”
“မဖြစ်နိုင်ဘူး! သူ့ဆီမှာ အမတအလိုဆန္ဒ ရှိမနေဘူး ၊ အမတသခင် လုံးဝမှ မဖြစ်နိုင်ဘူး!”
“ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ရရှိထားတာလဲ!?”
မူလဘိုးဘေးတို့သည် တဖက်ကနေ ထွက်ပြေးရင်း ၊ စိတ်ထဲတွင် ကျိန်ဆဲနေကြသည်။
တိုက်မြေ သုံးထောင်သည် ၎င်းအား ထာဝရပထမဆုံးသော ဧကရာဇ်တစ်ပါးဟု အဘယ့်ကြောင့် ခေါ်ဆိုကြသည်ကို ယခုတွင်မူ၊ သူတို့အားလုံး နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်တန်းခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသူသည် “သမိုင်းတစ်လျှောက်တွင် အမြဲ တွင်ကျန်ရစ်မည့် ထာဝရ တစ်ဦးတည်းသော ဧကရာဇ်”ဟူသော ဘွဲ့ နှင့် ထိုက်တန်ပေသည် မဟုတ်လော။
…..
“သခင်ငယ်! စိတ်မပူနဲ့၊ ကျွန်တော် သူတို့ကို ဖမ်းပြီး ပြန်ခေါ်လာပေးမယ်!”
ယွမ်ဧကရာဇ်သည် ရှေ့တစ်လှမ်းတိုးလာပြီး စူးချန်ကဲအား လေးစားမှုအပြည့်နှင့် လျှောက်တင်လိုက်သည်။
ယခုအချိန်သည် တားမြစ်စူးမိသားစု သခင်ငယ်၏ နှစ်သက်မှုကိုရရှိရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးကို သူ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
စူးချန်ကဲသည် အရာအားလုံးသည် သူ့လက်ထဲတွင် ရှိနေသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြုံးရယ်လိုက်သည်။
“စိတ်မပူနဲ့၊ ဒီအဆင့်ကို ရောက်လာပြီးကတည်းက စွမ်းအားသစ်များစွာကို ကျွန်တော် ထိန်းချုပ်ထားနိုင်ပြီ”
“သူတို့ကို ခဏထွက်ပြေးခွင့်ပေးလိုက်ပါ၊ ဘယ်လိုပဲပြေးပြေး ငါ့လက်ထဲကနေ မလွတ်မြောက်နိုင်ဘူး “
ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအားနှင့်ပတ်သတ်၍ သူသည် အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
အမှန်တွင်၊ စောနက သူ အသုံးပြုခဲ့သော အချိန်ကို ရပ်တန့်စေသည့် စွမ်းရည်သည် ယခင်က အချိန်လျှို့ဝှက်နယ်မြေတွင် ရရှိခဲ့သော လျို့ဝှက်ဆန်းကြယ်သော အချိန်နိယာမနှင့် ပေါင်းစပ်အသုံးပြုထားခြင်းကြောင့် ဖြစ်သည်။
ထိုစဉ်က ၊ မသိစိတ်ကနေ ပေါင်းစပ်အသုံးပြုမိသောကြောင့် ဤထူးခြားဆန်းကြယ်သော စွမ်းအားကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လောလောဆယ်တွင် အခြားသူများကို သုံးစက္ကန့်မျှသာ ရပ်တန့်နိုင်သေးသော်လည်း ၊ သူ၏ ကျင့်ကြံမှုသည် တိုးတက်လာသည်နှင့်အမျှ အချိန်ပိုမိုကြာရှည်စွာ ရပ်တန့်နိုင်မည်ဖြစ်သည်။
သူသည် အချိန်သာမက အာကာသကိုလည်း ထိန်းချုပ်ထားနိုင်သည်။ ထို့ကြောင့် စူးချန်ကဲသည် အချိန်-အာကာသစွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်။
စူးချန်ကဲသည် သူ့ညာဘက်လက်ဝါးကို ကောင်းကင်ဆီသို့ ဖြေးညင်းစွာ ဆန့်တန်းလိုက်သည်။
“ ထာဝရကောင်းကင်ပြာကို အတွေးတစ်ခုတည်းဖြင့် လွှမ်းခြုံထားသည်!”
ဘုန်း ——
တဒင်္ဂအတွင်းမှာပင်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုသည် စူးချန်ကဲ၏ လက်ဝါးမှ စတင်ကာ စကြဝဠာအတွင်းသို့ ပျံ့နှံ့သွားသည်။ ထိုကြောက်ခမမ်းလိလိ စွမ်းအင်အလင်းတန်းများသည် ရေလှိုင်းများကဲ့သို့ပင် တိုက်မြေပြင်ပ နယ်မြေတစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။
မှောင်မိုက်နေသော စကြဝဠာအထက်တွင် ရွှေရောင်ဖျော့ဖျော့ ရောင်ခြည်များ ဝင်းလက်တောက်ပလာပြီး ၊ ၎င်းတို့သည် ရွှေရောင်အကာအရံ အတားအစီးတစ်ခုကဲ့သို့ ကောင်းကင်ယံမှ ဖြေးညှင်းစွာ ကျဆင်းလာသည်။
ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် လူတိုင်း၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကြသည်။
တိ့ကျန့် မဟာဧကရာဇ်မင်း အပါအဝင် အချို့သော ထိပ်တန်း မဟာဧကရာဇ်မင်းများသည်ပင် ဤဖြစ်ရပ်ထဲမှ လျှို့ဝှက်ချက်ကို ချက်ချင်းနားလည်သွားကြသည်။
“ဒါက.... အာကာသစွမ်းအားလား!?”
စူးချန်ကဲသည် သူ၏ လက်ချောင်းများကို ဖြေးညှင်းစွာ ပိတ်လိုက်သည်နှင့် ။
မူလက စကြဝဠာထက်တွင် တွဲလောင်းကျနေသော ရောင်ခြည်အလင်းတန်းများသည် ရုတ်တရက် ဟောက်သံပြုကာ ကြွေကျလာသည်။
ထိုအချိန်မှစ၍ အကန့်အသတ်မရှိသော ဤနေရာတစ်ခုလုံးသည် ရုတ်တရက်ပင် အေးခဲသွားသည်။
အရူးအမူး ထွက်ပြေးနေကြသော မူလဘိုးဘေး ကိုးဦးသည် မမြင်ရသော နံရံတစ်ခုနှင့် ဆောင့်တိုက်မိသကဲ့သို့ ချက်ချင်း ရပ်တန့်သွားကြသည်။
“ဒါ ဘယ်လိုဖြစ်တာလဲ!?”
သူတို့ နားလည်ထားသည်ထက် ကျော်လွန်သော ဤမြင်ကွင်းသည် သူတို့အား တစ်ခေါင်းလုံး ပူထူသွားစေသည်။
ယခင်က အချိန်ကို ရပ်တန့်ပစ်ခဲ့ပြီး ၊ ယခုတွင်မူ အာကာသကိုပင် အေးခဲသွားအောင် လုပ်နိုင်ခဲ့သည်။
ဒါက အမတသခင်တွေရဲ့ နည်းလမ်းမဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ!?
“ငါပြောပြီးပြီ၊ မင်းတို့ လွတ်မှာမဟုတ်ဘူးလို့ “
ရုတ်တရက် အေးစက်သောအသံတစ်ခုက သူတို့၏နောက်ကနေ ထွက်ပေါ်လာသည်။
သို့သော် မူလဘိုးဘေး ကိုးဦးမှာ အသင့်ပြင်ဖို့အချိန်တောင် မရလိုက်ဘဲ ၊ တဒင်္ဂအတွင်းမှာပင် သူတို့ပတ်ဝန်းကျင်ရှိ အာကာသရပ်ဝန်းသည် နေ၊လ၊ကြယ်တာရာများ လှည့်ပတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် ဤအရာများနှင့်အတူ ရွေ့လျားနေပြီး စူးချန်ကဲနှင့် မနီးမဝေး နေရာသို့ ရောက်ရှိသွားကြသည်။
ဤရုတ်တရက် အပြောင်းအလဲကြီးသည် သူတို့ကို ထပ်မံ၍ အံ့အားသင့်စေခဲ့သည်။
ဒါ ဘယ်လိုဖြစ်တာလဲ?
သူတို့တွေ ထွက်ပြေးလာတာ မိုင်ပေါင်း တစ်သိန်းကျော်အကွာ ရောက်လာခဲ့ပြီမဟုတ်လား?
ဘယ်လိုလုပ်ပြီး စူးချန်ကဲဆီကို ပြန်ရောက်လာတာလဲ?
“ဒုတိယမြောက်က... မင်းပဲ”
မျက်စိတမှိတ်အတွင်းမှာပင် ၊ အချိန်-အာကာသအပိုင်းအစများ ပျံ့လွင့်လာကာ ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် အာကာသလေဟာပြင်ကို ဖြတ်ကျော်လာသကဲ့သို့ ၊
ဆူးနတ်ဆိုး မူလဘိုးဘေး၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။
ယခင်က လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ကောင်းချီးပေးမှုအောက်တွင် စူးချန်ကဲ၏ ကြောက်မက်ဖွယ်ကောင်းသော ဆင့်ကဲပြောင်းလဲမှုကြီးမှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ရှေးဟောင်းဧကရာဇ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိခဲ့ရုံသာမက ၊ ခွန်အားပိုင်းအရ အရည်အသွေးများလည်း တိုးတက်လာခဲ့သည်။
လက်သီးအတတ် ၊ လှုပ်ရှားမှုစွမ်းရည် ၊ နတ်တန်ခိုးစွမ်းအား ၊ သူ၏ စွမ်းဆောင်နိုင်စွမ်းသည် ဒေဝလောကတစ်ခွင်ရှိ အခြား မဟာဧကရာဇ်မင်း၏အထက်တွင် ရှိသည်။
“ ကောင်လေး...!?”
ဆူးနတ်ဆိုး မူလဘိုးဘေးသည် သူ့အပေါ်သို့ ရှေးဟောင်းနတ်တောင်တန်းကြီးတစ်ခု ကျရောက်လာသကဲ့သို့ ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရသည်။
ကြောက်ရွံ့မှုတို့နှင့်အတူ၊ သူမသည် တုံ့ဆိုင်းခြင်းမရှိ သူမ၏လက်ကို မြှောက်လိုက်ပြီး လေဟာနယ်ထဲကနေ ဆူးနွယ်ပင်များကို ဆင့်ခေါ်လိုက်သည်။
ဝုန်း ! ဝုန်း !
တခဏအတွင်း။
တောင်နှင့်ပင်လယ်ကို ဇောက်ထိုးလှန်နိုင်သည့် ဆူးနွယ်ပင်များသည် စူးချန်ကဲရှိရာဘက်သို့ အလုံးအရင်း ပြေးဝင်လာသည်။
သို့သော် ၊ စူးချန်ကဲသည် ဘာမှမထူးခြားသော အမူအရာဖြင့် တချက် လှမ်းကြည့်လိုက်ပြီး၊
ထို့နောက် သူ၏လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း !!
သူရဲကောင်းဆန်ပြီး ကြီးကျယ်ခမ်းနားသော ရုပ်သွင်မှ အဆုံးမရှိသော တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပုံရပြီး ၊ တစ်လောကလုံးကို လွှမ်းခြုံထားသည်။
လက်သီးအလင်း၏ ကျရောက်လာမှုနှင့်အတူ ၊ ထူထပ်သော ဆူးနွယ်ပင်များသည် မြင့်မားသော အပူချိန်ကြောင့် အရည်ပျော်သွားသကဲ့သို့ တစ်စစီ ကြေမွသွားသည်။
လက်သီးအလင်း၏ အလယ်ဗဟိုတွင် ရှိနေသော ဆူးနတ်ဆိုး မူလဘိုးဘေးသည် သူမ၏မျက်လုံးရှေ့က အမှောင်ထုကို ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်း စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကို တချိန်တည်း ဖျက်ဆီးပစ်လိုက်ပြီး ပြာအဖြစ်သို့ လွင့်ကြဲသွားစေသည်။
အဆုံးမရှိသော နိယာမဆိုင်ရာ မျောလွင့်နေသော အလင်းတန်းများသည် မိုးမြေတစ်ခွင် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤသည်က တန်ခိုးကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ ကျဆုံးခြင်းကို သက်သေပြနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ကျန်ရှိနေသော မူလဘိုးဘေးတို့သည် ကြောက်လန့်တကြား ဖြစ်နေကြသည်။
သူတို့၏ တာအိုစိတ်နှလုံးသားသည် လုံးလုံးလျားလျား ပြိုကွဲသွားပြီး စူးချန်ကဲနှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိတော့ချေ။
ဆိုးညစ်နဂါး မူလဘိုးဘေးသည် စူးချန်ကဲအား လေထဲတွင် လေးလေးနက်နက် ဦးညွှတ်လိုက်ရင်း ။
“ “ကျွန်တော်တို့ ဆိုးညစ်နဂါးနန်းတော်ဟာ ချန်ကဲ မဟာဧကရာဇ်မင်းမင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပြီး အသက်စွန့်ကာ နောက်လိုက်အဖြစ် အမှုထမ်းပါ့မယ် !”
“ ကျွန်တော်တို့ ခုနစ်စင်ကြယ် နတ်ဆိုးဘုရင်နန်းတော်ဟာလည်း ချန်ကဲ မဟာဧကရာဇ်မင်းထံ ခစားဖို့ဆန္ဒရှိပါတယ်”
“ကျွန်တော်တို့ ကျုံယွီတောင်ကလည်း ချန်ကဲ မဟာဧကရာဇ်မင်းထံ ခစားဖို့ဆန္ဒရှိပါတယ်”
“…….”
ဤမြင်ကွင်းသည် တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော လူများကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ရာမှ ထို့နောက်တွင် ဝမ်းသာပီတိဖြစ်စေခဲ့သည်။
ဤသည်မှာ တိုက်မြေ သုံးထောင်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။
သူသည် နတ်ဆိုးမျက်လုံး မူလဘိုးဘေးကို တချက်စိုက်ကြည့်ရုံဖြင့် သေစေခဲ့ပြီး ၊ ဆူးနတ်ဆိုး မူလဘိုးဘေးအား လက်သီးတချက်တည်းဖြင့် ထိုးသတ်ပြခဲ့သည်။
အကြွင်းမဲ့ ပါရမီများနှင့်အတူ ဤကမ္ဘာပေါ်တွင် မည်သူမှ သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။