အခန်း (၅၁၁-၅၁၂)
Vol. 37 Ch. 511-512
အပိုင်း(၅၁၁): ဇီဝတားမြစ်နယ်မြေကို တပ်ဖွဲ့စေလွှတ်မည်
ကျန်ရှိနေသော မူလဘိုးဘေးများသည်လည်း “သစ္စာခံမည်” ဟု ဖော်ပြလာကြသည်။
တိုက်ပွဲဝင် စိတ်ဓာတ်များသည် အရင်ကတည်းက ပျောက်ဆုံးနေခဲ့ပြီဖြစ်သည်။ မိမိ၏အသက်ကို ကယ်တင်နိုင်မည်ဆိုပါက ၊ ဂုဏ်သိက္ခာဟူသည် ဘာအတွက်အသုံးဝင်ဦးမည်နည်း။
မူလဘိုးဘေးများ၏ သစ္စာစောင့်သိမှုကို ကြားသိရချိန်တွင် စူးချန်ကဲတစ်ယောက် ပြုံးရယ်မိသည်။
ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဤမူလဘိုးဘေး ဆယ်ဦးမှ အစချီခဲ့ခြင်းဖြစ်သည်။
ယခုရှုံးနိမ့်သွားချိန်တွင် ၎င်းတို့သည် သူ့ထံ လက်နက်ချ အညံ့ခံလိုသတဲ့လား!?
အမှန်အတိုင်း ဆိုရလျှင်ဖြင့် ၊ ယွမ်ဧကရာဇ် တစ်ဦးတည်းကပင် သူတို့အားလုံးထက် သာလွန်သည်။
ဒီလိုအရည်အချင်းမရှိတဲ့ ငါးပုတ်သင်တွေကို လိုအပ်သေးလို့လား!?
ထို့အပြင် သူ၏နောက်လိုက်များထဲတွင် မည်သူမဆို ဤသကောင့်သားများထက် အလားအလာ ပိုကောင်းသေးသည်။
“အသက်စွန့်ပြီး နောက်လိုက်အဖြစ် အမှုထမ်းမယ် ဟုတ်လား”
စူးချန်ကဲသည် ပျော်စရာတွေ့သွားသော လေသံဖြင့် ဆိုလိုက်သည်။
“ ဇီဝတားမြစ်နယ်မြေကိုလည်း ချေမှုန်းရဦးမယ် ဆိုတော့”
“ ခုချက်ချင်း မင်းတို့ တပ်တွေကို ဦးဆောင်ပြီး ဇီဝတားမြစ်နယ်မြေကို ငါနဲ့အတူ တိုက်ခိုက်ဖို့ အသင့်ပဲလား”
ထိုစကားများ ထွက်လာသည်နှင့်။
မူလဘိုးဘေးရှစ်ဦး၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။
ဇီဝတားမြစ်နယ်မြေ၏ အင်အားသည် ၎င်းတို့၏အထက်တွင် ရှိသည်။
၎င်းတို့၏ နောက်ခံအဖြစ် တားမြစ် ကုန်းပြင်မြင့် ရှိပြီး ၊ ၎င်းတို့၏အခြေခံအုတ်မြစ်သည် အလွန် နက်ရှိုင်းသည်။
သူတို့ကို သွားပြီး ဇီဝတားမြစ်နယ်မြေကို ချေမှုန်းခိုင်းတယ်?
ဒါ ကိုယ့်ကိုယ်ကို သေတွင်းတူးတာနဲ့ ဘာကွာလို့လဲ!?
“ဒါ...ချန်ကဲ မဟာဧကရာဇ်မင်း... ကျွန်တော် မလုပ်နိုင်ဘူး!”
“ဟုတ်လား!”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း။
“ဒါဆို မင်းကို ဘာလုပ်ဖို့ချန်ထားရမှာလဲ”
ထိုသို့ပြောပြီးသည်နှင့် ။
စူးချန်ကဲသည် လက်သီးနှင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။
သူ့လက်ဝါးထဲတွင် အဆုံးမရှိသော နတ်အလင်းတန်းများ စုဝေးလာသည်။
သူတော်စင်ကိုယ်ထည်၏ စွမ်းအားတို့သည် တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး ဆိုးညစ်နဂါး မူလဘိုးဘေးထံ တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ဝုန်း !!
နိယာမစွမ်းအားများသည် မြစ်တစ်စင်းသဖွယ် မိုးကောင်းကင်မှ အောက်သို့ စီးကျလာသည်။ အသင့်ပြင်ဆင်ထားသော ဆိုးညစ်နဂါး မူလဘိုးဘေးသည်ပင် ဤအကြွင်းမဲ့ စွမ်းအား၏ ရှေ့မှောက်တွင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
တဒင်္ဂအတွင်းမှာပင် ၊ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ဖိညှစ်ကာ ဖောက်ခွဲပစ်ခဲ့ပြီး၊ ကောင်းကင်၌ နီမြန်းသော သွေးပန်းကြီးတစ်ပွင့်သဖွယ် ပွင့်လန်းသွားစေခဲ့သည်။
ဖြောက်ဖြောက်!!
အသားစများနှင့် သွေးများသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ အောက်ဘက်သို့ ကျဆင်းလာပြီး မြေပြင်ကြီးတစ်ခုလုံးကို နီရဲစွာ ဆေးခြယ်ခဲ့လေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။
နောက်လက်သီးတစ်ချက် ထပ်ထွက်လာခဲ့ပြီး မူလဘိုးဘေးတစ်ဦးကို တိုက်ရိုက် ဖောက်ခွဲပစ်ခဲ့ပြန်သည်။
လူတိုင်း ကြောက်လန့်သွားပြီး၊ စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်သွားသည်။
ဆိုးညစ်နဂါးနန်းတော်၏ အကြီးမြတ်ဆုံး အရှင်သခင် ကွယ်လွန်ခြင်းကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသော ဆိုးညစ်နဂါးနန်းတော်မှ အဖွဲ့ဝင်များသည် အငြိုးအာဃာတများ မထားသည့်အပြင် စူးချန်ကဲအား တစ်စက္ကန့်မှပင် မော်မကြည့်ဝံ့ကြပေ။
ဤမျှအင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်၏ ရှေ့မှောက်တွင် သူတို့သည် ပုရွက်ဆိတ်များနှင့် ကွာဟချက်မရှိချေ။
နတ်ဆိုးနဂါး မူလဘိုးဘေး၏ ပေါက်ကွဲသွားသော သွေးစက်များသည် ကျန်ရှိနေကြသော မူလဘိုးဘေး ခုနှစ်ဦး၏ခန္ဓာပေါ်သို့ စင်မှန်ခဲ့လေရာ ၊ ယင်းက သူတို့အားလုံးကို မှင်တက်သွားစေသည်။
ထိုအချိန်တွင်၊ စူးချန်ကဲ၏ အေးစက်သော အကြည့်များက ကျန်ရှိနေသော မူလဘိုးဘေး ခုနှစ်ဦးပေါ်သို့ ကျရောက်သွားသည်။
သူသည် လက်နှစ်ချောင်းထောင်ကာ ဆိုလိုက်သည်။
“မင်းတို့ကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်”
“ ပထမ၊ တပ်ဖွဲ့ကို ပြင်ဆင်မယ်၊ ပြီးရင် မင်းရဲ့နောက်ကွယ်က တပ်ဖွဲ့တွေနဲ့ ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်ဖို့ ရှေ့တန်းတပ်တွေအဖြစ် တာဝန်ထမ်းဆောင်ရမယ်”
“စစ်ပွဲပြီးတဲ့အထိ မင်းတို့ အသက်ဆက်ရှင်ရင် ဒီကိစ္စကို ဒီတိုင်းထားပေးမယ်”
“ဒုတိယ ၊ မလုပ်ချင်ဘူးဆိုရင် ထလာခဲ့ ၊ မင်းတို့အတူတူ လက်တွဲလုပ်ဖို့ ငါ အခွင့်အရေးပေးမယ် ၊ မင်းတို့ငါ့ကိုသတ်နိုင်ရင် ဒီကိစ္စကို ဒီတိုင်းထားလိုက်မယ်”
ထိုစကားများ ထွက်လာသည်နှင့်၊
မူလက တိတ်ဆိတ်နေသောနေရာသည် ပွက်ပွက်ဆူညံသွားသည်။
သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များသည် သွေးများ ပွက်ပွက်ဆူလာသည်။
ရူးလွန်းတယ်!
ဒါလုံးဝကို ရူးသွပ်လွန်းတယ်!
သို့သော်လည်း ၊ သူတို့အနေဖြင့် သက်ပြင်းချရုံသာ တတ်နိုင်သည်။
ချန်ကဲ မဟာဧကရာဇ်မင်းသည် သူတစ်ယောက်တည်းဖြင့် မူလဘိုးဘေးတို့ကို နှိမ်နင်းနိုင်သည်။
ယခု သူသည် တိုက်မြေပြင်ပ နယ်မြေကို အောင်နိုင်ရုံသာမက ၊ တပ်ဖွဲ့ကြီးကို ဦးဆောင်ကာ ဇီဝတားမြစ်နယ်မြေကို သိမ်းပိုက်ပေတော့မည်။
ဇီဝတားမြစ်နယ်မြေသည် တိုက်မြေပြင်ပ နယ်မြေထက် ပိုမိုခက်ခဲသည်။
သို့သော် စူးချန်ကဲသည် နည်းနည်းမှ မကြောက်ရွံ့ဘဲ အေးအေးလူလူ ပြောကြားခဲ့သည်။
“ ချန်ကဲ မဟာဧကရာဇ်မင်း ပြိုင်ဘက်မရှိ!”
ကျင့်ကြံသူတစ်ဦးသည် သူ့စိတ်ထဲက ပုန်ကန်ထကြွလာသော စိတ်လှုပ်ရှားမှုကိုပင် မထိန်းချုပ်နိုင်တော့ဘဲ စူးချန်ကဲရှိရာဘက်သို့ ဟစ်ကြွေးလိုက်သည်။
တဒင်္ဂအတွင်းမှာပင်...
သန်းပေါင်းများစွာသည် စစ်သည်တော်တို့သည် မိမိ၏ လက်နက်များကို ကိုင်မြှောက်လျက် ကြွေးကြော်ကြသည်။
“ ချန်ကဲ မဟာဧကရာဇ်မင်း ပြိုင်ဘက်မရှိ!”
ကျန်ရှိနေသော မူလဘိုးဘေး ခုနစ်ဦးသည် ဤကြွေးကြော်သံများကြောင့် မျက်နှာအရောင်မှာ အဆက်မပြတ် ပြောင်းလဲနေသည်။
ဇီဝတားမြစ်နယ်မြေသို့ ရှေ့တန်းစစ်သည်အဖြစ် စေလွှတ်ခံရခြင်းသည် အမြှောက်ဆံနှင့် ဘာများကွာခြားလေသနည်း။
သို့သော် စူးချန်ကဲသည် စောနကပင် လက်သီးတစ်ချက် ထိုးနှက်ရုံဖြင့် မူလဘိုးဘေးတစ်ဦးကို အနိုင်ယူခဲ့သည်။
သူတို့ကို ရိုက်နှက်မယ်ဆိုတာ ဟာသဖြစ်ပါ့မလား!?
သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်မည်ဆိုတောင်၊ ဤအခြေအနေကို တကယ်ပင် ပြောင်းလဲနိုင်လိမ့်မည်လော။
ဇီဝတားမြစ်နယ်မြေသို့ စစ်ချီခြင်းသည် အသက်ရှင်ရန် အလားအလာရှိနိုင်သော်လည်း၊ ယခု စူးချန်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ပါက သေရမည်မှာ ဧကန်မလွဲပင်။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ၊
ကျန်ရှိနေသော မူလဘိုးဘေးခုနစ်ဦးသည် စူးချန်ကဲကို တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
“ ကျွန်တော်တို့ ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်!”
“ကျွန်တော်တို့ ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်ဖို့ ရှေ့တန်းတပ်သားဖြစ်လိုပါတယ်!”
ဇီဝတားမြစ်နယ်မြေသည် မိမိတို့ကို ထိုးကျွေးလိုက်သည့် အချိန်မှစ၍ ကတိမတည်ခြင်းသည် သူတို့အပြစ် မဟုတ်။
အသက်ရှင်ခွင့်ရမည်ဆိုပါက ၊ ကတိဟူသည် ဘာအဓိပ္ပာယ်ရှိဦးမည်နည်း။
ထိုမြင်ကွင်းကြောင့် စူးချန်ကဲ၏ အေးစက်သော အကြည့်များက အနည်းငယ် နူးညံ့လာသည်။
မိမိအတွက် အမြှောက်ဆံဖြစ်ပေးမည့် သူများကို သူသည် ကြမ်းတမ်းလို့ ဘယ်သင့်တော်မည်နည်း။ အကယ်၍ စစ်မြေပြင်ကနေ ထွက်ပြေးရန် ကြံစည်ပါက ၊ ဒါဆို သူသည် ၎င်းတို့အာလုံးကို သတ်ပစ်ပေမည်။
“ကောင်းပြီ ဒါဆို ဒီနေ့ကစပြီး တိုက်မြေပြင်ပ နယ်မြေဟာ ငါ့တိုက်မြေသုံးထောင်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေမယ်”
စူးချန်ကဲ၏မျက်လုံးများသည် လျှပ်တပြက် ဝင်းလက်သွားခဲ့ပြီး ၊ ဘေးပတ်ပတ်လည်ကို ကြည့်ရှုလိုက်ရာ တိုက်မြေပြင်ပ နယ်မြေရှိလူတိုင်း ခိုက်ခိုက်တုန်သွားသည်။
“မင်းတို့ ကန့်ကွက်စရာရှိလား?”
အသံသည် လမ်းကြောင်းအားလုံးကို တုန်လှုပ်သွားစေပြီး ၊ စကြာဝဠာတစ်ခွင် ပဲ့တင်ရိုက်ခတ်သွားသည်။
ဧကရာဇ်တန်ခိုးစွမ်းအားများ၏ ခြိမ်းခြောက်မှုအောက်တွင်၊ တိုက်မြေပြင်မှ မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များသည် လက်နက်ချခဲ့ရသည်။
သူတို့အားလုံးသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ ဒူးထောက်ကာ တညီတညွှတ်တည်း အော်ဟစ်လိုက်သည်။
“ ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါဘူး၊ ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်!”
တိုက်မြေပြင်ပ ခေတ်သည် ယခုအခါတွင် လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့ပြီး တိုက်မြေ သုံးထောင်နှင့် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
သူတို့သည် ခရီးသစ်တစ်ခုကိုလည်း စတင်ကြပေတော့မည်။
မရေမတွက်နိုင်သော ခေတ်ကာလများစွာကတည်းက၊ ဇီဝတားမြစ်နယ်မြေသည် တိုက်မြေ သုံးထောင်ကို အမြဲတိုက်ခိုက်လာခဲ့ပြီး သက်ရှိသတ္တဝါတို့၏ အသက်ကို ရိတ်သိမ်းနိုင်သည်ဟု ယုံကြည်ထားကြသည်။
ယခု စူးချန်ကဲသည် တပ်ဖွဲ့ကို ဦးဆောင်၍ ဇီဝတားမြစ်နယ်မြေကို နင်းချေရန် ဆုံးဖြတ်ခဲ့သည်။ တိုက်မြေ သုံးထောင်၏ တန်ပြန်တိုက်ခိုက်မှုမှာ ယခု ရောက်ရှိလာခဲ့ချေပြီ။
ဇီဝတားမြစ်နယ်မြေကို နင်းချေရန် နောက်ဘဝထိ စောင့်စရာမလိုပေ ။
ဤအခိုက်အတန့်တွင်၊
တိ့ကျန့် မဟာဧကရာဇ်မင်းဖြစ်စေ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်းဖြစ်စေ ၊ ရွှမ်ယွီဧကရီနှင့် တခြားထိပ်တန်း မဟာဧကရာဇ်မင်းများပင် ဖြစ်စေ ၊
မိန်းကလေးသူငယ်ချင်း လော့ရန်ယွီပင် ဖြစ်စေ၊
စူးချန်ကဲ၏ နောက်လိုက်များပင်ဖြစ်စေ ၊
ယခုအချိန်တွင် သူတို့အားလုံးသည် ဝေဟင်ထက်က ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို စိုက်ကြည့်နေကြသည်။
သူတို့ထင်ထားသည့်အတိုင်းပင်။
ဒဏ္ဍာရီသည် အမြဲတမ်းတောက်ပနေလိမ့်မည်။
စူးချန်ကဲ ဟူသောအမည်သည် နောက်ဆုံးတွင် ဒေဝလောကတစ်ခွင်လုံးကို လွှမ်းမိုးသွားပေတော့မည်။
……..
ထိုအချိန်တွင် ၊
ဇီဝတားမြစ်နယ်မြေ။
အကန့်အသတ်မဲ့ ပင်လယ်တွင်
ကွေးယွမ်တပ်ဖွဲ့သည် အကန့်အသတ်မဲ့ ပင်လယ်၏ တစ်ဖက်ခြမ်းကို အပြီးပိုင် သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ဤနေရာတစ်ခုလုံးသည် ဇီဝတားမြစ်နယ်မြေ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ၊ မရေမတွက်နိုင်သော ထာဝရအင်အားစုများလည်း ပါဝင်သည်။
သို့သော် ကွေးယွမ်၏ အကြွင်းမဲ့အင်အားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ဖွဲ့စည်းထားသော ကာကွယ်ရေးသည် လုံးဝပြိုကျသွားခဲ့သည်။
မိုးကောင်းကင်တစ်ခုလုံး မှောင်မည်းနေပြီး၊ သွေးနီရောင်တိမ်တိုက်များဖြင့် လွှမ်းခြုံနေသည်။
တဟုန်းဟုန်းတောက်နေသော သွေးတိမ်များကြောင့် တောက်ပသော လရောင်သည် သွေးရောင်သန်းနေသော လမင်းတစ်စင်းလို ဖြစ်နေသည်။
သွေးနီရောင်အလင်းတန်းများသည် စစ်မြေပြင်ပေါ်တွင် ဖြာကျနေသည်မှာ ကြေကွဲဖွယ်ရာကောင်းလှသည်။
ပြင်းထန်သော သွေးနံ့သည် လေထဲတွင် ပြည့်လျှံနေသည်မှာ ရွံရှာဖွယ်ကောင်းလှသည်။
စစ်သင်္ဘောတို့၏ ဟောက်သံသည် စစ်မြေပြင်တွင် ပဲ့တင်ထပ်နေလေ၏။
“မင်းတို့ကများ ငါ့ ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်ရဲတယ်..”
ဇီဝတားမြစ်နယ်မြေ၏ လက်အောက်ခံတပ်ဖွဲ့ တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးသည် ရင်ဘတ်ကို လှံဖြင့် ထိုးဖောက်ခံထားရပြီး မျက်လုံးများနီတွတ်နေသည်။
“ ဒါဟာ တားမြစ်ကုန်းပြင်မြင့်ရဲ့ဒေါသကို နှိုးဆွလိုက်တာပဲ... တားမြစ်ကုန်းပြင်မြင့်က လက်စားချေမှာကို မကြောက်ဘူးလား...?”
“တားမြစ်ကုန်းပြင်မြင့်?”
ကွေးယွမ်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးသည် အထင်မြင်သေးစွာ ကြည့်လိုက်ရင်း။
“ငါ့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို စော်ကားတဲ့သူ အမတဖြစ်ဖြစ် နတ်ဘုရားဖြစ်ဖြစ် အကုန်သေရမယ်!”
“ပြီးတော့ မင်းရဲ့သခင်ဖြစ်တဲ့ တားမြစ်ကုန်းပြင်မြင့်ကလည်း ဒုက္ခကင်းနိုင်မယ်လို့ ထင်လို့လား”
အပိုင်း(၅၁၂):’ခွေး’ရဲ့ လှည့်စားမှုကြောင့် ဒုက္ခရောက်ခဲ့ရသော တားမြစ်ကုန်းပြင်မြင့် (၁)
ထိုစကားများကိုကြားလိုက်ရသည်နှင့် ၊
ရင်ဘတ် ထုတ်ချင်းဖောက်ခံထားရသော ထိုအနှီလူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူ့အမြင်အရ၊ ဇီဝတားမြစ်နယ်မြေထက် တားမြစ်ကုန်းပြင်မြင့်သည် ပို၍အားကောင်းသည်ဟု ယူဆထားခဲ့သည်။
ထို့အပြင် တားမြစ်ကုန်းပြင်မြင့်သည် အမတနယ်မြေရှိ တားမြစ်အင်အားစု ကိုးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ပြီး၊ ကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြိုင်ဘက်ကင်းစွာ ရပ်တည်နေသော အင်အားစုဖြစ်သည်။
“တားမြစ်ကုန်းပြင်မြင့်ကိုယ်တိုင် အခက်တွေ့နေရပြီလား ...?”
ထိုအနှီလူသည် မယုံကြည်နိုင်သော အမူအရာဖြင့် ရှိနေသည်။
“မဖြစ်နိုင်ဘူး... အမတနယ်မြေရဲ့...”
သို့သော် သူစကားမဆုံးခင် ၊ ကွေးယွမ်တပ်၏ ခေါင်းဆောင်အဖို့ ၎င်းနှင့် အဓိပ္ပါယ်မဲ့စွာပြောရန် ပျင်းလွန်းလှသည် ဖြစ်ရာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ရွှမ်း!!
လျှပ်တပြက် လင်းလက်သွားပြီး၊ သွေးများ ပန်းထွက်ကုန်သည်။
ဦးခေါင်းတစ်လုံးသည် ဟိုးအမြင့်သို့ ပျံတက်သွားလေသည်။
သူ၏မျက်နှာပေါ်တွင် အကြောက်တရားနှင့် မယုံကြည်နိုင်ဖွယ်ရာ အမူအရာများ ရှိနေပြီး ၊ မျက်လုံးမှိတ်ပြီး သေရန် ငြင်းဆန်နေသကဲ့သို့ပင်။
“တပ်တွေ ရှေ့ဆက်တိုးကြမယ်!”
ထိုခေါင်းဆောင်က တပ်ဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်။
“ပင်လယ်ရဲ့ ဒီဘက်ခြမ်းမှာရှိတဲ့ အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်ရမယ်!”
“ဘိုးဘေး အမိန့်ထုတ်ပြန်ထားတယ် ၊ ပင်လယ်နယ်နိမိတ်ရဲ့ တဖက်က တားမြစ်နယ်မြေ နှစ်ခုကို ချန်ကဲဆက်ခံသူကိုယ်တိုင် လာရောက်ချေမှုန်းမယ်!”
“ ငါတို့တာဝန်က ဒီနယ်မြေကို ရှင်းလင်းပစ်ဖို့ပဲ”
သတ်ဖြတ်ခြင်း စွမ်းအားများ ပြည့်နှက်နေသော အသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်သွားသည်။
“ဟုတ်!”
မရေမတွက်နိုင်သော စစ်သည်များသည် တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လာကြသည်။
သွေးများစွန်းထင်းနေသော လရောင်ခြည်အောက်တွင် ၊သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားသော မရေမတွက်နိုင်သော စစ်သည်တော်တို့၏ လက်နက်ထိခတ်သံများကို ကြားနေရသည်။
မှောင်မိုက်နေသော အာကာသအတွင်း၌၊
သွေးပန်းများ အဆက်မပြတ် ပွင့်ဖူးနေလေ၏။
မီးလောင်ကျွမ်းနေသော စစ်သင်္ဘောအပိုင်းအစများသည် မြေပြင်ပေါ်သို့ ကျရောက်လာပြီး ပြင်းထန်သော မီးပေါက်ကွဲမှုများ ဖြစ်ပေါ်လို့နေသည်။
သွေးစွန်းနေသော မြေပြင်ပေါ်တွင် ထူးဆန်းသော သားရဲများ၏ ရုပ်ကြွင်းများနှင့် အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေသည်ကို မြင်ရပေလိမ့်မည်။
နာကြည်းမှုများဖြင့် ပြည့်နှက်နေပြီး ၊ အမျက်ဒေါသမီးလျှံများက အရာအားလုံးကို ဝါးမြိုနေသည်။
ဇီဝတားမြစ်နယ်မြေဟူသည် သက်ရှိသတ္တဝါတို့၏အသက်ကို ရိတ်သိမ်းနိုင်သည်။
သို့သော်၊ ယခုအခါတွင်မူ မုဆိုးနှင့် သားကောင်တို့၏ နေရာသည် ပြောင်းလဲသွားခဲ့ချေပြီ။ စိတ်ပျက်အားငယ်မှုများက ဟိုးအနက်ရှိုင်းဆုံးနေရာထိ ကျရောက်လို့နေခဲ့ပြီ ဖြစ်သည်။
……..
တစ်ချိန်တည်းမှာပင်။
ဇီဝတားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းမှ၊
တိမ်စိုင်များထဲထိ တိုးဝင်နေသော ကမ္ဘာဖျက်ရှေးဟောင်းသစ်ပင်၏အောက်တွင် ၊
မသေမျိုးဘုရင်များစွာ စုဝေးနေကြသည်။
ယခုအချိန်တွင် ၎င်းတို့၏မျက်နှာများသည် အတော်လေး ကြည့်ရဆိုးနေပြီး ၊ ၎င်းတို့၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံနေသော နိယာမများသည်ပင် အလွန်အမင်း ကြမ်းတမ်းစွာ ရိုက်ခတ်နေသည်။
“ တိုက်မြေပြင်ပ နယ်မြေက အပြီးအပိုင် ကျရှုံးသွားပြီ...”
အဘိုးကြီးထျန်းကျန့်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ ပို့လာတဲ့သတင်းအရ ၊တိုက်မြေပြင်ပ နယ်မြေရဲ့ ပထမဆုံးကာကွယ်ရေးလိုင်းက ကွေးယွမ်တပ်ဖွဲ့ကြီးရဲ့ ရှေ့မှာ တစ်မိနစ်တောင် မခံနိုင်ခဲ့ဘူး....”
ထိုစကားများကို ကြားလိုက်ရသည်နှင့်
ကျန်ရှိနေသော မသေမျိုးဘုရင်များ၏ ခန္ဓာကိုယ်များသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။
တိုက်မြေပြင်ပ နယ်မြေ၏ စုပေါင်းအင်အားသည် ကွေးယွမ်သူတော်စင် နယ်မြေလောက် မဟုတ်သော်လည်း၊
သို့သော် စစ်ပွဲသည် တိုက်မြေပြင်ပ နယ်မြေပေါ်တွင် ဖြစ်ပွားနေခြင်း ဖြစ်ပါလျှက်နဲ့ ၊ အဘယ့်ကြောင့် တစ်မိနစ်တောင် မခံနိုင်ခဲ့လေသနည်း။
“အမှိုက်တွေ! သောက်သုံးမကျတဲ့ ကောင်တွေ!”
အသားအရေများက တွန့်လိမ်ခြောက်သွေ့နေသော မသေမျိုးဘုရင်တစ်ဦး၏ မျက်လုံးများသည် ရူးသွပ်စွာ နီမြန်းနေသည်။
“ငါတို့ရဲ့ ကမ္ဘာဖျက်ရှေးဟောင်း သစ်ပင်ကြီးရဲ့ အကိုင်းအခတ်ကိုတောင် ချိုးပြီးပေးထားတာ၊ ဒါတောင် သကောင့်သားတွေက တိုက်မြေသုံးထောင်က ကောင်တွေကို မနိုင်သေးဘူးလား!’
ကမ္ဘာဖျက်သစ်ပင် ဟူသည် တားမြစ်ကုန်းပြင်မြင့်၏ အမွေအနှစ်များထဲက တစ်ခုဖြစ်သည်။
တားမြစ် ကုန်းပြင်မြင့်မှ အသုံးပြုသောစွမ်းအားသည် အမှောင်စွမ်းအားနှင့် အလွန်ဆင်တူသော်လည်း ၊ သို့သော် လူကို ရူးသွပ်သွားစေသည့် အခြေအနေတစ်ရပ်ဖြစ်အောင် ပြုစားခြင်းမျိုး မဟုတ်ပေ။
အပင်၌ ပြည့်နှက်စီးဆင်းနေသော အဖျက်စွမ်းအားနှင့် ပျက်သုန်းခြင်း စွမ်းအားများသည် လူကို တန်ပြန်သက်ရောက်စေနိုင်သည်။
ကမ္ဘာဖျက်သစ်ပင်သည် ပျက်သုန်းခြင်းစွမ်းအားကို သူကိုယ်တိုင် မွေးမြူနိုင်ရုံသာမက၊
ကမ္ဘာ့မူလရင်းမြစ်ကို ကူးစက်ခြင်းဖြင့် ပျက်သုန်းခြင်းနှင့် အဖျက်စွမ်းအားများ ပြည့်နှက်နေသော နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည့်အထိ အလွန်အဖိုးတန်သည်။
“ပြီးတော့ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ချန်ကဲ မဟာဧကရာဇ်မင်းက မသေရုံတင်မကဘူး၊ ရှေးဟောင်းဧကရာဇ်အဆင့်ကိုတောင် ကျော်ဖြတ်နိုင်သွားပြီ၊ သာမန် လွတ်မြောက်သူတွေတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး”
ကျန့်ထျန်းဘိုးဘေးက အက်ရှရှအသံဖြင့် ဆိုလိုက်သည်။
“ဒီကောင်လေးက တပ်ဖွဲ့ကိုဦးဆောင်ပြီး ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ ၊ တိုက်မြေပြင်ပ နယ်မြေက အဲ့လူအိုကြီးတွေကလည်း စစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားကြတယ်”
“စိုးရိမ်မိတာက နောက်ထပ်စစ်ပွဲကြီးတစ်ခု ဖြစ်တော့မယ်နဲ့တူတယ် “
ထိုစကားများ ထွက်လာသည်နှင့် ၊ မသေမျိုးဘုရင်တို့၏ ဒေါသများက ပို၍ပြင်းထန်လာခဲ့သည်။
နှစ်ကာလပေါင်းများစွာ သူတို့သည် မုဆိုးအဖြစ် နေထိုင်လာခဲ့သူများ ဖြစ်သည်။
သူတို့အမြင်တွင် သားကောင်အဖြစ် မှတ်ယူထားသော အရာများက တပ်ဖွဲ့ကြီးတစ်ခုကို ဖွဲ့စည်းကာ မိမိတို့၏ ဇီဝတားမြစ်နယ်မြေကို ဖျက်စီးရန် ပြင်ဆင်နေကြသည်။
ဤသည်မှာ သူတို့အတွက် အတော်လေး ရှက်ဖို့ကောင်းသော ကိစ္စတစ်ခုသာပင် ။
“ဟမ်! ကွေးယွမ်ကကောင်တွေ အကန့်အသတ်မဲ့ ပင်လယ်ရဲ့ တခြားဘက်ကို ရှင်းလင်းပြီးသွားပြီ”
“ အဲ့ကောင်လေး အသက်ပြန်မရှင်လာနိုင်ဘူးဆိုတောင် ၊ ကွေးယွမ်နဲ့ တိုက်ပွဲဝင်ရမှာပဲ၊ တိုက်တိုက် မတိုက်တိုက် ဘာမှပြောင်းလဲမသွားဘူး!”
“ ဟုတ်တယ် ၊ ကွေးယွမ်သူတော်စင်နယ်မြေက ရှေ့ဆက်မတိုးလာပုံအရ ကြည့်ရတာ အရှင်သခင်ရဲ့ အာဏာကို ကြောက်လို့ဖြစ်ရမယ်!”
မသေမျိုးဘုရင်တို့သည် သူသူကိုယ်ကိုယ် ငြင်းခုံနေကြသည်။
မူလက ကွေးယွမ်တပ်ဖွဲ့ကြီးသည် ပင်လယ်၏ အခြားတဖက်ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
အကန့်အသတ်မဲ့ ပင်လယ်ကိုဖြတ်သန်းပြီးသည်နှင့် ၊ ၎င်းတို့၏ ဇီဝတားမြစ်နယ်မြေဆီသို့ တိုက်ရိုက် ချီတတ်နိုင်ပြီ ဖြစ်သည်။
သို့သော် ဘာကြောင့်မှန်းရယ်မသိ ၊ ကွေးယွမ်တပ်သည် ပင်လယ်တစ်ဖက်ခြမ်းတွင် ကာကွယ်ရေးခံစစ်ကိုသာ တည်ဆောက်ထားပြီး ရှေ့ဆက်မတိုးလာခဲ့ပေ။
ထို့ကြောင့် ဤမသေမျိုးဘုရင်များသည် တားမြစ်ကုန်းပြင်မြင့်၏ အာဏာကို ကြောက်ရွံ့လို့သာလျှင် ရှေ့ဆက်မတိုးဝံ့သည်ဟု ယူဆထားကြားသည်။
အပိုင်း(၅၁၂):’ခွေး’ရဲ့ လှည့်စားမှုကြောင့် ဒုက္ခရောက်ခဲ့ရသော တားမြစ်ကုန်းပြင်မြင့်(၂)
သို့သော် ၊ အချို့သော မသေမျိုးဘုရင်များ၏ စိတ်ထဲတွင် မေးခွန်းတချို့ရှိနေခဲ့သည်။
“ ဘာလို့ခုချိန်ထိ တားမြစ်ကုန်းပြင်မြင့်နဲ့ အဆက်အသွယ် မရသေးတာလဲ?”
“ကမ္ဘာ့ဖျက်သစ်ပင် က နေရာကန့်သတ်ချက်ကိုတောင် လျစ်လျူရှုပြီး တားမြစ်ကုန်းပြင်မြင့်ရဲ့ သခင်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တယ် မဟုတ်လား? ဒါပေမဲ့ ဒီလောက်ကြာတဲ့အထိ ဘာလို့တုံ့ပြန်မှုမရှိလာသေးတာလဲ”
“နောက်ပြီး ကွေးယွမ်က သူတို့ရဲ့ လက်အောက်ခံအင်အားစုအားလုံးကို ချက်ချင်းရှင်းလင်းပစ်ခဲ့ပြီးကာမှ ဘာလို့ရှေ့ဆက်တိုးမလာတာလဲ”
“တကယ်လို့ သူတို့ကိုလွတ်ပေးမယ်ဆိုရင်တောင် ၊ ဘာလို့ စူးချန်ကဲကို တပ်ဖွဲ့ကြီးနဲ့အတူ ချီတတ် ဦးဆောင်စေတာလဲ”
သူတို့စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။ ကွေးယွမ် သူတော်စင်နယ်မြေသည် မိမိတို့ကို ဓားသွေးကျောက်အဖြစ် အသုံးပြုနေပုံရသည့် ခံစားချက်မျိုးက စိတ်ထဲသို့ တန်းပြီးဝင်ရောက်လာသည်။
ထို့အပြင် တားမြစ် ကုန်းပြင်မြင့်သည် အချိန်အတော်ကြာ တုံ့ပြန်လာခြင်းမရှိခဲ့ပေ။ ၎င်းတို့သည် ကြီးမားသော အပြောင်းအလဲတစ်ခုနှင့် ကြုံတွေ့နေပုံရသည်။
“ မဖြစ်နိုင်ဘူး!”
သူတို့အထဲတွင် အတွေ့အကြုံအရှိဆုံးနှင့် အစွမ်းအထက်ဆုံး မသေမျိုးဘုရင်အဖြစ် အကြီးအကဲ ကျန့်ထျန်း က ခေါင်းခါလိုက်သည်။
တားမြစ်ကုန်းပြင်မြင့်သည် မည်မျှအားကောင်းသည်ကို သူကောင်းကောင်းသိသည်။
အမတနယ်မြေရှိ တားမြစ် စူးမိသားစုနှင့် ကွေးယွမ် သူတော်စင် နယ်မြေမှလွဲ၍ ၎င်းတို့ကို မည်သူမျှ စိန်ခေါ်နိုင်ခြင်း မရှိပေ။
ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေလို့လား?
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
“ ကိစ္စတွေက ဒီထိရောက်လာခဲ့ပြီ ဘာမှမတတ်နိုင်တော့ဘူး “
အကြီးအကဲ ကျန့်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“တပ်ကိုစုစည်းလိုက် ၊ စစ်ပွဲအတွက် ပြင်ဆင်မယ်!”
တားမြစ် ကုန်းပြင်မြင့်သည် ယခုထိတိုင် အကြောင်းပြန်ခြင်း မရှိသေးသောကြောင့် တစ်ခုခုကြုံတွေ့နေမှန်း ထင်ရှားသည်။ သို့ဖြစ်၍ ၊ သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေကို ထိန်းထားရန် အစွမ်းကုန် ကြိုးစားရပေမည်။
သူတို့သည် ဤဘေးအန္တရာယ်ကြီးမှ သေချာပေါက် ရှင်သန်ကျန်ရစ်ရမည် ဖြစ်သည်။
ဝုန်း !
အနက်ရောင် မြူခိုးများက ဟုန်းဟုန်းထလျက် ၊ ဖုန်မှုန့်များက တလိပ်လိပ် ထလာသည်။
ဇီဝတားမြစ်နယ်မြေတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာသည် နေရာပေါင်းစုံ၌ စုရုံးနေကြသည်။
မြင်းခွာသံများနှင့်အတူ ၊ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်တော်များသည် လက်နက်များကို ကိုင်ဆွဲလျက် ရှေ့သို့ ချီတက်နေကြသည်။
မရေမတွက်နိုင်သော မြင်းစီးစစ်သည်တော်များနှင့် စစ်ရထားများသည် ကြီးမားသော ဓားသွားများကဲ့သို့ ချီတတ်လျက် ၊ ၎င်းတို့၏ ပြင်းထန်သောာ အင်အားသည် ကျယ်ပြန့်သောကုန်းမြေကြီး တစ်ခုလုံးကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။
တိုက်ပွဲအလံများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော တာအိုစည်းချက်များ လွင့်ပျံနေသည်။
စစ်သည်တော်တိုင်းသည် ခွန်အားဗလနှင့် ပြည့်စုံပြီး၊ ခရာသံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသည်။
မိမိတို့ ဇီဝတားမြစ်နယ်မြေ၏ ‘ ဘယ်အရာမှ မတားဆီးနိုင်သော ‘တပ်ဖွဲ့ကြီးကို ကြည့်ပြီး ၊ မသေမျိုးဘုရင်တို့သည် မှုန်ကုပ်ကုပ်ပြုံးနေလေ၏ ။
ဤမျှကြီးမားသော တပ်ဖွဲ့ကြီးနှင့်အတူ၊ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင်၊ အငယ်တန်းတစ်ယောက်က သူတို့ကို အနိုင်ယူနိုင်မတဲ့လား?
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
“သခင်ကြွလာတဲ့အခါ ၊ ဒီကောင်တွေ ငါတို့ကို ခွင့်လွှတ်ပေးဖို့ ဒူးထောက်ပြီး တောင်းပန်ကြရလိမ့်မယ်”
တစ်ချိန်တည်းမှာပင်။
ဇီဝတားမြစ်နယ်မြေ၏ မျှော်လင့်ချက်ဖြစ်သော တားမြစ်ကုန်းပြင်မြင့်သည် ယခုအခါတွင် ၎င်းတို့ထင်ထားသည်ထက် ပို၍ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
အကန့်အသတ်မရှိသော ကြယ်တာရာကောင်းကင်အောက်တွင်၊
နတ်သံချပ်ကာကို ဝတ်ဆင်ထားသော အမတစစ်သည်တော်များစွာသည် ကောင်းကင်ယံတွင် ကြွေကျနေသော ဥက္ကာခဲများကဲ့သို့ အောက်သို့ ဆင်းသက်လာနေသည်။
စစ်သင်္ဘောများ၏ ဟောက်သံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လျက် ရှိပြီး၊ တုန်လှုပ်ချောက်ချားစရာ ကောင်းသော အာကာသမုန်တိုင်းကြီးသည် မရေမတွက်နိုင်သော ဂလက်ဆီများကို ဖျက်ဆီးပစ်ခဲ့သည်။
ဝုန်း !
အလင်းလှိုင်းတံပိုးများသည် တောင်တန်းများသဖွယ် အဆက်မပြတ် ပေါက်ကွဲနေပြီး ၊ အလင်းလှိုင်းများ ရိုက်ခတ်သွားသည့် နေရာတိုင်းတွင် မြေကြီးသည် အလွှာလိုက်အက်ကွဲခဲ့ရသည်။
မရေမတွက်နိုင်သော ပေါက်ကွဲမှုများအပြီးတွင်၊
တားမြစ်ကုန်းပြင်မြင့်တွင် မူလက ခမ်းနားထည်ဝါစွာ ရှိခဲ့သော မဏ္ဍပ်များနှင့် ဘုံဗိမာန်များသည် ဤကြောက်ခမမ်းလိလိ မုန်တိုင်း၏လက်အောက်တွင် လုံးဝပျက်စီးသွားခဲ့သည်။
ဝှစ် ဝှစ်!!
ကြယ်များကြွေကျလာသကဲ့သို့ တောက်ပနေသော မြှားအစင်းများစွာသည် အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာသည်။
တားမြစ်ကုန်းပြင်မြင့်မှ မရေမတွက်နိုင်သော အမတစစ်သည်များသည် မြှားအစင်းအရေအတွက်များစွာဖြင့် ပစ်သတ်ခံခဲ့ရပြီး၊ တိုက်ခိုက်မှုမျိုးစုံကို ခံနိုင်ရည်ရှိသော အမတခန္ဓာသည်ပင် ပြိုကျပျက်စီးခဲ့ရသည်။
တားမြစ် ကုန်းပြင်မြင့်ဘက်ကလည်း ၎င်းတို့၏ ကိုယ်ပိုင်အင်အားကို ထုတ်ပြလာခဲ့ပြီး ၊ သူတို့တွင် အမတဧကရာဇ်မင်း အယောက်နှစ်ဆယ် ရှိထားသည်။
သို့သော် သူတို့အားလုံးသည် အလားတူ တားမြစ်အင်အားစုများ ဖြစ်ပါသော်လည်း၊ မိမိတို့ဘက်က အမတဧကရာဇ်မင်းအချို့သည် အဘယ့်ကြောင့် အားနည်းနေရသနည်း။
တိုက်ပွဲသည် လမ်းတစ်ဝက်သာ ရှိသေးသည်။
တားမြစ် ကုန်းပြင်မြင့်၏ အမတဧကရာဇ်မင်း ထက်ဝက်ခန့်သည် သေဆုံးခဲ့ရပြီး ၊ အမတခန္ဓာသည်ပင် တိုက်ရိုက်ကွဲကြေရုံသာမက၊
ကြီးမားသော အင်အားစုများ၏ အမတဧကရာဇ်မင်းများသည် အချိန်စီးကြောင်းအတိုင်း ခရီးနှင်ကာ တားမြစ်ကုန်းပြင်မြင့်ရှိ အမတဧကရာဇ်မင်းတို့၏ မူလခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်ခဲ့ကြသည်။
ဒါတင်မက ၊ ထိပ်တန်းမှော်စွမ်းအားများကို အသုံးပြု၍ ၎င်းတို့၏ မူလစိတ်ဝိညာဉ်များကို ဖျက်ဆီးပစ်ခဲ့ရာ ပြန်လည်ဝင်စားဖို့ရာ မဖြစ်နိုင်တော့သည့်အထိ လုပ်ဆောင်ခဲ့ကြသည်။
တားမြစ် ကုန်းပြင်မြင့်အနေဖြင့် ပို၍ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်မှာ မူလက တားမြစ်အင်အားစု သုံးဖွဲ့ပေါင်း၍ သူတို့ကို ရိုက်နှက်ခဲ့သည်။
သို့သော်၊ တိုက်ပွဲတစ်ဝက်တွင် ယောင်ကွမ်အမတဂိုဏ်းသည် တိုက်ပွဲထဲသို့ ပွင့်ပွင့်လင်းလင်း ဝင်ရောက်လာခဲ့သည်။
မူလကတည်းက ကြမ်းတမ်းစွာ တိုက်ခတ်သောလေမုန်တိုင်းသည် ထပ်မံ၍ နောက်တစ်ခု ဝင်ရောက်လာခဲ့ပြန်သည်။
လေးယောက်တစ်ယောက် တိုက်စစ်ဆင်နေရတာ သူတို့ခေါင်းမကိုက်ပဲ နေမလား!?
ယင်းက တားမြစ်ကုန်းပြင်မြင့်ရှိ လူတိုင်းကို အလွန်ဒေါသထွက်စေခဲ့သည်။ တားမြစ် အင်အားစုလေးဖွဲ့ကို သူတို့ မမုန်းပေ။
သို့သော် သူတို့ကိုယ်တိုင် မွေးမြူထားခဲ့သော ခွေးကိုတော့ အသေသတ်ပစ်ချင်မိသည် ။
ဤခွေးသားများသည် မည်သည့်လုပ်ရပ်များ လုပ်ခဲ့လေသနည်း။
၎င်းတို့သည် တားမြစ်ကုန်းပြင်မြင့်အား ဤကဲ့သို့ ကြီးမားသော ကပ်ဘေးကြီးကိုတောင် ယူဆောင်ပေးနိုင်ခဲ့သည်။