အခန်း (၅၁၃-၅၁၇)
Vol. 38 Ch. 513-517
အပိုင်း(၅၁၃): အမတကျဆုံးခေတ် ၊ အဆုံးမဲ့ကပ်ဘေး(၁)
ဝုန်း !
တားမြစ် ကုန်းပြင်မြင့်၏ အနက်ရှိုင်းဆုံး အပိုင်းမှ တဟုန်းဟုန်း တောက်လောက်နေသော ပရမ်းပတာအလင်းများ ထွက်ပေါ်လာသည်။
အမတဧကရာဇ်မင်းများစွာသည် ကျယ်ပြောလှသော နတ်အလင်းရောင်ပင်လယ်ပြင်ကြီးအတွင်း ပျံဝဲနေလေ၏။
လက်တချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ၊ မရေမတွက်နိုင်သော မှော်စွမ်းအားရောင်ခြည်များ ပေါက်ကွဲထွက်ပေါ်လာသည်။
အမတဧကရာဇ်မင်း ဟူသည် အမတနယ်မြေ၏ အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်များပင် ဖြစ်သည်။
သင်သည် အမတဧကရာဇ်အဆင့်ကို ချိုးဖျက်နိုင်မှသာလျှင် ၊ အမတနယ်မြေထက် သာလွန်သော အဆင့်မြင့်လောကကို မြင်တွေ့နိုင်ပေမည်။
ယခုအခါ အမတဧကရာဇ်များ အချင်းချင်း တိုက်ခိုက်နေမှုကြောင့် အမတနယ်မြေကြီး လေးခုစလုံး ပြင်းထန်စွာ လှုပ်ခါနေပြီး၊ နိယာမမုန်တိုင်းများသည် အရာအားလုံးကို ပြာကျအောင် ဖျက်ဆီးနေသည်။
အထူးသဖြင့် တားမြစ် ကုန်းပြင်မြင့်၏ အမတဧကရာဇ်မင်းတို့သည် အရာအားလုံးကို ဂရုမစိုက်နိုင်တော့ဘဲ ရူးသွပ်စွာ ပြုမူနေကြပြီ ဖြစ်သည်။
၎င်းတို့သည် ကိုယ်ပိုင်စွမ်းအားများဖြင့် အချိန်မြစ်ကို ဖွင့်လှစ်၍ မိမိ၏ရန်သူများမှ အမတဧကရာဇ် မဖြစ်သေးမီ အချိန်ကာလကို ပြန်သွားကာ အပြီးတိုင် ဖျက်ဆီးရန် ကြံစည်ခဲ့ကြသည်။
သို့သော် တားမြစ်အင်အားစုများ ဖြစ်သည့်အတွက် နောက်ကွယ်တွင် အမတ ဧကရာဇ်များ တစ်ယောက်ထက်မက ရှိသည်။
ထို့ကြောင့် တားမြစ်ကုန်းပြင်မြင့်၏ အမတ ဧကရာဇ်များကို အချိန်မြစ်အတွင်း မဆင်းသက်မီ ၊တားမြစ် အင်အားစုလေးဖွဲ့၏ အမတဧကရာဇ်မင်းများက လမ်းကြောင်းကို ဖြတ်တောက်၍ တားဆီးခဲ့သည်။
ဤသို့ဖြင့် ၊ အချိန်မြစ်အတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။
တားမြစ် ကုန်းပြင်မြင့်၏ နယ်မြေအတွင်း၌၊
စစ်မြင်းတို့၏ ဟိန်းဟောက်သံ၊ မြေပြင်စစ်သည်တို့၏ ဟစ်ကြွေးသံ၊ လက်နက်ချင်း ထိခတ်သံ စသည်တို့ကို အဆက်မပြတ် ကြားနေရသည်။
ကျယ်ပြောလာတဲ့နယ်မြေသည် ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အပျက်အစီးများနှင့် ပြည့်နှက်နေသည်။
မြေပြင်ပေါ်တွင် အလောင်းများ မရေမတွက်နိုင်အောင် ပြန့်ကျဲနေပြီး ၊ အများစုမှာ တားမြစ်ကုန်းပြင်မြင့်၏ အမတစစ်သည်တော်များ ဖြစ်သည်။
အငြိုးများနှင့် သတ်ဖြတ်လိုစိတ်များသည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။
ဤမျှ ကြီးမားလှသော သတ်ဖြတ်ခြင်းစွမ်းအားများကို မြင်တွေ့ရသည်မှာ တာအိုစိတ်နှလုံးသားသည်ပင် ပြိုကွဲသွားမည်ကို စိုးရိမ်မိသည်။
“သတ်ပစ်ကြ!”
“ ဒီနေ့ တားမြစ်ကုန်းပြင်မြင့်ကို နင်းချေပစ်မယ်!”
အာကာသကောင်းကင်ကြီးအပေါ်တွင် ၊ မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်ကာ ဆင်းသက်လာသော အမတတပ်ဖွဲ့များမှာ အဆုံးမရှိပေ။
အသားလှီးစက်ထဲသို့ ဝင်ရောက်လာသည့်အတိုင်း စစ်မြေပြင်တွင် တိုက်ခိုက်နေကြသော စစ်သည်တို့သည် တစ်သုတ်ပြီး တစ်သုတ် သေကျေပျက်စီးရသည်။
…….
ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းသည် အမတနယ်မြေရှိ သက်ရှိသတ္တဝါအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
“ အဓိကအင်အားစုကြီးတွေက တားမြစ်ကုန်းပြင်မြင့်ကို အပြီးတိုက်ဖျက်ဆီးဖို့ ဆုံးဖြတ်ထားကြပြီပဲ!”
“အိုင်း... အမတလမ်းစဉ်ကျမ်းတွေထဲမှာ ခန့်မှန်းထားတာက နှစ်တစ်ထောင်ကြာရင် အမတနယ်မြေမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာလိမ့်မယ် ၊ အမှောင်ထုကြီးက ပြန်လည်နိုးထလာပြီး အမတကျဆုံးခေတ်ရဲ့ အဆုံးမရှိတဲ့ ဘေးဒုက္ခကြီး ပေါ်ပေါက်လာလိမ့်မယ်တဲ့...”
အမတဧကရာဇ် တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်တစ်ဦးက ပူဆွေးသောအကြည့်ဖြင့် ဆိုလိုက်သည်။
“ အခုတော့ အမတနယ်မြေရဲ့ အင်အားက လျော့နည်းလာပြီ ၊ အထူးသဖြင့် အမတဧကရာဇ်မင်းတွေ...”
“ဒီနေရာမှာ အမတ ဧကရာဇ်မင်းတွေ အများအပြား ကျဆုံးခဲ့ရင်... နောင်လာမယ့် ဘေးဒုက္ခကြီးကို ဘယ်လိုများ ရင်ဆိုင်ကြမလဲ...”
အငြိုးနှင့် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များသည် အချိန်အတော်တန် ကြာသည့်တိုင်အောင် ပျောက်ကွယ်မသွားခဲ့ပေ။
အမတသခင်တို့၏ သွေးများသည် အာကာသစကြာဝဠာတစ်ခုလုံးကို ဖုံးလွှမ်းလို့ထားသည်။
ဤကြောက်မက်ဖွယ်ရာမြင်ကွင်းသည် စွမ်းအားရှင်တချို့ကို ပြန်လည်မတွေးဝံ့သည့် ကာလတစ်ခုကို ပြန်လည်သတိရစေခဲ့သည်။
အမှန်တကယ်တွင်...
ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးမတိုင်မီက ၊ အမတနယ်မြေတွင် အလွန်တရာ စည်ပင်ဖွံ့ဖြိုးခဲ့သော ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည် --
အမတ စိုးစံရာခေတ်။
ထိုခေတ်တွင် ၊
ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပြီး ဖြစ်သည်။
အမတနယ်မြေ ပေါ်ပေါက်လာခဲ့ပြီး၊ စုစုပေါင်း နယ်မြေကိုးစု ရှိခဲ့သည်။
၎င်းတို့အထဲတွင် ဗဟိုအမတနယ်မြေသည် အမတနယ်မြေကိုးစု၏ ဗဟိုချက်ဖြစ်ပြီး ၊ အခိုင်မာဆုံး အခြေခံအုတ်မြစ်နှင့် အင်အားတောင့်တင်းဆုံး နယ်မြေဖြစ်ခဲ့သည်။
ထိုစဉ်က၊ လောကနိယာမများနှင့် အလုံးစုံသော မဟာလမ်းစဉ်တို့သည် အလွန်ပြည့်စုံပြီး ကြီးကျယ်ခမ်းနားသော အရာဝတ္ထု အမျိုးမျိုးတို့သည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတတ်သည်။
ထိုကဲ့သို့ သာယာဝပြောမှုအောက်တွင် ဒေဝလောကရှိ မျိုးနွယ်စုအားလုံးတို့သည် စည်းလုံးညီညွတ်ကာ အမတလမ်းစဉ်သည် ထွန်းကားခဲ့သည်။
အလုံးစုံသော မဟာလမ်းစဉ်များ ပေါ်ထွန်းလာခဲ့ပြီး တန်ခိုးကြီးမားသူများ တယောက်ပြီးတယောက် ထွက်ပေါ်လာခဲ့သည်။
အမတ နယ်ပယ်၏အထက်အဆင့်ရှိ ပုဂ္ဂိုလ်အများစုမှာ ထိုအချိန်က မွေးဖွားလာသူများ ဖြစ်သည်။
အမတစိုးစံရာခေတ်တွင် တားမြစ် အင်အားစုကိုးဖွဲ့ မည်သို့ရှိနိုင်မည်နည်း။
ကောင်းကင်ဂူ ၇၂ဂူ ၊
အမတဂိုဏ်း ၃၆ ဂိုဏ်း နှင့်
အင်အားစု ၁၂ ဖွဲ့ သာလျှင် ရှိခဲ့သည်။
သို့သော် ၊ သာမန်လူများက ဤအတိုင်းဆိုကြသည် - အရာရာတိုင်းတွင် အကန့်အသတ်ရှိသည်။
အလွန်အမင်း သာယာဝပြောခြင်းသည် အဆုံးတွင် ကြီးမားသော မငြိမ်သက်မှုတစ်ခုကို မွေးဖွားလာစေလိမ့်မည်။
အကြောင်းရင်းမှာ အလွန်ရိုးရှင်းသည်။ လူသားတို့၏ လောဘနှင့် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထိုအချိန်က စည်းမျဥ်းများသည် အလွန်တင်းကျပ်သည်။ အသန်ဆုံးသူများသာလျှင် ကျင့်ကြံမှု အရင်းအမြစ်များကို ပိုမိုရရှိနိုင်သည်။
ကောင်းကင်ဂူ ၇၂ဂူသည် အမတဂိုဏ်းများ ဖြစ်လာရန် အလိုရှိသည်။
အမတဂိုဏ်း ၃၆ဂိုဏ်းသည် အင်အားစု ၁၂ဖွဲ့ ဖြစ်လိုပြန်သည်။
သို့သော် ၊ မိမိ၏အဆင့်အတန်းကို တိုးမြှင့်လိုပါက တစ်ခုတည်းသော နည်းလမ်းမှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ရမည်။
အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ စစ်ပွဲကြီးတစ်ခု ဆင်နွှဲရန်သာ ဖြစ်သည်။
ရလဒ်အနေဖြင့်၊ အမတဂိုဏ်း ၃၆ဂိုဏ်းနှင့် ကောင်းကင်ဂူ ၇၂ ဂူတို့ကြားတွင် စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး ၊ အင်အားစု ၁၂ ဖွဲ့ကိုပင် ထိခိုက်နစ်နာစေခဲ့သည်။
ပြင်ပရန်သူကို မကြောက်ရသော်လည်း ၊ ပြည်တွင်းစစ်ကို ကြောက်ရသည်။
နောက်ဆုံးတွင် စစ်ပွဲသည် ရပ်တန့်၍မရသော အနေအထားထိ ရောက်ရှိလာခဲ့သည်။
အင်အားစုအဖွဲ့အားလုံးသည် ဒေါသတကြီး ဖြစ်ခဲ့ကြပြီး ၊အဆုံးတွင် သူတို့အားလုံးသည် မိမိတို့၏ နောက်ဆုံးအရင်းအနှီးကို မီးရှို့ဖျက်စီးခဲ့သည့်အထိ အစွမ်းကုန်တိုက်ခိုက်ခဲ့ကြသည်။
အမတဘုရင်သာမက ၊ အမြင့်မြတ်ဆုံးသော အမတ ဧကရာဇ်များပင်လျှင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရသည်။
အမတဧကရာဇ်မင်း၏ အထက် ဖြစ်တည်မှုများသည်လည်း လက်နက်စွဲကာ တိုက်ခိုက်လာခဲ့ကြသည်။
နောက်ဆုံးရလဒ်အနေဖြင့် ၊မရေမတွက်နိုင်သော အင်အားစုများ၊ ဂိုဏ်းခွဲများ ဖျက်ဆီးခံခဲ့ရသည်။
အမတသခင်များ ကြွေလွှင့်ခဲ့ရပြီး ၊ အလုံးစုံသော နိယာမတရားများ ငိုကြွေးခဲ့ရသည်။
တစ်ခါက ကြီးကျယ်ခမ်းနားပြီး ကမ္ဘာပေါ်တွင် အလှပဆုံးနေရာများဖြစ်ခဲ့သည့် ‘ အမတနယ်မြေ ကိုးစု’ သည် ငရဲကိုးထပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုခေတ်ကို ‘ အမတကျဆုံးခေတ်’ ဟု အမည်တွင်ခဲ့ပြီး၊ ထိုအဖြစ်ဆိုးကြီးကိုလည်း ‘အဆုံးမဲ့ကပ်ဘေး’ ဟု သမုတ်ခဲ့ကြသည်။
ထို့နောက်တွင် ၊ ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး စတင်ခဲ့သည်။ ဒေဝလောကတစ်ခုလုံး စုတ်ပြတ်သွားခဲ့ပြီး၊ အမတနယ်မြေ ကိုးစုအနက် သုံးစုမှာ ပျက်စီးသွားခဲ့သည်။ ဗဟိုချက်ဖြစ်သော ‘ ဗဟိုအမတနယ်မြေ’ မှာမူ စည်းတံဆိပ်ခတ်ခံရကာ ပျောက်ကွယ်သွားခဲ့သည်။
အမတလောကရှိ ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသည်မှာ -
အဆုံးမဲ့ကပ်ဘေး’ ကျရောက်ပြီးနောက်၊ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့သည်။
အကန့်အသတ်မရှိသော ကြယ်တာရာကောင်းကင်ကြီးထက်တွင် ၊
ဘယ်နေရာကိုပဲကြည့်ကြည့် ၊ နဂါးဖီးနစ်တို့၏ အလောင်းအပုပ်များဖြင့် ပြည့်နှက်နေပြီး ၊ အနံ့ဆိုးများသည် မိုးကောင်းကင်တစ်ဆုံး ပျံ့နှံ့နေခဲ့သည်။
အပိုင်း(၅၁၃): အမတကျဆုံးခေတ် ၊ အဆုံးမဲ့ကပ်ဘေး(၂)
အမတဧကရာဇ်မင်းတို့၏ သွေးများသည် အမတနယ်မြေတစ်ခွင် စီးဆင်းလျက် ၊ စစ်ပွဲ၏ နောက်ဆက်တွဲရလဒ်အနေဖြင့် မရေမတွက်နိုင်သော နဂါးငွေ့တန်းများစွာ ဖျက်ဆီးခံခဲ့ရသည်။
ဒေဝလောကရှိ သက်ရှိသန်းပေါင်းများစွာ၏ အသွေးတို့သည် သွေးမြစ်တစ်စင်း ဖြစ်ပေါ်လာကာ သွေးမြူခိုးတို့သည် အချိန်အတော်ကြာအောင် ပျောက်ကွယ်မသွားဘဲ ရှိနေသည်။
အငြိုးတရားနှင့် ၊ သတ်ဖြတ်လိုစိတ်များသည် လက်တွေ့အဖြစ် ပေါ်ထွက်လာပြီး ၊ အမတနယ်မြေ၏ နိယာမများစွာကို ဆွေးမြေ့ပျက်စီးစေခဲ့သည်။
စစ်ပွဲကြီး၏ နောက်ဆက်တွဲအနေဖြင့် ၊ အင်အားအကြီးမားဆုံး စွမ်းအားရှင်များစွာ ကျဆုံးခဲ့ရသည့်အပြင်၊ ဒေဝလောကရှိ ပြန်လည်မွေးဖွားခြင်းဆိုင်ရာ လမ်းစဉ်တို့သည်လည်း ပျက်စီးသွားခဲ့ရသည် ။
ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသော အဆုံးမရှိသော ဝိညာဉ်တို့မှာ ပြန်လည်ဝင်စားခွင့် မရှိခဲ့ပေ။
နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့၏ မကျေချမ်းမှုများသည် အဆင့်ဆင့် ပေါင်းစပ်လာကာ ကနဦး မကျေမနပ်မှု မှ အဆုံးတွင် ပြင်းထန်သော နာကြည်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဒေဝလောကရှိ မဟာလမ်းစဉ်၏ အမျက်ဒေါသ ပေါက်ကွဲမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထူးဆန်းသောအမှောင်စွမ်းအားတို့သည် အကန့်အသတ်မရှိသော ကံတရားအဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။
ထိုအချိန်မှစ၍ ၊ အမှောင်ထုမူလနယ်မြေ ဟူ၍ ရုတ်တရက် မွေးဖွားလာခဲ့ပြီး အမှောင်ထု အမတသခင်တရားစီရင်ရေးအဖွဲ့မှ ဦးဆောင်သော အမှောင်အင်အားစု ကိုးဖွဲ့ ဆင်းသက်လာခဲ့သည်။ နာကြည်းမှုများဖြင့် ဖြစ်တည်လာသော ၎င်းတို့သည် အရာအားလုံးကို ဖျက်ဆီးပစ်ကာ အမှောင်ထုထဲသို့ ပို့ဆောင်ခဲ့သည်။
နောက်ဆုံးတွင် ၊ ၎င်းတို့သည် အမှောင်ကျူးကျော်မှုကို ပေါ်ပေါ်ထင်ထင်လုပ်လာခဲ့ပြီး ၊ ဤသို့ဖြင့် ဒေဝလောကသားများပြောသည့် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး ဖြစ်လာခဲ့သည်။
သို့ရာတွင်၊ အမတကျဆုံးခေတ်ကို ကြုံတွေ့ခဲ့ရသော အမတနယ်မြေကိုးစုသည် ဤစစ်ပွဲကြီးကို မည်သို့ခုခံနိုင်စွမ်းရှိနိုင်တော့မည်နည်း။
ထို့အပြင်၊ အမှောင်ထု၏ ပြန်လည်နိုးထမှုနှင့် အမှောင်မူလနယ်မြေ၏ မွေးဖွားမှုသည် သူတို့၏လုပ်ရပ်များကြောင့်သာ ဖြစ်သည်။
အမတနယ်မြေရှိ အင်အားစုများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိခဲ့ပါက ၊ မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးရမည်မဟုတ်ချေ။ ထိုနည်းတူစွာ၊ ကမ္ဘာပေါ်ရှိ သက်ရှိများသည်လည်း ဒုက္ခရောက်ကာ ပြင်းထန်သော နာကြည်းမှုများသည် တစ်လောကလုံး လွှမ်းခြုံသွားလိမ့်မည် မဟုတ်ပေ။
အမှောင်ထုသည်လည်း မည်သို့ နိုးထလာနိုင်မည်နည်း။
မရေမတွက်နိုင်သော ဝိညာဉ်တို့သည် အမှောင်မူလနယ်မြေကြောင့် ဖောက်ပြန်ပျက်စီးသွားခဲ့ပြီး အဆုံးတွင် အမှောင်ထု၏ အမတဧကရာဇ်မင်းများ ဖြစ်လာကာ ကိုယ့်မွေးရပ်မြေကို သားသတ်ဓားများဖြင့် ဖျက်စီးပစ်ခဲ့လေသည်။
ထို့ကြောင့် အဆုံးတွင် မရေမတွက်နိုင်သော အင်အားစုများ ဖျက်ဆီးခံခဲ့ရသည်။ အမတနယ်မြေ ကိုးစုတွင် သုံးစုသည် ပျက်စီးသွားပြီး အင်အားကြီးသော ဗဟိုအမတနယ်မြေသည် ကမ္ဘာကြီး၏စွမ်းအားကို ကုန်ဆုံးစေသည့်အထိ အမှောင်ထုကြီးကို တွန်းလှန်ခဲ့သည်။
ထို့နောက်တွင် အဆုံးမရှိသော အမှောင်ထဲသို့ ကျရောက်သွားခဲ့သည်။
ဤအရာအားလုံးသည် ကမ္ဘာကြီး၏ လက်စားချေမှုသာ ဖြစ်သည်။
ဤအရာအားလုံးသည် သူတို့၏လုပ်ရပ်မှ ဖြစ်တည်လာခြင်း ဖြစ်သည်။
ဤသည်မှာ ကံတရားပေတည်း။
T/N – (ဒီစာကိုဖတ်ပြီး တစ်စုံတစ်ရာကို သွားသတိရမိတယ်)🍁🍁🍁🍁
ခေတ်ဟောင်း စွမ်းအားရှင်များသည် စစ်မီးတောက်များဖြင့် ပြည့်နှက်နေသော တားမြစ်ကုန်းပြင်မြင့်ကို ကြည့်ရှုနေသည်။
“အခုလည်း.. နောက်ထပ် တားမြစ်အင်အားစုတစ်ဖွဲ့ကို ဖျက်ဆီးတော့မယ်”
“ ဗဟိုအမတနယ်မြေကလည်း ပျောက်ကွယ်သွားပြီး ပြန်ထွက်ပေါ်မလာသေးဘူး၊ ပြီးတော့ အမှောင်မူလနယ်မြေကလည်း မငြိမ်သက်သေးဘူး...”
“ပြီးတော့ ဟောကိန်းအတိုင်းသာဆို...”
ခေတ်ဟောင်း စွမ်းအားရှင်တို့သည် အတွေးများနေကြသည်။
လက်ရှိ ဤမြင်ကွင်းများသည် ရှေ့ကို ဦးတည်နေသည်မှာ သေချာသည်။
တားမြစ် အင်အားစုများ၏ တိုက်ပွဲသည် လူတိုင်း၏အမြင်တွင် ထိုအရာအားလုံး၏အစနှင့် တူညီနေသည်။
“ ဒေဝလောကရဲ့ အဆုံးမဲ့ကပ်ဘေးကြီး ရောက်လာခဲ့ပြီလား..”
………
ဘုန်း !
အဝေးတစ်နေရာတွင်။
ကောင်းကင်ယံ၌ ကြယ်စုများက မှိတ်တုတ်မှိတ်တုတ် ထိန်လင်းလျက် ၊ လေပြင်းများ တိုက်ခတ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော လူနှစ်ဦးသည်
အချင်းချင်း တိုက်ခိုက်နေကြသည်။
ကောင်းကင်တစ်ဖက်တွင် ၊
တားမြစ် ကုန်းပြင်မြင့်၏ အရှင်သခင် ထူဟုန် အမတ ဧကရာဇ်မင်းသည် ယန်ရှန်းမျှော်စင် လက်နက်ကို ကိုင်ဆွဲရင်း တိုက်ပွဲဝင်နေသည်မှာ အလွန်ထူးကဲလှသည်။
တစ်ကြိမ် အားထုတ်လိုက်ရုံဖြင့် ၊ ယန်ရှန်းမျှော်စင် လက်နက်သည် ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်များကို မွေးထုတ်ပေးကာ အချိန်-အာကာသ အပိုင်းအစများကို လွင့်စင်သွားစေသည်။
သူ့ရှေ့မှောက်တွင်မူ ၊
ကျင်းရှန် ဓားအမတရှင်သည် ရောင်ခြည်များ အဆုံးမရှိ ဖြာထွက်နေသော နတ်ဓားကို မြှောက်ကိုင်လိုက်သည်။
အကန့်အသတ်မရှိသော ဓားအလင်းများသည် သူ၏ ဘေးတဝိုက်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ဓားစွမ်းအင်လျှပ်စီးကြောင်းများကို ထုတ်လွတ်နေသည်မှာ ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကို အပိုင်းပိုင်း စုတ်ပြဲသွားစေသည်။
သူတို့နှစ်ဦး တည်ရှိရာ မိုင်သန်းပေါင်းများစွာ ဧရိယာအတွင်း ၊ မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်ဝံ့ပေ။
“ ယန်ရှန်းမျှော်စင်! သွား!”
ထူဟုန် အမတ ဧကရာဇ်မင်းသည် ဦးဆောင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်။
ဝုန်း ! !
တစ်ချိန်တည်းမှာပင်၊ သူ့လက်ထဲတွင်ရှိသော ယန်ရှန်းမျှော်စင်သည် မရေမတွက်နိုင်သော အဖျက်သဘောဆောင်သော အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာသည်။
အဖျက်သဘောဆောင်သော အလင်းတန်းများသည် ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသကဲ့သို့ ကျင်းရှန်ဓားအမတရှင်အား နှိပ်ကွပ်ရန် ၎င်း၏ဦးတည်ရာဘက်ဆီသို့ ပြေးဝင်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၊ ကျင်းရှန်ဓားအမတရှင်သည် ဂရုမစိုက်ဟန်ဖြင့် ရှိနေဆဲပင် ဖြစ်သည်။
ကျယ်လောင်သော ဓားသွားက ကောင်းကင်အနှံ့ ပျံ့လွင့်သွားသည်။
ဓားစွမ်းအင်၏ ဝှီးခနဲ့ ဖြတ်သန်းသွားသော ဝီစီသံမှာ အဆုံးမရှိပေ။
ဝီ!!
ကြောက်မက်ဖွယ်ကောင်းသော အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒတို့သည် တဟုန်းဟုန်း တောက်လောက်ကာ စုဝေးလာသည် ။
တခဏအတွင်းမှာပင် ၊ နတ်ဓားကို လက်တွင် ဆုပ်ကိုင်ထားသော အရွယ်အစား ကြီးမားသော ဓားအမတရှင်၏ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဓားကို မြှောက်တင်လိုက်သည်နှင့် ၊ ကြီးကျယ်ခမ်းနားသော ဖိနှိပ်စွမ်းအားများသည်ကောင်းကင်နှင့်မြေကြီးကိုပင် အပိုင်းပိုင်း ကွဲအက်သွားစေခဲ့သည်။
ဓားအမတရှင်သည် သူ့လက်ထဲကဓားကို အောက်သို့ ခုတ်ချလိုက်သည်နှင့် ၊ အကန့်အသတ်မရှိသော ဟင်းလင်းပြင်ကွက်လပ်တွင် ကြောက်စရာကောင်းသော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကောင်းကင်ဘုံ၏အမျက် ၊ ပိုင်းဖြတ်!”
အေးစက်သော အသံနှင့်အတူ ၊ အဆုံးမရှိသောဓားများသည် စကြဝဠာတစ်ခွင် ထိုးဖောက်၍ ကျဆင်းလာခဲ့သည်။
ရွှမ်း!
တောက်ပလွန်းသော အလင်းတန်းကြီးသည် အကန့်အသတ်မဲ့ အာကာသတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လောကတစ်ခုလုံးကို လင်းထိန်သွားစေသည် ။
ယန်ရှန်းမျှော်စင်မှ ထွက်ပေါ်လာသော အဖျက်သဘောဆောင်သော အလင်းတန်းများပင်လျှင် ဤကြောက်မက်ဖွယ်ရာ ဓားအလင်း၏ ရှေ့တွင် တဟုတ်ချင်း ပျောက်ကွယ်သွားရသည်။
ဤတောက်ပလွန်းသော ဓားစွမ်းအင်၏ ပစ်မှတ်မှာ ထူဟုန် အမတဧကရာဇ်မင်း တစ်ယောက်တည်းကိုသာ သတ်ရန်ရည်ရွယ်ထားသော်လည်း ၊
အပြင်သို့လွင့်စင်သွားသည့် ဓားစွမ်းအင်များသည် အနီးအနားရှိ တားမြစ်ကုန်းပြင်မြင့်၏ အမတစစ်သည်တော်များကို လည်း ဝါးမျိုပစ်ခဲ့သည်။
ကောင်းကင်ဘုံ၏ပြစ်ဒဏ် ကျရောက်လာသကဲ့သို့ ထိုကြောက်ခမမ်းလိလိ ဓားစွမ်းအင်ကို မြင်လိုက်ရသည့် အမတစစ်သည်တော်တို့၏ မျက်နှာများသည် ဖြူဖျော့သွားသည်။
အပိုင်း(၅၁၄): စစ်မြေပြင်ပေါ်က မုန်တိုင်း
ချက်ချင်းဆိုသလို ၊ မိမိတို့၏ လက်နက်များ ပစ်ချကာ လေးဘက်လေးတန် ထွက်ပြေးကြသည်။
သို့သော် ၊ ၎င်းတို့၏ အမြန်နှုန်းမှာ နှေးလွန်းသည်။ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။
ဝုန်း !
ထိုစူးရှတောက်ပသော ဓားအလင်းလှိုင်းလုံးကြီးသည် လုံးလုံးလျားလျား ပေါက်ကွဲသွားခဲ့ချေပြီ။
ဓားအလင်း သက်ရောက်ရာနေရာတိုင်း ၊ အရာအားလုံးသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲခံလိုက်ရသည်။
စုဝေးဖြစ်တည်လာသော ကြီးမားလှသော ဓားစွမ်းအင်သည် ဤနေရာရှိ အရာအားလုံးကို မြုပ်နှံပစ်လိုက်သည်။
“ စူးချင် ! မောက်မာလွန်းတယ်!!”
အကန့်အသတ်မဲ့ ဓားအလင်းလှိုင်းလုံးကြီး၏ အတွင်း၌ ရှိနေသော ထူဟုန် အမတ ဧကရာဇ်မင်း၏ ဒေါသသံသည် နောက်တဖန် ဟိန်းထွက်လာခဲ့သည်။
ဤသေဆုံးသွားခဲ့ရသော လူများသည် မိမိတို့ တားမြစ်ကုန်းပြင်မြင့်၏ ထိပ်တန်း တပ်ဖွဲ့ဝင်များဖြစ်သည်။ သို့သော်၊ သူသည် ၎င်းတို့အားလုံး ဤနေရာတွင် သေကျေပျက်စီးခဲ့ရသည်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ သူမည်သို့ သည်းခံနိုင်မည်နည်း။
ထူဟုန် အမတဧကရာဇ်မင်းသည် သူ့ကိုယ်ပိုင် အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒတို့ကို ယန်ရှန်းမျှော်စင်ထဲသို့ တစ်ဖန် ထည့်သွင်းလိုက်ပြီး သူသည် ပြိုင်ဘက်ကင်းသော စွမ်းအားတို့ဖြင့် ကျင်းရှန်ဓားအမတရှင်ဆီသို့ တစ်ဖန် ပြေးဝင်လာခဲ့သည် ။
ဝုန်း ...!!!
၎င်းတို့နှစ်ဦး၏ ထပ်မံ တွေ့ဆုံမှုကြောင့် အနီးအနားရှိ ဟင်းလင်းပြင်အလွှာတို့သည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ရပြန်သည်။
ဤစစ်ပွဲသည် ပြင်းထန်သော အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲမျိုးသည် နေရာတိုင်းတွင် ဖြစ်ပွားနေသည်။
အခြားတစ်ဖက်တွင် ၊
စူးချန်ကဲ၏ အစ်မ စူးယွင်ယွဲ့ သည် လက်ရှိ အမတနယ်မြေတွင် ပထမအဆင့် ပါရမီရှင်တစ်ဦးဖြစ်သည်။
သူမသည် ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း ၊ စစ်မြေပြင်ပေါ်တွင် သူမ၏ အရှိန်အဝါသည် အခြားသူများနည်းတူ အားကောင်းသည်။
ဝုန်း !!
သူမ၏လက်ထဲက လှံရှည်ကို ရန်သူထံသို့ ပစ်လွှတ်လိုက်သည်ကို မြင်ရပေမည်။
ကြောက်မက်ဖွယ်ကောင်းသော အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒများဖြင့် စီမံထားသော နဂါးကြီးတစ်ကောင်သည် ကျယ်လောင်စာ ဟောက်သံပြုလိုက်သည်။
သူမ၏ ရှေ့တွင် ရပ်နေသော အမည်းရောင်ဝတ်စုံဖြင့် အမျိုးသားသည် ထိုဧရာမမိုးနဂါးကြီး၏ ကိုက်ဖြတ်မှုကိုခံလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ့ ပစ်လဲကျသွားသည်။
ဘုန်း !
လှံဖျားမှ ထွက်ပေါ်လာသော အလင်းတန်းများသည် ထိုအနှီလူ၏ အားအင် တော်တော်များများကို လျှော့ချပစ်နိုင်ခဲ့သော်လည်း၊
လှံတံသည် မြေကြီးပေါ်သို့ စိုက်ဝင်သွားသည်နှင့် ဖုန်မှုန့်များ တလိပ်လိပ် ထလာကာ မြေကြီးများသည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။
သို့သော် ၊ စူးယွင်ယွဲ့ သည် ထိုနေရာမှ ထွက်ခွာသွားခြင်း မရှိဘဲ အေးစက်နေသော မျက်လုံးများဖြင့် တထောင်းထောင်း ထနေသည့် ဖုန်မှုန့်များကို စူးစိုက်ကြည့်နေခဲ့သည်။
သူမသည် စစ်မြေပြင်ပေါ်က စစ်နတ်ဘုရားမ တစ်ပါးကဲ့သို့ ဝင့်ကြွားစွာ ရပ်တည်နေသည်။
“ စူးယွင်ယွဲ့ !!”
ထင်ထားသည့်အတိုင်း ၊ ထိုအပျက်အစီးများထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
မူလက တလိပ်လိပ် ထနေသော အခိုးအငွေများသည် ပြင်းထန်သော နိယာမ မုန်တိုင်းကြောင့် ကွယ်ပျောက်သွားခဲ့သည်။
အနက်ရောင် နဂါးဝတ်လုံကို ဝတ်ဆင်ထားသော အမျိုးသားသည် ထူဟုန် အမတဧကရာဇ်မင်း၏ မျက်နှာပုံပန်းသဏ္ဌာန်နှင့် အနည်းငယ်ဆင်ပြီး ၊ ဆံပင်များက ဖြာကျနေကာ သူ၏နှုတ်ခမ်းတွင် သွေးအနည်းငယ် စွန်းထင်းနေသည်။
သူ၏ အကြည့်များက ရက်စက်ကြမ်းကြုတ်ပုံရပြီး ၊ စူးယွင်ယွဲ့ အား ဒေါသတကြီးဖြင့် လှမ်းအော်လိုက်သည်။
“ မင်းတို့ ကောင်တွေ လူကိုအနိုင်ကျင့်လွန်းတယ်! ငါ့ တားမြစ်ကုန်းပြင်မြင့်က ဘာအပြစ်များကျူးလွန်ထားလို့လဲ!?”
“ မင်းတို့က လူအင်အားကို အခွင့်ယူပြီး ရိုးသားတဲ့သူတွေကို နှိပ်စက်ချင်တာလား!?”
ထိုအနှီသူ၏ အမည်မှာ ဟေးဝူထျန်း ဖြစ်ပြီး ထူဟုန် အမတဧကရာဇ်မင်း၏ သားတော်ဖြစ်သည်။
သူသည် စူးယွင်ယွဲ့ နှင့် ခေတ်ပြိုင် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။ စူးယွင်ယွဲ့ ထက် အနည်းငယ် အားနည်းသော်လည်း အမတဧကရာဇ်တစ်ပိုင်းအဆင့်ထိ ရောက်ရှိထားသူဖြစ်သည်။
မူလက သူသည် ညဏ်အလင်းရရှိကာ အမတဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်သို့ တတ်လှမ်းရန် ပြင်ဆင်နေခဲ့သည်။
သို့သော် ၊
ရုတ်တရက် ဖြစ်ပေါ်လာသော ကပ်ဘေးကြီးသည် တားမြစ်ကုန်းပြင်မြင့်တစ်ခုလုံးကို စစ်မီးတောက်ထဲသို့ ကျရောက်သွားစေခဲ့သည်။
ကြောက်စရာကောင်းသော တိုက်ပွဲကြီးသည် သူ့အားထွက်လာဖို့ တွန်းအားပေးခဲ့သည်။
ဤပြင်းထန်သောတိုက်ပွဲသည် သူ၏ကျင့်ကြံမှုကို မတည်မငြိမ်ဖြစ်စေခဲ့သည်။
အမတဧကရာဇ် နယ်ပယ်အဆင့်ကို တတ်လှမ်းဖို့ကိုပင် မဆိုနှင့် ။ လက်ရှိရောက်ရှိထားသော အမတဧကရာဇ်တစ်ပိုင်းအဆင့်ကိုပင် ထိန်းသိမ်းရန် ခက်ခဲနေသည်။
ဒါကသူ့ကိုသတ်လိုက်တာနဲ့ ဘာကွာလို့လဲ!?
ဟေးဝူထျန်း၏ ဒေါသသံကို စူးယွင်ယွဲ့ သည် ဂရုမစိုက်ဟန်ဖြင့် ရှိနေသည်။
ထို့နောက်၊ သူမ၏ အနီရောင်နှုတ်ခမ်းသားများက အနည်းငယ် ပွင့်ဟလာသည်။ သူမသည် ဒေါသသံဖြင့် ပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။
“ဟား... ဘာအပြစ်ကျူးလွန်ခဲ့လဲ ဟုတ်လား?”
“ ငါ့မောင်လေးကို အနိုင်ကျင့်တာလေ၊ သေချာပေါက် ငါတို့ တားမြစ် စူးမိသားစုက နင်တို့ကို ပြန်ပေးဆပ်ခိုင်းရမှာပေါ့ “
“ အမတဧကရာဇ်နယ်ပယ်ရဲ့ ဉာဏ်အလင်းကို ရရှိတာနဲ့ အမတဧကရာဇ်မင်း အဆင့်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးရှိမယ် ထင်နေလား”
“ အတွေးကတော့ သိပ်လှတာပဲ”
“ပြီးတော့ ၊ နောက်တစ်ကြိမ် ငါ့ရဲ့လှံကို တောင့်ခံ့နိုင်သေးရင် ၊ ပြောမရဘူး နင်လည်း အမတဧကရာဇ်မင်းနယ်ပယ်အဆင့်ရဲ့ သေခြင်းရှင်ခြင်းကို တွေ့ကြုံခံစားဖူးတာပေါ့ “
ဝုန်း ——!!
ချက်ချင်းပင်၊ စူးယွင်ယွဲ့ သည် ထိုသို့ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ၊
သူမ၏ ရောင်ဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ယင်ယန် သံသရာစက်ဝန်းစွမ်းအားသည် စူးယွင်ယွဲ့ ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး ၊ အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားသည်။
ကိုးလှည့်လူဝင်စား နတ်ခန္ဓာကိုယ်။
လောက၏ ယင်ယန် သံသရာစက်ဝန်းကို ထိန်းချုပ်နိုင်ပြီး ၊ အဟောင်းကို အသစ်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။
သို့သော် ၊ ဒါက အဆုံးမဟုတ်သေးချေ။
ဝုန်း ဝုန်း !!
မိုးမြေတစ်ခွင် တုန်လှုပ်သွားပြီး၊ ရှေးဦိး ခရမ်းရောင်စွမ်းအင်တန်းသည် ကောင်းကင်ယံမှ တဖြည်းဖြည်း ကျရောက်လာပြီး စူးယွင်ယွဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ယခုအချိန်တွင် သူမသည် အရာအားလုံးကို လက်ဝါးကြီးအုပ်ကာ ခရမ်းရောင်စွမ်းအင်ဖြင့် လောကရှိ အရာအားလုံးကို ပြန်လည်ဖန်တီးနိုင်စွမ်းရှိသည့် ဟုန်မုန်ဖန်ဆင်းရှင်ကဲ့သို့ပင် ။
ဝီ!
သူမ၏ ပတ်ဝန်းကျင်တွင် အချိန်-အာကာသဆိုင်ရာ နိယာမများ၏ အစအနများ ပျံ့လွင့်နေပြီး၊ သူမ၏ ခန္ဓာကိုယ်အနီးတစ်ဝိုက်တွင် ပျံဝဲနေသည်။
“စူး..စူးယွင်ယွဲ့ ....မင်း ရူးနေပြီလား!?”
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသကဲ့သို့ ဟေးဝူထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်သွားသည်။
အဆိုပါ ကြောက်ခမန်းလိလိ စွမ်းအားသည် သူ့ကို အသက်ရှူကြပ်စေသည်။
စူးယွင်ယွဲ့ ဤအရူးမိန်းမသည် ကိုးလှည့်လူဝင်စား နတ်ခန္ဓာကိုယ်နှင့် ဟုန်မုန်တာအို အရိုးတို့ကို တိုက်ရိုက်အသက်သွင်းခဲ့သည်။
သူသည် အရင်ကတည်းက သူမ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ဤအနှိုင်းမဲ့ နတ်ခန္ဓာနှစ်ခု၏ ကောင်းချီးပေးမှုအောက်တွင် ဟေးဝူထျန်းအနေဖြင့် လုံးဝခုခံနိုင်လိမ့်မည်မဟုတ်ပေ။
“ဒီကိစ္စမှာ ငါ အစကအဆုံး တခါမှ မပါဝင်ခဲ့ဘူး!”
ဟေးဝူထျန်းက သွားများကို အံကြိတ်ကာ ဆိုလိုက်သည်။
“မင်းရဲ့ မောင်လေးကို ငါ တစက်ကလေးမှ ထိခိုက်အောင်မလုပ်ဖူးဘူး “
ဟေးဝူထျန်းမှာ ကြောက်လန့်နေသည်။ စူးယွင်ယွဲ့ သည် သူ့အား အမှန်တကယ် သတ်ရန်ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
“ဟမ်! ငါပြောပြီးပြီ ငါ့မောင်ကို နာကျင်စေသူတိုင်း ဘယ်သူမဆို တန်ကြေးပေးဆပ်ရမယ်!”
“တားမြစ် ကုန်းပြင်မြင့်လောက်တော့ ဘာဖြစ်လဲ ၊ ကမ္ဘာကြီးကို ဇောက်ထိုးဖြစ်အောင် လုပ်နိုင်မတဲ့လား “
စူးယွင်ယွဲ့ သည် အေးစက်စွာအော်ဟစ်လိုက်သည်။
“ငါ့ရဲ့ လှံကို အသင့်ခံယူဖို့ပြင်ထားလိုက်တော့!”
“ ကျုံထျန်း ၊ စိတ်ဝိညာဉ်ကို ချိုးဖျက်ခြင်း!”
ထိုသို့ရွတ်ဆိုလိုက်သည့် တစ်ချိန်တည်းမှာပင် လှံသည် ပစ်ခွင်းဝင်ရောက်လာခဲ့သည်။
ဝုန်း ! !
စူးယွင်ယွဲ့ သည် လှံကို ပစ်လွှတ်လိုက်သည်နှင့် တစ်ကမ္ဘာလုံး တုန်ခါသွားသည် ။
အဆုံးမရှိသော နိယာမဆိုင်ရာအလင်းတန်းများသည် လှံဆီသို့ ရူးသွပ်စွာစုရုံးလာသည်။
လှံအလင်း ဖြတ်သန်းသွားလေရာ နေရာတိုင်းတွင် ဟင်းလင်းပြင်အလွှာတို့သည် ကြေမွပျက်စီးခဲ့ရသည်။
ဤမျှကြောက်စရာကောင်းသော လှံ၏ ရှေ့မှောက်တွင် ၊
ဟေးဝူထျန်းသည် ခုခံနိုင်စွမ်းမရှိခဲ့သဖြင့် တဖက်လူ၏ ကြောက်ခမန်းလိလိ ပစ်ခတ်မှုအောက်တွင် ချက်ချင်းပင် ချေမှုန်းခံခဲ့ရသည်။
လူတစ်ကိုယ်လုံး ချက်ချင်း ပြာကျသွားပြီး၊ စိစိတ်ဝိညာဉ်တို့သည် ပြန့်ကျဲကုန်သည်။
တစ်ချိန်တည်းမှာပင်။
ကျင်းရှန်ဓားအမတရှင်နှင့် အပြင်းအထန်တိုက်ခိုက်နေသော ထူဟုန် အမတဧကရာဇ်မင်းသည် သားဖြစ်သူ၏ အငွေ့အသက် ပျောက်ဆုံးသွားသည်ကို ချက်ချင်း ခံစားသိရှိခဲ့ရသည်။
ချက်ချင်းဆိုသလို ၊မျက်လုံးများပြူးကျယ်သွားပြီး ၊ နီမြန်းလာကာ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“ ငါ့သား!!”
…….
ဟေးဝူထျန်းသည် ထူဟုန် အမတဧကရာဇ်မင်း၏ အထူးချွန်ဆုံးသွေးသားဖြစ်ရုံသာမက၊
သူသည် တားမြစ်ကုန်းပြင်မြင့် တစ်ခုလုံး၏ ဂုဏ်ယူရသော ဖြစ်တည်မှုလည်း ဖြစ်သည်။
ယခု ဤတိုက်ပွဲကြီးတွင်၊ သူသည် သတ်ခံခဲ့ရပြီး သူ၏ဝိညာဉ်သည်ပင် တစ်စစီ ပြန့်ကျဲသွားခဲ့သည်။
ထူဟုန် အမတဧကရာဇ်မင်း၏ ရူးသွပ်သွားသော အော်ဟစ်သံသည် ကျင်းရှန်ဓားအမတရှင်အား အခွင့်အရေးတစ်ခုအဖြစ် ရရှိစေခဲ့သည်။
သူသည် လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ့လက်ထဲက အမတဓားဖြင့် အလွန်တရာမျှ ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။
“ ထျန်းယွဲ့!”
အပိုင်း(၅၁၅): အချိန်နှင့်အာကာသ၏ ဘိုးဘေး၊ စူးထျန်းမင်
ထိုသို့ ရေရွတ်ပြီးသည်နှင့် ၊
ဓားအမရှင်သည် သူ့ဓားကို မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။
ရွှမ်း!!
အလွန်ကြီးစိုးသော အရှိန်အဝါ၏ ကျရောက်လာမှုနှင့်အတူ ၊ ဤဓားထိုးနှက်ချက်သည် အမတဧကရာဇ်မင်းများကိုပင် အံ့အားသင့်စေခဲ့သည်။
မှောင်မိုက်နေသော စကြဝဠာကြီးပင် မျက်စိတမှိတ်အတွင်းမှာပင် စူးရှတောက်ပသော ဓားအလင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် ဝင်းထိန်သွားသည်။
အဆုံးမရှိသော ဓားအလင်းသည် ဆောင်းလသော်တာ ဖြာကျလာသကဲ့သို့ ကျဆင်းလာပြီး ကမ္ဘာကြီးကို အနန္တဗလာထဲသို့ ဆွဲငင်ခေါ်ဆောင်နေသကဲ့သို့ပင်။
သွေးအန်သံ!!
မူလကတည်းက ခက်ခက်ခဲခဲ ခုခံနေခဲ့သော ထူဟုန် အမတဧကရာဇ်မင်းသည် အာရုံပျံ့လွင့်သွားခဲ့လေရာ ၊
ခုခံနိုင်စွမ်း လုံးဝဆုံးရှုံးသွားခဲ့ပြီး၊ အဆိုပါဓားချက်သည် သူ၏ အမတခန္ဓာပေါ်သို့ ကျရောက်လာခဲ့သည်။
ဓားစွမ်းအင်များနှင့်အတူ နိယာမတရားတို့သည် ဟောက်သံပြုလို့နေသည်။
အမတဧကရာဇ်မင်း၏ အသွေးတို့သည် ပန်းထွက်ကုန်လေ၏။
ထူဟုန် အမတ ဧကရာဇ်မင်း၏ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
အမတဧကရာဇ်မင်းတစ်ပါး၏ အသွေးတို့သည် ရပ်တန့်ခြင်းမရှိ စီးကျလာသည်။ ပြင်းထန်လှသော နာကျင်မှုသည် ထူဟုန် အမတ ဧကရာဇ်မင်းအား အားအင်ကုန်ခမ်းစေခဲ့သည်။
သို့သော်၊ သူသည် နီရဲသော မျက်လုံးများဖြင့် ကျင်းရှန်ဓားအမတရှင်အား စူးစူးရဲရဲ စိုက်ကြည့်နေဆဲပင် ဖြစ်ပြီး ၊ သူ့မျက်လုံးများက ၎င်းအား အရှင်လတ်လတ် ဝါးစားချင်ပုံရသည်။
“ ဓားအမတရှင်တစ်ယောက် ဖြစ်လျက်နဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တယ်ပေါ့လေ “
ထိုစကားများကို ကြားသော်လည်း ၊ကျင်းရှန်ဓားအမတရှင်သည် ဂရုမစိုက်သော ဟန်ပန်ဖြင့် ရှိနေဆဲပင်။
သူသည် အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
“စစ်ပွဲမှာ အားလုံးကတရားမျှတတယ်”
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက်၊ သူ၏သားကို ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ထူဟုန် အမတ ဧကရာဇ်မင်းသည် ဒေါတသကြီး ပေါက်ကွဲလာခဲ့သည်။
အဆုံးမရှိသော ဒေါသကြောင့် သူ၏အမူအရာသည် လုံးဝပြောင်းလဲသွားခဲ့သည်။
“သိပ်ကောင်းတယ်! ကောင်းလိုက်တဲ့ ကျင်းရှန်ဓားအမတရှင်!”
“ ကောင်းလိုက်တဲ့ တားမြစ် စူးမိသားစု!”
“ ကောင်းလိုက်တဲ့ ကွေးယွမ်အမတဂိုဏ်း!”
သူ့မျက်နှာသည် ပို၍ တင်းမာလာကာ နောက်ဆုံးတွင် သူ၏ရင်ဘက်ထဲမှ ရှေးဟောင်း ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပေါ်၌ ထွင်းထုထားသော ထူးဆန်းနက်နဲသော မဟာလမ်းစဉ်၏ အမှတ်အသားများပေါ်တွင် အဆုံးမဲ့တန်ခိုးစွမ်းအားများ စီးဆင်းနေသည်။
အမတလမ်းစဉ်ဆိုင်ရာ တန်ခိုးစွမ်းအားထက်ပင် ကျော်လွန်နေသော စွမ်းအားကို မြင်လိုက်ရချိန်တွင် ကျင်းရှန်ဓားအမတရှင်သည် မျက်မှောင်ကြုတ်သွားသည်။
ဤကျောက်စိမ်းတံဆိပ်သည် ဆင့်ခေါ်သည့်အရာတစ်ခုနှင့်တူသည်။
အမတဧကရာဇ်မင်းများထက် သာလွန်သည့် ဖြစ်တည်မှုတစ်ခုကို ဆင့်ခေါ်ခဲ့ပုံရသည်။
တားမြစ် ကုန်းပြင်မြင့်သည် လက်ရှိတွင် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
သူတို့၏ ကျောထောက်နောက်ခံဖြစ်သော အမတနယ်မြေ၏ အထက် စွမ်းအားရှင်များကို ဝင်ရောက်စွက်ဖက်ရန် ဆင့်ခေါ်ပေတော့မည်။
“ဒီနေ့... ငါတို့ တားမြစ်ကုန်းပြင်မြင့် သေရမယ်ဆိုတောင် ၊ မင်းတို့ကိုပါ အတူတူဆွဲခေါ်သွားမယ်!”
ထိုသို့ပြောပြီးသည်နှင့် ၊ ထူဟုန်အမတ ဧကရာဇ်မင်းသည် ထိုကျောက်စိမ်းကို ညှစ်ဆုပ်ကာ ဖျက်ဆီးလိုက်သည်။
ဘုန်း !!
ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ စကြဝဠာ၏ အဆုံးစွန်သို့ ရောက်ရှိသွားသည်။
ထိုအလင်းတန်းသည် အမတနယ်မြေ၏ အတားအဆီးကို ချိုးဖျက်ကာ အခြားသောအထက်လောကသို့ ရောက်ရှိသွားခဲ့သည်။
သို့သော်၊ ကျင်းရှန်ဓားအမတရှင်သည် ဤဖြစ်စဉ်တစ်ခုလုံးကို ဘေးကနေ အေးဆေးစောင့်ကြည့်နေပြီး ၊ တားဆီးခြင်းမျိုး မရှိခဲ့ပေ။
သူတို့ တားမြစ် စူးမိသားစု၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းကြောင်း သူပင်လျှင် ထုတ်မပြောဝံ့ပေ။
ဒါက အမတဧကရာဇ်မင်းရဲ့ အထက်က တည်ရှိမှုကို ဆင့်ခေါ်ရုံလေးပဲမလား ?
သူတို့ စူးမိသားစု၏ ပထမအသုတ် ဓားအမတရှင်လေးဦးသည် အမတစိုးစံရာခေတ်တွင် အမတဧကရာဇ်မင်းထက် သာလွန်သော အဆင့်ကို တတ်လှမ်းနိုင်ခဲ့သည်။
ဒါတောင်မှ သူသည် အမတနယ်မြေ၏ အထက်လောကကို တတ်လှမ်းသွားခဲ့သော အခြားလက်အောက်ခံအင်အားစုမှ စွမ်းအားရှင်များနှင့် မိမိတို့၏ ဘိုးဘေးများကို ထည့်မတွက်ထားသေးပေ။
ယနေ့ထိတိုင် ဒါဇင်နဲ့ချီ တတ်လှမ်းထားပြီး ဖြစ်သည်။
သူတို့ကရော ကြောက်နေမတဲ့လား!?
ကျင်းရှန်ဓားအမတရှင်သည် နည်းနည်းမှ ဂရုမစိုက်ချေ။ ယင်းအစား သူသည် သူ့ဓားကို ကျောနောက်ကို ပို့ကာ ဘက်လက်ကို ဆန့်တန်းလိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။
“ မင်းရဲ့ အရည်အချင်းကို ပြလိုက်စမ်းပါ”
ထိုစကားကို ကြားသည်နှင့် ၊ ထူဟုန် အမတဧကရာဇ်မင်းသည် အစပိုင်းတွင် တုန်လှုပ်သွားခဲ့သော်လည်း ၊ နောက်ဆုံးမှာတော့ အမျက်ဒေါသ ဖြစ်ပေါ်လာခဲ့သည်။
ရူးလွန်းတယ် !
ဒီမိသားစုဝင်တွေ အတော်လေးကို ရူးသွပ်လွန်းတယ်!
သူတို့သည် အမတနယ်မြေ၏ တားမြစ် အင်အားစုသာ ဖြစ်သည်။ သို့သော် ၎င်းတို့သည် အဘယ်ကြောင့် ဤမျှ မာနထောင်လွှားနေရသနည်း။
တားမြစ် ကုန်းပြင်မြင့်သည်လည်း ရှည်လျားသောသမိုင်းကြောင်းမှ ဆင်းသက်လာသော်လည်း၊
တားမြစ် စူးမိသားစု၏ သက်တမ်းနှင့် ယှဉ်လျှင် မပြောပလောက်ပေ။ သူတို့သည် အမတစိုးစံရာခေတ်ကို မကြုံဖူးကြသဖြင့်၊ စူးမိသားစု၏ သမိုင်းကြောင်းနဲ့ပတ်သက်၍ အတိအကျ မသိပေ။
အကယ်၍ အမတစိုးစံရာခေတ်ကို ကြုံဖူးခဲ့မည်ဆိုတောင် ၊ တားမြစ် ကုန်းပြင်မြင့်သည် ၎င်းတို့၏ အင်အားအကုန်လုံးကို စိုက်ထုတ်ရင်တောင် အဆင့်သတ်မှတ်ချက်တွင် ကောင်းကင်ဂူ ၇၂ ခုမြောက်အဆင့်ကိုသာ ရနိုင်ပေလိမ့်မည်။
အဓိကအင်အားစု ၁၂ဖွဲ့တွင် ပါဝင်သော တားမြစ် စူးမိသားစုနှင့် နှိုင်းယှဉ်ပါက၊ ကွာခြားချက်သည် မိုးနဲ့မြေဟု ဆိုရမည် ။
ထို့အပြင် ၊ အမတစိုးစံရာခေတ်ဦးပိုင်းတွင်
ထိုအဓိကအင်အားစုများသည်ပင် တားမြစ်စူးမိသားစုကို ဒေဝလောက၏ မကောင်းဆိုးဝါးမိသားစု ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် တားမြစ်စူးမိသားစု၏ ကြောက်မက်ဖွယ်ရာ အင်အားကို မှန်းဆကြည့်နိုင်သည်။
သို့သော်၊ အမျက်ထွက်နေသော တားမြစ်ကုန်းပြင်မြင့်အဖို့ ၊ ၎င်းတို့အားလုံးသည် ယခုအခါတွင် ဆင်ခြင်တုံတရား လုံးဝပျောက်ဆုံးနေပြီ ဖြစ်သည်။
ဒိီလူတွေက သူတို့ကိုသတ်ဖို့ ကြံစည်နေကြတာလေ!
ဒါဆိုလည်း အကုန်တူတူ သေကြတာပေါ့!!
ထူဟုန် အမတဧကရာဇ်မင်းသည် ဒူးထောက်ကာ မိုးကောင်းကင်ဘက်သို့ လက်အုပ်ချီလျက် အော်ဟစ်လိုက်သည်။
“တားမြစ်ကုန်းပြင်မြင့်ရဲ့ ဟေးရွှီထျန်း ၊ ရှေးဘိုးဘေးတို့ကို ဂါရဝပြုပါတယ်!”
“ကျွန်တော်တို့ တားမြစ်ကုန်းပြင်မြင့်က လက်ရှိမှာ အရေးကိစ္စကို ကြုံတွေ့နေရပါတယ် ၊ ဘိုးဘေးတို့ ထွက်ပေါ်ကာ ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်!”
ထိုအသံသည် အဆုံးမဲ့ အချိန်နှင့် အာကာသကို ဖြတ်ကျော်၍ အမတနယ်မြေထက် သာလွန်သော အထက်လောကအထိ ရောက်ရှိသွားလေသည်။
တစ်ချိန်တည်းမှာပင် ။
အမတနယ်မြေ၏ အထက်လောက။
မဟာလမ်းစဉ်၏ အာကာသထဲတွင် တုနှိုင်းမယှဉ်နိုင်သော စွမ်းအားတစ်ခုသည် ဤလောကနှင့် ရစ်ပတ်လျက် ရှိနေသည်။
ဤသည်မှာ သာမန်အားစွမ်းအားမျိုး မဟုတ်ပေ ။၎င်းတွင် အလုံးစုံသော မဟာလမ်းစဉ် နှင့်အချိန်နှင့်အာကာသ သန်းပေါင်းများစွာပါဝင်သည်။
အတွေးတစ်ခုတည်းဖြင့် ၊အနန္တစကြဝဠာတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။
မြူမှုန်များနှင့် ရှေးဟောင်းစွမ်းအင်တို့ ရောယှက်ကာ ဖုံးလွှမ်းနေသော ရှေးပလ္လင်တစ်ခုပေါ်တွင် အေးချမ်းစွာ ထိုင်နေသည့် တာအိုဆရာတော်တစ်ဦး ရှိသည်။
အမတနယ်မြေမှ လာသောအသံကို ကြားလိုက်ရချိန်တွင် ၊ ထိုဆရာတော်၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့သည်။
သူ၏ ဘေးပတ်ပတ်လည်တွင် မဟာလမ်းစဉ်၏ အရိပ်အယောင်များ ကဲ့သို့သော သူများလည်း ထိုင်နေကြသည်။
သူတို့ တစ်ကြိမ်အသက်ရှူလိုက်တိုင်း ၊
ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး လှိုင်းထသွားသည်။
“တားမြစ်ကုန်းပြင်မြင့်မှာ တစ်ခုခုဖြစ်နေပြီ!”
အံ့သြမှုနှင့်ပဟေဠိအသံများ ပဲ့တင်ထပ်သွားသည်။
“ ဘယ်သူလဲ၊ ငါ့ရဲ့ တားမြစ်ကုန်းပြင်မြင့်ကို ဘယ်ကောင်ကများ တိုက်ခိုက်ရဲတာလဲ”
“ ငါ့ရဲ့ တားမြစ်ကုန်းပြင်မြင့်က အမတနယ်မြေတစ်ခုလုံးမှာ အင်အားနည်းတဲ့အထဲ မပါဘူး၊ ဒီလိုအခြေအနေမျိုးရောက်အောင် ဘယ်အင်အားစုကများ တွန်းအားပေးခဲ့တာလဲ?”
“ထပ်ပြောနေစရာ မလိုဘူး၊ ငါ့ရဲ့ တားမြစ်ကုန်းပြင်မြင့်ကို ပြစ်မှားဝံ့တဲ့သူတိုင်းကို ဘယ်လောက်ပဲ ဝေးနေပါစေ သေချာပေါက် ပြစ်ဒဏ်ပေးမယ်”
“စိတ်ဝိညာဉ်ကို စေလွှတ်မယ်!”
တားမြစ်ကုန်းပြင်မြင့်၏ ရှေးဘိုးဘေးများစွာတို့သည် ၎င်းတို့၏ မှော်အစွမ်းများဖြင့် အချိန်-အာကာသလမ်းကြောင်းကို ဖွင့်လှစ်ရန် ပြင်ဆင်နေကြစဉ် ၊
ဝီ!!
ရုတ်တရက်။
အေးစက်သော နှာမှုတ်သံနှင့်အတူ ၊ တားမြစ်ကုန်းပြင်မြင့်၏ ရှေးဘိုးဘေးများရှေ့တွင် ထိတ်လန့်စရာကောင်းသော ပုဂ္ဂိုလ်များ ပေါ်ထွက်လာခဲ့သည်။
ခေါင်းဆောင်ဖြစ်သူက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
“ခဲ!”
တခဏအတွင်း ၊ သန်းပေါင်းများစွာသော နတ်အလင်းများ ရောယှက်နေသည့် နိယာမ မုန်တိုင်းတစ်ခု ရိုက်ခတ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ စွမ်းအင်များသည် ရောင်စုံအလင်းများဖြင့် ပြည့်နှက်နေသော အမိန့်တော်တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ၊ နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီးကြား ရှေးကျပြီး ကြီးမားသည့် “ရပ်” ဟူသော အက္ခရာတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤကြီးမားသော ရှေးဟောင်းအက္ခရာတွင် အချိန်နှင့်အာကာသ၏ အဆုံးမရှိသောစွမ်းအားများ ပါ၀င်နေပုံရပြီး ၊ ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် ဤနေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော နိယာမတစ်ခု၏ ခိုင်မာစွာ ပိတ်ဆို့ခြင်းကိုခံလိုက်ရသည်။
ဤနေရာတစ်ခုလုံးသည် ကမ္ဘာမှ ခွဲထုတ်ခံရပြီး ရပ်တန့်နေသော နေရာထဲသို့ ကျရောက်သွားခဲ့သည်။
“ဒါက...!?”
တားမြစ်ကုန်းပြင်မြင့်ရှိ ရှေးဘိုးဘေးများ၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဤစွမ်းအားကို သူတို့သည် မူလရင်းမြစ်လောကတွင် အကြိမ်ကြိမ် ကြားဖူးထားသည်။
ကမ္ဘာလုံးဆိုင်ရာ အချိန်နှင့်အာကာသ စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ၊ အတွေးတစ်ခုတည်းဖြင့် အချိန်နှင့်အာကာသ လမ်းကြောင်းကို ရပ်တန့်နိုင်သူ။
တားမြစ် စူးမိသားစု၏ ရှေးဘိုးဘေး ၊ မူလရင်းမြစ်လောက၏ အထွတ်အထိပ်ရောက် စွမ်းအားရှင် ၊ မရေမတွက်နိုင်သော စွမ်းအားရှင်များက ၎င်းအား အချိန်နှင့်အာကာသ၏ ဘိုးဘေး ဟု တင့်စားခေါ်ဝေါ်ကြသည့် စူးထျန်းမင် ဖြစ်သည်။
တစ်ချိန်က သူသည် အမတနယ်မြေ၏ ထာဝရဒဏ္ဍာရီလာ “ ထျန်းမင် အမတဧကရာဇ်မင်း” အဖြစ် ဂုဏ်တင်ခြင်းခံခဲ့ရသည်။
“စူးထျန်းမင် ၊ မင်းဘာလုပ်တာလဲ”
တားမြစ်ကုန်းပြင်မြင့်၏ ဦးဆောင်သူ ရှေးဘိုးဘေးဖြစ်သူက ဒေါသကိုချုပ်တည်းလျက် အေးစက်စွာ ပြောဆိုလိုက်သည်။
“ ငါတို့ တားမြစ်ကုန်းပြင်မြင့်က မင်းရဲ့ တားမြစ်စူးမိသားစုကို ဘယ်တုန်းကမှ မနှောင့်ယှက်ဖူးဘူး!”
အပိုင်း(၅၁၆): ငါ့စူးမိသားစုက သေဆိုသေပဲ ၊ ဘယ်သူမှ ရှင်သန်ခွင့်မရှိဘူး
တစ်ချိန်တည်းမှာပင်။
တားမြစ်ကုန်းပြင်မြင့်၏ ရှေးဘိုးဘေးများသည် အသက်ပင်မရှုဝံ့ဘဲ ရှေ့ဦးတည်ရာဘက်ကို စိုက်ကြည့်နေကြသည်။
ဤအခိုက်အတန့်တွင်၊ သူတို့ရှေ့က ကွက်လပ်သည် ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်ကို တွေ့လိုက်ရသည်။
မူလရင်းမြစ်လောကသည် အလွန်ကျယ်ပြန့်ပြီး အကွာအဝေးကို တွက်ချက်၍မရနိုင်ပေ။
စူးထျန်းမင် ဦးဆောင်သော တားမြစ် စူးမိသားစုမှ ဘိုးဘေးသုံးဦးသည် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
သူတို့ ပေါ်လာသည်နှင့်တပြိုင်နက် ၊
ထိတ်လန့်ဖွယ်ကောင်းသော မဟာလမ်းစဉ်မုန်တိုင်းများ စတင်လှုပ်ခတ်လာသည်။ အစပိုင်းတွင် လေပြင်းမုန်တိုင်းများကဲ့သို့ တိုတ်ခတ်လာသော်လည်း ၊ ထိုသူတို့နီးကပ်လာသည်နှင့်အမျှ တိုက်ခတ်မှုသည် ပို၍ပြင်းထန်လာသည်။
ထိုပုဂ္ဂိုလ်များသည် တားမြစ်ကုန်းပြင်မြင့်ရှိ ရှေးဘိုးဘေးခြောက်ဦး၏ ရှေ့သို့ လုံးဝရောက်ရှိလာချိန်တွင် ၊
ဝုန်း !!
ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လှိုင်းထသွားသည်။ ဤကြောက်မက်ဖွယ် စွမ်းအားအောက်တွင် အကန့်အသတ်မရှိသော စကြဝဠာကြီးပင် ကွဲအက်ပျက်စီးကာ အစအနများအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အတိုင်းပင်။
ဦးဆောင်သူ ထျန်းမင် အမတဧကရာဇ်မင်းသည် ရှည်လျားသော ဝတ်လုံဖြူကို ဝတ်ဆင်ထားပြီး၊ အချိန်နှင့်အာကာသ လမ်းကြောင်းအမှတ်အသားများပေါ်တွင် ခြေချကာ တားမြစ်ကုန်းပြင်မြင့်၏ ရှေးဘိုးဘေးခြောက်ဦးကို အပေါ်စီးကနေ ငုံ့ကြည့်နေသည်။
သူ၏ ဘေးပတ်ပတ်လည်တွင် သံသရာစက်ဝန်းနှင့်အချိန်ကာလ၏ ပန်းများ လှည့်ပတ်နေပြီး ၊ ပွင့်ချပ်တိုင်းသည် လောကကိုဖျက်ဆီးနိုင်သည့် ကြီးမားလှသော စွမ်းအားများဖြင့် ပြည့်နှက်နေပုံရသည်။
သူ၏ လှုပ်ရှားမှုတိုင်းသည် လောကကြီးကို ကြေမွစေနိုင်သည့် ကြိတ်ဆုံဘီးကြီး လည်ပတ်နေသကဲ့သို့ ခံစားရသည်။
သူ၏မျက်လုံးများသည် အကန့်အသတ်မဲ့စကြာဝဠာကို ချုပ်ကိုင်ကာ ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည့် ရောင်ဝါများကို ပိုင်ဆိုင်ထားသော်လည်း ၊ သာမန်လူသားတစ်ဦးကဲ့သို့ ရိုးရှင်းသည့် သူ၏ အသွင်အပြင်သည် အတော်လေး ထူးကဲလှသည်။
“နှောင့်ယှက်တော့ရော ဘာဖြစ်လဲ၊ မနှောင့်ယှက်တော့ရော ဘာဖြစ်လဲ”
“ ဒေဝလောကတစ်ခုလုံးမှာ အားကောင်းသူသာလျှင် အရှင်သခင် ၊ အားလုံးကို စည်းမျဉ်းချမှတ်ခွင့်ရှိတယ် “
စူးထျန်းမင်သည် တန်ခိုကြီးမားသော နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စွာ ဆိုလိုက်သည်။
“စူးမိသားစုက မင်းတို့ကို သုံးနာရီမှာ သေစေချင်ရင် ဘယ်သူမှ ငါးနာရီထိ အသက်မရှင်နိုင်ဘူး “
ထိုစကားဆုံးသည်နှင့်။
စူးထျန်းမင်သည် သူ့ဘယ်လက်ကို နောက်ကို ပစ်ထားပြီး ၊ ညာလက်ဖြင့်သာ တားမြစ်ကုန်းပြင်မြင့်၏ ရှေးဘိုးဘေးများကို ဖိနှိပ်လိုက်သည်။
ဘုန်း !
ထိုအချိန်တွင် အဆုံးမရှိသော အချိန်နှင့်အာကာသ၏ နိယာမစွမ်းအားများသည် သူ၏လက်ဖဝါးမှ တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။
သူ၏ လက်ဖဝါးတစ်ခုလုံးသည် ကြီးမားကျယ်ပြန့်သော စကြဝဠာကြီးအဖြစ် ပြောင်းလဲသွားပုံရသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးကြီး ကျရောက်လာသည်နှင့်တစ်ပြိုင်နက်၊ အချိန်နှင့်အာကာသ၏ စည်းမျဉ်းများအားလုံး ပြိုကျပျက်စီးသွားသည်။
ကြောက်စရာကောင်းအောင် အဖျက်ကြီးမားသော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် တားမြစ်ကုန်းပြင်မြင့်မှ ရှေးဘိုးဘေးတို့သည် အစပိုင်းတွင် အံ့အားသင့်သွားခဲ့သည် ။
နောက်ပိုင်းတွင် ပြင်းထန်သော အမျက်ဒေါသများ ဖြစ်ပေါ်လာခဲ့ပြီး အော်ဟစ်လိုက်သည် ။
“ စူးထျန်းမင် ! ယုတ်မာတဲ့ကောင်!”
သို့သော် ၊ စူးထျန်းမင်ကို ရင်ဆိုင်ရာတွင် သူတို့သည် အလျှော့မပေးဝံ့ပေ။ အလျှော့ပေးမိပါက ၊ တဖက်လူသည် မိမိတို့ကို အထင်မြင်သေးစွာဖြင့် ချေမှုန်းသွားပေတော့မည်။
သူတို့အားလုံးသည် မူလရင်းမြစ်ကမ္ဘာလောကထဲသို့ အတူတကွ ခြေချခဲ့ကြသော်လည်း ၊ သို့သော် စူးထျန်းမင်သည် ဝါရင့်စွမ်းအားရှင်တစ်ဦး ဖြစ်သည်။
၎င်း၏ကျင့်ကြံမှုသည် သူတို့ထက် အလွန်အမင်းသာလွန်ပြီး ၊ သူတို့အနေဖြင့် လွယ်လင့်တကူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဝုန်း !!
ကြောက်မက်ဖွယ်ကောင်းသော အဖျက်အလင်းတန်းများစွာသည် ရုတ်တရက် ဖြာထွက်လာပြီး၊ မူလက ဗလာနတ္ထိဖြစ်နေသော အာကာသထဲမှ အဆုံးမရှိသော စည်းမျဉ်းများ ပေါက်ကွဲထွက်လာသည်။
အမတဧကရာဇ်မင်းများထက် အဆပေါင်းများစွာ သန်မာသော ပုဂ္ဂိုလ်များသည် ဤနေရာတွင် တိုက်ခိုက်နေကြသည်။
ကြောက်မက်ဖွယ်ရာ မုန်တိုင်းကြီး၏ ရိုက်ခတ်မှုသည် မူလရင်းမြစ်ကမ္ဘာလောကရှိ မရေမတွက်နိုင်သော စွမ်းအားရှင်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“ အမ်.... ဒီအချိန်နဲ့အာကာသ စွမ်းအားက စူးထျန်းမင် မဟုတ်လား?”
“ ဒီလောက်နှစ်တွေကြာပြီးနောက်မှာ... စူးထျန်းမင်ရဲ့ အချိန်-အာကာသ လမ်းကြောင်းကို ထိန်းချုပ်နိုင်စွမ်းက ပိုပြီးတောင် အားကောင်းလာသလိုပဲ..”
“ထူးဆန်းတာက... စူးထျန်းမင်က ပုံမှန်အားဖြင့်တံခါးပိတ်ကျင့်ကြံနေတတ်တယ် မဟုတ်လား?ဘယ်လိုလုပ်ပြီး တားမြစ်ကုန်းပြင်မြင့်က အဲဒီလူတွေနဲ့ ရန်ဖြစ်နေတာတုန်း”
“အများကြီး တွေးနေစရာမလိုဘူး ၊ အမတနယ်မြေမှာ အပြောင်းအလဲဖြစ်တော့မယ် ၊ မျက်ကန်းတသိုက်က တားမြစ် စူးမိသားစုကို အနှောင့်အယှက်ပေးမိပုံပဲ “
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ မရေမတွက်နိုင်သော စွမ်းအားရှင်များသည် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
အမတစိုးစံရာခေတ်တွင် ၊ တားမြစ် စူးမိသားစုမှ စွမ်းအားရှင်များစွာသည် ဤမူလရင်းမြစ် ကမ္ဘာလောကသို့ တက်လှမ်းနိုင်ခဲ့ကြသည်။
မူလရင်းမြစ်ကမ္ဘာကို စတင်တွေ့ရှိသူများ ဖြစ်သည်နှင့်အလျောက် တားမြစ် စူး မိသားစုသည် မည်သူမျှ စိန်ခေါ်နိုင်သည့်အရာမဟုတ်ပေ။
သို့သော် သူတို့စိတ်ထဲတွင် မေးခွန်းတချို့ရှိနေသည်။
ယခုတွင် တားမြစ် စူး မိသားစု၏အင်အားသည် ပို၍ ကြီးသထက် ကြီးလာခဲ့သည်။
အခြားအဓိအင်အားစုများသည် အဘယ်ကြောင့် နှုတ်ဆိတ်နေကြသနည်း။
တားမြစ် စူးမိသားစု ကြီးစိုးတာကိုပဲ ထိုင်ကြည့်နေကြတော့မှာလား !?
……..
အခြားတစ်ဖက်တွင် ၊
တားမြစ်ကုန်းပြင်မြင့် ။
ဒူးထောက်တောင်းဆိုနေသော ထူဟုန် အမတ ဧကရာဇ်မင်းသည် တစ်နာရီ၏လေးပုံတစ်ပုံခန့် စောင့်ဆိုင်းခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။
“ဒီကိစ္စက ဘယ်လိုဖြစ်တာပါလိမ့်”
ထူဟုန် အမတ ဧကရာဇ်မင်းသည် အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
“ငါ ရှေးဘိုးဘေးတွေကို ကြိုဆိုတဲ့နေရာမှာ အမှားအယွင်းတစ်ခုခု လုပ်မိသွားလို့လား?”
ယုတ္တိကျကျပြောရရင် ၊ ရှေးဘိုးဘေးတွေ ဒီကိုဆင်းလာသင့်ပြီ မဟုတ်လား!?
ဘယ်လိုဖြစ်ပြီး အရိပ်တောင်မမြင်ရတာလဲ!?
ထူဟုန် အမတဧကရာဇ်မင်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို ကြည့်ရင်း၊ ကျင်းရှန်ဓားအမတရှင်၏ မျက်လုံးများသည် ပြက်ရယ်သဘောမျိုး ပေါ်လွင်နေသည်။
သူတို့အိမ်မှာရော အထက်လူမရှိဘဲ နေမလား?
တူဟုန်း အမတဧကရာဇ်မင်း ဖိတ်ခေါ်နေသော ၎င်းတို့၏ရှေးဘိုးဘေးများသည် မိမိတို့ တားမြစ်စူးမိသားစုဝင် ဘိုးဘေးများ၏ ချေမှုန်းခြင်းကို ခံနေရပုံပေါ်သည်။
သို့သော်၊ ထူဟုန် အမတဧကရာဇ်မင်းမှာ ယခုထိတိုင် မျှော်လင့်နေဆဲပင် ဖြစ်သည်။ သူသည် စိတ်ဝိညာဉ်ဖြင့် ထပ်မံဆက်သွယ်ရန်ဟန်ပြင်လိုက်စဉ် ၊
သို့သော် ၊ ကျင်းရှန်ဓားအမတရှင်သည် ရုတ်တရက် သူ့လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ရွှမ်း!!
စူးရှသော ဓားအလင်းသည် ဆက်တိုက်ကျရောက်လာခဲ့ပြီး၊ ပြင်းထန်သော ဓားစွမ်းအင်သည် ကောင်းကင်ယံ၌ တည်ရှိသောလပြည့်ဝန်းပမာ ထူဟုန် အမတဧကရာဇ်မင်း၏ ဦးခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။
ဘုန်း !!
မူလကတည်းက ထူဟုန်အမတ ဧကရာဇ်မင်းသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ဖြစ်သောကြောင့် ကျင်းရှန်ဓားအမတရှင်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ပြင်းထန်သော ဓားစွမ်းအင်၏ တိုက်ခိုက်မှုအောက်တွင် လူတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ဘုန်းခနဲ့ ပစ်လဲသွားသည်။
“သနားစရာပဲ”
ကျင်းရှန်ဓားအမတရှင်သည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း ။
“ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ၊ ဒါပေမယ့် မင်းက အသုံးမကျဘူး!”
“ စူးချင်!!”
လုံးဝ ရူးသွပ်သွားပြီဖြစ်သော ထူဟုန် အမတဧကရာဇ်မင်းသည် ဘာကိုမှဂရုမစိုက်တော့ဘဲ သူ့ကိုယ်ပိုင် အမတရင်းမြစ်ကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။
သူသည် ကျင်းရှန်ဓားအမတရှင်နှင့် သေသည်အထိတိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဤကြောက်မက်ဖွယ်ရာမြင်ကွင်းသည် နေရာတိုင်းတွင် ဖြစ်ပျက်နေသည်။
တားမြစ်ကုန်းပြင်မြင့်၏ လက်ကျန် ဓားအမတရှင်ဆယ်ဦးသည်လည်း အလားတူ ပြုမူခဲ့ကြသည်။
မိမိတို့၏ ရှေးဘိုးဘေးများသည် ဆင်းသက်မလာနိုင်ကြောင်းကို သိရှိသွားပြီးနောက် အားလုံးသည် ကိုယ်ပိုင်ရင်းမြစ်ကို မီးရှို့ဖျက်ဆီးကာ တားမြစ်အင်အားစု လေးဖွဲ့မှ အမတဧကရာဇ်မင်းများနှင့် အတူပျက်စီးရန် ကြိုးပမ်းခဲ့ကြသည်။
တားမြစ်ကုန်းပြင်မြင့်သည် ခေတ်ပြိုင် အမတနယ်မြေရှိ တားမြစ်အင်အားစု ကိုးဖွဲ့အနက်မှတစ်ဖွဲ့ဖြစ်ပြီး ၊ သူတို့၏ လက်အောက်ခံ နယ်မြေများမှာ အတိုင်းအဆမရှိ ကျယ်ပြန့်လှသည်။
ထို့အပြင် ၊တားမြစ်အင်အားစု လေးဖွဲ့မှ အမတတပ်ဖွဲ့များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆင်းသက်လာနေပြီး ၊ စစ်မက်ဖြစ်ပွားရာ ဧရိယာမှာ အလွန်ကျယ်ပြန့်လွန်းသဖြင့် အနီးအနားရှိ အခြားအမတနယ်မြေများကိုပါ သက်ရောက်မှုရှိလာခဲ့သည်။
၎င်းတို့နှင့်အနီးဆုံးဖြစ်သော ကောင်းကင်ဘုံမိစ္ဆာ အမတနယ်မြေသည်လည်း ထိခိုက်နစ်နာခဲ့ရသည်။
ကောင်းကင်ဘုံမိစ္ဆာ အမတနယ်မြေသည် တားမြစ်အင်အားစု ကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်ပြီး ၊ မကောင်းဆိုးဝါးအင်အားစု ဖြစ်သည်။
ရွှေကျီးကန်းမင်းဆက် နှင့် သုံဟွမ်မိစ္ဆာမဟာမိတ်တို့သည် တားမြစ်ကုန်းပြင်မြင့်၏ တိုက်ပွဲကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
ရွှေကျီးကန်းမင်းဆက်၏ တိ့ကျွင်း အမတဧကရာဇ်မင်းသည် တိုက်မြေ သုံးထောင်ရှိ ရှေးမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်သည်။
သူ၏ ရွှေဝါရောင်မျက်စံများက မိုင်ပေါင်းများစွာ ကွာဝေးသော အချိန်နှင့်အာကာသကို ဖြတ်သန်းကာ ကြည့်ရှုနေပုံရသည်။
“တားမြစ် စူးမိသားစု၊ ကွေးယွမ်အမတဂိုဏ်း၊ သံသရာစက်ဝန်း အမတမင်းဆက် ပြီးတော့ ယောင်ကွမ်အမတဂိုဏ်း ...ဒီကောင်တွေ ရူးသွားကြပြီလား”
“ဒီတားမြစ် ကုန်းပြင်မြင့်က ဘာများလုပ်မိလို့ သူတို့ရဲ့ပစ်မှတ် ဖြစ်ခဲ့ရတာလဲ”
တစ်ချိန်တည်းမှာပင်၊ တိ့ကျွင်း အမတဧကရာဇ်မင်းသည် တုန်လှုပ်သွားမိသည်။
ယခင်က တိုက်မြေသုံးထောင်တွင် သူတည်ထောင်ခဲ့သော ရှေးမကောင်းဆိုးဝါး တရားစီရင်ရေးအဖွဲ့သည် ဖျက်ဆီးခံခဲ့ရသည်။မူလက သူသည် ကွေးယွမ်အမတဂိုဏ်းကို ဖြေရှင်းချက်တောင်းခံလိုခဲ့သည်။
အကယ်၍ တားမြစ်ကုန်းပြင်မြင့်သာ ကွေးယွမ်အမတဂိုဏ်းကို မစော်ကားမိခဲ့ပါက ၊ အဓိကအင်အားစုကြီး လေးဖွဲ့၏ သတ်ဖြတ်မှုကို ခံရမည်မှာ ရွှေကျီးကန်းမင်းဆက် ဖြစ်သွားနိုင်သည်။
အဓိကအင်အားစုကြီး လေးဖွဲ့သည် တစ်ပြိုင်နက်တည်း တားမြစ်ကုန်းပြင်မြင့်ကို ထိုးစစ်ဆင်သည့်အပေါ်တွင် တချက်ကြည့်ရုံဖြင့် မည်သူမဆို တန်းသိနိုင်သည်။ ဤလေးဖွဲ့သည် တူညီသော ပန်းတိုင်တစ်ခုကို လျို့ဝှက်စွာ သဘောတူညီထားကြောင်း သိနိုင်ပေသည်။
အကယ်၍ သူတို့သည်လည်း ကွေးယွမ်အမတဂိုဏ်း၏ ဒေါသကို နှိုးဆွမိခဲ့ပါက၊ အလားတူ အဆုံးသတ်ကို ရင်ဆိုင်ရနိုင်သည်။
ထိုအချိန်တွင်၊ အာကာသသည် တဖန် လှိုင်းထသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာလမ်းစဉ်စွမ်းအားများ ပျံ့နှံ့လာသည်။
သုံဟွမ်မိစ္ဆာမဟာမိတ်၏ ခေါင်းဆောင်၊ သုံဟွမ် အမတ ဧကရာဇ်မင်းသည် စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်ကာ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
“ဒီကောင်တွေ ဘာတွေလျှို့ဝှက်ကြံစည်နေလဲ မသိဘူး ၊ ဒါက ငါတို့ မကောင်းဆိုးဝါးအင်အားစုအတွက် ကောင်းတဲ့အရာ မဟုတ်ဘူး”
သုံဟွမ် အမတဧကရာဇ်မင်းက ပြုံးရယ်ကာ ဆိုလိုက်သည်။
“ဒီအခွင့်အရေးကို အသုံးချပြီး အဓိကအင်အားစုတွေရဲ့ အောက်ခြေ ဘယ်လောက်နက်သလဲဆိုတာ စမ်းသပ်ကြည့်ကြမလား?”
ထိုစကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊
တိ့ကျွင်း အမတဧကရာဇ်မင်းသည် “အန္တရာယ်” ဟူသော စကားလုံးကြီးသည် သူ၏ခေါင်းပေါ်တွင် ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
ယခုအချိန်တွင် အဓိကအင်အားစုများသည် အပြင်းအထန် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
အကယ်၍ သူတို့နှစ်ဦးသည်လည်း ရေညစ်တုန်း ငါးဖမ်းရန်ကြံစည်မည်ဆိုပါက ၊ သူတို့သည်လည်း အတူတကွ ရိုက်နှက်ခံရမည်မှာ သေချာသည်။
“ သုံဟွမ်မိစ္ဆာမဟာမိတ်ကကောင် ဦးနှောက်ပျက်နေတာလား “
တိ့ကျွင်း အမတဧကရာဇ်မင်းသည် စိတ်ထဲတွင် ကြိမ်းမောင်းလိုက်သည်။
“နတ်ဘုရားနဲ့တူတဲ့ ရန်သူကို မကြောက်ရဘူး၊ ဝက်နဲ့တူတဲ့ မဟာမိတ်ကို ကြောက်နေရတယ်”
စိတ်ထဲတွင် အမျက်ထွက်နေသော်လည်း၊ တိ့ကျွင်း အမတဧကရာဇ်မင်းသည် ကူကယ်ရာမဲ့စွာ ပြုံးရယ်ပြလိုက်သည်။
ထို့နောက် ဆက်ပြောလိုက်သည်။
“ သမိုင်းကြောင်း ရှေးဟောင်းမှတ်တမ်းအရဆို ဘေးဒုက္ခကြီး မကျရောက်မီ၊ အဓိကအင်အားစု ဆယ့်နှစ်ဖွဲ့ နောက်တစ်ကြိမ် ပေါ်ထွန်းလာလိမ့်မယ်”
“ အမတစိုးစံရာခေတ်တုန်းက ငါတို့ မကောင်းဆိုးဝါး မျိုးနွယ်စုမှာလည်း အဓိကအင်အားစုနှစ်ဖွဲ့ ရှိခဲ့ဖူးတယ် ၊ သူတို့သာ ဒီနေ့ထိ အသက်ရှင်နေသေးရင် “
“တားမြစ် စူးမိသားစုနဲ့ ကွေးယွမ်အမတဂိုဏ်းကဟာတွေကို ဗိုလ်ကျခွင့်ပေးမှာ မဟုတ်ဘူး”
အပိုင်း(၅၁၇): ထျန်းချီနိုင်ငံတော် ၊ အမတနယ်မြေရဲ့ အထက်ကမ္ဘာကို မတတ်လှမ်းချင်သေးသော ထျန်းရှီဘုရင်မ
အမတနယ်မြေထဲက လျှို့ဝှက်ကမ္ဘာတွင်။
တောက်ပစွာဖြင့် ရှိနေသော မရေမတွက်နိုင်သော မှော်သင်္ကေတများသည် နိယာမအတားအဆီးတစ်ခုအဖြစ် ရောယှက်နေသည်။
၎င်းတို့ထဲတွင် အလွန်ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုသည် မြင့်မားစွာဖြင့် တည်ရှိနေသည်။
ပုလဲနှင့်ကျောက်မျက်ရတနာတို့ဖြင့် ဆင်ယင်ထားသော စံအိမ်တော်များ ၊ ကျောက်စိမ်းနန်းတော်များ ၊ထောင်နှင့်ချီသော မျှော်စင်အဆောက်အဦးများသည် ၎င်းတို့၏ လွှမ်းမိုးနိုင်မှုကို ပြသနေသည်။
မဟာလမ်းစဉ်၏ အလင်းတန်းများသည် သောင်းချီသော အလင်းနဂါးများပမာ ရစ်ပတ်ကစားနေကြသကဲ့သို့ပင်။
နိယာမတရားများသည် လျှပ်စီးမိုးကြိုးများကဲ့သို့ ကျယ်လောင်စွာ ဟောက်သံပြုနေပြီး၊ တောက်လောင်နေသော ရောင်ခြည်အလင်းတန်းများကို မျက်စိနှင့် တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။
ဤအမတနယ်မြေ၏လျှို့ဝှက်ကမ္ဘာတွင် ယခုလို ခမ်းနားထည်ဝါသော ထာဝရနိုင်ငံ တစ်နိုင်ငံ ရှိနေလိမ့်မည်ဟု ဘယ်သူကမှ မမျှော်လင့်ထားတာလည်း ဖြစ်နိုင်သည်။
ထျန်းချီနိုင်ငံတော် ၊ အမတစိုးစံရာခေတ်တွင် အဓိကအင်အားစု ၁၂ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။
မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း၊ သူတို့သည် ဤကမ္ဘာနှင့် တစ်သားတည်း ကြာရှည်စွာ အိပ်စက်ခဲ့ကြပြီး မျိုးဆက်သစ်များ တိုးပွားလာခဲ့သည်။
ယနေ့ခေတ် ထျန်းချီနိုင်ငံတော်ကို ဒသမယောက်မြောက် မျိုးဆက် ထျန်းချီဘုရင်က အုပ်ချုပ်သည်။
ထျန်းချီဘုရင်သည် ထျန်းချီနိုင်ငံတော်တွင် အသန်မာဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ဟု တင်စားခေါ်ဝေါ်ကြပြီး ၊ ထျန်းချီနိုင်ငံသားများ၏ အသိအမှတ်ပြုခံထားရသော ဘုရင်တစ်ပါးလည်းဖြစ်သည်။
ခေတ်အဆက်ဆက် ဘုရင်များနှင့် ပတ်သတ်၍ ၎င်းတို့အားလုံးသည် အမတနယ်မြေ၏ အထက်လောကကို တက်လှမ်းခဲ့ကြပြီး ဒဏ္ဍာရီများကို ဖန်တီးခဲ့သည်။
သို့သော်၊ ကမ္ဘာက မသိသေးသည့်အရာမှာ ဒုတိယမြောက်မျိုးဆက် ဘုရင်ဖြစ်သူ၏ အကြောင်း ဖြစ်သည်။
၎င်းသည် ထျန်းချီနိုင်ငံတော်၏ တစ်ဦးတည်းသော ဒဏ္ဍာရီလာနတ်ဘုရားမ ဘုရင်မတစ်ပါး ဖြစ်ပြီး ထျန်းချီနိုင်ငံ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင် ဖြစ်သည်။
အမတနယ်မြေ၏ အထက်လောကသို့ မတတ်ဘဲ ငြင်းဆိုနေရသည့်အကြောင်းရင်းမှာ သူမ၏ မှတ်ဥာဏ်ထဲက ချစ်ရသူတစ်ဦးကြောင့် ဖြစ်ပြီး၊ သူမသည် မိမိရရှိထားသော မဟာလမ်းစဉ်၏ သစ်သီးကိုပင် မရေမတွက်နိုင်သော ပွင့်ချပ်များအဖြစ် အပိုင်းပိုင်း ဖြတ်တောက်ကာ စွန့်လွှတ်ခဲ့သည်။
အတိတ်ကာလက ချစ်ရသူ၏ အရိပ်ကို ပြန်ရှာဖွေရန် သက်တမ်းကို နောက်ပြန်လှည့်ကာ အချိန်မြစ်အတိုင်း ခရီးနှင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ။
ခမ်းနားထည်ဝါသော ရွှေနန်းတော်အတွင်း။
ဒသမမြောက်မျိုးဆက် ထျန်းချီဘုရင် ဖြစ်သည့် ပိုင်ယင် အမတဧကရာဇ်မင်းသည် အားလုံး၏အထက်တွင် ထိုင်နေသည်။
စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် အောက်ခြေတပ်သားများ၏ သတင်းပေးပို့မှုကို နားထောင်နေသည်။
“ လျှောက်တင်ပါတယ် ၊ ဒါကတော့ မကြာသေးမီကမှ အမတနယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်”
“ငါသိပြီ မင်းတို့ အခုထွက်သွားလို့ရပြီ”
ပိုင်ယင် အမတဧကရာဇ်မင်းသည် သူ့လက်ကိုဝှေ့ယမ်းပြလိုက်သည်နှင့် အောက်က အစောင့်များနှင့် အကြီးအကဲတို့သည် တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။
ခန်းမလွတ်သည်အထိ စောင့်ဆိုင်းပြီးနောက်၊
ပိုင်ယင် အမတဧကရာဇ်မင်း၏ မျက်နှာသည် စိုးရိမ်သောကများဖြင့် ပြည့်နှက်နေပြီး ၊ သူသည် ညည်းညူလိုက်သည်။
“တားမြစ် စူး မိသားစု၊ ကွေးယွမ်အမတဂိုဏ်းစတဲ့ အင်အားစုလေးဖွဲ့က အတူတူလက်တွဲပြီး တားမြစ်ကုန်းပြင်မြင့်ကို ဖျက်ဆီးနေတယ်တဲ့လား ....”
ပိုင်ယင်အမတဧကရာဇ်မင်းက ရှိုက်ကြီးတငင် ပြုံးလိုက်ရင်း ။
“ဒီမိသားစုကကောင်တွေ နှစ်ကာလတွေ အများကြီး ကုန်ဆုံးသွားပြီးနောက်မှာတောင် ဒီလောက်ထိ ကြောက်စရာကောင်းဦိးမယ်လို့ မထင်ထားဘူး...”
“ ဒါနဲ့ သူတို့က ကွေးယွမ်အမတဂိုဏ်းနဲ့ ဘယ်လိုလုပ်ပြီး တဖက်တည်းရှိနေတာတုန်း....”
“ပြီးတော့ နောက်ထပ် တားမြစ်အင်အားစု နှစ်ဖွဲ့လည်း ရှိသေးတယ်...”
ပိုင်ယင်အမတဧကရာဇ်မင်း၏ မျက်လုံးထဲတွင် အချိန်နှင့်အာကာသ အပိုင်းအစများ အဆုံးမရှိ ပျံလွင့်နေသည်။
“ တားမြစ် စူးမိသားစု... မင်းတို့ကောင်တွေ ဘာကြံနေတာလဲ”
ပိုင်ယင်အမတဧကရာဇ်မင်း တစ်ယောက် အတွေးများနေစဉ် ၊
နတ်အသိစိတ်တစ်ခုသည် သူ့စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
ရှေးဟောင်းမှော်သင်္ကေတများဖြင့် ဖန်တီးထားသည့် တိုတိုတုတ်တုတ် စကားလုံးများသည် အေးစက်သော အမျိုးသမီးအသံနှင့် တွဲလျက် ထွက်ပေါ်လာသည်။
“ နတ်ရေကန်ကို လာခဲ့ “
ပိုင်ယင်အမတဧကရာဇ်မင်းသည် အံ့အားသင့်သွားသည်။
“ ထျန်းရှီးဘုရင်မက ဘာကိစ္စရှိလို့ ငါ့ကိုရှာတာလဲမသိဘူး “
ထျန်းရှီဘုရင်မသည် ၎င်းတို့၏ ထျန်းချီနိုင်ငံတော်၏ ဒုတိယမျိုးဆက်ဘုရင်မဖြစ်ပြီး၊ ၎င်းတို့၏သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားရသော ဒဏ္ဍာရီလာဘုရင်မတစ်ပါးလည်း ဖြစ်သည်။
ထိုအချိန်က ထျန်းချီနိုင်ငံတော် အသစ်စတည်ခါစဖြစ်၍ လူစွမ်းကောင်းများစွာ လိုအပ်နေခဲ့သည်။ထို့ကြောင့် ကမ္ဘာအရပ်ရပ်မှ ပါရမီရှင်များကို ရှာဖွေစုဆောင်းခဲ့ကြသည်။
ထျန်းရှီဘုရင်မသည်လည်း နိုင်ငံတော်စတင်တည်ထောင်စဉ်က သတ်ဖြတ်ခံရသော မိသားစုတစ်ခုမှ ကယ်တင်ခံခဲ့ရသူ ဖြစ်သည်။
ထျန်းချီနိုင်ငံတော်၏ သမိုင်းမှတ်တမ်းများ အရ:
[ ထျန်းရှီဘုရင်မသည် ဟောင်းနွမ်းပျက်စီးနေသော ရှေးကြယ်စုနယ်မြေတစ်ခု၏ မုမိသားစုမှ မွေးဖွားလာသူဖြစ်သည်]
[ ထိုစဉ်က ထျန်းရှီဘုရင်မသည် သားရဲအုပ်စု၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ မိသားစုဝင် လူလေးထောင်နီးပါး သေကြေပျက်စီးခဲ့ရသည်။ ထျန်းရှီဘုရင်မ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်]
[ ထိုအချိန်က ပထမမျိုးဆက်ဘုရင်သည် ထိုကြယ်စုနယ်မြေသို့ လှည့်လည်ရောက်ရှိလာခဲ့ပြီး၊ သွေးများအလိပ်လိပ်ဖြင့် နှင်းတောထဲတွင် ဒူးထောက်ငိုကြွေးနေသော ထျန်းရှီဘုရင်မကို တွေ့ရှိခဲ့သည်]
[ သူမ၏ ပါရမီကို စစ်ဆေးကြည့်ရှုပြီးနောက်၊ ဘုရင်သည် သူမ၏ ကံကြမ္မာကို သနားကြင်နာကာ တပည့်အဖြစ် လက်ခံခဲ့သည်]
[ နောက်ပိုင်းတွင် ထျန်းရှီဘုရင်မသည် အောင်မြင်မှုများစွာရရှိခဲ့ပြီး၊ သူမ၏ ပါရမီသည် အမတစိုးစံရာ ခေတ်ကာလတစ်လျှောက်လုံးတွင် အတောက်ပဆုံးသော ထာဝရပါရမီရှင် တစ်ဦး ဖြစ်လာခဲ့သည် ]
[ အဆုံးမဲ့ကပ်ဘေးတွင် အမတ ဧကရာဇ်မင်းကိုးဦးနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင်၊ သူမသည် အနည်းငယ်ဒဏ်ရာရရှိခဲ့သော်လည်း အမတဧကရာဇ်မင်း ကိုးဦးစလုံးကို သုတ်သင်နှိမ်နင်းနိုင်ခဲ့သည် ]
[ လူအများက သူမအား ‘ အမျိုးသမီးတို့၏ အဓိပတိ ၊ လူသားတို့၏ ဘုရင်မ ၊ ကံကြမ္မာ၏ ရွေးချယ်ခြင်းခံရသူ၊ လောကကို စိုးမိုးနိုင်သူ’ ဟူ၍ ချီးကျူးဂုဏ်ပြုခဲ့ကြသည်]
ပိုင်ယင်အမတဧကရာဇ်မင်းသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း။
“လူတိုင်း သိထားကြတာက ဒီလိုမျိုး တောက်ပခဲ့တဲ့ သူမရဲ့ ဘဝကြီးကိုပဲ “
ထျန်းရှီဘုရင်မကဲ့သို့ သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပုဂ္ဂိုလ်တစ်ဦးတွင် ခေတ်ကာလအဆက်ဆက် ဖြေရှင်းမရသေးသည့် နှလုံးသားထဲက ကြိုးထုံးတစ်ခု ရှိနေခဲ့သည်။
ဘုရင်မျိုးဆက်တစ်လျှောက် သိထားကြသည်မှာ ထျန်းရှီဘုရင်မ၏ စိတ်ထဲတွင် ယခုထိတိုင် မလွှတ်ချနိုင်သေးသည့် သူမ၏အစ်ကိုသာပင်။
သေဆုံးသွားခဲ့ပြီဖြစ်သော အစ်ကိုဖြစ်သူအတွက်၊
ထျန်းရှီဘုရင်မသည် မိမိ၏ ကျင့်ကြံမှုကိုပင် စွန့်လွှတ်ခဲ့ပြီး ၊ သူမ၏ စိတ်ဝိညာဉ်ကို စကြဝဠာအနှံ့ ဖြန့်ကျက်ကာ ကံတရား၏ အကျိုးဆက်များကို ခံစားရင်း အချိန်ကာလကြာမြင့်စွာ ကျင်လည်ခဲ့သည်။ သူမသည် အမတနယ်မြေ၏ အထက်လောကသို့ တတ်လှမ်းရန် စိတ်မဝင်စားခဲ့ပေ။
ပိုင်ယင်အမတဧကရာဇ်မင်းသည် သက်ပြင်းချလိုက်ရင်း ၊ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အချိန်နှင့်အာကာသ လမ်းကြောင်းတစ်ခုကို တိုက်ရိုက်ဖွင့်လှစ်ခဲ့သည်။
“သူတစ်ပါးရဲ့ မျက်ရည်ထဲက ဝေဒနာကို မခံစားဖူးရင် ၊ သူတစ်ပါးရဲ့ ဒုက္ခထဲက ပူဆွေးမှုကို နားလည်နိုင်မည် မဟုတ် ..”
“ဒီခေတ်မှာလည်း ထျန်းရှီဘုရင်မအဖို့ သူမရဲ့ နှလုံးသားအထုံးကို ဖြေရှင်းနိုင်လိမ့်မလား..”
……..
တစ်ချိန်တည်းမှာပင်။
ထျန်းချီနိုင်ငံတော်၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ၊
မှိန်းဝါးနေသော အလင်းတန်းများ ကျရောက်နေပြီး၊ လရောင်ခြည်သည် မြစ်ရေပမာ လှိုင်းထနေသည်။
မဟာလမ်းစဉ်၏ နိယာမစည်းမျဉ်းများဖြင့် စုစည်းဖွဲ့တည်ထားသော ပလ္လင်တစ်ခုသည် အမတစွမ်းအင်သမုဒ္ဒရာအထဲတွင် မျောလွင့်လျက်ရှိသည်။
ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်တစ်ခုသည် ပလ္လင်ပေါ်တွင် ထိုင်နေသည် ။
သေချာအနီးကပ်ကြည့်မည်ဆိုပါက ၊
ချောမောသွယ်လျသော အသွင်အပြင်ကြောင့် ထိုသူသည် ရင်သပ်ရှုမောဖွယ်ရာ အလှကိုပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မြင်တွေ့ရပေမည်။
ရွှေရောင် ဖီးနစ်သဏ္ဍာန် ရက်လုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ နှင်းများကဲ့သို့ ဖြူဖွေးလှပသော ဆံနွယ်ရှည်များသည် ခါးအထိ ကျဆင်းနေသည်။
နှုတ်ခမ်းနှင့်နှာတံတို့သည် သဘာဝတရားကြီး၏ အလှဆုံးလက်ရာကို ထုဆစ်ထားသကဲ့သို့ပင် ။ တစ်ခုချင်းစီတိုင်းက သူမ၏ စွဲမက်ဖွယ်ရာ အလှတရားကို ဖော်ပြနေသည်။
သို့သော်၊ ဤမျှလှပသော မျက်နှာလေး ဖြစ်သော်လည်း ၊ သူမ၏ တစ်ကိုယ်လုံးသည် လူကို အတိုင်းမသိ ကြီးမားသော ဖိအားတစ်ခုကို ခံစားရစေသည်။ နေရာတွင် ထိုင်နေရုံမျှဖြင့်၊ သူမသည် လူတိုင်း၏အထက်က အမြင့်မြတ်ဆုံးသော ဘုရင်မကြီးတစ်ပါးကဲ့သို့ပင်။
ဝီ!!
ထိုအချိန် ၊
တောက်ပသော အချိန်နှင့်အာကာသဆိုင်ရာ မုခ်ပေါက်တစ်ခု ရုတ်တရက် ပွင့်လာသည်။
ပိုင်ယင်အမတဧကရာဇ်မင်း၏ အရိပ်သည် အထဲကနေ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။သူသည် ထိုအမျိုးသမီးကို မြင်သည်နှင့် ဦးညွှတ်ကာ ဆိုလိုက်သည်။
“ ပိုင်ယင် ၊ ထျန်းရှီဘုရင်မကြီးကို ဂါရဝပြုပါတယ်”
ထိုအချိန်တွင် ထျန်းရှီဘုရင်မသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
ရေခဲတစ်မျှ အေးမြသော မျက်ဝန်းများသည် တောက်ပသော စကြဝဠာကြီးကဲ့သို့ပင် လှပလွန်းသည်။
စမ်းရေပမာ ငြိမ့်ညောင်း သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ငါခံစားမိတယ်.. အပြင်မှာ အင်အားစု လေးဖွဲ့ရဲ့ လှုပ်ရှားမှုက သူနှင့် ဆက်စပ်နေပုံရတယ်..”
ထိုစကားကို ကြားလိုက်ရသည်နှင့်၊ ပိုင်ယင်အမတဧကရာဇ်မင်းသည် မျက်နှာအရောင်ပြောင်းသွားသည်။
တားမြစ်အင်အားစု လေးဖွဲ့သည် ထျန်းရှီဘုရင်မ၏ မှတ်ညဏ်ထဲက အစ်ကိုဖြစ်သူနှင့် မည်သို့ ဆက်စပ်နေသနည်း။
ထျန်းရှီဘုရင်မ၏ အစ်ကိုသည် အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်သနည်း။
“ ထျန်းရှီဘုရင်မကြီး...ကျွန်တော်တို့ ထျန်းချီနိုင်ငံတော်ရဲ့ အင်အားက အားမနည်းဘူးဆိုပေမဲ့လည်း...”
ပိုင်ယင်အမတဧကရာဇ်မင်း၏ အမူအရာသည် အခက်တွေ့နေပုံရသည်။
“ ဒီကိစ္စအတွက် တားမြစ် စူးမိသားစုနဲ့ ကွေးယွမ်အမတဂိုဏ်းကို တိုက်ရိုက်ရင်ဆိုင်ရမယ်ဆိုရင်....”
“ကျွန်တော်တို့ရဲ့ ထျန်းချီနိုင်ငံတော်က ဘယ်လောက်ပဲ အင်အားကြီးနေပါစေ.. ဒီအင်အားစုကြီး အဖွဲ့နှစ်ဖွဲ့ကို ရင်ဆိုင်ရမယ်ဆိုရင်... သွားအသေခံတာနဲ့တူတူပဲ “
အခြားအင်အားစုကြီး အချို့နှင့် ပူးပေါင်းမည်ဆိုပါက အလားအလာရှိနိုင်သေးသည်။
သေချာပေါက် သူတို့သည် ၎င်းတို့နှစ်ဖွဲ့ကို မရင်ဆိုင်ရဲတာ မဟုတ်။
ထို့အပြင် ၊ ထျန်းရှီဘုရင်မသည် သူတို့ ထျန်းချီနိုင်ငံတော်၏ ဒုတိယမြောက် ဘုရင်မလည်း ဖြစ်သည်။
ဘယ်လိုပင်ကြည့်ကြည့် ၊ထျန်းချီနိုင်ငံတော်သည် ထျန်းရှီဘုရင်မအတွက် အခိုင်မာဆုံး ကျောထောက်နောက်ခံ ဖြစ်နေဦးမည်ပင် ။
သို့သော်၊ ထျန်းရှီဘုရင်မက ငြင်းဆိုလိုက်သည်။
“မဟုတ်ဘူး... ငါတို့ ထျန်းချီနိုင်ငံတော်က သူတို့ကို ဘယ်တော့မှ ရန်သူလုပ်မှာမဟုတ်ဘူး”
ထျန်းရှီဘုရင်မသည် နူးညံ့သောလေသံဖြင့် ဆက်ပြောလာသည်။
“ဒီဘဝမှာ သူက အဲဒီမိသားစုဝင်ဖြစ်နေပြီ ဆိုမှတော့... ငါ စိတ်ချရပါပြီ...”
“ ငါ့ ဆန္ဒက... ထျန်းချီနိုင်ငံတော်ကလူတွေကို တိုက်မြေ သုံးထောင်ကို စေလွှတ်ပြီး ၊ ငါ အမတနယ်မြေရဲ့ အထက်လောကကို မတတ်ခင် သူ့ကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ချင်ရုံပဲ..”
ထိုစကားကို ကြားလိုက်ရသော ပိုင်ယင်အမတဧကရာဇ်မင်းသည် မျက်စိကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
“ထျန်းရှီဘုရင်မကြီး... နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပြီလား...”
ထျန်းရှီဘုရင်မသည် အမတနယ်မြေတွင် နှစ်ကာလကြာရှည်စွာ ရှိနေခဲ့သူဖြစ်သည်။
သူမသည် အမတနယ်မြေ၏ ရွှေရောင်ခေတ်ကိုလည်း မျက်မြင်တွေ့ကြုံခဲ့ရသလို ၊
အဆုံးမဲ့ကပ်ဘေးကိုလည်း ရင်ဆိုင်ကျော်လွှားခဲ့ပြီး ၊
ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးကိုလည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။
သူမသည် အရင်ကတည်းက အမတနယ်မြေ၏ အထက်လောကကို တက်ရောက်နိုင်သော်လည်း၊
သူမ၏မှတ်ဉာဏ်ထဲက အစ်ကိုဖြစ်သူကြောင့် ယခုအချိန်အထိ ရွှေ့ဆိုင်းထားခဲ့သည်။
ယခုတွင် ၊ ထျန်းရှီဘုရင်မသည် အထက်လောကကို တတ်လှမ်းရန် ဆုံးဖြတ်ခဲ့ချေပြီ။
ဤသည်မှာ သူတို့ ထျန်းချီနိုင်ငံတော်တစ်ခုလုံးအတွက် အလွန်အရေးကြီးသော အခိုက်အတန့်ဟု ဆိုရပေမည်။
“ ထျန်းရှီဘုရင်မကြီး စိတ်ချပါ!”
ပိုင်ယင်အမတဧကရာဇ်မင်းသည် ခိုင်မာသော လေသံဖြင့် ဆိုလိုက်သည်။
“ကျွန်တော်တို့ ထျန်းချီတစ်နိုင်ငံလုံးရဲ့ အင်အားကိုပင် စွန့်လွှတ်ကာ ဘုရင်မကြီးရဲ့ ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်!”