← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 38 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 38 Ch. 523-524

အပိုင်း(၅၂၃): ရန်သူ၏ ဦးခေါင်းကို ရယူမည်

ထိုကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုအောက်တွင် ၊

ထိုအနှီလူသည် ချက်ချင်းလန့်ဖျပ်သွားကာ သူ၏စိတ်ဝိညာဉ်သည်ပင် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

ခန္ဓာကိုယ်သည် တုံ့ပြန်မှုရှိသော်လည်း ၊ လက်နက်ကိုင်တိုက်ခိုက်ရန် လုံးဝအသင့်မဖြစ်သေးချေ။

စူးချန်ကဲ၏ လက်သီးသည် သူ့ထံသို့ မကျရောက်လာမီ ၊ ထိုလက်သီးမှ ထွက်ပေါ်လာသော လေအားသည် စကြဝဠာအတွင်းရှိမုန်တိုင်းကြီးသဖွယ် ကြောက်စရာကောင်းနေခဲ့သည်။

“ မကောင်းတော့ဘူး ... ဝတ်ရုံဖြူက စတင်တိုက်ခိုက်နေပြီ!”

ဇီဝတားမြစ်နယ်မြေရှိ အဓိပတိမင်းအချို့သည် အသိကပ်ကာ အော်ဟစ်လိုက်ကြသည်။

“ သူ့ကိုတား! ဟေးဝူ အဓိပတိမင်းကို ဘာမှမဖြစ်စေနဲ့!”

ဟေးဝူ အဓိပတိမင်းသည် သူတို့ဇီဝတားမြစ်နယ်မြေတွင် အလွန်အားကောင်းသူမဟုတ်သော်လည်း ၊ မည်သို့ပင်ဖြစ်စေ သူသည် ဧကရာဇ်တစ်ဦးဖြစ်သည်။

စူးချန်ကဲကို ဤသို့တိုက်ရိုက်ထိုးနှက်ခွင့်ပြုကာ တပ်ဖွဲ့သုံးဖွဲ့၏အလယ်တွင် ရှိနေသောသူ၏ ဦးခေါင်းကို ရယူခွင့်ပေးလိုက်ပါက ၊ ဤမျှများပြားလှသော ဇီဝတားမြစ်နယ်မြေရှိ စွမ်းအားရှင်များသည် လူရွှင်တော်များ ဖြစ်သွားပေတော့မည်။

နောက်အခိုက်အတန့်တွင် ၊

ဇီဝတားမြစ်နယ်မြေမှ အဓိပတိမင်း အယောက်နှစ်ဆယ်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး လက်သင်္ကေတများဖြင့် စည်းတံဆိပ်တစ်ခုကို ဖန်တီးခဲ့သည်။

၎င်းတို့ကို ဗဟိုပြုလျက် အာကာသသည် ပြင်းထန်စွာ လှုပ်ခါလာပြီး ဟောက်သံများ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ရပ် ကျဆင်းလာပြီး ကောင်းကင်ယံ၌ တိမ်တိုက်များနှင့် လေပြင်းများသည် ကြမ်းတမ်းစွာ ရိုက်ခတ်လေသည်။

ဇီဝတားမြစ်နယ်မြေရှိ မရေမတွက်နိုင်သော စစ်သည်တော်များကိုပင် ထိခိုက်စေခဲ့ပြီး ၊ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်အချို့များပင်လျှင် ထိုဖိအားကို မခံနိုင်ဘဲ မြေပြင်ပေါ်သို့ ဝပ်တွားရသည်။

“ချန်ကဲမှာ အသက်အန္တရာယ်ရှိနေပြီ!”

ရွှမ်ယွီဧကရီသည် သူမ၏ ဧကရာဇ်အလိုဆန္ဒကို နှိုးထစေကာ စူးချန်ကဲအား ကူညီပေးရန် လုပ်ဆောင်လိုက်သည်။

သို့သော် တိ့ကျန့် မဟာဧကရာဇ်မင်းက သူမကို တားဆီးခဲ့သည် ။

“ချန်ကဲကို ယုံကြည်လိုက် ၊ သူကိုယ်တိုင် လုပ်ဆောင်ပြီဆိုမှတော့ သေချာပေါက် အောင်မြင်လိမ့်မယ်”

“ချန်ကဲက အခုဆို ‘သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ထျန်းတိ့’ အဖြစ် သတ်မှတ်ခံထားရပြီးပြီ ၊ ဒီတာဝန်က သူ့အတွက်ပဲ!”

“ ချန်ကဲက ငါတို့ရဲ့စိတ်ဓာတ်ကို ပြန်လည်တည်ဆောက်လိမ့်မယ် ၊ ချန်ကဲနဲ့ လွှဲထားလိုက်ပါ “

ထိုအခါမှသာလျှင် ရွှမ်ယွီဧကရီသည် စိတ်သက်သာစွာဖြင့် နောက်ဆုတ်လိုက်သည်။

ဝီ!!

ထိုအခိုက်အတန့်တွင် ၊ ဇီဝတားမြစ်နယ်မြေမှ အဓိပတိမင်း အယောက်နှစ်ဆယ်တို့သည် မည်းနက်နေသော သုံးချောင်းထောက်အိုးကြီး တစ်လုံးကို ပူးပေါင်းဖန်တီးခဲ့သည်။

၎င်း၏ ကြောက်ခမန်းလိလိ စွမ်းအားသည် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။

၎င်း၏အပေါ်တွင် နိယာမတရားများကို ဖျက်စီးပစ်နိုင်စွမ်းရှိသော အဖျက်စွမ်းအား အလင်းတန်းများ သက်ဝင်စီးဆင်းနေသည်။

“ငါတို့ အစွမ်းကုန် ပူးပေါင်းတိုက်ခိုက်ပြီး သူ့ကို သတ်ပစ်ကြမယ်!”

ရှေးဟောင်းဧကရာဇ်တစ်ဦးနီးပါး အဆင့်ရှိသော အဓိပတိမင်းတစ်ဦးက အော်ဟစ်လိုက်သည်။

သူတို့သည် ယခင်က တိုက်မြေပြင်ပ စစ်မြေပြင်၏ မြင်ကွင်းကို စောင့်ကြည့်ခဲ့ဖူးသည်။

စူးချန်ကဲသည် သူတစ်ယောက်တည်း ခွန်အားဖြင့် တိုက်မြေပြင်ပ နယ်မြေ၏ မူလဘိုးဘေးဆယ်ဦးကို ရင်ဆိုင်ခဲ့သည်။

၎င်းတို့သည် လွတ်မြောက်သူအဆင့်ထက် သာလွန်သောဖြစ်တည်မှုများပင် ဖြစ်သည်။ သို့သော် အဆုံးတွင် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့်၊ သူတို့သည် ၎င်းတို့ကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် အသက်စွန့်မည်မဟုတ်။

တစ်ယောက်တည်း ခွန်အားဖြင့် လုံလောက်မည်မဟုတ်သောကြောင့် သူတို့၏ခွန်အားများကို ပေါင်းစပ်၍ ရှေးဟောင်း ပူးပေါင်းတိုက်ခိုက်မှု နည်းဗျူဟာဖြင့် စူးချန်ကဲကို အပြီးသတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့အသက်ကို ခြိမ်းခြောက်ချင်တာလား!?

ဒါဆိုလည်း ဒီသကောင့်သားစူးချန်ကဲမှာ ဒီလိုအရည်အချင်း ရှိမရှိ စောင့်ကြည့်ရမှာပေါ့!

ဘုန်း !!

မည်းနက်သော သုံးချောင်းထောက်အိုးကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာချိန်တွင် အရာအားလုံးကို အနန္တဗလာအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသော အဖျက်အလင်းတန်းများ ထိုးဖောက်ထွက်လာသည်။

ထိုသုံးချောင်းထောက်အိုးကြီး၏ အောက်တွင် ၊စူးချန်ကဲ၏ ဆံနွယ်များသည် လေထဲတွင် ပြန့်ကျဲနေကာ ၊ သူ၏ ဖြူစင်သော ဝတ်ရုံများက လေထဲတွင် လွင့်ပျံနေသည်။သူ၏ မျက်လုံးများထဲတွင် အေးစက်သော လျစ်လျူရှုမှုသာ ရှိသည်။

“ သုံးစက္ကန့် ၊ ဖျက်!”

စူးချန်ကဲသည် တီးတိုးရွတ်ဆိုလိုက်သည်နှင့်၊ ဧကရာဇ်အလိုဆန္ဒဆိုင်ရာ မှော်သင်္ကေတတို့သည် သူ၏ အရေပြားပေါ်တွင် ဖြည်းဖြည်းချင်း စုဝေးလာသည်။

လျှို့ဝှက်ဆန်းကြယ်သော တာအို၏ နက်နဲသော အမှတ်အသားများကို ဖော်ပြနေသကဲ့သို့ စူးချန်ကဲ၏ခန္ဓာကိုယ်ကို အကာအရံတစ်ခုအဖြစ် ဖုံးအုပ်ထားသည်။

“ ကောင်စုတ်လေး၊ မင်းဟာမင်း အောင်မြင်မှုအချို့ရထားရုံနဲ့ ငါတို့ကို ယှဉ်နိုင်မယ်ထင်တာလား!?”

“ငါတို့ ကျင့်ကြံအားထုတ်နေတဲ့အချိန်မှာ လူ့လောကတောင် မရောက်သေးတဲ့ကောင်ကများ ငါ့ရှေ့မှာ ရိုင်းစိုင်းနေတာလား!?”

ဇီဝတားမြစ်နယ်မြေ၏ အဓိပတိမင်း အယောက်နှစ်ဆယ်စလုံး၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ တိုက်မြေ သုံးထောင်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို ဤနေရာတွင် သတ်ပစ်နိုင်ခဲ့ပါက၊ သမိုင်းတွင် မှတ်တမ်းတင်နိုင်ပေတော့မည်။

နောက်အခိုက်တန့်တွင် ၊

မှော်စွမ်းအားများဖြင့် ဤနေရာကို စောင့်ကြည့်နေကြသော တိုက်မြေသုံးထောင်ရှိ လူတိုင်း၏ အကြည့်များအောက်တွင် ၊

ကွက်လပ်အထက်တွင် ကြီးမားသော အနက်ရောင် ကြေးရုပ်တုကြီး တစ်ခု ထိုင်နေသည်ကို မြင်လိုက်ရသည်။

၎င်း၏အောက်တွင် ပြိုးပျက်စွာ တောက်ပနေသော အဖြူရောင်ရုပ်သွင်တစ်ခုရှိပြီး ၊ ၎င်းအရာ၏ရှေ့မှောက်တွင် သူသည် အလွန်သေးငယ်ပုံပေါက်သည်။

ဝုန်း ! !

တခဏအတွင်းမှာပင် ၊ တုန်လှုပ်ချောက်ချားစရာ ကောင်းသော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

နှစ်ဖက်စလုံး၏ ထိုးနှက်မှုသည် ထိပ်တိုက်ဆုံတွေ့ကြသည်နှင့် မူလက အလွန်တရာမျှ သေးငယ်သော အလင်းငယ်သည် ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေလောက်အောင် အနီရောင်တောက်တောက် အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာသည် ။

ဘုန်း !ဘုန်း !ဘုန်း !

သွေးအန်သံ!

နိယာမတရားများ အက်ကွဲသံနှင့်အတူ၊ အသွေးအသားများ ကြေမွသွားသည့် အသံသည် တစ်ချိန်တည်းနီးပါး ထွက်ပေါ်လာသည်။

အဆိုပါ ကြောက်စရာကောင်းသော စွမ်းအားသည် အနက်ရောင် သုံးချောင်းထောက်အိုးကြီးကို ဖျက်စီးပစ်သည့် တစ်ချိန်တည်းမှာပင် ၊

အဖြူရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကိုဖြတ်၍ ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ သုံးတပ်ကြားရှိ ဟေးဝူအဓိပတိမင်းထံသို့ ချက်ခြင်း ပြေးဝင်သွားသည်။

အဖြူရောင်အလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ၊

ဇီဝတားမြစ်ဇုန်၏ မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များသည် ဤကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြောင့် အဝေးသို့ လွင့်စင်ကာ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။

နောက်ဆုံးတွင် ကောင်းကင်မှ ကျလာသော ပဲစေ့လုံးများကဲ့သို့ မြေပြင်ပေါ်သို့ ပြန့်ကျဲစွာလဲကျကုန်သည်။

လူးလိမ့်ရိုက်ခတ်နေသော အခိုးအငွေ့များ တဖြည်းဖြည်း ကွယ်ပျောက်သွားသည့်တိုင် ၊

မိုးကောင်းကင် အထက်တွင် မျှောလွင့်နေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကိုသာ မြင်ရပေတော့သည်။

သူ၏ဘယ်ဘက်လက်ကို ကျောနောက်တွင် အေးအေးလူလူ ပစ်ထားပြီး ၊

ညာဘက်လက်က ခေါင်းတစ်လုံးကို ကိုင်ထားသည်။

ထိုဦးခေါင်း၏ စူးစူးရဲရဲအကြည့်များထဲတွင် သံသယများ၊ ရှုပ်ထွေးမှုများ၊ မယုံကြည်နိုင်ဖွယ်ရာ အကြည့်များ ရှိနေခဲ့သည်။

ဇီဝတားမြစ်နယ်မြေ၏ ခေတ်ဟောင်း အဓိပတိမင်းအဖြစ် ၊ ၎င်း၏ခွန်အားသည် ရှေးဟောင်းဧကရာဇ်မင်းများနှင့်ပင် ယှဉ်နိုင်သည်။

ထို့အပြင် သူသည် တပ်ဖွဲ့သုံးဖွဲ့၏ အလယ်ဗဟိုတွင် ရှိနေခဲ့သည်။ သို့သော် ၊စက္ကန့်ပိုင်းအတွင်း အသက်ပျောက်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲသည် သူ့လက်ဖဝါးထဲ စွမ်းအားများကို ထပ်မံအားထည့်လိုက်ရာ ကြောက်ခမန်းလိလိ နတ်အလင်းများ ထွက်ပေါ်လာခဲ့သည်။

ဝုန်း ! !

စူးချန်ကဲ၏ ကြောက်ခမန်းလိလိ စွမ်းအားကြောင့် ဦးခေါင်းပြတ်သည် တစ်စစီ ကြေမွသွားခဲ့သည်။

ထို့နောက်တွင် ၊ သွေးမှုန်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။

“အစကတော့ မင်းရဲ့ ဦးခေါင်းကို ဝိုင်ပုလင်းအဖြစ် အသုံးပြုမလို့ပဲ”

စူးချန်ကဲက အေးစက်စွာ ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့သွေးက တိုက်မြေ သုံးထောင်က မဟာဧကရာဇ်မင်းတွေရဲ့ဝိညာဉ်တွေကို ယဇ်ပူဇော်ဖို့တောင် မထိုက်တန်ဘူး”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

ဤအေးစက်သောအသံသည် ဟိုးအဝေးထိ ပဲ့တင်ထပ်သွားသည်။

မိုးကောင်းကင်ထက်က ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ကြည့်ရင်း၊ လူတိုင်းအတွက် ဤမြင်ကွင်းသည် အိပ်မက်တစ်ခုမက်နေသလိုပင်။

စူးချန်ကဲသည် တပ်ဖွဲ့သုံးဖွဲ့ကြားက ရန်သူ၏ခေါင်းကို ရယူပြနိုင်ခဲ့သည်။

….

အပိုင်း(၅၂၄): ဇီဝတားမြစ်နယ်မြေကို တုန်လှုပ်စေခဲ့သော အမှန်တရား

တစ်ချိန်တည်းမှာပင်။

ယခင်က အတူတကွ လက်တွဲတိုက်ခိုက်ခဲ့ကြသော ဇီဝတားမြစ်နယ်မြေ၏ အဓိပတိမင်း အယောက်နှစ်ဆယ်သည် ယခုတွင်မူ မြေပြင်ပေါ်သို့ လဲကျနေသည်။ ၎င်းတို့၏ အသက်ရှုသံများသည် အနည်းငယ် အားနည်းနေပြီး မယုံကြည်နိုင်သော အမူအရာများဖြင့် ရှိနေကြသည်။

သူတို့သည် ၎င်းတို့၏ မူလရင်းမြစ်စွမ်းအားကို အသုံးပြုကာ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း ၊ တဖက်လူ၏ ထိုးနှက်မှုကို နည်းနည်းလေးမှ ခံနိုင်ရည်မရှိခဲ့ပေ။

စူးချန်ကဲ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် မူလက ဝမ်းနည်းကြေကွဲစွာဖြင့် ရှိနေခဲ့သော တိုက်မြေ သုံးထောင်မှ လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။

“ ဒါမှ ချန်ကဲထျန်းတိ့ကွ ! ငါ့ရဲ့ တိုက်မြေ သုံးထောင်က မဟာဧကရာဇ်မင်း ၆၇ဦးရဲ့ အရှက်ကို သူက သေချာပေါက် လက်စားချေပြလိမ့်မယ်!”

( T/N - ချန်ကဲထျန်းတိ့ : ထျန်းတိ့(ဘွဲ့အမည်- ကောင်းကင်ဘုံဘုရင် / တစ်လောကလုံး၏ ဧကရာဇ် )

“တပ်သုံးတပ်အလယ်က ရန်သူ့ဦးခေါင်းကို ရယူပြနိုင်ခဲ့တာ ၊ ချန်ကဲထျန်းတိ့ က ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲ!”

“ ချန်ကဲ ထျန်းတိ့ ရှိနေမှတော့ ငါတို့ ဒီတားမြစ်နယ်မြေကို ဖျက်ဆီးပစ်ကြမယ်!”

မရေမတွက်နိုင်သော လူများသည် သွေးများပွက်ပွက်ဆူလျက် အော်ဟစ်လေသည်။ ယခင်က သူတို့၏နှလုံးသားထဲတွင် စုဝေးနေခဲ့သော ဝမ်းနည်းမှုများသည် လွင့်စင်သွားခဲ့ချေပြီ။

‘ချန်ကဲ ထျန်းတိ့’ ဟူသော စကားလုံးလေးလုံးသည် ကောင်းကင်တခွင် ဖြန့်ကျက်ကာ နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

“ ထျန်းတိ့..”

တပ်ဖွဲ့ထဲတွင် ၊

ဝူကျီအောက်ထျန်းသည် ဟိုးဝေဟင်ထက်က ဝတ်ရုံဖြူကို မော့ကြည့်လိုက်သည်။

ယခု သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် နဝမအဆင့်တွင်သာ ရှိသေးပြီး ၊ စူးချန်ကဲနှင့် မည်မျှကွာဝေးမှန်း မသိနိုင်တော့ချေ ။

စူးချန်ကဲကို စတွေ့ကတည်းက ၊ စူးချန်ကဲသည် ကောင်းကင်တွင် ထာဝရပွင့်လန်းနေသော နေမင်းကဲ့သို့ ထွန်းလင်းတောက်ပကာ သက်ရှိသတ္တဝါအားလုံး၏ လေးစားမှုကိုခံရသည်။

ဝူကျီအောက်ထျန်းနှင့် လော့ဟယ်ဓားဂိုဏ်း၏ ဓားကျင့်ကြံသူများသည်လည်း ဤအခိုက်အတန့်တွင်၊ ၎င်းတို့၏နှလုံးသားထဲက လေးစားမှုသည် ပို၍ပြင်းထန်လာခဲ့သည်။

အကယ်၍ မိမိတို့သည်လည်း တစ်လောကလုံး၏ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့မည်ဆိုပါက ၊ ဘဝကြီးမှာ ကွဲခြားသွားပေလိမ့်မလော။

သို့သော် ဝူကျီအောက်ထျန်းသည် ဤလှပသော စိတ်ကူးယဉ်မှုမှ ပထမဆုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဖြန်း! !

ချက်ချင်းဆိုသလို ၊ သူ့ကိုယ်သူ ပါးရိုက်လိုက်သည်။

ဝူကျီအောက်ထျန်းတစ်ယောက် သက်ပြင်းချလိုက်ရင်း ညည်းညူလိုက်သည်။

“ အန္တရာယ်များလိုက်တာ ၊ တော်သေးတယ် ငါ မြန်မြန်ဆန်ဆန် လွတ်မြောက်နိုင်ခဲ့လို့သာပေါ့!”

“စူးချန်ကဲကြောင့် ငါ့ရဲ့ တာအိုစိတ်နှလုံးသားလေးတောင် တုန်လှုပ်လုနီးပါးဖြစ်သွားတယ်!”

သူက ဘယ်လိုလူစားတုန်း?

ကုံလမ်းစဉ်ရဲ့ ဘုရင်ဖြစ်လာဖို့ စိတ်ကူးယဉ်နေတဲ့သူလေ!

လူတိုင်းအာရုံစိုက်နေတဲ့ ထာဝရထျန်းတိ့ (ခေတ်အဆက်အဆက် ပြောင်းလဲမသွားမည့် တစ်လောကလုံး၏ဧကရာဇ်မင်း) လုပ်စရာလား!?

ထာဝရထျန်းတိ့ဟူသည် အရပ်လေးမျက်နှာလုံးကို စစ်ခင်းကာ ၊

ဒေဝလောကတစ်ခုလုံးကို နှိပ်ကွပ်ထားနိုင်ရမည်။

ကမ္ဘာတွင် အတုမရှိ ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်ရမည့်အပြင် ၊

ဤကမ္ဘာပေါ်ရှိ ရန်သူအားလုံးကို သတ်ပစ်နိုင်ရမည်။

ဘဝတစ်သက်လုံး ရုန်းကန်နေရမှာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ!?

လဲလျောင်းကာ ဘဝကိုပျော်မွေ့မည့် သူ၏ခံယူချက်နှင့် မကိုက်ညီချေ။

တစ်ဖန်၊ ဝူကျီအောက်ထျန်း၏အဓိက ဒဿနမှာ- အသက်ရှင် ကျန်ရစ်မှသာလျှင် သင်သည် အသက်ရှင်ကျန်ရစ်သူများကြားတွင် ဘုရင်ဖြစ်လာနိုင်သည်။

နောက်ဆုံးအချိန်ထိ ကောင်းကောင်းရှင်သန်ကာ ဤလူများထက် ခံနိုင်ရည်ရှိနေသရွေ့ သူသည် ဤကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသူတစ်ဦး ဖြစ်လာပေမည်။

“အိုင်း... ဒီကောင်စူးချန်ကဲ က အရမ်းအန္တရာယ်များတာပဲ!”

“ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့ရဲ့ ကုံလမ်းစဉ်နှလုံးသားကိုတောင် ထိခိုက်အောင်လုပ်နိုင်တယ်... ကြည့်ရတာ ဒီတိုက်ပွဲမှာ ပိုပြီးတည်ငြိမ်နေရမယ်”

ဝူကျီအောက်ထျန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူသည် လူအများ၏အကြည့်ကို ဂရုမစိုက်ဘဲ လော့ဟယ်ဓားဂိုဏ်း၏ဓားသမားအများအပြားကို နောက်သို့ ဆုတ်ခွာရန် ဦးဆောင်ခဲ့သည်။

……..

ထိုအချိန်တွင် ၊

ဝေဟင်ထက်တွင် ရှိနေသော စူးချန်ကဲသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည် ။ သူသည် မဟာဧကရာဇ်မင်းများ၏ ဦးခေါင်း ၆၇လုံးကို ပြန်လည်ယူဆောင်ရန် ကြံစည်ခဲ့သည်။

သူ၏ ခြေလှမ်းများ တရွေ့ရွေ့ လျှောက်လှမ်းလာသည်နှင့်အမျှ ဧကရာဇ်တန်ခိုးစွမ်းအားများသည် တစ်လောကလုံးကို လွှမ်းခြုံသွားသည်။

ဤကြောက်ခမမ်းလိလိ ဖိနှိပ်စွမ်းအားအောက်တွင် ၊

ဇီဝတားမြစ်နယ်မြေရှိ တပ်ဖွဲ့ဝင်များသည် အသံတိတ်နေပြီး မသိစိတ်ကနေ လမ်းကြောင်းအသီးသီး ဆုတ်ခွာနေသည်။

ဤပုဂ္ဂိုလ်သည် စစ်မှန်သော လူသတ်နတ်ဘုရား တစ်ပါးပင် ဖြစ်သည်။ အဓိပတိမင်း အယောက်နှစ်ဆယ်လုံးသည်ပင် သူ၏ ပြိုင်ဘက်များ မဟုတ်ခဲ့ပေ။

သူတို့သာဆို ပုဇွန်ဆိတ်သေးသေးလေးတွေ ဖြစ်နေမယ် မဟုတ်လား!?

“နောက်တစ်လှမ်းဆုတ်ဝံ့ရင် ၊ သေမယ်!”

ထိုအချိန်တွင် အေးစက်စက် အော်ဟစ်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

ဝီ!!

မိုးကုတ်စက်ဝိုင်းမှ စူးရှတောက်ပသော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

အနက်ရောင် ကြယ်တစ်စင်း ကြွေကျလာသကဲ့သို့ အလွန်အမင်း တောက်ပနေသည်။

ကျီးကန်းများ၏ စူးဝါးသော အော်ဟစ်သံနှင့်အတူ ၊

မရေမတွက်နိုင်သော နီမြန်းသော မျက်လုံးများဖြင့် ကျီးကန်းများသည် အတောင်ပံခတ်ကာ မိုးကုတ်စက်ဝိုင်းမှ ထွက်လာကြသည်။

နက်ရှိုင်းသော အာကာသထဲမှ ကျ‌ဆင်းလာသော အနက်ရောင် အမွေးအတောင်များသည် မြင်ကွင်းကို ထူးထူးဆန်းဆန်း ဖြစ်စေသည်။

ဟူး!!

တစ်ချိန်တည်းမှာပင် ၊ ပို၍ကြောက်စရာကောင်းသော အမှောင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

တဟုန်းဟုန်းတောက်နေသော မှော်နက်သင်္ကေတများသည် ကြီးမားသော အနက်ရောင် စစ်တံခွန်နှင်တူပြီး ၊ ကမ္ဘာကြီးတစ်ခုလုံးသည် ထာဝရညတစ်ခုအဖြစ်သို့ ကျရောက်သွားသကဲ့သို့ ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်သွားသည်။

ထို့နောက် အမှောင်မိုးကုတ်စက်ဝိုင်းမှ သွေးနီရောင် လခြောက်စင်းသည် တဖြည်းဖြည်း မြင့်တက်လာသည်။

တောက်ပသော သွေးနီရောင် နတ်ဆိုးမျက်လုံးကဲ့သို့ပင် ၊ အထဲ၌ ထိတ်လန့်ဖွယ်ကောင်းသော သွေးနီကြောမျှင်များ ရှိနေသည်။

ကောင်းကင်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသော အနက်ရောင်ကြယ်ပွင့်များကဲ့သို့ အလွန်ကြောက်စရာကောင်းသော အသွင်သဏ္ဍာန်များ ပေါ်ထွက်လာခဲ့သည်။

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင် သုံးဆယ့်ခြောက်ဦး ဆင်းသက်လာခဲ့ချေပြီ။

“ဒါက ဇီဝတားမြစ်နယ်မြေ ခြောက်ခုရဲ့ သခင် ခြောက်ဦးနဲ့ မသေမျိုးဘုရင်တွေပဲ!”

ဤမြင်ကွင်းသည် ဇီဝတားမြစ်နယ်မြေအတွင်းရှိ လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့သည်။

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးနှင့် မသေမျိုးဘုရင်များ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဝုန်း ——!!

ရုတ်​တရက်​ ကျယ်​​လောင်​​သော ဆူညံသံနှင့်အတူ ၊

အမှောင်လက်တစ်စုံသည် သွေးလရောင်မှ ဆန့်ထွက်လာသကဲ့သို့ မည်းမှောင်နေသော ကောင်းကင်ကို ဖြိုခွဲလိုက်သည်။

ဇီဝတားမြစ်နယ်မြေ၏ သခင်ခြောက်ဦးဆိုသည့်အတိုင်း ၊

သူတို့၏ခန္ဓာကိုယ်များသည် အလွန်ကြီးမားပြီး၊ လက်ချောင်းတစ်ချောင်းက တောင်ကဲ့သို့ကြီးမားသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ၎င်းတို့၏ လက်ချောင်းထိပ်များတွင် နိယာမတရားအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အဆုံးမဲ့အမှောင်စွမ်းအင်များ စုဝေးနေခြင်း ဖြစ်သည်။

အက်ကွဲကြောင်းများမှ မရေမတွက်နိုင်သော အင်အားကြီးတပ်များသည် စနစ်တကျ ချီတက်လာကြသည်။

၎င်းတို့အားလုံးသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ၊ အနက်ရောင် မှော်လက်နက်များကို ကိုင်ဆောင်ထားသည် ။ ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် ထူးထူးခြားခြား အေးစက်နေပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သွေးများစွန်းထင်းနေသော စစ်သင်္ဘောများအပြင် ဟိန်းဟောက်နေသော သားရဲကောင်များ ထွက်လာကြသည်။

နီမြန်းသော တိုက်ပွဲအလံများသည် လေထဲတွင် လွင့်ပျံလျက် ၊ သွေးနီရောင် စာလုံးကြီးလေးလုံးကို ရေးထွင်းထားသည် - ဇီဝတားမြစ်နယ်မြေ။

“ဘယ်လိုဖြစ်ပြီး အမှောင်ထုရဲ့ ထူးဆန်းတဲ့ အငွေ့အသက်ရှိနေရတာလဲ...”

စူးချန်ကဲနှင့် မဟာ ဧကရာဇ်များစွာတို့သည် ဤမြင်ကွင်းကို မြင်သည်နှင့် အနည်းငယ်မျက်မှောင်ကြုတ်သွားကြသည်။

ဇီဝတားမြစ်နယ်မြေ၏ ပေါ်ထွက်လာချိန်ကို အတည်အကျမသိရသည့်အပြင် ၊ ထို့အပြင် ဇီဝတားမြစ်နယ်မြေသည် အမှောင်ထုနှင့် ဆက်စပ်နေမည်ဟု သူတို့အားလုံး အမြဲလိုလို ခံစားမိသည်။

အက်ကွဲသံ၊ အက်ကွဲသံ !

အာကာသဟင်းလင်းပြင်၏ အက်ကွဲသံများနှင့်အတူ ၊

ထိုဧရာမ လက်ကြီးများသည် အက်ကွဲကြောင်းများကို စုတ်ဖြဲကာ ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ခန္ဓာကိုယ်အရွယ်အစားသည် ကောင်းကင်နှင့် နေကိုပင် ဖုံးအုပ်ထားနိုင်ပြီး ကြယ်စုပမာ ကြီးမားလွန်းသည်။

ဇီဝတားမြစ်နယ်မြေမှ သခင်ခြောက်ဦးသည် စူးချန်ကဲအား ဘာမှမထူးခြားသော ဒီဇိုင်းဖြင့် အပေါ်စီးကနေကြည့်နေသည်။

၎င်းတို့နှစ်ယောက်စလုံးသည် တစ်ဖက်တစ်ချက် ရပ်နေသော်လည်း ၊ စူးချန်ကဲ၏ အသွင်သဏ္ဍာန်သည် ‌အတော်လေး သေးငယ်နေပုံပေါက်သည်။

“ဟာဟား... လူငယ်သူရဲကောင်း ထွက်ပေါ်လာတယ်ဆိုတာ တကယ်ပဲကိုး “

“ဒီခေတ် တိုက်မြေသုံးထောင်မှာ ဒီလောက်ထိ ငယ်ရွယ်တဲ့ ထျန်းတိ့တစ်ပါး မွေးဖွားလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဇီဝတားမြစ်နယ်မြေ၏ သခင်တစ်ဦးက ဆိုလေသည်။

“ ထျန်းတိ့တောင် ကမ္ဘာကို ရောက်လာပြီ၊ ငါတို့အချင်းချင်း ထိပ်တိုက်မဆုံရအောင်လား “

“ ဒီလိုလုပ်ရအောင် ၊ ငါတို့တွေ ခြေတစ်လှမ်း နောက်ဆုတ်ပြီး လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူကြမယ်လေ”

သူတို့သည် တားမြစ်ကုန်းပြင်မြင့်ထံမှ သတင်းပြန်ကြားမှုကို မရရှိသေးသလို ၊ တားမြစ်ကုန်းပြင်မြင့်၏ သဘောထားကိုလည်း သူတို့ မသိချေ။

အကယ်၍ သူတို့သည် ကွေးယွမ်သူတော်စင် နယ်မြေနှင့် လုံးလုံးလျားလျား ပဋိပက္ခဖြစ်ပြီးကာမှ တားမြစ်ကုန်းပြင်မြင့်သည် သူတို့ကို မကူညီပါက မည်သို့လုပ်သင့်သနည်း ။

ထို့ကြောင့် အချိန်ဆွဲခြင်းသည် သူတို့အတွက် ပို၍ အကျိုးရှိနိုင်သည်။

တားမြစ်ကုန်းပြင်မြင့်၏ ထောက်ပံ့မှုကို ရရှိပြီးနောက်မှ တိုက်မည်ဆိုတောင် အချိန်မနှောင်းသေးပေ။

ဇီဝတားမြစ်နယ်မြေရှိ သခင်ခြောက်ဦး၏ အကြံကို သိနေသကဲ့သို့ ၊

ထူးဆန်းသောအသံတစ်ခုသည် သူတို့၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“ဟား... မင်းတို့ကောင်တွေ တားမြစ်ကုန်းပြင်မြင့်က အဲဒီအမှိုက်တွေကို စောင့်ချင်သေးတာလား”

“သူတို့က မင်းတို့ထက်​ တစ်လှမ်းစောပြီး ပြာဖြစ်သွားပြီ”

All Chapters