← Chapters

အခန်း (၅၃၀-၅၃၄)

Vol. 39 Ch. 530-534

အခန်း (၅၃၀-၅၃၄)

Vol. 39 Ch. 530-534

အပိုင်း(၅၃၀): အမှောင်နယ်မြေ အချိန်မတိုင်မီ ပြန်လည်နိုးထလာခြင်း

ထိုစကားသံအဆုံးတွင် ၊

အမှောင်တားမြစ်အင်အားစုဝင် ခေါင်းဆောင်များ၏ မျက်လုံးများသည် တောက်ပလာသည်။

အမတနယ်မြေသည် ယခုအချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း၊ သို့သော် တားမြစ်အင်အားစု များစွာရှိသည့်အနက် စူး မိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းသည် အဓိကဖြစ်သည်။

သူတို့အချင်းချင်း မသင့်မြတ်ပါက ၊ တူညီသော အမှားများကို ထပ်မံကျူးလွန်ပေလိမ့်မည်။

ဤခေတ်တွင် အရာအားလုံးကို အမှောင်ထုထဲသို့ ပြန်လည်မပို့ဆောင်နိုင်ပါက ၊ အမှောင်ထု ကမ္ဘာကြီးသည် လုံးလုံးလျားလျား ပျက်သုန်းသွားမည်ကို စိုးရိမ်မိသည်။

အမှောင်တားမြစ်အင်အားစုဝင်များထဲမှ ခေါင်းဆောင်တစ်ဦးသည် ဦးစွာ ရှေ့ထွက်လာသည်။

သူသည် ရှစ်ထျန်းတိ့အား ဦးညွှတ်ကာ ဆိုလိုက်သည်။

“ ငါ ကျုံယုံနန်းဆောင်က ဒီကြီးကျယ်ခမ်းနားတဲ့ အမှုကို ပြီးမြောက်စေဖို့အတွက် ရှစ်ထျန်းတိ့နဲ့ လက်တွဲဖို့ ဆန္ဒရှိပါတယ်!”

သူ၏လှုပ်ရှားမှုသည် လူတိုင်းကို နှိုးဆော်နိုင်ခဲ့သည်။

ကျန်ရှိနေကြသော အမှောင်တားမြစ်အင်အားစုဝင် ခေါင်းဆောင်များသည်လည်း တယောက်ပြီး တယောက် ခေါင်းညိတ်ကာ ၎င်းတို့၏ သဘောထားများကို ဖော်ပြခဲ့ကြသည်။

“ငါ ယုံမင်နန်းဆောင်က ဒီကြီးကျယ်ခမ်းနားတဲ့ အမှုကို ပြီးမြောက်စေဖို့အတွက် ရှစ်ထျန်းတိ့နဲ့ လက်တွဲဖို့ ဆန္ဒရှိပါတယ်!”

“ငါ၊ ဝူကျီနတ်ဆိုးတောင်က ...”

…….

အဆုံးတွင်၊ ရှစ်ထျန်းတိ့သည် လူတိုင်း၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သည် ။

“ကောင်းပြီ!”

ရှစ်ထျန်းတိ့သည် အလွန်ဝမ်းသာသွားပြီး သူ့မျက်နှာပေါ်က အပြုံးသည် ပို၍ပင် တောက်ပလာသည်။

ထို့နောက် ၊ သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော အမှောင်လှိုင်းတံပိုးများသည် သူ့ကိုဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်ရိုတ်ခတ်သွားသည်။

ကောင်းကင်ယံ၌ တွဲလောင်းကျနေသော သွေးလမင်းကြီးသည် မရေမတွက်နိုင်သော အနက်ရောင် လျှပ်စီးမိုးကြိုးများကို ပစ်ချနေသည်။

မှော်နက်သင်္ကေတများဖြင့် ပေါင်းစပ်ဖန်တီးထားသော အမိန့်တော်သည် လေကိုပစ်ခွင်းလျက် ဆင်းသက်လာသည်။

၎င်း၏အနီးတစ်ဝိုက်တွင် မှော်နက်သင်္ကေတများက အဆုံးမရှိ တဟူးဟူး အုံကြွလာကာ ၊ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသော တွင်းနက်ကြီးများသည် စကြဝဠာတစ်ခုလုံး၏ နိယာမစည်းမျဉ်းများကို ဝါးမြိုနိုင်စွမ်းရှိပုံရသည်။

ဝုန်း ! !

အဆိုပါအင်အား၏ ဖိနှိပ်မှုအောက်တွင်၊ ကွက်လပ်သည် ပြင်းထန်စွာ လှုပ်ခါနေသည်။

အမှောင်မူလရင်းမြစ် ကမ္ဘာရှိ သတ္တဝါများပင်လျှင် ဤမျှ အင်အားကြီးမားသော ဖိနှိပ်မှုအောက်တွင် ငြင်းဆန်မရအောင် ကျိုးနွံရသည်။

“ဒါဆို အခုကစပြီး မဟာမိတ်အဖွဲ့ကို ထူထောင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာလိုက်တယ်”

“ အမှောင်နယ်မြေ ဖွားမြင်ခဲ့ပြီ !”

အမှန်တွင် ၊ ရှစ်ထျန်းတိ့သည် ဤကဲ့သို့ အလွန်ယုံကြည်မှုရှိနေသည့် အကြောင်းရင်းမှာ အမတစိုးစံရာခေတ်တွင် ရှိခဲ့သော ကောင်းကင်ဂူ ၇၂ဂူ နှင့် အမတဂိုဏ်း ၃၆ ဂိုဏ်းတို့သည် အမှောင်ထုထဲသို့ ကျရောက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာက မသိသေးသည့် အရာမှာ ဒဏ္ဍာရီထဲက ထာဝရမဖျက်စီးနိုင်သော တည်ရှိမှုဖြစ်ကြသည့် အုပ်စိုးရှင်အင်အားစု ဆယ့်နှစ်ဖွဲ့အကြောင်းပင်။

အမှန်စစ်စင် ၊ နှစ်ဖွဲ့သည် ကံ၏အကျိုးဆက်ကို ခံစားခဲ့ရသည်။

ထို့ကြောင့် ၊ ၎င်းတို့သည် အမှောင်ထုထဲသို့ အနှေးနဲ့အမြန် ကျရောက်ပေလိမ့်မည်။

“ဟား... တားမြစ် စူး မိသားစု... ကွေးယွမ်အမတဂိုဏ်း......?”

ရှစ်ထျန်းတိ့၏ မျက်လုံးများသည် တောက်ပနေသည်။

“ မင်းတို့ဆိုတောင် တားစီးနိုင်မတဲ့လား?”

ထိုအခိုက်အတန့်တွင် ၊

ကမ္ဘာတစ်ခုလုံးသည် အမည်မသိ လွှမ်းမိုးမှုတစ်ခု၏ သက်ရောက်မှုကိုခံလိုက်ရပုံပေါ်သည်။

အိပ်မောကျနေခဲ့သော ထူးဆန်းသော အမှောင်ထုကြီးသည် ယခုအချိန်တွင် ပြန်လည်နိုးထလာကြသည်။

၎င်းတို့သည် သဏ္ဍာန်မဲ့ အနက်ရောင်လက်တစ်စုံအဖြစ်သို့ ပေါင်းစပ်သွားပြီး ၊အ‌‌ဆုံးမရှိသော အမှောင်တွင်းထဲမှ ဖြည်းညှင်းစွာ တက်လှမ်းလာကြသည်။

မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော လက်မည်းကြီးများသည် စကြဝဠာတစ်ခွင်လုံးကို အနက်ဆုံးအမှောင်ထဲသို့ ဆွဲချပေတော့မည်။

သက်ရှိသတ္တဝါတို့၏ ညည်းတွားသံသည် အမှောင်ထုကြီး ပြန်လည်မွေးဖွားတော့မည့် ရှေ့ပြေးနိမိတ်အဖြစ် ဖော်ကျူးလို့နေတော့သည်။

……..

တစ်ချိန်တည်းမှာပင်။

ထျန်းချီနိုင်ငံတော်၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ၊

ပလ္လင်ပေါ်တွင် တရားထိုင်နေသော ထျန်းရှီဘုရင်မသည် ရုတ်တရက် မျက်စိပွင့်လာသည်။

ဤအခိုက်အတန့်တွင်၊ သူမ၏ မျက်ဝန်းအစုံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူမ၏ လက်ချောင်းများဖြင့် မှော်အစီအရင်တစ်ခုကို ပြုလုပ်ပြီးနောက် ၊ ဟင်းလင်းပြင်၏ ထောင့်တစ်နေရာသို့ သူမ၏လက်ချောင်းဖြင့် ဖိနှိပ်လိုက်သည်။

တခဏအတွင်း ၊ မဟာလမ်းစဉ်၏ နိယာမတရားများမှ ဆင်းသက်လာသော အလင်းမျှင်တစ်ချောင်းကို သူမ၏လက်ထဲ၌ ဖမ်းဆုပ်မိခဲ့သည်။

သို့သော် ၊ ထျန်းရှီဘုရင်မအနေဖြင့် စီစစ်ရန်အချိန်မရှိလိုက်ပေ။

ပေါက်ကွဲ...!!

ယခင်က စူးရှတောက်ပနေသော အလင်းသည် မှိန်းဖျော့ဖျော့သာ ရှိတော့သည်။

နောက်ဆုံးတွင် ၎င်းသည် ကြယ်စင်များသဖွယ် ကြေမွကွယ်ပျောက်သွားလေတော့၏။

“ ဒါဘာဖြစ်တာလဲ... အမတနယ်မြေရဲ့ လျို့ဝှက်ချက်... ဒေဝလောကတစ်ခွင်လုံးရဲ့ လျို့ဝှက်ချက်တွေက... ဘယ်လိုဖြစ်ပြိီး ဒီလိုမျိုး ဖရိုဖရဲဖြစ်နေရတာလဲ...!”

ယခုပင် ၊ ထျန်းရှီဘုရင်မသည် ကောင်းကင်ဘုံ၏ မူလရင်းမြစ် လျို့ဝှက်အတတ်ကို အသုံးပြုကာ ဒေဝလောကတစ်ခွင်ရှိ လျို့ဝှက်ချက်များကို ကြားဖြတ်ဟန့်တားကာ ဒေဝလောက၏ လျို့ဝှက်ချက်များကို တွက်ချက်ရန်ကြိုးစားခဲ့သည်။

ဤသည်မှာ သူမအကျွမ်းကျင်ဆုံး အတတ်ပညာများထဲမှ တစ်ခုဖြစ်သည်။ ဤနှစ်များတွင် သူမသည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တခါမှပင် မမြင်တွေ့ခဲ့ရချေ။

မဟုတ်မှလွဲရော...

ထျန်းရှီဘုရင်မသည် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

“အမှောင်ထု လာပြီ... ကမ္ဘာ့ကပ်စစ်ပွဲကြီး...!”

အမှောင်ထု ဆင်းသက်လာချိန်တွင် ဒေဝလောက တစ်ခုလုံး၏ လျှို့ဝှက်ချက်များသည် ဤကဲ့သို့ပင်။

တစ်စစီဖြစ်နေကာ ၊ တွက်ချက်ရန် မဖြစ်နိုင်သလို ကြိုတင်ခန့်မှန်းဖို့တောင် မဖြစ်‌နိုင်ချေ။

ဤသည်မှာ ကြီးမားသော ဘေးအန္တရာယ်ကြီး တစ်ခု ကျရောက်လာတော့မည့် ရှေ့ပြေးနိမိတ်လည်း ဖြစ်သည်။

“ သေသင့်တဲ့ကောင်တွေ....!”

ထျန်းရှီဘုရင်မ၏ မျက်ဝန်းအစုံမှ အအေးဓာတ်များ လှိုင်လှိုင်ထလာသည်။

“အမှောင်မူလရင်းမြစ် ကမ္ဘာ နိုးထလာပြီလား...!?”

အမှောင်မူလရင်းမြစ်ကမ္ဘာပေါ်တွင် ထားရှိသည့် ထျန်းရှီဘုရင်မ၏ အမုန်းတရားသည် နက်ရှိုင်းသည်။

သူမ၏ မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းခဲ့ရပြီး ၊ အကိုဖြစ်သူကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဤအရာအားလုံး၏ တရားခံမှာ အမှောင်မူလရင်းမြစ် ကမ္ဘာ၏ လက်ချက်ပင်ဖြစ်သည်။

“ အဲ့နှစ်တုန်းက ၊ ငါ့ထျန်းချီနိုင်ငံက ကံအကျိုးဆက်ရဲ့ သက်ရောက်မှုကြောင့် အမှောင်မူလရင်းမြစ် ကမ္ဘာကို တပ်အင်အားစေလွှတ်နိုင်ခြင်း မရှိခဲ့ဘူး....”

ထျန်းရှီဘုရင်မ၏ တစ်ကိုယ်တည်း ရေရွတ်သံကို ကြားနေရသည်။

“ အခု ခေတ်ကာလ မရေမတွက်နိုင်အောင် ကြိုးစားအားထုတ်လာခဲ့တာ အဲ့တုန်းက ကံအကျိုးဆက်တွေကို အပြီးတိုင် သုတ်သင်နိုင်ခဲ့ပြီ...”

“ ညစ်ပတ်တဲ့ ကြွက်အုပ်စုကများ... ပြန်လည်ပေါ်ထွက်လာရဲသေးတယ်ပေါ့...”

ဝုန်း !!!

သူမ၏ ပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိသော ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ စွမ်းအားများသည် ပို၍ သိပ်သည်းလာပြီး ၊ သူမ ထိုင်နေသော ပလ္လင်သည်ပင် လှုပ်ခါနေသည်။

“ ဒီခေတ်မှာတော့ ငါ့ ထျန်းချီနိုင်ငံရဲ့ တစ်နိုင်ငံလုံးက အင်အားကိုပါ အသုံးချပြီး နင်တို့ကို အမြစ်ဖျက် ချေမှုန်းပစ်မယ်!”

……..

တစ်ချိန်တည်းမှာပင်။

အမတနယ်မြေရှိ တားမြစ်အင်အားစု ရှစ်ဖွဲ့အပြင် ရှေးအမွေအနှစ်ကို ဆက်ခံလာခဲ့ကြသော အင်အားစုကြီးများသည်လည်း ဤထူးဆန်းသော အပြောင်းအလဲကို စတင် သတိထားမိလာကြသည်။

“ လျို့ဝှက်ချက်တွေ ဖရိုဖရဲဖြစ်နေတယ်...မရဏကြယ် ပေါ်ထွန်းလာပြီ... ဒါဟာ အကြီးစား မကောင်းတဲ့နိမိတ်ပဲ!”

“ မဟုတ်မှလွဲရော.. တားမြစ်စူးမိသားစုက ကွေးယွမ်အမတဂိုဏ်းနဲ့ လက်တွဲပြီး အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့ကို ချေမှုန်းတော့မှာလား?”

“ ဖြစ်နိုင်တယ် ၊ တားမြစ် စူးမိသားစုက သိပ်မကြာခင်ကမှ တားမြစ်ကုန်းပြင်မြင့်ကို ချေမှုန်းထားတာ “

“…….”

အမတနယ်မြေ၏ သာမန်စွမ်းအာရှင်အချို့က ဤသို့ မှန်းဆကြသော်လည်း၊ သို့သော် သူတို့၏ မှန်းဆချက်အပေါ် အပြစ်ပြောလို့မရချေ။

ဤဖြစ်ရပ်သည် အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး၊ အမတဧကရာဇ်များပင်လျှင် သတိမထားမိခဲ့ကြချေ။

ကျင့်ကြံမှု နက်ရှိုင်းသော စွမ်းအားရှင်များ ၊ အဆုံးမဲ့ ကပ်ဘေးနှင့် ကမ္ဘာ့ကပ်စစ်ပွဲကြီးကို ကျော်ဖြတ်ခဲ့သူများမှလွဲ၍ ယနေ့ခေတ် အမတနယ်မြေ၏ လျှို့ဝှက်သော ပြောင်းလဲမှုကို မည်သူမှ မသိနိုင်ပေ။

ဤအခိုက်အတန့်တွင်၊ အမတနယ်မြေ တစ်ဝှမ်းလုံး လှိုင်းထန်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

သံသရာစက်ဝန်း အမတမင်းဆက် ၊

ပရမ်းပတာအလင်းတန်းများ တသိမ့်သိမ့် ရိုက်ခတ်နေပြီး ၊ ရှေးဦးအလင်းဖြစ်သော ခရမ်းရောင်များက ကမ္ဘာပေါ်ရှိအရာအားလုံးကို အဓိပ္ပာယ်ဖွင့်ဆို‌နေသည်။

ရှေးဦးခရမ်းနှင့် ပရမ်းပတာအလင်းတန်းများ ရောယှက်ကာ ဖြာကျနေသည့်နေရာ၌ ၊

လှပသော ရုပ်သွင်တစ်ခုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

ခရမ်းလေထု၏ လွှမ်းခြုံမှုကြောင့် သူမ၏ မျက်နှာအစစ်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ရပေ။

သို့သော်လည်း သူမ၏ ကျက်သရေရှိပြီး ရင့်ကျက်သော အသွင်သဏ္ဍာန်ကို ကြည့်လျှင်ဖြင့် သူမသည် ပြိုင်ဘက်ကင်းသော အလှတရားရှိသည့် အမျိုးသမီးတစ်ဦးမှန်း သိနိုင်သည် ။

ရုတ်​တရက်​ ၊ ထိုအမျိုးသမီးသည် သူမ၏ မျက်​လုံး​များကို ဖြည်းညှင်းစွာ ဖွင့်​လိုက်​သည်​။

သူမ၏ အနီရောင် တောက်တောက် နှုတ်ခမ်းသားများသည် အနည်းငယ် ပွင့်ဟလာသည်။

“ ဒီအငွေ့အသက်... အမှောင်စွမ်းအားပဲ”

“မျှော်လင့်ထားတာထက် အမြန်နိုးထလာမယ်လို့ ထင်မထားဘူး...”

“ဒီအရှိန်အတိုင်းသာ‌‌ဆို အနှစ်ငါးရာအတွင်း...ဖြစ်လာမှာကို စိုးရိမ်မိတယ်..”

အပိုင်း(၅၃၁): မင်းတို့ ဘယ်လောက်ပဲသန်မာပါ‌စေ၊ လရောင်ခြည်က မြစ်တစ်ခုလုံးကို အလင်းပေးနိုင်စမြဲပဲ

သူမတို့လို အမတစွမ်းအားရှင်များအတွက် အချိန်သည် တန်ဖိုးမရှိပေ။

သင်သည် အမတတစ်ယောက်ဖြစ်လာပါက၊ ထာဝရ အသက်ရှင်နိုင်စွမ်းကို ရရှိပေလိမ့်မည်။

အနှစ်ငါးရာသည် သူမတို့အတွက် မျက်စိတစ်မှိတ်သာပင်။

“ဒီအရာတွေအားလုံးက မြန်လွန်းတယ်...”

“ အခု ချန်ကဲက အမတလျှောက်လှမ်းကို မရောက်သေးဘူး ၊ အဲ့မတိုင်ခင် အမှောင်ထုရောက်လာခဲ့ရင် ...”

သူမ၏လေသံသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

“မဖြစ်ဘူး... စူးရွှမ်က အခုထိ တစ်ကိုယ်တည်း ကျင့်ကြံနေတုန်းပဲ “

“ဒီကိစ္စကို အဘိုးနဲ့ ဆွေးနွေးရမယ်…”

သူမပြောသည့် အဘိုးဆိုသည်မှာ သံသရာစက်ဝန်း အမတမင်းဆက်၏ ဧကရာဇ်ဟောင်းဖြစ်သည်။

အမတစိုးစံရာခေတ်တွင် ၊ ၎င်းသည် အမတဧကရာဇ်၏ အထက်အဆင့်အထိ ဖြတ်ကျော်ထားခဲ့သော ဝါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

……

တစ်ချိန်တည်းမှာပင်။

ကိုယ့်ကိုယ်ကို အမတနယ်မြေ၏ အုပ်စိုးရှင်ဟု ဆိုထားသော အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့သည်လည်း အမတနယ်မြေ၏ပြောင်းလဲမှုကို ခံစားသိရှိခဲ့သည်။

ဤအခိုက်အတန့်တွင်၊ သူတို့သည်လည်း အလားတူ စိတ်ပူနေကြသည်။

“အမျိုးမျိုးသော ခန့်မှန်းချက်တွေအရ ၊ အမှောင်ထုက အချိန်မတိုင်မီ ပြန်လည်ရှင်သန်လာမှာကို စိုးရိမ်မိတယ် .....”

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ သခင်ဖြစ်သူသည် အနည်းငယ်စိုးရိမ်နေသော လေသံဖြင့် ဆိုလိုက်သည်။

“အနည်းဆုံး အနှစ်ငါးရာအတွင်း... အမှောင်ထု ရောက်လာမှာ သေချာတယ်၊ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ခေတ်ကြီး နောက်တစ်ကြိမ်ပြန်ဖြစ်သွားမှာကို ကြောက်မိတယ်…”

“ ခွေးကောင်တွေ ! အချိန်ကို ဘယ်လိုရွေးရမယ်ဆိုတာ သိတာပဲ...!”

“အခု ဗဟိုအမတနယ်မြေက ပျောက်ကွယ်သွားပြီး အဓိက အုပ်စိုးရှင်အင်အားစုတွေကပါ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့ ငါတို့အနိုင်ရဖို့ ဘယ်ကအခွင့်အရေး ရှိတော့မှာလဲ”

“အနှစ်ငါးရာဆိုတာ မျက်စိတစ်မှိတ်အတွင်းမှာပဲ!”

တစ်ချိန်တည်းမှာပင်၊ အမတသခင်တရားစီရင်ရေးရုံးတော်၏ သခင်ဖြစ်သူက ဆက်ပြောလိုက်သည်။

“ဒီကိစ္စကို နတ်ဘုရားတရားစီရင်ရေးအဖွဲ့ကို အစီရင်ခံတင်ပြရမယ် ၊ ဒီကိစ္စက အလွန်အရေးကြီးတယ် နှောင့်နှေးလို့မဖြစ်ဘူး”

“ကောင်းပြီ၊ အဓိက အုပ်စိုးရှင်အင်အားစုတွေအကြောင်း သဲလွန်စ ရှာကြည့်တာပေါ့ “

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ သခင်ဖြစ်သူက သဘောတူလိုက်သည်။

အမှန်တွင် ၊ အမှောင်ထုသည် အဘယ့်ကြောင့် မွေးဖွားလာသနည်း။

တစ်ခါက ၊ နတ်ဘုရားတရားစီရင်ရေးအဖွဲ့က သူတို့ကို ရှင်းပြချက်တစ်ခု ပေးခဲ့ဖူးသည်။

အဓိကအကြောင်းရင်းမှာ အမတစိုးစံရာခေတ်တွင် ဖြစ်ပွားခဲ့သော အဆုံးမဲ့ကပ်ဘေးတွင် အသက်ပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ ၎င်းတို့၏ နာကြည်းမှုနှင့် မကျေနပ်မှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည် ။

၎င်းသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ပျောက်ကွယ်မသွားဘဲ ၊ ‌နောက်ဆုံးတွင် ဒေဝလောက၏ ကံအကျိုးဆက်အဖြစ် ပေါင်းစပ်သွားခဲ့သည်။

ထိုကဲ့သို့သော အပျက်သဘောဆောင်သော စွမ်းအင်များ၏ လွှမ်းမိုးမှုအောက်တွင်၊ ၎င်းသည် အမှောင်ထုကို မွေးမြူရန် အကောင်းဆုံးဖန်လုံအိမ်နှင့် တူညီသည်။

အမတအထက်ကမ္ဘာသည် အမှောင်ထု၏ အရင်းအမြစ်လည်းဖြစ်ပြီး၊ ထိုအခွင့်အရေးတွင် အမှောင်ထု နှင့် အမတနယ်မြေအား ပြန်လည်ရှင်သန်စေခဲ့သည်။

အဆုံးတွင်မူ ၊ ဤမျှဆိုးရွားသော ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

သို့သော် ဤသည်မှာ နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ ထင်မြင်ယူဆချက်မျှသာ ဖြစ်သည်။

ထို့အပြင် ၊ ဤကိစ္စတွင် ပါဝင်ပတ်သက်နေသော နယ်ပယ်သည် ကျယ်ပြန့်လွန်းသည်။

အမတစိုးစံရာခေတ်တွင် ၊ မရေမတွက်နိုင်သော စွမ်းအားရှင်များသည် အမတနယ်ပယ်အထက်သို့ တက်လှမ်းသွားကြသော်လည်း ၊ ထိုကမ္ဘာလောကကို အပြီးတိုင် မစူးစမ်းနိုင်ကြသေးပေ။

အမှောင်ထု၏ လာရာရင်းမြစ်ကို စူးစမ်းရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

“အိုင်း... အမှောင်ထုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်မယ့် ဒဏ္ဍာရီပုဂ္ဂိုလ်တွေ ရှိလာပါစေလို့ ဆုတောင်းရမှာပဲ...”

၎င်းတို့နှစ်ဦးသည် ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလိုက်သည်။

“ အမတစိုးစံရာခေတ်ကို ပြန်လည်ဖန်တီးနိုင်ပါစေ…”

…….

အမတနယ်မြေသည် ကမောက်ကမ ဖြစ်နေသည်။

အလားတူ ၊ ဤအခိုက်အတန့်တွင်၊ ဇီဝတားမြစ်နယ်မြေသည်လည်း ကမောက်ကမ ဖြစ်နေသည်။

လမ်းတစ်လျှောက် ရန်သူများစွာကို အနိုင်ယူပြီးနောက် ၊ စူးချန်ကဲသည် ကံကြမ္မာ ရှေးဧကရာဇ်မင်းများကို ဦးဆောင်ကာ ဇီဝတားမြစ်နယ်မြေ၏ အတွင်းပိုင်း နက်ရှိုင်းရာနေရာအထိ ဝင်ရောက်လာခဲ့သည်။

ထူးဆန်းသော အမှောင်စွမ်းအင်များက တဟူးဟူး အုံကြွနေပြီး ၊ မသေမျိုးဘုရင်များက ၎င်းတို့၏လမ်းကို ပိတ်ဆို့တားဆီးထားသည် ။

မည်သို့ပင်ဆိုစေကာမူ ၊ စူးချန်ကဲ၏ဓားချက်အောက်တွင် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

“ဟာဟား... ငယ်ရွယ်တဲ့ သူရဲကောင်းလေးပါ့လား”

ထိုစဉ် ၊ အရှေ့အရပ်မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ တိုက်မြေသုံးထောင်ရဲ့ ထာဝရ ထျန်းတိ့လို့ မပြောရဘူး ၊ တကယ်ကို အရည်အချင်းရှိတာပဲ”

ထိုအသံ ကျရောက်လာသည်နှင့် တပြိုင်နက် ၊ အရှေ့က နေရာလပ်တွင် ရုတ်တရက် အာကာသမုန်တိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အမည်မသိ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားအား ကျဆင်းလာခဲ့ရာ ၊ စူးချန်ကဲဘေးနားရှိ ကံကြမ္မာ ရှေးဧကရာဇ်မင်းများပင်လျှင် ထိန်းမနိုင်သိမ်းမရ တစ်ခေါင်းလုံးပူထူသွားသည်။

“လာပြီလား?”

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ၊ ထိုဖိအား၏ လာရာရင်းမြစ်ကို ကြည့်လိုက်သည်။

အရှေ့မျက်နှာစာရှိ မှောင်မည်းနေသော အာကာသဝဲဂယက်ထဲမှ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ခြောက်ဦး ထွက်ပေါ်လာခဲ့သည်။

ယခင်က ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦး ဆင်းသက်လာချိန်တွင် ၊ ၎င်းတို့၏ အလွန်ကြီးမားသော တန်ခိုးစွမ်းအားများသည် မိုးမြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ယခုတွင် ၊ သူသည် ၎င်းတို့ကို အနီးကပ် မြင်တွေ့ခဲ့ရသည်။ ၎င်းတို့၏ ဖိနှိပ်စွမ်းအားသည် ကမ်းခြေကို တိုက်ခတ်လာသော လှိုင်းလုံးကြီးများကဲ့သို့ လူးလိမ့်ရိုက်ခတ်နေသည်။

သူတို့အားလုံး၏ ပုံစံများမှာကွဲပြားသည်။ အချို့လူများ၏ ဦးခေါင်းပေါ်တွင် ချိုတစ်စုံရှိနေပြီး ၊ ချိုများပေါ်တွင် ငရဲမီးတောက်များ တဟုန်းဟုန်း တောက်လောက်နေသည်။

အချို့သောသူတို့၏ အရေပြားပေါ်တွင် နိယာမစွမ်းအားများ သက်ဝင်လှုပ်ရှားနေပြီး ၊ အအေးဓာတ်များကို ထုတ်လွှတ်နေသည်။

အချို့လူများ၏ မျက်ခုံးများပေါ်တွင် မရေမတွက်နိုင်သော တောက်ပသော အမှတ်အသားများ ရှိနေသည်။ ဤအရာများသည် ထိုနှစ်က တိုက်မြေ သုံးထောင်ရှိ မဟာဧကရာဇ်မင်းများကို သတ်ဖြတ်ကာ စုပ်ယူစားသုံးရာမှ ကျန်ရှိခဲ့သော မဟာဧကရာဇ်မင်းတို့၏ မူလအမှတ်အသားများပင် ဖြစ်သည်။

ဝီ!!

တစ်ချိန်တည်းမှာပင်၊ ၎င်း၏ ဘေးပတ်ပတ်လည်တွင် အာကာသဝဲဂယက်များ ထပ်မံထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင် လွတ်မြောက်သူများနှင့် ယှဉ်နိုင်သော မသေမျိုးဘုရင်များစွာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ လူသားလမ်းစဉ် လွတ်မြောက်သူ...?”

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထိုမျှ နီးကပ်သော အကွာအဝေးတွင် သူသည် တစ်ဖက်လူမှ ထုတ်လွှတ်လိုက်သော ရောင်ဝါကို ခံစားသိရှိနိုင်ခဲ့သည် ။

လွတ်မြောက်နယ်ပယ်အဆင့်နှင့် ပတ်သတ်၍ ၊ ဤနယ်ပယ်အဆင့်တွင် တိကျသောအဆင့်မရှိကြောင်း မျဲ့ရှန်းဘိုးဘေးသည် သူ့အား ပြောပြခဲ့ဖူးသည်။

လူသားလမ်းစဉ် ၊ ဧကရာဇ်လမ်းစဉ် ၊ ကောင်းကင်လမ်းစဉ် နှင့် ဒဏ္ဍာရီလာ ကန့်သတ်မဟာလမ်းစဉ် နှင့် အန္တိမလမ်းစဉ်တို့သာ ရှိသည်။

လူသားလမ်းစဉ် လွတ်မြောက်သူသည် သေမျိုးလောက၏စွမ်းအားကို အသုံးပြု၍ မိမိ၏ စိတ်နှလုံးကို လေ့ကျင့်ကာ လောကီစိတ်များကို ဖြတ်တောက်ခြင်းဖြင့် အမတဆိုင်ရာအလိုဆန္ဒကို သဘောပေါက်သည်။

ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူသည် ကောင်းကင်ဘုံ၏ ကံကြမ္မာကို နာခံကာ မိမိကိုယ်ကို အသွင်ပြောင်းလဲခြင်းဖြင့် လောကီပညာကို စွန့်ပယ်ကာ အမတဆိုင်ရာအလိုဆန္ဒကို သဘောပေါက်သည်။

ကောင်းကင်လမ်းစဉ် လွတ်မြောက်သူသည် ကံတရား၏ ရွေးချယ်မှုအတိုင်းဖြစ်ပြီး မွေးဖွားလာကတည်းက ကံတရား၏အလိုတော်အတိုင်း အမတအဖြစ်သို့ စံမြန်းကာ အမတဆိုင်ရာအလိုဆန္ဒကို သဘာဝအလျောက် နားလည်နိုင်မည့် ဖြစ်တည်မှု ဖြစ်သည်။

ဒဏ္ဍာရီထဲက အန္တိမလွတ်မြောက်သူနှင့် ပတ်သတ်၍ ၊ ၎င်းတို့သည် ကိုယ်ပိုင်ဉာဏ်ဖြင့် မဟာလမ်းစဉ်ကို နားလည်သဘောပေါက်ပြီး၊ ကံတရား၏ဖိနှိပ်မှုကို နှိပ်ကွပ်ကာ မိမိကိုယ်ကို ကောင်းကင်ဘုံဟု မှတ်ယူကြသူများဖြစ်သည်။ သူတို့သည် မဟာလမ်းစဉ်၏ ချုပ်လှောင်မှုကို ဖြတ်ကျော်နိုင်ပြီး၊ ကန့်သတ်ချက်ကိုပင် ကျော်လွန်စွမ်းရှိသည့် ဖြစ်တည်မှုဖြစ်သည်။ ၎င်းတို့ ပေါင်းစည်းနိုင်သော အမတအလိုဆန္ဒသည် လွန်ခဲ့သော ခေတ်ကာလများစွာတိုင် ရှားပါးလှပေသည်။

စူးချန်ကဲသည် သူ့စိတ်ထဲတွင် တွေးတောပြီးနောက် ၊ ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးကို တစ်ဖန်စိုက်ကြည့်လိုက်သည်။

တစ်ဖက်မှ ထုတ်လွှတ်သော ရောင်ဝါတွင် ယိုယွင်းပျက်စီးခြင်း အငွေ့အသက်များ အနည်းငယ် ပါရှိပြီး ၊ ထူးဆန်းနေသော်လည်း သို့ရာတွင်၊ ကောင်းကင်ဘုံ၏ အလိုတော်ကို နာခံသော ဧကရာဇ်လမ်းစဉ်အငွေ့အသက်များ အနည်းငယ် ရှိနေခဲ့သည်။

“ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူဆိုမှတော့ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှာပဲ”

စူးချန်ကဲက ဆိုလိုက်သည်။

“ဒါပေမဲ့လည်း အချိန်တွေသာကုန်သွားတယ် ကိုယ့်မွေးရပ်မြေဆီကို သားသတ်ဓားနဲ့ ပြန်ပြီးချိန်ရွယ်မယ်လို့ မမျှော်လင့်ထားဘူး ၊ ဒါ သိပ်ကို ရယ်စရာကောင်းလွန်းတယ် “

“ဟားဟား... မဟာလမ်းစဉ်ရဲ့ အဆုံးစွန်ကို ရောက်ရှိဖို့က ငါတို့အတွက် ဘာအဓိပ္ပါယ်မှ မရှိဘူး”

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးအနက် ဦးဆောင်သူသည် ဘာမှမထူးခြားသော‌ လေသံဖြင့် ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“ငါတို့လုပ်သမျှအရာအားလုံးက ထာဝရ မပြောင်းလဲမယ့် စစ်မှန်အမတတစ်ပါး ဖြစ်လာဖို့ပဲ !”

“ အမတ အောက်မှာရှိတဲ့ လူတွေအားလုံးက ယင်ကောင်တွေပဲ!”

ထို့နောက်၊ ၎င်းသည် ‌မာန်ပါပါဖြင့် အော်ဟစ်လိုက်သည်။

“ တတ် ၊ သူတို့ကို သတ်ပစ်!”

ဝုန်း --! !

ထို့နောက်တွင်၊

လွတ်မြောက် နယ်ပယ်အဆင့်ရှိသော မသေမျိုးဘုရင်များက ဦးဆောင်တိုက်ခိုက်လာကြသည်။ ၎င်းတို့၏လက်များကို တချက်ဝှေ့ယမ်းလိုက်ရုံဖြင့် နိယာမစွမ်းအားများ လှိုင်လှိုင်ထကာ နေရာအနှံ့ လွင့်စင်သွားသည်။

“သေချင်နေတာပဲ!”

တိုက်မြေ သုံးထောင်၏ ကံကြမ္မာရှေးဧကရာဇ်မင်းများသည်လည်း အားမနည်းကြချေ။

၎င်းတို့၏ လက်ဖဝါးထဲတွင် နတ်အလင်းရောင်များ စုဝေးတောက်ပနေပြီး ၊ လက်သီးဖြင့် ကျပန်းထိုးနှက်လိုက်သည်နှင့် တပြိုင်နက် တောက်ပသော ရောင်စဉ်တန်းများ ပေါ်ထွန်းလာလေသည်။

ဘုန်း ဘုန်း ဘုန်း ! !

တခဏချင်းမှာပင် ၊ စစ်ပွဲသည် ထပ်မံဖြစ်ပွားခဲ့ပြန်သည်။

အဆုံးမရှိ တောက်ပနေသည့် အလင်းတန်းများကြား ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး မိုးမြေတစ်ခုလုံး ယိမ်းယိုင်မတတ် ဖြစ်နေသည်။

ဝုန်း ! !

ကြီးမားကျယ်လောင်သော ဟောက်သံတစ်ခုနှင့်အတူ ၊

မသေမျိုးဘုရင်ငါးဦးသည် ပူးပေါင်းကာ စူးချန်ကဲအား အတူတကွ တိုက်ခိုက်ခဲ့သည်။

“သွားမယ်! မူလလျှို့ဝှက်အတတ်ကို သုံးပြီး အတူတူ တတ်ကြမယ် ၊ ဒီကောင့်ကို အရင်သတ်ပစ်ကြမယ်!”

မသေမျိူးဘုရင်ငါးဦးတို့သည် တွန့်ဆုတ်မနေဘဲ ၎င်းတို့၏လက်များဖြင့် အစီအရင်တစ်ခုကို ရေးဆွဲခဲ့သည်။ နေ၊ လ နှင့် ကြယ်များ၏ ထူးခြားသော ပုံစံများက ၎င်းတို့၏ ဘေးတဝိုက်တွင် ဖြည်းညှင်းစွာ ရောယှက်နေသည်။

၎င်းတို့၏ မျက်ဝန်းအစုံ၌ မဟာလမ်းစဉ်၏ အမှတ်အသားများဖြင့် ဖွဲ့စည်းခင်းကျင်းထားသော မှော်အစီအရင်ပုံစံများရှိနေသည်။

နောက်အခိုက်တန့်တွင် ၊

၎င်းတို့ငါးဦး၏ ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ၊ လူတစ်ကိုယ်လုံးက အနက်ရောင် လျှပ်စီးကြောင်းများသဖွယ် တဖျပ်ဖျပ်ခတ်နေသည်။

ချက်ချင်းဆိုသလိုပင် ၊ ၎င်းတို့သည် မတူညီသော အရပ်မျက်နှာအသီးသီးမှ စူးချန်ကဲအား ဝင်ရောက်တိုက်ခိုက်လာသည်။

“ လာတာကောင်းတယ် !”

စူးချန်ကဲသည် ဟိန်းဟောက်လိုက်သည်။ သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ၊ သူ၏မျက်လုံးထဲ၌ ပြင်းထန်သော ဓားဆန္ဒများက သက်ဝင်စီးဆင်းနေသည်။

စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းမှ တိုက်ခတ်လာသော လေပြင်းများသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ဖြည်းညှင်းစွာ ရစ်ပတ်ထားသည်။

ဤအခိုက်အတန့်တွင် ၊ စူးချန်ကဲသည် ဓားနှင့်တစ်သားတည်းဖြစ်နေပုံရပြီး ၊ သူသည် ဓားလမ်းစဉ်အရာတွင် လွတ်မြောက်နယ်ပယ် အထွပ်အထိပ်အဆင့်အထိ ရောက်ရှိထားပုံရသည် ။

လွတ်မြောက်သူငါးဦးသည် စူးချန်ကဲနှင့် နီးကပ်လာချိန်တွင် ၊

“ဓားတစ်လက်မှ ဗလာအဖြစ်သို့!”

ရွှမ်း!!

ကွက်လပ်မှ ရုတ်ချည်း ထွက်ပေါ်လာသော ဓားသွားသံနှင့်အတူ ၊

အေးစက်သော အလင်းတန်းတစ်ခုက လျှပ်တပြတ် ဝင်းလက်သွားသည်။

စူးချန်ကဲသည် သူ့လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်နှင့် ၊

အေးစက်သော လရောင်သည် အရာအားလုံးကို ဝါးမျိုလိုက်သကဲ့သို့ အလင်းတန်းသည် ဆက်လက် ကျယ်ပြန့်လာသည်။

ဘုန်း !!!

နောက်အခိုက်အတန့်တွင် ၊ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်များသည် စူးချန်ကဲကို ဗဟိုပြုလျက် အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။

မိုးမြေကြားတွင် ၊ မရေမတွက်နိုင်သော ဓားစွမ်းအင်များ၏ ကျယ်လောင်စွာ ပေါက်ကွဲသံများနှင့်အတူ ထိုအရာထဲတွင် ဆွဲငင်ခံလိုက်ရသော လွတ်မြောက်သူငါးဦးစလုံးသည် အဆုံးတွင် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရသည်။

ဓားစွမ်းအင်၏ဗဟိုချက်တွင် ရှိနေသော စူးချန်ကဲသည် ဘာမှမထူးခြားသော အမူအရာဖြင့် ရှိနေပြီး ၊ သူ၏ အဖြူရောင်အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လွင့်မျောနေကာ သူ၏ တုနှိုင်းမယှဉ်နိုင်သော ကိုယ်ဟန်အနေအထားကို ပြသနေသည်။

“ဒါက...”

ဤကြောက်စရာကောင်းသော မြင်ကွင်းသည် ကံကြမ္မာ ရှေးဧကရာဇ်မင်းများစွာကို အံ့အားသင့်စေခဲ့သည်။

၎င်းတို့အားလုံးသည် ခေတ်ကာလတစ်ခုချင်းစီတိုင်း၏ ကံကြမ္မာကို ရယူထားသော်လည်း ၊ သို့သော် အများဆုံးအားဖြင့် လူသားလမ်းစဉ် လွတ်မြောက်သူနှစ်ဦးသာလျှင် ရင်ဆိုင်နိုင်သည်။

သို့သော် ၊ စူးချန်ကဲသည် သူ၏ဓားတချက်တည်းဖြင့် ငါးယောက်စလုံးကို သတ်ပစ်နိုင်ခဲ့သည်။

ဤကွာဟချက်သည် အတော်လေး ကြီးမားပေသည်။

“ကောင်စုတ်လေး...”

ဇီဝတားမြစ်နယ်မြေ၏ ကျန်ရှိ ခေါင်းဆောင်ခြောက်ဦးမှာ မှုန်ကုပ်ကုပ် ဖြစ်နေသည်။

ထိုသူတို့ငါးယောက်စလုံးသည် စူးချန်ကဲ၏ ပြိုင်ဘက်မဟုတ်မှန်း အစောကတည်းက သူတို့ ခန့်မှန်းမိသည်။

မည်သို့ပင်ဆိုစေကာမူ ၊ နည်းနည်းပါးပါတော့ အကျိုးရှိသင့်သည်။ ၎င်းတို့သည် တဖက်လူ၏ ချေမှုန်းမှုကို လုံးလုံးလျားလျား ခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ၊ သူတို့အနေဖြင့် ဝင်ရောက်မစွက်ဖက်ရသေးခင်မှာပဲ ၊

စူးချန်ကဲသည် သူတို့ဆီသို့ ဓားကိုင်ကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရတယ်။

ဓား၏ကိုယ်ထည်မှ ရောင်ပြန်ဟပ်လာသော အေးစိမ့်သော အလင်းရောင်သည် စူးရှတောက်ပလွန်းသည်။

စူးရှတောက်ပသော ဤအလင်းရောင်အောက်တွင် ၊ မိုးနှင့်မြေကြား သူတစ်ယောက်တည်းနှင့် ဓားတစ်လက်သာလျှင် ရှိနေပုံရသည်။

“ ချန်ကဲ ထျန်းတိ့ .... မဟုတ်မှလွဲရော မင်း...”

သူ့ဘေးနားက ကံကြမ္မာ ရှေးဧကရာဇ်မင်းတို့သည် စူးချန်ကဲ၏အတွေးကို အဘယ့်ကြောင့်မသိရှိမည်နည်း။

ဒိအနေအထားကို ကြည့်လေ!

စူးချန်ကဲ သူတစ်ယောက်တည်းနဲ့ ဇီဝတားမြစ်နယ်မြေက ခေါင်းဆောင်ခြောက်ဦးကို စိန်ခေါ်ဖို့ လုပ်နေတာမလား !

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ၏ မျက်ဝန်းထဲ၌ ဓားဆန္ဒများဖြင့် ပြည့်နှက်နေသည်။

“ မင်းတို့ ဘယ်လောက်ပဲသန်မာပါ‌စေ၊ လရောင်ခြည်က မြစ်တစ်ခုလုံးကို အလင်းပေးနိုင်စမြဲပဲ”

“ တားမြစ်နယ်မြေတွေရဲ့ ခေါင်းဆောင်ခြောက်ဦးတဲ့လား?”

“ဒီနေ့ “

“ငါ စူးချန်ကဲ ...တစ်ယောက်တည်း ထမ်းပိုးမယ်!”

အပိုင်း(၅၃၂): ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်၊ နတ်ဘုရားဓမ္မကိုယ်ထည် (၁)

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

ထိုစကားများအပြီးတွင် ၊

စူးချန်ကဲ၏ ကြီးစိုးနိုင်လွန်းသော အသံသည် ကျယ်လောင်စွာ ပြန်နှံ့သွားသည်။

မသေမျိုးဘုရင်နှင့် တိုက်ပွဲဝင်နေသော ကံကြမ္မာ ရှေးဧကရာဇ်မင်းများပင်လျှင် ခဏတာ ကြောင်အမ်းသွားသည်။

စူးချန်ကဲသည် အလွန်သန်မာသည်ကို သူတို့အားလုံး ခံယူထားသော်လည်း ၊သို့သော် သူသည် ရှေးဧကရာဇ်နယ်ပယ်အဆင့်တွင်သာ ရှိသေးသည် ။ သူတစ်ယောက်တည်းနဲ့ ခေါင်းဆောင်ခြောက်ဦးစလုံးကို စိန်ခါ်မတဲ့လား!?

သို့သော် ၊ သူတို့အားလုံး အတွေးမဆုံးသေးခင် ကောင်းကင်ယံ၌ ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ အတင့်ရဲလိုက်တာ!!”

ရှေ့က ဟင်းလင်းပြင်ကွက်လပ်သည် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ အဆုံးမရှိသော စွမ်းအားလှိုင်းများ တိုးဝင်လာခဲ့ပြီး ထိုနေရာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်လာခဲ့သည်။

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်တစ်ဦးသည် သူ၏ကျင့်ကြံစွမ်းအားကို အရှိန်မြှင့်ကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်သော သူ၏ ဧရာမ လက်ကြီးဖြင့် စူးချန်ကဲ၏ခေါင်းပေါ်သို့ ကျဆင်းလာခဲ့သည်။

ဤဧရာမလက်ကြီးသည် အဆမတန်ကြီးမားလှပြီး၊ လက်ချောင်းများသည် မိုင်ပေါင်းထောင်ချီရှည်လျားသော တောင်တန်းကြီးများနှင့်တူကာ၊ လက်ဖဝါးပေါ်ရှိ အရေးအကြောင်းများမှာ မြစ်ကြီးများကဲ့သို့ပင် ကျယ်ပြန့်သည်။

ကြောက်စရာအကောင်းဆုံးအရာမှာ လောကနိယာမတရားအားလုံးကို ချေမှုန်းပစ်တော့မည့်အတိုင်း သူ၏လက်ဖဝါးတွင် အလွန်ကြောက်စရာကောင်းသော အလင်းတန်းတစ်ခု စီးဆင်းနေသည်။

ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ထိုလက်ဖဝါးကြီး၏ ရှေ့ မှောက်တွင် စူးချန်ကဲ၏ပုံရိပ်သည် အလွန်တရာမျှ သေးငယ်လှသည်။

သို့သော် သူသည် အနည်းငယ်မျှ အကြောက်တရားမရှိခဲ့ဘဲ ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးခဲ့သည်။

ဝုန်း ! !

တခဏချင်းမှာပဲ၊ သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် ကိုယ်‌ထည်လေးမျိုး၏ မှော်စွမ်းအားများသည် တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။

အဆုံးတွင်၊ ၎င်းတို့သည် စူးချန်ကဲ၏နောက်တွင် ဖြည်းညှင်းစွာ စုဝေးသွားပြီး အလင်းဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ၊ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးကြီးသည် စူးချန်ကဲကို ထိလုနီးနီးဖြစ်နေပြီ ဖြစ်သည်။

ဝီ! !

ထိုစဉ် ၊ ပရမ်းပတာ အလင်းတန်းများသည် နေရာအနှံ့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ပြိုးပျက်စွာ တောက်ပနေသော ထိုအလင်းဝဲဂယက်ထဲမှ အလားတူ ဧရာမလက်ကြီးတစ်ဖက် ဆန့်ထွက်လာခဲ့ပြီး ၊ ဇီဝတားမြစ်နယ်မြေရှိ ခေါင်းဆောင်ဖြစ်သူ၏ လက်ဝါးကြီးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်သည်။

ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ၊

၎င်းတို့နှစ်ခု ထိပ်တိုက်‌ဆုံတွေ့သည့်နေရာကို ဗဟိုတည်၍ စွမ်းအားလှိုင်းတံပိုးများသည် ပြင်းထန်စွာ လွင့်စင်သွားခဲ့ရာ ဟင်းလင်ပြင်သည် မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွားသည် ။

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်သည် မိမိဆန့်ထုတ်လိုက်သော လက်ဝါးကြီးသည် နတ်တောင်တန်းတစ်ခုနှင့် တိုက်မိသကဲ့သို့ လုံးဝမလှုပ်နိုင်တော့ဘဲ ထုံကျင်မှုကို ခံစားလိုက်ရသည်။

ဤခေါင်းဆောင်ကို တိ့ယွဲ့ တားမြစ်သခင်ဟု ခေါ်ကြသည်။ တစ်ချိန်က သူသည် သူ၏ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ဖြင့် ဧကရာဇ်တစ်ပါးအဖြစ် အောင်မြင်ခဲ့သည်။ ထို့နောက်တွင် သာလွန်သူတစ်ဦး ဖြစ်လာခဲ့ပြီးနောက်၊ သူသည် မိုးမြေစွမ်းအား မဟာလမ်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

ဤသို့ဖြင့် သူသည် ထိပ်တန်း ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူတစ်ဦးအဖြစ် အောင်မြင်ခဲ့သည်။

သူ၏ရှေ့မှောက်တွင် အလွန်တရာမျှ သေးငယ်သော စူးချန်ကဲသည် သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ ဤမြင်ကွင်းကြောင့် သူသည် မယုံနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်ကာ ရေရွတ်လိုက်သည်။

“ ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်၊ ဖွဲ့!”

ခရက်ခ်!!

ချက်ခြင်းပင်၊ စူးချန်ကဲ၏ နောက်တွင်ရှိနေသော အကန့်အသတ်မဲ့ နေရာလပ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

ထို့နောက် ၊ အထဲမှ အလင်းမိုးများစွာ ထွက်ပေါ်လာခဲ့သည်။

ပြိုးပျက်စွာ တောက်ပနေသော ထိုအလင်းမိုးများကြား မူလရင်းမြစ်မှော်သင်္ကေတများလည်း ပါရှိနေသည်။

{ T/N - မူလရင်းမြစ်မှော်သင်္ကေတ - နတ်ဘုရားတန်ခိုးနှင့်ဆိုင်သည့် အထူးမှော်အမှတ် သင်္ကေတ}

ဂျိန်း!!

ကျယ်လောင်စွာ ထွက်ပေါ်လာသော မိုးခြိမ်းသံများနှင့်အတူ ၊

အဆုံးမရှိသော ရင်းမြစ်မှော်သင်္ကေတများနှင့် မဟာလမ်းစဉ်၏ မိုးခြိမ်းသံတို့သည် အတူတကွ ရောယှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်တစ်ခုကို ဖန်တီးနေပုံရသည်။

‌ပြိုးပျက်စွာ တောက်ပနေသော လျှပ်စီးကြောင်းများနှင့်အတူ ၊ စူးချန်ကဲ၏ နောက်တွင် ကြီးကျယ်ခမ်းနားသော ထာဝရနတ်ဘုရားတစ်‌‌ဆူ ပေါ်ထွက်လာခဲ့သည်။

မိုးမြေကြား သူတစ်ဦးတည်းသာ ရှိနေသကဲ့သို့ ကမ္ဘာပေါ်ရှိအရာအားလုံးကို အထင်မြင်သေးစွာကြည့်နေသည်။

ဤနတ်ဘုရားမှ ဖြာထွက်နေသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် အလွန် အစွမ်းထက်လှပြီး ၊ မိုင်ပေါင်းများစွာ လှုပ်ခတ်သွားစေကာ ကောင်းကင်ပြင်တစ်ခုလုံးကိုတောင် အရောင်ပြောင်းလဲသွားစေသည်။

လူတိုင်း၏ မသိစိတ်ကနေ ထိုအနှီရုပ်သွင်ကို မော့ကြည့်လေရာ ၊ မည်သူမဆို တစ်ခေါင်းလုံး လေးလံလာပြီး အသက်ရှုကျပ်မတတ် ခံစားခဲ့ရသည်။

“ဘုရားရေ... ဒါက ဘာလဲ! မဟုတ်မှလွဲရော အမတ ဆင်းသက်လာတာလား?”

“အမ်... တစ်ခုခုတော့ မှားနေပြီ၊ ဒီရောင်ဝါက ဓမ္မကာယကိုယ်ထည်နဲ့ တူတယ် ...”

“ဓမ္မကာယကိုယ်ထည်... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ မဟာဧကရာဇ်မင်းရဲ့ ဓမ္မကာယကိုယ်ထည်က ဒီလောက်ထိ အစွမ်းမထက်နိုင်ဘူး ၊ အမတ မဟုတ်တာ သေချာလို့လား?”

“ မင်းတို့ သေသေချာချာ ခံစားကြည့်စမ်း ၊ ဒီရောင်ဝါ အရမ်းရင်းနှီးနေသလားလို့ “

ထိုစကားများ ထွက်လာသည်နှင့် ၊

လူတိုင်းသည် ထိုအနှီပြောသူကို ထပ်မံကြည့်ရှုလိုက်ကြသည်။ ၎င်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီးနောက်တွင် ဝမ်းသာပီတိဖြစ်ကာ ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။

“ ဒါ ချန်ကဲထျန်းတိ့ပဲ !”

လက်ရှိတွင် ၊ စူးချန်ကဲ ဟူသော စကားလုံးသုံးလုံးသည် တိုက်မြေ သုံးထောင်ရှိ လူတိုင်း၏ နှလုံးသားထဲတွင် အလွန်အရေးပါသည်။

အကြွင်းမဲ့ တုနှိုင်းမယှဉ်နိုင်သော ဖြစ်တည်မှု၊ အကြွင်းမဲ့ ယုံကြည်ခြင်းသည်သာ ။

“ ချန်ကဲထျန်းတိ့ အရေးယူပြီးဆိုကတည်းက ဒီတိုက်ပွဲကို ငါတို့ သေချာပေါက်အနိုင်ရလိမ့်မယ်!!”

“ညီအစ်ကိုတို့၊ ဒီလူယုတ်မာကောင်တွေကို သတ်ပြီး ၊ ချန်ကဲထျန်းတိ့ရဲ့ ခြေရာအတိုင်း ဆက်လျှောက်လှမ်းကြမယ် !”

“သတ်၊ သတ်၊ သတ်!”

တခဏအတွင်း ၊ တိုက်မြေ သုံးထောင်ရှိ စစ်သည်တော်များအားလုံး စိတ်ဓာတ်များ မြင့်တတ်လာသည်။

၎င်းတို့၏ လက်နက်များကို ကိုင်မြှောက်လျက်၊ ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ဝင်များအား အပြင်းအထန် တိုက်ခိုက်လေတော့သည်။

ရပ်တန့်ခြင်းမရှိ ကျယ်လောင်စွာ ထစ်ချုန်းနေသော မိုးခြိမ်းသံများနှင့်အတူ ၊ ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ဝင်များသည် တခဏအတွင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။

ကောင်းကင်ထက်တွင် အနက်ရောင် သံတပ်သားများက ဆက်လက်တိုက်ခိုက်နေကြသလို ၊ မြေပြင်ထက်တွင် အလောင်းများ အစုလိုက် အပြုံလိုက် ရှိလာခဲ့သည်။

သွေးမိုးများ ရွာသွန်းနေသလို ၊ ဘယ်နေရာကိုပင်ကြည့်ကြည့် စစ်ပွဲများကို မြင်တွေ့ရပေ‌မည်။

ကောင်းကင်ထက်တွင် ၊ အဖြူရောင် ဂါဝန်ထည်ကို ၀တ်ဆင်ထားသော မိန်းမပျိုတစ်ဦးရှိနေပြီး ၊ ဤစစ်မြေပြင်တွင် သူမသည် စစ်နတ်ဘုရားမကဲ့သို့ပင်။

သူမလက်ကို မြှောက်လိုက်ရုံဖြင့် ပရမ်းပတာအလင်းတန်းများစွာ ထွက်ပေါ်လာသည်။ အဖျက်စွမ်းအားများ ပါဝင်သော ပရမ်းပတာအလင်းတန်းများသည် ဇီဝတားမြစ်နယ်မြေရှိ တပ်ဖွဲ့ဝင်များပေါ်သို့ ကျရောက်သွားတိုင်း ၎င်းတို့သည် တခဏချင်း သေဆုံးသွားခဲ့ရသည်။

ဤမိန်းမပျိုသည် ကံကြမ္မာပင်လယ်တွင် တိုက်ခိုက်ပြီး သူမ၏ကံကြမ္မာကို ဖြည့်ဆည်းရန်အတွက် ကံစွမ်းအားကို ရယူခဲ့သော လော့ရန်ယွီပင် ဖြစ်သည် ။ ယခုအချိန်တွင် သူမ၏ ခွန်အားသည် တဟုန်ထိုး တက်လာနေသည်။

သူမသည် ဟွိုင့်တွိုင့်ခန္ဓာကိုယ် နှင့် အန္တိမအရိုးတို့ကို ပြီးဆုံးတိုင်အောင် သန့်စင်နိုင်ခဲ့ပြီး ဖြစ်သည်။

မဟာဧကရာဇ်နယ်ပယ်တွင် သူမ၏ပြိုင်ဘက်ကို ရှာဖွေရန်ခက်ခဲသလို ၊ တိုက်ပွဲသည်လည်း သူမအတွက်တော့ ထမင်းစားရေသောက်ကဲ့သို့ပင်။

ဝုန်း !!

ဟွိုင့်တွိုင့်ခန္ဓာကိုယ်ကို အစွမ်းကုန်အသက်သွင်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။

လော့ရန်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံး နတ်အလင်းများဖြင့် တောက်ပနေသည်မှာ အမြင့်မြတ်‌ဆုံးသော နတ်ဘုရားမကဲ့သို့ပင် ။

“မိုးကောင်းကင်း ကပ်ဘေးအလင်း!”

တိုးတိုးလေး ရွတ်ဆိုလိုက်သည်နှင့် ၊ သူမ၏ခန္ဓာကိုယ်မှ အဆုံးမရှိသော မူလရင်းမြစ် အမှတ်အသားများ ထွက်ပေါ်လာပြီး ၊ အဖျက်စွမ်းအားများရှိသော နတ်အလင်းတန်းများသည် ကွက်လပ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

{ T/N - မူလရင်းမြစ် အမှတ်အသား- နတ်ဘုရားတန်ခိုးနှင့်ဆိုင်သည့် အနှစ်သာရကို ကိုယ်စားပြုသော အမှတ်အသား }

ဝုန်း ! !

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်တစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ဖိနှိပ်ချုပ်နှောင်မှုကို ခံရပြီး အမုန်းတရားများဖြင့် သေဆုံးသွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ၊ ပန်းထွက်လာသော သွေးများသည် သူမ၏အဝတ်အစားများကို အနီရောင်အဖြစ် စွန်းထင်းခဲ့လေသည်။

အတိတ်က အလှတရားသည် ယခုအခိုက်အတန့်တွင် မြေအောက်ငရဲမှ ငရဲသားများကဲ့သို့ လူကို ကြောက်ရွံ့ထိတ်လန့်အောင် ပြုစားနေခဲ့သည်။

အပိုင်း(၅၃၂): ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်၊ နတ်ဘုရားဓမ္မကိုယ်ထည် (၂)

သူမ၏ လျစ်လျူရှုထားသော မျက်ဝန်းများသည် တုန်လှုပ်ခြင်းမရှိ တည်ငြိမ်နေသည်။

သူမသည် စူးချန်ကဲနှင့်အတူ မဟာလမ်းစဉ်၏ အထွပ်အထိပ်သို့ လျှောက်လှမ်းလိုပါက ၊ အလောင်းများပေါ်တွင် နင်းလျှောက်ရန်လိုပေသည်။

ဝှစ် !!

ထိုအခိုက်အတန့်တွင် ၊ မရေမတွက်နိုင်သော လှံများ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

လှံများသည် လော့ရန်ယွီဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။

“အတူတူ တတ်ကြမယ် ၊ ဒီခွေးမကို သတ်ပြီး ငါတို့ညီအစ်ကိုတွေအတွက် လက်စားချေမယ်”

လော့ရန်ယွီ၏ အရည်အချင်းသည် အရမ်းကို ပြောင်မြောက်လွန်းသည်။ ဟွိုင့်တွိုင့်ခန္ဓာကိုယ် နှင့် အန္တိမအရိုးကို ပိုင်ဆိုင်ထားသည့်အပြင် ကံကြမ္မာမဟာဧကရာဇ်မင်းအဖြစ် အောင်မြင်ထားပြီး မဟာဧကရာဇ် နယ်ပယ်တွင် သူမကို ယှဉ်နိုင်သူမရှိပေ။

ဝုန်း !!

သို့သော်၊ သူမထံသို့ လှံများ မကျရောက်လာမီ ၊ မီးလျှံများဖြင့် တောက်လောင်နေသော လက်သီးချက်များဖြင့် လှံများသည် အစိတ်စိတ်အမွှာမွှာ ချေမှုန်းခံလိုက်ရသည်။

ထို့နောက်တွင် လှံအပိုင်းအစများသည် ကြယ်များကြွေကျလာသကဲ့သို့ ကောင်းကင်အနှံ့ ကျဆင်းလာသည်။

တိုက်ခိုက်မှုကို စတင်ခဲ့သော အဓိပတိမင်း၏ခန္ဓာကိုယ်သည် ထိုလှံအပိုင်းအစများဖြင့် ပျားအုံကဲ့သို့ စေ့စေ့စပ်စပ် ထိုးဖောက်ခံလိုက်ရသည်။

နောက်ဆုံးတွင်၊ အလင်းပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ကာ ၎င်းသည် လုံးဝပျက်သုန်းသွားခဲ့လေ၏။

လော့ရန်ယွီနှင့် မနီးမဝေးတွင် ၊ တစ်ကိုယ်လုံး ရွှေရောင်အလင်းများဖြင့် တဖိတ်ဖိတ် တောက်ပနေသော ထိပ်တန်း မဟာဧကရာဇ်မင်းနှစ်ဦးသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

၎င်းတို့၏ ကိုယ်ပေါ်မှ ဖြာထွက်သော ရောင်ဝါသည် ဇီဝတားမြစ်နယ်မြေ၏ အဓိပတိမင်းများကို အဝေးသို့လွင့်ထွက်သွားစေသည့်အထိ အားကောင်းပေသည်။

ထိုသူတို့မှာ ကွေးယွမ် သူတော်စင် နယ်မြေ၏ ထိပ်တန်း သူတော်စင်ကိုယ်ထည်များဖြစ်သော လီဟောက်ထျန်း နှင့် ယဲ့လင်ထျန်းတို့ပင် ဖြစ်သည်။

လီဟောက်ထျန်းက လော့ရန်ယွီအား လှမ်းဆိုလိုက်သည်။

“ နတ်ဘုရားမ လော့ စိတ်ချ ၊ အဲ့လိုခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူတိုင်းကို ငါတို့ သတ်ပစ်မယ်”

“ ငါ အဆင်ပြေပါတယ်”

လော့ရန်ယွီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ ရှင်းယန် နဲ့ ဝူအာ ၊ ပြီးတော့ လင်အာ သူမတို့ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားက သိပ်မပြင်းထန်ဘူး ရှင်တို့ သူမတို့ကို ကောင်းကောင်း ကာကွယ်ပေးရမယ်”

၎င်းတို့အားလုံးသည် စူးချန်ကဲ၏ နောက်လိုက်များဖြစ်ကြပြီး ၊ စူးချန်ကဲ၏ခြေရာအတိုင်း နင်းလျှောက်ကာ ဤတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။

သူတို့ထဲက တစ်ယောက်ကို လက်လွတ်ဆုံးရှုံးခဲ့ရပါက ၊ စူးချန်ကဲ ဝမ်းနည်းသွားမည်ကို စိုးရိမ်မိသည်။

ထိုစကားကိုကြားတော့ လီဟောက်ထျန်း နှင့် ယဲ့လင်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးစိစိဖြင့် ကြည့်လိုက်ကြသည်။

“ လော့နတ်ဘုရားမ စိတ်မပူနဲ့၊ ပီချင်းရှ နဲ့ အရိုးဖြူ ပင်လယ် ဘုရင်မတို့ရဲ့ ဦးဆောင်မှုအောက်မှာ သူမတို့က စစ်နတ်ဘုရားမ မဟာမိတ်အဖွဲ့ဆိုပြီး ဖွဲ့စည်းလိုက်တာ အတော်လေးနှစ်သက်နေပုံပဲ”

“ သူမတို့ရဲ့ စုပေါင်းတိုက်ခိုက်မှုကို ဘယ်သူမှ ခံနိုင်ရည်မရှိဘူး “

“ စစ်နတ်ဘုရားမ မဟာမိတ်?”

လော့ရန်ယွီသည် အံ့အားသင့်သွားပြီး ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

မှန်၏။ စူးချန်ကဲ၏ နောက်လိုက်အမျိုးသမီးများသည်လည်း အလားတူ သန်မာကြသည်။ သူမတို့သည် ကံစွမ်းအားကို ချေးယူကာ ကံကြမ္မာ မဟာဧကရာဇ်မင်းအဖြစ် အောင်မြင်ခဲ့ကြသည်။ ဤခေတ်၏ ကံကြမ္မာကို မယှဉ်နိုင်သော်လည်း သို့သော် သာမန်မဟာဧကရာဇ်မင်းများထက် များစွာ အားကောင်းသည်။

အထူးသဖြင့် ၊ ထန်ဝူအာသည် မဟာဧကရာဇ် နယ်ပယ်အဆင့်ရှိသော သားရဲသုံးကောင်ကို ဆင့်ခေါ်နိုင်သည်။ ထို့ကြောင့် သူမသည် လေးယောက်တစ်ယောက် တိုက်ခိုက်နိုင်သည်။

အရိုးဖြူ ပင်လယ် ဘုရင်မသည် ရှေးကျသော ပါရမီရှင်ဟောင်းတစ်ဦး ဖြစ်သောကြောင့် သူမ၏ ကျင့်ကြံစွမ်းရည်သည် စူးချန်ကဲ ပြီးလျှင် ဒုတိယဖြစ်သည်။

သူမ၏ မြေအောက်လောက မှော်စွမ်းအားဖြင့် ပေါင်းစပ်လိုက်မည်ဆိုပါက ၊ သူမတစ်ယောက်တည်း စစ်မြေပြင်ကို လုံးဝ စိုးမိုးထားနိုင်သည်ဟု ဆိုနိုင်သည်။

မြင့်မြတ်သောဘုရင် ကိုယ်ထည်ပိုင်ရှင်ဖြစ်သည့် ပီချင်းရှသည်လည်း သူမ၏ သူတော်စင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအဆင့်ထိ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ဖြစ်သည်။ သူမ၏ အရည်အချင်းသာဆိုရင်ဖြင့် ပြောစရာပင်မလိုချေ။

သို့သော် ၊ လော့ရန်၏ စိတ်ခံစားချက်များမှာ အနည်းငယ်ရှုပ်ထွေးနေသည်။

လီဟောက်ထျန်း နှင့် ယဲ့လင်ထျန်းတို့၏ ပေါင်းစပ်အင်အားသည် စူးချန်ကဲ၏ နောက်လိုက်များကြားတွင် အသန်မာဆုံးဖြစ်သည်။

သို့သော် ဤလူနှစ်ယောက်သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော စစ်မြေပြင်တွင် သူမကို တိတ်တဆိတ် စောင့်ကြပ်ပေးနေခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲမှ သူမအတွက် စီစဉ်ပေးထားကြောင်းကို သိရှိနိုင်ပြီး ၊ ထို့ကြောင့် သူမသည် စိတ်လှုပ်ရှားခဲ့ရသည်။

လော့ရန်ယွီသည် မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် ပြိုးပျက်စွာ တောက်ပနေသော ဧကရာဇ်ရောင်ခြည်စက်ကွင်းကို ငေးကြည့်ရင်း သူမသည် တီးတိုးရေရွတ်လိုက်သည်။

“ ထျန့်တိ့... သူ့ကိုယ်ပိုင်ဒဏ္ဍာရီကို အမြဲတမ်း ဖန်တီးသွားလိမ့်မယ်လို့ ယုံကြည်တယ်...”

……

တစ်ချိန်တည်းမှာပင်။

ဓမ္မကာယကိုယ်ထည် ဖွဲ့စည်းပြီးသွားသည်နှင့်အမျှ ၊ မူလက ဇီဝတားမြစ်နယ်မြေမှ ခေါင်းဆောင်ခြောက်ဦး၏ ပြင်းထန်သော ဖိနှိပ်စွမ်းအားများသည် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

ယင်းအစား ၊ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။ ၎င်းတို့အားလုံးသည် စူးချန်ကဲမှ ဖွဲ့စည်းထားသော နတ်ဘုရားထံမှ အလွန်ကြောက်စရာကောင်းသော တန်ခိုးစွမ်းအားကို ခံစားလိုက်ရသည်။

“သေစမ်း... ဒီကလေးက ခုမှ ရှေးဧကရာဇ်နယ်ပယ်အဆင့်ပဲ ရှိသေးတာလေ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ဓမ္မကာယကိုယ်ထည်ကို ဖန်တီးနိုင်ရတာလဲ “

“ဟမ်! ဒီကလေး သန်မာတယ်ဆိုတောင် ဘာဖြစ်လဲ ၊ ငါတို့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလား!?”

“ဒီကလေး ပိုအားကောင်းပြလေလေ အကောင်း‌ဆုံးဖြစ်လေလေပဲ ၊ ငါတို့ သူ့ကိုသတ်ပြီးတာနဲ့ ငါတို့ရဲ့ နာမည်တွေက ခေတ်အဆက်ဆက် ကျော်ကြားနေလိမ့်မယ်!”

“…….”

စကားအချို့ပြောဆိုပြီးနောက် ၊

ခေါင်းဆောင်ခြောက်ဦးသည် အတူတကွ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ စူးချန်ကဲ ဖန်တီးထားသော နတ်ဘုရားဓမ္မကာယကိုယ်ထည်ကြီးသည် သူတို့အား ထိတ်လန့်စေသည့်အထိ ပြုစားနိုင်သည်။

၎င်းအား တစ်ချက်တည်း အပြီးမသတ်နိုင်ပါက ၊ နောင်တွင် ဒုက္ခများပေတော့မည်။

“ကောင်းကင်ဘုံသင်္ချိုင်း ၊ ဖွင့်!”

ဝေ့သုံတားမြစ်သခင် ဟုခေါ်သော ခေါင်းဆောင်တစ်ဦးက ဦးဆောင်ကာ ရှေ့သို့ခြေတစ်လှမ်း တိုးလာခဲ့သည်။

ကမ္ဘာမြေကြီးသည် အလွှာလိုက် ပြိုကျကာ ၊ အနန္တကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးသည် အက်ကွဲကြောင်းများမှ တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။

မှော်နက်သင်္ကေတများသည် အလွှာလိုက် တသိမ့်သိမ့် ရိုက်ခတ်လာကာ နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးကြားတွင် ကမ္ဘာကို ဖိနှိပ်ထားသော ဧရာမတံခါးကြီးတစ်ခု ပေါ်ထွက်လာသည်။

ထိုဧရာမ တံခါးပေါက်ကြီး ထွက်ပေါ်လာသည်နှင့်အမျှ ၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကြောင့် အာကာသဟင်းလင်းပြင်အတွင်း နက်ရှိုင်းသော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

“ပြစ်ဒဏ်သင့် သရဲမြစ်!”

တစ်ချိန်တည်းမှာပင်၊ တိ့ယွဲ့တားမြစ်သခင်သည် သူ၏လက်ကို မြှောက်တင်လိုက်ရာ ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်တန်ခိုးစွမ်းအားများသည် သူ၏လက်ဖဝါးထဲကနေ အလျှံအပယ် ထွက်ပေါ်လာသည်။

တခဏအတွင်း။

ကောင်းကင်ယံထက် တိမ်စိုင်များ လွင့်မျောလှုပ်ရှားလာသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အမှောင်မြစ်တစ်စင်းအဖြစ် စုဝေးသွားသလိုပင် ။

ယင်း၌ ကြောက်စရာကောင်းသော နတ်ဆိုးများ မရေမတွက်နိုင်အောင် ပေါက်ဖွားလာခဲ့ပြီး ၊ ၎င်းတို့သည် ပါးစပ်များကို ကျယ်ကျယ်ဖွင့်ကာ ဟောက်သံပြုလေသည်။

“ငရဲမီး!”

ဦးခေါင်းပေါ်ရှိ ချိုနှစ်ချောင်းပေါ်တွင် ငရဲမီးများဖြင့် လောင်မြိုက်နေသော မင်ကျုံတားမြစ်သခင်ဟုခေါ်သော အခြားတားမြစ်သခင်ကလည်း အလားတူ ပြင်းထန်သော တန်ခိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

သူ၏ ဧရာမ ငရဲဦးချိုအလယ်တွင်၊ နေလုံးကြီးကဲ့သို့ တောက်ပလောင်မြိုက်နေသော မီးလုံးကြီးတစ်ခု ရှ်ိနေသည်။

ထိုအရာသည် ခရမ်းနက် အရောင်များကို ထုတ်လွှတ်နေပြီး ၊ ၎င်း၏အလင်းရောင်အောက်သို့ ကျရောက်သော အရာများအားလုံးကို အဆုံးမရှိသော တွင်းနက်ကြီးထဲသို့ ဆွဲငင်နေပုံရသည်။

အပိုင်း(၅၃၃): မကြုံဖူးသော မှော်စွမ်းအား ၊ ဓမ္မကာယကိုယ်ထည်နှင့် တသားတည်း ပေါင်းစပ်ခြင်း

တားမြစ်သခင်ငါးဦးသည် တယောက်ပြီး တယောက် တိုက်ခိုက်လာကြပြီး ၊ ထိုနေရာတစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။

တစ်ချိန်တည်းမှာပင်၊ ၎င်းတို့ထဲတွင် အသန်မာဆုံးလည်း ဖြစ်သည့်အပြင် ခေါင်းဆောင်လည်း ဖြစ်သည့် ထျန်းရှောင်တားမြစ်သခင်က လက်ပိုက်ကြည့်မနေဘဲ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

“ ဟေးမင် သတ်ဖြတ်ခြင်းအစီအရင်!”

ထိုအခိုက်အတန့်တွင်၊ သူ့လက်ကို ဆန့်တန်းလိုက်သည်နှင့် ။

ဘုန်း --! !

မိုးမြေကြား ၊ထူးဆန်းသော အမှတ်အသားပုံစံများ ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီး ၊ ၎င်းတို့သည် ရှေးဟောင်းသတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို ဖွဲ့စည်းထားသကဲ့သို့ အချင်းချင်း ရောယှက်နေသည်။

၎င်းသည် ထူးဆန်းသော အလင်းရောင်များကို ထုတ်လွှတ်နေခဲ့သည်။ အလွန်လှပသော အလင်းရောင်တစ်ခု ဖြစ်သော်လည်း သို့သော် ၎င်းသည် အရာအားလုံးကို အနန္တဗလာအဖြစ်သို့ သန့်စင်ပေးနိုင်ပုံရသည်။

တားမြစ်သခင်ခြောက်ဦးသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲကာ တိုက်ခိုက်နေသော မြင်ကွင်းသည် တကယ်ကို ရင်သပ်ရှုမောစရာ ကောင်းသလို အတော်လေး ကြောက်စရာကောင်းပေသည်။

ထိုနေရာတစ်ခုလုံးသည် အမှန်တကယ်ကို မသွားရောက်သင့်သော တားမြစ်ဇုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျင့်ကြံမှု မလုံလောက်ဘဲ ထိုနေရာထဲသို့ ဝင်ရောက်လာပါက ၊ ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် ၎င်းတို့၏ ဝိညာဉ်များကို ချက်ချင်းလက်ငင်း ဖျက်စီးပစ်ပေလိမ့်မည်။

ထိုမြင်ကွင်းကြောင့် စူးချန်ကဲ၏ မျက်လုံးများသည် တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် တဖွားဖွား တောက်လောင်လာခဲ့သည်။

“ အစွမ်းကုန် တိုက်မယ်ပေါ့လေ?”

“ ကောင်းတယ် ၊ ဒါ ငါလိုချင်တဲ့အတိုင်းပဲ!”

ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်သည် ဟိုးအရင်ကတည်းက သူ သင်ယူထားခဲ့သော မှော်အတတ်ဖြစ်သည်။

သူတော်စင် ခန္ဓာကိုယ်များ၏ စွမ်းအားကို ဓမ္မကာယကိုယ်ထည်အဖြစ် ဖွဲ့စည်းကာ မိမိအလိုရှိသလို အသုံးချနိုင်သည်။

ယခု သူ့တွင် ၊ အုပ်စိုးရှင်ဘုရင် ကိုယ်ထည်လေးခု နှင့် ဗလာနိတ္ထိမျက်လုံးတော်၏ ပြိုင်ဘက်ကင်းသော နတ်ကိုယ်ထည် ရှိထားသည်။

အကယ်၍ သူသည် ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်ကို မူလရင်းမြစ်အဖြစ် အသုံးပြုကာ ဤသူတော်စင်ကိုယ်ထည် ငါးခု၏ စွမ်းအားများနှင့် ပေါင်းစပ်လိုက်ပါက ၊

တားမြစ်သခင်ခြောက်ဦးပင် မဆိုနှင့် ၊ ဆယ်ချီရှိတောင် စူးချန်ကဲသည် ၎င်းတို့ကို သတ်နိုင်မည်ဟု ယုံကြည်သည် ။

ဝီ! !

ထိုအချိန်တွင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ပြိုးပျက်စွာ ဝင်းလက်တောက်ပလာသည်။

ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်ကိုယ်ထည် လေးခု၏ တန်ခိုးစွမ်းအားများသည် သူ၏နောက်တွင် ရှိနေသော နတ်ဘုရားအသွင်နှင့် ဆက်သွယ်သွားခဲ့သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပလွန်းသော ကြယ်တာရာ၏ အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းလဲသွားပုံရသည်။ ၎င်း၏ခန္ဓာကိုယ်သည် ပို၍ မှိန်ဝါးလာကာ ဒဏ္ဍာရီထဲက ဝိညာဉ်ခွဲထွက်ခြင်းနှင့် ဆင်တူသည်။

အဆုံးတွင်၊ ၎င်းသည် သူ၏နောက်တွင် ရှိနေသော နတ်ဘုရား အသွင်နှင့် တသားတည်း ပေါင်းစပ်သွားခဲ့သည်။

“ချန်ကဲထျန်းတိ့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...!”

“ဒါက ဘယ်လိုလျှို့ဝှက်နည်းလမ်းလဲ၊ ကိုယ့်ရဲ့ ဓမ္မကာယကိုယ်ထည်နဲ့ ပေါင်းစပ်ဖို့ လုပ်နေတယ်? ဒီလိုမျိုးကို ငါ အရင်က ဘာလို့ မကြားဖူးတာလဲ?”

“ဒီလောက်ထိ အတင့်ရဲတာ ၊ တန်ပြန်သက်ရောက်မှုခံရမှာကို မကြောက်ဘူးလား?”

ဤနေရာထိ စူးချန်ကဲနှင့်လိုက်ပါလာခဲ့သော ကံကြမ္မာရှေးဧကရာဇ်မင်းများ၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

တာအိုဘာသာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့်တိုင်အောင် ၊ မည်သူတစ်ဦးတစ်ယောက်မှ ၎င်းတို့၏ ဓမ္မကာယကိုယ်ထည်နှင့် တစ်သားတည်း ပေါင်းစည်းကာ ၊ ဓမ္မကာယကိုယ်ထည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ကို တခါမှပင် မမြင်တွေ့ဖူးကြပေ။

အကယ်၍ ဓမ္မကာယကိုယ်ထည် ပျက်သုန်းသွားပါက ၊ စူးချန်ကဲသည်လည်း သေရပေမည် မဟုတ်လော။

“ဟွန်း! ခုလိုအချိန်မှာတောင် လှည့်ကွက်တွေ လာလုပ်နေသေးတယ် “

“သေစမ်း!”

မင်ကျုံ တားမြစ်သခင်က ဟောက်လိုက်သည်။ထို့နောက်တွင် ၊ သူ ဖန်တီးထားသော ငရဲမီးသည် စူးချန်ကဲဆီသို့ ချက်ချင်းပြေးဝင်လာသည်။

တဟုန်းဟုန်း တောက်လောက်နေသော ငရဲမီးသည် နိယာမစည်းမျဉ်းများကို အရည်ကျိုပစ်နိုင်သကဲ့သို့ အလွန်ကြောက်စရာကောင်းသည်။

ကံကြမ္မာ ရှေးဧကရာဇ်များပင်လျှင် အမူအရာများ ပြောင်းလဲကုန်ကြသည်။

“မကောင်းတော့ဘူး ၊ ချန်ကဲထျန်းတိ့ရဲ့ ပေါင်းစပ်မှု မပြီးသေးဘူး၊ သူ့ကို တားကြ!”

ဒါတောင် ၊ ၎င်းအား တားစီးနိုင်မလားဆိုတာ သူတို့အနေဖြင့် မသေချာပေ။

မင်ကျုံတားမြစ်သခင်သည် မသေမျိုးဘုရင်များထက် ပို၍သန်မာပြီး ၊ ထို့အပြင် သူသည် အစွမ်းကုန် ပေါက်ကွဲလာသောကြောင့် သူတို့အနေဖြင့် ၎င်းကို တားစီးဖို့ဆိုတာ မဖြစ်နိုင်ပေ ။

ဤအရေးကြီးသော အခိုက်အတန့်တွင်။

ဝီ! !

ကြီးကျယ်ခမ်းနားသော နတ်ဘုရား အသွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူသည် သက်ရှိထင်ရှားရှိနေသကဲ့သို့ တုနှိုင်းမယှဉ်နိုင်သော တန်ခိုးစွမ်းအားများဖြင့် ပြည့်စုံနေသည်။

သူ၏မျက်လုံးများသည် အလွန်တရာမျှ တောင်ပနေပြီး ၊ ဤအခိုက်အတန့်သည် သူသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးနှင့် တူသည်။

ဘုန်း ! !

တစ်ချိန်တည်းမှာပင် ၊ နတ်ဘုရား အသွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။

တစ်ကမ္ဘာလုံး ပြင်းထန်စွာ တုန်ခါနေပြီး ၊ မရေမတွက်နိုင်သော အက်ကြောင်းများသည် ဟိုးအဝေးဆုံး နေရာအထိ ဆက်တိုက် ပြန့်နှံ့သွားသည်။

နတ်ဘုရား အသွင်သည် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ငရဲမီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

“ဟမ် ၊ ငါကတော့ ဘာများလဲလို့ထင်နေတာ”

“ဓမ္မကာယ ကိုယ်ထည်နဲ့ ပေါင်းစပ်ပြီးတာတောင် ငါ့ရဲ့ မှော်အစွမ်းကို မယှဉ်နိုင်သေးဘူးမလား “

မင်ကျုံတားမြစ် သခင်က ဆိုလိုက်သည်။

“ငါ့မီးလျှံကို ထိတဲ့သူတိုင်း သေလိမ့်မယ်!”

သူ့စကားသံအဆုံးတွင် ၊

နတ်ဘုရားအသွင်သည် သူ၏ လက်တစ်ဖက်ကို မြှောက်တင်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူ၏လက်သည် ငရဲမီးနှင့် မထိတွေ့ရသေးခင် ၊

သူ၏ လက်ဖဝါးထဲမှ မှော်စွမ်းအားများ ထွက်ပေါ်လာခဲ့ရာ ၊ ဤကြောက်မက်ဖွယ်ရာ ငရဲမီးစွမ်းအားသည် တခဏချင်း ပြိုကွဲသွားခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားပေါက်ကွဲသံနှင့်အတူ ၊ ၎င်းသည် မရေမတွက်နိုင်သော မီးပွားများအဖြစ်သို့ ကောင်းကင်ယံမှ ကျဆင်းလာခဲ့လေသည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...!?”

မင်ကျုံ တားမြစ်သခင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ၎င်းသည် သူ ပေါင်းစပ်ဖွဲ့ထာသော မှော်စွမ်းအားကို လက်ဗလာဖြင့် ဆုတ်ဖြဲပစ်ခဲ့သည်။

“အမ်... မင်ကျုံ တားမြစ်သခင်ရဲ့ မှော်အစွမ်းကို စူးချန်ကဲရဲ့ ဓမ္မကာယကိုယ်ထည်က လက်တစ်ဖက်တည်းနဲ့ ချိုးဖျက်ပစ်သတဲ့လား!?”

ဇီဝတားမြစ်နယ်မြေရှိ မသေမျိုးဘုရင်တို့၏ နှလုံးသားများသည် ဤအခိုက်အတန့်တွင်၊ ရပ်တန့်သွားပုံရသည်။

မင်ကျုံ တားမြစ်သခင်၏ မှော်အစွမ်းသည် အတုအယောင်မဟုတ်။ ၎င်းသည် လောကရှိ အရာအားလုံးကို အရည်ပျော်သွားစေနိုင်ရုံသာမက လောကနိယာမများကိုလည်း သန့်စင်နိုင်သည်။

မဟာဧကရာဇ်၏ ဓမ္မကာယကိုယ်ထည်ဖြစ်လျှင်တောင် ၊ အရည်ပျော်ရန် မခဲယဉ်းပေ ။

“မကောင်းတော့ဘူး!”

“သူ့ကို မင်ကျုံနဲ့ မနီးကပ်စေနဲ့!”

တားမြစ်သခင်များက အော်ဟစ်လိုက်ကြသည်။

စူးချန်ကဲ၏ လက်ရှိအခြေအနေသည် ထူးဆန်းလွန်းသည်။ သူ့တစ်ကိုယ်လုံးကို နတ်ဘုရား၏ အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပြီး ၊ သူ ပေါက်ကွဲနိုင်သော ခွန်အားသည် သူတို့ခန့်မှန်းထားသည်ထက် သာလွန်နေခဲ့သည်။

အကယ်၍ သူသည် မင်ကျုံ တားမြစ်သခင်အား အင်အားအပြည့်ဖြင့် တိုက်ခိုက်လာပါက၊ ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည်မှာ သေချာသည်။

ဘုန်း ! !

ချက်ခြင်းပင်၊ တားမြစ်သခင် ငါးဦးသည် အချင်းချင်း လက်တွဲကာ ဝင်ရောက်စွက်ဖက်ခဲ့သည်။ ၎င်းတို့၏ လက်ဖဝါးထဲတွင် စုဝေးပေါင်းစပ်ထားသော စွမ်းအားသည် စူးချန်ကဲ၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။

ကမ္ဘာကို ဖိနှိပ်ထားသော ဧရာမတံခါးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဆောင်ကျဉ်းလျက် စူးချန်ကဲဆီသို့ ကျဆင်းသွားသည်။

ပြစ်ဒဏ်သင့် သရဲမြစ်အတွင်းရှိ မရေမတွက်နိုင်သော နတ်ဆိုးများသည် ပြင်းထန်စွာ ဟောက်သံပြုလျက် စူးချန်ကဲဆီသို့ ပြေးဝင်လာကြသည်။

ဟေးမင် သတ်ဖြတ်ခြင်းအစီအရင်သည်လည်း မှောင်မိုက်သော အာကာသမုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်း၏ကြောက်စရာကောင်းသော အဖျက် စွမ်းအားသည် ယိုယွင်းပျက်စီးမှုကိုပင် ချေမှုန်းပစ်နိုင်သည်။

……

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများသည် အရာအားလုံးကို ချောက်နက်ထဲသို့ ဆွဲချနေသည့်အလား ထူးဆန်းသော ကမ္ဘာကြီးတစ်ခု ဆင်းသက်လာပုံနှင့် တူသည်။

သို့သော်၊ နတ်ဘုရားအသွင်မှ ထုတ်လွှတ်သော အလင်းရောင်သည် အလွန်တရာမျှ တောက်ပလွန်းသည်။

၎င်းသည် အမှောင်ထုအားလုံးကို ဖျက်စီးနိုင်ပြီး သက်ရှိအားလုံးအတွက် မျှော်လင့်ချက်အသစ်တစ်ခုကို ဆောင်ကျဉ်းပေးနိုင်ပုံရသည်။

“ တားချင်တာလား”

နတ်ဘုရားအသွင်၏ အသံသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

“ငါ့ရဲ့ လက်သီးတစ်ချက်က နိယာမအားလုံးကို ချိုးဖျက်နိုင်တယ်!”

“ချိုးဖျက်!”

အပိုင်း(၅၃၄): တစ်ကိုယ်တည်း ဓားတစ်လက်တည်းဖြင့် တားမြစ်သခင်များကို သတ်ပစ်ခဲ့သည်

စူးချန်ကဲသည် သူ့ညာလက်သီးကို နောက်ပြန်အားယူပြီး ဆန့်ထုတ်လိုက်သည်နှင့် ၊

ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်စဉ်လေးခုသည် သူ့လက်သီးပေါ်တွင် စုဝေးရောက်ရှိလာသည်။

အဆုံးမရှိ တောက်လောင်နေသော မှော်သင်္ကေတများ ပျံထွက်လာပြီး ၊ ယင်းမှော်သင်္ကေတ တစ်ခုချင်းစီတိုင်းသည် မဟာလမ်းစဉ်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုနေသဟန်ပုံပေါ်သည်။

တားမြစ်သခင် ခြောက်ဦးကို တိုက်ခိုက်ရန် စူးချန်ကဲ ဖန်တီးထားသော မှော်စွမ်းအားသည် အတော်လေး ကြီးမားပေသည်။

မူလက စစ်မြေပြင်တွင် တိုက်ခိုက်နေကြသော မရေမတွက်နိုင်သော စစ်သည်တော်တို့သည် ဤအခိုက်အတန့်တွင်၊ ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ကာ ကြောင်တတ်တတ်ဖြင့် ကြည့်နေကြသည်။

သူတို့အားလုံးသည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားအသွင်ကို မျက်တောင်ပင်မခတ် စိုက်ကြည့်နေကြသည်။

သူတို့သည် ဤမျှကြီးမားသော တိုက်ပွဲကြီးကို လက်လွတ်မခံချင်ကြပေ။

နောက်အခိုက်တန့်တွင် ၊

နတ်ဘုရားအသွင်မှ ဆန့်ထုတ်လာခဲ့သော လက်သီးအလင်းသည် ပြင်းထန်စွာ ပေါက်ကွဲလျက် ၊ လောကကြီးတစ်ခုကို လင်းထိန်သွားစေခဲ့သည်။

ဝုန်း ! !

တားမြစ်သခင် ငါးဦး၏ မှော်စွမ်းအားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

သို့သော် နတ်ဘုရား၏ တန်ခိုးစွမ်းအားများ ပါဝင်နေသော မှော်သင်္ကေတများသည် ဤထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲမှုများကို အလွယ်တကူ ချေမှုန်းပစ်လိုက်ပြီး ၊၎င်း၏ကိုယ်ပိုင် စွမ်းအားဖြင့် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းမြင်ကွင်းများသည် ပေါက်ကွဲပျက်စီးလျက် ၊ ဟင်းလင်းပြင်အလွှာများကိုပင် ကွဲအက်စေကာ အမှုန်အမွှားများအဖြစ် လေထဲ၌ လွင့်မျောပျောက်ကွယ်သွားလေသည်။

တားမြစ်သခင်ငါးဦးမှ ပေါင်းစပ်ထားသော ကြီးမားသော မှော်စွမ်းအားသည် တခဏအတွင်း ချိုးဖျက်ခံလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကြောင့် ၎င်းတို့သည် အဝေးသို့ လွင့်ထွက်ကုန်သည်။

အချိန်အတိုင်းအတာ တစ်ခုထိ ၊ ၎င်းတို့သည် တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြောဆိုလာကြသည်။

“ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ...!”

သူတို့ငါးယောက်စလုံး ဝိုင်းပြီးတိုက်ခိုက်တာ စူးချန်ကဲကိုတောင် မနိုင်ဘူးတဲ့လား!?

တစ်ချိန်တည်းမှာပင်၊ နတ်ဘုရားအသွင်သည် မင်ကျုံတားမြစ်သခင်၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

သူ၏ အေးစက်သောအကြည့်တစ်ချက်သည် အလွန်အစွမ်းထက်သော မင်ကျုံတားမြစ်သခင်ကိုပင် တုန်လှုပ်ချောက်ချားသွားစေသည်။

လက်သီးတစ်ချက်တည်းဖြင့် နိယာမအားလုံးကို ရိုက်ချိုးပစ်ခဲ့သည်။

လက်သီးတစ်ချက်တည်းဖြင့် တားမြစ်သခင်ငါးဦး၏ ပေါင်းစပ်မှော်အစွမ်းကို အမှန်တကယ်ပင် ချိုးဖျက်ပစ်ခဲ့သည်။

ဝုန်း ! !

ထို့နောက် ချက်ချင်းပင်၊ ပိုမိုပြင်းထန်သော ဓားစွမ်းအင်မုန်တိုင်းသည် နတ်ဘုရားအသွင်မှ တစ်ဖန် ထွက်ပေါ်လာသည်။

ကြီးကျယ်ခမ်းနားသော ဓားအလင်းများသည် တရွေ့ရွေ့ လှုပ်ရှားလည်ပတ်နေပြီး အဆုံးတွင် အလွန် ကြောက်စရာကောင်းသော ဓားစွမ်းအင်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

နတ်ဘုရားအသွင်သည် သူ့လက်ကို ဆန့်တန်းလိုက်သည်နှင့် ပြိုးပျက်စွာ တောက်ပသော ရွှေရောင်ဓားရှည်တစ်လက်သည် သူ့လက်ထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာသည်။

“ပထမ တစ်ယောက်”

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ အေးစက်သောအသံသည် နတ်ဘုရားအသွင်ထံမှ ထွက်ပေါ်လာသည်။

ဝုန်း ——!!

စူးရှတောက်‌ပသော ဧကရာဇ်တန်ခိုးစွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်နှင့်အမျှ၊ မိုးကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသော နတ်ဘုရားအသွင်ပုံရိပ်ကြီးသည် သူ၏ဓားကို ကိုင်မြှောက်လျက် မင်ကျုံတားမြစ်သခင် တည်ရှိရာနေရာဆီသို့ ပြေးဝင်သွားသည်။

ရွှမ်း! !

ဓားအလင်းများသည် တဖျပ်ဖျပ် လင်းလက်လို့နေကာ ၊ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားသော ဓားအရိပ်များသည် ငါးအုပ်ကြီးသဖွယ် အဓိကဓားရောင်ခြည်ကို ဝန်းရံထားသည်။

တခဏအတွင်း ၊ မိုးမြေကြားတွင် အလင်းတန်းရှည်ကြီး ထွက်ပေါ်လာသည်။

နက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော အာကာသအက်ကွဲကြောင်းသည် အရာအားလုံးကို ဝါးမျိုတော့မည့်အတိုင်း ၊ ၎င်းမှ ပေါက်ကွဲထွက်လာသော နတ်အလင်းမုန်တိုင်းသည် လမ်းစဉ်အားလုံးကို ချေမှုန်းဖြိုခွင်းလိုက်သည်။

ဤကြောက်စရာကောင်းသော ဓား၏အလယ်တွင်ရှိနေသည့် မင်ကျုံတားမြစ်သခင်သည် ဆုတ်စရာလမ်း မရှိမှန်း သင်သိထားရမည်။

ဟိန်းဟောက်အသံတစ်ချက်နှင့်အတူ၊ သူ၏ခန္ဓာတစ်ခုလုံးမှ မည်းနက်နေသော အလင်းများ အလျှံပယ်ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့် သူ၏လက်ဖဝါးထဲတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အရည်ပျော်သွားစေနိုင်သည့် ငရဲမီးလုံးကြီးတစ်ခုကို တစ်ဖန်ပြန်လည်စုစည်းခဲ့သည်။

နောက်ဆုံးတွင်၊ ၎င်းသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန်ကြိုးစားခဲ့သည်။

သို့သော်လည်း၊ ကြီးမားသော ဓားစွမ်းအင်လှိုင်းလုံးကြီးသည် ငရဲမီးလုံးကြီးကို တခဏချင်း ကွဲကြေသွားစေပြီး ၊ နဂါးငွေ့တန်းကဲ့သို့ ရှည်လျားသောဓားစွမ်းအင်မြစ်သည် မင်ကျုံတားမြစ်သခင်ကို တိုက်ရိုက်ထိမှန်သွားသည်။

အဆိုပါ အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင်၊ မင်ကျုံတားမြစ်သခင်၏ ခန္ဓာကိုယ်သည် စာရွက်တစ်ရွက်ကဲ့သို့ တခဏအတွင်း စုတ်ဖြဲခံလိုက်ရသည်။

နာကျည်းမှုများဖြင့် မင်ကျုံတားမြစ်သခင်သည် နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

ဘုန်း ! !

ဓားစွမ်းအင်များ ထပ်မံပေါက်ကွဲသံနှင့်အတူ ၊ မင်ကျုံတားမြစ်သခင်၏ ဝိညာဉ်သည် တစ်စစီပြန့်ကျဲကာ သေဆုံးသွားသည်ကို လူတိုင်းမြင်လိုက်ရသည်။

သူ ကျဆုံးချိန်အတွင်း ၊ အခြားတားမြစ်သခင်ငါးဦးစလုံး ဝင်စွက်ဖက်ရန်အချိန်မရလိုက်ပေ။

မဟုတ်သေးဘူး ! တစ်နည်းအားဖြင့် ဆိုရသော်၊ သူတို့အားလုံးသည် ဝင်ရောက်မစွက်ဖက်ဝံ့သည်ဟု ဆိုရပေမည်။

အကယ်၍ စူးချန်ကဲကို နှိုးဆော်ဝံ့ပါက ၊ မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ ဤသည်မှာ ပညာရှိသော လုပ်ရပ်မဟုတ်ပေ။

လူတိုင်း တုန်လှုပ်နေသည်။

တားမြစ်သခင်များမှာမူ ၊ ‌တစ်ခေါင်းလုံး ပူထူလာကာ အသက်ရှုရပ်မတတ် ဖြစ်ခဲ့ရသည်။

တိုက်မြေ သုံးထောင်မှ စွမ်းအားရှင်များသည် ယခုမှပင် အသက်ရှုချောင်ကာ ၊ ၎င်းတို့၏ မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

တစ်ချက်တည်းဖြင့် တားမြစ်သခင်တစ်ဦးကို သတ်ပစ်ခဲ့သည်။

ဤသည်မှာ ၎င်းတို့ တိုက်မြေသုံးထောင်၏ ထာဝရ ထျန်းတိ့ပင်တည်း။

ထိုအချိန်တွင်၊ နတ်ဘုရားအသွင်သည် တစ်ဖန်ဦးမော့လာပြီး တားမြစ်သခင်ငါးဦးကို ကြည့်လိုက်သည်။

“အခု မင်းတို့အလှည့်ပဲ “

ထိုစကားများ ထွက်လာသည်နှင့် ၊ စူးချန်ကဲ ထိန်းချုပ်ထားသော နတ်ဘုရားအသွင်သည် ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သည် ။

သူ၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်လွန်းသဖြင့် အရိပ်အယောင်ပင် မမြင်လိုက်ရဘဲ ကောင်းကင်၌ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းစီးကြောင်း တစ်ခုသာ ကျန်ရစ်ခဲ့သည်။

တစ်ဖန်ပြန်ပေါ်လာသောအခါတွင် ၊ စူးချန်ကဲသည် သူ၏နတ်ဓားကို ကိုင်မြှောက်လျက် တိ့ယွဲ့တားမြစ်သခင်၏ ခေါင်းကို ခုတ်ထစ်နေပြီ ဖြစ်သည်။

တိ့ယွဲ့ တားမြစ်သခင်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ၊ သူ၏လက်နှစ်ဖက်ကို မြှောက်တင်လိုက်သည်။ ထိုလက်များပေါ်တွင် မှော်နက်သင်္ကေတများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဆက်လက်၍ ၊ မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်သည့် ဧရာမ လက်ဝါးသဏ္ဍာန်အရိပ်ကြီး ပေါ်ထွက်လာကာ အထက်ကနေ ကျဆင်းလာသော စူးချန်ကဲ၏ ဓားစွမ်းအင်ကို တားစီးရန်ကြိုးပမ်းခဲ့သည်။

ဓားစွမ်းအင်နှင့် အတူ ၊ သူတော်စင်ကိုယ်ထည်လေးခု၏ တန်ခိုးစွမ်းအားများအောက်တွင် ၊ အဆိုပါ လက်ဝါးရိပ်ကြီးသည် ချက်ချင်းဆိုသလို ကွဲအက်သွားခဲ့သည်။

အနက်ရောင် အက်ကွဲကြောင်းများက နေရာအနှံ့ ဆက်တိုက် ပြန့်နှံ့သွားပြီး ၊ ထိုအက်ကြောင်းများအတွင်းမှ ထိုးထွက်လာသော ပြင်းထန်သော စွမ်းအားသည် မိုး‌မြေတစ်ခွင် ဖျက်စီးလို့နေသည်။

ဓားတစ်လက်၏စွမ်းအားကို မည်သူမျှ မတားစီးနိုင်ခဲ့ပေ ။

ဘုန်း ! !

ထပ်မံထွက်ပေါ်လာခဲ့သော မြေကြီး တုန်ခါသံများနှင့်အတူ ၊

တိ့ယွဲ့တားမြစ်သခင်သည် ဒေါသူပုန်ထကာ အော်ဟစ်လိုက်သည်။

ကောင်းကင်ပမာ ကြီးမားသောရုပ်သွင်ကြီးသည် တုနှိုင်းမရသော ဓားစွမ်းအင်များ၏ ရှေ့မှောက်တွင် ၊ ခုခံရန်အင်အားမရှိခဲ့သလို‌ လေထဲတွင် ပျောက်ကွယ်သွားသည် ။

ယခင်က မြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်စေသည်ဟု ဆိုရလျှင်ဖြင့် ၊ ယခုမြင်ကွင်းသည် လူတိုင်း၏နှလုံးကို ရပ်တန့်သွားစေကာ ခဏတာ ဦးနှောက်လွတ်သွားခဲ့ရသည်ဟုပင် ဆိုရပေတော့မည်။

အရမ်းကိုသန်မာလွန်းတယ်!

ကျန်ရှိနေသေးသော တားမြစ်သခင်များ၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။ စူးချန်ကဲ၏ ခွန်အားသည် ၎င်းတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။

သူတစ်ကိုယ်တည်း ဓားတစ်လက်တည်းဖြင့် ၊ တခဏချင်း တားမြစ်သခင်နှစ်ဦးကို​ ​ ပြာချပေးခဲ့သည်။

ထိုးနှက်မှုတိုင်းသည် အလွန်ပြင်းထန်သည်။ တဖက်လူသည် မည်မျှကြီးမားသော မှော်စွမ်းအားများကို ထုတ်သုံးလာပါစေ ၊ သေခြင်းတရား၏ ကံတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။

“အတူတူလုပ်ဆောင်ကြမယ်!”

ထျန်းရှောင်တားမြစ်သခင်က ‌ ဒေါသတကြီး ဆိုလိုက်သည်။

“ ဝ်ိညာဉ်အတတ်ကို သုံးပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို ဖျက်စီးကြမယ်!”

ထိုစကားများ ထွက်လာသည်နှင့် ။

အခြားတားမြစ်သခင်သုံးဦး၏ မျက်လုံးများသည် တောက်ပလာသည်။ စူးချန်ကဲသည် လျို့ဝှက်နည်းလမ်းကို အသုံးပြုကာ နတ်ဘုရားအသွင်သဏ္ဍာန် ပုံရိပ်နှင့် သူ့ကိုယ်သူ ပေါင်းစည်းခဲ့သည်။

နတ်ဘုရားအသွင်သည် တုနှိုင်းမယှဉ်နိုင်သည့်အထိ အားကောင်းသော်လည်း ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်သည် နတ်ဘုရားအသွင်နှင့် ယှဉ်နိုင်သည်ဟု မဆိုလိုချေ။

နတ်ဘုရား အသွင်သဏ္ဍာန်ပုံရိပ်ထဲက စူးချန်ကဲကို ဖျက်ဆီးဖို့ ဝိညာဉ်ဆိုင်ရာ မှော်အတတ်များကို အသုံးပြုလျှင်ဖြင့် ဤနတ်ဘုရားအသွင်သည် သူ့အလိုအလျောက် ပျောက်ကွယ်သွားပေလိမ့်မည်။

“အတူတူ တိုက်ကြမယ်!”

ထျန်းရှောင်တားမြစ်သခင်၏ ခန္ဓာကိုယ်ထဲမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ၊ အာကာသမုန်တိုင်းသည် သူ၏ ဘေးပတ်ပတ်လည်တွင် တိုးဝင်ရိုက်ခတ်လာသည်။

သူ၏လက်ထဲတွင် လွန်စွာမည်းနက်သော ဓားကြီးတစ်လက် ထွက်ပေါ်လာပြီးနောက် ၊ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဘုန်း ! !

စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်သော ကြောက်ခမန်းလိလိ ဓားစွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊ ၎င်းသည် နတ်ဘုရားအသွင်၏ ဦးခေါင်းကို ခုတ်ပိုင်းရန် အပြင်းအထန် ပြေးဝင်လာခဲ့သည်။

“ ကောင်းကင်သင်္ချိုင်း မျှော်စင် ၊ နှိပ်ကွပ်!”

အောက်သာတားမြစ်သခင်ဟု ခေါ်ဆိုသော တားမြစ်သခင်တစ်ဦးသည် သူ၏ သက်စောင့်လက်နက်ကိုပင် အသုံးပြုလာခဲ့သည်။ ကောင်းကင်နှင့် နေကိုပင် ပိတ်ဆို့ထားနိုင်သည့် အနက်ရောင် ကိုးထပ်မျှော်စင်သည် ကောင်းကင်တွင် ဆိုင်းငံ့အနေအထားဖြင့် ရှိနေသည်။ သူ၏ လှည့်ပတ်မှုတိုင်းသည် ဟင်းလင်းပြင်အလွှာများကို ဖျက်စီးပစ်နိုင်သည်။

ကွေရှား တားမြစ်သခင်သည်လည်း အလားတူ ရှေးခေါင်းလောင်း တစ်လုံးကို ဆင့်ခေါ်ခဲ့သည်။ ၎င်းမှ အလွန်ရှေးကျသော မြည်ဟိန်းသံများ ထွက်ပေါ်နေခဲ့သည်။

သို့သော် အသံသည် ပို၍ ပျံ့နှံ့လာသည်နှင့်အမျှ ၊ အာကာသထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ တွင်းနက်ကြီးကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။

ထိုအက်ကြောင်းများထဲမှ အရိုးဖြင့်ပြုလုပ်ထားသော လက်မည်းများထွက်ပေါ်လာပြီး ၊ နတ်ဘုရားအသွင်၏ ခေါင်းကို ဖြုတ်ယူရန်ကြိုးပမ်းလေသည်။

…….

တားမြစ်သခင်လေးဦး၏ စွမ်းအားသည် ယခင်ကထက် ပို၍အားကောင်းလာပြီး ၊ ၎င်းတို့သည် အစွမ်းကုန်တိုက်ခိုက်လာကြသည်။

စူးချန်ကဲ မသေရင် ၊ သူတို့သေလိမ့်မည်။

အစွမ်းကုန်တိုက်ခိုက်မှသာလျှင် ၊ အသက်ရှင်ရန် အခွင့်အလမ်း ရှိလာနိုင်ပေဦးမည်။

“မကောင်းတော့ဘူး ၊ ချန်ကဲထျန်းတိ့ကို ကာကွယ်ကြ!”

ကံကြမ္မာ ရှေးဧကရာဇ်မင်းတို့သည် ဝင်စွက်ဖက်ရန် ဟန်ပြင်လိုက်စဉ် ၊

ဝုန်း !!

“ စူးချန်ကဲကို ကူညီချင်တာလား”

“ငါတို့ သဘောတူလားလို့ မေးကြည့်ဦး!”

ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင်များက ၎င်းတို့အား ပိတ်ဆို့တားစီးခဲ့သည်။

“သွား! သူတို့ကို သတ်!”

တိုက်မြေ သုံးထောင်၏ ကံကြမ္မာ ရှေးဧကရာဇ်မင်းများသည် မှုန်ကုတ်သွားကြသည်။ ချက်ချင်းပင် ၊ ၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို အသက်သွင်းကာ မသေမျိုးဘုရင်များနှင့် တိုက်ခိုက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ၊ တားမြစ်သခင်လေးဦးသည်လည်း အစွမ်းကုန်ပေါက်ကွဲကာ တိုက်ခိုက်လာကြသည်။

နတ်ဘုရားအသွင်က သူ၏နတ်ဓားကို ကိုင်မြှောက်ကာ ဤစကားတစ်ခွန်းကို ရေရွတ်ခဲ့သည်။

“ဒီဓားနဲ့ ငါ မင်းတို့ကို ပို့ဆောင်ပေးလိုက်မယ်!”

All Chapters