အခန်း (၅၃၅-၅၃၆)
Vol. 39 Ch. 535-536
အပိုင်း(၅၃၅): အရှင်အပေါင်းတို့....အိမ်ပြန်ကြရအောင်
ပြိုးပျက်စွာ တောက်ပနေသော နတ်ဓားမှ အလွန်တရာမျှ စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
ဝုန်း !!
တစ်ချိန်တည်းမှာပင်။
နတ်ဘုရားအသွင်မှ ကြောက်ခမန်းလိလိ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ၊ ၎င်း၏ အရေပြားမျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ဓားမှော်သင်္ကေတများ သက်ဝင်လှုပ်ရှားနေသည်။
ဝီ!!
တိုက်မြေ သုံးထောင်တစ်ခုလုံး၏ ဓားဆန္ဒများသည် ဤနတ်ဘုရားအသွင်တွင် လာရောက်စုဝေးနေပုံရသည်။
ဓားစွမ်းအင်လှိုင်းတံပိုးများသည် တချွင်ချွင်ဖြင့် လှုပ်ခါနေပြီး ၊ ထိုအရပ်ရှိ အာကာသဟင်းလင်းပြင်၌ မရေမတွက်နိုင်သော အက်ကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။
“ အစွမ်းကုန် အတူတကွတိုက်ခိုက်ကြမယ်!”
ကျန်ရှိသော တားမြစ်သခင်တို့မှာမူ ၊ ဘာကိုမှ အလေးအနက် မစဉ်းစားနိုင်တော့ချေ။ အလွန်ကြီးမားသော တန်ခိုးစွမ်းအားများကို ဆောင်ကျဉ်းထားသော ၎င်းတို့၏ ဧရာမလက်ကြီးသည် ပျက်စီးခြင်း၏ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကဲ့သို့ စူးချန်ကဲဆီသို့ ပြင်းထန်စွာ ကျဆင်းလာသည်။
၎င်းသည် စူးချန်ကဲ၏ ပိုမိုပြင်းထန်သော စွမ်းအားပေါက်ကွဲမှုကို တားဆီးနိုင်ပေမည်။
သုံ့ချွဲ တားမြစ်သခင်သည် ၎င်း၏မူလရင်းမြစ် စွမ်းအားကိုပင် လောင်မြိုက်ခဲ့သည်။
တခဏချင်းမှာပင် ၊ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ကြယ်တာရာများသည် ပုံပျက်သွားသည်။
မူလက ကောင်းကင်ကြီးကိုပင် ဖုံးအုပ်ထားသော ကမ္ဘာကိုဖိနှိပ်ထားသော ဧရာမတံခါးကြီးသည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
အနန္တဗလာလောကကို ဆက်သွယ်ထားသော တံခါးပေါက်ကြီး တစ်ခုသဖွယ် အထဲ၌ လျို့ဝှက်ဆန်းကြယ်သော မန္တာန်များ သက်ဝင်လှုပ်ရှားနေပြီး ၊ ဟေးမြစ်ကြီးသည် ညည်းညူနေကာ ကံကြမ္မာဘီးများ လည်ပတ်နေသည်။
၎င်းမှ ဖြာကျလာသော အနက်ရောင်အလင်းတန်းများသည် စူးချန်ကဲ ရှိရာ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းကာ ချုပ်နှောင်ထားလေသည်။
“ ချန်ကဲ ထျန်းတိ့!”
ဤအခိုက်အတန့်တွင်၊
စစ်မြေပြင်ရှိ လူတိုင်း၊ တိုက်မြေ သုံးထောင်၏ သက်ရှိသတ္တဝါအားလုံးတိုင်းသည် ထိုနေရာကို တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေကြသည်။
ဤအခိုက်အတန့်ကို လွတ်ချော်သွားမည်ကို စိုး၍ လူတိုင်း တချက်ကလေးမှ အကြည့်မလွဲနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ ထိန်းချုပ်ထားသော နတ်ဘုရားအသွင်သည်လည်း လှုပ်ရှားလာခဲ့သည်။
တင်းတင်းစေ့ထားသော သူ၏မျက်လုံးများသည် ရုတ်တရက်ပွင့်လာသည်။
“ဓားတစ်လက်...”
ဝုန်း ! !
ဓားစွမ်းအင်သည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ဓားစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လွင့်မျောနေသော ကြယ်အပိုင်းအစများပင်လျှင် အမှုန့်အဖြစ်သို့ ကြွေမွသွားလေသည်။
“ အတိုင်းအဆမရှိသော!”
စူးချန်ကဲသည် အော်ဟစ်လိုက်သည်။
ထို့နောက်တွင် အတောက်ပဆုံးသော ဓားတစ်လက် ပေါ်ထွက်လာသည်။
အကန့်အသတ်မဲ့ ဓားစွမ်းအင်သည် တားမြစ်သခင်လေးဦးရှိရာ ဦးတည်ရာဘက်ဆီသို့ ပြေးဝင်သွားပြီး ၊ ဓားလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတတို့သည် တဟုန်ထိုး လူးလိမ့်ရိုက်ခတ်နေသည်။
သိပ်သည်းထူထပ်သော ဓားအလင်းသည် ဤကမ္ဘာကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ ၊ ဓား၏ ဖိနှိပ်စွမ်းအားများသည် ကောင်းကင်ယံမှ ပြင်းထန်စွာ ကျဆင်းလာသည်။
သိပ်သည်းထူထပ်သော ထိုဓားအလင်းမှတဆင့် သက်ဝင်လှုပ်ရှားနေသော အဆုံးမဲ့ ဓားအလင်းများအဖြစ် ကွဲထွက်ပြန့်ကျဲကုန်သည်။
ဓားအလင်း တစ်ခုချင်းစီတိုင်းသည် အချိန်နှင့်အာကာသကို ဖြတ်တောက်ပစ်နိုင်ပုံရကာ လောကရှိနိယာမများကို ပျက်သုဉ်းသွားစေနိုင်သည်။
ပြောင်းလဲလှုပ်ရှားမှုကြားတွင် ၊ ဓားအလင်းများသည် အဆက်မပြတ် ပေါင်းစပ်လျက်ရှိသည်။
တစ်ခုနှင့် တစ်ခု တိုက်မိကြပြီး အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေကာ ၊ အရာအားလုံးသည် ဓားသမုဒ္ဒရာထဲသို့ ဆွဲငင်ခံလိုက်ရပုံပေါ်သည်။
နတ်ဘုရားအသွင်သည် ဤဓားသမုဒ္ဒရာထဲတွင် တစ်ခုတည်းသော အရှင်သခင်ကဲ့သို့ပင်။
ပြိုးပျက်စွာ တောက်ပနေသော ဓားကို သူ့လက်ထဲတွင် မြှောက်ကိုင်ထားပြီး ၊ ဓားလမ်းကြောင်းတစ်ခုလုံးကို တပြေးညီ အုပ်စိုးလျက်ရှိသည်။
ဓား၏ တုန်ဟီးသံသည် မရဏဘုံကြီးတစ်ခုလုံးပင် တုန်လှုပ်ချောက်ချားရသည်။
ဓား၏ လှုပ်ရှားမှုသည် မိုးမြေတစ်ခုလုံး တည်ငြိမ်မှုပျက်ရကာ ၊ အရာအားလုံးကို ချုပ်ငြိမ်းလေသည်။
ဝုန်း ဝုန်း ! !
တားမြစ်သခင်လေးဦး၏ နောက်ဆုံးသော စုပေါင်းအင်အားသည် မိုးမြေကို ဖောက်ထွင်းဝင်ရောက်လာသော ဤဓားရှည်ကြီး၏ ရှေ့မှောက်တွင် မှေးမှိန်ပျောက်ကွယ်သွားသည်။
သို့သော် သူတို့သည် ဤကဲ့သို့ ပျောက်ကွယ်ရမည်ကို လက်မခံနိုင်ဘဲ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေသော ဧကရာဇ်တန်ခိုးစွမ်းအားများကို အပြည့်အဝ ထုတ်သုံးလာခဲ့သည်။
မူလရင်းမြစ် စွမ်းအားကိုပင် လောင်မြိုက်ခဲ့ကြသည်။
သူတို့သည် ဤအကန့်အသတ်မဲ့ ဓားအလင်းကို အပြင်းအထန် ခုခံလိုသည်။
သို့သော်၊ ဤအရာအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
သူတို့၏ ခန္ဓာကိုယ်များသည် အဆက်မပြတ် ကွဲအက်လာကာ သွေးမည်းများ ပန်းထွက်လေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို အနီရောင်အဖြစ် ဆေးခြယ်ခဲ့လေသည်။
“အား!!!”
“ဘာလို့လဲ...!
အသန်မာဆုံး ထျန်းရှောင်တားမြစ်သခင်မှလွဲ၍ ၊
အခြားသော တားမြစ်သခင်သုံးဦးသည် အကန့်အသတ်မရှိသော ဓားစွမ်းအင်လှိုင်းတံပိုးများ၏ ဝါးမျိုဖျက်စီးခြင်းကိုခံခဲ့ရသည်။
ထျန်းရှောင် တားမြစ်သခင်သည် အနည်းငယ် ပဟေဋ္ဌိဖြစ်နေသည်။ ထိုထူးဆန်းသော အသံပိုင်ရှင်သည် သူတို့အား စိုးရိမ်စရာမလိုဘဲ အစွမ်းကုန်တိုက်ခိုက်ရန် ပြောခဲ့သည် မဟုတ်လော။
အရေးကြီးတဲ့အခိုက်အတန့်တွင် ၊ မိမ်ိတို့၏ အသက်ကို ကာကွယ်ပေးမည်ဟုတောင် ပြောခဲ့သည်။
ယခု သေရေးရှင်ရေးအခြေအနေမှာတောင် အဘယ့်ကြောင့် မလှုပ်ရှားသေးသနည်း။
ဝုန်း ! !
ပြင်းထန်သော ဓားအလင်းသည် သူတို့၏ခန္ဓာကိုယ်များကို အပိုင်းပိုင်းခွဲ၍ ဖျက်ဆီးပြီးသည့်တိုင်အောင်၊ မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ပေ။
ထျန်းရှောင် တားမြစ်သခင်သည် နောက်ဆုံးတွင် နားလည်သွားသည်။
အစမှအဆုံး ၊ မိမိတို့၏ ဇီဝတားမြစ်နယ်မြေသည် ကြောက်ဖို့ကောင်းသော အင်အားစုနှစ်ဖွဲ့ကြားက ကစားပွဲတွင် ကျားစေ့ဖြစ်လာပုံရသည်။
ယခုအခါတွင် ၊ တဖက်လူ၏ ရည်မှန်းချက်အတိုင်း အောင်မြင်သွားခဲ့ပြီ ဖြစ်ပြီး ၊ ၎င်းတို့၏ ဇီဝတားမြစ်နယ်မြေ၏ တန်ကြေးမှာလည်း ဆုံးရှုံးခဲ့ရချေပြီ။
“ ခွေးကောင်!!! မင်းကို မီးရှို့ပစ်မယ်!!!”
ထျန်းရှောင် တားမြစ်သခင်သည် ပြန်အသိကပ်လာချိန်တွင် ၊ သူသည် ဒေါသတကြီး ကျိန်ဆဲလေတော့သည်။
ခွေးမသား ! ပြောတော့ အရေးကြီးတဲ့အခိုက်အတန့်မှာ ကူညီပေးမယ်ဆို?
ဘာအသံမှတောင် မကြားရဘူး!
သူတို့ လုံးဝရှုံးသွားပြီးမှန်း ထျန်းရှောင်တားမြစ်သခင်လည်း သိသည်။
သူတို့၏ ဇီဝတားမြစ်နယ်မြေသည် အပြီးတိုင် ပျက်သုန်းရပေတော့မည်။
“ငါ.. မကျေနပ်ဘူး!!!!”
စူးစူးဝါးဝါး အော်သံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။
ဤသို့ဖြင့် ၊ နောက်ဆုံးလက်ကျန် ဖြစ်သော တားမြစ်သခင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ပြီး ၊ စိတ်ဝိညာဉ်များ ပြန့်ကျဲကာ သေဆုံးသွားလေတော့သည်။
……..
တစ်ချိန်တည်းမှာပင်။
ဤသတ်ဖြတ်မှု မြင်ကွင်းကြီးပြီးဆုံးသွားပြီးနောက် ၊
နတ်ဘုရားအသွင်သဏ္ဍာန် ရုပ်ထုကြီးသည်လည်း သူ၏စွမ်းအားများ ကုန်ဆုံးသွားပုံရပြီး၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် အပိုင်းပိုင်း အက်ကွဲလာသည်။
အဆုံးတွင် ၊ အလင်းမိုးများအဖြစ် ရွာသွန်းချကာ ထိုနေရာရှိတစ်ခုလုံးကို အနည်းငယ် မှုန်ဝါးသွားစေသည်။
ဤအခိုက်အတန့်တွင်၊
ကမ္ဘာကြီးတစ်ခုလုံး တ်ိတ်ဆိတ်ငြိမ်သက်နေသည်။
လူတိုင်း ထိုနေရာဆီသို့ မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
ဟူး—
လေပြေများ၏ တိုက်ခတ်မှုအောက်တွင်
ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသော ကြယ်စင်များသည် လွင့်စင်သွားသည်။
တောက်ပနေသော မြူခိုးငွေ့များကြား အဖြူရောင်ရုပ်သွင်ကို လူတိုင်း မြင်လိုက်ရသည်။
လူတိုင်း၏ မှတ်ဉာဏ်ထဲကအတိုင်း ။
ဆံနွယ်များသည် လေထဲတွင် မျောလွင့်နေကာ အဖြူရောင် ဝတ်ရုံပေါ်တွင် အစက်အပြောက် ဟူ၍ တစ်စက်မှမရှိ။
သူ၏ ခြေအောက်က စစ်မြေပြင်ပေါ်တွင် ခုတ်ထစ်ခံထားရသော အသားများ ၊ အလောင်းများသာ အထပ်လိုက်အပုံလိုက် ရှ်ိနေခဲ့သည်။
မိုးကောင်းကင်ထက်က တုနှိုင်းမယှဉ်နိုင်သော ဤဝတ်ရုံဖြူ အသွင်ပုံရိပ်သည် တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံးတို့၏ မျက်လုံးများထဲတွင် လုံးလုံးလျားလျား ထွင်းထုထားသည်။
အချိန်အနည်းငယ်ကြာပြီးနောက်။
ဝမ်းမြောက်မှု အရိပ်အယောင်များ ပါဝင်သော တုန်ရီသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ထာဝရ ထျန်းတိ့ ၊ အနှိုင်းမဲ့ပေတယ်!!!”
ထိုစကားလုံးများသည် ကောင်းကင်တစ်ခွင်သို့ ပျံ့လွင့်ကာ ၊ လူတိုင်း၏ ရင်တွင်းစကားသံများသည် ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့သည်။
“ ထျန်းတိ့အနိုင်ရခဲ့ပြီ!! ထျန်းတိ့အနိုင်ရခဲ့ပြီ!!”
“ တားမြစ်သခင်တွေကို ထျန်းတိ့ သူတစ်ယောက်တည်း စိန်ခေါ်ပြီး အနိုင်ယူခဲ့တာ!!”
“ဟားဟား!! ချန်ကဲထျန်းတိ့ အောင်မြင်မယ်ဆိုတာ ငါ သေချာပေါက် သိနေတယ် “
“ထာဝရ ထျန်းတိ့၊ လောကမှာ အတုမရှိသော !!”
“……..”
မိုးခြိမ်းသံများကဲ့သို့ လူတိုင်း၏ ကြွေးကြော်သံသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
ယခင်က စူးချန်ကဲကို ထာဝရ ထျန်းတိ့အဖြစ် ဘွဲ့အပ်နှင်းခဲ့သည်။
မရေမတွက်နိုင်သော စွမ်းအားရှင်များသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ဒူးထောက်ကာ ဝမ်းသာအားရ ငိုကြွေးကြသည်။
ဝါရင့် မဟာဧကရာဇ်မင်းများပင်လျှင် ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျနေခဲ့သည်။
မိမိတို့၏ချစ်ရသူ ၊ ညီအစ်ကို သူငယ်ချင်းများသည် တစ်ချိန်က ဇီဝတားမြစ်နယ်မြေ၏ တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး သေဆုံးခဲ့ရသည်။
သူတို့အားလုံးသည် ဇီဝတားမြစ်နယ်မြေကို နင်းချေကာ ကွယ်လွန်သူများအတွက် လက်စားချေပြီး ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးလိုသည်။
ယခုတွင်မူ ၊ သူတို့ ဘဝတစ်သက်တာ အစွဲအလမ်းသည် ဤအခိုက်အတန့်တွင် ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် ကျောက်တိုင်ခြောက်ဆယ့်ခုနှစ်တိုင်၏ ရှေ့သို့ ဆင်းသက်လာသည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဦးခေါင်း ခြောက်ဆယ့်ခုနှစ်လုံးသည် ကျောက်တိုင်ရှေ့တွင် အစီအရီ ကျဆင်းလာသည်။
မျက်လုံးများက ပြူးကျယ်ပြီး ရက်စက်ကြမ်းကြုတ်ပုံပေါက်သော်လည်း ၊ စူးချန်ကဲသည် လုံးဝမကြောက်ရွံ့ပေ။
သူသည် လေးလေးနက်နက် ခေါင်းငုံ့ကာ ဆိုလိုက်သည် ။
“ ချန်ကဲ တာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့ပြီ ၊ ဒီနေ့ တားမြစ်ကုန်းပြင်မြင်ကို နင်းချေနိုင်ခဲ့ပြီ”
“သူရဲကောင်းတို့၏ ခရီးလမ်းသည် အဆုံးသတ်ခဲ့ပြီဖြစ်သော်လည်း ၊ သူတို့၏ သွေးသည် ကောင်းကင်ယံတွင် ထွန်းလင်းနေပေဦးမည် “
“ ဇာတိသွေးတို့သည် တိမ်ပြာထဲ၌ စီးဆင်းကာ တိုင်းပြည်၏ဂုဏ်ကို မြင့်တင့်ပေးခဲ့လေ၏....”
“ အရှင်အပေါင်းတို့... အိမ်ပြန်ကြရအောင်!”
အပိုင်း(၅၃၆): အမှောင်ထု မွေးဖွားလာပြီ ၊ ထျန်းကျန့် နတ်ဆိုးနှလုံးသား
တစ်ချိန်တည်းမှာပင်။
မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များနှင့် မဟာဧကရာဇ်မင်းအချို့သည် စစ်မြေပြင်တွင် ဖြစ်စေ ၊ အပျက်အစီးများကြား ဖြစ်စေ ၊ ကောင်းကင်ပေါ်တွင် ဖြစ်စေ ကျောက်တိုင်များရှိရာ ဦးတည်ရာဘက်ဆီသို့ လေးနက်စွာ ဦးညွှတ်ခဲ့ကြသည်။
“အရှင်အပေါင်းတို့ ၊ အိမ်ပြန်ကြရအောင်!!”
သူတို့သည် ဤစစ်ပွဲတွင် ပါဝင်ခဲ့သည့်ပထမဆုံးအချက်မှာ ဇီဝတားမြစ်နယ်မြေတစ်ခုလုံးကို နင်းချေရန် ဖြစ်သည်။
ဒုတိယအနေဖြင့် ၊ ယခင်အကြီးအကဲများ၏ အလောင်းကို ရှာဖွေပြီး မွေးရပ်မြေဆီသို့ ပြန်လည်ပင့်ဆောင်ကာ ၎င်းတို့၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန် ဖြစ်သည်။
၎င်းတို့အားလုံးသည် သက်ရှိသတ္တဝါအားလုံးအတွက် ၊ တရားမျှတမှုအတွက် အသေခံခဲ့ကြသော တိုက်မြေ သုံးထောင်၏ ရှေ့ဆောင်ပုဂ္ဂိုလ်များဖြစ်သည်။
မည်သူမှ တိုင်းတပါးအရပ်တွင် ခေါင်းမချလိုပေ။
၎င်းတို့အားလုံးသည် တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံး၏ ခံစားချက်ကို ခံစားမိခဲ့ကြပုံရသည်။
မူလက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် မျက်လုံးပြူးကျယ်စွာဖြင့် ရှိနေခဲ့ကြသော မဟာဧကရာဇ်မင်း ခြောက်ဆယ့်ခုနစ်ပါးတို့၏ ဦးခေါင်းများသည် မျက်လုံးများ ဖြည်းညှင်းစွာ မှိတ်သွားကြသည်။
တကယ်တန်းတော့ ၊
မသေခင် ဖြစ်စေ ၊ သေပြီးနောက် ဖြစ်စေ သူတို့၏ နှလုံးသားထဲတွင် မလွှတ်ချနိုင်ခဲ့သည့်အရာမှာ သူတို့၏ မွေးရပ်မြေပင် ။
ဟူး—
ရုတ်တရက် ၊ မိုးမြေကြား လေပြေများ တိုးဝှေ့တိုက်ခတ်သွားသည်။
ကျောက်တိုင်မှ မှုန်ဝါးသော ရောင်ဝါတို့သည် ကောင်းကင်သို့ လွင့်ပျံလာခဲ့သည်။
မည်သူမှမမြင်နိုင်သော ဧရိယာထဲတွင် ၊
မှုန်ဝါးဝါးအသွင်ပုံရိပ်များဖြင့် ပုဂ္ဂိုလ်ခြောက်ဆယ့်ခုနစ်ဦးတို့သည် အထက်ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
မှော်သင်္ကေများ တလိပ်လိပ် ရိုတ်ခတ်လာသည်နှင့်အမျှ ၊ သူတို့၏ အသွင်အပြင်သည် တဖြည်းဖြည်း ရှင်းလင်းလာသည်။
၎င်းတို့ထံမှ မဟာဧကရာဇ်မင်းတို့၏ ရောင်ဝါများ ဖြာထွက်နေသည်ကို မြင်နိုင်သော်လည်း ၊ သို့သော် ကြည့်လိုက်လျှင်ဖြင့် သာမန်ကျင့်ကြံသူများနှင့် ကွာခြားမှုမရှိပေ။
ပညာရှင်တစ်ယောက်ကဲ့သို့ ၊
သို့မဟုတ် နူးညံ့သိမ်မွေ့သော သခင်လေးတစ်ယောက်ကဲ့သို့ ၊
သို့မဟုတ် ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ပင် ။
မည်သို့ပင်ဖြစ်စေ ၊ ဤအခိုက်အတန့်တွင် သူတိူ့အားလုံးသည် ကျေနပ်စွာ ပြုံးနေကြသည်။
၎င်းတို့အားလုံးသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ လေးလေးနက်နက် ဦးညွှတ်ပြီးနောက်။
တစ်ယောက်ကိုတစ်ယောက် ပြုံးရွှင်စွာဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက်တွင် မိမိ၏ မှတ်ဉာဏ်ထဲက အိမ်အပြန်လမ်းကို ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းရင်း အဝေးက မိုးကုတ်စက်ဝိုင်းထဲတွင် ပျောက်ကွယ်သွားကြသည်။
သူတို့အိမ်ပြန်ဖို့ အချိန်တန်ခဲ့ချေပြီ။
…….
တစ်ချိန်တည်းမှာပင်။
ဇီဝတားမြစ်နယ်မြေ၏ တပ်သားများနှင့် မသေမျိုးဘုရင်တို့သည် မြေပြင်ပေါ်တွင် ခြေကုန်လက်ပန်းကျနေခဲ့ပြီ ဖြစ်သည်။
သူတို့အားလုံး၏မျက်နှာများသည် မှုန်ကုပ်နေကြသည်။
“ ဇီဝတားမြစ်နယ်မြေရဲ့ သခင်အကုန်လုံး... သေပြီ...”
သူတို့အားလုံး၏အမူအရာများသည် စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် တောင့်ခံနိုင်စွမ်း မရှိတော့ပုံရသည်။
ဇီဝတားမြစ်နယ်မြေသည် ယနေ့မှစ၍ အတိတ်က အရာတစ်ခုဖြစ်လာပြီး ၊ ရှည်လျားသော သမိုင်းကြောင်းတွင် လုံးဝပျောက်ကွယ်သွားတော့မည်ကို သူတို့ သိသည်။
……..
“ ဇီဝတားမြစ်နယ်မြေ အကုန် ပြီးသွားပြီ!”
“အားလုံးပြီးဆုံးသွားပြီ ၊ ဆက်ပြီး တိုက်ခိုက်စရာအကြောင်း မရှိတော့ဘူး!”
“……..”
ဇီဝတားမြစ်နယ်မြေ၏ တပ်သားများသည် ၎င်းတို့၏ လက်နက်များကို လွှတ်ချကာ အရပ်ရပ်သို့ ထွက်ပြေးခဲ့ကြသည်။
တားမြစ်သခင်များ အကုန်လုံး သေဆုံးသွားခဲ့ပြီး ဖြစ်သောကြောင့် သူတို့အတွက် ကျောထောက်နောက်ခံ မရှိတော့ပေ။ မသေမျိုးဘုရင်များသည်ပင် ခုခံနိုင်စွမ်း မရှိကြပေ။
ယခုအခိုက်အတန့်တွင် ၊ သူတို့အတွက် တစ်ခုတည်းသော အတွေးမှာ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ရန်သာ ဖြစ်သည်။
“သတ်ပစ်! ဒီအမှိုက်တွေကို ရှင်းပစ်”
“ ငါတို့ရဲ့ သေဆုံးသွားတဲ့ ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေကို သူတို့ရဲ့သွေးနဲ့ ဂုဏ်ပြုကြမယ်!”
“သတ်ပစ်!! ဇီဝတားမြစ်နယ်မြေရဲ့ အကြွင်းအကျန်တွေကို နှိမ်နင်းပြီး တိုက်မြေ သုံးထောင်ကနေ လုံးဝ ဖယ်ထုတ်ပစ်မယ်!”
တိုက်မြေ သုံးထောင်ရှိ စစ်သည်တော်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်သည် မထင်မှတ်ဘဲ မြှင့်တတ်လာခဲ့သည်။
မရေမတွက်နိုင်သော စစ်သည်တော်များနှင့် ကောင်းကင်ယံမှ စစ်သင်္ဘောများသည် ကျယ်လောင်စွာ ဟိန်းဟောက်ကြသည်။
ဆောင်းဦးလေသည် ကြွေကျနေသော သစ်ရွက်ခြောက်များကို သယ်ဆောင်လာသကဲ့သို့ ဓားအရှိန်သည် လျင်မြန်လွန်းပေသည်။
တိုက်မြေ သုံးထောင်ရှိစစ်သည်တော်များသည် လက်နက်များကို ကိုင်မြှောက်ကာ ဇီဝတားမြစ်နယ်မြေ၏ ကျန်ရှိသော တပ်သားများအားလုံးကို သတ်ပစ်ရန်ပြေးဝင်လာကြသည် ။
မသေမျိုးဘုရင်တို့သည် တိုက်မြေ သုံးထောင်ရှိ ကံကြမ္မာရှေးဧကရာဇ်မင်းတို့၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် နည်းနည်းမှ မတွန်းလှန်နိုင်ဘဲ သေဆုံးခဲ့ရသည်။
“ ချန်ကဲ!!”
တစ်ချိန်တည်းမှာပင်။
တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ပိုင်ကျန့် မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီဧကရီနှင့် အခြား မဟာဧကရာဇ်မင်းများအပြင် ၊
လော့ရန်ယွီ ၊ လီဟောက်ထျန်း ၊ ယဲ့လင်ထျန်းနှင့် အခြားနောက်လိုက်များသည်လည်း စူးချန်ကဲအနားသို့ ရောက်လာကြသည်။
သူ့အတွက် အရေးပါသောလူအားလုံး ဘေးကင်းလုံခြုံကြသည်ကို မြင်လိုက်ရသောကြောင့် စူးချန်ကဲသည် နူးညံ့စွာပြုံးလိုက်သည် ။
“ အားလုံး နောက်ဆုံးတော့ စစ်ပွဲကြီးပြီးသွားပြီ၊ တစ်ခွက်လောက် သောက်ကြမလား “
ထိုစကားကိုကြားပြီးနောက် ၊
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ရွှမ်ယွီဧကရီက ပထမဆုံး ကျီစယ်လေသည်။
“ ချန်ကဲ မင်းပြောသလိုသာဆို မင်းကအရက်သောက်နိုင်တယ်ပေါ့~ “
စူးချန်ကဲက သူ့ကိုယ်သူ လက်မထောင်ကာ ဆိုလိုက်သည်။
“ ကျွန်တော် က အရက်ဘုရင်လေ!”
“ဟီးဟီး ~..”
ရွှမ်ယွီဧကရီ က ပြုံးရွှင်စွာဖြင့် စနောက်လိုက်ပြန်သည်။
“ အဲ့ချိန်ကြရင် မင်းကို မူးတဲ့အထိ တိုက်ပစ်မယ် ၊ တာဝန်တော့ မယူဘူးနော်~”
“ ကျွန်မလည်း သောက်နိုင်တယ် “
ဘေးနားက လော့ရန်ယွီကလည်း ဝင်ပြောလိုက်သည်။
“ အဲ့အချိန်ကြရင် ၊ ကျွန်မလည်း ရွှမ်ယွီမမနဲ့အတူ ချန်ကဲကို အဝတိုက်ပစ်မယ်!”
“ငါ! ပြီးတော့ ငါရောပဲ!”
ကူလင်အာ နှင့် ထန်ဝူအာတို့ကလည်း လက်ထောင်ပြကြသည်။
“ ဒါဆို ငါလည်းလိုက်မယ်...”
စကားနည်းသော အရိုးဖြူ ပင်လယ် ဘုရင်မပင်လျှင် ရှက်ရွံ့စွာဖြင့် ဝင်ပြောလာခဲ့သည်။
စူးချန်ကဲသည် အားရပါးရ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။
“ အဲ့ကြမှ အမူးလွန်ပြီး ၊ ရူးမသွားနဲ့နော် !”
“အထူးသဖြင့် လော့ရန်ယွီ၊ အဲ့အချိန်ကြမှ မူးမူးနဲ့ ထကမနေနဲ့ဦးနော် “
“ သွားစမ်းပါ!”
လော့ရန်ယွီက ကြိမ်းမောင်းလိုက်သည်။
လူတိုင်းက ရယ်ရယ်မောမောဖြင့် ပြောဆိုနေကြသည်။
ဤအခိုက်အတန့်သည် သူတို့အတွက် ရှားပါးသော အပန်းဖြေချိန်တစ်ခု ဖြစ်ခဲ့သည်။
……….
တားမြစ်နယ်မြေသည် ယခုလေးတင် ဤမျှကြီးမားသော တိုက်ပွဲကို ကြုံတွေ့ခဲ့ရသည်။
သွေးအငွေ့အသက်များသည် နေရာတိုင်းတွင်ရှိနေသလို ၊ နာကြည်းမှုများက အချိန်ကြာမြင့်သည့်တိုင်အောင် ပျောက်ကွယ်မသွားပေ။ ဤသည်က ကံအကျိုးအဆက်၏စွမ်းအား တစ်စိတ်တစ်ပိုင်းကို မွေးဖွားပေးသည်။
ယခု ၊ အမှောင်ထုသည် တစ်ဖန်ပြန်လည်နိုးထလာတော့မည် ဖြစ်ရာ ၊ ၎င်းတို့သည် ဤအခွင့်အရေးကောင်းကို လက်လွတ်ခံမည်မဟုတ်ပေ။
ဇီဝတားမြစ်နယ်မြေ၏ စစ်မြေပြင်တွင် ၊
တောင်ကုန်းလောက်မြင့်မားသော အလောင်းများစွာ စုပုံနေသည်။
သွေးစွန်းနေသော ဇီဝတားမြစ်နယ်မြေ၏ အဓိပတိမင်းတစ်ဦးသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။
အက်ကွဲ၊ အက်ကွဲ၊ !
အရိုးများ တွန့်လိမ်ခေါက်နေသော အသံများကို ကြားနေရသည်။
အရင်ကတည်းက အသက်စွမ်းအင်မရှိတော့သော အဓိပတိမင်းတစ်ဦး၏ အလောင်းသည် အလွန်ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ထလာသည်။
အစကတည်းက ပြိုကွဲနေသော သူ့မျက်စံထဲတွင် ထူးဆန်းသော အမှောင်ရောင်ဝါများ မျောလွင့်နေပြီး ၊ ချက်ချင်းဆိုသလိုပင် ပြန်လည် ကောင်းမွန်လာကာ ယခင်ကထက် ပို၍ပင် အားကောင်းလာခဲ့သည်။
ဤအဓိပတိမင်းသည် သူ၏လက်များကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကြောက်စရာကောင်းအောင် ပြုံးရယ်လိုက်သည်။
“ မဆိုးဘူး ၊ ဒီခန္ဓာကိုယ် ငါရှာတွေ့ခဲ့တဲ့အထဲမှာ အကောင်းဆုံးပဲ”
ဤအသံသည် သေသွားခဲ့ပြီဖြစ်သော တားမြစ်သခင်ခြောက်ဦး ကြားခဲ့ရသည့် အသံပင် ဖြစ်သည်။
အမှောင်ထု အမတခန်းမဆောင် ၊ ရှစ်ထျန်းတိ့!
သူသည် အဘယ့်ကြောင့် ဝင်ရောက်မစွက်ဖက်ခဲ့သနည်း။
အဘယ့်ကြောင့်ဆိုသော် ၊ ဤကဲ့သို့ တိုက်ပွဲအပြင်းအထန် ဆင်နွှဲပြီးသော နေရာသည် ကံအကျိုးဆက်ကို မွေးမြူရန် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်သောကြောင့်ပင်။
သူသည် လျို့ဝှက်နည်းလမ်းများကို အသုံးပြုကာ သူ၏ အလွန်တရာမျှ အားနည်းသော နတ်အတွေးကို စစ်မြေပြင်ပေါ်သို့ ဆင်းသက်စေခဲ့သည်။
ထို့နောက်၊ သူအသုံးပြုရန် သင့်လျော်မည့် အစားထိုးခန္ဓာကိုယ်ကို တိုက်မြေ သုံးထောင်တွင် စူးစမ်းရှာဖွေခဲ့သည်။
ထိုစဉ် ၊
ရှစ်ထျန်းတိ့သည် သူ၏ နှလုံးခုန်သံကို အာရုံခံစားမိလိုက်သကဲ့သို့ သူ့ရင်ဘတ်သူ ထိလိုက်သည်။
“ဟားဟား ၊ ဒါက ရှားပါးတဲ့ ထျန်းကျန့်နတ်ဆိုးနှလုံးသားပဲ..”
“ နတ်ဆိုးလမ်းစဉ်အတွက် မွေးဖွားလာတာပဲ ၊ နတ်ဆိုးလမ်းစဉ်မှာ ပြိုင်ဘက်ကင်းသူ ဖြစ်လာနိုင်ပေမဲ့ ၊ နှမြောစရာကောင်းတာက ဒီကလေးက လမ်းကြောင်းမှားပြီး ကောင်းကင်ဘုံကို အံတုဖို့ အခွင့်အရေးမရခဲ့တာပဲ”
ထျန်းကျန့် နတ်ဆိုးနှလုံး။
ဤသည်မှာ သူတော်စင်ကိုယ်ထည် ဆယ်ခုနှင့်ယှဉ်နိုင်သော ခန္ဓာတစ်ခု ဖြစ်သည်။
အကယ်၍ ပြီးဆုံးတိုင်အောင် ကျင့်ကြံနိုင်ပါက ၊ ဒေဝလောကတစ်ခုလုံးကိုတောင် ဝါးမြိုပစ်နိုင်သည်။ တစ်နည်းအားဖြင့် ၊ ရှစ်တိ့ထျန်းသည် သူ့လိုရာအတိုင်း အသုံးပြုနိုင်ပေတော့မည်။
သူတော်စင် ခန္ဓာကိုယ်ဆိုတောင် ထျန်းကျန့် နတ်ဆိုးနှလုံးသားက ဝါးမြိုပစ်နိုင်ပြီး ၊ အဆုံးတွင် သူ၏အစိတ်အပိုင်းတစ်ခုဖြစ်အောင် လုပ်သွားပေမည်။
“ အတော်ပဲ... အမတစိုးစံရာခေတ်တုန်းက မထင်မှတ်ဘဲ နတ်ဆိုးကျင့်စဉ်ကို ရခဲ့တယ်...”
ရှစ်တိ့ထျန်းက ရယ်မောလိုက်သည်။
“ အဲ့တာက နတ်ဘုရားတရားစီရင်ရေးအဖွဲ့က မူလနတ်ဆိုးသခင် ချန်ထားခဲ့တဲ့ဟာမလား”
“ အတော်ပဲ ၊ ငါ မင်းအစား အောင်မြင်မှုကြီး ရယူပေးမယ်!”