← Chapters

ဦးပြန်မော့ပြီ

Vol. 91 Ch. 1265

ဦးပြန်မော့ပြီ

Vol. 91 Ch. 1265

မန်ဟိုသည် ကြယ်တာရာကောင်းကင်သို့ နေရာရွှေ့ပြောင်းခဲ့ရင်း အနက်ရောင်အခိုးအငွေ့များဖြင့် ခြံရံနေလျက် တင်ပျဉ်ခွေထိုင်နေ၏။ တစ်ချိန်တည်းမှာပင် မန်မျိုးနွယ်စု၏ ကုန်းမြေထုများ၏အလွန်၊ မှင်ရည်ကဲ့သို့ မည်းနက်နေသော အမှောင်ထုထဲတွင် လူရိပ်တစ်ခုက အဝေးရှိ မန်ဟို့ကို စိုက်ကြည့်၍ ပျံဝဲနေသည်။

၎င်းက အနက်ရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားသော ခပ်ချောချောလူငယ်တစ်ဦး ဖြစ်သည်။ သူ၏ဆံပင်ရှည်ရှည်များသည် လွင့်မျောလျက်ရှိပြီး သူကိုယ်တိုင်မှာ ကြယ်တာရာကောင်းကင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသယောင်ပင်။ သူ၏ဖြစ်တည်မှုကို သတိထားမိသူကား မရှိသလောက် ရှားပေသည်။

ထိုလူငယ်က ... နဝမတောင်ပင်လယ်မှ ကျီတုံယမ်းအပြင် တခြားမဟုတ်ပေ။

မန်ဟို အဋ္ဌမတောင်ပင်လယ်သို့ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူလည်း လိုက်ပါလာခဲ့ပြီး ယခု ဤနေရာတွင် မန်ဟို့ကို ကြည့်နေလေသည်။

ကျီတုံယမ်းသည် အတန်ငယ်တွန့်ဆုတ်နေဟန်ရှိသော်လည်း မျက်လုံးများ တောက်ပလင်းလက်နေ၏။ သူ မန်ဟို့ကို စောင့်ကြည့်နေခဲ့သည်မှာ ယနေ့အပါအဝင် သုံးရက်ရှိခဲ့ပြီဖြစ်ပြီး လောလောဆယ်တွင် ခပ်ရေးရေးအပြုံးတစ်စအား သူ့မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။

“ဒီမန်ဟိုက စဉ်းလဲပြီး ဉာဏ်များတယ်။ သတ္တမတောင်ပင်လယ်က ကျိန်စာစွမ်းအားကို ကိုင်တွယ်ရ ဘယ်လောက်ခက်ခဲပါစေ ၊ သူ့အတွက် ဒီလောက်ပြဿနာမဖြစ်သင့်ဘူး….” ကျီတုံယမ်းသည် မျက်လုံးများ ခိုင်မာပြတ်သားမှုတို့ဖြင့် လင်းလက်တောက်ပနေလျက် နောက်ဆုတ်ပြီး ပျောက်ကွယ်သွား၏။

သူ ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် မန်ဟိုသည် မန်မျိုးနွယ်စုကုန်းမြေအပေါ်တွင် အနက်ရောင်အခိုးအငွေ့များ တထောင်းထောင်းထနေလျက် တင်ပျဉ်ခွေထိုင်အနေအထားဖြင့် ပျံဝဲနေသည်။ သို့သော် သူ့မျက်လုံးများက ကျီတုံယမ်း ပျောက်ကွယ်သွားသောဘက်သို့ လှမ်းကြည့်လိုက်စဉ် လင်းလက်သွားလေသည်။

ကျိန်စာစွမ်းအားသည် နယ်နယ်ရရတော့ မဟုတ်သော်လည်း ကျီတုံယမ်း ပြောခဲ့သလို မန်ဟို့အတွက် မည်သည့်အန္တရာယ်မှ မရှိပေ။

လွန်ခဲ့သော သုံးရက်က သူ အခိုးအငွေ့များကို ဖယ်ရှားတော့မည့်အချိန် ကြယ်တာရာကောင်းကင်၏ အရပ်မျက်နှာတစ်ခုမှ အန္တရာယ်လာနေသည်ကို ရုတ်တရက် ခံစားခဲ့ရ၏။ ထိုခံစားချက်က ရုတ်တရက်ဆန်လွန်းသလို၊ လာနေကြောင်း သူ အာရုံမရခဲ့ဖူးပေ။ ကြည့်ရသရွေ့ စတုတ္ထနိဗ္ဗာနသစ်သီးကို အပြည့်အဝ စုပ်ယူခဲ့ခြင်းက သူ၏အာရုံခံနိုင်စွမ်းကို ပို၍နိုးကြားသွားစေခဲ့ပုံပင်။

တခဏတွေးပြီးသော် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်ကျိန်စာအခိုးအငွေ့များကို အလိပ်လိပ် ထလာစေသည်။ တခဏကြာသည့်အခါ ၎င်းသည် သူ့ကိုယ်ထဲတွင် စုဝေးစပြုလာ၏။ သုံးရက်ကြာ သန့်စင်ခဲ့ခြင်းက အနက်ရောင်အခိုးအငွေ့တစ်စက်မကျန် ပျောက်ကွယ်သွားစေရန် အမွှေးတိုင်တစ်တိုင်ထွန်းစာသာ ကြာလိုက်စေ၏။

ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ မန်ဟို့လက်ချောင်းထိပ်ပေါ်ရှိ အနက်ရောင်အကွက်သေးသေးလေးတစ်ကွက်သာ။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ယင်းက ကျိန်စာစွမ်းအားအကုန်လုံး၏ စုံချက်ဖြစ်လေသည်။

မန်ဟိုက မည်းနက်နေသော သူ၏လက်ချောင်းထိပ်ကို ကြည့်ပြီး တွေးလိုက်သည်။ “ဒီကျိန်စာစွမ်းအားကို ဖယ်ရှားလိုက်ရင် အလဟဿဖြစ်သွားလိမ့်မယ်။ ဒါကို သုံးနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ငါ ရှာနိုင်မှာသေချာတယ်”

ကြယ်တာရာကောင်းကင်ကို နောက်တစ်ကြိမ် လှမ်းကြည့်ပြီးနောက် သူက အင်္ကျီလက်စကို ခါကာ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ မန်မျိုးနွယ်စု၏ကုန်းမြေအပေါ်တွင် သူ့အဘွားရှိရာသို့ အလင်းတန်းအသွင်ဖြင့် သွားနေလေပြီ။

သူ့အဘွားမှာ သုံးရက်လုံး အိပ်မပျော်ဘဲ စိတ်ပူနေခဲ့သည့်အတွက် မန်ဟို ပြန်ရောက်လာသောအခါမှ စိတ်သက်သာရာရသွားတော့သည်။ သူမမျက်ဝန်းများတွင် အဆုံးမရှိသောချစ်ခြင်းမေတ္တာတို့သည် ရွှန်းလဲ့နေ၏။ မန်ဟိုက သူမ၏မြေးဖြစ်ပြီး အခြားသူများနှင့် သိပ်သွေးမနီးသော်လည်း သူမ၏သွေးသားရင်းချာ၊ တိုက်ရိုက်သွေးဆက် ဖြစ်နေသေးသည်။

မန်ဟို ပြန်ရောက်လာပြီးနောက် သူ့အဘွား၏လူအားလုံး ကျင့်ကြံခြင်းအဆင့်များ ဆက်လက်တိုးတက်လာကြသည်။ အထူးသဖြင့် မန်ဟို၏ဦးလေးနှစ်ယောက်နှင့် အဒေါ်သုံးယောက်ပင်။ သူ၏ဘိုးဘိုးလေးနှစ်ယောက်ဆိုလျှင် မူလအဆင့်သို့ပင် ပြန်ရောက်နေကြလေပြီ။

သူ၏ဘိုးဘိုးလေးနှစ်ယောက်က ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်တွင် ဖြစ်ပြီး တာအိုနယ်ပယ်သို့ မဝင်ရောက်ရသေးသည့်တိုင် တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူများနှင့် ရင်ဘောင်တန်း တိုက်ခိုက်နိုင်သည်။

သူ့အဘွားနှင့်ပတ်သက်၍မူ သူမလည်း ရှေးဟောင်းနယ်ပယ် မဟာစက်ဝန်းအဆင့်တွင် ဖြစ်သော်လည်း ယခု ကျင့်ကြံခြင်းအခြေခံ ပြန်လည်ကောင်းမွန်လာသည့်အခါ သူမ၏ကိုယ်ပေါ်၌ တမူထူးခြားသောအခိုးအငွေ့များကို မန်ဟို ခံစားလိုက်ရသည်။ ကြည့်ရသရွေ့ ... ၎င်းတို့က မန်မျိုးနွယ်စုနှင့် တစ်နည်းနည်းပတ်သက်နေသယောင်ပင်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ... မျိုးနွယ်စုတွင် ဦးပြန်မော့ဖို့ ပြင်ဆင်မှုများ လုပ်ဆောင်နေကြလေပြီ။

“မန်မျိုးနွယ်စုမှာ စာရင်းရှင်းဖို့ အချိန်ကျပြီ" ဘွားဘွားမန်က ခပ်တိုးတိုး ရေရွတ်သည်။ “တစ်ချိန်က ငါ့အပိုင်ဖြစ်ခဲ့တာက နောက်တစ်ခေါက် ငါတို့အပိုင် ဖြစ်လာတော့မယ်” သူမသည် ခံစားချက်များကို မြိုသိပ်ထားခဲ့ရ၏။ မန်ဟို့ဘိုးဘိုးလေးနှစ်ယောက်နှင့်အတူ သူမ ရပ်နေစဉ် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။

“အချိန်ကျပြီ .... အိမ်ပြန်ကြမယ်” ထို့နောက် သူမက ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး မန်ဟို၏ ဘိုးဘိုးလေးနှစ်ယောက်၊ ဦးလေးနှစ်ယောက်နှင့် အဒေါ်သုံးယောက်တို့က နောက်မှလိုက်ပါလာသည်။ အကုန်လုံး မန်မျိုးနွယ်စု၏ ပင်မကုန်းမြေထံ ဦးတည်သွားသော အလင်းတန်းများအသွင် ပြောင်းသွား၏။

မန်ဟိုက သူ့အဘွား၏ဘေးတွင် တည်ငြိမ်အေးဆေးစွာ ပျံသန်းနေသည်။ ကျန်သွေးဆက်ဝင်များမှာမူ နေရစ်ခဲ့ကြရဿဉ်။ သူတို့၏ကျင့်ကြံခြင်းအခြေခံက ယခင်ထက် မြင့်မားလာခဲ့လင့်ကစား ဖြစ်ပေါ်တော့မည့် တိုက်ပွဲတွင် ဝင်ပါနိုင်သည်အထိ မမြင့်မားသေးပေ။

မန်ဟိုတို့ ပင်မကုန်းမြေသို့ တဟုန်ထိုး သွားနေကြသဖြင့် တရွှီးရွှီးလေတိုးသံများ ဟိန်းထွက်နေသည်။ သူတို့အတွက် ပင်မဘိုးဘေးစံအိမ်ကို ရောက်ရန် တဒင်္ဂသာ ကြာလိုက်သည်။

သူ့အဘွားနှင့် ဘိုးဘိုးလေးတို့၏ မျက်နှာများအပေါ်တွင် အမည်ဖော်ရခက်သော ခံစားချက်များကို မြင်ရနိုင်ပြီး သူ့ဦးလေးနှင့်အဒေါ်များကတော့ အတိတ်ကို ပြန်ပြောင်းတွေးတောနေကြပုံပေါ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့မှာ လိုက်သတ်ခံခဲ့ရ၍ ဤနေရာမှ ထွက်ပြေးခဲ့ကြရပြီး တစ်နေ့ ပြန်လာနိုင်လိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ကြဖူးပေ။ ယခုတော့ ... ဤနေရာသို့ သူတို့ ပြန်ရောက်လာခဲ့လေပြီ။

ဤသို့ပြန်လာနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းက မန်ဟိုဖြစ်ပြီး သူတို့ မန်ဟို့ကို ကြည့်နေကြစဉ် သူတို့၏မျက်နှာများပေါ်တွင်တော့ မပေါ်လွင်နေသော်လည်း သူတို့၏နှလုံးသားထဲတွင် သူ့အပေါ် အလွန်တရာကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။

မန်မျိုးနွယ်ဘိုးဘေးစံအိမ်ကို မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါဖြစ်သည့် လင်းလက်နေသော အကာအကွယ်တစ်ခုက ဝန်းရံထားသည်။ မန်ဟိုသည် အဆိုပါအကာအကွယ်နှင့် ထိတွေ့ခဲ့ဖူး၍ ၎င်း မည်မျှအစွမ်းထက်ကြောင်း သိ၏။ သူ ‌၎င်းထံ ပြေးဝင်သွားတော့မည့်အချိန်မှာပင် သူ့အဘွားက သူ့လက်ကို ဆွဲသည်။

“ဟိုအာ” သူမက နူးညံ့ကြင်နာစွာ ပြောလေသည်။ “ဘွားဘွား ဒီမန္တန်ဝင်္ကပါကို ကိုင်တွယ်နိုင်ပါတယ်” ထို့နောက် သူမသည် သူမ၏လက်ချောင်းကို မန္တန်ဝင်္ကပါဆီသို့ ဝှေ့ယမ်းလိုက်၏။

ထိုလက်ချောင်းလေးအဝှေ့က မန်ဟို့ကိုပင် ကြောက်ရွံ့စေခဲ့သည့် အကာအကွယ်မန္တန်ဝင်္ကပါကို ရုတ်တရက် တုန်ခါလာစေသည်။ ထို့နောက် ၎င်း၏မျက်နှာပြင်ကို ခွဲ၍ အကွဲကြောင်းတစ်ကြောင်း ဟလာသည်။

မန်ဟို့ဘိုးဘိုးလေးတစ်ယောက်က လှည့်ရှင်းပြသည်။

“မင်အဘွားရဲ့ မန္တန်ဝင်္ကပါစွမ်းရည်က အဋ္ဌမတောင်ပင်လယ်မှာ ယှဉ်နိုင်တဲ့သူ မရှိသလောက်ရှားတဲ့အရာပဲ။ မန်မျိုးနွယ်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ သူက မျိုးနွယ်စုရဲ့  အကာအကွယ်မန္တန်ဝင်္ကပါကို ထိန်းသိမ်းဖို့ တာဝန်ပေးအပ်ခံခဲ့ရတယ်။ ခေါင်းဆောင်ကြီးတွေက လွဲရင် မျိုးနွယ်စုထဲမှာ ဒီဝင်္ကပါအကြောင်း သူ့ထက် ပိုကောင်းကောင်း နားလည်တဲ့လူ မရှိဘူး

“ဒီမန္တန်ဝင်္ကပါက .... မင်းအဘွားရဲ့ အစွမ်းထက်ဆုံး အဖိုးထိုက်ရတနာပဲ”

ထို့နောက် သူ၏ဘိုးဘိုးလေးက မန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲ ဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။

မန်ဟိုလည်း ကြက်သေသေနေပြီးနောက် သူ့အဘွားကို လှမ်းကြည့်ရင်း ပြုံးကာ လိုက်ပါသွား၏။

သူတို့ ဘိုးဘေးစံအိမ်ထဲ ဝင်ရောက်လာမှုက မျိုးနွယ်စုတစ်စုလုံးအား အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ သွေးဆက်ကိုးဆက်သည် မန်ဟို လုပ်ခဲ့သည့် ကိစ္စကြောင့် သတိကြီးကြီးထားနေခဲ့၍ ယခု မန္တန်ဝင်္ကပါမှ တဝုန်းဝုန်းမြည်သံများ ကြားရသည့်အခါ စစ်ဆေးဖို့ လူများစွာ ပျံထွက်လာကြသည်။

မျက်စိတစ်မှိတ်အတွင်း အလင်းတန်းရာပေါင်းများစွာ သူတို့ထံ တန်းတန်းမတ်မတ် ပျံသန်းလာကြလေသည်။

“မန်ချိန်” တစ်ယောက်က ဟိန်းဟောက်သည်။ “မင်းကိုယ်မင်း ဘာ... ဟင်” ကြိမ်းမောင်းနေသောလူမှာ ဆွံ့အသွားသည်။ သူတစ်ယောက်တည်းမဟုတ်။ လူတိုင်း ဘွားဘွားမန်နှင့် အခြားသူများကို တအံ့တဩ ကြည့်နေကြသည်။

“ခင်..ခင်ဗျား...”

“သူ... သူတို့...”

မကြာမီ ရောက်လာခဲ့ကြသူများက မည်သူမည်ဝါဖြစ်သည်ကို မန်မျိုးနွယ်များ မှတ်မိလာကြသည်။ ထိုကဲ့သို့မှတ်မိကြသူများက လူအိုကြီးများသာ ဖြစ်သော်လည်း သူတို့၏မျက်နှာပေါ်တွင် အံ့ဩမယုံနိုင်မှုအား အတိုင်းသား ရေးထိုးထားလေသည်။

“ငါ့ကို မှတ်မိလား” မန်ဟို၏ဘိုးဘိုးလေးတစ်ယောက်က ရှေ့တက်လာရင်း ပြောသည်။ “မမှတ်မိလည်း ရတယ်။ ငါက မန်ဟုန်ပဲ” သူ၏ခြေဖဝါး ကျသွားသည်နှင့် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ရီလာပြီး အပေါ်ရှိ တိမ်တိုက်များ ဆူပွက်လာသည်။ မိုးကြိုးများ ပစ်ချနေသည့်အလား တဝုန်းဝုန်းပေါက်ကွဲသံများသည် ဘိုးဘေးစံအိမ်တစ်လျှောက် ပဲ့တင်ထပ်သွား၏။

မြေငလျင်များ လှုပ်ခတ်နေစဉ်မှာပင် မန်ဟို့ဘိုးဘိုးလေးနောက်တစ်ယောက်က တင်းမာခက်ထန်သောမျက်နှာထားဖြင့် ရှေ့တစ်လှမ်းလှမ်းသည်။ သူ၏အသံသည် တွန်နေသော မြေပွေးတစ်ကောင်ကဲ့သို့ ညင်ညာစူးရှနေသည့်အတွက် ကြားလိုက်ရသူတိုင်းအား ကျောချမ်းသွားစေ၏။

“ငါက မန်ဟန်။ နှစ်တွေအများကြီး ကြာခဲ့ပြီဆိုပေမယ့် မင်းတို့ထဲက နည်းနည်းပါးပါးကတော့ ငါ့ကို မှတ်မိသင့်တယ်”

လေပေါ်ရှိ မန်မျိုးနွယ်ကျင့်ကြံသူရာပေါင်းများစွာ အကြားမှ ပင့်သက်ရှိုက်သံများ ထွက်လာသည်။

“ဒသမသွေးဆက်၊ ဒသမသွေးဆက်ပဲ....”

“မင်းတို့ ငါတို့ကို ဒသမသွေးဆက်လို့ခေါ်ခေါ်၊ ပထမသွေးဆက်လို့ ခေါ်ခေါ် အရေးမကြီးဘူး” ဘွားဘွားမန်က အေးတိအေးစက် ပြောသည်။ “ဒီကနေ့ ... ငါတို့ ပြန်ရောက်လာပြီ” သူမသည် လက်ကို ဝှေ့ယမ်းကာ မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါတစ်ခုလုံးအား ကျယ်လောင်စွာ ဝုန်းဝုန်းမြည်လာစေ၏။ အသံက ထိတ်လန့်ဖွယ်ကောင်းပြီး လေမုန်တိုင်းအသွင် ပြောင်းသွားခဲ့သော ဘွားဘွားမန်၏အသံဖြင့် အားဖြည့်ခံထားရလေသည်။

ဤအခိုက်အတန့်တွင် မန်မျိုးနွယ်ဘိုးဘေးစံအိမ်၏ ဒေသကိုးခုအတွင်းမှလည်း ထစ်ချုန်းသံများကို ကြားလိုက်ရသည်။ အလင်းတန်းတစ်သောင်းကျော်က မန်မျိုးနွယ်စု၏ ကောင်းကင်အပြည့်နေရာယူရင်း တဟုန်ထိုး လာနေကြလေသည်။

အောက်ရှိမြေကြီးပေါ်တွင် မန်မျိုးနွယ်ဝင်များသည် ဘွားဘွားမန်၏အသံကို တုံ့ပြန်သည့်အနေဖြင့် မန္တန်ဝင်္ကပါ တဝုန်းဝုန်းအော်မြည်နေသည်ကို မော့ကြည့်ရင်း အံ့ဩမှင်သက်နေကြ၏။

မကြာမီ မျက်လုံးအားလုံး မန်ဟို့အဘွားအပေါ် ကျရောက်လာခဲ့လေပြီ။ ထို့နောက် မျိုးနွယ်စု၏ အံ့အားသင့်နေသော ပညာရှင်များသည် သူ့အဘွားနောက်၌ မန်ဟို ရပ်နေသည်ကို မြင်လျှင် အသက်ရှူရပ်သွားကြတော့သည်။

ဘွားဘွားမန်က မည်သည့်အရာကိုမှ ဂရုမစိုက်သည့်အလား မတုန်မလှုပ်ရပ်ရင်း ဘေးဘီဝဲယာကို ကြည့်နေသည်။ သူမအတွက် သွေးဆက်ကိုးဆက်ကို ခွဲခြားကြည့်ဖို့ကား အလွယ်လေးပင်။ သူမသည် အေးစက်စက်နှာမှုတ်ရင်း ရှေ့ဆက်လျှောက်လာပြီး ဘယ်သူမှ သူမကို မတားကြပေ။

ယခုတွင် မည်သူမှ ဒသမသွေးဆက်ကို အာမခံချင်ကြတော့ပေ။ အထူးသဖြင့် မန်ဟိုလည်း သူတို့အထဲတွင် ပါနေခြင်းကြောင့်ဖြစ်သည်။ သူနှင့် မန်မျိုးနွယ် သွေးဆက်ခေါင်းဆောင်ကြီးများ၏ တိုက်ပွဲက လူတိုင်း၏နှလုံးသားထဲသို့ အကြောက်တရားများကို ရိုက်ထည့်ပေးခဲ့သည် မဟုတ်ပါလော။

ဘွားဘွားမန်သည် သိပ်ဝေးဝေးမရောက်ခင် ဘိုးဘေးစံအိမ်ကို ရုတ်တရက် ငုံကြည့်လိုက်၏။ အသေးစားခန်းမများနှင့် အဆောက်အဦများဖြင့် ဝန်းရံလျက် မြို့အသေးလေးတစ်မြို့သဖွယ် ဖြစ်နေသော နန်းဆောင်တစ်ခုအား သူမ မြင်သွားသည်။

“အဲဒီနေရာက ဟိုအာရဲ့ အမေ နေခဲ့ဖူးတဲ့ နေရာပဲ...” ဘွားဘွားက အသံဩဇာအပြည့်ဖြင့် အေးစက်စွာ ဆိုသည်။ “အခု အဲဒီနေရာမှာ နေနေတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အခုချက်ချင်း ဖယ်ပေးတာ ကောင်းမယ်.... ငါတို့ အဲဒီနေရာကို ပြန်ယူမယ်”

ထိုနေရာ၌ နေနေသည့် အဖွဲ့မှာ ချက်ချင်း ဒေါသူပုန်ထသွားတော့သည်။

“သိပ်လွန်မလာနဲ့”

“ဒါက သတ္တမသွေးဆက်ရဲ့ အိမ်ကွ။ ရာရာစစ”

ထို့နောက် ထိုနန်းဆောင်ထံမှ အေးစက်စက်အသံတစ်သံ ထွက်လာသည်။ “လျုတ်ရှို့ မင်း လွန်လာပြီ”

ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံနှင့် ဆံဖြူအဘိုးအိုတစ်ဦး ထွက်လာသည်။

“အို အရင်ကကျွန်မကို ရှင် မှတ်မိသေးတာပဲ” ဘွားဘွားမန်က သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ပြောလိုက်၏။ “အဲဒီတုန်းက ကျွန်မတို့ လိုက်အသတ်ခံနေရတာကို လက်ပိုက်ကြည့်နေခဲ့ပြီး ဘာမှအကူအညီမပေးခဲ့တာ ရှင်တို့ မဟုတ်လား။ ပိုလို့တောင် ဆိုးတာက ကျွန်မတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ အကန်ထုတ်ခံရတာကို ရှင်တို့ ပျော်နေခဲ့တာလေ” သူမက ညာလက်ကို ဝှေ့ယမ်းရင်း မန်မျိုးနွယ်အကာအကွယ်မန္တန်ဝင်္ကပါအား သူမလက်ပေါ်တွင် စုဝေးလာစေသည်။

All Chapters