ခိုင်မာသင့်သလောက် မခိုင်မာသေးခြင်း
Vol. 91 Ch. 1266
"သူတို့ကို သတ်ပစ်လိုက်" ဘွားဘွားမန်က တည်ငြိမ်စွာ ပြောသည်။ သူမအသံထွက်လာသည်နှင့် မန်ဟို၏ဘိုးဘိုးလေးနှစ်ယောက်က နန်းဆောင်၏အပြင်ရှိ အဘိုးကြီးထံ ပြေး၀င်သွားသော အလင်းတန်းများအသွင် ပြောင်းသွားသည်။ မန်ဟို့ဦးလေးနှင့် အဒေါ်များလည်း သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ထုတ်ဖော်ကာ တဟုန်ထိုး ထွက်သွားကြသည်။
အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ကျန်သတ္တမသွေးဆက်များက ဟိန်းဟောက်၍ တိုက်ခိုက်ကြသည်။ ချက်ချင်းပင် အံ့မခန်းလိလိတိုက်ပွဲက အကြိတ်အနယ် ဖြစ်ပွားတော့သည်။
ဘွားဘွားမန်၏ လက်ဝှေ့ယမ်းမှုက ဧရာမဘီလူကြီးတစ်ကောင်၏ ပါးစပ်မှ ထွက်လာသည့် ဟိန်းဟောက်သံကြီးသဖွယ် အသံကြီးအား လေထဲတွင် ပြည့်နှက်သွားစေသည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် မန်မျိုးနွယ်အကာအကွယ်မန္တန်ဝင်္ကပါသည် သတ္တမသွေးဆက်ကျင့်ကြံသူများထံ ဖြာထွက်သွားသည့် အလင်းတန်းများ ဖြစ်လာကြ၏။
မချိတင်ကဲ အော်သံများ ဆူညံသွားသည်။ မန္တန်ဝင်္ကပါက မန်မျိုးနွယ်များကို မသတ်သော်လည်း အလင်းတန်းများ၏ရိုက်ခတ်ခြင်းခံလိုက်ရသော သတ္တမသွေးဆက်ကျင့်ကြံသူများမှာ ချက်ချင်း ကျင့်ကြံအဆင့်လျှောကျသွားကြလေသည်။
အဆုံးသတ်တွင် အကာအကွယ်မန္တန်၀င်္ကပါက သတ္တမသွေးဆက်တစ်ဆက်လုံးကို လွှမ်းခြုံသွားသည့် အလင်းရောင်ဖြစ်လာ၏။
သူတို့မှာ အရေအတွက် မည်မျှပင် များစေကာမူ ပြန်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။ မချိတင်ကဲအော်သံများ ဆက်လက်ဟိန်းထွက်နေပြီး မကြာခင်မှာပဲ သွေးများစီးကျလာရာ လေထဲတွင် သွေးညှီနံတို့ ပျံ့လွင့်လာာသည်။
အထိတ်တလန့် အော်သံများ ပဲ့တင်ထပ်လာ၏။
"သူက တကယ်ပဲ မန္တန်၀င်္ကပါကို ထိန်းချုပ်နေတာပါလား"
"အဲ့ဒါက မန်မျိုးနွယ်စုရဲ့ အကာအကွယ်မန္တန်၀င်္ကပါလေ။ သူ့မှာ မန်သွေးမှမရှိတာ ဘယ်လိုလုပ် ထိန်းချုပ်နိုင်နေတာတုန်း"
“မန္တန်ဝင်္ကပါက တကယ်ပဲ မန်မျိုးနွယ်စုရဲ့ အပိုင်ဟုတ်တာလား၊ မဟုတ်ဘူးလား” အထိတ်တလန့်အော်သံများ ဆူညံနေစဉ် အသက်ကြီးကြီးပညာရှင်များသည် တစ်စုံတစ်ခုကို ဒက်ခနဲ မှတ်မိလိုက်၍ မျက်စိမျက်နှာပျက်ကုန်ကြတော့၏။
နန်းဆောင်၏အပြင်ရှိ အဘိုးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ဘိုးဘိုးလေးတို့အတွက် ပြိုင်ဘက်မဟုတ်ပေ။ သို့သော် ဤသည်မှာ မန်မျိုးနွယ်စု၏ သွေးဆက်ကိုးဆက်အနက်မှ တစ်ဆက်ဖြစ်၍ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူပေါင်းများစွာ အပါအဝင် အစွမ်းထက်ပညာရှင်များလည်း ရှိလေသည်။ သူတို့အားလုံး တစ်ပြိုင်တည်း တိုက်ခိုက်ရာ အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားကြသည်။
သူတို့သည် မန္တန်ဝင်္ကပါ၏ ဖိနှိပ်ခြင်း ခံထားရကောင်း ခံထားရလိမ့်မည်၊ သို့သော် မန်ဟို့အဘွားဘက်တွင် အင်အားမမျှပေ။ သူတို့ အရေးနိမ့်တော့မည့်အချိန် မန်ဟိုက ဝင်ပါရန် ပြင်လိုက်သော်လည်း သူ့အဘွားက အေးစက်စက် နှာမှုတ်၍ မြေကြီးထံသို့ သူမလက်ကို ဖိချလိုက်သည်။
“အပြစ်ဓား ၊ လာလေလော့” သူမက ဆင့်ခေါ်သည်။ သတ္တမသွေးဆက်၏ နန်းဆောင်မှာ ရုတ်တရက် တုန်ခါလာပြီးနောက် ချောက်နက်ကြီးတစ်ချောက် ကွဲအက်လာကာ အနက်ရောင်အလင်းများ ဖြာထွက်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုအလင်းရောင်ထဲ၌ အနက်ရောင်ဓားမြှောင်တစ်လက် ရှိနေ၏။
ထိုဓားမြှောင်၏ပေါ်ပေါက်လာမှုက မန်မျိုးနွယ်ကျင့်ကြံသူများကို ချာချာလည်သွားစေပြီး သူတို့၏သွေးများအား ဆူပွက်လာစေသည်။
“အပြစ်ဓားတစ်လက်... အဲဒါက တကယ်ကြီး အပြစ်ဓားလား... အဲဒီအရာတွေ ရှိသေးတယ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလ”"
“အပြစ်ဓားတွေကို နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ မျိုးနွယ်သွေးနဲ့ ဖန်တီးပြီး သစ္စာဖောက်မျိုးနွယ်ဝင်တွေကို အပြစ်ပေးဖို့ အသုံးပြုတာ။ သုံးလက်ပဲ သွန်းလုပ်ခဲ့ဖူးပေမယ့် ဒဏ္ဍာရီတွေအရ ပျောက်သွားတယ်တဲ့လေ။ ဒါပေမဲ့ အဲဒါက သေချာပေါက် အပြစ်ဓားတစ်လက်ပဲ”
“သူမ.... သူမက မန်မျိုးနွယ်အစစ် မဟုတ်ဘူးလေ၊ သျှောင်နောက်ဆံထုံးပါဆိုသလို မျိုးနွယ်စုထဲ ဝင်လာခဲ့တာ။ ပြီးတော့ အသက်ဘယ်လောက်ကြီးကြီး၊ မျိုးနွယ်စုရဲ့ မန္တန်ဝင်္ကပါနဲ့ အပြစ်ဓားတစ်လက်ကို မထိန်းချုပ်နိုင်သင့်ဘူး”
သတ္တမသွေးဆက်မှ အဘိုးကြီးက မျက်လုံးအပြူးသားနှင့် မယုံကြည်နိုင်စွာ ကြည့်နေသည်။ အပြစ်ဓားများအကြောင်း သူ ကောင်းကောင်းသိထားသော်လည်း သူ့သွေးဆက်၏ပိုက်နက်အောက်၌ တစ်လက် အမြှုပ်ခံထားရလိမ့်မည်ဟု မထင်ထားခဲ့သလို... ဤအဘွားကြီးက ၎င်းကို ထိန်းချုပ်နိုင်မည်ဟုလည်း သူ မတွေးမိခဲ့ပေ။
ဘွားဘွားမန်က အနက်ရောင်ဓားမြှောင်ကို ကြည့်ရင်း အတိတ်ကို ပြန်တွေးနေပုံပေါ်သည်။ ထို့နောက် သက်ပြင်းဖွဖွချ၍ သူမညာလက်ဖြင့် ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်ကာ ဓားမြှောင်အား သူမလက်ထဲ ရောက်လာစေသည်။ ထို့နောက် သူမသည် ၎င်းကို အဘိုးကြီးထံ ညွှန်လိုက်၏။
“မန်မျိုးနွယ်စုရဲ့ နှိပ်စက်ညှင်းဆဲခန်းမကနေ ငါ့အပေါ် ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အရ” သူမက အေးစက်စွာ ပြောသည်။ “ငါ နင့်ကို အခုကစပြီး မန်မျိုးနွယ်စုမှ ဖယ်ရှားတယ်” သူမစကားပြောနေစဉ် သူမနဖူးအပေါ်၌ သွေးနီရောင်စည်းတံဆိပ်တစ်ခု ပေါ်လာသည်။ အကြီးပိုင်းမျိုးဆက်များမှာ ထိုစည်းကို မြင်လျှင်ချင်း ပင့်သက်ရှိုက်မိလိုက်ကြသည်။
“သွေးဆက်စည်း... အခုမှ ယုတ္တိရှိသွားတော့တယ်။ အဲဒီတုန်းက မျိုးနွယ်စုရဲ့ မဟာအကြီးအကဲ မန်ရှန်းက သူ့အမွေကို အခြားသူတွေကို လွှဲပြောင်းပေးဖို့ အဲဒီသွေးဆက်စည်းတွေကို အပ်နှင်းပိုင်ခွင့်ရှိခဲ့တာ ဖြစ်မယ်”
ထိုအခိုက်အတန့်တွင် ဘွားဘွားမန်က ဓားကို သတ္တမသွေးဆက်မှ အဘိုးအိုထံ ပိုင်းချကာ အနက်ရောင်အလင်းအား လင်းခနဲ လက်သွားစေသည်။
ထိုအဘိုးအိုက ပြန်တိုက်ခိုက်ဖို့ ကြိုးစားသော်လည်း မန်ဟို့ဘိုးဘိုးလေးနှစ်ယောက်၏ ချုပ်ဖမ်းခြင်း ခံလိုက်ရသည်။
သူ့ခေါင်းသည် သူ့လည်ပင်းမှ ဖြတ်ထွက်သွားပြီး သူ့ခန္ဓာကိုယ်လည်း ပေါက်ကွဲသွားသည်။ အကြီးအကဲများအပါအဝင် ကျန်သတ္တမသွေးဆက်များမှာ ထိတ်လန့်သွားပြီး ချက်ချင်း ထွက်ပြေးကြတော့သည်။ ဘွားဘွားမန်က သူတို့ကို အဖက်မလုပ်ပေ။ ထို့နောက် သူမတစ်ကိုယ်လုံး သိမ့်ခနဲ တုန်ရီသွားသည်။ ယင်းကို မန်ဟိုမှအပ မည်သူမှ သတိမထားမိလိုက်ပေ။ အပြစ်ဓားဆိုသည့်အရာမှာ တကယ်တော့ စိတ်ဆန္ဒဆုံချက်မှ ဖန်တီးခံခဲ့ရသည်ကို သူ ပြောနိုင်သွား၏။
ထိုစိတ်ဆန္ဒသည် ဓားကို သွန်းဖို့ သွေးစတေးခဲ့ရသော လူများ၏ စိတ်ဝိညာဉ်မှ လာသည်။ ထို့အကြောင်းကြောင့် သွေးဆက်စည်းတစ်ခုနှင့် လူတစ်ယောက်သာလျှင် လက်နက်ကို ထိန်းချုပ်နိုင်သည်။ မည်သည့်အရာကမှ မူမမှန်သည့်ပုံမပေါ်ခဲ့သော်လည်း ဓားဖြင့် ပိုင်းလိုက်ခြင်းက သူမကိုလည်း ဒဏ်ရာရစေခဲ့၏။ သူမမှာ အမှန်ပင် မန်မျိုးနွယ်စစ်စစ်မဟုတ်သည် မဟုတ်ပါလော။
အကာအကွယ်မန္တန်ဝင်္ကပါကို သူမ ခြယ်လှယ်နိုင်သည့် အကြောင်းရင်းနှင့်ပတ်သက်၍မူ မန်ဟိုသည် သဲလွန်စတချို့အား တွေ့ရှိထားပြီးဖြစ်၏။ မန္တန်ဝင်္ကပါအတွင်း၌ သူ့အဘွား၏အရှိန်အဝါတချို့ကို သူ ခံစားရသည့်အပြင် သူမကိုယ်ပေါ်တွင်လည်း မန္တန်ဝင်္ကပါမှ အငွေ့အသက်များကို ခံစားရလေသည်။
“ဘာတာအိုမှော်အစွမ်းကြောင့်မှ မဟုတ်ဘူး။ တကယ်က ... အကာအကွယ်မန္တန်ဝင်္ကပါက သူ့ကို ထိန်းချုပ်ခွင့်ပေးနေတာပဲ” မန်ဟိုက မန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ဝင်းနှင့် ထိုအထဲရှိ ... အမြင့်ဆုံးအဆောက်အဦဖြစ်သည့် ဧရာမရုပ်တုကြီးကို လေးနက်စွာ လှမ်းကြည့်လိုက်သည်။
ရုပ်တုကြီးသည် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးသာ တံခါးပိတ်တရားထိုင်နိုင်သည့် နေရာဖြစ်သည်သာမက အကာအကွယ်မန္တန်ဝင်္ကပါ၏ ဗဟိုချက်လည်း ဖြစ်ပေသည်။
ယခုတွင် အောက်ရှိနန်းဆောင်အတွင်း၌ သတ္တမသွေးဆက်တစ်ယောက်မှ မရှိတော့ပေ။ အကုန်လုံး ထွက်ပြေးသွားခဲ့ကြလေပြီ။
မန်ဟိုက ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဖြစ်ပျက်နေသောအရာများကို တိတ်ဆိတ်စွာ ကြည့်ရင်း သူ့အဘွား၏အနောက်တွင်သာ ရပ်နေသည်။ သူ့အနေဖြင့် မည်သည့်ကိစ္စတွင်မဆို သူ့အဘွား၏ဆန္ဒအတိုင်း လုပ်ဆောင်မည်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူ့အဘွား၏သွေးဆက်ကိုသာ သူ ဂရုစိုက်၏။ ကျန်မန်သွေးဆက်များကမူ သူ့အတွက် ပုရွက်ဆိတ်လောက်ပင် အရေးမပါပေ။
ဘွားဘွားမန်က မန်ဟို့ကို လှည့်ကြည့်ပြီး နူးညံ့စွာ ပြုံးကာ ပြောသည်။ “ဟိုအာ ဒီနေရာက မြေးအမေ နေခဲ့တဲ့ နေရာပဲ။ ဒီနေ့ ဘွားဘွား မင်းကို ဒီနေရာ အမွေပေးမယ်” ထို့နောက် သူမသည် ပြန်လှည့်ပြီး ဧရာမရုပ်တုကြီး၏အရိပ်အောက်ရှိ ပထမသွေးဆက်၏တည်နေရာသို့ အေးစက်စွာ လှမ်းကြည့်၏။
“အဲဒီနေရာကတော့ ဘွားဘွားတို့ နေခဲ့ဖူးတဲ့ နေရာ” သူမက ရှေ့ဆက်လျှောက်သွားရင်း ပြောသည်။ သူမလမ်းရှိ ကျန်မန်မျိုးနွယ်များမှာ တခဏတွန့်ဆုတ်နေပြီးနောက် ကြောက်လန့်နေသောမျက်ဝန်းများဖြင့် လမ်းဖယ်ပေးကြသည်။
မန်ဟို့အဘွားသည် မန္တန်ဝင်္ကပါနှင့် အပြစ်ဓားကို ထိန်းချုပ်နိုင်သည့်အပြင် သွေးဆက်စည်းတစ်ခုကိုလည်း ပိုင်ဆိုင်ထား၏။ အဆိုပါအခြင်းအရာအားလုံးက ကျန်သွေးဆက်များအား တိုက်ခိုက်လိုစိတ် ကင်းမဲ့သွားစေသည်။ ဒသမသွေးဆက်က ကျန်သွေးဆက်အားလုံးကို သုတ်သင်ဖို့ ထွက်လာခဲ့ခြင်းမဟုတ်ကြောင်း သူတို့ ယုံကြည်ထားသည် မဟုတ်ပါလော။
သို့သော် ဘွားဘွားနှင့် အခြားသူများ ပထမသွေးဆက် တည်ရှိရာ ဒေသအနား ရောက်လာသည့်အခါ ဧရာမရုပ်တုကြီးအတွင်းမှ ဟိန်းဟောက်သံတစ်သံ ထွက်လာသည်။
“တော်သင့်ပြီ။ ငါတို့အားလုံးက မန်မျိုးနွယ်ဝင်တွေပဲ မဟုတ်လား။ မျိုးနွယ်ဝင်အချင်းချင်း တိုက်ခိုက်တာတွေ ထပ်မလုပ်ကြနဲ့တော့။ အခု ဒသမသွေးဆက် ပြန်ရောက်လာပြီ၊ မန်မျိုးနွယ်စုတစ်စုလုံး အခမ်းအနားနဲ့ ကြိုဆိုသင့်တယ်။ တိုက်ခိုက်စရာမလိုဘူး”
သူ၏စကားလုံးကို တုံ့ပြန်သည့်အနေဖြင့် ပတ်ဝန်းကျင်ရှိ မန်မျိုးနွယ်အားလုံး ခေါင်းငုံ့အရိုအသေပေးကြသည်။ ဘွားဘွားမန်တစ်ယောက်တည်းသာ တွေဝေနေသောမျက်ဝန်းများဖြင့် ရုပ်တုကြီးကို မော့ကြည့်နေ၏။ အတန်ကြာသော် သူမက ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။ "ရှင်က ခေါင်းဆောင်ကြီး မန်ယောင့်မလား။ ကျွန်မအနေနဲ့ သွေးချောင်းမစီးအောင် ထိန်းနိုင်ပေမယ့် ပထမသွေးဆက် မောင်ပိုင်စီးထားတဲ့နေရာက ကျွန်မတို့ အပိုင်ပါ။ သူတို့ကို ဖယ်ပေးဖို့ ပြောလိုက်။ ဒါဆို အခုချက်ချင်း ဒီကိစ္စကို အဆုံးသတ်ပေးမယ်”
“အဓိပ္ပါယ်မရှိတာ” ပထမသွေးဆက် သိမ်းပိုက်ထားသည့် ဒေသအတွင်းမှ တင်းမာခက်ထန်သောအသံတစ်သံ ထွက်လာသည်။ “ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံက ဘာမဟုတ်တဲ့ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်မှာပဲ ရှိတယ်။ ခင်ဗျားနောက်က ဂျူနီယာမျိုးဆက်ကြောင့်သာ မဟုတ်ရင် ခင်ဗျား မန္တန်ဝင်္ကပါနဲ့ အပြစ်ဓားကို ထိန်းချုပ်နိုင်ရင်တောင်မှ အခုလို ပူညံပူညံလုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး"
အသံပိုင်ရှင်က ထွက်လာသည်။ ဆံပင်အဖြူနှင့် ကောင်လေးတစ်ယောက်ဖြစ်၏။
သူ၏မျက်နှာက ဒေါသကြောင့် အကျည်းတန်နေပြီး သူ့ထံမှ တစ်ဝက်တစ်ပျက်တာအိုအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော် တစ်ဝက်တစ်ပျက်တာအိုအဆင့်ဖြင့် နေထိုင်နိုင်မည့် သက်တမ်းမှာ ကုန်ခမ်းခါနီးနေသကဲ့သို့ ထိုအရှိန်အဝါတွင် ပျက်စီးခြင်းအငွေ့အသက်များ ပြည့်နှက်နေသည်။
ယင်းက သူ့ကို ပို၍ပင် ဒေါသထွက်စေပြီး သူ ထွက်လာသည့်အခါ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်းတောက်လောင်နေသည်။ သူသည် အင်္ကျီလက်စကို ခါပြီး စကားဆက်ပြောတော့မည့်အချိန် မန်ဟိုက ကြားဖြတ်ပြောလိုက်၏။
“ပိတ်ထားစမ်း” သူ၏စကားလုံးများသည် ဆံဖြူကောင်လေးကို လမ်းလျှောက်နေရာမှ တုံ့ခနဲ ရပ်သွားစေသော မမြင်နိုင်သည့်အားတစ်လှိုင်းဖြစ်လာ၏။ “လူကြီးတွေ စကားပြောနေရင် မင်းလို ချာတိတ်လေးတွေ ကိုယ့်အပေါက်ကိုယ် ပိတ်ထားသင့်တယ်။ ပိတ်မထားရင်တော့ မင်းမှာ သက်တမ်း ဘယ်လောက်ပဲကျန်ကျန် ငါ အခု အဆုံးသတ်ပေးနိုင်တယ်” မန်ဟို၏အေးစက်စက်အသံ ပဲ့တင်နေစဉ် ဆံဖြူကောင်လေးသည် မျက်ထောင့်နီကြီးဖြင့် မန်ဟို့ကို စိုက်ကြည့်ရင်း တုန်ရီစွာ ရပ်နေ၏။
ဘွားဘွားမန်က တိတ်ဆိတ်စွာ ရပ်နေသလို၊ မန်ဟို့ဘိုးဘိုးလေး၊ ဦးလေးနှင့်အဒေါ်များလည်း ထိုနည်းတူပင်။ ဤအရာအားလုံးက မန်ဟို့အင်အားကြောင့် ဖြစ်ပျက်နေကြောင်း သူတို့ ဝန်ခံရပေမည်။ သူ့အကူအညီကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် ဘယ်တော့မှ ဦးပြန်မော့နိုင်မည်မဟုတ်ပေ။
မန်ဟိုက သက်ပြင်းချသည်။ သူလည်း ယခုလို မသုံးသပ်မိဘဲ နေမည်လော။ သူ့အဘွားသည် သူမကိုယ်သူမ ဒဏ်ရာရစေခဲ့သည့်အချက်အရ ပိုမိုထင်ရှားသည်။ နောက်ဆုံးတော့ သူက သူ့အဘွားဘက် လှည့်ကာ လေးနက်စွာ လက်ယှက်အရိုအသေပေးလိုက်သည်။
“ဘွားဘွားမန်။ ကျွန်တော့်ကို ဒီအခြေအနေကို ရှင်းခွင့်ပြုပါ”
သူ့အဘွားက သူ့ကို ပြန်ကြည့်ပြီးနောက်တွင် ပြုံးလိုက်သည်။
“ငါ့မြေးကို ထိန်းနေစရာ မလိုတော့ဘူး ထင်တယ်။ ကောင်းပြီ သွား ရှင်းလိုက် မြေးလေး”
မန်ဟိုက ပြုံးပြီးနောက် ဆံဖြူကောင်လေးကို အေးအေးဆေးဆေး ပြန်လှည့်ကြည့်သည်။ “ထွက်သွားလိုက်တော့”
“မင်းးးးး” ဆံဖြူကောင်လေးက မျက်လုံးကြီးပြူးပြီး တစ်ကိုယ်လုံး တုန်ရီနေလျက် အော်သည်။ သူ့အနေဖြင့် မန်ဟို့ကို မယှဉ်နိုင်စေကာမူ မျိုးနွယ်စုတစ်စုလုံး၏ ရှေ့မှောက်တွင် ဖြစ်သည့်အတွက် မန်ဟို့ကို ထိုကဲ့သို့ မအော်ငေါက်မိဘဲ မနေတော့ပေ။ သူ့မှာ ဘယ်လိုပဲဖြစ်ဖြစ် သေရမည့်လူဖြစ်ရာ သေခြင်းတရားကို ဘာကြောင့်ကြောက်နေတော့မည်နည်း။
သူ ဘာမှမပြောနိုင်ခင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ ထို့နောက် ကောင်လေး၏အရှေ့တည့်တည့်တွင် ဖျတ်ခနဲ ပေါ်လာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေပွေတစ်လုံးသည် ကောင်လေးကို ဗဟိုပြုလျက် တဝေါဝေါ လည်လာ၏။ ၎င်းက လျင်မြန်စွာပင် လေဆင်နှာမောင်းကြီးဖြစ်လာကာ ပထမသွေးဆက် သိမ်းပိုက်ထားသည့် ဒေသတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ဖုံးလွှမ်းရင်း ပထမသွေးဆက်ကျင့်ကြံသူများကို စုပ်ယူ၍ လည်နေစေရာ သွေးပျက်စွာအော်သံများ ဆူညံလာတော့သည်။
ဆံဖြူကောင်လေးက ၎င်းတို့အားလုံး၏ အလယ်ဗဟိုတွင် ဖြစ်သည်။ မန်ဟိုသည် ထိုကောင်လေး သူ့အဘွား စော်ကားခဲ့သည့် စကားလုံးများကြောင့် အလွန်တရာမုန်းတီးစက်ဆုပ်နေသဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ ကောင်လေးအား ငယ်သံပါအောင် အော်လိုက်ရစေသည်။ ကောင်လေး၏ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်လာပြီးနောက် သွေးအစအနများအဖြစ် ပြိုကွဲလာ၏။ သူ၏လျော့နည်းနေသောသက်တမ်းမှာလည်း အတင်းအကြပ် ဖယ်ရှားခံနေရသည်။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း ကောင်လေးမှာ လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားသော ပြာဘဝရောက်သွားတော့သည်။
အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်ကျသွားသည်။ မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျရောက်လာပြီး အကြောက်တရားတို့ဖြင့် ပြည့်နှက်နေလေသည်။
ယင်းက မန်ဟို ဦးတည်ထားခဲ့သည့် ရလဒ်ပင်။ သူ့အနေဖြင့် အဋ္ဌမတောင်ပင်လယ်တွင် ကြာကြာနေမရသည့်အပြင် ဘွားဘွားမန် နဝမတောင်ပင်လယ်သို့ မသွားလိုလျှင် သူတို့ မန်မျိုးနွယ်စုတွင် ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် သူ လုပ်ပေးရလိမ့်မည်။
သူတို့၏နေရာ ခိုင်မာတောင့်တင်းသွားလျှင် သူ ထွက်သွားသည့်အခါ သွေးဆက်တစ်ဆက်လုံး ဘေးကင်းလုံခြုံလိမ့်မည်။ သူတို့ကို ရန်စဖို့ တွေးရဲသည့် မည်သူမဆို အကျိုးဆက်များကို ဦးစွာစဉ်းစားရလိမ့်မည်။
“ကံဆိုးတာက ... သူတို့ရဲ့နေရာက ... အခုထက်ထိ ခိုင်မာသင့်သလောက် မခိုင်မာသေးဘူး” သူက တွေးသည်။ ထို့နောက် သူသည် ရုပ်တုကြီးကို မော့ကြည့်လိုက်ပြီး သူ့အကြည့်က ၎င်းအတွင်း၌ ထိုင်နေသော တာအိုနယ်ပယ်ပညာရှင်ငါးယောက်ကို ထိုးဖောက်မြင်နေ၏။