ပြန်လှည့်ဖို့ မျက်နှာမရှိ
Vol. 47 Ch. 645
ဘီး
တိုက်ပွဲတောင် မစတင်သေးခင် ပင်လယ်ဒေသအနား၌ အတက်အကျတစ်ခု ဖြစ်လာသည်။ မြန်ဆန်စွာ ကြီးထွားလာသည့် အလင်းစက်လေး တစ်စက်ရှိပြီး မကြာမီ၌ လေဟာနယ် ရှေးလမ်းကြောင်းတစ်ခု ပေါ်လာလေ၏။ ကလေးတစ်ယောက်ကို ပွေ့ထားသည့် အဘိုးအိုတစ်ဦးက ထွက်လာပြီး နောက်ကွယ်မှ ကျွမ်းကျင်သူ အယောက်ရှစ်ဆယ် လိုက်ပါလာ၏။
“ဟား ဟား ဟား ရှီးဖေး ဘာကြောင့်များ ဒီလောက်ဆိုးရွားတဲ့ အခြေအနေထဲ ရောက်နေရတာလဲ”
ကျန့်ဝူယင်၏ ကျန်းရှင်းကျား၊ သို့မဟုတ် ရှန်းဝမ်တာ့ရှီးတို့က ရှီးမျိုးနွယ်စု၏ လူများထက် ပိုအားနည်းခြင်းကြောင့်ပေလောမသိ။ သူတို့သည် ရှီးဖေးတို့ ပေါ်လာပြီး မကြာမီမှသာ ရောက်လာတတ်၏။ ကျန့်ဝူယင်က ပေါ်လာပြီး ရှီးဖေး၏ သုန်မှုန်နေသော အမူအရာကို မြင်တွေ့လိုက်ရပြီး နေရာအနှံ့ နတ်ဆိုးသားရဲ အလောင်းများကို တွေ့နေရသည်။ ကျန့်ဝူယင်က ကျယ်လောင်စွာ ရယ်မောမိသွား၏။
သို့သော် ကျန့်ဝူယင်၏ အပြုံးက အပြည့်အဝတောင် မထုတ်ဖော်ရသေးခင် သူ့ဘေးရှိ သိုင်းပညာရှင်က သူ့ကို ချက်ချင်းဆုပ်ကိုင်ပြီး ပြေးလွှားနေစဉ် အော်ပြောလိုက်၏။
“မြန်မြန်ပြေးရမယ် အဲ့ဒီမှာ အမြင့်ဆုံးအဆင့် နတ်ဆိုးဧကရာဇ် နှစ်ပါးနဲ့ အဆင့်မြင့် နတ်ဆိုးဧကရာဇ် သုံးပါးရှိတယ်။ မင်းတို့ရဲ့ ခွန်အားလေးနဲ့ဆိုရင် သေမှာသေချာတယ်”
ကျန်ရှိသည့် ကောင်းကင်ဧကရာဇ်များသည် ရယ်မောချင်ခဲ့သော်ငြား သူတို့က ထိုလူပြောတာကိုကြားပြီး ချက်ချင်း အမူအရာက ပြောင်းလဲသွား၏။ ချဉ်းကပ်လာသော အစွမ်းထက်သည့် အရှိန်အဝါ တည်ရှိမှုအချို့ ရှိနေလေပြီ။ ယင်းက ထိုလူသူကင်းမဲ့ပြီး ရှေးကျသော ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ပိုင်ဆိုင်သည့် အရာများဖြစ်ကြောင်း ခံစားမိ၏။
ဝှစ် ဝှစ်
သူတို့က ခပ်ဝေးဝေးသို့ ပြန်ထွက်သွားတော့မည့် အချိန်တွင် ပင်လယ်ရေထဲမှ လှိုင်းလုံးကြီးတစ်ခုက ရှေ့တွင်ပေါ်လာပြီးနောက် ပင်လယ်နတ်ဆိုးများစွာက ဝရုန်းသုန်းကား ဝင်လာ၏။ အမှန်တကယ်ပင် အရပ်မျက်နှာ အနှံ့ကနေ ဝင်လာတာပဲဖြစ်၏။
ပင်လယ်နတ်ဆိုး အများစုက ဟင်းလင်းပြင်ဆူးထစ် သားရဲများဖြစ်သော်ငြား အမျိုးမျိုးသော ထူးဆန်းသည့် ပင်လယ်နတ်ဆိုးများလည်း ရှိသည်။ ကို့ဟုန်၏ချိုမှ လှိုင်းပုံသဏ္ဌာန်သည် ညှိုးရော်သည့် လက္ခဏာပြနေ၏။ အစွမ်းထက်သော နတ်ဆိုးဧကရာဇ်များက ထိုအချက်ပြမှုကို ခံစားမိပြီး ပင်လယ်နတ်ဆိုးများနောက်သို့ ရောက်အောင် ချက်ချင်းပင် နေရာရွေ့ပြောင်းဖို့ အထူးနည်းလမ်းများ သုံးခဲ့တာဖြစ်သည်။ ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခုက ဆီးကြိုနေလေ၏။
အရပ်မျက်နှာအနှံ့ကနေ ပြေးထွက်လာသည့် ပင်လယ်နတ်ဆိုး များစွာရှိ၏။ သူတို့က အလွှာသုံး နတ်ဆိုးများနှင့် နတ်ဆိုးဘုရင်များ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား သူတို့က အသေးအမွှားတော့ မဟုတ်ကြပေ။ ထိုပင်လယ်နတ်ဆိုး အများစုက ထူးခြားသော နတ်ဆိုးသိုင်းများ ရှိနေပြီး ကရုမစိုက်မိလျှင် ဤနေရာ၌ သေချာပေါက် ပျောက်ကွယ်သွားမှာပဲဖြစ်သည်။
ယင်းက ထိုမျှများပြားသော ပင်လယ်နတ်ဆိုးများဖြင့် သူတို့က သွေးလမ်းကြောင်းကို မသတ်ဖြတ်နိုင်ခင် အချိန်တစ်ခု လိုအပ်သည် မဟုတ်ပါလော။ ကျွမ်းကျင်သူများကြားရှိ တိုက်ပွဲတစ်ပွဲကို ခဏအတွင်း ဆုံးဖြတ်နေကြဖြစ်ကာ နှောင့်နှေးမှုက သေစေနိုင်လောက်သည်။
နတ်ဆိုးဧကရာဇ် (၇)ပါး အမြင့်ဆုံးအဆင့် (၂)ပါးနှင့် အဆင့်မြင့် နတ်ဆိုးဧကရာဇ် (၃)ပါး အလုံးစုံတိုက်ပွဲဝင် ခွန်အားချင်း ယှဉ်ကြည့်ချိန်၌ လူသားများက တစ်ပန်းသာသည်။ သို့သော် လူသားများ၌ ထိုသခင်လေးနှစ်ဦးနှင့် ကျန်းရှင်းကျားများနှင့် ရှန်းဝမ်တာ့ရှီးတို့ ရှိနေလေ၏။ သာမာန် ကောင်းကင်ဧကရာဇ်များ ပျောက်ကွယ်သွားလျှင် အဆင်ပြေသော်ငြား ထိုပုဂ္ဂိုလ်ခြောက်ဦး သေ၍မရပေ။ မဟုတ်လျှင် သူတို့မျိုးနွယ်စုအတွက် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။
ရှီးမျိုးနွယ်စု၏ ပိန်ချုံးသော အဘိုးအိုက ရှီးဖေးတို့ ထွက်ပြေးရန်အတွက် ပင်လယ်နတ်ဆိုးဧကရာဇ်များကို ခံတိုက်ပေးချင်၏။ သို့သော် နတ်ဆိုးသားရဲများ အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာတာကို မြင်တွေ့ပြီးနောက် သူကကြောက်လန့်လာပြီး ရှီးဖေး တစ်စုံတစ်ခု ဖြစ်သွားမှာကို စိုးရိမ်နေမိ၏။
လက်တစ်ဖက်ဖြင့် သူသည် ဒယ်ဇောက်လေးကို ထိန်းချုပ်လိုက်ပြီး ရှေ့သို့ပစ်ပေါက်လျက် သူ၏ခန္ဓာကိုယ်က ရှီးဖေးဆီသို့ ဆုတ်သွားတော့သည်။ မိစ္ဆာဧကရာဇ်နှင့် ရှီးဖေး၏အဖေက စည်းကမ်းတင်းကြပ်ပုံ ပေါ်သော်ငြား သူတို့နှစ်ယောက်လုံးက ရှီးဖေးကို အလွန်နှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ မတော်တဆ ဖြစ်ရပ်များ မရှိလာလျှင် ရှီးဖေးက နောက်တက်မည့် မျိုးနွယ်စုခေါင်းဆောင် ဖြစ်မှာသေချာ၏။
ဘန်း ဘန်း ဘန်း ဖုန်း ဖုန်း ဖုန်း ချီ ချီ ချီ
တိုက်ပွဲစတင်သည်နှင့် နှစ်ဖက်လုံးရှိ ကောင်းကင်ဧကရာဇ်များက ကြိုးစားပမ်းစား တိုက်ခိုက်ကြပြီး ရှေ့တွင်လမ်းကြောင်းတစ်ခု ရှင်းလိုက်တော့သည်။ သူတို့၏ ခန္ဓာကိုယ်များက လျှပ်ပြက်သည့် အရှိန်ဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပျံသန်းလာကြသည်။ နတ်ဆိုးဧကရာဇ် (၇)ပါးကလည်း နောက်မှလိုက်ပါလာ၏။ အနက်ရောင် သတ္ထုသံမဏိ အမြီးများက ပင်လယ်ကိုခွင်းလျက် အားအနည်းဆုံးနှင့် အနှေးဆုံး ကောင်းကင်ဧကရာဇ်များကို တိုက်ခိုက်တော့၏။
ဘန်း
အဆင့်နိမ့် ကောင်းကင်ဧကရာဇ် တစ်ဦးသည် သံမဏိအမြီး လွှဲယမ်းမှုကြောင့် သူ၏နတ်ဘုရားဒိုင်းသည် ချက်ချင်း ထိုးဖောက်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်လည်း အပိုင်းပိုင်းအစစ ချေမှုန်းခံလိုက်ရ၏။ ရှေ့ရှိနတ်ဆိုးဧကရာဇ် နှစ်ပါးက သေစေနိုင်လောက်အောင် ခွန်အားကြီးလေရာ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များသည် သူတို့ကို ရင်ဆိုင်ရာတွင် ပိတ်ဆို့နိုင်ဖို့ မည်ကဲ့သို့ မျှော်လင့်ချက် ရှိမည်နည်း။
“မိစ္ဆာဧကရာဇ် စစ်သားတွေ မင်းတို့ရဲ့အမိန့်ကိုနာခံ သူတို့ကို အချိန်ဆွဲထားကြ”
ပိန်ချုံးသော အဘိုးအို၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး အံ့ကြိတ်ကာ အော်လိုက်တော့သည်။ ကျန့်မျိုးနွယ်စုကို ဦးဆောင်နေသည့် အမြင့်ဆုံးအဆင့် သိုင်းပညာရှင်ကလည်း တင်းမာသည့် အမူအရာ ရှိနေပြီး ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်ကို နောက်တွင် နေရစ်ခိုင်းပြီး ထိန်းထားခိုင်းသည်။ မဟုတ်လျှင် ရှီးဖေးနှင့် ကန့်ဝူယင် ပျောက်ကွယ်သွားမှာ သေချာနေ၏။
“သတ်”
ရှီးနှင့် ကျန့်မျိုးနွယ်စုများမှ ကောင်းကင်ဧကရာဇ်များက မျက်လုံးများ နီရဲနေပြီး နတ်ဆိုးဧကရာဇ် ခုနှစ်ပါးဆီ တစ်ဟုန်ထိုး ဝင်သွားတော့၏။ သူတို့အသက်များကို ပစ်ထုတ်နေတာ ရှင်းရှင်းလင်းလင်း သိသော်ငြား အနာခံခဲ့လျှင် သူတို့သေမည် ဖြစ်ရုံသာမက သူတို့မိသားစုများပါ သူတို့နှင့်အတူ လိုက်ပါသေဆုံးရပေလိမ့်မည်။
“မျိုးမစစ် မျိုးမစစ်ကျန့်”
ရှီးဖေး၏ ကောင်းကင်စိတ်အာရုံက သူ့မျိုးနွယ်စု၏ ကျွမ်းကျင်သူများသည် နတ်ဆိုးဧကရာဇ်များ၏ သတ်ဖြတ်ခြင်းကို ခံနေရကြောင်း အာရုံခံမိသည်။ ပင်လယ်ရေတို့ကို ဘေးသို့ကွဲထွက်သွားစေသည့် ဟိန်းသံများ စူးရှသည့် အသံများလည်း ရှိနေလေရာ သူတို့ရင်ထဲ ဝမ်းနည်းမှု စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် ရှီးဖေးနှင့် ကျန်သည့်သူများက ကျွန်းတစ်ကျွန်းသို့ ထွက်ပြေးနိုင်ခဲ့ပြီး သူတို့အဖွဲ့ ပြန်ဆုံသည်က မိုင်တစ်သိန်းအကွာတွင်ဖြစ်သည်။ ရှီးဖေးနှင့် ကျန့်ဝူယင်က သူတို့နား၌ လက်အောက်ငယ်သား အနည်းငယ်သာ ကျန်တော့သည်ကို မြင်သည့်အခါ နှစ်ယောက်လုံးက မျက်ရည်မကျဘဲ ရှိုက်နေကြတော့သည်။
ကျန့်ဝူယင်က ရှီးဖေးကို လှောင်ပြောင်ချင်စိတ် မရှိတော့ပေ။ သူကသစ်ပင်ကြီးကိုမှီလျက် အမောတကော အသက်ရှုနေသည်။ အမြင့်ဆုံးအဆင့် နတ်ဆိုးဧကရာဇ် နှစ်ပါး၏ အရှိန်အဝါ တည်ရှိမှုက သူ့ကိုသေခြင်းတရား အငွေ့အသက်ကို ရစေခဲ့သည်။
သေခြင်းတရားနှင့် နီးကပ်ခဲ့တာက သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ကျောက်စိမ်းရုပ်ထုသဖွယ် ကလေးဆန်သည့် မျက်နှာက အလွန်ဖြူရော်နေတော့သည်။ သူ၏မျက်လုံးများက ဖျတ်ခနဲ လှုပ်နေလျက် ဒေါသတကြီး ထရပ်ကာ ရှီးဖေးကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်လေ၏။
“ရှီးဖေး မင်းတို့အားလုံး အရူးတွေလား။ ဘာကြောင့်ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးဧကရာဇ်တွေကို ရန်စရတာလဲ။ အတွင်းသွေးပင်လယ်ထဲမှာ နတ်ဆိုးသက်ဦးဆံပိုင် ဘုရင်တွေကို ဒေါသထွက်စေခဲ့မယ်ဆိုရင် ငါတို့အသက်ရှင်လျက် ပြန်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့”
“ပါးစပ်ပိတ်ထား”
ရှီးဖေးက ယခုအခေါက်တွင် သူ၏မျိုးနွယ်စုသည် အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားခဲ့ရသောကြောင့် ဒေါသထွက်နေသေးဆဲဖြစ်သည်။ ကျန်းရီနောက်သို့ လိုက်ရန်အတွက် အယောက်ငါးဆယ်ကျော် စုဝေးခဲ့သည်။ သို့သော် ဆယ်ယောက်အောက်သာ ကျန်တော့၏။ သူ၏ဖခင်ကို မည်ကဲ့သို့ ရှင်းပြရမည်မှန်းတောင် မသိတော့ချေ။
ကျန့်ဝူယင်က သူ့ကို ထပ်ခါတလဲလဲ ရန်စစော်ကားခဲ့၏။ သူ သည်းမခံနိုင်တော့ချေ။ နီရဲနေသော မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်၏။
“ငါမင်းကိုဒီနေရာကိုတောင် ဖိတ်လို့လား။ မင်းဘာသာမင်း ဒီကိုရောက်လာတာပဲ။ မင်းလူတွေ သေတာအတွက် ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။ ငါတို့တွေလည်း ဆုံးရှုံးရတာပဲဆိုတာ မမြင်ဘူးလား။ မင်းအဓိပ္ပာယ် မရှိတာတွေ ဆက်ပြောနေခဲ့မယ်ဆိုရင် မင်းကိုငါ ယိုးပစ်မယ်”
ကျန့်ဝူယင်က ဂုဏ်ယူဝင့်ကြွားတတ်ပြီး မောက်မာထောင်လွှားတတ်သူဖြစ်ကာ ပြဿနာရပ်များကို မကြောက်ပေ။ ရှီးဖေးပြောတာကို ကြားသည့်အချိန်၌ သူကချက်ချင်း ထရပ်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“အော် သခင်လေးဖေးက တကယ် အထင်ကြီးဖို့ ကောင်းတာပဲ။ ဟမ် မင်းရဲ့အင်အားတွေကို နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်နေတဲ့အချိန် ဘာကြောင့်များ မပြခဲ့တာလဲ၊ မင်းက ငါ့ကို ယိုးချင်တယ်ပေါ့၊ မင်းမှာရှိတဲ့ ယောက်ျားတွေအရေအတွက်နဲ့ လုပ်နိုင်တာ သေချာလား၊ ဘယ်သူက ဘယ်သူ့ကို အရင်သတ်မလဲ သိရအောင် ကြိုးစားကြည့်ပါလား”
ကျန့်မျိုးနွယ်စုသည် ယခုအခေါက်၌ ကျွမ်းကျင်သူများစွာ ခေါ်လာခဲ့ပြီး လူ(၁၂)ယောက်ခန့်တောင် ဆုံးရှုံးခဲ့ရ၏။ သူတို့က အယောက်(၂၀)သာ ကျန်သေး၏။ ရှီးမျိုးနွယ်စုထက် အရေအတွက်က နှစ်ဆရှိနေလေ၏။ ကျန့်ဝူယင်က မကြောက်ပေ။
“မင်းအသက်ရှင်ရတာ ငြီးငွေ့နေတာပဲဖြစ်မယ်”
ရှီးဖေးက ဒေါသထွက်နေပြီး သူ့လက်ထဲ၌ ဧရာမသားရဲအရိုးက ပေါ်လာတော့၏။ ကျန့်ဝူယင်က ဝိညာဉ်ချိတ်ပုလွေကိုထုတ်ကာ နောက်မဆုတ်ပေ။ မျိုးနွယ်စုနှစ်စု၏ အဖွဲ့ဝင်များကလည်း အမြန်ထိန်းလိုက်ကြ၏။
ထိုသခင်လေးနှစ်ယောက် ဘာမှဖြစ်၍မရပေ။ သူတို့က သခင်လေးနှစ်ဦးကိုလည်း ထိခိုက်ဒဏ်ရာရအောင် မလုပ်ရဲချေ။ ရှီးဖေးနှင့် ကျန့်ဝူယင်က အမိန့်ပေးခဲ့လျှင်တောင် သူတို့က မလှုပ်ရှားရဲချေ။ အလွန်ဆုံးမှ တစ်ဖက်ရှိ ကောင်းကင်ဧကရာဇ် လက်အောက်ငယ်သားများကိုသာ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာပဲဖြစ်၏။
“သခင်လေးဖေး ကျုပ်တို့ ဘယ်အခြေအနေထဲ ရောက်နေတာလဲ။ တိုက်ခိုက်ချင်သေးတာလား”
ပိန်ချုံးနေသော ဖုန်းရှန်ကျဲက အေးတိအေးစက်ဖြင့် သတိပေးလိုက်သည်။
“နတ်ဆိုးဧကရာဇ်တွေက အချိန်မရွေး လိုက်လာနိုင်တယ်။ လေဟာနယ် ရှေးလမ်းကြောင်းတစ်ခု တည်ဆောက်ဖို့တောင် အချိန်မရဘူး။ သခင်လေးဖေး အရင်ဆုံး အရှေ့ပိုင်း တော်ဝင်နယ်မြေကို ပြန်ခွင့်ပေးပါ။ လိုက်နေတာကို လက်လျော့လိုက်။ မဟုတ်ရင် မျိုးနွယ်စုကို လူလွှတ်ခိုင်းပြီး ဆက်လိုက်”
“လက်လျှော့ရမှာလား”
ရှီးဖေးက ထိုစကားကို ကြားလိုက်သည်နှင့် ခေါင်းချက်ချင်းခါလိုက်၏။ သူကအံ့ကြိတ်ကာ ပြောလိုက်၏။
“ငါအဲဒီအမျိုးယုတ်ကို မသတ်ရဘူးဆိုရင် ဘယ်တော့မှ မပြန်ဘူး။ ပြန်သွားဖို့ မျက်နှာမရှိဘူး”
ရတနာများ လုယူခံရခြင်းက ရှီးဖေးအတွက် အရေးကြီးသည့် အရာမဟုတ်ပေ။ သူက ဂုဏ်သတင်းကို ပြန်လိုချင်နေတာပဲဖြစ်သည်။ သူကထိုလူနောက်သို့ မလိုက်တော့သည့် အချိန်၌ ဤလိုက်ပါမှုကို သူဦးဆောင်သည့်အချိန်၌ ရှီးမျိုးနွယ်စုကို အရှက်မကွဲစေရန် သူ၏ဖခင်က ပြောခဲ့သည်။
သူကဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုမှ ဖြစ်သည်။ ကျုံလီသော သိုင်းပညာရှင်တစ်ယောက်ကိုလိုက်ပြီး အချိန်များစွာ ကုန်ခဲ့သည်ကို ဘေးချိတ်ထားရင်တောင် သူတို့ဆုံးရှုံးနေသေးသည်လော။ မည်သည့်ရလဒ်မှမထွက်ဘဲ ပြန်သွားခဲ့လျှင် အရှေ့ပိုင်း တော်ဝင်နယ်မြေအတွက် ကြီးမားသည့် ငြင်းခုန်မှုတစ်ခုကို ဖြစ်စေမှာသေချာ၏။ သူ၏ဂုဏ်သတင်းက အရေးမကြီးပေ။ သို့သော် ရှီးမျိုးနွယ်စုက သူနှင့်အတူ အရှက်ကွဲလိမ့်မည်။ မျိုးနွယ်စု၏ အဆင့်အတန်းက ထိခိုက်သွားမည်ဖြစ်ကာ ရှီးဖေးအတွက် တစ်ဘဝလုံးစာ အရှက်ကွဲမှု ဖြစ်လိမ့်မည်။
ကျန့်ဝူယင်က ငယ်ရွယ်သေးပြီး ကလေးတစ်ယောက် ဖြစ်နေသေး၏။ သူ့ကို မည်သူကမှ စိတ်ထဲထားကြမှာ မဟုတ်ပေ။ သို့သော် သူရှီးဖေးကမူ အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ ဂုဏ်သတင်းကျော်ကြားသည့်သူ ဖြစ်သည်။ ယခုအချိန်တွင် သူကအမည်မရှိသည့် သူတစ်ဦးကြောင့် ဆွဲချခံနေရသည်။ ယင်းက သူလက်မခံနိုင်သည့် အရာဖြစ်၏။
***