လူသတ်ဖို့ လာခဲ့တာ
Vol. 7 Ch. 69
ညအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
တောက်ပသော လမင်းကြီးသည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ တွဲခိုလျက်ရှိပြီး ကြယ်တာရာများသည်လည်း တလက်လက် တောက်ပနေကြသည်။
လရောင်နှင့် ကြယ်ရောင်တို့သည် မိုးကောင်းကင်ယံတခွင်လုံးတွင် ပြည့်နှက်နေပြီး မြေပြင်ပေါ်သို့ ဖြာကျနေကာ တောက်ပသော ဖယောင်းတိုင်မီးရောင်များနှင့် ရောယှက်၍ ဓားပျံဂိုဏ်းတစ်ဂိုဏ်းလုံးကို လင်းထိန်စေခဲ့သည်။
အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ပထမတန်းစား အင်အားစုတစ်ခုအနေဖြင့် ဓားပျံဂိုဏ်း၏ အင်အားနှင့် အခြေခံအုတ်မြစ်များကို လျှော့တွက်၍ မရနိုင်ချေ။
စည်းမျဉ်းဥပဒေခန်းမမှ အကြီးအကဲများက ခန်းမမှ တပည့်များကို ဦးဆောင်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ကင်းလှည့်နေကြသည်အား တွေ့မြင်နိုင်သည်။
တောင်အနောက်ဘက်ရှိ ထူထပ်သော သစ်တောထဲတွင် တောင်သခင်တစ်ဦးသည် သူ၏သီးသန့်တပည့်ဖြစ်သူကို ပညာသင်ကြားပေးနေသည်။
လျှို့ဝှက်အခန်းများအတွင်း၌ စွမ်းအားကြီးသော ကျင့်ကြံသူများသည် အထွတ်အထိပ်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန် ကြိုးပမ်းကာ သီးသန့်ကျင့်ကြံနေကြ၏။
ဓားပျံဂိုဏ်းတစ်ဂိုဏ်းလုံးသည် တိုးတက်စည်ပင်နေသော သာယာဝပြောသည့် အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
သို့သော် နောက်ထပ်အချိန်တခဏ၌ ကင်းလှည့်နေသော အကြီးအကဲများဖြစ်စေ တပည့်များကို သင်ကြားပေးနေသော တောင်သခင်များဖြစ်စေ သီးသန့်ကျင့်ကြံနေကြသော ဓားပျံဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများဖြစ်စေ...
သူတို့အားလုံး တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြသည်။
သူတို့အားလုံးသည် လေဟာနယ်မှတစ်ဆင့် ဓားပျံဂိုဏ်း၏ ပင်မခန်းမဆောင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် လူကြီးတစ်ဦးနှင့်လူငယ်တစ်ဦး စုစုပေါင်း လူနှစ်ဦးသည် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိဘဲ ထွက်ပေါ်လာခဲ့သည်။
လူကြီးဖြစ်သူသည် အသက် ၁၈ နှစ်ခန့်သာ ရှိသေးပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ၏အနက်ရောင်ဆံပင်များသည် ခါးအထိ ပေါ့ပါးစွာ ဖြာကျနေပြီး ပျင်းရိပေါ့ပါးသော အမူအယာကို ထုတ်ဖော်ပြသနေသည်။
သို့သော် သူ၏အရှိန်အဝါကမူ အလွန်ထူးခြားပေ၏။
သူ၏ဝတ်ရုံသည် လေထဲတွင် လူးလွန့်နေပြီး သူသည် လောကီလောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးအလား ခန့်ညားပြီး သိမ်မွေ့လှပနေသည်။
လူငယ်လေးကမူ ချီစွမ်းအင်ကို ထိန်းချုပ်ထားသော်လည်း သူ၏ခန္ဓာကိုယ်တွင် လှိုင်းထန်နေသော သွေးချီစွမ်းအင်များ ရောယှက်နေသည်။
သူသည် ရှေးဟောင်းသားရဲပေါက်လေး တစ်ကောင်အလား အလွန်ထူးခြားနေပေ၏။
ဤလူနှစ်ဦးမှာ ကျုံးချင်နှင့်စုယဲ့တို့မှလွဲ၍ တခြားသူများ မဟုတ်ချေ။
"ဝှစ်..."
လေထုကိုဖြတ်သန်းသွားသော အသံများ ထွက်ပေါ်လာသည်နှင့်အမျှ ဓားပျံဂိုဏ်းမှ အကြီးအကဲများ တောင်သခင်များနှင့် အဆင့်မြင့်ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
"အရှင်တို့... ကျုပ်တို့ရဲ့ ဓားပျံဂိုဏ်းထဲကို ညအချိန်မတော် ကျူးကျော်ဝင်ရောက်လာတာ ဘာကိစ္စရှိလို့ပါလဲ"
အကြီးအကဲတစ်ဦး၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မေးမြန်းလိုက်သည်။
သာမန်လူများသာဆိုလျှင် သူတို့သည် ဤကဲ့သို့သော အပြုအမူမျိုး ပြုလုပ်နေမည် မဟုတ်ပေ။
သူတို့သည် ထိုလူများကို တိုက်ရိုက်ဖမ်းဆီးချုပ်နှောင်လိုက်ကြမည်သာ ဖြစ်သည်။
သို့သော် ဓားပျံဂိုဏ်းသည် သာမန်ဂိုဏ်းတစ်ဂိုဏ်းနှင့် မတူညီချေ။
ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဂိုဏ်းကာကွယ်ရေးဝင်္ကပါဖြင့် လွှမ်းခြုံထားသည်။
ဤဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် ဓားပျံဂိုဏ်းသားအားလုံး၏ အချက်အလက်များကို မှတ်တမ်းတင်ထားသည်။
ပြင်ပရန်သူတစ်ဦးသည် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာပါက မဟာဝင်္ကပါကြီးကို အသက်ဝင်စေပေလိမ့်မည်။
သူတို့သည် မဟာဝင်္ကပါကြီး၏ တိုက်ရိုက်ချေမှုန်းခြင်းကို ခံရမည် သို့မဟုတ် မဟာဝင်္ကပါကြီး၏ သတိပေးချက်ကို အသက်ဝင်စေပေမည်။
သို့သော် ဤလူနှစ်ဦးသည် တိတ်တဆိတ်နှင့် ဗြောင်ကျကျပင် ဓားပျံဂိုဏ်း၏ ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိလာနိုင်ခဲ့ကြသည်။
အဆင့်မြင့်ဂိုဏ်းသားတစ်သိုက်မှ ဝိုင်းရံထားသည့်တိုင် သူတို့သည် တည်ငြိမ်အေးဆေးစွာ ရှိနေကြဆဲပင်။
သူတို့၏ ထူးခြားသော အရှိန်အဝါနှင့် ပေါင်းစပ်လိုက်ချိန်၌ မည်သူမဆို သူတို့၏ ထူးခြားမှုကို ပြောဆိုနိုင်ပေမည်။
ထို့ကြောင့် သူတို့သည် ချက်ချင်း အရေးယူခြင်း မပြုခဲ့ကြချေ။
ထိုအစား ဤလူနှစ်ယောက်၏ ရည်ရွယ်ချက်ကို အရင်စုံစမ်းရန် ပြင်ဆင်လိုက်ကြ၏။
လရောင်အောက်တွင်....
ကျုံးချင်က လက်နောက်ပစ်ပြီး တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။
ဓားပျံဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းသားများ၏ စေ့စေ့စပ်စပ် ကြည့်ရှုနေမှု သို့မဟုတ် လေးနက်သော အကြည့်များအောက်တွင် သူက ပေါ့ပါးစွာ ပြောဆိုလိုက်သည်။
"ဒီည လရောင်က အရမ်းလှတယ်... ငါ လူသတ်ဖို့ လာခဲ့တာ"
"မင်းက ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ"
ဤစကားများ ထွက်ပေါ်လာသည်နှင့် ဓားပျံဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းသားများအားလုံး ဒေါသထွက်သွားကြသည်။
"အရှင်... ဒီလောက် မောက်မာနေတာကို ကြည့်ရတာ ကျုပ်တို့ ဓားပျံဂိုဏ်းကို အနိုင်ကျင့်နေတာလား... ကျုပ်တို့ဆီမှာ လူမရှိဘူးလို့ ထင်နေတာလား"
လူတစ်ဦးက မည်းမှောင်အုံ့မှိုင်းသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
သူတို့၏ ဓားပျံဂိုဏ်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ထိပ်သီးအင်အားစုကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
ယခု၌မူ လူတစ်ယောက်က သူတို့၏ရှေ့တွင် ဓားပျံဂိုဏ်းသို့ လူသတ်ရန်လာသည်ဟု ပြောရဲနေသည်။
ဤလူသည် မောက်မာလွန်းအားကြီးပေ၏။
သူတို့သည် ဓားပျံဂိုဏ်းကို မျက်လုံးထဲပင် ထည့်မထားကြချေ။
ဤကိစ္စသာ ပျံ့နှံ့သွားလျှင် သူတို့၏ ဓားပျံဂိုဏ်းသည် အနာဂတ်တွင် အရှေ့ပိုင်းဒေသ၌ မည်သို့ ရပ်တည်နိုင်မည်နည်း။
ထို့ကြောင့် တချို့လူများသည် နေရာမှာပင် ဒေါသများပေါက်ကွဲလုနီးပါး ဖြစ်သွားကြသည်။
သို့သော် အရေးကြီးသော အခိုက်အတန့်တွင် သူတို့ကို ရုတ်တရက် ထွက်ပေါ်လာသော ဓားပျံဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် တုကူးဖုန်းက တားဆီးလိုက်သည်။
တုကူးဖုန်းသည် နဂါးတစ်ကောင် ကျားတစ်ကောင်ကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး ကျုံးချင်၏ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။
သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
"ကျုပ်ရဲ့ တပည့်တွေက ပြဿနာရှာတတ်တဲ့သူတွေ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်"
"အရှင်... အခြေအနေကို ရှင်းပြပြီးတော့ နားလည်မှုလွဲတာ ရှိမရှိ ကြည့်ကြရင် မကောင်းဘူးလား"
"တကယ်လို့ ကျုပ်တပည့်တွေရဲ့အပြစ် ဖြစ်နေရင် ကျုပ် သေချာပေါက် ကျေနပ်လောက်တဲ့ ဖြေရှင်းချက် ပေးပါ့မယ်"
"ဒါပေမယ့် အရှင်က ပြဿနာလာရှာတာ ဆိုရင်တော့... ကျုပ်တို့ ဓားပျံဂိုဏ်းကလည်း လွယ်လွယ်နဲ့ အလျှော့ပေးမယ့်အထဲမှာ မပါဘူး"
ကျုံးချင်က ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဤခေတ်ကာလထဲတွင် အကျိုးအကြောင်းသင့်မြတ်အောင် ပြောဆိုတတ်သူကို တွေ့ရလိမ့်မည်ဟု သူ တွေးထင်မထားခဲ့မိပေ။
ဤသည်က ရှားပါးသော ဖြစ်ရပ်တစ်ခုပင်။
သူသည် ဤနေရာသို့ တိုက်ခိုက်ပြီး ဝင်ရောက်ရမည်ဟု တွေးထင်ထားခဲ့သည်။
"ကောင်းပြီလေ... မင်းက အကျိုးအကြောင်းသင့်မြတ်အောင် ပြောချင်မှတော့ ငါလည်း မင်းနဲ့ အကျိုးအကြောင်းသင့်မြတ်အောင် ပြောရတာပေါ့"
"ဓားပျံဂိုဏ်းရဲ့ မဟာအကြီးအကဲ ဒီနေမှာ ရှိလား"
ကျုံးချင်က နေရာတဝိုက်လုံးကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်သည်။
နောက်ဆုံးတွင် ဆံဖြူလူအိုကြီးတစ်ဦး ရှေ့သို့ ထွက်လာခဲ့သည်။
ထိုလူအိုကြီးသည် မောက်မာထောင်လွှားစွာ ပြောဆိုလိုက်၏။
"ငါက ဓားပျံဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ... မင်းမှာ ဘာလမ်းညွှန်ချက်များ ရှိလို့လဲ"
"မင်း ဒီကလေးကို မှတ်မိသေးလား"
ကျုံးချင်သည် စုယဲ့ကို သူ၏ရှေ့သို့ ဆွဲခေါ်လိုက်ပြီး မဟာအကြီးအကဲကိုကြည့်ကာ ပြောဆိုလိုက်သည်။
မဟာအကြီးအကဲသည် အစပိုင်းတွင် စုယဲ့ကို ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်တခဏမျှ စဉ်းစားပြီးနောက် တစ်ဖက်လူ၏ အထောက်အထားကို သူ နားလည်သွားပေ၏။
"မင်းက ဟိုသာမန်အဆင့်နိမ့်အရပ်သားတွေရဲ့သားပဲ"
ထိုစကားပြောဆိုရင်းနှင့် သူ၏ အကြည့်သည် ကျုံးချင်ထံသို့ ရောက်ရှိလာပြီး သူ၏မျက်နှာထား မည်းမှောင်နေသည်။
"ဒါဆို... မင်းက ဒီပုရွက်ဆိတ်ကောင်လေးအတွက် တရားမျှတမှု လာရှာတာပေါ့လေ"
တစ်ဖက်လူသည် စုယဲ့ကို အဆင့်နိမ့်သောသားပုရွက်ဆိတ်ကောင်လေးဟု ထပ်ခါတလဲလဲ ရည်ညွှန်းနေသည်ကို နားထောင်ရင်း ကျုံးချင်၏သတ်ဖြတ်လိုစိတ်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။
သို့သော် သူ ချက်ချင်း ဒေါသမထွက်သေးပေ။
ထိုအစား သူက အော်ဟစ်ရယ်မောလိုက်သည်။
"တော်လိုက်တဲ့ မဟာအကြီးအကဲပါလား"
"မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်နေတုန်းက မင်းကို ကယ်တင်ခဲ့တာ စုယဲ့ရဲ့ မိဘတွေလေ"
"သူတို့က မင်းကို ခိုလှုံခွင့်ပေးခဲ့ပြီးတော့ ပြန်သက်သာလာဖို့ အခွင့်အရေး ပေးခဲ့တယ်"
"နောက်ပိုင်းမှာ မင်းရဲ့ရန်သူတွေ အိမ်ပေါက်ဝ ရောက်လာတဲ့အချိန်မှာ..."
"သူတို့က မင်းရှိတဲ့နေရာကို မဖော်ပြမိအောင်လို့ နှုတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့ကြတယ်... ပြီးတော့ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတယ်"
"သူတို့ရဲ့ တစ်ဦးတည်းသောသားလေး ကျန်ရစ်ခဲ့တယ်... အဲ့ဒီကလေးက မင်းပေးခဲ့တဲ့ ဓားပျံအမိန့်ပြားကို ကိုင်ဆောင်ပြီးတော့ ဓားပျံဂိုဏ်းကို ခိုလှုံဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တယ်"
"မထင်မှတ်ဘဲ မင်းက သူ့ကို အမှိုက်လို သဘောထားပြီးတော့ သူ့ရဲ့အသက်ကို ရန်ရှာဖို့ သွေးနတ်ဆိုးရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်"
"ဒါက မင်းရဲ့ ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်တဲ့ နည်းလမ်းလား"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် မဟာအကြီးအကဲက မထီမဲ့မြင် ပြုံးလိုက်သည်။
"အဲ့ဒီသာမန်အရပ်သားတွေ နေထိုင်တဲ့နေရာက အစကတည်းက ငါတို့ဓားပျံဂိုဏ်းရဲ့ စီရင်ပိုင်ခွင့် နယ်မြေထဲမှာ ရှိနေတာပဲ"
"သူတို့က ငါတို့ဓားပျံဂိုဏ်းရဲ့ ကာကွယ်မှုကို ရထားတာ... ဒါကြောင့် သူတို့က သဘာဝကျကျပဲ ငါ့တို့ဓားပျံဂိုဏ်းအတွက် အချိန်မရွေး စွန့်လွှတ်အနစ်နာခံဖို့ ပြင်ဆင်ထားရမှာပေါ့"
"ငါ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အဆင့်နိမ့်တဲ့ အသက်နှစ်ချောင်းနဲ့ လဲလှယ်နိုင်ခဲ့တာက သူတို့အတွက် သုံးဘဝစာ ကုသိုလ်ထူးကြီးပဲ"
ကျုံးချင်က အော်ဟစ်ရယ်မောလိုက်သည်။ လူတစ်ယောက်၏ အရှက်မဲ့မှုတွင် အကန့်အသတ် ရှိတတ်သော်လည်း မဟာအကြီးအကဲ၏ မိုက်မဲမှုကမူ သူ၏လောကအမြင်နှင့် သည်းခံနိုင်စွမ်းကို တိုက်ရိုက်စိန်ခေါ်နေသည့်အလားပင်။
လောကကြီးထဲတွင် ဤမျှထိ အရှက်မဲ့သောလူမျိုး ရှိနိုင်သည်ကို ကျုံးချင် နားမလည်နိုင်အောင် ဖြစ်နေသည်။
ထိုအချိန်တွင် မဟာအကြီးအကဲက သူ့ခေါင်းသူ ရိုက်လိုက်သံအား ကြားလိုက်ရသည်။
သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလားပင်။
"ငါ မှတ်မိပြီ...."
"မင်းက ငါတို့ ဓားပျံဂိုဏ်းရဲ့ တပည့်စုဆောင်းပွဲနေ့တုန်းက ထွက်ပေါ်လာပြီးတော့ ငါတို့ ဓားပျံဂိုဏ်းရဲ့ တပည့်ကို လုယူသွားတဲ့ကောင်ပဲ... ပြီးတော့ ငါတို့ ဓားပျံဂိုဏ်းရဲ့ ကောင်းမွန်တဲ့ ကိစ္စတွေကို ဖျက်ဆီးခဲ့တဲ့ကောင် မဟုတ်လား"
ထိုသို့ပြောဆိုပြီးနောက် မူလက ကျုံးချင်ကို အနည်းငယ် သတိထားနေသော မဟာအကြီးအကဲသည် ချက်ချင်းပင် မောက်မာထောင်လွှားလာပြီး ပြောဆိုလိုက်၏။
"ငါက မင်းကို ပြဿနာ လိုက်မရှာရသေးဘူး... မင်းက ငါ့ရဲ့အိမ်ပေါက်ဝအထိ ရောက်လာတယ်ပေါ့... တကယ်ပဲ ကောင်းကင်ဘုံကို သွားတဲ့လမ်းရှိတာတောင် မလျှောက်ဘဲ ငရဲတံခါးကို အတင်းဝင်တိုးတာပါလား..."
"မင်း သတ်လိုက်တဲ့ ဆံနီမိစ္ဆာအိုကြီးက သာမန်မဟုတ်တဲ့ စွမ်းအားရှိတယ်ဆိုတာ ငါ သိတယ်"
"အခုခေတ်လူငယ်တွေက တကယ့်ကို ထူးခြားပါပေတယ်... စွမ်းအားနည်းနည်း ရှိတာကို အားကိုးပြီး ငါတို့ဓားပျံဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့... ငါတို့ဓားပျံဂိုဏ်းမှာ လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ မရှိဘူးလို့ မင်း ထင်နေတာလား"
"ကံဆိုးစွာနဲ့... ငါက လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်"
"ဒါ့ပြင် ငါက လမင်းနက်နဲသိမ်မွေ့နယ်ပယ်မှာ ဆံနီမိစ္ဆာအိုကြီးထက်တောင် ပိုပြီးစွမ်းအားကြီးသေးတယ်"
စကားပြောဆိုနေရင်းနှင့် သူ၏အရှိန်အဝါများ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏စွမ်းအားသည် ချက်ချင်းထွက်ပေါ်လာပေ၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် မိုးနှင့်မြေကြားတွင် ပျံ့နှံ့သွားပြီး မိုးကောင်းကင်ကို တုန်ခါသွားစေသည်။
သို့သော် နောက်ထပ်အချိန်တခဏ၌ ကြီးမားသော လက်ကြီးတစ်ဖက် လှုပ်ရှားလာပြီး မဟာအကြီးအကဲ၏လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
တစ်ဖက်လူ၏ စဉ်ဆက်မပြတ် မြင့်တက်နေသော အရှိန်အဝါသည် ချက်ချင်းရပ်တန့်သွားပေ၏။