ဘာလဲ... သဘောထားကွဲလွဲတာ ရှိလို့လား
Vol. 7 Ch. 70
မျက်စိတစ်မှိတ်အတွင်း၌ပင် လွန်ခဲ့သော အချိန်တခဏက မောက်မာကာ ထိန်းချုပ်မရ ဖြစ်နေခဲ့သော မဟာအကြီးအကဲသည် ရုတ်တရက် မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့သည်။
သူ၏မျက်နှာ နီမြန်းလာပြီး ထိတ်လန့်တကြား မေးမြန်းလိုက်၏။
"မင်းရဲ့ စွမ်းအားက..."
သူ လုံးဝမျှော်လင့်မထားခဲ့ချေ။
ကျုံးချင်၏စွမ်းအားသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ တွေးထင်မထားခဲ့မိပေ။
သူ၏အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ကျုံးချင်က တိုက်ခိုက်လိုက်ရာ မဟာအကြီးအကဲသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ဖမ်းချုပ်ခြင်း ခံလိုက်ရသည်။
"အတင့်ရဲလိုက်တဲ့ လူယုတ်မာ... မဟာအကြီးအကဲကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့... မင်းက သေလမ်းရှာနေတာပဲ"
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုသည် မြန်ဆန်လွန်းပေ၏။
မဟာအကြီးအကဲကို ကျုံးချင် ဖမ်းချုပ်လိုက်ခြင်းမှာ သူတို့ မတုံ့ပြန်နိုင်မီမှာပင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။
အဆင့်မြင့်ဂိုဏ်းသားများသည် ချက်ချင်းလှုပ်ရှားလိုက်ကြ၏။
ကျုံးချင်၏အကြည့်သည် ဓားပျံဂိုဏ်းချုပ်အပေါ်သို့ ကျရောက်သွားသည်။
ဂိုဏ်းချုပ်၏မျက်နှာအမူအယာ မကောင်းမွန်သည်ကို သူ တွေ့လိုက်ရသော်လည်း ထိုလူသည် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
ကျုံးချင်၏စိတ်နှလုံးသားထဲတွင် အေးစက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး ဓားပျံဂိုဏ်း၏ စစ်မှန်သော သဘောသဘာဝကို အတိုင်းအတာတစ်ခုအထိ နားလည်လိုက်သည်။
အစပိုင်းတွင် ဓားပျံဂိုဏ်းချုပ်သည် အလွန်ကောင်းမွန်စွာ ပြောဆိုခဲ့သည်။
အကယ်၍ အပြစ်သည် ဓားပျံဂိုဏ်းဘက်တွင် ရှိနေပါက ကျုံးချင်အား ကျေနပ်လောက်သော ဖြေရှင်းချက် ပေးမည်ဟု ပြောဆိုခဲ့ပေ၏။
'ဒါပေမယ့် ရလဒ်က ဘာလဲ....'
ဂိုဏ်း၏မဟာအကြီးအကဲနှင့် ပတ်သက်လာချိန်၌ တစ်ဖက်လူသည် မသိချင်ယောင်ဆောင်နေပြီး အစောပိုင်းက သူ ပြောခဲ့သော စကားအားလုံးသည် အနှစ်သာရမရှိသော စကားလုံးများသာ ဖြစ်သွားသည်။
အမှန်တကယ်ကို စွမ်းအားသည် အရာအားလုံးအတွက် အခြေခံအုတ်မြစ်ပင်။
ဤစွမ်းအားကြီးပုဂ္ဂိုလ်များ၏ စိတ်နှလုံးသားများသည် ပုပ်သိုးနေကြ၏။
သူတို့ ကတိတည်ရန် မျှော်လင့်ခြင်းသည် ဝက်မတစ်ကောင် သစ်ပင်တက်ရန် မျှော်လင့်ခြင်းထက်ပင် လက်တွေ့မကျချေ။
ကံကောင်းသည်မှာ ကျုံးချင်သည် တခြားသူများအပေါ် ဘယ်တော့မှ မျှော်လင့်ချက် မထားခဲ့ခြင်းပင်။
သူသည် တရားမျှတမှုကို ကိုယ်ပိုင်နည်းလမ်းဖြင့် ရှာဖွေရန်သာ နှစ်သက်သည်။
"ဝုန်း..."
လေဟာနယ်ထဲတွင် မိုးခြိမ်းသံများ ပေါက်ကွဲသွားကာ အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များဆင်းသက်လာခဲ့သည်။
ဓားပျံဂိုဏ်းမှ အနည်းဆုံး အဆင့်မြင့်ဂိုဏ်းသား ဆယ်ယောက်ကျော်ခန့်သည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
သူတို့သည် မည်သည့်အရာမျှ ထိန်ချန်မထားဘဲ အစွမ်းကုန် ထုတ်သုံးလိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် လေဟာနယ်ကို တုန်ခါသွားစေသည်။
ထိပ်သီးကျင့်ကြံသူများစွာ တညီတညွတ်တည်း လှုပ်ရှားလိုက်သဖြင့် တောင်ကြီးတစ်လုံးကိုပင် ဖြိုခွဲနိုင်မည်ဟု သူတို့ ယုံကြည်ထားကြသည်။
သို့သော် ကျုံးချင်က သူ၏လက်ဖြင့် ဖိနှိပ်လိုက်သည်။
ဤသည်မှာ နတ်ဘုရား၏လက်တစ်ဖက်အလား မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ချက်ချင်းပြိုကွဲသွားစေခဲ့သည်။
ထို့နောက် လူဆယ်ယောက်ကျော်ကို လွင့်ထွက်သွားစေပေ၏။
"ဖူး..."
ထိုလူများထံမှ သွေးများပန်းထွက်လာပြီး မိုးကောင်းကင်ကို ကြက်သွေးရောင် ဆိုးလိုက်ကာ ကြည့်ရှုရသူများကို မျက်စိကျိန်းစေပြီး ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော လူများသည် ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျုံးချင်၏စွမ်းအားအပေါ် နားလည်မှုအသစ် ရရှိသွားကြသည်။
ကျုံးချင်သည် သာမန်မဟုတ်ကြောင်း သူတို့ သိထားကြသည်။
သူသည် ဓားပျံဂိုဏ်း၏ မဟာဝင်္ကပါကြီးကို လျစ်လျူရှုပြီး ဓားပျံဂိုဏ်း၏ ပင်မခန်းမဆောင်ထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့သည်။
သို့သော် သူသည် ဤမျှအထိ သာမန်မဟုတ်ဘဲ နေလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြချေ။
လှုပ်ရှားမှု တစ်ခုတည်းဖြင့် သူသည် ဓားပျံဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းသား ဆယ်ယောက်ကျော်ကို အနိုင်ယူလိုက်သည်။
ဤပုဂ္ဂိုလ်များသည် အကြီးအကဲများ သို့မဟုတ် တောင်သခင်များ ဖြစ်ကြ၏။
သူတို့တစ်ဦးစီတိုင်းကို သီးခြားထုတ်နုတ်ကြည့်လျှင် ဒေသတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော ဖြစ်တည်ရှိမှုများ ဖြစ်ကြသည်။
သို့သော် ကျုံးချင်၏ရှေ့မှောက်တွင် သူတို့သည်လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ကြသည်။
သူတို့ထံတွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး တစိုးတစိမျှ မရှိခဲ့ပေ။
မဟာအကြီးအကဲ၏မျက်ခုံးများ ပို၍တွန့်ကွေးသွားပြီး သူ၏နှလုံးသားကို မမြင်ရသော လက်ကြီးတစ်ဖက်က ဆုပ်ကိုင်ထားသည့်အလားပင်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။
ကျုံးချင်သည် မဟာအကြီးအကဲ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်သည်။
"အခု ငါ့ရဲ့တပည့်အတွက် ငါက တရားမျှတမှုကို ရှာချင်တယ်"
"ဘယ်သူ ထောက်ခံမလဲ... ဘယ်သူ ကန့်ကွက်မလဲ"
သူ၏စကားများသည် မကျယ်လောင်သော်လည်း လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံတစ်သံ ပေါက်ကွဲသွားသည့်အလားပင်။
အဆင့်မြင့်ဂိုဏ်းသားများထံတွင် ဒေါသများ မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး စိတ်မွန်းကြပ်နေသကဲ့သို့ ခံစားနေကြရသည်။
မဟာအကြီးအကဲတွင် အပြစ်တစ်ထောင် အမှားတစ်သောင်း ရှိနေပါစေ သူသည် သူတို့ဓားပျံဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းသားတစ်ဦး ဖြစ်နေဆဲပင်။
သူသည် သူတို့ဓားပျံဂိုဏ်း၏ မျက်နှာစာပင်။
သို့သော် ကျုံးချင်၏ လက်ရှိလုပ်ရပ်ကမူ...
ဂိုဏ်းတစ်ဂိုဏ်းလုံးကို ပြင်းထန်သော ရိုက်ချက်ဖြင့် ပါးဖြတ်ရိုက်လိုက်သည်မှာ သေချာသည်။
ဓားပျံဂိုဏ်းသည် ဤကဲ့သို့ ကြီးမားသော အရှက်ခွဲမှုကို မည်သည့်အချိန်က ခံစားခဲ့ရဖူးသနည်း။
ဤကဲ့သို့ တွေးတောနေကြသော်လည်း ဤအချိန်တွင် မည်သူမျှ ရှေ့ထွက်ပြီး ကန့်ကွက်ရဲခြင်း မရှိကြချေ။
ကျုံးချင် ပြသလိုက်သော စွမ်းအားသည် သဘောထားကွဲလွဲမှုများအားလုံးကို ဖိနှိပ်ရန် လုံလောက်ပေ၏။
အချိန်တခဏတာအတွင်း ပတ်ဝန်းကျင်နေရာတဝိုက်လုံး ထူးဆန်းသော တိတ်ဆိတ်မှု အခြေအနေသို့ ရောက်ရှိသွားသည်။
ထိုအချိန်၌....
ကျုံးချင်၏အကြည့်က လေဟာနယ်တစ်နေရာသို့ ရောက်ရှိသွားသည်။
"မင်း ပုန်းနေတာ ကြာလှပြီ... ထွက်လာပြီးတော့ မျက်နှာလေးဘာလေး မပြတော့ဘူးလား"
နောက်ထပ်အချိန်တခဏတွင် လေဟာနယ် တုန်ခါသွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤပုဂ္ဂိုလ်သည် ဓားပျံဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးကြီး ပိုင်လီချန်ခုန်းပင်။
ပိုင်လီချန်ခုန်းအကြောင်း ပြောရလျှင် သူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေ၏။
သူသည် အောက်ခြေမှ တက်လာပြီး စွမ်းအားကြီးသော အင်အားစုတစ်စုကို တည်ထောင်ခဲ့သည်။
သူ၏ ဦးဆောင်မှုအောက်တွင် ဓားပျံဂိုဏ်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ပို၍အားကောင်းလာခဲ့သည်။
ဓားပျံဂိုဏ်းကို ဂိုဏ်းငယ်လေးတစ်ဂိုဏ်းအဖြစ်မှ ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းအဖြစ်သို့ တိုက်ရိုက်အဆင့်မြှင့်တင်နိုင်ခဲ့သည်။
သူသည် ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့ပြီး ပုံပြင်များစွာကို ချန်ထားရစ်ခဲ့သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက သူ၏စွမ်းအားသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ထို့နောက်တွင် သူသည် သေမင်းနှင့် စစ်ခင်းရမည့် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ခဲ့သည်။
နေမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ မရောက်မချင်း သူ ပြန်ထွက်မလာဟု ထုတ်ပြန်ကြေညာခဲ့ပေ၏။
ယခု ဘိုးဘေးကြီး ထွက်ပေါ်လာသဖြင့် သူတို့၏ ဘိုးဘေးကြီးသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူအဖြစ် အောင်မြင်စွာ ရောက်ရှိသွားပြီဟု ဆိုလိုနေသည် မဟုတ်လော။
နေမင်းနက်နဲသိမ်မွေ့နယ်ပယ်သည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ထိပ်တန်းအဆင့် ကျင့်ကြံသူအဖြစ် သတ်မှတ်ခံထားရသည်။
အရှေ့ပိုင်းဒေသတွင် ထိပ်တန်းအင်အားစုဟု ကြွေးကြော်ထားသော မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်များပင်လျှင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်တွင်သာ ရှိနေသည်။
အကယ်၍ ဘိုးဘေးကြီးသာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ဖြစ်သွားလျှင်...
မဟာအကြီးအကဲ ကယ်တင်ခံရပြီဖြစ်ကာ ဓားပျံဂိုဏ်း အတင်းအဓမ္မ ကျူးကျော်ခံရသည့် အရှက်ရမှုများကို ဆေးကြောနိုင်ပေမည်။
"ဘိုးဘေးကြီး..."
အဆင့်မြင့်ဂိုဏ်းသားများအားလုံး ပိုင်လီချန်ခုန်းကို လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
သူတို့၏ လေးလံနေသော စိတ်နှလုံးသားများလည်း စိတ်သက်သာရာရသွားကြ၏။
အထူးသဖြင့် မဟာအကြီးအကဲသည် ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားသည်။
ဘိုးဘေးကြီး ရောက်လာသဖြင့် သူ ကယ်တင်ခံရတော့ပေမည်။
"ဘိုးဘေးကြီး... ဒီလူက မောက်မာပြီး ဘဝင်မြင့်နေတယ်... သူက ကျွန်တော်တို့ ဓားပျံဂိုဏ်းထဲကို ညအချိန်မတော် ကျူးကျော်ဝင်ရောက်လာပြီးတော့ ဓားပျံဂိုဏ်းရဲ့ အဆင့်မြင့်ဂိုဏ်းသားတွေ အများကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ပြီးတော့ မဟာအကြီးအကဲကိုတောင် သတ်ဖို့ ကြံစည်နေပါတယ်"
"ဒီလူယုတ်မာကို နှိမ်နင်းပြီးတော့ ကျွန်တော်တို့ ဓားပျံဂိုဏ်းရဲ့ အင်အားကို ပြသဖို့အတွက် ဘိုးဘေးကြီးကို အရေးယူပေးဖို့ တောင်းဆိုပါတယ်"
အကြီးအကဲတစ်ဦးက တင်ပြလိုက်သည်။
ဓားပျံဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းသားများအားလုံးသည် ကျုံးချင်ကို အရေးယူပေးရန် ပိုင်လီချန်ခုန်းကို တောင်းဆိုကြ၏။
"တိတ်ကြစမ်း...."
သို့သော် ပိုင်လီချန်ခုန်း၏ သဘောထားသည် လူများအားလုံး၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။
သူသည် ကျုံးချင်ကိုကြည့်ပြီး လေးလေးစားစား ပြောဆိုလိုက်သည်။
"စီနီယာ... ဖြစ်နိုင်ရင် သက်ညှာပေးပါလို့ ပြောချင်တယ်..ငါ့ရဲ့မျက်နှာကို ထောက်ပြီးတော့ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပြီး မဟာအကြီးအကဲကို ဒီတစ်ကြိမ် လွှတ်ပေးလို့ ရမလား"
ကျုံးချင်က ပြုံးလိုက်သည်။
"မင်းက ဘာကောင်မို့လို့လဲ....မင်းက ငါ့ဆီကနေ မျက်နှာသာပေးမှုကိုရဖို့ တန်လို့လား"
ဤစကားများသည် ပိုင်လီချန်ခုန်း၏မျက်နှာအမူအယာကို ချက်ချင်းပျက်ယွင်းသွားစေသည်။
သူ၏အဆင့်အတန်းသည် မည်သို့ဖြစ်သနည်း....
ဓားပျံဂိုဏ်း၏ ဘိုးဘေးကြီးဖြစ်ပြီး လူအများ၏ လေးစားခံရသော ပုဂ္ဂိုလ်ဖြစ်ကာ သူသွားလေရာရာ၌ လေးစားမှုနှင့်မြှောက်ပင့်မှုကို ခံရသူပင်။
ယခုချိန်၌ သူ ဤကဲ့သို့ အရှက်ခွဲခြင်းခံလိုက်ရသည်။
ထိုအချိန်တွင် ကျုံးချင်သည် သူ၏ ဖိနှိပ်ထားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ဘုံ၏ စွမ်းအားအလား နတ်ဘုရား၏အမျက်ဒေါသအလား ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။
ဤသည်က ဓားပျံဂိုဏ်း ဘိုးဘေးကြီး၏ မျက်နှာအမူအယာကို တိုက်ရိုက်ပြောင်းလဲသွားစေပြီး သူ၏ဦးရေပြားကို ထုံကျင်သွားစေသည်။
"ဘာလဲ... မင်းမှာ သဘောထားကွဲလွဲတာမျိုး ရှိနေလို့လား"
ကျုံးချင်က မေးမြန်းလိုက်သည်။
ဓားပျံဂိုဏ်း ဘိုးဘေးကြီးသည် ထိတ်လန့်နေပြီး စကားပင် မပြောရဲတော့ချေ။
ဤမြင်ကွင်းသည် လက်ရှိနေရာတွင် ရှိနေကြသော ဓားပျံဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းသားများအားလုံးကို တညီတညွတ်တည်း တိတ်ဆိတ်သွားစေသည်။
ပိုင်လီချန်ခုန်းသည် သူတို့ဂိုဏ်း၏ ကျောရိုးဖြစ်ကာ သူတို့အား တည်ငြိမ်သော အင်အားစု ဖြစ်စေခဲ့သူပင်။
သို့သော် ယခုချိန်၌ ထိုကဲ့သို့ တည်ရှိမှုမျိုးသည် ကျုံးချင်ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိသည့်အပြင် လှုပ်ရှားဝံ့ခြင်းပင် မရှိချေ။
ဤလူ၏စွမ်းအားသည် မည်မျှထိ အံ့အားသင့်စရာကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ ရောက်ရှိနေသနည်း...
သူတို့ တွေးမိသည်များကို ကာယကံရှင်ဖြစ်သော မဟာအကြီးအကဲကလည်း သဘာဝကျကျ တွေးမိပေ၏။
ဘိုးဘေးကြီး၏သဘောထားက သူ့ကို ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသည့်အလား ခံစားရစေသည်။
ကြီးမားသော ကြောက်ရွံ့မှုများ သူ၏စိတ်အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။