← Chapters

နောင်တစ်ချိန် အဆင်ပြေနိုင်ဖို့ မျက်နှာသာပေးခဲ့သင့်တယ်

Vol. 7 Ch. 61

နောင်တစ်ချိန် အဆင်ပြေနိုင်ဖို့ မျက်နှာသာပေးခဲ့သင့်တယ်

Vol. 7 Ch. 61

ထိုလူဆယ်ယောက်ကျော်ခန့်တွင် အမျိုးသားများနှင့်အမျိုးသမီးများ ပါဝင်နေကြသည်။

အမျိုးသားများသည် ခန့်ညားပြီး ထူးချွန်ထက်မြက်ကြသည့်အပြင် အမျိုးသမီးများသည်လည်း ထူးခြားသော အရှိန်အဝါများ ရှိကြပေ၏။

သူတို့အားလုံးသည် ချောင်ရှားတောင်ကြား၏ ပင်မတပည့်များ ဖြစ်ကြသည်။

သူတို့တစ်ဦးစီတိုင်းတွင် အတော်အသင့် လေးစားလောက်သော စွမ်းအားများကိုယ်စီ ပိုင်ဆိုင်ထားသည်။

"ဂျူနီယာညီမလေး... ဒီနေရာမှာ ဘာတွေဖြစ်သွားတာလဲ"

အနည်းငယ် အသက်ကြီးပုံရသော အမျိုးသားတစ်ဦးက ရှေ့သို့တိုးလာပြီး လင်းယွဲ့ရှား၏ဒဏ်ရာများကို အမြန်ကုသပေးကာ သွေးတိတ်အောင် လုပ်ဆောင်ပေးရင်း မေးမြန်းလိုက်သည်။

မြင့်မြတ်နယ်မြေဟူသော ဂုဏ်ပုဒ်နှင့်အညီ နာမည်နှင့်လိုက်ဖက်သည့် အရည်အချင်းများ ရှိနေသည်ကိုတော့ ဝန်ခံရပေမည်။

ဒဏ်ရာရထားသော လင်းယွဲ့ရှားသည် ကုသရေးဆေးလုံးကို သောက်သုံးပြီးနောက် လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိလာခဲ့သည်။

သူမက ကျုံးချင်ကို လက်ညှိုးထိုးပြပြီးနောက် ဒေါသတကြီး ပြောဆိုလိုက်၏။

"စီနီယာအစ်ကို... ဒီလူယုတ်မာက ကျွန်မတို့ ချောင်ရှားတောင်ကြားက တပည့် လုံးဝ မဟုတ်ပါဘူး"

"သူက ကျွန်မတို့ ချောင်ရှားတောင်ကြားရဲ့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာလို့ ကျွန်မ သူ့ကို ဖမ်းမိခဲ့တာပါ"

"သူက နှုတ်ပိတ်ဖို့အတွက် ကျွန်မကို သတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်"

"ရှင်တို့အားလုံး ကျွန်မအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးကြပါ"

သူမသည် သနားစရာကောင်းသော အမူအယာကို ဖန်တီးလိုက်ပြီး အားနည်းသူတစ်ဦးအဖြစ် ဟန်ဆောင်လိုက်သည်။

သူမဘက်မှ အရင်စ၍ရန်လိုခဲ့မှုများ မောက်မာခဲ့မှုများနှင့် တခြားသူများကို အထင်သေးခဲ့မှုများအား ထည့်သွင်းပြောဆိုခြင်း မရှိချေ။

သူမ၏စကားဆုံးသည်နှင့် တပြိုင်နက်...

နံဘေးပတ်ဝန်းကျင်မှ လူများအားလုံး ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားကြလေသည်။

"ဒီလူယုတ်မာက သတ္တိကောင်းလှချည်လား... ငါတို့ ချောင်ရှားတောင်ကြားထဲကို ကျူးကျော်ဝင်ရောက်လာပြီးတော့ ငါတို့မြင့်မြတ်နယ်မြေရဲ့ ပင်မတပည့်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့... မင်းက ချောင်ရှားတောင်ကြားကို လျှော့တွက်နေတာလား"

လူတစ်စုက ကျုံးချင်ဘက်သို့ ဓားများဖြင့် ချိန်ရွယ်လိုက်ကြပြီး သူတို့၏အမူယာများသည် ရန်လိုနေကြ၏။

ကျုံးချင်ကမူ သူတို့နှင့် စကားပြောရင်း အချိန်ဖြုန်းမနေလိုတော့ချေ။

အမှန်တရားနှင့် တရားမျှတမှုဆိုသည်မှာ အင်အားကြီးသူများ၏လက်ထဲ၌သာ အစဥ်အမြဲ ရှိစမြဲပင်။

အားနည်းသူများကသာလျှင် စိတ်ကူးယဉ်ဆန်သော တရားမျှတမှုကို နှိမ့်ချစွာဖြင့် လိုက်လံရှာဖွေနေတက်သည်။

"မင်းတို့အားလုံး... လာခဲ့ကြစမ်း"

သူသည် လက်နောက်ပစ်၍ မတုန်မလှုပ် တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး အေးဆေးစွာ ပြောဆိုလိုက်သည်။

ကျုံးချင်၏စကားကို ကြားချိန်၌ တပည့်ဆယ်ယောက်ကျော်သည် ဒေါသအကြီးအကျယ် ထွက်သွားကြ၏။

"မင်းက ငါတို့ ချောင်ရှားတောင်ကြားမှာ ပြဿနာလာရှာပြီးတော့ ဒီလောက်တောင် မောက်မာရဲသေးတယ်ပေါ့... ချောင်ရှားတောင်ကြားမှာ အစွမ်းအစရှိတဲ့လူ မရှိဘူးလို့ မင်း ထင်နေတာလား"

အခြေအနေသည် ချက်ချင်းဆိုသလို တင်းမာသွားပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည့်အလားပင်။

"ရပ်လိုက်ကြစမ်း"

ထိုအချိန်မှာပင် ကြီးမားသော ခေါင်းလောင်းသံ သို့မဟုတ် စည်တီးသံကဲ့သို့ ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံသည် တောင်ကြားတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံမှ အလင်းတန်းတစ်တန်း ဆင်းသက်လာပေ၏။

"ဂိုဏ်းချုပ်...."

ပင်မတပည့်များသည် ရောက်ရှိလာသူကို မြင်တွေ့ချိန်၌ အလွန်ဝမ်းသာသွားကြသည်။

ကျုံးချင်သည် အစောပိုင်းက ကျင့်ကြံခြင်းစွမ်းအား အတက်အကျကို ထုတ်ဖော်ပြသခြင်း မရှိခဲ့သော်လည်း တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ်ရှိနေသော သူ၏အရှိန်အဝါက သူတို့အပေါ် ကြီးမားသည့် ဖိအားများ သက်ရောက်စေခဲ့သည်။

ထို့ပြင် လင်းယွဲ့ရှား၏စွမ်းအားသည်လည်း နည်းပါးလှသည် မဟုတ်ပေ။

ပင်မတပည့်များအနက် သူမသည် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံထားရသူပင်။

ထိုသို့ဆိုသည့်တိုင် သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေ၏။

တိုက်ပွဲစတင်ချိန်မှ ပြီးဆုံးချိန်အထိ သူတို့ ကိုယ်တိုင်မမြင်တွေ့ခဲ့ရသော်လည်း အကဲခတ်ကောင်းသူများကမူ အသက်ရှူချိန် အနည်းငယ်အတွင်း၌သာ ပြီးဆုံးသွားသည်ကို သဲလွန်စများမှတစ်ဆင့် သုံးသပ်မိကြသည်။

သူတို့အားလုံး ပူးပေါင်းပြီး တိုက်ခိုက်လျှင်တောင်မှ ဤကဲ့သို့လူမျိုးကို အနိုင်ရရန် မသေချာချေ။

ယခုချိန်၌မူ ဂိုဏ်းချုပ် ရောက်ရှိလာပြီ ဖြစ်သောကြောင့် အဆင်ပြေသွားလေပြီ။

ဂိုဏ်းချုပ်၏ ကြောက်မက်ဖွယ်စွမ်းအားအောက်တွင် မည်သို့သောမိစ္ဆာမျိုးမဆို တရားစီရင်ခြင်း ခံရလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။

အထူးသဖြင့် လင်းယွဲ့ရှားပင်။

ကျုံးချင်အပေါ်ထားသော သူမ၏အကြည့်များတွင် အမုန်းတရားများနှင့် တစ်ဖက်သား ကျရှုံးမှုကို ဝမ်းသာအားရဖြစ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူမ၏ မျက်နှာအမူအယာသည် 'နင်တော့ သေပြီပဲ'ဟု ပြောနေသည့်အလားပင်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

တောင်သခင် လုချင်ရှားသည် ကျုံးချင်၏အနားသို့ ချဥ်းကပ်သွားပြီး စိုးရိမ်ထိတ်လန့်နေသည့် မျက်နှာထားဖြင့် ပြောဆိုသည်။

"စီနီယာ... ကျွန်မရဲ့တပည့်တွေက ကျင့်ဝတ်စည်းကမ်း နားမလည်ဘဲ ရှင့်ကို ပြစ်မှားမိခဲ့တယ်"

"သူတို့ ပြစ်မှားမိတာတွေအတွက် ချင်ရှားက ဒီနေရာမှာပဲ ရှင့်ကို တောင်းပန်ပါတယ်"

"ဘာတွေ ဖြစ်ကုန်တာလဲ"

"ဒီလူက ဘယ်သူမလို့လဲ"

"ဂိုဏ်းချုပ်ရဲ့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်မှုကို ခံယူရတယ်ဆိုတော့ သူက ဘယ်သူလဲ"

ပင်မတပည့်များ ကြက်သေသေသွားကြသည်။

သူတို့အားလုံးသည် သရဲတစ္ဆေကို မြင်တွေ့လိုက်ရသည့်အလားပင်။

သူတို့၏ဂိုဏ်းချုပ်သည် မည်သူဖြစ်သနည်း....

သူမသည် အရှေ့ပိုင်းဒေသမှ မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းချုပ်ပင်။

အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အစွမ်းအထက်ဆုံးနှင့် ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦး ဖြစ်ပေ၏။

ထောင်နှင့်ချီသောလူများ၏ ရိုသေလေးစားမှုကို ခံရသူပင်။

သို့သော် ယခုကဲ့သို့ပုဂ္ဂိုလ်မျိုးသည် လူငယ်လေးတစ်ဦး၏ရှေ့တွင် စစ်မှန်သော ကြောက်ရွံ့လေးစားမှုများကို ပြသနေသည်။

သူမ၏ နှိမ့်ချသော ဟန်ပန်မျိုးကို သူတို့သည် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး မကြားဖူးခဲ့ကြချေ။

ဘိုးဘေးအိုကြီးကိုယ်တိုင် ရောက်လာလျှင်ပင် သူတို့၏ဂိုဏ်းချုပ်ကို ဤကဲ့သို့ပုံစံမျိုး ဖြစ်အောင် လုပ်နိုင်ရန် မလွယ်ကူပေ။

အကယ်၍ မြင့်မြတ်အရှင်မ လုချင်ရှားသာ သူတို့ မည်သို့တွေးနေသည်ကို သိခဲ့လျှင် သူမ ခါးသက်သက် ရယ်မောမိမည်မှာ သေချာသည်။ ဘိုးဘေးအိုကြီးနှင့် ဤစီနီယာသည် အမှန်တကယ်ကို နှိုင်းယှဉ်၍မရနိုင်သူများ ဖြစ်ပေ၏။

ကျုံးချင်၏အစေခံတစ်ဦးပင်လျှင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့် ရှိနေသည်။

သူတို့၏ဘိုးဘေးအိုကြီးကမူ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်၌သာ ရှိသေးသည် မဟုတ်ပါလော။

ကာယကံရှင်ဖြစ်သော လင်းယွဲ့ရှားကမူ လုံးလုံးလျားလျား ကြက်သေသေသွားသည်။

ဂိုဏ်းချုပ်က ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း ကျုံးချင်က အစောပိုင်းက ပြောခဲ့ဖူးသည်။

သို့ရာတွင် သူမသည် အလေးအနက် မထားခဲ့ချေ။

ယခု၌မူ ထိုအရာသည် အမှန်တကယ်ဖြစ်လာပုံ ရပေ၏။

ဂိုဏ်းချုပ်၏အမူအယာကို ကြည့်ရသည်မှာ ဤလူသည် သူတို့၏ဂိုဏ်းချုပ်ထက်ပင် ပို၍အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်နေမည်မှာ သေချာပေါက်ပင်။

သူမ၏ ယခင်လုပ်ရပ်များကို ပြန်စဉ်းစားမိချိန်တွင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်သီးကျင့်ကြံသူကို မလေးမစား ပြောဆိုခဲ့မိပြီး သတ်ဖြတ်လိုစိတ်တောင် ထားခဲ့မိသည်ကို တွေးမိရင်း...

သူမ၏စိတ်နှလုံးသားထဲ၌ ကြောက်ရွံ့မှုများ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ"

မြင့်မြတ်အရှင်မလုချင်ရှား၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး မည်းမှောင်နေသော အမူအယာဖြင့် သူမ၏တပည့်များဘက်သို့ လှည့်ကြည့်လိုက်သည်။

တပည့်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မြင့်မြတ်အရှင်မ လုချင်ရှား၏ စူးရှသောအကြည့်အောက်တွင် ကြောက်လန့်တုန်လှုပ်ကြ၏။ နောက်ဆုံး၌ သူတို့အားလုံးက လင်းယွဲ့ရှားဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

လင်းယွဲ့ရှား၏မျက်နှာ ချက်ချင်းဆိုသလိုပင် ပြာနှမ်းသွားသည်။

ဤအကြည့်များသည် ယခုအချိန်၌ သူမအတွက်တော့ မိုးမျှော်တောင်ကြီးများက သူမကို ဖိနှိပ်နေသကဲ့သို့ ခံစားရပြီး အသက်ရှူ၍မရနိုင်အောင် ဖြစ်နေသည်။

သို့သော် တချို့ကိစ္စများသည် ရှောင်လွှဲနေရုံဖြင့် မပြီးနိုင်ကြောင်း သူမ သိထားပေ၏။

သူမ အကြံထုတ်လိုက်သည်။

သူမသည် ချက်ချင်းဆိုသလိုပင် မြင့်မြတ်အရှင်မင် လုချင်ရှား၏ရှေ့၌ ဒူးထောက်ပြီး အသည်းအသန်ငိုကြွေး၍ ပြောဆိုသည်။

"ဂိုဏ်းချုပ်... ဒါတွေအားလုံးက ကျွန်မရဲ့အမှားပါ"

"ဒီစီနီယာကို မြင့်မြတ်နယ်မြေထဲ ကျူးကျော်လာတဲ့ လူယုတ်မာလို့ ကျွန်မက အထင်လွဲခဲ့မိပါတယ်"

"မြင့်မြတ်နယ်မြေရဲ့ လုံခြုံရေးအတွက် ကျွန်မက သူ့ကို ဖမ်းချင်ခဲ့တာပါ"

"အမှားတွေအားလုံးက ကျွန်မကြောင့်ပါ... ဂိုဏ်းအတွက် ကျွန်မရဲ့ အကျိုးပြုမှုတွေကို ထောက်ထားပြီး ဂိုဏ်းချုပ်အနေနဲ့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

သူမသည် မိန်းမသားတစ်ဦး၏ သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေသော ပုံစံကို အကောင်းဆုံး သရုပ်ဆောင်ပြလိုက်၏။

သူမ၏ သဘာဝအလှတရားနှင့် ပေါင်းစပ်လိုက်သောအခါ လူများကို သူမအား ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်စိတ် ပေါက်သွားစေနိုင်ပေ၏။

ဤအချိန်တွင် မည်သူမှားသည် မည်သူမှန်သည်ကို ဆွေးနွေးနေခြင်းက အလွန်မိုက်မဲသော ဆုံးဖြတ်ချက်သာဖြစ်ကြောင်း လင်းယွဲ့ရှားက သိရှိထားသည်။

ကျင့်ကြံခြင်းလောကတွင် စွမ်းအားကြီးသူကိုသာ ရိုသေလေးစားကြသည်။

ကိုယ်အနိုင်မယူသူကို ပြစ်မှားမိခြင်းသည် ကြီးလေးသောအပြစ်ပင်။

ထို့ကြောင့် သူမက အရင်ဆုံး အပြစ်ဝန်ခံရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူမသည် သနားဖွယ်ကောင်းပြီး အပြစ်ကင်းစင်သယောင် ဟန်ဆောင်လိုက်၏။

သူမ၏ပင်မတပည့်ဟူသော ဂုဏ်ပုဒ်ကို အားကိုးလျှင် ဂိုဏ်းချုပ်က ပြစ်ဒဏ်အား လျှော့ပေါ့ပေးလောက်သည်ဟု သူမ တွေးတောထားသည်။

သူမက ဤနည်းလမ်းကို အကြိမ်ကြိမ် သုံးခဲ့ဖူးပြီး အမြဲတမ်းလည်း အောင်မြင်ခဲ့သည်။

သို့သော် မြင့်မြတ်အရှင်မ လုချင်ရှား၏ စိတ်ထဲတွင် ကျုံးချင်၏အရေးပါမှု မည်မျှထိရှိသည်ကို သူမ လျှော့တွက်မိသွားခဲ့သည်။

လင်းယွဲ့ရှားက ကျုံးချင်ကို အမှန်တကယ်တိုက်ခိုက်ခဲ့ကြောင်း ကြားလိုက်ရချိန်၌....

မြင့်မြတ်အရှင်မ လုချင်ရှား၏မျက်နှာသည် မိုးရွာချတော့မည့် တိမ်မည်းများအလား မည်းမှောင်သွားခဲ့သည်။

ကျုံးချင်ဟူသည်မှာ ချောင်ရှားတောင်ကြားက တတိယဘိုးဘေးကို ကယ်တင်ရန်အတွက် သူမ ဖိတ်ခေါ်ထားသူပင်။

ယခု၌မူ သာမန်ပင်မတပည့်လေးတစ်ယောက်သည် ဤမျှထိ စွမ်းအားကြီးသူကို ရန်စရဲခဲ့သလော....

ကိစ္စမပြေလည်သေးခင်မှာပင် ဖိတ်ခေါ်ထားသူကို အကြီးအကျယ် ပြစ်မှားမိလုနီးပါး ဖြစ်သွားခဲ့သည်။

ကျုံးချင်သာ ဒေါသထွက်သွားခဲ့လျှင် လူကို ကယ်တင်ရန် မဆိုထားနှင့် ချောင်ရှားတောင်ကြား ဆက်လက်တည်ရှိနိုင်ခြင်းရှိမရှိ ဆိုသည်မှာပင် မေးခွန်းထုတ်စရာ ဖြစ်လာပေမည်။

ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ဒေါသများ ပို၍တောက်လောင်လာခဲ့လေသည်။

သူမက လင်းယွဲ့ရှားကိုကြည့်ပြီး ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒီနေ့ကစပြီး နင့်ရဲ့ ပင်မတပည့်အဆင့်အတန်းကို ရုတ်သိမ်းလိုက်ပြီ... ပြီးတော့ လေ့လာဆင်ခြင်ခြင်းကမ်းပါးမှာ နှစ်တစ်ရာကြာအောင် ကျင့်ကြံပြီးတော့ အပြစ်ကို ပြန်လည်သုံးသပ်ဖို့ အပြစ်ပေးလိုက်တယ်"

ယေဘုယျအားဖြင့် ဂိုဏ်းချုပ်တစ်ဦးက တပည့်တစ်ဦးကို အပြစ်ပေးလျှင် ခိုင်လုံသော အကြောင်းပြချက် ရှိနေတတ်သည်။

ဂိုဏ်းစည်းကမ်းများနှင့် တိုင်းတာပြီး ဥပဒေအတိုင်း ဆုံးဖြတ်ကာ အပြစ်ပေးခံရသူက ကျေကျေနပ်နပ် လက်ခံလာအောင် လုပ်ဆောင်လေ့ရှိကြသည်။

သို့သော် မြင့်မြတ်အရှင်မ လုချင်ရှားသည် ဤအချိန်တွင် အလွန်ဒေါသထွက်နေသည့်အတွက် သီးခြားစည်းမျဉ်းတစ်ခုကို ရှာဖွေရန်ပင် စိတ်မကူးတော့ချေ။

သူမက ချက်ချင်းပင် အပြီးသတ် စီရင်ချက်ချလိုက်၏။

ဤစီရင်ချက် ထွက်လာသည်နှင့် ပင်မတပည့်များအားလုံး အသက်ရှူမှားသွားကြသည်။

လင်းယွဲ့ရှားမှာမူ ကျောရိုးထုတ်ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

သူမ၏ ပင်မတပည့် အဆင့်အတန်းက သူမကို မြင့်မားသောနေရာတစ်ခု ပေးခဲ့ပြီး မရေမတွက်နိုင်သည့် အခွင့်အရေးများနှင့် အာဏာများကို ခံစားခွင့် ပေးခဲ့သည်။

သဘာဝကျစွာပင် ထိုအရာက သူမကို လူအများအပြားနှင့် ရန်ငြိုးဖွဲ့စေခဲ့သည်။

ဤအဆင့်အတန်း ရုတ်သိမ်းခံလိုက်ရသည်နှင့် သူမ၏ ရန်သူဟောင်းများက သွေးနံ့ရသော ငါးမန်းများကဲ့သို့ ဝိုင်းအုံလာကြမည်မှာ သေချာပေါက်ပင်။

သူမ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် ထိုလူများကို ကြောက်ရန်မလိုချေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် မောက်မာခဲ့သော်လည်း သူမ အနိုင်ကျင့်နိုင်သူများကိုသာ ပြစ်မှားခဲ့ခြင်းဖြစ်သည်။

သို့သော် လေ့လာဆင်ခြင်ခြင်းကမ်းပါးဟူသည်မှာ ပြစ်ဒဏ်ပေးသောနေရာပင်။

ထိုနေရာသို့ ဝင်သွားသော လူအများစုသည် နတ်ဆိုးချီစွမ်းအင်များ၏ ဖျက်ဆီးခြင်းကို ခံရပြီး သူတို့၏စွမ်းအားများ တိုးတက်လာမည့်အစား ဆုတ်ယုတ်သွားလေ့ရှိကာ ထိုနေရာ၌ ကြာကြာနေလေလေ စွမ်းအားထိခိုက်မှု ပို၍ပြင်းထန်လေလေပင်။

လေ့လာဆင်ခြင်ခြင်းကမ်းပါး၌ နှစ်တစ်ရာကြာလှောင်ပိတ်ခံရခြင်းက သူမ၏ကျင့်ကြံဆင့်စွမ်းအားများအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေ၏။

ဤပြစ်ဒဏ်နှစ်ခု ပေါင်းလိုက်ခြင်းက သူမကို တိုက်ရိုက်သတ်ပစ်သည်ထက် အဆတစ်ရာ ပိုပြီး ရက်စက်ရာ ရောက်သည်။

ဤအချိန်တွင် ကျုံးချင်၏ အစောပိုင်းက ပြောခဲ့သောစကားများက သူမ၏နားထဲ၌ ပဲ့တင်ထပ်လာသည်။

'နောင်တစ်ချိန် အဆင်ပြေစေဖို့ မျက်နှာသာပေးသင့်တယ်'

ကံဆိုးစွာဖြင့် သူမ ထိုသို့ မလုပ်ခဲ့မိချေ။

နောင်တတရားများက သူမ၏စိတ်နှလုံးသားထဲသို့ လှိုင်းလုံးကြီးများအလား ဝင်ရောက်လာပြီး သူမကို အကြီးအကျယ် နောင်တရစေခဲ့သည်။

အကယ်၍ သူမသာ အစောပိုင်းက စကားတစ်ခွန်းလောက်ကို နားထောင်ခဲ့လျှင် ယခုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံရမည် မဟုတ်လောက်ပေ။

All Chapters