ချောက်နက်လျှို့ဝှက်နယ်မြေ
Vol. 7 Ch. 62
လင်းယွဲ့ရှား၏ကိစ္စသည် ကျုံးချင်၏ဘဝတွင် ကြားဖြတ်ဇာတ်လမ်းတိုလေး တစ်ပုဒ်မျှသာ ဖြစ်သည်။
ဘဝခရီးလမ်းတွင် လူမျိုးစုံနှင့် ကြုံတွေ့ရခြင်းမှာ ရှောင်လွှဲ၍မရသော အရာပင်။
သူမ၏ ထွက်ပေါ်လာခြင်းနှင့် ထွက်ခွာသွားခြင်းသည် ကန်ရေပြင်ပေါ်၌ လေတိုက်၍ ဖြစ်ပေါ်လာသော ဂယက်ထသည့်အလားပင်။
လေငြိမ်သွားပြီး လှိုင်းများ တည်ငြိမ်သွားချိန်၌ မည်သည့်အရာမျှ မကျန်ရစ်တော့ချေ။
ထို့ကြောင့် ကျုံးချင်က ဤကိစ္စကို စိတ်ထဲမထားခဲ့သည်မှာ သဘာဝကျပေ၏။
အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်ရက်တာ ကုန်လွန်သွားခဲ့သည်။
နေထွက်လာခြင်းက ဘဝသစ်နှင့် တက်ကြွလန်းဆန်းမှုကို ကိုယ်စားပြုသည်။
မြင့်မြတ်အရှင်မ လုချင်ရှားသည် စိတ်အခြေအနေ ကောင်းမွန်နေပေ၏။
ယမန်နေ့က စိတ်မချမ်းမြေ့စရာ အသေးအဖွဲလေးတစ်ခု ဖြစ်ပျက်ခဲ့သော်လည်း ကံကောင်းသည်မှာ ကျုံးချင်က ထိုကိစ္စနှင့်ပတ်သက်ပြီး အငြိုးအတေး မထားခဲ့ပေ။
တတိယဘိုးဘေးကို ကယ်တင်နိုင်ရန်အတွက် ကျုံးချင်ထံ၌ မျှော်လင့်ချက်ရောင်ခြည်ကို သူမ မြင်တွေ့နေရသည်။
မနက်စောစောတွင် သူမသည် ချောင်ရှားတောင်ကြားက တတိယဘိုးဘေးကို ကယ်တင်ရန်အတွက် ကျုံးချင်ကို လေးလေးစားစား ကြိုဆိုရန် အဆင့်မြင့် အကြီးအကဲဆယ်ယောက်ကျော်ကို ဦးဆောင်ပြီး ရောက်လာခဲ့သည်။
နှုတ်ဆက်စကားဆိုကာ ပြောဆိုဆက်ဆံကြပြီးနောက်တွင်မူ လူဆယ်ယောက်ကျော်သည် ခန့်ညားထည်ဝါစွာ ထွက်ခွာလာခဲ့ကြသည်။
အကြီးအကဲတစ်ဦးက ရှေ့ဆုံးမှနေ၍ ဦးဆောင်သွားလေ၏။
ကျုံးချင်က သူတို့ကြားတွင် မတ်တတ်ရပ်နေပြီးမြင့်မြတ်အရှင်မ လုချင်ရှားနှင့် စုဝမ်ကျိုးတို့က နံဘေးမှနေ၍ လိုက်ပါလာကြသည်။
ကျုံးချင်၏အထောက်အထားကို မသိကြသော ချောင်ရှားတောင်ကြားမှ အကြီးအကဲတချို့ကမူ အကြည့်ချင်းဖလှယ်ကြပြီး လျှို့ဝှက်အသံပေးပို့ကာ သီးသန့်ဆက်သွယ်၍ မေးမြန်းနေကြသည်။
"ဒါက ဂိုဏ်းချုပ် ဖိတ်ခေါ်ထားတဲ့ ပြင်ပအကူအညီလား... ကြည့်ရတာ အရမ်းငယ်ပုံရတယ်... ၁၈ နှစ်တောင် ပြည့်ပါ့မလား"
"ဒီလိုလူက တတိယဘိုးဘေးကို တကယ်ကြီး ကယ်တင်နိုင်ပါ့မလား"
အကြီးအကဲတစ်ဦးက တွေးတောလိုက်သည်။
"မနေ့တုန်းက သူ့ကြောင့် ဂိုဏ်းချုပ်က ပင်မတပည့်တစ်ယောက်ကိုတောင် ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တယ်လို့ ငါ ကြားတယ်... ငါ့အမြင်တော့ ဂိုဏ်းချုပ်ရဲ့ ဖိတ်ခေါ်တာနဲ့ ဒီလိုယဉ်ယဉ်ကျေးကျေး ဆက်ဆံတာကို ခံရတာဆိုတော့ သူ့မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကိုရှိရမယ်"
"အဲ့ဒီလို ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"
"တကယ်လို့ တတိယဘိုးဘေးသာ တစ်ခုခုဖြစ်သွားပြီးတော့ ဘိုးဘေးအိုကြီးကသာ တာဝန်ယူခိုင်းမယ်ဆိုရင်....ဘယ်သူမှ ဘိုးဘေးအိုကြီးရဲ့ ဒေါသကို တောင့်ခံနိုင်မှာ မဟုတ်ဘူး"
လူများအားလုံး လျှပ်စီးအလား အမြန်နှုန်းဖြင့် ခရီးနှင်နေကြသည်။
သူတို့သည် တစ်ရက်တည်းဖြင့် မိုင်ထောင်ချီပြီး ခရီးရောက်ခဲ့ကြ၏။
နေဝင်ရီတရောအချိန်၌ သူတို့သည် ချောက်နက်လျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာကြသည်။
ဤကျင့်ကြံခြင်းလောကတွင်....
မရေမတွက်နိုင်သော အခွင့်အရေးများနှင့် ကံကောင်းခြင်းများ ရှိနေတတ်သည်။
လျှို့ဝှက်နယ်မြေများသည် ထိုအမျိုးအစားများအနက်မှ တစ်ခုပင်။
လျှို့ဝှက်နယ်မြေများဆိုသည်မှာ ရှေးဟောင်းခေတ်မှလူများ ဖန်တီးခဲ့ပြီး ချန်ထားခဲ့သောအရာမျိုး သို့မဟုတ် သဘာဝအလျောက် ဖြစ်ပေါ်လာသော အရာမျိုးများ ဖြစ်ကြသည်။
ထိုနယ်မြေများထဲတွင် ထူးခြားသော ကောင်းချီးနယ်မြေများ စိတ်ဝိညာဉ်ဆေးလုံးများ အံ့အားသင့်ဖွယ်ကျင့်ကြံခြင်းနည်းစနစ်များ နတ်ဘုရားလက်နက်များစသည့် အခွင့်အရေးများစွာ ပါဝင်နေသည်။
လျှို့ဝှက်နယ်မြေတိုင်းကို ကြီးမားသော အခွင့်အရေးတစ်ခုဟု မှတ်ယူနိုင်သည်။
သို့သော် ကံကောင်းခြင်းများကြားတွင် ကံဆိုးခြင်းများ ပုန်းကွယ်နေတတ်ပြီး ကံဆိုးခြင်းများက ကံကောင်းခြင်းများကို သယ်ဆောင်လာတတ်သည်။
အခွင့်အလမ်းနှင့် အန္တရာယ်ဆိုသည်မှာ တိုက်ရိုက်အချိုးကျနေလေ့ရှိသည်။
လျှို့ဝှက်နယ်မြေများကို ချန်ထားခဲ့သော စီနီယာများကလည်း သက်ဆိုင်ရာ စီစဉ်မှုများနှင့် စမ်းသပ်မှုများကို ပြုလုပ်ထားခဲ့ကြသည်။
စမ်းသပ်မှုများကို အောင်မြင်သူများက သူတို့၏ အမွေအနှစ်ကို ဆက်ခံနိုင်ပြီး အခွင့်အရေးများကို သီးသန့်ခံစားခွင့်ရကြသည်။
စမ်းသပ်မှု မအောင်မြင်သူများကမူ သေဆုံးခြင်းနှင့် ဝိညာဉ်ချုပ်ငြိမ်းခြင်းတို့ကို ရင်ဆိုင်ရပေမည်။
ဤသည်က ကျင့်ကြံခြင်းလောကတွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ရပ်ပင်။
ချောက်နက်လျှို့ဝှက်နယ်မြေကမူ အနည်းငယ် ထူးခြားသည်။
ဤနေရာတွင် 'လျှို့ဝှက်နယ်မြေ' ဆိုသည်မှာ တိကျသော အသုံးအနှုန်း မဟုတ်ဘဲ ယေဘုယျဆန်သည့် အသုံးအနှုန်းပင်။
ဤလျှို့ဝှက်နယ်မြေ၏ မူလအစကို မေးမည်ဆိုလျှင်မူ ဇာတ်လမ်းရှည်သွားပေလိမ့်မည်။
အရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသ ဆုံမှတ်တွင် ချောက်နက်ကြီးတစ်ခု ရှိသည်။
ဤချောက်နက်ကြီးသည် ကျယ်ပြန့်ပြီး အဆုံးအစမဲ့ကာ အောက်ခြေကို မမြင်နိုင်ချေ။
ထိုနေရာ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းကိုလည်း မသိရချေ။
လူတချို့ကပြောကြသည်မှာ နတ်ဘုရားအရှင်များအကြား ပဋိပက္ခကြောင့် ကုန်းမြေပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး ဤထူးခြားသော ချောက်နက်ကြီး ဖြစ်ပေါ်လာတာဟု ဆိုကြသည်။
တချို့ကမူ ဧကရာဇ်တစ်ပါးက လှံရှည်တစ်ချောင်းဖြင့် ပစ်လိုက်ရာ ကောင်းကင်ဘုံမှ နတ်ဘုရားအရှင်တစ်ပါးကို ထိုးဖောက်မိပေ၏။ ထိုနတ်ဘုရားအရှင် သေဆုံးကာ ဤနေရာသို့ ကျရောက်လာပြီး မသေခင် ကျိန်စာတိုက်ခဲ့တာကြောင့် ဤထူးခြားသော ချောက်နက်ကြီး ဖြစ်လာသည်ဟု ဆိုကြသည်။
ထို့ကြောင့်ချောက်နက်နယ်မြေကို ကျိန်စာသင့်နယ်မြေဟုလည်း ခေါ်ကြသည်။
မူကွဲများစွာရှိသော်လည်း ထိုအရာအားလုံးတွင် ဒဏ္ဍာရီဆန်သော အငွေ့အသက်များ ပါဝင်နေကြသည်။
အမှန်တရားကိုမူ အတည်ပြု၍ မရတော့ပေ။
ဤနေရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ကာ ခမ်းနားထည်ဝါပြီး နက်နဲသိမ်မွေ့သည်။
အတိအကျ မသိရသောကြောင့်ပင် ဖြစ်နိုင်ခြေအားလုံးနှင့် ပတ်သက်နေခြင်းပင်။
ထို့ပြင် ချောက်နက်နယ်မြေသည် စူးစမ်းရှာဖွေသူ တစ်သုတ်ပြီးတစ်သုတ်ကို ဆွဲဆောင်နေခဲ့သည်။
ထိုလူများအနက် မိုးကောင်းကင်ကို ခြေတစ်လှမ်းတည်းနှင့် တက်လှမ်းပြီး ဘဝ၏ အထွတ်အထိပ်သို့ ရောက်ချင်သော အိပ်မက်မက်နေသူများ ပါဝင်ကြသည်။
ကျင့်ကြံခြင်း နက်နဲသိမ်မွေ့သော်လည်း သက်တမ်းကုန်ခါနီးဆဲဆဲ ဖြစ်နေသော ကြောက်စရာကောင်းသည့် ထိပ်သီးကျင့်ကြံသူများလည်း ရှိကြသည်။
ရလဒ်အနေဖြင့် ချောက်နက်ကြီးသည် ချောက်နက်အတိုင်း ရှိနေသော်လည်း လျှို့ဝှက်နယ်မြေများကမူ တဖြည်းဖြည်း များပြားလာသည်။
ထိုနယ်မြေများအနက် အများစုသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တချို့ကမူ လျှို့ဝှက်နယ်မြေကို လာရောက်စူးစမ်းရှာဖွေသည့် ထိပ်သီးကျင့်ကြံသူများ ချန်ထားခဲ့ခြင်းဖြစ်သည်။
ထိုနယ်မြေအရေအတွက်သည် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားချိန်၌ ဤချောက်နက်ကြီးကို ချောက်နက်လျှို့ဝှက်နယ်မြေဟု ခေါ်ဆိုကြတော့သည်။
လူသူကင်းမဲ့သော တောင်တန်းကြီးတစ်ခုပေါ်တွင်....
ထူထပ်သော မြူခိုးများ ပျံ့လွင့်နေပြီး ပတ်ဝန်းကျင်နေရာတဝိုက်သည် အလွန်ကျယ်ပြန့်ပေ၏။
တောင်တန်း၏အဆုံးတွင်မူ ပြန့်ပြူးပြီး ချောမွေ့နေသော ကမ်းပါးတစ်ခု ရှိသည်။
ဤှသည်မှာ စွမ်းအားတစ်ခုခုနှင့် ဖြတ်တောက်ခြင်း ခံထားရသည့်အလားပင်။
ဖြတ်ရာသည် ချောမွေ့နေပြီး အဆုံးကို မမြင်နိုင်ချေ။
ကမ်းပါး၏တစ်ဖက်ခြမ်းမှာမူ ချောက်နက်ကြီးတစ်ခုပင်။
ထိုချောက်နက်ကြီးသည် မင်ရည်ကဲ့သို့ မည်းနက်နေပြီး လေဟာနယ်တစ်နေရာလုံးသည် ညအမှောင်ထုနှင့် လွှမ်းခြုံနေသည့်အလားပင်။
ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်က အချိန်မရွေး ထွက်လာနိုင်သကဲ့သို့ ခံစားရပြီး လူများ၏ စိတ်နှလုံးကို တုန်လှုပ်သွားစေလောက်အောင် မည်းမှောင်နေသည်။
ဤသည်မှာ ထာဝရညတစ်ညအလားပင်။
တောင်တန်းကြီးကမူ အဖြူရောင်လွင်ပြင်ကျယ်ကြီး ဖြစ်သည်။
အမည်းနှင့်အဖြူ ဆန့်ကျင်ဘက်ဖြစ်မှုက ရှင်းလင်းပြတ်သားပြီး ဆယ်ပေကျယ်ဝန်းသည့် နယ်နိမိတ်မျဉ်းတစ်ခု ချန်ထားကာ ညနေခင်း နေရောင်ခြည်တချို့က အလင်းပေးထားသည်။
ဤနေရာကို ကမ္ဘာပေါ်ရှိ ရှားပါးအံ့ဖွယ်တစ်ခုဟု ခေါ်ဆိုနိုင်ပေ၏။
ယခုအချိန်၌မူ လျှို့ဝှက်နယ်မြေတစ်ခုက လူများအားလုံး၏မျက်စိရှေ့တွင် ရှိနေသည်။
ဤနေရာသည် ချောက်နက်ကြီးနှင့် နီးကပ်သော တောင်တန်းပေါ်တွင် တည်ရှိနေခြင်းပင်။
အိမ်တစ်လုံးစာအရွယ်အစားရှိသည့် အလင်းလုံးကြီးတစ်လုံးသည် လေဟာနယ်နှင့် ချိတ်ဆက်ထားသကဲ့သို့ တည်ရှိနေကာ လုံးလုံးလျားလျား စိတ်ကူးယဉ်ဆန်သည်။
ထိုနေရာ၏နံဘေးပတ်လည်တွင် အလင်းရောင်များ ဖျတ်ခနဲ လင်းလက်နေပေ၏။
ထိုအရာများသည် ရှေးဟောင်းမဟာဝင်္ကပါ၏ သင်္ကေတများပင်။
"စီနီယာ... ဒီလျှို့ဝှက်နယ်မြေက ချောင်ရှားတောင်ကြားက တတိယဘိုးဘေး ပိတ်မိနေတဲ့နေရာပါ"
"ဒီဝင်္ကပါကို ချိုးဖျက်နိုင်မလားဆိုတာ ကြည့်ပေးလို့ ရမလား"
လူအုပ်မကြားမှနေ၍ မြင့်မြတ်အရှင်မ လုချင်ရှားက သတိထားပြီး မေးမြန်းလိုက်သည်။
ကျုံးချင်သည် တုံပြန်အဖြေမပေးချေ။
ထိုအစား သူသည် ရပ်တန့်ပြီး လေ့လာကြည့်ရှုလိုက်၏။
သူသည် ဝင်္ကပါများအကြောင်းကို နားမလည်ချေ။ တကယ်တမ်းပြောရလျှင် သူထံ၌ ဝင်္ကပါများနှင့်ပတ်သတ်ပြီး လုံးလုံးလျားလျားကို အသိပညာ ဗဟုသုတ မရှိခြင်းပင်။
လမ်းတစ်လျှောက်တွင် ဤဝင်္ကပါ၏ ထူးခြားဆန်းကြယ်မှုကို သူ နားလည်ခဲ့သည်။
လူတစ်ယောက်သည် ကိုယ်ပိုင်စွမ်းအားနှင့် ဝင်္ကပါတစ်ခုလုံးကို ချိုးဖျက်ရမည်ဟု ဆိုကြ၏။
ယခုချိန်၌ သူ၏ကျင့်ကြံခြင်းသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်၌ ရှိနေသဖြင့် သူ အတင်းအကျပ် ချိုးဖျက်နိုင်ခြင်းရှိမရှိကို သူ တွေးနေမိသည်။
ကျုံးချင်သည် စိတ်ချစေရန်အတွက် စနစ်ကို အရင်မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူ မချိုးဖျက်နိုင်လျှင် မျက်နှာပျက်ရသည်က ကိစ္စငယ်လေးသာ ဖြစ်သော်လည်း အတွင်းထဲကလူကို သေအောင် လုပ်မိလိုက်လျှင်မူ...
သူ အပင်ပန်းခံပြီး ရထားသော တာဝန်သည် ပျက်စီးသွားလိမ့်မည်။
"စနစ်... ငါ့ရဲ့လက်ရှိအင်အားနဲ့ ဒီဝင်္ကပါကြီးကို ချိုးဖျက်နိုင်မလား"
[ရှာဖွေတွေ့ရှိချက်အရ ဒီရှေးဟောင်းဝင်္ကပါကို ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ရှိသူမှသာ အတင်းအကျပ် ချိုးဖျက်နိုင်ပါလိမ့်မယ်]
စနစ်က လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။
ဤသည်က ကျုံးချင်ကို မျက်မှောင်အနည်းငယ် ကြုတ်သွားစေသည်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ဆိုသည်မှာ သူ့ထက် နယ်ပယ်တစ်ဆင့် ပိုမြင့်နေသည်။
"ငါ့ရဲ့ ဝှက်ဖဲတွေအားလုံးနဲ့ဆိုရင် ဒီဝင်္ကပါကို ချိုးဖျက်နိုင်မလား မသိဘူး"
ကျုံးချင်၏ မျက်လုံးများထဲတွင် တွေးတောနေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤအကြံအစည်သည် အလွန်အန္တရာယ်များပေ၏။ အကယ်၍ သူ မချိုးဖျက်နိုင်ခဲ့လျှင် အတွင်းမှလူ သေချာပေါက် ဒုက္ခရောက်သွားနိုင်သည်။
ကျုံးချင် တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် တခြားအရာတစ်ခုကို ရုတ်တရက် သတိရသွားသည်။
လျှို့ဝှက်နယ်မြေထဲမှ လူသည် သေခါနီးနေပြီဟု စနစ်က ပြောခဲ့ဖူးသည်။
ပစ်မှတ်၏အသက်ကို ကယ်တင်ပြီးလျှင် သူ ဆုလာဘ် ရနိုင်ပေ၏...
သူ နည်းလမ်းရှာတွေ့ပြီဟု တွေးထင်လိုက်၏။
ထိုအချိန်မှာပင် မြင့်မြတ်အရှင်မ လုချင်ရှားက ရှေ့တိုးလာပြီး မေးမြန်းသည်။
"စီနီယာ... ဒီဝင်္ကပါရဲ့အခြေအနေ ဘယ်လိုရှိလဲ... ထိုးထွင်းသိမြင်တာမျိုး ရှိလား"
ကျုံးချင်က သူ၏အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး သူမကိုလှည့်ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒီဝင်္ကပါကို အနည်းဆုံး ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်စွမ်းအားရှိမှသာ အတင်းအကျပ် ချိုးဖျက်နိုင်လိမ့်မယ်"
ဤစကားများ ထွက်လာသည်နှင့် လူများအားလုံး၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများပင်လျှင် သူတို့အတွက် ဘိုးဘေးများကဲ့သို့ ဖြစ်နေလေပြီ။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများဆိုသည်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များပင်။
"ဒါဆိုရင် စီနီယာ... ရှင်ကရော..."
မြင့်မြတ်အရှင်မ လုချင်ရှားက ကျုံးချင်ကို မနေနိုင်တော့ဘဲ လှမ်းကြည့်လိုက်သည်။ အကြောင်းအရင်းမှာ ကျုံးချင်၌ ဤစွမ်းအားမျိုးရှိမရှိ သူမလည်း သေချာမသိသောကြောင့်ပင်။
ကျုံးချင်က သူမကို တုံ့ပြန်အဖြေဘဲ ဝင်္ကပါဆီသို့ လျှောက်လှမ်းသွားလိုက်၏။
သူတို့၏မျက်နှာများ ဝမ်းသာမှုကြောင့် လင်းလက်သွားကြသည်။
သို့သော် ကျုံးချင်က သူ၏စွမ်းအားကိုသုံးပြီး ဝင်္ကပါကို ချိုးဖျက်မည်ဟု သူတို့ အစပိုင်းတွင် တွေးထင်ခဲ့ကြသော်လည်း သူသည် ဝင်္ကပါထဲသို့ တိုက်ရိုက်လမ်းလျှောက်ဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဘာလဲ"
"သူ ဘာလုပ်နေတာလဲ"