← Chapters

ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်းကို ရယူခြင်း

Vol. 7 Ch. 63

ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်းကို ရယူခြင်း

Vol. 7 Ch. 63

ဤလုပ်ရပ်သည် လူများအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

"သူက ဝင်္ကပါကို ချိုးဖျက်ရမှာ မဟုတ်ဘူးလား... အထဲကို တန်းပြီးဝင်သွားတာ ဘာသဘောလဲ..."

အကြီးအကဲတစ်ဦးသည် လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်နေပေ၏။

သူတို့အားလုံး ဤမဟာဝင်္ကပါကြီးအကြောင်းကို လေ့လာခဲ့ဖူးကြသည်။

အပြင်ဘက်မှနေ၍ ချိုးဖျက်ခြင်းက လွယ်ကူသော်လည်း အတွင်းမှနေ၍ ချိုးဖျက်လိုပါက ခက်ခဲမှုသည် ဆယ်ဆတိုးသွားပေမည်။

"ဂိုဏ်းချုပ်... ဒီလူက စိတ်မချရဘူးလို့ ကျွန်တော် ခံစားနေရတယ်... မတော်တဆမှုတွေများ ဖြစ်လာမလားမသိဘူး"

"ဒီမဟာဝင်္ကပါကြီးသာ အပြည့်အဝ အသက်ဝင်သွားပြီဆိုရင် တတိယဘိုးဘေးကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..."

"တတိယဘိုးဘေး အန္တရာယ်ကြီးကြီးမားမား ကြုံရမှာကို ကျွန်တော် စိုးရိမ်မိတယ်"

အကြီးအကဲတစ်ဦးက ခါးသီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

မြင့်မြတ်အရှင်မ လုချင်ရှားသည်လည်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေသည်။

သို့သော် ကျုံးချင်သည် သာမန်မဟုတ်ကြောင်း သူမ သိထားသည်။

သူသည် မဟာဝင်္ကပါထဲသို့ ဤကဲ့သို့ သူ တစ်ယောက်တည်း ဝင်ရဲသည်ဆိုပါက သူ့ထံတွင် အားကိုးစရာတစ်ခုခု ရှိနေရပေမည်။

မည်သူမျှ ကိုယ့်အသက်နှင့်ရင်းပြီး ဟာသလုပ်ကြမည် မဟုတ်ပေ။

ထို့နောက် သူမက လူများအားလုံးကို ပြောဆိုလိုက်သည်။

"စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ကြတာပေါ့...."

"စီနီယာက သူ့အကြောင်းနဲ့သူ ရှိလို့ ဒီလိုလုပ်တာနေမှာပါ"

သူမ ဤသို့ပြောဆိုလိုက်သော်လည်း လူများအားလုံး၏ စိတ်နှလုံးသားများမှာမူ ပူလောင်နေကြသည်။

ကျုံးချင်အနေဖြင့် သူတို့၏ တတိယဘိုးဘေးကို ကယ်တင်နိုင်မည်ဆိုသည့်အပေါ် သူတို့သည် အလွန်အမင်း အဆိုးမြင်နေကြ၏။

သို့သော် ယခုအချိန်တွင် သူတို့တတ်နိုင်သည်မှာ စောင့်ဆိုင်းခြင်းသာ ရှိတော့သည်။

လျှို့ဝှက်နယ်မြေထဲသို့ ခြေချလိုက်သော ကျုံးချင်အကြောင်းကို ပြောရမည်ဆိုလျှင်...

သူသည် ဤဝင်္ကပါ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ချက်ချင်းခံစားလိုက်ရသည်။

မှောင်မိုက်သော အလင်းတန်းတစ်တန်းသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး လျှို့ဝှက်နယ်မြေထဲမှ သက်ရှိစွမ်းအားနှင့် တက်ကြွမှုများကို ဖြည်းညှင်းစွာ စုပ်ယူနေသည်။

ကျုံးချင်သည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး လျှို့ဝှက်နယ်မြေထဲ၌ ကျုံးချန်ဖုန်း၏ ပုံရိပ်ကို စတင်ရှာဖွေလိုက်သည်။

သူ လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာရသည့်အကြောင်းအရင်းမှာ အပြင်ဘက်မှနေ၍ ဝင်္ကပါကို ချိုးဖျက်ရန် သူ များစွာယုံကြည်ချက်မရှိသောကြောင့်ပင်။

ကျုံးချန်ဖုန်းကို ကယ်တင်လိုက်သည်နှင့် သူသည် 'ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်း' ကို ရရှိမည်ဟု စနစ်က ပြောထားသည်။

ကယ်တင်သည်ဆိုရာ၌ ကျုံးချန်ဖုန်းကို ဤနေရာမှ ခေါ်ထုတ်သွားရမည်ဟု မဆိုလိုချေ။

သူ့ကို အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမှ လွတ်မြောက်အောင် လုပ်ပေးရန်သာ လိုအပ်သည်။

ထို့ကြောင့် ကျုံးချင်က ထိုလူကို သူ၏ 'ကမ္ဘာငယ်' ထဲသို့ ထည့်လိုက်ပြီး အန္တရာယ်မှ ကင်းဝေးစေလိုက်လျှင် ဆုလာဘ်ကို ရရှိပေမည်။ သူ 'ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်း' ကို ရရှိပြီးသည်နှင့် ဤနေရာမှ ခေါ်ထုတ်သွားနိုင်မည်ဟု တွေးတောထားခြင်း ဖြစ်သည်။

လျှို့ဝှက်နယ်မြေသည် ကျယ်ပြန့်ကာ တောင်တန်းများ နက်ရှိုင်းသော တောင်ကြားများနှင့် ရေကန်များ ရှိနေသည်။

ဤနေရာသည် မျက်စိတစ်ဆုံး ကျယ်ပြန့်ပေ၏။

သို့သော် ဤနေရာသည် နှစ်ကာလကြာမြင့်စွာ တည်ရှိနေခဲ့ပုံရသည်။

လေဟာနယ်တစ်ခုလုံးတွင် ဟောင်းနွမ်းဆွေးမြေ့နေသော ချီစွမ်းအားများဖြင့် ပြည့်နှက်နေကာ ပုပ်သိုးနံ့များသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ ပျံ့နှံ့နေသည်။

မူလက ခမ်းနားထည်ဝါခဲ့သော နန်းတော်များနှင့် ခြံဝန်းများသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အပျက်အစီးများကို မြင်တွေ့နိုင်သော နေရာအနည်းငယ်သာ ကျန်ရစ်တော့သည်။

လျှို့ဝှက်နယ်မြေဟု ခေါ်သော်လည်း ဤသည်က အပျက်အစီးနယ်မြေတစ်ခုနှင့် ပို၍တူညီနေသည်။

အချိန်ကာလ၏ တိုက်စားမှုအောက်တွင် လျှို့ဝှက်နယ်မြေ၌ အခွင့်အလမ်းများ ရှိခဲ့လျှင် ထိုအရာအားလုံး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလောက်လေပြီ။

ဤမဟာဝင်္ကပါကြီးတစ်ခုသာလျှင် အလွန်ထူးခြားနေခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော နှစ်ကာလများစွာ ကြာသည့်တိုင် အသက်ဝင်နေဆဲပင်။ ထို့ပြင် မဟာဝင်္ကပါကြီး၏စွမ်းအားကလည်း ကြောက်မက်ဖွယ် ကောင်းပေ၏။

ထိုအရာကို ချိုးဖျက်ရန်အတွက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျွမ်းကျင်သူတစ်ဦး လိုအပ်သည်မှာ အမှန်ပင်။

ကျုံးချင်သည် တောင်တန်းတလျှောက် အချိန်တခဏကြာမျှ ရှာဖွေပြီးနောက် နောက်ဆုံးတွင် မြင့်မားသော စင်မြင့်တစ်ခုအောက်၌ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုလူသည် မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသည်။ သူ၏မျက်နှာသည် ဖြူဖျော့နေပြီး မျက်လုံးများ ချိုင့်ဝင်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပေနေသည်။ သူ၏စိတ်အာရုံသည် ထွေပြားနေပုံရပြီး ခန္ဓာကိုယ်သည်လည်း မရပ်မနား တုန်ခါနေပေ၏။

သူသည် ချောင်ရှားတောင်ကြား၏ ဘိုးဘေးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သူ ကျုံးချန်ဖုန်းပင်။

လှုပ်ရှားမှုသံကို ကြားလိုက်ရသဖြင့် ကျုံးချန်ဖုန်းက ခက်ခက်ခဲခဲအားယူပြီး မော့ကြည့်ကာ သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

ကျုံးချင်ကို သေချာမြင်လိုက်ရပြီးနောက် သူက အံ့အားသင့်မှုအနည်းငယ်ဖြင့် ပြောဆိုလိုက်သည်။

"ငါ သေခါနီးအချိန်မှာ ငါ့ရဲ့အနားမှာနေပေးမယ့်သူ ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူးကွာ..."

"ငရဲပြည်ရောက်ရင်တောင် အထီးကျန်တော့မှာ မဟုတ်ဘူးပေါ့..."

"ခင်ဗျားက ကျုံးချန်ဖုန်းလား"

ကျုံးချင်က ထိုလူကို အကဲခတ်ရင်း မေးမြန်းလိုက်သည်။

"ဟုတ်တယ်... မောင်ရင်က ငါ့ကို သိလို့လား"

ကျုံးချန်ဖုန်းက ပို၍ပင် အံ့အားသင့်သွားသည်။

"သိပ်တော့မသိပါဘူး... ခင်ဗျားတို့ ချောင်ရှားတောင်ကြားကလူတွေက ခင်ဗျားကို ကယ်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ထားတာလေ"

ကျုံးချင်က ရှေ့သို့တိုးပြီး ကျုံးချန်ဖုန်း၏အခြေအနေကို စစ်ဆေးလိုက်သည်။

သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပေ၏။ သူ၏အသက်စွမ်းအားများ မရပ်မနား ယိုစိမ့်နေပြီး သက်တမ်းအများစုမှာလည်း ကုန်ဆုံးနေလေပြီ။

သူသည် အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ကျုံးချင်သည် ချောင်ရှားတောင်ကြားမှ ဖိတ်ခေါ်ထားသူဖြစ်ကြောင်း ကြားလိုက်ရချိန်၌ ကျုံးချန်ဖုန်း၏မျက်လုံးများ တောက်ပသွားသည်။

ဤသည်မှာ အသက်ရှင်လိုစိတ်နှင့် မျှော်လင့်ချက်တို့ကြောင့်ပင်။

သို့သော် ဤမျှော်လင့်ချက်ရောင်ခြည်သည် လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။

"မောင်ရင် ကိုယ်တိုင် ဝင်လာမှတော့ ငါ့ကို ဘယ်လိုလုပ် ကယ်နိုင်တော့မှာလဲ..."

သူသည် ဤမဟာဝင်္ကပါကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ထိတ်လန့်နေဆဲပင်။

သူ၏အမြင်အရဆိုလျှင် ဤနေရာသို့ ဝင်လာပြီးသည်နှင့် ပြန်ထွက်သွားရန်မှာ ကောင်းကင်ပေါ်သို့ တက်သည်ထက်ပင် ခက်ခဲပေလိမ့်မည်။

ကျုံးချင်က ရှင်းပြမနေတော့ဘဲ ကမ္ဘာငယ်လေး တံခါးပေါက်ကို တိုက်ရိုက်ဖွင့်လိုက်သည်။

မျှော်လင့်ချက်မဲ့နေပြီဟု ခံစားနေရသော ကျုံးချန်ဖုန်းသည် ကမ္ဘာငယ်လေးကို မြင်လိုက်ရချိန်၌ သူ၏မျက်လုံးများ ထွက်ကျလုမတတ် ပြူးကျယ်သွားခဲ့သည်။

သူသည် ချက်ချင်းဆိုသလိုပင် အံ့အားတသင့် အော်ဟစ်လိုက်၏။

"ကမ္ဘာငယ်တစ်ခုပါလား..."

သူသည် ကျင့်ကြံခြင်း၌ ပါရမီမကောင်းသော်လည်း ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေ၏ ဘိုးဘေးတစ်ဦးအနေဖြင့် ဗဟုသုတ ကြွယ်ဝသူပင်။

ထိုကြောင့် ကမ္ဘာငယ်တစ်ခု၏ အရေးပါမှုကို သူ ကောင်းစွာနားလည်ထားသည်။

ယေဘုယျအားဖြင့် ထိပ်တန်းအင်အားစုတချို့သာလျှင် ကမ္ဘာငယ်တစ်ခုကို ပိုင်ဆိုင်နိုင်ကြသည်။

ဥပမာအားဖြင့် လျှို့ဝှက်မိသားစုများ ရှေးဟောင်းမိသားစုကြီးများ စသည်ဖြင့်...

ထို့ပြင် ကမ္ဘာငယ်တစ်ခုသည် အင်အားစုတစ်ခု၏ အခြေခံအုတ်မြစ်အဖြစ်လည်း အသုံးဝင်ပြီး အင်မော်တယ်အင်အားစုတစ်ခု၏ ကျောရိုးပင်။

ယခုချိန်၌ ကျုံးချင်သည် ကမ္ဘာငယ်တစ်ခုကို ကိုယ်နှင့်မကွာ သယ်ဆောင်ထားသည်ကို မြင်လိုက်ရသဖြင့် သူ မည်သည်ကြောင့် မအံ့သြဘဲ နေနိုင်မည်နည်း မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

"ဒီမြင့်မြတ်တဲ့ ပုဂ္ဂိုလ်က ဘယ်သူများပါလိမ့်"

ကျုံးချန်ဖုန်း ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ကျုံးချင်က သူ့ကို ကမ္ဘာငယ်ထဲသို့ ခေါ်ဆောင်သွားပြီး ဖြစ်သည်။

"ခင်ဗျားရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်... ဒီမှာ ခဏလောက် အနားယူနေလိုက်... နောက်ကျရင် ကျွန်တော် ခင်ဗျားကို အပြင်ခေါ်ထုတ်သွားပေးမယ်"

အကယ်၍ ကျုံးချင်သာ ဤစကားကို စောစောက ပြောခဲ့လျှင် ကျုံးချန်ဖုန်း ယုံကြည်ခဲ့မည် မဟုတ်ပေ။

အကြောင်းအရင်းမှာ ဤမဟာဝင်္ကပါကြီးသည် အလွန်ကြောက်မက်ဖွယ် ကောင်းသောကြောင့်ပင်။

ဤသည်က ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေတစ်ခုလုံးကိုပင် ကူကယ်ရာမဲ့ ဖြစ်စေခဲ့သည်။

သို့သော် ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ကျုံးချင်၏ ပုံရိပ်သည် လုံးလုံးလျားလျား ကွဲပြားသွားလေပြီ။

ကမ္ဘာငယ်တစ်ခုကို ကိုယ်နှင့်မကွာ သယ်ဆောင်ထားနိုင်သူသည် မည်သည်ကြောင့် သာမန်လူ ဖြစ်နိုင်မည်နည်း။

တစ်ဖက်လူသည် သူ့ကို ဤနေရာမှ သေချာပေါက် ခေါ်ထုတ်သွားနိုင်လိမ့်မည်ဟုပင် ပြင်းထန်သော အလိုလိုသိစိတ် ဖြစ်ပေါ်လာသည်။

အချိန်တခဏအတွင်း ကျုံးချန်ဖုန်း၏စိတ်ထဲ၌ ခံစားချက်များ လှိုင်းထန်လာခဲ့ကာ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားရသည်။

သူသည် ဤနေရာတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကာ နေ့ရက်တိုင်းသည် ထောင်ကျနေသည့်အလားပင်။

နေ့ရက်တိုင်း သူသည် အဆုံးမရှိသော နှိပ်စက်ညှဉ်းပန်းမှုများကို သည်းခံခဲ့ရပေ၏။

ယခု၌မူ သူ လွတ်မြောက်ရန် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရလေပြီ။

"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်..."

ကျုံးချန်ဖုန်းသည် ဆို့နင့်နေပြီး စကားပင် မပြောနိုင်တော့ချေ။

သူသည် ကျုံးချင်၏ ဖြောင့်မတ်မှန်ကန်မှုကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုနေတော့သည်။

"ကဲ... မြန်မြန် သက်သာအောင် လုပ်လိုက်ပါအုံး"

ကျုံးချင်က သူ့ကို နှစ်သိမ့်လိုက်သည်။

တစ်ဖက်လူသည် စိတ်လှုပ်ရှားလွန်းပြီး မတော်တဆ သေသွားမည်ကို သူ အမှန်တကယ် ကြောက်ရွံ့မိသည်။

မည်သို့ပင်ဆိုစေကာမူ ကျုံးချန်ဖုန်းသည် လက်ရှိတွင် သေလုမြောပါး ဖြစ်နေပြီး သေမင်းနှင့် စစ်ခင်းနေရသူဖြစ်ကာ နောက်ထပ်အချိန်တစ်စက္ကန့်တွင် သေသွားနိုင်သည့် အခြေအနေမျိုးပင်။

ထိုစကားကို ကြားလိုက်ရသဖြင့် ကျုံးချန်ဖုန်းက ချက်ချင်းပင် မျက်လုံးမှိတ်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်၏။

ကျုံးချင်ကမူ စားပွဲတစ်လုံးကို ရှာပြီး ဖြည်းဖြည်းချင်း လက်ဖက်ရည် သောက်နေလိုက်သည်။

မကြာခင်မှာပင် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ၏ထင်ကြေး မှန်ကန်ခဲ့ကာ ကျုံးချန်ဖုန်းကို ကယ်တင်လိုက်သည်နှင့် ဤတာဝန် ပြီးမြောက်သွားခဲ့သည်။

ယခုချိန်တွင် စနစ်ဆုလာဘ် ရောက်ရှိလာလေပြီ။

"ဂုဏ်ယူပါတယ် လက်ခံသူ... ကျုံးချန်ဖုန်းကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တာကြောင့် ဆုလာဘ်အနေနဲ့ ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်းကို ရရှိသွားပါပြီ။

["အိမ်ရှင်: ကျုံးချင်"

"ကျင့်ကြံခြင်း: မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်"

"တပည့်: လင်းဖုန်း...ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်...အဆတစ်ရာမြှင့်တင်ခြင်း အသက်ဝင်နေသည်"

"တပည့်: စုယဲ့... ချန်ရွှမ်နယ်ပယ် အစောပိုင်းအဆင့်...အဆတစ်ရာမြှင့်တင်ခြင်း အသက်ဝင်ရန် စောင့်ဆိုင်းနေသည်"

"အသက်ဝင်နေသော နှောင်ကြိုးများ: အမှိုက်နှောင်ကြိုး ၂/၂...နောက်ထပ် နှောင်ကြိုးများ ဖော်ထုတ်ရန် ကျန်သေးသည်"

"ရရှိထားသော ခန္ဓာကိုယ်အမျိုးအစား: မရှိ.."

"ရရှိထားသော အထူးစွမ်းရည်များ: လောက်လျူအရှိန်အဝါ..ကောင်းကင်ဘုံမျက်လုံး... အဆင့်တူချေမှုန်းခြင်း...ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်း"

All Chapters