သူတော်စင်ဝင်စားသူ၏ စရိုက်လက္ခဏာ
Vol. 7 Ch. 64
လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်...
မြင့်မြတ်အရှင်မ လုချင်ရှားနှင့် စုဝမ်ကျိုးတို့အပြင် ချောင်ရှားတောင်ကြားမှ အဆင့်မြင့်အကြီးအကဲများလည်း စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
"အဲ့ဒီထဲမှာ ဘာမကောင်းတာမှ ဖြစ်မနေလောက်ပါဘူးနော်... ဒီလောက်ကြာနေတာတောင် ဘာလှုပ်ရှားမှုမှ မရှိဘူး"
အကြီးအကဲတစ်ဦးက စိုးရိမ်ပူပန်သောမျက်နှာထား စိတ်မသက်မသာဖြစ်သော အမူအယာဖြင့် ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်... ဒီတစ်ခေါက် ဖိတ်ခေါ်ထားတဲ့လူက ဒီဝင်္ကပါကို ချိုးဖျက်နိုင်တဲ့ အရည်အချင်း မရှိဘူးနဲ့တူတယ်... သူကိုယ်တိုင်တောင် ဝင်္ကပါထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်"
အကြီးအကဲတစ်ယောက်က သူ၏ထင်မြင်ချက်ကို ပြောဆိုသည်။
"ကျွန်တော့်ရဲ့အမြင်အရ ပြောရရင်... အရည်အချင်းမရှိရင် အလုပ်လက်မခံနဲ့လေ..."
"အခုကြည့်... သူအထဲမှာ ပိတ်မိနေရုံတင်မကဘူး... ကျွန်တော်တို့ တတိယဘိုးဘေးကို ကယ်တင်ရမယ့် အချိန်တွေကိုပါ နှောင့်နှေးစေတယ်... အချိန်က သိပ်ကျန်တော့တာ မဟုတ်ဘူး"
အဆိုးမြင်သည့် အသံအမျိုးမျိုး မရပ်မနား ထွက်ပေါ်နေသည်။
"တော်ကြစမ်း...."
မြင့်မြတ်အရှင်မ လုချင်ရှားက ဒေါသတကြီး အော်ဟစ်လိုက်၏။
"အရာရာတိုင်းက ဖြည်းဖြည်းချင်း လုပ်ယူရတာပဲ"
"ဆိုရိုးစကားတောင် ရှိတယ်မလား... 'ရောမမြို့ကို တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး' တဲ့"
"ဒီဝင်္ကပါက နက်နဲပြီး ခန့်မှန်းရခက်တယ်... ချိုးဖျက်ဖို့ အချိန်မလိုဘူးလား"
"စီနီယာက အကူအညီ လာပေးတာ... ကျွန်မတို့ ချောင်ရှားတောင်ကြားရဲ့ တတိယဘိုးဘေးကို ကယ်တင်ပေးဖို့ သူက ဆုလာဘ်တောင် မတောင်းဆိုခဲ့ဘူး"
"သူ မအောင်မြင်ရင်တောင်မှ ဒါက ကျွန်မတို့ ချောင်ရှားတောင်ကြားအပေါ်ထားတဲ့ ကြီးမားတဲ့ ကျေးဇူးတရားပဲ"
"အခုတော့ ရှင်တို့က စောင့်တောင် မစောင့်နိုင်ကြဘူး"
"ရှင်တို့တစ်ယောက်ချင်းစီက ထေ့ငေါ့ပြောဆိုပြီးတော့ လှောင်ပြောင်နေကြတယ်... ဒါက လူကြီးလူကောင်းတွေလုပ်တဲ့ လုပ်ရပ်လား"
"ရှင်တို့ အရည်အချင်းရှိရင် ရှင်တို့သွားကြလေ"
မြင့်မြတ်အရှင်မ လုချင်ရှား အမှန်တကယ် ဒေါသထွက်သွားသည်ကို မြင်လိုက်ရချိန်၌....
လူများအားလုံး တိတ်ဆိတ်သွားကြပြီး စကားမပြောရဲကြတော့ချေ။
သူတို့၏စိတ်နှလုံးသားထဲတွင်မူ ဆက်စောင့်နေရန် မလိုအပ်တော့ဟုသာ ခံစားနေရသည်။
ဤသည်က ကံကြမ္မာအဆုံးအဖြတ်ဖြစ်ပြီး မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်မလာသရွေ့ သူတို့ မည်မျှထိကြာကြာ စောင့်နေပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သို့သော် နောက်ထပ်အချိန်တခဏတွင်....
မဟာဝင်္ကပါထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုလူသည် ကျုံးချင်မှလွဲ၍ တခြားလူ မဟုတ်ချေ။
သူ့ကို မြင်လိုက်ရခြင်းက ချောင်ရှားတောင်ကြားမှ အဆင့်မြင့်အကြီးအကဲတချို့၏ မျက်လုံးများကို ဝေဝါးသွားလုနီးပါး ဖြစ်သွားစေသည်။
ဤသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခုဟုပင် ပြောနိုင်ပေ၏။
တတိယဘိုးဘေး လျှို့ဝှက်နယ်မြေထဲတွင် ပိတ်မိနေကြောင်း ချောင်ရှားတောင်ကြားမှ သိရှိပြီးနောက်တွင်....
မြင့်မြတ်နယ်မြေမှ လူအများသည် ဤဝင်္ကပါကို အသေးစိတ် စူးစမ်းလေ့လာခဲ့ကြသည်။
သူတို့ရရှိခဲ့သော ကောက်ချက်မှာ ဝင်္ကပါစတင်အသက်ဝင်သည်နှင့် ဝင်၍သာရပြီး ထွက်မရနိုင်ဟူ၍ပင်။
ပြင်ပသို့ထွက်လိုပါက ဤဝင်္ကပါကို အပြီးတိုင် ချိုးဖျက်ရပေမည်။
သို့သော် ယခုချိန်၌ ကျုံးချင်၏ ထွက်ပေါ်လာမှုသည် သူတို့၏ နားလည်ထားမှုကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်သည်။
ဤသည်မှာ ရုပ်ဝတ္ထုဝါဒကို ယုံကြည်သူတစ်ယောက်က နယူတန်၏ အခေါင်းအဖုံး ပွင့်ထွက်လာသည်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။
"စီ... စီနီယာ... အဆင်ပြေရဲ့လား"
မြင့်မြတ်အရှင်မ လုချင်ရှားသည် ဤသဘောတရားကို သဘာဝကျကျ နားလည်ထားသည်။
ထို့ကြောင့် သူမ စကားပြောရာတွင် အနည်းငယ် ဗလုံးဗထွေး ဖြစ်သွားတော့သည်။
"ငါက ဘာဖြစ်ရမှာလဲ"
ကျုံးချင်က လက်ကာပြလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ဤ'ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်း' ခန္ဓာကိုယ်သည် အမှန်တကယ်ကို အလွန်အစွမ်းထက်ပေ၏။
ဝင်္ကပါထောင်ပေါင်းများစွာ အတားအဆီးသောင်းပေါင်းများစွာ ရှိနေလျင်ပင် သူ့အတွက်မူ မြေပြန့်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေပေမည်။
"စီနီယာ... ကျွန်မတို့ ချောင်ရှားတောင်ကြားက တတိယဘိုးဘေးကိုရော တွေ့ခဲ့လား"
မြင့်မြတ်အရှင်မ လုချင်ရှားက သတိထားပြီး ထပ်မံ၍ မေးမြန်းလိုက်သည်။
"ဒါပေါ့... တွေ့တာပေါ့"
ထိုစကားထွက်ပေါ်လာသည်နှင့် လူများအားလုံး၏အကြည့်များ သူ့ဆီသို့ စုပြုံရောက်ရှိလာကြသည်။
"စိတ်မပူပါနဲ့... ငါ သူ့ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့တယ်"
"ခေါ်ထုတ်လာခဲ့တယ်... ဟုတ်လား..."
"ဘယ်မှာလဲ...."
"ကျွန်တော်က ဘာလို့ မမြင်ရတာလဲ"
လူတိုင်းက ဘေးဘီဝဲယာကို ကြည့်လိုက်ကြသော်လည်း ကျုံးချင်မှလွဲ၍ တခြားမည်သူ့ကိုမျှ မတွေ့ရပေ။
ကျုံးချင်က သူတို့ကို ဗျာများအောင်လုပ်ရန် အစီအစဉ် မရှိချေ။
ကမ္ဘာငယ်လေး၏တံခါး ပွင့်သွားကာ...
နောက်ထပ်အချိန်တခဏတွင် ကျုံးချန်ဖုန်းလျှောက်လှမ်းထွက်လာခဲ့သည်။
"သူ... သူ တကယ်ကြီး ထွက်လာနိုင်တာပဲ"
ဤအချိန်တွင် ချောင်ရှားတောင်ကြားမှ အဆင့်မြင့်အကြီးအကဲများ၏ နှလုံးသားထဲ၌ ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားခဲ့သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် ဂိုဏ်းချုပ်ဖြစ်သူ မြင့်မြတ်အရှင်မ လုချင်ရှားနှင့် စုဝမ်ကျိုးမှလွဲ၍ အဆင့်မြင့်အကြီးအကဲများသည် ကျုံးချင်အနေဖြင့် တတိယဘိုးဘေးကို အမှန်တကယ် ကယ်တင်နိုင်မည်ဟု မျှော်လင့်ချက် မထားခဲ့ကြပေ။
အထူးသဖြင့် ကျုံးချင်သည် မဟာဝင်္ကပါထဲသို့ တိုက်ရိုက်ဝင်သွားချိန်တွင် ဖြစ်သည်။
သူတို့၏မျက်လုံးထဲတွင် ဤသည်က သေလမ်းရှာသည်နှင့် မခြားပေ။
သို့သော် မည်သူက ထင်ထားမိမည်နည်း....
ထိုသို့ဖြစ်နေသည့်တိုင် သူသည် အထိအခိုက်မရှိဘဲ ပြန်ထွက်လာနိုင်ခဲ့ပြီး သူတို့၏ တတိယဘိုးဘေးကိုလည်း ခေါ်ထုတ်လာနိုင်ခဲ့ပေ၏။
"ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ...."
"ကျွန်တော် မမှားဘူးဆိုရင် အဲဒါက ကမ္ဘာငယ်တစ်ခု ဖြစ်ပုံရတယ်"
"ဘုရားရေ... ဂိုဏ်းချုပ်က ဒီလောက်စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်ကို ဘယ်ကနေ ဖိတ်ခေါ်လာတာလဲ... သူက ကမ္ဘာငယ်တစ်ခုကိုတောင် ကိုယ်နဲ့မကွာ ဆောင်ထားပါလား"
"ပြီးခဲ့တဲ့ စုဝေးပွဲတုန်းက သူတော်စင်မိန်းမပျိူ ပြောခဲ့တာလေ... ရှန်ကျန်းဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ ထိပ်သီးပညာရှင်တစ်ယောက် ရှိပြီးတော့ သူက ရှန်ကျန်းဂိုဏ်းရဲ့ တောင်သခင်တစ်ယောက်တောင် ဖြစ်နေတယ်တဲ့... သူတော်စင်မိန်းမပျိုရဲ့ စကားတွေက မမှားဘူးပဲ... ဒါက တကယ့်ကို မှန်းဆလို့မရနိုင်တဲ့ တည်ရှိမှုကြီးတစ်ခုပဲ"
"ခုဏက ငါတို့ သူ့ကို မေးခွန်းထုတ်ခဲ့မိတာ တော်တော်ရယ်စရာကောင်းတာပဲ... အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးက ငါတို့ရှေ့မှာ ရောက်နေတာကို ငါတို့က မသိခဲ့ကြဘူး... တကယ့်ကို မိုက်မဲလွန်းခဲ့တယ်"
ချောင်ရှားတောင်ကြားမှ အဆင့်မြင့်အကြီးအကဲများသည် အသံပေးပို့မှုမှတဆင့် တိတ်တဆိတ် ဆက်သွယ်ပြောဆိုနေကြပြီး သူတို့၏မျက်နှာအမူအယာများ စဥ်ဆက်မပြတ် ပြောင်းလဲနေကြသည်။
တတိယဘိုးဘေး ကယ်တင်ခံရသည့်အတွက် ဝမ်းသာပီတိဖြစ်မှု ကျုံးချင်၏ နက်နဲသော စွမ်းဆောင်ရည်ကြောင့် တုန်လှုပ်မှုတို့အပြင် ရှက်ရွံ့မှုနှင့်အပြစ်ရှိသကဲ့သို့ ခံစားရမှုများလည်း ရှိနေကြသည်။
လူအုပ်ကြီး၏ ထူးဆန်းသော အမူအရာများနှင့် ယှဉ်လျှင် စုဝမ်ကျိုးသည် မောက်မာသော ငန်းဖြူတစ်ကောင်အလား ခေါင်းမော့ထားလေ၏။
ကျုံးချင်သည် နက်နဲသိမ်မွေ့ပြီး ခန့်မှန်းရခက်သူဖြစ်ကာ တတိယဘိုးဘေးကို သေချာပေါက် ကယ်တင်နိုင်မည်ဖြစ်ကြောင်း သူမ သိထားသည်။
ယခု အရာအားလုံးက သူမ၏စကားများ မမှားကြောင်း သက်သေပြလိုက်လေပြီ။
ဤသည်က ကြီးမားသော အကျိုးပြုမှုတစ်ခုပင်။
မြင့်မြတ်အရှင်မ လုချင်ရှားကမူ ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေသော်လည်း အဆက်မပြတ် တွန့်ကွေးနေသော နှုတ်ခမ်းထောင့်များအရ သူမ၏ စိတ်အခြေအနေ ကောင်းမွန်နေကြောင်း သိသာနေသည်။
သူမသည် ကျုံးချင်ကို ဖိတ်ခေါ်ပြီး တတိယဘိုးဘေးကို ကယ်တင်မည့် အဓိကအင်အားစုဖြစ်ကြောင်း အဆင့်မြင့်အကြီးအကဲများကို ကြေညာခဲ့စဉ်က ကန့်ကွက်မှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုကန့်ကွက်မှုများအားလုံးကို ပယ်ချပြီး သူမ၏ အာဏာရှင်ဆန်သော ရပ်တည်ချက်ဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သူမှာ သူမပင် ဖြစ်သည်။
ရလဒ်များကို ကြည့်လျှင် ဤကိစ္စသည် သူမ၏ အာဏာကို များစွာခိုင်မာသွားစေသည်မှာ သေချာပေါက်ပင်။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမ၏ ဩဇာအာဏာသည် ယခုမှစ၍ တခြားအဆင့်တစ်ခုသို့ မြင့်တက်သွားမည်မှာ မလွဲဧကန်ပင်။
ထိုနေရာတွင် လူတိုင်း၌ မတူညီသော အတွေးများ ရှိနေကြ၏။
သေချာသည်မှာတော့ အပျော်ရွှင်ဆုံးလူမှာ ကျုံးချန်ဖုန်းသာ ဖြစ်ပေမည်။
သူသည် သေရမည်ဟု ပြင်ဆင်ထားပြီး ဖြစ်သည်။
သူ ဤသို့ဖြစ်လာမည်ဟု လုံးဝမျှော်လင့်မထားခဲ့မိပေ။
ထွက်ပေါက်မရှိတော့ဟု သူ တွေးထင်နေချိန်တွင် လမ်းသစ်တစ်ခု ပေါ်လာခဲ့သည်။
ကျုံးချင် ထွက်ပေါ်လာသောကြောင့် သူ အသက်ရှင်ခဲ့ရပေ၏။
ယခုအချိန်တွင် ကျုံးချန်ဖုန်း၏မျက်နှာ အသွေးအရောင်သည် ကျုံးချင် သူ့ကို စတွေ့စဉ်ကထက် များစွာသက်သာနေလေပြီ။
သူ၏မျက်လုံးများတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေပြီး ကျုံးချင်ကို ကြည့်လိုက်သည်။
"ကျေးဇူးရှင်... ချောင်ရှားတောင်ကြားမှာ ရက်အနည်းငယ်လောက် တည်းခိုပါအုံးလား... ဒါမှ ကျွန်တော်က အိမ်ရှင်တစ်ယောက်အနေနဲ့ တာဝန်ကျေနိုင်မှာမလို့ပါ"
ထိုစကားကို ကြားချိန်၌ မြင့်မြတ်အရှင်မ လုချင်ရှားကလည်း လေးလေးနက်နက် ပြောဆိုသည်။
"စီနီယာ... ဒီအတောအတွင်း ပင်ပန်းသွားခဲ့ပြီ"
"ဒီနေ့က တတိယဘိုးဘေး လွတ်မြောက်လာတဲ့နေ့ပါ... ကျွန်မတို့ ချောင်ရှားတောင်ကြားက စားသောက်ပွဲကြီး ကျင်းပပြီး ဂိုဏ်းတစ်ဂိုဏ်းလုံး အောင်ပွဲခံချင်ပါတယ်"
"စီနီယာအနေနဲ့ ဒီစားသောက်ပွဲကို တက်ရောက်ချီးမြှင့်ပေးဖို့ ဖိတ်ခေါ်ပါရစေ"
အဆင့်မြင့်အကြီးအကဲများက ကျုံးချင်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။
သူ သဘောတူရန် သူတို့အားလုံး မျှော်လင့်နေကြသည်။
ယခင်က ကျုံးချင်၏စွမ်းအားကို မသိခဲ့ကြသဖြင့် သူတို့ လျစ်လျှူရှုခဲ့ကြသည်။
ယခု၌မူ သူသည် အလွန်သာလွန်ထူးကဲကြောင်း သူတို့ သိသွားကြလေပြီ။
သူတို့တစ်ဦးစီတိုင်းသည် သူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုကြသည်။
သို့သော် ကျုံးချင်က ငြင်းပယ်လိုက်၏။
"စေတနာကိုတော့ ကျေးဇူးတင်ပါတယ်....ငါက စားသောက်ပွဲကို မတက်တော့ပါဘူး"
"ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ငါ ပြန်သင့်ပြီ"
"အားလုံးပဲ... နှုတ်ဆက်ခဲ့ပါတယ်"
စကားပြောဆိုရင်းနှင့် ကျုံးချင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျက်သရေရှိစွာ ပျံသန်းထွက်ခွာသွားသည်။
"သူက တကယ့်ကို ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ"
"သူ့ရဲ့စိတ်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ပြုမူနေထိုင်တတ်တယ်"
မြင့်မြတ်အရှင်မ လုချင်ရှားက သက်ပြင်းချလိုက်ပြီး သူမ၏မျက်လုံးများထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူမသည် အခွင့်အရေးယူပြီး သူ့ကို 'ဧကရာဇ်အဆင့် နည်းစနစ်' ပေးအပ်ရန် ရည်ရွယ်ထားခဲ့ပေ၏။
ကျုံးချင်သည် မလိုချင်ဟု ပြောသော်လည်း သူမက မပေးဘဲ မနေနိုင်ပေ။
ဤကဲ့သို့သော အထွတ်အထိပ်ရတနာကို သူ အမှန်တကယ် စိတ်မလှုပ်ရှားကြောင်း သူမ လုံးဝမျှော်လင့်မထားခဲ့မိပေ။
သူသည် အစမှအဆုံးအထိ မည်သည့်ဆုလာဘ်ကိုမျှ မတောင်းဆိုခဲ့ချေ။
ဤကဲ့သို့ စိတ်သဘောထားသည် သူတော်စင်တစ်ပါး ပြန်လည်ဝင်စားသည့် စရိုက်လက္ခဏာမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ပေ၏။