မြင့်မြတ်နယ်မြေ၏ ဒေသထွက်လက်ဆောင်များ
Vol. 7 Ch. 65
လူများအားလုံး ကျုံးချင် ထွက်ခွာသွားသည်ကို ငေးမောကြည့်ရှုနေကြသည်။
အချိန်အတော်ကြာပြီးမှ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သတိဝင်လာခဲ့သည်။
"တတိယဘိုးဘေး... အဆင်ပြေရဲ့လား"
လူတစ်ဦးက ဂရုတစိုက် မေးမြန်းရင်း ကျုံးချန်ဖုန်းကို တွဲထူပေးလိုက်၏။
"ငါ အဆင်ပြေပါတယ်... ဒီတစ်ခေါက် မင်းတို့သာ ဒီစီနီယာကို မဖိတ်ခဲ့ရင် ငါ တတိယဘိုးဘေးတော့ ဒီမှာပဲ သေရဖို့များတယ်"
ကျုံးချန်ဖုန်းက ကြောက်လန့်တုန်လှုပ်မှု အကြွင်းအကျန်များနှင့်အတူ သက်ပြင်းချလိုက်သည်။
"ဒါနဲ့ နေပါအုံး... ဒီစီနီယာက ဘယ်သူလဲ"
"အရှေ့ပိုင်းဒေသမှာ ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ် ရှိနေတာလား"
ကယ်တင်ခံလိုက်ရသော်လည်း သူသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။
ဤသည်က ရှေးဟောင်းမဟာဝင်္ကပါကြီး ဖြစ်ပေ၏။
တစ်ဖက်လူသည် လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခဲ့သည်။
ထိုမျှသာမက သူသည် ကမ္ဘာငယ်တစ်ခုကိုလည်း သယ်ဆောင်ထားပေ၏။
အချိန်တခဏတာ ဖျတ်ခနဲ မြင်တွေ့လိုက်ရသော နည်းလမ်းများကို ပြန်စဉ်းစားကြည့်လျှင် သူ့ကို အံ့အားသင့်သွားစေသည်။
ထိုစီနီယာ၏ အစစ်အမှန်စွမ်းအားနှင့် အခြေခံအုတ်မြစ်များ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးတောကြည့်ရန် ခက်ခဲလှသည်။
"တတိယဘိုးဘေး... အဲ့ဒီလူက ရှန်ကျန်းဂိုဏ်းက မူဖူတောင်သခင်ပါ"
မြင့်မြတ်အရှင်မ လုချင်ရှားက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ရင်း ဖြေကြားလိုက်သည်။
"ရှန်ကျန်းဂိုဏ်း..."
"အဲ့ဒါက ဘယ်ထိပ်တန်းအင်အားစုလဲ"
ကျုံးချန်ဖုန်းသည် အရှေ့ပိုင်းဒေသမှ အင်အားစုများနှင့် သိပ်ပြီးရင်းနှီးပုံမရချေ။
ထိုကြောင့် ရှန်ကျန်းဂိုဏ်းဆိုသည့် နာမည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"တတိယဘိုးဘေး... ရှန်ကျန်းဂိုဏ်းက ထိပ်တန်းအင်အားစု မဟုတ်ပါဘူး... အများဆုံးရှိမှ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းပါ"
အကြီးအကဲတစ်ဦးက ထူးဆန်းသော မျက်နှာထားဖြင့် ပြောဆိုသည်။
"ဒုတိယတန်းစား...မင်း မမှားဘူးဆိုတာ သေချာရဲ့လား....ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းက ဒီလိုထူးကဲတဲ့ တည်ရှိမှုမျိုးကို မွေးထုတ်ပေးနိုင်တယ်တဲ့လား"
ကျိုးချန်ဖုန်း အံ့အားသင့်သွားသည်။
"တတိယဘိုးဘေး... လုံးဝမမှားပါဘူး...ဒီစီနီယာက ရှန်ကျန်းဂိုဏ်းကဆိုတာ အမှန်ပါပဲ"
ဤကိစ္စနှင့် ပတ်သက်၍ စုဝမ်ကျိုးသည် ပြောစရာအများဆုံးရှိသူ ဖြစ်သည်။
အကြောင်းအရင်းမှာ လက်ရှိနေရာတွင် ရှိနေကြသူများအနက် သူမသည် ကျုံးချင်ကို ပထမဆုံး သိခဲ့သူဖြစ်သောကြောင့်ပင်။
သူမသည် ကျုံးချင်နှင့် အချိန်အကြာဆုံး ထိတွေ့ဆက်ဆံခဲ့သူလည်း ဖြစ်ပေ၏။
"အဲ့ဒီလိုဆိုရင်တော့..."
ကျုံးချန်ဖုန်းက သူ၏မေးကို ပွတ်သပ်ရင်း အချိန်တခဏကြာမျှ တွေးတောပြီးနောက် ပြောဆိုလိုက်သည်။
"နောင်ကျရင် ငါတို့က ရှန်ကျန်းဂိုဏ်းနဲ့ ပိုပြီး ဆက်ဆံရေး တည်ဆောက်ရမယ်"
"ဒါနဲ့... ဒီတစ်ခေါက် ကျေးဇူးရှင် လှုပ်ရှားပေးတဲ့အတွက် မင်းတို့ ဆုလာဘ်တွေ လုံလုံလောက်လောက် ပေးခဲ့ကြရဲ့လား"
"သူလို တည်ရှိမှုမျိုးဆီက ရတဲ့ကျေးဇူးကို နည်းနည်းလေးတောင် အကြွေးတင်ခံလို့မဖြစ်ဘူး"
မြင့်မြတ်အရှင်မ လုချင်ရှားက ခါးသက်သက် ပြုံးလိုက်သည်။
"ကျွန်မ အရင်က ဧကရာဇ်အဆင့် မပြည့်စုံနဲ့ နည်းစနစ်စာအုပ်ကို ပေးခဲ့ဖူးတယ်... ဒါပေမယ့် စီနီယာက လက်မခံခဲ့ဘူး"
"အဲ့ဒီလိုလား"
ကျုံးချန်ဖုန်းက အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ငါတို့အတွက်တော့ ဧကရာဇ်အဆင့် နည်းစနစ်ဆိုတာ မပြည့်စုံရင်တောင်မှ တကယ့်ကို ရတနတစ်ခုပဲ"
"ဒါပေမယ့် သူ့ရဲ့အဆင့်နဲ့ဆိုရင်တော့ တကယ့်ကို သူ့ရဲ့မျက်စိထဲ ဝင်မှာမဟုတ်ဘူး"
"သူလို တည်ရှိမှုမျိုးက နွားမွှေးတွေလောက် များပြားတဲ့ ပစ္စည်းကောင်းတွေကို မြင်ဖူးမှာပဲ"
"ငါတို့ မြင့်မြတ်နယ်မြေရဲ့ ဘဏ္ဍာတိုက်ကို ပြောင်အောင် ပေးရင်တောင်မှ သူ လှည့်ကြည့်ချင်မှ ကြည့်မှာ...."
"မင်းတို့က နေ့စဉ်သုံး ပစ္စည်းတချို့နဲ့ ဂိုဏ်းရဲ့ ဒေသထွက်လက်ဆောင်တချို့ ရွေးပြီး သူ့ဆီ ပို့ပေးလိုက်ပါ"
"ငါတို့ဂိုဏ်းမှာ 'အဖိုးတန်လက်ဖက်ခြောက်' ရှိတယ်မလား... ပိဿာနည်းနည်းလောက် ရွေးပြီး ပို့ပေးလိုက်စမ်း"
"ပြီးတော့ ငါတို့ဂိုဏ်းထဲမှာ မြှုပ်ထားတဲ့ 'မက်မွန်ပွင့်ဝိုင်' တွေ ရှိတယ်မဟုတ်လား"
"အခုဆို နှစ်တစ်ထောင်လောက် ရှိရောပေါ့"
"ဂိုဏ်းကိုပြန်ရောက်ရင် ငါ အကုန်တူးဖော်လိုက်မယ်... မင်းတို့က ပို့ပေးလိုက်ပါ"
ထိုစကားကို ကြားချိန်တွင် ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။
ထိုအဖိုးတန်လက်ဖက်ခြောက်သည် ချောင်ရှားတောင်ကြား၏ ရတနာဖြစ်ပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်အလားပင်။
ထိုလက်ဖက်ပင်သည် နှစ်တစ်ရာမှ တစ်ကြိမ် ရင့်မှည့်ခြင်းဖြစ်ပြီး ရိတ်သိမ်းချိန် တစ်ကြိမ်လျှင် သုံးကျပ်သားမှ ငါးကျပ်သားခန့်သာ ရရှိသည်။
ထိုအရာ၏ စိတ်ဝိညာဉ်စွမ်းအား အာနိသင်သည် ထူးခြားပြီး ပါရမီ တိုးပွားစေခြင်း ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်းနှင့် အရိုးတည်ဆောက်ပုံကို ကောင်းမွန်စေခြင်း စသည်တို့ ပါဝင်သည်။
ဤသည်မှာ မိုးနှင့်မြေကြားတွင် ရှားပါးစွာ တွေ့ရသော ရတနာစစ်စစ်ပင်။
ဂိုဏ်းမှ ပါရမီရှင် တပည့်တချို့ပင်လျှင် ကြီးမားသော အကျိုးဆောင်မှုများ ပြုလုပ်ပြီးမှသာ ဆုလာဘ်အဖြစ် အနည်းငယ်မျှ ရရှိကြခြင်း ဖြစ်သည်။
ထိုလက်ဖက်ခြောက်၏ တန်ဖိုးရှိမှုသည် သိသာထင်ရှားလှ၏။
ယခု၌မူ တတိယဘိုးဘေးက ပိဿာလိုက် ပေးပို့ခိုင်းနေခြင်း ဖြစ်သည်။
အမှန်အတိုင်း ဆိုရလျှင် အကြီးအကဲများသည် အလွန်နှမြောနေကြသည်။
ထို့ပြင် မက်မွန်ပွင့်ဝိုင်...
ဤသည်မှာ ချောင်ရှားတောင်ကြား၏ ဘိုးဘေးအိုကြီးကိုယ်တိုင် စိတ်ဝိညာဉ်ဆေးပင်တစ်ရာ၏ အနှစ်သာရများကို စုဆောင်းပြီး နှစ်ရာချီကြာအောင် ဖော်စပ်ထားသော အံ့ဖွယ်ဝိုင်အရက်ပင်။
ထိုအရာကို 'အင်မော်တယ်မူးယစ်ဝိုင်' ဟုလည်း ခေါ်ဆိုကြ၏။
အဆင့်မြင့်အကြီးအကဲတချို့သည် ကံကောင်းထောက်မစွာ တစ်ငုံခန့် မြည်းစမ်းခွင့် ရခဲ့ကြပြီး အရသာမှာ အမှန်တကယ်ကို ပြိုင်ဘက်ကင်းသည်။
ဝိုင်အရက်ကြိုက်သူများအတွက်မူ မက်မွန်ပွင့်ဝိုင်သည် အသက်သွေးကြောကဲ့သို့ အရေးပါသော ရတနာတစ်ခုပင်။
"ဘိုးဘေးအိုကြီးသာ သူ့ရဲ့ဝိုင်အရက်တွေကို အဲ့ဒီလိုမျိုး ပေးလိုက်ရတာ သိရင် နှလုံးနာပြီး တုန်ရီနေမလား မသိဘူး"
အကြီးအကဲတချို့သည် နားထောင်ရင်းနှင့်ပင် သူတို့၏ ဘိုးဘေးအိုကြီးအတွက် ရင်နာနေမိကြသည်။
သို့သော် မည်သူမျှ စောဒကမတက်ကြချေ။
အသက်ကယ်တင်သည့်ကျေးဇူးကို မည်မျှထိ ပေးဆပ်သည်ဖြစ်စေ လွန်သည်ဟူ၍ မရှိချေ။
ထို့ပြင် ဤကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် မိတ်ဆွေဖွဲ့ထားနိုင်လျှင် သူတို့လည်း အကျိုးရှိမည် မဟုတ်လော....
လူများအားလုံး ဂိုဏ်းသို့ ပြန်ရောက်ချိန်၌....
ချောင်ရှားတောင်ကြားတစ်ခုလုံးတွင် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကို ရက်အနည်းငယ်ကြာ ကျင်းပပြီးနောက် ကျုံးချန်ဖုန်းသည် ပစ္စည်းများ အမြန်ပို့ပေးရန် မြင့်မြတ်အရှင်မ လုချင်ရှားကို တိုက်တွန်းလေသည်။
လက်ဆောင်ပေးခြင်းတွင် သဘောတရားတစ်ရပ် ရှိသည်။
နောက်ကျသည်ထက် စောသည်က ပိုကောင်းပေ၏။
အကယ်၍ ကျုံးချန်ဖုန်း၏ခန္ဓာကိုယ် မသက်သာသေးဘဲ အနားယူရန် အရေးတကြီး လိုအပ်မနေခဲ့လျှင်...
သူကိုယ်တိုင် သွားရောက်ပြီး ကျေးဇူးတင်စကား ပြောကြားမိပေမည်။
မြင့်မြတ်အရှင်မ လုချင်ရှားကလည်း ငြင်းဆန်ခြင်း မရှိချေ။
အကယ်၍ သာမန်လူတစ်ဦးဆိုလျှင် လက်ဆောင်ပေးရန်အတွက် တပည့်တစ်ယောက်လောက်ကို စေလွှတ်လိုက်ရုံဖြင့် လုံလောက်သည်။
သို့သော် ကျုံးချင်သည် သာမန်လူ ဖြစ်နိုင်ပါမည်လော....
ဤကဲ့သို့သော တည်ရှိမှုမျိုးအတွက် ဂိုဏ်းချုပ်အောက် အဆင့်နိမ့်သော မည်သူမဆို သွားရောက်ပါက စီနီယာကို မလေးစားရာ ရောက်ပေလိမ့်မည်။
...
တခြားတစ်ဖက်တွင်....
ကျုံးချင် မူဖူတောင်သို့ ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ချောင်ရှားတောင်ကြား ဂိုဏ်းချုပ် လုချင်ရှားသည် လက်ဆောင်ပစ္စည်းပုံကြီးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။
"ဂိုဏ်းချုပ်လု... ဒါက..."
ကျုံးချင်သည် သူမ၏သိုလှောင်အိတ်ထဲမှ သွန်ချလိုက်သော ပစ္စည်းများကို ကြည့်နေမိသည်။
ထိုပစ္စည်းများသည် ပြည့်ကျပ်နေပြီး တောင်ငယ်လေးတစ်လုံး ဖြစ်လုနီးပါးပင်။
"စီနီယာ... ရှင်က မြင့်မြတ်တဲ့ စိတ်ထားရှိမှန်း သိပါတယ်... ဒါကြောင့် ဧကရာဇ်အဆင့် နည်းစနစ်အကြောင်း ထပ်ပြောပြီး ရှင့်ရဲ့စိတ်ကို အနှောင့်အယှက် မဖြစ်စေတော့ပါဘူး"
"ဒါပေမယ့် ဒီပစ္စည်းတွေက ကျွန်မတို့ဂိုဏ်းရဲ့ ဒေသထွက်လက်ဆောင်လေး နည်းနည်းပါ"
"ဒါတွေက စီနီယာအပေါ်ထားတဲ့ ကျွန်မတို့ရဲ့ လေးစားမှု အထိမ်းအမှတ်လေးတွေမို့ စီနီယာအနေနဲ့ မငြင်းပယ်ဖို့ မျှော်လင့်ပါတယ်"
စကားများသည် ဤအဆင့်အထိ ရောက်လာခဲ့လေပြီ။
သူ ထပ်မံ၍ ငြင်းဆန်လိုက်လျှင် တစ်ဖက်လူ၏ မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ဖြစ်သွားမည်အား ကျုံးချင် သိသည်။
သို့သော် ဤသည်မှာ 'လေးစားမှု အထိမ်းအမှတ်လေး' ဟု ဆိုနိုင်မည်လော။ 'ကြီးမားသော လက်ဆောင်' မဟုတ်လော။
"ကောင်းပြီလေ... ငါ လက်ခံလိုက်ပါ့မယ်"
ကျုံးချင်က ပြောဆိုသည်။
"ဒါနဲ့ စီနီယာ... ဒါက ကျွန်မရဲ့ ချောင်ရှားတောင်ကြား ဂိုဏ်းချုပ်တံဆိပ်ပြားပါ....ဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့သူက ဂိုဏ်းချုပ်ကို မြင်တွေ့ရသလိုပဲ....ကျွန်မတို့ ချောင်ရှားတောင်ကြားက တပည့်အားလုံးကို စေခိုင်းခွင့် ရှိပါတယ်"
"စီနီယာက ထူးခြားတဲ့သူမလို့ သာမန်လူတွေကို ကြောက်စရာလိုမှာ မဟုတ်ဘူး....ဒါပေမယ့် စီနီယာ အပြင်လောကကို ရောက်နေတဲ့အချိန်မှာ အသိပညာနည်းပါးပြီး စိတ်သဘောထားသေးသိမ်တဲ့ လူတချို့က စီနီယာရဲ့မျက်စိကို အနှောင့်အယှက် ဖြစ်စေတာမျိုးက ရှောင်လွှဲလို့မရနိုင်ဘူး"
"ကျွန်မတို့ ချောင်ရှားတောင်ကြားက အရှေ့ပိုင်းဒေသတစ်ခုလုံးမှာ ဩဇာအာဏာ အတိုင်းအတာတစ်ခုအထိ ရှိတယ်လို့ ကျွန်မ ယုံကြည်တယ်"
"ဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားရင် စိတ်သဘောထားသေးသိမ်တဲ့ လူတချို့ စီနီယာရဲ့အေးချမ်းမှုကို မနှောင့်ယှက်အောင် တားဆီးဖို့ လုံလောက်တယ်"
ထိုအချိန်မှာပင် မြင့်မြတ်အရှင်မ လုချင်ရှားက နောက်ထပ် တံဆိပ်ပြားတစ်ခုကို လက်ကမ်းပေးလိုက်၏။
ထိုတံဆိပ်ပြားသည် လက်တစ်ဝါးစာအရွယ်အစားရှိပြီး အရောင်ခုနစ်မျိုး ဖြာထွက်နေသည်။
ကျောဘက်တွင် 'ချောင်ရှားတောင်ကြား' ဟူသော စာလုံးကြီးများနှင့် ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေ၏မြေပုံ ပါရှိသည်။
ရှေ့ဘက်တွင်မူ 'ဂိုဏ်းချုပ်' ဟူသော စာလုံးကြီးနှစ်လုံးကို ထွင်းထုထားသည်။
ဤသည်မှာ ရွှေကဲ့သို့ ထင်ရသော်လည်း ရွှေမဟုတ် သစ်သားကဲ့သို့ ထင်ရသော်လည်း သစ်သားမဟုတ်ပေ။
ထိုအရာပေါ်တွင် လေထဲ၌ လွင့်မျောနေသော အလင်းရောင်များ စီးဆင်းနေပြီး အလွန်ထူးခြားပုံရသည်။
ကျုံးချင်သည် ယခင် 'ဒေသထွက်လက်ဆောင်' များကို လက်ခံခဲ့ပြီးဖြစ်၍ ဤတံဆိပ်ပြားကိုလည်း ငြင်းပယ်ရန် စိတ်မကူးတော့ပေ။
တစ်ဖက်လူ၏အပြူအမူကလည်း သူ့အား ချောင်ရှားတောင်ကြားအပေါ် များစွာ သဘောကျသွားစေသည်။
ဤကဲ့သို့ လူစားမျိုးသည် ယုံကြည်အားထား၍ ရမည့်သူမျိုး ဖြစ်ပေ၏။
သူမထံ၌ တစ်စုံတစ်ခုရှိလျှင် အမှန်တကယ်ကို လက်ဆောင်ပေးလေ့ရှိသည်။
"ပစ္စည်းတွေကို ငါ လက်ခံလိုက်ပြီ....နောင်တစ်ချိန် မင်းတို့ ချောင်ရှားတောင်ကြားမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရရင် ငါ့ကို အသိပေးလို့ရတယ်....ငါ ကူညီနိုင်ရင် တစ်ကြိမ်တော့ ကူညီပေးပါမယ်"
ကျုံးချင်သည် ကြီးမားသောကတိကို မပေးခဲ့ပေ။
သို့သော် ဤကတိတစ်ခုတည်းကပင် မြင့်မြတ်အရှင်မ လုချင်ရှားကို အလွန်ဝမ်းမြောက်သွားစေခဲ့သည်။
သူမအမြင်အရ ကျုံးချင်၏စွမ်းအားသည် အလွန်ကြီးမားသောကြောင့် ကုန်းမြေတစ်ခုလုံးတွင် ထိပ်သီးစာရင်းဝင် ဖြစ်လောက်သည်။
ဤမျှထိ စွမ်းအားကြီးသော ပုဂ္ဂိုလ်ထံမှ ကတိတစ်ခု ရရှိထားခြင်းဖြင့် ချောင်ရှားတောင်ကြားသည် 'သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား' တစ်ခု ရရှိထားသည်နှင့် တူညီနေလေပြီ။
ဤလက်ဆောင်သည် အလွန်တန်ဖိုးရှိပေ၏။
"ကျေးဇူးတင်ပါတယ် စီနီယာ..."
သူမ၏မျက်နှာ ပျော်ရွှင်မှုဖြင့် တောက်ပနေသည်။ သူမသည် ကျုံးချင်ကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်၏။
"ယဉ်ကျေးနေဖို့ မလိုပါဘူး"
ကျုံးချင်က လက်ကာပြပြီးနောက် ဖိတ်ခေါ်လိုက်လေသည်။
"မိုးချုပ်နေပြီ... ညစာစားချိန်တောင် ရောက်နေပြီပဲ....ဂိုဏ်းချုပ်လု... ရိုးရှင်းတဲ့ ထမင်းတစ်နပ်လောက် စားသွားပါလား"
မြင့်မြတ်အရှင်မ လုချင်ရှားက သူမ၏လက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
"ချောင်ရှားတောင်ကြားမှာ ကျွန်မ ဖြေရှင်းစရာကိစ္စတွေ အများကြီး စောင့်နေလို့ စီနီယာကို မနှောင့်ယှက်တော့ပါဘူး"
"စီနီယာ နောက်တစ်ချိန်မှာ အားလပ်ရင် ကျွန်မတို့ ချောင်ရှားတောင်ကြားကို ဧည့်သည်အနေနဲ့ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"
"ကျွန်မတို့ ချောင်ရှားတောင်ကြားက ကြိုဆိုဖို့ အဆင်သင့် ရှိနေမှာပါ"
ယဉ်ကျေးသော စကားတချို့ ဖလှယ်ပြီးနောက် မြင့်မြတ်အရှင်မ လုချင်ရှားက နောက်ဆုံးတွင် နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။
သူမသည် အလောတကြီး ရောက်လာခဲ့ကာ အလောတကြီး ပြန်လည်ထွက်ခွာသွားသည်။
သို့သော် သူမ ထွက်ခွာသွားချိန်တွင် ပြုံးရွှင်နေပေ၏။
သူမသည် ကျုံးချင်ထံမှ ကတိတစ်ခု ရရှိခဲ့ကြောင်း သိရလျှင် ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများထံ၌ မည်ကဲ့သို့ မျက်နှာအမူအယာများ ဖြစ်နေမည်ကို မြင်တွေ့ရန် စိတ်စောနေမိသည်။
ထိုအချိန်ကျလျှင် သူမအား ထက်မြက်ပြီး အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် မည်သူက မချီးကျူးဘဲ နေမည်နည်း။