ဂိုဏ်းချုပ်... ခင်ဗျား နည်းနည်း ဘဝင်မြင့်နေတာလား
Vol. 7 Ch. 66
မြင့်မြတ်အရှင်မ လုချင်ရှား ရောက်ရှိလာခြင်းသည် မူဖူတောင်ပေါ်တွင် မည်သည့် လှုပ်ရှားမှုကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။
သို့သော် ရှန်ကျန်းဂိုဏ်းမှ အကြီးအကဲတချို့သည် ဤမြင့်မြတ်နယ်မြေ ဂိုဏ်းချုပ် မကြာခဏ မူဖူတောင်ပေါ်သို့ ရောက်ရှိလာသည်ကို မြင်တွေ့ကြရသဖြင့် အံ့အားသင့်မှုလှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်ကို ဤသတင်း သွားပြောချိန်၌ သူက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။
"မြင့်မြတ်နယ်မြေ ဂိုဏ်းချုပ်တစ်ယောက်ပဲ မဟုတ်လား... ဘာများ အံ့အားသင့်စရာ ရှိလို့လဲ"
သူ၏စိတ်ထဲတွင် ကျုံးချင်သည် အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူပင်။
အင်မော်တယ်ဧကရာဇ်ဆိုသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း....
ခေတ်ကာလတစ်ခုကို လွှမ်းမိုးချုပ်ကိုင်ထားပြီး ကောင်းကင်နှင့်မြေပြင်၏ အထက်အောက်ရှိ ရန်သူဟူသမျှကို ရှင်းလင်းဖယ်ရှားနိုင်သော ပြိုင်ဘက်ကင်း တည်ရှိမှုကြီးပင်။
အင်မော်တယ်ဧကရာဇ်ဆိုသည်မှာ ရှုံးနိမ့်ခြင်းမရှိသည့် သဘောနှင့် ထပ်တူထပ်မျှပင်။
ထို့ပြင် ကျုံးချင်၏ ဦးဆောင်မှုအောက်တွင် ရှန်ကျန်းဂိုဏ်း၏ တရှိန်ထိုး တိုးတက်လာမှုသည် မလွဲဧကန် ဖြစ်လာမည်ဟု သူ ယုံကြည်ထားသည်။
ရှန်ကျန်းဂိုဏ်း ထွန်းကားလာသည်နှင့်အမျှ သူ၏နာမည်သည်လည်း နောင်လာနောက်သားများဆီသို့ လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။
ဤစိတ်ဓာတ်ခွန်အား၏ တွန်းအားပေးမှုအောက်တွင် အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေ ဂိုဏ်းချုပ်တစ်ဦးသည် သူ၏ရင်ထဲ၌ လှိုင်းဂယက်ကြီးကြီးမားမား မဖြစ်စေနိုင်တော့ပေ။
မဟာအကြီးအကဲက ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏မျက်နှာအမူအယာကို ကြည့်နေမိသည်။
သူသည် ပြောချင်စိတ်ကို အကြိမ်ကြိမ် ထိန်းချုပ်နေရသည်။
သူ၏ဂိုဏ်းချုပ် အနည်းငယ် ဘဝင်မြင့်နေသည်ဟု သူ မည်သည်ကြောင့် ခံစားနေရသနည်း။
အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။
တစ်ဖက်လူသည်သည် မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းချုပ်ပင်။
ရှန်ကျန်းဂိုဏ်းကဲ့သို့ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းသည် မြင့်မြတ်နယ်မြေတစ်ခု၏ ရှေ့တွင်ဂျူနီယာများအနက်မှ ဂျူနီယာလေး အဆင့်မျှသာ ရှိသည်ဟု ဆိုလျှင်လည်း သူ လွန်မည်ဟု မထင်ပေ။
"ဂိုဏ်းချုပ်... ခင်ဗျား ခုနောက်ပိုင်း နည်းနည်း ဘဝင်မြင့်လာတာကို သတိထားမိရဲ့လား"
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် မဟာအကြီးအကဲက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
ရှန်ကျန်းဂိုဏ်းတစ်ခုလုံး၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏သဘောထား မှားယွင်းသွားလျှင် ဂိုဏ်းတစ်ခုလုံးကို ထိခိုက်စေနိုင်သည်။
မဟာအကြီးအကဲအနေဖြင့် ဂိုဏ်းချုပ်ကို သတိပေးရန် လိုအပ်သည့်အပြင် တာဝန်လည်း ရှိသည်ဟု သူ ခံစားမိသည်။
တစ်စုံတစ်ယောက်သည် ဘဝင်မြင့်လာလျှင် အမှားလုပ်မိရန် လွယ်ကူသည်။
ဤသည်က ကပ်ဘေးဆိုက်သည်အထိ မဖြစ်စေသင့်ပေ...
ထိုသို့မဟုတ်လျှင် ပြဿနာကြီးမားသွားပေလိမ့်မည်။
"အဲ့ဒီလိုလား"
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန် ထိတ်လန့်သွားသည်။
မဟာအကြီးအကဲက အခိုင်အမာ ခေါင်းညိတ်လိုက်၏။
"ဂိုဏ်းချုပ်... အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေ ဂိုဏ်းချုပ်ဆိုတာ အလွန်ထူးခြားတဲ့ တည်ရှိမှုပါ... အရင်ကသာဆိုရင် သူ လာလည်မယ်မှန်းသိတာနဲ့ ခင်ဗျားရဲ့အကျင့်စရိုက်အရ ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရှေ့ထွက်ခိုင်းပြီး အုတ်အော်သောင်းတင်း ကြိုဆိုမှာ သေချာတယ်"
"ဒါပေမယ့် အခုကျတော့..."
"ခင်ဗျားက သူ့ကို မျက်လုံးထဲတောင် မထည့်တော့ဘူး"
"အဲ့ဒီလူက အင်မော်တယ်ဧကရာဇ် ဝင်စားသူ ဖြစ်ပေမယ့်..."
"သူ ကြီးထွားလာဖို့ အချိန်လိုသေးတယ်လေ"
ထိုအခါမှသာ ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် သူ နောက်ပိုင်းတွင် အလွန်အမင်း ထင်ပေါ်ကျော်ကြားပြီး ကြွားဝါလွန်းနေသလောဟု ပြန်လည်ဆန်းစစ်မိသည်။
သို့သော် ဤစိတ်ဓာတ်ပြောင်းလဲမှုသည် အမှန်အားဖြင့် သူ၏အပြစ် မဟုတ်ချေ။
မည်သည့်အင်အားစုကများ သူတို့ထံ၌ အင်မော်တယ်ဧကရာဇ် ဝင်စားသူ တပည့်တစ်ဦး ရှိနေလျှင် မကြွားဝါဘဲ နေနိုင်မည်နည်း။
သူသည် ကျုံးချင်၏ အထောက်အထားကို မဖော်ထုတ်ခဲ့ချေ။ ဤသည်ကပင် သူ အတော်လေး လျှို့ဝှက်ထားပြီးသားဟု ယူဆနိုင်သည်။
သို့သော် ယခုချိန်၌ သူ၏သဘောထားတွင် ပြဿနာကြီး ရှိနေကြောင်း သူ သဘောပေါက်လိုက်၏။
ဤကဲ့သို့အချိန်မျိုး ရောက်လေလေ သူသည် ပို၍သိုသိုသိပ်သိပ် နေသင့်လေလေပင်။
အကယ်၍ ကျုံးချင်၏အထောက်အထားသာ မတော်တဆ ပေါက်ကြားသွားပြီး မမျှော်လင့်ထားသော ကပ်ဘေးနှင့် ကြုံတွေ့ကာ စောစောစီးစီး သေဆုံးသွားခဲ့လျှင် သူ သေသွားသည့်တိုင် ဘိုးဘေးများကို မျက်နှာပြရဲတော့မည် မဟုတ်ပေ။
အထူးသဖြင့် ကျုံးချင်၏ဆရာသည် တာအိုပညာရှင်နိုင်း ဖြစ်နေသောကြောင့်ပင်။
သို့သော် သူတို့ကြောင့် ကျုံးချင်ကို ပြဿနာရှာမည့် ထိပ်သီးကျင့်ကြံသူ ချန်ယွီ ရောက်လာခဲ့ပြီးဖြစ်ကြောင်း ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန် မသိရှာပေ။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် သူသည် ဤမျှကြောက်စရာကောင်းသော ရန်သူကို ရန်စမိပြီး အလကားသက်သက် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် သူ သေဆုံးပြီးနောက်တွင်လည်း စိတ်ဝိညာဉ်ငြိမ်းချမ်းမှု မရနိုင်ဖြစ်ရသည်ကို ချန်ယွီသာ သိခဲ့လျှင် မည်သို့ ခံစားရမည်နည်း။
သူ ဒေါသထွက်လွန်း၍ စာခြောက်ရုပ်မီးအိမ်ထဲမှ ထွက်ပြီး ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို လာရောက်တိုက်ခိုက်မည်လော...
သေချာသည်မှာ သူသည် ဤဘဝတွင် ပြန်ထွက်မလာနိုင်ရန် ကံပါမလာခဲ့ခြင်း ဖြစ်သည်။
စာခြောက်ရုပ်က သိမ်းယူလိုက်သော ဝိညာဉ်များအနက် နတ်ဆိုးဝိညာဉ်ဖြစ်စေ နတ်ဘုရားဝိညာဉ်ဖြစ်စေ သူတို့ဘာသာ ထွက်ပြေးလွတ်မြောက်သွားဖူးသည့် သာဓကမျိုး မရှိခဲ့ဖူးပေ။
...
ယခုအချိန်၌မူ ကျုံးချင်သည် နောက်ဖေးခြံဝန်းထဲတွင် သီးသန့်နေထိုင်ကာ ဆေးလုံးများ သန့်စင်နေသည်။
ဆိုရမည်ဆိုလျှင် အလှအပဆေးလုံးကို သန့်စင်ပြီးကတည်းက သူ၏ရုပ်ရည်သည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့သည်။
ယခင်က သူ ရုပ်ရည်ပိုင်းတွင် ထူးချွန်သည်ဆိုလျှင် ယခုအချိန်၌ သူ၏ယခင်ဘဝ အထွတ်အထိပ်အချိန်တွင်ရှိသည့် *'နန်ကျောင်း ပေကူ' နှင့် ယှဉ်နိုင်နေလေပြီ။
ဤလူနှစ်ယောက်ကို ကျော်တက်သွားရန်မှာ အချိန်ကိစ္စတစ်ခုသာ ဖြစ်ပုံရသည်။
ဤအချက်က သူ့အား ဆေးပညာအပေါ် ပြင်းပြသော စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့သည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် အခက်အခဲများဖြင့် ပြည့်နှက်နေပြီး အသက်ရှည်ခြင်းလမ်းကြောင်းသည် မကြာခဏ အထီးကျန်ဆန်တတ်သည်။
ကျုံးချင်အတွက်မူ ကျင့်ကြံခြင်း၏ အခက်အခဲများဆိုသည်မှာ ဤဘဝတွင် သူ ကြုံတွေ့ရမည့်အရာ မဟုတ်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် အမှိုက်စနစ် ရှိနေသည် မဟုတ်လော....
သူ၏ကျင့်ကြံခြင်းသည် တပည့်များ စုဆောင်းခြင်းအပေါ်တွင်သာ မူတည်ပေ၏။
သို့သော် အသက်ရှည်ခြင်းလမ်းကြောင်းပေါ်မှ အထီးကျန်မှုသည် အရိပ်အယောင်များ စတင်၍ပြသလာသည်။
သူ့ဘဝကို ပြည့်စုံစေရန်အတွက် ဝါသနာများ ပို၍ပျိုးထောင်ရန် သူ စီစဉ်လိုက်သည်။
ထို့ပြင် ဆေးပညာသည် ယခုအချိန်၌ သူ၏ဝါသနာများအနက်မှ တစ်ခု ဖြစ်လာခဲ့သည်။
သို့ရာတွင်....
သူ၏ကိုယ်ပိုင်ပါရမီကပင် အလွန်ညံ့ဖျင်းနေသလော သို့မဟုတ် သူ့တွင် ဆေးပညာ ပါရမီပင် မရှိသလောဆိုသည်ကို သူ မသိချေ။
သူ သန့်စင်လိုက်သော ဆေးမီးဖို ဆယ်လုံးလျှင် ကိုးလုံးနီးပါး ပေါက်ကွဲသွားတတ်သည်။
ပထမဆုံးအကြိမ် သန့်စင်ခဲ့သော အလှအပဆေးလုံး အောင်မြင်ခဲ့ခြင်းမှာ 'လူသစ်တန်း ကာကွယ်ပေးသည့်ကာလ' ၏ ထူးဆန်းသော ကံကောင်းခြင်း ကောင်းချီးကြောင့်များလောဟုပင် ကျုံးချင် သံသယဝင်လာမိသည်။
သို့သော် ပေါက်ကွဲမှုများကြောင့် သူ စိတ်ဓာတ်မကျခဲ့ချေ။
ဆိုရိုးစကားတစ်ခုပင် ရှိနေသည် မဟုတ်လော...
ဤှသည်က ရှုံးနိမ့်ခြင်းသည် အောင်မြင်မှု၏ မိခင်ပင်။
ပါရမီ မလုံလောက်လျှင် အရေအတွက်ဖြင့် ဖြည့်ဆည်းရပေမည်။
သူသည် သုတေသနဝါသနာအိုး စိတ်ဓာတ်ကို ထုတ်သုံးပြီး အချက်အလက်များကို မှတ်တမ်းတင်ထားလျှင် ဆေးဖော်စပ်ခြင်း အောင်မြင်မှုနှုန်းကို မမြှင့်တင်နိုင်စရာမရှိဟု သူ ယုံကြည်သည်။
သူ၏ ကြိုးစားပမ်းစား စူးစမ်းလေ့လာမှုအောက်တွင် ရလဒ်များက အတော်လေး ကျေနပ်စရာ ကောင်းလာပေ၏။
အောင်မြင်မှုနှုန်း ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းသို့ အောင်မြင်စွာ တိုးတက်လာခဲ့သည်။
အောင်မြင်မှုနှုန်းကို သုံးဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ရန်အတွက် အင်တိုက်အားတိုက် ကြိုးစားရန် သူ၏အင်္ကျီလက်ကို လှန်တင်လိုက်စဉ်မှာပင် စုယဲ့က နောက်ဖေးခြံဝန်းထဲသို့ ရောက်လာခဲ့သည်။
"ဆရာ..."
သူက ကျုံးချင်ကို လေးလေးစားစား ဦးညွှတ်လိုက်သည်။
သူ၏မျက်နှာက တစ်စုံတစ်ခုကို စိတ်ထဲထားနေသကဲ့သို့ အနည်းငယ် ညှိုးငယ်နေပေ၏။
ကျုံးချင်သည် ထိုအရာကို အာရုံခံမိသဖြင့် နွေးထွေးစွာ ပြောဆိုလိုက်သည်။
"ဒီဆရာရဲ့ အကူအညီကို လိုအပ်တဲ့ကိစ္စ ရှိလို့လား"
စုယဲ့ ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
သူ ပြောချင်သော်လည်း ဘယ်ကစပြောရမှန်း မသိသဖြင့် သူ၏ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်ပိတ်လိုက် ဖြစ်နေသည်။
ကျုံးချင်ကလည်း သူ့ကို မတိုက်တွန်းပေ။
သူ၏ရည်ရွယ်ချက်အား ပြောပြလာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ဤကလေးသည် အမှန်တကယ်ကို ကံကြမ္မာဆိုးသူပင်။
မိဘနှစ်ပါးသည် သူ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ပြီး ယခင်မျိုးဆက် ချန်ထားခဲ့သော ဓားပျံတံဆိပ်ပြားကို အားကိုးခဲ့သည်။ သူ ဓားပျံဂိုဏ်းသို့ ဝင်ရောက်ကာ ကံကြမ္မာကို ပြောင်းလဲနိုင်မည် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည် ထိုအချိန်မှစ၍ အသက်ရှင်ရပ်တည်ရန် ရုန်းကန်ရသော ဘဝကြမ်းကို လုံးဝနှုတ်ဆက်နိုင်လိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
လောကကြီး ယိုယွင်းပျက်စီးနေပြီး လူသားများ၏စိတ်များ ရှေးခေတ်ကဲ့သို့ မဟုတ်တော့ကြောင်း မည်သူက ထင်ထားမိမည်နည်း။
ကောင်းကင်ဘုံသို့ သွားရာလမ်းကို လျှောက်လှမ်းနိုင်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ငရဲချောက်ကမ်းပါးထဲသို့ ကျလုနီးပါး ဖြစ်သွားမည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။
အကယ်၍သာ ကျုံးချင်နှင့် မတွေ့ခဲ့လျှင် စုယဲ့၏ဘဝသည် အမှန်တကယ်ပင် အဆိုးများဖြင့်သာ အဆုံးသတ်သွားနိုင်ပေ၏။
အချိန် ၁၅ မိနစ်ခန့် ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် စုယဲ့က သတ္တိမွေးလိုက်ပြီး ပြောဆိုသည်။
"ဆရာ... ဓားပျံဂိုဏ်းရဲ့မဟာအကြီးအကဲကို သတ်ဖို့အတွက် တပည့်ကို ကူညီပေးဖို့ တောင်းဆိုပါတယ်"
ဓားပျံဂိုဏ်း မဟာအကြီးအကဲအကြောင်း ပြောလိုက်သောအခါ စုယဲ့၏မျက်လုံးများထဲတွင် ပြင်းထန်သော အမုန်းတရားများ ဖြတ်ပြေးသွားသည်။
အကြောင်းအရင်းမှာ ဓားပျံဂိုဏ်း မဟာအကြီးအကဲကို ကယ်တင်ခဲ့သောကြောင့် သူ၏မိဘများ သေဆုံးခဲ့ရသည် မဟုတ်လော။ ရန်သူက လိုက်လံတိုက်ခိုက်ချိန်၌ သူ၏မိဘများက ထိုလူ၏တည်နေရာကို ပြောပြရန် ငြင်းဆန်ခဲ့ကြသည်။
ထိုလူသည် ကျေးဇူးမဆပ်သည့်အပြင် တစ်ဖက်လူ ပေးအပ်လိုက်သော တံဆိပ်ပြားကို ယူဆောင်ပြီး သူ့ဂိုဏ်းသို့ ဝင်ရောက်ရန် သွားချိန်၌ ဓားပျံဂိုဏ်း မဟာအကြီးအကဲသည် ချက်ချင်း ရန်သူကဲ့သို့ ပြောင်းလဲသွားပြီး သူ့ကို မသိကြောင်း ငြင်းဆိုလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
ထိုကဲ့သို့ အပြုအမူနှင့် လုပ်ရပ်များသည် စုယဲ့၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်း ဖြစ်နေသည်မှာ သိသာထင်ရှားလှ၏။
အတိုင်းအတာတစ်ခုအထိ ပြောရလျှင် ဤဓားပျံဂိုဏ်း မဟာအကြီးအကဲသည် သူ၏မိဘများကို သတ်ဖြတ်ခဲ့သူထက် အဆတစ်ရာ ပိုမုန်းစရာ ကောင်းသည်။ အထူးသဖြင့် သူ၏မိဘများ အလကားသက်သက် သေဆုံးခဲ့ရသည်ကို တွေးမိတိုင်း သူ ပြင်းပြင်းထန်ထန် နာကြည်းမိသည်။
ထိုစကားကို ကြားချိန်၌ ကျုံးချင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ပြောဆိုသည်။
"မင်းမှာ ဒီလိုအကြံပြုချက် ရှိလို့ ငါ အရမ်းဝမ်းသာတယ်... ဘာဖြစ်လို့လဲဆိုတော့ ဆရာကူညီပေးလို့ရတဲ့ အငြိုးအတေးတစ်ခုကို ဖြေရှင်းဖို့အတွက် မနက်ဖြန်အထိ ဘာလို့ စောင့်နေရမှာလဲ"
"အရင်တုန်းက မင်းရဲ့ ကိုယ်ပိုင်အဖုအထစ်ကို မင်းကိုယ်တိုင်ဖြေရှင်းချင်တယ်လို့ ငါထင်ခဲ့တာ... ဒါကြောင့် ဆရာက မင်းကို ကူညီပေးဖို့ အကြံမပြုခဲ့တာပါ... အခု မင်း ပြောလာပြီဆိုတော့ ဆရာက ဒီခရီးမှာ မင်းနဲ့အတူ လိုက်ပါပေးမယ်"
**နန်ကျောင်း ပေကူ
နန်ကျောင်းက ဓားပျံရှောင်လီကားထဲက မင်းသားနေရာမှာ သရုပ်ဆောင်တဲ့ jiao en jun
ပေကူက သိမ်းငှက်သူရဲကောင်းကားထဲက ရန်ကော်နေရာမှာ သရုပ်ဆောင်တဲ့ Gu Tian Le(Louis koo)
သူတို့နှစ်ယောက်ကို ရှေးခေတ်ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ချောမောခန့်ညားတဲ့ အမျိုးသားတွေလို့ သတ်မှတ်ထားပါတယ်