← Chapters

နတ်ဘုရားက ဖြတ်သန်းသွားခြင်း

Vol. 7 Ch. 67

နတ်ဘုရားက ဖြတ်သန်းသွားခြင်း

Vol. 7 Ch. 67

ကျုံးချင်သည် လက်တွေ့သမားတစ်ဦး ဖြစ်ပေ၏။

သူ၏တပည့်လေးအား ကလဲ့စားချေရန် ကူညီမည်ဟု ပြောဆိုပြီးနောက် နောက်တစ်နေ့ နံနက်စောစောတွင် စုယဲ့ကို ခေါ်ဆောင်ကာ ခရီးထွက်ခွာခဲ့သည်။

မိုးကောင်းကင်ယံထက်တွင် ဆရာနှင့်တပည့် နှစ်ဦးတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဓားပျံဂိုဏ်းတည်ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြ၏။

လမ်းတလျှောက်တွင် တောင်များနှင့် မြစ်များကို ကျော်ဖြတ်ပျံသန်းခဲ့ကြသည်။

စုယဲ့သည် စိတ်လှုပ်ရှားနေသည့်အပြင် စိုးရိမ်ပူပန်နေပြီး စိတ်အခြေအနေ တင်းမာနေသည်မှာ သိသာထင်ရှားသည်။

ကျုံးချင်သည် တပည့်ဖြစ်သူ၏ခံစားချက်ကို နားလည်သဖြင့် အာရုံလွှဲပြောင်းရန် ခေါင်းစဉ်တစ်ခု ရှာဖွေပြီး ပြောဆိုလိုက်၏။

"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က အောင်မြင်မှုအနည်းငယ် ရရှိထားပြီဆိုပေမယ့်... မင်းရဲ့ လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုနေလဲဆိုတာ ဆရာ သိချင်မိတယ်"

"ဆရာ့ကို တင်ပြချင်တာကတော့... စီနီယာအစ်ကိုက နတ်ဆိုးသားရဲတွေနဲ့ လေ့ကျင့်ဖို့ တောင်ပေါ်ကို မကြာခဏ သွားလေ့ရှိပါတယ်"

"တပည့်လည်း သူနဲ့အတူ လိုက်သွားပြီး နတ်ဆိုးသားရဲတွေကို မကြာခဏ အမဲလိုက်လေ့ရှိပါတယ်"

"တပည့်က တစ်ကောင်လောက် အမဲလိုက်ပြရင် ကောင်းမလားဆရာ"

စုယဲ့က စမ်းသပ်လိုစိတ် ပြင်းပြစွာဖြင့် သတင်းပို့လိုက်သည်။

ကျုံးချင်က ပြုံးလိုက်၏။

"ကောင်းပြီလေ... ရှေ့က တောင်ပေါ်ကို ရောက်ရင် ဆရာ မင်းအတွက် တစ်ကောင် ရှာပေးမယ်"

မကြာမီတွင် သူတို့နှစ်ဦးသည် တောင်တန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ထိုနေရာတွင် စိမ်းလန်းစိုပြေသော ရှေးဟောင်းသစ်ပင်ကြီးများ ဝန်းရံနေပြီး ထူးဆန်းသော ကျောက်တုံးများက ကြမ်းတမ်းစွာ ထိုးထွက်နေကြသည်။

ကျုံးချင်သည် ဤနေရာရှိ နတ်ဆိုးသားရဲများ၏ အရှိန်အဝါကို အာရုံခံမိသည်။

တစ်ချိန်တည်းမှာပင်....

မလှမ်းမကမ်း၌....

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တောင်တန်းများကြားတွင် လမ်းလျှောက်နေကြပြီး သူတို့မျက်နှာများပေါ်၌ ချွေးများ ရွှဲနစ်နေကြ၏။

အမျိုးသားဖြစ်သူသည် အနည်းငယ် ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ရှိပြီး အလွန်တောက်ပသော အနီရောင်နှင့်အစိမ်းရောင် ရောယှက်နေသည့် အဝတ်အစားများ ဝတ်ဆင်ထားသည်။ သူ၏နားထင်၌ ဆံပင်ဖြူများရှိနေပြီး အသက် ၄၀ ဝန်းကျင်ခန့် ရှိပုံရသည်။

အမျိုးသမီးဖြစ်သူသည်အရွယ်ရောက်ပြီးစ မိန်းမပျိုလေးဖြစ်ပြီး တင့်တယ်လှပသော ရုပ်ရည်နှင့် သွယ်လျသော မျက်ခုံးများကို ပိုင်ဆိုင်ထားသည်။

သို့သော် ထိုလှပသောမျက်နှာလေးပေါ်တွင် ယခုအချိန်၌ တည်ကြည်လေးနက်သော အမူအယာဖြင့် အစားထိုးခြင်း ခံထားရသည်။

ဤလူနှစ်ဦးသည် သားအဖများ ဖြစ်ကြ၏။

ဖခင်ဖြစ်သူ၏ အမည်မှာ ကူဝမ် ဖြစ်ပြီး သမီးဖြစ်သူ၏ အမည်မှာ ကူလင်းအာပင်။

"လင်းအာ... သမီးကို ဒုက္ခရောက်အောင် လုပ်မိတာ အဖေပါကွာ"

ကူဝမ်က စိတ်ပျက်အားငယ်စွာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

သူ၏မျက်နှာပေါ်တွင် ရှုံးနိမ့်မှု၏ နက်ရှိုင်းသော ခံစားချက်များ ပေါ်လွင်နေပေ၏။

"ဒဏ္ဍာရီတွေအရ မိသားစုဘိုးဘေးတစ်ယောက်က ကူမိသားစုရဲ့ ရတနာကို ဒီနေရာမှာ ကျပျောက်ခဲ့တယ်လို့ ဆိုကြတယ်"

"အဲ့ဒီမိသားစုရတနာကို ရှာတွေ့ရင် သမီးရဲ့ ကျင့်ကြံဆင့် တိုးတက်ဖို့ အထောက်အကူဖြစ်မယ်လို့ အဖေ ထင်ခဲ့တာလေ"

"ဒီနေရာက ဝင်္ကပါက ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ"

သူတို့သည် ဤနေရာ၌ ပိတ်မိနေခဲ့သည်မှာ နှစ်ဝက်ခန့် ရှိနေခဲ့လေပြီ။

နှစ်ဝက် အတိအကျပင် ဖြစ်ပေ၏။

သူတို့သည် ဤနေရာမှ ထွက်ခွာ၍မရရုံသာမက နေ့စဉ်နေ့တိုင်း နတ်ဆိုးသားရဲများ၏ နှောင့်ယှက်ခြင်းကိုလည်း ခံနေကြရသည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အကြပ်အတည်းများကို သူတို့ မပြတ်တမ်း ကြုံတွေ့နေရခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ဝက်အတွင်း သားအဖနှစ်ဦးသည် ကောင်းမွန်စွာ အိပ်စက်ရခြင်းပင် မရှိခဲ့ကြချေ။

နေ့စဥ်နေ့တိုင်း သူတို့သည် ထွက်ပေါက်ရှာဖွေရန်သာ ကြိုးစားခဲ့ကြ၏။

သို့သော် နည်းလမ်းပေါင်းစုံကို စမ်းသပ်ခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ အချည်းနှီးသာ ဖြစ်ခဲ့ပြီး ဤတောင်တန်းများကြားတွင်သာ လှည့်လည်သွားလာနေခဲ့ရသည်။

"အဖေ... ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်ပါတယ်....ဒီလိုကိစ္စမျိုး ဖြစ်လာဖို့ ဘယ်သူမှ မလိုချင်ကြဘူး"

"အဖေ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး... ဒါက ကံကြမ္မာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

ကူလင်းအာသည် ကူဝမ်အား နှစ်သိမ့်လိုက်သော်လည်း သူမ၏မျက်လုံးများထဲရှိ စိတ်ပျက်အားငယ်မှု အရိပ်အယောင်များက ကူဝမ်၏နှလုံးသားကို နာကျင်စေခဲ့သည်။

သူမသည် မိသားစုထဲတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူမအတွက် ပို၍ကျယ်ပြန့်သော ကောင်းကင်နှင့် အနာဂတ် ရှိသင့်သည်။

သို့သော် ကံကြမ္မာသည် ရက်စက်လွန်းကာ သူမအား ဤတောင်တောထဲတွင် ပိတ်မိပြီး သေဆုံးစေတော့မည်လော....

ကူဝမ်နှင့်ကူလင်းအာတို့ စိတ်ဓာတ်ကျပြီး အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေချိန်တွင်....

ရုတ်တရက် မလှမ်းမကမ်းမှ ရွှင်လန်းတက်ကြွစွာ စကားပြောသံများကို ကြားလိုက်ရသည်။

ထိုအသံများသည် ပေါ့ပါးပြီး လေသံမှာ သက်တောင့်သက်သာရှိကာ နွေဦးရာသီ အပန်းဖြေခရီးထွက်လာသူများအလားပင်။

သူတို့နှစ်ယောက်သား မော့ကြည့်လိုက်ရာ ကျုံးချင်နှင့်စုယဲ့တို့က သူတို့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရသည်။

ကူဝမ်က ထူးဆန်းသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"မိတ်ဆွေတို့နှစ်ယောက်လည်း ဒီနေရာမှာ လမ်းပျောက်နေတာလား"

ကျုံးချင် အနည်းငယ် အံ့အားသင့်သွားသည်။

"ဘာလမ်းပျောက်တာလဲ"

ကူလင်းအာက ဝင်ရောက်ပြောဆိုလိုက်၏။

"ဒီထင်ယောင်ထင်မှားဝင်္ကပါထဲမှာ လမ်းပျောက်နေတာလားလို့ မေးတာပါ"

ထိုအခါမှသာ ကျုံးချင်သည် သူ မသိလိုက်ဘဲ ဝင်္ကပါတစ်ခုထဲသို့ ဝင်ရောက်လာမိကြောင်း သတိပြုလိုက်မိသည်။

ထို့ပြင် ဤသည်မှာ လူများကို ပိတ်လှောင်ထားရန် အဓိကရည်ရွယ်ထားသော ဝင်္ကပါကြီးတစ်ခု ဖြစ်သည်။

သူ့တွင် 'ဝင်္ကပါဒဏ်ခံနိုင်ရည်စွမ်း' ရှိသဖြင့် ဂရုမစိုက်ချေ။

မည်သည့်ဝင်္ကပါမျှ သူ့အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။

သူက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။

"လမ်းပျောက်တာ မဟုတ်ပါဘူး... ဒီကနေ ဖြတ်သွားရုံ သက်သက်ပါပဲ"

ဤစကားများသည် ကူဝမ်နှင့်ကူလင်းအာကို လုံးဝကြောင်အသွားစေပြီး စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ဘာလဲဟ... ဖြတ်သွားရုံ သက်သက် ဟုတ်လား....

သို့သော် ကျုံးချင်၏ တည်ငြိမ်သော အမူအယာကို မြင်လိုက်ရချိန်၌....

သူသည် ဤနေရာမှ ထွက်ခွာရန် ယုံကြည်ချက်ရှိပုံရသည်။

အချိန်တခဏအတွင်း ဤနေရာ၌ နှစ်ဝက်ခန့် ပိတ်မိနေပြီး စိတ်ပျက်အားငယ်လုနီးပါး ဖြစ်နေသော ကူဝမ်နှင့်ကူလင်းအာတို့သည် ထွက်ပေါက်အတွက် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည်။

ကူဝမ်က ချက်ချင်းဆိုသလိုပင် မေးမြန်းလိုက်၏။

"တာအိုရောင်းရင်း... ကျွန်တော်တို့ကိုပါ ခေါ်သွားပေးလို့ ရမလား"

လူ့သဘာဝ၏ ရှုပ်ထွေးမှုသည် ကျင့်ကြံခြင်းလောကတွင် အပြည့်အဝ ပေါ်လွင်နေသည်။

ယေဘုယျအားဖြင့် မရင်းနှီးသော ကျင့်ကြံသူနှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံချန်၌ သတိထားတတ်ကြပြီး တစ်ဦးနှင့်တစ်ဦး ကာကွယ်ကာ ယုံကြည်မှု ကင်းမဲ့တတ်ကြသည်။

သို့သော် ယခုအချိန်တွင် ကူဝမ်နှင့် ကူလင်းအာတို့သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။

သူတို့တွင် ယခုချိန်၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ဤသည်မှာ သူတို့ ဤနေရာမှ ထွက်ခွာသွားနိုင်ရန်ပင်။

ကျုံးချင်သည် သူတို့၏ တောင်းဆိုမှုကို အနည်းငယ် စဥ်းစားပြီးနောက် သဘောတူရန် ရွေးချယ်လိုက်သည်။

ပထမအချက်မှာ သူတို့၏ကျင့်ကြံခြင်းသည် မမြင့်မားသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူ့အတွက် ဒုက္ခမရောက်စေသောကြောင့်ပင်။

"အဲ့ဒါဆို မင်းတို့နှစ်ယောက် နောက်ကလိုက်ခဲ့ကြတော့"

စုယဲ့သည် မဟာဝင်္ကပါကြီး၏ နှောင့်ယှက်မှုကို လုံးဝမခံရဘဲ သူ့နောက်သို့ လိုက်ပါလာခြင်းက သူကိုယ်တိုင် ဝင်္ကပါဒဏ်ခံနိုင်ရည် ရှိရုံသာမက တခြားသူများကိုလည်း ခေါ်ဆောင်သွားနိုင်ကြောင်း ပြသနေသည်။

ဆိုလိုသည်မှာ အစောပိုင်းက ကျုံးချန်ဖုန်းသည် မဟာဝင်္ကပါကြီးထဲ၌ ပိတ်မိနေခဲ့လျှင်ပင် သူသည် ကမ္ဘာငယ်ကို မသုံးဘဲ ဘေးကင်းစွာ ခေါ်ထုတ်သွားနိုင်ပေမည်။

"ဒါက စနစ်ဆုလာဘ်ရဲ့ အပိုဆုကြေး အသေးစားလေးလား... ဒါမှမဟုတ် စနစ်ဆုလာဘ်ကပဲ ကောင်းကင်ဘုံကို အာခံနိုင်လောက်အောင် စွမ်းတာလားတော့ မသိဘူး"

ကျုံးချင်သည် သူ နားမလည်နိုင်သော အရာများအတွက် ဦးနှောက်ခြောက်ခံ၍ စဉ်းစားလေ့ မရှိပေ။

မည်သို့ပင်ဖြစ်စေ ရလဒ်က သူ့အတွက် ကောင်းမွန်နေသည် မဟုတ်လော...

"ကျေးဇူးတင်ပါတယ် စီနီယာ..."

ကျုံးချင်၏ သဘောတူညီချက်ကို ရရှိပြီးနောက် ကူဝမ်နှင့်ကူလင်းအာတို့သည် လျင်မြန်စွာ ကျေးဇူးတင်စကား ပြောဆိုလိုက်ကြ၏။

ထို့နောက် သူတို့နှစ်ယောက်သား နောက်မှ လိုက်ပါလာကြသည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး... ဒါက သေးငယ်တဲ့ အားထုတ်မှုလေးပါ"

ကျုံးချင်က လက်ကာပြလိုက်ပြီး ပြောဆိုသည်။

"ငါ ဒီမှာ အချိန်နည်းနည်း ကုန်ဆုံးဖို့ လိုသေးတယ်....မင်းတို့နှစ်ယောက် ခဏလောက် စောင့်ရလိမ့်မယ်"

"တာအိုရောင်းရင်း... အေးဆေးလုပ်ပါဗျာ"

ကူဝမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

သူတို့ စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ဝက်တောင် ရှိခဲ့ပြီဖြစ်ရာ အချိန်အနည်းငယ် ပိုစောင့်ရခြင်းက မည်သို့မျှ မဖြစ်ပေ။

သို့သော် ကျုံးချင်က ဘာလုပ်မည်နည်း ဆိုသည်ကို သူ အလွန်သိချင်နေမိသည်။

မကြာမီမှာပင် သူ၏သံသယများ ရှင်းလင်းသွားခဲ့သည်။

ကျုံးချင်သည် ခရီးအကွာအဝေးတစ်ခုအထိ လျှောက်သွားပြီးနောက် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်ရှုလိုက်ကာ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

"တွေ့ပြီ..."

သူ၏စကားသံအဆုံးတွင်....

သားရဲတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် မိုးခြိမ်းသံအလား တောင်တောတစ်ခုလုံးကို တုန်ခါသွားစေသည်။

သားအဖနှစ်ဦး၏ မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားကြသည်။

"ခေါင်းနှစ်လုံးနတ်ဆိုးလူဝံ..."

ဤခေါင်းနှစ်လုံးနတ်ဆိုးလူဝံသည် ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့်ရှိ နတ်ဆိုးသားရဲတစ်ကောင်ပင်။

ထိုသားရဲသည် ကြီးမားသော ခွန်အားနှင့် စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး အဆင့်တူ လူသားကျင့်ကြံသူ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ချေမှုန်းရန် လုံလောက်သည်။

သားအဖနှစ်ဦး ဤဝင်္ကပါထဲသို့ မတော်တဆ ဝင်ရောက်လာမိကတည်းက ဤခေါင်းနှစ်လုံးနတ်ဆိုးလူဝံသည် သူတို့၏အိပ်မက်ဆိုး ဖြစ်ခဲ့သည်။

ထိုအချိန်ကာလအတွင်း သူတို့အကြား၌ ထိပ်တိုက်တွေ့ဆုံမှု အကြိမ်ကြိမ် ရှိခဲ့ပေ၏။

သို့သော် တွေ့ဆုံတိုင်း သားအဖနှစ်ဦးသည် သေမင်းနှင့်စစ်ခင်းရသော အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသည်။

သူတို့သည် မရေမတွက်နိုင်သော ဝှက်ဖဲများကို သုံးစွဲခဲ့ရပြီး သူတို့၏ စုဆောင်းထားသည်များကို ကုန်ဆုံးစေခဲ့ကာ ခေါင်းနှစ်လုံးနတ်ဆိုးလူဝံ၏လက်မှ သီသီလေး လွတ်မြောက်ခဲ့ရသည်။

ဤနတ်ဆိုးသားရဲသည် သူတို့အတွက် အိပ်မက်ဆိုးသဖွယ် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုနိုင်သည်။

"တပည့်... မင်းအလှည့်ပဲ"

ကျုံးချင်က တိုက်ပွဲမြေပြင်ကို စုယဲ့ထံ လွှဲပြောင်းပေးလိုက်သည်။

"ကောင်းပါပြီ ဆရာ... စောင့်ကြည့်နေပါ"

စုယဲ့သည် ရှေ့သို့တိုးလိုက်ပြီး ခေါင်းနှစ်လုံးနတ်ဆိုးလူဝံကို ကြည့်ရှုလိုက်ရာ သူ၏မျက်လုံးများ တောက်ပနေသည်။

"တာအိုရောင်းရင်း... ဒီနတ်ဆိုးသားရဲက အရမ်းစွမ်းအားကြီးတယ်... ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံဆင့် ရှိတာ... လူများရင် စွမ်းအားရှိတယ်ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ ပူးပေါင်းလိုက်ကြမလား"

ကူဝမ်၏နဖူးမှ ချွေးများစီးကျလာပြီး ပြောဆိုလိုက်သည်။

သူ၏အမြင်အရ စုယဲ့သည် အရမ်းငယ်လွန်းနေပေ၏။

သူ၏ နှံကောင်လောက်သာ ရှိသော အရွယ်အစားနှင့် အမိဝမ်းထဲကတည်းက ကျင့်ကြံခဲ့လျှင်ပင် ဤမျှထိ ကြောက်စရာကောင်းသော နတ်ဆိုးသားရဲကို မည်သို့ အနိုင်ယူနိုင်မည်နည်း။

ကျုံးချင်က တည်ငြိမ်အေးဆေးစွာတုံ့ပြန်လိုက်သည်။

"ကိစ္စမရှိပါဘူး... ငါတို့က ဘေးကနေပဲ ကြည့်နေကြရအောင်"

All Chapters