← Chapters

အခန်း (၅၅၅-၅၅၉)

Vol. 41 Ch. 555-559

အခန်း (၅၅၅-၅၅၉)

Vol. 41 Ch. 555-559

အပိုင်း(၅၅၅): ထာဝရရှင်သန်ခြင်း အမတဂူ

“ဟား... မင်းလိုအကောင်ပေါက်စက ဆက်ပြီး ထိန်းထားနိုင်ဖို့ကို ငါမျှော်လင့်လိုက်ပါတယ်”

“မဟုတ်ရင် စိတ်ဝင်စားစရာမကောင်းတော့ဘူး”

ရှစ်တိ့ထျန်းသည် လှောင်ပြောင်ရယ်မောလ်ိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်များသည် သူ့လက်ထဲက ပေါက်ကွဲတားမြစ်မန္တန်နှင့် ပေါင်းစည်းသွားပုံရသည်။

ထိုမန္တန်ကြောင့် သူ၏သက်တမ်းသည် လုံးလုံးလျားလျား ဆုတ်လျော့သွားပုံရကာ သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာသည်။

သူ၏ ရုပ်သေးကိုယ်ထည်သည် ဖုန်မှုန့်များအဖြစ် လျင်မြန်စွာ ပြိုကွဲလာသည်။

သို့သော် သူ့လက်ထဲက အနီရင့်ရင့် မန္တန်စာလုံးသည် ပို၍ ကြောက်စရာကောင်းလာပြီး ၊ ယင်း၌ ပါရှိသော မှော်စွမ်းအားသည် စကြဝဠာတစ်ခုလုံးကိုပင် အလိုအလျောက် ချေမှုန်းပစ်နိုင်စွမ်းရှိပုံရသည်။

တစ်ချိန်တည်းမှာပင်၊ ပေါက်ကွဲထွက်လာသော ဝိညာဉ်စွမ်းအားများသည် အခြားလူများကို သတိပြုမိစေခဲ့သည်။

ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီးနောက်တွင်၊ ထိုသူတို့၏အမူအရာများသည် သိသိသာသာပြောင်းလဲသွားကြသည်။

“ဒါ... ဒီ ရောင်ဝါက တစ်စုံတစ်ယောက်က သူ့ကိုယ်သူ စတေးပြီး ဖောက်ခွဲဖို့လုပ်နေပုံပဲ!”

“ ကိုယ့်ကိုကိုယ် ဖောက်ခွဲဖျက်ဆီးတယ်...?”

“ဒီကို ဝင်ရောက်လာတဲ့သူတွေထဲမှာ အားအနည်းဆုံးဆိုတောင် ရှေးဧကရာဇ်နယ်ပယ် ပြီးပြည်စုံအဆင့်မှာ ရှိတယ် ၊ အားလုံးက တိုက်မြေ သုံးထောင်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေပဲ...”

လွတ်မြောက်သူတစ်ဦးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ကိုယ့်ကိုယ်ကို စတေးပြီး ဖောက်ခွဲရတဲ့အထိ ဘယ်လို အကျပ်အတည်းမျိုးကို ကြုံတွေ့ခဲ့ရလို့လဲ “

ရှေးဧကရာဇ်နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးသည် မိမိကိုယ်ကို စတေးခြင်းဖြင့် ဖောက်ခွဲနိုင်သော ပြင်းအားသည် လူသားလမ်းစဉ် လွတ်မြောက်သူတစ်ဦးကိုပင် အလွယ်တကူ သေစေနိုင်ပြီး ၊ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူကိုတောင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။

အကယ်၍ ဖောက်ခွဲသူသည် ကောင်းကင်လမ်းစဉ် လွတ်မြောက်သူသာဆိုလျှင်ဖြင့် အဘယ့်နည်း။

သူတို့၏ သုံးသပ်ချက်အရ ၊ အန္တိမလမ်းစဉ် လွတ်မြောက်သူဖြစ်သော စူးချန်ကဲပင်လျှင် အန္တရာယ်ရှိနိုင်သည် ။

……..

တစ်ချိန်တည်းမှာပင်။

ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ၏ခန္ဓာကိုယ်သည် သဲပွင့်များအဖြစ်သို့ လုံးဝပြောင်းလဲသွားသည်နှင့် ၊ ၎င်း၏ ရှိသမျှ မှော်စွမ်းအားအားလုံးတို့သည် တားမြစ်မန္တန်စာလုံးထဲသို့ ဝင်ရောက်သွားသည်။

အနီရင့်ရောင် ရှေးမန္တန်စာလုံးသည် ယခုအခိုက်အတန့်တွင် ကြက်သွေးရောင်အဖြစ် တောက်ပသွားပြီး ၊ ၎င်းမှ ပေါက်ကွဲထွက်လာသော အဖျက်စွမ်းအားများသည် စူးချန်ကဲကို တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားခဲ့သည်။

ထို့နောက်၊ ရှစ်တိ့ထျန်း၏ ထိန်းချုပ်မှုအောက်တွင် မန္တန်ရွတ်ဆိုသံကို ကြားခဲ့ရသည်။

“ မဟာလမ်းစဉ်သည် သဏ္ဍာန်မရှိ ၊ ထိုလမ်းကြောင်းအတွင်းသို့ရောက်ရှိပါက သေခြင်းရှင်ခြင်းသည် အချည်းနှီးသာတည်း”

“ငါ၏ ခန္ဓာ၊ ငါ၏ ကျင့်ကြံမှု၊ ငါ၏သက်တမ်း၊ ငါ၏အနှစ်သာရ၊ ငါ၏ ဝိညာဉ်၊ အရာအားလုံးကို မဟာလမ်းစဉ်ထံ အပ်နှံသည်”

“ငါ၏ မူလရင်းမြစ်ကို ဖောက်ခွဲကာ မူလအစသို့ ပြန်လည်သွားရောက်ပေတော့မည် “

ဝီ!!!

ရုတ်တရက်ပင် ၊ အနီရောင်အလင်းတန်းကြီးတစ်ခုက ထိန်လင်းစွာ တောက်ပသွားသည်။ ယင်း၌ပါဝင်သော အဖျက်သဘောဆောင်သည့် အမည်းရောင်အငွေ့များက တလိပ်လိပ် ရိုက်ခတ်လှုပ်ရှားနေခဲ့သည်။

နောက်ဆုံးတွင်၊ အရာအားလုံးကို ချေမှုန်းပစ်နိုင်သော စွမ်းအင်အကာအရံကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် လှိုင်းထန်စွာ ရိုက်ခတ်သွားလေတော့သည်။

ဝုန်း—!!

ရှစ်တိ့ထျန်း၏ ရွတ်ဆိုသံ‌ဆုံးသည်နှင့်တစ်ပြိုင်နက်၊ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးသည် မိုင်ပေါင်းများစွာအထိ ပြင်းထန်စွာ ပဲ့တင်ထပ်သွားသည်။

ပေါက်ကွဲမှုသည် အကန့်အသတ်မဲ့ အမှောင်စကြာဝဠာကြီးထဲ၌ ရုတ်တရက် ပွင့်လန်းလာသော ဖျက်‌ဆီးခြင်း၏ အနီရောင်အလင်းတောက်နှင့် တူသည်။

တခဏအတွင်းမှာပင် ၊ အနီရောင်အလင်းတန်းများက တဟုန်ထိုး တောက်လောင်လာကာ၊ စွမ်းအင်များက အဆမတန် မြင့်တက်လာသည်။

ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သည့် စွမ်းအင်မုန်တိုင်းကြီးကို ဗဟိုပြုလျက် ၊ လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်ရိုက်ခတ်သွားသည်။

ကြမ်းတမ်းသော စွမ်းအင်လှိုင်းတံပိုးများကြောင့် အမတလျှောက်လှမ်းပင်လျှင် ထိခိုက်မှုများရှိလာခဲ့သည် ။

တဒင်္ဂအတွင်း၊ အလင်းရောင်သည် မှိန်လိုက်တောက်လိုက်ဖြစ်နေပြီး၊ ထိုအရပ်မှ လုံးဝပြတ်ထွက်သွားတော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပေါ်သည်နှင့် တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ကြိုတင် လှုပ်ရှားထားပြီး ဖြစ်သည်။

ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦး၏ စတေးပေါက်ကွဲမှုကို ရင်ဆိုင်ရသည့်တိုင်၊ စူးချန်ကဲသည် ကြောက်ရွံ့မှုအနည်းငယ်မျှ မပြသခဲ့ပေ။

အကြောင်းမှာ လွတ်မြောက်သူများအတွက် သီးခြားနယ်ပယ်ဟူ၍မရှိ ၊ အဆင့်သာ ကွာခြားမှုရှိသည်။

လူသားလမ်းစဉ် လွတ်မြောက်သူတစ်ဦးသည် အလွန်အားကောင်းသူတစ်ဦး ဖြစ်ခဲ့လျှင်ဖြင့်၊ သူ၏ စတေးပေါက်ကွဲမှုသည် ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူကိုပါ သေစေနိုင်သည်။

သို့သော်၊ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ၏ စတေးပေါက်ကွဲမှုသည် အန္တိမလမ်းစဉ် လွတ်မြောက်သူကို ထိခိုက်စေနိုင်မလားဆိုတာကတော့ အတပ်မပြောနိုင်ချေ။

“ ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်၊ ဖွဲ့!”

ဝုန်း —!!

တဒင်္ဂအတွင်းမှာပင်၊

အဆုံးမရှိသော နတ်အလင်းတန်းများသည် စူးချန်ကဲ၏နောက်တွင် စုဝေးသွားပြီး၊ အလွန် တောက်ပသော အလင်းဝဲဂယက်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ဝုန်း —!!

ထို့နောက်၊

ထိုအလင်းဝဲဂယက်ကြီးအတွင်းမှ နိယာမတရားလှိုင်းတံပိုးများ ပေါက်ကွဲထွက်လာခဲ့သည်။

အချိန်သည် အကန့်အသတ်ရှိသဖြင့် စူးချန်ကဲသည် သူ၏ နတ်ဘုရားဓမ္မကိုယ်ထည်ကြီးကို အပြည့်အစုံ မဖွဲ့စည်းနိုင်ခဲ့ပေ။

ယင်းအစား၊ အာကာသအက်ကွဲကြောင်းထဲမှ နတ်ဘုရား၏လက်မောင်းတစ်ဖက်သာ ရုတ်တရက် ထိုးထွက်လာခဲ့သည်။

ထိုလက်ကြီးသည် အလွန် စူးရှတောက်ပသော နတ်ဓားတစ်လက်ကို ဆုပ်ကိုင်ထားလေသည်။

“ ခုတ်!”

စူးချန်ကဲ၏ ရေရွတ်သံအပြီးတွင် ၊

ရွမ်း!!

နတ်ဘုရား၏လက်မောင်းသည် လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက်၊ သူ၏လက်ထဲက ဓားသည်လည်း အလားတူ လှုပ်ရှားလာကာ ကွက်လပ်ကို ခုတ်ပိုင်းလိုက်သည်။ မှောင်မည်းနေသော အာကာသအတွင်း၌ စူးရှတောက်ပသည့် ဓားအလင်းတစ်ချက် ပွင့်လန်းသွားခဲ့သည်။

ထို့နောက်တွင်၊ ဓားစွမ်းအင်လှိုင်းများသည် ဆူနာမီကဲ့သို့ တဟုန်ထိုး တတ်လာပြီး၊ ကျယ်လောင်စွာ ထွက်ပေါ်လာသော ကမ္ဘာမြေ၏ ဟောက်သံနှင့်အတူ ပေါက်ကွဲတားမြစ်မန္တန်၏ စွမ်းအားနှင့် အပြင်းအထန် တိုက်မိကြသည်။

ဝုန်း !!

တစ်စက္ကန့်အတွင်း၊ မူလက မှောင်မိုက်နေခဲ့သော အာကာသတွင် အနီနှင့်အဖြူ အလင်းလှိုင်းနှစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အင်အားနှစ်ရပ် ထိပ်တိုက်တွေ့ဆုံမှုကြီးသည် ထိုနေရာတစ်ခုလုံးကို အနည်းငယ် ကမောက်ကမဖြစ်သွားစေသည်။

ကျယ်လောင်လွန်းသော ပေါက်ကွဲသံသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသဖြင့်၊ အမတလျှောက်လှမ်းပေါ်ရှိ စွမ်းအားရှင်များပင်လျှင် ဤဖြစ်ရပ်ကို သတိထားမိကြပြီး၊ ထိုနေရာသို့ လှည့်ကြည့်လာကြသည်။

အထူးသဖြင့် ထိုနေရာနှင့် နီးကပ်သူများမှာမူ၊ ကံဆိုးလှချေပြီ။

ဤအရာကို မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရသည်နှင့် သတိလစ်သွားသူများမှာ ကံကောင်းသည်ဟု ဆိုနိုင်ပြီး ၊ အဆိုးဆုံးအခြေအနေသာဆိုလျှင်ဖြင့် ကြမ်းတမ်းသော နိယာမလှိုင်းတံပိုးကြီး၏ ရိုက်ခတ်မှုအောက်တွင် တစ်ကိုယ်လုံး ကြေမွကာ၊ ဝိညာဉ်ပျက်စီးသွားခဲ့ရသူများလည်း ရှိခဲ့သည်။

“ သေစမ်း ! ဘယ်ကောင်ကများ အရူးထနေတာလဲ ၊ အမတလျှောက်လှမ်းပေါ် ရောက်နေပါလျက်နဲ့ ထာဝရအသက်ကို ရနိုင်မယ့် အခွင့်အလမ်းကို မရှာဘဲ၊ ဘယ်လိုဖြစ်ပြီး ခုလို အပြင်းအထန် တိုက်ခိုက်နေကြတာတုန်း”

“……”

“ ရူးနေပြီပဲ! တကယ်ကို ရူးနေပြီပဲ ! “

“ငတုံးတွေ ! အသက်ရှည်ချင်စိတ်မရှိဘဲ ဘာလို့ ဒီနေရာကို ဝင်လာတာတုန်း!?”

“……”

ခေတ်ဟောင်း စွမ်းအားရှင်ပုဂ္ဂိုလ်များသည် ဒေါသထွက်ကာ ဆဲဆိုနေကြသည်။ သူတို့သည် နောက်ပိုင်းတွင် ထာဝရအသက်ကို ရရှိနိုင်မည့် အခွင့်အလမ်းများအတွက် အချင်းချင်း တိုက်ခိုက်ကြမည်ဆိုသော်လည်း ၊

ဤအမတလျှောက်လှမ်း စတင်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက်၊ ယခုလို မိမိကိုယ်ကို စတေး၍ ဖောက်ခွဲတိုက်ခိုက်ခြင်းမျိုးသည် အရူးတစ်ကောင်မှသာ ထိုအတိုင်းပြုလုပ်ပေလိမ့်မည်။

ဒီလောက်ထိ သေချင်နေတယ်ဆိုလည်း ဘာလို့အမတလျှောက်လှမ်းပေါ် ခြေချနေမှာတုန်း!?

တစ်ချိန်တည်းမှာပင်၊

အမတလျှောက်လမ်း၏ အခြားတစ်နေရာတွင်၊

အမည်းရောင် အခိုးအငွေ့များသည် လှုပ်ရှားသက်ဝင်လာပြီး အဆုံးတွင် ရှစ်တိ့ထျန်း၏ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး ၊ ပေါက်ကွဲမှုဖြစ်သည့် ဦးတည်ရာဘက်ဆီသို့ စိတ်ဝင်တစား ကြည့်ရှုနေသည်။

“ဟားဟား.... ဒါမှ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူကွ ! ဒီလောက်ကိုတောင် မင်း မတောင့်ခံနိုင်ရင် “

“ဒါဆို သိပ်ရှက်စရာကောင်းသွားပြီ “

ထို့နောက် ရှစ်တိ့ထျန်းသည် လက်ဖျစ်တစ်ချက် တီးလိုက်သည်။

ဝူး!!

သူ့နောက်က ကွက်လပ်တွင် နတ်ဆိုးစွမ်းအင်များဖြင့် ဖန်တီးထားသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုဝဲဂယက်ထဲမှ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူလေးဦး ထွက်လာခဲ့သည်။

“အရှင်သခင်ကို ဂါရဝပြုပါတယ်”

၎င်းတို့လေးဦးသည် မျက်လုံးသေများဖြင့် အသက်ဓာတ်ကင်းမဲ့နေကာ အရင်ကတည်းက သေဆုံးထားပုံရပြီး အသိစိတ်မရှိသော ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေသည်။

၎င်းတို့သည် ဤကာလအတွင်း ရှစ်တိ့ထျန်းသတ်ဖြတ်ခဲ့သော ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ လေးဦးဖြစ်သည်။

“ တကယ်လို့ မင်းသာ ငါပေးတဲ့ ပထမဆုံးလက်ဆောင်ကို လက်ခံနိုင်တယ်ဆိုရင်...”

“နောက်လက်ဆောင်က ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမယ်လို့ ငါ မင်းကို ကတိပေးတယ် “

“ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ လေးဦးရဲ့ တစ်ပြိုင်နက်တည်း စတေးပေါက်ကွဲမှုကို မင်းခံနိုင်ရည်ရှိမလား “

“ဟားဟား... စဉ်းစားကြည့်ရုံနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပြီ!”

ထို့နောက် ရှစ်တိ့ထျန်းသည် ရုပ်သေးလေးရုပ်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

“သွား၊ သင့်တော်တဲ့ ကောင်တွေကို သွားပြီး ‌ရှာဖွေခဲ့ “

“သူတို့ကို ငါတို့ရဲ့အဖော်အဖြစ် ပြောင်းလဲပြီး၊ ချန်ကဲထျန်းတိ့အတွက် နောက်ထပ်လက်ဆောင်အချို့ကို ပေးလိုက်ကြရအောင်”

“ အမိန့်တော်အတိုင်းပါ !”

လေးဦးစလုံးသည် ဦီးညွှတ်အလေးပြုပြီးနောက်၊ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အမတလျှောက်လမ်းအတွင်းပိုင်းဆီသို့ ဦးတည်ကာ ပျံသန်းသွားကြသည်။

ရှစ်တိ့ထျန်းသည် သူ့မေးစေ့သူ ပွတ်သပ်ရင်း တီးတိုးပြောဆိုလိုက်သည်။

“ဒီရုပ်သေးကိုယ်ထည်က အခုဆို ကောင်းကင်လမ်းစဉ် လွတ်မြောက်သူအဆင့်ကို ရောက်နေပြီ”

“အမတလျှောက်လမ်းပေါ် ရောက်တုန်း ၊ ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတတ်ကို သုံးပြီး ကြွင်းကျန်(မပြီးပြည့်စုံ) အမတတွေကို စုပ်ယူလိုက်ရင် ကောင်းမလား?”

“ အဲ့လိုသာဆို ဒီရုပ်သေးကိုယ်ထည်ကို အန္တိမလမ်းစဉ် လွတ်မြောက်သူအဆင့်ထိ တင်ပေးနိုင်လိမ့်မယ် “

ကြွင်းကျန်(မပြီးပြည့်စုံ) အမတဆိုသည်မှာ အဘယ်နည်း။

ရှေးစာပေမှတ်တမ်းများအရ ၊

စကြဝဠာတိုင်းတွင် အမတလျှောက်လမ်းများရှိကြပြီး၊ သင့်တင့်သောအဆင့်သို့ ရောက်သူတိုင်း အမတလျှောက်လှမ်းပေါ် ခြေချခွင့်ရှိသည်။

သို့သော် မည်သူမဆို ဒဏ္ဍာရီထဲက အမတဖြစ်နိုင်သည်ဟု မဆိုလိုချေ။

ကျရှုံးသူအများစုမှာ ဤခရီးစဉ်တွင် ပျောက်ကွယ်သွားရသည်။

သို့သော် ၎င်းတို့ထဲမှ အနည်းစုသည် အမတလမ်းစဉ်၏ အလိုဆန္ဒကို နားလည်သဘောပေါက်ကာ ကြွင်းကျန်(မပြီးပြည့်စုံ) အမတ ဖြစ်လာကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ခန္ဓာတစ်ပိုင်းသည် အမတဖြစ်ပြီး ၊ ကျန်တစ်ပိုင်းမှာ သေမျိုးဖြစ်သည်။

ဤကဲ့သို့သော ကျင့်ကြံသူများကို ကြွင်းကျန်(မပြီးပြည့်စုံ) အမတ သို့မဟုတ် အတုအယောင်အမတ ဟုခေါ်သည်။

၎င်းတို့ကို အမတသခင် ဟုမသတ်မှတ်နိုင်သလို ၊ သေမျိုးလို့လည်း ဆိုလိုမရချေ။

သူတို့သည် အမတလျှောက်လှမ်းအတွင်း အားနည်းသော နေရာလပ်များကို ရှာဖွေကာ ၊ အနည်းငယ်သော အမတစွမ်းအင်ဖြင့် အသက်ရှင်နေထိုင်နိုင်ရန် အာကာသလောကငယ်တစ်ခုကို ဖန်တီးပြီး ၊ ယင်း၌ အိပ်စက်နေထိုင်ကြရသည်။

အကြောင်းမှာ သူတို့သည် ကြာရှည်စွာ အိပ်ပျော်နေသ၍ ၊ သေဆုံးလိမ့်မည် မဟုတ်ပေ။

၎င်းတို့သည် ခေတ်ကာလအဆက်‌ဆက် ရှိလာခဲ့သောကြောင့် ၊ ကြွင်းကျန်(မပြီးပြည့်စုံ) အမတတို့သည် အမတလျှောက်လှမ်းတွင် မရေမတွက်နိုင်အောင် များပြားလာခဲ့သည်။

ရှေးမှတ်တမ်းများအရ ၊ ဤသူများသည် အမတလျှောက်လှမ်းအတွင်း ‘ ထာဝရရှင်သန်ခြင်း အမတဂူ’ ဟု အမည်တွင်သော လောကငယ်တစ်ခုကို တည်ထောင်ထားကြသည်။

အပိုင်း(၅၅၆): ချန်ကဲထျန်းတိ့ရဲ့ အဝတ်အစားတွေတောင် စုတ်ဖြဲခံလိုက်ရတယ်

“ဟား...ဒါပေမဲ့လည်း သနားစရာကောင်းတဲ့ ကောင်တွေ”

“ မသေမျိုးဘဝကို တစ်သက်လုံးလိုက်ရှာခဲ့ပေမယ့် အဆုံးမှာတော့ ထူးဆန်းတဲ့တည်ရှိမှုတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရတယ် ၊ သေဖို့စောင့်ဆိုင်းနေရတဲ့ နေရာကိုတောင် ထာဝရရှင်သန်ခြင်း အမတဂူလို့တောင် ခေါ်တွင်လိုက်သေးတယ်”

ရှစ်တိ့ထျန်းသည် အေးစက်စွာ ညည်းညူလိုက်ရင်း ၊ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝီ!

သူ့ရှေ့တွင် နေရာလွတ်တစ်ခု ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

သူ၏မျက်လုံးထဲ၌ မှော်နက်သင်္ကေတများသည် သက်ဝင်စီးဆင်းနေပြီး မည်သည့်ခံစားချက်မျှ မရှိပုံရသည်။

ရှစ်တိ့ထျန်းသည် ထပ်မံ ရေရွတ်လိုက်သည်။

“ ဒီလောကမှာ လူတစ်မျိုးရှိတယ်... လူသားအဖြစ်ခံယူထားပေမယ့်၊ သူတို့ ယုံကြည်လက်ခံထားတဲ့ဘဝထက် အခြားဘဝမှာ နေထိုင်ဖို့ ဘယ်တုန်းကမှ လက်မခံထားခဲ့ဘူး “

“မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်ယုံကြည်ရာကို စွဲကိုင်ထားကြတယ်’

“ဒီလိုလူတွေဟာ အတိတ်ကတည်းက ရှိခဲ့သလို၊ အနာဂတ်မှာလည်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး “

“ဒီလိုလူတွေက ထာဝရအသက်ဆိုတဲ့ အရာကို လိုချင်နေတာလား “

ထိုစကားများကို ရေရွတ်ပြီးနောက်၊ ရှစ်တိ့ထျန်းသည် မည်းနက်သောဝဲဂယက်ထဲသို့ ခြေချလိုက်ပြီး ၊ သူ၏ရုပ်သွင်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည် ။

“ရယ်စရာကောင်းလိုက်တာ၊ သူတို့ရဲ့ နှလုံးသားတွေက လောကီစွဲလမ်းမှုတွေနဲ့ အကျဉ်းချခံနေရတာ ကြာခဲ့ပြီ”

“ အမြဲတမ်း ရွံ့ဗွက်ထဲမှာ ရုန်းကန်နေရတဲ့ အမှိုက်တွေလို ဖြစ်နေလိမ့်မယ်”

………

ဘုန်း ! !

တစ်ချိန်တည်းမှာပင်။

ပေါက်ကွဲသံများ တဖြေးဖြေး လျော့ပါးလာသည်နှင့်အမျှ ၊ ဖောက်ပြန်နေသော အာကာသလေဟာနယ်သည်လည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။

သို့သော်၊ မှောင်မိုက်သော စကြဝဠာထဲတွင် အပျက်အစီးအမှုန်အမွှားများက ယခုထိတိုင် လေထဲတွင် လွင့်မျောနေဆဲဖြစ်သည်။

အက်ကွဲသံ!!

ရုတ်တရက် ထိုနေရာတွင် လူကို ထိတ်လန့်ချောက်ချားစေသော အက်ကွဲသံတစ်ခု ထပ်မံပေါ်ထွက်လာသည်။

ဝီ!

ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများဖြစ်နေသော အာကာသအက်ကွဲကြောင်းများမှ ထောင်ပေါင်းများစွာသော ဓားအလင်းများ ထွက်ပေါ်လာခဲ့သည်။

ဓားမှော်သင်္ကေတများသည် အဆုံးမရှိ ရိုက်ခတ်လှုပ်ရှားနေပြီး ၊ အထက်ကိုယ်ဗလာဖြင့် ကြံ့ခိုင်သော ကိုယ်ထည်ရှိသည့် အမျိုးသားတစ်ဦးသည် ဓားအလင်းများထဲမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်သည် ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေကာ ၊ အနုပညာလက်ရာဟု ထင်ရသည့် ပြီးပြည့်စုံသော ကြွက်သားပုံစံများသည် သူ့ကို ပို၍အစွမ်းထက်သည့်ပုံပေါက်စေသည်။

ဤသူမှာ စူးချန်ကဲပင်တည်း။

ဤနေရာတစ်ခုလုံး အပျက်အစီးများဖြင့် ပြည့်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဘယ်နေရာကိုပင်ကြည့်ကြည့်၊ လွင့်မျောနေသော ကြယ်အပျက်အစီးများကိုသာ မြင်ရပေလိမ့်မည်။

လူကို ထိတ်လန့်တုန်လှုပ်စေသော အဖျက်စွမ်းအားများသည် ဘေးပတ်ပတ်လည်တွင် အကြွင်းအကျန်များအဖြစ် ရှိနေဆဲပင် ဖြစ်သည်။

ဤနေရာရှိ အမတလျှောက်လှမ်းသည်ပင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ၊ နဂိုက သက်ဝင်စီးဆင်းနေသော အမတအလိုဆန္ဒတို့သည် ဤအခိုက်အတန့်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ၏ စတေးပေါက်ကွဲမှုတွင် အငွေ့ပျံသွားခြင်း ဖြစ်နိုင်သည်။

“ကောင်းကင်လမ်းစဉ် လွတ်မြောက်သူရဲ့ စတေးပေါက်ကွဲမှုဆိုတာ ဒါမျိုးလား “

စူးချန်ကဲသည် သူ၏ ဟင်းလင်းပြင်သိုလှောင်ခန်းထဲမှ အဖြူရောင် ဧကရာဇ်ဝတ်ရုံအသစ်တစ်ထည်ကို ထုတ်ယူလိုက်ပြီး ဝတ်ဆင်လိုက်သည်။

“တကယ်ကို အထင်ကြီးစရာကောင်းတာပဲ၊ ငါ့ရဲ့ ဝတ်ရုံကိုတောင် အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲနိုင်ခဲ့တယ်”

ဤစကားကို ရှစ်တိ့ထျန်းသာကြားခဲ့လျှင်ဖြင့် သွေးအန်ထွက်မည်ကိုပင် စိုးရသည်။

သူ၏ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦး၏ အသက်ကို စတေးခဲ့ရသည့် တန်ဖိုးသည် စူးချန်ကဲ၏ ဝတ်ရုံကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။

ထို့အပြင် လေသံကို နားထောင်ရလျှင်ဖြင့်၊ စူးချန်ကဲသည်ပင် ၎င်း၏လုပ်နိုင်စွမ်းအပေါ် အလွန် အံ့အားသင့်နေပုံရသည်။

ဒါ သူ့ကို လှောင်ပြောင်နေတာပဲမဟုတ်လား!?

တကယ်တော့ ၊ စူးချန်ကဲအံဩနေသည်မှာလည်း မလွန်ချေ။

စူးချန်ကဲ၏ ခွန်အားသည် မည်မျှကြောက်ဖို့ကောင်းသည်ကို သူ့ကို နားလည်သူမည်သူမဆို သိကြသည်။ သူနှင့် ရင်ဆိုင်ဖူးသူများမှာ သူ၏ ကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်မျှင်ပင် တင်အောင်လုပ်နိုင်ဖို့ ခဲယဉ်းလှသည်။

သူ၏ အဖြူရောင်ဝတ်ရုံတစ်ထည်လုံးကို အပိုင်းပိုင်း ဆုတ်ဖြဲနိုင်ဖို့ဆိုတာ အလှမ်းဝေးလွန်းသည်။

စူးချန်ကဲသည် မဟာဧကရာဇ် နယ်ပယ်အဆင့်တွင် ကံကြမ္မာ၏မူလရင်းမြစ်ကို သိမ်းယူကာ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီး၊ သူ၏ ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်ထွက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် လွတ်မြောက် နယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အန္တိမလမ်းစဉ် လွတ်မြောက်သူအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့အပြင်၊ သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုသည် အမတသခင်များနှင့်ပင် ယှဉ်နိုင်သည်။

“ဒီကိစ္စက နည်းနည်းတော့ စိတ်ရှုပ်စရာပဲ”

“လူကိုယ်တိုင် လာတိုက်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အစားထိုး ရုပ်သေးရုပ်တစ်ခုကို စေလွှတ်လိုက်သတဲ့လား “

စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။ နှစ်ကာလပေါင်းများစွာ အသက်ရှင်လာသော လူအိုကြီး၏ အကြံအစည်များသည် တကယ်ကို တစ်မူထူးခြားပေသည်။

သူ့တွင် အပိုင်စီးထားသော ရုပ်သေးတစ်ခုရှိရုံသာမက နောက်ထပ် အစားထိုးရုပ်သေးတစ်ခုကိုတောင် ပြုလုပ်ထားသည်။

အကယ်၍ ၎င်းသည် နောက်ထပ် လွတ်မြောက်သူများကို ရုပ်သေးအဖြစ် ငါးခုခြောက်ခု‌လောက် ထပ်မံဖန်တီးလာပါက၊ သူအတွက် စိုးရိမ်စရာမရှိသော်လည်း အနှောင့်အယှက်ဖြစ်လာနိုင်သည်။

“ ရှစ်တိ့ထျန်းကို အမြန်ဆုံး ရှာဖွေရမယ် ၊ မဟုတ်ရင် နောက်ထပ် ရုပ်သေးရုပ်တွေဖန်တီးလာခဲ့ရင် ဒီကိစ္စက ရှုပ်ထွေးလာတော့မယ်”

ထို့နောက် စူးချန်ကဲသည် အမတလျှောက်လှမ်းတစ်လျှောက်ကို စူးစမ်းရှာဖွေရင်း၊ ရှစ်တိ့ထျန်းနှင့်ပတ်သတ်၍ ပိုပြီးအာရုံစိုက်ခဲ့သည်။

သူ၏ မူရင်းခန္ဓာကိုယ်ကို အပြည့်အဝ ဖမ်းမိသည်နှင့်၊ စူးချန်ကဲသည် ဗလာနိတ္ထိမျက်လုံးတော်၏ တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်သုံးကာ သူ့ကို အမြစ်ဖြတ် ဖျက်ဆီးပစ်ပေမည်။

အားလုံးကို ချင့်ချိန်စဉ်းစားပြီးနောက်၊

စူးချန်ကဲသည် အမတလျှောက်လှမ်း၏ အတွင်းပိုင်းဆီသို့ ကြည့်ရှုလိုက်သည်။

“ ဘိုးဘေးရဲ့စကားအရ....”

“ ဒီအမတလျှောက်လှမ်းအတွင်းပိုင်းမှာ ကြွင်းကျန်(မပြီးပြည့်စုံ) အမတတွေ တည်ဆောက်ထားတဲ့ ‘ထာဝရရှင်သန်ခြင်း အမတဂူ’ဆိုတဲ့နေရာ ရှိတယ်ဆိုပဲ..အဲ့ဒီမှာ ဖော့ကျွင်းဘိုးဘေးရဲ့ မိတ်ဆွေဟောင်း ချင်းရွှမ်တာအိုသခင် ရှိတယ်လို့ကြားတယ်...”

စူးချန်ကဲသည် တီးတိုးရေရွတ်လိုက်သည်။

“ ခေတ်ကာလ အဆက်ဆက် ဒီလောက်ကြာမြင့်ပြီးနောက်မှာ‌တောင်...ဒီလူ အသက်ရှင်နေဦးမလား “

အမှန်စင်စစ်၊ နောက်ဆုံးအကြိမ် အမတလျှောက်လှမ်းကို ဖွင့်လှစ်ခဲ့သည်မှာ အချိန်ကာလအားဖြင့် မရေမတွက်နိုင်အောင်ပင် ကြာမြင်ခဲ့ပြီ ဖြစ်သည်။

ထာဝရရှင်သန်ခြင်း အမတဂူ ရှိမရှိ ဆိုသည်ထက်၊ ရှိခဲ့လျှင်တောင် ယခုလောက်ဆို အကြီးအကျယ် ပြောင်းလဲသွားနိုင်ပြီ မဟုတ်လော။

သူသည် နက်နက်နဲနဲ စဉ်းစားမနေတော့ဘဲ၊ သူ၏မှော်စွမ်းအားများကို အသက်သွင်းကာ အမတလျှောက်လှမ်း၏ အတွင်းပိုင်းထဲသို့ ဦးတည်ကာ ပျံသန်းသွားလေတော့သည်။

………

နာရီအနည်းငယ်လောက်ကြာပြီးနောက် ၊

ကြယ်တာရာလမ်းတစ်လျှောက်၏ အလယ်တွင် ရှိနေသော ဧရာမရှေးဟောင်းမြို့တော်ကြီးတစ်ခုသည် စူးချန်ကဲ၏ အမြင်အာရုံထဲသို့ ကျရောက်လာသည်။

ဤရှေးမြို့ဟောင်းသည် ကောင်းကင်ပမာ မြင့်မားပြီး ၊ မြို့တံတိုင်းများကို အမျိုးအမည် မသိသော ပစ္စည်းဖြင့် ပြုလုပ်ထားဟန်တူသည်။

နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သောကြောင့် အရောင်မှာ မှောင်မှိုင်းနေပြီး ၊ အချိန်ကာလ၏ ခြေရာများကို တွေ့နေရသည်။

ထိုဧရာမမြို့ရိုးပေါ်တွင် အင်အားတတ်ကြွစွာ ရေးထိုးထားသော စာလုံးကြီးများ ရှိနေသည် -- လောကီကို မေ့ပျောက်၍ မသေလမ်းကို လျှောက်လှမ်းမည် : ကျဆုံးအမတမြို့တော်

“ကျဆုံးအမတမြို့တော်?”

စူးချန်ကဲ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအရိပ်အယောင်များ လှစ်ခနဲ့ဖြတ်သန်းသွားသည်။

အမတလျှောက်လှမ်းအတွင်း ဤထူးဆန်းသောမြို့ကြီးတစ်ခု ရှိနေရုံသာမက ‘ ကျဆုံးအမတမြို့တော်’ဟူသော အမည်နာမက ပို၍တောင် စိတ်ဝင်စားဖို့ကောင်းနေသည်။

ဤစကားလုံးများသည် အမတများပင်လျှင် ဤမြို့ထဲသို့ ဝင်ရောက်ပါက အဆုံး၌ ပျက်စီးယိုယွင်းသွားရမည်ဟု အဓိပ္ပာယ်ရလေသလော။

“တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းတယ်”

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် ကျဆုံးအမတမြို့တော်၏ မုခ်တံခါးတွင် ရပ်နေကြသော စွမ်းအားရှင်များကို သတိပြုမိလိုက်သည်။

အများစုမှာ ရှေးဟောင်းဧကရာဇ်နယ်ပယ် ပြီးပြည်စုံအဆင့် ဖြစ်ကြပြီး ၊ လူနည်းစုသာလျှင် လွတ်မြောက်နယ်ပယ်အဆင့် ဖြစ်သည်။ ရှားရှားပါးပါး ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူနှင့် ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတို့လည်း ရှိနေသည်။

သို့သော် ဤအချိန်တွင် ၎င်းတို့အုပ်စုသည် မြို့တံခါးရှေ့တွင် စိုးရိမ်ပူပန်သော အမူအရာများဖြင့် ရပ်တန့်နေကြသည်။

“ငါတို့ မဝင်ဘဲနေကြမလား အရင်ကလည်း လူတော်တော်များများ ဝင်သွားကြပြီမဟုတ်လား”

“ပြောရရင် ကွေးယွမ် သူတော်စင်နယ်မြေက ထျန်းမင်ရှေးဧကရာဇ်မင်းရဲ့ စိတ်နေစိတ်ထားက ထူးခြားတယ် ...အထူးသဖြင့် တိ့ကျန့်မဟာဧကရာဇ်မင်းတို့အဖွဲ့... သူတို့က ပထမဆုံးဝင်သွားတဲ့သူတွေပဲ!”

“ဟုတ်တယ်၊ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတချို့လည်း အတူဝင်သွားတယ် ထင်တယ်၊ သူတို့ အဆင်များပြေရဲ့လား”

လူအုပ်ကြီးသည် အမျိုးမျိုးဆွေးနွေးနေကြသလို၊ မထီမဲ့မြင်ပြောဆိုနေကြသော လူအချို့လည်း ရှိသည်။

“ငါ့မျက်လုံးထဲမှာတော့ ဒီလူတွေ ကိုယ့်သေလမ်းကို ရှာနေတာပဲ ၊ လွတ်မြောက်သူအဆင့်တောင် မရောက်သေးဘဲ ဒီလိုမျိုး ဝင်ရဲတယ်!”

လူသားလမ်းစဉ် လွတ်မြောက်သူတစ်ဦးက ဝင်ထောက်လိုက်သည်။

“ငါ့အထင်တော့ သူတို့ရဲ့အလောင်းတွေကို စူးချန်ကဲကို သိမ်းဆည်းခိုင်းရတော့မှာပဲ!”

ယခုအချိန်တွင်၊ သူတို့အားလုံးသည် အမတလျှောက်လှမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် မည်သူ၏အဆက်အသွယ် ၊ နောက်ခံအင်အားများကို ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။

ထာဝရအသက်ကို ရရှိနိုင်သ၍ ၊ တစ်ပါးသူကို စော်ကားရမည်ဆိုတောင် သူ့အတွက် အရေးမကြီးပေ။

ထို့အပြင် ကွေးယွမ် သူတော်စင် နယ်မြေ၏ ထင်ပေါ်ကျော်ကြားမှုသည် သူ့ကို အနည်းငယ် မနာလိုဖြစ်စေသည်။

သူသည် ယခုလိုအခြေအနေထိရောက်အောင်၊ ဘဝတစ်လျှောက် ရုန်းကန်ခဲ့ရသည်။ သို့သော် ၎င်းတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အကာအကွယ်ဖြင့် ကောင်းစားနေကြသည်။

ကွာဟချက်သည် အဘယ့်ကြောင့် ဤမျှကြီးမားရလေသနည်း။

“အို..? မင်းက ဒီလောက်ထိလောနေမှတော့”

“ ကျုပ် စူးမျိုးရိုးက ခင်ဗျားရဲ့ အလောင်းကို အရင်သိမ်းပေးရမလား?”

ထိုအချိန်တွင် ၊ စူးချန်ကဲ၏ အေးဆေးတည်ငြိမ်သော လှောင်ရယ်သံတချက် ထွက်ထွက်ပေါ်လာခဲ့သည်။

ဤရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လူတိုင်း တုန်လှုပ်သွားပြီး ရုတ်တရက် အေးခဲသွားကြသည်။

ဤအသံကို သူတို့ အလွန်ရင်းနှီးသည်။ အချို့က တုန်တုန်ယင်ယင် လေသံဖြင့် ရွတ်ဆိုမိကြသည့်အထိပင်။

“ ချန်ကဲထျန်းတိ့!?”

အပိုင်း(၅၅၇): နောက်ဘဝကြရင် သတိထားပေါ့

လူအုပ်ကြီးသည် အသံလားရာဆီသို့ လှည့်ကြည့်လိုက်သည်။

ဝတ်ရုံဖြူ လူငယ်တစ်ဦးသည် လက်ကိုနောက်ပစ်လျက် သူတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လှိုင်းလေထန်ကာ ၊ သူ၏ဘေးတဝိုက်တွင် တောက်ပသော မှော်သင်္ကေတများက တလိပ်လိပ် ရိုက်ခတ်လျက် လှုပ်ရှားထကြွနေသည်မှာ သူ့ကို ပို၍ပင် ရဲရင့်တည်ကြည်သော သူရဲကောင်းအဖြစ် ပေါ်လွင်စေသည်။

အထူးသဖြင့် ၊ သူ၏နှုတ်ခမ်းထောင့်တွင် တည်ငြိမ်သော အပြုံးတစ်ခုကိုချိတ်ဆွဲထားပြီး၊ သူ၏လှုပ်ရှားမှုတိုင်းက အတုမရှိသောအင်အားများကို ပြသနေသည်။

“စူး...ချန်ကဲထျန်းတိ့!?”

အရင်က ပြက်ရယ်ပြုခဲ့သူမှာ ဤအခိုက်အတန့်တွင် အသံများတုန်ရီလို့နေသည်။

စူးချန်ကဲ ထွက်ပေါ်လာသည့်နှင့် တပြိုင်နက် ၊ သူသည် စူးချန်ကဲနှင့် မျက်လုံးချင်းဆုံသွားသည်။

စူးချန်ကဲ၏ နှုတ်ခမ်းပေါ်က ခပ်ဖျော့ဖျော့ အပြုံးသည် ဤအဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။

“ မင်းတော့ သွားပြီပဲ “

စူးချန်ကဲသည် အနီးကပ် ရောက်ရှိလာသည်နှင့်အမျှ ၊ သူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် ဤနေရာတစ်ခုလုံးကို တုန်လှုပ်မြည်ဟည်းနေသည်။

လူတစ်စုသည် ကိုယ့်တံတွေးကိုမျိုချရင်း ၊ အရိုအသေတန်မဲ့ မပြုမှုရဲသဖြင့် စူးချန်ကဲထံ အလျင်အမြန် ဦးညွှတ်ကာ နှုတ်ခွန်းဆက်သခဲ့သည်။

“ ချန်ကဲထျန်းတိ့ကို ဂါရဝပြုပါတယ်!”

စူးချန်ကဲသည် ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြပြီးနောက် ၊ သူ၏အကြည့်များက ထိုလူသားလမ်းစဉ် လွတ်မြောက်သူထံသို့ ကျရောက်သွားသည်။

စူးချန်ကဲ၏အကြည့်ကို ခံယူလိုက်ရသော ထိုလူသားလမ်းစဉ် လွတ်မြောက်သူခမျာ အော်ငိုလိုက်ချင်တော့သည်။

သူ၏ မနာလိုစိတ်ကြောင့် သူသည် စကားကို မဆင်မခြင် ပြောဆိုမိခဲ့သည်။

စူးချန်ကဲ၏ ရောင်ဝါကို မခံစားမိသည့်အတွက် သူသည် အမှတ်မထင် ပြောဆိုမိခဲ့ခြင်းဖြစ်သည်။

“ ချန်ကဲထျန်းတိ့ ...ကျွန်တော် ....တကယ်ကို ..”

သူသည် ရှင်းပြရန် ကြိုးစားသော်လည်း၊ သို့သော် စူးချန်ကဲ၏ ကြောက်ခမန်းလိလိ စွမ်းအားများကြောင့် စကားလုံးများပင် ပြောမထွက်တော့ပေ။

ပတ်ဝန်းကျင်တွင် ရှိနေကြသော ရှေးဧကရာဇ်မင်းများ၊ ကံကြမ္မာ ရှေးဧကရာဇ်မင်းများပါမကျန် ကိုယ့်တံတွေးကိုမျိုချနေရသည်။

သိပ်ကို ကြောက်စရာကောင်းတာပဲ!

စူးချန်ကဲသည် စကားတစ်ခွန်းမှတောင် ပြောစရာမလိုဘဲ လွတ်မြောက်သူတစ်ဦးကိုပင် ဤကဲ့သို့တုန်လှုပ်အောင် လုပ်နိုင်သည်။

ပတ်ဝန်းကျင်က လူများ၏ အကြည့်များကို လျစ်လျူရှုကာ၊ စူးချန်ကဲသည် နွေးထွေးစွာ ပြုံးပြလေ၏။

“ ဘာမှမဖြစ်ပါဘူး၊ သေးသေးမွှားမွှား ကိစ္စလေးပါပဲ “

ထိုစကားကြားသည်နှင့် ၊

လုအုပ်ကြီးသာမက ၊ ထိုအနှီလွတ်မြောက်သူပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

စူးချန်ကဲလိုလူက သူ့ကိုအပြစ်မတင်ဘဲ နှစ်သိမ့်ပေးသတဲ့လား !?

“နေ အနောက်အရပ်ကနေ ထွက်လာတော့မှာလား “

သို့သော် ၊

လူတိုင်းအံ့အားသင့်နေတုန်း ၊

စူးချန်ကဲသည် သူ့လက်ကို ထိုလွတ်မြောက်သူ၏ပခုံးပေါ်သို့ တင်လိုက်သည်။

“နောက်ဘဝကြရင် ပိုသတိထားပေါ့ “

ချက်ချင်းဆိုသလိုပင်...

စူးချန်ကဲ၏ လက်ဝါးထဲမှ ကြောက်မက်ဖွယ်ကောင်းသော အားအင်များ ပေါက်ကွဲထွက်လာလာပြီး ၊ နတ်တောင်ကြီးတစ်ခုသဖွယ် ထိုလူသားလမ်းစဉ် လွတ်မြောက်သူကို ဖိနှိပ်လိုက်သည်။

“စူးချန်ကဲ! မင်းငါ့ကို ဘာလုပ်မလို့တုန်း!?”

ထိုလူသားလမ်းစဉ် လွတ်မြောက်သူ၏ တုံ့ပြန်မှုသည် မနှေးသော်လည်း၊ စူးချန်ကဲနှင့်ယှဉ်ရင် ၊ ကွာဟမှုက ကြီးမားလွန်းသည်။

အချိန်မီတုံ့ပြန်ခဲ့သော်လည်း ၊ စူးချန်ကဲ၏ ဖိနှိပ်မှုအောက်တွင် မည်သည့်တန်ခိုးစွမ်းအားမျှ ခုခံနိုင်စွမ်းမရှိခဲ့ချေ။

“ ဒီမြို့က အတော်လေး ထူးဆန်းတယ်လို့ ငါထင်တယ်”

စူးချန်ကဲက အေးဆေးပြုံးလိုက်သည် ။

“ မင်းကို ငါ့အစား စမ်းကြည့်ခိုင်းရမယ်”

ထို့နောက် သူ့လက်ထဲ အားထည့်လိုက်သည်နှင့် ထိုအနှီလူသည် ဘောလုံးတစ်လုံးကဲ့သို့ ကျရှုံးအမတမြို့ဆီသို့ ပစ်ကန်ခံလိုက်ရသည်။

ဝုန်း ——!!

စူးချန်ကဲ၏ သာမန်အားတစ်ချက်တည်းဖြင့် ၊ ထိုအနှီလူမှာ ဟိုးအဝေးဆုံးနေရာထိ လွင့်ထွက်သွားခဲ့ရသည်။

တစ်ခဏအတွင်း၊ ထိုအနှီလူသည် ကျဆုံးအမတမြို့၏ မြို့ရိုးအထက် လေထုကို ထိုးဖောက်၍ ပျံသန်းသွားသည်။

ထိုအရှိန်နှင့်အကွာအဝေးအတိုင်းဆိုလျှင်ဖြင့် ၊ ထင်မှတ်မထားသော ကိစ္စများသာမရှိခဲ့ပါက ထိုအနှီလူသည် မြို့ရိုးကိုဖြတ်၍ ကျဆုံးအမတမြို့အတွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်မည်ဖြစ်သည်။

သို့သော် ၊ ထင်မှတ်မထားသော ကိစ္စများသည် အမြဲတမ်း ပေါ်လာတတ်သည်။

၎င်းသည် မြို့နံရံကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၊

ဝီ~!!

မမြင်နိုင်သော နိယာမအတားအဆီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသကဲ့သို့ မြို့တစ်ခုလုံး ဝင်းထိန်တောက်ပသွားသည်။

ထိုလွတ်မြောက်သူသည် မြို့ရိုးကိုမကျော်ရသေးခင်မှာပဲ ၊ ၎င်းနှင့်ထိမိသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

ဝုန်း!!

“အား~!!”

လူကို ထိတ်လန့်တုန်လှုပ်စေသော ပေါက်ကွဲသံသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို ရိုက်ခတ်သွားသည်။

ရုတ်တရက်ပေါ်ပေါက်လာသော အဆိုပါစွမ်းအားကြောင့် ထိုအနှီလူသည် တဒင်္ဂအတွင်း သွေးမှုန်များအဖြစ်သို့ ခြေမွခံလိုက်ရသည်။

အသားစများနှင့် သွေးစက်များသည် ကောင်းကင်မှ မိုးရွာသွန်းလေသကဲ့သို့ ကျဆင်းလာသည်။

ကျဆုံးအမတမြို့တွင် ထူးဆန်းသောမှော်စွမ်းအားတစ်ခု ရှိပုံရသည်။ ပုံမှန်အားဖြင့် မဟာဧကရာဇ် နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးသားသူများ၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်အားကောင်းသည်။

သူတို့၏ ကိုယ်ခန္ဓာပျက်စီးသွားသည့်တိုင် အချိန်အတော်ကြာ ရှင်သန်နိုင်သေးသည်။

သို့သော် ဤလွတ်မြောက်သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီးနောက် ၊ သူ၏ စိတ်ဝိညာဉ်သည် မြို့တစ်ခုလုံး၏ စုပ်ယူခြင်းကိုခံလိုက်ရသကဲ့သို့ တဟုတ်ချင်း ကွယ်ပျောက်သွားသည် ။

“အမ်...?”

“ ကြည့်ရတာ ဒီမြို့တံခါးကနေပဲ တည့်တည့်ဝင်ရမယ် ဆိုတဲ့သဘောပဲ... “

စူးချန်ကဲသည် ရေရွတ်လိုက်သည်။

“ဒီမှာဖုံးကွယ်ထားတဲ့ ထူးဆန်းတဲ့အစီအရင်က ကျင့်ကြံသူတစ်ဦးရဲ့ မှော်စွမ်းအားနဲ့ ဝိညာဉ်ကိုတောင် စုပ်ယူနိုင်တယ်ဆိုတော့...ဒါအတော်လေး ထူးဆန်းတာပဲ..”

သို့သော် ဤစကားများကိုကြားလိုက်ရသူတိုင်း ၊ ခေါင်းနားပန်းကြီးကုန်ကြသည်။

အစဉ်အလာကို ချိုးဖျက်ကာ သမိုင်းတစ်လျှောက် ရာဇဝင်တင်မည့် ထာဝရထျန်းတိ့ဆိုသည့်အတိုင်းပင်။

သာမန်လူတစ်ယောက်သည် ဤမြို့တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်ကြပေလိမ့်မည်။

စူးချန်ကဲကို ကြည့်လိုက်စမ်း! စည်းမျဉ်းအတိုင်း မလိုက်ဘဲ တံခါးကိုကျော်ပြီး တိုက်ရိုက် ဝင်လို့ရမရ စမ်းသပ်ကြည့်တာများ ...

သို့သော် လူတိုင်း၏အာရုံသည် ဤနေရာတွင်မဟုတ်။

စူးချန်ကဲ၏ အံ့မခန်းလောက်သော ခွန်အားကိုပင်။

၎င်းတို့၏နဖူးတွင် ချွေးများသီးနေကာ စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်နေကြသည်။

သူသည် တစ်ချက်တည်းဖြင့် ၊ လူသားလမ်းစဉ် လွတ်မြောက်သူကို အလွယ်တကူ နှိပ်ကွပ်ခဲ့သည်။

ဤနေရာကို ဝင်ရောက်ရန် အနည်းဆုံး ရှေးဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်ရှိဖို့ လိုအပ်သည်။

လူသားလမ်းစဉ် လွတ်မြောက်သူသည် သူတို့ထဲက အားကြီး‌ဆုံးသူတစ်ဦးဖြစ်ပါသော်လည်း ၊ စူးချန်ကဲ၏ လက်ထဲတွင် ကြက်ပေါက်စလေးတစ်ကောင်လို အလွယ်တကူ ကိုင်တွယ်ခံလိုက်ရသည်။

သူတို့ကိုယ်တိုင် စူးချန်ကဲ၏ ခွန်အားကို ရှင်းရှင်းလင်းလင်း မသိမြင်ဘဲ ယခုလို ပေါ့ပေါ့ပါးပါး ကိုင်တွယ်သွားသည်ကို မြင်လျှင်ဖြင့် ၊ ‘ငါသည်လည်း သူ့လိုလုပ်နိုင်၏’ ဆိုသည့် အတွေးမျိုးပေါ်လာနိုင်သည်။

သို့သော် ထိုကဲ့သို့အရဲစွန့်မိပါက ၊ ယခုလောက်ဆို သူတို့၏ ဂူသချိုင်းတွင် မြက်ပင်များအတော်လေး ကြီးထွားလောက်ပြီပင်။

“ငါတို့... အတတ်နိုင်ဆုံး ချန်ကဲထျန်းတိ့နဲ့ ဝေးဝေးနေသင့်တယ်..မဟုတ်ရင် ငါတို့ရဲ့ တာအိုနှလုံးသား‌တွေ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”

စူးချန်ကဲ၏ ယခုလိုလုပ်ရပ်များကို အကြိမ်ကြိမ် တွေ့မြင်ရမည်ဆိုပါက၊ အတိုင်းအတာတစ်ခုထိ ထိခိုက်ရပေလိမ့်မည်။

အကယ်၍ ဝူကျီအောက်ထျန်းသာ ဤနေရာတွင် ရှိနေခဲ့ပါက၊ သူသည် ဤလူများ၏ လက်ကို ဆုပ်ကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးမည်မှာ သေချာသည် -

နောက်ဆုံးတော့ ငါ့ရဲ့ ဘော်ဒါကြီးတွေကို ရှာတွေ့ခဲ့ပြီပဲ !!

မှန်၏ ၊ ကုံလမ်းစဉ် ကျွမ်းကျင်သူ ဝူကျီအောက်ထျန်းသည် ဤအချက်ကို အရင်ကတည်းက သိမြင်နားလည်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ဤ‌တစ်ခေါက် အမတလျှောက်လှမ်း ဖွင့်လှစ်ခဲ့ချိန်တွင် သူသည် လော့ဟယ်ဓားဂိုဏ်းမှ ဓားသမားများကို ထိုနေရာသို့မသွားရန် လိမ္မာပါးနပ်စွာ ဦးဆောင်ခဲ့သည်။

ဤမျှ ကျဉ်းမြောင်းသော ကမ္ဘာကြီးထဲ စူးချန်ကဲနှင့် ဆုံတွေ့ရမည်မှာ ဧကန်မလွဲပင်။

စူးချန်ကဲ၏ ကြီးကျယ်ခမ်းနားသော လုပ်ရပ်များကို ကြုံတွေ့ရတိုင်း ၊ မိမိတို့၏ တာအိုနှလုံးသားများသည် မငြိမ်မသက်ဖြစ်ရုံသာမက မိမိဓားဂိုဏ်း၏ ဘိုးဘေးများထံမှ အဆဲအဆိုခံရသေး၏။

စူးချန်ကဲတောင် ဒါတွေလုပ်ပြနိုင်တာ မင်းကရော ? အားတိုင်းယားတိုင်း ကုံကျမ်းစာပဲ ထိုင်ကူးမနေနဲ့ !!

ဤကိစ္စနှင့်ပတ်သက်ပြီး ဝူကျီအောက်ထျန်း၏ တစ်ခုတည်းသော ချေပချက်မှာ -

သူများက ကုလားဖန်ထိုးထားတာကိုး!!

ကိုယ်တွေက ပျင်းရိပျင်းတွဲ ငါးတစ်ကောင်လေ .. သူနဲ့ နှိုင်းယှဉ်လို့ရမှာတဲ့လား !?

တစ်ချိန်တည်းမှာပင် ။

လူတိုင်း၏ အမူအရာများသည် လေးနက်နေကြသည်။

“ချန်ကဲထျန်းတိ့ရဲ့ စမ်းသပ်မှုကနေတောင် တွေ့လိုက်ရတာက....ကျဆုံးအမတမြို့ အပြင်ဘက်မှာတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ အစီအရင်ကြီးတစ်ခု ရှိနေတာ...”

“အတွင်းဘက်မှာသာ ဆိုရင် ၊ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ...”

“ငါတို့ တကယ်ပဲ ဝင်သင့်ရဲ့လား...? အထဲမှာ တစ်ခုခုမှားယွင်းသွားတာနဲ့... ဝိညာဉ်ပါ ပျက်စီးသွားနိုင်တယ်...”

ဆွေးနွေးမှုအပြီးတွင် ၊ လူတိုင်း၏ စိတ်ထဲ၌ အကြောက်တရားများ စိုးမိုးလာခဲ့သည်။

သူတို့သည် ထာဝရ ရှင်သန်ခြင်းကို ရှာဖွေရန် ဤနေရာသို့ လာရောက်ခြင်းဖြစ်ပြီး ၊ အသက်စွန့်ရန် မဟုတ်။

သို့သော် မဝင်ပြန်ရင်လည်း ၊ သူတို့သည် အခွင့်အလမ်းကောင်းများကို လက်လွတ်ဆုံးရှုံးရနိုင်သည်။

အပိုင်း(၅၅၈): ကြွင်းကျန်(မပြီးပြည့်စုံ) အမတ၏အရိုးများ ၊ သူတို့အားလုံး ရူးနေပြီ!

လူတိုင်း စဉ်းစားနေကြစဉ်။

ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် လူအုပ်ကြီးကိုဖြတ်ကာ မြို့တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။

စူးချန်ကဲ၏ မျက်စိရှေ့၌ ရှိနေသော မြို့တံခါးကြီးသည် အလင်းလှိုင်းများ ဖြာကျလာသည်ကို မြင်လိုက်ရသည်။

ပုံမှန်အားဖြင့် တွန်းဖွင့်စရာမလိုဘဲ၊ ခြေလှမ်းလှမ်းလိုက်ရုံဖြင့် ဝင်ရောက်နိုင်ပုံရသည်။

အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက်၊ စူးချန်ကဲသည် မြို့တံခါးထဲသို့ ရဲရဲဝံ့ဝံ့ ခြေလှမ်းစတင်လိုက်သည်။

“ ချန်ကဲထျန်းတိ့...!?”

သတိပြန်ကပ်လာသော စွမ်းအားရှင်များသည် မနေနိုင်ဘဲ အာမေဠိတ်ပြုလိုက်ကြသည်။

စူးချန်ကဲက ဒီတိုင်း ဝင်သွားသတဲ့လား ၊ အထဲမှာ ဘယ်လိုကြောက်စရာကောင်းတဲ့ အရာတွေနဲ့ တွေ့ရမလဲဆိုတာ နည်းနည်းမှ မကြောက်ဖူးတဲ့လား !?

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို ခံစားမိသကဲ့သို့၊ စူးချန်ကဲသည် အနည်းငယ် လှည့်ကြည့်ကာ ပြုံးလျက်မေးလိုက်သည်။

“ဘာလဲ...? ကြောက်နေကြပြီလား?”

“ဒီလောက်နဲ့တောင် ကြောက်နေမယ်ဆိုရင်... အစကတည်းက ဘာလို့ ဒီကိုလာခဲ့ကြတာလဲ?”

ထိုစကားသံနှင့်အတူ ၊

စူးချန်ကဲသည် နောက်ထပ် လှည့်မကြည့်တော့ဘဲ၊ သူ၏ပုံရိပ်သည် တံခါးဝတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

သို့သော်...

ပတ်ဝန်းကျင်ရှိ လူတိုင်း ခဏတာ ကြောင်အမ်းစွာဖြင့် ရပ်နေမိသည်။

ထိုစကားလုံးများသည် သူတို့၏နှလုံးသားကို ထိုးနှက်နိုင်ခဲ့သည်မှာ သံသယဖြစ်စရာမရှိပေ။

မှန်၏ ။ သူတို့ ဤနေရာသို့ ရောက်လာခဲ့သည်မှာ ထာဝရ ရှင်သန်ခြင်းဟူသော အရာကို ရှာဖွေရန်အတွက်ပင် မဟုတ်လော။

ဤမျှအရာနဲ့တင် ကြောက်နေမည်ဆိုပါက ၊ သူတို့သည် အဘယ့်ကြောင့် ဤနေရာသို့ ဝင်ရောက်လာသနည်း။

“ ချန်ကဲထျန်းတိ့လည်း ငါတိုလို့ အသွေးအသားနဲ့ လူတစ်ယောက်ပဲ ၊ သူတောင် မကြောက်ရင် ငါတို့ကလည်း ဘာဖြစ်လို့ ကြောက်နေရမှာလဲ”

ရှေးဧကရာဇ်မင်းတစ်ဦးသည် ထိုသို့ကြွေးကြော်ပြီးနောက် မတွန့်မဆုတ်ဘဲ တံခါးထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ဤလုပ်ရပ်ကြီးသည် ဆုံးဖြတ်ချက်မချနိုင်သေးသော သူများကို လှုပ်ခတ်သွားစေခဲ့သည်။

လူသေရင် မြေတစ်‌ဆုပ်သာ ကျန်ရစ်တော့သည်။အကယ်၍ ထာဝရ ရှင်သန်ခြင်းဟူသော အရာကို ရှာဖွေလိုပါက ၊ ဤအသက်တစ်ချောင်းကို အဘယ့်ကြောင့် စိုးရိမ်နေရဦးမည်နည်း။

ဤသို့ဖြင့် လူတိုင်း၏ စိတ်ဓာတ်များသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

……

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲသည် ကျဆုံးအမတမြို့တွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်။

သူ့နှာခေါင်းထဲသို့ တန်းဝင်လာသည့်အရာမှာ နှစ်ပေါင်းမည်မျှကြာပြီဖြစ်သော အနံ့ဆိုးများပင် ဖြစ်သည်။

ဟူး——!!

အမည်မသိ လေအေးတချက် တိုက်ခတ်သွားလေရာ ၊ ပတ်ဝန်းကျင်၏အပူချိန်သည် သိသိသာသာကျဆင်းလာပြီး ပို၍အေးစက်လာသည်။

ထို့အပြင်၊ ဤနေရာသည် အလွန်ထူးဆန်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

အလင်းရောင်အတွက် အသုံးပြုသော မှော်အတတ်များသည် အလုပ်မလုပ်နိုင်ဘဲ ၊ ၎င်းကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် လေထုထဲရှိ ထူးဆန်းသောစွမ်းအားများက စုပ်ယူသွားသည်။

သို့သော် ၊ စူးချန်ကဲ၏ခန္ဓာကိုယ်သည် ဆင့်ကဲပြောင်းလဲခြင်းမှ အဆင့်မြင့်မားသော အခြေအနေတစ်ရပ်ထိ ရောက်ရှိထားပြီး ဖြစ်သဖြင့် ကိုယ့်လက်ကိုတောင် မမြင်ရသော အမှောင်ထုအတွင်း၌ပင် သူသည် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဤနေရာသည် စိတ်ပျက်ဖွယ်ကောင်းသော လူသူကင်းမဲ့ရာဒေသ ဖြစ်သည်။

ဘယ်နေရာကိုပင်ကြည့်ကြည့် ၊ အပျက်အစီးများဖြင့် ပြည့်နှက်နေသည် ။

အနံ့ဆိုးများထွက်နေသော သွေးနံ့များသည် လေထုထဲတွင် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက စုပုံလာသော သွေးပုပ်များဖြစ်ပုံရသည်။

စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်ကိုပစ်ထားပြီး အမှောင်ထုထဲတွင် လျှောက်လှမ်းရင်း ၊ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေသည်။

“ထူးဆန်းလိုက်တာ...ဒီကောင်တွေပြောတော့ ဆရာတူအစ်ကိုနဲ့အစ်မတို့ က အရင်ဝင်သွားတယ်လို့ ပြောခဲ့ပေမယ့်....”

“ ဘာလို့ သူတို့ရဲ့ အရိပ်အယောင်ကို မတွေ့ရတာလဲ...”

သေချာကြည့်မည်ဆိုပါက ၊ ထူထဲသော ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော ကျောက်လမ်းမပေါ်တွင် စူးချန်ကဲ၏ ခြေရာများသာ ကျန်ရစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ဤကျဆုံးအမတမြို့တွင် နေရာလွတ်များစွာ ရှိနေခြင်းဖြစ်မည်ဟု စူးချန်ကဲသည် ခန့်မှန်းခဲ့သည်။

ဤနေရာသို့ ဝင်ရောက်လာသူတိုင်းသည် မတူညီသော နေရာလွတ်များထဲသို့ ဝင်ရောက်သွားသည်။ ထို့ကြောင့်သာလျှင် ၊ တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြခြင်း ဖြစ်သည်။

……..

ကျဆုံးအမတမြို့အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ၊ ပို၍ ဆိတ်ညံလာကာ အပျက်အစီးများစွာကို တွေ့လာရသည်။

ပြိုလဲပျက်စီးနေသော အမတသခင်များ၏ရုပ်တုများသည် မြေပြင်တွင် ပြန့်ကြဲလျက်ရှိသည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ၊ ဤအပျက်အစီးများကြားတွင် တစ်စစီဖြစ်နေသော အရိုးစုများ ရောထွေးပြန့်ကျဲနေခြင်းပင် ဖြစ်သည်။

ထိုအပျက်အစီးများပေါ်တွင် ၊ အမျိုးအမည်မသိသော အရိုးများစွာ ရှိနေပြီး ပြန့်ကျဲနေသည်မှာ ထူးဆန်းခြင်းနှင့် ဆိတ်သုဉ်းခြင်းတို့ကို ခံစားရစေသည်။

စူးချန်ကဲသည် သူ့ခြေအောက်တွင် ရှိနေသော လူသားဦးခေါင်းခွံနှင့်ဆင်သည့် အရိုးတစ်ခုကို ကောက်ယူလိုက်သည်။

အလင်းဖျော့ဖျော့ တောက်ပနေသော ထိုအရိုးခေါင်းကိုကြည့်ရင်း၊ သူသည် မနေနိုင်အောင်ပင် အံ့အားသင့်ခဲ့ရသည်။

“ ဒီလောက်နှစ်ကာလကြာပြီးတာတောင်... အရိုးမှာ အမတစွမ်းအားရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတာလား....”

“ ပြီးတော့ ၊ ဒီရဲ့ရောင်ဝါအရ အမတအလိုဆန္ဒက သိပ်ပြီးမပြည့်စုံသေးဘူး...”

“မဟုတ်မှလွဲရော... ဒါက ကြွင်းကျန်(မပြီးပြည့်စုံ) အမတရဲ့ အရိုးလား?”

စူးချန်ကဲသည် ပတ်ဝန်းကျင်တွင် ထပ်မံရှာဖွေခဲ့ရာ အလားတူ ဦးခေါင်းခွံများစွာကို ထပ်မံတွေ့ရှိခဲ့သည်။

သူ၏ စစ်ဆေးမှုအရ၊ ဤအရာအားလုံးသည် ကြွင်းကျန်(မပြီးပြည့်စုံ) အမတ၏ အရိုးများသာ ဖြစ်သည်။

“ ဘယ်လိုလုပ်ပြီး ကျဆုံးအမတမြို့မှာ ဒီလောက်များပြားတဲ့ ကြွင်းကျန်(မပြီးပြည့်စုံ) အမတရဲ့ အရိုးတွေ ရှိနေရတာတုန်း”

စူးချန်ကဲသည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

ထို့အပြင်၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အတော်လေး ပျက်စီးနေပြီး ၊ အရိုးများပေါ်ရှိ အက်ကြောင်းများအရ လှံ သို့မဟုတ် ဓားဖြင့် ခုတ်ထားခံရပုံပေါ်သည်။ ဤအရာများကို ကြည့်လျှင်ဖြင့် တစ်ပါးသူ၏လက်ချက်ဖြင့် အသတ်ခံထားရသည်မှာ ဧကန်မလွဲပင် ။

“ ဒါပေမဲ့ ၊ ကြွင်းကျန်(မပြီးပြည့်စုံ) အမတတွေက လွတ်မြောက်သူအဆင့်ထက် မြင့်တယ်မဟုတ်လား...”

“ဒီလောက်များပြားတဲ့ ကြွင်းကျန်(မပြီးပြည့်စုံ) အမတတွေကို သတ်ဖြတ်နိုင်တာ ဘယ်သူများလဲ “

စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း ၊ စူးချန်ကဲသည် ဆက်လက်ခရီးနှင်ခဲ့သည်။

သို့သော် သိပ်မကြာမီ ၊ အရှေ့တွင် ပျက်စီးနေသော ကျောက်တံခါးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုကျောက်တံခါးကြီး၏ ပတ်ပတ်လည်တွင် ကြွင်းကျန်(မပြီးပြည့်စုံ) အမတ၏ အရိုးအကြွင်းအကျန်မရှိသော်လည်း ၊ ခန်းခြောက်နေသည့် ကြွင်းကျန်(မပြီးပြည့်စုံ) အမတအလောင်း ၆ လောင်းကို တွေ့ရှိလိုက်ရသည်။

ထိုအလောင်းများမှာ ကြွင်းကျန်(မပြီးပြည့်စုံ) အမတများ ဖြစ်ကြောင်း စူးချန်ကဲသည် မှန်းဆခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ကျန်ရစ်နေခဲ့သော အမတအလိုဆန္ဒ အကြွင်းအကျန်များကို ခံစားမိခဲ့သောကြောင့် ဖြစ်သည်။

အလောင်းများသည် ဖရိုဖရဲဖြစ်နေကာ ၊ လူတိုင်း၏ တန်ထျန်းအမှတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုရှိနေပြီး ၊ ဤသည်က သေဆုံးရခြင်း အကြောင်းရင်းဖြစ်ပေသည်။

ထိုနေရာသည် နတ်ရင်းမြစ်ဖြစ်ပြီး ၊ အသက်တမျှ အရေးကြီးသော အစိတ်အပိုင်းလည်း ဖြစ်သည်။

(T/N - နတ်ရင်းမြစ် - စွမ်းအင်အရင်းအမြစ်)

“ တန်ထျန်းအမှတ်မှာ ဖောက်ထွင်းခံရတာဆိုတော့.... မဟုတ်မှလွဲရော စွမ်းအင်အရင်းအမြစ်ကို လုယက်ဖို့လား “

စူးချန်ကဲ အတွေးများနေတုန်းမှာပဲ ၊

ဝုန်း ——!!

ရုတ်တရက်၊ နဂိုက မြေပြင်ပေါ်တွင် ပြိုလဲကျနေသည့် ကြွင်းကျန်(မပြီးပြည့်စုံ) အမတအလောင်းခြောက်များမှ ထူးဆန်းသော အမှောင်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအမှောင်စွမ်းအင်လှိုင်းများ လှိုင်လှိုင်ထွက်ပေါ်လာသည်နှင့်အမျှ ၊ နှစ်ပေါင်းမည်မျှ အိပ်စက်နေခဲ့မှန်း မသိနိုင်သည့် ထိုအလောင်းခြောက်များသည် ချက်ချင်းဆိုသလို မတ်တပ်ထရပ်လာကြသည်။

၎င်းတို့၏ မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းများ လှစ်ခနဲ့ဖြတ်သန်းသွားပြီး၊ ခြောက်သွေ့ကျုံ့နေသော လက်များကို ဓားသဖွယ် ဆောင့်မြှောက်ကာ စူးချန်ကဲ၏ဦးခေါင်းအား ပြတ်ပြတ်သားသား ခုတ်ချလိုက်သည်။

“ သေချင်နေတာပဲ !”

စူးချန်ကဲသည် အေးစက်စွာ အသံပြုပြီးနောက် သူ၏လက်သီးကို ခပ်တင်းတင်း‌ဆုပ်လိုက်သည်နှင့် ၊ လက်သီးတွင် တောက်ပသော နတ်အလင်းများ ဟုန်းခနဲ့ တောက်လောင်လာသည်။

ဝုန်း ——!!

ထို့နောက် သူ၏လက်သီးဖြင့် ရှေးဦိးစွာ တိုက်ခိုက်လာသည့် ကြွင်းကျန်အမတအလောင်းခြောက်များကို ထိုးနှက်လိုက်သည်။

ပူပြင်းတောက်လောင်သော လက်သီးအလင်းသည် ရှေးဟောင်းကြယ်တစ်စင်းကဲ့သို့ ပေါက်ကွဲသွားသည်။

ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့ရိုက်ခတ်သွားသည်။

ထိုကြွင်းကျန်အမတအလောင်းများမှာ နှစ်ကာလကြာမြင့်စွာ ယိုယွင်းနေပြီဖြစ်သောကြောင့် အလွန်ပျက်စီးလွယ်သည်။

စူးချန်ကဲ၏ ထိုးနှက်မှုကို မည်သည့်အရာကမှ ခံနိုင်ရည်ရှိမည်မဟုတ်။

ဘုန်း ——!!

ဦးဆောင်တိုက်ခိုက်လာသော ကြွင်းကျန်အမတအလောင်းခြောက် နှစ်ကောင်သည် ထိုလက်သီး၏ တိုက်ခတ်မှုကြောင့် ချက်ချင်းဆိုသလိုပင် ကြေမွကာ သဲမှုန့်များအဖြစ် ပြိုကွဲပျက်စီးသွားသည်။

ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျန်ရှိနေသေးသည့် အလောင်းခြောက် လေးကောင်သည် လူသားများကဲ့သို့ ခဏတာ ငေးငိုင်သွားကြသည်။

သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ လျှပ်တပြက် ဖြစ်ပေါ်လာကာ၊ တိုက်ခိုက်ရန်ပင် မေ့လျော့နေကြသည်။

စူးချန်ကဲသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်။ လက်သီးမှ လက်ဝါးအဖြစ်သို့ ပြောင်းလဲကာ နောက်တစ်ဖန် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဘုန်း ——!!

ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းထားနိုင်သော ဧရာမလက်ဝါးရိပ်ကြီးသည် အောက်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ၊ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် နေရာအနှံ့ လွင့်စင်သွားလေရာ ကျန်ရှိသောအလောင်းခြောက် လေးကောင်စလုံးကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်၊ အခိုးအငွေ့များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ပြာဖြစ်သွားသော အလောင်းများကို ကြည့်ရင်း စူးချန်ကဲသည် တီးတိုးရေရွတ်လိုက်သည်။

“ထူးဆန်းတယ်...ဒီအလောင်းတွေက ဟိုးအရင်ကတည်းက သေဆုံးသွားတာဆိုတော့ သူတို့ရဲ့ စိတ်ဝိညာဉ်တွေလည်း အရင်ကတည်းက ပျောက်ကွယ်သွားရမှာလေ”

“ ဒါပေမဲ့.. သူတို့ရဲ့ မျက်လုံးထဲမှာ ဘာလို့လန့်ဖျပ်နေတဲ့ အမူအရာမျိုးရှိနေရတာလဲ..”

“ မဟုတ်မှလွဲရော... တစ်စုံတစ်ယောက်ကများ ထိန်းချုပ်ထားတာလား ..”

သို့သော် ဤကျဆုံးအမတမြို့တွင် အဘယ့်ကြောင့် အသက်ရှင်နေသူ ရှိနေရသနည်း။

ကြွင်းကျန်(မပြီးပြည့်စုံ)အမတ၏အလောင်းကို ခြယ်လှယ်နိုင်သည့်အထိ ထိုအနှီလူသည် မယုံနိုင်လောက်အောင် အစွမ်းထက်ရပေမည်။

မဟုတ်မှလွဲရော ကြွင်းကျန်(မပြီးပြည့်စုံ) အမတလား ?

စူးချန်ကဲသည် စဉ်းစားတွေးခေါ်ရင်း၊ အပျက်အစီးများထဲမှ ထောင့်တစ်နေရာကို ရုတ်တရက် သတိထားမိလိုက်သည်။

ထိုနေရာတွင် ဝါကျတစ်ကြောင်း ရေးထားပုံရသည်။

အနီးကပ်စစ်ဆေးပြီးနောက် ၊ စူးချန်ကဲသည် သက်ပြင်းချလိုက်သည်။ ဤစကားလုံးများကို သွေးများဖြင့် ရေးသားထားခြင်း ဖြစ်သည်။

“ ရူးနေပြီ ! သူတို့အားလုံး ရူးနေကြပြီ!!!”

“သူတို့က လူသားမဟုတ်တော့ဘူး!!! ငါတို့ ထွက်ပြေးရမယ်...!”

အပိုင်း(၅၅၉): တစ်ချိန်က ညီအစ်ကိုတွေ ဖြစ်ခဲ့ပါလျက်နဲ့ ၊ အဘယ့်ကြောင့် ယခုလို တစ်ယောက်ကိုတစ်ယောက် ရက်စက်စွာ တိုက်ခိုက်ကြရသနည်း

“အကုန် ရူးနေပြီ....!?”

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဤသွေးစာများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေးထားပုံပေါက်သည်။

ထို့အပြင်၊ ဤသွေးစက်များတွင် ကျန်ရှိနေသည့် စွမ်းအင်အရ ၊ ရေးသားသူသည် ကြွင်းကျန်အမတ ဟု ယူဆရသည်။

မည်သို့ပင်ဖြစ်စေ ၊ ကြွင်းကျန်အမတအဆင့်ရှိ ကျင့်ကြံသူသည် ဤအမတလျှောက်လှမ်းတစ်ခုလုံးတွင် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သူတစ်ဦးဖြစ်သည်။

“ မဟုတ်မှလွဲရော .. အမတလျှောက်လှမ်းမှာ တစ်ခုခုဖြစ်သွားခဲ့တာလား...”

စူးချန်ကဲသည် စိတ်ထဲကနေ မှန်း‌ဆကာ ကောက်ချက်ချခဲ့သည်။

“ အမတလျှောက်လှမ်းမှာ ကျန်ရှိနေတဲ့ ကြွင်းကျန်အမတတွေက အမည်မသိ ထိတ်လန့်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာများလား...”

ထို့အပြင် ကျဆုံးအမတမြို့တော်တွင် သူတွေ့မြင်ခဲ့ရသည့်အရာများကို အခြေခံကြည့်လျှင်ဖြင့် ၊

ကြွင်းကျန်အမတများသည် မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရပြီး ၊ ကြေကွဲဖွယ်ရာကောင်းသော အခြေအနေမျိုးဖြင့် ဆုံးပါးသွားခဲ့ရသည်။

ထွေထွေထူးထူး စဉ်းစားစရာမလိုချေ။ ဤသည်မှာ အမည်မသိ ကြောက်ဖို့ကောင်းသော အရာတစ်ခု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ သေချာသည်။

စူးချန်ကဲသည် ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ၏ အမူအရာမှာ ပို၍ပင် မှောင်မိုက်လာသည်။

“ဒီကိစ္စက နည်းနည်းတော့ ရှုပ်ထွေးပြီ ၊ ‌ရှစ်တိ့ထျန်း အဲ့ကောင် အမှောင်ထဲမှာ ပုန်းနေရုံတင်မကဘူး အမတလျှောက်လှမ်းမှာလည်း ထင်မှတ်မထားတဲ့ အရာတစ်ခုဖြစ်သွားပုံရတယ်”

“ နောက်လာမယ့် ခရီးစဉ်က လွယ်ကူမယ်မထင်ဘူး “

သို့သော် စူးချန်ကဲသည် စိတ်မပူချေ။

မည်သည့်နတ်ဆိုးမဆို ၊ မည်သို့ပင် ကောက်ကျစ်သော အစီအမံတွေ ရှိနေပါစေ ၊

အကြွင်းမဲ့ခွန်အား၏ ရှေ့အောက်တွင် ၎င်းတို့သည် ပြာအဖြစ်သို့ ချေမှုန်းခံရမည်သာ။

စူးချန်ကဲသည် ကွဲအက်နေသော ကျောက်တံခါးကြီးထဲသို့ လှမ်းဝင်သွားပြီး ၊ သူ၏ရုပ်သွင်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။

……..

တစ်ချိန်တည်းမှာပင်။

ကျဆုံးအမတမြို့၏ ထူးဆန်းသောနေရာတစ်ခုတွင် ၊

လေထုထဲတွင် ပြင်းထန်သော သွေးနံ့များဖြင့် ပြည့်နှက်နေပြီး ၊ တလိပ်လိပ် ရိုက်ခတ်နေသော သွေးအမှုန်အမွှားများက ပို၍ပင် ကြောက်စရာကောင်းသည်။

“အို~~”

“လတ်လတ်ဆတ်ဆတ် ငါးလေးပဲ ၊ သိပ်ကိုအရသာရှိတာပဲ~~”

အေးစက်သော အမျိုးသမီးတစ်ဦး၏အသံသည် သွေးနံ့များဖြင့်ပြည့်နှက်နေသော လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

“ မင်း အတော်ဆိုးတာပဲ ဘယ်နှစ်ကောင်လောက် စုပ်ယူချင်နေတာတုန်း”

“ လေးကောင်ထဲ ရှိပါသေးတယ်”

အက်ရှရှ အမျိုးသားတစ်ဦးအသံ ထွက်ပေါ်လာသည်။

လူးလိမ့်ရိုတ်ခတ်နေသော သွေးအမှုန်အမွှားများကို ဖောက်ထွင်း၍ တစ်နေရာကို ကြည့်ရှုမည်ဆိုပါက ၊

ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို သင် မြင်တွေ့ရပေလိမ့်မည်။

နေရာတိုင်းတွင် ကျိုးပဲ့နေသော အလောင်းများဖြင့် ပြည့်နှက်နေ‌သည်ကို တွေ့ရပေမည်။

ဤအလောင်းများထဲတွင် လွတ်မြောက်သူအချို့ရှိနေပြီး ၊ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူများပင် ပါဝင်နေသည်။

သူတို့အားလုံးသည် အလွန်အမင်း ကြောက်လန့်နေပုံရပြီး ၊ သေသည့်တိုင်အောင် မျက်လုံးများ မပိတ်နိုင်ဘဲ ပြူးကျယ်လျက်ရှိသည်။

အနက်ရောင် ၀တ်စုံဖြင့် ဆက်စီကျကျ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦး၏ ဦးခေါင်းကို ဆုပ်ကိုင်ထားသည်။

သူမသည် ထိုအနှီလူ၏ စွမ်းအင်များကို စုပ်ယူနေပြီး အတော်လေး ပျော်နေပုံပေါက်သည်။

သူမ၏ စုပ်ယူမှုအပြီးတွင် ဦးခေါင်းသည် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ကျုံ့သွားသည်။

လူကို ပို၍ ထူးဆန်းသည်မှာ၊ ထိုအလောင်း၏ စွမ်းအင်အရင်းအမြစ် တည်နေရာသည် လျင်မြန်စွာ ခန်းခြောက်သွားပြီး အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်ကာ တစ်သားတည်းဖြစ်ကုန်သည်။

“ နင် ထပ်ပြီး စုပ်ယူနေသေးတာလား”

လူအိုကြီးတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အကုန်လုံးကို နင်တစ်ယောက်ထဲ စုပ်ယူပစ်တာလား !?”

သို့သော် ထိုအမျိုးသမီးသည် ဂရုမစိုက်ပုံရသည်။

အလောင်း၏ စွမ်းအင်အရင်းအမြစ်အားလုံးကို လုံးဝစုပ်ယူပြီးနောက်၊

သူမသည် စိုစွတ်ပူနွေးသော လေကို ညင်သာစွာ ရှုရှိုက်ရင်း ၊ ကျေနပ်နေသော အကြည့်ဖြင့် ဆိုလိုက်သည်။

“ ထင်ထားသလိုပဲ... လတ်ဆတ်တဲ့ အစားအစာက အရသာအရှိဆုံးပဲ!”

“အနည်းဆုံး နောက်ထပ် နှစ် ၈၀၀,၀၀၀ လောက် ငါ့သက်တမ်းတွေ ထပ်တိုးလာသလိုပဲ”

သူမဘေးနားက အမျိုးသားက အေးစက်စွာ နှာမှုတ်လိုက်သည်။

“ သေချာတာပေါ့၊ မင်းတစ်ယောက်တည်းနဲ့ ရှေးဧကရာဇ်မင်း လေးဦး ၊ လူသားလမ်းစဉ် သုံးဦး ၊ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦး သူတို့အကုန်လုံးကို မင်းတစ်ယောက်တည်း စားသွားတာလေ”

“ ဒီလောက်ထိစားနေတာ နင်ပြီးသေနေဦးမယ်”

“ဟားဟား.. နင့် ဝေစုကို ငါ့ကိုပေးမယ်ဆိုလည်း”

အမျိုးသမီးက ပြုံးရယ်ကာ ဆိုလိုက်သည်။

“ငါ စိတ်မဆိုးဘူးနော် မင်းအစား အကုန်စုပ်ပေးမယ်~”

“ဟား...ငါးကြီးတစ်ကောင် အစာလာဟပ်ပြီ”

ထိုအချိန်တွင် ၊ အမှောင်ထဲမှ အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။

အသံလားရာကို ကြည့်မည်ဆိုပါက၊ အညိုရောင် ၀တ်စုံကို ဝတ်‌‌ဆင်ထားသော တောက် လူအိုကြီးတစ်ယောက်ကို တွေ့ရပေလိမ့်မည်။

သူ၏ ဘေးတဝိုက်တွင် ပြီးပြည့်စုံခြင်း မရှိသေးသော အမတအလိုဆန္ဒများ ရိုက်ခတ်လှုပ်ရှားနေပြီး ၊ တချက်ကြည့်ရုံဖြင့် ဤလူသည် ကြွင်းကျန်အမတဖြစ်မှန်း သိရှိနိုင်သည်။

၎င်း၏နက်ရှိုင်းသော မျက်ဝန်းအစုံတွင် ထူးဆန်းသော အနီရောင် အလင်းတန်းတစ်ခု ဖျက်ခနဲ့ ဝင်းလက်သွားသည်။

“ငါ့ရဲ့ ကျော့ကွင်းကို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်နဲ့ ချိုးဖျက်နိုင်မှာလဲ...”

“မဆိုးဘူး၊ မဆိုးဘူး၊ ငါတို့ ဒီကလေးကို စုပ်ယူနိုင်ရင် ငါတို့ အချီကြီးရကောင်းရနိုင်တယ်...”

လူအိုကြီးသည် တခြားနှစ်ယောက်ကို လှမ်းပြောလိုက်သည်။

“ လုပ်လုပ် ၊ ငါတို့ ဒီငါးကြီးကို သွားဖမ်းကြရအောင်”

“ဟုတ်ကဲ့ အစ်ကိုကြီး!”

၎င်းတို့နှစ်ယောက်စလုံးသည် ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ထို့နောက်တွင် ၊

လူအိုကြီးသည် သူ၏ပီန်လှီခြောက်သွေ့နေသော လက်ကိုဆန့်ထုတ်လိုက်ချိန်တွင် ၊ နိယာမတရားများက အဆုံးမရှိ တသိမ့်သိမ့်ရိုက်ခတ်လာပြီး ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ဝီ!!

ဝါးမြိုခြင်းစွမ်းအားများသည် သူ၏လက်ဝါးထဲတွင် စုဝေးဖြစ်တည်လာပြီး ၊ ယင်း၌ လျို့ဝှက်ဆန်းကြယ်သော အမတအလိုဆန္ဒများလည်း ပါဝင်နေသည်။

ဤကြောက်ခမမ်းလိလိ အင်အားအောက်တွင်၊ လွတ်မြောက်နယ်ပယ်အဆင့်ရှိသူပင်လျှင် ၎င်းကို တွန်းလှန်ဖို့ခက်ခဲပေလိမ့်မည်။

ကျန်ရှိနေသောအလောင်းများသည် ထိုလူအိုကြီး၏ စုပ်ယူမှုကိုခံလိုက်ရသည်။

ကြွင်းကျန်အမတအိုကြီးသည် သူ၏ခြောက်သွေ့သောနှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း ဆိုလိုက်သည်။

“ငါတို့ သူ့ကို စုပ်ယူနိုင်ရင် ၊ ငါတို့ရဲ့ သက်တမ်းက ပိုပြီး တိုးလာနိုင်တယ်!”

သူတို့သည် ဒဏ္ဍာရီလာ အမတများမဟုတ်ကြသော်လည်း၊ သို့သော် ကြွင်းကျန်အမတနယ်ပယ်အဆင့်ထိ တတ်လှမ်းထားပြီးဖြစ်သဖြင့် အမတနယ်ပယ်အဆင့်သို့ ဝင်ရောက်လာပြီဟု ဆိုနိုင်သည်။

သို့သော် ဤလူများ၏လက်ရှိလုပ်ဆောင်မှုသည် လူသားစားသောနတ်ဆိုးများနှင့် ထူးမခြားနားပေ။

သို့ဆိုတောင် ၊ ဒါကလည်း သူတို့အပြစ် မဟုတ်။

အမတလျှောက်လှမ်းသို့ ရောက်ရှိလာသူများသည် အမတအဆင့်သို့ မအောင်မြင်သရွေ့ ဤနေရာမှ ဘယ်သောအခါမှ ထွက်ခွာရမည်မဟုတ်ပေ။

ဤအမတကြွင်းကျန်များသည် အမတဖြစ်ရန် အရည်အချင်းမပြည့်မီသဖြင့် ၊ မည်မျှပင် ဉာဏ်အလင်းပွင့်ပါစေ အမတနယ်ပယ်အဆင့်သို့ ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် သူတို့သည် စစ်မှန်အမတအဖြစ် မအောင်မြင်နိုင်သရွေ့ ထာဝရ အသက်ရှင်နိုင်ခွင့်မရှိချေ။ သို့ဖြစ်ရာ သူတို့သည် မည်သို့သော နည်းလမ်းဖြင့် ဆက်လက် ရှင်သန်ရမည်နည်း။

အဖြေမှာ ရိုးရှင်းသည် ။ သူတို့သည် အခြားသော ကြွင်းကျန်အမတများကို အမဲလိုက်ရမည်သာ ။

တခြားသူ၏ စွမ်းအင်အရင်းအမြစ်ကို စုပ်ယူခြင်းဖြင့် သက်တမ်းကို တိုးမြှင့်နိုင်သည်။

ထို့ကြောင့် သက်တမ်းကြာရှည်စွာ နေထိုင်ရန် တခြားလူ၏ စွမ်းအင်အရင်းအမြစ်ကို စုပ်ယူခြင်းသည် ကောင်းသောအကြံပင် မဟုတ်လော။

သို့သော် ၎င်းတို့အနက်မှ အချို့သည် သီလသမာဓိကို နောက်ဆုံးအချိန်ထိ ဆက်လက်ထိန်းသိမ်းထားပြီး ဤကဲ့သို့ မရိုးသားသော လုပ်ရပ်ကို ကျူးလွန်ရန် ငြင်းဆိုခဲ့ကြသည်။

သို့သော် မရေမတွက်နိုင်သော နှစ်ကာလများကုန်လွန်လာခဲ့ချိန်တွင် ၊

အဖွဲ့ဝင်များ၏ မတူညီသော အယူအဆများကြောင့် ထာဝရရှင်သန်ခြင်း အမတဂူသည် ပြိုပျက်သွားသည်။

မရေမတွက်နိုင်သော ကြွင်းကျန်အမတများ အချင်းချင်း ထိပ်တိုက်တွေ့ခဲ့ကြပြီး ၊ ကြီးမားသော စစ်ပွဲကြီး တစ်ခု ပေါ်ပေါက်ခဲ့သည်။

သို့ရာတွင် သီလသမာဓိကို စောင့်ထိန်းသော ကြွင်းကျန်အမတို့သည် အဆုံးတွင် အခြားကြွင်းကျန်အမတများ၏ သတ်ဖြတ်ခြင်းကိုခံရပြီး ၎င်းတို့၏အစာ ဖြစ်လာခဲ့သည်။

“ဟာဟား... အဲ့လူကောင်းလေးတွေသာ အမတလျှောက်လှမ်းကြီး ခုလိုပြန်ပြီး ပွင့်လာမယ်မှန်း သိခဲ့ရင်..”

ကြွင်းကျန်အမတအိုကြီးသည် လှောင်ပြောင်သံဖြင့် ဆိုလိုက်သည်။

“ ဒီပြင်ပကဝင်လာတဲ့ ကောင်တွေကို သုံးပြီး အသက်ဆက်ရှင်ရမယ်ဆိုပြီး ၊ နောင်တများရနေလိမ့်မလား”

မည်သို့ပင်ဖြစ်စေ ၊ လက်ရှိတွင် သူ့အတွက် တစ်ခုတည်းသော စိုးရိမ်ပူပန်မှုသည် စူးချန်ကဲကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရန် ဖြစ်သည်။

စူးချန်ကဲကို စုပ်ယူနိုင်ပါက ၊ သူ၏သက်တမ်း ကို အတော်လေးကြာမြင့်စွာ ဆွဲဆန့်နိုင်တော့မည်ဟု ယုံကြည်ထားသည်။

ဒါက အဆီဗလပွနဲ့ ငါးကြီးလေ!

……..

တခြားတဖက်တွင် ၊

စူးချန်ကဲသည် ဆက်လက်ခရီးနှင်ခဲ့သည်မှာ အတော်လေး အလှမ်းဝေးလာခဲ့ပြီ ဖြစ်သည်။

ဤရှေးဟောင်းမြို တော်ကြီးသည် မကုန်ခမ်းနိုင်သော ကြယ်စကြဝဠာကြီး တစ်ခုလုံးကို လက်ခံထားသလိုပင်။

စူးချန်ကဲသည် အာကာသကို ချုံ့ကာ ခြေတစ်လှမ်းတည်းဖြင့် ‌မိုင်ထောင်ချီခရီးကို လှမ်းစေနိုင်မည့် မှော်စွမ်းအားများကို အသုံးပြုထားသော်လည်း ၊ ယခုထိတိုင် ဤလောက၏အဆုံးကို မရောက်ရှိသေးပေ။

လမ်းတစ်လျှောက်တွင် သူသည် တိုက်ပွဲဖြစ်ပွားထားသော အရိပ်အယောင်များကို တွေ့ခဲ့ရသည်။

ထိုနေရာများ၌ ကြွင်းကျန်အမတများ၏ သတ်ဖြတ်စွမ်းအားများ ကျန်ရှိနေဆဲပင် ဖြစ်ပြီး ၊ ကံကောင်းထောက်မစွာဖြင့် စူးချန်ကဲ၏ ကျင့်ကြံမှုသည် အားကောင်းသောကြောင့် မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။

အဆုံးတွင် ၊ စူးချန်ကဲသည် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် နေရာတစ်ခုကို ရောက်ရှိလာခဲ့သည်။

သူ့ရှေ့က မြင်ကွင်းကြောင့် ၊ သူသည် ထိန်းမနိုင်အောင်ဘဲ မျက်မှောင်ကြုတ်သွားသည်။

ဤနေရာသည် အစုလိုက်အပြုံလိုက် သေထားသော သင်္ချိုင်းတစ်ခုလိုပင်။

ကြွင်းကျန်အမတတို့၏ အလောင်းများသည် ဤနေရာတွင် ပြန့်ကျဲစွာရှိနေသည်။

အရိုးဖြူများပေါ်တွင် ဖြာထွက်နေသော ခပ်ဖျော့ဖျော့ အလင်းရောင်သည် ဤကမ္ဘာကြီးတစ်ခုလုံးကို တောက်ပမှုပေးနေခဲ့သည်။

နေရာအသီးသီးမှ ထွက်ပေါ်လာသော ပြင်းထန်သော နာကြည်းမှုများထက်၊

ပို၍ပင် မျက်စိကျစေသည့်အရာမှာ အရိုးများကြားတွင် ကြီးကျယ်ခမ်းနားစွာ တည်ရှိနေသည့် ကျောက်တိုင်ကြီးတစ်ခုပင် ဖြစ်သည်။

အထူးသဖြင့် ကျောက်တိုင်ပေါ်တွင် သွေးများဖြင့် ရေးသားထားသော စာသားတစ်ပိုဒ်ရှိနေခဲ့သည် --

တစ်ချိန်က ညီအစ်ကိုတွေ ဖြစ်ခဲ့ပါလျက်နဲ့ ၊ အဘယ့်ကြောင့် ယခုလို တစ်ယောက်ကိုတစ်ယောက် ရက်စက်စွာ တိုက်ခိုက်ကြရသနည်း!

All Chapters