← Chapters

အခန်း (၅၆၀-၅၆၂)

Vol. 41 Ch. 560-562

အခန်း (၅၆၀-၅၆၂)

Vol. 41 Ch. 560-562

အပိုင်း(၅၆၀): ထျန်းတိ့အတတ် ၊ ဖော့ထျန်းကျုံရှင်

ဤကဲ့သို့ ထောင်ပေါင်းများစွာသော အရိုးစုကြီး၏ အလယ်တွင် ရှိနေသည့် ကျောက်တိုင်ကြီးသည် အထူးပင် မျက်စိကျစရာကောင်းလှသည်။

ထို့အပြင် သွေးများဖြင့် ရေးထွင်းထားသည့် စကားလုံးများသည် လူ၏အာရုံကို ဆွဲဆောင်နေသည်။

ထို့ထက်ပို၍ ထူးဆန်းသည်မှာ ဤစာသားများကို ရေးသားသူသည် အလွန်အမင်း အားစိုက်ထုတ်ခဲ့ပုံရသည်။

“ တစ်ခါက တူညီ၀တ်စုံကို ဝတ်ဆင်ခဲ့ကြသော ညီအစ်ကိုများ ဖြစ်ခဲ့သော်ငြား...ယနေ့မှာတော့ တစ်ဦးကိုတစ်ဦး ရက်စက်စွာ သတ်ဖြတ်ကြရလေပြီ... “

ဤကဗျာ၏ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းသည် - “ငါတို့နှစ်ဦးဟာ တစ်ချိန်က ညီအစ်ကိုတွေ ဖြစ်ခဲ့ပါလျက်နဲ့ ၊ ယနေ့မှာတော့ အဘယ့်ကြောင့် ယခုလို တစ်ယောက်ကိုတစ်ယောက် ရက်စက်စွာ တိုက်ခိုက်ကြရသနည်း။

ထို့ထက်ပို၍ စိတ်ထိခိုက်ဖွယ်ကောင်းသည်မှာ ဤစာသားကို ရေးသားသူသည် ဒဏ်ရာအပြင်းအထန်ရကာ ပင်ပန်းနွမ်းနယ်နေချိန်တွင် နောက်ဆုံးအင်အားဖြင့် ကုတ်ဖဲ့၍ ရေးခဲ့ဟန်တူသည်။

ဤမျှနှစ်ကာလကြာပြီးနောက်မှာတောင် စူးချန်ကဲသည် ဤစာသားများမှတစ်ဆင့် ရေးသားသူ၏ ကြီးမားသော နာကြည်းမှုကို ခံစားမိသည်။

“ညီအစ်ကိုအချင်းချင်း ရန်သူဖြစ်သွားတာလား...”

သူ့ရှေ့က အဆုံးမရှိသော သင်္ချိုင်းကြီးကို ကြည့်ရင်း စူးချန်ကဲသည် ညည်းညူလိုက်သည် ။

“ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်များပြားတဲ့ ကြွင်းကျန်(မပြီးပြည့်စုံ) အမတတွေ သေဆုံးခဲ့ရတာလဲ ၊ ဒီနေရာက အလောင်းတွေကို ကြည့်ရတာ သောင်းချီရှိပုံရတယ် “

“ မဟုတ်မှလွဲရော၊ ထာဝရရှင်သန်ခြင်း အမတဂူမှာ တစ်ခုခုဖြစ်ခဲ့တာလား ၊ ဒီကလူတွေအားလုံး အချင်းချင်း သတ်ဖြတ်ခဲ့ကြတာလား”

ထိုအခိုက်အတန့်တွင် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။သူ့ဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသော ထူးဆန်းသော ရောင်ဝါသုံးစင်းကို ခံစားလိုက်ရသည်။

သူသည် အေးစက်သောအသံဖြင့် နောက်သို့လှည့်ကာ မေးလိုက်သည်။

“ ဘယ်သူလဲ”

ဝီ !!

ရုတ်တရက် ၊ သူ့နောက်ဘက်တွင် အာကာသလှိုင်းဂယက်သုံးခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ၊ လူသုံးဦးသည် ထိုလှိုင်းဂယက်များထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး ၊ ခေါင်းဆောင်ဖြစ်သူ ကြွင်းကျန်အမတအိုကြီးက ပြုံးရယ်လိုက်သည်။

“ဟားဟား... မဆိုးဘူး!”

“မင်းလိုမျိုး ငါးကြီးကြီးတစ်ကောင်က တစ်မူထူးကဲလိမ့်မယ်ဆိုတာ ငါ သိနေတယ်လေ “

“ဒီလောက်သဲလွန်စလေးနဲ့ အဲဒီတုန်းက အဖြစ်အပျက်ကို ဆက်စပ်နိုင်တယ်ဆိုကတည်းက ...မင်းက တကယ်ကို ဉာဏ်ကောင်းတဲ့သူပဲ!”

“ကြွင်းကျန်(မပြီးပြည့်စုံ) အမတ !?”

၎င်းတို့သုံးဦးကို လုံးလုံးလျားလျား မြင်လိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ် အံ့သြသွားသည်။

အမတလျှောက်လှမ်းတွင် ကြွင်းကျန်(မပြီးပြည့်စုံ) အမတများရှိနိုင်သည်ကို သူ သိထားသော်လည်း ၊ သို့သော် တစ်ဖက်လူ၏ အမူအကျင့်ကို ကြည့်လျှင်ဖြင့် ၎င်းတို့တွင် ကောင်းမွန်သော ရည်ရွယ်ချက် မရှိမှန်း မြင်သာ‌သည်။

“ဟမ်... ကောင်ချောလေးပါ့လား !”

အနက်ရောင်ဝတ်စုံကို ဆက်စီကျကျဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက မနေနိုင်ဘဲ ထဆိုလိုက်သည်။

ကြွင်းကျန်(မပြီးပြည့်စုံ) အမတအဆင့်ရှိ သူမသည် စစ်မှန်အမတများနှင့် ယှဉ်လျှင် ကွာဟချက်ကြီးမားသော်လည်း ၊ သို့သော် သက်တမ်းအားဖြင့် နှစ်သန်းပေါင်းများစွာ အသက်ရှည်နိုင်သည်။

ဤမျှကြာမြင့်သော သက်တမ်းအတွင်း ၊ သူမ မမြင်ဖူးသေးသော လူချောလေးများရှိဦးမည်လော။

သို့သော် ၊ စူးချန်ကဲကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် သူမသည်ပင် တုန်လှုပ်သွားခဲ့ရသည်။

သူ၏ အစစ်အမှန် ချောမောသော အသွင်အပြင်၊ မွေးရာပါ အတုမရှိသော စရိုက်လက္ခဏာ ၊ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သေလောက်သော ဆွဲဆောင်မှုမျိုးကို ထုတ်ဖော်ပြသနေသည်။

အနက်ရောင်ဝတ်စုံဖြင့် ထိုအမျိုးသမီးသည် သူမ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လျက် ဆိုလိုက်သည်။

“အစ်ကိုကြီး ~ ဒီလူချောလေးကို အရင်မသတ်ဘဲ...ကျွန်မကို ပေးကစားခွင့်ပြုနိုင်မလား”

“ဟွန်း! ဟေးယွဲ့ နင်ရူးနေပြီလား “

သူမဘေးနားက အမျိုးသားတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

“ ဒီကောင်ကို သတ်ပြီး သူ့ရဲ့ မူလစွမ်းအင်ကို မစုပ်ယူဘဲ...မင်းက သူနဲ့ အရင်ဆော့ကစားချင်နေသေးတာလား “

ဟေးယွဲ့သည် ဒေါသမထွက်ဘဲ လှောင်ပြောင်သံဖြင့် ဆိုလိုက်သည်။

“ဘာလဲ...? မမ က ပျော်ချင်တာ နင်နဲ့ ဘာသက်ဆိုင်လို့လဲ?”

“ပြီးတော့.... ယောက်ယွီ မင်းလည်း သိပ်ကောင်းနေတာ မဟုတ်ဘူး “

“အရင်က မင်းလက်ထဲ ရောက်သွားတဲ့ မိန်းကလေးတွေ...တစ်ယောက်မှ အဆုံးသတ် မကောင်းခဲ့ဘူး ၊ သူတို့အားလုံး လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတယ် မဟုတ်လား “

“ ကျွတ် ကျွတ်... ရုပ်ကသာ ကြည့်လို့ကောင်းတာ... အတွင်းထဲမှာတော့ ဒီလောက်ညစ်ပတ်ပြီး ရွံစရာကောင်းနေတာ~”

“ဟေးယွဲ့! မင်းကများ ငါ့ကိုပြောရအောင် ဘာအရည်အချင်းရှိလို့လဲ”

အနာပေါ် တုတ်ကျသွားသကဲ့သို့ ယောက်ယွီကြွင်းကျန်အမတသည် ဒေါတသကြီး အော်ဟစ်လိုက်သည်။

“ တော်ကြတော့!”

ဘေးနားက ကြွင်းကျန်အမတအိုကြီးက အော်ဟစ်ကာ စကားများနေသော သူတို့နှစ်ဦးကို တားဆီးလိုက်သည်။

“ဒီကောင်လေးကို အရင်ဖမ်း ၊ ပြီးမှ ကျန်တာဆက်ပြောမယ်!”

ဤအခြေအနေကို ဘေးကနေ ကြည့်နေသော စူးချန်ကဲက ကူကယ်ရာမဲ့ ပြုံးလေသည်။

“ ကျုပ်မှာက ဘယ်လိုထူးခြားမှုရှိလို့ ခင်ဗျားတို့ ကြွင်းကျန်အမတသုံးဦးရဲ့ အာရုံစိုက်မှုကို ခံရတာလဲ...”

“ဟား... ခြင်္သေ့ဆိုတောင် ယုန်ကိုဖမ်းရင် အားစိုက်ရတယ်ဆိုတဲ့စကား ရှိတယ်မလား”

ကြွင်းကျန်အမတအိုကြီးက ပြုံးရယ်ရင်း ဆိုလိုက်သည်။

“ဒါပေမဲ့... မင်းက ယုန်ထက် ပိုပြီးအားကောင်း တယ် “

ယုတ္တိကျကျဆိုရလျှင်ဖြင့်၊ သူတို့သည် ကြွင်းကျန်(မပြီးပြည့်စုံ) အမတများဖြစ်ပြီး ၊ သူတို့၏ခွန်အားသည် လွတ်မြောက်သူများထက် အဆမတန် သာလွန်သည်။

အမှန်စစ်စင် ၊ လွတ်မြောက်သူများသည် လူ့လောကနယ်ပယ်တွင်သာ ရှိပြီး ၊ အမတလမ်းစဉ်ကို တဝက်လျှောက်လှမ်းပြီးသား ကြွင်းကျန်အမတများနှင့် ယှဉ်လျှင် လုံးဝယှဉ်စရာမရှိပေ။

သို့သော်၊ နှစ်ပေါင်းကြာရှည်စွာ အသက်ရှင်ခဲ့လာသော မြေခွေးအိုကြီးဆိုသည့်အတိုင်း စူးချန်ကဲ၏ တကယ့်စွမ်းရည်သည် သာမန်ထက်လွန်ကဲမည်ဟု သူ ယူဆသည်။

ဟောက်ယွီ သို့မဟုတ် ဟေးယွဲ့ တစ်ယောက်ယောက်ကို စူးချန်ကဲထံ စေလွှတ်ခဲ့မည်ဆိုပါက ၊ သူ့အား အခွင့်အရေးတစ်ခုပေးသလို ဖြစ်သွားနိုင်သည်။

သူ့တစ်သက်တာတွင် ကံကြမ္မာသားတော်အချို့ကို မြင်တွေ့ဖူးသည်။

မိမိ၏လက်အောက်သားများကို တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခြင်းသည် နောက်ဆုံးတွင် ရန်သူကို ပို၍အားကောင်းလာစေကာ မိမိကိုယ်ကို ဘေးဥပုဒ်ဖြစ်စေလိမ့်မည်။

ထို့ကြောင့် ၊ အစကတည်းက အကုန်စုကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

စူးချန်ကဲသည် တဖက်လူ၏ အကြံအစည်များကို သိနေသကဲ့သို့ အေးအေးဆေးဆေး ပြုံးရယ်လိုက်သည်။

“ကြည့်ရတာ... ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေကြတာပဲ”

“ဒါပေမဲ့... ကြွင်းကျန်အမတအဆင့်လောက်နဲ့ ဟိုမဟုတ်ဒီမဟုတ် အကောင်တွေက အမတလမ်းစဉ်ထဲ ဝင်ရောက်နိုင်ပြီလို့ ထင်နေတာလား”

“ ကျုပ် စူးမျိုးရိုး ဒီမှာ ရပ်နေတယ်...မင်းတို့ ဘာလုပ်နိုင်မှာလဲ?”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကြွင်းကျန်အမတသုံးဦးသည် စူးချန်ကဲကို ကြောင်တတ်တတ်ဖြင့် ကြည့်နေကြသည်။ တဖက်လူသည် ဤမျှရိုင်းပျသော စကားမျိုးကို ပြောထွက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

“ အတင့်ရဲလိုက်တာ!!!”

ဒေါသထွက်လွယ်သော ဟောက်ယွီသည် ဒေါသတကြီး ပေါက်ကွဲလာခဲ့သည်။ ဤမျှ ကြာရှည်ခဲ့သော နှစ်ကာလများတွင် ၊ သူသည် ဤကဲ့သို့သော အညစ်အကြေးများကို သူ့ရှေ့တွင် ဝပ်တွားအောင်လုပ်နိုင်ခဲ့သည်။

စူးချန်ကဲ ကဲ့သို့သော ကျင့်ကြံမှုနိမ့်သောသူတစ်ယောက်ကို သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် အလွယ်တကူ ခြေမွနိုင်သလို သူ့လက်ထဲက အရုပ်တစ်ခုကဲ့သို့ ကြိုက်သလို ဆော့ကစားနိုင်သည်။

ဒီလိုအရုပ်တစ်ခုက ရိုင်းရိုင်းစိုင်းစိုင်း ပြောသတဲ့လား!!

ဝုန်း——!!

ဟောက်ယွီကြွင်းကျန်အမတ၏ ဒေါသနှင့်အတူ သူ့ပတ်ဝန်းကျင်ရှိ ကြောက်ခမမ်းလိလိ စွမ်းအားများသည် တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင် ၊ ယောက်ယွီကြွင်းကျန်အမတသည် သူ့လက်ကိုဆန့်ထုတ်လိုက်သည်။

သူ့ကို ဗဟိုပြုလျက် ထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားသော အမတစွမ်းအားများသည် ရှေးဟောင်းကမ္ဘာတစ်ခုလုံး ပြိုကျလာသကဲ့သို့ စူးချန်ကဲဘက်သို့ ဦးတည်ကျရောက်လာသည်။

“အိုင်း... ဟောက်ယွီဆိုတဲ့ကောင်က ဒေါသကြီးလွန်းတယ် ၊ ဒီလောက်ထိ ပြင်းထန်တဲ့ ပေါက်ကွဲအားနဲ့ ကိုချောလေးတော့ ပြာဖြစ်သွားမှာ မဟုတ်ဘူးလား”

ဟေးယွဲ့ကြွင်းကျန်အမတသည် နှမြောတဿစွာဖြင့် ဆိုလိုက်သည်။

“ နှမြောစရာပဲ ငါ့မှာဖြင့် ကိုချောလေးကိုတောင် မထိရသေးဘူး သူက ပျောက်ကွယ်သွားတော့မယ်”

အခြားတစ်ဖက်တွင်မူ ၊ ကြွင်းကျန်အမတအိုကြီးသည် ဤမြင်ကွင်းကို အေးစက်စွာဖြင့် ကြည့်ရှုနေသည်။

ဟေးယွဲ့နှင့်မတူဘဲ သူ၏စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

အထူးသဖြင့် စူးချန်ကဲ၏ တည်ငြိမ်နေသော မျက်ဝန်းတစ်စုံ၌ ပုန်းကွယ်နေသော ယုံကြည်ချက်များကို သူ ခံစားမိသည်။

“မဟုတ်ဘူး... ဒီကောင်က ဒီလောက်ထိ မရိုးရှင်းဘူး “

ကြွင်းကျန်အမတအိုကြီးသည် သူ့ကိုယ်သူ ရေရွတ်ရင်း၊ သူ့မျက်လုံးများက စူးချန်ကဲကို စေ့စေ့ကြည့်နေသည်။

အခြေအနေမဟန်ပါက ၊ သူသည် ဝင်ရောက်စွက်ဖက်မည် ဖြစ်သည်။

……..

ဟောက်ယွီကြွင်းကျန်အမတ၏ အဖျက်လှိုင်းတံပိုးများကို ကြည့်ရင်း စူးချန်ကဲ၏ တိုက်ခိုက်လိုစိတ်သည် ပို၍တက်ကြွလာသည်။

“ကြွင်းကျန်အမတတဲ့လား”

“ဘယ်လောက်တောင် အားကောင်းလဲဆိုတာ ငါကိုယ်တိုင် စမ်းကြည့်မယ်!”

စူးချန်ကဲသည် အေးစက်စွာနှာမှုတ်လိုက်ရင်း၊ ကြောက်ခမန်းလိလိ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

သူ၏ သူတော်စင်အသွေးအသားတို့သည် ပွက်ပွက်ဆူနေသည်။ စူးချန်ကဲသည် အမတအဆင့်သို့ မရောက်သေးသော်လည်း ၊ ယခုအခါ သူ၏ကာယစွမ်းအားသည် အမတတို့၏ နတ်ခန္ဓာနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

တဖက်လူသည် လက်သီးလက်မောင်း တန်း၍ တိုက်ခိုက်လိုပါက၊ ဒါ‌ဆို သူလည်း ထိုအတိုင်း တိုက်ခိုက်ပေးမည်။

ဝုန်း——!!

ဤအခိုက်တွင် စူးချန်ကဲ၏ ခန္ဓာထဲက ချီနှင့်သွေးစွမ်းအင်တို့သည် နဂါးဟိန်းသံကဲ့သို့ ဆူပွက်နေသည်။

“ ထျန်းတိ့အတတ် - ဖော့ထျန်းကျုံရှင် !”

အပိုင်း(၅၆၁): ကြွင်းကျန်အမတ ကျဆုံးခြင်း

ဖော့ထျန်းကျုံရှင် !

ဤသည်မှာ စူးချန်ကဲ နားလည်သဘောပေါက်ခဲ့သော ဧကရာဇ်အတတ်ဖြစ်သည်။

အလွန်အားကောင်းသော ကာယစွမ်းအားကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုသည်။ လက်သီးတချက်က မည်သည့်စည်းမျဉ်းကိုမဆို ဖြိုခွဲနိုင်ပြီး တပ်အင်အားတစ်ခုလုံးကိုပင် ချေမှုန်းပစ်နိုင်သည် ။

ထိုစကားသံအဆုံးတွင် ၊ စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဤနေရာရှိ အာကာသဟင်းလင်းပြင်သည် ပြင်းထန်စွာ ဖိသိပ်ခံလိုက်ရသဖြင့် အလွန်အမင်းကျုံ့ဝင်သွားကာ စူးချန်ကဲ၏ပုံရိပ်သည် အလင်းရိပ်ပမာ လျင်မြန်စွာ ဖြတ်ပြေးသွားသည်။

ထို့နောက် စူးချန်ကဲသည် သူ့လက်ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

သူ၏လက်သီးပေါ်တွင် လွှမ်းခြုံထားသော ရွှေဝါရောင်နေရောင်ခြည်ပမာ တောက်ပလွန်းသော အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာပြီး ၊ ထိုနေရာရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။

ဝုန်း ——!!

အဆိုပါလက်သီး၏ ထိုးနှက်ချက်အောက်တွင်၊ ဤနေရာရှိ ဟင်းလင်းပြင်ကွက်လပ်သည် တသိမ့်သိမ့် တုန်ခါကာ ဟောက်သံပြုနေကြသည်။

လက်သီးတချက်၏ ပြင်းအားသည် ဤနေရာတွင် မရေမတွက်နိုင်သော အာကာသအက်ကြောင်းများစွာ ဖြစ်ပေါ်စေသည်။

ဘုန်း !!

နောက်အခိုက်အတန့်တွင် ၊

နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ ထိုနေရာရှိ အရာအားလုံးသည် အမှုန်အမွှားများအဖြစ် ဖျက်စီးခံလိုက်ရသည်။

စူးချန်ကဲသည် တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။သူသည် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်နှင့် မူလနေရာ၌ အရိပ်တစ်ခုသာ ကျန်ရှိခဲ့ပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် သူသည် ဟောက်ယွီကြွင်းကျန်အမတ၏ ရှေ့သို့ ရောက်ရှိသွားသည်။

ဟောက်ယွီကြွင်းကျန်အမတကလည်း အလားတူ မြန်ဆန်ပေသည်။ သူ့နောက်တွင် ခမ်းနားသော မြင်ကွင်းနှင့် သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်လာသည် ။

ဟိန်းဟောက်ကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသော ရက်စက်ကြမ်းကြုတ်သော နဂါးကြီးတစ်ကောင်လည်း ရှိသည်။

“ သေပေတော့!”

ဟောက်ယွီကြွင်းကျန်အမတသည် အေးစက်စွာ ဟောက်လိုက်ပြီး ၊ သူ၏ လက်ဝါးကို ရိုက်ထုတ်လိုက်သည်။

မရေမတွက်နိုင်သော ကြောက်ခမန်းလိလိ နတ်အလင်းတန်းများသည် တုနှိုင်းမယှဉ်နိုင်သော အလျင်ဖြင့် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

သို့သော်၊ တိုက်ခိုက်မှုအရ ယှဉ်လျင် စူးချန်ကဲ၏ တိုက်ခိုက်မှုက ပို၍ပြင်းထန်သည်။ သူ၏လက်ဝါးကို ကျပမ်းရိုက်ထုတ်လိုက်ရုံဖြင့် ၊ ဟင်းလင်းပြင်သည် အလွှာလိုက် ပြိုကျလာပြီး အဖျက်စွမ်းအား အလင်းတန်းများသည် ပြိုကျပျက်စီးနေသော အက်ကြောင်းများမှ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။

ဟောက်ယွီကြွင်းကျန်အမတ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့လေရာ ၊ ယောက်ယွီကြွင်းကျန်အမတမှ ထုတ်လွှတ်လိုက်သော အဖျက်စွမ်းအားများသည် အဆက်မပြတ် ကွဲအက်ကာ အဆုံးတွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်တွင် ပြန့်ကြဲလွင့်စင်သွားသည်။

“ဒါ မဖြစ်နိုင်ဘူး!”

စူးချန်ကဲသည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ချေမှုန်းလိုက်သည်ကို မြင်လိုက်ရသဖြင့် ဟောက်ယွီကြွင်းကျန်အမတသည် တုန်လှုပ်ခြောက်ခြားသော အသံဖြင့် အော်ဟစ်လိုက်သည်။

သူသည် အမတလမ်းစဉ်၏ လမ်းတဝက်ထိ ရောက်နှင့်ပြီးဖြစ်သော်လည်း၊ အဘယ်ကြောင့် ယခုလို အားနည်းခဲ့ရသနည်း။

“ဒီကောင် ဒီလောက်တောင် အားကောင်းတာလား!?”

ဘေးကနေ ကြည့်ရှုနေသော ဟေးယွဲ့ကြွင်းကျန်အမတသည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

သူမသည် ဟောက်ယွီကြွင်းကျန်အမတကို သိပ်မနှစ်သက်သော်လည်း၊ သို့သော် ၎င်းသည် သူတို့သုံးဦးအနက် ကာယစွမ်းအားသည် အကြမ်းဆုံးဖြစ်သည်ဟု မဝန်ခံချင်လည်းဝန်ခံရပေမည်။

အဘယ်ကြောင့်ဆိုသော်၊ အရင်ကတည်းက ယောက်ယွီကြွင်းကျန်အမတသည် ကာယကြံ့ခိုင်မှုဖြင့် ကျင့်ကြံအားထုတ်ခဲ့သူဖြစ်ပြီး ၊ အင်အားဖြင့် နိယာမများစွာကို ချိုးဖျက်နိုင်သည်ဟု ယုံကြည်လက်ခံထားသူ ဖြစ်သည်။

ယခုအခါတွင်မူ၊ စူးချန်ကဲနှင့် လက်သီးလက်မောင်းတန်း၍ တိုက်ခိုက်ရာတွင် ၊ ကျင့်ကြံမှုနိမ့်သော စူးချန်ကဲ၏ ဖိနှိပ်မှုကိုခံရသည်မှာ တကယ်ကို မယုံနိုင်စရာပင်။

“ဒီကောင်... မူမမှန်ဘူး... အတော်လေး မူမမှန်နေဘူး...”

တဖက်တွင်မူ ၊ ကြွင်းကျန်အမတအိုကြီးသည် သံသယများဖြင့် စူးချန်ကဲအား စူးစူးရဲရဲစိုက်ကြည့်နေသည်။

စူးချန်ကဲ၏ အပြုအမူများသည် လွတ်မြောက်နယ်ပယ်အဆင့်နှင့် ပတ်သတ်၍ သူ နားလည်ထားသော အရာများထက် သာလွန်နေသည်။

ဝုန်း ——!!

ထိုအချိန်တွင်၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ ကြောက်ခမန်းလိလိ တန်ခိုးစွမ်းအားများ တစ်ဖန် ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏နောက်တွင် ရောင်စဉ်အလင်းတန်းများ ဖြာထွက်နေသော မှုန်ဝါးဝါးအသွင်ပုံရိပ် ကိုးခု ထွက်ပေါ်လာခဲ့သည်။ ထိုအသွင်ပုံရိပ်များမှာ စစ်နတ်ဘုရားများကဲ့သို့ပင်။

၎င်းတို့ထံမှာ ဖြာထွက်နေသော ရောင်ဝါသည် စူးချန်ကဲနှင့် ထပ်တူကျနေပြီး ၊သူ၏ ကိုယ်ပွားများကဲ့သို့ပင်။

“ ဖော့ထျန်းကျုံရှင် ၊ ပေါင်းစည်း!”

စူးချန်ကဲ၏ တီးတိုးရွတ်ဆိုသံနှင့်အတူ ၊ ကိုယ်ပွား စစ်နတ်ဘုရားကိုးဦးသည် တပြိုင်နက်တည်း လှုပ်ရှားလာခဲ့ကြသည်။

သူတို့၏ လှုပ်ရှားမှုနည်းလမ်းများမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ၎င်းတို့၏ မတူညီသော တိုက်ကွက်ကိုးခုဖြင့် လှုပ်ရှားလာခဲ့သည်။

ထိုအချိန်တွင် စူးချန်ကဲသည် သူ၏လက်သီးဖြင့် တည့်တည့်ထိုးနှက်လိုက်သည်။

တခဏအတွင်း ၊ စစ်နတ်ဘုရားကိုးဦးသည် မိုးမြေတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများနှင့်အတူ တပြိုင်နက် ထွက်ပေါ်လာကာ ဟောက်ယွီကြွင်းကျန်အမတဆီသို့ ပြေးဝင်သွားသည်။

တသိမ့်သိမ့် တုန်ခါနေသော အသံများနှင့်အတူ၊ ဤတိုက်စစ်ကြီးတစ်ခုလုံး၏ အရှေ့တွင် ရှိနေသော ဟောက်ယွီအမတခမျာ ခေါင်းနားပန်ကြီးကာ သူ၏ တာအိုစိတ်နှလုံးသားပင်လျှင် ပြိုကျလုမတတ် ဖြစ်ခဲ့ရသည်။

ဤစစ်နတ်ဘုရားအသွင် ကိုးဦးသည် အတုမရှိသော အစွမ်းများကို ကိုင််စွဲထားကြသည်။ ၎င်းတို့ တစ်ယောက်ချင်းစီနှင့်ပင် ရင်ဆိုင်ရန် ခဲယဉ်းသည်။ကိုးဦးစလုံးသာဆိုလျှင်ဖြင့် မတွေးဝံ့စရာပင်။

ဟောက်ယွီကြွင်းကျန်အမတသည် စူးချန်ကဲအပေါ်တွင် ယခင်ကကဲ့သို့ မထီမဲ့မြင်ခံစားချက်များ မရှိတော့ဘဲ ၊ ယင်းအစား အဆုံးမရှိသော အကြောက်တရားများက အစားထိုးဝင်ရောက်လာခဲ့သည်။

သူသည် အော်ဟစ်လိုက်သည်။

“ အစ်ကိုကြီး ကျွန်တော့်ကို ကယ်ပါဦး “

၎င်း၏အော်သံမဆုံးခင်ကတည်းက ၊ ကြွင်းကျန်အမတအိုကြီးသည် ဝင်ရောက်စွက်ဖက်လာခဲ့သည်။

“ ကောင်လေး... မင်း ရပ်လိုက်စမ်း!”

သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ၊ မိုးမြေတစ်ခွင် တုန်ဟီးကာ နိယာမတရားများက ဟောက်သံပြုလေသည်။

ထိုစဉ် ၊ အဆုံးမရှိသော ဓားစွမ်းအင်များသည် ကြီးကျယ်ခမ်းနားစွာ ထွက်ပေါ်လာပြီး ကြီးမားသော အဖျက်မုန်တိုင်းကြီးတစ်ခုကို ဖန်တီးလျက် စူးချန်ကဲဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။

“ဟား.. ဓားစွမ်းအင်ကို သုံးချင်တာလား”

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ချက် ထွက်ပေါ်လာခဲ့သည်။

“ ဘယ်သူကလဲ ကြောက်နေမှာလဲ”

ချက်ချင်းဆိုသလိုပင် ၊ စူးချန်ကဲ၏ နတ်အသိစိတ်သည် လှုပ်ရှားလာခဲ့သည်။

ဝီ!!

တဒင်္ဂချင်းမှာပင် ၊ အဆုံးမရှိသော ဓားမှော်သင်္ကေတများသည် မိုးမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့်အထိ သူ၏ အသိစိတ်ကမ္ဘာထဲမှ အလျှံအပယ် ထွက်ပေါ်လာသည်။

၎င်းတို့သည် ‌အရှေ့ကွက်လပ်တွင် တဖြေးဖြေး စုဝေးသွားပြီး ဓားသေတ္တာကိုးလက်၏ ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝုန်း ——!!

အပြည့်အဝ စုစည်းသွားသည်နှင့် ၊ ဓားသေတ္တာကိုးလက်သည် အသက်ဝင်လာသကဲ့သို့ သူ့အလိုအလျောက် ပွင့်လာသည်။

ဝှစ် ဝှစ် ——!!

တောက်ပသော အလင်းတန်းကိုးစင်းသည် ကောင်းကင်သို့ ပျံတတ်သွားပြီး ၊ ရန်သူ၏ ဓားစွမ်းအင်မုန်တိုင်းကြီးဆီသို့ ဖောက်ထွင်းဝင်ရောက်သွားလေတော့သည်။

ဓားသေတ္တာကိုးလက်သည် တစ္စေဓားအမတရှင်၏ အမွေအနှစ်ဖြစ်သောကြောင့်၊ ၎င်း၏အဆင့်မှာ အမတနယ်ပယ်ကိုပင် ကျော်လွန်နှင့်ပြီး ဖြစ်သည်။ ယခင်က စူးချန်ကဲ၏ခွန်အားသည် အလွန်အားနည်းသောကြောင့် ၎င်း၏စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပေ။

ယခုအခါ စူးချန်ကဲ၏ ခွန်အားသည် ပိုမိုအားကောင်းလာပြီ ဖြစ်ရာ ၊ ဓားသေတ္တာကိုးလက်သည်လည်း ပို၍အားကောင်းသော အစွမ်းသတ္တိများကို ထုတ်လွှတ်နိုင်တော့မည်။

ရှေးဟောင်း ဓားကိုးစင်းသည် အသက်ဝင်လာသကဲ့သို့၊ စူးချန်ကဲပင် ထိန်းချုပ်စရာမလိုဘဲ သူ့အလိုအလျောက် လေကိုခွင်းလျက် ခုတ်ပိုင်းလေသည်။

ဓားအလင်းများသည် မရေမတွက်နိုင်အောင် ပွင့်ထွက်လာပြီး၊ ရန်သူ၏ တလိပ်လိပ် ရိုတ်ခတ်နေသော ဓားစွမ်းအင်လှိုင်းတံပိုးများကို ချက်ချင်းလက်ငင်း ခြေမွပစ်လိုက်သည်။

“ဓား...ဓားစွမ်းအား....!?”

မိမိ၏ ဓားစွမ်းအင်မုန်တိုင်းသည် စူးချန်ကဲ၏ ဓားစွမ်းအင်ကြောင့် တစ်စစီ အက်ကွဲသွားသည်ကို မြင်လိုက်ရချိန်တွင် ကြွင်းကျန်အမတပင်လျှင် ဤရုတ်တရက် အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားသည်။

ကာယစွမ်းအားတင်မကဘူး ၊ ဓားရေးမှာပါ ဒီလောက်တောင် ထက်မြက်သတဲ့လား!?

စူးချန်ကဲဆိုတာ ..ဘယ်လိုတောင် လူ့ဘီလူးတစ်ကောင်လဲ !?

သူ၏ အံ့အားသင့်မှုများ မပြီးဆုံးသေးခင် ၊

ဝုန်း ——!!!

ကွက်လပ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားကာ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ သို့သော် ဒါနဲ့တင် မပြီးသေးပေ။ ၎င်းတို့သည် တောက်ပသော နေရောင်ခြည်ကဲ့သို့ ကြောက်ခမန်းလိလိ အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာသည်။

“အား——အား——အား——!!!”

ဟောက်ယွီကြွင်းကျန်အမတ၏ နာကျင် ညည်းတွားသံများ ထွက်ပေါ်လာသည်။

အပိုင်း(၅၆၂) ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှု (၁)

မူလက စူးချန်ကဲမှ ရိုက်ထုတ်လိုက်သော ဖော့ထျန်းကျုံရှင် အတတ်သည် ဟောက်ယွီကြွင်းကျန်အမတအား လုံးလုံးလျားလျား ထိမှန်သွားခဲ့ပြီ ဖြစ်သည်။

ဟောက်ယွီကြွင်းကျန်အမတသည် အစွမ်းကုန် ခုခံကြိုးပမ်းခဲ့သော်လည်း အလဟဿသာ ဖြစ်ခဲ့ရသည်။

စူးချန်ကဲ၏ တိုက်ခိုက်မှုကို တားဆီးထားခဲ့သော သူ၏လက်နှစ်ဖက်သည် ဤကြောက်မက်ဖွယ် အင်အားရှေ့တွင် ချက်ချင်းဆိုသလိုပင် သွေးမှုန်များအဖြစ် ပေါက်ကွဲပျံ့ကြဲသွားသည်။

ဖော့ထျန်းကျုံရှင် အတတ်သည် နည်းနည်းမှ အရှိန်လျော့မသွားဘဲ ၊ ကြောက်ခမန်းလိလိ နတ်အလင်းတန်းများသည် နေရာအသီးသီးမှ ထိုးဖောက်ဝင်ရောက်လာကာ ဟောက်ယွီကြွင်းကျန်အမတအား လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။

တစ်ဟုန်ထိုး ရိုက်ခတ်နေသော အဖျက်သဘောဆောင်သော နိယာမတရား၏လက်အောက်တွင် ၎င်း၏ရုပ်သွင်သည်လည်း လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့ရသည်။

“ ဟောက်ယွီ!!!”

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ၊ ကြွင်းကျန်အမတအိုကြီး၏ မျက်လုံးများသည် နီရဲလာသည်။ သူ ယုံကြည်ရဆုံး လက်အောက်ငယ်သားတွေထဲက တစ်ယောက်သည် ဒီအတိုင်း ပျောက်ကွယ်သွားခဲ့ရလေသလော။

တစ်ချိန်တည်းမှာပင်၊ သူသည် ဟေးယွဲ့ကြွင်းကျန်အမတအား အော်ဟစ်လိုက်သည်။

“ အရူးမ ၊ မင်းဘာကြောင်ပြီး ရပ်နေတာလဲ!”

“ဘာလို့ မတိုက်ခိုက်သေးတာလဲ!?”

ကြွင်းကျန်အမတအိုကြီး၏ အော်ဟစ်သံကြောင့် ဟေးယွဲ့ကြွင်းကျန်အမတသည် ကြောင်အမ်းစွာဖြင့် ကြည့်နေရာမှ သတိပြန်ကပ်လာခဲ့သည်။

ဤတိုက်ပွဲတွင် သူမ ဝင်စွက်ဖက်ခြင်းမပြုသည့် အကြောင်းရင်းမှာ စူးချန်ကဲနှင့် ဟောက်ယွီကြွင်းကျန်အမတတို့သည် လက်သီးလက်မောင်းတန်း၍ အနီးကပ် တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ဝင်ရောက်စွက်ဖက်မိပါက ၊ ကိုယ့်လူကို ဒဏ်ရာရစေနိုင်သည်။

ဤသို့ဖြင့် အချိန်ကောင်းတစ်ခုကို စောင့်စားနေရာမှ ယခုလို အရေးပေါ်အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သည်။

သူမသည် ထပ်ပြီး မတုံ့ဆိုင်းတော့ဘဲ ၊ သူမ၏လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။

ဒင်---!!

ဗျပ်စောင်းသံသည် လောကတွင် ထွက်ပေါ်လာခဲ့ပြီး ၊ ဂီတသံစဉ်နှင့်အတူ ဂီတသင်္ကေတများသည် ကခုန်မျောပါလျက် တလိပ်လိပ် ကြွတတ်လာခဲ့သည်။

ဟေးယွဲ့ကြွင်းကျန်အမတ၏ ရှေ့မျက်နှာစာ အာကာသဟင်းလင်းပြင်သည် လှိုင်းထနေသဟန်ရှိသည်။

သံစဉ်များသည် ကျယ်လောင်စွာ ထွက်ပေါ်လာရင်း ၊ နိယာမတရားများက ပြောင်းပြန်စီးဆင်းလေသည်။

အဆုံးတွင် ၊ ၎င်းတို့သည် စိမ်းပြာရောင် ရှေးဟောင်း ဗျပ်စောင်းတစ်လက်အဖြစ် ဖြည်းဖြည်းချင်း စုဝေးသွားသည်။

ဟေးယွဲ့ကြွင်းကျန်အမတသည် လေဟာနယ်ထဲတွင် တင်ပျင်ခွေလျက် ထိုင်ချလိုက်ပြီး ၊ သူမ၏ နူးညံ့သွယ်လျက်သော လက်ချောင်းများဖြင့် ကြိုးများကို တီးခတ်လိုက်သည်။

မှော်စွမ်းအားများဖြင့် ပြည့်နှက်နေသော ဂီတသံစဉ်သည် ကြောက်မက်ဖွယ်ကောင်းသော ဗျပ်သံစဉ်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ပြင်းထန်စွာ တိုက်ခတ်လေတော့သည်။

“ဗျပ်စောင်းလား...?”

စူးချန်ကဲသည် အနည်းငယ် အံ့ဩသွားပြီး ၊သူ၏ မျက်လုံးထဲတွင်အံ့အားသင့်နေသောအရိပ်အယောင်များ ရှိနေခဲ့သည်။

ဤကြွင်းကျန်အမတသုံးဦး၏ မဟာလမ်းစဉ်တို့သည် သူအကျွမ်းကျင်ဆုံး မဟာလမ်းစဉ်များ ဖြစ်နေလေသလော။

ဤသည်မှာ သူ့အတွက် ကံကောင်းခြင်းပေလော၊ သို့မဟုတ် ထိုသူတို့အတွက် ကံဆိုးခြင်းပေလော။

ဒီလောက်ထိပြီးပြည့်စုံတဲ့ ဓားသွေးကျောက်က သူ့ဆီကို အသာလေးရောက်လာသတဲ့လား ?

တစ်ချိန်တည်းမှာပင် ၊ ဗျပ်စောင်းသံများ ပေါက်ကွဲထွက်လာသည်နှင့် တပြိုင်နက် ၊

စူးချန်ကဲ၏ အရှေ့မျက်နှာစာတွင် ရှိနေသော အာကာသဟင်းလင်းပြင်သည် အနည်းငယ် ရွဲ့စောင်းလာခဲ့ပြီး ၊ လျို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအားများသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ဒါနဲ့တင်မက ၊ သူ၏ဘေးနားက ပတ်ဝန်းကျင်တွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထင်ရှားသည်မှာ ဤဂီတသံစဉ်၏ လွှမ်းမိုးမှုသည် စူးချန်ကဲအား ဂီတဖြင့်ဖန်တီးထားသော ပုံရိပ်ယောင်လောကထဲသို့ ဆွဲငင်သွားပုံရသည်။

ထိုအခိုက်အတန့်တွင် ၊ ကြွင်းကျန်အမတအိုကြီးသည် ဤအရာများအပေါ် အံ့အားသင့်နေသော စူးချန်ကဲကို မြင်ပြီး ၊ ဤအချိန်ကို အခွင့်ကောင်းယူကာ ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လာခဲ့သည်။

ရွှမ်း!!

နက်မှောင်သော ဓားအလင်းရောင်တစ်ခု လျှပ်တပြက် ထွက်ပေါ်လာကာ၊ ကျယ်လောင်သော ဓားသွားသံသည် ကောင်းကင်ပြင်တစ်ခွင်လုံးကို ပဲ့တင်ထပ်သွားသည်။

ဤကမ္ဘာလောကကြီးတွင် နဂါးငွေ့တန်းနှင့်တူသော ကြီးမားသောဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး စူးချန်ကဲအား သတ်ဖြတ်ရန် ပြေးဝင်လာခဲ့သည်။

ဓားအလင်းများနှင့် တွဲဖက်၍ ရိုက်ခတ်လှုပ်ရှားနေသော ဂီတမှော်သင်္ကေတများသည်လည်း မရေမတွက်နိုင်အောင်ပင် ရှိနေကာ ၊ ၎င်းတို့၏ အင်အားသည် ပို၍ ကြောက်စရာကောင်းလာသလိုပင်။

ထိုဓားအလင်းများသည် ဤဆန်းကြယ်သော အာကာသအလွှာများကို ပြိုကျစေနိုင်သည့်အထိ အားကောင်းလွန်းသော အဖျက်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သစ်ကိုင်းများကို လွယ်လင့်တကူ ချိုးဖဲ့နိုင်သကဲ့သို့ အရာအားလုံးကို ဖျက်စီးပစ်နိုင်စွမ်း ရှိပေသည်။

ဂီတသံစဉ်၏ လှည့်စားမှုကြောင့် ၊ စူးချန်ကဲသည် ဓားအလင်းလာရာလမ်းကြောင်းကို မြင်နိုင်ခြင်းမရှိသော်လည်း ၊

သို့သော် သူ၏စိတ်အာရုံဖြင့် ၊ သူ့ကို တိုက်ခိုက်လာသော ဓားစွမ်းအင်မြစ်၏ ဦးတည်ရာကိုတော့ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ချက်ချင်းပင် စူးချန်ကဲ၏ မျက်လုံးများသည် လှစ်ခနဲ့ ဝင်းလက်တောက်ပသွားပြီး ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် သူ၏လက်ထဲ၌ စုဝေးရောက်ရှိလာခဲ့သညိ။

“ ထျန်းတိ့အတတ် ၊ ဗလာအဖြစ်သို့!”

ဝုန်း!

အဆုံးမရှိသော ဓားအလင်းသည် နဂါးငွေ့တန်းပမာ ကျရောက်လာခဲ့ပြီး ၊ စူးရှတောက်ပလွန်းသော ဓားသက်တံ့အလင်းသည် မှောင်မိုက်နေသော အာကာသကြီးတစ်ခုလုံးကိုပင် လင်းထိန်သွားစေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကြောင့် မည်သည့် နိယာမစည်းမျဉ်းကိုမဆို ၊ တဒင်္ဂအတွင်း ပျက်သုန်းသွားစေသည်။

ဤနေရာတွင် စုဝေးလျက်ရှိသော အမတအလိုဆန္ဒသည်ပင် ထိခိုက်ပျက်စီးကာ အလွှာလိုက် ‌ပြိုကျကုန်သည်။

နောက်အခိုက်အတန့်တွင် ၊

စူးရှတောက်ပလွန်းသော ဓားသက်တံ့အလင်းသည် မိမိထံသို့ ပြေးဝင်လာသော ရန်သူ၏ဓားအလင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဘုန်း !!

ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ၊

မူလကတည်းက ပျက်စီးနေသော ကျဆုံးအမတမြို့တော်သည် ဤဓားစွမ်းအင်နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကျယ်လောင်စွာ တုန်ခါနေခဲ့သည်။

သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုသည် ဤမျှနှင့် မပြီးသေးပေ။

“ ထ! “

စူးချန်ကဲ၏ ဟောက်သံနှင့်အတူ ၊ သူ၏ဘယ်ဘက်လက်ချောင်းများကို ပူးကပ်၍ ဓားကိုစေညွှန်လိုက်သည်။ သူ၏လက်ချောင်းထိပ်များတွင် ပြိုးပျက်စွာတောက်ပနေသော ဓားစွမ်းအင်များ အလျှံအပယ် ပေါက်ကွဲထွက်ပေါ်လာသည်။

သူသည် ကောင်းကင်ကို တည့်တည့်ချိန်ရွယ်လိုက်သည်နှင့် ၊

ဝှစ် ဝှစ် !!

မျက်စိတမှိတ်အတွင်းမှာပင် ၊ ဓားအလင်းကိုးစင်းသည် အေးစက်သော လရောင်ခြည်ကဲ့သို့ အမှောင်ထုထဲတွင် ပွင့်လန်းထွက်ပေါ်လာခဲ့သည်။

ဤဓားများသည် ဓားသေတ္တာထဲက ရှေးဟောင်း ဓားကိုးလက်ပင် ဖြစ်သည်။

“ကျုံယွမ် ကောင်းကင်ကို ခုတ်ဖြတ်ခြင်း!”

စူးချန်ကဲသည် တစ်ဖန် အော်ဟစ်လိုက်ပြီး၊ မြှောင်တင်ထားသော သူ၏လက်ချောင်းများကို အောက်သို့ နှိမ့်ချလိုက်သည်နှင့် တပြိုင်နက်၊

ဝုန်း ! ဝုန်း ! ဝုန်း !

မူလက ကောင်းကင်ဆီသို့ ပျံတတ်သွားသော ရှေးဟောင်း ဓားကိုးစင်းသည် ကြယ်တာရာကောင်းကင်ယံမှ အောက်သို့ ထိုးဆင်းလာခဲ့သည်။

ဓားဖျားထိပ်တွင် တောက်ပသော နတ်အလင်းများသည် မြူထုကို ဖောက်ထွင်းကာ ဝင်ရောက်လာသော အလင်းတန်းများနှင့်တူပြီး ၊ ဓားတစ်လက်စီတိုင်း၏ ရောင်ဝါတို့သည် မတူညီကြပေ။

တစ်ချို့ဓားများသည် နတ်မီးလျှံများဖြင့် တောက်လောင်နေပြီး ၊

တစ်ချို့မှာ လျှပ်စီးကြောင်းများ ရစ်ပတ်နွယ်လျက် ၊

တစ်ချို့မှာ အာကာသအလွှာကို ခဲသွားစေနိုင်သည့်အထိ ပြင်းထန်သော အအေးဓာတ်များဖြင့် ဖုံးလွှမ်းနေသည်။

…….

“ ဟမ် ! ငါ ကျန့်ရွှမ်ဟာ ဓားအရာမှာ အမတလမ်းစဉ်အထိ ရောက်ထားပြီးပြီ!”

“ ဓားအရာမှာ အမတလမ်းစဉ်အထိ သဘောပေါက်ထားတဲ့သူကို သာမန်လူသားတစ်ယောက်က စိန်ခေါ်နိုင်မတဲ့လား!?”

ကျန့်ရွှမ်ကြွင်းကျန်အမတသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့်၊ သူ၏အနီးတစ်ဝိုက်တွင် တောက်ပနေသော နတ်အလင်းများသည် ပို၍ပင် ပြင်းထန်လာသည်။

သူ၏ မျက်လုံးတစ်စုံသည် တောက်ပသော နေမင်းကြီးနှစ်စင်းကဲ့သို့ လင်းထိန်နေပြီး ၊ ဓားအလိုဆန္ဒကို တိုက်ရိုက်မကြည့်ဝံ့အောင်ပင်။

သူသည် သူ၏ဘယ်လက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လျက် ၊ ညာဘက်သည် ဓားကိုဆုပ်ကိုင်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

“ ချန်ရှန်းဓားအတတ် ၊ အနန္တရောင်ခြည်!”

အပိုင်း(၅၆၂) ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှု (၂)

ဝုန်း !!

ချက်ချင်းပင် ၊ သူဆုပ်ကိုင်ထားသော ဓား၏အလင်းရောင်သည် ပို၍ ပြင်းထန်လာပြီး၊ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်သည် မိုးမြေတစ်ခွင် ဖုံးလွှမ်းသွားသည်။

သူ၏ လှုပ်ရှားမှုများသည် အလွန်မြန်လွန်းပြီး၊ ကျန့်ရွှမ်ကြွင်းကျန်အမတ၏ အရိပ်သာလျှင် ကျန်ရစ်ခဲ့သည်။

သူ၏ ဓားကွက်များသည် အလွန်ထူးဆန်းရုံသာမက ၊ ၎င်း၏ဓားစွမ်းအင်သည်လည်း အလွန်ပင် ကြောက်စရာကောင်းလှသည်။

ဓားစွမ်းအင်တစ်ကြိမ် ပေါက်ကွဲတိုင်း ၊ ဟင်းလင်းပြင်အလွှာတို့သည် ပြိုကွဲပျက်စီးသွားရသည်။

ဝုန်း !ဝုန်း !ဝုန်း !

ချွင် !!

ပြိုးပျက်စွာတောက်ပနေသော ဓားပန်းများ ပွင့်လန်းလာပြီး၊ လေပြင်းမုန်တိုင်းကဲ့သို့ စူးချန်ကဲ၏ ရှေးဟောင်းဓားကိုးလက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

သူတို့နှစ်ဦး၏လှုပ်ရှားမှုသည် ရပ်တန့်မသွားဘဲ ကြောက်ခမန်းလိလိ မှော်စွမ်းအားများဖြင့် တိုက်ခိုက်ကြသည်။

“ နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း!”

“ ချန်ရှန်းဓားအတတ်!”

“ ဓားတစ်သောင်း မူလသို့ပြန်သွားခြင်း!”

“ ကောင်းကင်ဓား ပြန်လည်ပေါင်းစည်းခြင်း!”

ချွင်——!!

ကျယ်လောင်သော ဓားမြည်သံများသည် စိတ်အားထက်သန်သော သံစဉ်တစ်ခုကဲ့သို့ ဆက်တိုက် မြည်ဟည်းလာသည်။

ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်များဖြင့် လွှမ်းခြုံနေသော ဓားအရိပ်များသည် သူတို့နှစ်ဦး ဓားထုတ်သည်နှင့်အမျှ ၊ ဓားအရိပ်များသည် အစစ်အမှန်ပုံစံဖြင့် ထွက်ပေါ်လာကာ ညီညာစွာ မြည်ဟည်းလေသည်။

ဓားနှစ်လက်သည် ဓားစွမ်းအင် အလင်းပုံရိပ်များကို အုပ်စိုးနေကြသော ဓားဘုရင်များကဲ့သို့ပင်။

“ ခုတ်! “

နှစ်ဖက်လုံး ဓားထုတ်လိုက်သည်နှင့်တပြိုင်နက်၊ သူတို့နောက်က ဓားအရိပ်များသည် နဂါးဟောက်သံအတိုင်း အားပါးတရ မြည်ဟည်းလာကြသည်။

ဝှစ်! ဝှစ် !!!

အရောင်မျိုးစုံသော ဓားအလင်းသည် ကောင်းကင်ပြင်တစ်ခွင်လုံးတွင် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်ကာ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။

သူတို့နှစ်ဦး၏တိုက်ခိုက်မှုကို ကောင်းစွာမမြင်တွေ့နိုင်ပေ။

ဓားချင်းတိုက်ခိုက်သံများကို ကြားနေရပြီး ၊ သို့သော် ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းများ လွင့်စင်ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ဝီ!!

ထိုအခိုက်အတန့်တွင်၊ ၊ မှောင်မိုက်နေသော လောကကြီးသည် ဝင်းထိန်တောက်ပသွားသည်။

တစ်ကြိမ် လင်းထိန်သွားတိုင်း ၊ ဤနေရာရှိ အာကာသဟင်းလင်းပြင်သည် ပြင်းထန်သော ဓားစွမ်းအင်၏ ဖြတ်တောက်မှုများကြောင့် အဆက်မပြတ် ကွဲအက်လာသည်။

ဓားအလင်းကွန်ယက်ကြီးသည် အရာအားလုံးကို ဖုံးလွှမ်းပစ်လိုက်သလိုပင်။

အမတတစ်ဦးသည်ပင် ဤကြောက်မက်ဖွယ်ရာ ဓားကွန်ယက်ထဲသို့ ဝင်ရောက်မိပါက၊ ပြင်းထန်စွာ ဒဏ်ရာရမည်မှာ ဧကန်မလွဲပင်။

“ဒီနှစ်ကောင် ရူးသွားပြီလား!?”

ဘေးကနေ ဝင်ရောက်ကူညီနိုင်စွမ်း မရှိသော ဟေးယွဲ့ကြွင်းကျန်အမတ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ကြီးမားကျယ်ပြန့်သော ဓားစွမ်းအင်ပင်လယ်နှစ်စင်း၏ ဆုံစည်းမှုနှင့်အတူ ၊ ဤကမ္ဘာ၏ နေရာတိုင်းတွင် ဓားရိပ်များနှင့် ဓားဟောက်သံများသာ ရှိသည်။

ကျန့်ရွှမ်ကြွင်းကျန်အမတသည် ၎င်းတို့နှစ်ဦး၏ ခေါင်းဆောင်ဖြစ်ရခြင်းအကြောင်းမှာ၊ သူ၏ကိုယ်ပိုင်စွမ်းရည်သည် ၎င်းတို့ထက် ပိုမိုအားကောင်းရုံသာမက ၊ဓားလမ်းစဉ်တွင် အတုမရှိသော ပါရမီကြောင့်လည်း ဖြစ်သည်။

အကယ်၍ သူသည် ထိုနှစ်က ကြုံတွေ့ခဲ့ရသော ကြီးမားသော ပျက်စီးဆုံးရှုံးမှုကြောင့်သာ မဟုတ်ပါက၊ သူ၏ပါရမီဖြင့် အလွယ်တကူပင် အမတအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။

အဆုံးတွင် အတုမရှိသော ဓားအမတရှင်တစ်ဦး ဖြစ်လာနိုင်သည်။

သူသည် ဓားအမတရှင်အဖြစ် မအောင်မြင်ဘဲ ကြွင်းကျန်အမတဆိုရင်တောင် ၊ ကျန့်ရွှမ်သည် အမတလျှောက်လှမ်းရှိ ကြွင်းကျန်အမတများကြားတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်မှာ သေချာသည်။

သို့သော် အမတခန္ဓာကို မရရှိသေးသည့်အပြင် အမတအလိုဆန္ဒကိုပင် မထိန်းချုပ်နိုင်သေးသော စူးချန်ကဲသည် သူနှင့် တန်းတူရည်တူတိုက်ပွဲဝင်နိုင်ခဲ့သည်။

“ဒီ....ကောင်လေး....”

ဟေးယွဲ့ကြွင်းကျန်အမတသည် ကိုယ့်တံတွေးကို မျိုချရင်း ၊ ထိပ်တိုက်တွေ့ဆုံနေကြသော ဓားစွမ်းအင်သမုဒ္ဒရာကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

“ ဒါ လူရောဟုတ်ရဲ့လား!”

ဟေးယွဲ့ကြွင်းကျန်အမတသည် တအံ့တဩဖြစ်နေခဲ့သည်။

ဝုန်း !!

ထိတ်လန့်စရာကောင်းသော ပေါက်ကွဲသံသည် ဓားစွမ်းအင်ပင်လယ်ကြီး၏ အလယ်ဗဟိုကနေ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

စူးချန်ကဲ ထိန်းချုပ်ထားသော ဓားသမုဒ္ဒရာကြီးသည် ပို၍ကျယ်ပြန့်လာပြီး ၊ကျန့်ရွှမ်ကြွင်းကျန်အမတမှ ထိန်းချုပ်ထားသော ဓားသမုဒ္ဒရာကြီးကို လုံးလုံးလျားလျား လွှမ်းခြုံသွားလေသည်။

“အားးး!!!”

ရုတ်​တရက်​ပင်​၊ ပြင်းထန်သော နာကျင်မှု၏အော်ဟစ်သံကို ကြားလိုက်ရသည်။

All Chapters