← Chapters

အခန်း (၅၆၃-၅၆၇)

Vol. 42 Ch. 563-567

အခန်း (၅၆၃-၅၆၇)

Vol. 42 Ch. 563-567

အပိုင်း(၅၆၃): အမတရင်းမြစ် ၊ ဖွင့်!

ဤကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်း၏ လွှမ်းမိုးမှုအောက်တွင် ၊ အာကာသတစ်ခွင်လုံး တုန်လှုပ်နေခဲ့သည်။

ကျန့်ရွှမ်ကြွင်းကျန်အမတမှ စုစည်းထားသော ဓားအစင်းများစွာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကွဲအက်သွားပြီး ၊ ဓားအလင်းမှုန်များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်တစ်ခွင် ပြန့်ကျဲသွားလေတော့သည်။

“အစ်ကိုကြီး...!!!!”

ဟေးယွဲ့ကြွင်းကျန်အမတသည် ဟစ်အော်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန့်ရွမ်ကြွင်းကျန်အမတသည် စူးချန်ကဲ၏ ကြောက်ခမန်းလိလိ စွမ်းအားကြောင့် အဝေးသို့လွင့်ထွက်သွားသည်။ ဓားကိုင်ထားသော သူ၏ ညာဘက်လက်မောင်းတစ်ခုလုံး ဆုံးရှုံးခဲ့ရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

အချိန်မရွေးသေသွားနိုင်သကဲ့သို့ အသက်ရှုသံသည် အလွန်အားနည်းနေခဲ့သည်။

သူမ၏ရင်ထဲတွင် တုနှိုင်းမယှဉ်နိုင်သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆထားသော အစ်ကိုကြီးသည် စူးချန်ကဲထက်ပင် ကျင့်ကြံမှုမြင့်မားပြီး ၊ သူ အကျွမ်းကျင်ဆုံး ဓားအတတ်ကိုပါ အသုံးပြုပါလျက်နဲ့ ယခုလို ရှုံးနိမ်ခဲ့ရသည်။

ဤရလဒ်ကို ဟေးယွဲ့ကြွင်းကျန်အမတအနေဖြင့် လက်မခံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

ဟောက်ယွီကြွင်းကျန်အမတသည်လည်း စူးချန်ကဲ၏ ချေမှုန်းခြင်းကိုခံခဲ့ရသည်။

ယခု မိမိ၏အစ်ကိုကြီးပင်လျှင် မကြုံစဖူး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည် ။ သူမအနေဖြင့် မည်သို့တိုက်ခိုက်ရမည်နည်း။

ဝုန်း ...!!!!

ထိုစဉ် ၊ ကျန့်ရွမ်ကြွင်းကျန်အမတသည် ကျောက်တုံးအပိုင်းအစများနှင့် ထိမှန်ခဲ့ပြီး ၊ ဖုန်မှုန့်များက မိုးကောင်းကင်ထိတိုင် တလိပ်လိပ် အုံကြွလာခဲ့သည်။

ကျန့်ရွမ်ကြွင်းကျန်အမတသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပုံပေါ်ကာ ၊ ဖုန်မှုန့်များကြား နစ်မြုပ်လျက် သူ့ကို အချိန်အတော်ကြာသည့်အထိ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်တွင်၊ စူးချန်ကဲသည် ရိုက်ခတ်နေသော ပြင်းထန်သော ဓားစွမ်းအင်များကြား ထွက်ပေါ်လာပြီး ၊ အေးစက်သောအမူအရာဖြင့် အောက်ကိုငုံ့ကြည့်လိုက်သည်။

လူတိုင်းကို ထိတ်လန့်သွားစေသည့်အရာမှာ သူ၏ အဖြူရောင်အဝတ်ထည်သည် အညစ်အကြေးဟူ၍ နည်းနည်းလေးမှ မရှိသည့်အပြင် လျစ်လျူရှုထားသည့် သူ၏မျက်လုံးများက အတုမရှိသော သူ၏ပုံရိပ်ကိုဖော်ပြနေသည်။

စူးချန်ကဲ၏ အေးစက်သော မျက်ဝန်းတစ်စုံသည် ဟေးယွဲ့ကြွင်းကျန်အမတထံသို့ ကျရောက်သွားသည်နှင့် ၊ သူမ၏ရင်ထဲတွင် နားမလည်နိုင်သော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝုန်း ...!!!!

ကြီးကျယ်ခမ်းနားသော နတ်အလင်းရောင်များ ထွက်ပေါ်လာလေရာ ၊ မူလက တလိပ်လိပ် ထကြွနေသော ဖုန်မှုန့်များသည် မျက်စိတမှိတ်အတွင်း လွင့်စဉ်ပျောက်ကွယ်သွားသည်။

အပျက်အစီးများကြား ၊ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုပုံရိပ်ကို မြင်ရသည်နှင့် ဟေးယွဲ့ကြွင်းကျန်အမတသည် အံ့အားသင့်စွာ ဆိုလိုက်သည်။

“အစ်ကိုကြီး ရှင်ဘာမှမဖြစ်ဘူးပဲ...!”

သို့သော်၊ ထိုအသံ ထွက်လာပြီး သိပ်မကြာမီ ၊ အံ့ဩမှု မှ ကြောက်ရွံ့မှုအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ ကျန့်ရွမ်ကြွင်းကျန်အမတသည် သူမ ထင်ထားသည်ထက် ပိုမိုပြင်းထန်စွာ ဒဏ်ရာရနေခဲ့ခြင်း ဖြစ်သည်။

အဝတ်အစားများက တစ်စစီ စုတ်ပြဲနေသည်။ ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ အမတခန္ဓာတစ်ဝက်ကို ရရှိထားသူဖြစ်သည့်အတွက် ခန္ဓာကိုယ်ပေါ်တွင် စီးဆင်းနေသော အမတဆိုင်ရာ သဘောတရားများသည် မည်သည့်အတတ်ပညာကိုမဆို ခုခံနိုင်ရမည်။

သို့သော် ၊ ကြွင်းကျန်အမတပင် မဖြစ်သေးသော စူးချန်ကဲသည် သူ၏ဓားစွမ်းအားဖြင့် ကျန့်ရွမ်ကြွင်းကျန်အမတအား သွေးတိတ်အောင် မလုပ်နိုင်သည့်အထိပင် ပြင်းထန်သော ဒဏ်ရာကို ရရှိစေခဲ့သည်။

ကျန့်ရွမ်ကြွင်းကျန်အမတကို ကြည့်လိုက်လျှင်ဖြင့် ၊ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး၊ နှုတ်ခမ်းထောင့် မျက်စိထောင့်နှင့် ပြတ်တောက်သွားသော လက်မောင်းတို့မှ သွေးများရွှဲစိုနေအောင်စီးကျနေသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း ၊ သူ၏ မျက်ဝန်းတစ်စုံသည် ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ယင်းအစား ရှက်ရွံ့ဖွယ်ရာ အမျက်ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် စစ်မှန်သော စစ်မှန်အမတသခင် မဖြစ်သေးသော်လည်း ၊ အနည်းဆုံးတော့ သူသည် အမတလမ်းစဉ်ပေါ်သို့ ခြေတစ်ဝက်လှမ်းထားပြီး ဖြစ်သည်။

သူ့လိုလူတစ်ယောက်သည် သေမျိုးလောကတွင်သာ ရှိသေးသော လူငယ်တစ်ဦးထံမှ သနားစရာကောင်းလောက်အောင် အရိုက်ခံခဲ့ရသည်။

ထိုအခြေအနေကို မြင်သော စူးချန်ကဲသည် ဂရုမစိုက်ဘဲ အေးစက်သော‌လေသံဖြင့် မေးမြန်းလိုက်သည်။

“ကျုပ်ကိုပြော... အဲ့နှစ်တုန်းက အမတလျှောက်လှမ်းမှာ ဘာဖြစ်သွားခဲ့တာလဲ”

“ ဒီနေရာမှာ ကြွင်းကျန်အမတတွေရဲ့ အရိုးစုတွေ ဘာလို့ဒီလောက်တောင် အများကြီးရှိနေရတာလဲ “

“ သေချာပြောပြရင်... ခင်ဗျားကို နာကျင်မှုမရှိဘဲ သေဆုံးခွင့် ပေးနိုင်တယ်..”

ဤစကားများသည် ၊ ကျန့်ရွမ်ကြွင်းကျန်အမတ၏ ဂုဏ်သိက္ခာကို နင်းချေလိုက်သလိုပင်။

“ဟားးးဟား..!! ၊ နောက်လှိုင်းတံပိုးက ရှေ့လှိုင်းတံပိုးကို တွန်းထုတ်လိုက်တာပဲ ၊ ငါ့လို အမတလမ်းစဉ်ကို ရောက်ရှိထားတဲ့ သူတစ်ယောက်က လူသားတစ်ဦးရဲ့ မထီမဲ့မြင်ပြုတာကို ခံရမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး!!”

ကျန့်ရွမ်ကြွင်းကျန်အမတ၏ မျက်လုံးများသည် နီမြန်းနေပြီး ၊ တစ်ချိန်တည်းမှာပင် သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟေးယွဲ့ !! မင်း မသေချင်ရင် ငါနဲ့အတူ အမတရင်းမြစ်ကို ဖောက်ခွဲပြီး တိုက်ကြစို့ “

“မဟုတ်ရင်... ဒီနေ့ ငါတို့နှစ်ဦး သေရမယ့်အပြင် အဲ့ကောင်တွေရဲ့ လှောင်ပြောင်သရော်မှုကိုပါ ခံရလိမ့်မယ်!!”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ၊ မူလက အရှုံးပေးပြီး ရုန်းထွက်ဖို့ စီစဉ်နေခဲ့သော ဟေးယွဲ့ကြွင်းကျန်အမတသည် တုန်လှုပ်သွားခဲ့သည်။

မှန်၏ ။ အကယ်၍ ကျန့်ရွမ်ကြွင်းကျန်အမတသည် စူးချန်ကဲလက်ချက်ဖြင့် ကျဆုံးသွားပါက၊ နောက်တစ်ဦးမှာ သူ ဖြစ်မည်မှာ ဧကန်မလွဲပင်။

သူ့အသက်သူ စူးချန်ကဲလက်ထဲ ဒီတိုင်းထိုးပေးလို့ ဘယ်ဖြစ်မတုန်း!

ဤအဆင့်ထိ ရောက်ရှိလာသူတိုင်းတွင် ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် မာန်မာနအသီးသီး ရှိကြသည်။ အထူးသဖြင့် အလှတရားဖြင့် ဖြားယောင်း သွေး‌ဆောင်ခြင်းသည် သူတို့၏ မဟာလမ်းစဉ်ကို ဘယ်သောအခါမှ ထိခိုက်နိုင်လိမ့်မည် မဟုတ်။

စူးချန်ကဲအပေါ် ထိုသို့သော အကြံဉာဏ်မျိုးကို အသုံးပြုမည်ဆိုပါက၊ အောင်မြင်နိုင်ခြေသည် သုညပင်ဖြစ်သည်။

သို့သော် ၊ အမတရင်းမြစ်ကို အပြည့်အဝထုတ်သုံးမည်ဆိုပါက အောင်မြင်နိုင်ချေရှိသေးသည်။

အမတရင်းမြစ်ဟူသည် ကြွင်းကျန်အမတများ၏ ခန္ဓာတွင်းရှိ အမတအလိုဆန္ဒအပြင် အမတစွမ်းအား စုစည်းရာနေရာဖြစ်ပြီး ၊ စွမ်းအား၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ စစ်မှန်သော အမတအလိုဆန္ဒနှင့် သဟဇာတဖြစ်စေရန် ဆက်သွယ်ပေးနိုင်သည်။

စစ်မှန်သော အမတအလိုဆန္ဒဆိုသည်မှာ အဘယ်နည်း။

အမှန်တွင် ၊ ဤသည်မှာ ထာဝရမပျောက်ကွယ်နိုင်သော ကာလသက်တမ်း၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။

ထာဝရ စစ်မှန်အမတဟူသည် အမတလမ်းစဉ်၏ အစဖြစ်ပြီး ၊ ထာဝရဟု တင်စားခေါ်ဆိုရခြင်းမှာ အကန့်အသတ်ရှိသော သက်တမ်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။

သို့သော် ၊ ကြွင်းကျန်အမတများ၏ သက်တမ်းသည် အကန့်အသတ်ရှိသည်။ ခန္ဓာကိုယ်တွင်းရှိ အမတရင်းမြစ် (စွမ်းအားအရင်းအမြစ်)ကို အတင်းအကျပ်ထုတ်သုံးပါက ၊ မဟာလမ်းစဉ်၏ ပြန်လည်ဒဏ်ခတ်မှုကို ခံစားရပေလိမ့်မည်။

ထိုပြန်လည်ဒဏ်ခတ်မှုသည် ၎င်းတို့၏သက်တမ်းဖြင့် ပြန်ပေးဆပ်ရမည်မှာ ဧကန်မလွဲပင်။

“တကယ်လို့ အမတရင်းမြစ်ကို မထုတ်သုံးရင်..ငါ့ရဲ့ အဆုံးသတ်ကလည်း ဟောက်ယွီကြွင်းကျန်အမတလိုပဲ ကြုံတွေ့ရလိမ့်မယ်”

ဟောက်ယွီကြွင်းကျန်အမတသည် တရားမမျှတစွာဖြင့် သေဆုံးခဲ့ရသည်။ အကယ်၍ သူသည် အစကတည်းက အမတရင်းမြစ်ကို အပြည့်အဝ ထုတ်သုံးခဲ့မည်ဆိုပါက ၊ ဤကဲ့သို့ သနားစရာကောင်းလောက်အောင် သေဆုံးသွားလိမ့်မည် မဟုတ်ပေ။

သို့သော်၊ ဤအရာအတွက် သူ့ကိုလည်း အပြစ်တင်ရန် မဖြစ်နိုင်ချေ။ သေမျိုးလောကတွင်သာ ရှိသေးသော စူးချန်ကဲဆိုသော ဤလူသည် သာမန်အသိတရားထက် ကျော်လွန်သောလူ့ဘီလူးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မသိခဲ့ပေ။

ထို့ကြောင့် အစပိုင်းတွင် ပေါ့ဆခဲ့ပြီး ၊ ဤသို့ဖြင့် သူသည် စူးချန်ကဲ၏ကြီးမားလှသော မှော်စွမ်းအားများဖြင့် ချေမှုန်းခံလိုက်ရသည်။

“ကောင်းပြီ! ကျွန်မတို့အတူတူ အမတရင်းမြစ်ကို ထုတ်သုံးကြမယ် “

စိတ်ထဲတွင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချပြီးနောက်၊ သူမသည် သဘောတူလိုက်သည်။

သူမ၏လက်များသည် ‌လျို့ဝှက်ဆန်းကြယ်သော ရှေးအစီအရင်တစ်ခုကို ဖော်ဆောင်လိုက်သည်။

ဝုန်း !!

နောက်အခိုက်အတန့်တွင် ၊

ဤကမ္ဘာလောက၌ ကျန်ရှိနေသော အမတလမ်းစဉ်၏ အလိုဆန္ဒများသည် ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ အသက်ဝင်လာကာ ဟေးယွဲ့ကြွင်းကျန်အမတ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကြသည်။

နတ်အလင်းများသည် တခဏအတွင်းမှာပင် တောက်ပသော အမတဓမ္မကိုယ်ထည်တစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ဤအမတဓမ္မကိုယ်ထည်သည် သေမျိုးလောကရှိ ဓမ္မကာယကိုယ်ထည်များနှင့် လုံးဝကွဲပြားသည်။ ၎င်းမှ ထွက်ပေါ်လာသော စွမ်းအားသည် စကြာဝဠာတစ်ခုလုံးကိုပင် လှုပ်ခါစေနိုင်သည်။

“ အမတရင်းမြစ် ဖွင့်!”

ဝုန်း ...!!!

ဒဏ်ရာအပြင်းအထန်ရနေခဲ့သော ကျန့်ရွမ်ကြွင်းကျန်အမတသည်လည်း သူ၏အမတရင်းမြစ်ကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

သူ၏ ရေရွတ်သံအပြီးတွင် ၊

သူ၏ ဘေးပတ်ပတ်လည်ရှိ ရောင်ဝါများသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

အမတလမ်းစဉ်၏ အလိုဆန္ဒရောင်ခြည်မျှင်များသည် အချိန်အပိုင်းအစများကဲ့သို့ သူ၏ ဘေးတဝိုက်တွင် လှည့်ပတ်လှုပ်ရှားနေပြီး ဟောက်သံပြုလို့နေသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် ပျံ့လွင့်နေသော အလင်းမြစ်တစ်စင်း၏ အရိပ်ကို မြင်တွေ့နိုင်သည်။

ထိုအလင်းမြစ်ထဲတွင် ၊ အကြောင်းအကျိုး၏သက်ရောက်မှုတို့ကို လျစ်လျူရှုနိုင်ပြီး ဤကမ္ဘာလောကမှ လွတ်မြောက်သောအရာကဲ့သို့ လျို့ဝှက်ဆန်းကြယ်သော အချိန်စွမ်းအားများ ရှိနေသည်။

ဤအရာသည် အမတလမ်းစဉ်သို့ ရောက်ရှိသူများသာ ထိန်းချုပ်နိုင်သော မှော်အစွမ်းတစ်ခု ဖြစ်ပုံရသည်။

အချိန်မြစ် ။

သို့သော် ၊ ကြွင်းကျန်အမတများ၏ အင်အားမှာ အလွန်အားနည်းပြီး ၊ စစ်မှန်အမတများနှင့်တောင် မယှဉ်နိုင်ပေ။

အချိန်မြစ်၏ သဘောတရားအတိုင်း ဖန်တီးထားသော်လည်း ၊ သို့သော် ပုံစံကို ကြည့်ရသည်မှာ အချိန်မရွေး ပြိုလဲတော့မည့်ပုံပေါက်သည်။

သေချာပေါက် အမတဧကရာဇ်အဆင့်သို့ ရောက်ရှိထားပါက ၊ အချိန်မြစ်တစ်ခုလုံးကို အပြည့်အဝ ဖွဲ့စည်းနိုင်မည်မှာ ပြောစရာပင် မလိုချေ။

အချိန်မြစ်ကို မိမိကိုယ်ပိုင်အတွက် အပြည့်အဝ အသုံးချနိုင်ပြီး၊ မဟာလမ်းစဉ်၏ စည်းမျဉ်းများကို မချိုးဖောက်ဘဲ အချိန်မြစ်ပေါ်တွင် လွတ်လပ်စွာ လျှောက်လှမ်းနိုင်သည်အထိပင်။

ထို့အပြင် ၊ မိမိ၏ ကနဦးဝိညာဉ်ကို ထာဝရ မသေမပျောက်ဘဲ အချိန်မြစ်အတွင်း၌ ဖုံးကွယ်ထားနိုင်သည်။

သို့ဆိုတောင်၊

ကြွင်းကျန်အမတများအနေဖြင့် ဖန်တီးနိုင်သော ဤစွမ်းအားသည် အမတဧကရာဇ်များ၏ ဖန်တီးမှုကို မယှဉ်နိုင်သော်လည်း၊ သေမျိုးလောကရှိ မဟာလမ်းစဉ်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။

အထူးသဖြင့် ၊ မူလက အားနည်းနေခဲ့သော ကျန့်ရွှမ်ကြွင်းကျန်အမတ၏ ရောင်ဝါသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။

အပိုင်း(၅၆၄): အချိန်မြစ်၏ အစမ်းသဘောမျှသာ ရှိသေးသည်

“ အမတရင်းမြစ်....?”

စူးချန်ကဲသည် တုန်လှုပ်သွားပြီး မထိန်းနိုင်ဘဲ ရေရွတ်မိလိုက်သည်။

အမတရင်းမြစ်ဆိုသည်မှာ အမတလောကတွင်သာရှိသော မှော်စွမ်းအားဖြစ်သည်။

အမတများသည် မသေဘဲ ထာဝရရှင်သန်နိုင်ခြင်းမှာ ဤအမတရင်းမြစ်ကို စုစည်းထားသောကြောင့် ဖြစ်သည်။

သို့ဆိုတောင် ၊ သူတို့နှစ်ဦးသည် အမတရင်းမြစ်စွမ်းအားများကို အဆက်မပြတ် ဖောက်ခွဲကာထုတ်လွှတ်နေသည်ကို စူးချန်ကဲသည် ဝင်တားဆီးခြင်း မပြုခဲ့ပေ။

ပထမအကြောင်းပြချက်မှာ သူ တားဆီးလည်း အကျိုးမရှိပေ။ ဤလောကရှိ အမတလမ်းစဉ်၏ အလိုဆန္ဒများသည် ဤနေရာသို့ စီးဝင်လာနေပြီး ၊ ၎င်းတို့နှစ်ဦး၏ စွမ်းအားများ စုဝေးပေါင်းစည်းသွားသည့်အချိန်မှ တိုက်ခိုက်မည်ဆိုတောင် နောက်မကျသေးပေ။

ဒုတိယအကြောင်းမှာ ဤနှစ်ဦးသည် ကြွင်းကျန်အမတအဆင့်သာ ရှိသေးပြီး၊ ထာဝရ စစ်မှန်အမတများမဟုတ်ပေ။ အမတရင်းမြစ်အား အပြည့်အဝ ထုတ်သုံးလာခဲ့မည်ဆိုတောင် အချိန်အကန့်အသတ် ရှိရုံတင်မက တန်ကြေးလည်း ပေးဆပ်ရပေလိမ့်မည်။

ထိုအချိန်တွင် ခေါင်းမာသော ကျန့်ရွှမ်အမတက စတင်လှုပ်ရှားလာသည်။

သူ၏ ညာလက်ချောင်းဖြင့် ဓားကို စေညွှန်လျက် စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ညွှန်ပြလိုက်သည်။

ဝုန်း !!

ရုတ်တရက်၊ သူ၏လက်ဖျားထိပ်မှ နတ်အလင်းများ စုဝေးကာ ပေါက်ကွဲထွက်လာသည်။

နတ်အလင်းတန်းများသည် နတ်လှံများကဲ့သို့ပင် ၊ လေကို ဖောက်ခွင်းလျက် စူးချန်ကဲဆီသို့ အပြင်းအထန် ကျရောက်လာသည်။

အလွန်လျင်မြန်လွန်းသဖြင့် စူးချန်ကဲပင်လျှင် မမြင်နိုင်ခဲ့ပေ။

ဝှစ်...!!!

အသွေးအသားများ စုတ်ပြဲသံနှင့်အတူ ၊

စူးချန်ကဲ၏ ပခုံး၊ လက်မောင်း၊ ခြေနှင့် ဝမ်းဗိုက်တို့သည် အဆိုပါကြောက်ခမမ်းလိလိ စွမ်းအားကြောင့် ချက်ချင်း စုတ်ပြဲသွားသည်။

‌ပူနွေးသောသွေးများသည် ဒဏ်ရာမှ ပန်းထွက်လာကာ လှပသော သွေးပန်းများအဖြစ် ပွင့်လန်းလေသည်။

သို့သော် စူးချန်ကဲ၏ တုံ့ပြန်မှုသည် လျင်မြန်ပြီး၊ သူ၏ခန္ဓာကိုယ်သည် လုံလုံလောက်လောက် ကြံ့ခိုင်ပေသည်။

အပေါ်ယံဒဏ်ရာမျှသာ ရရှိခဲ့ပြီး ၊ သူ့အတွက် ထိခိုက်မှု မရှိခဲ့ပေ။

သို့ဆိုတောင်၊ ယင်းက စူးချန်ကဲ၏ စိတ်နှလုံးကို လှုပ်ခါစေခဲ့သည်။

“ ဒါက အမတရင်းမြစ်ဆိုတာလား....?”

ညည်းညူလိုက်ရင်း ၊ စူးချန်ကဲ၏ မျက်လုံးထဲတွင် တတ်ကြွသော တိုက်ပွဲဝင်စိတ်ဓာတ်များ ဖြစ်ပေါ်လာသည်။

“အတော် စိတ်ဝင်စားဖို့ကောင်းတာပဲ”

တီးတိုးပြောဆိုပြီးနောက် ၊ စူးချန်ကဲသည် တွန့်ဆုတ်သွားခြင်းမရှိဘဲ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို မြှောက်ကိုင်လိုက်သည်။

ရွှမ်း!!

လေခွင်းသံနှင့်အတူ ၊ ပြိုးပြက်စွာတောက်ပသော ဓားအလင်းသည် ကျန့်ရွှမ်ကြွင်းကျန်အမတဆီသို့ ကျရောက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျန့်ရွှမ်ကြွင်းကျန်အမတသည် အလွန်အမင်း အံ့အားသင့်သွားသည်။

အခြားသူတစ်ဦးသာဆိုလျှင်ဖြင့် ၊ ပြန်လည်တိုက်ခိုက်ဖို့ကိုပင် မဆိုနှင့် သူ၏တိုက်ခိုက်မှုအောက်တွင် အသားများစုတ်ပြဲသွားမည်မှာ သေချာပေသည်။

သို့သော် ၊ စူးချန်ကဲသည် ဒဏ်ရာ အနည်းငယ်မျှသော ရရှိခဲ့သည်။

ဤအချက်က ကျန့်ရွှမ်ကြွင်းကျန်အမတ၏ မျက်နှာကို ပို၍ မည်းကျသွားစေခဲ့သည်။

“ ‌ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမတခန္ဓာကိုတောင် ယှဉ်နိုင်ပါ့လား...”

“တကယ်ကို လူ့ဘီလူးတစ်ကောင်ပဲ!”

နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်နေစဉ်၊ တစ်ချိန်တည်းမှာပင် ကျန့်ရွှမ်ကြွင်းကျန်အမတသည် ဟေးယွဲ့ကြွင်းကျန်အမတထံ လျှို့ဝှက်စကား ပေးပို့လိုက်သည်။

“ငါ့ကို အားဖြည့်ပေး ၊ ဒီကောင့်ကို တစ်ချက်တည်းနဲ့ အဆုံးသတ်ကြမယ်!”

ထိုစကားကို ကြားသည်နှင့် ၊ ဟေးယွဲ့ကြွင်းကျန်အမတသည် သူမ၏လက်များကို လှုပ်ရှားလိုက်သည်။

စိမ်းပြာရောင် ဗျပ်စောင်းတစ်လက်သည် သူမ၏ရှေ့တွင် ပြန်လည်ပေါ်ထွက်လာပြီး ၊ ဟေးယွဲ့ကြွင်းကျန်အမတသည် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

သူမသည် ဗျပ်စောင်းကို တီးခတ်လိုက်သည်နှင့်တပြိုင်နက် ၊

တေးဂီတ မှော်သင်္ကေတများသည် ကောင်းကင်ပြင်အနှံ့ ပျံဝဲကခုန်လျက် ၊ တေးသီ‌ဆိုလေသည်။

“ စိတ်ဝိညာဉ် စေခိုင်းခြင်း!”

ဟေးယွဲ့ကြွင်းကျန်အမတ၏ တိီးတိုးရွတ်ဆိုသံနှင့်အတူ ၊

တခဏချင်းမှာပင် ၊ ဂီတသင်္ကေတများသည် စည်းချက်ညီညီ ထွက်ပေါ်လာပြီး ၊ အဆုံးတွင် ရောင်ခြည်မျှင်များကဲ့သို့ ကျန့်ရွှမ်ကြွင်းကျန်အမတ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

မူလကတည်းက အရှိန်မြင့်တတ်နေသော ကျန့်ရွှမ်ကြွင်းကျန်အမတ၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။

သူသည် ညာဘက်လက်မောင်း တစ်ခုလုံးကို ဆုံးရှုံးထားသော်လည်း၊ စူးချန်ကဲ၏ တဟုန်ထိုး တောက်ပနေသော ဓားအလင်းစွမ်းအားများကို ရင်ဆိုင်နေရသည့်တိုင် သူ၏မျက်လုံးများက ယုံကြည်မှု အပြည့်ရှိနေဆဲပင် ဖြစ်သည်။

သူ၏ဘယ်လက်ကို အနည်းငယ်မြှောက်တင်ကာ လက်ချောင်းဖြင့် ရှေ့သို့ စေညွှန်လိုက်သည်နှင့်၊

ဝုန်း!!!

သူ၏ပတ်ဝန်းကျင်တွင် ဝိုးတဝါး တည်ရှိနေသော အချိန်မြစ်သည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

နဂါးတစ်ကောင်၏ လှုပ်ရှားမှုကဲ့သို့ ထိုအချိန်မြစ်သည် စူးချန်ကဲမှ ဖန်တီးထားသော ကြမ်းတမ်းစွာရိုက်ခတ်နေသည့် ဓားစွမ်းအင်မြစ်ဆီသို့ တည့်တည့်ပြေးဝင်သွားသည်။

သို့သော် ၊ မျှော်လင့်ထားသကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးတော့ မဖြစ်ခဲ့ချေ။

တောက်ပသော ဓားစွမ်းအင်မြစ်သည် မမြင်ရလောက်အောင် သေးငယ်သော အချိန်မြစ်နှင့် ထိတွေ့မိသည်နှင့် ၊

ဝူး...!!!

မူလက ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်များသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လေထဲတွင် ကွယ်ပျောက်သွားသည်။

ထိုအချိန်မြစ်အတွင်း၌ ပုန်းအောင်းနေသော ကာလသက်တမ်း၏စွမ်းအားကြောင့် ပျက်စီးသွားခြင်း ဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာပင်။

အချိန်မြစ်အတွင်း၌ပါရှိသော စွမ်းအားသည် လျော့ကျမသွားဘဲ၊ စူးချန်ကဲ၏ ရင်ဘတ်ပေါ်သို့ ထိုးဖောက်သွားသည် ။

ဖောင်း...!!

ဤကြောက်မက်ဖွယ်ရာ စွမ်းအား၏ လက်အောက်တွင်၊ မူလက လွန်စွာကြံ့ခိုင်သည်ဟု ယူဆရသော စူးချန်ကဲ၏ ခန္ဓာကိုယ်မှ သွေးများစွာ ပန်းထွက်လေသည်။

ပူနွေးသော သွေးများသည် မိုးများရွာသွန်းလေသကဲ့သို့ အကန့်အသတ်မရှိသော ကွက်လပ်ထဲသို့ ယိုစီးကျကာ ကြီးမားသော သွေးစွမ်းအင်လှိုင်းတံပိုးများကို နှိုးဆော်ခဲ့လေသည်။

စူးချန်ကဲ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသော ကျန့်ရွှမ်ကြွင်းကျန်အမတ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“လူသားလမ်းစဉ်က လူသားလမ်းစဉ်ပဲ ၊ အမတလမ်းစဉ်ကို ယှဉ်ပြိုင်ရအောင် ဘယ်ကနေအရည်အချင်းရှိမှာတုန်း!”

“ဒီအထိ ခံနိုင်ရည်ရှိခဲ့တာ မင်းလို လူသားတစ်ယောက်အတွက်တော့ အံ့သြစရာလို့တောင် ဆိုနိုင်ပြီ”

“ဒါပေမယ့် ဒီမှာတင် အဆုံးသတ်ပြီ”

တစ်ချိန်တည်းမှာပင် ၊ ကျန့်ရွှမ်ကြွင်းကျန်အမတ၏ မျက်လုံးများထဲတွင် တပ်မက်မှုအရိပ်အယောင်များကို မြင်တွေ့နေရသည်။

စူးချန်ကဲ၏ခန္ဓာကိုယ်မှ ပန်းထွက်လာသော သွေးများသည် ထူးကဲသော မဟာလမ်းစဉ်၏စည်းချက်များနှင့် ပြည့်နှက်နေပြီး၊ အထူးသဖြင့် ချီနှင့်သွေးစွမ်းအားများ ကြွယ်ဝစွာပါဝင်နေသည်။

ပြောစရာပင် မလိုချေ။ ဤသည်မှာ ဒဏ္ဍာရီလာ သူတော်စင်ကိုယ်ထည်သာ ဖြစ်ရပေမည်။

သူတော်စင်ကိုယ်ထည်ဟူသည် နှစ်ပေါင်းထောင်နှင့်ချီ တွေ့ရခဲပြီး၊ ၎င်းကို စုပ်ယူနိုင်ခဲ့လျှင်ဖြင့် သူ့အား အသက်ပိုရှည်စေရုံသာမက သူ၏သွေးသားကို ဆင့်ကဲတိုးတတ်ပြောင်းလဲစေကာ သူ၏ပင်ကိုယ်အရည်အချင်းကိုပါ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

ဒါ ဘာကိုဆိုလိုတာလဲ?

ကြွင်းကျန်အမတအဆင့်မှ စစ်မှန်သော ထာဝရစစ်မှန်အမတအဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်။

“ဟားဟား... စစ်မှန်တဲ့ ထာဝရအသက်!”

အခြားတစ်ဖက်တွင် ၊ ဟေးယွဲ့ကြွင်းကျန်အမတသည်လည်း မကောင်းသောအာသီသဖြင့် တပ်မက်နေသည်။

သူမ၏ စိတ်ထဲတွင် မကောင်းသောအကြံအစည်များကို တွေးခေါ်နေခဲ့သည်။

“ဒီကောင်လေးရဲ့ အသွေးအသားက မရိုးရှင်းဘူးပဲ ၊ ကျန့်ရွှမ်နဲ့ ညီညီမျှမျှ ခွဲဝေယူမယ်ဆိုရင် ငါ့ရဲ့အသွေးအသားကို အဆင့်မြှင့်ဖို့ လုံလောက်မှာမဟုတ်ဘူး”

“ အချိန်ကောင်းကို စောင့်ပြီးတာနဲ့... သူ့ကို လှည့်စားပြီး သတ်ပစ်နိုင်မယ့် အခွင့်ရေးရှိမရှိ ကြည့်ရတာပေါ့...”

ထာဝရအသက်ရှင်နိုင်မည် ဆိုသည့် သွေးဆောင်မှုကြီး၏ရှေ့မှောက်တွင် ၊ ဟေးယွဲ့ကြွင်းကျန်အမတအနေဖြင့် ဘယ်အရာကများ အရေးကြီးတော့မည်နည်း ။

သူတို့သည် ဤအဖွဲ့ငယ်လေးကို ဖွဲ့စည်းထားရခြင်း အကြောင်းအရင်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်အတွက်သာ ဖြစ်သည်။

ယခုတွင်မူ ၊ ဤမျှ အံ့ဩစရာကောင်းသော အခွင့်အလမ်းသည် မိမိ၏မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့ချေပြီ။

သီလနဲ့ ကိုယ်ကျင့်တရား? အဲ့တာတွေက ဘယ်လောက်တန်လို့တုန်း!

ထို့အပြင် ၊ထာဝရရှင်သန်ခြင်း အမတဂူသည် ထိုစစ်ပွဲကြီးတွင် ပြိုကွဲခဲ့သော်လည်း ၊ သို့သော် ဤအပျက်အစီးများကြား မျက်တောင်ပင် မခတ် လူသားစားကျင့်ကြံသော ကြွင်းကျန်အမတများစွာ ကျန်ရှိနေသေး၏။

သူတို့သည် မိမိတို့လူသားများထက်ပင် အဆမတန် ကြမ်းကြုတ်ယုတ်မာကြသည် ။

ဤနေရာသို့ မတော်တဆဝင်ရောက်လာသူများသည် မွေးမြူရေးတိရစ္ဆာန်အဖြစ် ထိန်းသိမ်းခံထားရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကျင့်ကြံမှု နယ်ပယ်အဆင့်သည် ပို၍ မြင့်မားလေလေ ၊ စုပ်ယူနိုင်သလောက် သူတို့၏သက်တမ်းကို ဆွဲဆန့်နိုင်သောကြောင့် ဖြစ်သည်။

ဤလူများကို ဝဖြိုးအောင်မွေးပြီးမှ သူတို့၏ သက်တမ်းများကို စုပ်ယူခြင်းသည် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်သည်။ အားနည်းသော ကြွင်းကျန်အမတများကိုတောင် သူတို့၏ စားစရာတစ်ခုအဖြစ် မွေးမြူထားကြသည်။

ဟေးယွဲ့အနေဖြင့် ဤကဲ့သို့ မရွေးချယ်ရင်တောင် ၊ မည်သို့ပင်ဖြစ်စေ နောက်တစ်ချိန်တွင် သူသည် ၎င်းတို့၏အစာ ဖြစ်လာပေလိမ့်မည်။

သူမသည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့သည်။

ဟေးယွဲ့ကြွင်းကျန်အမတသည် စစ်မြေပြင်ဗဟိုရှိ စူးချန်ကဲနှင့် ကျန့်ရွှမ်ကြွင်းကျန်အမတတို့ကို စိုက်ကြည့်နေသည်။ အခွင့်အရေးရသည်နှင့် ၊ သူမသည် ဝင်ရောက်စွက်ဖက်ကာ အကျိုးကျေးဇူးများကို ခံစားမည်ဟု ကြံစည်ထားသည်။

“ဒီကောင်လေးကို ကြည့်ရတာ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုခု ရှိနေသလိုပဲ..”

မလှုပ်မယှက်ရပ်နေသော စူးချန်ကဲကိုကြည့်ကာ ဟေးယွဲ့ကြွင်းကျန်အမတသည် တီးတိုးရေရွတ်လိုက်သည်။

“လူသားခန္ဓာနဲ့တောင် အမတလမ်းစဉ်ကို ရင်ဆိုင်နိုင်တာ.. ဒီကနေ့ သူ မသေခဲ့ရင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ပြောမပြတတ်အောင်ပဲ…”

…….

“ကောင်လေး... မင်း လက်မြှောက်အညံ့ခံရင် ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အစုံလိုက်ချန်ထားပြီး ၊ နောက်ဆုံးအနေနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားပေးမယ် “

ကျန့်ရွှမ်၏ လေသံသည် အလွန်တရာမျှ အေးစက်နေသည်။

သူ့အမြင်တွင် ၊ ရလဒ်ကို ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်။

စူးချန်ကဲသည် အပြင်လောကတွင် မည်မျှပင် ဂုဏ်သတင်းကြီးမားခဲ့ပါစေ ၊ လူသားလမ်းစဉ်သည် လူသားလမ်းစဉ်သာ။ အမတလမ်းစဉ်နှင့် ယှဉ်နိုင်စရာအကြောင်းမရှိပေ။

“ မင်း ဖန်တီးနိုင်တာက အချိန်မြစ်ရဲ့အစမ်းသဘောမျှသာ ရှိသေးတယ် ..ပြီးပြည့်စုံတဲ့ အချိန်မြစ်ကို မဖန်တီးနိုင်သေးဘူး “

စူးချန်ကဲ၏ အနက်ရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောကခုန်နေပြီး ၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျောက်ကင်းကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူသည် အပြုံးမပျက် ပြောလိုက်သည်။

“ ခင်ဗျားရဲ့ခွန်အားက ဒီလောက်ပဲဆိုရင်၊ ဒါဆို ခင်ဗျား ကျုပ်ကို သတ်ဖို့ အများကြီးလိုသေးတယ်”

အပိုင်း(၅၆၅): တွေးထားတာထက် ကျော်လွန်နေသော လူ့ဘီလူးကောင်

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊

အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဟု မှတ်ယူခဲ့သော ကျန့်ရွှမ်ကြွင်းကျန်အမတ၏ မျက်နှာသည် မည်းကျသွားသည်။

မောက်မာလိုက်တာ!

သူ ကျင့်ကြံအားထုတ်လာတဲ့ ဘဝတစ်လျှောက်၊ ဒီလောက်ထိ မောက်မာတဲ့သူမျိုးကို သူတစ်ခါမှတောင် မတွေ့ဖူးဘူး!!

“ ကောင်စုတ်လေး ! မင်း အတော်သတ္တိရှိနေတယ်ပေါ့လေ”

ကျန့်ရွှမ်ကြွင်းကျန်အမတသည် သူ၏ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ၊

ဝီ——!!

ဝင်းလက်တောက်ပနေသော မှော်သင်္ကေတများသည် သူ၏လက်ဝါးထဲတွင် ကြောက်မင်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ ဝဲဂယက်တစ်ခုကဲ့သို့ ဖြည်းဖြည်းချင်း စုဝေးလာသည်။ ယင်း၌ အဖျက်သဘောဆောင်သော လျှပ်စီးမိုးကြိုးများက လျှပ်တပြတ် လင်းလက်တောက်ပလျက် ရှိသည်။

“ ဗလာနိတ္ထိ အဆုံးမဲ့ကပ်ဘေး!”

သူ၏ ဟစ်အော်သံနှင့်အတူ ၊

ဘုန်း ——!!

ကြောက်မက်ဖွယ်ရာ ဆူညံသံများ ထွက်ပေါ်လာပြီး ၊

မရေမတွက်နိုင်သော အမတဆိုင်ရာ အလင်းနိယာမများသည် သူ၏လက်ဖဝါးထဲသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။

နှစ်ကာလ၏ အဖျက်စွမ်းအားများကို စုစည်းဖန်တီးထားသော ကာလမုန်တိုင်းသည် စူးချန်ကဲအား အပြီးအပိုင် ချေမှုန်းပစ်ရန် အောက်သို့ ကျရောက်လာသည်။

ဘေးနားတွင် ရှိနေသော ဟေးယွဲ့ကြွင်းကျန်အမတသည် ဤအခြေအနေကို စောင့်ကြည့်နေပြီး ၊ အခွင့်အကောင်းကို ဖမ်းဆုပ်ရန် အသင့်ပြင်ထားသည်။

“ ဗလာနိတ္ထိတဲ့လား? ကောင်းပြီ!”

စူးချန်ကဲသည် သူ၏အပြုံးများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ၊ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

“ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်! “

ဝုန်း ——!!

ချက်ချင်းဆိုသလိုပင် ၊

စူးချန်ကဲ၏ဘေးတဝိုက်ရှိ ရောင်ဝါသည် တဟုန်ထိုး တတ်လာကာ ၊ သူ၏ အဖြူရောင် ဝတ်ရုံထည်သည် လေမတိုက်ဘဲ အလိုအလျောက် ရိုက်ခတ်လှုပ်ရှားနေသည်။

သူ့ကိုဗဟိုပြုလျက် ၊ ဤနေရာတစ်ခုလုံးသည် ထူးဆန်းစွာဖြင့် အေးခဲသွားပုံရသည်။ တလိပ်လိပ် ရိုက်ခတ်နေသော နိယာမတရားများသည်လည်း တိတ်ဆိတ်စွာဖြင့် ရပ်တန့်သွားသည်။

မူလက စူးချန်ကဲဆီသို့ ဒေါသတကြီး ပြေးဝင်လာသော ကာလသက်တမ်း စွမ်းအားသည်လည်း တစ်ချိန်တည်း ရပ်တန့်သွားကာ ၊ ဤနယ်မြေတစ်ခွင်လုံးသည် လေဟာနယ်အတွင်း ရပ်တန့်အေးခဲသွားသည်။

“ဒါ...ဒါ ဘာဖြစ်တာလဲ!?”

ကျန့်ရွှမ်ကြွင်းကျန်အမတ အနေဖြင့်၊ ဤမြင်ကွင်းသည် မျှော်လင့်ထားသည့်ထက် လုံးဝ ကျော်လွန်နေပြီး၊ မျက်လုံးများ ပြုးကျယ်ကာ ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေသည်။

သူ အခု အမတလမ်းစဉ်ရဲ့စွမ်းအားကို ထိန်းချုပ်လိုက်တာလား!!

စူးချန်ကဲဆိုသော ဤလူသည် သာမန်လူသားလမ်းစဉ်ကျင့်ကြံသူ တစ်ယောက် ဖြစ်ပါလျက်နဲ့ ၊ အဘယ်ကြောင့် ဤမျှအစွမ်းထက်သော စွမ်းအားများကို ထိန်းချုပ်နိုင်သနည်း။

ဗလာနိတ္ထိမျက်လုံးတော်ကို စတင်အသက်သွင်းလိုက်သည်နှင့် ၊ စူးချန်ကဲ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တာအိုစည်းချက်များ သက်ဝင်လှုပ်ရှားလာသည်။ ၎င်းအရာသည် မိုးမြေပြောင်းလဲခြင်း ၊ နေနှင့်လတို့၏ နေရာပြောင်းလဲမှု ၊ စကြဝဠာပျက်သုဉ်းခြင်းတို့၏ အရိပ်အယောင်များနှင့် တူနေသည်။

ဤမျှအင်အားကြီးမားသော စွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေသော ဧရိယာတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သော ငြိမ်သက်ခြင်းအဖြစ်သို့ ရောက်ရှိသွားကြသည်။

ရှေးဦးခရမ်းရောင်စဉ် အလင်းတန်းများ ဖြာကျလာပြီး၊ လောကကြီးတစ်ခုလုံးကို ဆန်းကြယ်စွာဖြင့် အလင်းပေးလျက်ရှိသည်။

ဝါး——!!

ထိုအချိန်တွင် ၊ မူလက မှောင်မည်းနေသောအာကာသသည် တဖြည်းဖြည်း အက်ကွဲထွက်လာသည်။

အက်ကွဲကြောင်းများမှ မရေမတွက်နိုင်သော ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး၊ အဆုံးတွင် ကြီးမားသော “ကောင်းကင်မျက်လုံးကြီး” တစ်ခုအဖြစ် စုစည်းဖွဲ့တည်လာခဲ့သည်။

ကြယ်တာရာများက ပြိုးပျက်စွာ တောက်ပလျက် ၊ တာအိုစည်းချက်များ ပျံ့လွင့်နေသည်မှာ ဤအခိုက်အတန့်တွင်၊ စကြဝဠာရှိ အရာအားလုံးသည် အဆိုပါမျက်လုံးကြီးထဲတွင် အပြည့်အဝ ရှိနေပုံရသည်။

သူတို့၏ သိမြင်နိုင်စွမ်းထက်ကို ကျော်လွန်နေသော ဤဖြစ်ရပ်ကြောင့် ကျန်ကြွင်းအမတနှစ်ဦးစလုံး၏နှုတ်ခမ်းများသည် တုန်ရီနေပြီး၊ မည်သည့်စကားမှ ပြောမထွက်တော့သည့်အထိ ဖြစ်ခဲ့ရသည်။

“ဒါ... လူသားတစ်ယောက် လုပ်နိုင်တဲ့ စွမ်းအားမျိုး ဟုတ်ရဲ့လား...?”

“ ကောင်လေး... မင်းက တကယ်ပဲ ဘာ... “

သို့သော် ၊ ကျန့်ရွှမ်ကြွင်းအမတ၏စကားများ မဆုံးလိုက်ခင် ၊

စူးချန်ကဲ၏ အေးစက်သော မန္တန်ရွတ်ဆိုသံကို ကြားလိုက်ရသည်။

“မူလအရင်းအမြစ်ကို အနန္တဗလာအဖြစ် ပြောင်းလဲ၍၊ မိုးမြေကို တိတ်ဆိတ်ခြင်းနှင့် ပျောက်ကွယ်ခြင်းအဖြစ်သို့ ဖန်တီးမည်”

“ငါဆိုသည်မှာ... အနန္တပျက်စီးမှုပေတည်း “

ထိုစကားလုံးများ ပြီးဆုံးသွားသည်နှင့်တပြိုင်နက် ၊

ဤနေရာတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်ကျသွားပြီး ၊ မြေကြီးတုန်ခါနေသော ဟောက်သံနှင့်အတူ တောက်လောင်နေသော အလင်းရောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ဘုန်း ——!!

ကျန့်ရွှမ်ကြွင်းကျအမတ အသုံးပြုခဲ့သော ဗလာနိတ္ထိစွမ်းအားသည် စူးချန်ကဲ ထိန်းချုပ်ထားသော ဗလာနိတ္ထိစွမ်းအားနှင့် ယှဉ်လျှင် ၊ နည်းနည်းမျှပင် အဆင့်မမှီချေ။

စူးချန်ကဲသည် အန္တိမလမ်းစဉ် လွတ်မြောက်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ၊ သူ၏ကိုယ်ပိုင်ကျင့်ကြံမှုကို ခိုင်မာစေရန်အတွက် တိုက်ပွဲများ စဉ်ဆက်မပြတ် ဆင်နွဲရန်လိုအပ်ခဲ့သည် ။

အစကတည်းက သူသည် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို အသက်သွင်းခဲ့မည်ဆိုပါက ၊ ကျန့်ရွှမ်ကြွင်းကျန်အမတသည် သူနှင့် ယခုထိတိုင် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

အရာအားလုံးကို ဖျက်ဆီးနိုင်သော ဗလာနိတ္ထိစွမ်းအားများသည် အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ အချိန်မြစ်သည် အဆိုပါစွမ်းအား၏လက်အောက်တွင် တစ်စစီကွဲကြေလျက် ပျောက်ကွယ်သွားခဲ့သည်။

ဤလောကကြီးတစ်ခုလုံးသည် ဤမျှလျို့ဝှက်ဆန်းကြယ်သော စွမ်းအား၏လက်အောက်တွင် ပြန်လည်ဖွဲ့စည်းလာပုံရပြီး ၊အရာအားလုံးသည် အဆုံးသတ်ဖြစ်စဉ်မှ အစပြန်ဖြစ်ခြင်း ဖြစ်စဉ်သို့ ပြန်လည်ရောက်ရှိသွားသည်။

“ အားးး!!!”

အချိန်နှင့်အာကာသကြီးတစ်ခုလုံး ရပ်တန့်နေချိန်တွင်၊ ကျန့်ရွှမ်ကြွင်းကျန်အမတအဖို့ ခုခံနိုင်စွမ်းမရှိတော့လေရာ မိမိ၏ခန္ဓာကိုယ်သည် အဆိုပါစွမ်းအား၏လက်အောက်တွင် တစ်စစီ ချေမှုန်းခံနေရသည်ကို ကြည့်နေရုံမှတပါး မတက်နိုင်ခဲ့ချေ။

“ ဟေးယွဲ့! မင်း ဘာကိုစောင့်နေတာလဲ!?”

ခန္ဓာကိုယ်တစ်ခုလုံးချေမှုန်းခံရသည့် နာကျင်မှုကို သည်းခံရင်း ၊ ကျန့်ရွှမ်ကြွင်းကျန်အမတသည် အော်ဟစ်ပြောဆိုလိုက်သည်။

“အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ!?”

သို့သော် ၊

ဘေးကနေ စောင့်ကြည့်နေသော ဟေးယွဲ့ကြွင်းကျန်အမတသည် ဤအခြေနေကိုအခွင့်ကောင်းယူရန် နည်းနည်းမှပင် စိတ်မကူးရဲတော့ပေ။

ဤစွမ်းအားသည် သူမ နားလည်ထားသော မဟာလမ်းစဉ်ထက် အဆမတန်မြင့်မားနေခဲ့သည်။

အချိန်နှင့်အာကာသကို ရပ်တန့်ကာ၊ အရင်းအမြစ်များကို ဖျက်ဆီးသည်။

ဒါကို ခုခံဖို့ လုံးဝမှမဖြစ်နိုင်ဘူး !

“ဒီကောင်လေး အစကတည်းက သူ့စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပဲ....”

“ လူ့ဘီလူးတွေထဲက နတ်ဆိုးတကောင်ပဲ!”

အပိုစကားများ မပြောတော့ဘဲ၊ ဟေးယွဲ့ကြွင်းကျန်အမတသည် အမတရင်းမြစ်(စွမ်းအားအရင်းအမြစ်)အားလုံးကို အပြည့်အဝ အသုံးပြုလိုက်သည်။

ကျန့်ရွှမ်ကြွင်းကျန်အမတမှာမူ၊ ဟေးယွဲ့ကြွင်းကျန်အမတသည် ဝင်ရောက်တိုက်ခိုက်လာမည်ဟု ထင်မှတ်ခဲ့သော်လည်း ၊ သို့သော်သူမသည် အစွမ်းကုန်ပေါက်ကွဲကာ ကျဆုံးအမတမြို့တော်၏အတွင်းပိုင်းထဲသို့ တချိုးတည်း လစ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။

“ဟေးယွဲ့!!! သေမှာကြောက်တဲ့ သူပုန်ကောင်!!!”

ထိုအခြေအနေကို မြင်တွေ့လိုက်ရသော ကျန့်ရွှမ်ကြွင်းကျန်အမတသည် ဟေးယွဲ့ကြွင်းကျန်အမတ၏နောက်ကျောကို လှမ်းကြည့်ရင်း ဒေါသတကြီးဆဲဆိုလိုက်သည်။

သူ့ရဲ့အငယ်တန်းလေးက ဒီကအစ်ကိုကြီးကို စွန့်ပြီး ထွက်ပြေးသွားသတဲ့လား!

“စိတ်မပူနဲ့၊ သူ မပြေးနိုင်ဘူး၊ သူ့ကိုလည်း ခင်ဗျားနဲ့အတူ တစ်လမ်းတည်းပို့ပေးမယ်”

စူးချန်ကဲ၏ နက်မှောင်သောဆံနွယ်များသည် လေထဲတွင် ပြန့်ကျဲနေပြီး ၊ သူ၏ဘေးတဝိုက်တွင် ဝန်းရံထားသော အချိန်နှင့်အာကာသအပိုင်းအစများသည် ဆူညံစွာလှုပ်ခါနေသည်။

ဤအခိုက်အတန့်တွင် သူသည် အရင်ကလို ပျော့ညံ့သောကောင်လေးမျိုး မဟုတ်တော့ဘဲ ကောင်းကင်ကြီးကိုပင် စိန်ခေါ်တိုက်ခိုက်နိုင်သော မပျက်စီးနိုင်သည့် စစ်နတ်ဘုရားကဲ့သို့ လူကို ကြောက်ရွံ့စေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

သူသည် သူ၏ညာလက်ကိုဆန့်ထုတ်ကာ ကျန့်ရွှမ်ကြွင်းကျန်အမတကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။

ကွဲအက်သံ!!

အာကာသဟင်းလင်းပြင်သည် အမည်မသိ အင်အားတစ်ခု၏ ဖျစ်ညှစ်မှုကိုခံလိုက်ရသကဲ့သို့ ကြောက်စရာကောင်းသော အသံများထွက်ပေါ်လာခဲ့သည်။

သူ၏ညာလက်ကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် ကြေးမုံပြင်ကဲ့သို့ ကွဲအက်သွားသော အာကာသဟင်းလင်းပြင် အပိုင်းအစများသည် ကြယ်အမှုန်အမွှားများအဖြစ်သို့ ကောင်းကင်တစ်လျှောက် ပြန့်ကျဲလွင့်စဉ်သွားတော့သည်။

ကျန့်ရွှမ်ကြွင်းကျန်အမတသည် ချေမှုန်းခံလိုက်ရစဉ် ၊

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် ဟေးယွဲ့ကြွင်းကျန်အမတ ထွက်ပြေးသွားသော ဦးတည်ရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ ဟာသပဲ၊ ဒီလောက်သတ္တိမဲ့တာ ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ ဘယ်လိုလုပ်ပြောနိုင်မလဲ?”

နိယာမ ရောင်ခြည်အလင်းတန်းများသည် သူ၏ဘေးတစ်ဝိုက်တွင် ရစ်ဝဲလို့နေကာ ၊ အာကာသဟင်းလင်းပြင်သည် ဖိညှစ်ခံရပြီး ကျုံ့သထက်ပိုကျုံ့လာသည်။

မှောင်မိုက်နေသော အာကာသထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်၊ အာကာသဆိုင်ရာ မှော်သင်္ကေတများသည် အလင်း၏အမြန်နှုန်းအတိုင်း ဖြတ်သန်းသွားသည် ။

တဒင်္ဂအတွင်းမှာပင် ၊ သူ၏ပုံရိပ်သည် မှောင်မည်းနေသော အာကာသထဲ၌ ပျောက်ကွယ်သွားသည်။

ဤဖြစ်ရပ်ကို အခြားသူများမြင်ခဲ့လျှင်ဖြင့် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့မည်မှာ သေချာသည်။

လူသားလမ်းစဉ်ကျင့်ကြံသူတစ်ဦးသည် အမတလမ်းစဉ်ကျင့်ကြံသူနှစ်ဦးကို သုတ်သင်ခဲ့ပြီး၊ နောက်တစ်ဦးကိုပင် ထိတ်လန့်ထွက်ပြေးစေခဲ့သည်။

သမိုင်းတစ်လျှောက် ၊ မည်သူကများ ဤကဲ့သို့လုပ်ပြနိုင်လိမ့်မည်နည်း။

……..

တစ်ချိန်တည်းမှာပင်။

ကျဆုံးအမတမြို့တော်၏ အတွင်းပိုင်းထဲသို့ ထွက်ပြေးလာခဲ့သော ဟေးယွဲ့ကြွင်းကျန်အမတသည် သူမ၏ အမတရင်းမြစ်များကို အပြည့်အဝထုတ်သုံးခဲ့သည်။

အာကာသလမ်းကြောင်းတစ်လျှောက် အရှိန်အဟုန်ပြင်းစွာ ထွက်ပြေးနေခဲ့ပြီး ၊ နောက်ပြန် မလှည့်ကြည့်ဝံ့သည့်အထိပင်။

နောက်အခိုက်အတန့်တွင် ၊ စူးချန်ကဲသည် သူမ၏ရှေ့တွင် ထွက်ပေါ်လာပြီး သူမအား ပြာချသွားမည်ကို ကြောက်ရွံ့နေမိသည်။

ထို့ထက်ပို၍ ရယ်စရာကောင်းသည်မှာ များသောအားဖြင့် သေရေးရှင်ရေးအခြေအနေမျိုးတွင် သူတို့သည် အမတရင်းမြစ်ကို အပြည့်အဝထုတ်သုံးကာ တိုက်ခိုက်လေ့ရှိကြသည်။

သို့သော် သူမသည် အမတရင်းမြစ်များကို ထွက်ပြေးရန်အတွက်သာ အသုံးပြုနေရသည်။

ဒါပေမဲ့ အခြားရွေးချယ်စရာရှိသေးလို့လား!!

စူးချန်ကဲ ကဲ့သို့သော လူ့ဘီလူးတွေထဲက နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ရပါက ၊ သူမအနေဖြင့် အစွမ်းကုန်ကြိုးစားရင်တောင် ရှုံးနိမ့်မှုဖြင့်သာ ကြုံတွေ့ရပေမည်။

“ဒါက ဟိုလူယုတ်မာအဘိုးကြီးကြောင့်ပဲ ၊ ဒီလို လူ့ဘီလူးတစ်ကောင်ကို သွားပြီးနှိုးဆွရသလား”

“အစကတော့ ငါ့ဟာငါ နှစ်သန်းပေါင်းများစွာ အသက်ဆက်ရှင်ဖို့ လုံလောက်တဲ့အစာတွေ ရှိထားလျက်နဲ့ ၊ ဒင်းက ကိုယ့်ဟာကို ကောင်းကောင်းမသေဘူး ..သူများကိုပါ ရေညစ်ထဲဆွဲချသွားသေးတယ်!”

ဟေးယွဲ့ကြွင်းကျန်အမတသည် သေဆုံးသွားပြီဖြစ်သော ကျန့်ရွှမ်ကြွင်းကျန်အမတကိုသာမက သူ၏ဘိုးဘေးမျိုးဆက် ၁၈ ဆက်စလုံးကိုပင် ကျိန်ဆဲနေလေ၏။

အပိုင်း(၅၆၆): အမတကျဆုံးမြို့တော်၏ အနက်ရှိုင်းဆုံး အပိုင်းမှ အမတလျှောက်လှမ်းတံခါး

သို့ဖြစ်၍ ၊ သူမသည် အမတရင်းမြစ်ကို အပြည့်အဝ ထုတ်သုံးကာ လျင်မြန်သော အရှိန်နှုန်းဖြင့် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလေသည်။

ဟေးယွဲ့ကြွင်းကျန်အမတသည် စူးချန်ကဲ၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် သူမဆီသို့ တဖြည်းဖြည်း နီးကပ်လာမှန်း သတိထားမိသည်။

“ သေစမ်း ! ကြည့်ရတာ ဒီလူကို နှောင့်နှေးအောင် ငါ့ရဲ့ သက်စောင့်အမတလက်နက်ကို အသုံးပြုမှရတော့မယ်!”

ဟေးယွဲ့ကြွင်းကျန်အမတသည် သူမ၏လက်များကို လှုပ်ရှားလိုက်သည်။

ဝှစ်...!!!

သူမ၏ ရှေ့ကွက်လက်တွင် လှိုင်းတံပိုးများရိုက်ခတ်သွားပြီး စိမ်းပြာရောင်ရှိသော ရှေးဟောင်းဗျပ်စောင်း တစ်လက် ထွက်ပေါ်လာသည်။

ထို့နောက်တွင် ၊ဟေးယွဲ့ကြွင်းကျန်အမတသည် သူမ၏ ခန္ဓာကိုယ်ထဲက အမတစွမ်းအားများကို စုစည်းလိုက်ပြီး ဗျပ်စောင်းကို တီးခတ်လိုက်သည်။

သူမ၏ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည် ဗျပ်စောင်းထဲသို့ ဝင်ရောက်သွားသည်။

“သွား! ဒီလူကို တားဆီးလိုက်!”

ဟေးယွဲ့ကြွင်းကျန်အမတသည် အော်ဟစ်ကာ အမိန့်ပေးလိုက်သည်နှင့် ဗျပ်စောင်းသည် အသက်ဝင်လာပုံရသည်။

လေခွင်းသံနှင့်အတူ၊ ထိုအမတလက်နက်သည် စူးချန်ကဲရှိရာဘက်သို့ တဟုန်ထိုး ဦးတည်ပျံသန်းလာသည်။

“ ဒီရဲ့အမတလက်နက်ထဲမှာ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းထားရုံတင်မကဘူး ငါ့ ရှီးမိသားစုရဲ့ မူလကျိန်စာနဲ့ပါ စီမံထားသေးတယ်”

မရပ်မနား ထွက်ပြေးနေဆဲဖြစ်သော ဟေးယွဲ့ကြွင်းကျန်အမတသည် တီးတိုး‌ပြောဆိုနေသည်။

“ဒီသကောင့်သားကို ပြင်းပြင်းထန်ထန် ဒဏ်ရာမပေးနိုင်ရင်တောင် ၊ သူ့ကို အနှောင့်အယှက်ပေးနိုင်တယ်... ငါ့ကိုလိုက်ဖမ်းဖို့ မဖြစ်နိုင်ဘူး!”

သူမပြောသည့် မူလကျိန်စာ၏ အမည်မှာ ကျိန်စာဗျပ်သံ ဖြစ်သည်။

ဤသည်မှာ ဟေးယွဲ့ကြွင်းကျန်အမတသည် အမတလမ်းစဉ်သို့ စတင်ဝင်ရောက်စဉ်က ဉာဏ်အလင်းရကာ သဘောပေါက်နားလည်ခဲ့သည့် ပင်ကိုယ်မှော်စွမ်းအားအတတ် ဖြစ်သည်။

ဗျပ်စောင်းသံကို ကြားခံအဖြစ် အသုံးပြုကာ ၊ မဟာလမ်းစဉ်၏ ကျိန်စာကို ပေါင်းစပ်ထားသော အထူး တေးသွားတစ်ပုဒ်ဖြစ်ပြီး ၊ သတ်မှတ်ထားသူသာလျှင် ကြားနိုင်သည်။

ဤတေးသွားကို ကြားသူတိုင်း မိမိတို့၏ စိတ်နှလုံးသားထဲက အတွင်းနတ်ဆိုးကို ထကြွသောင်းကျန်းစေရုံသာမက ၊ ၎င်းသည် အတွင်းနတ်ဆိုးအပေါ်တွင် ကြီးမားသော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများလည်း ဖြစ်ပေါ်စေနိုင်သည်။

တစ်ချိန်တည်းမှာပင်။

အာကာသ ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ဟေးယွဲ့ကြွင်းကျန်အမတကို လိုက်ဖမ်းနေသော စူးချန်ကဲသည် ဤအခိုက်အတန့်တွင်၊ မျက်မှောင်ကြုတ်သွားသည်။

နားမလည်နိုင်သော စွမ်းအားတစ်ခုက သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ကာ၊ သူ့ရှေ့ကကွက်လပ်ကို အာရုံစိုက်ကြည့်လိုက်သည်။

အေးစက်သော အနှိုင်းမဲ့အလင်းများဖြင့် ထောက်ပံ့နေသော စိမ်းပြာရောင် ရှေးဟောင်းဗျပ်စောင်းတစ်လက်သည် သူ့ဆီသို့ အလျင်အမြန် ဦးတည်လာသည်ကို မြင်တွေ့လိုက်ရသည်။

“ဒါက... ဟေးယွဲ့ကြွင်းကျန်အမတရဲ့ အမတတစ်ခြမ်းလက်နက်လား “

“ အပေါ်မှာ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအား တစိတ်တစ်ပိုင်း ပါတာပဲ “

စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ ၊ ဒီလိုနည်းနဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်တာလား”

တဖက်လူ၏တိုက်ခိုက်မှုအတွက် ၊ စူးချန်ကဲသည် သူ၏ ဗလာနိတ္ထိမျက်လုံးတော်ကိုတောင် အသုံးမပြုခဲ့ပေ။

ကြက်သတ်ဖို့ အတွက်နဲ့ နွားသတ်ဓားကို သုံးစရာလား !

သူ၏လက်များကို ညင်သာစွာလှုပ်ရှားလိုက်သည်နှင့် ၊

ဒင်~!!!

ကျယ်လောင်သော ဗျပ်စောင်းသံတစ်ချက်သည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံး ပျံ့လွင့်သွားသည်။

မရေမတွက်နိုင်သော တေးဂီတဆိုင်ရာ မှော်သင်္ကေတများသည် ကောင်းကင်တခွင်တွင် တရွေ့ရွေ့ ပျံ့လွင့်လာကာ ပုံသဏ္ဍာန်တစ်ခုအဖြစ် ဖြည်းညှင်းစွာ စုဝေးသွားသည်။

စူးချန်ကဲသည် သူ၏လက်ဆယ်ချောင်းကို လေထဲတွင် အသာယာ လှုပ်ရှားလိုက်သည်နှင့် ၊ မူလက ကခုန်မျှော်လွှင့်နေသော တေးဂီတဆိုင်ရာ မှော်သင်္ကေတများသည် ကွက်လပ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ဤနေရာရှိ မဟာလမ်းစဉ်၏စည်းမျဉ်းများနှင့် ပဲ့တင်ရိုက်ခတ်လေသည်။

အဆုံးတွင် ၊ ကွက်လပ်ထဲတွင် ရှေးဟောင်းဗျပ်စောင်းတစ်လက်၏ ပုံသဏ္ဍာန်အဖြစ်သို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

နိယာမတရားဖြင့် ဗျပ်စောင်းကိုဖန်တီးသည်။

ဤသည်မှာ ဗျပ်စောင်းလမ်းစဉ်တွင် အမြင့်ဆုံးအဆင့်ဖြစ်သည်။ စိတ်ထဲတွင် ဗျပ်စောင်းရှိနေသ၍ သဘာဝတရားတစ်ခုလုံးကို ဗျပ်စောင်းအဖြစ်သို့ အသုံးချနိုင်သည်။

အဆုံးစွန်သော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိထားသူများသည် မဟာလမ်းစဉ်ကို ဗျပ်စောင်း၏ကိုယ်ထည်အဖြစ်လည်းကောင်း၊ မိုးမြေကို စောင်းကြိုးအဖြစ်လည်းကောင်း တီးခတ်နိုင်သည်။

စူးချန်ကဲ၏ လက်ဖျားထိပ်များ လှုပ်ရှားမှုနှင့်အတူ၊ တောက်ပသော နိယာမတရားများဖြင့် ဖွဲ့စည်းထားသည့် ဗျပ်စောင်းဝိညာဉ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး၊ မျက်စိတမှိတ်အတွင်း နက်နဲသော အာရုံခံစားမှုအခြေအနေသို့ ချက်ချင်းရောက်ရှိသွားစေသည်။

ဝုန်း !!!

ထိုအချိန်တွင်၊ ဟေးယွဲ့ကြွင်းကျန်အမတ၏ စိမ်းပြာရောင်ဗျပ်စောင်းသည် စူးချန်ကဲထံသို့ နီးကပ်စွာ ရောက်ရှိလာသည်နှင့် ၊

ကြောက်မက်ဖွယ်ကောင်းသော စောင်းသံကို ထုတ်လွှတ်ကာ နေရာအသီးသီးမှ စူးချန်ကဲဆီသို့ ပြေးဝင်လာခဲ့သည်။

မူလက မှောက်မိုက်နေသော အာကာသကြီးသည် မရေမတွက်နိုင်သော ဂီတသံစဉ်အလင်းမျှင်များဖြင့် ပြည့်နှက်သွားသည်။

ယင်း၌ မိုးမြေတစ်ခုလုံးကို ငိုကြွေးစေပြီး ၊ အရာအားလုံးကို ဆွေးမြေ့ခြင်းအဖြစ်သို့ ပြောင်းလဲစေနိုင်သည့် ကျိန်စာအသံလှိုင်းများ ပါဝင်နေသည်။

တစ်ချိန်တည်းမှာပဲ ၊ စူးချန်ကဲ၏ လက်ချောင်းများက စောင်းကြိုးများကို တီးခတ်ပြီး ဖြစ်သည်။

“ ထျန်းတိ့အတတ် ၊ အကန့်အသတ်မဲ့ တေးသံစဉ် “

ထိုစကားသံအဆုံးတွင် ၊ စောင်းသံတစ်ချက် ထွက်ပေါ်လာသည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ သဘာဝတရား၏ နက်နဲသော သံစဉ်များ ပျံ့လွင့်ထွက်ပေါ်လာပြီး ၊ သူ၏ အဖြူရောင်ဝတ်ရုံထည်သည် လေမတိုက်ဘဲ တဖန်လွင့်မျောနေသည်မှာ ပို၍ပင် ဆန်းကြယ်လှသည်။

စိမ်းပြာရောင် ဗျပ်စောင်းမှ ထွက်ပေါ်လာသော ကျိန်စာအသံလှိုင်းများသည် ဆွေးမြေ့တိုက်စားနိုင်စွမ်းရှိသော လှံတံများကဲ့သို့ ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။

သို့သော် စူးချန်ကဲမှ တီးခတ်နေသော တေးသံစဉ်သည် သန့်စင်နိုင်စွမ်းရှိသော နယ်ပယ်စက်ကွင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ ၎င်းအတွင်းရှိ နိယာမအားလုံးကို ကြယ်စင်များအဖြစ်သို့ ပြောင်းလဲသွားစေသည်။

အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ မိုးမြေ၏အလိုဆန္ဒသည် တစ်စစီကြေမွကာ မီးခိုးမှုန်များအဖြစ် ပျောက်ကွယ်သွားသည်။

ဤနေရာရှိ မဟာလမ်းစဉ်သည် စောင်းသံ၏ လွှမ်းမိုးမှုအောက်တွင် ၊ တေးသံစဉ်နှင့် သဟဇာတဖြစ်ကာ ပဲ့တင်ထပ်နေသည်။

ဤမျှမြင့်မြတ်ပြီး မထိပါးဝံ့သော တန်ခိုးစွမ်းအားအောက်တွင် ၊ စိမ်းပြာရောင် ဗျပ်စောင်းပေါ်ရှိ ကျိန်စာစွမ်းအားနှင့် ဟေးယွဲ့ကြွင်းကျန်အမတ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းသည် အစအနမကျန် ဖြိုခွင်းခံလိုက်ရသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ၊

အဖြူရောင်အလင်းတန်းများသည် ဖြည်းဖြည်း ချင်း မှေးမှိန်လာကာ ၊

မိုးမြေတစ်ခွင်လုံး ဆိတ်ငြိမ်သွားလေတော့သည်။

ထိုစိမ်းပြာရောင် ‌ဗျပ်စောင်းသည် စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ယခင်က ထုတ်လွှတ်နေသော မကောင်းသောစွမ်းအင်အစား၊ လက်ရှိဗျပ်စောင်းသည် သန့်စင်ပြီး အလွန်သန့်ရှင်းပုံပေါ်သည်။

သူ့လက်ထဲက ဗျပ်စောင်းကိုကြည့်ရင်း၊ စူးချန်ကဲသည် ပြုံးကာ ဆိုလိုက်သည်။

“ ဒီအကန့်အသတ်မဲ့ တေးသံစဉ်ကို စတောင်မတီးရသေးဘူး ပြီးသွားပြီတဲ့လား ၊ တကယ်ကို ထင်မထားဘူး”

ထျန်းတိ့အတတ်ပညာရပ်ထဲမှ အနန္တပျက်စီးမှု မှော်အတတ် ၊ ဖော့ထျန်းကျုံရှင် မှော်အတတ်များဖြင့် မတူညီသည့်အချက်မှာ --

အကန့်အသတ်မဲ့ တေးသံစဉ်သည် ဗျပ်စောင်းလမ်းစဉ်၏ ဂီတအခြေခံသဘောတရားများကို အသုံးပြုသည်။ ၎င်းသည် သန့်စင်မှုစွမ်းအားကို အဆမတန် တိုးမြှင့်နိုင်ပြီး ၊ ကျိန်စာများနှင့် မကောင်းသောစွမ်းအင်များကို ဖျက်ဆီးနိုင်သည်။

“ဒါပေမဲ့လည်း... ဒီဟေးယွဲ့ကြွင်းကျန်အမတကတော့ သိပ်စဉ်းစားပေးတတ်တာပဲ ၊ မသေခင် ဒီလိုအဖိုးတန်တဲ့ပစ္စည်းကို လက်ဆောင်ပေးသွားသေးတယ်”

စူးချန်ကဲသည် ပြုံးလိုက်ပြီး ဗျပ်စောင်းကို သူ၏ ဟင်းလင်းပြင်သိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

ဗျပ်စောင်းမရှိသေးလို့ စိတ်ညစ်နေတာ ၊ အတော်ပဲ ...ဒီတစ်ခါတော့ သူ့အလိုလိုရောက်ချလာတာပဲ !

…….

တစ်ချိန်တည်းမှာပင်။

မရပ်မနားထွက်ပြေးနေသော ဟေးယွဲ့ကြွင်းကျန်အမတသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ၊ ဖြူဖျော့သွားသည်။

သူမသည် တုန်လှုပ်စွာဖြင့် ညည်းညူလိုက်သည်။

“ငါ့စိတ်ဝိညာဉ်စွမ်းအား..ဒီလောက်မြန်မြန်ချေမှုန်းခံလိုက်ရပြီလား!?”

အချိန်အားဖြင့် မည်မျှ‌ကြာခဲ့လေသနည်း။

သူမသည် မူလကျိန်စာစွမ်းအားကို ထည့်သွင်းထားသော မိမိ၏သက်စောင့်အမတလက်နက်ကိုပင် စေလွှတ်ကာတိုက်ခိုက်စေခဲ့သည်။

သို့သော်၊ စူးချန်ကဲကို မထိခိုက်စေရုံသာမက ..

အမွှေးတိုင်စာတစ်ဝက်စာတောင် မကုန်သေးဘူး ! မရှိတော့ဘူးတဲ့လား!?

“ မဟုတ်မှလွဲရော....?”

ရုတ်တရက် ၊ ဟေးယွဲ့ကြွင်းကျန်အမတ၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ဖြစ်ပေါ်လာသည်။

စူးချန်ကဲ၏ ကာယစွမ်းအား နှင့် သွေးစွမ်းအင်တို့သည် ထိတ်လန့်ဖွယ်ကောင်းရုံသာမက၊ ဓားလမ်းစဉ်အရာတွင် ပြိုင်ဘက်မရှိပေ။

တစ်နည်းအားဖြင့် ဆိုရသော်၊ သူသည် ဂီတပညာရပ်တွင်လည်း ကျွမ်းကျင်တတ်မြောက်ထားလေသလော။

အဘယ့်ကြောင့်ဆိုသော် ၊ သူမ၏အစီအမံကို ဤမျှမြန်မြန်ဆန်ဆန် ဖြိုခွင်းလိုပါက ၊ တေးဂီတနှင့် တန်ပြန်တိုက်ခိုက်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

ဂီတသံစဉ်သည် ပုံသဏ္ဍာန်မရှိ ။ ဓားစွမ်းအင်ဖြင့်ဆိုတောင် ဤမျှမြန်မြန် ဖြိုခွင်းနိုင်လိမ့်မည် မဟုတ်ပေ။

“ သေနာကောင်!!!”

အလွန်အမင်း ဒေါသထွက်နေသော ဟေးယွဲ့ကြွင်းကျန်အမတသည် သူမ၏ သွားများကိုတောင် ကြိတ်ချေလုနီးပါးဖြစ်နေသည်။

ဒီလောက်ထိ အချိန်ယူပြီး ပြင်ဆင်ခဲ့တာ ၊ ခုတော့ ‘ဇနီးလည်းဆုံး၊ စစ်လည်းရှုံး’ ဆိုတဲ့စကားအတိုင်းပဲ!

“အခုအချိန်မှာတော့... လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက အဲဒီနေရာကိုအသုံးချရမှာပဲ!”

ကျဆုံးအမတမြို့တော်သည် မရေမတွက်နိုင်သော ကြွင်းကျန်အမတများ၏ သင်္ချိုင်းတစ်ခုမျှသာ ဖြစ်သည်။

အနက်ရှိုင်းဆုံး အပိုင်းတွင် ၊ အမတလျှောက်လှမ်း၏ လျို့ဝှက်ချက်ဖြစ်သည့် အမတလျှောက်လှမ်းတံခါး ရှိသည်။

အမတလျှောက်လှမ်းတံခါးသည် ကာလအဆက်ဆက် ပိတ်နေခဲ့သည်။ အမတလျှောက်လှမ်း၏ မရေမတွက်နိုင်သော နယ်မြေများတွင် အမတလျှောက်လှမ်းတံခါးများ တည်ရှိသည်။

ပြင်ပမှ ဝင်ရောက်သူများသည် အမတလျှောက်လှမ်းတံခါးမှတစ်ဆင့် အမတအနှစ်သာရ နယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းဖြင့် အမတလမ်းစဉ်၏ အလိုဆန္ဒကို နားလည်ကာ အမတသခင် ဖြစ်လာနိုင်သည်။

သို့သော် ဤလျှို့ဝှက်ချက်ကို လူတိုင်းလိုချင်တောင့်တကြသည်။

ဥပမာအားဖြင့် ၊ ထာဝရရှင်သန်ခြင်း အမတဂူ၌ ရုန်းရင်းဆန်ခတ်စတင်ခဲ့သော ရက်စက်ကြမ်းကြုတ်သော ကြွင်းကျန်အမတများပင် ဖြစ်သည်။

၎င်းတို့သည် အမတလျှောက်လမ်း တစ်လျှောက်ရှိ အမတလျှောက်လှမ်းတံခါးတိုင်းကို ဝိုင်းရံထိန်းချုပ်ထားကြသည်။

မည်သို့ပင်ဖြစ်စေ ၊ အမတလျှောက်လှမ်းထဲသို့ ဝင်ရောက်လာသူတိုင်းသည် အမတလျှောက်လှမ်းတံခါးပေါက်ကို မလွဲမသွေ ရှာဖွေကြမည်မှာ ဧကန်မလွဲပင်။

သို့ဖြစ်၍ ၊ သူတို့အနေဖြင့် စောင့်ကြည့်ရန်သာ လိုအပ်သည်။ အချိန်တစ်ခုကျရောက်သည်နှင့် သူတို့သည် ပြင်ပမှ ဝင်ရောက်လာသူတိုင်းကို စောင့်ကြိုဖမ်းဆီးကာ ၎င်းတို့၏ သက်တမ်းကို စုပ်ယူမည် ဖြစ်သည်။

“ ဒါက နင် ငါ့ကို တွန်းအားပေးလို့ပဲ!”

“ ငါ့ကိုသတ်ချင်ရင် ၊ နင်လည်း အသက်ရှင်ဖို့မစဉ်းစားနဲ့ “

ဟေးယွဲ့ကြွင်းကျန်အမတသည် အံကြိတ်ကာ ကျဆုံးအမတမြို့တော်၏ အခြားတစ်ဖက်သို့ ဦးတည်လိုက်သည်။

ထိုအချိန်တွင် စူးချန်ကဲသည်လည်း ဟေးယွဲ့ကြွင်းကျန်အမတ၏ ဦးတည်ဘက်ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။

စူးချန်ကဲသည် မျက်ခုံးပင့်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

“ ကြည့်ရတာ ဒီကောင်.. ငါ့ကိုထောင်ချောက်ဆင်ဖို့ အကြံအစည်အသစ်တစ်ခု ရှာတွေ့သွားပြီနဲ့ တူတယ်”

“ ဟား... တောက်ပသောလသည် မြစ်ပေါ်တွင်ထွန်းလင်းစမြဲပဲ “

“ဒီလောက်ထိ ပျင်းစရာမကောင်းဖို့ မျှော်လင့်ပါတယ်”

အေးစက်သော လှောင်ပြောင်သံနှင့်အတူ စူးချန်ကဲသည် ဟေးယွဲ့ကြွင်းကျန်အမတနောက်သို့ ဆက်လက် လိုက်ပါလာခဲ့သည်။

…….

အပိုင်း(၅၆၇): ဒီလိုရက်စက်တဲ့လူတစ်ယောက်ကို ဘယ်တော့မှ မထိပါးသင့်ဘူး (Part -1)

ထိုအတောအတွင်း။

ကျဆုံးအမတမြို့တော်၏ အနက်ရှိုင်းဆုံးနေရာ‌‌၌ ၊

မှောင်မိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာများနှင့် မတူဘဲ ၊

ဤနေရာတွင် အမတဆိုင်ရာ နတ်အလင်းများနှင့် နိယာမတရားများ သက်ဝင်လှုပ်ရှားနေသည်မှာ အတော်လေး ဆန်းကြယ်ပေသည်။

ကျဆုံးအမတမြို့တော်အတွင်းရှိ အခြားသော ပျက်စီးနေသည့် နေရာများနှင့် လုံးဝမတူချေ။

ဤနေရာတွင် တောက်ပသော ရောင်စုံတိမ်တိုက်များကို တွေ့ရပြီး ၊ ရွှေနန်းတော်များ တည်ရှိနေသည်။

ပြင်ပကမ္ဘာရှိ အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒများနှင့် မတူဘဲ ၊ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤနေရာရှိ အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် အတော်လေး ပေါကြွယ်ဝသည်ဟု ဆိုရပေမည်။

လှိုင်းထနေသော ကြယ်စင်မြစ်ကြီး၏အလယ်တွင် ကောင်းကင်ပမာမြင့်မားသော ကျောက်တံခါးကြီးတစ်ခု တည်ရှိနေသည်။

မဟာလမ်းစဉ်၏ အံ့ဖွယ်လက်ရာဖြင့် ဖန်တီးထားသည့်အလား ထင်မှတ်ရသည်။ ထိုကျောက်တံခါးကြီးပေါ်တွင် လက်ရာမြောက်သော ရုပ်ကြွများနှင့် ကြီးကျယ်ခမ်းနားသော မဟာလမ်းစဉ်၏ မှော်သင်္ကေတကို ရေးထွင်းထားသည်။

သို့သော် ၊ ဤမျှကြီးမားလှသော အမတလျှောက်လှမ်းတံခါးကြီးသည် ကာလမည်မျှ ပိတ်နေခဲ့သည်ကို မသိနိုင်တော့ပေ။ ကျောက်တံခါးကြီးပေါ်တွင် ဖုန်မှုန်များဖြင့် အုပ်ဆိုင်းနေပြီး ဆွေးမြေ့သောအနံ့အသက်များ ထွက်ပေါ်နေသည်။

ဤအခိုက်အတန့်တွင်၊ ၊ အမတလျှောက်လှမ်းတံခါးကြီးအောက်၌ လူရိပ်များစွာ စုဝေးနေကြသည်။

ရှေးကျသော တာအိုဝတ်လုံများကို ဝတ်ဆင်ထားကြပြီး၊ ၎င်းတို့၏ကိုယ်ပေါ်မှ ရှေးကျသော ရောင်ဝါများ ဖြာကျနေသည်။

ထိုသူတို့၏ခန္ဓာကိုယ်မှတဆင့် ပျံ့နှံ့ထွက်ပေါ်လာသော မပြည့်စုံသေးသော အမတအလိုဆန္ဒကို ခံစားမိနိုင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ၊ ဤလူများသည် ကြွင်းကျန်အမတများပင်တည်း။

“ အမတလျှောက်လှမ်းက နောက်ထပ်နှစ်သန်းပေါင်းများစွာ ပိတ်နေဦးမယ်လို့ထင်ခဲ့တာ၊ ဒီ‌ခေတ်မျိုးဆက်မှာ ပြန်ဖွင့်လာမယ်လို့ မထင်ခဲ့ဘူး”

ခရမ်းရွှေရောင် တာအိုဝတ်လုံကို ဝတ်ဆင်ထားသော သက်ကြီးပိုင်းတစ်ဦးက သူ၏မုတ်ဆိတ်များကို သပ်ချရင်း ပြုံးကာ ဆိုလိုက်သည်။

“ဟုတ်တယ်... ဒီတစ်ခေါက် ဝင်လာတဲ့ငါးကြီးထဲမှာ ထူးကဲတဲ့ပါရမီရှင်တွေ ရှိတယ်ဆိုပဲ”

အနက်ရောင် တာအိုဝတ်လုံကိုဝတ်ဆင်ထားသော အခြားသက်ကြီးပိုင်းတစ်ဦးက ပြန်ပြောလိုက်သည်။

“တခြားနေရာတွေမှာ ထူးခြားတဲ့အရည်အချင်းရှ်ိသူတွေ အများကြီးထွက်ပေါ်လာတယ်လို့ ကြားတယ် ၊ သူတို့‌တွေထဲမှာ အတိဒုက္ခကို ဖြတ်ကျော်ပြီး ကောင်းကင်လမ်းစဉ် လွတ်မြောက်သူအဖြစ် အောင်မြင်သွားကြတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်”

ကျဆုံးအမတမြို့တော်တွင် ၊ အာကာသအလွှာပေါင်းများစွာရှိသဖြင့် အမတလျှောက်လှမ်းတံခါးများစွာ ရှိသည်ဟု ဆိုရမည်။

လူသားများသည် ဤထူးဆန်းသော အာကာသအတားအဆီးများကို မဖြတ်ကျော်နိုင်သော်လည်း၊ သို့သော် အမတလမ်းစဉ်ရောက်နေသော ကြွင်းကျန်အမတများကတော့ လွတ်လပ်စွာ သွားလာနိုင်ကြသည်။

ထို့ကြောင့် အမတလျှောက်လှမ်းတွင် ဖြစ်ပျက်နေသောအရာများကို သူတို့အားလုံး ကြားသိထားကြသည်။

“ဟွန့်! ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ? နည်းနည်းပိုကြီးတဲ့ ပုရွက်ဆိတ်လောက်ပါပဲ !”

အဖြူရောင် တာအိုဝတ်လုံကို ဝတ်ဆင်ထားသော သက်ကြီးပိုင်းတစ်ဦးက အထင်သေးစွာ ပြောဆိုလိုက်သည်။

စိမ်းပြာရောင် တာအိုဝတ်လုံကို ဝတ်ဆင်ထားသော သက်ကြီးပိုင်းတစ်ဦးက အေးစက်စွာဆိုပြန်သည်။

“ လူတစ်ယောက်နှုန်းနဲ့တင် ငါတို့ကို နောက်ထပ် နှစ်တစ်သန်းလောက် သက်တမ်းတိုးပေးနိုင်တယ်”

ယခင်က ဝင်ရောက်ဆွေးနွေးဖူးသော အနက်ရောင်ဝတ်စုံဖြင့် လူအိုကြီးက ခေါင်းငြိမ့်ရင်း ပြန်ပြောလေသည်။

“ဒီသူတွေက သာမန် ကောင်းကင်လမ်းစဉ်လွတ်မြောက်သူတွေ မဟုတ်ဘူး ၊ လူသားတစ်ယောက်ဖြစ်လျက်နဲ့ အမတလမ်းစဉ်ကိုတောင် ခုခံနိုင်တယ် “

“အထူးသဖြင့် ရွှမ်ယီဧကရီ ၊ တိ့ထျန်း မဟာဧကရာဇ်မင်း ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း ဆိုတဲ့သူတွေက အတိ့ဒုက္ခကိုဖြတ်ကျော်ပြီး ကောင်းကင်လမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်ကို ရောက်ရှိလာကြတာ “

“ ပြောသံကြားတာတော့ ထျန်းဖူရှန်းက အဲ့ကောင်တွေနဲ့ လက်ရည်တူယှဉ်ပြိုင်နိုင်ပြီး၊ သူတို့တွေထဲက သုံးယောက်ကို သုတ်သင်ပစ်ခဲ့တယ်ဆိုပဲ ၊ နောက်ဆုံးမှာ သူတို့လည်း ဝိုင်းရံခံရတဲ့အထဲကနေ ထွက်ပြေးနိုင်ခဲ့တယ် “

ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက်၊ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အချို့သော ကြွင်းကျန်အမတများသည် အံ့အားသင့်နေကြသော အမူအရာများဖြင့် ရှိနေသည်။

လူသားလမ်းစဉ်၏ လွတ်မြောက်သူတစ်ဦးသည် အမတလမ်းစဉ်၏ ကြွင်းကျန်အမတကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့လေသလော။

ဒီလိုမျိုး တစ်ခါမှတောင် မကြားဖူးဘူး!

“ဒီကောင်းကင်လမ်းစဉ် လွတ်မြောက်သူတွေက ဘယ်ကနေလာကြတာလဲ “

ကြွင်းကျန်အမတတစ်ဦးက မေးခွန်းထုတ်လိုက်သည်။

ထိုမေးခွန်းကြောင့် ကျန်ရှိနေကြသော ကြွင်းကျန်အမတများအားလုံးသည် အနက်ရောင်ဝတ်စုံဖြင့် လူအိုကြီးဘက်သို့ စူးစမ်းလို သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကြသည်။

တိုက်မြေ သုံးထောင်မှာ ဒီလောက်ထိအားကောင်းတဲ့ ဂိုဏ်းရှိသလား ?

ဒီလောက်ထိအစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို မွေးထုတ်ပေးနိုင်တယ်ပေါ့?

“ ငါ ကြားတာတော့ ကွေးယွမ်...”

စကားမပြီးဆုံးသေးခင် ၊

ဝုန်း!!!

ရုတ်တရက် ၊ အမှောင်အာကာသအတွင်းမှ ကြီးမားသော နိယာမမုန်တိုင်းတစ်ခုသည် အမတလျှောက်လှမ်းတံခါးဘက်သို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာသည်။

“ဒါ ဘာဖြစ်တာလဲ?”

အနက်ရောင်ဝတ်စုံဖြင့် လူအိုကြီးသည် ဤရုတ်တရက် အဖြစ်အပျက်ကြောင့် စကားပြောရင်းတန်းလန်း ပြတ်တောက်သွားပြီး ၊ အသံလားရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ၊ဟေးယွဲ့ကြွင်းကျန်အမတသည် သူတို့ဘက်သို့ ဦးတည်ကာ လာရောက်နေသည်ကို တွေ့လိုက်ရသည်။

အခြေအနေကို မြင်ပြီးနောက် ၊ လူတိုင်း၏ မျက်နှာများသည် ဝင်းလက်သွားပြီး ပျော်ရွှင်သော အမူအရာများဖြင့် ရှိနေကြသည်။

“ဟားဟား! သက်တမ်းတိုးစားစရာက အိမ်ထိ သူ့ဟာသူ ရောက်လာပါလား !”

“ဒီနေ့တော့ ကံကောင်းပြီဟေ့! လာကြ...ငါတို့အားလုံးတူတူ ဝိုင်းဖမ်းကြတာပေါ့!”

ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်နေကြသော ကြွင်းကျန်အမတများသည် အများအားဖြင့် ကိုယ့်အုပ်စုနှင့်ကိုယ် ရှိတတ်ကြသည်။

ဥပမာအားဖြင့် ကျန့်ရွှမ်ကြွင်းကျန်အမတ သုံးဦးအုပ်စုကဲ့သို့သော အဖွဲ့များသည် အင်အားအနည်းဆုံး အုပ်စုဟု ဆိုနိုင်သည်။

ထို့အပြင် ဤစကားဝိုင်းကို နားထောင်ခြင်းဖြင့် သိနိုင်သည်မှာ ၎င်းတို့၏အုပ်စုတွင် အဖွဲ့ဝင်များစွာရှိပြီး ၊ ၎င်းတို့ကို အမတလျှောက်လှမ်း တစ်လျှောက်ရှိ နေရာအသီးသီးတွင် ဖြန့်ကျတ်ထားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အုပ်စုငယ်များကို သားကောင်အဖြစ် ရွေးချယ်ကြမည်မှာ ဧကန်မလွဲပင်။

အဘယ်ကြောင့်ဆိုသော် ကြွင်းကျန်အမတများ၏ သက်တမ်းသည် အလွန်ရှည်လျားသည်။

၎င်းတို့လေးဦးသည် ဟေးယွဲ့ကြွင်းကျန်အမတကို ဝိုင်းရန်အသင့်ပြင်နေစဉ်၊ ရုတ်တရက် ၎င်းတို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှုအစား အံ့အားသင့်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။

နောက်ဆုံးတွင် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဟေးယွဲ့ကြွင်းကျန်အမတ၏ အနောက်တွင် အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦးသည် အာကာသဟင်းလင်းပြင်ကို အရှိန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာသည်။ ပုံစံကို ကြည့်ရသည်မှာ ထိုအနှီလူသည် သူ့ရှေ့က ဟေးယွဲ့ကြွင်းကျန်အမတကို လိုက်လံဖမ်းဆီးနေသလိုပင်။

“ဒါ ဘယ်လိုတောင်လဲ...!?”

“ငါ အမြင်မမှားဘူးဆိုရင်... ဟေးယွဲ့ရဲ့နောက်က လူက လူသားလမ်းစဉ် ကျင့်ကြံသူတစ်ယောက်လားလို့...”

“လူသားလမ်းစဉ် ကျင့်ကြံသူတစ်ယောက်က ငါတို့လို ကြွင်းကျန်အမတတစ်ဦးကို ခွေးနောက်လိုက်သလို လိုက်နေသလားလို့....!?”

“….. ..”

ကြွင်းကျန်အမတများသည် တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆုံကြည့်ကာ ဤထူးဆန်းသော အဖြစ်အပျက်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။

……….

တစ်ချိန်တည်းမှာပင်။

အမတရင်းမြစ်ကိုပင် အစွမ်းကုန်ပေါက်ကွဲကာ ထွက်ပြေးလာသော ဟေးယွဲ့ကြွင်းကျန်အမတကို ကြည့်လိုက်မည်ဆိုပါက ၊အရှိန်ပြင်းပြင်းဖြင့် ခရီးသွားနေသော ဥက္ကာပျံကြီးတစ်ခုလိုပင် ။

အာကာသအလွှာများကို တစ်ခုပြီးတစ်ခု ဆက်လက်ဖြိုခွဲကာ ၊ အလင်း၏အရှိန်အတိုင်း အမတလျှောက်လှမ်းတံခါးဆီသို့ ပြေးဝင်လာခဲ့သည်။

ယခုအချိန်တွင် သူမ၏မျက်နှာပေါ်တွင် ယခင်ကကဲ့သို့သော မာန်မာနများ မရှိတော့ဘဲ ကြောက်ရွံ့မှုများသာ ရှိတော့သည်။

သူမ၏ အဝတ်အစားများသည်ပင် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲနေသည်။

မည်သည့်အချိန်ကတည်းက ဖြစ်ခဲ့သည်ကို‌တောင် မသိနိုင်တော့ချေ။

သူမ၏ ဘယ်ဘက်လက်မောင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ဖြင့် အညီအမျှ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ လှီးဖြတ်ခံထားရသည်။

သွေးများက မိုးရွာနေသကဲ့သို့ပင် စီးကျနေကာ၊ သွေးစွမ်းအင်လှိုင်းတံပိုးများက အာကာသ အနှံ့ ပျံ့နှံ့ရိုက်ခတ်‌နေသည်။

ဟေးယွဲ့ကြွင်းကျန်အမတ၏ ဖြာကျနေသော ဆံနွယ်များသည် သူမ၏ ဖြတ်တောက်ခံထားရသော လက်မောင်းကို ဖုံးဖိထားပြီး ၊ သူမသည် စိတ်ဆိုးဒေါသထွက်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။

“ရောက်ပြီ... မကြာတော့ဘူး!”

သူမ၏ရှေ့တွင် ကြီးမားသော အမတလျှောက်လှမ်း တံခါးပေါက်ကြီးကိုမြင်နေရပြီး၊ ထိုတံခါးကြီး၏အောက်တွင် လူလေးဦးရှိနေသည်ကို သူမ သတိပြုမိလိုက်သည်။

ပြောစရာပင်မလိုချေ။ ဤလူများသည် ကြွင်းကျန်အမတများပင် ဖြစ်သည်။

စူးချန်ကဲသည် သန်မာသည်ဟု ဆိုနိုင်သော်လည်း ၊ ကြွင်းကျန်အမတ လေးဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက သေလမ်းတစ်လမ်းသာ ရှိသည်။

“ဟားဟား! သေရမယ့်ဆိုတောင် မင်းကိုပါ ဆွဲခေါ်သွားနိုင်တာ ဒါလည်း မဆိုးပါဘူး”

ဟေးယွဲ့ကြွင်းကျန်အမတသည် တံခါးအောက်က လူလေးဦးသည် မိမိအား သတိထားမိသည်ကို သိလိုက်ရချိန်တွင် သူမ၏မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါကမင်းရဲ့ နောက်ဆုံးစကားလား?”

“ဒါဆိုလည်း မင်းကို ပို့ဆောင်ပေးဖို့ အချိန်တန်ပြီ”

ထိုအချိန် ၊ သူမသည် စူးချန်ကဲ၏ ပြက်ရယ်သံကို ကြားလိုက်ရသည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ သူမ၏မျက်နှာသည် ပြောင်းလဲသွားသည်။

သူမ၏တုံ့ပြန်မှုမှာလည်း မြန်ဆန်ပေသည်။ နတ်အလင်းရောင်များသည် သူမ၏လက်ဝါးထဲတွင် စုပြုံလာပြီး၊ ယင်းက အာကာသလွှာတစ်ခုလုံးကို တုန်ခါသွားစေသည်။

“ ပြိုပျက်လမင်း လက်ဝါး!!”

ဝုန်း !!

ဟေးယွဲ့ကြွင်းကျန်အမတသည် တုံ့ဆိုင်းခြင်းမရှိ နောက်သို့ လှည့်ကာ ရိုက်ချလိုက်သည်။

🍁🍁🍁🍁

အပိုင်း(၅၆၇): ဒီလိုရက်စက်တဲ့လူတစ်ယောက်ကို ဘယ်တော့မှ မထိပါးသင့်ဘူး (Part -2)

ဘုန်း ——!!

ကြောက်မက်ဖွယ်ကောင်းသော အာကာသမုန်တိုင်းသည် တောက်လောင်နေသော နတ်အလင်းများနှင့်အတူ ကြယ်တစ်လုံးအလား ပေါက်ကွဲထွက်သွားသည်။

အမတရင်းမြစ်၏အကူအညီဖြင့် ၊ သူမ ရိုက်ထုတ်လိုက်သော လက်ဝါးသည် အတော်လေးပင် အစွမ်းထက်ပေသည်။ စူးချန်ကဲကို မသတ်နိုင်ရင်တောင်မှ သူ့ကို နောက်ဆုတ်ဖို့ တွန်းအားပေးနိုင်သည်။

သို့သော်၊ မူလက အမတလျှောက်လှမ်းတံခါးပေါက်ဆီသို့ ဆက်သွားလိုသော ဟေးယွဲ့ကြွင်းကျန်အမတမှာ မျက်လုံးအပြူးသား ဖြစ်သွားသည်။

သူမ၏ ညာလက်ကို သံမဏိညှပ်တစ်ခုက ခိုင်မြဲစွာညှပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

မည်မျှပင်ကြိုးစားပါစေ၊ နည်းနည်းမျှ လှုပ်ရှား၍မရခဲ့ချေ။

မဟာလမ်းစဉ်၏ မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် ၊

စူးချန်ကဲသည် သူမ၏ ညာဘက်လက်အား အေးအေးဆေးဆေး ကိုင်ညှပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။

“အရင်ကနှစ်ယောက်နဲ့ယှဉ်ရင် မင်းက သိပ်အားနည်းလွန်းတယ်”

ထိုစကားဆုံးသည်နှင့်၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ သူတော်စင်ကိုယ်ထည်လေးခု၏ ရောင်ဝါမျှင်များ ဖြာထွက်လာသည်။

“သူတော်စင်ကိုယ်ထည်....လေးခုတောင်...!?”

ဤကြောက်မက်ဖွယ်အားအင်ကို သတိပြုမိလိုက်ချိန်တွင် ၊ ဟေးယွဲ့ကြွင်းကျန်အမတသည် အသံမထွက်နိုင်အောင်ပင် အံ့အားသင့်သွားသည်။

စူးချန်ကဲသည် သူတော်စင်ကိုယ်ထည်ကို ပိုင်ဆိုင်ထားကြောင်း သူမ သိထားသော်လည်း ၊ သို့သော် လေးမျိုးတောင်ရှိလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

ဝုန်း !!

ထိုအခိုက်တွင်၊ စူးချန်ကဲ၏လက်ဝါးထဲမှ ပြင်းထန်သော ဖိအားများသည် လေမုန်တိုင်းတစ်ခုသဖွယ် လှိုင်းထလာပြီး ၊ နိယာမလှိုင်းတံပိုးများကို လှုပ်ခတ်စေခဲ့သည်။

ချက်ချင်းပင်၊ စူးချန်ကဲသည် လက်ဝါးကို ရိုက်ထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော တန်ခိုးစွမ်းအားများသည် ဆည်ရေကျိုးပေါက်သကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာသည်။

စုတ်ပြဲသံ !!

ဟေးယွဲ့ကြွင်းကျန်အမတ၏ ညာလက်မောင်းတစ်ခုလုံးသည် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရသည်။

ဗွမ်း!

ပူနွေးသော ‌အနီရောင်တောက်တောက် သွေးများသည် လေထဲတွင် ပန်းထွက်ကုန်လေ၏။

စူးချန်ကဲသည် သူ၏လှုပ်ရှားမှု မရပ်တန့်ဘဲ ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။

ဖြတ်ခံလိုက်ရသော လက်မောင်းတစ်ဖက်ကို ကြုံရာပစ်ချလိုက်ပြီးနောက် ၊ သူ၏ လက်ဝါးကို လက်သီးဆုပ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထိုမြင်ကွင်းကြောင့် ဟေးယွဲ့ကြွင်းကျန်အမတ၏ မျက်နှာမှာ သိသိသာသာပြောင်းလဲသွားပြီး၊ တုန်လှုပ်သော လေသံဖြင့် ဆိုလိုက်သည်။

“ ကျွန်တော်မျိုးမ အစေခံ...”

“သေပေတော့!”

သို့သော် သူမ၏စကား မပြီးဆုံးမီ၊ စူးချန်ကဲ၏ အေးစက်စက် စကားသံကို ကြားလိုက်ရသည်။

ချက်ချင်းပင် ၊ ဤကြောက်ခမန်းလိလိ အင်အားသည် သူမ၏ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ဤမျှပြင်းထန်သော ထိုးနှက်မှုကြောင့် သူမ၏ခန္ဓာကိုယ်ရှိ အရိုးများသည်ပင် ကြေမွကုန်ပြီး၊ ပါးစပ်ထဲမှ သွေးများ မရပ်မနား အန်ထွက်လာသည်။

ဝီ!!

တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအလင်းများသည် ဟေးယွဲ့ကြွင်းကျန်အမတ၏ ဝမ်းဗိုက်နေရာတွင် ပေါက်ကွဲထွက်လာသည်။

ဝုန်း !!

နဂိုကတည်းက ပြင်းထန်စွာ ဒဏ်ရာရနေခဲ့သော ဟေးယွဲ့ကြွင်းကျန်အမတအနေဖြင့် ဤကြောက်မက်ဖွယ်ရာ စွမ်းအားကို တွန်းလှန်နိုင်စွမ်းမရှိတော့ချေ။

တောက်ပသော လက်သီးအလင်းသည် ဟေးယွဲ့ကြွင်းကျန်အမတထံသို့ နေရောင်ခြည်သဖွယ် အလုံးစုံ ဖုံးလွှမ်းသွားကာ၊ ဤကြောက်ခမမ်းလိလိ စွမ်းအား၏လက်အောက်တွင် သူမသည် တခဏအတွင်း ဖုန်မှုန့်အဖြစ်သို့ ပြိုကွဲပျောက်ကွယ်သွားတော့သည်။

သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်ရသည့် အခိုက်အတန့်အထိ။

သူမ၏ စိတ်ထဲတွင် မလိုလားသော ခံစားချက်များက ပြင်းထန်စွာရှိနေခဲ့သည်။

သူမသည် စူးချန်ကဲ၏လက်ချက်ဖြင့် သေဆုံးရသည်ကို မကျေနပ်ခြင်း မဟုတ်။

စူးချန်ကဲ ကဲ့သို့သော ရက်စက်သောလူတစ်ယောက်ကို ထိပါးမိခြင်းအတွက် နောင်တရနေခြင်းသာ ဖြစ်ပေသည်။

…….

ဂလု !

ထိုအချိန်တွင်၊ ကောင်းကင်နှင့်မြေကြီးကြား တံတွေးမျိုချသံများကို ကြားနေရသည်။

“ ဟေးယွဲ့ကြွင်းကျန်အမတက လက်သီးတစ်ချက်တည်းနဲ့တင် ဖျက်ဆီးခံလိုက်ရသတဲ့လား...!?”

အမတ‌လျှောက်လှမ်းတံခါးကြီး၏ အောက်ဘက်တွင် ရှိနေသော ကြွင်းကျန်အမတလေးဦးသည် ဤမြင်ကွင်းကို အစအဆုံးမြင်တွေ့လိုက်ရပြီး ၊ မျက်လုံးအပြူးသားဖြစ်နေကြသည်။

အလွန်အမင်းအံ့အားသင့်မှုကြောင့်၊ ၎င်းတို့၏နှုတ်ခမ်းများသည်ပင် အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သည်။

အမတလမ်းစဉ်သို့ ရောက်ရှိပြီးသော စွမ်းအားရှင်သည် အဘယ့်ကြောင့် ဤသို့ဖျက်ဆီးခံလိုက်ရသနည်း။

ထို့ထက်ပို၍ အံ့ဩစရာကောင်းသည်မှာ လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦး၏လက်ချက်ဖြင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်တွင် စူးချန်ကဲသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုလိုက်သည်။

မိုးတိမ်ထိမြင့်မားသော အမတလျှောက်လှမ်းတံခါးပေါက်သည် စူးချန်ကဲ၏ အာရုံကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့သည်။ တံခါးကြီး၏အပေါ်တွင် တာအိုစည်းချက်များ သက်ဝင်စီးဆင်းနေပြီး ၊ ရှေးကျသော အငွေ့အသက်များကို ထုတ်လွှတ်ပေးနေသည်မှာ လူ၏စိတ်နှလုံးသားကို တုန်လှုပ်စေသည်။

“ ဒါက ဒဏ္ဍာရီထဲက အမတလျှောက်လှမ်းတံခါးပေါက်ဆိုတာလား...”

အမတလျှောက်လှမ်း တံခါး‌ပေါက်နှင့် ပတ်သက်၍ စူးချန်ကဲသည် အနည်းအကျဉ်းမျှသာ သိထားသည်။

ရှေးစာအုပ်များ၏ မှတ်တမ်းများအရ ၊ အမတလျှောက်လှမ်းတံခါးပေါက်သည် အမတလျှောက်လှမ်း၏ အဓိကဗဟိုချက်ဖြစ်ပြီး ၊ အမတအလိုဆန္ဒ၏ အပြင်းထန်ဆုံးနေရာဟု ဆိုနိုင်သည်။

ဒဏ္ဍာရီထဲက ထာဝရစစ်မှန်အမတ ဖြစ်လိုပါက၊ ဤဝင်ပေါက်အတွင်းရှိ အမတအလိုဆန္ဒများဖြင့် အမတကိုယ်ထည်ကို ဖန်တီးရမည်ဖြစ်သည်။

အမတလျှောက်လှမ်း၏အဆုံးတွင် အမတနယ်မြေနှင့် ဆက်သွယ်ထားပြီး ၊ စစ်မှန်အမတများသာလျှင် ဝင်ရောက်နိုင်သည်ဟူသော ကောလဟာလများ ရှိထားသည်။

“ပြီးတော့...ရှေးဘိုးဘေးက ငါ့ကို အမတလျှောက်လမ်းရဲ့ အဆုံးကို လျှောက်လှမ်းပြီး ပထမဆုံးသော စစ်မှန်အမတဖြစ်အောင်လုပ်ဖို့ အထူးမှာကြားထားတယ်..”

စူးချန်ကဲသည် တီးတိုးရေရွတ်လိုက်သည်။

“အဲ့လိုသာဆို အမတနယ်မြေရဲ့ကောင်းချီးမင်္ဂလာအချို့ကို ရရှိနိုင်လိမ့်မယ်...”

သို့သော် မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ့အား အသေးစိတ်အကြောင်းပြချက်များကို ရှင်းပြခဲ့ခြင်းမရှိခဲ့ပေ။ ဤအရာအားလုံးသည် ကောင်းကင်ဘုံ၏အလိုတော်အတိုင်း ဖြစ်ပြီး ၊ ကံကြမ္မာ၏ စီမံချက်ဟုသာ ဆိုခဲ့သည်။

စူးချန်ကဲသည် သူ့နဖူးကိုပွတ်ကာ အလေးအနက် စဉ်းစားနေခဲ့သည်။

လူတစ်ယောက်သည် အားကောင်းလာသည်နှင့်အမျှ ၊ အကြောင်းအကျိုးတရားနှင့် ကံကြမ္မာကို အထူးယုံကြည်တတ်ကြသည်။

သူသည် ကျင့်ကြံမှုလမ်းကြောင်းကို ပထမဆုံးစတင်ခြေချခဲ့စဉ်က ၊ သူ့ကံကြမ္မာသည် သူ့လက်ထဲမှာသာရှိသည်ဟု အမြဲယုံကြည်ခဲ့သည်။ ကောင်းကင်ဘုံက သူ့ကို ချည်နှောင်ပါက၊ ကောင်းကင်ဘုံကိုပင် အံ့တုကာ ချိုးဖျက်မည်ဟု ကြွေးကြော်ခဲ့ဖူးသည်။

ယခုအခါတွင် ၊ ဤကံကြမ္မာဆိုသော ချုပ်နှောင်မှုများသည် သူ့ကို ပို၍ပင် ချုပ်နှောင်လာခဲ့သည်။

“ကြည့်ရတာ... အမတလျှောက်လှမ်း တံခါးပေါက်ထဲက လျှို့ဝှက်ချက်တွေကို ကိုယ်တိုင်ရှာဖွေဖို့ လိုမယ်ထင်တယ်....”

စူးချန်ကဲသည် အနည်းငယ် ခေါင်းကိုက်နေပုံရသည်။

“အိုင်းယား.... ခုနက ငါ လက်ဆပြင်းသွားတယ်၊ ဟေးယွဲ့ကြွင်းကျန်အမတကို မတော်တဆ အမှုန့်ချေမိသွားတယ် “

ထိုအချိန်တွင် မရဏပြည်၌ သတင်းပို့ရန်တန်းစီနေသော ဟေးယွဲ့ကြွင်းကျန်အမတက ဤသို့ဖော်ပြပေလိမ့်မည် -

မတော်တဆ ဟုတ်လား ?! ၊ အော်..အေးအေး!!

All Chapters