← Chapters

အခန်း (၅၆၈-၅၇၂)

Vol. 42 Ch. 568-572

အခန်း (၅၆၈-၅၇၂)

Vol. 42 Ch. 568-572

အပိုင်း(၅၆၈): ငါ့ဆရာလုပ်မယ်!တန်လို့လား?

စူးချန်ကဲ ညည်းညူနေစဉ်တွင်၊ သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိခဲ့သည်။

သူ၏မျက်လုံးများကို တချက် ဝှေ့ယမ်းကြည့်လိုက်ရာ ၊ အမတလျှောက်လှမ်းတံခါးကြီး၏အောက်တွင် ရပ်နေသော လူလေးဦးကို ချက်ချင်း သတိထားမိလိုက်သည်။

“ နောက်ထပ် ကြွင်းကျန်အမတလေးယောက်လား?”

“ဒေသခံတွေနဲ့တူတယ်၊ သူတို့ကိုပဲ မေးမြန်းကြည့်ရမှာပဲ!”

စကားဆုံးသည်နှင့်။

ဝုန်း !!

စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ တုံ့ဆိုင်းခြင်းမရှိဘဲ ကြွင်းကျန်အမတလေးဦး‌ဆီသို့ ပစ်ခတ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော အမတကြွင်းကျန်လေးဦးတို့၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကြောက်ရွံ့ခြင်း ၊ သံသယများဖြင့် ပြည့်နှက်နေသည်။

ကြောက်ရွံ့ခြင်းဟူသည် စူးချန်ကဲသည် ဟေးယွဲ့ကြွင်းကျန်အမတအား လက်သီးတစ်ချက်တည်းဖြင့် ဖောက်ခွဲပစ်ခဲ့သည်ကို သူတို့သည် မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

သံသယဟူသည် အရေအတွက်အားဖြင့် လူလေးယောက်‌တောင် ရှိသော သူတို့သည် စူးချန်ကဲကို သွားမရှာသော်လည်း၊ စူးချန်ကဲသည် သူတို့ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။

ဒီကောင်အမတတွေကို သတ်ဖြတ်ရတာ ကြိုက်နေတာများလား!?

ယုံကြည်ချက်ပြင်းထန်ပြီး ဒေါသထွက်လွယ်သော စိမ်းပြာရောင်ဝတ်စုံဖြင့် အဘိုးကြီးသည် ဒေါသတကြီးဖြင့် ဆိုလေသည်။

“ဒီကောင်လေး အတင့်ရဲလိုက်တာ!!”

“ ဟေးယွဲ့ အဲဒီမိန်းမယုတ်အဖွဲ့ကို သတ်နိုင်တာနဲ့ပဲ ...ငါတို့နဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ပြီလို့ ထင်နေသလား!?”

“ မောက်မာလွန်းတဲ့ဒီကောင်ကို ငါကိုယ်တိုင် ဖမ်းဆီးမယ်!”

သူ့နာမည်သည် ချင်ယွင်တာအိုသခင်ဖြစ်ပြီး၊မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက အမတလျှောက်လှမ်းထဲသို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။သူ၏ ပါရမီသည် အနည်းငယ် အားနည်းပြီး၊ ယခင်က မဟာလမ်းစဉ်၏ပြစ်ဒဏ်ကြောင့် ယခုအခါတွင် သူသည် ကြွင်းကျန်အမတအဖြစ် ကျန်ရှိနေရခြင်းဖြစ်သည်။

သူသည် စစ်တုရင်အတတ်ကို အထူးကျွမ်းကျင်သည်။ မှော်သင်္ကေတများကို စစ်တုရင်အရုပ်အဖြစ်အသုံးပြုကာ၊ ကောင်းကင်နှင့်မြေကြီးကို စစ်တုရင်ဘုတ်အဖြစ် အသုံးချနိုင်သည်။

ချင်ယွင်ကြွင်းကျန်အမတသည် သူ့ညာလက်၏ လက်ညိုးနှင့် လက်ခလယ်ကို ထပ်ကာ အပေါ်သို့မြှောက်တင်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင်။

ဝီ!!

အဆုံးမရှိသော နတ်အလင်းတန်းများသည် သူ၏လက်ချောင်းထိပ်ဆီသို့ စုဝေးရောက်ရှိလာခဲ့သည်။

“ အမတ အတတ် ၊ ယင်ယန် ပေါင်းစည်းခြင်း!”

သူ၏ဟစ်အော်သံနှင့်အတူ၊

တောက်ပသော နတ်အလင်းတန်းများစွာ ပေါက်ကွဲထွက်လာပြီး၊ အဖြူအမည်း ရောစပ်ထားသော စွမ်းအားများသည် သူ၏လက်ချောင်းထိပ်တွင် စုဝေးရိုက်ခတ်နေသည်။

ယင် နှင့် ယန် ဒြပ်စင်နှစ်ပါးသည် တစ်ခုနှင့်တစ်ခုလည်ပတ်နေသကဲ့သို့၊ ကောင်းကင်နှင့် မြေကြီးကြား တစ်သားတည်းကျနေသည်။

အဆုံးတွင် ၊ အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်နေသော စစ်တုရင်စေ့တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

“ချ!”

တဒင်္ဂအတွင်းမှာပင်၊ ချင်ယွင် ကြွင်းကျန်အမတ၏လက်ထဲတွင် စုစည်းထားသော စစ်တုရင်စေ့သည် နတ်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာသည်။

မူလက အလွန်သေးငယ်သော စစ်တုရင်စေ့သည် ရုတ်တရက်ကြီးမားလာပြီး၊ ၎င်းထံမှထွက်ရှိလာသော အဖြူအမည်းအလင်းများက ကောင်းကင်ထက်ဝက်ကို ဖုံးလွှမ်းသွားသည်။

ချင်ယွင်ကြွင်းကျန်အမတသည် သူ၏လက်ချောင်းများကို အောက်သို့နှိမ့်ချလိုက်သည်နှင့် ၊ ကောင်းကင်ကြီးကိုပင် ဖုံးလွှမ်းထားသော ဧရာမ စစ်တုရင်စေ့သည် တစ်ချိန်တည်းမှာပင် စူးချန်ကဲရှိရာနေရာဆီသို့ ကျဆင်းလာခဲ့သည်။

“ချက်ချင်း တိုက်မယ်ပေါ့လေ”

“ ငါ လိုချင်တာလည်း ဒါပဲ!”

စူးချန်ကဲ၏ မျက်လုံးများသည် ဝင်းလက်တောက်ပနေသည်။

စစ်တုရင်လမ်းစဉ် ၊ ဤအတတ်ကို သူ မကျွမ်းကျင်သော်လည်း သို့သော် ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်ကို အသုံးပြုကာ ရင်ဆိုင်နိုင်သည်။

“ ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ် ၊ လာစမ်း!”

ဝုန်း !

တဒင်္ဂအတွင်းမှာပင်၊ စူးချန်ကဲ၏ အနောက်ဘက်မှ အာကာသဟင်းလင်းပြင်သည် အက်ကွဲစပြုလာပြီး ၊ ထူထပ်သော ပင့်ကူမျှင်များကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် ပြန့်ကျဲသွားသည်။

အက်ကွဲကြောင်းထဲမှ အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ၊

အာကာသအက်ကြောင်းထဲမှ ကြီးမားသော ရှေးဟောင်းစစ်တုရင်ဘုတ်တစ်ခု ထိုးဖောက်ထွက်လာခဲ့သည်။

၎င်း၏မျက်နှာပြင်ပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ်၏သင်္ကေတများ ရေးထွင်းထားပြီး၊ ရွှေဝါရောင်အစင်းကြောင်းများက သက်ဝင်လှုပ်ရှားလို့နေသည်။

စစ်တုရင်ခုံပေါ်ရှိ အဖြူအမည်း စစ်တုရင်စေ့များသည် အဖြူအမည်းရောယှက်နေသော နတ်အလင်းများကို ထုတ်လွှတ်နေသည်မှာ အဖြူအမည်း ကမ္ဘာလောကများစွာကို ဖန်တီးထားဟန်တူသည်။

ဝီ !

တောက်ပလွန်းသော အဖြူအမည်း အလင်းတန်းကြီးတစ်ခု နောက်တစ်ကြိမ် ပေါ်ထွက်လာသည်နှင့်တပြိုင်နက် ၊

ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်ကို ဗဟိုပြုထားသော ထိုနေရာ၌ တောက်ပသည့် အဖြူရောင်မျဉ်းကြောင်းများစွာ ပေါ်ပေါက်လာခဲ့သည်။

မရေမတွက်နိုင်သော အဖြူရောင်မျဉ်းကြောင်းများသည် ကြီးမားသော စစ်တုရင်ပုံစံကွက်ကို ဖန်တီးထားသကဲ့သို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ထင်ဟပ်နေကြသည်။

ဝုန်း !!

ထို့နောက် ချက်ချင်းဆိုသလို ၊ စစ်တုရင်ပုံစံကွက်မှ အဖြူအမည်းအလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။

မူလက စူးချန်ကဲဆီသို့ ကျရောက်လာသော ချင်ယွင်ကြွင်းကျန်အမတ၏ ဖန်တီးမှုလက်ရာဖြစ်သော ဧရာမ စစ်တုရင်စေ့သည် ရုတ်တရက်ပြိုကွဲပျက်စီးသွားကာ အလင်းမှုန်များအဖြစ် ကွယ်ပျောက်သွားခဲ့သည်။

“ အမတလက်နက်...!?”

“ဒါက စစ်တုရင်လမ်းစဉ်နှင့် အထူးကိုက်ညီအောင်ပြုလုပ်ထားတဲ့ အမတလက်နက်ပဲ!”

သူ၏တိုက်ခိုက်မှုကို ပယ်ဖျက်ခံလိုက်ရသော်လည်း၊ ချင်ယွင်ကြွင်းကျန်အမတသည် နည်းနည်းမှ ထိတ်လန့်မသွားခဲ့ပေ။

ယင်းအစား ၊ သူ၏မျက်နှာပေါ်တွင် အလိုလောဘများက ဖုံးဖိ၍မရနိုင်အောင် ဖြစ်ပေါ်နေသည်။

စစ်တုရင်အတတ်သည် သူအကျွမ်းတဝင်ဆုံးသော မဟာလမ်းစဉ်ဖြစ်ပြီး၊ သူသည်လည်း စစ်တုရင်အတတ်ဖြင့် အမတလမ်းစဉ်သို့ ဝင်ရောက်ထားသူဖြစ်သည်။

သို့သော် သူသည် စစ်မှန်အမတအဖြစ်သို့ မအောင်မြင်ခဲ့ချေ။

ထို့ကြောင့် သူ၏အဖော်လက်နက်သည်လည်း အမတတစ်ပိုင်း လက်နက်အဆင့်သာ ရှိသေးသည်။

ယခု ၊ စူးချန်ကဲ ထုတ်သုံးလိုက်သည်မှာ စစ်မှန်သော အမတလက်နက်တစ်ခုပင် ဖြစ်သည်။

စူးချန်ကဲသည် ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်၏ အစွမ်းသတ္တိကို အပြည့်အဝကို ထုတ်မသုံးနိုင်သော်လည်း၊ ၎င်းမှ ဖြာထွက်နေသည့် ပြင်းထန်သော အမတအလိုဆန္ဒများအရ ၊ ဤအရာသည် စစ်မှန်သော အမတလက်နက်ဖြစ်ကြောင်း သေချာပေါက်ညွှန်းဆိုနေသည်။

“ငါသာ ဒီအမတလက်နက်ကို ရယူနိုင်ခဲ့ရင်၊ ဒီလက်နက်ရဲ့ ကာကွယ်မှုအောက်မှာ ငါ့ရဲ့စစ်တုရင်စွမ်းအားက အနည်းဆုံး လေးပုံတစ်ပုံ မြင့်တက်လာနိုင်တယ်”

ချင်ယွင် ကြွင်းကျန်အမတ၏ မျက်လုံးများသည် အလိုရမ္မက်များဖြင့် လောင်ကျွမ်းတောက်လောင်နေသည်။

“ ပြောမရဘူး ...ဒီလက်နက်ကို အသုံးချပြီး ၊ထာဝရရှင်သန်ခြင်း အမတဂူမှာ ငါ့ရဲ့အဆင့်အတန်းကို မြှင့်တင်နိုင်လောက်တယ် “

“ချင်ယွင်၊ ဒီလူငယ်မှာက အမတလက်နက်ရှိတဲ့အပြင် သူ့ရဲ့ပါရမီကလည်း အလွန်ထူးချွန်တယ် ၊ သူက သာမန် လူသားကျင့်ကြံသူ မဟုတ်ဘူးလို့ဆိုလို့ရတယ် “

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတက ဆို၏။

“ငါတို့ မင်းနဲ့ အတူတူတတ်ပြီး သူ့ကို ဖမ်းဆီးကြမလား”

ထိုစကားကို ကြားသည်နှင့်၊ အခြားနှစ်ယောက်ကလည်း ခေါင်းညိတ်ကာ သဘောတူခဲ့ကြသည်။

စူးချန်ကဲသည် အလွန်အားကောင်းသော အရည်အချင်းများကို ထုတ်ဖော်ပြသခဲ့သည်။ ချင်ယွင် ကြွင်းကျန်အမတအနေဖြင့် မခုခံနိုင်မည်ကို သူတို့ စိုးရိမ်မိသည်။

သို့သော်လည်း၊ အလိုလောဘများ၏ ဆွဲဆောင်မှုအောက်တွင် မူးယစ်နေပြီဖြစ်သော ချင်ယွင် ကြွင်းကျန်အမတသည် ၎င်းတို့၏စကားကို နားမဝင်ခဲ့ပေ။

ဤလက်နက်သည် သူ့အတွက် အထူးကိုက်ညီသော စစ်တုရင်လမ်းစဉ်၏ အမတလက်နက်တစ်ခုဖြစ်သည်။

အကယ်၍ အခြားလူများသည် ဝင်ရောက်စွက်ဖက်ကာ ဤစစ်တုရင်ဘုတ်ကို လုယူသွားခဲ့လျှင်ဖြင့် ၊ မည်သို့လုပ်မည်နည်း။

“မလိုဘူး ၊ ငါရှိနေသရွေ့ ဘာအမှားအယွင်းမှ မရှိနိုင်ဘူး”

“ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်!”

ချင်ယွင် ကြွင်းကျန်အမတသည် သူ့ရင်ဘတ်ကို ပုတ်ပြရင်း ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ဝုန်း !!

တစ်ချိန်တည်းမှာပင် ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ မရေမတွက်နိုင်သော အမတဆိုင်ရာ မှော်သင်္ကေတများသည်လည်း အသက်ဝင်လာသကဲ့သို့ သူ့ထံသို့ စဉ်ဆက်မပြတ် ချဉ်းကပ်လာသည်။

“ ဟေး ကောင်လေး ...ငါက ချင်ယွင်အမတပဲ!”

“မင်းသာ ဒီစစ်တုရင်ဘုတ်ကို ငါ့ဆီ အပ်နှံမယ်ဆိုရင်၊ အရင်က အမှားတွေကို ခွင့်လွှတ်ရုံတင်မကဘူး မင်းကို ငါ့တပည့်အဖြစ် လက်ခံပြီး စစ်တုရင်အတတ်ကိုလည်း သင်ကြားပေးမယ်!”

ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက်။

စူးချန်ကဲသာမက၊ ကျန်ရှိသော ကြွင်းကျန်အမတ သုံးဦးတို့သည်ပင် ဤအရာကို မျှော်လင့်မထားပေရာ ဆွံ့အသွားကြသည်။

ချင်ယွင်ကြွင်းကျန်အမတ၏ အကွက်သည် အလွန်ကောင်းမွန်သော အကြံအစည်တစ်ခုဖြစ်သည်ဟု ဆိုရပေမည်။

စူးချန်ကဲ၏ အမတလက်နက်ကို အခမဲ့ရယူနိုင်ရုံသာမက၊ ညစ်ပတ်သောအလုပ်များကို လုပ်ကိုင်ပေးမည့် တပည့်တစ်ဦးကိုပါ ရရှိနိုင်မည်။ နောက်ပိုင်းတွင် တန်ဖိုးမရှိတော့ပါက ၊ သူ၏ သက်တမ်းတိုးအစာအဖြစ် အသုံးပြုနိုင်ဦးမည် ဖြစ်သည်။

ဒါ ခဲတစ်လုံးနဲ့ဌက်သုံးကောင်ပစ်လိုက်တာပဲ မဟုတ်လား!

သို့သော် စူးချန်ကဲ၏ မျက်ဝန်းများသည် နည်းနည်းမှ လှိုင်းထမသွားဘဲ ၊ သူသည် ဤစကားများကို နားမဝင်ပုံရသည်။

ဤမြင်ကွင်းကြောင့် ချင်ယွင် ကြွင်းကျန်အမတသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ ဟေး၊ ကောင်လေး ဒီနေ့ ဒီလောက်ထိကြီးမားတဲ့ အခွင့်အရေးမျိုး မင်းရှေ့ရောက်လာပြီ “

“ ခုချက်ချင်း ငါ့ကို ဆရာအဖြစ် ဦးချလိုက်တော့လေ ! ငါ...”

“ငါ့ရဲ့ဆရာလုပ်မယ်? တန်လို့လား!”

“သေပေတော့!”

……

အပိုင်း(၅၆၉): အေးအေးလူလူထိုင်ပြီး ပြောကြတာပေါ့

ထိုစကားများကိုပြောပြီးသည်နှင့် တပြိုင်နက်။

စူးချန်ကဲသည် သူ၏လက်နှစ်ဖက်ဖြင့် အစီအရင်တစ်ခုကို ဖော်ဆောင်လိုက်သည်။ သူသည် စစ်မှန်အမတသခင်တစ်ယောက် မဟုတ်သဖြင့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်၏ အစွမ်းသတ္တိကို အပြည့်အဝ အသုံးမချနိုင်သော်လည်း၊

သို့သော််၊ စစ်တုရင်ဘုတ်၏ စွမ်းအားတစ်ဝက်ကို အသုံးပြုရန်မှာ စူးချန်ကဲအတွက် ခက်ခဲသောအရာတော့ မဟုတ်ချေ။

“ကောင်းကင်ကို စစ်တုရင်ဘုတ်အဖြစ်၊ မြေကြီးကို စစ်တုရင်စေ့အဖြစ် !”

စူးချန်ကဲ၏တီးတိုးရေရွတ်သံများကို ကြားနေရသည်။

“အဖြူရောင် အစေ့များသည် ဘယ်တော့မှ မပြောင်းလဲသော ကြယ်တာရာအဖြစ် တောက်ပလျက် ၊ အနက်ရောင် အစေ့များသည် နက်နဲကာ မှန်းဆ၍မရသော ညဉ့်အမှောင်ကဲ့သို့ပင်...”

လျို့ဝှက်ဆန်းကြယ်သော အဖြူအမည်းစွမ်းအားများသည် သူ၏‌ဘေးတစ်ဝိုက်တွင် ပျံဝဲလျက်ရှိနေပြီး ၊ အဆိုပါစွမ်းအား၏လွှမ်းမိုးမှုအောက်တွင် ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်သည် အဆက်မပြတ် ကြီးထွားလာသည်။

တောင်တန်းများ၊မြစ်ချောင်းများ၊ နေ့နှင့်ည၊ ကြယ်တာရာများသည် ၎င်း၏အပေါ်တွင် ရောင်ပြန်ဟပ်နေပုံပေါ်သည်။

ဝီ!!

ထိုအချိန်တွင်၊ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်ပေါ်တွင် အလွန်တောက်ပသော အလင်းရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤကြီးမားသော အလင်းရိပ်ကြီးထံမှ မရေမတွက်နိုင်သော အလင်းတန်းများ ကျဆင်းလျက်ရှိသည်။

မရေမတွက်နိုင်သော အဖြူအမည်း စစ်တုရင်စေ့များသည် အချိန်နှင့်အာကာသ အပိုင်းအစများကဲ့သို့ သူ၏ဘေးပတ်ပတ်လည်တွင် ပျံဝဲနေသည်မှာ စစ်တုရင်တို့၏နတ်ဘုရားတစ်ပါး လောကသို့ ဆင်းသက်လာဟန်တူသည်။

ထို့နောက် စူးချန်ကဲသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး၊ ညင်သာစွာ ရွတ်ဆိုသည်။

“ချ!”

ထိုစကားသံ ထွက်လာသည်နှင့်တပြိုင်နက်။

ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်ပေါ်တွင် စုစည်းထားသော စစ်တုရင်‌စေ့များသည် တစ်ချိန်တည်းမှာပင် လှုပ်ရှားလာကြသည်။

ဤအခိုက်အတန့်တွင်၊ ၊ ဤနေရာတစ်ခုလုံးသည် စစ်တုရင်ဘုတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။

စူးချန်ကဲ၏လက်ထဲက အလင်းရောင်သည် ပို၍တောက်ပလာပြီး ၊ အဆုံးမရှိသော အဖြူအမည်း အလင်းတန်းများသည် သူ၏လက်ထဲတွင် အဖြူအမည်းစစ်တုရင်စေ့များအဖြစ် စုဝေးသွားသည်။

“အမတ.. အမတလမ်းစဉ်ရဲ့ စွမ်းအားလား...!?”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျန်ရှိသော ကြွင်းကျန်အမတများသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

စူးချန်ကဲသည် လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း၊ အမတလက်နက်ကို ထိန်းချုပ်ကာ အမတစွမ်းအားများကို မည်သို့ ထုတ်လွှတ်နိုင်ခဲ့သနည်း။

ဝုန်း!!

ထိုအချိန်တွင်၊ စစ်တုရင်စေ့သည် ဝေဟင်မှ အောက်သို့ ကျဆင်းလာပြီး အလင်းလှိုင်းတံပိုးများ ရိုက်ခတ်သွားစေခဲ့သည်။

အလင်းလှိုင်းတံပိုးများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင်၊ အရာအားလုံးသည် အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ၊ စစ်တုရင်ဘုတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

တစ်ဖန် မြေကြီးကို စစ်တုရင်ဘုတ်အဖြစ်၊ ကောင်းကင်ကို စစ်တုရင်စေ့အဖြစ် ဖန်တီးသည်။

စစ်မှန်သော စစ်တုရင်လမ်းစဉ်တွင် အလုံးစုံသော သ‌ဘာဝတရားကို စစ်တုရင်အဖြစ် အသုံးပြုနိုင်သည်။

ဤကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်တွင် ရှိနေသော ချင်ယွင်ကြွင်းကျန်အမတသည် ကမ္ဘာ့ပျက်သည့်နေ့တစ်နေ့ကို ရင်ဆိုင်နေရသည့်အလား၊ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေခဲ့သည်။

သူသည် တစ်စုံတစ်ရာကို သတိရမိသကဲ့သို့၊ ချင်ယွင်ကြွင်းကျန်အမတ၏ မျက်လုံးများသည် လျှပ်တပြတ် တောက်ပသွားပြီး အော်ဟစ်ပြောဆိုလိုက်သည်။

“ ဟေး ကောင်လေး! မင်း ငါ့ကို သတ်ရဲသလား!?”

“ငါက ထာဝရရှင်သန်ခြင်း အမတဂူက လူနော်!”

“မင်း ငါ့ကိုသတ်မယ်ဆိုရင်၊ သူတို့က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး ....”

သို့သော်လည်း သူ့စကား မပြီး‌‌ဆုံးမီ ၊

ကြောက်ခမန်းလိလိ စွမ်းအားများသည် လှိုင်းလုံးကြီးများသဖွယ် သူ့ကို အလုံးစုံ ဝါးမျိုသွားလေတော့သည်။

“ညီအစ်ကိုတို့ ကူညီပါဦး!!!”

စူးချန်ကဲသည် သူ့နောက်က အကူအညီများကို လျစ်လျူရှူထားသော်လည်း၊ ချင်ယွင် ကြွင်းကျန်အမတသည် အခြားကြွင်းကျန်အမတ သုံးဦးကို အော်ဟစ်ကာ အကူအညီတောင်းခံခဲ့သည်။

သို့သော်လည်း၊ အသက်ကို အလွန်တန်ဖိုးထားသော ကြွင်းကျန်အမတများဖြစ်သည့်အတွက် အရေးမပါသောညီအစ်ကိုအတွက်နဲ့ သူတို့သည် မိုက်မဲစွာဖြင့် စူးချန်ကဲနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။

ဘုန်း !!

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ၊ ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်၏ လွှမ်းမိုးမှုအောက်တွင် ၊

ချင်ယွင်ကြွင်းကျန်အမတ၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် အရည်ပျော်ကျလာကာ စက္ကန့်ပိုင်းအတွင်းမှာပင်၊ နံနက်ခင်းနေရောင်ခြည်နှင့် ထိတွေ့ခံလိုက်ရသော နှင်းစက်များသဖွယ် အငွေ့ပျံကာ ကွယ်ပျောက်သွားလေတော့သည်။

ဤမြင်ကွင်းကို ကြည့်ရှုနေသော ကြွင်းကျန်အမတသုံးဦးတို့သည် မည်သည့်အချိန်ကတည်းကမှန်း မသိ ၊ ပါးစပ်အဟောင်းသားဖြင့် ကြောင်တတ်တတ် ကြည့်နေကြသည်။

တခဏအတွင်းမှာပင် ၊ အာကာသသည် သေခြင်းတရား၏ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသည့်အတိုင်း ပင်အပ်ကျသည့်အသံကိုပင် ကြားနိုင်လောက်သည့်အထိ ဆိတ်ငြိမ်သွားသည်။

“ချင်... ချင်ယွင် သေသွားပြီ....!?”

အနက်ရောင်ဝတ်စုံဖြင့်ကြွင်းကျန်အမတ၏ လေသံသည် တုန်ယင်နေပြီး၊ နှုတ်ခမ်းများပင်လျှင် တုန်ရီနေသည်။

ချင်ယွင် ကြွင်းကျန်အမတ၏ စွမ်းရည်သည် သူတို့သုံးဦးထဲတွင် အားအကောင်းဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။

စူးချန်ကဲနှင့် ခဏသာ ရင်ဆိုင်ရသေးသည် ။ သူသည် မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။

ကိုယ့်တံတွေးကို မျိုချရင်း၊ သူတို့သုံးယောက်စလုံး၏ ခြေလှမ်းများသည် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာကြသည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊သူတို့သုံးဦးသည်လည်း အတူတကွ တတ်ရောက်ခဲ့မည်ဆိုပါက၊ စောနက စူးချန်ကဲ၏တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်း ရှိခဲ့သည်။

သူတို့အနေဖြင့် အမတရင်းမြစ်ကို ထုတ်သုံးရန် လိုအပ်ပေသည်။ သို့သော် အမတရင်းမြစ်ကို ထုတ်သုံးခြင်းသည် သူတို့၏သက်တမ်းကို လျော့ပါးစေမည်ဖြစ်သောကြောင့်၊ သူတို့သည် ဤကိစ္စကို မျက်ကွယ်ပြုရန် ရွေးချယ်ခဲ့ကြသည်။

လူ့ဘီလူးပဲ ! လူ့ဘီလူးဆိုတာ ဒီလိုကောင်ပဲ!

ယခင်က၊ လူသားလမ်းစဉ် ကျင့်ကြံသူများသည် အမတလမ်းစဉ် ကျင့်ကြံသူများကို စိန်ခေါ်နိုင်ကြောင်းကို သူတို့သည် မယုံကြည်ခဲ့ကြပေ။ ယခုအခါ၊ စူးချန်ကဲသည် သူတို့ကို မျက်နှာချင်းဆိုင်ကာ သင်ခန်းစာပေးခဲ့သည်။

……..

ထိုနောက်တွင် ၊

စူးချန်ကဲသည် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်ကို ပြန်လည်သိမ်းယူခဲ့သည်။ သူသည် စစ်တုရင်ဘုတ်ကို အလွန်အကျွံအသုံးပြုခဲ့သဖြင့် သူ၏အသက်ရှုနှုန်းမှာ အနည်းငယ် မြန်ဆန်နေခဲ့သည်။

သို့သော်လည်း၊ သူသည် အပြုံးမပျက် အခြားကြွင်းကျန်အမတသုံးဦးကို လှည့်ကြည့်ကာ ဆိုလိုက်သည်။

“ ငါ အနည်းငယ် အားကုန်သွားတယ်ဆိုပေမဲ့၊ ဒါပေမဲ့ ဆက်တိုက်လို့မရတာတော့ မဟုတ်ဘူး”

“လာလေ ညီအစ်ကိုတို့၊ ဒုတိယအကြိမ် ဆက်တိုက်ကြမလား”

ဤစကားများကို ပြောလိုက်သည်နှင့် ။

ကြွင်းကျန်အမတသုံးဦးတို့သည် သေခြင်းတရား၏ အချိန်နာရီသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

စူးချန်ကဲ ထုတ်ဖော်ပြသခဲ့သည့် ပါရမီစွမ်းရည်သည် အလွန်တရာမျှ ထိတ်လန့်စရာကောင်းသည်။

ထို့အပြင်၊ နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်လာခဲ့သော မြေခွေးအိုကြီးများဖြစ်သည့်အတွက် ဟေးယွမ် ကြွင်းကျန်အမတသည် အဘယ်ကြောင့် ဤနေရာသို့ ပြေးလာခဲ့မှန်း သူတို့အနေဖြင့် အကြမ်းဖျင်းမှန်းဆနိုင်ခဲ့သည်။

စူးချန်ကဲ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်ရှားရန်အတွက် သူတို့ကို အသုံးချချင်ခဲ့ပုံရသည်။

“ဒီခွေးမ ! ငါတို့ကို တမင်သက်သက် ဒုက္ခပေးသွားတာ!”

“ဒီလို လူ့ဘီလူးတစ်ကောင်ကို သူတို့ဆီ ခေါ်လာခဲ့ရတယ်လို့ ... ဒီကောင့်မှာ ဝှက်ဖဲတွေဘယ်လောက်ထိရှိမယ်မှန်း ဘယ်သူသိမလဲ!?”

“သူကသာ ငါတို့ကို ဒီကောင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ကြံစည်နေတာ ၊ဒီကောင်က ငါတို့ကို ပြန်ပြီးတောင် ကိုင်တွယ်ရှင်းထုတ်သွားလိမ့်ဦးမယ်!”

“……..”

ကြွင်းကျန်အမတများသည် တစ်ဦးနှင့်တစ်ဦး ပြောဆိုနေကြပြီး၊ သေဆုံးသွားပြီ ဖြစ်သော ဟေးယွမ်ကြွင်းကျန်အမတကိုလည်း ဆဲဆို‌နေကြသည်။

သူတို့နှင့် မည်သည့်ရန်ငြိုးမျှမရှိပါဘဲ၊ ဤကဲ့သို့သော လူသတ်နတ်ဘုရားကို သူတို့ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

အခုတော့ ကောင်းရော! မျက်နှာချင်းဆိုင်လိုက်တာနဲ့ တစ်ယောက်က သေပြီလေ!

လက်ရှိတွင်၊ စူးချန်ကဲသည် သူတို့ကို စိုက်ကြည့်နေသည်။

ဤနှစ်များအတွင်း သူတို့သည် ထာဝရရှင်သန်ခြင်း အမတဂူ၏နာမည်ကို မှီခိုအားထားကာ သက်တောင့်သက်သာဖြင့် အသက်ရှင်နေထိုင်ခဲ့သည်။ တကယ်တန်း တိုက်ခိုက်ကြမည်ဆိုပါက၊ သူတို့သည် ချင်ယွင်ကြွင်းကျန်အမတ နှစ်ယောက်စာလောက်ပဲ တန်ဖိုးရှိပေလိမ့်မည်။

စူးချန်ကဲသည် သူတို့ကို နောက်တစ်ကြိမ် စိန်ခေါ်ဝံ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတွင် ဝှက်ဖဲရှိထားသည်မှာ သေချာသည်။

တကယ်တန်းတိုက်ခိုက်ကြမည်ဆိုပါက ၊ သူတို့သည် သေချာပေါက် သေရပေတော့မည်။

“ဂလု...”

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတသည် ဦီးဆောင်ကာ အပြုံးမပျက် ဆိုလိုက်သည်။

“ ညီနောင် ..ငါတို့တွေက အချင်းချင်းတွေပဲ သတ်ဖြတ်နေတာ မကောင်းပါဘူး...”

“ ငါတို့တွေမှာ သွေးကြွေးတွေမှ မရှိတာ..ပြောစရာရှိရင်လည်း အေးအေးလူလူထိုင်ပြီး ပြောကြတာပေါ့...”

ထိုစကားများထွက်လာသည်နှင့်၊

ကျန်ရှိနေသေးသော ကြွင်းကျန်အမတနှစ်ဦးသည် ရုတ်တရက် သဘောပေါက်သွားသည်။

မှန်၏။

သူတို့သည် စူးချန်ကဲကို မတိုက်ခိုက်ခဲ့သလို သူတို့ကြားတွင် သွေးကြွေးများ မရှိ။ သို့ဖြစ်ရာ ၊ တောင်းဆိုစရာကိစ္စများရှိပါက ၊ သူတို့ကြားတွင် ညှိနှိုင်းလို့ရသေးသည်။

“ဟုတ်တယ် ဟုတ်တယ် ၊ အသင် သိချင်တာမှန်သမျှကို လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်..ငါတို့သိသမျှကို အကုန်ပြောပြပေးမယ်”

“မှန်တယ်၊ မှန်တယ်! မင်းကိုကြည့်ရတာ သတ်ဖြတ်စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်... ဒီလမ်းတစ်လျှောက် မင်းသတ်ဖြတ်ခဲ့တဲ့လူတွေ မနည်းမနောပဲ နေမယ်...ဒီလိုသတ်ဖြတ်နေရတာ မကောင်းပါဘူး ဟုတ်ဘူးလား မိတ်ဆွေ “

ကျန်နှစ်ယောက်ကလည်း ကမန်းကတန်း ထောက်ခံလေသည်။

သူတို့အားလုံးသည် ချီစောင့်ကြည့်အတတ်ကို လေ့ကျင့်ထားသူများဖြစ်သည်။

ယခု စူးချန်ကဲသည် သူတို့အနားသို့ ချဉ်းကပ်လာနေစဉ် ၊ ၎င်းတို့သည် ချီစောင့်ကြည့်အတတ်ဖြင့် စူးချန်ကဲအား သိုဝှက်စွာ စစ်ဆေးကြည့်ရှုခဲ့သည်။

မမြင်မချင်း မသိနိုင်သော်လည်း၊ မြင်လိုက်ရချိန်တွင် တကယ်ကို ထိတ်လန့်ရပေသည်။

သူတို့ရှေ့က လူငယ်သည် သန့်ရှင်းဖြူစင်သော အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသည်နှင့် အလျောက် သူ၏အမူအရာသည် ကောင်းကင်နှင့်မြေကြီး၏ လှပမှုကို ဖော်ညွှန်းထားသကဲ့သို့ ဖြစ်နေပြီး မယုံနိုင်စရာကောင်းအောင် ချောမောလှပေသည်။

ဤကဲ့သို့ သန့်ရှင်းစင်ကြယ်သော လူသားတစ်ယောက် ဖြစ်ပါလျှက်နဲ့ ၊ သူ့တစ်ကိုယ်လုံးက ဤမျှကြီးမားသော သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။

သတ်ဖြတ်ခြင်း အငွေ့အသက်များသည် စစ်မှန်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သူ၏ခြေဖဝါးအောက်တွင် မရေမတွက်နိုင်သော အရိုးစုများရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ဤအရိုးများသည် အဆုံးမရှိသော နာကြည်းမှုများကို ရင်ဝယ်ပိုက်ထားပါသော်လည်း စူးချန်ကဲအား ကျိန်ဆဲခြင်းမပြုရဲကြပေ။

ထို့အပြင် သူတို့သုံးဦးသည် စူးချန်ကဲ၏ကိုယ်ပေါ်မှ နာကြည်းမှုအသစ်လေးခုကိုလည်း တွေ့ရှိခဲ့ရသည်။ဤလူများသည် မကြာသေးမီကမှ စူးချန်ကဲ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသော လူလေးဦးဖြစ်နိုင်သည်။

ပြောစရာပင် မလိုချေ ၊ ဤလူများသည် ချင်ယွင် ၊ ဟေးယွဲ့နှင့် အခြားကြွင်းကျန်အမတနှစ်ဦး ဖြစ်နိုင်သည်။

ဒါဘာကိုဆိုလိုတာပါလဲ?

သူတို့သုံးယောက် အတူတူလက်တွဲပြီး တိုက်ခိုက်ရင်တောင် ၊ စူးချန်ကဲတစ်ယောက်ကို မယှဉ်နိုင်ဘူးလို့ ဆိုလိုတာပဲမဟုတ်လား!!

“ ဟိုကောင်မ ဟေးယွီ!”

“ဒီလို သက်ရှိထင်ရှားရှိနေတဲ့ သေမင်းတမန်ကို ငါတို့ရှေ့ကို ခေါ်လာစရာလား! သေသင့်တဲ့ ခွေးမ!!”

အပိုင်း(၅၇၀): အမတနယ်မြေ၏ အထူးထုတ်ကုန် ၊ မဟာလမ်းစဉ် လက်ဖက်ရွက်

၎င်းတို့သုံးယောက်သည် ဟေးယွဲ့ကြွင်းကျန်အမတအား စိတ်ထဲကနေ ကျိန်ဆဲနေလေ၏။

ဒီကောင်မရဲ့ အလောင်းသာ အကောင်းတိုင်းရှိနေရင် ၊ ဆွဲထုတ်ပြီးတော့ကို တစ်စစီ လုပ်ပစ်မှာ !

ကြည့်စမ်း! ဒါ ဘယ်လောက်တောင် ပြင်းထန်တဲ့အမုန်းတရားတွေလဲ ?

“ အို...?”

၎င်းတို့သုံးဦး၏ ပုံစံကြောင့် စူးချန်ကဲသည် အတော်လေး အံ့အားသင့်သွားခဲ့သည်။

“ ကြည့်ရတာ ခင်ဗျားတို့က ဉာဏ်ကောင်းပုံပဲ”

မူလက ဤလူများသည် သူ့ကို ပူးပေါင်းတိုက်ခိုက်ကြမည်ဟု ထင်မှတ်ကာ ၊ သူသည် ထပ်မံ တိုက်ပွဲဆင်နွှဲရန် အသင့်ပြင်ဆင်ထားခဲ့သည်။ သို့သော် ဤလူသုံးယောက်သည် ဉာဏ်ရည်ထက်မြက်ကြလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

စင်စစ်အားဖြင့် ၊ ဤသည်မှာ မှန်ကန်သော ဉာဏ်ရည်ဉာဏ်သွေးပင် ဖြစ်နိုင်သည်။ သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်မည်ဆိုတောင် ၊ ဒါဆို သူသည် သူတို့သုံးယောက်ကို အထိမ်းအမှတ်ကျောက်စာတိုင် သုံးခု စိုက်ထူပေးရုံသာရှိတော့သည်။

“ မိတ်ဆွေက‌လည်း ဟာသပြောနေပြန်ပြီ၊ ကျွန်တော်တို့အနေနဲ့ ဘာများဝန်ဆောင်မှု ပေးရမလဲ မသိဘူး”

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတသည် ကပ်ဖားအပြုံးဖြင့် ရိုကျိုးစွာ မေးမြန်းလိုက်သည်။

စူးချန်ကဲသည် စကားပြောရန်ဟန်ပြင်လိုက်စဉ် ၊ ရုတ်တရက် သူသည် မျက်ခုံးပင့်လိုက်သည်။

သူသည် ဤအနက်ရောင်ဝတ်စုံအဘိုးကြီး၏ ရင်ဘက်၌ ထူးခြားသောအငွေ့အသက်တစ်ခု ရှိနေသည်ကို ခံစားမိခဲ့သည်။

ကြွင်းကျန်အမတ ဖြစ်ပါလျက်နဲ့ ၊ ယုတ္တိကျကျဆိုရလျှင်ဖြင့် အမတဆိုင်ရာ အလိုဆန္ဒများသည် ပြီးပြည့်စုံသောအဆင့်ထိ မရောက်ရှိသင့်ချေ။

သို့သော် စူးချန်ကဲ၏ အာရုံခံစားမှုအရ၊ ဤလူ၏ရင်ဘက်၌ ပြီးပြည့်စုံသော အမတဆိုင်ရာ အငွေ့အသက်များ ဖြာထွက်နေသည်။

“ခင်ဗျားရဲ့ရင်ဘတ်ထဲမှာ ပစ္စည်းတစ်ခုခု ဝှက်ထားတာလား”

စူးချန်ကဲက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

“ထုတ်ပြစမ်းပါဦး”

ထိုစကားများ ထွက်လာသည်နှင့် ၊ အရင်က ကပ်ဖားအပြုံးဖြင့် ပြုံးနေသော အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတခမျာ အေးခဲသွားသည်။

နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။

သူသည် အံ့အားသင့်စွာဖြင့် မနေနိုင်ဘဲ ရေရွတ်မိသည်။

“ဘုရားရေ...ငါ့မှာရှိတဲ့ ရတနာကို ဒီလောက်ထိ ကောင်းကောင်းဝှက်ထားတာ၊ ဒီလူ ဘယ်လိုလုပ်သိလိုက်တာလဲ!?”

သူ့စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေပြီး၊ အကြောင်းပြချက်များကို ဆက်လက်ရှာဖွေနေခဲ့သည်။

သို့သော် စူးချန်ကဲသည် စကားများများပြောရန် စိတ်ကူးမရှိပေ။ သူသည် ၎င်း၏ရင်ဘက်ထဲကနေ တိုက်ရိုက် နိုက်ယူလိုက်သည်။

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတသည် သူ၏မသိစိတ်က စူးချန်ကဲအား တားဆီးရန်ကြိုးစားမိခဲ့သည်။

“ အမ်!?”

သို့သော် စူးချန်ကဲသည် သူ့ကို တချက်ပြန်ကြည့်လိုက်ရာ လန့်ဖျပ်သွားပြီး ၊ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ရသည်။

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတခမျာ စိတ်ထဲကနေ ငိုကြွေးနေရှာသည်။ တိုက်ပြန်တော့လည်း မနိုင် ၊ သူ့အနေဖြင့် ဘာများတတ်နိုင်မည်နည်း။

ခဏရှာဖွေပြီးနောက် ၊

စူးချန်ကဲသည် ၎င်း၏ ရင်ဘတ်ထဲကနေ ရွှေရောင်တောက်တောက် လက်ဖက်ရွက် ငါးရွက်ကို ရှာတွေ့ခဲ့သည်။

“ဒါက ဘာလဲ...?”

စူးချန်ကဲသည် ရွှေရောင်လက်ဖက်ရွက် ငါးရွက်ကို ကြည့်ရင်း ၊ အနည်းငယ် အံ့အားသင့်နေသည်။

ဤလက်ဖက်ရွက်များသည် သူ၏လက်ထဲ၌ အေးမြမှုကို ခံစားရစေပြီး လန်းဆန်းသောရနံ့များကို ထုတ်လွှတ်ပေးနေသည်။

ဤရနံ့သင်းပျံ့မှုသည် အတော်လေး ထူးဆန်းပေသည်။ လက်ဖက်ရွက်၏အပေါ်တွင် တာအိုစည်းချက်များ သက်ဝင်စီးဆင်းနေပြီး တချက်ရှုရှိုက်မိရုံနဲ့တင် လူကို မဟာလမ်းစဉ်၏ ဉာဏ်အလင်းကို ရရှိစေနိုင်သည်။

ဘေးနားက ကြွင်းကျန်အမတ နှစ်ယောက်ကလည်း မျက်လုံးပြူးမျက်စံပြူးဖြင့် ကြည့်နေကြသည်။

သူတို့၏စိတ်ထဲတွင် ပြိုင်တူအံ့အားသင့်နေပြီး ဟစ်ကြွေးလိုက်ကြသည်။

“ဒါက မဟာလမ်းစဉ် လက်ဖက်ရွက်!”

“ဒီကောင် မဟာလမ်းစဉ် လက်ဖက်ရွက် ငါးရွက်ကို ဒီလောက်ထိဖုံးဖုံးဖိဖိ ဝှက်ထားတယ်ပေါ့လေ!”

မဟာလမ်းစဉ်၏ လက်ဖက်ရွက်ဟူသည် အဘယ့်နည်း။

မိုးမြေ၏ ဝိညာဉ်စွမ်းအားများကို စုစည်းထားပြီး ၊ နေနှင့်လ၏ အနှစ်သာရများကို စုပ်ယူထားသော အရာဖြစ်သည်။

နှစ်ပေါင်းတစ်သောင်းကြာ တာအိုစည်းချက်များ အနည်ထိုင်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဤကဲ့သို့သော လက်ဖက်ရွက်သည် အမတနယ်မြေမှာသာ ပေါက်ရောက်ပြီး ၊ အမတလျှောက်လှမ်းတံခါးပေါက်၏ အတွင်းပိုင်းမှာလည်း အလားတူ ပေါက်ရောက်သည်။

တစ်ခါက သူတို့သည် အမတလျှောက်လှမ်းတံခါးပေါက်၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်ခဲ့စဉ်က ကံကောင်းထောက်မစွာဖြင့် အနည်းငယ်ရရှိခဲ့ဖူးသည်။

သို့သော်၊ ဤရက်များအတွင်း သူတို့သည် ထိုအရာများကို စုပ်ယူစားသောက်ပြီး ဖြစ်သည်။

မျှော်လင့်မထားမိသည်မှာ ဤလူအိုကြီးသည် လက်ဖက်ရွက် ငါးရွက်ကို ယခုထိတိုင် လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်း ဖြစ်သည်။

“ဒီကောင် ကြွက်မျိုးနွယ်လား? ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကောင်းကောင်းသိုဝှက်ထားနိုင်တာတုန်း”

“ဟွန်း! ငါပြောပါတယ် ... ဒီကောင့်ရဲ့ကိုယ်မှာ အမည်မသိ အမွှေးရနံ့တစ်ခုခုရနေတာ ...ငါကတော့ ဒီကောင် မိန်းမတွေလိုအမွှေးရနံ့နဲ့ ရေချိုးရတာ ကြိုက်တယ်လို့ထင်နေတာ!”

“ ဘယ်ဟုတ်မလဲ ! ဒီကောင် ဒီလောက်ကြာအောင် ငါတို့ကို လှည့်စားခဲ့တာပဲ ! ဒီနေ့ အကုန်လုံး အရှာခံလိုက်ရတာ နည်းတောင်နည်းသေးတယ် “

“…….”

ကျန်ရှိနေကြသော ကြွင်းကျန်အမတများသည် ၎င်း၏ဒုက္ခကို ပျော်ပျော်ကြီးမျှဝေနေကြသည်။

ငါတို့ကို မျှဝေပေးဖို့ စိတ်ကူးမရှိတာ ၊ ခုတော့ အသိမ်းခံလိုက်ရပြီလေ...နည်းတောင်နည်းသေးတယ်!

…….

စူးချန်ကဲသည် ပစ္စည်း၏တန်ဖိုးကို မသိပုံရကာ ၊ ထိုအရာကို မြင်သည်နှင့် အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတက ရှက်ကိုးရှက်ကန်းအပြုံးဖြင့် ဆိုလိုက်သည်။

“ဒါက သာမန်လက်ဖက်ခြောက်ပါ ...ကိုယ်နဲ့မကွာ ဆောင်ထားတဲ့အတွက် ကျွန်တော့်ရဲ့ တာအိုစည်းချက်တွေ အနည်းငယ် စွန်းထင်းသွားရုံပါ “

“ဒါကို လက်ဖက်ရည်ခပ်သောက်မိရင်... ကျွန်တော့်ရဲ့ အငွေ့အသက်တွေကိုပါ သောက်မိနိုင်လို့ ....ကျွန်တော့်ကို ပြန်ပေးလိုက်ပါ့လား....”

သို့သော် စူးချန်ကဲ၏ အေးစက်သော အကြည့်သည် တဖန်ကျရောက်လာပြီး၊ အေးစက်စက် လေသံကို ကြားလိုက်ရသည်။

“ ခင်ဗျားကြည့်ရတာ မကျေနပ်သလိုပဲ”

“ ဒါဆိုလည်း ကျုပ်တို့ တိုက်ကြည့်ကြရအောင်”

“ ခင်ဗျားတို့အားလုံး အတူတူတတ်လာခဲ့”

ထိုစကားများကိုကြားလိုက်ရသည်နှင့် ၊

အရင်က ပွဲကြီးပွဲကောင်းကြည့်ဖို့ စီစဉ်ထားသော ကျန်လူနှစ်ယောက်မှာ ဖြူဖျော့သွားသည်။

ကြောက်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဘုရားရေ...?

ငါတို့က ဘယ်‌ကနေအချောင်ပါလာတာတုန်း!

….”

စူးချန်ကဲမှ လှုပ်ရှားမှုမပြုမီ၊ အဖြူရောင်ဝတ်စုံဖြင့် ကြွင်းကျန် အမတက အလျင်အမြန် ပြောဆိုလိုက်သည်။

“ မိတ်ဆွေလေး ၊ ဒါက မဟာလမ်းစဉ်ရဲ့ လက်ဖက်ခြောက်ပါ၊ ဒါကို လက်ဖက်ရည်အဖြစ်ခပ်ပြီး သောက်သုံးမယ်ဆိုရင် ကိုယ်ပိုင်ဉာဏ်အလင်းကို တိုးမြှင့်ပေးနိုင်တယ်၊ ကျင့်ကြံမှုကိုလည်း ခိုင်မာစေနိုင်တယ်......”

ဤအဖြူရောင်ဝတ်စုံဖြင့် ကြွင်းကျန် အမတသည် မဟာလမ်းစဉ် လက်ဖက်ရွက်၏ လုပ်ဆောင်ချက်အားလုံးကို ထုတ်ဖော်ပြောဆိုခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ၊ စူးချန်ကဲသည် သူ့မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းတညိမ့်ညိမ့်ဖြင့် ဆိုလိုက်သည်။

“ လတ်စသတ်တော့ အဲ့လိုကိုး!”

“အမတနယ်မြေရဲ့ ထူးခြားတဲ့ ထုတ်ကုန်တဲ့လား....”

လက်ဖက်ရွက်အနည်းငယ်မျှဖြင့် ဤကဲ့သို့ထူးကဲသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။

တစ်နည်းအားဖြင့် ဆိုရသော် ၊အမတနယ်‌မြေရှိ မဟာလမ်းစဉ်၏နတ်ပစ္စည်းများသည် မိုးမြေ၏ဖန်တီးမှုစွမ်းအားများကို လုယူနိုင်သော အံ့ဖွယ်အကျိုးသက်ရောက်မှုများ ရှိနေလေသလော။

အမတနယ်မြေသည် သူ စိတ်ကူးထားတာထက် အများကြီး ပိုဆန်းကြယ်ပုံရသည်။

စူးချန်ကဲသည် အချိန်မဖြုန်း‌တော့ဘဲ၊ သူတို့ကို ညွှန်ကြားလိုက်သည်။

“ ခင်ဗျားတို့ လက်ဖက်ရည်တည်နည်းကိုတော့ သိတယ်မလား “

စူးချန်ကဲ၏စကားကိုကြားသည်နှင့်၊ အဖြူရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတနှင့် အညိုရောင်ဝတ်စုံကို ဆင်မြန်းထားသော ကြွင်းကျန်အမတတို့သည် ပျော်မြူးသွားကြသည်။

မဟာလမ်းစဉ်ရဲ့ လက်ဖက်ရည်ကို တည်ဖို့က ကောင်းတဲ့အလုပ်လေ!

သူတို့ကိုယ်တိုင် လက်ဖက်ရည်ရနံ့ကို ရှူရှိုက်မိရုံနဲ့တင် ၊ ၎င်းသည် သူတို့၏တာအိုစိတ်နှလုံးသားကို ကြည်လင်စေမည့်အပြင် ဉာဏ်အလင်းရရှိနိုင်မည့် အခွင့်အလမ်းများလည်း ရှိသည်။

“ဟုတ်ကဲ့ပါ လူကြီးမင်း!”

နှစ်ယောက်သား လက်ဖက်ရွက်ကို အလျင်စလို လက်ခံယူလိုက်ကြသည်။ သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ အခေါ်အဝေါ်များပင် ပြောင်းလဲကုန်သည်။

သို့ဆိုတောင် ၊ သူတို့သည် ဤအရာကို ရှက်စရာကောင်းသည်ဟု မယူဆချေ။

ဒီဆရာကြီးရဲ့ခြေထောက်ကို တွယ်ဖက်ခွင့်ရတာ ၊ ဘယ်လောက်တောင် ကောင်းတဲ့ကိစ္စလဲ!

မိမိ၏ မဟာလမ်းစဉ် လက်ဖက်ရွက်များ အလုယူခံလိုက်ရသည့် ကြွင်းကျန်အမတခမျာ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။

ဒါတွေက သူ့ဟာတွေလေ!

ဒါတွေအားလုံးက သူ့ဟာတွေလေ!

ထိုစဉ် ၊ သူ၏မျက်လုံးများက လျှပ်တပြတ် ဝင်းလက်သွားသည်။

“မဖြစ်ဘူး....ကိစ္စတွေက ဒီအထိရောက်လာမှတော့....”

“ လူကြီးမင်း ကျွန်တော်လည်း ကူတည်ပေးမယ်”

အချို့က ဤသို့မေးခွန်းထုတ်ပေလိမ့်မည်။

ကိုယ့်အမတရင်းမြစ်ကို သုံးပြီး လက်ဖက်ရွက်ယူပြီးထွက်ပြေးလို့ မရဘူးလား ?

ဤမေးခွန်းနဲ့ပတ်သတ်၍ အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတ က ဖြေလိမ့်မည်--

ဆုတောင်းလေ!!

စူးချန်ကဲသည် ၎င်း၏ဝှက်ဖဲကို ထုတ်ကာ သူ့ကို ချက်ချင်းသတ်ပစ်နိုင်သည်။

အဲ့တော့ အေးအေးဆေးဆေးနေပြီး ၊ အကြွင်းအကျန်လေးနဲ့တင် တင်းတိမ်တာက ပိုမကောင်းဘူးလား !!

……..

တစ်ချိန်တည်းမှာပင်။

အမတလျှောက်လှမ်း၏ အလျို့ဝှက်ဆုံးသော နေရာ၌၊

ကြယ်အပိုင်းအစများက အာကာသထဲတွင် လွင့်မျောလျက်ရှိသည်။

နိယာမတရားများ သက်ဝင်လှုပ်ရှားနေပြီး၊ အမတဆိုင်ရာ နတ်အလင်းများက တဖျပ်ဖျပ် ခတ်လျက် တောက်ပနေသည်။

လေထုထဲတွင် သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ တစ်နည်းအားဖြင့်၊ ဤနေရာတွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြသနေသည်။

အချိန်အတော်ကြာသည့်အထိ ချီနှင့် သွေးစွမ်းအင်များက ယခုထိတိုင် မပျောက်ကွယ်သွားဘဲ ကျန်ရှိနေသေး၏။

လွင့်မျောနေသော ကြယ်အပိုင်းအစများ၏ အလယ်ဗဟိုတွင် ပိရမစ်ပုံသဏ္ဍာန်ရှိသော အနက်ရောင် ကျောက်တောင်ကြီးတစ်ခုသည် အာကာသထဲ၌ မျောလွင့်လျက်ရှိသည်။

ဤသည်မှာ တစ်ချိန်က ကြွင်းကျန်အမတတို့၏ အိမ် ၊ ထာဝရရှင်သန်ခြင်း အမတဂူပင် ဖြစ်သည်။

တစ်ချိန်က၊ မရေမတွက်နိုင်သော ကြွင်းကျန်အမတများသည် အမတလျှောက်လှမ်း၏အစွမ်းသတ္တိများကို ကြောက်ရွံ့၍ ထာဝရရှင်သန်ခြင်း အမတဂူထဲတွင် နေထိုင်ကြသည်။

လက်ရှိ၌ ပြိုကျပျက်စီးသွားပြီ ဖြစ်သော်လည်း၊ ထိုနေရာတွင် ကြွင်းကျန်အမတအချို့ ရှိနေသေး၏။

ဤနေရာ၌ ၊ တာအိုဝတ်လုံကို ဝတ်ဆင်ထားသော အမျိုးသားများသည် တစ်စုံတစ်ခုကို ဆွေးနွေးနေကြပုံရသည်။

“ မင်း ဘာပြောလိုက်တယ်”

“ ချင်​ယွင်​ သေပြီဟုတ်လား!?”

အပိုင်း(၅၇၁): ထာဝရရှင်သန်ခြင်း အမတဂူ မှ အကြီးအကဲ သုံးဦး Part(1)

အသံလားရာကို ကြည့်မည်ဆိုပါက ၊

ထိုနေရာတွင် ရပ်နေသော ခန့်ညားထည်ဝါသော လူသုံးဦးကို တွေ့ရပေလိမ့်မည်။

၎င်းတို့၏အသွင်သဏ္ဍာန်သည် ချီနှင့်သွေးစွမ်းအားများ အနည်းငယ် အားနည်းနေသော တခြားသောကြွင်းကျန်အမတများနှင့် မတူဘဲ ကြီးကျယ်ခမ်းနားကာ သူရဲကောင်းဆန်သည်။

၎င်းတို့၏ ချီနှင့်သွေးစွမ်းအားများသည် အဆက်မပြတ် သက်ဝင်လှုပ်ရှားနေကာ အတော်လေး အားကောင်းလွန်းသည်။

ညာဘက်အခြမ်းမှ ပုဂ္ဂိုလ်သည် တစ်ခေါင်းလုံး ဖြူဖွေးနေကာ ၊ ထိုအရာကို ကြည့်ခြင်းအားဖြင့် သူသည် အတော်လေးအသက်ကြီးကြောင်း မှန်းဆနိုင်သည်။

သို့သော် သူ၏အသွင်အပြင်မှာ အလွန်ငယ်ရွယ်နုပျိုပြီး၊ ချောမောလှပသော မျက်နှာအဆင်းရှိသည်။

ထိုပုဂ္ဂိုလ်ကို ထျန်းယွီရှန်းဟု အမည်တွင်ပြီး၊ လက်ရှိတွင် သူသည် ထာဝရရှင်သန်ခြင်း အမတဂူ၏ အကြီးအကဲ သုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

ဘယ်ဘက်အခြမ်းမှ ပုဂ္ဂိုလ်သည် ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

သူ၏ဘေးပတ်ပတ်လည်တွင် အင်အားကြီးမားသော နတ်ဆိုးစွမ်းအင်များ ဝန်းရံနေပြီး၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အမှတ်အသားများ ရှိသည်။ အထူးသဖြင့် ၊ ၎င်း၏ ဦးခေါင်းထက်ရှိ ချွန်ထက်ကာ ကောက်ကွေးနေသော နွားချိုကဲ့သို့ ဦးချိုတစ်စုံသည် အတော်လေး ဆန်းကြယ်ပေသည် ။

နတ်ဆိုးစွမ်းအင်များက လှိုင်းတံပိုးများကဲ့သို့ ထကြွလှုပ်ရှားနေသည်မှာ သူ၏ခန္ဓာကိုယ်သည် မည်မျှကြံ့ခိုင်သည်ကို ဖော်ပြနေသည် ။

သို့သော် သူ၏မည်းနက်သော မျက်ဝန်းတစ်စုံ၌ နတ်ဆိုးလနှစ်စင်းက ဝင်ရောက်ကာ ရောင်ပြန်ဟပ်လို့နေသည်။

အလွန်အားကောင်းသော စွမ်းအားများဖြစ်သော်ငြားလည်း ၊ ဟိုးအရင်ကတည်းက သေဆုံးနေသည့်အတိုင်း အတော်လေး တိတ်ဆိတ်နေသည်။

ထိုပုဂ္ဂိုလ်၏အမည်မှာ မောလင်ရှန်း ဖြစ်ပြီး ၊ လက်ရှိ ထာဝရရှင်သန်ခြင်း အမတဂူ၏ အကြီးအကဲသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်များ၏ အလယ်တွင် ရပ်နေသည့် ပုဂ္ဂိုလ်မှာမူ ၊ ၎င်းတို့ထက် ပို၍ပြင်းထန်သော ရောင်ဝါများကို ပိုင်ဆိုင်ထားသည်။

အမတလမ်းစဉ်၏ မှော်သင်္ကေတများသည် သူ၏ဘေးတဝိုက်တွင် ပျံဝဲကခုန်လျက်၊ ရောင်စဉ်တန်းများ ကျရောက်နေသည်မှာ သူ့ကို ပို၍ ခမ်းနားထည်ဝါစေသည်။

အနေအထားကို ကြည့်မည်ဆိုပါက၊ ထိုအနှီပုဂ္ဂိုလ်သည် ဦးဆောင်သူဖြစ်ကြောင်း ထင်ရှားသည်။

သူသည် လက်ရှိ ထာဝရရှင်သန်ခြင်း အမတဂူ၏ အကြီးအကဲခေါင်းဆောင် ဟောက်ယွဲ့ရှန်း ဖြစ်ပြီး ၊ တစ်ချိန်က ထာဝရရှင်သန်ခြင်း အမတဂူ၌ ဖြစ်ပွားခဲ့သောစစ်ပွဲကြီးကို အစပြုခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

“ ချင်ယွင်က ဘယ်လိုလုပ်ပြီးသေသွားတာတုန်း!”

ဟောက်ယွဲ့ရှန်း၏ အသံထဲတွင် အေးစက်မှုနှင့်အတူ အမျက်ဒေါသများ ပါဝင်နေသည်။

ယခုအခါ ပြင်ပလူများ ဝင်ရောက်လာသဖြင့် ၊ သူတို့၏ အမတလျှောက်လှမ်းအတွက် များစွာ အကျိုးရှိပေတော့မည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤပြင်ပလူများကို အမဲလိုက်ကာ သူတို့၏သက်တမ်းတိုး အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်သည်။

၎င်းတို့၏သွေးများကို စုပ်ယူခြင်းသည် သူတို့၏ အသွေးအသားများကို ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်စေသည်။

ကံကောင်းပါက ၊ ထိုအခွင့်အရေးမှတဆင့် သူတို့သည် ဒဏ္ဍာရီလာ ထာဝရ စစ်မှန်အမတအဖြစ် အောင်မြင်သွားနိုင်သည်။

ယခုအခါ ၊ သူတို့၏ ချီနှင့်သွေးချီစွမ်းအားများသည် ဤမျှအားကောင်းလာရခြင်းမှာ ပြင်ပဝင်ရောက်လာသူ လွတ်မြောက်သူများနှင့် ရှေးဟောင်းဧကရာဇ်မင်းများစွာကို စုပ်ယူထားသောကြောင့် ဖြစ်သည်။

“ သိပ်မရှင်းဘူး.... ချင်ယွင် သေခါနီး စကားလုံးအနည်းငယ် ပြောခဲ့တယ်...”

ဘေးနားက ထျန်းယွီရှန်းသည် မျက်မှောင်ကုတ်လျက် ၊ ဆက်လက် ပြောကြားခဲ့သည်။

“ သူ ပြောတာတော့ ..ဝတ်ရုံဖြူ လူငယ်တစ်ဦး ..လူသားလမ်းစဉ် ကျင့်ကြံသူဆိုပဲ...”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ၊

လေထုသည် ပို၍ပင် တိတ်ဆိတ်ငြိမ်ကျသွားသည်။

ထိုစဉ် မောလင်ရှန်း၏ မျက်လုံးများသည် တစ်စုံတစ်ရာကို သတိထားမိသကဲ့သို့ ကျဉ်းမြောင်းသွားသည်။

သို့သော် ၎င်း၏လှုပ်ရှားမှုမှာ အလွန်သေးငယ်သဖြင့် ကျန်နှစ်ယောက်မှာ သတိမထားမိခဲ့ပေ။

“ဘယ်လို!?”

“လူသားလမ်းစဉ် ကျင့်ကြံသူ?!”

ဟောက်ယွဲ့ရှန်းသည် ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ သူ၏ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသတကြီးဆိုလိုက်သည်။

“ ချင်ယွင် အသုံးမကျတဲ့အမှိုက်ကောင်! ပြင်ပကလူတစ်ယောက်ထံမှာ အသတ်ခံလိုက်ရသတဲ့လား!?”

“ဒီကောင် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာ၊ သူ့ရဲ့ကျင့်ကြံမှုတွေက ခွေးစားသွားလို့လား!?”

ဟောက်ယွဲ့ရှန်းသည် ဒေါသတကြီးဖြစ်လို့နေသည်။ သူသည် မူလက ချင်ယွင်သည် အခြားသောကြွင်းကျန်အမတ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားသည်မှာ သူသည် ပြင်ပမှ လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ထို့အပြင် ၎င်း၏ သေဆုံးမှုသည် ထာဝရရှင်သန်ခြင်း အမတဂူ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့သည်။

ဤရက်များအတွင်း ၊ ထာဝရရှင်သန်ခြင်း အမတဂူ မှ ကြွင်းကျန်အမတများသည် ပြင်ပမှ လူသားလမ်းစဉ် ကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ဤခေတ်ကာလသည် မည်သည့်ကာလဖြစ်သည်ကို မသိသော်လည်း ၊ ထိုကဲ့သို့သော လူ့ဘီလူးများစွာ ပေါ်ပေါက်လာသည်မှာ အံ့ဩစရာကောင်းပေသည်။

“ ငါ မှတ်မိသလောက် ၊ ချင်ယွင်က အမတလျှောက်လှမ်းတံခါးဂိတ်မှာ တပ်စွဲထားတာပါ...”

ဟောက်ယွဲ့ရှန်း၏ အမူအရာသည် ပို၍ပင် မှုန်ကုတ်ကုတ် ဖြစ်လာသည်။

“အဲ့မှာ နောက်ထပ်လူသုံးဦး ရှိဦးမယ်မဟုတ်လား!?”

“သူတို့လည်း သေပြီလား!?”

“ ဒီကောင်တွေကိုကြည့်ရတာ ဘာမှမဖြစ်သလိုပါပဲ....”

ဟောက်ယွဲ့ရှန်း၏ အမျက်ဒေါသအောက်တွင် ထျန်းယွီရှန်းခမျာ ချွေးပြန်လို့နေသည်။

“ ငါ သူတို့ကို ဆက်သွယ်ကြည့်ဖို့ ကြိုးစားသေးတယ် ဒါပေမဲ့ တစ်ယောက်မှ အကြောင်းမပြန်ဘူး... “

ထိုစကားများ ထွက်လာသည်နှင့်၊

မူလကတည်းက ကြမ်းတမ်းစွာရိုက်ခတ်နေသော ဟောက်ယွဲ့ရှန်း၏ စွမ်းအားများသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

“ ဒီကောင်တွေ သစ္စာဖောက်သွားပြီ!”

“ အမတလျှောက်လှမ်းတံခါးဂိတ်ကို အစောကြီး ဖွင့်လို့မဖြစ်ဘူး “

“သွားကြစို့! ငါတို့ကိုယ်တိုင် အဲ့ဒီလူငယ်ကို သွားတွေ့ကြမယ် “

အမတလျှောက်လှမ်းတံခါးကို ဖွင့်လှစ်လိုက်သည်နှင့်တစ်ပြိုင်နက် ၊ အမတလျှောက်လှမ်းအတွင်းသို့ ဝင်ရောက်လာသော ပြင်ပလူများသည် ထာဝရ စစ်မှန်အမတဖြစ်လာနိုင်မည့် အခွင့်အလမ်းများကို ရရှိပေတော့မည်။

အတိတ်က အတွေ့အကြုံများအရ။

ပထမဆုံးသော စစ်မှန်အမတ ပေါ်ပေါက်လာပါက ၊ အမတနယ်မြေ၏ နိယာမများသည် အပြည့်အဝ ပြန်လည်ရှင်သန်လာကြမည် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ၊ အမတနယ်မြေသည် ဤကမ္ဘာနှင့် အပြည့်အဝ ဆက်သွယ်သွားမည်ဖြစ်သည်။

ဤအရာသည် ကမ္ဘာကြီး ပြီးပြည့်စုံလာခြင်းကို ကိုယ်စားပြုပြီး ၊ အရာအားလုံးသည် ဟန်ချက်ညီသွားပေလိမ့်မည်။

ဆိုလိုသည်မှာ သူတို့ ဆက်လက် အသက်ရှည်နိုင်မည့် အခွင့်အလမ်းများ ဆုံးရှုံးသွားပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ကြွင်းကျန်အမတကိုယ်ထည်အဖြစ် အောင်မြင်ထားသော သူတို့သည် အမတလျှောက်လှမ်းတံခါးပေါက်ထဲသို့ ထပ်မံဝင်ရောက်ရန် မဖြစ်နိုင်တော့ပေ။

ထို့အပြင် အမတလျှောက်လှမ်းသည်လည်း အမတနယ်မြေ၏ ထွက်ပေါ်လာမှုကြောင့် အကျိုးသက်ရောက်မှုမရှိတော့ဘဲ ၊ သက်ရှိအပေါင်းတို့သည် အခြားနည်းလမ်းများဖြင့် အမတနယ်မြေသို့ တက်လှမ်းနိုင်ကြတော့မည်။

အမတလျှောက်လှမ်းအတွင်းသို့ ဝင်ရောက်ခြင်းသည် အမတနယ်မြေသို့ တတ်လှမ်းသည့်အခါ အမတနယ်မြေနှင့်သက်ဆိုင်သော ကံကြမ္မာအချို့ကို ရယူလိုခြင်းကြောင့်သာ ဖြစ်သည်။

“မောလင် မင်း လူတွေစုပြီး အခုပဲထွက်ခွာတော့”

“ဟုတ်!”

မောလင်သည် တရိုတသေဦိးညွှတ်ပြီးနောက် ၊ ထာဝရရှင်သန်ခြင်း အမတဂူကနေ ထွက်ခွာလာခဲ့သည်။

ဟောက်ယွဲ့ရှန်း၏ မျက်နှာသည် အတော်လေး ခက်ထန်နေသည်။

“ လူသားလမ်းစဉ် ကျင့်ကြံသူတွေကများ..ငါ့ရဲ့ အမတလမ်းစဉ် ကျင့်ကြံသူတွေကို တိုက်ခိုက်ရဲတယ်ပေါ့....”

“ဒီနေ့ ဒီကောင်တွေကိုသတ်ပြီး သတိမပေးရင်၊ ငါတို့ ထာဝရရှင်သန်ခြင်း အမတဂူရဲ့ ဂုဏ်သတင်းကို ဘယ်သူမှသိကြတော့မှာ မဟုတ်ဘူး”

…….

ထာဝရရှင်သန်ခြင်း အမတဂူကနေ ထွက်ခွာလာပြီးနောက်...

မောလင်ရှန်းသည် အမိန့်ထုတ်ပြန်ခြင်းမရှိဘဲ ပျက်စီးနေသော ကြယ်အပိုင်းအစများ၏အောက်သို့ တိတ်တဆိတ် သွားရောက်ခဲ့သည်။

အပိုင်း(၅၇၁): ထာဝရရှင်သန်ခြင်း အမတဂူ မှ အကြီးအကဲ သုံးဦး Part(2)

သူ၏ အာရုံခံနတ်အသိစိတ်ဖြင့် ဤနေရာတွင် မည်သူမျှမရှိကြောင်းကို သေချာ စစ်ဆေးပြီးနောက်၊

သူ၏ လက်ထဲတွင် နတ်ဆိုးစွမ်းအင်များ လှိုင်လှိုင်ထလာပြီး ၊ အဆုံးမရှိသော မှော်နက်သင်္ကေတများသည် သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ၊ သူသည် ဒူးတစ်ဖက်ထောက်၍ ရိုသေစွာ ဦးညွှတ်လျက် လျှောက်တင်လိုက်သည်။

“သခင်၊ ကျွန်တော် အဲ့လူရဲ့ သတင်းကို ရရှိထားတယ်”

ထိုစကားသံများထွက်လာသည်နှင့် တပြိုင်နက်၊

ဝူး...!!

အာကာသဟင်းလင်းပြင်၌ မည်းနက်သောလှိုင်းတံပိုးများ ရိုက်ခတ်လာပြီး၊ ထူးခြားဆန်းကြယ်သော အနက်ရောင်အမှတ်အသားများ တစ်ခုနှင့်တစ်ခု ရစ်ပတ်ကာ ၊ အဆုံးတွင် ကြီးမားသော အနက်ရောင်တံခါးပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အတွင်း၌ အဆုံးမရှိသော မှော်နက်သင်္ကေတများ ရိုက်ခတ်လှုပ်ရှားနေပြီး ၊ ၎င်းတို့သည် လူသားတစ်ယောက်၏ အသွင်သဏ္ဍာန်အဖြစ်သို့ ဖွဲ့စည်းပြောင်းလဲသွားသည်။

“အို... သူ ဆိုတာ သေချာလား “

အေးစက်သောအသံနှင့်အတူ...

ထိုမှုန်ဝါးဝါးအသွင်ပုံရိပ်သည် တသိမ့်သိမ့် ရိုက်ခတ်နေသော နတ်ဆိုးစွမ်းအားများထဲမှ ဖြည်းညှင်းစွာ ခြေချလိုက်သည်နှင့် သူ၏ ပုံပန်းသဏ္ဍာန်သည် တဖြည်းဖြည်း ရှင်းလင်းလာပြီး ၊ သူ၏မူလပုံစံကို အပြည့်အဝ ထုတ်ဖော်ပြခဲ့သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ၎င်း၏ ချောမောသော မျက်နှာသွင်ပြင်ပေါ်တွင် ဆိုးညစ်သော အပြုံးတစ်ခု ရှိနေခဲ့သည်။

အထူးသဖြင့် သူ၏ နက်နဲသောမျက်ဝန်းတစ်စုံ၌ နတ်ဆိုးစွမ်းအားများ သက်ဝင်စီးဆင်းနေသည်မှာ လူကို ချောက်ထဲကျသွားစေနိုင်သည့် ချောက်နက်ကြီးပမာ ချောက်ချားဖွယ်ရာ ကောင်းပေသည်။

ဤသူသည် တိုက်မြေ သုံးထောင်တွင် လှည့်လည်သွားလာနေသော ရှစ်တိ့ထျန်း၏ ရုပ်သေးတစ်ရုပ် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်၊ သခင်!”

မောလင်ရှန်းသည် တလေးတစားဖြင့် ဆိုလေသည်။

“ ထျန်းယွီရှန်းရဲ့ သတင်းအရ ၊ အဲ့ဒီဝတ်ရုံဖြူ လူငယ်က လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦးဖြစ်ပေမယ့် အမတလမ်းစဉ် ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်စွမ်းရှိတယ်လို့ ကြားမိပါတယ်”

“ အဲ့လူက သခင်ရှာဖွေနေတဲ့သူ ဖြစ်နိုင်တယ်”

မောလင်ရှန်း၏မျက်လုံးများသည် အသက်ကင်းမဲ့နေသည် မြင်နိုင်ပြီး၊ သူသည် အရင်ကတည်းက သေဆုံးပြီးဖြစ်ကြောင်း သိရှိနိုင်သည်။ ယခုအခါတွင် သူ၏ ခန္ဓာကိုယ်အခွံမျှသာ ကျန်ရှိတော့သည်။

အကြောင်းရင်းမှာ မောလင်ရှန်းသည် ယခင်က လွတ်မြောက်သူများ၏ မူလရင်းမြစ်ကို သူ၏သတ်တမ်းတိုးအစာအဖြစ် စုပ်ယူခဲ့သောကြောင့် ဖြစ်သည်။

ရှစ်တိ့ထျန်းသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ မောလင်ရှန်းအား သူ၏ရုပ်သေးရုပ်များဖြစ်သော ကောင်းကင်လမ်းစဉ် လွတ်မြောက်သူလေးဦးကို ဝါးမျိုရန်အကွက်ချခဲ့သည်။

အဆုံးတွင် သူ၏အသိစိတ်ကို ဖျက်ဆီးပစ်ကာ မိမိ၏ နတ်ဆိုးစွမ်းအင်များကို ထည့်သွင်းပစ်ခဲ့သည်။

မိမိ၏ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူလေးဦးကို စွန့်လွှတ်လိုက်ရသော်လည်း၊

သို့သော် ရှစ်တိ့ထျန်းသည် ကြွင်းကျန်အမတအဆင့်ရှိသော ရုပ်သေးတစ်ရုပ်ကို ရရှိခဲ့သည်။ ထို့အပြင် ချီနှင့်သွေးစွမ်းအင်များက အပြင်းထန်ဆုံးသော ကြွင်းကျန်အမတတစ်ပါးဖြစ်သောကြောင့် အနိမ့်ဆုံးအဆင့်ရှိသော အမတတစ်ပါးဟု သတ်မှတ်နိုင်သည်။

မောလင်ရှန်း၏ ကျင့်ကြံမှုသည် အမတလျှောက်လှမ်း တစ်လျှောက်တွင် ထိပ်တန်းအဆင့်ရှိသူတစ်ယောက်အနေဖြင့် ရပ်တည်ထားသည်။

မောလင်ရှန်း၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် ၊ ရှစ်တိ့ထျန်း၏ နှုတ်ခမ်းသားပေါ်တွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားသည်။

“ ဝတ်ရုံဖြူ ၊ လူသားလမ်းစဉ် ကျင့်ကြံသူ ... ကြွင်းကျန်အမတကိုတောင် သတ်ဖြတ်နိုင်တယ်... သေချာတယ် သူပဲ !”

“ဟားး.. ဒီကောင်စူးချန်ကဲ အမတလျှောက်လှမ်းတံခါးကို ဒီလောက်ထိ မြန်မြန် ရှာတွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“ကံမကောင်းစွာပဲ... ထာဝရရှင်သန်ခြင်း အမတဂူက ကောင်တွေက မင်းကို မျက်စိကျနေတယ်... ငါရဲ့သားကောင်ကို အခြားသူတွေလက်ထဲ ထည့်ပေးစရာလား “

“ အဲ့အစား ငါလည်းအတူတူ ပါဝင်ပြီး ၊ မင်းကို ပို့ဆောင်ပေးမယ် “

…….

စူးချန်ကဲ၏ ပါရမီသည် အလွန်တရာမျှ ထက်မြက်လွန်းသည်။

ဤမျှထက်မြက်လှသော ပါရမီကို ရှစ်တိ့ထျန်းပင်လျှင် မနာလိုဝန်တိုဖြစ်ခဲ့ရသည်။

“ ဒီလို ပါရမီရှင်ကို အမှောင်ထုထဲသို့ မဆွဲခေါ်နိုင်ရင် နှမြောစရာကြီးမဟုတ်လား”

“ အချိန်ကြတာနဲ့ မင်းနဲ့ သူ့ကို အလဲအထပ်လုပ်လိုက်ရင် ငါ့အတွက် အမြတ်အကြီးစားပဲ!”

“ သခင့်ရဲ့ စိုးရိမ်ပူပန်မှုကို ဖြေလျှော့ပေးနိုင်တာ”

မောလင်ရှန်းသည် အသက်မပါသောလေသံဖြင့် လျှောက်တင်လိုက်သည်။

“ကျွန်တော်အတွက် ဂုဏ်ယူစရာပါပဲ “

…….

တစ်ချိန်တည်းမှာပင်။

ကျဆုံးအမတမြို့တော် ၊ အမတလျှောက်လှမ်းတံခါးအောက်။

မဟာလမ်းစဉ် လက်ဖက်ရွက်များကို ရေနွေးထဲသို့ ခပ်လိုက်သည်နှင့်၊ ရေထဲ၌ တာအိုစည်းချက်များ ပျံ့လွင့်လာသည်။

လက်ဖက်ရည်တစ်ခွက် မြည်းစမ်းပြီးသည်နှင့်၊ စူးချန်ကဲသည် သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံး၊ ကျင့်ကြံသွေးကြောများသည် နွေးထွေးမှုကို ခံစားလိုက်ရသည်။

တာအိုစည်းချက်များသည် သူ၏ခန္ဓာကိုယ်ထဲ၌ လှိုင်းတံပိုးသဖွယ် စီးဆင်းနေပြီး၊ ယခင်က တိုက်ပွဲတွင် ပင်ပန်းခဲ့သမျှအရာ အားလုံးသည် လုံးဝ ပျောက်ကွယ်သွားရုံသာမက သူ၏ ခန္ဓာကိုယ်အတွင်းရှိ နိယာမစွမ်းအားများသည်

ပို၍ပင် အားကောင်းလာသည်။

ဝီ!!

ထိုအချိန်တွင် စူးချန်ကဲကို ဗဟိုပြုလျက် ၊

ဤ‌နေရာရှိ မိုးမြေတစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းတစ်ခုထဲသို့ ထိုးကျသွားခဲ့ပုံရသည်။

မဟာလမ်းစဉ် လက်ဖက်ရွက်မှ ကြွယ်ဝစွာ ဖြာထွက်နေသော လက်ဖက်ရနံ့တို့သည် နတ်ရေစင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော ရေပြင်ကြီးအဖြစ် စုဝေးလာကြသည်။

ရေပြင်သည် ရွှေရောင်တဝင်းဝင်းဖြင့် တောက်ပနေပြီး၊ ရေအောက်က ငြိမ်သက်နေသော အရာဝတ္ထုများ၏ ပုံရိပ်များသည် ပုလဲလုံးများပမာ လှပနေသည်။

ကြွင်းကျန်အမတ သုံးဦးတို့မှာ ဘေးကနေ ငေးမျှော်ကြည့်ရင်း သရေကျနေကြသည်။

အထူးသဖြင့် အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတခမျာ အခြားနှစ်ယောက်ထက် အကြီးအကျယ် ကြေကွဲနေလေ၏။

အထူးသဖြင့် ၊ ဓားပြကောင် စူးချန်ကဲ!!

မဟာလမ်းစဉ် လက်ဖက်ရွက် ငါးရွက်ကို မူလပိုင်ရှင်ဖြစ်သော သူ့အား နည်းနည်းမှ ပြန်မပေးသည့်အပြင် ၊ သူသောက်သုံးနေသည့် မြင်ကွင်းကို သူတို့အား ဘေးကနေထိုင်ကြည့်ခိုင်းနေသည်။

ပို၍စိတ်ဆိုးစရာကောင်းသည်မှာ မူလက သူတို့သုံးဦးသည် စိတ်ဖြင့်ဆက်သွယ်ကာ အတင်းတုပ်ရန်ကြံရွယ်ထားသော်လည်း သို့သော် စူးချန်ကဲသည် သတိထားမိခဲ့သည်။

စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ထုတ်ပြလာခဲ့ပြီး ၊ မည့်သည့်စကားမှ မဆိုဘဲ လက်ဖက်ရည်ကိုသာ ဆက်သောက်နေသည်။

ဆိတ်ငြိမ်နေခြင်းသည် စကားပြောသည်ထက် ပိုထိရောက်ပေသည်။

တစ်နည်းအားဖြင့် ၊ သူ၏ဆိုလိုရင်းမှာ -

“မင်းတို့ ထပ်ပြီး ကုတ်ချောင်းကုတ်ချောင်း လုပ်ရဲရင် ၊ မင်းတို့ရဲ့ အလောင်းတွေကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မယ်!”

ကြည့်လေ! ဘယ်သူကများ ဒီလိုလုပ်ရဲတော့မှာလဲ !?

ဥပဒေဆိုတာ မျက်လုံးထဲရှိသေးရဲ့လား!?

သို့ဆိုတောင် ၊

စူးချန်ကဲ၏ကျောနောက်တွင် ပြသထားသော ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ ရေခဲတစ်မျှ အေးစက်သော အလင်းတန်းကို မြင်လိုက်ရချိန်တွင်၊

သူတို့၏ ခန္ဓာကိုယ်များသည် ထိနိးမနိုင်သိမ်းမရ တုန်ယင်သွားသည်။

သို့သော်ငြားလည်း ၊ အကယ်၍ သူတို့သည် ထာဝရရှင်သန်ခြင်း အမတဂူ၏ ဆက်သွယ်မှုကို တုံ့ပြန်ခြင်းမပြုပါက ၊

၎င်းတို့သည် အမျက်ထွက်ကာ ၊ ဤနေရာသို့ လူကိုယ်တိုင်စေလွှတ်၍ စုံစမ်းစစ်ဆေးကြမည်ကို သူတို့လည်း သိထားသည်။

ထိုအချိန်တွင် စူးချန်ကဲသေရုံတင်မက သူတို့သည်လည်း ဒုက္ခရောက်ပေတော့မည်။

အပိုင်း(၅၇၂): ဟောက်ယွဲ့ရှန်း ရောက်လာခြင်း

ထိုစဉ် ၊ လက်ဖက်ရည် သောက်နေသော စူးချန်ကဲသည် အေးဆေးစွာ ဆိုလိုက်သည်။

“ ခင်ဗျားတို့ ပြောပြစမ်း၊ အမတလျှောက်လှမ်းမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ ဘာကြောင့် ဒီလို ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ရတာလဲ?”

“အမတလျှောက်လှမ်းတံခါးရဲ့ အတွင်းပိုင်းဆုံးနေရာက ဘယ်ကို ဦးတည်နေတာလဲ?”

“ ကောင်းကောင်းပြောပြနိုင်ရင်၊ ကျန်တဲ့လက်ဖက်ရည်ကို ခင်ဗျားတို့ကို ပြန်ပေးလိုက်မယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့်၊ ကြွင်းကျန်အမတ သုံးဦးစလုံး တုန်လှုပ်သွားကြသည်။

မဟာလမ်းစဉ် လက်ဖက်ရွက်၏ အစွမ်းသတ္တိအများစုကို စူးချန်ကဲမှ စုပ်ယူပြီးဖြစ်သော်လည်း၊ သို့သော် ကျန်ရှိနေသေးသော အစွမ်းသတ္တိနဲ့တင် သူတို့ကို ဉာဏ်အလင်းပွင့်စေဖို့ လုံလောက်သည်။

ရှက်စရာကောင်းသော်လည်း ၊ လက်ဖက်ရည်၏ မွှေးကြိုင်မှုက လူကို ဆက်လက် စွဲဆောင်နေဆဲပင် ဖြစ်သည်။

ကျန်လူနှစ်ယောက်သည် အလယ်က အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတကို စိုက်ကြည့်နေသည်။

ဤလူအိုကြီးသည် သူတို့သုံးယောက်ထဲတွင် အပြောအကောင်းဆုံးလူဖြစ်သည်။

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတခမျာ ခါးသီးမှုအပြည့်ဖြင့်။

မိမိ၏ လက်ဖက်ရွက်များကို လုယူပြီး ဖျော်သောက်သည့်အပြင် ၊ သူ့ကို ဇာတ်လမ်းတစ်ပုဒ်လုံးအား ပြောပြခိုင်းနေသည်။

ဒါ ဘယ်လောက်တောင် ဗိုလ်ကျလိုက်လဲ!

တဖက်တွင်မူ ၊ စူးချန်ကဲသည် ၎င်းတို့၏အကြံအစည်များကို သိနေပုံရသည်။

သူသည် အပြုံးမပျက် အေးအေးဆေး‌ဆေး ဆိုလိုက်သည်။

“ အချိန်ကြတာနဲ့ ကျုပ်ကိုယ်တိုင် အမတလျှောက်လှမ်းတံခါးထဲကို ဝင်မှာ ၊ အကယ်၍ မဟာလမ်းစဉ် လက်ဖက်ရွက်ကို ရှာတွေ့ခဲ့ရင်၊ ခင်ဗျားတို့ကို အဆတစ်ရာ ပြန်ဆပ်မယ်”

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊

သုံးယောက်စလုံး ရင်ခုန်သွားကြသည်။

အဆတစ်ရာ ပြန်ဆပ်မယ်တဲ့လား ?

ဒါဆို သူတို့ကို မဟာလမ်းစဉ်လက်ဖက်ရွက် အရွက်ငါးရာတောင် ပေးမယ်ဆိုတဲ့သဘောပေါ့ ?

“ လူကြီးမင်း.... တကယ်ကြီးလား?”

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတက မရေရာသောအသံဖြင့် မေးလိုက်သည်။

အကယ်၍ စူးချန်ကဲသည် ကြုံရာကျပန်း ပြောခဲ့သည်ဆိုတောင် ၊ သူ့အနေဖြင့် ပြန်လည် တုံ့ပြန်ပြောဆိုရဲမည် မဟုတ်။

ဘယ်သူကများ သေမင်းနဲ့ လူ့ကျင့်ဝတ်အကြောင်း ဆွေးနွေးရဲမှာလဲ !

“ ဒီကိစ္စနှင့်ပတ်သက်ပြီး ငါရဲ့တာအိုစိတ်နှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ် “

စူးချန်ကဲသည် ဤကဲ့သို့ကျိန်ဆိုမှုကြီးကို ဂရုမစိုက်ဟန်ဖြင့် ပြောဆိုသွားသည်ကို တွေ့မြင်လိုက်ရသဖြင့် ၊ ၎င်းတို့သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။

ဤကဲ့သို့သော စိတ်ဓာတ်သည် ဤကမ္ဘာ၏ အတုမရှိသော ပါရမီရှင်ဟူသော ခေါင်းစဉ်နှင့် လုံးဝ ကိုက်ညီပေသည်။

စိတ်ထဲတွင် စဉ်းစားပြီးနောက်၊ အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတသည် ခပ်ပြင်းပြင်း အသက်ရှုလိုက်ရင်း ရိုသေစွာ ‌ဖြေကြားလိုက်သည်။

“ လူကြီးမင်း ၊ အမတလျှောက်လှမ်းတံခါးနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း များများစားစားသိပ်မသိဘူး ၊ ဒါပေမဲ့ အရင်က ဖြစ်ပျက်ခဲ့တာတွေကိုတော့ ကျွန်တော်သိပါတယ်”

“ ကိစ္စ‌ကတော့ ဒီကနေစဖြစ်ခဲ့တာပဲ.....”

ထိုနှစ်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး၏ အကြောင်းရင်းကြောင့်။

အမတလျှောက်လှမ်း၏ တစ်ဝက်ကျော်လောက်က ပျက်ဆီးသွားခဲ့ကာ ၊ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

နှစ်ကာလပေါင်းများစွာ အမတလျှောက်လှမ်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့အလိုလိုပြန်လည် ကောင်းမွန်လာခဲ့ပြီး ၊ အမတနယ်မြေနှင့် ပြန်လည်ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။

သို့သော်၊ ထိုနှစ်က အမတလျှောက်လှမ်း၏ ရှုံးနိမ့်သူများ ၊ တစ်နည်းအားဖြင့် လက်ရှိ ကြွင်းကျန်အမတများသည် အမတလျှောက်လှမ်း ပြတ်တောက်မသွားပါက ၊ သူတို့သည် အမတနယ်မြေရှိ လူများမှတဆင့် ကယ်တင်ခွင့်ရနိုင်သည်။

သို့သော် အမတလျှောက်လှမ်းနှင့် အမတနယ်မြေကြားက ဆက်နွယ်မှုကို လုံးဝ ဖြတ်တောက်ထားသောကြောင့်၊ သူတို့သည် ထိုအခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။

သို့ဖြစ်၍ ၊ သူတို့သည် အမတလျှောက်လှမ်းတွင် နေထိုင်ကာ၊ မိမိ၏သက်တမ်း ကုန်ဆုံးလာမည့် အချိန်ကို စောင့်ဆိုင်းနေရင်း၊ နောက်ဆုံးတွင် သေဆုံးသွားခဲ့ရသည်။

ထို့ကြောင့် နောက်ပိုင်းတွင် သူတို့ထဲမှ ကြွင်းကျန်အမတများသည် ထာဝရရှင်သန်ခြင်း အမတဂူကို အတူတကွ တည်ဆောက်ခဲ့ကြသည်။

ထာဝရရှင်သန်ခြင်း အမတဂူဆိုသည်မှာ ဤကြွင်းကျန်အမတများ သက်တမ်းကုန်ဆုံးချိန်တွင် ကျန်ရှိခဲ့သော ဂူသင်္ချိုင်းပင်ဖြစ်သည်။

သို့သော် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက၊ ဟောက်ယွဲ့ရှန်းဟုခေါ်သော ကြွင်းကျန်အမတတစ်ဦးသည် ဤကဲ့သို့သော သေခြင်းတရားကိုစောင့်မျှော်နေရသည့်ဘဝကို ငြီးငွေ့လာခဲ့သည်။

တရားထိုင်နေစဉ်အတွင်း ၊ သူ၏စိတ်ထဲ၌ မဟာလမ်းစဉ် အရိပ်များ၏ ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည်။ ယင်းက သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ၊ ဘေးနားက ကြွင်းကျန်အမတတစ်ဦးကို သတ်မိသွားခဲ့သည်။

ထိုအချိန်က သူသည် တမင်သက်သက်လား သို့မဟုတ် အရိပ်၏ဝင်ရောက်စီးနင်းမှုကြောင့်လား ဆိုတာမသိနိုင်သော်လည်း ၊ ထိုကြွင်းကျန်အမတ၏ မူလရင်းမြစ်ကို စုပ်ယူသွားမိခဲ့သည်။

သို့သော် ဤရူးသွပ်သောလုပ်ရပ်သည်၊ ကျန်ရှိသော ကြွင်းကျန်အမတများအတွက် ခေတ်သစ်တစ်ခု၏ တံခါးကိုဖွင့်လှစ်ပေးလိုက်သလိုပင်။

မည်သည့်ကျင့်ကြံသူကိုမဆို သတ်ဖြတ်၍ ၎င်းတို့၏ အရင်းအမြစ်ကို စုပ်ယူနိုင်ပါက၊ ၎င်းသည် မိမိ၏ သက်တမ်းကို တိုးမြှင့်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

သို့ဖြစ်၍၊ သူတို့သည် အလုံအလောက် သတ်ဖြတ်နိုင်သ၍ မိမိတို့၏သက်တမ်းမှာ ဘယ်တော့မှကုန်ဆုံးမည် မဟုတ်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ လူတိုင်း သတ်ဖြတ်နေသ၍ မိမိသည် ထာဝရအသက်ကို ရရှိနိုင်ပေတော့မည်။

ထို့ကြောင့် ၊

မူလက ကြွင်းကျန်အမတများစွာ စုဝေးရာနေရာဖြစ်သော ထာဝရရှင်သန်ခြင်း အမတဂူတွင် ထိတ်လန့်စရာကောင်းသော စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မရေမတွက်နိုင်သော ကြွင်းကျန်အမတများသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ကာ ၊ မူလရင်းမြစ်များကို စုပ်ယူခြင်းဖြင့် သက်တမ်းကို တိုးမြှင့်ခဲ့ကြသည်။

သို့သော် ဤလုပ်ရပ်ကို မနှစ်သက်ဘဲ တရားမျှတမှုကို လိုလားသော ကြွင်းကျန်အမတများက ခုခံတော်လှန်ခဲ့သည်။ သူတို့သည် မိမိတို့၏ မျိုးနွယ်တူများကို သတ်ဖြတ်ကာ၊ ထာဝရအသက်ရှင်စေရန် ဤကဲ့သို့ ဂုဏ်သိက္ခာမဲ့သော နည်းလမ်းများကို ကျင့်သုံးခဲ့သူများအား “ အကြင်နာမဲ့သူများ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဤသို့ဖြင့် ၊ ဆန့်ကျင်ဘက်နှစ်ဖွဲ့ကြား ထိတ်လန့်ဖွယ်ကောင်းသော စစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့သည်။

သို့သော်၊ လောကကြီးသည် ညစ်ညမ်းမှုထဲသို့ ကျရောက်သွားသောအခါတွင်၊ သန့်ရှင်းဖြူစင်မှုသည် အပြစ်တစ်ခုသဖွယ် ဖြစ်လာတော့သည်။

ဤအပြုအမူကို ကန့်ကွက်သော ကြွင်းကျန်အမတအားလုံး သတ်ဖြတ်ခံခဲ့ရပြီး ၊ အဆုံးတွင် ပျောက်ကွယ်သွားခဲ့ရသည်။

“ဥပမာပြောရရင် ကျဆုံးအမတမြို့မှာ အသင်တွေ့ခဲ့တဲ့ အရိုးဖြူ‌တွေပေါ့”

အနက်ရောင် ၀တ်စုံဖြင့် ကြွင်းကျန်အမတ၏ လေသံမှာ အနည်းငယ် အက်ရှရှဖြစ်နေသည်။

“တကယ်တော့ သူတို့တွေက ဖြောင့်မတ်မှုနဲ့ ဂရုဏာတရားကို လက်ကိုင်ထားပြီး၊ အချင်းချင်း သတ်ဖြတ်တာကို ရှောင်ကျဉ်ခဲ့တဲ့ ကြွင်းကျန်အမတတွေပဲ “

“တကယ်တော့ ကြွင်းကျန်အမတမြို့က အမတလျှောက်လှမ်းတံခါးတွေနဲ့ တည်ဆောက်ထားတဲ့ ကြီးမားတဲ့ အဆောက်အဦကြီးပဲ “

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတသည် လေးနက်စွာ သက်ပြင်းချလိုက်ရင်း ။

“ အချိန်ကာလရဲ့ အကျပ်အတည်းထဲမှာ ၊ အင်အားတစ်ရပ်က လောကကြီးကို ပြောင်းလဲသွားစေနိုင်တယ်လို့ ဘယ်သူကများ အတပ်ပြောနိုင်လေသလဲ “

“ သန့်ရှင်းစင်ကြယ်တဲ့ လူနည်းစုပုဂ္ဂိုလ်တိုင်း အဆုံးမှာတော့ မအောင်မြင်ဘဲ သေဆုံးခဲ့ရတယ်”

အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတ၏ စကားကိုနားထောင်ပြီးနောက် ၊

စူးချန်ကဲသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အဆုံး‌တွင် ၊ သူသည် ဖြစ်ပျက်ခဲ့သောကိစ္စရပ်တိုင်းကို နားလည်သွားခဲ့သည်။

တကယ့်ဇာတ်မြစ်မှာ လူတို့၏ စိတ်နှလုံးထဲက အလိုလောဘကြောင့်သာ ဖြစ်သည်။

“ ဟောက်ယွဲ့ရှန်း ...?”

စူးချန်ကဲက ညည်းညူလိုက်သည်။

“ ဒါအားလုံးကို စတင်ခဲ့တဲ့သူက သူလား ...?”

“သူ အသက်ရှင်နေသေးလား?”

ထိုစဉ် ၊

မိုးကုပ်စက်ဝိုင်းဆီမှ လူတစ်ဦး၏ ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရသည်။

“အို?”

“မင်းက ငါ့ကို သိတာလား”

ကြွင်းကျန်အမတ သုံးယောက်မှာ ထိုအသံကို ကြားလိုက်ရသည်နှင့် ၊ ၎င်းတို့၏ အမူအရာများသည် သိသိသာသာပြောင်းလဲသွားသည်။

ရေခဲတစ်မျှ အေးစက်သော အအေးဓာတ်သည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ဖြတ်လျှောက်သွားသလိုပင်။

“ ဟောက်... ဟောက်ယွဲ့ရှန်း!!?”

ထိုစကားသံနှင့်အတူ၊ လေပြင်းများတိုက်ခတ်လာသည်။

ဝုန်း!!

ထိုနည်းတူစွာ ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများ ကျဆင်းလာသည်။

စူးချန်ကဲပင်လျှင် အနည်းငယ် မျက်ခုံးတွန့်သွားသည်။

“အမ်.... ကပ်ဘေးက ပြောပြောဆိုဆိုရောက်လာပါ့လား “

ကြွင်းကျန်အမတသုံးဦး၏ စကားအရ၊ ဟောက်ယွဲ့ရှန်းသည် အသက်ရှင်နေသေးသည်ကို စူးချန်ကဲသိလိုက်ရသည်။

အဘယ်ကြောင့်နည်း?

ဤကဲ့သို့သော အဆုံးအဖြတ်စစ်ပွဲကြီးကို အစပြုခဲ့သော ဆရာကြီးများသည် အသက်ရှင်သန်ဖို့ နည်းလမ်းပေါင်းစုံရှိတတ်ကြသည်။

သို့မဟုတ်ပါက အရည်အချင်းမရှိပါဘဲနဲ့ ၊ သူတို့သည် ထိုကဲ့သို့သော လုပ်ရပ်ကြီးကို မည်သို့လုပ်ရဲကြမည်နည်း။

All Chapters