အခန်း (၅၈၀-၅၈၄)
Vol. 43 Ch. 580-584
အပိုင်း(၅၈၀) : ဓားကိုးလက်၏ အသွင်ပြောင်းလဲမှု
စူးချန်ကဲ၏ မျက်လုံးများသည် လျှပ်တပြတ် ဝင်းလက်သွားသည်။ နဂိုကတည်းက ပွက်ပွက်ဆူနေသော ချီနှင့်သွေးစွမ်းအင်များသည် တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။
မဟာလမ်းစဉ်၏ နိယာမတရားများသည် ပြောင်းပြန်ဖြစ်ပေါ်လျက် ၊ လောကကြီးတစ်ခုလုံး အရောင်ကင်းမဲ့သွားပြီး အာကာသဟင်းလင်းပြင်သည် တုန်ခါကာ ရွဲ့စောင်းသွားသည်။
ယခင်က ဒဏ်ရာကြောင့် နွမ်းလျနေသော အခြေအနေမှ ပကတိမျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီး၊ ၎င်းတို့အစား ပြင်းထန်သော သွေးစွမ်းအင်နှင့် ဓားဆန္ဒတို့သည် တဟုန်ထိုး တတ်လာခဲ့သည်။
“ ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားအတတ်၊ ဖွင့် !”
စူးချန်ကဲသည် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်နှင့် ၊ သူ၏ခန္ဓာကိုယ်၌ စုဝေးထားသော စွမ်းအားများသည် လုံးဝပေါက်ကွဲထွက်သွားပြီး၊ ထောင်ပေါင်းများစွာသော အလင်းတန်းများ တောက်ပထွက်ပေါ်လာသည်။
ကွဲအက်သံ !!
အာကာသအလွှာသည် တုန်လှုပ်ချောက်ချားဖွယ်ရာ ကွဲအက်သံများနှင့်အတူ မျက်ဝါးထင်ထင် ကွဲအက်လာခဲ့သည်။
နောက်ဆုံးတွင် စူးချန်ကဲ၏ ကျောနောက်ဘက်မှ အာကာသသည် နတ်ဘုရားဘုံ၏ တံခါးပွင့်သွားသကဲ့သို့ နှစ်ပိုင်းကွဲထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြှောက်ကာ မိုးကောင်းကင်ဆီသို့ တည့်တည့် ချိန်ရွယ်လိုက်သည်။
အဆုံးမရှိ တောက်ပနေသော ကြယ်စင်များသည် ၎င်း၏ညွှန်ကြားမှုကို ရရှိခဲ့ပုံရကာ သက်ရှိအတိုင်း ပြုမှုလာကြပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်ဆီသို့ စုဝေးရောက်ရှိလာကြသည်။
နောက်ဆုံးတွင် ၊ တစ်ကိုယ်လုံး ထိန်လင်းတောက်ပကာ ကြီးကျယ်ခမ်းနားသော ကောင်းကင်နတ်ဘုရား တစ်ဆူကို ဖန်ဆင်းခဲ့လေသည်။
စူးချန်ကဲသည် အန္တိမလမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်သို့ ရောက်ရှိလာခြင်းကြောင့် ဤတစ်ကြိမ်တွင် ဖန်တီးခဲ့သော ကောင်းကင်နတ်ဘုရား၏အသွင်ပုံရိပ်မှာ ပို၍ကြောက်စရာကောင်းလာကာ ခိုင်မာတောင့်တင်းသည်။
ထွန်းလင်းတောက်ပသော ရွှေရောင်အက္ခရာစာလုံးများသည် ၎င်းခန္ဓာကိုယ်၏မျက်နှာပြင်ပေါ်တွင် သက်ဝင်စီးဆင်းနေကာ၊ ကြွယ်ဝသော တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသည်။
“ ဒါက... ဓမ္မကာယကိုယ်ထည်လား?’
ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်ရသောအခါတွင် ၊ ဟောက်ယွဲ့ရှန်း၏မျက်နှာသည် မှုန်ကုတ်သွားသည်။
သို့သော်လည်း ၊ သူ၏ မျက်လုံးထဲက သတ်ဖြတ်လိုစိတ်မှာ လျော့နည်းမသွားဘဲ ပို၍ပင် ပြင်းထန်လာသည်။
ဘာကြောင့်မှန်းရယ် မသိ၊ စူးချန်ကဲ၏ ပါရမီစွမ်းရည်သည် ပို၍အားကောင်းလာသည်နှင့် အမျှ သူ့စိတ်ထဲက မနာလိုဝန်တိုမှုသည် ပို၍ပြင်းထန်လာလေ ဖြစ်သည်။
“ မင်းက ဓမ္မကာယကိုယ်ထည် ဖန်တီးနိုင်တယ်ဆိုတောင် အလကားပဲ ...ကျိန်စာသင့်ကောင်းကင်အစီအရင် ပဉ္စမအကွက် ၊ နတ်ဘုရား၏ပြစ်ဒဏ်!”
ဝုန်း!!
အရပ်ရှစ်မျက်နှာတစ်ခုလုံးကို နှိပ်ကွပ်ထားသော ဖိနှိပ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် ကောင်းကင်ယံထက်တွင် စုဝေးလာကြသည်။
ထို့နောက်တွင် ၊ ကြွင်းကျန်အမတကိုးဦးသည် လက်သင်္ကေတများကို ထပ်မံ ဖော်ဆောင်လိုက်ပြီး ညွန်ကြားလိုက်သည်။
အဆုံးမရှိသော နတ်အလင်းတန်းများစွာ ထွက်ထွက်ပေါ်လာခဲ့ပြီး၊ အဖျက်သဘောဆောင်သော လျှပ်စီးကြောင်းများသည် စကြဝဠာထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်ဆီသို့ ပြင်းပြင်းထန်ထန် ကျဆင်းလာခဲ့သည်။
ကြွင်းကျန်အမတကိုးဦး လှုပ်ရှားသည်နှင့် တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ ထိန်းချုပ်ထားသော ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည်လည်း တပြိုင်နက် လှုပ်ရှားလာသည်။
“ ဒီလိုတူညီတဲ့ လှည့်ကွက်မျိုး ထပ်လာလည်း အသုံးမဝင်တော့ဘူး “
ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ ခန္ဓာကိုယ်ထဲမှ စူးချန်ကဲ၏ အေးစက်သော စကားသံတချက် ထွက်ပေါ်လာသည်။
ထိုစကားပြောပြီးသည်နှင့်၊ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည် သူ၏လက်ထဲက ဓားကို လျင်မြန်စွာ ကိုင်မြှောက်လိုက်သည်။ ဓား၏ တောက်ပမှုသည် အမှောင်ညထဲက လရောင်ခြည်ကဲ့သို့ပင်။
ထွက်ပေါ်လာသော ဓား၏ဟောက်သံနှင့်အတူ၊
“ ဖြတ် !”
ရွှမ်း !!
အကန့်အသတ်မရှိသော ဓားအလင်းတန်းများသည် ရေစီးကြောင်းအလား အပေါ်သို့ ဆန်တတ်ကာ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ကောင်းကင်ပြင်တစ်ခုလုံး ပြန့်ကျဲနေသော တောက်ပသော အလင်းတန်းများသည် လူတိုင်းအား ကြီးမားသောအမြင်အာရုံ သက်ရောက်မှုကို ခံစားရစေသည်။
ကျိန်စာသင့်ကောင်းကင်အစီအရင်၏ အကွက်ကို ချေမှုန်းပြီးနောက် ၊
ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ လှုပ်ရှားမှုမှာ ရပ်တန့်မသွားပေ။
ဝုန်း!!
ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ကြွင်းကျန်အမတကိုးဦးထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
ထိုအတောအတွင်း၊ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသော စူးချန်ကဲသည် သူ၏လက်များဖြင့် စည်းတံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်သည်။
“ ဓားသေတ္တာ ၊ ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ် လာစမ်း!”
သူ၏ဟောက်သံနှင့်အတူ ၊
အာကာသ ဟင်းလင်းပြင်သည် နောက်တဖန် ကွဲအက်သွားပြီး၊ တားမြစ် နတ်ပစ္စည်းနှစ်မျိုးသည် အက်ကွဲကြောင်းထဲမှ ကြီးကျယ်ခမ်းနားစွာ ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်သည် ထူးဆန်းသော ယင် ယန် စွမ်းအားများကို ထုတ်လွှတ်နေပြီး ၊ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ ဦးခေါင်းထက်တွင် ရှေးတောင်ထွပ်ကြီး တစ်ခုကဲ့သို့ မျောလွင့်နေသည်။
မရေမတွက်နိုင်သော အဖြူအမည်း စစ်တုရင်စေ့များသည် ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ ဘေးပတ်ပတ်လည်တွင် တောက်ပနေသော ကြယ်များကဲ့သို့ ဝန်းရံနေသည်။
ထိုစဉ် ၊ကျယ်လောင်သော ဓားသွားသံသည် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဓားကိုးလက်သည် ဓားသေတ္တာထဲကနေ သူ့အလိုအလျောက် ထွက်ပေါ်လာခဲ့ပြီး၊ ကောင်းကင်ယံဆီသို့ ပစ်ခွင်းဝင်ရောက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ၊ ဓားကိုးလက်သည် ရန်သူ့ဆီသို့ ပြေးဝင်တိုက်ခိုက်ခြင်း မရှိပေ။
ကြယ်စုများသည် လကမ္ဘာကို ဝန်းရံထားသကဲ့သို့ စူးချန်ကဲကို ဗဟိုပြုလျက် ဝန်းရံထားကြသည်။
တစ်ခုနှင့်တစ်ခု ကွဲပြားစွာတည်ရှိသော ဓားကိုးလက်သည် သူ၏ဘေးတဝိုက်တွင် ဝန်းရံလျက်၊ ကမ္ဘာမြေကို တုန်လှုပ်စေသည့် ဓားသွားသံများကို ထုတ်လွှတ်နေလေသည်။
ဤထျန်းတိ့အတတ်သည် အမတလျှောက်လှမ်းထဲသို့ မဝင်ရောက်မီ တံခါးပိတ်ကျင့်ကြံခဲ့ရာမှ နားလည်သဘောပေါက်ခဲ့သော မဟာလမ်းစဉ်၏ မှော်စွမ်းအားဖြစ်သည် ။
ထို့အပြင် ရှေးဘိုးဘေးတို့၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီး ၊ ဤအရာ၌ စူးချန်ကဲ ကျွမ်းကျင်သော မှော်အတတ် ၊ ဓားအတတ် နှင့် ဗျပ်စောင်းအတတ်တို့ ပါဝင်သည်။
ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအားကို အသုံးမပြုဘဲ ၊ စူးချန်ကဲသည် သူတော်စင်ကိုယ်ထည် လေးမျိုး၏ စွမ်းအားနှင့် ပေါင်းစပ်ထားသော ဓားသေတ္တာ၏ စွမ်းအားကို အသုံးချကာ ကြွင်းကျန်အမတကိုးဦးကို တစ်ချက်တည်းဖြင့် ရှင်းလင်းရန် ကြံစည်ထားသည်။
တစ်နည်းအားဖြင့်ဆိုရသော်၊ ကြွင်းကျန်အမတ ကိုးဦ ပူးပေါင်းခြင်းသည် သူ အရင်က ကိုင်တွယ်ခဲ့သော ဇီဝတားမြစ်နယ်မြေ ခေါင်းဆောင်ခြောက်ဦးထက် ပို၍ ခက်ခဲသည်။
“ဆရာ.... တပည့် သင့်ရဲ့ အမည်နာမကို အမတလျှောက်လှမ်း တစ်လျှောက် ပဲ့တင်ထပ်သွားစေရမယ်....”
ဝီ!!
စူးချန်ကဲ၏ စိတ်ခံစားမှုကို ခံစားမိသည့်အလား ၊ စွမ်းအင်ကုန်ခန်းလုနီးနေပြီ ဖြစ်သော ဓားကိုးလက်သည် ပို၍ပြင်းထန်သော စွမ်းအားများဖြင့် နောက်တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်း ဓားကိုးလက်စလုံးသည် စူးရှစွာ တောက်ပနေပြီး ၊ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အန္တရာယ်ကို ခံစားရစေသည်။
ဤစွမ်းအင်သည် တစ္စေဓားအမတရှင်မှ နောက်ဆုံးထားရစ်ခဲ့သော စွမ်းအင်ဖြစ်ပြီး၊ ၎င်းသည် တကယ့်စစ်မှန်သော အမတစွမ်းအင်ဟု ဆိုနိုင်သည်။
“မကောင်းတော့ဘူး....! ဒီကောင့်မှာ နောက်ထပ် ဝှက်ဖဲတွေ ရှိနေသေးတယ်!”
ဟောက်ယွဲ့ရှန်းသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“ မြန်မြန် ! သူ့ကို...”
သို့သော် သူ စကားမဆုံးခင် ၊
စူးချန်ကဲ၏ ကျယ်လောင်သော စကားပြောသံကို ကြားလိုက်ရသည်။
“ ဆရာ တစ္စေဓားအမတရှင်ရဲ့ တပည့် ချန်ကဲ၊ ဒီနေရာတင် အမတကို သတ်ပြမယ်!”
“ ထျန်းတိ့ အတတ် ၊ ဓားကိုးလက်၏ အသွင်ပြောင်းလဲမှု ! “
အပိုင်း(၅၈၁): ကြွင်းကျန် အမတကိုးဦး၏ အဆုံးသတ် ( Part -1)
ဝုန်း !!
ထိုစကားသံအပြီးတွင် ၊
ဓားများသည် မိုးကောင်းကင်ထက်၌ စတင်လှုပ်ရှားလာသည်။
ဤအခိုက်အတန့်တွင် ၊ အချိန်သည် အလွန်နှေးကွေးသွားပြီး အာကာသဟင်းလင်းပြင်သည်ပင် အနည်းငယ် အေးခဲသွားသည့်အလား၊ အရာအားလုံးသည် အနှေးပြကွက်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
မကုန်မခမ်းနိုင်သော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်မှ ကိုင်ဆောင်ထားသော နတ်ဓားနှင့် ရှေးဟောင်း ဓားကိုးလက်ဆီသို့ စုဝေးရောက်ရှိလာကြသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သေချာခံစားကြည့်ရှုမည်ဆိုပါက၊ ထိုရွှေရောင်အလင်းတန်းများသည် အကန့်အသတ်မရှိသော ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရပေလိမ့်မည်။
ဤသည်မှာ ဓားလမ်းစဉ်၏ သမိုင်းကြောင်း( ဓားစွမ်းအင်မြစ် ) ဖြစ်သည်။
ယခုအချိန်တွင် စူးချန်ကဲ၏ ဆင့်ခေါ်မှုကြောင့် ၎င်းတို့သည် နေရာအသီးသီးမှ ဤနေရာသို့ စုရုံးရောက်ရှိလာကြသည်။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ-
ဤနေရာသို့ စုဝေးရောက်ရှိလာကြသော ဓားစွမ်းအင်မြစ်၏ စွမ်းအားသည် တဖြည်းဖြည်းဖြင့် ထိန်လင်းတောက်ပသော ရုပ်သဏ္ဍာန်များအဖြစ်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။
၎င်းတို့၏ လှုပ်ရှားဟန်သည် နူးညံ့ပျော့ပျောင်းသည်။ အရေအတွက်အားဖြင့် အသွင်ပုံရိပ်ကိုးခု ရှိသော်လည်း သို့သော် ၎င်းတို့သည် ဖော့ထျန်းကျုံရှင် အတတ် နှင့် ဖန်တီးထားသော စစ်နတ်ဘုရား အသွင်ပုံရိပ်နှင့် လုံးဝကွဲပြားသည်။
ဓားအမတရှင်ကိုးပါး ကြွမြန်းလာသကဲ့သို့ အသွင်ပုံရိပ် ကိုးခုသည် ရှေးဟောင်း ဓားကိုးလက်နှင့် တစ်သားတည်း ပေါင်းစပ်ထားပုံရသည်။
အဆိုပါ ဓားအမတရှင် အသွင်ပုံရိပ်များသည် မိမိတို့၏ သက်ဆိုင်ရာဓားများကို ဆုပ်ကိုင်လိုက်သည်နှင့် ၊ ဓားအမတရှင် အသွင်ပုံရိပ်များသည် အသက်သွင်းခြင်းခံလိုက်ရသကဲ့သို့ ပြုမှုလာကြသည်။ ၎င်းတို့၏ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် ၊ သူတို့၏လက်ထဲတွင် ရှိနေသော ဓားသည် နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာကြသည်။
ဓားအလင်းများသည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ မတူညီသော လှုပ်ရှားမှုများဖြင့် တိုက်ခိုက်လာကြသည်။ ခုတ်ပိုင်းခြင်း ၊ ထိုးစိုက်ခြင်း၊ ဖောက်ထွင်းခြင်း ၊ ဖြတ်တောက်ခြင်း ၊ ချိုးဖဲ့ခြင်း၊ ရိုက်နှက်ခြင်း စသည့် ပြောင်းလဲမှုကို မှန်းဆ၍မရနိုင်သော လှည့်ကွက်များဖြင့် သက်ဝင်လှုပ်ရှားလာကြသည်။
ရှေးဟောင်းဓားကိုးလက်သည် အသက်ဝိညာဉ် သွင်းခြင်းခံလိုက်ရသကဲ့သို့ အမျိုးမျိုးပြောင်းလဲနေသည်။
ဓားအမတရှင် အသွင်ပုံရိပ်များအားလုံး စုဝေးသွားသည့် အခိုက်အတန့်တွင်၊
မူလက အနှေးပြကွက်တစ်ခုအဖြစ် ဖန်တီးခံထားရသော အာကာသဟင်းလင်းပြင်သည် တဖြည်းဖြည်း မြန်ဆန်လာပြီး ၊ ထို့နောက်တွင် အမြန်ပြကွက်တစ်ခု၏ မြင်ကွင်းအဖြစ်သို့ ရောက်ရှိသွားသည်။
ချွင် !
ဖောက်ထွင်းဝင်ရောက်လာသော ဓားသွားသံနှင့်အတူ ၊ ဓားအလင်းများသည် ကောင်းကင်တွင် အေးစက်စွာ လင်းထိန်နေသော ကြယ်စင်များကဲ့သို့ ပြိုးပျက်စွာ တောက်ပနေသည်။
နောက်အခိုက်အတန့်တွင် ၊ ကျရောက်လာသောအရာမှာ ဓားများ၏ မတူညီသော သတ်ဖြတ်မှုအကွက်များသာ ဖြစ်သည်။
ဓားအမတရှင် အသွင်ပုံရိပ်ကိုးခု၏ ထွက်ပေါ်လာမှုသည် မျက်စိတမှိတ်အတွင်းလောက်သာ ကြာမြင့်ခဲ့သဖြင့် ၊ကြွင်းကျန်အမတကိုးဦးစလုံးမှာ တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။
စုတ်ပြဲသံ!!
အဆုံးတွင် ၊ဓားဖြင့် ရက်ရက်စက်စက် ဖြတ်တောက်ခံလိုက်ရသော အသွေးအသားတို့၏ စုတ်ပြဲသံများကို ကြားလိုက်ရသည်။
ပူပြင်းနီရဲနေသော သွေးများသည် ကောင်းကင်ယံမှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းအောင် စီးကျလာသည်။
“အား...အား!!”
ကြွင်းကျန်အမတ တစ်ဦးသည် ကြယ်ကြွေဓားကို ကိုင်ဆောင်ထားသော ဓားအမတရှင် အသွင်ပုံရိပ်၏ လက်ချက်ဖြင့် ၎င်း၏ ညှပ်ရိုးကနေ စ ပြီး အောက်ပိုင်းအထိ ခုတ်ဖြတ်ခံလိုက်ရသည်။
၎င်း၏ နာကျင်စွာအော်ဟစ်သံတောင် မပြီးဆုံးသေးမီ ၊
ရွှမ်း ရွှမ်း ရွှမ်း!!
အဖြူရောင် ဓားအလင်းသည် ထိုအနှီလူ၏ ခန္ဓာကိုယ်တစ်လျှောက် ဝင်းလက်သွားလေရာ၊ ဓားအစင်းရာများသည် ၎င်း၏ကိုယ်ပေါ်၌ ပိုက်ကွန်များသဖွယ် ကျန်ရစ်နေခဲ့ပြီး ၊ တခဏအတွင်း မရေမတွက်နိုင်သော အသွေးအသား အပိုင်းအစများအဖြစ်သို့ ပြောင်းလဲခံလိုက်ရသည်။
ကြွင်းကျန်အမတ ကိုးဦးအနက် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ကျန်ရှိနေသေးသော ကြွင်းကျန်အမတ ရှစ်ဦးစလုံးမှာ အံ့ဩထိတ်လန့်စွာဖြင့် အော်ဟစ်ဖို့တောင် အချိန်မရလိုက်ပေ။
ကျန်ရှိသော ဓားအမတရှင် အသွင်ပုံရိပ် ရှစ်ခုသည်လည်း ဓားကိုကိုင်ဆောင်လျက် ရောက်ရှိလာကြပြီ ဖြစ်သည်။
ဆိီးနှင်းခဲဓားကို ကိုင်ဆောင်ထားသော ဓားအမတရှင် အသွင်ပုံရိပ်မှာမူ ၊ ဓားစွမ်းအင်များက သူ၏ဘေးတဝိုက်တွင် ရိုက်ခတ်လှုပ်ရှားနေပြီး သူ့လက်ထဲက ဓားသည် လွန်စွာအေးစက်သော အအေးဓာတ်များကို ထုတ်လွှတ်နေခဲ့သည်။
ထွက်ပေါ်လာသော ရေခဲ ကွဲအက်သံများနှင့်အတူ၊ အေးစက်သော လသော်တာရောင်ခြည်ကဲ့သို့ ဓားအလင်းသည် နောက်ထပ်ကြွင်းကျန်အမတ တစ်ဦးထံသို့ ကျရောက်ကာခုတ်ပိုင်းပစ်ခဲ့သည်။
နောက်ထပ် ဓားအမတရှင်အသွင်ပုံရိပ်သည် မိုးကြိုးဓားကို ကိုင်ဆောင်ထားပြီး ၊ ဓားသည် ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများကို ထုတ်လွှတ်နေသည်။ ထို့နောက်တွင် ၊ ပြိုးပျက်စွာ တောက်ပနေသော ခရမ်းရောင်အလင်းတန်းသည် ကောင်းကင်မှ ကျဆင်းလာပြီး အခြားကြွင်းကျန် အမတတစ်ဦးဆီသို့ ပြင်းထန်စွာ ထိုးဆင်းသွားသည်။
ရွှမ်း!!
အခြားတစ်ဖက်တွင်။
လေမုန်တိုင်းသည် မိုးမြေတစ်ခွင် တိုက်ခတ်နေပြီး ၊ တဟုန်းဟုန်း တောက်လောင်နေသော ဓားစွမ်းအင်မုန်တိုင်းသည် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အဖျက်စွမ်းအားများကို ဆောင်ကျဉ်းလျက် အခြားကြွင်းကျန်အမတ တစ်ဦးဆီသို့ ကျရောက်သွားသည်။
....……
မျက်စိတမှိတ်အတွင်း ။
မတူညီသော ဓားစွမ်းအင် ကိုးခုသည် ရုတ်တရက် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာကြသည်။
ဓားများကို ကိုင်ဆောင်ထားသော ဓားအမတရှင် အသွင်ပုံရိပ်ကိုးခု၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာမြေတစ်ခုလုံး လှုပ်ခါနေပြီး ၊ တိုက်ခိုက်မှုတိုင်းက လူကို သေစေနိုင်သော အကွက်များပင် ဖြစ်သည်။
အကြီးအကဲများဖြစ်ကြသော ကြွင်းကျန်အမတသုံးဦးမှ လွဲ၍ ၊ အခြားသော ကြွင်းကျန်အမတ ခြောက်ဦးသည် ယခင်က သေဆုံးသွားခဲ့သော ထိုကြွင်းကျန်အမတကဲ့သို့ပင် ခုခံနိုင်စွမ်းမရှိဘဲ သတ်ဖြတ်ခံလိုက်ရသည်။
သို့မဟုတ် ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ ဖြတ်တောက်ခံလိုက်ရပြီး၊ အမတရင်းမြစ်သည်ပင် ကြွေမွပျက်စီးသွားသဖြင့် နောက်ထပ် တိုက်ပွဲဝင်နိုင်စွမ်းမရှိတော့ပေ။
စင်စစ်အားဖြင့် ၊ ကြွင်းကျန်အမတ အကြီးအကဲသုံးဦးသည် အသန်မာဆုံးဖြစ်သော်လည်း၊ အပြည့်အဝထုတ်လွှတ်လိုက်သော ဓားသေတ္တာ၏ စွမ်းအားထဲတွင် စစ်မှန်သော အမတစွမ်းအားများ ပါဝင်နေခြင်းကြောင့် ၊
သူတို့သည် ခံနိုင်ရည်ရှိခဲ့သော်လည်း ၊ ဒဏ်ရာအကြီးအကျယ် ရရှိခဲ့သည်။
ကြွင်းကျန်အမတ ကိုးဦး ပူးပေါင်းကာ ဖွဲ့စည်းထားသော အမတအစီအရင် မှော်အခင်းအကျင်းသည် စူးချန်ကဲ၏တိုက်ခိုက်မှုအောက်တွင် ပျက်ဆီးသွားခဲ့သည်။
“ ဘာလို့.....”
ထိတ်လန့်နေသော ဟောက်ယွဲ့ရှန်း၏ စကားများ မပြီးဆုံးသေးခင် ၊
ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည် မျက်စိတမှိတ်အတွင်း သူ၏ရှေ့မှောက်သို့ ရောက်ရှိလာသည်။ မည်သည့်အပိုစကားတစ်ခွန်းမှ မပြောဘဲ ၊ စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည် ဓားကိုကိုင်မြှောက်ကာ ဟောက်ယွဲ့ရှန်း၏ခေါင်းပေါ်သို့ လွှဲယမ်းလိုက်သည်။
ရွှမ်း!
သူတော်စင် ကိုယ်ထည်လေးမျိုး၏ စွမ်းအားများနှင့် ပေါင်းစပ်ထားသော ကြောက်ခမန်းလိလိ ဓားစွမ်းအင်များသည် အရာအားလုံးကို ချေမှုန်းပစ်လိုက်သည်။
ဝုန်း !!
စုတ်ပြဲသံ!!
ပေါက်ကွဲသံနှင့်အတူ ၊ အသွေးအသားများ စုတ်ပြဲသံသည် တစ်ချိန်တည်းမှာပင် ဖြစ်ပွားခဲ့သည်။
ဟောက်ယွဲ့ရှန်းသည် အတတ်နိုင်ဆုံး ခုခံဖို့ ကြိုးစားခဲ့သော်လည်း၊ ဤဓားစွမ်းအားကို တွန်းလှန်ရန် ခက်ခဲပေသည်။
သူ၏ ဘယ်လက်မောင်းတစ်ခုလုံး ဖြတ်တောက်ခံလိုက်ရသည် ။ နာကျင်ညည်းတွားသံများကြား၊ ပေါက်ကွဲထွက်လာသော ဓားစွမ်းအင်ကြောင့် သူသည် နောက်သို့ လွင့်ထွက်သွားပြီး ကျိုးပဲ့နေသော ကြယ်အပျက်အစီးများနှင့် တိုက်မိသွားသည်။
“ ဟောက်ယွဲ့ရှန်း လူကြီးမင်း!!”
အပိုင်း(၅၈၁): ကြွင်းကျန် အမတကိုးဦး၏ အဆုံးသတ် ( Part – 2)
ထျန်းယွီရှန်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ လျှပ်ခနဲ့ ပြေးဖြတ်သွားပြီး ၊ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုကို မည်သည့်စကားလုံးနှင့် ဖော်ပြရမည်ကိုပင် မသိနိုင်တော့ချေ။
အခွင့်သာနေသော အခြေအနေတစ်ခုသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ဝုန်း!!
ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေသည်။
“အားးးး....... ငါ မကျေနပ်ဘူး!! “
နာကျည်းသံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပြန့်နှံ့သွားခဲ့သည်။ အကြီးအကဲသုံးဦးမှ လွဲ၍ ၊ ကြွင်းကျန်အမတများသည် စူးချန်ကဲ ဖန်တီးထားသော ဓားအမတရှင် အသွင်ပုံရိပ်ကိုးခု၏ ဝိုင်းရံသတ်ဖြတ်မှုအောက်တွင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
“ သွားပြီ...”
“ အကုန် မှားသွားခဲ့ပြီ !!”
ထျန်းယွီရှန်း၏ အသံသည် အနည်းငယ်တုန်ယင်နေခဲ့သည်။
“ဒီသတ္တဝါကောင်ကို ငါတို့ လျှော့တွက်ထားခဲ့မိတာပဲ... ဒီတိုက်ပွဲမှာ... ငါတို့ရှုံးနိမ့်တော့မယ် “
“ မောလင်... မင်း ဟောက်ယွဲ့ရှန်း လူကြီးမင်းကို ခေါ်ပြီး အရင်ထွက်သွားတော့ “
ထျန်းယွီရှန်းသည် မောလင်ရှန်းကို လှမ်းပြောလိုက်သည်။
“ငါ နေခဲ့မယ်!”
သို့သော် ၊ မောလင်ရှန်းမှာမူ လုံးဝဂရုမစိုက်ဘဲ အေးစက်စွာ နှာမှုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ၊ ၎င်းသည် နတ်ဆိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး ဟောက်လိုက်သည်။
“ငါတို့ ထာဝရရှင်သန်ခြင်း အမတဂူက လူတွေက အညှာတာမဲ့သူတွေ မဟုတ်လား!?”
အနက်ရောင် အလင်းတန်းတစ်ခု လျှပ်တပြတ် ဝင်းလက်သွားသကဲ့သို့ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်ဆီသို့ ပြေးဝင်တိုက်ခိုက်ခဲ့လေသည်။
“ ဒီမဆင်မခြင် ကောင်ကတော့!”
ဤမြင်ကွင်းကြောင့် ထျန်းယွီရှန်းသည် စိတ်မထိန်းနိုင်တော့ဘဲ အော်ဆဲဆိုလိုက်သည်။
လက်ရှိအချိန်မှာတောင် ၊ သူသည် အခြေအနေကို နားမလည်နိုင်သေးဘဲ စူးချန်ကဲနှင့် တိုက်ခိုက်ချင်နေသေးသည်။
ဒီကောင် သွားအသေခံနေတာ မဟုတ်ဘူးလား?!
မောလင်ရှန်း၏ တိုက်ခိုက်မှုကြောင့် ၊ သူ၏ထွက်ပြေးမည့် အစီအစဉ်ကို ရပ်တန့်ခဲ့ရသည်။ သူ့ခမျာ အံကြိတ်ရင်းဖြင့် တော်ဝင်ဓားကို ကိုင်ဆောင်လျက် ဓားအမတရှင် အသွင်ပုံရိပ်နှင့် ပြင်းထန်စွာ တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ဤဓားအမတရှင် အသွင်ပုံရိပ်များသည် အားကောင်းကြသော်လည်း ၊ သို့သော် ပေါက်ကွဲနိုင်စွမ်းမှာ အကန့်အသတ်ရှိသည်။ အခြားကြွင်းကျန်အမတများကို သတ်ဖြတ်ပြီးနောက်တွင် ၊ ၎င်းတို့၏ စွမ်းအားမှာ ကုန်ခမ်းလုနီးပါးဖြစ်နေပြီး သိပ်မကြာမီ ပျောက်ကွယ်သွားပေတော့မည်။
သို့သော် ဤအချက်နှင့်ပတ်သက်၍ စူးချန်ကဲသည် ဂရုမစိုက်ပုံရသည်။
အနှောက်အယှက်ပေးသူများအားလုံး သေဆုံးသွားပြီး ဖြစ်သဖြင့် ၊ နောက်လူများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူသွားပြီဖြစ်သည်။
စူးချန်ကဲ ထိန်းချုပ်ထားသော ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည် သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး ၊ မောလင်ရှန်းရှိရာ နေရာတွင် ပြင်းထန်သောပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
စူးချန်ကဲ၏စိတ်ထဲတွင် လှောင်ပြောင်ရယ်မောလိုက်သည်။
“ ရှစ်ထျန်းတိ့ ဒီကောင် ၊ တိုက်ခိုက်ဖို့ ပြင်ဆင်နေပုံရတယ်...”
…….
တစ်ချိန်တည်းမှာပင်။
အမှောင်ထဲကနေ စောင့်ကြည့်နေသော ရှစ်ထျန်းတိ့သည် ဤမြင်ကွင်းကို ကြည့်ရှုရင်း ပြုံးနေလေ၏။
“ဒီကောင်လေး ဒီလောက်ထိ ထက်မြက်လိမ့်မယ်လို့ ထင်မထားဘူး ၊ ခုနက အကွက်ကို ငါ့အပေါ်မှာသုံးခဲ့မယ်ဆိုရင် ငါလည်း ထင်မှတ်မထားဘဲ ရှုံးနိမ့်သွားနိုင်တယ်”
“ ကောင်းလိုက်တဲ့ ထာဝရ ထျန်းတိ့ ၊ အတော်လေး ကြီးမြတ်ပေတဲ့ စူးချန်ကဲ၊ တကယ်ကို အံ့ဩဖွယ်ရာပဲ !”
“ဒါပေမဲ့လည်း ၊ နောက်ဆုံးမှာတော့ ငါက ပိုပြီးသာလွန်သွားတာပါပဲ “
အမှန်တွင်၊ မောလင်ရှန်းသည် ထျန်းယွီရှန်း၏ အစီအစဉ်ကို ငြင်းပယ်ခဲ့ခြင်းမှာ ရှစ်ထျန်းတိ့၏ လျှို့ဝှက်အမိန့်ပေးမှုကြောင့် ဖြစ်သည်။
အကြောင်းမှာ ၊ ဤအင်အားအကြီးဆုံး ကြွင်းကျန်အမတ သုံးဦးသာ ထွက်ပြေးသွားခဲ့လျှင်ဖြင့် ၊ စူးချန်ကဲ၏ တိုက်ခိုက်ရေးစွမ်းအားကို အားနည်းအောင်လုပ်နိုင်မည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်ရပေလိမ့်မည်။
၎င်းတို့ကို ထွက်ပြေးဖို့ လုံးဝမှ ခွင့်ပြုမည်မဟုတ်။ ဤလူများ၏ တစ်ခုတည်းသော တန်ဖိုးမှာ စူးချန်ကဲကို အားနည်းအောင်လုပ်မည့် ကိရိယာတစ်ခုအဖြစ် သူ့အတွက် အသုံးချရန်သာ ဖြစ်သည်။
စူးချန်ကဲသည် ကြွင်းကျန်အမတ အားလုံးကို အပြီးအပိုင်သတ်ဖြတ်ပြီးနောက် ၊ အမတလျှောက်လှမ်းတံခါးကို ဖွင့်လှစ်မည့် အခိုက်အတန့်တွင် ၊
ရှစ်ထျန်းတိ့သည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို စတင်မည်ဖြစ်သည်။ ၎င်း၏အကြံကို စူးချန်ကဲပင်လျှင် ထင်မှတ်ထားမည်မဟုတ်ပေ။
ရှစ်ထျန်းတိ့၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားသည်။
“ဟားးး... စူးချန်ကဲ၊ မင်းကို အမှောင်ထုထဲ ဆွဲခေါ်ဖို့ ငါတော့ မစောင့်နိုင်တော့ဘူး!”
……….
ဝုန်း!!
နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
မောလင်ရှန်းသည် သူ၏လက်မောင်းတစ်ခုလုံး ခုတ်ဖြတ်ခံလိုက်ရပြီး ဓားစွမ်းအင်ပင်လယ်ပြင်ထဲကနေ လွင့်စဉ်ထွက်လာခဲ့သည်။
သူ၏ ဦးခေါင်းပေါ်ရှိ ကောက်ကွေးနေသော ဦးချိုတစ်စုံမှာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များကြောင့် ချိုးဖဲ့ခံလိုက်ရပြီး ၊ ယခုအချိန်တွင် သူ၏ပုံစံမှာ ရှက်ဖွယ်ကောင်းလှသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်အပြင် ၊ အခြားသော ဓားအမတရှင် အသွင်ပုံရိပ်နှစ်ခု၏ တိုက်ခိုက်မှုကိုပါ ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် အနည်းငယ်မျှသာ တိုက်ခိုက်ရသေးသည်။ သူသည် ချက်ချင်းဆိုသလို ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
သူ၏ လက်ဖဝါးထဲက ဖြာထွက်နေသော သိပ်သည်းသောနတ်ဆိုးစွမ်းအင်များကို ကြည့်ရှုရင်း ၊ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော စူးချန်ကဲသည် မဲ့ပြုံးပြုံးလိုက်သည်။
ထိုနတ်ဆိုးစွမ်းအင်၏ အငွေ့အသက်များကို နက်ရှိုင်းစွာ ဝှက်ထားသော်လည်း၊
စူးချန်ကဲသည် သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင်တို့၏ စွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်သည် လောကကြီး၏ မကောင်းသောအရာအားလုံးကို ချိုးနှိမ်နိုင်ရုံသာမက၊ အနက်ရောင် စွမ်းအားလှိုင်းများအပေါ်တွင်လည်း အကဲဆက်သော အာရုံခံစားမှုမျိုးရှိသည်။
ရှစ်တိ့ထျန်းသည် သူ၏အငွေ့အသက်များကို မည်မျှပင် ကောင်းကောင်းဝှက်ထားပါစေ၊ စူးချန်ကဲသည် မြင်နိုင်ခဲ့သည်။
မောလင်ရှန်းသည် ရှစ်ထျန်းတိ့၏လူဖြစ်နိုင်ကြောင်း သူ အတပ်ပြောနိုင်သည်။
စူးချန်ကဲသည် သူ၏လက်ထဲက ဦိးချိုများကို ခြေမွှပြီးနောက်တွင် ၊ သူ ထိန်းချုပ်ထားသော ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည် မောလင်ရှန်း၏ရှေ့သို့ ချက်ချင်းလက်ငင်း ရောက်ရှိလာခဲ့သည်။
ထို့နောက် ၊ သူ့လက်ထဲက ပြိုးပျက်စွာ တောက်ပနေသော နတ်ဓားကိုမြှောက်လိုက်ပြီး ခေါင်းပေါ်သို့ ခုတ်ချပစ်လိုက်သည်။
မောလင်ရှန်းသည် အပြင်းအထန် ခုခံခဲ့သော်လည်း၊ မည်သို့ပင်ဖြစ်စေ ၊ သူသည် ပြင်းထန်စွာဒဏ်ရာရထားပြီး ပျက်စီးနေသော ခန္ဓာကိုယ်မျှသာ ဖြစ်သည်။
ဝုန်း !!
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းသည် မောလင်ရှန်း၏ ခန္ဓာကိုယ်ကို အပြီးအပိုင် ဝါးမြိုသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ ဓားအမတရှင် အသွင်ပုံရိပ်နှစ်ခုသည်လည်း ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။
မီးလျှံများသည် တဟုန်းဟုန်း တောက်လောက်လျက် ၊ ရေများသည် တောင်စဉ်အလား တလိပ်လိပ် တတ်လာသည်။
ကြမ်းတမ်းစွာရိုက်ခတ်နေသော ဓားစွမ်းအင်ပင်လယ်ကြား၊ ကွဲပြားခြားနားသော ဓားစွမ်းအင်နှစ်ခုသည် ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“မဖြစ်နိုင်ဘူး...!!”
မောလင်ရှန်း၏ နာကျည်းသံနှင့်အတူ ၊ သူ့တစ်ကိုယ်လုံးသည် ပြာချခံလိုက်ရပြီး ပျောက်ကွယ်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ကျန်ရှိနေသေးသော ထျန်းယွီရှန်းနှင့် ဟောက်ယွဲ့ရှန်းတို့နှစ်ဦးကို လှည့်ကြည့်လိုက်သည်။
၎င်းတို့နှစ်ဦးသည် ဓားအမတရှင် အသွင်ပုံရိပ်များ၏ တိုက်ခိုက်မှုကို ခုခံနေသော်လည်း၊ သို့သော် လမ်းဆုံးရောက်နေပြီဖြစ်ကာ ခုခံနိုင်စွမ်းမရှိတော့ပေ။
အထူးသဖြင့် ဟောက်ယွဲ့ရှန်းသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ၊ ဖြတ်တောက်ခံထားရသော သူ၏ လက်မောင်းကို ဖိထားရင်း ခွေးလေခွေးလွင့်ကဲ့သို့ သနားစရာကောင်းနေခဲ့သည်။
အပိုင်း(၅၈၂): ဒီခေတ်သစ်ကို ငါနဲ့စတင်မယ်
ဤအလှည့်အပြောင်းကြီးသည် သူ့စိတ်ထဲတွင် မယုံနိုင်လောက်အောင် ကြီးမားသော ချောက်ချားဖွယ်ရာ စိတ်ဒဏ်ရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
နဂိုက သူတို့သည် စစ်မြေပြင်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ကာ ခြယ်လှယ်နိုင်ခဲ့သည်။
သို့သော် စူးချန်ကဲ၏ ရုတ်တရက် ပေါက်ကွဲမှုသည် သူတို့အားလုံးကို လမ်းအဆုံးထိရောက်အောင် တွန်းပို့ခဲ့သည်။
“မဖြစ်နိုင်ဘူး.... ဒါမဖြစ်နိုင်ဘူး....”
ဟောက်ယွဲ့ရှန်းသည် အပျက်အစီးများကြားထဲ ဒယိမ်းဒယိုင် ထရပ်လာခဲ့သည်။
မယုံကြည်နိုင်သော အမူအရာဖြင့် တီးတိုးပြောဆိုနေသည်။
“ ငါက အမတလေ... ဒဏ္ဍာရီထဲက အမတလေ”
“လူသားတစ်ယောက်က.... ဘယ်လိုလုပ် မဟာလမ်းစဉ်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်ပြီး အမတ တစ်ပါးကို ပြန်တိုက်ခိုက်နိုင်မှာတုန်း....?!”
ဤတစ်ကြိမ်တွင် ၊ ဟောက်ယွဲ့ရှန်းသည် လုံးဝရှုံးနိမ့်သွားရုံသာမက၊ သူ့ဂုဏ်သိက္ခာသည်လည်း စူးချန်ကဲ၏လက်ထဲ၌ ပျက်သုန်းခဲ့ရသည်။
သူတစ်သက်လုံး လိုက်စားခဲ့သော အမတလမ်းစဉ်သည် သူတစ်သက်လုံး အထင်သေးခဲ့သော လူသားလမ်းစဥ်ကိုတောင် မကျော်လွန်နိုင်မှန်း နားလည်သဘောပေါက်သွားခဲ့သည်။
“ဟားဟားဟားဟား....”
ဟောက်ယွဲ့ရှန်းသည် ယခုအချိန်တွင် လုံးဝရူးသွပ်သွားခဲ့ချေပြီ။ သူ့ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသော အရာများကို ပြန်လည် အမှတ်ရနေမိသည်။
မိမိ၏အသင်းဖော်များကို သတ်ဖြတ်ခဲ့ပြီး ၊ ကြွင်းကျန်အမတများကို ခြံခတ်မွေးမြူခဲ့ကာ မိမိ၏ သက်တမ်းတိုးအစာအဖြစ် အစားထိုးသုံးစွဲခဲ့သည်။
ထို့အပြင် လွတ်မြောက်သူဆိုသည်မှာ သူ့ မျက်စိထဲတွင် အဆင့်အနိမ့်ဆုံး အစားအစာတစ်ခုမျှသာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ၊ အဆင့်အနိမ့်ဆုံးသော ဤသက်တမ်းတိုးအစာသည် မရေမတွက်နိုင်သော ခေတ်ကာလပေါင်းများစွာ သူ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးကို အလဟဿဖြစ်စေခဲ့သည်။
“ရယ်စရာပဲ... သိပ်ရယ်စရာကောင်းတာပဲ...!”
ဟောက်ယွဲ့ရှန်းသည် အော်ဟစ်လိုက်ပြီးနောက်၊ သူ၏ နောက်ဆုံးလက်ကျန် အမတစွမ်းအားနှင့် သူ့အသက်သူ ဇီဝိန်ခြွေခဲ့သည်။
ပါးစပ်ထဲမှ သွေးအထွေးလိုက် အန်ထွက်ကျလာပြီး ၊ သူ၏ အမတရင်းမြစ်မှာ ကြေမွသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ၊ အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ့ ပစ်လဲကျသွားသည်။ သူ၏ အမြင်တစ်ခုလုံး ဝေဝါးနေပြီး ၊ သူ၏စိတ်ဝိညာဉ်သည်လည်း အစအနမကျန် ကွယ်ပျောက်သွားသည်။
ထာဝရရှင်သန်ခြင်း အမတဂူ၏ အစွမ်းထက်ဆုံး ကြွင်းကျန်အမတသည် ယခုအချိန်မှစ၍ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဟောက်ယွဲ့ရှန်း လူကြီးမင်း.... သေသွားပြီလား?”
ကျန်ရှိနေသေးသော ထျန်းယွီရှန်းသည် အားလျော့သွားသကဲ့သို့ သူ၏လက်ထဲက လက်နက်သည် အောက်သို့ပြုတ်ကျသွားသည်။
မိမိတို့ ထာဝရရှင်သန်ခြင်း အမတဂူ၏ ပင်မကျောရိုးကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ၊ သူ့အဖို့ ခုခံတိုက်ခိုက်လိုစိတ် အဘယ်မှာများရှိမည်နည်း။
ရွှမ်း !!
နောက်ဆုံးသော ဓားအမတရှင် အသွင်ပုံရိပ်သည် ၎င်းအား အခွင့်အရေးမပေးဘဲ ၊ သူ၏ နှလုံးသားတည့်တည့်ကို ဖောက်ထွင်းသွားခဲ့ပြီး ၊ ဓားစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တျန်းယွီရှန်း၏ပုံရိပ်သည် ဓားစွမ်းအင် လှိုင်းတံပိုးများကြား ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုနည်းတူစွာ နောက်ဆုံးလက်ကျန်ဖြစ်သော ဓားအမတရှင် အသွင်ပုံရိပ်မှာလည်း အပြီးတိုင် ကွယ်ပျောက်သွားခဲ့သည်။
၎င်း၏ လက်ထဲက ရှေးဟောင်းဓားသည်လည်း အောက်သို့ ပြုတ်ကျသွားခဲ့သည်။
သို့သော် ယခုအချိန်တွင် ၊ ဓားသည် သူ၏ နတ်စွမ်းအင်များကို ဆုံးရှုံးသွားခဲ့ပြီး ဖြစ်ရာ ၊ သာမန်ဓားနှင့် မခြား ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
ထိုနည်းတူစွာ ၊ ကောင်းကင်နတ်ဘုရား အသွင်ပုံရိပ်သည်လည်း ကြယ်စင်များအဖြစ် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ထို့နောက်တွင် ၊ စူးချန်ကဲ၏ အသွင်ပုံပန်းသဏ္ဍာန်သည် ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။
သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ၊ နေရာအနှံ့အပြားတွင် ကျရောက်နေသော ရှေးဟောင်း ဓားကိုးလက်ကို ဓားအိမ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။
၎င်း၏နောက်ဆုံးလက်ကျန် အမတစွမ်းအင်ကို ဆုံးရှုံးလိုက်ရသော ဓားသေတ္တာကို ဆုပ်ကိုင်ထားရင်း ၊ စူးချန်ကဲသည် ညင်သာစွာ ဆိုလိုက်သည်။
“ဆရာ ၊ ကျေးဇူးတင်ပါတယ် “
သို့သော် သူသည် ဓားသေတ္တာကို စွန့်ပစ်ရန် စိတ်ကူးမရှိပေ။ သူသည် ဒဏ္ဍာရီလာ ထာဝရစစ်မှန်အမတအဆင့်သို့ ရောက်ရှိသောအခါတွင် ၊
သူ့လက်ထဲက ဤတားမြစ် နတ်ပစ္စည်းနှစ်ခုကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်းရှာမည်ဖြစ်သည်။
အနာဂတ်တွင် ပိုမိုကောင်းမွန်သော အရာများ ရှိကောင်းရှိနိုင်သော်လည်း ၊ သို့သော် သူနှင့်အတူ တစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့သော ဤအဖော်များကို မေ့ပစ်ရန် သူ၏စိတ်နှလုံးသားက ခွင့်ပြုမည်မဟုတ်။
ဤဖြစ်စဥ်တစ်ခုလုံးကို မျက်ဝါးထင်ထင် ကြားမြင်ခဲ့ရသော ကြွင်းကျန်အမတသုံးဦးခမျာ စူးချန်ကဲ၏ သေမင်းတမန်ကဲ့သို့သော အသွင်အပြင်ကြောင့် တုန်တုန်ရီရီ ဖြစ်နေကြသည်။
သွားပြီ!
အားလုံး သွားပြီ!
စူးချန်ကဲကို ဝိုင်းဝန်းတိုက်ခိုက်ရန် ရောက်ရှိလာခဲ့ကြသော ကြွင်းကျန်အမတ ကိုးဦး ၊ ထာဝရရှင်သန်ခြင်း အမတဂူ၏ အစွမ်းထက်ဆုံးဟု ဆိုနိုင်သော ကြွင်းကျန်အမတကိုးဦးသည် စူးချန်ကဲ၏လက်ထဲတွင် သတ်ဖြတ်ခံလိုက်ရသည်။
ဒါက တကယ်ပဲ လူသားလမ်းစဉ် ကျင့်ကြံသူလား?
ဤသို့သော သေမင်းတမန်သည် အမတလမ်းစဉ်အဆင့်သို့ ရောက်ရှိသွားပါက ၊ ကောင်းကင်ဘုံကိုပါ ဆန့်ကျင်မည်မဟုတ်ပေလော။
ထိုအချိန်တွင် စူးချန်ကဲသည် အောက်တွင် ကုပ်ကုပ်လေးရှိနေသော ကြွင်းကျန်အမတသုံးဦးကို သတိထားမိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
“အို? ... ခင်ဗျားတို့သုံးယောက်က မပြေးသေးဘူးလား?”
“ ခင်ဗျားတို့ကလည်း ထာဝရရှင်သန်ခြင်း အမတဂူ က လူတွေ မဟုတ်လား? ဘာလဲ ခင်ဗျားတို့ရဲ့ အရှင်သခင်အတွက် လက်စားချေချင်လို့လား “
စူးချန်ကဲ၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် သုံးယောက်လုံး ကတုန်ကယင် ဖြစ်သွားကြသည်။
သုံးယောက်စလုံး အလျင်အမြန် လက်အုပ်ချီကာ လျှောက်တင်ရှာသည်။
“ လူကြီးမင်းကလည်း ဘာတွေပြောနေတာလဲ?”
“သူတို့က လူကြီးမင်းကို အရင်စော်ကားခဲ့တာလေ ၊ အကြိမ်တစ်သောင်းသေတောင် မလွန်ဘူး “
ဟောက်ယွဲ့ရှန်း အတွက် သူတို့လား လက်စားချေရဲမှာ !!?
ဟောက်ယွဲ့ရှန်းကိုယ်တိုင် သူတို့ကို သတ်ဖြတ်ဖို့လုပ်နေတာကို စကားနဲ့ထည့်မပြောခင် ၊ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဆရာကြီးတစ်ယောက်ကို ဆန့်ကျင်တဲ့အကျိုးဆက်က သိသာနေပြီပဲ မဟုတ်လား !!
သေမယ့်သေ... သူတို့ပဲသေမှာ ဧကန်မုချပဲ !
အဲ့အစား သူရဲဘောကြောင်ပြီး အဆုံးထိ အသက်ရှင်ရတာ ပိုမကောင်းဘူးလား !?
ဘာပဲဖြစ်ဖြစ် သေတာထက် အသက်ရှင်နေရတာက ပိုကောင်းတယ်လေနော် !
စူးချန်ကဲသည် ၎င်းတို့၏အဖြေကို ကြားပြီးနောက် ၊ ထပ်မမေးတော့ဘဲ လျစ်လျူရှုထားလိုက်သည်။
မည်သို့ပင်ဖြစ်စေ ၊ ဤလူသုံးယောက်သည် အစအဆုံး သူ့ကို ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်ခဲ့သလို ၊ သူတို့ကို သတ်ဖြတ်ရန် မလိုအပ်ပေ။
ထို့အပြင် ၊ သူတို့သုံးယောက်ထံမှ သိရှိရမည့် အရေးကြီးသောကိစ္စတစ်ခုလည်း ရှိသေးသည်။
.........
ခဏတာ အနားယူပြီးနောက်တွင် ၊
စူးချန်ကဲသည် ကျန်ရှိနေသေးသော မဟာလမ်းစဉ် လက်ဖက်ရည်ကို သောက်သုံးခဲ့ရာ ၊ ယင်းက ဒဏ်ရာတော်တော်များများကို သက်သာပျောက်ကင်းစေခဲ့သည်။
“ လူကြီးမင်း.... အမတလျှောက်လှမ်းတံခါးကို ဖွင့်ချင်ရင် ၊ လက်ကို တံခါးပေါ် တင်ထားပြီး နှလုံးသားနဲ့ ခံစားကြည့်ရုံပဲ...”
“ဒါပေမဲ့ အမတလျှောက်လှမ်း တစ်လျှောက်မှာရှိတဲ့ အမတလျှောက်လှမ်းတံခါးတွေက တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားလို့... ပထမဆုံး တံခါးကို ဖွင့်လှစ်နိုင်သူက အကျိုးကျေးဇူးအများဆုံး ရနိုင်တယ်ဆိုပေမယ့် ကြုံတွေ့ရမယ့် အခက်အခဲကလည်း အများဆုံးဖြစ်လိမ့်မယ်”
အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတက ဆက်ပြောသည်။
“ဘာဖြစ်လို့လဲဆိုတော့ တံခါးကို ပထမဆုံး စဖွင့်လိုက်တာနဲ့ တခြားတံခါးအားလုံးအပေါ်မှာလည်း သက်ရောက်မှုရှိပြီး အတူတူ ပွင့်သွားကြလို့ပဲ”
“ပထမဆုံး တံခါးဖွင့်တဲ့သူဟာ တံခါးအားလုံးကိုဖွင့်တာနဲ့ တူညီတယ်...ဆိုတော့ အဲ့အတွက် စွမ်းအားအများကြီး လိုအပ်တယ်”
အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတ၏ ပြောစကားကို နားထောင်ပြီးနောက်၊ စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။
ဤအရာအတွက် စွမ်းအား ပမာဏများစွာ သုံးစွဲရမည်ဆိုတောင် ၊ ပထမဆုံးသော ဖွင့်လှစ်သူတစ်ယောက်အနေနဲ့ ရရှိလာမည့် အကျိုးခံစားခွင့်တွေကလည်း များပြားပေသည်။
စွမ်းအား မည်မျှပင်သုံးစွဲရပါစေ ၊ မိမိသည် ပထမဆုံး ဖြစ်ရပေမည်။
အကြွင်းမဲ့ ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လိုပါက ၊ လူသားတိုင်း၏ အရှေ့ဆုံးတွင် အမြဲရပ်တည်နေခြင်းသည် အခြေခံကျဆုံး အာမခံချက်ဖြစ်သည်။
တင်ပြင်ခွေလျက် ၊ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ထိန်းညှိပြီးနောက် ၊
စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“မင်းတို့နဲ့ငါကြားက သဘောတူညီချက်ကို ငါ ပြောပြီးပြီ ၊ ငါ အမတဖြစ်လာတဲ့အခါ မဟာလမ်းစဉ် လက်ဖက်ရွက် အဆတစ်ရာနဲ့ ပြန်ဆပ်မယ်”
“အခုတော့ ခင်ဗျားတို့ အရင်ထွက်သွားကြ ၊ မဟုတ်ရင်...”
စူးချန်ကဲ၏ အေးစက်သော စကားလုံးများထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ရှိနေသည်။
သူတို့သုံးယောက်စလုံး စူးချန်ကဲ၏ ဆိုလိုရင်းကို အဘယ့်ကြောင့် နားမလည်နိုင်စရာ ရှိမည်နည်း။
အမတလျှောက်လှမ်းတံခါးကို ဖွင့်လှစ်ခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်ပြီး ၊ ပတ်ဝန်းကျင်တွင် အခြားသူများရှိပါက ကြီးမားသောအန္တရာယ်များ ဖြစ်လာမည်မှာ သေချာသည်။
“ တုနှိုင်းမရှိတဲ့ အမတလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့တဲ့အတွက် လူကြီးမင်းကို ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါတယ်!”
၎င်းတို့သုံးယောက်သည် အရိုအသေပြုပြီးနောက် ၊ နှုတ်ဆက်ထွက်ခွာသွားခဲ့ကြသည်။
၎င်းတို့သုံးယောက်၏ အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားကြောင်း ခံစားမိပြီးနောက်တွင် ၊
စူးချန်ကဲသည် သူ၏ အာရုံခံနတ်အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ့ကို အကာအကွယ်ပြုပေးရန် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ် နှင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆင့်ခေါ်ယူလိုက်သည်။
အခြားနည်းလမ်းများနှင့် ပတ်သတ်၍ ၊ သူသည် များများစားစား မစဉ်းစားခဲ့ပေ။
မူလက သူထင်ထားခဲ့သည်မှာ ရှစ်ထျန်းတိ့သည် ကြွင်းကျန်အမတကိုးဦးကို ဖြေရှင်းပြီးသည်နှင့် ၊ သူ အားအနည်းဆုံးအချိန်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်လာမည်ဟု တွေးထားခဲ့သော်လည်း ၊ ယခုထိတိုင် ထွက်ပေါ်လာခြင်းမရှိခဲ့ပေ ။
“ အခုမဟုတ်ရင် ၊ ငါ တံခါးဖွင့်တဲ့အချိန် သေချာပေါက် တိုက်ခိုက်လာလိမ့်မယ် “
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ရှစ်ထျန်းတိ့သည် အချိန်ကောင်းကို စောင့်မျှော်နေသည်မှန်း စူးချန်ကဲ အဘယ့်ကြောင့် မသိရှိမည်နည်း။
သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ချိန်ညှိပြီးနောက် ၊
အမတလျှောက်လှမ်း တံခါးကို ထပ်မံကြည့်ရှုရင်း ၊ စူးချန်ကဲ၏ မျက်ဝန်းများသည် ဝင်းလက်တောက်ပသွားသည်။
“ ဒီခေတ်သစ်ကို...”
“ ငါနဲ့ စတင်မယ်!”
စူးချန်ကဲသည် ထိုစကားတစ်ခွန်းကို ရေရွတ်ရင်း ၊ သူ့လက်ကို တံခါးပေါ်သို့ တိုက်ရိုက်တင်လိုက်သည်။
……..
အပိုင်း(၅၈၃): နောက်ကွယ်က လက်မည်းကြီး ပေါ်ထွက်လာပြီ
စူးချန်ကဲ၏လက်ဝါးသည် အမတလျှောက်လှမ်းတံခါးနှင့် ထိကပ်လိုက်သည့် အခိုက်အတန့်တွင် ၊
ဝီ~!!
အလွန်တောက်ပသော နတ်အလင်းများသည် သူ၏လက်ဖဝါးထဲမှတဆင့် ရေလှိုင်းများအလား ဂိတ်တံခါးကြီးပေါ်သို့ နေရာအနှံ့ ပျံ့နှံ့သွားသည်။
မရေမတွက်နိုင်သော ကြယ်စင်များကဲ့သို့သော အလင်းမှုန်များသည် အမတလျှောက်လှမ်းတံခါးပေါ်ရှိ မျဉ်းကြောင်း အမှတ်အသားများပေါ်တွင် သက်ဝင်စီးဆင်းကာ ရွေ့လျားလာကြသည်။
မရေမတွက်နိုင်သော ခေတ်ကာလများစွာ ငြိမ်သက်နေခဲ့သည့် အမတလျှောက်လှမ်းတံခါးပေါ်ရှိ မဟာလမ်းစဉ်၏ အမှတ်အသားများသည် ဤအခိုက်အတန့်တွင်၊ အရောင်မျိုးစုံဖြင့် ထိန်လင်းတောက်ပလာကြသည်။
သို့ရာတွင် ၊ ထိုကဲ့သို့သော အံ့ဩဖွယ်ရာအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း အမတလျှောက်လှမ်းတံခါးတစ်ခုလုံးသည် လှုပ်ရှားမှုမရှိသကဲ့သို့ မည်သည့်အသံမှ ထွက်ပေါ်မလာချေ။
“ ကြည့်ရတာ ၊ ပိုပြီးအားကောင်းတဲ့ စွမ်းအားကို အသုံးပြုဖို့ လိုအပ်နေပြီပဲ “
စူးချန်ကဲ၏ မျက်ဝန်းများသည် သဘောပေါက်သွားသကဲ့သို့ ဝင်းလက်တောက်ပသွားသည်။
“မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၊ ဖွင့် !”
ဝုန်း!!
စူးချန်ကဲ၏ အဖြူရောင် ဝတ်ရုံထည်သည် လေမတိုက်ဘဲ သူ့ဟာသူ မျောလွင့်နေသည်။ ထို့အပြင်၊ သူ၏ ချီနှင့်သွေးစွမ်းအင်များသည် နဂါးဟိန်းသံကဲ့သို့ တုန်လှုပ်မြည်ဟည်းနေပြီး ၊ သူ၏အရေပြား မျက်နှာပြင်ပေါ်တွင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်မှာ နတ်ဘုရားတစ်ပါး ကြွမြန်းလာသည့်အလား ထင်မှတ်ရသည်။
ကျွီ ကျွီ ကျွီ......
အဆိုပါစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ၊ အမတလျှောက်လှမ်းတံခါးသည် အလွန်သိမ်မွေ့သော တုန်ခါမှုသာ ရှိခဲ့ပြီး ထင်ရှားသော အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ထိုအရာကိုကြည့်လျှင်ဖြင့် ၊ သုံးစွဲရမည့် စွမ်းအင်ပမာဏမှာ မလုံလောက်သေးမှန်း သိနိုင်သည်။
“ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၊ ဖွင့် !”
ဝုန်း !!
သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်၏ စွမ်းအားများ တစ်ဖန် ထွက်ပေါ်လာပြီး ၊ ကြီးကျယ်ခမ်းနားသော ချီနှင့်သွေးစွမ်းအင်များသည် သူ၏လက်ဖဝါးထဲမှ တဆင့် တံခါးအနှံ့ ပျံ့နှံ့စီးဆင်းသွားသည်။
သို့သော်လည်း ၊ လုံလောက်မှု မရှိသေးပုံရသည်။
“ချန်ရှန်းတာအိုအရိုး.... စုပ်ယူသူတော်စင်ခန္ဓာကိုယ်..... ဖွင့် !”
ဘုန်း ဘုန်း!!
ရောင်စဉ်လေးစင်းသည် အထက်ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားပြီး ၊ စူးချန်ကဲ၏ ကျောနောက်ဘက်တွင် အဆက်မပြတ် စုဝေးနေကြသည်။
စွမ်းအားကြီးမားသော အင်အားလေးရပ်၏ အကူအညီဖြင့် ၊ အချိန်မည်မျှ မသိအောင်ပင် နှစ်ကာလပေါင်းများစွာ ချိတ်ပိတ်ခံထားရသော အမတလျှောက်လှမ်းတံခါးကြီးမှာ အပြင်းအထန် တုန်ခါလာခဲ့သည်။
ကာလကြာရှည်စွာ စုပုံနေခဲ့သော ဖုန်မှုန့်များသည် မိုးကောင်းကင်မှ ကျဆင်းလာသော နှင်းစက်များအလား အောက်သို့ ပြိုကျလာသည်။
ကြမ်းတမ်းစွာ လှုပ်ယမ်းနေသည့် တုန်ခါသံနှင့်အတူ ၊
မူလက ပိတ်ထားသော အမတလျှောက်လှမ်းတံခါးမကြီးသည် နောက်ဆုံးတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သေးငယ်သော အက်ကြောင်းတစ်ခုမျှသာ ဖြစ်သော်လည်း ၊ ထိုအက်ကြောင်းငယ်မှ ထိန်လင်းတောက်ပနေသော အမတဆိုင်ရာ အလင်းတန်းများ ဖြာထွက်လာသည်။
သို့သော်ငြားလည်း ၊ ဤအရာနဲ့တင် အမတလျှောက်လှမ်းတံခါးကို အပြည့်အဝဖွင့်လှစ်ဖို့ မဖြစ်နိုင်သေးပေ။
ဤတစ်ကြိမ်တွင် ၊ စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဓားစွမ်းအင်များကို အစွမ်းကုန် ပေါက်ကွဲကာ ထုတ်လွှတ်ခဲ့သည်။
အကန့်အသတ်မရှိသော ဓားစွမ်းအင် အလင်းတန်းများသည် နေရာအသီးသီးမှ စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စုဝေးလာကြသည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏နဖူးတွင် တောက်ပသောအလင်းများ ဖြာထွက်လာသည်။ ၎င်းတို့သည် လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ်၏ သင်္ကေတများအဖြစ် အသွင်ပြောင်းလဲနေကာ အဆုံးတွင် အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်မှာ ကျင့်ကြံသူတစ်ယောက်သည် မဟာဧကရာဇ်မင်းအဆင့်သို့ အောင်မြင်မှသာလျှင် ဖန်တီးနိုင်သော မဟာဧကရာဇ်မင်း၏ အမှတ်အသားဖြစ်သည်။
ထို့အပြင် စူးချန်ကဲသည် ကံကြမ္မာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်ရုံသာမက ၊ မူလရင်းမြစ်ကံကြမ္မာဖြင့် မဟာဧကရာဇ်မင်းအဆင့်သို့ ရောက်ရှိထားသောကြောင့် ဤအမှတ်အသားတွင် ပါဝင်သော စွမ်းအားများမှာ အကန့်အသတ်မရှိပေ။
ဝုန်း !!
သူတော်စင်ကိုယ်ထည် လေးမျိုး၏ စွမ်းအားများ ၊
အတုမရှိသော ဓားစွမ်းအင်များ ၊
မူလရင်းမြစ် ကံကြမ္မာ၏ စွမ်းအားများ ၊
ယခုအချိန်တွင် ၎င်းတို့အားလုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည်။
စူးချန်ကဲသည် သူ၏လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်သည်။
ဝုန်း !!!
သူ၏ လက်ဖဝါးနှစ်ဖက်မှ စွမ်းအားများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာပြီး ၊တံခါးကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ မူလကရှိခဲ့သော အလွန်သေးငယ်သော တံခါးအက်ကြောင်းသည် ယခုအခါတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာခဲ့သည်။
စကြဝဠာတစ်ခုလုံးကို အလင်းပေးနိုင်သော ထွန်းလင်းတောက်ပြောင်သည့် အမတဆိုင်ရာ နတ်အလင်းများသည် ယင်းအတွင်းမှ အဆက်မပြတ် ထိုးဖောက်ထွက်လာခဲ့သည်။
…….
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ တံခါးဖွင့်လှစ်လိုက်သော အသံသည် အမတလျှောက်လှမ်း တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ၊ အမတလျှောက်လှမ်းတံခါး အားလုံးသည် စူးချန်ကဲ၏စွမ်းအားများကြောင့် အတွင်းဘက်သို့ သူ့အလိုလိုပွင့်သွားပြီး ၊ အလွန်တောက်ပသော အမတဆိုင်ရာနတ်အလင်းများ ထိုးဖောက်ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသဖြင့် ၊ ၎င်းတို့၏အံ့အားသင့်နေသော အသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
“ ဒီအငွေ့အသက်.... တစ်စုံတစ်ယောက်က အမတလျှောက်လှမ်း တံခါးကို ဖွင့်လှစ်နိုင်ခဲ့တာလား !?”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!? အခုအချိန်ထိ ထာဝရရှင်သန်ခြင်းအမတဂူက လူတွေက အပြင်ဘက်မှာ အမဲလိုက်နေကြတုန်းပဲ ၊ ဘယ်သူကများ အမတလျှောက်လှမ်းတံခါးကို ဒီလောက်မြန်မြန် ဖွင့်နိုင်မှာလဲ!?”
ထိုစဉ် ၊ တစ်စုံတစ်ယောက်သည် ကိစ္စတစ်ခုကို တွေးမိသွားကာ မနေနိုင်ဘဲ ထဆိုလိုက်သည်။
“ဟား..... မင်းတို့ပြောကြည့်စမ်း ၊ ဒါက ချန်ကဲ ထျန်းတိ့ ဖြစ်နေမလား !?”
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ကြီးမားသော တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဤအရာကို တစ်စုံတစ်ယောက် လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင်ဖြင့် ၊ ဒါဆို သူတို့အားလုံး၏အမြင်တွင် ထာဝရ ထျန်းတိ့အဖြစ် ရောက်ရှိပြီး အန္တိမလမ်းစဉ် လွတ်မြောက်သူဖြစ်လာသော စူးချန်ကဲသာလျှင် ဖြစ်နိုင်သည်ဟု ယုံကြည်သည်။
ထိုနည်းတူစွာ အမတလျှောက်လှမ်း၏ နေရာအနှံ့အပြားတွင် ရှိနေကြသော -
တိ့ကျန့် မဟာဧကရာဇ်မင်း၊ ရွှမ်ယွီ မဟာဧကရာဇ်မင်း၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း၊ ပိုင်ကျန့် မဟာဧကရာဇ်မင်း၊ ထျန်းတု မဟာဧကရာဇ်မင်း၊ ယွီ့ထျန်း မဟာဧကရာဇ်မင်း အပါအဝင် အမတလျှောက်လှမ်းပေါ်သို့ တက်ရောက်လာကြသော မဟာဧကရာဇ်မင်းအားလုံးသည် ဤအဖြစ်အပျက်ကို သတိပြုမိကြသည်။
“အမတလျှောက်လှမ်းတံခါး ပွင့်သွားပြီလား....”
“ မဟုတ်မှလွဲရော.. ချန်ကဲ ဖွင့်လိုက်တာလား?”
အမှန်တိုင်းဆိုရလျှင်ဖြင့် ၊ ထာဝရရှင်သန်ခြင်းအမတဂူသည် စူးချန်ကဲအား ဝိုင်းဝန်းတိုက်ခိုက်မည့်အကြောင်းကို သူတို့ သိထားပြီးဖြစ်သည်။
နောက်ပိုင်းတွင် ထာဝရရှင်သန်ခြင်းအမတဂူမှ ကြွင်းကျန်အမတများသည် စူးချန်ကဲရှိရာသို့ မသွားရောက်နိုင်ခြင်းမှာ သူတို့၏တားဆီးမှုကြောင့်ပင် ဖြစ်သည်။
လက်ရှိတွင် ဖြစ်ပွားနေသော ကြီးကြီးမားမား လှုပ်ရှားမှုအရ ၊ စူးချန်ကဲသည် အမတလျှောက်လှမ်းတံခါးကို ဖွင့်လှစ်နိုင်ခဲ့မှန်း တန်းသိနိုင်သည်။
ထိုအကြောင်းကို တွေးမိတိုင်း ၊ ၎င်းတို့အားလုံးသည် အားရကျေနပ်သော အပြုံးများဖြင့် ရှိနေကြသည်။
စူးချန်ကဲသည် သူတို့ တွေးထားသည်ထက် ပို၍ အားကောင်းမှန်း သိသာထင်ရှားပေသည်။
ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးနောက်၊ သူတို့အားလုံးသည် အခြားသော အမတလျှောက်လှမ်းတံခါးများဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးသည် နေရာတိုင်းတွင် ဖြစ်ပွားနေသည်။
အမတလျှောက်လှမ်းတံခါးသည် အမတ တစ်ဦး ဖြစ်လာရန် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။
ပထမဆုံးသော စစ်မှန်အမတ ထွက်ပေါ်လာသည်နှင့် ၊ ဤကမ္ဘာလောကကြီးသည် ပြီးပြည့်စုံသော ကမ္ဘာလောကကြီးတစ်ခု ဖြစ်လာပေတော့မည်။
………..
တစ်ချိန်တည်းမှာပင် ။
စူးချန်ကဲသည် သူ၏လက်နှစ်ဖက််ဖြင့် တံခါးကို ဆက်တိုက် တွန်းထုတ်နေခဲ့ပြီး၊ အဆုံးတွင် မူလက ခိုင်မာတောင့်တင့်စွာဖြင့် ရှိနေခဲ့သော တံခါးကြီးမှာ လုံးဝ ပွင့်သွားခဲ့သည်။
ဝုန်း !!
နှစ်ပေါင်းမည်မျှကြာမှန်း မသိ ငြိမ်သက်နေခဲ့သော အမတလမ်းစဉ်၏ စွမ်းအားသည် ရေကာတာကျိုးပေါက်သွားသကဲ့သို့ စူးချန်ကဲဆီသို့ ပြိုဆင်းလာခဲ့သည်။
အဆိုပါစွမ်းအားသည် စူးချန်ကဲ၏ခြေလှမ်းကို တားဆီးလိုသော ထူးခြားဆန်းကြယ်သည့် အတားအဆီးတစ်ခုနှင့်တူသည်။ ပြောစရာပင် မလိုချေ။ ယင်းအတွင်းသို့ ဝင်ရောက်လိုပါက ၊ ကြီးမားသောဖိအားကို ရင်ဆိုင်ကျော်လွှားရပေမည်။
လုံလောက်သော ကြံ့ခိုင်မှုမရှိပါက ၊ အမတလျှောက်လှမ်းတံခါးအတွင်းသို့ ဝင်ရောက်ရန် အရည်အချင်းမရှိပေ။
အတင်းအကျပ်ဝင်ရောက်ပါက၊ ပြာချခံရမည်မှာ ဧကန်မလွဲပင် ။
အမတလျှောက်လှမ်းတံခါးအတွင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်သူများသည် မဟာလမ်းစဉ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရမည်။ သို့မဟုတ်ပါက၊ ဟောက်ယွဲ့ရှန်း သူတို့ကဲ့သို့ အဆုံးသတ်မျိုး ဖြစ်သွားနိုင်သည်။ ပြီးပြည့်စုံသော အမတကိုယ်ထည်ကို မဖွဲ့စည်းနိုင်ပါက ၊ ထူးဆန်းသော သတ္တဝါကောင်အဖြစ် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
စူးချန်ကဲသည် အမတလျှောက်လှမ်းတံခါးအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ် ၊
ဝုန်း !!
သူ၏နောက်ကျောဘက်တွင် ကျယ်လောင်သော လေခွင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းတစ်ခုသည် စူးချန်ကဲ၏ အနောက်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။
နောက်ကွယ်က လက်မည်းကြီးပေါ်ထွက်လာပြီမှန်း သူသိလိုက်သည်။
ထိုစွမ်းအားကို ခံစားမိလိုက်သည့် အခိုက်အတန့်တွင် ၊ စူးချန်ကဲသည် သူ၏ညာလက်သီး၌ နတ်ဘုရားစွမ်းအားများကို စုစည်းလိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်သည်။
ဝုန်း !!
တောက်ပသောလက်သီးအလင်းနှင့် ရိုက်ခတ်လာသော အနက်ရောင် အလင်းလှိုင်းများ ပြင်းထန်စွာ တိုက်မိကြရာ ၊ အဖြူအမည်း အလင်းလှိုင်းများသည် နေရာအနှံ့ ပျံ့နှံရိုက်ခတ်သွားသည်။
စူးချန်ကဲသည် အမတလျှောက်လှမ်းတံခါးကို တွန်းဖွင့်ရာတွင် သူ၏စွမ်းအင်များကို ထပ်မံသုံးစွဲခဲ့ရသဖြင့် ၊ ဤတိုက်ခိုက်မှုတွင် မတော်တဆထိခိုက်မိကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
သို့သော် စူးချန်ကဲအနေဖြင့် ကောင်းကောင်း မတ်တပ်ရပ်မရသေးခင် ၊ နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝုန်း !
ထိုစဉ် အမှောင်လှိုင်းတံပိုးများထဲမှ အရိပ်မည်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ စူးချန်ကဲ၏ ဦးခေါင်းအထက်တွင် ပစ်လွှတ်လိုက်သော မြှားတံစင်းသဖွယ် ရောက်ရှိလာခဲ့သည်။
“ ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတတ်၊ ဖွင့်!”
ရှစ်ထျန်းတိ့သည် ထွက်ပေါ်လာသည်နှင့် တစ်စက္ကန့်မျှ မနှောင့်နှေးဘဲ စူးချန်ကဲအား တစ်ရှိန်ထိုး ချေမှုန်းရန် စီစဉ်လိုက်သည်။
သူ၏လက်မောင်းကို ဆန့်တန်းလိုက်သည်နှင့်၊ အာကာသ ဟင်းလင်းပြင်သည် တဖြည်းဖြည်းအက်ကွဲလာပြီးနောက် မရေမတွက်နိုင်သော အမှောင်ထုမျက်လုံးများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအမှောင်ထု မျက်လုံးများ ကျရောက်လာသည်နှင့် တပြိုင်နက် ၊
ဘုန်း ! —
အဖျက်သဘောဆောင်သော အလင်းတန်းများ ထိုးဖောက်ဝင်ရောက်လာပြီး ၊ စူးချန်ကဲ၏ ဦိးခေါင်းတည့်တည့် ကျရောက်လာခဲ့သည်။
အပိုင်း(၅၈၄): အမှောင်ထု မှော်ပုလင်း
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ရှစ်ထျန်းတိ့သည် လိမ္မာပါးနပ်လွန်းသည်။
သူသည် ယခင်ကတိုက်ပွဲတွင် အင်အားအများအပြား သုံးစွဲခဲ့ရသည်။ မဟာလမ်းစဉ် လက်ဖက်ရွက်၏ ကျေးဇူးဖြင့် ပြန်လည်အားဖြည့်နိုင်ခဲ့သော်လည်း ၊ မူလစွမ်းအားများနှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားသည်။
ထို့အပြင် ၊ အမတလျှောက်လှမ်းတံခါးကို ဖွင့်လှစ်ရန်အတွက် သူသည် စွမ်းအင်အများအပြားကို ထပ်မံသုံးစွဲခဲ့ရပြီး ယခုအချိန်တွင် သူ့အတွက် အားအနည်းဆုံးအချိန်ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း စူးချန်ကဲသည် ခြေလှမ်းကို ခိုင်မြဲစွာချကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
သဏ္ဍာန်မဲ့ ဓားစွမ်းအင်မုန်တိုင်းတစ်ခုသည် သူ၏လက်ဝါးထဲ၌ စုဝေးဖြစ်တည်လာခဲ့သည်။
“ ဓားတစ်လက်မှ ဗလာအဖြစ်သို့!”
စူးချန်ကဲ၏ စကားသံအပြီးတွင် ၊
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကိုဖြတ်သန်း၍ လောကတစ်ခုလုံးကို ထွန်းတောက်လျက်ရှိသော ဓားသက်တံ့ရောင်စဉ်တန်းသည် အမတလျှောက်လှမ်းတံခါးရှေ့၌ ချက်ချင်းလက်ငင်းထွက်ပေါ်လာသည်။
ဝုန်း !
နေ့အလင်းသဖွယ် တောက်ပနေသော အမတဆိုင်ရာ နတ်အလင်းများကြား ၊ အဆုံးမရှိသော ဓားအလင်းတန်းနှင့် တိုးဝှေ့ရိုက်ခတ်လာသော အနက်ရောင် လှိုင်းတံပိုးများသည် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
သို့သော်လည်း ၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်ဖြစ်သော်ငြား ၊ ၎င်းသည် ရှစ်တိ့ထျန်း၏ တိုက်ခိုက်မှုကို ချေမှုန်းနိုင်ခြင်း မရှိခဲ့ပေ။
ရိုက်ခတ်လှုပ်ရှားနေသော အနက်ရောင်လှိုင်းတံပိုးများနှင့် ဓားစွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည့်အချိန်တွင် ၊
ကောင်းကင်ကြီးကိုပင် ဝါးမျိုနိုင်သော မြွေကြီးတစ်ကောင်နှင့် ဆင်တူသော အနက်ရောင် လှိုင်းတံပိုးများသည် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်များကို အစုလိုက်အပြုံလိုက် ဝါးမျိုချရန် ဟန်ပြင်နေခဲ့သည်။
“ ဝါးမျိုခြင်း စွမ်းအား….!?”
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။ ဤတစ်ကြိမ်တွင် အသုံးပြုခဲ့သော ရှစ်တိ့ထျန်း၏ နတ်ဆိုးစွမ်းအားသည် အလွန်ပင် ထူးဆန်းနက်နဲလှသည်။
သူ၏တိုက်ခိုက်မှုကို ချေမှုန်းနိုင်ရုံသာမက ၊ ဓားစွမ်းအင်ကိုပါ ဝါးမျိုချနိုင်သည်။
စုပ်ယူ သူတော်စင် ခန္ဓာကိုယ်နှင့် မတူသောအချက်မှာ ဤနတ်ဆိုးစွမ်းအား အနက်ရောင်လှိုင်းတံပိုးများသည် အတော်လေးကို ထူးဆန်းနေခြင်းပင်ဖြစ်သည်။
သူ၏ဓားစွမ်းအင်ကို မျိုချဖျက်ဆီးပြီးသည်နှင့် ချက်ချင်းဆိုသလို နတ်ဆိုးစွမ်းအား၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်းပစ်ခဲ့ပြီး ၊ ပြောင်းလဲပြုပြင်ရန်ပင် မလိုအပ်ခဲ့ပေ။
“စူးချန်ကဲ မင်းက တကယ့်ကို စွမ်းအားကြီးမားတယ်ဆိုတာ ငါဝန်ခံတယ် “
“ ဒါပေမဲ့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင် “
ရှစ်ထျန်းတိ့သည် နောက်ထပ်အချိန်မဆွဲတော့ဘဲ အစွမ်းကုန် တိုက်ခိုက်လာခဲ့ပြီး စူးချန်ကဲကို အပြီးအပိုင် မျိုချဖျက်ဆီးရန် ဆုံးဖြတ်လိုက်သည်။
ဝီ——!!
ချက်ချင်းဆိုသလို ၊ ရှစ်ထျန်းတိ့၏ မျက်ဝန်းများသည် မည်းနက်သွားသည်။
ယင်းအတွင်း၌ မှောင်မိုက်သော နတ်ဆိုးစွမ်းအား အလင်းတန်းများသည် ပြင်းထန်စွာ ရိုက်ခတ်လှုပ်ရှားနေသည်ကို မြင်တွေ့နိုင်သည်။
မှောင်မိုက်သော နတ်ဆိုးစွမ်းအားပင်လယ်၏ လှိုင်းထန်မှုနှင့်အတူ၊ ရှစ်ထျန်းတိ့ကို ဗဟိုပြုထားသော အာကာသ ဟင်းလင်းပြင်သည်ပင် တဖြည်းဖြည်း ပျက်စီးယိုယွင်းကာ ရွဲ့စောင်းလာခဲ့သည်။
သူ၏နောက်ကျောဘက်တွင် နတ်ဆိုးတစ်သိုက် ကခုန်နေသကဲ့သို့ ထူးခြားဆန်းကြယ်သော အသွင်ပုံရိပ်များ ထွက်ပေါ်လာပြီး လောကကြီးကို အန္တရာယ်ပြုနေပုံရသည်။
အမတလျှောက်လှမ်းတံခါးကြီး တည်ရှိရာနေရာတွင် အမတဆိုင်ရာ နတ်အလင်းများ၏ လွှမ်းခြုံမှုကြောင့် ထိန်လင်းတောက်ပနေပြီး ၊ ရှစ်တိ့ထျန်း တည်ရှိရာနေရာတွင် မှောင်မိုက်သော နတ်ဆိုးအလင်းတန်းများက ကြမ်းတမ်းစွာ ရိုက်ခတ်လှုပ်ရှားနေသည်။
ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းသည် လူတို့အား ပြင်းထန်သော အမြင်အာရုံကို ခံစားရစေသည်။
၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။
အမတ ပြည်နယ် နှင့် နတ်ဆိုးချောက်နက်တို့ ထိပ်တိုက် ရင်ဆိုင်နေကြသလိုပင်။
“ အမှောင်ထု မှော်ပုလင်း ၊ ထွက်ပေါ်စေ!”
ရှစ်ထျန်းတိ့သည် အော်ဟစ်လိုက်ပြီး ၊ သူသည် သက်ညှာခြင်းမရှိ စွမ်းအားများကို အပြည့်အဝထုတ်လွှတ်လိုက်သည်။
အနက်ရောင် အလင်းတန်းသည် အထက်ကောင်းကင်တွင် ထွန်းလင်းတောက်ပလာပြီး၊ ယင်းမှ ပေါ်ထွက်လာသော ထောင်ပေါင်းများစွာသော မှော်နက်သင်္ကေတများသည် တဖြည်းဖြည်း ပေါင်းစည်းသွားကြသည်။
ဝီ!!
အဆုံးမရှိသော အနက်ရောင်လှိုင်းတံပိုးများကြား ၊ ထူးဆန်းသော စွမ်းအားများ ဖြာထွက်နေသည့် မှော်ပုလင်းတစ်လုံး ထွက်ပေါ်လာသည်။
ထိုထူးဆန်းသော မှော်ပုလင်းထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ၊ ပုလင်းအဝ နေရာ၌ စကြဝဠာ ချောက်နက်ကြီးနှင့် တူသော တွင်းနက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝီ !!!
လင်းလက်တောက်ပပြီး အေးစက်လွန်းသည့် အနက်ရောင် အလင်းတန်းများနှင့်အတူ ၊ ယင်းအတွင်းမှ လောကရှိ နိယာမတရားအားလုံးနှင့် သက်ရှိသတ္တဝါအပေါင်းတို့ကို ဝါးမြိုပစ်န်ိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
“ဒါက....”
စူးချန်ကဲသည် မိမိဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားနိယာမများသည် ရူးသွပ်စွာ စုပ်ယူခံနေရသည်ကို ခံစားလိုက်ရသည်။
ထိုကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားသည် ကြီးမားသော လက်တစ်စုံကဲ့သို့ သူ့ကို မှော်ပုလင်းထဲသို့ ဆွဲခေါ်နေသည်။
ထို့အပြင်၊ အမတလျှောက်လှမ်းတံခါး မှ ထွက်ပေါ်လာသော အမတဆိုင်ရာ နတ်အလင်းများသည်ပင် ထိုကြီးမားသော စုပ်ယူစွမ်းအားကို မရှောင်တိမ်းနိုင်ခဲ့ပေ။
မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ၎င်းတို့သည်လည်း မှော်ပုလင်းထဲသို့ စုပ်ယူခံခဲ့ရသည်။
“ဟေး.... ဆက်ပြီးခုခံမနေနဲ့တော့ “
အနိုင်ရပြီဟု ယုံကြည်နေသော ရှစ်ထျန်းတိ့သည် ရယ်မောကာ ဆိုလိုက်သည်။
“ အခုချိန် မင်း ငါ့လက်အောက်မှာ အညံ့ခံဖို့ဆန္ဒရှိတယ်ဆိုရင် ၊ မင်းရဲ့ ဝိညာဉ်ကို သက်ညှာပေးဖို့ စဉ်းစားပေးမယ် “
အမှောင်ထု မှော်ပုလင်းသည် ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတက်ကို အပြည့်အဝ အသက်သွင်းနိုင်မှသာလျှင် ရုပ်လုံးပေါ်နိုင်သော ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးလက်နက်ဖြစ်သည်။
၎င်းသည် လောကရှိ မူလရင်းမြစ် စွမ်းအားအမျိုးမျိုးကို မျိုချနိုင်ရုံသာမက၊ ဝိညာဉ်နှင့် ရုပ်ခန္ဓာအပါအဝင် မည်သည့်အရာကိုမဆို မျိုချနိုင်သည်။
ရှစ်ထျန်းတိ့သည် ဝါးမျိုခံရသူတိုင်းကို သူ၏ နတ်ဆိုးရုပ်သေးအဖြစ် ပြောင်းလဲနိုင်ရုံသာမက ၊ သူ၏ကျွန်အဖြစ်ပင် ထားရှိနိုင်သည်။
သူ၏အမြင်တွင်၊ စစ်ပွဲကြီးအပြီး ပြန်လည်မသက်သာသေးသော်လည်း စွမ်းအင်အများအပြား သုံးစွဲကာ အမတလျှောက်လှမ်းတံခါး ကို ဖွင့်လှစ်ခဲ့သော စူးချန်ကဲသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ဦးမည်ဆိုတောင် ၊
ဤအမှောင်ထု မှော်ပုလင်းကို ရင်ဆိုင်ရချိန်တွင် ၊ စူးချန်ကဲအနေဖြင့် အဆုံး၌ လက်နက်ချရန်မှတပါး ရွေးချယ်စရာရှိမည်မဟုတ်။
သူသည် ထပ်မံပြီး လှောင်ပြောင်စကားပြောရန် ဟန်ပြင်လိုက်စဉ် ၊ စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် နက်နဲသော အဓိပ္ပာယ်ရှိသည့် အပြုံးတစ်ခု လှစ်ခနဲ့ပြေးဖြတ်သွားသည်ကို မြင်လိုက်ရသည်။
သူ၏အကြံအစည်သည် အောင်မြင်သွားသည့်အတိုင်း လူယုတ်မာအပြုံးကြီးဖြင့် ရှိနေသည်။
“ဒါက မင်းဂုဏ်ယူရတဲ့ နောက်ဆုံးလက်နက်လား”
“ဒါဆိုရင်တော့ ဒီနေရာမှာပဲ အဆုံးသတ်သင့်ပြီ”
စူးချန်ကဲ၏ မျက်ဝန်းထဲ၌ နက်နဲဆန်းကြယ်သော တာအိုစည်းချက်များ သက်ဝင်စီးဆင်းနေပြီး ၊ နေ လ နှင့် ကြယ်တာရာများ၏ အလှည့်အပြောင်း ၊ ကောင်းကင်နှင့်မြေကြီး၏ မွေးဖွားခြင်းနှင့်သေဆုံးခြင်းသံသရာ ၊ စကြဝဠာ ချုပ်ငြိမ်ခြင်းနှင့် မွေးဖွားခြင်းတို့ကို ထုတ်ဖော်ပြသနေသည်။
“ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် ၊ ဖွင့် ! “
သူ၏စကားအဆုံးတွင် ၊
ဝုန်း ——!!
နက်နဲဆန်းကြယ်သော စွမ်းအားတစ်ခုသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး မိုးကောင်းကင်ဆီသို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။
အဆုံးမရှိသော မဟာလမ်းစဉ်၏ အမှတ်အသားများသည် ပြိုးပျက်စွာတောက်ပနေသော ရောင်စုံအလင်းကန့်လန့်ကာအဖြစ် ပြောင်းလဲသွားခဲ့ပြီး နေရာအနှံ့ ဖြန့်ကျက်သွားသည်။
ရောင်စုံအလင်းကန့်လန့်ကာ၏ ဖုံးလွှမ်းမှုအောက်တွင် ရှိနေသော ဧရိယာတိုင်းသည် သူ၏ကိုယ်ပိုင်နယ်မြေအဖြစ်သို့ ဆွဲသွင်းခံလိုက်ရသည်။
တိုးဝှေ့ရိုက်ခတ်နေသော အမတဆိုင်ရာ နတ်အလင်းများနှင့် ဟိန်းဟောက်နေသော နတ်ဆိုးစွမ်းအင်မြစ်တို့၏ လှုပ်ရှားမှုများသည် ချက်ချင်းလက်ငင်း ရပ်တန့်သွားကြသည်။ အဆိုပါ ထူးဆန်းနက်နဲသော စွမ်းအား၏ သက်ရောက်မှုကြောင့် ဤနေရာရှိ အာကာသ ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားပုံရသည်။
ဟူး‼
ထိုနည်းတူ၊ ထောင်ပေါင်းများစွာသော ရှေးဦး ခရမ်းရောင်စဉ်များသည် ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး နဂိုကတည်းက ရပ်တန့်နေသော အာကာသတစ်ခုလုံးကို လုံးဝချုပ်နှောင်ပစ်လိုက်သည်။
ရှစ်ထျန်းတိ့၏နှုတ်ခမ်းထောင့်တွင် သရော်သော အပြုံးတစ်ခုကို ယခုထိတိုင် ချိတ်ဆွဲထားသော်လည်း ၊ သို့သော် အတော်လေး အံ့အားသင့်စရာကောင်းသော ကိစ္စတစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သို့သော်၊ ရှစ်ထျန်းတိ့သည် ယခင်ကကဲ့သို့သော လူများနှင့်မတူပေ။ ဥပမာအားဖြင့် ယခင်က လူများသည် စူးချန်ကဲ၏ တိုက်ခိုက်မှုအောက်တွင် နည်းနည်းမျှ လှုပ်ရှားမရခဲ့ပေ။
ရှစ်ထျန်းတိ့၏ စွမ်းအားသည် ၎င်းတို့ထက် များစွာသာလွန်ပြီး ၊ ယခုလို အေးခဲသွားသော အခြေအနေထဲမှာတောင် သူသည် အနည်းငယ်လှုပ်ရှားနိုင်ဆဲပင် ဖြစ်သည်။
သို့သော်လည်း ၊ သူ၏ရွေ့လျားနိုင်စွမ်းသည် ခရုထက်ပင် နှေးကွေးလွန်းသည်။
အမှန်အတိုင်းဆိုရလျှင် ၊ ဤသည်မှာ အချိန်နှင့် အာကာသတို့က အေးခဲသွားခြင်း မဟုတ်ဘဲ မဟာလမ်းစဉ်၏ အလွန်ပြင်းထန်သော ဖိနှိပ်မှုတစ်ခုသာ ဖြစ်သည်။
အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအားများ ဆင်းသက်လာချိန်တွင်၊ ဤနေရာရှိ နိယာမများသည် ချုပ်ကိုင်ခံလိုက်ရခြင်းကြောင့် အချိန်နှင့်အာကာသတို့သည် အေးခဲသွားသည့်ပုံစံပေါက်နေခြင်း ဖြစ်သည်။
အနည်းငယ်လှုပ်ရှားနိုင်သေးသော ရှစ်ထျန်းတိ့ကို မြင်တော့ စူးချန်ကဲသည် ပြုံးကာ ဆိုလိုက်သည်။
“ ရှစ်ထျန်းတိ့ ခင်ဗျားက တကယ့်ကို စွမ်းအားကြီးမားတယ်ဆိုတာ ကျုပ်ဝန်ခံတယ် “
“ ဒါပေမဲ့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင် “
စူးချန်ကဲ၏စကားသည် ယခင်က ရှစ်ထျန်းတိ့၏စကားကို နမူနာယူထားခြင်းဖြစ်သည်။
ဤအပြုအမှုသည် တဖက်လူကို စော်ကားရာရောက်ပြီး ၊ ရှစ်ထျန်းတိ့အဖို့ ပါးရိုက်ခံလိုက်ရသလိုပင်။
ရှစ်ထျန်းတိ့၏ မည်းနက်သော မျက်ဝန်းအစုံ၌ အဆုံးမရှိသော အမျက်ဒေါသများ တဟုန်းဟုန်း တောက်လောက်လျက်ရှိသည်။
စူးချန်ကဲသည် အစွမ်းထက်ဆုံးသော ဝှက်ဖဲကို သူ့အတွက်ချန်ထားမှန်း နောက်ဆုံးတော့ သူ သိလိုက်ရချေပြီ။