အခန်း (၅၇၅-၅၇၉)
Vol. 43 Ch. 575-579
အပိုင်း(၅၇၅): အမတ အတတ် ! ကောင်းကင်အလင်း
တောင်တန်းကိုးစင်း ထွက်ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် ဤနေရာရှိ နတ်အလင်းရောင်တို့သည် အဆုံးစွန်ထိ တွန်းပို့ခံရကာ ထိန်လင်းတောက်ပသွားသည်။
တသိမ့်သိမ့် ရိုက်ခတ်နေသော မိုးကြိုးပင်လယ်နှင့် ထိန်လင်းတောက်ပနေသော တောင်တန်းအလင်းနှင့် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ၊ ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် မိုးကြိုးပင်လယ် တစ်ခုလုံး ကွဲအက်သွားသည်။
ထို့အပြင် ၊ စူးချန်ကဲ၏ထိုးစစ်မှာ မပြီးသေးချေ။
စူးချန်ကဲ၏ လက်သီးလှုပ်ရှားမှုများသည် နဂါးဟိန်းသံကဲ့သို့ ခမ်းနားပြီး ၊ လက်သီးလက်ဝါး ပြောင်းလဲလှုပ်ရှားမှုများသည် ရေစီးသဖွယ် ချောမွတ်ပြေပြစ်လှသည်။
ဝုန်း!!
သူ၏ တိုက်ခိုက်မှုနှင့်အတူ ၊ ကောင်းကင်ယံထက်ဝယ် မြင့်မားဆန်းကြယ်လှသော တောင်တန်းကိုးစင်းသည်လည်း လိုက်လံ၍ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံများကို ထုတ်လွှတ်နေခဲ့သည်။
တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ပေါက်ကွဲသံသည် တစ်ကမ္ဘာလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ၊ အာကာသ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အလင်းလှိုင်း ပေါက်ကွဲမှုသည် မိုးကြိုးပင်လယ်ကို လုံးလုံးလျားလျား ကြေမွသွားစေခဲ့သည်။
“ ဒီကောင် ဒီလောက်ထိ အရည်အချင်းရှိမယ်လို့ ထင်မထားဘူး...!”
မိမိ၏ တိုက်ခိုက်မှုသည် ဖြိုခွင်းခံလိုက်ရသည်ကို မြင်ပြီးနောက် ၊ ဟောက်ယွဲ့ရှန်း၏ အမူအရာသည် မည်းမှောင်သွားသည်။ စူးချန်ကဲ၏ စစ်မှန်သော ခွန်အားသည် သူမျှော်မှန်းထားသည်ထက်ပင် ကြီးမားနေသည်။
“အမ်... ငါပဲမျက်စိမှားသလား ၊ ဟောက်ယွဲ့ရှန်း လူကြီးမင်းရဲ့ တိုက်ခိုက်မှုကိုတောင် ဖြေရှင်းနိုင်တယ်ပေါ့....?”
“ဒီကောင် တကယ်ပဲ ဘယ်သူလဲ၊ ဟောက်ယွဲ့ရှန်း လူကြီးမင်းကို ဘယ်လိုလုပ်ပြီး လက်ရည်တူ ယှဉ်ပြိုင်နိုင်တာလဲ....?”
“ဒီကောင်လေးရဲ့ ကာယစွမ်းအားက တကယ့်ကို ထူးခြားတယ် ... သူက ဒဏ္ဍာရီလာ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပုံရတယ်...!”
“……..”
ဘေးကနေ ကြည့်ရှုနေသော ကြွင်းကျန်အမတများက အမျိုးမျိုးဆွေးနွေးနေကြသည်။
တစ်ချိန်တည်းမှာပင်၊ သူတို့သည် ရှုပ်ထွေးသော အကြည့်များဖြင့် ဟောက်ယွဲ့ရှန်းကို ကြည့်နေကြသည်။
ထာဝရရှင်သန်ခြင်း အမတဂူ၏ အသန်မာဆုံးသူတစ်ယောက်အနေဖြင့် ၊ သူသည် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်သော်ငြားလည်း အဘယ့်ကြောင့် လူသားလမ်းစဉ် ကျင့်ကြံသူကို အနိုင်မယူနိုင်သနည်း။
စူးချန်ကဲသည် သူ့ထက်ပင် အားကောင်းနေလေသလော သို့မဟုတ် မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း ဟောက်ယွဲ့ရှန်း၏ စွမ်းအားများသည် ကျဆင်းသွားခဲ့လေသလော။
သူ့အနီးနားရှိလူများ၏အကြည့်များကို ခံစားလိုက်ရသဖြင့် ဟောက်ယွဲ့ရှန်းသည် အဆုံးစွန်ထိ ပေါက်ကွဲရန်ပြင်ဆင်ထားပြီး ဖြစ်သည်။
အကယ်၍ သူသာ စူးချန်ကဲကို မသတ်နိုင်ခဲ့ပါက ၊ ဤခေတ်ကာလများတစ်လျှောက် သူတည်ဆောက်ထားခဲ့သော ဂုဏ်ကျက်သရေမှာ ကွယ်ပျောက်သွားပေတော့မည်။
“ အမတ အတတ် ! ကောင်းကင်အလင်း!”
ဝီ!!
၎င်း၏ဟောက်သံနှင့်အတူ၊ သန်းပေါင်းများစွာသော အမတဆိုင်ရာ အလင်းစွမ်းအားမျှင်များသည် သူ၏ ခန္ဓာကိုယ်ထဲ၌ စုဝေးသွားကြသည်။
အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ဟောက်ယွဲ့ရှန်း၏ သြဇာလွှမ်းမိုးမှုအောက်တွင် ၊ ပို၍ သိပ်သည်းလာကာ သိမ်မွေ့နက်နဲသော အလင်းများ ပေါ်ထွန်းလာသည်။
မကုန်ခမ်းနိုင်သော အလင်းတန်းများသည် စူးချန်ကဲ၏ ဘေးတစ်ဝိုက်တွင် ဖြည်းညှင်းစွာ ရောယှက်လာကြပြီး ၊ ထိုအခိုက်အတန့်တွင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုအဖြစ် စုဝေးသွားသည်။
ဤသည်မှာ ဟောက်ယွဲ့ရှန်းသည် သူ၏ အမတကိုယ်ထည်ကို ဖွဲ့စည်းနိုင်ခဲ့စဉ်က နားလည်သဘောပေါက်ခဲ့သော ပင်ကိုယ်မှော်စွမ်းအားများထဲက တစ်ခုဖြစ်သည်။
သို့သော် သူ၏ခန္ဓာကိုယ်သည် မပြီးပြည့်စုံသေးသော ခန္ဓာကိုယ်ဖြစ်သောကြောင့် ၊ သူ ဆင့်ခေါ်လိုက်သော မဟာလမ်းစဉ်၏ ပင်ကိုယ်မှော်စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်ထိ မရောက်ရှိသေးပေ။
မည်သို့ပင်ဖြစ်စေ ၊ ၎င်းသည် အမတနယ်ပယ်အဆင့် ရှိသော မှော်ပညာအတတ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ၊ အံ့အားသင့်ဖွယ်ရာ ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
“လာစမ်း !”
ဟောက်ယွဲ့ရှန်း၏ ရွတ်ဆိုသံအပြီးတွင်၊ ကြီးမားထည်ဝါသော နတ်အလင်းတန်းများသည် အရာအားလုံးကို ချေမှုန်းပစ်နိုင်သည့် ပြင်းထန်သော ဆူနာမီလှိုင်းသဖွယ် ကျရောက်လာခဲ့သည်။
“ဒီအဆင့်လောက်နဲ့ အမတအတတ်တဲ့လား?”
စူးချန်ကဲသည် ဂရုမစိုက်သော လေသံဖြင့် ဆိုလိုက်သည်။ သူသည် မလှုပ်မယှက် ရပ်နေဆဲပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ အသွင်ပုံရိပ်သည် ကောင်းကင်ကြီးပမာ ကြီးမားထည်ဝါသော အလင်းလှိုင်းတံပိုးများအောက်တွင် အလွန်တရာမျှ သေးငယ်ပုံပေါက်ပေသည်။
သူ၏ မျက်လုံးများက ကြီးမားထည်ဝါသော အလင်းလှိုင်းသမုဒ္ဒရာကြီးကို စူးစိုက်ကြည့်နေပြီး၊ သူသည် နောက်ဆုတ်သွားခြင်းမရှိ ရှေ့တစ်လှမ်းတိုးလိုက်သည်။
စူးချန်ကဲသည် ယခုထိတိုင်း အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို အသုံးပြုရန် ရည်ရွယ်ချက်မရှိပေ။
အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နှင့် မိမိ၏လျို့ဝှက်ကိုယ်ထည်သည် သူ့အတွက် အကြီးမားဆုံးသော ဝှက်ဖဲများပင် ဖြစ်သည်။
ယခု သူသည် သူတော်စင်ကိုယ်ထည် နှစ်မျိုး၏ စွမ်းအားများကို အလွန်အကျူးသုံးစွဲထားပြီး ဖြစ်ရာ ၊ သူ့အနေဖြင့် ကျန်ရှိနေသော ခုနှစ်ဦးကို ကိုင်တွယ်ရန် အခက်အခဲရှိသည်။
ထို့အပြင်၊ စူးချန်ကဲ၏ စိတ်ထဲတွင် ရှစ်တိ့ထျန်းသည် သူ၏လုပ်ဆောင်ချက်တိုင်းကို ချောင်းမြောင်းကြည့်ရှုနေသည် ဟူသော ခံစားချက်မျိုး ရှိနေသည်။
“ချန်ရှန်းတာအိုအရိုး၊ ဖွင့်!”
စိတ်ထဲတွင်ဆုံးဖြတ်ပြီးနောက်၊ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် သူ၏ရင်ဘတ်နေရာမှ ထိန်လင်းတောက်ပနေသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
သက်ဝင်လှုပ်ရှားနေသော ရှေးမှော်အက္ခရာများမှ အဖြူအမည်း စွမ်းအင်နှစ်မျိုး ပေါင်းစပ်နေသည်ကို မြင်တွေ့နေရသည်။
အမည်းရောင်အလင်းသည် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာကောင်းသော နတ်ဆိုးစွမ်းအင်ကို ထုတ်ဖော်ပြသနေသည်။
အဖြူရောင်အလင်းသည် တောက်ပလွန်းသော နတ်ဘုရားတို့၏ အလင်းတန်းများအဖြစ် ထုတ်ဖော်ပြသနေသည်။
ဤသည်မှာ စူးချန်ကဲ၏ သူတော်စင်ကိုယ်ထည်များထဲမှ အုပ်စိုးရှင်ဘုရင်ခန္ဓာတစ်ခု ဖြစ်သည့် ချန်ရှန်းတာအိုအရိုးပင် ဖြစ်သည်။
စူးချန်ကဲ၏ ကျင့်ကြံစွမ်းအားများသည် တဟုန်ထိုး တတ်လာသည်နှင့် ၊ ချန်ရှန်းတာအိုအရိုးသည်လည်း နတ်ဘုရားလမ်းစဉ် (အမတလမ်းစဉ်) နှင့် နတ်ဆိုးလမ်းစဉ်တို့၏ မှော်သင်္ကေတများကို ဖွဲ့စည်းတည်ဆောက်နေပုံရသည်။
စူးချန်ကဲ၏ အဆိုပါစွမ်းအားကို မြင်လိုက်ရသည်နှင့် ၊ အမှောင်ထဲတွင် တိတ်တဆိတ်ကြည့်ရှုနေခဲ့သော ရှစ်တိ့ထျန်းသည် မျက်မှောင်ကြုတ်သွားသည်။
“ ဒါက... နတ်ဘုရားနဲ့ နတ်ဆိုး စွမ်းအင် ပေါင်းစပ်ထားတဲ့ စွမ်းအားလား...!?”
မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ နေထိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ၊ နတ်ဘုရားလမ်းစဉ် (အမတလမ်းစဉ်) နှင့် နတ်ဆိုးလမ်းစဉ်၏ စွမ်းအားများကို သူသည် အလွန်နက်ရှိုင်းစွာ နားလည်ထားသူဖြစ်သည်။
စူးချန်ကဲ၏ ရင်ဘတ်မှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားထဲ၌ နတ်ဘုရားနှင့် နတ်ဆိုးတို့ ၏စွမ်းအင်များသည် အနည်းငယ်မျှသာ ပါဝင်သော်လည်း ၊ သို့သော် အချိန်အနည်းငယ်ပေးရုံဖြင့် စူးချန်ကဲသည် နတ်ဘုရားနှင့်နတ်ဆိုးတို့၏ စွမ်းအားများကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ပေလိမ့်မည်။
နတ်ဘုရားနှင့်နတ်ဆိုးတို့၏ ပူးပေါင်းစွမ်းအား ဆိုသည်မှာ အဘယ်နည်း။
၎င်းသည် အမတလမ်းစဉ် မှော်အတတ်များနှင့် နတ်ဆိုးလမ်းစဉ် မှော်အတတ်များကို ထိန်းချုပ်အသုံးပြုနိုင်သည်။
နတ်ဘုရားနှင့် နတ်ဆိုးတို့၏စွမ်းအားများကို ပေါင်းစပ်ဖွဲ့စည်းနိုင်သူသည် အမတလမ်းစဉ်ဆိုင်ရာ အတတ်ပညာများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရုံသာမက၊ အလွန်အားကောင်းသော နတ်ဆိုးလမ်းစဉ် မှော်အတတ်များကိုလည်း ဆန့်ကျင်ဘက်မဖြစ်စေဘဲ လွတ်လပ်စွာ ကျင့်သုံးနိုင်သည်။ ဆိုလိုသည်မှာ အမတ အတတ်နှင့် နတ်ဆိုးအတတ် နှစ်မျိုးစလုံးကို တပြိုင်နက်တည်း ကျင့်သုံးနိုင်ခြင်း ဖြစ်သည်။
“ငါသာ ဒိီကောင်လေးရဲ့ ရင်ဘတ်ထဲက အဲ့ဒီတာအိုအရိုးကို ထုတ်ယူပြီး ၊ ငါ့ရဲ့ နတ်ဆိုးနှလုံးပါတဲ့ ရုပ်သေးခန္ဓာနဲ့ ပေါင်းစပ်လိုက်ရင်...”
ရှစ်တိ့ထျန်း၏ မျက်လုံးထဲတွင် တပ်မက်မက်မောမှုများ ထွက်ပေါ်လာခဲ့သည်။
“ အဲ့လိုသာ အမတနယ်မြေရဲ့ ပြိုင်ဘက်ကင်း ကိုယ်ထည်ဖြစ်တဲ့ ရှန်းမော်နှလုံးသားအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်...”
[ T/N- ရှန်း (နတ်ဘုရား) + မော်( နတ်ဆိုး) : နတ်ဘုရားနှင့်နတ်ဆိုး ပေါင်းစပ်ထားသော နှလုံးသား ]
ရှန်းမော်နှလုံးသားသည် အမတနယ်မြေ၏ ရှေးဟောင်းကျမ်းစာအုပ်များထဲတွင်သာ တည်ရှိသည်။
ဤသို့ဖြစ်ရခြင်းမှာ ၎င်းသည် အလွန်ရှားပါးသောကြောင့် ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် အမတနယ်မြေ၌ ရှန်းမော်နှလုံးသား ပိုင်ဆိုင်သူ နှစ်ဦးသာ ပေါ်ထွန်းခဲ့ဖူးသည်။
ထိုသူနှစ်ဦးစလုံးသည် နတ်ဘုရားတရားစီရင်ရေးအဖွဲ့မှ ထူးချွန်သောပုဂ္ဂိုလ်များ ဖြစ်သည်။
ရှန်းမော်နှလုံးသားကို ပိုင်ဆိုင်ထားသူသည် အတွေးတစ်ချက်ဖြင့် ၊ သူသည် နတ်ဘုရား သို့မဟုတ် နတ်ဆိုး ဖြစ်နိုင်ပြီး၊ အတုမရှိသော နတ်ဘုရားကိုယ်ထည်နှင့်အတူ မည်သူမှ သူ့ကို ယှဉ်နိုင်မည်မဟုတ်။
ထို့အပြင်၊ နတ်ဘုရားတရားစီရင်ရေးအဖွဲ့ကို ကနဦး နတ်ဘုရားနှင့် နတ်ဆိုးပေါင်း သုံးထောင်တို့က စုပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။ ရှန်းမော်နှလုံးသားကို ပိုင်ဆိုင်သူများသည် နတ်ဘုရားအတတ် နှင့် နတ်ဆိုးအတတ်များကို ပင်ကိုယ်မွေးရာပါ စွမ်းရည်အဖြစ် လေ့လာသင်ယူတတ်မြောက်ရန် အသင့်လျော်ဆုံး ဖြစ်သည်။
အမတစိုးစံရာခေတ်တွင် သူတို့သည် ထိပ်တန်း စွမ်းအားရှင်များအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ရှစ်တိ့ထျန်းသည် တစ်စုံတစ်ရာကို သတိရမိသကဲ့သို့ ပြန်လည်၍ နက်ရှိုင်းစွာ စဉ်းစားနေမိသည်။
“ ငါ သိရသလောက် ရှန်းမော်နှလုံးသားမှာ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုတစ်ခု ရှိသေးတယ်ဆိုပဲ..သူ့ကို ‘ ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသား’လို့ ခေါ်တယ် “
ဤအကြောင်းအရာနှင့် ပတ်သက်၍ ၊ အမတနယ်မြေ၏ ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။
သူသည် ဤအကြောင်းကို သိခဲ့ရသည့် အကြောင်းရင်းမှာ ကမ္ဘာ့ကပ်ဘေးစစ်ပွဲအတွင်း သူ၏ အမှောင်ထု အမတခန်းမဆောင်မှ နတ်ဘုရားတရားစီရင်ရေးအဖွဲ့မှ စွမ်းအားရှင်တစ်ဦးကို ဖမ်းမိခဲ့သောကြောင့် ဖြစ်သည်။
ထိုလူကို အမှောင်ထုလောကထဲသို့ ကျရောက်စေပြီးနောက်၊ နတ်ဘုရားတရားစီရင်ရေးအဖွဲ့နှင့် ပတ်သက်သော အချက်အလက်များကို ဖော်ပြစေခဲ့ရာ ၊ ထိုမှသာလျှင် သူသည် ဤကဲ့သို့ ကိုယ်ထည်အမျိုးအစား ရှိကြောင်းကို သိရှိခဲ့ရသည်။
ရှစ်တိ့ထျန်းသည် ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားမှာ သာမန်ရှန်းမော်နှလုံးသားထက် စွမ်းအားပြင်းထန်သော ဆင့်ကဲပြောင်းလဲမှုဖြစ်ကြောင်း သိရှိထားသည်။
အတွေးတစ်ချက်တည်းဖြင့် နတ်ဘုရား၊ နတ်ဆိုးဖြစ်နိုင်ပြီး ၊ လူတိုင်း ကြောက်ရွံ့တုန်လှုပ်ရပေသည်။
ထို့အပြင် ၎င်းသည် အနန္တစကြဝဠာရှိ ကောင်းကင်လမ်းစဉ်များနှင့် တစ်သားတည်းဖြစ်ကာ ကောင်းကင်လမ်းစဉ်များ၏ စွမ်းအားများကို ချေးဌားယူခြင်းဖြင့် ပို၍ပြင်းထန်သော စွမ်းအားများကို အသုံးပြုနိုင်သည်။
ယခင်က နတ်ဘုရားတရားစီရင်ရေးအဖွဲ့သည် ရှန်းမော်နှလုံးသားပိုင်ရှင် နှစ်ဦး၏ မူလရင်းမြစ် သွေးအနှစ်သာရကို အသုံးပြု၍ ထူးချွန်ထက်မြက်သော စွမ်းအားရှင်များ အပေါ်တွင် စမ်းသပ်မှုများပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့သည်။
ထိုအကြောင်းကို စဉ်းစားမိသော ရှစ်တိ့ထျန်း၏ မျက်လုံးများသည် တောက်ပသွားသည်။
“ စူးချန်ကဲကိုသာ သိမ်းပိုက်နိုင်ရင် ၊ ဒဏ္ဍာရီလာ ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားကို ဖွဲ့စည်းကောင်း ဖွဲ့စည်းနိုင်လိမ့်မယ်..”
“ စူးချန်ကဲ... စူးချန်ကဲ ၊ မင်းက ငါ့ကို ခုလိုကြီးမားတဲ့လက်ဆောင်ကို ယူဆောင်လာပေးတာ... ကျေးဇူးတင်ပါတယ်”
သို့ဆိုတောင် ၊ သူသည် နှစ်ကာလပေါင်းများစွာ ရှင်သန်ခဲ့သော မြေခွေးအိုကြီးဖြစ်သောကြောင့် မိုက်ရူးရဲဆန်စွာ ပြုမှုမည်မဟုတ်ပေ။
စူးချန်ကဲနှင့် ထာဝရရှင်သန်ခြင်း အမတဂူရှိ လူများကို ထိုးနှက်ကစားပြီးမှသာလျှင် ၊ အဆုံးတွင် သူသည် အကျိုးခံစားခွင့်ကို ရယူပေမည်။
……..
အပိုင်း(၅၇၆): ငါသည် ထာဝရထျန်းတိ့ အဖြစ် ၊ ကမ္ဘာပေါ်ရှိ ရန်သူအားလုံးကို နှိမ်နင်းမည် ( Part -1)
တစ်ချိန်တည်းမှာပင် ၊ မျက်စိတမှိတ်အတွင်း။
သူ၏ရင်ဘတ်ရှေ့၌ စုဝေးဖြစ်တည်ကာ တသိမ့်သိမ့် ရိုက်ခတ်နေသော နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စွမ်းအားများသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်မှုအဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခုကို နှိုးဆော်ခဲ့သည်။
ထိုအချိန်တွင် အဖျက်သဘောဆောင်သော စွမ်းအားများသည် စူးချန်ကဲကို လွှမ်းခြုံတော့မည့်အချိန် ၊
စူးချန်ကဲ၏ ရေရွတ်သံကို ကြားလိုက်ရသည်။
“ မဟာနိဗ္ဗာန်န အလင်း !”
“ဟမ်!!”
ချက်ချင်းဆိုသလိုပင် ၊ စူးချန်ကဲကို ဗဟိုပြု၍ အဆုံးမရှိသော နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စွမ်းအားများသည် မိုးမြေတစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး ၊ လေ ၊ မီး ၊ လျှပ်စီးမိုးကြိုးများကို ဖန်တီးနေသကဲ့သို့ပင် ။
ဤကြောက်မက်ဖွယ်ရာ စွမ်းအားပေါက်ကွဲမှုကြီးနှင့်အတူ၊ လူတိုင်း၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။
“ဒါက ဘယ်လိုစွမ်းအားလဲ......”
ဟောက်ယွဲ့ရှန်းပင်လျှင် အံ့အားသင့်စွာဖြင့် မေးခွန်းထုတ်မိသည်။
သို့သော် သတိပြန်ကပ်လာချိန်၌ ၊ သူသည် အတော်လေး ဒေါသထွက်သွားသည်။
ထာဝရရှင်သန်ခြင်း အမတဂူ၏ အတုမရှိသော ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ၊ သူသည် ကျန်ရှိသော ကြွင်းကျန်အမတများ၏ ခေါင်းဆောင်အကြီးအကဲအဖြစ် ရပ်တည်ထားသူဖြစ်သည်။
“လူသားလမ်းစဉ် ကျင့်ကြံသူတစ်ယောက်ကများ... အမတ တစ်ပါးကို တိုက်ခိုက်ရဲတယ်ပေါ့!?”
ထိုစကားများထွက်လာသည်နှင့် ၊
ဝုန်း !
ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားနှစ်မျိုး ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ၊ စကြာဝဠာထောင်ပေါင်းများစွာ ကွဲအက်သွားခဲ့ပြီး မရေမတွက်နိုင်သော နိယာမစည်းမျဉ်းများသည်လည်း အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။
ပေါက်ကွဲထွက်ပေါ်လာသော အာကာသမုန်တိုင်းသည် စကြဝဠာတစ်ခွင်လုံးကို လှုပ်ခတ်စေသည့်အပြင် ထိုနေရာတစ်ခုလုံးကို ပျက်သုန်းသွားစေကာ အနန္တဗလာအဖြစ်သို့ ရောက်ရှိသွားစေသည်။
အင်အားကြီးမားသော စွမ်းအားနှစ်မျိုး ထိပ်တိုက်တွေ့ဆုံကြသည်နှင့် တပြိုင်နက် ၊
တစ်ချိန်တည်းမှာပင် ၊စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြှောက်လျက် ၊ မိုးကောင်းကင်ကို တည့်တည့် ချိန်ရွယ်လိုက်သည်။
မျက်စိတမှိတ်အတွင်းမှာပင်၊
မရပ်မနား သက်ဝင်လှုပ်ရှားနေသော ဓားစွမ်းအင်သမုဒ္ဒရာကြီးအဖြစ် စုဝေးဖြစ်တည်လာသည်မှာ မျက်စိနှင့်ပင် တိုက်ရိုက် မကြည့်ဝံ့သည့်အထိပင်။
“ဟမ်... အဲ့ဟာက... ဘာလဲ.....!?”
အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတက အံ့အားသင့်စွာဖြင့် ဟစ်အော်လိုက်သည်။
ပြိုးပြိုးပျက်ပျက် တောက်ပနေသော နတ်အလင်းသမုဒ္ဒရာထဲတွင် ၊ တစ်လောကလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေမည့် ဓားစွမ်းအင်များသည် အဆက်မပြတ် ရိုက်ခတ်လှုပ်ရှားနေကာ အဆုံးတွင် နတ်ဘုရားဓား၏အသွင်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
စူးချန်ကဲသည် ဓားကို ကိုင်မြှောက်ရာမှ အောက်သို့ နှိမ့်ချလိုက်သည်နှင့်တပြိုင်နက်၊ အဆိုပါ နတ်ဘုရားဓား၏အသွင်ပုံရိပ်သည်လည်း အောက်သို့ ကျဆင်းလာသည်။
စူးချန်ကဲသည် မဟာနိဗ္ဗာန်န အလင်းကို ထုတ်သုံးပြီးနောက် ၊ ချက်ချင်းလက်ငင်း ဤမျှ ကြောက်ဖို့ကောင်းသော ဓားအတတ်နှင့် ဆက်လက် ထိုးနှက်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
“ ယွီဟွထျန်း!”
ရုတ်တရက် အော်သံတစ်ခု ကြားလိုက်ရသည်။ ဤသည်မှာ ထျန်းယွီရှန်းကိုယ်တိုင် ဝင်ရောက်စွက်ဖက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏လုပ်ရပ်သည် တရားမျှတမှုမရှိသော်လည်း၊ သို့သော် သူသာ ဝင်ရောက်မစွက်ဖက်ပါက စူးချန်ကဲ၏ နတ်ဘုရားဓားသည် ဟောက်ယွဲ့ရှန်း အပေါ်သို့ ကျရောက်မည်ဖြစ်ပြီး၊ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရနိုင်သည်။
ထိုအချိန်တွင်၊ သူတို့၏ ထာဝရရှင်သန်ခြင်း အမတဂူသည် ဂုဏ်သိက္ခာဆုံးရှုံးရုံသာမက၊ စူးချန်ကဲ၏လက်ထဲ၌ ကျရှုံးရပေတော့မည်။
ထျန်းယွီရှန်း၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုနှင့်အတူ၊ မူလက ဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ပြင်သည် ရုတ်တရက်ဆိုသလို တောက်ပသော ရွှေရောင် အမွေးအတောင်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပဲ့တင်ထပ်လျက် စွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်လာသည်မှာ ကောင်းကင်တမန်တော် နတ်ဘုရားများ၏ နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသလိုပင်။
ဝုန်း!
နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသော ရွှေရောင် အမွေးအတောင်များသည် စူးချန်ကဲ၏ ဓားစွမ်းအင်နှင့် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
သို့သော် ၊ ထိန်လင်းတောက်ပသော ဓားစွမ်းအင်၏ရှေ့မှောက်တွင်၊ နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသော ရွှေရောင် အမွေးအတောင်များသည် မျက်စိတမှိတ်အတွင်းမှာပင် အဖြူရောင် မြူမှုန်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ၊ ထျန်းယွီရှန်း၏ ထိန်းချုပ်မှုအောက်တွင်၊ ပို၍များပြားလှသော ရွှေရောင် အမွေးအတောင်များက ဆက်တိုက်ဆိုသလို ကျရောက်လာသောကြောင့် စူးချန်ကဲ၏ဓားစွမ်းအင်ကို ယာယီတားဆီးနိုင်ခဲ့သည်။
“ ထျန်းယွီ ၊ မင်းကို ခုလိုဝင်စွက်ဖက်ဖို့ ဘယ်သူက ခွင့်ပြုခဲ့လို့လဲ!?”
ဟောက်ယွဲ့ထျန်းသည် ဒေါသတကြီး ဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စူးချန်ကဲကို မိမိကိုယ်တိုင် ချေမှုန်းမည်ဟု ကြီးကြီးကျယ်ကျယ် ပြောဆိုခဲ့သည်။
ယခု ထျန်းယွီရှန်း၏ ဝင်ရောက်စွက်ဖက်မှုသည် လူအများရှေ့မှောက်တွင် သူ၏ဂုဏ်သိက္ခာကို ရိုက်ချိုးခဲ့ခြင်းပင် မဟုတ်လော။
“ ဟောက်ယွဲ့ထျန်း လူကြီးမင်း၊ ဒီကိစ္စကို ဆက်ပြီးအချိန်ဆွဲလို့ မရတော့ဘူး!”
စူးချန်ကဲ၏ဓားစွမ်းအားကို တားဆီးထားသော ထျန်းယွီရှန်းသည် အော်ဟစ်ပြောဆိုလိုက်သည်။
“ဒီကောင်လေးရဲ့ အရည်အချင်းက ကျွန်တော်တို့ တွေးထားတာထက် အများကြီး ကျော်လွန်းနေတယ် ၊ မလိုလားအပ်တဲ့ အပြောင်းအလဲတွေ မဖြစ်အောင် ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး သူ့ကို နှိမ်နင်းသတ်ဖြတ်သင့်တယ်!”
သူသည် ဟောက်ယွဲ့ထျန်းနှင့် စူးချန်ကဲတို့ကြားက တိုက်ပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။
စူးချန်ကဲသည် သာမန် လွတ်မြောက်သူ တစ်ဦးမဟုတ်ဘဲ၊ ခေတ်ကာလပေါင်းများစွာအတွင်း တွေ့ရခဲသည့် အန္တိမလမ်းစဉ် လွတ်မြောက်သူ ဖြစ်နိုင်ကြောင်း သေချာပေါက် ယုံကြည်ထားသည်။
ဤဝတ်ရုံဖြူကောင်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သောအရာအဖြစ် ဖော်ပြ၍ မဖြစ်တော့ချေ။ သူ့ကို ဒဏ္ဍာရီထဲက တားမြစ်ဖောက်ပြန်မှုဟု အဓိပ္ပာယ်ဖွင့်ရပေတော့မည်။
ယခုလို တစ်မူထူးခြားသော ခွန်အားသည် သမိုင်းတစ်လျှောက်တွင် တစ်ခါမျှပင် မကြုံဖူးသော ပါရမီစွမ်းရည် ဖြစ်သည်။
အထူးသဖြင့် သူ့ကို ခေါင်းကြီးစေခဲ့သည်မှာ စူးချန်ကဲသည် ဟောက်ယွဲ့ရှန်းနှင့် တိုက်ခိုက်နေစဉ် ၊ သူ၏ အမူအရာသည် အေးဆေးငြိမ်သက်နေပြီး တချက်ကလေးမှ အံ့ဩထိတ်လန့်သွားခြင်း မရှိခဲ့ပေ။
ထျန်းယွီရှန်း၏ အမြင်တွင်၊ စူးချန်ကဲသည် ဤကဲ့သို့သော ယုံကြည်ချက်ပြင်းထန်နေခြင်းသည် ၎င်းတွင် ဟောက်ယွဲ့ရှန်းကို သတ်နိုင်သည့် ဝှက်ဖဲတစ်ချပ် သေချာပေါက်ရှိရမည်ဟု ယုံကြည်ထားသည်။
ထျန်းယွီရှန်း၏စကားကို ကြားပြီးနောက်၊
ဟောက်ယွဲ့ရှန်း၏ မျက်နှာအရောင်မှာ ပြောင်းလဲသွားခဲ့သည်။
ထျန်းယွီရှန်း၏ စကားသည် အကျိုးအကြောင်း ဆီလျော်သည်။ သူသည် စူးချန်ကဲနှင့် လက်တွေ့တိုက်ခိုက်ဖူးသောကြောင့် ၊ စူးချန်ကဲ၏ ခွန်အားသည် သူထင်မှတ်ထားသည်ထက် များစွာသာလွန်နေသည်ကို မြင်တွေ့ခဲ့ရသည်။
နောက်ဆက်တွဲဒုက္ခများကို ရှောင်ရှားရန်အတွက် သူ၏ဂုဏ်သိက္ခာကို ခဏဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ သူတို့အားလုံး ပူးပေါင်းလက်တွဲကာ စူးချန်ကဲကို အပြီးအပိုင် သတ်ဖြတ်ရန်ပင် ဖြစ်သည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်၊ ဟောက်ယွဲ့ရှန်းသည် အော်ဟစ်လိုက်သည်။
“အားလုံး အတူတူ တတ်ကြ ၊ အမတ မှော်အခင်းအကျင်းကို ဖွဲ့စည်းပြီး ဒီကောင့်ကို သတ်ကြမယ်”
……
ထိုစကားများ ပြောဆိုပြီးသည်နှင့်တပြိုင်နက် ၊
ကျန်ရှိနေသော ကြွင်းကျန်အမတ ရှစ်ဦးသည် အနည်းငယ်မျှ တွန့်ဆုတ်မသွားဘဲ၊ ၎င်းတို့၏ ကြီးကျယ်ခမ်းနားသော အမတစွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာကြသည်။
မဟာလမ်းစဉ်၏ မှော်သင်္ကေတများသည် ကောင်းကင်ပြင်တစ်လျှောက် တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားပြီး အကန့်အသတ်မရှိသော မှော်အခင်းအကျင်းတစ်ခုကို ပုံဖော်နေခဲ့ကြသည်။
ဟောက်ယွဲ့ထျန်းသည် ၎င်းတို့ ရှစ်ဦး၏ အလယ်ဗဟိုတွင် ရှိနေပြီး ၊သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးစွမ်းအင်များသည် တဟုန်းဟုန်း တောက်လောက်နေသည်။
“ ကောင်လေး... မင်းက သန်မာတယ်ဆိုတာ ငါ ဝန်ခံတယ် ၊ မင်းသာ ငါနဲ့တန်းတူအဆင့်သာဆိုရင် ငါတို့အားလုံး ပူးပေါင်းပြီး တိုက်ခိုက်ရင်တောင် မင်းကို အနိုင်ယူနိုင်ဖို့ ခက်ခဲလိမ့်မယ် “
“ဒါပေမဲ့ ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ၊ မင်း သေချာပေါက် သေရမယ်!”
……..
“သွားပြီ...သွားပြီ.....သူတို့အကုန်လုံး ဝိုင်းပြီးတိုက်ခိုက်ကြတော့မယ်!”
တစ်ဖက်တွင်မူ ၊ ကြွင်းကျန်အမတသုံးဦးမှာ ထိတ်လန့်တကြားဖြစ်နေကြသည်။ အင်အားကြီးမားသော ကြွင်းကျန်အမတကိုးဦးသည် မှော်အခင်းအကျင်းကို ဖန်တီးကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြသည်။
စူးချန်ကဲသည် မည်မျှပင် အစွမ်းထက်နေပါစေ၊ အနိုင်ယူဖို့ ခဲယဉ်းပေလိမ့်မည်။
စူးချန်ကဲ သေသွားမည်ဆိုပါက ၊ သူတို့သုံးယောက်သည်လည်း သေချာပေါက် အသက်ပျောက်ရပေတော့မည်။
စူးချန်ကဲကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကြည့်ရင်ရော ?
စူးချန်ကဲသည် ဟောက်ယွဲ့ရှန်းနှင့်ပင် အပြန်ပြန်အလှန်လှန် တိုက်ခိုက်နိုင်သူ ဖြစ်သည်
သူတို့သုံးယောက်သည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့ပါက ၊ နောက်အခိုက်အတန့်တွင် အသတ်ခံရမည့်လူမှာ သူတို့သုံးယောက်သာ ဖြစ်ပေမည်။
ထို့ကြောင့် သူတို့သည် ဝင်မပါတော့ဘဲ ၊ အသာလေး စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ထိုလူသုံးယောက်၏ ကြောက်ရွံ့မှုအမူအရာနှင့် နှိုင်းယှဉ်ရမည်ဆိုပါက ၊ စူးချန်ကဲသည် လေးနက်သော အကြည့်များမှ လွဲ၍ ကြောက်ရွံ့မှုတစ်စုံတစ်ရာမှ မရှိချေ။
“နောက်ဆုံးတော့ ၊ မင်းတို့တွေ ..အတူတူပေါင်းပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ”
အပိုင်း(၅၇၆): ငါသည် ထာဝရထျန်းတိ့အဖြစ် ၊ ကမ္ဘာပေါ်ရှိ ရန်သူအားလုံးကို နှိမ်နင်းမည် ( Part -2)
ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်ထဲရှိ စစ်သွေးနှင့် တိုက်ပွဲဝင်စိတ်ဓာတ်သည် ဆူပွက်ကာ တတ်ကြွလာသည်။
တကယ့်အစစ်အမှန် သန်မာသော စွမ်းအားရှင်များသည် အသွေးဖြင့်စတေးရသော အတွေ့အကြုံများကို အမြဲတမ်း ကြုံတွေ့ဖြတ်သန်းရပေမည်။
ဤတိုက်ပွဲတွင် သေဆုံးသွားခဲ့မည်ဆိုတောင် ၊ အခြားသူများထက် မသန်မာသော မိမိ၏အပြစ်ကြောင့် ဟု ဆိုရမည်။
“ကျိန်စာသင့်ကောင်းကင်အစီအရင် ဖွဲ့ !”
ထိုအချိန်တွင် ၊ ဟောက်ယွဲ့ရှန်း၏ ဟစ်အော်သံကို ကြားလိုက်ရသည်နှင့် ။
ကြွင်းကျန်အမတရှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ၊ ၎င်းတို့သည် လက်သင်္ကေတများကို ပုံဖော်ကာ ပါးစပ်ကနေ ရှေးဟောင်းမန္တန်များကို ရွတ်ဆိုလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ၊ မှောင်မည်းနေသော စကြာဝဠာအတွင်း၌ နတ်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ၊ မဟာလမ်းစဉ်၏ နိယာမများသည် ကြီးကျယ်ခမ်းနားစွာဖြင့် ရိုက်ခတ်ထွက်ပေါ်လာကြသည်။
အဆုံးတွင် ၊ ကောင်းကင်ပြင်ကြီး တစ်ခုလုံးကိုတောင် ဖုံးလွှမ်းထားသလား အောက်မေ့ရသည့် အလွန်ကြီးမားသော မှော်အခင်းအကျင်းတစ်ခု အဖြစ် ပြောင်းလဲဖွဲ့စည်းသွားသည်။
စူးချန်ကဲသည် သူ၏ ခေါင်းပေါ်မှ နတ်အလင်းမြစ်ကို ကြည်ရင်း ၊ အသက်ပြင်းပြင်း ရှုလိုက်သည်။
မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာပြီးကတည်းက ၊ သူသည် တိုက်ပွဲအကြီးအသေးများစွာကို ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ၊ သူသည် တိုက်မြေပြင်ပ နယ်မြေအပြင် ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးကို ရင်ဆိုင်ရသည့်အခါမှာတောင် ဤမျှကြီးမားသော ဖိအားကို မခံစားခဲ့ရပေ။
“ ကိုယ်ယုံကြည်ရာအတွက် သေခြင်းတစ်သောင်းကို ရင်ဆိုင်မယ်...”
“ အသွေးအသားတွေ စုတ်ပြဲသွားတောင် ဘာမှုစရာရှိလဲ “
“ တိုက်!”
စူးချန်ကဲ၏ ကြွေးကြော်သံအပြီးတွင် ၊ သူတော်စင် ကိုယ်ထည်လေးမျိုး၏ အရှိန်အဝါတို့သည် ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့ပြီး အဆုံးမရှိသော နတ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံဆီသို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။
ဤရုတ်တရက် ဖြစ်ပေါ်လာသော ကြောက်ခမန်းလိလိ စွမ်းအားကြောင့် ကြွင်းကျန်အမတကိုးဦးစလုံးသည် အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော်လည်း ၊ သူတို့သည် ချက်ချင်းဆိုသလို ၎င်းတို့၏ မှော်အစီအရင်ကို အလျင်အမြန် အသက်သွင်းခဲ့ရာ လွန်စွာစူးရှတောက်ပသော နတ်အလင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ကျိန်စာသင့်ကောင်းကင်အစီအရင် ၊ ပထမအကွက် ၊ ကောင်းကင်ဘုံ၏ အမျက်ဒေါသ!”
လူကိုးယောက်၏ ညီညာသော ဟစ်အော်သံနှင့်အတူ။
ဂျိန်း !!
ကီလိုမီတာသန်းချီရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးမိုးကြိုးသည် စကြဝဠာကို ဖြတ်ကျော်ကာ ပစ်ခွင်းဝင်ရောက်လာခဲ့ပြီး ၊ လောကတစ်ခွင်လုံးကို နေ့အလင်းရောင်အဖြစ် ဆေးခြယ်ကာ စူးချန်ကဲ၏ခေါင်းပေါ်သို့ တည့်တည်မတ်မတ် ကျရောက်လာသည်။
ဤအရာကို ရင်ဆိုင်နေသော စူးချန်ကဲမှာမူ၊ နည်းနည်းမှ ကြောက်ရွံ့မသွားပေ။
ဤတစ်ကြိမ်တွင်၊ သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို အသုံးမပြုတော့ဘဲ ပြင်းပြင်းထန်ထန် လက်သီးဆုပ်လိုက်ပြီး၊ ကောင်းကင်ပြင် တစ်ခုလုံးကို လွှမ်းခြုံထားသော မိုးကြိုးများကို ရင်ဆိုင်ကာ ထိုးနှက်လိုက်သည်။
ဝုန်း——!!
အရာအားလုံးကို ပြာဖြစ်သွားစေနိုင်သည့် ကြောက်ခမန်းလိလိ မိုးကြိုးစွမ်းအားများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် ကျရောက်ကာပေါက်ကွဲလျက်ရှိသည်။
မိုးကြိုးစွမ်းအားများသည် သူ၏ အညစ်အကြေးကင်းစင်သော အဖြူရောင်ဝတ်ရုံထည်ကို ပြာအဖြစ်သို့ မှုတ်ထုတ်ပစ်လိုက်ပြီး၊ ကျောက်စိမ်းတမျှ ဖြူဖွေးတောက်ပသော အသားအရေပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဒဏ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုသို့ကြုံတွေ့နေရသည့်တိုင် ၊ စူးချန်ကဲသည် သူ၏ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကို လုံးဝမှ ဂရုမစိုက်သလို မျက်ခုံးတစ်ချက်မှ တွန့်မသွားလဲ ၊ လျစ်လျူရှုဟန်ဖြင့် ရှိနေဆဲသာ။
“ ဒီလောက်ပဲလား “
“ငါဟာ ထာဝရထျန်းတိ့ ဆိုတဲ့အတိုင်း ၊ ကမ္ဘာပေါ်က ရန်သူအားလုံးကို နှိမ်နင်းနိုင်တယ် !”
“ထျန်းတိ့အတတ် ၊ ဖော့ထျန်းကျုံရှင် !”
အဆုံးမရှိသော နတ်အလင်းများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အုံကြွလာခဲ့ပြီး ၊ အဆုံးတွင် စစ်နတ်ဘုရားကိုးဦး၏ အသွင်ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စစ်နတ်ဘုရားများ၏ အသွင်ပုံရိပ်များသည် မတူညီသော လှုပ်ရှားမှုများဖြင့် ကြွင်းကျန်အမတကိုးဦး၏ ကြောက်ခမန်းလိလိစွမ်းအားများကို တိုက်ခိုက်ခဲ့ကြသည်။
ပထမဆုံးသော စစ်နတ်ဘုရား၏ အသွင်ပုံရိပ်မှာ ပျက်သုန်းသွားပြီးနောက် ၊
ဒုတိယ စစ်နတ်ဘုရား၏အသွင်ပုံရိပ်က ဦးဆောင်၍ တိုက်ခိုက်ပြန်သည်။
ဤသို့ဖြင့် စစ်နတ်ဘုရားကိုးဦး၏ အသွင်ပုံရိပ်များသည် ကြီးမားကျယ်ပြောလှသော ကောင်းကင်မိုးကြိုးများကြောင့် လုံးလုံးလျားလျား ပျက်ဆီးသွားပြီး ၊ အဆုံးတွင် စူးချန်ကဲကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဤစစ်နတ်ဘုရားကိုးဦး အသွင်ပုံရိပ်များ၏ တိုက်ခိုက်မှုသည် ကြီးမားကျယ်ပြောလှသော ကောင်းကင်မိုးကြိုးများကို အများအပြား ချေမှုန်းနိုင်ခဲ့သော်လည်း ၊ သို့သော် စူးချန်ကဲသည် အလွန်ပင်ကြမ်းကြုတ်လှသော စွမ်းအားများ၏ တိုက်ခတ်မှုဒဏ်ကို မခံနိုင်ဘဲ အာကာသအောက်ခြေသို့ ပစ်ချခံခဲ့ရကာ ၊ ဖုန်မှုန့်များသည် မိုင်ပေါင်းထောင်ချီကာ အပေါ်သို့အုံကြွတတ်လာသည်။
သို့သော်လည်း ၊ ကြွင်းကျန်အမတကိုးဦးစလုံး သက်ပြင်းချလို့ မပြီးသေးခင် ၊
ဒုန်း!!
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းတစ်ခုသည် မိုးကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။
စူးချန်ကဲသည် အပျက်အစီးတွေထဲကနေ ထရပ်လာခဲ့ပြီး ၊ သူ့ပါးစပ်ထောင့်တွင် စွန်းထင်နေသော သွေးများကို သူ၏လက်ဖမိုးဖြင့် သုတ်ပစ်လိုက်သည်။
သူ၏ နက်မှောင်သောဆံနွယ်များသည် လေထဲတွင် မျောလွင့်နေပြီး ၊ မဟာလမ်းစဉ်၏ အတိုင်းအဆမရှိသော တန်ခိုးစွမ်းအားများက သူ၏ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် သက်ဝင်စီးဆင်းလျက် ရှိနေသည်။
သူသည် ပင်ပန်းနွမ်းလျမှု အနည်းငယ်မျှမရှိဘဲ၊ တောက်ပပြီး ပြတ်သားသော သူ၏မျက်ဝန်းအစုံ၌ တောက်လောင်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များသာ ရှိနေသည်။
ဤမြင်ကွင်းသည် ကြွင်းကျန်အမတကိုးဦးစလုံး၏ စိတ်ထဲ၌ပင် ကြည်ညိုလေးစားလိုသော ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။
စူးချန်ကဲ၏ခွန်အားကြီးမားမှုသည် သံသယမရှိပေ။ အချိန်အတိုင်းအတာ တစ်ခုတွင် ၊ သူသည် ဒေဝလောကတစ်ခွင်ရှိ သက်ရှိသတ္တဝါတိုင်း မော့ကြည့်ရမည့် ပုဂ္ဂိုလ်တစ်ဦး ဧကန်မုချဖြစ်လာပေလိမ့်မည်။
သို့သော်၊ ယခုအခိုက်အတန့်တွင် ကြည်ညိုလေးစားလိုသော ခံစားချက်ထက် သတ်ဖြတ်လိုသောစိတ်သည် ပို၍ပြင်းထန်သည်။
အကယ်၍ စူးချန်ကဲ မသေဆုံးပါက၊ စစ်မှန်အမတသခင်အဖြစ် သေချာပေါက် အောင်မြင်ပေလိမ့်မည်။
ယနေ့တွင် စူးချန်ကဲမသေဆုံးပါက၊ သူတို့သည် သေချာပေါက် သေရပေမည်။
“ ထပ် လာခဲ့!”
အော်ဟစ်လိုက်ပြီးနောက် ၊ အဆုံးမရှိသော နိယာမတန်ခိုးစွမ်းအားများ၏ အလင်းတန်းများသည် သူ၏ခြေအောက်တွင် စုပြုံရောက်ရှိလာသည်။ စူးချန်ကဲသည် ဒူးကို ကွေးညွှတ်လိုက်ကာ ၊ သူ့တစ်ကိုယ်လုံးသည် အရှိန်ပြင်းထန်စွာ ပြေးထွက်လာသည်။
“ ကောင်းပြီ မင်းအလိုရှိတဲ့ အတိုင်းပဲ!”
ခေါင်းဆောင်ဖြစ်သော ဟောက်ယွဲ့ရှန်းသည် အေးစက်စွာဖြင့် ဟောက်လိုက်သည်။
“ကျိန်စာသင့်ကောင်းကင်အစီအရင် ၊ ဒုတိယအကွက် ကောင်းကင်ပြင်တစ်ခွင် ဖုံးလွှမ်းခြင်း!”
ထိုစကားများကို ရေရွတ်ပြီးသည်နှင့် ၊
မူလက ကြမ်းတမ်းစွာရိုက်ခတ်နေသော မဟာလမ်းစဉ်၏မိုးကြိုးများသည် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားပြီး၊ ယင်းအစား ပူပြင်းတောက်ပသော နေရောင်ခြည်အဖြစ်သို့ ပြောင်းလဲသွားကာ ၊ ကောင်းကင်ယံထက်တွင် စုဝေးလာကြသည်။
ကြွင်းကျန်အမတကိုးဦးသည် လက်သင်္ကေတများကို ထပ်မံဖော်ဆောင်လိုက်ပြီး ၊ တစ်ချိန်တည်းမှာပင် ။
ဝုန်း ! ဝုန်း! ဝုန်း!
ချက်ချင်းဆိုသလို၊ ထောင်ပေါင်းများစွာသော နတ်အလင်းတန်းများသည် အာကာသကိုဖြတ်ကျော်ကာ စူးချန်ကဲရှိရာနေရာဆီသို့ တည့်တည့်မတ်မတ် ကျဆင်းလာသည်။
အပိုင်း(၅၇၇): ရှန်းဟိုင် အမတနယ်မြေ?
ဤအဖျက်စွမ်းအား၏ရှေ့မှောက်တွင်၊ စူးချန်ကဲ၏ ကိုယ်ခန္ဓာသည် အင်မတန်ခိုင်မာသော်လည်း၊ သို့သော် ဤကြောက်မက်ဖွယ်ရာ စွမ်းအား၏ပူလောင်မှုကြောင့် သူသည် ကြီးမားသော သွေးထွက်ဒဏ်ရာများကို ခံစားခဲ့ရသည်။
သွေးပူများသည် ဒဏ်ရာများမှ အဆက်မပြတ် စီးကျနေသည်မှာ သူ့ကို အလွန်ရှက်ဖွယ်ကောင်းအောင် ပြုလုပ်နေခဲ့သည်။
အပျက်အစီးများကြားထဲ နောက်တစ်ကြိမ် ထလာခဲ့ပြီးနောက် ၊ သူသည် ဒဏ်ရာကြောင့် ခံစားနေရပုံမပေါက်သလို ၊ မျက်ဝန်းထဲက တိုက်ပွဲဝင်စိတ်ဓာတ်မှာ ပို၍ပင် ပြင်းထန်လာသည်။
သူ လျှောက်လှမ်းလိုသော လမ်းကြောင်းသည် ဓားနှင့် တေးသီချင်းရှိရုံသာမက ၊ လွတ်လပ်ရမည်။ ဒါတင်မက ၊ ပြင်းထန်သော တိုက်ပွဲများလည်း လိုအပ်သေးသည်။
“ထပ် လာခဲ့!”
ထိုသို့ပြောပြီးနောက်၊ စူးချန်ကဲသည် ကောင်းကင်သို့ ပျံတတ်သွားပြီး မိမိ၏အသက်ကိုပင် မထောက် ကြွင်းကျန်အမတကိုးဦးဆီသို့ ပြေးဝင်သွားခဲ့သည်။
“ဟွန်း! ခေါင်းမာနေတုန်းပဲ!”
ဟောက်ယွဲ့ရှန်းသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် ၊ သူ၏လက်နှစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ထပ်မံ ပုံဖော်လိုက်ရာ ၊ ပို၍ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် အဆက်မပြတ် စုဝေးလာခဲ့သည်။
……….
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင် ။
ကွေးယွမ်ဘိုးဘွားပိုင်နယ်မြေ၌ ၊
ဘိုးဘေးအုပ်စုသည် မှုန်ကုတ်ကုတ်ဖြင့် ဤနေရာတွင် စုဝေးနေကြသည်။
ဖော့ကျွင်းဘိုးဘေးက အရင်ဆုံး စကားစပြောသည်။
“ ချန်ကဲတော့ အမတလျှောက်လှမ်းမှာ ကြီးမားတဲ့ အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့နေပြီလား မသိဘူး....”
သူသည် စိုးရိမ်စိတ်ဖြင့် ဆက်ပြောသည်။
“သူရဲ့ ကံကြမ္မာကတ်ပြားက တချက်တချက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတယ်.. အခြေအနေများ ဆိုးရွားသွားနိုင်မလား...?”
“ဖော့ကျွင်း၊ မင်းကွာ မိန်းမကြီးကြနေတာပဲ ....ဘာတွေအဲ့လောက်ထိ စိုးရိမ်နေတာလဲ”
“ အမတလျှောက်လှမ်းမှာ ရှိတာဆိုလို့ ထာဝရရှင်သန်ခြင်း အမတဂူက သောက်သုံးမကျတဲ့ကောင်တစ်သိုက်ပဲ မဟုတ်လား “
ပါ့ချန်ဘိုးဘေးက အေးအေးလူလူ ဆိုလိုက်သည်။
“ အမတလျှောက်လှမ်းမှာ မအောင်မြင်ခဲ့တဲ့ကောင်တစ်သိုက်ကိုများ ...ကျားက အိမ်မှာမရှိတော့ မျောက်က ဘုရင်တတ်လုပ်နေတာ “
“ငါတို့ ကွေးယွမ်ဘိုးဘွားပိုင် နယ်မြေရဲ့ ဆက်ခံသူက ဒီလိုမျောက်တွေထက်တောင် မသန်မာဘူးလို့ မင်းထင်နေတာလား”
ထိုစကားကိုကြားပြီးနောက် ၊ ဖော့ကျွင်းဘိုးဘေးသည် စဉ်းစားလိုက်သည်။
အကယ်၍ စူးချန်ကဲသာ အမတလျှောက်လှမ်းတွင် အမှန်တကယ်ပင် တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက ၊ ဒါဆို သူတို့သည် တားမြစ်လျို့ဝှက်အတတ်ဖြင့် အမတလျှောက်လှမ်းကို အင်အားသုံးကာ ဖွင့်လှစ်လိုက်ရုံပင်။
အမတနယ်မြေ ဆင်းသက်လာခြင်းမလာခြင်းသည် သူတို့အတွက် အရေးမကြီးပေ။ သူတို့သာ အလိုရှိပါက ၊ ကွေးယွမ်ဘိုးဘွားပိုင် နယ်မြေတစ်ခုလုံးကို အမတနယ်မြေအထိ တိုက်ရိုက် ပြောင်းရွှေ့ပစ်နိုင်သည်။
စူးချန်ကဲကို အမတလျှောက်လှမ်းသို့ သွားခိုင်းရသည့် အကြောင်းရင်းမှာ ပထမဆုံးအချက်အနေဖြင့် မဟာလမ်းစဉ်ကို မျက်နှာပေးကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်။
ဒုတိယတစ်ချက်မှာ အမတလျှောက်လှမ်းကနေတစ်ဆင့် အမတနယ်မြေသို့ တက်လှမ်းခြင်းသည် အမတနယ်မြေ၏ ကံကြမ္မာစွမ်းအားကို ရယူနိုင်သည်။
ထို့အပြင် ၊ သူတို့သည် ဤကာလအတွင်း စူးချန်ကဲအား ထာဝရ ထျန်းတိ့ဟူသော ဘွဲ့အမည်ကို အပ်နှင်းရန် စီစဉ်ထားသည်။
ဗဟိုအမတနယ်မြေ ပေါ်ထွန်းလာသောအခါတွင် သူသည် နောက်ထပ်ကံကြမ္မာ၏ ထောက်ပံ့မှုကို ထပ်မံရရှိမည် ဖြစ်ပြီး၊ ယင်းက စူးချန်ကဲအတွက် ပျော်ရွှင်မှုနှစ်ဆဖြစ်စေမည်။
ဘိုးဘေးများ အတွေးများနေတုန်း ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ ချန်ကဲကိုယ်တိုင်ရဲ့ ကိစ္စ ၊ သူ့ဟာသူပဲ လုပ်ခွင့်ပေးလိုက်ပါ “
“ ငါတို့ သက်ကြီးရွယ်အိုတွေကတော့ နောက်ပိုင်းကိစ္စတွေကို ဆက်စဉ်းစားကြရအောင်”
“အခုဆိုရင် ငါစေလွှတ်လိုက်တဲ့ လူတွေက တိုက်မြေသုံးထောင်ရဲ့ ထာဝရအံ့ဖွယ်ရာ ဆိုင်ရာ သဲလွန်စတွေကို ရှာဖွေတွေ့ရှိထားပြီးပြီ”
မျဲ့ရှန်း ရှေးဘိုးဘေးက ဆက်လက်ပြောကြားသည်။
“ငါတို့ရဲ့ နောက်ထပ်လှုပ်ရှားမှုကို စီစဉ်ဖို့ အချိန်တန်ပြီ”
“ အမတ ချိုးဖျက်မန္တာန် ၊ မင်းတို့ လေ့ကျင့်နေတာ ဘယ်လိုအခြေအနေရှိလဲ “
ထျန်းဝိန့်ဘိုးဘေးက တရိုတသေ လျှောက်ထားလိုက်သည်။
“ ရှေးဘိုးဘေးကို လျှောက်ထားပါတယ်၊ ကျွန်တော်တို့ အားလုံး သင်ယူတတ်မြောက်ပြီးပါပြီ ၊ အမတနယ်မြေ ကျရောက်လာတာနဲ့ ကျွန်တော်တို့ရဲ့ အစစ်အမှန် စွမ်းရည်တွေကို ချက်ချင်း ပြန်လည်ရယူနိုင်မှာပါ “
အမတ ချိုးဖျက်မန္တာန် ဆိုသည်မှာ အဘယ့်နည်း။
၎င်းသည် အမတလမ်းစဉ်ဆိုင်ရာ လျို့ဝှက်အတတ်တစ်ခု ဖြစ်ပြီး ၊ မိမိ၏စွမ်းရည်ကို ယာယီချိတ်ပိတ်၍ အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားခြင်း ဖြစ်သည်။
ဤသို့ပြုလုပ်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းသည်။
လက်ရှိအချိန်တွင် တိုက်မြေသုံးထောင် နှင့် အမတနယ်မြေတို့ကြားက ဆက်သွယ်မှုသည် ဖြတ်တောက်ခံထားရသဖြင့် နိယာမစွမ်းအားများသည် မပြည့်စုံပေ။
အကယ်၍ သူတို့သည် အမတဧကရာဇ်အဆင့်ရှိ ရောင်ဝါမျိုးကို ထုတ်လွှတ်ပြသခဲ့မည်ဆိုပါက ၊ တိုက်မြေ သုံးထောင်တစ်ခုလုံး ချက်ချင်းလက်ငင်း ပြိုကွဲသွားပေလိမ့်မည်။
ထို့ကြောင့် မိမိတို့၏စွမ်းရည်များကို တိုက်မြေသုံးထောင်မှ ခံနိုင်ရည်ရှိသည့် အတိုင်းအတာအထိ ဆက်တိုက် ဖိနှိပ်ထားခဲ့ကြသည်။
ဤမျှအဆင့်မြင့်သော လျှို့ဝှက်အတတ်သည် ကွေးယွမ်ဘိုးဘွားပိုင် နယ်မြေ၏ သီးသန့်ပိုင်ဆိုင်မှုသာဖြစ်ပြီး၊ တားမြစ် စူးမိသားစုပင်လျှင် ဤနည်းကို မတတ်မြောက်ကြပေ။
အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ တုံထျန်းအဝေးဘိုးဘေး ကိုယ်တိုင် နားလည်သဘောပေါက်ခဲ့သော မဟာလမ်းစဉ်၏ မှော်စွမ်းအားဖြစ်သည်။
အမတနယ်မြေတွင် မည်သူမျှ မသိသူမရှိသော ဤစကားကဲ့သို့ပင် ဖြစ်သည် -- ကောင်းကင်၏အစွန်း၊ လမ်းစဉ်သည် မူလနေရာသို့ ပြန်လည်ရောက်ရှိသည် ။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ဤသည်မှာ အမတနယ်မြေရှိ လူများက ဒဏ္ဍာရီလာ အချက်အလက်များကို အခြေခံပြီး ၊ တုံထျန်းအဝေးဘိုးဘေး၏ အတုမရှိသော စွမ်းရည်ကို ဖော်ပြသော စကားစုပင် ဖြစ်သည်။
ယခင်က ကွေးယွမ်အမတနယ်မြေကို ရှန်းဟိုင်အမတနယ်မြေဟု ခေါ်ဆိုခဲ့ကြသည်။
နောက်ပိုင်းတွင် ကွေးယွမ်အမတနယ်မြေ ဟု အဘယ့်ကြောင့် ပြောင်းလဲခေါ်ဆိုခဲ့သနည်း။
အကြောင်းမှာ၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးအပြီးတွင် ၊ ရှန်းဟိုင်အမတနယ်မြေသည် ပျက်စီးယိုယွင်းခဲ့ပြီး အမတလမ်းစဉ်ဆိုင်ရာ နိယာမတရားများသည်လည်း ရှားပါးကုန်ကာ ပျောက်ကွယ်လုမတတ်ဖြစ်ခဲ့သည်။
ထိုစဉ်က ၊ ဒေဝလောက၏ ကံအကျိုးဆက် ပြစ်ဒဏ်များကို ခံစားနေရသော ကွေးယွမ်အမတဂိုဏ်းသည် မိမိတို့၏ ကံကြမ္မာဆိုးများကို လျှော့ချနိုင်ရန်အတွက် ရှန်းဟိုင်အမတနယ်မြေကို တိုက်ရိုက်ဆင်းသက်ခဲ့ပြီး အခြေချနေထိုင်ရန် စီစဉ်ခဲ့ကြသည်။
ရှန်းဟိုင်အမတနယ်မြေသည် အတော်လေး ကွဲအက်ပျက်စီးနေသဖြင့် ဤအမတနယ်မြေကို နောက်တစ်ဖန် ပြန်လည်ရှင်သန်လာစေရန်အတွက် ၊
တုံထျန်းအဝေးဘိုးဘေးသည် သူ၏ အတုမရှိသော ပင်ကိုယ်စွမ်းရည်ကို အသုံးပြုခဲ့သည်။ နှစ်ပေါင်း သောင်းနှင့်ချီကြာအောင် အားထုတ်ခဲ့ရပြီးနောက်တွင် ၊ နောက်ဆုံးမှာတော့ ရှန်းဟိုင်အမတနယ်မြေကို အံ့ဖွယ်ရာတစ်ခုအဖြစ် ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်နိုင်ခဲ့သည်။
ထိုအချိန်တုန်းက၊ တုံထျန်းအဝေးဘိုးဘေး အသုံးပြုခဲ့သော မဟာလမ်းစဉ်၏ မှော်စွမ်းအားသည် အလွန်နက်နဲကာ သိမ်မွေ့လွန်းသည်။
ကျိုးပဲ့ပျက်စီးနေသော ကောင်းကင်နှင့်မြေကြီးကို ပြန်လည်စုစည်းခဲ့ရုံသာမက၊ ပျောက်ကွယ်နေခဲ့သည့် မဟာလမ်းစဉ်၏ နိယာမတရားများကိုလည်း ပြန်လည်စုစည်းနိုင်ခဲ့သည်။
ထို့ကြောင့် ‘ ကောင်းကင်၏အစွန်း၊ လမ်းစဉ်သည် မူလနေရာသို့ ပြန်လည်ရောက်ရှိသည် ‘ ဟူသော ဤစကားသည် လူတွေကြားထဲ ပျံ့နှံ့လာခဲ့သည်။
ထိုအချိန်မှစ၍ ရှန်းဟိုင်အမတနယ်မြေကို ကွေးယွမ်အမတနယ်မြေ ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
တားမြစ် စူးမိသားစုတွင်လည်း အလားတူဖြစ်ရပ်များရှိခဲ့သည်။ သို့သော် ဘိုးဘေးများစွာသည် တဖက်လူ၏ ဂုဏ်သတင်းများကို စဉ်းစားရန်ပျင်းလွန်းလှသည်။
အကြောင်းမှာ သူတို့သည်လည်း တားမြစ် စူးမိသားစုနည်းတူ အုပ်စိုးရှင်အင်အားစု အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သောကြောင့် ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိတ်တဆိတ် ယှဉ်ပြိုင်နေကြသည်မှာ သဘာဝကျပေသည်။
“ဟားး.... ချန်ကဲ ဒီကလေးကြောင့်သာ၊ ငါတို့ ကွေးယွမ်အမတဂိုဏ်းလည်း ဒီခေတ်မှာ တားမြစ်စူးမိသားစုနှင့် ယှဉ်ပြိုင်နိုင်ခဲ့တာပဲ ...”
မျဲ့ရှန်း ရှေးဘိုးဘေးက ရုတ်တရက် တီးတိုးရေရွတ်လိုက်သည်။
“ ဒါပေမဲ့.... ချန်ကဲမှာ ဒဏ္ဍာရီထဲက တားမြစ်ခန္ဓာကိုယ် ရှိနေတယ် ၊ ပြီးတော့ သူ့ရဲ့ မိသားစု ၊ ဒါတင်မကဘူး လက်ရှိမှာလည်း အုပ်စိုးရှင်အင်အားစု သုံးဖွဲ့နဲ့ပါ ဆက်နွှယ်မှုရှိနေပြီ....”
“သူ့ရဲ့ တကယ့်စစ်မှန်တဲ့အထောက်အထားက ငါတို့ထင်တာထက် မရိုးရှင်းလောက်ဘူး....”
အပိုင်း(၅၇၈): ဖန်ဆင်းရှင်
ဒဏ္ဍာရီလာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်နှင့် ဆက်စပ်နေသော အကြောင်းအရာများမှာ ကျယ်ပြန့်လွန်းလှသည်။ ဗလာနိတ္ထိစွမ်းအားနှင့် ဆက်စပ်သော အရာတိုင်းသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်နှင့် သက်ဆိုင်သည်။
ဒါတင်မက ၊ ၎င်းသည် အမတနယ်မြေ၏ အထက် မူလရင်းမြစ်ကမ္ဘာလောကအထိ ဆက်နွယ်မှုရှိနေသည်။
ဤအကြောင်းနှင့်ပတ်သက်၍ ၊ သူသည် အလွန်အမင်း မမှန်းဆဝံ့ပေ။ ကနဦး ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ပိုင်ရှင်သည် ဒဏ္ဍာရီလာ ကမ္ဘာလောကဖန်ဆင်းရှင် ငါးဦးအနက်မှ တစ်ဦးဖြစ်သည်ကို သင် သိထားရမည်။
ကမ္ဘာလောကဖန်ဆင်းရှင်နှင့် ပတ်သတ်၍ ၊ မျဲ့ရှန်း ရှေးဘိုးဘေးအနေဖြင့် သိပ်များများစားစား မသိထားပေ။
အကြောင်းမှာ ၊ လက်ရှိ အမတနယ်မြေ၏ အထက် မူလရင်းမြစ်ကမ္ဘာလောကနှင့်ပတ်သတ်သော အကြောင်းအရာများကိုပင် အနည်းငယ်မျှသာ စူးစမ်းရှာဖွေနိုင်သေးသည်။
“ ထားပါလေ.... ဘယ်လိုပဲဖြစ်ဖြစ်၊ ချန်ကဲ က မတူညီတဲ့ အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်မယ်လို့ ငါယုံကြည်တယ်”
“အမတစိုးစံရာခေတ်က တစ်ဖန် ပြန်လည်ထွန်းကားလာပြီး ၊ ချန်ကဲက ခေတ်သစ်ရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာလိမ့်မယ် “
မျဲ့ရှန်းရှေးဘိုးဘေး၏ မျက်လုံးများသည် ဝင်းလက်သွားသည်။
“ ငါတို့အနေနဲ့ လုပ်ရမှာက.... သူ အမှန်တကယ်အားကောင်းလာတဲ့အချိန်အထိ သူ့ကို ကာကွယ်ပေးပြီး လမ်းပြပေးဖို့ပဲ”
စိတ်ထဲ တွေးတောပြီးနောက် ၊
မျဲ့ရှန်း ရှေးဘိုးဘေးသည် ဆက်လက် မှာကြားလိုက်သည်။
“အမတနယ်မြေ ကျရောက်လာတာနဲ့၊ အံဖွယ်ခုနှစ်ပါး တည်ရှိရာဒေတွေကို မင်းတို့ကိုယ်တိုင် သွားရောက်ရမယ်”
“ဗဟိုအမတနယ်မြေရဲ့ တံခါးကြီး တစ်ဖန်ထွက်ပေါ်လာတာနဲ့ ငါတို့ အခိုင်အမာ ချုပ်ကိုင်ထားရမယ် “
မျဲ့ရှန်းရှေးဘိုးဘေး၏ အသံသည် ကျယ်လောင်သော ခေါင်းလောင်းသံကဲ့သို့ နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။
“ မင်းတို့ နားလည်ပြီလား!?”
“ဟုတ်ကဲ့! ကျွန်တော်တို့ ရှေးဘိုးဘေးရဲ့စကားကို သေချာလိုက်နာပါ့မယ် “
ကွေးယွမ်သူတော်စင်နယ်မြေမှ ဘိုးဘေးများစွာသည် တစ်ချိန်တည်း တုံ့ပြန်ခဲ့လေရာ ၊ ၎င်းတို့၏ အသံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ရိုက်ခတ်သွားသည်။
မျဲ့ရှန်း ရှေးဘိုးဘေးသည် ခေါင်းအနည်းငယ်ညိတ်ကာ ဆက်လက်ပြောကြားလိုက်သည်။
“ အခု အမတနယ်မြေ ရောက်ရှိလာဖို့က သိပ်မကြာတော့ဘူး .. ချန်ကဲကို ကွေးယွမ်အမတဂိုဏ်းကနေ ကြိုဆိုဖို့ အရေးတကြီး လုပ်ဆောင်ဖို့လိုပြီ “
ထိုစကားများဆုံးသည်နှင့် ၊ ကွေးယွမ်ဘိုးဘေးများသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့သည် ရှေးဘိုးဘေး၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်လို့နေသည်။
မျဲ့ရှန်း ရှေးဘိုးဘေးက ဆက်လက်ပြောလာခဲ့သည်။
“အမတနယ်မြေ လုံးဝ ထွက်ပေါ်လာပြီဆိုတာနဲ့ တားမြစ် စူးမိသားစုက ချန်ကဲကို ပြန်ခေါ်ဖို့အတွက် စွမ်းအားရှင်များစွာ စေလွှတ်လာနိုင်တယ် “
ဤစကားကိုကြားပြီးနောက်တွင် ၊ ကွေးယွမ်ဘိုးဘေးတို့သည် သဘောပေါက်သွားကြပုံရသည်။
အုပ်စိုးရှင်အင်အားစုအဖြစ် တည်ရှိခဲ့သော အင်အားစု ဖြစ်သည်နှင့်အလျောက်၊ သူတို့ ကွေးယွမ်အမတဂိုဏ်းသည် တားမြစ်စူးမိသားစု၏အကြောင်းကို ကောင်းကောင်းကြီး နားလည်ထားသည်။
စူးချန်ကဲသည် တားမြစ်စူးမိသားစုမှ တိုက်ရိုက်ဆင်းသက်လာသော သွေးသားရင်းဖြစ်သောကြောင့် ၊ သူ့ကို မျိုးနွယ်စုဆီ ပြန်လည်ကြိုဆိုရန်အတွက် စွမ်းအားရှင်များစွာ လာရောက်ကြမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
သို့ရာတွင်၊ လက်ရှိအချိန်တွင် စူးချန်ကဲသည် ကွေးယွမ်သူတော်စင်နယ်မြေ၏ ဆက်ခံသူ ဖြစ်ရုံသာမက၊ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူလည်း ဖြစ်သည်။
အကယ်၍ ကွေးယွမ်အမတဂိုဏ်းသည် စူးချန်ကဲကို ကြိုဆိုရာတွင် အလားတူပင် ခမ်းနားထည်ဝါစွာ ကြိုဆိုခြင်းမပြုပါက ၊
ဒါဆို သူတို့က အဲ့သကောင့်သားတွေထက် နှိမ့်ကျသွားတော့မယ် မဟုတ်လား !?
“မှန်တယ် ၊ တားမြစ်စူးမိသားစုကို သိစေရမယ် ၊ ချန်ကဲမှာ သူတို့လို မိသားစုရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ...”
“ ငါတို့ ကွေးယွမ်အမတဂိုဏ်းက ချန်ကဲအတွက် အခိုင်မာဆုံးသော အားကိုးရာတစ်ခု ဖြစ်တယ်ဆိုတာကို သိစေရမယ် !”
“တားမြစ်စူးမိသားစုတင် မကဘူး ၊အမတနယ်မြေ တစ်ခုလုံးကိုပါ ချန်ကဲက ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူဖြစ်တယ်ဆိုတာကို သိစေရမယ်”
မျဲ့ရှန်းရှေးဘိုးဘေးသည် အားမာန်အပြည့်ဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ချန်ကဲရဲ့ ဆန္ဒက ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆန္ဒပဲ!”
တိုက်မြေ သုံးထောင်သည် အဆုံးတွင် ကမ္ဘာကြီး၏အစိတ်အပိုင်းငယ်တစ်ခုမျှသာ ဖြစ်သည်။
အမတနယ်မြေ ငါးခုသည် တိုက်မြေသုံးထောင်ထက်ပင် များစွာကျယ်ဝန်းကာ၊ မရေမတွက်နိုင်သော ခေတ်ကာလ၏ အမွေအနှစ်များစွာ ရှိသည့်အပြင် ထူးချွန်သော ပါရမီရှင်များသည်လည်း မရေမတွက်နိုင်အောင်ရှိသည်။
စူးချန်ကဲ၏ ပါရမီသည် ပြင်းထန်သော်လည်း၊ အမတနယ်မြေ၏ တကယ့် စစ်မှန်သော ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက၊ ကွာဟချက်ရှိသေးသည်။
အကြောင်းမှာ တိုက်မြေ၏ နိယာမများသည် မပြည့်စုံသည့်အပြင် အမတနယ်မြေ၏ ပတ်ဝန်းကျင် တစ်ခုလုံးနှင့်ယှဉ်လျှင် အလွန် ကွာခြားသည်။
ဤအချက်ကြောင့် သူတို့သည် စူးချန်ကဲအတွက် ဗဟိုအမတနယ်မြေ၏ ကံကြမ္မာကို ရှာဖွေနေရခြင်း ဖြစ်သည်။
ဗဟိုအမတနယ်မြေ ပေါ်ထွက်လာသည်နှင့်တပြိုင်နက်၊ ၎င်း၏ကံကြမ္မာစွမ်းအားသည် စူးချန်ကဲအား ပြန်လည်အကျိုးပြုမည်ဖြစ်ကာ၊ စူးချန်ကဲသည် ဤအခွင့်အရေးကို အသုံးချ၍ ပိုမိုမြင့်မားသော အောင်မြင်မှုကို ရယူနိုင်မည်ဖြစ်သည်။
ထိုမတိုင်မီ၊ အမတနယ်မြေ ဖွင့်လှစ်တော့မည့် အခွင့်အရေးကို အသုံးချကာ ၊ သူတို့ ကွေးယွမ်အမတဂိုဏ်းသည် လောကတွင် ထွက်ပေါ်လာပြီး စူးချန်ကဲသည် မိမိတို့ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းလုံးကို ကြေညာမည် ဖြစ်သည်။
ဤသည်မှာ မကောင်းသော ရည်ရွယ်ချက်ရှိသူများနှင့် ညစ်ပတ်သော လှည့်ကွက်များကို ကစားရန် နှစ်သက်သော အမတနယ်မြေ၏ မြေခွေးအိုကြီးများကို ခြောက်လှန့်ရန် ဖြစ်သည်။
သူတို့သည် စူးချန်ကဲကို ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်ကဲ့သို့ ဆက်ဆံမည်မဟုတ်။ စူးချန်ကဲအား အမတနယ်မြေတွင် လှည့်လည်သွားလာကာ ၊ အမတနယ်မြေ၏ လူငယ်စွမ်းအားရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းမည် ဖြစ်သည်။
ရှင်ခြင်းနှင့်သေခြင်းတရားကြား မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ခြင်းဖြင့် မဟာလမ်းစဉ်၏ ထိပ်ဆုံးနေရာသို့ တတ်လှမ်းကာ ၊ အမတနယ်မြေ၏အထက်လောကကိုပင် တတ်လှမ်းနိုင်စေရမည်။
အနာဂတ်တွင် စွန့်စားမှုများသည် မည်မျှများပြားမည်ကို မသိနိုင်ပေ။
ယနေ့ထိတိုင် ကျန်ရှိနေခဲ့သော အုပ်စိုးရှင်အင်အားစုတစ်ခုအနေဖြင့်၊ အမတနယ်မြေတွင် အခြားသော အုပ်စိုးရှင်အင်အားစုဝင်များ ၊ ကောင်းကင်ဂူ နှင့် အမတဂိုဏ်းကဲ့သို့သော ငြိမ်သက်နေကြသော အင်အားစုများစွာ ရှိသေးကြောင်းကိုလည်း သူတို့ ကောင်းကောင်းကြီး သိထားသည်။
ဤရှေးဟောင်းအင်အားစုများတွင်လည်း ၊ ထူးချွန်သော ပါရမီရှင်များလည်း မရေမတွက်နိုင်အောင် ရှိကြပြီး၊ စူးချန်ကဲအနေဖြင့် ပိုမိုများပြားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
သို့ရာတွင်၊ အဆုံးမဲ့ကပ်ဘေးကြီးသည် အနှစ်ငါးရာအတွင်း ဖြစ်လာလိမ့်မည်ဟု ဟောကိန်းရှိထားသည်။
“အမှောင်ထု ပြန်လည်နိုးထလာမယ်.... အဆုံးမဲ့ကပ်ဘေး..... အမတနယ်မြေ အထက်လောက....”
“ချန်ကဲက သုံးနှစ်အတွင်း မဟာဧကရာဇ်မင်း နယ်ပယ်အဆင့်ထိ ရောက်ရှိနိုင်ခဲ့ပေမယ့် ၊ ဒါပေမဲ့ နှစ်ရာဂဏန်းအတွင်းမှာ အမတ ဧကရာဇ်မင်း ဖြစ်လာဖို့ဆိုတာက ...”
ဤသို့ပြောဆိုပြီးနောက်၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် နောက်ထပ်မပြောတော့ပေ။
အချိန်သည် ကျပ်တည်းသော အခြေအနေတွင် ရှိနေသည်။ ဤခေတ်တွင် ဒေဝလောကတစ်ခုလုံးသည် ပြန်လည်စတင်ပြီး ၊ ယခင်က ကြုံတွေ့ခဲ့သမျှ အရာတိုင်းသည် နောက်တစ်ဖန် ဖြစ်ပွားပေတော့မည်။
ကမ္ဘာ့ကပ်ဘေးစစ်ပွဲပင် ဖြစ်စေ၊ အဆုံးမဲ့ ကပ်ဘေးကြီးပင် ဖြစ်စေ၊ ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြတော့မည်။
ဒေဝလောကတစ်ခုလုံးရှိ ကံအကျိုးဆက်စွမ်းအား၏ သက်ရောက်မှုမှာ အလွန်ကျယ်ပြန့်လွန်းသဖြင့်၊ စူးချန်ကဲကိုယ်တိုင် အလွန်အမင်း သန်မာမှသာလျှင် သူသည် ကြီးမားသော ဘေးဒုက္ခအတွင်း၌ ရပ်တည်နိုင်မည်ဖြစ်သည်။
“ ချန်ကဲ အနေနဲ့ ..နောက်ထပ် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ဖို့ကို မျှော်လင့်မိတယ်”
စူးချန်ကဲ၏ ရှေ့ရေးကို ကြိုတင်မှန်းဆ၍ မရနိုင်ပေ။ သူသည် အနာဂတ်တွင် မည်ကဲ့သို့သော အံ့ဖွယ်ရာများကို ဖန်တီးမည်ကို မည်သူမျှ မသိကြပေ။
သို့ရာတွင် ဤတစ်ချက်ကိုတော့ ဖော်ပြရပေမည်။ အံ့ဖွယ်အမှုများကို ဖန်တီးသူသည်၊ မည်သည့်ကမ္ဘာလောကတွင် ရှိနေပါစေ၊ ဒဏ္ဍာရီလာ ဖြစ်ရပ်များကို အမြဲတမ်း ဖန်တီးနေပေလိမ့်မည်။
စူးချန်ကဲသည် ဤအရာများကို အောင်မြင်ခဲ့ရုံသာမက၊ ရှေးဘိုးဘေး မျှော်မှန်းထားသည်ထက် များစွာသာလွန်ကာ စွမ်းဆောင်နိုင်ခဲ့သည်။
နောက်ပိုင်း ခေတ်ကာလများတွင်၊ ဒေဝလောကတစ်ခွင်ရှိ သက်ရှိသတ္တဝါများသည် စူးချန်ကဲဟူသော အမည်နာမကို ဆွေးနွေးကြသည့်အခါတိုင်း ၊
သူတို့သည် ထာဝရ ထျန်းတိ့ ဟူသော ဘွဲ့နာမကိုသာမက၊ ဒေဝလောကတစ်ခွင်ရှိ အသက်အငယ်ဆုံး အမတဧကရာဇ်မင်း ဟူသော ခေါင်းစဉ်ကိုလည်း အမှတ်ရကြပေလိမ့်မည်။
………
တစ်ချိန်တည်းမှာပင်။
ဟွမ်ကျီအမတနယ်မြေ ၊ တားမြစ်စူးမိသားစု၊
ရောင်စုံတောက်ပနေသော အလွန်ခမ်းနားထည်ဝါသည့် ခန်းမတစ်ခုတွင် ၊
“အရှင်သခင်.... ဒါက တပည့် တိုက်မြေ သုံးထောင်မှာ စုဆောင်းရရှိခဲ့တဲ့ သခင်ငယ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေပါပဲ...”
ယနေ့ခေတ် တားမြစ်စူးမိသားစု၏ အရှင်သခင် ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် စူးယွမ်၏ အစီရင်ခံတင်ပြချက်ကို နားထောင်နေသည်။
ပလ္လင်ပေါ်တွင် ထိုင်လျက် ၊ နဂါးကိုးကောင်ဖြင့် ခြယ်သထားသော ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ကာ မျက်ဝန်းထဲတွင် ကြယ်တာရာများ စီးဆင်းနေသည့်အလား တောက်ပလျက်ရှိသော ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် တီးတိုးရေရွတ်လိုက်သည်။
“ ဒီသုံးနှစ်အတွင်း ဧကရာဇ်တစ်ပါး ဖြစ်လာရုံတင်မကဘူး...တိုက်မြေပြင်ပ နယ်မြေနဲ့ ပြန်လည်ပေါင်းစည်းပြီး ဇီဝတားမြစ်နယ်မြေရဲ့ ခေါင်းဆောင်ခြောက်ဦးကို သူ တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်......”
“ ပြီးတော့ အတုမရှိတဲ့ နတ်ကိုယ်ထည်ကိုပါ နိုးကြားစေခဲ့တယ်.....”
“ တကယ်လို့များ သူ့ကိုယ်ပိုင် တားမြစ်ကိုယ်ထည်တွေကိုပါ ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင်....”
ရွှမ်ယွမ်အမတဧကရာဇ်မင်းမှာ ဆက်လက် မတွေးတောဝံ့ပေ။ မိမိ၏ တူတော်မောင်သည် ရှေးဟောင်းလွန်လေပြီးသော ခေတ်ကာလများ၌ပင် မရှိခဲ့ဖူးသော ပါရမီရှင်ဟု ခေါ်ဆိုမည်ဆိုလျှင်ဖြင့် ၊ ဤသည်မှာ ချဲ့ကားသည်ဟုပြောမရနိုင်ပေ။
သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်များ ဖြစ်သည့် ကိုယ်ထည်များရှိထားရုံသာမက ၊ အတုမရှိသော နတ်ခန္ဓာဖြစ်သည့် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကိုပင် နိုးထစေနိုင်ခဲ့သည်။ ဤကဲ့သို့သော လူတစ်ယောက်ကို သာမန်ထူးချွန်သူဟု ခေါ်ဆို၍မရတော့ပေ။
ဤသည်မှာ ၊ သူသည် ကျင့်ကြံလမ်းကြောင်းအတွက် မွေးဖွားလာခြင်းဖြစ်ပြီး ၊ မဟာလမ်းစဉ်၏ အထွပ်အထိပ်တွင် ရပ်တည်ရန် ရည်ရွယ်ထားသူ ဖြစ်သည်။
သို့သော် စဉ်းစားကြည့်လျှင်လည်း မှန်ပေသည်။
ဤသည်မှာ ဒဏ္ဍာရီလာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ် ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ တာအိုကိုယ်ထည်များ၏ ရုပ်ပိုင်းဆိုင်ရာ ဝိသေသလက္ခဏာအားလုံးကို ပိုင်ဆိုင်ထားသောကြောင့်၊ စူးချန်ကဲသည် ဤမျှလောက် များပြားသော ကိုယ်ထည်များကို နိုးကြားစေခဲ့သော်လည်း တန်ပြန်သက်ရောက်မှုမရှိခဲ့ခြင်း ဖြစ်သည်။
ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် ခေါင်းတယမ်းယမ်းဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“အိုင်း... အစကတော့ ငါ့အစ်ကိုကြီးကို အတော်လေး ထူးခြားတယ်လို့ ထင်နေတာ ၊ အစ်ကိုကြီးရဲ့သားက အစ်ကိုကြီးထက်တောင် ပိုပြီး ထူးကဲနေလိမ့်မယ်လို့ ထင်မထားဘူး...”
အပိုင်း(၅၇၉): ဒီဓားနဲ့ အမတမှော်အစီအရင်ကို ချိုးဖျက်မယ်!
ထိုအကြောင်းများကို ညည်းတွားရင်း ၊
ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် သူ၏ တစ်ဦးတည်းသောသားဖြစ်သူ စူးချန်ချင်ကို တွေးမိသွားသည်။
စူးချန်ကဲ နှင့် အက္ခရာတစ်လုံးတည်းသာ ကွဲသော်လည်း ၊ သို့သော် ကွာခြားချက်မှာ မိုးနှင့်မြေပင်။
ဤမျှနှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံအားထုတ်ခဲ့သော်လည်း ၊ သူသည် ပဉ္စမအဆင့် အမတဧကရာဇ်တစ်ပိုင်းသာ ရှိသေးသည်။
စူးချန်ကဲ၏အစ်မ စူးယွင်ယွဲ့အကြောင်းကို ထည့်မပြောခင် ၊ စူးချန်ကဲသည်ပင် အမတနယ်မြေသို့ မကြာမီ ရောက်ရှိလာတော့မည်။ ဒါတင်မက ၊ မိမိ၏သားကိုတောင် ကျော်တတ်သွားမည်မှာ သေချာသည်။
သူသည် ဤသားရင်းကို ရိုက်သတ်၍ လူဝင်စားမြစ်ထဲသို့ ပစ်ချကာ အသစ်ကနေပြန်စရန် တွေးခဲ့ဖူးသည်။
“ အိုင်း ... ဒီသကောင့်သားက တားမြစ်စူးမိသားစုရဲ့ သခင်ရာထူးကိုတောင် စိတ်ဝင်စားနေသေးတယ် ၊ တကယ်ကို ပုန်ကန်တတ်တဲ့သားပဲ ! “
တားမြစ်စူးမိသားစုဝင် အများအပြားသည် စူးချန်ကဲကို တစ်ခါမှမတွေ့ဖူးကြသလို လုံးဝ မသိရှိကြသော်လည်း။
သို့သော် ဤနှစ်ပေါင်းများစွာကာလအတွင်း တားမြစ်စူးမိသားစုသည် စူးချန်ကဲနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို စုဆောင်းခဲ့ကြပြီး ၊ မကြာသေးမီက ဝင်ရောက်သွားခဲ့သော အမတလျှောက်လှမ်းထဲက အခြေအနေများသည်လည်း သူတို့လက်ထဲတွင် ရှိသည်။
စူးချန်ကဲ၏ ကျင့်ကြံမှုသည် နိမ့်ကျသေးသော်လည်း၊ သို့သော် ပါရမီစွမ်းရည်အရ သူသည် အမတနယ်မြေတစ်ခုလုံး၏ ထိပ်ဆုံးအဆင့်တွင် ရပ်တည်နေသည်။
ဤကဲ့သို့သော ပါရမီစွမ်းရည်ဖြင့် ၊ သူသည် မည်သည့်အကြီးစား အင်အားစုအုပ်စုတွင် မဆို အရေးအကြီးဆုံး ဆက်ခံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
ထို့အပြင်၊ စူးချန်ကဲ၏ဖခင်ဖြစ်သူ စူးရွှမ်မှာ ရွှမ်ယွမ်အမတ ဧကရာဇ်မင်း၏ အစ်ကိုရင်းတစ်ယောက် ဖြစ်ရုံသာမက။
ယခင်က ရွှမ်ယွမ်အမတဧကရာဇ်မင်း၏ အသက်ကိုပင် ကယ်တင်ခဲ့ဖူးသည်။
ထိုစဉ်က ၊ စူးရွှမ်သည် အမှောင်ထုမူလရင်းမြစ်ကမ္ဘာမှ အပြည့်အဝ လွတ်မြောက်နိုင်စွမ်းရှိခဲ့သော်လည်း ၊ သို့သော် သူ့ကိုပြန်လည်ကယ်ထုတ်ရန် တစ်ဖန်ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် အမှောင်ထုမူလရင်းမြစ်ကမ္ဘာရှိ အမှောင်ထု အမတဧကရာဇ်မင်းနှင့် ထပ်မံ စစ်ဖြစ်ပွားခဲ့ပြီး ၊ နောက်ဆုံးတွင် သူ၏နတ်ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့ပြီး ဝိညာဉ်မှာလည်း ကွဲကြေလုနီးပါး ဖြစ်ခဲ့ရသည်။
ယနေ့ထိတိုင် ၊ ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် ဤအဖြစ်အပျက်ကို သူ၏နှလုံးသားထဲတွင် အမြဲအမှတ်ရနေဆဲဖြစ်သည်။
စူးချန်ကဲ၏ သခင်ငယ်ရာထူးနှင့် ပတ်သက်၍ ၊ သူသည် အခြားမည်သူ၏သားကိုမှ ဘယ်တော့မှ ဆက်ခံခွင့်ပြုမည် မဟုတ်သလို ၊ သူ၏ သားအရင်းဖြစ်စေကာမူ ခွင့်ပြုလိမ့်မည်မဟုတ်။
“ တကယ်လို့ ချန်ကဲက ငါတို့ တားမြစ်စူးမိသားစုထဲကို ရောက်လာပြီးတာတောင် ၊ သကောင့်သားက သခင်ငယ်ရာထူးကို ဆက်ပြီး တပ်မက်နေဦးမယ်ဆိုရင် ၊ သူ့ကို သံသရာစက်ဝန်းထဲ ပစ်ချပစ်လိုက်မယ် “
ရွှမ်ယွမ်အမတ ဧကရာဇ်မင်း၏ မျက်လုံးများသည် အေးစက်သွားသည်။
“ နောက်တစ်ယောက် ထပ်မွေးလိုက်ရုံပေါ့ “
စူးချန်ချင်သာ ကြားလျှင်ဖြင့် ၊ ဤသို့ပြောပေလိမ့်မည် --- ချစ်ခြင်းမေတ္တာကြီးမားလိုက်တဲ့ အဖေရင်းကြီးရယ် !
သို့သော် ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် အချို့သောကိစ္စများကြောင့် ခေါင်းကိုက်လို့နေသည်။
“ အမတနယ်မြေ ကျရောက်လာတဲ့အခါ.... ချန်ကဲကို ငါ့ရဲ့ တားမြစ်စူးမိသားစုဆီ ဘယ်လိုတောင် ပြန်ခေါ်ရမလဲ....”
“ လက်ရှိမှာ ချန်ကဲက ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်နေပြန်တယ် ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး နည်းနည်းတော့ ခက်လိမ့်မယ်.....”
ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် ထိုကိစ္စကြောင့် စိုးရိမ်ပူပန်နေစဉ် ၊
နန်းဆောင်အပြင်ဘက်မှ အေးစက်သောအမျိုးသမီးတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ရွှမ်ယွမ်ဦးလေး၊ ချန်ကဲကို ကျွန်မ ကိုယ်တိုင် သွားကြိုခွင့်ပြုပါ “
အသံလားရာကို ကြည့်လိုက်လျှင်ဖြင့် ၊
ရှည်လျားသော လရောင်ဂါဝန်ထည်ကို ၀တ်ဆင်ထားပြီး ၊ သွယ်လျသော ခန္ဓာကိုယ်နှင့် ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားသော မိန်းမလှလေးတစ်ယောက်ကို တွေ့ရပေလိမ့်မည်။
အထူးသဖြင့် ၊ သူမ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရိုက်ခတ်လှုပ်ရှားနေသော ရောင်ဝါများနှင့်အတူ အိမ်မက်ဆန်သော မျက်နှာနှင့် ပေါင်းစပ်လိုက်လျှင်ဖြင့် ၊ သူမသည် ကောင်းကင်ဘုံကိုးထပ်က ရင်သပ်ရှုမောဖွယ်ရာ နတ်ဘုရားမတစ်ပါးဟုပင် ထင်မှတ်ရသည်။
ဤအမျိုးသမီးမှာ စူးချန်ကဲ၏အစ်မ ၊ တစ်ချိန်က အမတနယ်မြေတွင် ပြိုင်ဘက်ကင်းသော ပါရမီရှင် ပထမအဆင့်၌ ရပ်တည်နေခဲ့သည့် -- စူးယွင်ယွဲ့ ပင် ဖြစ်သည်။
“ ယွင်ယွဲ့ တူမလေး ....”
ရွှမ်ယွမ်အမတ ဧကရာဇ်မင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“မင်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
ယခင်က တားမြစ်ကုန်းပြင်မြင့်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအပြီးတွင် ၊ စူးယွင်ယွဲ့ သည် အင်အားအများအပြား ကုန်ဆုံးခဲ့ရသော်လည်း၊
သို့သော် စစ်ပွဲအတွင်းက တိုက်ပွဲအတွေ့အကြုံများကြောင့် သူမသည် မဟာလမ်းစဉ်၏ သဘောတရားကို သဘောပေါက်ကာ လက်ရှိတွင် တံခါးပိတ်ကာကျင့်ကြံအားထုတ်နေပြီး ၊ အမတဧကရာဇ်မင်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခဲ့သည်။
စူးယွင်ယွဲ့ သည် ဦးညွှတ်ကာ ဂါရဝပြုလိုက်ပြီးနောက် ၊ ဆက်ပြောလိုက်သည်။
“အခုဆို အမတနယ်မြေလည်း သိပ်မကြာခင် ဆင်းသက်တော့မယ် ၊ ယွင်ယွဲ့ မောင်လေးကို တွေ့ချင်တဲ့ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘူး...”
“အဲ့တာကြောင့် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့တာ “
ထိုစကားကိုကြားပြီးနောက် ၊ ရွှမ်ယွမ်အမတဧကရာဇ်မင်းသည်လည်း နားလည်သဘောပေါက်သွားသည်။
စဉ်းစားကြည့်လျှင်လည်း မှန်ပေသည်။
စူးချန်ကဲသည် သူမ၏ တစ်ဦးတည်းသော မောင်လေးဖြစ်ပြီး ၊ မရေမတွက်နိုင်သော အချိန်ကာလများအတွင်း သူမသည် မောင်ဖြစ်သူအတွက် စိုးရိမ်ပူပန်နေခဲ့သည်။
လူသားလောက၏တစ်လသည် အမတနယ်မြေ၌ တစ်နှစ်နှင့် ညီမျှသည်။
မိသားစု၏ တားဆီးမှုသာမရှိခဲ့ပါက ၊ စူးယွင်ယွဲ့ သည် အရင်ကတည်းက မောင်ဖြစ်သူကို သွားရှာခဲ့လောက်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ၊ စူးယွင်ယွဲ့ သည် မောင်ဖြစ်သူကို မည်မျှလွမ်းဆွတ်နေမှန်း သိနိုင်သည်။
ထို့ကြောင့်ပင် ယခင်က စူးချန်ကဲသည် တားမြစ်ကုန်းပြင်မြင့်ကြောင့် ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းကိုကြားပြီးနောက် ၊ ဤမျှဒေါသထွက်ခဲ့ခြင်း ဖြစ်သည်။
စူးချန်ကဲသည် သူမကို မှတ်မိသည်ဖြစ်စေ ၊ မမှတ်မိသည် ဖြစ်စေ သူမ ဂရုမစိုက်ပေ။ အစ်မတစ်ယောက်အနေဖြင့်၊ မိမိ၏ မောင်ဖြစ်သူကို သိရရင်ကို သူမ ကျေနပ်သည်။
“ ငါ့တူမလေး ယွင်ယွဲ့ ၊ မင်းက အဲ့လိုစိတ်ကူးရှိတယ်ဆိုလည်း ၊ ဒီကိစ္စကို မင်းနဲ့လွဲထားလိုက်တော့မယ် “
ထို့နောက် ရွှမ်ယွမ်အမတ ဧကရာဇ်မင်းက ဆက်လက် မှာကြားခဲ့သည်။
“ ဒါနဲ့ ယွင်ယွဲ့ ၊ စူးချန်ချင်ကိုပါ ခေါ်သွားလိုက် ၊ဒီကောင်က သခင်ငယ်ရာထူးကို အမြဲတမ်း မျက်စိကျနေတာ “
“လိုအပ်ရင် .... သူ့ကို မှတ်အောင် သင်ခန်းစာပေးလိုက်.... ဒါတောင်မှ သူ့အကျင့်ကို မပြင်သေးရင် “
“ဦးလေးရဲ့ မျက်နှာကိုလည်း မထောက်ထားနဲ့တော့... သူ့ကို သံသရာစက်ဝန်းထဲပစ်ချလိုက်ရင်တောင်... ငါ မျက်ခုံး တချက်မှမတွန့်ဘူး “
ထိုစကားကိုကြားပြီးနောက်၊ စူးယွင်ယွဲ့ သည် ခေါင်းညိတ်သဘောတူလိုက်သည်။
စူးချန်ချင်သည် သူမ၏ မောင်တစ်ဝမ်းကွဲဖြစ်သော်လည်း ၊ မိမိ၏ မောင်အရင်းထက် အရေးမကြီးပေ။
အကယ်၍ စူးချန်ချင်သည် သူမ၏မောင်အရင်းနှင့် သခင်ငယ်ရာထူးကို ပြိုင်ဆိုင်လိုပါက ၊
ဒါဆို သူမသည် မည်သည့်အရာကိုမှ မထောက်မထားတော့ဘဲ စူးချန်ချင်ကို တစ်ခါတည်း သင်္ဂြိုဟ်ပေးလိုက်မည်။
“ ဒါပေမဲ့.... ချန်ကဲနဲ့ တွေ့တဲ့အခါ ဘာလက်ဆောင်ပေးသင့်သလဲ “
“ အမတဘုရင်အဆင့်ရှိတဲ့ နတ်သားရဲ... ချန်ကဲ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးထင်တယ်.... “
“ နတ်ဆေးပင်ဆိုရင်ရော ... အဲ့တာကြလည်း ဆေးက ပြင်းလွန်းတယ် “
စူးယွင်ယွဲ့ မှာ ဝေခွဲမရဖြစ်နေသည်။
“ အနှိုင်းမဲ့ အမတကျမ်းဆိုရင်ရော ... ချန်ကဲ ကြိုက်လောက်မယ် မထင်ဘူး.....”
ယခင်က အမတနယ်မြေ၏ ပထမအဆင့် ပါရမီရှင်ဖြစ်သော လူသတ်နတ်ဘုရားမအဖြစ် လူသိများသူ စူးယွင်ယွဲ့ သည် ဤအခိုက်အတန့်တွင် ရှားရှားပါးပါး နူးညံ့သိမ်မွေ့မှုကို ဖော်ပြနေသည်။
စူးချန်ကဲသည် ဤအရာများကို အားကိုးမည်မဟုတ်ကြောင်း သူမ သိသော်လည်း ၊
သို့သော် အစ်မတစ်ယောက်အနေဖြင့်၊ မိမိ၏ မောင်ဖြစ်သူအပေါ် သဘောထားကြီးရပေမည်။
“ချန်ကဲ ဘယ်အချိန်မှ ထာဝရ စစ်မှန်အမတရှင် ဖြစ်လာမလဲ မသိဘူး...”
“တကယ်ကို မစောင့်နိုင်တော့ဘူး....”
………
တစ်ချိန်တည်းမှာပင်။
ကျဆုံးအမတမြို့ ၊ အမတလျှောက်လှမ်း တံခါးတည်ရှိရာနေရာ၌ ၊
ကျယ်လောင်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ၊ ကြောက်ခမန်းလိလိ နတ်အလင်းပေါက်ကွဲမှုများသည် ကောင်းကင်ယံတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ သေစမ်း သေစမ်း! မင်း ဘာလို့ ခုထိမသေနိုင်သေးတာလဲ!?”
ယောက်ယွဲ့ရှန်း၏ ရူးသွပ်သော အော်ဟစ်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားသည်။
ဒဏ်ရာများ ရထားသော်လည်း ၊ အပျက်အစီးများပေါ်တွင် ယခုထိတိုင် ရပ်တည်နေသော စူးချန်ကဲကို ကြည့်ရင်း၊
ဟောက်ယွဲ့ရှန်း၏ အမူအရာသည် ယခင်ကကဲ့သို့ မောက်မာမှုမျိုး မရှိတော့ဘဲ ရူးသွပ်နေသူတစ်ဦးနှင့် တူနေသည်။
သူနားမလည်နိုင်သည်မှာ ကြွင်းကျန်အမတကိုးဦး ဖွဲ့စည်းထားသော အမတမှော်အခင်းအကျင်းသည် စူးချန်ကဲကို ဒဏ်ရာရစေရုံမျှသာ ရှိပြီး၊ ၎င်းကိုမသတ်နိုင်သည်မှာ အဘယ့်ကြောင့်နည်း။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?
စူးချန်ကဲသည် လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး ၊ သူ၏ ခန္ဓာကိုယ်သည် သူတို့ အိမ်မက်မက်ခဲ့ရသည့် အမတခန္ဓာထက်ပင် အစွမ်းထက်နေသည်မှာ အဘယ်ကြောင့်နည်း။
ဤအချက်က သူ့ကိုမနာလိုဖြစ်စေခဲ့ရုံသာမက၊ အတော်လေးကို ရယ်စရာကောင်းပေသည်။
အမတလမ်းစဉ် ကျင့်ကြံသူဖြစ်ပါသော်လည်း၊ သူတို့သည် ယခုထိတိုင် အမတခန္ဓာကိုယ်ကို မဖွဲ့စည်းနိုင်သေးပေ။ သို့သော် လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦးသည် အမတအဆင့်နီးပါး ရောက်ရှိနေသည်မှာ အဘယ့်ကြောင့်နည်း။
“မင်း! သေတာနဲ့ပဲ ထိုက်တန်တယ်!”
စကားဆုံးသည်နှင့်၊ ဟောက်ယွဲ့ရှန်းသည် ကျိန်စာသင့်ကောင်းကင်အစီအရင်၏ ကြောက်ခမန်းလိလိ စွမ်းအားကို ထပ်မံ အသက်သွင်းလိုက်သည်။
သူသည် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုဖြင့် စူးချန်ကဲကို အဆုံးသတ်ရန် ကြံရွယ်ထားသည်။
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ယခင်တိုက်ပွဲအတွင်းတွင်၊ သူသည် မိမိ၏ နတ်အသိစိတ်ကို ဖြန့်ကျတ်ကာ စုံစမ်းရှာဖွေခဲ့သည်။
သေချာသည်မှာ၊ မောလင်ရှန်း ဟု အမည်ရသော ကြွင်းကျန်အမတသည် ရှစ်တိ့ထျန်နှင့် ဆက်စပ်နေမှန်း အတည်ပြုနိုင်ခဲ့သည်။
သူသည် ယခင်က ရှစ်တိ့ထျန်းနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် ရှစ်တိ့ထျန်း၏ ရောင်ဝါကို သူအတော်လေး ရင်းနှီးသည်ဟု ဆိုနိုင်သည်။
ထိုထူးခြားသော နတ်ဆိုးစွမ်းအင်နှင့် ပတ်သတ်၍ မှားစရာမရှိပေ။
“ကြည့်ရတာ.... ရှစ်တိ့ထျန်း ဒီကောင်က ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ချင်နေတာပဲ ....ကြားကနေ အကျိုးခံစားဖို့ချောင်းနေတယ်ပေါ့လေ”
သိပ်တွေးစရာပင်မလိုချေ။ ရှစ်တိ့ထျန်းသည် လက်ရှိအချိန်တွင် ဤနေရာတွင် ဖြစ်ပျက်နေသော အခြေအနေများကို အမှောင်ထဲကနေ ကြည့်ရှုနေမည်မှာ သေချာသည်။
အမတလျှောက်လှမ်း တံခါးမကြီးထဲသို့ တစ်ခါတည်းဝင်ရောက်နိုင်ရန်အတွက်၊ စူးချန်ကဲသည် ဤအခွင့်အရေးကို အသုံးချကာ ၎င်းတို့ကို တစ်ပြိုင်နက်တည်း ဖြေရှင်းရန် ကြံစည်လိုက်သည်။
“ ဗလာနိတ္ထိမျက်လုံးတော်ရဲ့ စွမ်းအားက ရှစ်တိ့ထျန်း မင်းအတွက် ချန်ပေးထားတာဆိုတော့....”
“ ဒါဆိုလည်း ဒီဓားနဲ့ ... အမတမှော်အစီအရင်ကို ချိုးဖျက်မယ်!”