အခန်း (၅၇၃-၅၇၄)
Vol. 42 Ch. 573-574
အပိုင်း(၅၇၃): ကြီးမားတဲ့အခွင့်အရေးက မျက်စိရှေ့မှာတဲ့လား
ဝီ!!
အဆုံးမရှိသော အလင်းလှိုင်းတံပိုးများသည် မှောင်မိုက်သော ကောင်းကင်ယံထက်တွင် စုဝေးရိုက်ခတ်လာခဲ့ပြီး ၊အဆုံးတွင် ပြိုးပျက်စွာ တောက်ပနေသော ဝဲဂယက်များအဖြစ် နေရာအသီးသီးတွင် ဖြစ်ပေါ်လာခဲ့သည်။
ထိုအသံလားရာကို ကြည့်မည်ဆိုပါက ၊ အလယ်ဗဟိုကျသော ဝဲဂယက်ထံမှ ထွက်ပေါ်လာပုံရသည်။
ရိုက်ခတ်နေသော လှိုင်းတံပိုးများကြား ၊ ခရမ်း-ရွှေရောင် ဦးဆောင်းတန်ဆာကို ဆင်မြန်းလျက် ၊ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့သည်။
သူသည် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော လမ်းကြောင်းပေါ်သို့ ခြေချကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
သူ၏ကိုယ်ပေါ်ရှိ အမတအလိုဆန္ဒသည် မပြီးပြည့်စုံသေးသော်လည်း ၊ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးစွမ်းအင်များမှာ ပြင်းထန်လွန်းသဖြင့် တချက်လှုပ်ခတ်ရုံဖြင့် ဟင်းလင်းပြင်ကိုပါ အနည်းငယ် ရွဲ့စောင်းသွားစေသည်။
“ ဟိုကောင်တွေရဲ့စကားအရ ၊ ဒီကောင်လေးက တိုက်မြေ သုံးထောင်မှာ ထာဝရထျန်းတိ့ လို့ သမုတ်ခံထားရတဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဆိုပဲ “
ထိုအချိန်တွင် ၊ ဒုတိယမြောက် ပုဂ္ဂိုလ်တစ်ဦးသည် လှိုင်းတံပိုးများကြား ဖြေးဖြေးချင်း ထွက်ပေါ်လာသည်။
ထိုအနှီပုဂ္ဂိုလ်၏ဆံနွယ်များသည် နှင်းအလား ဖြူစွတ်နေပြီး ၊ သူ၏တစ်ကိုယ်လုံးက နတ်အလင်းများဖြင့် တဖိတ်ဖိတ် ဝင်းလက်နေသည်မှာ လောကကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။
ထိုပုဂ္ဂိုလ်မှာ ခွန်အားအရာတွင် ဟောက်ယွဲ့ရှန်းပြီးလျှင် ဒုတိယဖြစ်သည့် ထျန်းယွီရှန်း ဖြစ်သည်။
“ဟားးး... ထာဝရ ထျန်းတိ့? ဒီကောင်လေးကလား”
“ သူ့ဘာသူ ဘာကြီးပဲဖြစ်နေဖြစ်နေ ...နတ်ဆိုးချောက်နက်မတိုင်ခင် ပြာကျစေရမယ်”
ထိုအချိန်တွင် အနက်ရောင် တာအိုဝတ်လုံကို ဝတ်ဆင်ထားသော မောလင်ရှန်းသည် ရိုက်ခတ်လှုပ်ရှားနေသော နတ်ဆိုးစွမ်းအားဝဲဂယက်ထဲမှ ဖြေးဖြေးချင်း ထွက်ပေါ်လာသည်။
သူ၏ဦးချိုတစ်စုံသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများဖြင့် ဝန်းရံလို့နေသည်။
သို့သော် ၊ သူ၏ မှောက်မိုက်သောလသဖွယ် မည်းနက်နေသောမျက်လုံးများသည် စူးချန်ကဲအား ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို ဖြစ်စေခဲ့သည်။
“ဒီလူရဲ့ခန္ဓာကိုယ်ပေါ်မှာ....”
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ၊ တီးတိုးရေရွတ်လိုက်သည်။
“ ဘယ်လိုလုပ်ပြီး ရှစ်တိ့ထျန်းရဲ့ အငွေ့အသက်တွေ ရှိနေတာလဲ “
သူစဉ်းစားလို့မပြီးသေးခင် ၊ ကြွင်းကျန်အမတ ရှစ်ဦး ဆင်းသက်လာခဲ့သည်။
အမတအလိုဆန္ဒတို့သည် ပြင်းထန်စွာ ရိုက်ခတ်လှုပ်ရှားလျက် ၊ အာကာသဟင်းလင်းပြင်၌ တုန်လှုပ်မြည်ဟည်းသံများ ထွက်ပေါ်နေသည်။
“ဒါ.... ဟောက်ယွဲ့ရှန်းကိုယ်တိုင် ရောက်လာရုံတင်မကဘူး ၊ ထျန်းယွီရှန်း နဲ့ မောလင်ရှန်း တို့ကိုပါ ခေါ်ဆောင်လာတဲ့အပြင် အခြား ကြွင်းကျန်အမတငါးဦးကိုလည်း ခေါ်ဆောင်လာခဲ့တာပဲ”
စူးချန်ကဲ၏ ဘေးတွင်ရပ်နေကြသော ကြွင်းကျန်အမတ သုံးဦးခမျာ တစ်ကိုယ်လုံး တုန်ရီလျက် ၊ ဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြသည်။
အဓိကအရေးအကြီးဆုံးအရာမှာ ဟောက်ယွဲ့ရှန်းသည် လူသေကောင်ကို ကြည့်နေသကဲ့သို့ သူတို့သုံးဦးကို စိုက်ကြည့်နေသည်။
သူတို့ခမျာ ရှင်းပြခွင့်တောင်မရလိုက်ဘဲ ၊
ကြွင်းကျန်အမတ သုံးဦးကို ကြည့်ရင်း ၊ ဟောက်ယွဲ့ရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။
“ မင်းတို့ရဲ့ ဘဝတွေက သိပ်ပျော်စရာကောင်းနေတာပဲ “
“ဒီလို မရိုးသားတဲ့ လုပ်ရပ်မျိုးကို လုပ်နေကြတာပဲ ၊ ကြည့်ရတာ ဒီနေ့ ငါတို့ရဲ့အစားအစာ နောက်ထပ် သုံးခု ထပ်တိုးသွားပြီပဲ “
ထိုစကားကို ကြားလိုက်ရသည်နှင့် ၊
ကြွင်းကျန်အမတ သုံးဦးစလုံး ခေါင်းနားပန်းကြီးကုန်သည်။
ကြောက်စရာကောင်းသော မိုးခြိမ်းသံကို ကြားလိုက်ရသည့်အလား ၊ မြေပြင်ပေါ်သို့ ခွေကျသွားသည်။
ဟောက်ယွဲ့ရှန်းသည် သူတို့ကိုပါ အတူတကွ ရှင်းလင်းပစ်ပေတော့မည်။
“ လူကြီးမင်း.... လူကြီးမင်း! ကျွန်တော်တို့ ထာဝရရှင်သန်ခြင်း အမတဂူအပေါ် သစ္စာရှိမှုကို မိုးမြေတိုင်တည်ပြီး သက်သေခံနိုင်တယ်!”
“ဟုတ်ပါတယ်! ကျွန်တော်တို့ ထာဝရရှင်သန်ခြင်း အမတဂူကို ဘယ်တုန်းကမှ သစ္စာဖောက်ဖို့ စိတ်ကူးမရှိပါဘူး “
ကြွင်းကျန်အမတ သုံးဦးသည် ဤအထင်လွဲမှုကို ဖြေရှင်းရန် ကြိုးစားပမ်းစား ရှင်းပြနေလေ၏။
သို့သော်၊ သူတို့ ရှင်းပြလေလေ ဟောက်ယွဲ့ရှန်း၏ မျက်နှာသည် ပို၍အေးစက်လာသည်။
သေချာသည်။ သူတို့သုံးယောက်စလုံးသည်လည်း သတ်ဖြတ်ခံရမည့်စာရင်းထဲတွင် ပါဝင်သွားခဲ့ပြီး ဖြစ်သည်။
ယင်းက သူတို့သုံးဦးစလုံးကို ရေခဲမြစ်ထဲ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားရစေပြီး ၊ ကြောက်စရာကောင်းသော အင်အားတစ်ခုက သူတို့၏လည်ချောင်းများကို ပိတ်ဆို့ထားသကဲ့သို့ စကားလုံးများပင်လျှင် ထွက်မလောတော့ချေ။
ဟောက်ယွဲ့ရှန်းသည် လက်ရှိတွင် ထာဝရရှင်သန်ခြင်း အမတဂူ၏ အစွမ်းထက်ဆုံး ကြွင်းကျန်အမတ ဖြစ်သည်။
စူးချန်ကဲသည် စွမ်းအားကြီးမားသော်လည်း၊ သူတို့၏ အမြင်တွင် ဟောက်ယွဲ့ရှန်းထက် အများကြီး နိမ့်လွန်းသည်။
လူသားလမ်းစဉ်၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဆိုတောင် ၊ အမတလမ်းစဉ်၏ စွမ်းအားရှင်တစ်ယောက်ကို ယှဉ်ပြိုင်ရန်မဖြစ်နိုင်ချေ။
သို့သော်။
ဤဇာတ်လမ်းတစ်ခုလုံး၏ ဇာတ်ဆောင်ဖြစ်သူ စူးချန်ကဲမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်ဖြစ်သည်။
သူ့အမြင်တွင်မူ၊ ဟောက်ယွဲ့ရှန်း၊ မောလင်ရှန်း နှင့် ထျန်းယွီရှန်း တို့မှလွဲ၍ ၊
အခြားကြွင်းကျန်အမတ ငါးဦးမှာ လူသားဦးခေါင်းများအဖြစ် ထမ်းဆောင်နေသော လူတစ်စုမျှသာဖြစ်ပြီး ၊ ဖော်ပြရန်မထိုက်တန်ပေ။
“ အပိုတွေ မပြောနဲ့တော့”
စူးချန်ကဲသည် အေးအေးဆေးဆေး ပြုံးရယ်လိုက်ရင်း ။
“ ကြည့်ရတာ မင်းတို့ဒီကိုရောက်လာတာ ..ငါ့ကို အမတလျှောက်လှမ်းတံခါးထဲ ဝင်ရောက်မသွားအောင် တားဆီးဖို့လာတယ်ဆိုတာ သေချာတယ် “
အမတလျှောက်လှမ်းတံခါးထဲသို့ ဝင်ရောက်ရန် အမတအလိုဆန္ဒကို မစုစည်းရသေးသောသူများသာလျှင် ဝင်ခွင့်ရှိသည်။
အကယ်၍ အမတလျှောက်လှမ်းတံခါးထဲသို့ ဝင်ရောက်ပြီး စစ်မှန်အမတအဖြစ်သို့ ရောက်ရှိခဲ့မည်ဆိုပါက ၊ အမတနယ်မြေနှင့် တိုက်မြေတို့ကို လုံးလုံးလျားလျား ချိတ်ဆက်ပေးနိုင်ရုံသာမက ၊
အမတလျှောက်လှမ်းရှိ ကြွင်းကျန်အမတ အားလုံးကို သုတ်သင်နိုင်မည် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုး မဖြစ်ပေါ်စေရန်၊ ဤလူများသည် ဦးစွာလုပ်ဆောင်ကာ ထိုဖြစ်နိုင်ချေကို တားဆီးလိုကြသည်။
စူးချန်ကဲ၏ စကားကို ကြားလိုက်ရချိန်တွင်၊
ဟောက်ယွဲ့ရှန်းသည် အနည်းငယ် တုန်လှုပ်သွားသည်။
ထို့နောက် သူသည် ရယ်မောရင်း ဆိုလေ၏။
“ မင်းဆိုတဲ့ကောင်က ထာဝရထျန်းတိ့ဆိုတဲ့အတိုင်း အရည်အချင်းတော့ရှိသားပဲ”
“ဒီလိုမျိုး အချက်အလက်နဲ့တင် ၊ ငါတို့ရဲ့ ရည်မှန်းချက်ကို ခန့်မှန်းနိုင်တာပဲ”
“ကောင်းတယ်၊ သိပ်ကောင်းတယ် “
“ဒီလိုလုပ်ကြစို့၊ ငါက လူတော်တွေကို နှစ်သက်တယ်”
“ မင်း ငါ့ကို လက်အောက်ခံပြီး ငါ့အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် “
“ ငါကိုယ်တိုင် မင်းကို အမတဖြစ်နိုင်မယ့်နည်းလမ်းကို သင်ပေးမယ် ၊ ဘယ်လိုလဲ “
ထိုစကားများ ထွက်လာသည်နှင့် ၊
မူလက မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသော လေထုသည် ရုတ်တရက် ထူးဆန်းသော လေထုအဖြစ် ရောက်ရှိသွားသည်။
လူတိုင်းက ဟောက်ယွဲ့ရှန်းအား အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြသည်။
စူးချန်ကဲကို မိမိ၏လက်အောက်ခံအဖြစ် လက်ခံလိုက်ခြင်းဖြင့် ဤကိစ္စကို ဖြေရှင်းမည်လော?
ထိုသို့ဆိုလျှင် ၊ စူးချန်ကဲကို ရှာဖွေရန် အဘယ်ကြောင့် ဤမျှကြီးစွာ အားထုတ်မှုပြုခဲ့သနည်း။
သူတို့၏ စိတ်ထဲတွင် မကျေနပ်သော်လည်း၊ သို့သော် ထုတ်ဖော်မပြောဆိုဝံ့ပေ။
ဟောက်ယွဲ့ရှန်းသည် လက်ရှိအချိန်တွင် ထာဝရရှင်သန်ခြင်း အမတဂူ၏ အကြီးအကဲခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကယ်၍ သူသည် ဆုံးဖြတ်ချက်တစ်ခုခုကို ပြုလုပ်ပါက၊ သူတို့အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိ။
သို့သော်၊ ဘေးနားက မောလင်ရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူ၏စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်သည်။
“ တကယ်လို့ ဒီကောင်သာ ဝင်ရောက် အရေးမယူဘူးဆိုရင် ၊ ဒါဆို သခင်ကြီးရဲ့ အစီအစဉ်ကို ပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲ?”
အမှောင်ထဲတွင် လျို့ဝှက်စွာ ခိုအောင်းနေသော ရှစ်တိ့ထျန်းသည်လည်း ဤမြင်ကွင်းကို အလားတူ မြင်နေရသည်။
သို့သော် သူ၏မျက်နှာသည် အေးစက်နေပြီး၊ ဤအရာကို လုံးဝဂရုမစိုက်သည့်အပြင်၊ သူ၏နှုတ်ခမ်းထောင့်စွန်းတွင် မထီမဲ့မြင်အပြုံးတစ်ခု လှစ်ဟသွားသည် ။
“ဟားး... ထာဝရထျန်းတိ့လို့ သမုတ်ခံထားရတဲ့သူက “
“ စွမ်းအားကြီးမားတဲ့ ရန်သူကို တွေ့ပြီး မတိုက်ခိုက်ဘဲ နေမယ်တဲ့လား.... သိပ်ရယ်စရာကောင်းလွန်းတယ် “
ထို့အပြင်၊
ဤကာလအတွင်း စောင့်ကြည့်လေ့လာမှုများအရ ၊
ရှစ်တိ့ထျန်းသည် စူးချန်ကဲ၏ကိုယ်ပေါ်၌ စူးရွှမ်၏စရိုက်လက္ခဏာများ ရှိသည်ကို တွေ့ရှိလာခဲ့သည်။
ထိုကဲ့သို့ အကြွင်းမဲ့ ယုံကြည်မှုမျိုး နှင့်သတ္တိသည် အသက်သာဆုံးရှုံးခံမည် ဘယ်တော့မှ အရှုံးပေးလိမ့်မည် မဟုတ်။
ထင်ထားသည့်အတိုင်း ၊ ထိုစကားကို ကြားလိုက်ရသော စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူဘက်က ဘာမှမပြောရသေးခင် ၊
ဟောက်ယွဲ့ရှန်း၏ဂုဏ်ကို ထုတ်ဖော်လိုသော ကြွင်းကျန်အမတများက စူးချန်ကဲအား အော်ဟစ်ပြောဆိုလိုက်သည်။
“ ဟေး ကောင်လေး ၊ မြန်မြန်လာပြီး ငါတို့ရဲ့ လူကြီးမင်းကို ဦးချပြီး ကျေးဇူးတင်လိုက်လေ “
“ဟောက်ယွဲ့ရှန်းလူကြီးမင်းက လက်ရှိမှာ ထာဝရရှင်သန်ခြင်း အမတဂူရဲ့ အမြင့်မြတ်ဆုံးသော အရှင်သခင်ပဲ ၊ လူကြီးမင်းကိုယ်တိုင်က မင်းကို လက်ခံပေးမယ်လို့ ပြောလာတာ ..မင်းအတွက် ဒါဟာ ဂုဏ်ယူစရာပဲ!”
“ဟေ့ ကောင်လေး ၊ ဒီနေ့ ဒီလောက်ထိကြီးမားတဲ့အခွင့်အရေးက မင်းရှေ့တည့်တည့်ရောက်လာပြီ ၊ မင်းသာ ငါတို့ လူကြီးမင်းနောက်ကို လိုက်မယ်ဆိုရင်၊ အမတလျှောက်လှမ်းမှာတင်မကဘူး အမတနယ်မြေမှာတောင် မင်းရဲ့ဂုဏ်သတင်းက ကြီးမားနေလိမ့်မယ်”
“……..”
ကြွင်းကျန်အမတငါးဦးသည် ဟောက်ယွဲ့ရှန်း၏ ဂုဏ်သိက္ခာကို အပြည့်အဝ မြှင့်တင်ရင်း၊ ပြောဆိုနေကြသည်။
အမွမ်းတင်ခံရသူ ဟောက်ယွဲ့ရှန်းကလည်း သူလက်ကို နောက်တွင်ပစ်ထားပြီး ၊ မေးအနည်းငယ် မော့ကာ မော်ကြွားသောပုံစံဖြင့် ရှိနေသည်။
စူးချန်ကဲ၏နောက်တွင် ရှိနေကြသော ကြွင်းကျန်အမတ သုံးဦးသည်လည်း ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်
ဒီစကားတွေက?
အတော်လေး ရင်းနှီးနေသလားလို့?
“ငါ မှတ်မိသလောက် ချင်ယွင်တုန်းကလည်း အဲ့လိုပြောခဲ့ဖူးတဲ့မလား....”
အနက်ရောင်ဝတ်စုံဖြင့် ကြွင်းကျန်အမတ က အခြားနှစ်ဦးအား တိုးတိုးတိတ်တိတ် မေးမြန်းလိုက်သည်။
နှစ်ဦးစလုံးက ခေါင်းညိတ်ပြသည်။
ယခင်က ချင်းယွမ်၏စကားများသည် စူးချန်ကဲ ၏အမျက်ဒေါသကို အပြည့်အဝ လှုံ့ဆော်ပေးခဲ့သည်။
ရလဒ်အနေဖြင့် သေခြင်းတရားသာ ဆိုက်ခဲ့ရသည်။
ထင်ထားသည့်အတိုင်း ၊ ၎င်းတို့၏ စကားသံများ မပြီးဆုံးမီ ။
စူးချန်ကဲ၏ အေးစက်သော မျက်ဝန်းတစ်စုံ၌ ဓားဆန္ဒများ လျှပ်တပြတ် တောက်ပသွားပြီး၊ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဝုန်း !
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားသည် သူ့ကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့ရိုက်ခတ်သွားသည်။
“ အမတခန္ဓာကိုယ်တောင် ပြီးပြည့်စုံတဲ့အထိတောင် မဖွဲ့စည်းနိုင်တဲ့ကောင်တသိုက်က ကိုယ့်ကိုယ့်ကို အမတ လို့ ဂုဏ်ယူဝံ့ကြွားနေတာလား”
“သေပေတော့!”
အပိုင်း(၅၇၄): စူးချန်ကဲ နှင့် ဟောက်ယွဲ့ရှန်းတို့၏ တိုက်ပွဲ
သူ၏စကားသံဆုံးသည်နှင့်။
အကန့်အသတ်မရှိသော ဓားစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် တပြိုင်နက်။
ဝှစ် ဝှစ် !!
စူးချန်ကဲ၏ ကျောနောက်ဘက်မှ စူးရှတောက်ပသော ဓားကိုးစင်းသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် လောကကြီးတစ်ခုလုံးကို နေ့ခင်းဘက်သဖွယ် ထိန်လင်းသွားစေသည်။
ဓားသွားသံ တချွင်ချွင်ဖြင့် ဓားအလင်းများ ဝင်းလက်တောက်ပနေသည်။
ဤရုတ်တရက်ဖြစ်ပေါ်လာသော မြင်ကွင်းသည် ဟောက်ယွဲ့ရှန်းနှင့် လူတိုင်းကို မှင်သက်သွားစေသည်။
စူးချန်ကဲသည် ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ကို မည်သူမှမမျှော်လင့်ထားခဲ့ပေ။
“မျက်နှာသာပေးနေတာကို မင်းက မလိုချင်ဘူးပဲ!”
အစွမ်းထက်ဆုံးဖြစ်သည့် ဟောက်ယွဲ့ရှန်းသည်လည်း ချက်ချင်းတုံ့ပြန်လာသည်။ သူသည် ဒေါသတကြီးဟောက်ပြီးနောက် ၊ ဓားအလင်းကို သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
ဘုန်း!!
ပူပြင်းတောက်လောင်သော ရွှေရောင်အလင်းတန်းများသည် ဝေဟင်ထက်တွင် ဖြည်းဖြည်းချင်း စုဝေးလာပြီး အဆုံးတွင် အလွန်ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ဘုံ၏လက်ဝါးတော် ကျဆင်းလာသကဲ့သို့ စူးချန်ကဲ၏ဓားအလင်းကို ချေမှုန်းရန် ကြိုးစားလိုက်သည်။
သို့သော် သူသည် စူးချန်ကဲ၏စွမ်းအားကို လျှော့တွက်ထားပုံရသည်။ ထို့ကြောင့် ၊ ဟောက်ယွဲ့ရှန်းသည် ပထမအကြိမ်တွင် ခွန်အားအပြည့်ဖြင့် မတိုက်ခိုက်ခဲ့ပေ။
ဓားအလင်းနှင့် လက်ဝါးရိပ်ကြီးတို့ ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
သို့သော် လက်ဝါးရိပ်ကြီးသည် ဓားအလင်းကြောင့် တစ်စစီ စုတ်ဖြဲခံလိုက်ရပြီး ၊ တောက်ပသော ဓားအလင်းတန်းသည် ရှေ့သို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားပြီး ကြွင်းကျန်အမတတစ်ဦးကို ခုတ်ပိုင်းပစ်ခဲ့လေသည်။
သွေးအန်သံ!!
ပူနွေးသောသွေးများ ပန်းထွက်လာပြီး ၊ ကောင်းကင်တစ်ခွင်လုံး ပြန့်ကျဲလို့သွားသည်။
“အား... အား... အား!!”
ထို့နောက်တွင်၊ နာကျင်ညည်းတွားသံများကို ကြားလိုက်ရသည်။
လူအားလုံးသည် သဘောအတိုင်း အသံလားရာဘက်ဆီသို့ လှည့်ကြည့်ခဲ့ကြပြီး ၊ ထိုအရာကို မြင်လိုက်ရသည်နှင့် လူတိုင်း အသက်ရှုရပ်မတတ် ဖြစ်ခဲ့ရသည်။
အော်ဟစ်ခဲ့သော ထိုအနှီလူသည် ဒဏ်ရာအပြင်းအထန် မရခဲ့သော်လည်း၊ သို့သော် သူ၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကြောင့် ဆုတ်ဖြဲခံထားရသည်ကို တွေ့မြင်လိုက်ရသည်။
“ဒီ...ဒီကောင်လေးက အကြီးအကဲ ဟောက်ယွဲ့ရှန်းရဲ့ တိုက်ခိုက်မှုကို သူ့ရဲ့ဓားတစ်ချက်တည်းနဲ့ ချေမှုန်းနိုင်ရုံတင်မကဘူး လေရှောက်ရှန်းကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်ပေါ့!?”
လူတစ်ယောက်က ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
ထင်မှတ်မထားသော တိုက်ခိုက်မှုဖြစ်သော်ငြားလည်း ၊ သို့သော် သူတို့ ထာဝရရှင်သန်ခြင်း အမတဂူ၏ အတုမရှိသောပုဂ္ဂိုလ် ဟောက်ယွဲ့ရှန်းကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခဲ့တာတောင် ယခုလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့ရသည်။
“ကောင်စုတ်လေး! ကောင်းကင်ဘုံကို အာခံရဲတယ်ပေါ့လေ ...ဒီနေ့ မင်း သေချာပေါက် သေရမယ်!”
ဟောက်ယွဲ့ရှန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက် ၊ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ နတ်အလင်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
စူးချန်ကဲ၏လုပ်ရပ်သည် သူ၏ဂုဏ််က္ခာကို ဖျက်စီးခဲ့ရုံတင်မက သူ့ပါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သလိုပင်။
သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခဲ့သော်လည်း ၊ မိမိ၏လက်အောက်ငယ်သားကို မကာကွယ်နိုင်ခဲ့သည့်အပြင်၊ သူ့မျက်စိအောက်မှာပင် ဒဏ်ရာရစေခဲ့သည်။
ဒါ တကယ်ကို ရှက်စရာပဲ!
“အားလုံး ဘယ်သူမှ ထွက်လာဖို့မလိုဘူး ၊ သူ့ကို တိုက်ခိုက်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်!”
မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် ၊ ဟောက်ယွဲ့ရှန်းသည် သူ့လူများကို အော်ဟစ်ကာ တားမြစ်လိုက်သည်။
ယခုအချိန်တွင် ၊ အခြားသူများကို သူနှင့်အတူ ချီတတ်တိုက်ခိုက်ခွင့်ပြုပါက ၊ စူးချန်ကဲကို သတ်ပစ်နိုင်ခဲ့သည်ဆိုတောင် သူ၏ဂုဏ်သတင်းပေါ်တွင် သက်ရောက်မှုရှိလိမ့်မည်မဟုတ် ။
ထို့ကြောင့်၊ သူသည် သူ၏အခမ်းနားဆုံးပုံစံကို ပြသကာ ယခင်က ဆုံးရှုံးခဲ့ရသော ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်လိုအပ်ပေသည်။
ဝုန်း !!
အဆုံးမရှိသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် နေ၊ လနှင့် ကြယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏မျက်လုံးထဲ၌ မဟာလမ်းစဉ်၏သင်္ကေတများ သက်ဝင်လှုပ်ရှားနေသည်။
“ အမတအတတ် ၊ ကွေယီး !”
ထို့နောက် ဟောက်ယွဲ့ရှန်းသည် သူ့လက်ကိုပြန်လည်မြှောက်တင်ကာ စူးချန်ကဲအပေါ်သို့ ရိုက်ချလိုက်သည်။
ယခုတစ်ခါတွင် ၊ ယခင်ကကဲ့သို့ လက်ဝါးကြီးနှင့် မတူဘဲ ဤတစ်ခေါက်တွင် သူ၏လက်ဝါးထဲ၌ အဆုံးမရှိသော ရူပါရုံများ ရောယှက်ဖြစ်ပေါ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ လျှပ်စီးမိုးကြိုးများသည် တဂျိန်းဂျိန်း မြည်သံစွဲလျက် ပေါက်ကွဲထွက်ပေါ်လာသည်။
မိုးခြိမ်းသံနှင့်အတူ ၊ အာကာသဟင်းလင်းပြင်တစ်ခုလုံး တုန်လှုပ်နေသည်။
ဤမျှလှိုင်းထန်နေသော အနန္တမိုးကြိုးပင်လယ်ပြင်သည် စူးချန်ကဲရှိရာနေရာသို့ ဦးတည်ကာ ကျရောက်လာသည်။
“ မိုးကြိုးအတတ်လား၊ ဘယ်သူကလည်း မတတ်လို့လဲ?”
စူးချန်ကဲသည် သူ၏လက်များဖြင့် အစီအရင်တစ်ခုကို ဖော်ဆောင်လိုက်သည်။
မူလက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မျောလွင့်နေသော ဓားကိုးလက်အနက်မှ ဓားတစ်လက်သည် ပို၍ စူးရှတောက်ပသော ဓားအလင်းများဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။
ဂျိန်း !!
၎င်းသည်လည်း အလားတူ ဒေါသထွက်နေသော လျှပ်စီးမိုးကြိုးများကို ထုတ်လွှတ်နေခဲ့သည်။
၎င်းမှာ ဓားကိုးလက်အနက်မှ တစ်လက်ဖြစ်သည့် မိုးကြိုးဓားပင် ဖြစ်သည်။
စူးချန်ကဲသည် မဟာလမ်းစဉ် လက်ဖက်ရွက်မှ အစွမ်းသတ္တိများကို စုပ်ယူထားခြင်းကြောင့် ၊
ယခင်တိုက်ပွဲများမှ ရရှိခဲ့သော မောပန်းနွမ်းနယ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားရုံသာမက ၊ သူ၏ကျင့်ကြံအားထုတ်မှုသည်လည်း နောက်တစ်ဆင့်သို့ တိုးတတ်လာကာ အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒများနှင့် ပတ်သတ်၍ အနည်းငယ် သိမြင်နားလည်လာခဲ့သည်။
မဟာလမ်းစဉ်၏ စည်းမျဉ်းစည်းကမ်းများကို ထိန်းချုပ်နိုင်စွမ်းသည် ပို၍အားကောင်းလာကာ ကျွမ်းကျင်လာခဲ့သည်။
ဝုန်း!!
တောက်ပလှသော ဓားစွမ်းအင်မိုးကြိုးအလင်းသည် မိုးမြေတစ်ခွင်လုံးတွင် ပြည့်နှက်နေပြီး၊ တဟုန်းဟုန်း တောက်လောက်နေသော မိုးကြိုးပင်လယ်သည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့ရိုက်ခတ်သွားသည်။
မူလက မှောင်မိုက်နေသော စကြဝဠာကြီးတစ်ခုလုံးကို လုံးလုံးလျားလျား လင်းထိန်သွားစေသည် ။
ဤထိတ်လန့်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုကြီးကို လူတိုင်း စိုက်ကြည့်နေကြသည်။
တစ်ဖက်မှာ လက်ရှိ တိုက်မြေ သုံးထောင်၏ ထိပ်သီး ၊ လူသားလမ်းစဉ်၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး ထာဝရထျန်းတိ့ဟု သမုတ်ခံထားရသူ ဖြစ်သည်။
အခြားတစ်ဖက်မှာ အမတလျှောက်လှမ်း၏ အတုမရှိ စွမ်းအားရှင်ဖြစ်ပြီး ၊ လက်ရှိအချိန်တွင် ထာဝရရှင်သန်ခြင်း အမတဂူ၏ အပြင်းထန်ဆုံးသော အကြီးအကဲခေါင်းဆောင် ဖြစ်သည်။
ဤလူနှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် ၊ မည်သူက ပိုမိုအားကောင်းမည်နည်း။
ဝုန်း──!!
လုံးဝခြားနားသော မိုးကြိုးပင်လယ်ပြင်နှစ်စင်းသည် ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ၊ ကောင်းကင်ယံ၌ မိုးခြိမ်းသံများက မပြတ်မလပ် မြည်ဟိန်းနေပြီး ၊ တစ်ခုနှင့်တစ်ခု ဆုတ်ဖြဲကာ ဝါးမျိုနေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု၏ ဆုံတွေ့ရာဗဟိုချက်ရှိ ဟင်းလင်းပြင်အပိုင်းအစတို့သည် အလွှာလိုက်ပြိုကျလာသည်။
သို့သော်၊ အမတလမ်းစဉ် ကျင့်ကြံသူများသည် မဟာလမ်းစဉ်နှင့်ပို၍နီးစပ်သော နယ်ပယ်တစ်ခုဖြစ်သည်။
စူးချန်ကဲသည် လူသားလမ်းစဉ်၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နေသော်လည်း၊ စစ်မှန်သော စွမ်းအားနှင့် ယှဉ်ပြိုင်သည့်အခါတွင် အနည်းငယ် လိုအပ်ချက်ရှိနေသေးသည်။
ဟူး!!
သိပ်မကြာမီ၊ ဟောက်ယွဲ့ရှန်းမှ ဖန်တီးထားသော မိုးကြိုးပင်လယ်ပြင်သည် တဖြည်းဖြည်း အသာစီးရလာပြီး၊ စူးချန်ကဲမှ ဖန်တီးထားသော မိုးကြိုးပင်လယ်ပြင်ကို အပြည့်အဝ ဝါးမျိုကာ သူ၏ကိုယ်ပိုင်နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
သူ့ဘက်ကနေ တဖြည်းဖြည်း အသာစီးရလာသည်ကို မြင်တွေ့ပြီးနောက် ဟောက်ယွဲ့ရှန်းသည် သရော်သံဖြင့် ပြုံးရယ်ကာ ဆိုလိုက်သည်။
“ဟား.... လူသားလမ်းစဉ်ရဲ့ထိပ်ဆုံးနေရာမှာဆိုတောင် အမတလမ်းစဉ်ရဲ့ ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်နိုင်ဖို့ မင်းမှာ အရည်အချင်းမရှိသေးဘူး”
တသိမ့်သိမ့် ရိုက်ခတ်နေသော လျှပ်စီးကြောင်း၏ ဝင်းလက်မှုသည် ဟောက်ယွဲ့ရှန်း၏ပုံပန်းသဏ္ဍာန်ကို ခန့်ညားထည်ဝါအောင် ပြုစားနေသည်။
“ ကောင်စုတ်လေး နောက်ဘဝကြရင် သတိထား ၊ လူတိုင်းက မင်းစော်ကားလို့ရတဲ့သူတွေ မဟုတ်ဘူး”
ထို့နောက်တွင် ၊
ဟောက်ယွဲ့ရှန်း၏ ဧရာမလက်ဝါးကြီးသည် အာကာသလေဟာနယ်ကို အနည်းငယ် ထိန်းချုပ်နေသဟန်ရှိသည်။
စူးချန်ကဲသည် ကြမ်းတမ်းစွာရိုက်ခတ်နေသော မိုးကြိုးမုန်တိုင်းသည် အသိစိတ်ဖြင့် ချည်နှောင်ထားသည့်အလား၊ သူ့အပေါ်သို့ တိုက်ရိုက်ဖိအားပေးလာသည်ကို ခံစားခဲ့ရသည်။
ထိုအရာကိုမြင်လိုက်ရချိန်တွင် ၊ စူးချန်ကဲ၏ နက်ရှိုင်းသော မျက်ဝန်းများသည် အေးစက်သွားသည်။
“မီးလျှံ ၊ ဆီးနှင်းခဲ၊ ထွက်ပေါ်စေ!”
စူးချန်ကဲသည် အေးစက်စွာ ရွတ်ဆိုလိုက်ပြီး၊ သူ၏ ညာလက်ဖြင့် ဓားကိုစေညွှန်လျက် ဖိအားပေးလာသော မိုးကြိုးမုန်တိုင်းဆီသို့ ညွှန်ပြလိုက်သည်။
ဝုန်း ဝုန်း !!
ချက်ချင်းဆိုသလို ၊
မီးပွှားအလင်းများသည် အာကာသထဲမှ ထွက်ပေါ်လာပြီး ဓားဆီသို့ စုစည်းလာကာ ၊ ဓား၏မျက်နှာပြင်ပေါ်တွင် အပူလှိုင်းများဖြာထွက်နေသည်။
အဆုံးတွင် မီးလျှံများဖြင့် တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။
အခြားတစ်ဖက်တွင်မူ။
ရေခဲများသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး၊ အချင်းချင်း ပဲ့တင်ထပ်ကာ အုံ့ဆိုင်းနေသော ရေခဲသလင်းအမှုန်များအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ဤနေရာ၏အပူချိန်သည်လည်း ရုတ်တရက်ကျဆင်းသွားကာ၊ အေးစက်မှု၏အဆုံးစွန်သို့ ဆွဲခေါ်ခံလိုက်ရသကဲ့သို့ပင်။
လုံးဝကွဲပြားခြားနားသော စွမ်းအားနှစ်မျိုးသည် ဤနေရာသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ တဖက်မှာ အပြင်းထန်ဆုံး အပူချိန်ဖြစ်ပြီး ၊ အခြားတစ်ဖက်မှာ အပြင်းထန်ဆုံးသော အအေးဓာတ်ဖြစ်သည်။
စူးချန်ကဲ၏ ညွှန်ကြားမှုအောက်တွင် ၊ ၎င်းတို့သည် သူ့ကို ဖိအားပေးလာသော မိုးကြိုးပင်လယ်နှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
စူးချန်ကဲသည် သူ၏လှုပ်ရှားမှုများကို မရပ်နားခဲ့ပေ။
သူသည် ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်ကို အသက်သွင်းခဲ့ပြီး၊ ရှေးကောင်းကင်ဘုံအာဏာရှင်နတ်ဘုရားကိုယ်ထည်၏ စွမ်းအားများသည် ပထမဆုံးအကြိမ်အဖြစ် ပေါက်ကွဲထွက်လာသည်။
( T/N - အပိုင်း(၃၉၆) နားမှာ ချန်းကူနတ်ဘုရားမျိုးနွယ်စုကနေ ရရှိခဲ့သော ကိုယ်ထည် )
“ ချန်းကူ ကျုံတန့်ထျန်း!”
စူးချန်ကဲသည် ကျယ်လောင်စွာရွတ်ဆိုလိုက်သည်။
စကြဝဠာကြီးတစ်ခုလုံးကိုပင် ဖိအားပေးနိုင်သော သွေးစွမ်းအားများသည် သူ့ကိုဗဟိုပြုကာ ဆူနာမီကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့ရိုက်ခတ်သွားသည်။
အရင်က ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်တွင် သုံးစွဲခဲ့စဉ်ကအရာနှင့်မတူဘဲ ၊
လက်ရှိအချိန်တွင် ၎င်း၏စွမ်းအားသည် အရင်ကထက် ပို၍အားကောင်းလာသည်။
ဤရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်၏ ပင်ကိုယ်မှော်စွမ်းအားဖြစ်သော ‘ချန်းကူ ကျုံတန့်ထျန်း’သည် အမတဘုရင်အဆင့်ရှိ တန်ခိုးစွမ်းအားနှင့် ညီမျှသည်။
စူးချန်ကဲသည် အန္တိမလမ်းစဉ် လွတ်မြောက်သူဖြစ်သော်လည်း ၊ သူအသုံးပြုသည့် စွမ်းအားသည် လောကကြီးကို တုန်လှုပ်သွားစေလောက်အောင်ပင်။
စူးချန်ကဲသည် ကြမ်းတမ်းစွာရိုက်ခတ်နေသော မိုးကြိုးပင်လယ်ပြင်ကို သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အဆုံးမရှိသော သွေးစွမ်းအားများနှင့် မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေပြီး၊ အဆုံးတွင် မြင့်မားခမ်းနားသော တောင်တန်းကိုးခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းတို့သည် ထိန်လင်းတောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီး၊ ၎င်းတို့အပေါ်တွင် ကြီးမားသော သင်္ကေတစာလုံးများ ပေါ်ထွက်လာသည် - ချန် (ကောင်းကင်)၊ ခွင် (မြေကြီး)၊ လီ (မီး)၊ ခန် (ရေ).....
ဤနေရာရှိ မဟာလမ်းစဉ်၏သင်္ကေတအားလုံးသည် အပေါ်သို့ဆန်တတ်နေသည်မှာ ရွှေဝါရောင်တောက်ပနေသည့် အလင်းရောင်များသည် တိမ်တိုက်များသဖွယ် ပေါင်းစည်းနေသကဲ့သို့ ခမ်းနားထည်ဝါစွာ တည်ရှိနေလေ၏။