လက်မဲကြီးက အမှောင်ထဲမှာ ပုန်းအောင်းနေတုန်းပဲ
Vol. 46 Ch. 679
“စစ်ဆေးရေးမှူးလင်း၊ ဧကရီမယ်မယ် ကြွချီလာတယ်”
ကျန်းကျင့်လင်းက အခန်းထဲကို ဝင်သွားပြီး အလောင်းစစ်ဆေးနေသည့် စစ်ဆေးရေးမှူးလင်းကို လှမ်းပြောလိုက်သည်။ ဧကရီ ရောက်ရှိလာကြောင်း ကြားသိလိုက်ရသည့် စစ်ဆေးရေးမှူးလင်းက အလွန်ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်ကာ အဆောတလျင် ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်သည်။
"နိမ့်ကျတဲ့ လက်အောက်ငယ်သားက ဧကရီမယ်မယ့်ကို နှုတ်ခွန်းဆက်သပါတယ်"
“ယဉ်ကျေးနေဖို့ မလိုဘူး၊ မင်းရဲ့စစ်ဆေးမှုက ရလဒ်ထွက်လာပြီလား?"
စူးချင်းက သူမလက်ကို မြှောက်လိုက်ပြီး စစ်ဆေးရေးမှူးလင်းကို ပြန်ထခိုင်းလိုက်သည်။ သူမ၏အကြည့်များကတော့ သနားစရာကောင်းသော ကိုယ်ဝန်ဆောင်အမျိုးသမီးထံသို့ ရောက်ရှိနေခဲ့သည်။။ သူမ သေဆုံးသွားသည်မှာ ကြာနေပုံရပြီး သူမ၏မျက်နှာက အပြာရောင် သန်းနေကာ မျက်လုံးအိမ်များက ညိုမဲနေသည်။ သူမ၏မျက်နှာက ဖောကားရောင်ယမ်း စပြုနေပြီး ညိုမဲနေသော နှုတ်ခမ်းမျာကြားမှ သွေးများ စီးကျနေသည်။ သူမ၏ မျက်လုံးများက သူမ၏ မကျေနပ်မှုများကို ဖော်ပြနေပြီး တရားမျှတမျုတောင်းခံချင်နေသလိုမျိုး အဆမတန် ပြူးကျယ်နေသည်။
“ဒီကိုယ်ဝန်ဆောင်အမျိုးသမီးက အသက်ရှူကြပ်ပြီး သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်”
စစ်ဆေးရေးမှူးလင်းက သတိကြီးကြီးဖြင့် ပြောနေသော်လည်း သူ့လေသံက ခိုင်မာနေသည်။
"ဘာကိုဆိုလိုတာလဲ?"
စူးချင်းက သူ ဆက်ပြောနိုင်ရန် အကြည့်ဖြင့် အချက်ပြလိုက်သည်။ စစ်ဆေးရေးမှူးလင်းက စူးချင်း မြင်သာစေရန် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ မျက်နှာနှင့် သွားများကို ထောက်ပြရင်း တစ်ခုစီ ဆက်ရှင်းပြနေသည်။
“မယ်မယ်၊ ကြည့်တော်မူပါ၊ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မျက်နှာမှာ သွေးခြေဥပြီး အညိုအမဲဆွဲနေတယ်၊ သွားတွေက ပန်းရောင်သန်းနေတယ်၊ မျက်လုံးအောက်ခြေမှာတော့ သွေးရောင်သန်းနေပါတယ်။ အလောင်းအစက်အပျောက်တွေကလည်း တော်တော်စောစောထဲက ပေါ်နေပုံရပြီး တကိုယ်လုံးနီးပါး ပျံ့နှံ့နေပါပြီ၊ အလောင်းကလည်း တဖြည်းဖြည်း အေးလာပြီ။ ဒါတွေအားလုံးက အသက်ရှူကြပ်ခြင်းရဲ့ လက္ခဏာတွေပါ၊ တစ်စုံတစ်ယောက်က ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖိသတ်ခဲ့တယ်လို့ ကျွန်တော်မျိုး သံသယဝင်မိပါတယ်”
(t/n: အလောင်းအစက်အပျောက်ဆိုတာကလေ လူသေပြီးရင် ပေါ်လာတဲ့ အညိုရောင်၊ အမဲရောင်အစက်တွေပါတဲ့၊ အဲ့အစက်လေးတွေ ပျံ့နှံ့တဲ့အခြေအနေပေါ်မူတည်ပြီး သေဆုံးချိန်ကို ခွဲတာပါတဲ့၊ တို့လည်း အများကြီးသိဘူးနော်... နာကြည်းမှုတွေ လွင့်ပြယ်စေထဲမှာ တွေ့ဖူးလို့ ပြောပြတာပါ)
"မဆိုးဘူး၊ အလောင်းစစ်ဆေးမှုအတွက် မှတ်တမ်းကို ရေးလိုက်ပါ”
စူးချင်းက ခေါင်းညိတ်ပြလိုက်သည်။
ဒီစစ်ဆေးရေးမှူးလင်းက တော်တော်ကျွမ်းကျင်တယ်။ အသက်ရှုကြပ်ခြင်းရဲ့ လက္ခဏာတွေကို အတိအကျ ပြောပြခဲ့တယ်။ ခွဲစိပ်မှုလုပ်လိုက်ရင်တော့ အတွင်းအင်္ဂါတွေမှာ သွေးတွေ ပိတ်ဆို့နေတာ၊ လေပြွန်အမြှေးပါး ပိတ်နေတာ၊ ဝမ်းဗိုက် ဖောင်းတာ၊ အဆုတ်ရောင်တာနဲ့ သွေးနီဥများတွေ အရောင်ပိုရင့်နေတာတွေကို တွေ့နိုင်လိမ့်မယ်။
ဒီရှေးခေတ်မှာက အဆိပ်မိခြင်း ရှိ၊ မရှိနဲ့ အဆိပ်အမျိုးအစားကို သိရဖို့ ရင်ခွဲစစ်ဆေးတာကလွဲရင် ခန္ဓာကိုယ်ကို ခွဲစိပ်နိုင်တဲ့သူက အရမ်းရှားပါးတယ်။ အဲဒါကြောင့် အလောင်းရဲ့ အပေါ်ယံသွင်ပြင်လက္ခဏာကို ကြည့်ပြီး သေဆုံးရတဲ့အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာကြတယ်။
ပုံမှန်အခြေအနေအများအရ သေဆုံးရသည့်အကြောင်းရင်းကို စစ်ဆေးသူ၏ အတွေ့အကြုံပေါ်မူတည်၍ ဆုံးဖြတ်ကြရသည်။ သူ ရုံးတော်သို့ တင်သွင်းသည့် စာရွက်စာတမ်းများက နစ်နာသူ သေဆုံးရသည့် အကြောင်းအရင်းကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့် သက်သေဖြစ်သည်။
“ဒီကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ယောက္ခမအပြင် တာဝန်ကျသမားတော်နဲ့ ဝမ်းဆွဲသည်တွေအားလုံးကို စစ်ဆေးမေးမြန်းရမယ်”
စူးချင်းက ကျန်းကျင့်လင်းကို စတင်စစ်ဆေးရန် ညွှန်ကြားလိုက်သည်။ သူမက ဤဆေးခန်းကို စတင်ထည်ထောင်ခဲ့ပြီး သမားတော်အားလုံးကို လေ့ကျင့်သင်ကြားပေးခဲ့သူ ဖြစ်သည်။ သူမက သူလျှိုများ ခိုးဝင်လာမည်ကို မလိုလားသောကြောင့် ဤအခွင့်အရေးကို ဖမ်းဆုပ်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် စီစဥ်လိုက်ခြင်းပင်။
"သက်တော်စောင့်လီ၊ လူတချို့ကို ခေါ်ပြီး သွားစစ်ဆေးလိုက်"
စူးချင်းက သက်တော်စောင့်လီကို ခေါ်လိုက်ပြီး လူတိုင်းကို စောင့်ကြည့်ရန် စီစဥ်လိုက်သည်။
“သူနဲ့ ထိတွေ့ဖူးသူတိုင်းကို သေသေချာချာ စုံစမ်းပြီး စောင့်ကြည့်ထား”
"မယ်မယ်အနေနဲ့ သံသယဝင်နေတဲ့သူ ရှိနေပြီလား?"
ကျန်းကျင့်လင်းက စူးချင်း၏နောက်မှ လိုက်ပါလာခဲ့သည်။ စူးချင်က သက်တော်စောင့်လီအား ညွှန်ကြားနေသည်ကို မြင်လိုက်ရချိန်တွင် ဘေးမှ ကျန်းကျင့်လင်းက တိုးတိုးလေး မေးလာခဲ့သည်။
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်သည်။
"သေသချောချာတော့ မသိရသေးဘူး၊ ဒါပေမယ့် အဲ့ဒီလူက အရမ်းသံသယဖြစ်စရာပဲ"
စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို လက်ညှိုးထိုးပြပြီး ကျန်းကျင့်လင်းကို ထပ်ပြောလိုက်သည်။
“ဒီအမျိုးသမီးရဲ့ ယောက္ခမလည်း သေနေလောက်ပြီ”
ကျန်းကျင့်လင်းက အလောတကြီး ပြန်မေးလိုက်သည်။
"မယ်မယ်၊ ဘာလို့ ဒီလို ပြောနိုင်တာလဲ?"
စူးချင်းက သနားစရာကောင်းသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို လှမ်းကြည့်လိုက်ပြန်သည်။ သူမက ခင်ပွန်းဖြစ်သူ၏ မျိုးဆက်ကို မွေးဖွားပေးရန် သူမ၏ အသက်ကို စွန့်စားခဲ့ရသော်လည်း ယောက္ခမဖြစ်သူက သူမ၏အသက်ကို ငွေနှင့် လဲလှယ်ခဲ့သည်။
စူးချင်း၏ အကြည့်များက ပိုအေးစက်ပြီး ပိုတင်းမာလာသည်။
“ဘာလို့လဲဆိုတော့ သူ(မ)ရဲ့ အသုံးဝင်မှုက ပျောက်ကွယ်သွားလို့ပဲ၊ သူ(မ)သေသွားတာနဲ့ လူတွေက ချက်ချင်း ကောလဟာလတွေ ဖြန့်ကြလိမ့်မယ်၊ မင်းရဲ့လူတွေကို ရုပ်ဖျက်ခိုင်ပြီး လူများတဲ့နေရာတွေမှာ ရောနှောစုံစမ်းဖို့ ညွှန်ကြားထားလိုက်။ ကောလာဟလ ဖြန့်သူတွေကို ရောက်လာရင် သူတို့ သတိမထားမိအောင် စောင့်ကြည့်ခိုင်းထား”
“မယ်မယ်ရဲ့အမိန့်တော် အတိုင်းပါ”
ကျန်းကျင့်လင်းက သူ့လက်သီးပေါ် လက်ဖဝါး အုပ်ကိုင်လိုက်ပြီး အမိန့်ကို ကျယ်လောင်စွာ လက်ခံလိုက်သည်။ စူးချင်းကို ကြည့်နေသည့်သူ၏ မျက်လုံးများထဲ၌ လေးစားအထင်ကြီးသည့် အရိပ်အယောင်များ ပြည့်နေလေသည်။
"သူ(မ)ကို အဝတ်ကောင်းကောင်းတစ်ထည် ပေးလိုက်ပါ၊ ပြီးရင် ခေါင်းတလားကောင်းကောင်းတစ်လုံး ဝယ်ပြီး သေသေချာချာ မြှုပ်နှံပေးပါဦး"
စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို လက်ညှိုးထိုးပြရင်း ကျန်းကျင့်လင်းကို ထပ်တောင်းဆိုလိုက်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအား အကြောင်းရင်းမသိဘဲ သေစေမည်မဟုတ်ကြောင်းကို သူမ စိတ်ထဲမှ ကတိပေးလိုက်သေးသည်။
“မယ်မယ်ရဲ့အမိန့်တော် အတိုင်းပါ”
ကျန်းကျင့်လင်းက လေးလေးစားစား ပြန်ဖြေလိုက်ပြီး စူးချင်းက နောက်ထပ် အမိန့်ပေးလိုက်ပြန်သည်။
“အပြင်က လူတွေ အားလုံးကို ဖမ်းပြီး သီးခြား စစ်ဆေးမေးမြန်းမှုလုပ်လိုက်”
သူမ ဒီလူတွေကို ဖမ်းခိုင်လိုက်ရင် ကောလဟာလတွေ ပိုပြန့်လာလိမ့်မယ်။ သူမက သူတို့တွေ ကောလဟာလဖြန့်ဖို့ အခွင့်အရေး ထပ်ပေးလိုက်တာပါ။
စူးချင်း တော်ဝင်သားဖွားခန်းထဲမှ ထွက်လာချိန်တွင် လုမိသားစုဝင်များက သူမကို မြင်သွားပြီး ချက်ချင်းဒူးထောက်လိုက်ကြသည်။
“လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါ၊ ကျွန်တော်မျိုးတို့ ထပ်ပြီး ဒုက္ခမပေးရဲတော့ပါဘူး”
စူးချင်းက သူတို့ကို ကြည့်ပင်မကြည့်ပဲ မြင်းပေါ်သို့ တက်ကာ တော်ဝင်သားဖွားခန်း ရှေ့မှ ထွက်ခွာသွားသည်။ လမ်းဘေးတွင် လူတော်တော်များများ ဝိုင်းအုံကြည့်ရှုနေကြသော်လည်း အာဏာပိုင်များက လူများအား ဖမ်းနေသည်ကို တွေ့လိုက်ရသောကြောင့် သူတို့လည်း ကြောက်လန့်ပြီး အလျင်အမြန် လူစုခွဲသွားကြသည်။
စူးချင်း နန်းတော်သို့ ပြန်ရောက်လာချိန်တွင် နန်းတော်အစေခံတစ်ဦး ရောက်လာပြီး သတင်းပို့လာခဲ့သည်။
“မယ်မယ်၊ ပထမမင်းသားက ဘာမှ မစားဘဲ တည်ခင်းသမျှ အစားအသောက်တွေကို ငြင်းဆန်နေပါတယ်”
"ပန်ကုန်း သိပြီ"
(t/n :ပန်ကုန်းဆိုတာက မောင်းမဆောင်မှာ ရာထူး အရမ်းမြင့်တဲ့သူတွေက ရာထူးနိမ့်တဲ့သူတွေကို သုံးတဲ့ဆရာပါ၊ ဧကရီ၊တော်ဝင်ကြင်ယာတော်၊ ကြင်ယာတော်နဲ့ အဆင့်မြင့်ကိုယ်လုပ်တော်တွေပဲ သုံးခွင့်ရှိတဲ့ နာမ်စားပါ)
စူးချင်းက ခပ်အေးအေးတုန့်ပြန်လိုက်သည်။
ကျစ်ချီက လူမှုဆက်ဆံရေးကို တန်ဖိုးထားတတ်ပြီး စိတ်ခံစားမှုပြင်းထန်သည့် ကလေးတစ်ယောက် ဖြစ်သည်။ သူ့ဆရာ သေဆုံးသွားပြီဟု တွေးကာ သူ မစားနိုင်မသောက်နိုင် ဖြစ်ရလောက်အောင် ဝမ်းနည်းနေပေလိမ့်မည်။
စူးချင်းက သူမ ဝတ်ဆင်ထားသည့် အမျိုးသားအရာရှိဝတ်စုံကို ချွတ်လိုက်ပြီး သူမ၏သားလေးအတွက် ချက်ပြုတ်ရန် ရိုးရာအမျိုးသမီးဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
သူမ၏ ချန်ချင်းနန်းဆောင်တွင် သီးသန့်မီးဖိုချောင်ငယ်တစ်ခု ရှိပြီး ဟင်းခတ်အမွှေးအကြိုင်များက တော်ဝင်မီးဖိုချောင်ထက် ပိုစုံလင်သည်။ သူမ စားချင်သမျှကို ချက်ပြုတ်နိုင်ပြီး နန်းတွင်းအစေခံများက သူမကို ဘေးမှ ကူညီပေးလေ့ရှိကြသည်။ သူမတို့ကလည်း ဧကရီနှင့် ချက်ပြုတ်ရသည့်ကို အလွန်နှစ်သက်ကြသည်။
ဧကရီက အရသာရှိတဲ့ အစားအစာတစ်ခုခု ချက်ပြုတ်ပြီးတိုင်း သူမတို့ကို နည်းနည်းစီ ဆုချတတ်တယ်လေ။ ဒါက သူမတို့အတွက်တော့ ကောင်းကင်ဘုံက ကျလာတဲ့ နတ်သုဒ္ဓာပဲ။
စူးချင်းက သူမ၏သားလေးအတွက် ချယ်ရီဝက်သားနှပ် ပြုလုပ်ပေးနေခဲ့သည်။ ထိုကလေးလေးက ချိုချိုချဥ်ချဉ်အရသာကို နှစ်သက်ပြီး ဆန့်ကျင်ဘက်အနေဖြင့် ယွင်အာက စပ်သည့်အစားအစာများကို နှစ်သက်သည်။ ပိုစပ်လေလေ သူမ ပိုပျော်လေလေ ဖြစ်သည်။
အရသာရှိသည့် အစားအစာများကို စားရတိုင်း ဖြစ်လာတတ်သည့် ယွင်အာ၏ အသွင်အပြင်လေးကို ပြန်တွေးလိုက်မိချိန်တွင် စူးချင်း၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားရပြန်သည်။ သူမက သူမ၏သမီးလေးအတွက် ကြက်သားအစပ်ဟင်းလည်း ချက်ပေးခဲ့သေးသည်။
ကျန်းချီလွေ့က သူမ၏ ဇီယာသိုးသားတုံးများကို ပိုကြိုက်သောကြောင့် စူးချင်းက ပန်းကန်အကြီးကြီးတစ်ချပ်စာ ပြင်ဆင်လိုက်သည်။ ဤဟင်းသုံးမျိုးအပြင် ကလေးသုံးယောက်၏အကြိုက်ဖြစ်သော အချိုပွဲသေးသေးလေးနှစ်ခုကိုလည်း ပြုလုပ်လိုက်သည်။
"ပထမမင်းသားနဲ့ မင်းသမီးလေးကို သွားခေါ်လာခဲ့"
စူးချင်းက အစားအသောက်များကို ပြင်ဆင်နေခဲ့ပြီး ကလေးများအား သွားခေါ်ရန် မိန်းမစိုးများကို ညွှန်ကြားလိုက်သည်။ နောက်ဆုံးတွင် မိန်းမစိုးများက ကျစ်ချီနှင့် ယွင်အာတို့ကိုသာ ခေါ်ဆောင်လာခဲ့သည်။ ကျန်းချီလွေ့ကိုတော့ လွမ်ဟုန် မနက်စောစော ရောက်လာပြီး အိမ်ပြန်ခေါ်သွားကြောင်း သိလိုက်ရသည်။
"ဒီသားတော်က မယ်တော့်ကို နှုတ်ခွန်းဆက်သပါတယ်"
ကျစ်ချီက ဝင်လာပြီးသသည်နှင့် စူးချင်းကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သို့သော် ကလေးလေးက နှစ်နပ်စာလုံး ဘာမှ မစားခဲ့ဘဲ အားနည်းနေပုံရသည်။ သူ မတ်တပ်ရပ်နေချိန်တွင်ပင် ခြေထောက်များ မတည်မငြိမ် ဖြစ်နေကာ ယိုင်တိုင်တိုင် ဖြစ်နေရှာသည်။
“မယ်တော်”
ယွင်အာကတော့ အထဲသို့ ရောက်သည်နှင့် ဇီယာသိုးသား၏မွှေးရနံ့ကို ရှူရှိုူက်နေလေသည်။ သူမက လောဘကြီးသော ကြောင်ပေါက်နေကဲ့သို့ အနံ့ခံနေရင်း စားပွဲဆီသို့ ဝမ်းသာအားရ ပြေးသွားတောာ့သည်။ သူမ၏ ပါးစပ်လေးမှလည်း ပျော်ပျော်ရွှင်ရွှင် အော်ဟစ်လိုက်သေးသည်။
"ဟေး.... အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရှိတယ်"
ယွင်အာက နောက်သို့ ပြန်လှည့်ကြည့်ပြီး သူမ၏အစ်ကိုတော်ကို အားတက်သရော ပြောပြနေပြန်သည်။
“အစ်ကိုတော်၊ စားစရာတွေ အများကြီးရှိတယ်”
ကျစ်ချီက တစ်ချက်ကြည့်လိုက်ရုံသာဖြစ်ပြီး စားချင်စိတ်မရှိသေးပေ။
"ကျစ်ချီ၊ စားလေ"
စူးချင်းက ကျစ်ချီကို ပွေ့ဖက်လိုက်ပြီး သူမ၏လက်ချောင်းလေးများဖြင့် ကပလေးလေး၏မျက်ခုံးမွှေးများကို ဖြေလျှော့ပေးလိုက်သည်။
“ယောက်ျားကောင်းတစ်ယောက်က လေးလံတဲ့ဝန်ကို ထမ်းနိုင်ရမယ်၊ လူတိုင်း တနေ့ သေကြမှာပဲ၊ တစ်နေ့နေ့မှာ မင်းရဲ့ မယ်တော်နဲ့ ခမည်းတော်လည်း ထွက်သွားရမှဦ သေချာတယ်၊ အသက်ရှင်နေတဲ့သူတွေကတော့ ကောင်းကောင်း နေထိုင်သင့်တယ်”
"ဒီသားတော် နားလည်ပါပြီ၊ သားတော်က မယ်တော်ရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျစ်ချီက သူ့အမေ၏စကားကို နားလည်နေသော်လည်း သူ ဝမ်းနည်းနေသေးသည်။
"ကောင်းကောင်းစားပါ"
စူးချင်းက ကျစ်ချီကို ခုံပေါ်တင်ပေးလိုက်ပြီး တူတစ်စုံ ယူပေးလိုက်သည်။
“မယ်တော်က ကျစ်ချီအကြိုက်ဆုံး ချယ်ရီဝက်သားနှပ် လုပ်ပေးထားတယ်။ ပူနေတုန်း စားလိုက်”
"ကျေးဇူးတင်ပါတယ် မယ်တော်"
ယွင်အာက စကားပြောချိုသာသူဖြစ်သည်။ သူမက သိုးသားကို လှမ်းမယူမီ သူမ၏မိခင်အား ကျေးဇူးတင်ကြောင်း အရင် ပြောလိုက်သေးသည်။ သူမ၏လက်လေးများက သေးငယ်သော်လည်း အလွန်သန်မာလှသည်။ သူမက သိုးသားအတုံးကြီးတစ်တုံးကို ဆတ်ခနဲ ကောက်ယူကာ စူးချင်းအတွက် ထည့်ပေးလာသည်။
"မယ်တော် အပင်ပန်းခံ ချက်ပြုတ်ပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူမက အခြားအသားတစ်ပိုင်းကို ကောက်ယူပြီး ကျစ်ချီ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။ သူမ၏ အနက်ရောင်မျက်လုံးလေးများက အစ်ကိုဖြစ်သူအား စိုးရိမ်တကြီး ကြည့်နေသေးသည်။
"အစ်ကိုတော်၊ စားနော်"
စူးချင်းက သမီးဖြစ်သူကို သဘောတကျ လှမ်းကြည့်နေသည်။
ကလေးမလေးက သွားရည်ယိုနေပေမယ့် တခြားသူတွေကို အရင် ဂရုစိုက်ပေးနေတုန်းပဲ။
ယွင်အာ၏ မျက်နှာသေးသေးလေးက တွန့်လိမ်သွားပြီး လူကြီးတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။
"လွေ့အာသာ ဒီမှာ ရှိရင် အရမ်းကောင်းမှာပဲ၊ သူက မယ်တော် လုပ်ပေးတဲ့ သိုးသားတုံးတွေကို စားရတာ ကြိုက်တယ်”
"သူ အနားမှာ ရှိတော့ မင်း သူ့ကို အနိုင်ကျင့်တယ်၊ သူ ထွက်သွားတော့လည်း သူ့ကို တမ်းတနေပြန်ပြီပေါ့”
စူးချင်းက သူမ၏သမီးလေး သက်ပြင်းချနေသည်ကို မြင်သွားပြီး ရယ်ချင်လာသည်။
ကလေးမလေးက လူကြီးတစ်ယောက်လို အမူအရာမျိုးစုံလုပ်တတ်နေပြီ။
ယွင်အာက မျက်တောင်လေး ပေကလပ်ပေကလပ်ဖြင့် စဉ်းစားနေပြီးမှ သူမ၏ခေါင်းလေးကို ခါယမ်းလိုက်ပြန်သည်။
"ယွင်အာက လွေ့အာကို အနိုင်ကျင့်တာ မဟုတ်ပါဘူး၊ ယွင်အာက သူ့ကို သိုင်းပညာ သင်ပေးနေတာပါ”
စူးချင်းက သူမ၏သမီး ကျန်းချီလွေ့အား ရွှံ့မျောက်လေးဖြစ်သွားအောင် ရိုက်နှက်ခဲ့ကြောင်း သိထားခဲ့သည်။ အဆုံးတွင် ကျန်းချီလွေ့တစ်ယောက် အလွန်ကြောက်လန့်သွားပြီး မြေပြင်ပေါ် လဲကျသွားကာ ပြန်မထနိုင်တော့ပေ။
"ဟား ဟား၊ ယွင်အာရဲ့ပါးစပ်သေးသေးလေးက အနက်ရောင်ကိုတောင် အဖြူရောင်အဖြစ် ပြောင်းသွားအောင် ပြောနိုင်တာပဲ"
ရှောင်းကျဲယွိက ချန်ချင်းနန်းတော်ထဲသို့ လျှောက်ဝင်လာရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ ဝင်လိုက်သည်နှင့် မွှေးရနံ့ ရသွားပြီး အလောတကြီး လှမ်းမေားလိုက်သည်။
"ချင်းအာက အရသာရှိတဲ့ အစားအသောက်တွေ ထပ်လုပ်ထားပြန်ပြီလား"
ရှောင်းကျဲယွိက ယနေ့တစ်နေ့လုံး နန်းတော်ခန်းမဆောင်တွင် ဒေါသထွက်နေခဲ့သည်။ သို့သော် သူ ပြန်ရောက်လာပြီ သူ့သား၊ သမီးလေးနှင့် ဇနီးသည်ကို တွေ့လိုက်ရချိန်တွင်တော့ သူ့စိတ်အခြေအနေက ချက်ချင်း ပြန်ကြည်လင်လာသည်။
“ရှင် ကံကောင်းတယ်၊ လာ.... မြန်မြန်စား"
စူးချင်းက ပြုံးလိုက်ပြီး သူ့အတွက် တူတစ်စုံ ယူပေးလိုက်သည်။ ရှောင်းကျဲယွိ၏မျက်လုံးများထဲမှ အကြွင်းအကျန် ဒေါသရိပ်များကို သူမ မြင်သွားပြီး ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။
"ဒီနေ့ နန်းတော်မှာ အဆင်မပြေခဲ့ဘူးလား"