လှုပ်ခတ်မှုကြီးများ
Vol. 46 Ch. 682
“ဧကရီမယ်မယ်ကို လျှောက်တင်ပါတယ်၊ သခင်မရဲ့ဖိနပ်တွေကို ဝမ်မော့မော့ ကောက်ယူနေတာ ကျွန်တော်မျိုး မြင်ခဲ့ပါတယ်၊ အဲ့အချိန်တုန်းက ဝမ်မော့မော့က သခင်မရဲ့ဖိနပ်တွေကို သခင်မရဲ့အခန်းထဲ ပြန်ယူသွားမယ်လို့ပဲ ကျွန်တော်မျိုး ထင်ခဲ့မိပါတယ်၊ နောက်တော့ ဝမ်မော့မော့က ဖိနပ်တွေကို ရေကန်ထဲ ပစ်ချလိုက်တာကို ထပ်တွေ့လိုက်ရပါတယ်၊ ကျွန်တော်မျိုး မေးကြည့်တော့ ဝမ်မော့မော့ ပြန်ဖြေတာက သခင်မက လမစေ့ဘဲ မွေးဖွားရမှာမို့ ဖိနပ်တွေကို စွန့်ပစ်လိုက်မှ မိခင်နဲ့ ကလေးနှစ်ယောက်လုံး ဘေးကင်းလုံခြုံနိုင်မယ်တဲ့၊ ဝမ်မော့မော့က ဘယ်သူ့ကိုမှ ပြန်မပြောဖို့လည်း တောင်းဆိုခဲ့ပါတယ်၊ အဲ့လိုမှမဟုတ်ရင် သခင်မနဲ့ ကလေးအတွက် အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ပြောခဲ့တာပါ"
လိုင်ဖူက ဝမ်မော့မော့ ဖိနပ်များအား စွန့်ပစ်နေသည်ကို သူ မြင်ခဲ့သမျှ ပြန်တွေးကာ ပြောပြနေခဲ့သည်။
သူက ဝမ်မော့မော့၏စကားများကို ခိုင်ခိုင်မာမာ ယုံကြည်နေဆဲ ဖြစ်ပုံရသည်။
ကျန်းသခင်မကြီးက လိုင်ဖူ၏စကားများကြောင့် မျက်မှောင်ကြုတ်သွားပြီး ဒေါသဖြင့် ဝင်မေးလိုက်သည်။
"ဒါက ဘယ်လို ဇာတ်လမ်းမျိုးလဲ? ငါတောင်မှ တစ်ခါမှ မကြားဖူးဘူး"
ဝမ်မော့မော့က ဖိနပ်များကို လွှင့်ပစ်လိုက်ကြောင်း ကြားလိုက်သည်နှင့် စူးချင်းက လွမ်ဟုန်အား ထိခိုက်စေသူကို ပို၍ သေချာလာခဲ့သည်။ ထို့ကြောင့် ဝမ်မော့မော့အား ချက်ချင်း သွားခေါ်ရန် သူမ၏သက်တော်စောင့်များအား အမိန့်ပေးလိုက်သည်။
"ဝမ်မော့မော့ကို သွားခေါ်လာခဲ့"
သက်တော်စောင့်များက အိမ်တော်၏အစောင့်နှစ်ယောက်ကို ခေါ်ကာ ထင်းတဲဆီသို့ ထွက်သွားကြသည်။ ကျန်းသခင်မကြီးက စူးချင်းအတွက် ထိုင်ခုံ ယူလာပေးရန် အစေခံများအား အမိန့်ပေးလိုက်သည်။ စူးချင်းတစ်ယောက် မည်းမှောင်နေသော မျက်နှာဖြင့် ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်သည်။
ကျန်းသခင်မကြီးကလည်း စိုးရိမ်ကြောင့်ကြမှုမျိုးစုံ ခံစားနေရသည်။
လွမ်ဟုန်ကို ပြုစုပေးဖို့ ဝမ်မော့မော့ကို စေလွှတ်ပေးခဲ့တဲ့သူက သူမလေ၊ ဧကရီက သူမ လွမ်ဟုန်ကို ဒုက္ခပေးချင်တယ်လို့ ထင်သွားတော့မှာလား?
ထိုအချိန်တွင် ဝမ်မော့မော့ကို သွားခေါ်သည့် သက်တော်စောင့်များက အလောတကြီး ပြန်ရောက်လာပြီး လက်သီးအုပ်ကာ စူးချင်းထံသို့ သတင်းပို့လာခဲ့သည်။
"ဧကရီမယ်မယ့်ကို သတင်းပို့ပါတယ်၊ ဝမ်မော့မော့က အဆိပ်မိပြီး သေဆုံးသွားပါပြီ"
"သေပြီလား?"
စူးချင်းက ကျန်းသခင်မကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။
နှုတ်ပိတ်ဖို့ ကြိုးစားလိုက်တာလား?
ကျန်းသခင်မကြီးကလည်း သူမ မြစ်ဝါမြစ်ထဲသို့ ခုန်ဆင်းလျှင်ပင် သူမ၏အပြစ်ကင်းမှုကို ပြန်မရှာနိုင်တော့သလို ခံစားနေရသည်။ သူမက ဒူးထောက်ချလိုက်ပြီး စူးချင်းကို ဦးတိုက်ဂါရဝပြုလိုက်သည်။ ထို့နောက်မှသာ စတင်ငြင်းဆန်လိုက်သည်။
“ဧကရီမယ်မယ် ကျွန်တော်မျိုးမ ဘာမှ မသိပါဘူး၊ ဝမ်မော့မော့ကို အဆိပ်ပေးဖို့လည်း ဘယ်သူကိုမှ မညွှန်ကြားခဲ့ပါဘူး”
“လာကြစမ်း၊ မင်းတို့ရဲ့ သခင်မကြီးကို ပြန်ထူပေးလိုက်ကြ”
စူးချင်းက ကျန်းသခင်မကြီးကို တစ်ချက်ကြည့်လိုက်ပြီး အဘွားအိုကို ကူညီထမပေးရန် အိမ်တော်အစေခံများအား အမိန့်ပေးလိုက်သည်။ ထို့နောက် သူမက ဝမ်မော့မော့၏အလောင်းကို စစ်ဆေးရန် သွားယူခိုင်းလိုက်သည်။
“အလောင်းကို ယူလာခဲ့”
ကျန်းအိမ်တော်ရှိလူတိုင်းက ကံဆိုးမိုးမှောင်ကျသလို ခံစားနေကြရသည်။ ဝမ်မော့မော့၏သေဆုံးမှုကြောင့် ဧကရီက သူတို့အား အပြစ်တင်မည်ကို သူတို့ အလွန်အမင်း ကြောက်ရွံ့နေကြသည်။ ကျန်းအိမ်တော် ပျက်စီးပြီး သူတို့ ကျန်းအိမ်တော်မှ ထွက်ခွာရမည်ကို ပို၍ပင် ကြောက်ရွံ့နေကြသည်။ ယခုကဲ့သို့ သခင်ကောင်းများက ရှားပါးလွန်းပြီး ကျန်းအိမ်တော် ဒုက္ခရောက်ရင် သူတို့လည်း ပြန်ရောင်းထုတ်ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူတို့ မည်သည့်သခင်မျိုးနှင့် တွေ့ဆုံပြီး မည်သို့ ကြုံတွေရမည်က မသေချာမရေရာသော ကိစ္စသာ ဖြစ်သည်။
မကြာခင်မှာပင် သက်တော်စောင့်များက ဝမ်မော့မော့၏အလောင်းကို တံခါးပျဥ်ချပ်ဖြင့် သယ်ဆောင်လာကြသည်။ ဝမ်မော့မော့၏ မျက်နှာက မည်းနက်နေပြီး ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျနေသည်။ စူးချင်းက ဝမ်မော့မော့၏ပါးစပ် စစ်ဆေးကြည့်လိုက်ရာ သူမ၏ သွားများ မည်းနက်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမကိုယ်တိုင် သူမ၏ သွားကြားထဲ၌ ဝှက်ထားသည့် အဆိပ်ကို ကိုက်ကာ သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
“အိမ်တော်ထဲက လူတွေအားလုံးကို ခေါ်ပြီး တန်းစီခိုင်းလိုက်”
စူးချင်း၏ အမူအရာက ပိုအေးစက် တင်းမာပြီး အိမ်တော်ရှိ လူတိုင်းအား တန်းစီခိုင်းရန် အိမ်တော်ထိန်းအား အမိန့်ပေးလိုက်သည်။ သူမက တစ်ယောက်ချင်းစီ မေးမြန်းရန် ရည်ရွယ်ထားသည်။
စစ်ဆေးမေးမြန်းမှုကို အနောက်ဘက်တောင်ပံမှ အခန်းများတွင် ပြုလုပ်ခဲ့ပြီး လုံးဝ တင်းတင်းကျပ်ကျပ်နှင့် လျှို့ဝှက်စွာ မေးမြန်းစစ်ဆေးခဲ့သည်။ သူတို့အားလုံး အခန်းများထဲသို့ တစ်ဦးချင်းစီ ဝင်ရောက်ရသည်။ စစ်ဆေးမေးမြန်းပြီးနောက် အပြင်သို့ ပြန်ထွက်ခွင့်ရသောလည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားပြောဆိုခွင့် မရှိသည့်အပြင် စစ်ဆေးမေးမြန်းမှုနှင့် ပတ်သတ်သည့် အကြောင်းအရာများကိုလည်း ဖော်ထုတ်ခွင့်မရှိပေ။
ကျန်းအိမ်တော်အတွင်းရှိလေထုက အလွန်တင်းမာနေပြီး ကျန်းသခင်မကြီးပင်လျှင် အလွန်ထိတ်လန့်နေကာ အသက်ပင် ရဲရဲမရှူဝံ့တော့ပေ။
ဧကရီမယ်မယ်က ဒီလောက်ကြီးမားတဲ့ အခြေအနေ ရောက်အောင် ဖန်တီးလိုက်တာလား? မယ်မယ်က ကျန်းအိမ်တော်ကို သန့်ရှင်းရေးလုပ်ချင်နေတာ ဖြစ်နိုင်လား?
စုံစမ်းမေးမြန်းမှုများ ပြီးသွားနောက် စူးချင်းက ကျန်းအိမ်တော်မှ မြင်းဇောင်းတာဝန်ခံ လီအာနှင့် အဝယ်တော် လုရှန်းတို့ကို ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ စူးချင်းက ကျန်းအိမ်တော်မှ လူများအားလုံးကို စစ်ဆေးမေးမြန်းခဲ့ပြီး အဆိုပါလူနှစ်ဦးက သံသယဖြစ်ဖွယ်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူမက သူတို့ကို ထပ်မံမေးမြန်းရန် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့သည်။
သူတို့ အဖမ်းခံရမည်ကို သိလိုက်ကြသည့် လီအာနှင့် လုရှန်းတို့ကလည်း အဆိပ်ဖြင့် သတ်သေရန် ကြိုးပမ်းလိုက်ကြသည်။ စူးချင်း၏နောက်သို့ လိုက်နေသော သက်တော်စောင့်များကလည်း ထိုအတွေ့အကြုံမျိုးကို ဖန်တရာတေအောင် ကြုံထားရပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့ အဆိပ်အိတ်ကို မကိုက်နိုင်မီ ထိုအဆိပ်အိတ်များ ဖယ်ထုတ်ခံလိုက်ရသည်။
သူတို့ သတိပြန်ရလာချိန်တွင် သူတို့၏ပါးစပ်ထဲမှ အဆိပ်အိတ်များ ဖယ်ရှားခံရပြီး ဖြစ်သည်။ စူးချင်းက အချိန်မဖြုန်းဘဲ ဤလူနှစ်ယောက် ဝန်ခံလာစေရန် အကြမ်းတမ်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။
“သူတို့ကို ခေါ်သွားလိုက်တော့”
ထိုလူနှစ်ယောက်၏ ဝန်ခံချက်က တူညီသည့်လူကို ညွှန်ပြနေပြီး ထိုလူက စူးချင်း သံသယဝင်နေသူလည်း ဖြစ်နေခဲ့သည်။ စူးချင်းက ၎င်းကို အတည်ပြုလိုက်ပြီး ထိုလူ့ကို ဖမ်းရန် သူမ၏သက်တော်စောင့်များကို ချက်ချင်း စေလွှတ်လိုက်သည်။
“တုန်လိုင်ရွှမ်းရဲ့ သူဌေးနဲ့ ဆိုင်ရှင်ကို သွားဖမ်းလာခဲ့"
သက်တော်စောင့်များကို အမိန့်ပေးပြီးနောက်တွင် အဘွားအိုက အလွန် စိုးရိမ်ထိတ်လန့်နေကြောင်း စူးချင်း တွေ့လိုက်ရသည်။ သူမက အဘွားအိုဆီသို့ လျှောက်သွားပြီး နှစ်သိမ့်ပေးလိုက်သည်။
"သခင်မကြီး၊ စိတ်မပူပါနဲ့ ဘာမှ မဖြစ်ပါဘူး"
စူးချင်း၏စကားများက စိတ်ငြိမ်ဆေးတစ်ခွက်လိုဖြစ်နေပြီး အဘွားအိုက ချက်ချင်း စိတ်သက်သာရာ ရသွားသည်။ ထိုစကားက ဤကိစ္စအားလုံး ကျန်းမိသားစုနှင့် ဘာမှ မသက်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ စူးချင်းက အသားလင်ဇီးမှိုအပိုင်းလေးကို ထုတ်ယူလိုက်ပြီး အဘွားအိုကို ထပ်ပြောလိုက်သည်။
"လွမ်ဟုန်ကို ဂရုစိုက်ပေးဖို့ သခင်မကြီးကိုပဲ ဒုက္ခပေးရတော့မယ်။ ဒါက အသားလင်ဇီးမှိုပါ၊ ဒါကို ရေစိမ်ပြီး ကလေးနဲ့ လွမ်ဟုန်ကို နေ့တိုင်း တိုက်ပေးပါဦး”
"ကျေးဇူးတင်ပါတယ် မယ်မယ်၊ ဒီအဖွားကြီးက သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးမှာပါ"
ကျန်းသခင်မကြီးက အသားလင်ဇီးမှိုကို ယူရန် အစေခံများအား အလျင်စလို အမိန့်ပေးလိုက်ပြီး စူးချင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။
စူးချင်း ကျန်းအိမ်တော်မှ ပြန်မထွက်ခွာမီ ကျန်းကျင့်လင်းတစ်ယောက် အပြေးအလွှား ပြန်ရောက်လာသည်။ လွမ်ဟုန် လမစေ့ဘဲ ကလေးမွေးဖွားခဲ့ရကြောင်း သူ ယခုမှ သိခဲ့ရပြီး အမြန်ဆုံး အပြေးပြန်လာခဲ့ခြင်းပင်။ ခြံဝင်းထဲ၌ စူးချင်းကို မြင်လိုက်ရသောကြောင့် ကျန်းကျင့်လင်းက သူ့ဝတ်ရုံစကို အမြန် မတင်ကာ ဒူးထောက်အရိုအသေပေးလိုက်သည်။
“ဒီနိမ့်ကျတဲ့ လက်အောက်ငယ်သားက ဧကရီမယ်မယ့်ကို နှုတ်ခွန်းဆက်သပါတယ်”
"လွမ်ဟုန် အဆင်ပြေသွားပါပြီ၊ စိတ်မပူနဲ့တော့"
စူးချင်းက သူ စိတ်အေးသွားစေရန် အသိပေးလိုက်သည်။ ကျန်းကျင့်လင်းက တော်ဝင်မိသားစုအတွက် လှည့်ပတ်ပြေးလွှားနေရပြီး သူ့မိသားစုကိုပင် ဂရုမစိုက်နိုင်ခဲ့ပေ။
"ကျေးဇူးတင်ပါတယ် ဧကရီမယ်မယ်"
ကျန်းကျင့်လင်းက စူးချင်းကို စိတ်အားထက်သန်စွာ ကျေးဇူးတင်နေခဲ့သည်။ လက်တွေ့တွင်လည်း စူးချင်းကို တွေ့လိုက်သည်နှင့် သူ စိတ်သက်သာရာ ရသွားခဲ့သည်။
ဧကရီမယ်မယ်က သေတဲ့သူကိုတောင် ပြန်လည်ရှင်သန်ထမြောက်စေနိုင်တယ်။ အသက်ရှုနေသရွေ့ အဲ့လူကို ကယ်တင်ပေးနိုင်တယ်။ မယ်မယ် အနားမှာ ရှိနေမှတော့ လွမ်ဟုန် အဆင်မပြေစရာ အကြောင်းကို မရှိဘူး။
"သမီးလေးကို သွားကြည့်လိုက်ပါဦး"
စူးချင်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
ဒီကလေးမလေးကို သူမကိုယ်တိုင် မွေးဖွားပေးခဲ့တာဆိုတော့ အနာဂတ်မှာ သူမရဲ့ချွေးမလောင်းလေး ဖြစ်လာစေချင်တယ်။ ဒါပေမယ့် သူမက သားသမီးတွေကို အတင်းအကြပ် ဖိအားပေးမှာ မဟုတ်ဘူး။ အနာဂတ်မှာ သူတို့ရဲ့အိမ်ထောင်ရေးကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးမှာပါ။
ကျန်းကျင့်လင်းက စူးချင်းကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီးမှ သူ၏ အဖိုးတန်သမီးလေးကို လှည့်ကြည့်လိုက်သည်။ သူ သူ့သမီးလေးကို ကြည့်နေပုံက ရှောင်းကျဲယွိ ယွင်အာကို ကြည့်နေသလိုမျိုး နူးညံ့သိမ်မွေ့မှုများ ပြည့်နှက်နေသည်။
ထိုအရာက စူးချင်း၏နှုတ်ခမ်းများကို တွန့်ကွေးသွားစေသည်။
ဆိုတော့ ယောက်ျားတွေက သူတို့ရဲ့သမီးလေးကို ပိုချစ်တာပေါ့။ သူတို့က သားတွေအပေါ် တင်းကျပ်သလောက် သမီးတွေအပေါ်ကိုတော့ အရမ်းအလိုလိုက်ကြတယ်။
"သခင်မလေးကို အထဲကို ခေါ်သွားလိုက်"
ကျန်းကျင့်လင်းက သူ့သမီးလေးကို ခပ်ဖွဖွ နမ်းလိုက်ပြီးမှ အထဲသို့ ခေါ်သွားရန် အစေခံများအား အမိန့်ပေးလိုက်သည်။ ထို့နောက် သူက စူးချင်းထံသို့ သတင်းပို့ရန် ပြန်လျှောက်လှမ်းလာသည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ယောက္ခမကို ရှာတွေ့ပါပြီ”
"သေနေပြီမလား?"
စူးချင်းက သူ့ကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်ပြီး ကျန်းကျင့်လင်းက ခေါင်းညိတ်ပြလာခဲ့သည်။ သူ ထိုနေရာသို့ ရောက်သွားချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ယောက္ခမက သေဆုံးနေပြီ ဖြစ်ကာ နှလုံးဆီသို့ ထိုးစိုက်လိုက်သည့် ဓားတစ်ချက်ဖြင့် အဆုံးသတ်ခံလိုက်ရခြင်း ဖြစ်သည်။ အဆိုးဝါးဆုံးအချက်က တစ်ဖက်လူများအနေဖြင့် ကလေးကိုပင် အလွတ်မပေးခဲ့ခြင်းပင်။ ကလေးငယ်ကို မြေပြင်ပေါ်သို့ ပစ်ချထားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကလေးငယ်က အသက်ရှင်နေဆဲ ဖြစ်သည်။ သူက ကလေးကို ကယ်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကလေးအား တော်ဝင်ဆေးဌာနသို့ ပို့ဆောင်ရန် အမိန့်ပေးထားခဲ့သည်။
“ငါ ပြန်သွားပြီး ကလေးကို ကယ်ပေးမယ်၊ တုန်လိုင်ရွှမ်းရဲ့ သူဌေးနဲ့ ဆိုင်ရှင်ကို စစ်ဆေးမေးမြန်းဖို့တော့ မင်း တာဝန်ယူ လိုက်တော့”
ကလေး အသက်ရှင်နေသေးကြောင်း ကြားလိုက်ရချိန်တွင် စူးချင်းက ကလေးကို ကယ်တင်ပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
လူယုတ်မာတွေက သူမကို မကောင်းကြံချင်လို့ ကလေးရဲ့အမေကို သတ်ပစ်ခဲ့တာ ဖြစ်နိုင်တယ်၊ သူမ ကလေးကို ကယ်တင်ပေးတာက အဲ့ဒီသနားစရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် တစ်ခုခုလုပ်ပေးတယ်လို့ ယူဆနိုင်တယ်။
"ဧကရီမယ်မယ်ကို သတင်းပို့ပါတယ်၊ တုန်လိုင်ရွှမ်းရဲ့ ဆိုင်ရှင်အပါအဝင် စားပွဲထိုးတွေကိုပါ စောင့်ကြည့်ဖို့ ကျွန်တော်မျိုး လူလွှတ်လိုက်ပါတယ်၊ ဒါပေမယ့် အဲ့အဆောက်အဦက လူသူကင်းမဲ့နေတာကိုပဲ တွေ့ခဲ့ရပါတယ်”
စူးချင်းက တုန်လိုင်ရွှမ်း၏ သူဌေးနှင့် ဆိုင်ရှင်ကို စစ်ဆေးရန် အမိန့်ပေးလိုက်ချိန်တွင် ကျန်းကျင့်လင်းက အလျင်အမြန် သတင်းပြန်ပို့လာခဲ့သည်။ သူ ထိုနေရာသို့ ရောက်သွားချိန်တွင် တုန်လိုင်ရွှမ်း ယနေ့ အလုပ်ကိစ္စအတွက် ပိတ်ထားသည်ကို တွေ့ခဲ့ရကြောင်း ပြန်ရှင်းပြလိုက်သည်။
သူတို့က သူမ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိသွားသည့် အားလုံး ခြေရာဖျောက်သွားသည်ဟု စူးချင်း ယူဆလိုက်သည်။
"တော်တော် မြန်ကြသားပဲ"
စူးချင်းက ရယ်မောလိုက်သည်။
သူတို့ရဲ့ ပူးပေါင်းကြံစည်မှုက တော်ဝင်မိသားစုကို အပုတ်ချချင်တာလောက် မရိုးရှင်းဘူးလို့ သူမ ခံစားနေရတယ်။ သူတို့မှာ ပိုကြီးတဲ့ အစီအစဉ်တောင် ရှိနိုင်သေးတယ်။
“မြို့တော်တစ်ခုလုံး စစ်အုပ်ချုပ်ရေး ကြေငြာလိုက်၊ ဘယ်သူမှ ဝင်ခွင့် မရှိသလို ဘယ်သူမှလည်း ထွက်သွားလို့ မရဘူး၊ တစ်မြို့လုံးအနှံ့ ရှာဖွေမယ်"
စူးချင်းက ကျန်းကျင့်လင်းကို အမိန့်ပေးလိုက်ပြီး ကျန်းကျင့်လင်းက ချက်ချင်း ထွက်ခွာသွားသည်။ စူးချင်းက သူ ထွက်သွားသည်ကို စောင့်ကြည့်နေပြီးမှ သူမ နောက်မှ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။
"ကျန်းအိမ်တော်ကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ရမယ့်အကြောင်း ကျုံးယုံဆီကို အကြောင်းကြားလိုက်"
“အမိန့်တော်အတိုင်းပါ မယ်မယ်”
သက်တော်စောင့်တစ်ယောက်က အမိန့်ကို လက်ခံပြီး ချက်ချင်း ဆောင်ရွက်ရန် ထွက်ခွာသွားကြသည်။ စူးချင်းက သူ့ကို လှမ်းခေါ်လိုက်ပြန်သည်။
"တော်ဝင်ပညာရှိအိမ်တော်ကိုပါ ကာကွယ်ပေးဖို့ ကျုံးယုံကို ပြောလိုက်"
“အမိန့်တော်အတိုင်းပါ မယ်မယ်”
သက်တော်စောင့်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။ စူးချင်းက ကျန်းအိမ်တော်မှ ထွက်ခွာလာခဲ့ပြီး စည်ကားနေသော လမ်းမကြီးကို လှမ်းကြည့်နေသည်။ ထိုအခိုက်အတန့်တွင် သူမစိတ်ထဲသို့ အတွေးတစ်ခု တိုးဝင်လာပြန်သည်။
မြို့တော်မှာ ကြီးမားတဲ့ အုံကြွမှုကြီးတစ်ခု ဖြစ်လာတော့မယ် ထင်ပါရဲ့။
.....။.......။........