ဆောင်းဦးရာသီ ရိတ်သိမ်းပွဲ
Vol. 46 Ch. 670
“သူ့ကိုလည်း လွှတ်လို့ မဖြစ်ပြန်ဘူး”
ရှောင်းကျဲယွိက မည်သူဟု မပြောဘဲ သူ့အတွေးကို သူ့ဘာသာသူ ငြင်းပယ်လိုက်ပြန်သည်။ စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်းကျဲယွိ မပြောလျှင်တောင် သူမ ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
“ဟုတ်တယ်၊ သူ့ကိုလည်း လွှတ်လို့ မရဘူး”
စူးချင်းက သူမ၏ မျက်လုံးများကို ပြန်မှိတ်ပြီး ပျင်းတိပျင်းတွဲ ပြောလိုက်ပြန်သည်။
ရွှေ့ရှန့်က ကျန်းကျင့်လင်းကို လွှတ်ချင်နေတာ ဖြစ်မယ်။ လွမ်ဟုန်က အခု ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရတာလေ။ သူမရဲ့ ခင်ပွန်းကို လိုအပ်တယ်။ အခုအချိန်မှာ ကျန်းကျင့်လင်းကို အဝေးကြီး လွှတ်တာက ကျိုးကြောင်းဆီလျော်မှု မရှိဘူး။
“တကယ်တော့ ကိုယ့်မိသားစုထဲကမှ ဖြစ်နေစရာ မလိုပါဘူး”
ရှောင်းကျဲယွိက သူ့ဘာသာသူ ရေရွတ်လိုက်ပြန်သည်။
ဥပမာဆိုရင် သူ ရွှေတွင်းအတွက် သူ့လူတွေကို အသုံးမချခဲ့ဘူး။ အဲ့အစား သူ အသစ်ရွေးချယ်ထားတဲ့ အတော်ဆုံးသိုင်းပညာရှင်အသစ်ကို အသုံးပြုခဲ့တယ်။ သူက အဲ့တစ်ယောက်ကို ရွှေတွင်း စောင့်ကြပ်စေပြီး သူနဲ့အတူ စစ်တပ်တစ်တပ် ထည့်ပေးလိုက်တယ်။ စစ်တပ်ထဲမှာ သူလျှိုတွေ ထည့်ထားလိုက်တာနဲ့ သူ့လူတွေက အဲ့သိုင်းပညာရှင်ရဲ့လှုပ်ရှားမှုတိုင်းကို အထူးအစီရင်ခံခဲ့တယ်။
အခု ရွှေတွင်းကို တူးဖော်နေတာ နှစ်နှစ်နီးပါးရှိပြီ၊ ဘာမှ မဖြစ်ဘဲ ပုံမှန် လည်ပတ်နိုင်နေတုန်းပဲ။ အခု ကျောက်စိမ်းတွင်းတူးဖို့ကိုလည်း အဲ့ဒီရွှေတွင်း တူးဖော်ခဲ့တဲ့ စီမံခန့်ခွဲမှုကို နမူနာယူပြီး စီမံလို့ ရနိုင်ပါသေးတယ်လေ။
စူးချင်းကတော့ သမ်းဝေပြီး အိပ်ပျော်သွားပြီ ဖြစ်သည်။ သူမ ဘာကြောင့်မှန်းမသိ မောပန်းနွမ်းနယ်နေပြီး မကြာခဏ အိပ်ချင်နေတတ်သည်။ စူးချင်းကတော့ မကြာသေးမီက သူမ အလုပ်များလွန်းသောကြောင့် ဖြစ်နိုင်သည်ဟု တွေးနေပြီး သူမ ကောင်းကောင်းအနားယူရန် လိုအပ်နေသလို ခံစားနေရသည်။
နောက်တစ်နေ့တွင် စူးချင်းက ပုံမှန်အတိုင်း အိပ်ရာမှ နိုးလာခဲ့သည်။ ရှောင်းကျဲယွိကတော့ နံနက်ခင်းညီလာခံတက်ရန် အိပ်ယာမှ ထသွားပြီ ဖြစ်သည်။ ဧကရာဇ်ဖြစ်ရခြင်းက အလွန်ခက်ခဲကြမ်းတမ်းလှပြီး ကြက်ထက်ထက် စောစောထကာ ခွေးထက် နောက်ကျပြီးမှ အိပ်ယာဝင်ရသည်။ သူက တနေ့ကုန် စိတ်ပင်ပန်းမှုအပြည့်ဖြင့် အလုပ်လုပ်ရပြီး ညရောက်သည်နှင့် ပင်ပန်းနွယ်နယ်နေတတ်သည်။
“ဧကရီမယ်မယ်၊ နိုးလာပြီ”
စူးချင်းက ထထိုင်လိုက်သည်ကို မြင်လိုက်သည်နှင့် နန်းတွင်းအစေခံများက ချက်ချင်း ရောက်လာပြီး သူမ ကိုယ်လက်ဆေးကြောနိုင်ရန် ကူညီပေးကြသည်။
စူးချင်းက လှုပ်ရှားရန် အလွန်ပျင်းနေပြီး အစေခံများအား ခစားခွင့်ပေးထားလိုက်သည်။ သူမ ရေချိုးပြီးနောက် နန်းတွင်းအစေခံများက နံနက်စာကို ချန်ချင်းနန်းဆောင်ဆီသို့ ယူဆောင်လာပေးကြသည်။
“မယ်မယ်၊ ဒါက ဧကရာဇ်မင်းမြတ် မယ်မယ်အတွက် ပြင်ဆင်ခိုင်းခဲ့တဲ့ ကြာပန်းနီဟင်းရည်ပါ"
“မယ်မယ်၊ ဒါက ဧကရာဇ်မင်းမြတ် မယ်မယ်အတွက် ပြင်ဆင်ခိုင်းခဲ့တဲ့ မုန့်ပေါင်းတွေပါ”
နန်းတွင်းအစေခံများက နန်းဆောင်ထဲသို့ ဝင်လာကြပြီး အစားအသောက်သေတ္တာများထဲမှ နံနက်စာကို ထုတ်ယူ ခင်းကျင်းနေကြသည်။ သူမတို့က စားစရာတစ်ပန်းကန် တည်ခင်းတိုင်း စူးချင်းကို တခါပြောပြနေကြသည်။ ထိုအရာများအားလုံးက စူးချင်းအတွက် တော်ဝင်စားဖိုဆောင်သို့ ရှောင်းကျဲယွိ အထူး ညွှန်ကြားထားသော စူးချင်းအကြိုက်၏ဟင်းလျာများ ဖြစ်သည်။
နန်းတွင်းအစေခံများက ဧကရီမယ်မယ်အပေါ် အမှန်တကယ် မနာလိုအားကျ ဖြစ်နေကြသည်။
ဧကရာဇ်မင်းမြတ်က ဧကရီမယ်မယ်ကို အရမ်းချစ်ပြီး အထူးတလည် သစ္စာရှိလွန်းတယ်။ မသိတဲ့သူတွေဆိုရင် ဧကရီမယ်မယ်က ဧကရာဇ်မင်းမြတ်ကို မှော်ပညာနဲ့ ပြုစားထားတယ်လို့တောင် ထင်ကြလိမ့်မယ်။
စူးချင်းက စားစရာများပြည့်နေသော စားပွဲကို လှမ်းကြည့်လိုက်သည်။ စားပွဲပေါ်တွင် ယာဂုသုံးမျိုး ရှိပြီး ဖက်ထုပ်ပေါင်း၊ မုန့်ပေါင်း၊ ဗန်းမုန့်၊ ရွှေပိုးမျှင်မုန့်နှင့် အခြား အရန် ဟင်းပွဲများလည်း ရှိနေသေးသည်။ ထိုအရာများအားလုံးက သူမ အကြိုက်ဆုံး ဟင်းများ ဖြစ်နေသောကြောင့် သူမ၏ ပုံမှန် အေးစက်နေတတ်သည့် မျက်နှာမှ နွေးထွေးမှုလေးများ ထွက်ပေါ်လာသည်။
သူမက သူမ စားသောက်နေစဥ်တွင် အခြားသူများ ကြည့်နေခြင်းကို မကြိုက်သည့်အတွက် နန်းတွင်းအစေခံများကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
"ထွက်သွားလို့ ရပြီ"
နန်းတွင်းအစေခံများကလည်း စူးချင်း၏အကျင့်ကို သိနေပြီး ဦးညွှတ်ကာ အပြင်ဘက်၌ သွားစောင့်နေကြသည်။
စူးချင်းက စားပွဲပေါ်မှ သူမ အကြိုက် မနက်စာပန်းကန်များကို ကြည့်လိုက်ပြီး စားချင်သည့် စိတ်ဆန္ဒ ပိုပြင်းထန်လာသည်။ သို့သော် သူမ ရုတ်တရက် အဘယ်ကြောင့် ဤမျှ ဆာလောင်လာသည်ကို မတွေးနေတော့ဘဲ စိတ်ပါလက်ပါ စားလိုက်သည်။
ယခင်က သူမ မနက်စာအတွက် မုန့်ပေါင်းတစ်လုံး၊ ကြက်ဥပြုတ်တစ်လုံးနှင့် ယာဂုတစ်ပန်းကန်သာ စားနိုင်ခဲ့သည်။
ယနေ့တွင် မနက်စာအတွက် တည်ခင်းထားသော စားစရာအားလုံးနီးပါးကို သူမ စားခဲ့ပြီး ဘာမှ ထပ်မစားလောက်အောင် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်။
"ဧကရီမယ်မယ် နိုးနေပြီလား"
သတိဖြင့် ခပ်တိုးတိုးမေးလိုက်သည့် ကျုံးယုံ၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ စူးချင်းက သူမ စားနေသည့် ကြာပန်းစေ့ဟင်းရည်ကို ပြန်ချလိုက်ပြီး အပြင်ဘက်သို့ ပြန်အော်လိုက်သည်။
"ကျုံးယုံ ဝင်လာခဲ့"
ကျုံးယုံနှင့် ကျန်းယွိရန်တို့က မနက်စောစောထကာ အဝတ်အစားလဲပြီး စူးချင်းနှင့် ရှောင်းကျဲယွိတို့အား လက်ဖက်ရည် ဆက်သရန် နန်းတော်သို့ ဝင်လာခဲ့ကြသည်။ အဓိကအကြောင်းအရင်းမှာ ကျုံးယုံထံ၌ မိဘမရှိသောကြောင့် ဖြစ်သည်။ စူးချင်းက သူ့၏ဆရာဖြစ်ပြီး ရှောင်းကျဲယွိက သူ့၏အစ်ကိုကြီး ဖြစ်သည်။ ကျုံးယုံက သူ့၏ အစ်ကိုကြီးနှင့် ဆရာတို့အား လက်ဖက်ရည် ဆက်သရန် ဆုံးဖြတ်ခဲ့သည်။
မကြာသေးမီက လက်ထပ်ထားသော ဇနီးအသစ်လေးဖြစ်သည့် ကျန်းယွိရန်က ရှက်ရွံ့နေပုံရပြီး သူမ၏ခင်ပွန်းနောက်မှ ခြေလှမ်းသေးသေးလေးဖြင့် လိုက်ပါလာသည်။ သူမ၏ပန်းရောင်ပါးပြင်များက သူမ၏ငယ်ရွယ်သော အပြစ်ကင်းစင်မှုများကို ပိုမိုရင့်ကျက်သွားစေပြီး ဆွဲဆောင်မှုရှိသော အိမ်ထောင်ရှင်မလေး ဖြစ်သွားစေခဲ့သည်။
သူမ ငယ်စဉ်ကပင် လှပခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ စောင့်ရှောက်မှုအောက်၌ ပန်းပွင့်တစ်ပွင့် ပွင့်လန်းလာသလို လှသွေးကြွယ်လာတော့မည် ဖြစ်သည်။
“ဆရာ”
ကျုံးယုံက သူ့၏ မူပိုင် အပြုံးမျက်နှာကြီးဖြင့် နန်းဆောင်ထဲသို့ ဝင်လာခဲ့သည်။ သူက ဝင်လာပြီးပြီးချင်း သူ့အင်္ကျီစကို ပင့်တင်ကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။
"ဆရာ၊ ယုံအာမှာ မိဘတွေ မရှိတော့ပါဘူး၊ အဲ့ဒါကြောင့် အခု ဆရာနဲ့ အစ်ကိုကြီးကို လက်ဖက်ရည် ဆက်သဖို့ ရောက်လာတာပါ"
ညတွင်းချင်းမှာပင် လူငယ်လေးက ယောက်ျားကြီးတစ်ယောက် ဖြစ်လာခဲ့သည်။ စူးချင်းက ကျေနပ်သွားပြီး အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"တစ်ယောက်လောက် ဝင်လာခဲ့၊ လက်ဖက်ရည်ပွဲပါ ယူလာခဲ့"
မိဘများ၏ ကောင်းချီးမင်္ဂလာ မပါဝင်သော အိမ်ထောင်ရေးက မပြည့်စုံမှုများ ရှိတတ်သည်ဟု အမြဲတမ်း ယုံကြည်ထားကြပြီး ဇနီးအသစ်လေးအတွက် လက်ဖက်ရည်ဆက်သခြင်းက ခင်ပွန်းသည်၏မိသားစုမှ လက်ခံမှုရရှိရန် အရေးကြီးသော ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သည်။
စူးချင်းက ကျုံးယုံနှင့် ကျန်းယွိရန်တို့အတွက် မပြည့်စုံမှုူများ မဖြစ်စေချင်ပေ။
နန်းတွင်းအစေခံမလေးတစ်ယောက်က လက်ဖက်ရည်ဗန်း ယူလာပေးသည်။ ရှောင်းကျဲယွိက ညီလာခံတွင် ရှိနေဆဲဖြစ်သောကြောင့် လက်ဖက်ရည် လက်ခံရန် မဖြစ်နိုင်သေးပေ။ စူးချင်းက လက်ဖက်ရည်နှစ်ခွက်လုံးကို သူမဘာသာ သောက်လိုက်ပြီး အနီရောင်အိတ်နှစ်လုံးကို ထုတ်ယူလိုက်သည်။
"ယွိရန်၊ အစ်မစူးချင်းက မင်း မကြာခင် သားလေးတစ်ယောက် ရဖို့ ဆုတောင်းပေးတယ်နော်"
"ကျုံးယုံ၊ အခု မင်းက အိမ်ထောင်ဦးစီး ဖြစ်သွားပြီ၊ အရင်နဲ့ မတူတော့ဘူး၊ မင်း ယွိရန်ကို ကောင်းကောင်း ဆက်ဆံပေးရမယ်၊ မင်း စိတ်ပြောင်းတာမျိုး မဖြစ်ရဘူး၊ မင်းရဲ့အိမ်ထောင်ဖက်အပေါ် သစ္စာရှိရမယ်”
စူးချင်းက သူတို့တစ်ဦးစီအတွက် အနီရောင်အိတ်တစ်လုံးစီပေးကာ မတူညီသော ညွှန်ကြားချက်များ ပေးလိုက်သည်။ သူမက ကျန်းယွိရန်အတွက် မကြာခင် သားတစ်ယောက် ရရန် ဆုတောင်း ပေးခဲ့သော်လည်း ကျုံးယုံကိုတော့ သူ့၏အိမ်ထောင်ဖက်အပေါ် သစ္စာရှိရန် အလေးပေး ဆုံးမနေသည်။
“ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော် ဆရာ ပြောတာကို နားထောင်ပါ့မယ်"
ကျုံးယုံကလည်း သူ့ဆရာ၏ အကြံပြုချက်အပေါ် စိတ်မဆိုးဘဲ အပြုံးကြီးကြီးတစ်ခုဖြင့် တုံ့ပြန်နေခဲ့သည်။ သူက စူးချင်း၏ရှေ့တွင်ပင် သူ့၏အနီရောင်အိတ်ကို ကျန်းယွိရန် သိမ်းထားရန် လွှဲပေးလိုက်သည်။
“ရှင်မ၊ ငွေတွေအားလုံးကို မင်းအတွက် ပေးမယ်"
ကျုံးယုံ၏ ရိုးရှင်းသော ပုံစံကြောင့် သူ့ကို အထင်မသေးသင့်ပေ။ သူက ဇနီးဖြစ်သူအား မျက်နှာလုပ်ရန် တုံ့ဆိုင်းမနေဘဲ ငွေကြေးအာဏာကို သူဘက်မှ စတင်လွှဲပြောင်းပေးခဲ့သည်။
ကျုံးယုံနှင့် ကျန်းယွိရန်တို့ကို လက်ထပ်ပေးပြီးနောက် စူးချင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။
အချိန်က ဆောင်းဦးရာသီ၏ ရိတ်သိမ်းချိန်သို့ ရောက်ရှိလာသည်။ စူးချင်းက ကလေးများကို လယ်ကွင်းထဲသို့ ခေါ်သွားပြီး သူမနှင့်အတူ အလုပ်လုပ်ခိုင်းရန် အဝတ်ကြမ်းများ ပြောင်းဝတ်ခိုင်းလိုက်သည်။
ယနေ့တွင် စူးချင်းက ပြောင်းဖူး ချိုးတော့မည် ဖြစ်ပြီး မင်းသားလေးနှင့် မင်းသမီးလေး အပါအဝင် နန်းတွင်းအစေခံများ၊ မိန်းမစိုးများအားလုံးကို နန်းဆောင်မှ လယ်တောသို့ ပြောင်းရွှေ့စေပြီး အလုပ်လုပ်ခိုင်းခဲ့သည်။
စူးချင်းက ပြောင်းပင်များကို ခုတ်လှဲပြီး မြေကြီးပေါ်သို့ ပစ်ချကာ သူမ၏လူများကို အရင် သင်ကြားပေးလိုက်သေးသည်။ ကလေးများကတော့ ပြောင်းဖူးများကိုသာ ချိုးပေးနေကြသည်။
ယွင်အာက လယ်ကွင်းများထဲ၌ အလုပ်လုပ်ရသည်ကို အလွန်နှစ်သက်နေသည်။ သူမ၏ခေါင်းလေးပေါ်တွင် အဖြူရောင်နှင့် အပြာရောင် ပန်းပွင့်လေးများပါသည့် ပဝါတစ်ထည် ရှိနေပြီး ရိုးရိုး သာမာန်အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာငယ်လေးက လေကြောင့် နီမြန်းနေပြီး သူမ ရွာသူလေးကဲ့သို့ ၀တ်ဆင်ထားသည့်တိုင် သူမ၏ အသားအရေက နုနယ်လွန်းလှသည်။ သူမက လေနှင့်မိုးကို ရင်ဆိုင်ဖူးခြင်း မရှိသလို နေလောင်ခံရဖူးခြင်းလည်း မရှိပေ။
ကျစ်ချီနှင့် ကျန်းချီလွေ့တို့ကလည်း အဝတ်ကြမ်းများ ၀တ်ဆင်ထားကြသည်။ သို့သော်လည်း သူတို့၏ အရိုးများထဲမှ မွေးရာပါ ကြော့ရှင်းမှုကြောင့် သူတို့ လယ်ကွင်းထဲ၌ အလုပ်လုပ်နေလျှင်ပင် ပညာတတ်ပြီး ယဉ်ကျေးသည့်ဟန်ပန်ကို မလျော့ကျသွားစေပေ။ သူတို့က နူးညံ့သိမ်မွေ့ပြီး သန့်စင်နေကြသည်။ ယွင်အာနှင့် ယှဉ်လိုက်လျှင် သူတို့က တုံးအပြီး ဘယ်လိုအလုပ်လုပ်ရမှန်း မသိကြပေ။
ဆန့်ကျင်ဘက်အားဖြင့် ယွင်အာကတော့ သူမ၏ခွန်အားကို မချန်ထားဘဲ အားထုတ်မှုအပြည့်ဖြင့် ကြိုးစားပမ်းစား အလုပ်လုပ်နေသည်။ သူမက သူမ၏ လက်ဖောင်းဖောင်းလေးများဖြင့် ပြောင်းဖူးကို ဆုပ်ကိုင်ကာ အမိအရ လိမ်ချိုးနေသည်။
သူမက ချွေးပြိုက်ပြိုက်ကျအောင် ခက်ခက်ခဲခဲ ပြောင်းချိုးနေသည့် သူမ၏အစ်ကိုနှင့် ကျန်းချီလွေ့ကို အထင်သေးသလို လှမ်းကြည့်လိုက်သေးသည်။
"နင်တို့ ဒီလိုမျိုး လိမ်ချိုးရမှာ"
ယွင်အာက သူတို့ကို သင်ပေးရန် သွားခဲ့ပြီး ကျန်းချီလွေ့က အလွန်အလေးအနက် သင်ယူနေသည်။ ကျစ်ချီကတော့ သူ့ညီမလေး ပြောင်းချိုးဖဲ့ပုံကို တိတ်တဆိတ် ကြည့်ရှုနေပြီး အတုခိုးနေသည်။
စူးချင်းက သူမ ကိုယ်တိုင်လုပ်ထားသော တံစဉ်ကို ကိုင်ထားသည်။ သူမက တံစဥ်က ထက်ရှနေပြီး ဆံပင်မွေးများကိုပင် ဖြတ်တောက်နိုင်သည်။ သူမက သူမ၏အလုပ်ကို အလွန်ကောင်းကောင်းမွန်မွန် လုပ်နိုင်ပြီး ပြောင်းဖူးပင်ကို ကိုင်ကာ တံစဉ်ဖြင့် တစ်ချက်တည်း ခုတ်လှဲနိုင်သည်။
မိန်းမစိုးများနှင့် နန်းတွင်းအစေခံများက တခြားသူများကို အလုပ်အကျွေးပြုရသော်လည်း သူတို့က လွယ်ကူသည့်အလုပ်များကိုသာ ကျင့်သားရနေကြခြင်း ဖြစ်သည်။ သူတို့က လေနှင့် မိုးဒဏ်ကို မခံဖူးသလို လေးလံသည့်အလုပ်များကိုလည်း မလုပ်ဖူးကြပေ။ သူတို့အားလုံးက နူးညံ့သောအသားအရည် ကြီးပြင်းလာသူများ ဖြစ်သည်။
သူတို့ ရုတ်တရက် အလုပ်ပြောင်းလိုက်ရသည့်အခါ မောပန်းနွမ်းနယ်နေကြပြီး ပင်ပန်းလွန်းသဖြင့် သူတို့၏ဦးထုပ်နှင့် ဝတ်စုံများကိုပင် လွှင့်ပစ်ချင်နေကြသည်။ သူတို့၏ ခြေထောက်များ လေးတွဲလာသော်လည်း သူတို့၏သခင်မက အလုပ်လုပ်နေသောကြောင့် သခင် မရပ်မချင်း သူတို့လည်း မရပ်ရဲကြပေ။ မည်မျှမောပန်းနွမ်းနယ်နေပါစေ ဘေးချင်းယှဥ် အလုပ်လုပ်နေကြရသည်။
ဧကရီနှင့် သားတော်သမီးတော်များကို ကာကွယ်ရန် တာဝန်ရှိသည့် ရွှေဓားကိုင် သက်တော်စောင့်များလည်း စူးချင်း၏အမိန့်ကြောင့် ပြောင်းခုတ်ပေးနေကြရသည်။ သူတို့၏လက်ထဲမှ ဓားရှည်ကြီးများ နေရာတွင် တံစဉ်များ အစားထိုးဝင်ရောက်လာပြီး ရွှေဓားသွားသက်တော်စောင့်များက လယ်သမားများဖြစ်လာကြသည်။
ရှောင်ချီနှင့် ရှောင်လင်းလင်းတို့က ကလေးများကို ကာကွယ်ရန် ကလေးသုံးယောက်နောက်မှ အနီးကပ်လိုက်နေကြသည်။ ထိုအရာက စူးချင်း သူတို့အတွက် ပေးထားသည့် တာဝန်ဖြစ်ပြီး ဝိညာဉ်သားရဲငယ်လေးနှစ်ကောင်က ဘေးချင်းယှဉ်ပျံသန်းကာ ကလေးများကို ဂရုတစိုက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးနေကြသည်။
လူတိုင်း အလုပ်ရှုပ်နေကြချိန်တွင် မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရပြီး လာနေသူများက အင်အားအတော်များပုံရကာ မြေကြီးများ တုန်လှုပ်နေသည်ကိုပင် ခံစားနေရသည်။