ဆောင်းဦးရာသီရိတ်သိမ်းချိန်၏ ပျော်ရွှင်မှု
Vol. 46 Ch. 671
မြင်းခွာသံများကို ကြားလိုက်သည်နှင့်တပြိုင်နက် ရွှေဓားကိုင် သက်တော်စောင့်များက တံစဥ်များကို အလျင်အမြန် ပစ်ချလိုက်ပြီး မင်းသမီးနှင့် မင်းသားကို ကာကွယ်ရန် အပြေးရောက်လာကာ ဘေးမှ ဝိုင်းရံထားလိုက်ကြသည်။ စူးချင်းကလည်း သက်တော်စောင့်များ ကလေးများအား ကာကွယ်ရန် ပြေးသွားကြသည်ကို မြင်နေရပြီး သူမ လုပ်လက်စ အလုပ်ကို ရပ်တန့်ကာ ပြောင်းဖူးခင်း၏အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
မြင်းစီးစစ်သည်တော် အများအပြား အပြေးအလွှား လာနေကြပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူက ရှောင်းကျဲယွိ ဖြစ်နေသည်။ သူက သူ့၏အဝါရောင်၀တ်ရုံကို ပြောင်းလဲထားပြီးဖြစ်ကာ သူ့၏လက်ရှိဝတ်စုံက အထည်ကြမ်းဖြင့် ချုပ်လုပ်ထားသော ဝတ်စုံဖြစ်သည်။ သူ့နောက်တွင် ရှောင်းမိသားစုစစ်သည်များ ရှိနေပြီး သူတို့ကလည်း စစ်ဝတ်စုံနှင့် သံချပ်ကာကို ဖယ်ရှားပြီး သာမာန်ချည်ကြမ်းအဝတ်များကိုသာ ၀တ်ဆင်ထားကြသည်။ ဓားရှည်များ ကိုင်ဆောင်ထားသင့်သည့် သူတို့၏လက်များထဲတွင်လည်း တံစဉ်များကို ရှိနေလေသည်။
"ချင်းအာ၊ ကိုယ်တို့ မင်းနဲ့အတူ တိုက်ပွဲဝင်ဖို့ ရောက်လာပြီ"
ရှောင်းကျဲယွိက သူ့မြင်းကို အရှိန်မြှင့်တင်ရင်း အော်ဟစ်လိုက်သောကြောင့် သူ မရောက်လာခင် သူ့အသံက အရင် ရောက်နေပြီ ဖြစ်သည်။
ယနေ့ မနက်ခင်း သူ နန်းတွင်းညီလာခံမှ ပြန်ရောက်လာချိန်တွင် ဧကရီက ဆောင်းဦးရာသီ သီးနှံရိတ်သိမ်းရန် နန်းတွင်းအစေခံများ၊ မိန်းမစိုးများ၊ မင်းသမီးလေးနှင့် မင်းသားလေးတို့ကို နန်းတွင်းမှ ခေါ်ဆောင်သွားကြောင်း ကျန်ရစ်နေခဲ့သည့် မိန်းမစိုးများဆီမှ သူ ကြားသိခဲ့ရသည်။
နန်းတော်ကြီးထဲတွင် မိန်းမစိုးအနည်းငယ်သာ ကျန်နေခဲ့ပြီး တော်ဝင်မီးဖိုချောင်တွင်လည်း ရှောင်းကျဲယွိအတွက် ချက်ပြုတ်ပေးရန် စားဖိုမှူးနှစ်ဦးသာ ကျန်နေခဲ့သည်။ ကျန်လူမျာအားလုံးကတော့ စူးချင်းနောက်မှ လိုက်ပါသွားကြသည်။
စူးချင်း ဆောင်းဦးရာသီ သီးနှံရိတ်သိမ်းရန် နန်းပြင်သို့ ထွက်သွားကြောင်း ကြားလိုက်ချိန်တွင် ရှောင်းကျဲယွိက နန်းတော်ထဲ၌ သူတစ်ယောက်တည်းနေရန် ဆန္ဒမရှိတော့ပေ။ သူက သာမန်အရပ်သား ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး သူ့စစ်သည်များကိုပါ ခေါ်ကာ အလုပ်လုပ်ရန် လိုက်လာခဲ့သည်။
ယနေ့အတွက် အဓိက မျှော်မှန်းချက်မှာ ဧကရီ၏ စံအိမ်တော်မှ သီးနှံများအားလုံးကို ရိတ်သိမ်းရန် ကူညီပေးဖို့သာ ဖြစ်သည်။
“ခမည်းတော်”
ယွင်အာက ရှောင်းကျဲယွိကို မြင်သွားပြီး သူမ၏ခြေထောက်တိုတိုလေးများဖြင့် ဖခင်ဆီသို့ ပြေးသွားတော့သည်။ လယ်ကွင်းထဲတွင် ခုတ်လှဲထားသော ပြောင်းပင်များ ဖုံးလွှမ်းနေသောကြောင့် ကလေးမလေးက လမ်းပေါ်တွင် ခလုတ်တိုက်မိသွားသည်။ သူမက ဘေးဘက်မှ ပြောင်းပင်ကို လှမ်းဆွဲလိုက်သောကြောင့် ရိုးတံများပေါ်သို့ လဲကျသွားခြင်း မရှိသော်လည်း ပြောင်းဖူးပင်၏ ချွန်မြသောအရွက်များက သူမ၏လက်သေးသေးလေးကို ရှသွားစေသည်။
ရှောင်ချီက သူမ၏သခင်မငယ်လေး လဲကျလုနီးပါးဖြစ်သွားသည်ကို မြင်သွားပြီး ယွင်အာကို ပွေ့ချီရန် အမြန်ပြေးလာခဲ့သည်။ သူမက ပျံသန်းနေရင်း ယွင်အာကို ကောက်ပွေ့ကာ ရှောင်းကျဲယွိထံသို့ ခေါ်သွားပေးလိုက်သည်။ သူမ လေထဲ၌ ပျံနေရချိန်တွင် ယွင်အာက လုံးဝ မကြောက်ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် တခစ်ခစ်ရယ်မောနေကာ သူမ၏လက်လေးပေါ်မှ ဒဏ်ရာကိုပင် မေ့သွားခဲ့သည်။
"မင်း လဲကျပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရစေခဲ့တယ်"
ရှောင်းကျဲယွိက မြင်းပေါ်မှ ဆင်းလာပြီး သမီးဖြစ်သူ၏လက်ဖဝါးကို စစ်ဆေးပေးရန် သူမကို ပွေ့ချီလိုက်သည်။
မနက်ခင်းလေးပဲ ရှိသေးတယ်၊ ယွန်းအာရဲ့လက်လေးမှာ အရည်ကြည်ဖုတွေတောင် ပေါက်နေပြီ။
သူ ငယ်ငယ်တုန်းကလည်း လယ်လုပ်ဖို့အတွက် မွေးစားအဖေရဲ့နောက်ကို လိုက်သွားဖူးသေးတယ်။ အဲ့တုန်းက သူလည်း ဒီလို ဖြစ်ခဲ့တာပါပဲ။ သူရဲ့ သေးငယ်ပြီး နူးညံ့တဲ့လက်ကလေးတွေက တဖြည်းဖြည်း မာကျောလာခဲ့တယ်။ အဲ့တုန်းက ခက်ခဲတဲ့ အလုပ်တွေကို လုပ်ခဲ့ရပေမယ့် ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို စောစောစီးစီး နားလည်ခွင့်ရခဲ့တယ်။
အဲ့ဒါတွေကြောင့်လည်း သူက ချင်းအာရဲ့ သင်ကြားရေးနည်းလမ်းတွေကို သဘောတူထားခဲ့တာပေါ့။ ကြိုးစားအားထုတ်မှုက ကလေးတွေကို ပိုသန်မာလာစေလိမ့်မယ်။ ပြီးတော့ အစားအစာကို လွယ်လွယ်နဲ့ မရဘူးဆိုတာ သိမှ သူတို့ အစားအစာရဲ့ တန်ဖိုးကို နားလည်ပြီး ချွေတာတတ်လာမယ်။
“ခမည်းတော်”
ကျစ်ချီက သူ့ညီမလေးထက် အများကြီး ပိုသတိရှိသူ ဖြစ်သည်။ သူက ရိုးတံများပေါ်မှ ဂရုတစိုက် လျှောက်နေပြီး သူ့ညီမလောက် မမြန်သည့်တိုင် လဲကျသွားခြင်းလည်း မရှိပေ။
ကျန်းချီလွေ့ကတော့ သူ့၏မူရင်းနေရာတွင်သာ ရပ်နေပြီး ဦးလေးဖြစ်သူကို ကြောင်တက်တက်လေး လှမ်းကြည့်နေသည်။ သူ့လက်ထဲတွင် သူ ဂရုတစိုက် ချိုးထားသည့် ပြောင်းဖူးတစ်ဖူး ရှိနေဆဲဖြစ်ပြီး သူက ထိုပြောင်းဖူးကို ပစ်ချရန် ဝန်လေးနေပုံရသည်။
စူးချင်းက ကလေးသုံးယောက်ကို တောင်းသေးသေးလေးတစ်လုံးစီ ပေးထားပြီး တောင်းတစ်လုံး ပြည့်သွားတိုင်း ဆုလာဘ်တစ်ခု ချီးမြှင့်ပေးမည်ဟု သတ်မှတ်ထားခဲ့သည်။ ကျန်းချီလွေ့က ပြောင်းဖူးကို ခြင်းတောင်းသေးသေးလေးထဲသို့ ထည့်လိုက်ပြီးမှ ရှောင်းကျဲယွိကို ချိုချိုသာသာ အော်ခေါ်လိုက်သည်။
"ဦးရီးတော်ဧကရာဇ်"
“...”
ရှောင်းကျဲယွိက ညှိုမှိုင်းသောမျက်နှာဖြင့် ကျန်းချီလွေ့ကို လှမ်းကြည့်လိုက်သည်။
ဒီကလေးက သူ့ကို "ဦးရီးတော်ဧကရာဇ်"လို့ အမြဲခေါ်တယ်။ သူ့ကို "ဦးရီးတော်" လို့ပဲ ခေါ်လို့ မရဘူးလား?
စူးချင်း လှည့်ကြည့်လိုက်ရာ ရှောင်းကျဲယွိက သူ့စစ်တပ်ကို ဦးဆောင်လာကြောင်း သူမ တွေ့သွားခဲ့သည်။ ရောက်လာသူက ရန်သူ မဟုတ်သောကြောင့် သူမ စိတ်မပူတော့ဘဲ သူမ လက်ထဲမှ တံစဉ်ကို ဆက်ခါယမ်းလိုက်သည်။ ပြောင်းပင်၏ရိုးတံများကို ခုတ်ထစ်ရခြင်းက လူကို ခုတ်ပိုင်းရခြင်းထက် ပိုကောင်းသည်ဟု သူမ ခံစားနေရပြီး သူမ ရိတ်သိမ်းရသည့် ကောက်ပဲသီးနှံများကို မြင်နေရခြင်းက ဧကရီတစ်ပါး ဖြစ်နေရခြင်းထက်ပင် သူမကို ပိုပျော်ရွှင်စေသည်။
စူးချင်းထံတွင် သူတို့ကို တားရန် ရည်ရွယ်ချက် မရှိကြောင်း နားလည်သွားသည့် ရှောင်းကျဲယွိက ယွင်အာကို ပွေ့ဖက်ထားရင်း သူ့နောက်မှ စစ်သည်များကို အမိန့်ပေးလိုက်သည်။
"အလုပ်လုပ်ကြတော့"
"အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်"
စစ်သည်များက တပြိုင်တည်း အော်ဟစ်လိုက်ကြသည်။
သူတို့၏ အော်ဟစ်သံများက တောင်များနှင့် မြစ်များကိုပင် တုန်လှုပ်သွားစေတော့မယောင် ဖြစ်နေပြီး အလွန် အားမာန်တက်ကြွဖွယ်ဖြစ်သည်။
ရှောင်းမိသားစုစစ်တပ်တွင် တင်းကြပ်သော စစ်ရေးစည်းကမ်းများ ရှိပြီး ကောက်နှံ့ရိတ်သိမ်းရန် ရောက်ရှိလာသည့်တိုင် စည်းစနစ်တကျ ရှိနေဆဲဖြစ်သည်။ စစ်သည်များက ပြောင်းပင်များကို ခုတ်ပိုင်းခြင်း၊ ပြောင်းချိုးခြင်း၊ လှည်းများပေါ်သို့ တင်ခြင်း၊ မလိုအပ်တော့သည့် ပြောင်းရိုးများကို စုချည်နှောင်ကာ လယ်ကွင်း၏အပြင်ဘက်သို့ ရွှေ့ပြောင်းခြင်းစသည့်အလုပ်များကို စနစ်တကျ တာဝန် ခွဲဝေပြီး အလေးအနက် လုပ်ဆောင်နေကြသည်။
သူတို့၏အကူအညီ မပါလျှင် ပြောင်းခင်းကြီးက ဤမျှမြန်မြန် ပြောင်သလင်းခါသွားမည် မဟုတ်ပေ။ စူးချင်းက သူမ၏အလုပ် ခိုးယူခံရမည်ကို စိုးရိမ်နေပြီး ပြောင်းဖူးရိုးတံများကို အမြန်ခုတ်ပိုင်းနေသည်။ သူမ၏ အရှိန်က ယခင်ထက် နှစ်ဆ ပိုမြန်လာပြီး တံစဉ်၏ရွှေ့လျားမှုကို အရိပ်တစ်ခုအဖြစ်သာ မြင်နေရတော့သည်။
ဧကရီက ထိုမျှမြန်မြန် လုပ်ဆောင်နေသောကြောင့် အနားရှိ စစ်သည်များလည်း အလွန်အမင်း ဖိအားပေးခံနေရသည်။
သူတို့ တပ်ထဲ မ၀င်ခင်က လယ်လုပ်ဖူးပြီး လယ်ကို ကျွမ်းကျင်လုပ်နိုင်ကြတယ်လေ။ အခု ဧကရီနဲ့ ယှဉ်ရင် ဘာလို့ သူတို့က နောက်ကျကျန်နေရတာတုန်း?
သူတို့ ခွန်အားရှိသမျှ အစွမ်းကုန် ကြိုးစားအလုပ်လုပ်နေတာတောင် ဧကရီက သူတို့ကို အပြတ်အသတ် ချန်ထားခဲ့တုန်းပဲ။ သူတို့ရဲ့ဧကရီက သူတို့လို ယောက်ျားကြီးတွေကိုတောင် ရှက်ရွံ့စေတယ်။ သူမက ဘာလို့ အရာအားလုံးမှာ လူတိုင်းထက် ပိုသန်မာနေရတာလဲ?
ရှောင်းကျဲယွိက စူးချင်း အနားယူနိုင်ရန် သူမ၏အလုပ်ကို လုယူချင်နေသည်။
"ချင်းအာ၊ ကလေးတွေကို ခေါ်ပြီး သွားနား လိုက်ပါလား? ဒီအလုပ်တွေကို ကိုယ့် လုပ်ပါ့မယ်"
“မရဘူး”
စူးချင်းက သဘောမတူဘဲ ချက်ချင်း ငြင်းဆန်လိုက်သည်။
သူမ အခုလို အလုပ်တစ်ခုခု လုပ်ရဖို့က မလွယ်ကူဘူးလေ။ ဒီအိမ်တော်မှာ ရာနဲ့ချီတဲ့ မြေဧကတွေ ရှိပြီး သူမအတွက် ရက်နည်းနည်းလောက် လုပ်စရာရှိလာမယ်လို့ သူမ ထင်ထားခဲ့တာ။ သူမဘာသာ အလုပ်လုပ်နေရတာက အရမ်းအဆင်ပြေတယ်။ ပိုပင်ပန်းလေလေ သူမ ပိုပျော်လေလေပဲ။
ဒါပေမယ့် အခု သူမ ပျော်ရွှင်စရာတစ်ခုခု ရှာတွေ့နေချိန်မှာ ရွှေ့ရှန့်ရဲ့ ရည်ရွယ်ချက်ကောင်းက လမ်းလွဲသွားပြီး သူမရဲ့ အပျော်တွေကို ဖျက်ဆီးပစ်လိုက်ပြီ။ သူက သူမရဲ့ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းရတဲ့ ပျော်ရွှင်မှုကို နားမလည်ဘူး။
“အရှင်မင်းမြတ်၊ မြို့တော်ရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပဲ၊ စစ်သည်တွေကို ပြန်ခေါ်သွားသင့်တယ်”
စူးချင်းက အလွန်ဖြောင့်မတ်သည့်လေသံဖြင့် ရှောင်းကျဲယွိကို လှမ်းပြောလိုက်သည်။
"ချင်းအာက တကယ်ကို အမျှော်အမြင် ရှိတယ်၊ ဒါပေမယ့် ဒီတစ်ရက်ကတော့ အဆင်ပြေပါတယ်၊ ကိုယ် မြို့ကို ကာကွယ်ဖို့ တပ်သားတွေ အများကြီး ချန်ထားခဲ့တယ်။ အခုက လူရာဂဏန်းလောက်ပဲ ခေါ်လာတာပါ”
စူးချင်းက သူ ထွက်သွားရန် ပြောနေခြင်း ဖြစ်သော်လည်း ရှောင်းကျဲယွိက နားမလည်ဘဲ သူမ မြို့တော်၏ လုံခြုံရေးကို စိုးရိမ်နေသည်ဟု ထင်ကာ အတော်လေး ရင်နင့်သွားရသည်။
“အရှင်မင်းမြတ်၊ ဒီစစ်သည်တွေက တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ပဲ၊ သူတို့ကို ကောင်းကောင်း တန်ဖိုးထားရမယ်။ သူတို့ရဲ့လက်တွေကို တိုက်ခိုက်ဖို့အတွက်ပဲ အသုံးပြုသင့်တယ်၊ ဒီမိန်းမစိုးတွေနဲ့ နန်းတွင်းအစေခံတွေကို လယ်လုပ်ခိုင်းရင် လုံလောက်ပြီ။ အရှင်မင်းမြတ်၊ သူတို့ကို ပြန်သွားဖို့ အမိန့်ပေးလိုက်ပါ”
စူးချင်းက လေးနက်သောအမူအရာဖြင့် ရှောင်းကျဲယွိကို ထပ်ပြောလိုက်သည်။ ထိုအချိန်မှသာ ရှောင်းကျဲယွိတစ်ယောက် တစ်ခုခုမှားနေပြီကို နားလည်သွားတော့သည်။
"ချင်းအာ မင်းက ကိုယ် ကူညီတာကို မကြိုက်ဘူးလား?"
ရှောင်းကျဲယွိ သဘောပေါက်သွားမှသာ စူးချင်းက သူ့ကို ထပ်ရှင်းပြလိုက်သည်။
“ကျွန်မမှာ လုပ်စရာဆိုလို့ ဒီအလုပ်ပဲ ရှိတယ်၊ အခု ရှင်က ကျွန်မအတွက် လုပ်ပေးရင် ကျွန်မ ဘာလုပ်ရတော့မှလဲ?"
ရှောင်းကျဲယွိက စူးချင်း မျက်မှောင်ကြုတ်နေကာ တစ်စုံတစ်ယောက်က သူမ၏ဘဏ္ဍာကို ခိုးယူသွားသလို ဖြစ်နေသည်ကို အခုမှ မြင်သွားပြီး အလေးအနက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ဒါဆို အားလုံးကို ပြန်ခိုင်းလိုက်မယ်၊ ကိုယ်ကတော့ မင်းနဲ့အတူတူ နေခဲ့ပြီး အလုပ်လုပ်ရတဲ့ ပျော်ရွှင်မှုကို အတူတူ ခံစားကြမယ်"
ဧကရာဇ်မင်းအဖြစ် အချိန်အတော်ကြာ စိုးစံပြီးနောက် ရှောင်ကျဲယွိကိုယ်တိုင်လည်း ဧကရာဇ်ဖြစ်ရခြင်းက လယ်လုပ်ရခြင်းလောက် သက်တောင့်သက်သာ မရှိကြောင်း ခံစားလာရသည်။
ဒီအချိန်မှာ သူလုပ်ရမယ့်အလုပ်က ခွန်အားကို အသုံးပြုဖို့ပဲ။ ချွေးထွက်အောင် အလုပ်လုပ်ပြီးရင် ဝဝလင်လင် စားသောက်ပြီး ထိုးအိပ်လိုက်ရုံပဲ။
“အင်း”
ရှောင်းကျဲယွိက သူတစ်ယောက်တည်း နေခဲ့မည်ဟု ပြောလာချိန်တွင် စူးချင်းက မကန့်ကွက်တော့ပေ။ စူးချင်း သဘောတူလိုက်သည်ကို မြင်လိုက်သည်နှင့် ရှောင်းကျဲယွိက စစ်သည်များကို ပြန်ခိုင်းလိုက်သည်။ သူတို့ ပြန်သွားချိန်တွင် လှည်းပေါ်တင်ပြီးသည့် ပြောင်းဖူးများအား စစ်ဘက်ရိက္ခာအဖြစ် ယူဆောင်သွားရန် အမိန့်ပေးလိုက်သေးသည်။
မိန်းမစိုးများနှင့် နန်းတွင်းအစေခံများကတော့ မြို့တော်သို့ ပြန်သွားသည့် စစ်သည်များကို မနာလိုစွာ စောင့်ကြည့်နေကြသည်။
သူတို့လည်း နန်းတော်ကို ပြန်ချင်တယ်လေ။ သူတို့မှာ ဘာလို့ လယ်ယာတွေကို အရမ်းချစ်တဲ့ ဧကရီတစ်ပါး ရှိနေရတာလဲ?
နောက်ဆုံးတွင် စူးချင်းက နေဝင်ချိန်မှသာ သူမ၏ကျောကို ပြန်ဆန့်လိုက်သည်။ ရှောင်းကျဲယွိက သူမ အလုပ်နားလိုက်သည်ကို မြင်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက စူးချင်းနှင့် လျှို့ဝှက်စွာ ယှဉ်ပြိုင်နေခဲ့ပြီး သူသ နောက်ကျကျန်နေသာကြောင့် စိတ်မောလူမော ဖြစ်နေခြင်းပင်။
"ပြန်ကြမယ်"
စူးချင်းက လဲကျနေသော ပြောင်းဖူးရိုးတံများနှင့် လှည်းပေါ်တင်ပြီးသော ရွှေရောင်ပြောင်းဖူးများကို တစ်လှည့်စီ ကြည့်နေသေးသည်။ သူမ စိတ်ပျော်နေသောကြောင့် ယနေ့ည ပြောင်းဖူးစေ့များ ချွေပြီး ပြောင်းဖူးယာဂု ချက်ရန် ဆုံးဖြတ်လိုက်သည်။
နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကတော့ အလွန်ပင်ပန်းနေပြီး လမ်းပင်မလျှောက်နိုင်ကြတော့ပေ။ သူတို့၏လက်များက တွဲလောင်းကျနေပြီး သူတို့၏မျက်နှာများတွင် ချွေးများနှင့် ရွှံ့များ ပြည့်နှက်နေသည်။ သူတို့ လမ်းလျှောက်လျှင်လည်း ခြေထောက်များကို ခဲဆွဲထားသလို ခံစားနေကြရသည်။
ဒီပုံစံနဲ့ နန်းတော်ကို ပြန်သွားရင် ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်ကိုတောင် အလုပ်အကျွေးပြုနိုင်ပါတော့မလား?
ယွင်အာနှင့် ကျန်းချီလွေ့တို့ကလည်း ပင်ပန်းလွန်းသဖြင့် ပြောင်းဖူးပုံပေါ်တွင် အိပ်ပျော်နေကြသည်။ ကျစ်ချီကတော့ သူ့မေးလေးကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း သူတို့ဘေး၌ ထိုင်နေလေသည်။ သူက သူ့ညီမလေးလို အိပ်မပျော်သွားရန် သူ့မျက်လုံးလေးများ ပြူးကျယ်နေအောင် ကြိုးစားနေရှာသည်။
ယွင်အာနှင့် ကျန်းချီလွေ့တို့က ရထားလုံးပေါ်သို့ သယ်သွားခံရမှန်းပင် မသိလောက်အောင် အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။ နန်းတော်သို့ ပြန်ရောက်ပြီးနောက်တွင်လည်း ဘာမှ မစားရဘဲ ညလယ်ခေါင်ရောက်မှသာ ဗိုက်ဆာပြီး နိုးလာကြသည်။