အရွယ်နဲ့မလိုက် ရင့်ကျက်နေပြီ
Vol. 46 Ch. 672
နန်းတော်သို့ ပြန်ရောက်ပြီးနောက် စူးချင်းက အနားယူခြင်း မရှိဘဲ သူမကိုယ်တိုင်မီးဖိုချောင်ဝင်ကာ ပြောင်းဖူးယာဂု ကျိုချက်ခဲ့သည်။ သူမကိုယ်တိုင် စိုက်ပျိုးထားသည့် လတ်လတ်ဆတ်ဆတ် ပြောင်းဖူးများကြောင့် သူမ စိတ်မထိန်းနိုင်ဘဲ တစ်ခါတည်း သုံးပန်ကန် သောက်လိုက်မိသည်။
အိုးထဲတွင် ကျန်နေသည့် ယာဂုများအား ကလေးများ နိုးလာလျှင်စားနိုင်ရန် အပူပေးထားဖို့ တောင်ဝင်စားဖိုဆောင်ကို ညွှန်ကြားလိုက်သည်။
ယွင်အာ၊ ကျန်းချီလွေ့နှင့် ကျစ်ချီတို့ နိုးလာချိန်တွင် တည်ခင်းထားသော ယာဂုပန်းကန်လုံးကြီးများကို တွေ့လိုက်ကြရပြီး မွှေးပျံသော ရနံ့ကို ရှူရှိုက်ခွင့်ရလိုက်ကြသည်။
“ဒါတွေရဲ့ မင်းတို့ရဲ့လုပ်အားကနေ ရလာတဲ့ အသီးအပွင့်ပဲ၊ စားလို့ ကောင်းလား?"
ကလေးများ နိုးလာသည်ကို သိသွားသည့် စူးချင်းက သူမ၏အဝတ်များကို ပြန်ဝတ်ပြီး ကလေးများ၏ နန်းဆောင်ဆီသို့ ရောက်လာခဲ့သည်။ သူမ အထဲသို့ ဝင်လိုက်ချိန်တွင် ယာဂု သောက်နေသည့် ကလေးများကို မြင်လိုက်ရသောကြောင့် အပြုံးလေးဖြင့် လှမ်းမေးလိုက်ခြင်းပင်။
“အရသာရှိတယ်”
ယွင်အာက သူမ၏ခေါင်းလေးကို တဆတ်ဆတ်ငြိမ့်ရင်း အလေးအနက် ထောက်ခံနေသည်။ လုပ်အား၏ အသီးအပွင့်များက အမှန်ပင် အရသာရှိလွန်းလှသည်။
ပြောင်းဖူးများကို ကိုယ်တိုင်ချိုးခဲ့ရသောကြောင့် သူမ၏ လက်သေးသေးလေးတွင် အရည်ကြည်ဖုများ ရှိနေခဲ့သော်လည်း သူတို့ အိပ်နေချိန်အတွင်း စူးချင်းက သူတို့၏လက်ဖဝါးလေးမျာကို ဆေးလိမ်းပေးခဲ့သည်။ ယခု သူတို့၏လက်လေးများတွင် ပိတ်တီးများ ရှိနေပြီး တူ မကိုင်နိုင်သောကြောင့် ဇွန်းသေးသေးလေးများဖြင့် ယာဂုသောက်နေကြသည်။ ယွင်အာ၏ ပါးလေးနှစ်ဖက်က ဖောင်းနေပြီး မွှေးပျံ့သော ပြောင်းယာဂုကို အရသာခံသောက်နေသည်။
“မယ်တော်က မင်းတို့အတွက် သိုးပေါင်သားတွေလည်း ကင်ပေးထားသေးတယ်၊ အဲ့ဒါကတော့ မင်းတို့ အရမ်းအလုပ်ကြိုးစားခဲ့လို့ ဆုလဒ်အနေနဲ့ ပေးတာ"
စူးချင်းက သိုးပေါင်သားကင် ယူလာပေးရန် နန်းတွင်းအစေခံများအား ညွှန်ကြားလိုက်သည်။ ဧကရီက ချန်ချန်းနန်းဆောင်တွင် တညလုံး သိုးပေါင် ကင်ခဲ့ပြီး မွှေးရနံ့က နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့သည်။ နန်းတွင်းမှ လူများက ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့ သူတို့ဘာသာ စားနေသည်ဟု ထင်ထားခဲ့ကြသည်။ ယခုမှသာ ကလေးများအတွက် ဆုချရန်ဖြစ်ကြောင်း နားလည်လိုက်ကြရသည်။
"ကျေးဇူးတင်ပါတယ် မယ်တော်"
ကျစ်ချီက သူ့၏ ကျေးဇူးတင်မှုကို ဖော်ပြရန် ဒူးထောက်လိုက်သည်။ သူက ဤကဲ့သို့ အမြဲယဥ်ကျေးနေတတ်ပြီး သူ့ကိုယ်သူ စည်းကမ်းတင်းကျပ်ကာ အပြုအမှုတိုင်းကို သတိဖြင့် ပြုမှုတတ်သည်။
ယွင်အာကတော့ သူနှင့် မတူဘဲ ပျော်ရွှင်မှုအပြည့်ဖြင့် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ မိခင်ဖြစ်သူ၏ခြေထောက်ကို ပွေ့ဖက်ရင်း အသံချိုချိုလေးဖြင့် ချွဲနွဲ့လိုက်သည်။
"ကျေးဇူးတင်ပါတယ် မယ်တော်"
"အင်း၊ စားတော့၊ မနက်ဖြန်လည်း အလုပ်လုပ်ဖို့ စံအိမ်ကို သွားရမယ်၊ အခု များများစားမှ ခွန်အားတွေ ပိုရလာမှာ”
စူးချင်းက အပြုံးဖြင့် ထိုင်ချကာ သူမ၏သမီးလေးကို ပွေ့ချီလိုက်သည်။ သူမက သမီးဖြစ်သူ၏ပါးလေးကို နမ်းလိုက်ပြီးမှ ကလေးမလေးကို ထိုင်ခုံပေါ်သို့ ပြန်တင်ပေးလိုက်သည်။
စူးချင်းက ကလေးများအတွက် အသားကို သူမကိုယ်တိုင် လှီးပေးနေခဲ့သည်။ ပုံမှန်အားဖြင့် ကလေးသုံးယောက်က အလွန်အကျွံစားလေ့ မရှိပေ။ ယနေ့တွင် သုံးယောက်သား သူတို့၏ ပါးစပ်သေးသေးလေးများ ဖောင်းလာသည့်အထိ အများကြီးစားနေကြသည်။
"မယ်တော်၊ မနက်ဖြန်လည်း ပြောင်းဖူးတွေ ချိုးဖို့ စံအိမ်တော်ကို သွားမယ်နော်"
ယွင်အာကတော့ ဆီဝေ့နေသော ပါးစပ်လေးဖြင့် ပလုံးပထွေး အာမခံနေသေးသည်?
သူမ ယခု စားရသည့် သိုးပေါင်သားကင်က မယုံနိုင်လောက်အောင် အရသာ ရှိသောကြောင့် မိခင်ဖြစ်သူထံမှ ထပ်ရလာမည့် ဆုလာဘ်များကို သူမ မျှော်လင့်နေခြင်းပင်။
“အင်း၊ အခု စောစောအနားယူတော့၊ မနက်ဖြန် စောစောထွက်ကြမယ်၊ လိုချင်တဲ့ဆုတွေကို စာနဲ့ ချရေးထားပြီး မယ်တော့်ကို ပြောပြ"
စူးချင်းက သမီးဖြစ်သူ၏ နူးညံ့ပျော့ပျောင်းသော ဆံပင်လေးများကို ညင်ညင်သာသာ ဖွနေရင်း အပြုံးဖြင့် ထပ်ပြောလိုက်သည်။ ကျစ်ချီ၏မျက်လုံးများထဲမှ တောင့်တမှုအချို့ကိုလည်း သူမ မြင်လိုက်ရသည်။ ကလေးလေးက သူ့၏ညီမလေးကဲ့သို့ ချွဲနွဲ့ချင်နေသော်လည်း သူကိုယ်သူ အရွယ်ရောက်ပြီးသူကဲ့သို့ သတ်မှတ်ထားပြီး စည်းကမ်းများ ကန့်သတ်ထားသည်။
စူးချင်းက သူမ၏သားလေးကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤမျှလောက် ဝန်ထုပ်ဝန်ပိုး မရှိစေချင်ပေ။
ကျစ်ချီလည်း ယွင်အာလိုမျိုးပဲ ကြီးပြင်းလာသင့်တယ်။ ကျစ်ချီလည်း အပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါး နေပြီး အပြစ်ကင်းစင်တဲ့ကလေးလေးအဖြစ် တက်ကြွနေဖို့ သူမ မျှော်လင့်တယ်။
စူးချင်းက ကျစ်ချီဆီသို့ လက်လှမ်းလိုက်သည်။
"ကျစ်ချီ၊ လာလေ... မယ်တော် ဖက်ပေးရသလား?"
ကျစ်ချီက တုံ့ဆိုင်းနေပြီးမှ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သို့သော် ခြေတစ်လှမ်းသာ ဖြစ်ပြီး သူ ချက်ချင်း ပြန်ရပ်တန့်သွားသည်။
“မနက်ဖြန်က စပြီး အဲ့ဒီကွန်ဖြူးရှပ်စာပေတွေကို မလေ့လာနဲ့တော့”
စူးချင်းက ဒေါသထွက်သွားပြီး ထိုစာအုပ်များက သူမ၏သားလေးကို ရှေးရိုးစွဲကျင့်ဝတ်များဖြင့် ချုပ်နှောင်ထားသည်ဟု သူမ တွေးနေခဲ့သည်။
ကျစ်ချီက သူ့မယ်တော် ဒေါသထွက်နေသည်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး ကမန်းကတန်း ဒူးထောက်လိုက်ပြန်သည်။
"မယ်တော်၊ သားတော် မှားသွားပါတယ်၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့”
"စောစောအိပ်တော့"
စူးချင်းက အသက်ကို ပြင်းပြင်းရှူပြီး ဖြေးဖြေးချင်း ပြန်မှုတ်ထုတ်လိုက်သည်။
ဟူး.... စိတ်မလောနဲ့၊ ကျစ်ချီက အဲ့ကျင့်ဝတ်တွေနဲ့ စည်းမျဥ်းတွေထဲမှာ နက်နက်နဲနဲ ပိတ်မိနေပြီ။ သူ့ကို အဲ့ဒီပညာရှင်အိုကြီး လက်ထဲကနေ ပြန်လုယူရမယ်။
ကျစ်ချီက သူ့မယ်တော် စိတ်ပျက်လက်ပျက် ပြန်ထွက်သွားသည့်ကို လှမ်းကြည့်နေပြီး သူ အလွန်ဝမ်းနည်းသွားပုံရသည်။ သူက သူ့လက်သေးသေးလေးကို ငုံ့ကြည့်ရင်း တွေးနေရှာသည်။
သူ့မယ်တော် ပျော်ရွှင်အောင် သူ ဘာလုပ်ရင် ကောင်းမလဲ?
"အစ်ကိုတော်၊ မယ်တော်က အစ်ကိုတော်ကို စိတ်ဆိုးသွားတာ မဟုတ်ပါဘူး"
ယွင်အာက သူမ၏အစ်ကို ဝမ်းနည်းသွားသည်ကို မြင်သွားပြီး နှစ်သိမ့်ပေးရန် အစ်ကိုဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျန်းချီလွေ့ကလည်း သူ့အစ်ကိုဝမ်းကွဲကို နှစ်သိမ့်ပေးရန် ရှေ့တိုးလာသည်။
“ဝမ်းကွဲအစ်ကိုတော်၊ စောစောအနားယူလိုက်နော်။ မနက်ဖြန် ပိုပြီး အလုပ် ကြိုးစားကြမယ်၊ ဒါဆို အရီးတော်ဧကရီ ပျော်သွားလိမ့်မယ်”
နန်းတွင်းအစေခံများနှင့် အထိန်းတော်များကလည်း ကျစ်ချီလေး ဝမ်းနည်းနေသည်ကို မြင်နေကြရပြီး စိတ်မကောင်းဖြစ်နေကြသည်။
မင်းသားလေးက ဒီလောက် ထက်မြက်ပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတာကို ဧကရီမယ်မယ်က ဘာကြောင့် ဒေါသထွက်သွားရတာလဲ?
စူးချင်း ချန်ချင်းနန်းဆောင်သို့ ပြန်ရောက်သွားချိန်တွင် ရှောင်းကျဲယွိက စားပွဲရှေ့တွင် ထိုင်ကာ လျှောက်တင်လွှာများကို ပြန်သုံးသပ်နေသည်။ သူ ရှုပ်ထွေးသော ပြဿနာတစ်ခုနှင့် ကြုံတွေ့နေပုံရပြီး သူ့မျက်ခုံးများက တွန့်လိမ်နေသည်။
ခြေသံကြားလိုက်သည့် ရှောင်းကျဲယွိကလည်း လျှောက်တင်လွှာဖတ်နေရာမှ မော့ကြည့်လိုက်ပြီး စူးချင်းကို မြင်သွားသည်။
"ချင်းအာ... ပြန်လာပြီလား?"
"အရှင်မင်းမြတ်မှာ ပြဿနာတစ်ခုခု ရှိနေတာလား?"
စူးချင်းက ရှောင်းကျဲယွိအနားသို့ တိုးသွားပြီး လျှောက်တင်လွှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဟိုင်ချန်မှ ပေးပို့သည့် လျှောက်တင်လွှာကို သူမ မြင်လိုက်ရပြီး ပင်လယ်ဓားပြများ တစ်ဖန် ပြန်လည်ရှင်သန်လာမည့် အရိပ်အယောင်များ ရှိနေကြောင်း တင်ပြထားသည်။ တံငါလှေများ အကြိမ်အနည်းငယ် လုယက်ခံခဲ့ရပြီး အကြီးဆုံးငါးဖမ်းလှေပေါ်မှ တံငါသည်များ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ပင်လယ်ဓားပြများက ၎င်းတို့၏ ခွန်အားကို သက်သေပြရန် သူတို့၏အလံတိုင်ပေါ်တွင် တံငါသည်များ၏ ဦးခေါင်းများကို ချိတ်ထားပြခဲ့သည်။
“ဒီဝူးခို့ပင်လယ်ဓားပြတွေက တော်တော်ဆိုးနေပြီ၊ လက်ရဖမ်းမိဖို့လည်း ခက်ခဲတယ်၊ ကိုယ်တို့ရဲ့ ရေတပ်တွေ သွားတာနဲ့ သူတို့ ပျောက်သွားပြီး ရေတပ်ကို ပြန်ရုပ်သိမ်းလိုက်တာနဲ့ သရဲတစ္ဆေလိုတွေလို ဘွားခနဲ့ ပြန်ပေါ်လာတယ်”
ရှောင်းကျဲယွိက လျှောက်တင်လွှာကို စားပွဲပေါ်သို့ အားဖြင့် ပြန်ပစ်ချလိုက်သည်။
မျက်နှာချင်းဆိုင်တိုက်ပွဲတွေကို သူ မကြောက်ပေမယ့် ကြွက်လို ပြုမူနေတဲ့ ဓားပြကောင်တွေကိုတော့ သူ စိုးရိမ်နေရတယ်။ သူတို့က မင်း ရောက်လာတဲ့အခါ ငါတို့က ထွက်ပြေးပြီး မင်း ပြန်ထွက်သွားတဲ့အခါ ဖျက်ဆီးဖို့ ပြန်လာမယ်ဆိုတဲ့ အဖျက်ကောင်တွေပဲ။
“အရှင်မင်းမြတ်၊ ဒါက သိပ်မခက်ပါဘူး၊ တံငါသည်တွေ ပင်လယ်ထွက်ရင် သူတို့အားလုံး အတူတူ သွားဖို့ သတ်မှတ်ပေးလိုက်ပါ၊ ပြီးရင် ရေတပ်က တပ်ဖွဲ့တစ်ဖွဲ့ကို သူတို့နဲ့အတူ လိုက်ခိုင်းပြီး ကာကွယ်ပေးခိုင်းလို့ရတယ်၊ ဒီပင်လယ်ဓားပြတွေ လာရဲရင်တော့ ကျွန်မတို့ အပြီးတိုင် ချေမှုန်းလိုက်ကြတာပေါ့”
စူးချင်းက မျက်ခုံးပင့်ရင်း အကြံပေးလိုက်သည်။ တာ့ထန်အင်ပါယာ၏ ရေတပ်က အလွန် အားနည်းနေခဲ့ပြီး အဆင့်မြင့် စစ်သင်္ဘောများ မရှိသောကြောင့် သူမ ယခင်က ဤသို့ မပြောရဲခဲ့ပေ။
ယခုတွင်မူ စိုးရိမ်စရာ မလိုတော့ပေ။ စူးချင်းက အသေးစိတ်ပုံစံများကို ရေးဆွဲပေးခဲ့ပြီး ချင်ထျဲက လက်မှုပညာများကို ဟိုင်ချန်သို့ ခေါ်သွားကာ သင်္ဘောကျင်းတစ်ခုတည်ဆောက်ထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် “ပင်လယ်နတ်ဘုရား”ဟု အမည်ပေးထားသည့် ပထမဆုံးစစ်သင်္ဘောကြီးကို တည်ဆောက်ကာ ရေချပြီး စမ်းသပ်မှုများ အောင်မြင်ခဲ့သောကြောင့် တရားဝင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
ထိုစစ်သင်္ဘောကြီးက တန်ချိန်ပေါင်းများ လေးလံပြီး အလွန် ရှည်လျားကာ ကြံ့ခိုင်သော သင်္ဘောကြီးတစ်စင်းဖြစ်သည့်အပြင် မော်တာများ၊ အမြောက်ကြီများနှင့် ရေအောက်သင်္ဘောဖျက်လက်နက်များကိုလည်း တပ်ဆင်ထားသည်။ မကြာသေးမီ ကာလအတွင်း၌ စူးချင်းက ရေငုတ်သင်္ဘောများကိုပင် စတင်ဒီဇိုင်းထုတ်ထားခဲ့သေးသည်။ သို့သော် ၎င်းတို့က ပုံစံငယ်အဆင့်တွင်သာ ရှိနေသေးပြီး အသုံးမပြုနိုင်သေးပေ။
ရေငုတ်သင်္ဘောများ စတင် အသုံးပြုနိုင်သည့်အချိန်ရောက်လျှင်တော့ ပင်လယ်ဓားပြများ ပေါ်လာသည့်နေရာအထိ ရေငုတ်သင်္ဘောများ မောင်းသွားပြီး သူတို့ကို ငရဲသို့ ပို့နိုင်ပေလိမ့်မည်။
"ချင်းအာရဲ့ စိတ်ကူးက အရမ်းကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် ရေတပ်ကလည်း တံငါသည်တွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာပဲ၊ တံငါသည်တွေကို ကာကွယ်မယ့် ရေတပ်သားတွေ ပါသွားရင်တော့ ပင်လယ်ဓားပြတွေ ထွက်လာရဲမှာ မဟုတ်တော့ဘူး”
ရှောင်းကျဲယွိ၏ မျက်ခုံးများက ပြေလျော့သွားပြီး သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ သူက စူးချင်း၏လက်လေးကို ဆုပ်ကိုင်ပြီး သူမကို ချီးကျူးနေပြန်သည်။
“ချင်းအာက ကိုယ့်ရဲ့ပြဿနာတွေကို အမြဲ ဖြေရှင်းပေးနိုင်တယ်၊ ကိုယ်ရဲ့ချင်းအာက ကိုယ့်ရဲ့ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ”
“တော်ပြီ၊ မြှောက်ပင့် မနေနဲ့တော့... ကျွန်မ ရှင်နဲ့ အလေးအနက် ဆွေးနွေးချင်တာ ရှိတယ်”
စူးချင်းက ရှောင်းကျဲယွိ၏ လက်ကြီးကို တွန်းဖယ်လိုက်ပြီး သူ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။
"ဘာကိစ္စလဲ?"
ရှောင်းကျဲယွိက လေးနက်သည့် အမူအရာများ ပြည့်နေသည့် စူးချင်းကို ကြည့်ကာ ပြုံးနေပြန်သည်။
သူက မောင်းမဆောင် မရှိဘဲ သမိုင်းမှာ အတည်ငြိမ်ဆုံးဧကရာဇ် ဖြစ်နေပြီလေ။ ချင်းအာက ဘာကို မကျေမနပ်ဖြစ်နေရတာလဲ?
"ကျွန်မ ကျစ်ချီကို ကျင့်ဝတ်တွေ အောက်မှာ ပိနေတဲ့ လူတစ်ယောက် မဖြစ်စေချင်ဘူး၊ အခု သူက စည်းကမ်းတွေကို လိုက်နာဖို့ပဲ သိတဲ့ လူကြီးပေါက်စလေး ဖြစ်နေပြီ"
စူးချင်းက ရှောင်းကျဲယွိကို ကြည့်လိုက်ပြန်သည်။
ကျစ်ချီက သူ့အဖေလို ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။ ရွှေရှန့်က စာပေမှာ နှံစပ်ကျွမ်းကျင်သလို သိုင်းပညာမှာလည်း ထူးချွန်တယ်၊ ပြီးတော့ သူရဲ့ကိုယ်ရည်ကိုယ်သွေးက အရာရာကို လိုက်လျောညီထွေ နေတတ်တဲ့ပုံစံမျိုးလေ။ သူမရဲ့သားလေးကတော့ မင်းဆရာကြီးဖြစ်တဲ့ အဲ့ပညာရှအိုကြီးနဲ့ ပိုတူလာပြီ၊ ကလေးလေးက အဘိုးအိုလေးတစ်ယောက်လို ပြုမူနေပြီး အရာရာကို စာအုပ်ကြီးအတိုင်း ပြုမှုနေတယ်။
"မင်း ပြောပြီးဆိုမှတော့ ကိုယ်လည်း မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်"
ရှောင်းကျဲယွိက စူးချင်းကို သူ့ပေါင်ပေါ်တင်ရန် ဆွဲပွေ့ယူလိုက်သည်။ သူ့ဘေးနားရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကတော့ သူတို့ဧကရာဇ်၏ ဧကရီအပေါ် ထားသော ကြင်နာမှုနှင့် ရင်းနှီးသော အပြုအမူများကို ကျင့်သားရနေပြီ ဖြစ်သည်။
သူတို့ရဲ့ဧကရာဇ်မင်းမြတ်က ဧကရီမယ်မယ့်ကို သူ့ရင်ခွင်ထဲမှာ အမြဲပွေ့ဖက်ထားချင်တာလေ။
စူးချင်းက လူသားကုလားထိုင်ပေါ်သို့ သက်တောင့်သက်သာ ဝင်ထိုင်လိုက်ပြီး ရှောင်းကျဲယွိကို မှီထားလိုက်သည်။ သူကလည်း အလေးအနက် ဆွေးနွေးမည့်ဟန် ဖြစ်နေသောကြောင့် စူးချင်းက အရေးကြီးမည်ဟု ထင်ကာ ပြန်မေးလိုက်သည်။
"ဘာကိစ္စလဲ?"
"ကိုယ် ကျစ်ချီကို အိမ်ရှေ့စံမင်းသား အဖြစ် အပ်နှင်းချင်တယ်၊ မင်းရော ဘယ်လို ထင်လဲ?"
ရှောင်းကျဲယွိက တာ့ထန်ပြည်ထောင်၏ သွေးသားအချင်းချင်း သတ်ဖြတ်သည့် မြင်ကွင်းကို ရှောင်ရှားလိုသောကြောင့် အခြားမင်းသားများ မမွေးလာမီ အိမ်ရှေ့စံမင်းသားနေရာကို အတည်ပြုရန် ဆန္ဒရှိနေခဲ့သည်။
"အင်း၊ အဆင်ပြေပါတယ်၊ ကျစ်ချီက တည်ငြိမ်တဲ့ အကျင့်စရိုက်ရှိတော့ အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ဖို့ သင့်တော်တယ်"
စူးချင်းက လုံးဝကန့်ကွက်ခြင်း မရှိပေ။ ဧကရာဇ်အဖြစ် တာဝန် ယူရသည်က ပင်ပန်းသော်လည်း သူမတို့ ကြိုးစားပမ်းစား တိုက်ပွဲဝင်ပြီးမှ ရရှိခဲ့သော တိုင်းပြည်ကို တစ်ပါးသူ၏သားအတွက် ချန်ထားရန် ဆန္ဒမရှိပေ။
စူးချင်းထံမှ ကန့်ကွက်စကား မထွက်လာသောကြောင့် ရှောင်းကျဲယွိက အပြုံးဖြင့် ဆက်ပြောလိုက်သည်။
"ကျစ်ချီကို အိမ်ရှေ့စံမင်းသား ဖြစ်စေချင်ရင် သူ့အတွက် မဖြစ်မနေ လိုက်နာရမယ့် စည်းမျဥ်းတွေနဲ့ ကျင့်ဝတ်တွေ သေချာပေါက် လိုအပ်လိမ့်မယ်"