အခန်း (၅၈၆-၅၉၀)
Vol. 44 Ch. 586-590
အပိုင်း(၅၈၆): အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား (Part-1)
ဝုန်း !!
တတိယမြောက် စွမ်းအားများ ရောက်ရှိလာသည်နှင့် တပြိုင်နက် ၊ အမတစွမ်းအင် ၊ နတ်ဘုရားစွမ်းအင် ၊ နတ်ဆိုးနတ်ဘုရားစွမ်းအင် စသည့် ကြောက်ခမန်းလိလိ စွမ်းအင်သုံးရပ်သည် စူးချန်ကဲ၏နှလုံးသားထဲသို့ ဒီရေအလား စီးဆင်းဝင်ရောက်လာခဲ့သည်။
လွန်စွာအားကောင်းသော အဆိုပါ စွမ်းအင်သုံးရပ်၏ လက်အောက်တွင် ၊ စူးချန်ကဲသည် သတိမေ့မြောသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ဆက်လက် တိုက်ပွဲဝင်နေကြသည်။
စူးချန်ကဲ၏ လူတစ်ကိုယ်လုံးသည် နတ်ဘုရားတို့၏ ရောင်ခြည်များသဖွယ် တခဏတာ ဝင်းလက်တောက်ပသွားသည်။
ထို့နောက်တွင် နတ်ဆိုးနတ်ဘုရားတို့၏ ရောင်ခြည်များကဲ့သို့ တစ်ဖန် ထွန်းတောက်သွားပြန်သည်။
တခဏအကြာတွင် ၊ အမတလမ်းစဉ်ဆိုင်ရာ နတ်အလင်းရောင်များဖြင့် ထွန်းတောက်လာပြန်သည်။
ဤမြင်ကွင်းသည် မယုံနိုင်လောက်အောင် ဆန်းကြယ်ပေသည်။
အဆိုပါအင်အားသုံးရပ်သည် အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် ၊
စနစ်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
【ဒင်! မဟာလမ်းစဉ်၏ ပြောင်းလဲမှုကို စစ်ဆေးမိပါသည်၊ ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသား ဆင့်ကဲပြောင်းလဲခြင်း စတင်ပါပြီ…】
( 🍁 T/N - ရှန်း - နတ်ဘုရား + မော် - နတ်ဆိုး )
【မဟာလမ်းစဉ်ကို ပြန်လည်ဖန်တီးကာ ၊ မဟာလမ်းစဉ်ကို ခွဲခြမ်းစိတ်ဖြာပြီး ၊ နိယာမစည်းမျဉ်းများ ဖော်ထုတ်နေပါသည်…】
【အမတ ၊ နတ်ဘုရား၊ နတ်ဆိုး သုံးပါးစလုံး၏ လမ်းစဉ်များကို ပေါင်းစပ်နေပါသည်…】
【 ပေါင်းစပ်မှု အောင်မြင်ပါသည် ၊ နောက်ဆုံးကိုယ်ထည် အဖြစ် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား ကို ရရှိထားပါသည် 】
[ 🍁T/N - အမတ - လူသားအဖြစ်မှ ကျင့်ကြံခြင်းမှ သဘာဝလွန်အစွမ်းရရှိလာသော ပုဂ္ဂိုလ်
နတ်ဘုရား : နတ်ဆိုး - မူလကနဦးအတိုင်း ဖြစ်ပေါ်လာသော နတ်ဘုရားများ ]
ဝုန်း !!
စနစ်၏စကားသံ ပြီးဆုံးသွားသည်နှင့် တပြိုင်နက်။
စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြသော အင်အားသုံးရပ်သည် ၎င်းတို့ထက် ပို၍ အားကောင်းသော မဟာလမ်းစဉ်စွမ်းအား၏ ဖိနှိပ်မှုကိုခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ၊ မှုန်ဝါးဝါးအသွင်ပုံရိပ် တစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ထိုပုံရိပ်၏ ပေါ်ထွက်မှုနှင့်အတူ ၊ ဤလောကရှိ နေနှင့်လတို့သည် နေရာပြောင်းလဲသွားပြီး မူလ ဆိတ်သုန်းခြင်းအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
မူလက တဟုန်းဟုန်း တောက်လောက်နေသော အမတဆိုင်ရာ နတ်အလင်းများသည်ပင် အဆိုပါ မဟာလမ်းစဉ် စွမ်းအား၏ရှေ့မှောက်တွင် လုံးဝရပ်တန့်သွားသည်။
ဤစွမ်းအားရှေ့မှောက်၌ ၊ မည်သူမျှ အတင့်မရဲကြသလို မခုခံရဲကြပေ။
ကြီးမြတ်လှသော အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း လူ့အသွင်သဏ္ဍာန်တစ်ခုအဖြစ် ရုပ်လုံးပေါ်လာသည်။
၎င်းသည် အလုံးစုံသော လမ်းစဉ်တို့၏ ဖော်ပြချက် ဖြစ်ပုံရပြီး ၊ အလုံးစုံသော လမ်းစဉ်တို့မှ လူ့အသွင်ခံယူထားပုံရသည်။
လောကရှိ ကြီးမြတ်သောအခြေခံမူများအားလုံးကို သူ၏အတွေးထဲတွင် ထည့်သွင်းထားသကဲ့သို့ သူ၏မျက်လုံးများသည် အဆုံးမရှိသော ဗလာနိတ္ထိအလင်းရောင်တန်းများဖြင့် ပြည့်နှက်နေသည်။
မေ့လဲနေသော စူးချန်ကဲကို သူ၏လက်ချောင်းဖြင့် ညွှန်ကြားလိုက်သည်နှင့် ၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် စူးချန်ကဲကို ပင့်မြှောက်ကာ သူ၏ရှေ့မှောက််သို့ ခေါ်ဆောင်လာခဲ့သည်။
“လမ်းစဉ်သုံးထောင်အနက် ၊ ဗလာနိတ္ထိသည် အမြင့်မြတ်ဆုံး ဖြစ်သည် “
“အတွေးတစ်ချက် ထွက်ပေါ်လာသည်နှင့် လမ်းစဉ်တစ်ရပ် ပေါ်ပေါက်ရသည် “
“အတွေးတစ်ချက်တည်းဖြင့် ၊ နတ်ဘုရားနှင့် နတ်ဆိုးတို့ ကြွေလွှင့်ရသည်”
အတုမရှိမြင့်မြတ်ပေသော ထိုအနှီပုံရိပ်သည် ကျယ်ပြောသောအသံဖြင့် ဖြည်းညင်းစွာ မိန့်ဆိုလိုက်သည်။
“ငါ၏ ဗလာနိတ္ထိ အမည်ဖြင့် အမတ ၊ နတ်ဘုရား ၊ နတ်ဆိုးအားလုံးဟာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်စေသား ! “
ဟူး——!!
မူလက အေးခဲနေသော အမတလျှောက်လှမ်းတံခါးအတွင်းရှိ လောကကြီးသည် ရုတ်ချည်းဆိုသလိုပင် မဟာလမ်းစဉ်၏ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာခဲ့သည်။
ထို့နောက် ဤနေရာ၌စုဝေးနေသော နတ်ဘုရားတို့၏ နတ်ဗိမ္မာန်၊ နတ်ဆိုးနတ်ဘုရားတို့၏ ချောက်နက် နှင့် အမတဧကရာဇ်မင်းတို့၏ အသွင်ပုံရိပ်များသည် တောက်ပသော ကြယ်စင်များအဖြစ်သို့ ပြောင်းလဲသွားကာ စူးချန်ကဲ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး ဝင်ရောက်လေတော့သည်။
စကားတစ်ခွန်းတည်းဖြင့် ၊ လောကရှိ နတ်ဘုရားအားလုံး ဦးချရသည်။
စကားတစ်ခွန်းတည်းဖြင့် ၊ အမတ ဧကရာဇ်မင်းများ လက်နက်ချရသည် ။
စကားတစ်ခွန်းတည်းဖြင့် ၊ နတ်ဆိုးနတ်ဘုရားတို့ ရှောင်ပြေးရသည်။
ဗလာနိတ္ထိစွမ်းအား၏ ညွှန်ကြားမှုအောက်တွင် ၊ အင်အားသုံးရပ်သည် တဖြည်းဖြည်း တည်ငြိမ်လာသည်။
“ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား၊ အမတအဖြစ် ၊ နတ်ဘုရားအဖြစ် ၊ နတ်ဆိုးအဖြစ် ၊ ကောင်းကင်ဘုံကိုပင် ပြောင်းလဲစေသတည်း !”
အဆိုပါကြီးမြတ်သော အသွင်ပုံရိပ်၏ ရွတ်ဆိုသံအပြီးတွင် ၊
စွမ်းအင်သုံးရပ်သည် အဆက်မပြတ် စုဝေးဖွဲ့စည်းသွားပြီး ၊ စူးချန်ကဲ၏ ပျက်စီးနေသော နှလုံးသားကို ဖြည်းညှင်းစွာ ပြန်လည်ပုံဖော်ခဲ့သည်။
အဆုံးတွင် နှလုံးသားတစ်ခုလုံးကို ပြီးပြည့်စုံစွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်း၌ အမတ ၊ နတ်ဘုရား ၊ နတ်ဆိုးနတ်ဘုရား စသည့် လမ်းစဉ်သုံးရပ်၏ အနန္တစွမ်းအားများ ပုန်းကွယ်နေပုံရသည်။
……..
တစ်ချိန်တည်းမှာပင်။
အမှောင်ထု အမတခန်းမဆောင် ၊
အမှောင်ထုခန်းမဆောင်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေသော ရှစ်ထျန်းတိ့သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ယခုတစ်ကြိမ်တွင် ၊ ယခင်က ရှိနေခဲ့သော သူ၏မျက်လုံးထဲက အေးစက်မှုများမှာ ပျောက်ကွယ်သွားပြီး ၊ ယင်းအစား သံသယများက အစားထိုးဝင်ရောက်လာခဲ့သည်။
“ဟမ်…? ငါချန်ထားခဲ့တဲ့ မူလရင်းမြစ် နတ်အသိစိတ် စွမ်းအားက ဘယ်လိုဖြစ်ပြီး ပျောက်ကွယ်သွားတာတုန်း…?!”
ရှစ်ထျန်းတိ့သည် ရုတ်တရက် ထရပ်လိုက်ပြီး အံ့ဩတုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ! ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ!”
သူ၏ အမူအရာမှာ မတည်မငြိမ်ဖြစ်နေသည်။ သူ ချန်ထားခဲ့သော မူလရင်းမြစ် နတ်အသိစိတ်ထဲတွင် သူ၏ မူလရင်းမြစ် အမှောင်ထုစွမ်းအားများ ရှိသည်။
သူသည် စူးချန်ကဲကို အမှောင်ထုထဲသို့ လုံးလုံးလျားလျား ဆွဲချနိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ ၊ သူနှင့် အဘယ့်ကြောင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သနည်း။
စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းထားသော အမှောင်စွမ်းအင်ကို လုံးလုံးလျားလျား ချေဖျက်နိုင်သည့်အထိ မည်သည့်စွမ်းအားမျိုးက လုပ်နိုင်ခဲ့လေသနည်း။
ဤကဲ့သို့သော စွမ်းအားမျိုးသည် အမတနယ်မြေ၌ပင် မရှိနိုင်ပေ။
အမတဧကရာဇ်မင်းပင်လျှင် မူလရင်းမြစ် အမှောင်ထုစွမ်းအား၏ ကျူးကျော်တိုက်ခိုက်မှုကို ခံရပါက ၊ အမှောင်ထုထဲသို့ မကျရောက်ခဲ့ရင်တောင် ၎င်းထံ၌ ဖျောက်ဖျက်၍မရနိုင်သော ရောင်ဝါတစ်ခုအဖြစ် ကျန်ရစ်နေခဲ့မည်ဖြစ်သည်။
သို့သော် ၊ စူးချန်ကဲ၏ခန္ဓာကိုယ်ထဲ၌ သူ ချန်ထားခဲ့သော အမှောင်စွမ်းအင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားသည်။
ချီးးးးး——!!
သူ့စိတ်ထဲက မကျေနပ်သော ညည်းညူသံများ ထွက်ပေါ်လာသည်။
သူ၏ နက်မှောင်သော မျက်လုံးများသည် နီမြန်းနေပြီး အကန့်အသတ်မရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
စူးချန်ကဲသည် သူ၏ ရုပ်သေးခန္ဓာကို ချေမှုန်းခဲ့စဉ်က ပြောခဲ့သောစကားများကို ပြန်ပြီးသတိရသွားသည်။
“ ရှစ်ထျန်းတိ့ ဒီလောက်ပဲလား “
ထိုအတွေးကြောင့် သူ့ရင်ထဲတွင် အကန့်အသတ်မရှိသော အမည်မဲ့မီးတောက်တစ်ခုက တဟုန်းဟုန်း တောက်လောက်လာခဲ့သည်။
အမှောင်ထု အမတခန်းမဆောင်၏ အရှင်သခင်!
တစ်ချိန်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးကို အစပြုခဲ့သူ တစ်ဦး ဖြစ်ခဲ့ရုံတင်မက ၊
လက်ရှိတွင် သူသည် အမှောင်ထုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များထဲမှတစ်ဦး ဖြစ်သည်။
သူ့လိုပုဂ္ဂိုလ်တစ်ပါးက အငယ်လေးတစ်ယောက်ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရသတဲ့လား!!
အပိုင်း(၅၈၆): အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား (Part-2)
“ မကျေနပ်ဘူး ၊လုံးဝမှ မကျေနပ်နိုင်ဘူး!”
“ဒီနေ့၊ ငါ့ရဲ့ အမှောင်ထုခန်းမဆောင်ကို ဖော်ထုတ်မိပြီး အန္တရာယ်ဖြစ်ခဲ့ရင်တောင်မှ မင်းအပေါ်ကို အမှောင်ကျိန်စာတစ်ခု ကျရောက်စေရမယ်!”
အကန့်အသတ်မရှိသော အမျက်ဒေါသသည် ရှစ်ထျန်းတိ့၏ စိတ်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားခဲ့ပြီဖြစ်သည်။
စူးချန်ကဲအပေါ် တွင် ထားရှိသည့် သူ၏ အမုန်းတရားသည် ပို၍ပြင်းထန်လာသည်မှာ ထင်ရှားသည်။ ဤသကောင့်သားသည် မိမိ၏အကြံအစည်များကို ဖျက်ဆီးပစ်ရုံတင်မက ၊ အသက်ပါ ရှင်နေသေး၏။
ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလိုက်လဲ !!
ထို့နောက်တွင် ၊
ရှစ်ထျန်းတိ့သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ!
ရုတ်တရက် ၊ မှော်နက်သင်္ကေတများသည် အာကာသကို စုတ်ဖြဲကာ ကျရောက်လာပြီး၊ သွေးရေချိုးထားသည့်အလား အောက်မေ့ရသော ရှေးဟောင်းကမ္ပည်းစာများသည် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။
မူလ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော နေရာတွင် ရုတ်ချည်းဆိုသလို မှောင်မိုက်သော လေပြင်းများ တိုက်ခတ်လာသည်။
တိုက်ခတ်လာသော လေပြင်းနှင့်တကွ အမှောင်ထုထဲတွင် လှိုင်းတံပိုးများ ရိုက်ခတ်လှုပ်ရှားနေခဲ့သည်။
ထို့နောက်တွင် အနီရင့်ရောင် ငရဲတံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
လူကို ပို၍ထိတ်လန့်စေသည့်အရာမှာ ထိုငရဲတံခါးပေါ်တွင် ပုတ်စော်နံသော သွေးများ စီးကျနေခြင်း ဖြစ်ပြီး ၊ သွေးများစီးကျလာသည်နှင့် အမျှ ၊ ၎င်းတွင်ရှိသော ပုံစံများသည် ပို၍ရှင်းလင်းပြတ်သားလာသည်။
ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းရှိသော ရှိုးလော့ ၊ အစိမ်းရောင်မျက်နှာ၊ အစွယ်များပါရှိသည့် ရှေးဦးရက်စက်ကြမ်းကြုတ်သော သတ္တဝါများအပါအဝင် မရေမတွက်နိုင်သော အရိုးခြောက်များ စုပုံနေသည့် ရှေးပလ္လင်တစ်ခုနှင့် ဆင်တူသည်။
အထူးသဖြင့် အနီရင့်ရောင်တံခါးထဲမှ စိမ့်ထွက်လာသော အမှောင်စွမ်းအားသည် ပမာဏအနည်းငယ်မျှသာ ဖြစ်သော်လည်း၊ အဆုံးမရှိသော ထူးဆန်းမှုများနှင့် ဘေးဆိုးများကို ထုတ်ဖော်ပြသနေပုံရသည်။
ဤထူးဆန်းသော တံခါးကြီးကို ကြည့်ရှုနေသော ရှစ်ထျန်းတိ့သည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ကာ စောင့်ဆိုင်းနေလေသည်။
ဤအရာသည် သူ၏မူလရင်းမြစ် အမတလက်နက် - ငရဲကိုးထပ် ပြန်လည်မွေးဖွားခြင်းတံခါး ပင်ဖြစ်သည်။
၎င်းသည် အမှောင်ထု၏ သက်ရှိသတ္တဝါများကို အကန့်အသတ်မရှိ ဆင့်ခေါ်နိုင်ရုံသာမက ၊ မိမိ၏နတ်စွမ်းအားကို အသုံးပြုကာ သူ့ထက်အနည်းငယ်အားနည်းသောသူများကို အမှောင်ကျိန်စာတိုက်နိုင်သည်။
အမှောင်ကျိန်စာ တိုက်ခံရသူ မည်သူမဆို ၊ တစ်နေ့တွင် ဆွေးမြေ့ပျက်ဆီးကာ သင်္ချိုင်းမြေမရှိဘဲ သေဆုံးကြရပေမည်။
ဤအတွက် အကျိုးဆက်သည် ကြီးမားသော်လည်း၊ ရှစ်ထျန်းတိ့သည် အမှန်တကယ်ပင် ဒေါသထွက်နေသောကြောင့် ဘာကိုမှဂရုမစိုက်တော့ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့်၊ သူ၏ နတ်အသိစိတ် ကျန်ရှိနေသေးသဖြင့် အမှောင်ကျိန်စာကို မိမိကိုယ်တိုင် ဆင်း၍ ချမှတ်စရာမလိုခဲ့ပေ။
ယင်းအစား၊ သူသည် ဤလုပ်ငန်းစဉ်တစ်ခုလုံးကိုဆောင်ရွက်ရန်အတွက် သူ၏ အမတဧကရာဇ် ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်ခဲ့သည်။
သူ၏အတွေးတစ်ခုတည်းဖြင့် ၊ အနက်ရောင် ၀တ်စုံကို ဝတ်ဆင်ထားသည့် အမတဧကရာဇ်အဆင့်ရှိ သက်ကြီးပိုင်းတစ်ဦး ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
ရှစ်ထျန်းတိ့သည် သူ၏နတ်အသိစိတ်တစ်ခုကို ထုတ်လွှတ်ကာ ရုပ်သေးခန္ဓာထဲသို့ ဝင်ရောက်သွားစေသည်။
မူလက အသက်မဲ့နေသော အမတဧကရာဇ်မင်း၏ မျက်လုံးများသည် အနက်ရောင် အလင်းတစ်ချက် ဝင်းလင်းလက်သွားသည်။ မျက်စိတမှိတ်အတွင်းမှာပင် ၊ ၎င်းသည် သူ၏လက်ချောင်းထိပ်ကို ကိုက်ကာ၊ သူ၏ သွေးစက်များဖြင့် ငရဲကိုးထပ် ပြန်လည်မွေးဖွားခြင်းတံခါးပေါ်တွင် ရှေးဟောင်းအက္ခရာစာလုံးများကို အဆက်မပြတ် ရေးဆွဲလိုက်သည်။
“ သောင်းချီသော လမ်းစဉ်ကို ဖျက်ဆီးကာ သံသရာစက်ဝန်းကို မြှုပ်နှံစေ ၊ အမှောင်ထုကို ထာဝစဉ်တည်စေ၍ ဘိုးဘေးနတ်ဘုရားတို့ထာဝရအသက်ရှင်စေ!”
“အမှောင်ထု ဘိုးဘေးနတ်ဘုရား၏ အမည်နာမကို ရွတ်ဆိုသည် ၊ ကျေးဇူးပြု၍ ကျွန်ပ်၏ အတားအဆီးအားလုံးကို ဖျက်ဆီးပေးပါ!”
တခဏအတွင်း။
နဂိုက တင်းတင်းကြပ်ကြပ် ပိတ်ထားသော ငရဲကိုးထပ် ပြန်လည်မွေးဖွားခြင်းတံခါးသည် ရုတ်တရက် ပွင့်လာခဲ့သည်။
ဝုန်း ——!!
အတွင်းထဲမှ အမှောင်ထု လှိုင်းလုံးကြီးသည် အကန့်အသတ်မရှိ ထွက်ပေါ်လာသည်။
အမှောင်ထု၏ လှိုင်းတံပိုးများ တခဲနက် ထွက်ပေါ်လာပြီးနောက်တွင် ၊ ၎င်းတို့သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ငရဲမှစီးဆင်းလာသော သွေးမြစ်တစ်စင်းကဲ့သို့ပင်။
ပို၍အံ့သြစရာကောင်းသည်မှာ ငရဲကိုးထပ် ပြန်လည်မွေးဖွားခြင်းတံခါး၏ အတွင်းပိုင်း အမှောင်ထုထဲတွင် ရှိနေခဲ့သော ထူးဆန်းသော ရုပ်သဏ္ဍာန်တစ်ခုသည် ဖြည်းဖြည်းချင်း ထလာသည်။
ရှစ်ထျန်းတိ့ ထိန်းချုပ်ထားသော အမတဧကရာဇ်ရုပ်သေးသည် သူ၏လက်ချောင်းများဖြင့် အစီအရင်တစ်ခုကို ပုံဖော်နေခဲ့ပြီး မန္တာန်များကို ရွတ်ဆိုနေခဲ့သည်။
ဆွေးမြေ့ပျက်ဆီးစေသော အငွေ့အသက်များနှင့် အတူ ၊ ထိတ်လန့်စရာကောင်းသော ထိုရုပ်သဏ္ဍာန်သည် ဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး ၊ အဆုံးတွင် ငရဲကိုးထပ် ပြန်လည်မွေးဖွားခြင်းတံခါးထဲကနေ ထွက်လာခဲ့သည်။
ထိတ်လန့်စရာကောင်းသော အဆိုပါရုပ်သဏ္ဍာန်သည် မှောင်မိုက်နေသော အာကာသထဲသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။
၎င်းသည် အချိန်နှင့်အာကာသ နိယာမများ၏ ကန့်သတ်ချက်ကို လျစ်လျူရှုနိုင်ပြီး၊ ကြီးစွာသော ထိတ်လန့်မှုကြီးကို ဆောင်ကျဉ်းလျက် စူးချန်ကဲရှိရာ ဧရိယာဆီသို့ ဆင်းသက်သွားသည်။
ထိုရုပ်သဏ္ဍာန်သည် အမှောင်ထု မူလရင်းမြစ်လောကထဲသို့ ထွက်လာသည့်အခိုက်အတန့်တွင် ၊
လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခုရှိ တိမ်တိုက်များကြား မြင့်မားစွာတည်ရှိနေသော တောင်တန်းများ၏အတွင်းပိုင်း၌ ၊
ဤနေရာသည် အမတဆိုင်ရာ နတ်အလင်းရောင်များဖြင့် ထွန်းလင်းတောက်ပနေပြီး ၊ မြင်သာထင်သာရှိသော အမတအလိုဆန္ဒများက သက်ဝင်လှုပ်ရှားနေသည်။
အဖြူရောင် ဧကရာဇ်ဝတ်လုံ ၊ ရွှေခရမ်းရောင် ခေါင်းအဆင်တန်ဆာနှင့် တိမ်ဘွတ်ဖိနပ်ကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ၏မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၊ ပြိုးပျက်စွာ တောက်ပနေသော နတ်အလင်းများသည် သူ့ကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
နိယာမတရားများသည် အထက်သို့တက်လာပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် ခြိမ်းခြောက်နေသလိုပင်။
“ဒီအငွေ့အသက်က ရှစ်ထျန်းတိ့ အဲ့ကောင်မလား….?”
“အမှောင်ကျိန်စာ…”
အပိုင်း(၅၈၇): ကျန့်ထျန်း၏ ထွက်ပေါ်မှု
ထိုအနှီလူသည် စိတ်မထိန်းနိုင်ဘဲ ညည်းတွားလိုက်သည်။
“ ဦးတည်ဘက်ကို ကြည့်ရတာ… ချန်ကဲဘက်ကို ဦးတည်နေပုံရတယ်…”
“ ရှစ်ထျန်းတိ့ ၊ မင်း အတော်သတ္တိရှိနေတယ် ဟုတ်လား”
ထိုသူ၏လေသံသည် အေးစက်ပြီး ၊ အကန့်အသတ်မရှိသော လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူ၏မျက်ဝန်းအစုံ၌ နေ၊ လနှင့် ကြယ်များက ရောင်ပြန်ဟပ်လို့နေပြီး ၊ အဆုံးမရှိသော ဓားအလင်းတန်းတစ်ခုက လျှပ်တပြတ် ဝင်းလက်သွားသည်။
“ နေမင်းသံသရာဖြတ်တောက်ခြင်း! “
သူ၏ပါးစပ်ဖျားမှ ရွတ်ဆိုလိုက်သည်နှင့်တစ်ပြိုင်နက်-
ရွှမ်း-!!
ရုတ်တရက်ပင် ၊ ရိုက်ခတ်လှုပ်ရှားနေသော ဓားအလင်းတန်းသည် အချိန်နှင့် အာကာသကိုဖြတ်သန်းကာ အချိန်မြစ်ရေစီးကြောင်း တစ်လျှောက် ထိုးဖောက်ဝင်ရောက်သွားပုံရသည်။
လောကကြီးတစ်ခုလုံးကို အရှိန်အဟုန်ဖြင့် လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလိုပင် ၊ အဆိုပါ ထူးဆန်းသော အမည်းရောင်ရုပ်သဏ္ဌာန်ဆီသို့ ပြေးဝင်လာကာ ခုတ်ပိုင်းပစ်ခဲ့သည်။
ဓားစွမ်းအင် ထွက်ပေါ်လာသည့် အခိုက်အတန့်မှာတင် ၊ ရှစ်ထျန်းတိ့သည်လည်း ထိုအရာကို သတိပြုမိသွားသည်။
“ဒီအငွေ့အသက်က….”
ရှစ်ထျန်းတိ့သည် အလွန်အမင်း အံ့အားသင့်သွားပြီး ထဆိုလိုက်သည်။
“ကျန့်ထျန်း အမတဧကရာဇ်မင်း…စူးရွှမ်!?”
“ သေစမ်း! ဒီသကောင့်သားက အမတနယ်မြေကနေ ထွက်ခွာသွားပြီးသား မဟုတ်လား!?”
“ မဟုတ်မှလွဲရော… သူ့ရဲ့ ဓမ္မကိုယ်ထည်ကို အထူးချန်ထားခဲ့တာလား “
သို့သော်လည်း ရှစ်ထျန်းတိ့အနေဖြင့်၊ ထိုထက်ပို၍ မတွေးဝံ့တော့ပေ ။
သူသည် အမတ ဧကရာဇ်ရုပ်သေးကို အလျင်အမြန် ထိန်းချုပ်ကာ အမှောင်ကျိန်စာနှင့် ဆက်နွယ်မှုကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။
သူ၏အရှိန်သည် အလွန်မြန်ဆန်သော်လည်း ၊ အချိန်နှင့် အာကာသကို ဖြတ်ကျော်ဝင်ရောက်လာသော ဓားအလင်း၏ အရှိန်က ပို၍ မြန်ဆန်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ၊ အမှောင်ကျိန်စာမှ အသွင်ပြောင်းလဲထားသော ထိုထူးဆန်းသော ရုပ်သဏ္ဍာန်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားကာ ၊ ၎င်းမှ ဖြာထွက်လာသော အငွေ့အသက်များသည် အမှောင်ထု အမတခန်းမဆောင်ကို ဝှက်ထားသည့်နေရာဆီသို့ ပြန်လည်ဦးတည်သွားသည်။
“ သေစမ်း ! ဒီခွေးကောင်က ခုထိ ကိုင်တွယ်ရခက်နေတုန်းပဲ!”
ရှစ်ထျန်းတိ့သည် စိတ်မထိန်းနိုင်တော့ဘဲ ဆဲဆိုလိုက်သည်။
စူးရွှမ်သည် သူမတွေ့ချင်ဆုံးလူ ဖြစ်သည်။ ထို့အပြင် ၊ ၎င်း၏ဓားစွမ်းအင်သည် တည်နေရာခြေရာခံခြင်းကို ထည့်သွင်းထားပုံရသည်။
သူ၏ အငွေ့အသက်ကို ခြေရာကောက်မိလျှင်ဖြင့် ၊ စူးရွှမ်သည် ၎င်း၏ဓားတစ်ချက်တည်းဖြင့်ပင် အာကာသဟင်းလင်းပြင်ကို ဖောက်ထွင်း၍ သူ၏ တည်နေရာဆီသို့ ပစ်ခတ်နိုင်သည်။
စူးရွှမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို သူ မကြောက်သော်လည်း ၊ သို့သော် လက်ရှိအခြေအနေအရ အချိန်ကောင်းမဟုတ်သေးပေ။
အကယ်၍ သူ၏အမှောင်ထု အမတခန်းမဆောင်ကို ရှာဖွေတွေ့ရှိသွားမည်ဆိုပါက ၊ သူ၏ အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည် ဘာမှကိုမစတင်လိုက်ရဘဲ နိဂုံးချုပ်သွားနိုင်သည်။
ချက်ချင်းလက်ငင်း ၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
သူ၏လက်ထဲတွင် စွမ်းအားများ သက်ဝင်လာပြီး ၊ အဆုံးမရှိသော မှော်နက်သင်္ကေတတို့သည် သူ၏လက်ဝါးထဲ၌ စုဝေးလာကာ အရာအားလုံးကို ချုပ်ငြိမ်းစေသော အမှောင်လက်တစ်ဖက်အဖြစ် ပြောင်းလဲလိုက်သည်။
သို့သော် သူသည် ထိုဓားအလင်းကို တားဆီးရန် မရွေးချယ်ဘဲ ၊ သူ၏ကိုယ်ပိုင်ရုပ်သေးဖြစ်သော အမတဧကရာဇ်မင်း ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။
အနက်ရောင်စွမ်းအင်လှိုင်းများသည် ချောက်နက်အလား ပေါက်ကွဲထွက်လာပြီး ၊ အရာအားလုံးသည် အဆိုပါစွမ်းအင်၏ရှေ့မှောက်တွင် ချေမှုန်းခံလိုက်ရသည်။
အမတဧကရာဇ်ရုပ်သေးသည် မည်သည့်ခုခံမှုမှ မပြုနိုင်ဘဲ ၊ အမှောင်ထုကြီး၏ ဝါးမျိုမှုကို ခံလိုက်ရသည်။
ရှစ်ထျန်းတိ့သည် ထိုအမတဧကရာဇ်မင်း ရုပ်သေးကို လျင်မြန်စွာ ဖျက်ဆီးပစ်နိုင်ရန် ၊
သူသည် ငရဲကိုးထပ် ပြန်လည်မွေးဖွားခြင်းတံခါးကို ပြန်လည်အသက်သွင်းခဲ့ရုံသာမက ၊ သူ၏ အမတဧကရာဇ်အဆင့်ရှိ အခြားရုပ်သေးသုံးခုကိုပါ ထိန်းချုပ်လိုက်ပြီး တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်စေသည်။
ကမ္ဘာကြီးကို လွှမ်းခြုံထားသော အမှောင်ဒီရေသည် အရှိန်အဟုန်ပြင်းထန်စွာ ရိုက်ခတ်လာပြီး ၊ နဂိုကတည်းက ခုခံနိုင်စွမ်းကင်းမဲ့နေသော အမတ ဧကရာဇ်ရုပ်သေးအား အပြီးတိုင် ချေမှုန်းပစ်ခဲ့လေတော့သည်။
အဆိုပါ အမတ ဧကရာဇ်ရုပ်သေးကို လုံးဝချေမှုန်းလိုက်သည့် အခိုက်အတန့်မှာပင် ၊ မူလက အချိန်မြစ်တစ်လျှောက် အရူးအမူး ဖြတ်ကျော်ဝင်ရောက်လာသော ဓားအလင်းသည် ရုတ်ချည်းဆိုသလိုပင် ဦးတည်ရာပျောက်သွားသကဲ့သို့ ဖြစ်သွားသည်။
၎င်းသည် စွမ်းအင်ကုန်ခမ်းသွားသော ကြယ်စုတစ်ခုပေါ်သို့ ကျရောက်သွားပြီး ၊ ဓားအလင်း လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဤကြောက်မက်ဖွယ်ရာ ဓားအလင်းကို ထုတ်လွှတ်လိုက်သော စူးရွှမ်သည် ရှုံ့ချပြောဆိုလိုက်သည်။
“ ဒီမြေခွေးအိုကြီးကတော့ အတော် မြန်ဆန်သကိုး ၊ ဒီလောက်မြန်မြန်နဲ့ သူ့အငွေ့အသက်သူ ချေမှုန်းပစ်လိုက်မယ်လို့ ထင်မထားဘူး”
“ စိတ်မကောင်းစရာပဲ “
သို့သော်လည်း၊ စူးရွှမ်သည် သူ၏အကြည့်များကို ပြန်လည်မရုတ်သိမ်းသေးဘဲ အလှမ်းဝေးကွာသော အာကာသတစ်ခုကို စူးစူးရဲရဲ စိုက်ကြည့်နေဆဲပင် ဖြစ်သည်။
“ချန်ကဲ… နောက်ဆုံးတော့ မင်းလည်း စစ်မှန်တဲ့ကမ္ဘာလောကကြီးထဲကို ခြေချရတော့မယ် “
ရှစ်ထျန်းတိ့ ခန့်မှန်းထားသည့်အတိုင်း ၊ ဤသည်မှာ သူချန်ရစ်ထားခဲ့သော ဓမ္မကိုယ်ထည်တစ်ခုသာ ဖြစ်သည်။
၎င်းတွင် သူ၏စွမ်းအင် လေးပုံတစ်ပုံ ပါဝင်ပြီး၊ သူ၏မူလခန္ဓာကိုယ်သည် အမတနယ်မြေ၏ အထက်လောကသို့ တတ်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် ၊ သူသည် ပို၍ကျယ်ပြန့်သော ကမ္ဘာတစ်ခုကို စူးစမ်းရှာဖွေနေဆဲ ဖြစ်သည်။
အဆုံးမဲ့ကပ်ဘေးသည် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး၊ ထိုမတိုင်မီတွင် ၊ သူသည် အရာအားလုံး၏ အမှန်တရားကို ရှာဖွေတွေ့ရှိရမည် ဖြစ်သည်။
သို့မဟုတ်ပါက ၊အမတနယ်မြေအထက်က လျှို့ဝှက်ဆန်းကြယ်သော မူလရင်းမြစ်အပြင် ၊
ဒေဝလောကတစ်ခုလုံးသည် ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရှာတွေ့မည်မဟုတ်ချေ။
………
တစ်ချိန်တည်းမှာပင်။
အမှောင်ထု အမတနန်းဆောင် ၊
အကြာကြီးစောင့်ဆိုင်းပြီးနောက်တွင်၊ နောက်ထပ် လှုပ်ရှားမှုကို မခံစားမိသဖြင့် ရှစ်ထျန်းတိ့သည် အဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် သူ၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး၊ သူသည် ဒေါသတကြီး ဆိုလိုက်သည်။
“ ဒီသားအဖ ! အရမ်း ဗိုလ်ကျလွန်းတယ်!!”
စူးချန်ကဲကို အမှောင်ထုထဲသို့ ဆွဲချမည့် သူ၏အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရုံသာမက ၊
ယခု စူးချန်ကဲ၏ဖခင်သည် သူ၏ လက်စားချေမည့်အစီအစဉ်ကို ကြားဖျက်တားဆီးခဲ့ပြန်သည်။
သူ၏ အမတဧကရာဇ်အဆင့်ရှိ ရုပ်သေးရုပ်ကိုလည်း ဆုံးရှုံးစေခဲ့သည်။
ဒါတင်မက၊ စူးရွှမ်သည် အမှောင်ထု အမတခန်းမဆောင်၏တည်နေရာကို တွေ့လုနီးပါး ဖြစ်သွားခဲ့သည်။
ဤသည်မှာ ဇနီးနှင့် စစ်တပ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ သူ့အတွက် ဘာအကျိုးမြတ်မှမရှိခဲ့သော ကိစ္စတစ်ခုဖြစ်ခဲ့သည်။
“ အားးးးး!!”
“ ခွေးကောင်!!”
“ စူးရွှမ်! စူးချန်ကဲ ! ငါ ရှစ်ထျန်းတိ့ မင်းတို့ကိုမှ မသတ်နိုင်ရင် လူမလုပ်ဘူး ! !”
လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ကြောက်စရာကောင်းသော ဒေါသသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။
ယခုတစ်ကြိမ်တွင်၊ အမှောင်ထု အမတခန်းမဆောင် ဒေသရှိ အမှောင်ထုသတ္တဝါတို့သည် ၎င်း၏ ဒေါသသံကို ကြားခဲ့ရုံသာမက ၊ အခြားသော အမှောင်အင်အားစုများမှ အစွမ်းထက်သော ပုဂ္ဂိုလ်များပင်လျှင် ၎င်း၏ လူသတ်လိုစိတ်ကို ခံစားသိရှိခဲ့ကြသည်။
လူတိုင်း အံ့သြထိတ်လန့်စွာဖြင့် ကြောင်အမ်းနေကြသည်။
“ဒီရှစ်ထျန်းတိ့ ဘာဖြစ်နေတာလဲ၊ တစ်ခုခုခံလိုက်ရလို့လား “
“ ပြောသံကြားတာတော့ ရှစ်ထျန်းတိ့က တိုက်မြေ သုံးထောင်မှာ ရုပ်သေးခန္ဓာကို သွားရှာတယ်ဆိုပဲ ၊ သူ့အစီအစဉ်မှာ တစ်ခုခုမှားယွင်းသွားလို့လား “
“မဖြစ်နိုင်ဘူး၊ တိုက်မြေ သုံးထောင်မှာ ဘယ်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူး!”
“ဒါပေမယ့် အဲ့ဒီမှာ တားမြစ်စူးမိသားစုရဲ့ သခင်ငယ် နဲ့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ ရှိတယ်ဆို?”
“မင်း ဦးနှောက်မှာပဲ ပြသနာရှိနေသလား ဒါမှမဟုတ် ရှစ်ထျန်းတိ့ရဲ့ ဦးနှောက်မှာပဲ ပြသနာရှိနေသလား ၊ အဲ့လိုလူနဲ့ သွားရှုပ်လောက်အောင် ဘယ်သူက ရူးနေလို့လဲ”
…….
အပိုင်း(၅၈၈): ထိပ်ဆုံးနေရာကို တတ်ရောက်၍ ရှေးကာလများကို ကြည့်ရှုကာ ၊ တတ်လှမ်းသည် ယခုမှစ၍ စတင်ပေတော့မည်
အချိန်အတိုင်းအတာတစ်ခုတွင် ၊
ဒေါသထွက်နေသော ရှစ်ထျန်းတိ့သည် ပြန်လည်သက်သာလာခဲ့သည်။
ဒေါသအနည်းငယ် ကျန်သေးသော်လည်း ၊ သို့သော် ကြောက်ရွံထိတ်လန့်သော ခံစားချက်က ပိုများသည်။
နှစ်ပေါင်းငါးရာကြာပြီးနောက်မှသာလျှင် ၊ အမှောင်ထုသည် အပြည့်အဝ ပြန်လည်ရှင်သန်လာမည်ဖြစ်သည်။ ထိုအချိန်တွင် ၊သူတို့သည် အမှောင်ထုတိုက်ပွဲကြီးကို စတင်မည်ဖြစ်သည်။
ယင်းမတိုင်မီ ၊ အမတနယ်မြေရှိ အင်အားစုများနှင့် ထိပ်တိုက်တွေ့ဆုံမိပါက မိမိတို့၏ အမှောင်ထုကြီးသည် ဖျက်ဆီးခံရနိုင်သည်။
“မဖြစ်ဘူး… လောလောဆယ်တော့ စိတ်ရှည်ရမယ်…”
“မလိုအပ်ဘဲ အဲ့ကောင်စူးချန်ကဲကို သွားရှုပ်လို့ မဖြစ်ဘူး…ငါ့ရဲ့ အမှောင်ထုနိယာမတရားတွေ အပြည့်အဝ ပြန်ရှင်သန်လာတဲ့အထိ စောင့်ပြီးမှ အဲ့ကောင်နဲ့စာရင်းရှင်းမယ်ဆိုတောင် နောက်မကျသေးဘူး….”
သူ၏ မာန်မာနသည် စူးချန်ကဲ၏လက်ထဲ၌ ရက်ရက်စက်စက် ချေမွခံလိုက်ရသော်လည်း ၊
သို့သော် သူသည် စူးချန်ကဲနှင့် ၎င်း၏နောက်ကွယ်က အင်အားစုများကို မိုက်မဲစွာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ၊ ကြေကွဲဖွယ်ကောင်းသော အဆုံးသတ်နှင့် ကြုံရပေတော့မည်။
……..
တစ်ချိန်တည်းမှာပင်။
အမတလျှောက်လှမ်းတံခါး တည်ရှိရာ ကမ္ဘာထဲ၌ ၊
နတ်ဘုရား၊ အမတနှင့် နတ်ဆိုးစသည့် လမ်းစဉ်သုံးရပ်၏ စွမ်းအားများသည် ဆက်တိုက်ဆိုသလို စုဝေးပေါင်းစည်းနေကြသည်။
စူးချန်ကဲ၏ ကိုယ်ခန္ဓာတစ်ဝိုက်တွင် အရောင်သုံးမျိုးဖြင့် တောက်ပနေသော မဟာလမ်းစဉ်၏ ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် ကမ္ဘာဦးအစကာလ၏ ဗဟိုချက် နေရာကဲ့သို့ပင် ၊
ဤလောကကြီး၏ အနှစ်သာရဆန်သော သဘောတရားများသာမက၊ အမတလောကကြီး၌ ပျံ့နှံ့တည်ရှိနေသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများကိုပါ အဆက်မပြတ် စုပ်ယူနေသည်။
မရေမတွက်နိုင်သော ကြယ်စင်အလင်းတန်းများသည် လမ်းစဉ်သုံးရပ်မှ ဖြစ်တည်လာသော ဝဲဂယက်အတွင်းဆီသို့ နတ်ဘုရားသုံးပါး၏ အသွင်ပုံရိပ်များအဖြစ် စုဝေးရောက်ရှိလာကြသည်။
နတ်ဘုရားတစ်ပါး၏ ဘေးပတ်ပတ်လည်တွင် သက္ကတသံစဉ်များဖြင့် ပျံလွင့်နေကာ ၊ ရှေးကျသော နတ်ဘုရားတို့၏ တန်ခိုးစွမ်းအားများကို ဖြန့်ကျတ်နေသည်။ ဤသည်မှာ နတ်ဘုရားရုပ်သွင်ပင် ဖြစ်သည်။
နောက်ထပ် နတ်ဘုရားတစ်ပါးသည် နတ်ဆိုးစွမ်းအားများနှင့်အတူ ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဟောက်သံကို ထုတ်လွှတ်နေသည်။ ဤသည်မှာ နတ်ဆိုးရုပ်သွင်ပင်ဖြစ်သည်။
ကျန်တစ်ပါးသည် အမတဆိုင်ရာ နတ်အလင်းများဖြင့် ထွန်းလင်းတောက်ပနေပြီး၊ အလင်းမှုန်များက ဝန်းရံထားသည်။ ဤသည်မှာ အမတဧကရာဇ်မင်း၏ ရုပ်သွင်ပင် ဖြစ်သည်။
နတ်ဘုရားတို့သည် စူးချန်ကဲ၏နှလုံးကို ဗဟိုပြုလျက် ၊ အာဟာရဖြည့်တင်းပေးနေသကဲ့သို့ နက်နဲ့သိမ်မွေ့သော စွမ်းအားများကို လွှဲပြောင်းပေးနေကြသည်။
ထိုနက်နဲ့သိမ်မွေ့သော စွမ်းအား၏ ကောင်းချီးပေးမှုအောက်တွင်၊ စူးချန်ကဲ၏ ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး၊ အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများ၏ ပြန်လည်ပုံဖော်မှုဖြင့် သူ၏ခန္ဓာကိုယ်သည် ပို၍သန့်ရှင်းစင်ကြယ်လာကာ ထိန်လင်းတောက်ပလာသည်။
အဆိုပါစွမ်းအားများ၏ အာဟာရဖြည့်တင်းမှုနှင့်အတူ၊ မှိတ်ထားသော စူးချန်ကဲ၏ မျက်လုံးများသည် အနည်းငယ် လှုပ်ရှားလာပြီး သိပ်မကြာမီ နိုးထလာတော့မည့် လက္ခဏာများကို ပြသလာခဲ့သည်။
စူးချန်ကဲသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို သိရှိခံစားပြီးနောက်တွင် ၊
အစောပိုင်းက ဆင်းသက်လာသော လျှို့ဝှက်ဆန်းကြယ်သော ထိုအနှီပုဂ္ဂိုလ်သည် စူးချန်ကဲကို နောက်ဆုံးအနေဖြင့် ကြည့်ရှုလိုက်ရင်း ၊ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် မှုန်ဝါးလာကာ အဆုံးတွင် အမတလမ်းစဉ် နိယာမတရားများအဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားလေတော့သည်။
…….
“ငါ ဒါက…..”
ထိုအချိန်တွင်၊ သတိလစ်နေသော စူးချန်ကဲသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သတိပြန်ရလာသည့်နှင့်တပြိုင်နက်၊ သူသည် မိမိခန္ဓာကိုယ်ထဲတွင် ကုန်ခန်းခြင်းမရှိသော ကြီးမားသော စွမ်းအားများ ရှိနေသည်ကို ခံစားလိုက်ရသည်။
နတ်ဘုရားနတ်ဆိုးတို့၏ စွမ်းအားများကိုသာမက၊ နက်နဲ့သိမ်မွေ့သော အမတလမ်းစဉ်၏ စွမ်းအားများကိုပါ ခံစားမိသည်။
အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း ၊ စူးချန်ကဲသည် မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
“ဒါက ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားလား….?”
【 ဒင်! ယခင်က မဟာလမ်းစဉ် အပြောင်းအလဲကြောင့်၊ သင်၏ ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားသည် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား အဖြစ် ပြောင်းလဲသွားပါပြီ】
ချက်ချင်းဆိုသလို၊ စနစ်သည် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား နှင့်ပတ်သက်သော အချက်အလက်များကို စူးချန်ကဲ၏ ဦးနှောက်ထံသို့ လွှဲပြောင်းပေးလိုက်သည်။
ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားပြီးနောက်တွင် ၊ စူးချန်ကဲအနေဖြင့် ဤအရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်ခဲ့ရသည်။
အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားသည် အမတ၊ နတ်ဘုရားနှင့် နတ်ဆိုး လမ်းစဉ်သုံးရပ်စလုံးကို အသုံးပြုနိုင်ပြီး၊ မည်သည့်တန်ပြန်သက်ရောက်မှုကိုမှ မဖြစ်စေဘဲ ၎င်းတို့နှင့် သက်ဆိုင်သော အတတ်ပညာကို လွတ်လပ်စွာ လေ့ကျင့်နိုင်သည်။
ကျင့်ကြံမှု အထွတ်အထိပ်သို့ ရောက်သည်နှင့် ၊ သူတို့ကြားတွင် အပြည့်အဝပြောင်းလဲနိုင်ပြီး၊ အတွေးတစ်ချက်တည်းဖြင့် ကမ္ဘာကြီးကို ဖန်တီးနိုင်သည်။
“မျှော်လင့်မထားတဲ့ ဆုလာဘ်တစ်ခု ရခဲ့လိမ့်မယ်လို့ ထင်မထားဘူး “
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ ဟိုကောင် ရှစ်ထျန်းတိ့တော့ ဒေါသဖြစ်ပြီး သေမလားမသိဘူး”
သို့သော် ၊ သူသည် လျင်မြန်စွာဖြင့် ပကတိအခြေအနေအတိုင်း ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဆက်လက်၍ သူသည် အမတလျှောက်လှမ်း တံခါးထဲသို့ ဝင်ရောက်သွားလေတော့သည်။
သူသည် အမတလမ်းစဉ်၏ အလိုဆန္ဒကို စတင်နားလည်နေပြီ ဖြစ်သည်။ ဤအခွင့်အရေးတွင် သူသည် အမတလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဆင့်ကဲ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားသည် အမတဆိုင်ရာ မှော်သင်္ကေတများကို စုပ်ယူနိုင်သည်။ ယခု သူသည် အမတလျှောက်လှမ်းတံခါးဂိတ်ထဲတွင် ရှိနေသောကြောင့် ၊ စူးချန်ကဲအနေဖြင့် ဤအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်။
......…
စူးချန်ကဲသည် ဟင်းလင်းပြင်ကွက်လပ်တွင် တင်ပြင်ခွေထိုင်လိုက်ပြီး အာရုံစူးစိုက်လိုက်သည်နှင့် သူသည် လျှို့ဝှက်ဆန်းကြယ်သော ဉာဏ်အလင်းထဲသို့ ကျရောက်သွားသည်။
ဉာဏ်အလင်းထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် ၊ အကန့်အသတ်မရှိသော အလင်းမိုးများသည် အမတလောက၏ အနက်ရှိုင်းဆုံးအရပ်မှ ပွင့်လန်းဖြာထွက်လာခဲ့သည်။
ကောင်းကင်ယံမှ ကြယ်စင်များ ကြဲဖြန့်ထားသည့်အလား ၊ ၎င်းတို့သည် အသက်သွင်းခံလိုက်ရသကဲ့သို့ စူးချန်ကဲ၏ဆဲလ်များဆီသို့ စီးဝင်လာခဲ့သည်။
နက်နဲ့သိမ်မွေ့သော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် အမတလမ်းစဉ်၏ အလိုဆန္ဒတို့ကို ဖြစ်ပေါ်စေကာ ၊ သူ၏ခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။
မူလက သာမန်လူသားဆန်သော ဆဲလ်များ ဖြစ်ခဲ့သော်လည်း ၊ ယခုအခါတွင် အဆိုပါလျို့ဝှက်ဆန်းကြယ်သော အမတအလိုဆန္ဒတို့၏ လွှမ်းမိုးမှုအောက်တွင် ၎င်းတို့သည် အဆက်မပြတ် ပြန်လည် ဖွဲ့စည်းတည်ဆောက်နေခဲ့ပြီး နတ်ဘုရားဂုဏ်သတ္တိများဖြင့် ပြည့်ဝလာသည့်ပုံရသည်။
အမတအလိုဆန္ဒများကို စုပ်ယူ၍ အမတခန္ဓာကိုယ်အဖြစ် ဖန်တီးနေသည့် တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပို၍ပင် ထိန်လင်းတောက်ပလာသည်။
အခြားအမတများနှင့် မတူညီသည့်အချက်မှာ အခြားသူများတွင် အမတလမ်းစဉ် မှော်သင်္ကေတ အရောင်တစ်မျိုးတည်းသာ ရှိကြသည်။
ယခုအခိုက်အတန့်တွင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်နေသော မှော်သင်္ကေတများသည် အရောင်သုံးမျိုး ရှိနေခြင်းပင် ဖြစ်သည်။
အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။ စူးချန်ကဲသည် အမတအလိုဆန္ဒတို့၏ သန့်စင်ခြင်းကိုသာမက၊ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ သန့်စင်ခြင်းကိုပါ ခံယူနေခဲ့သည်။
နက်နဲသိမ်မွေ့သော စွမ်းအားသုံးမျိုး၏ လွှမ်းမိုးမှုအောက်တွင်၊
စူးချန်ကဲသည် ထာဝရစံချိန်များကို ထပ်မံချိုးဖောက်ပေတော့မည်။
အမတ၏စွမ်းအားကိုသာမက၊ နတ်ဘုရားနှင့် နတ်ဆိုးတို့၏စွမ်းအားကိုပါ ပိုင်ဆိုင်နိုင်ခဲ့သည်။
လမ်းစဉ်သုံးရပ်ကို ထိန်းချုပ်နိုင်ခြင်းသည် ဘယ်တုန်းကမှ မရှိခဲ့ဖူးသော ကိစ္စရပ်ပင်ဖြစ်သည်။
.…….
သို့သော်၊ စူးချန်ကဲ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဒဏ္ဍာရီလာ ထာဝရ စစ်မှန်အမတအဖြစ် အောင်မြင်နိုင်ရန် ကိုယ့်ဘဝကို အပ်နှင်းကာ ၊ မိမိ၏အရာတိုင်းကို ပေးဆပ်ခဲ့ကြသော လူပေါင်းမည်မျှ ရှိခဲ့လေသနည်း။
ဤလမ်းကြောင်းပေါ်၌ မဟာဧကရာဇ်မင်းများ ၊ လူ့ဘီလူးများ မည်မျှကျဆုံးခဲ့ရသနည်း။
သူတို့သည်လည်း တစ်ချိန်က ပြိုင်ဘက်ကင်းသူများဖြစ်ခဲ့ကြပြီး ၊ ခေတ်တစ်ခေတ်၏ ကံကြမ္မာအဖြစ် မော်ကြွားရသည့်ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြမည်မှာ သေချာသည်။
အဆုံးတွင် ထာဝရ စစ်မှန်အမတဖြစ်လာခဲ့သော်လည်း ၊ သို့သော် နောက်ပြန်လှည့်ကြည့်မည်ဆိုပါက အချိန်ကာလ၏ လေနှင့်သဲပွင့်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သော မိမိ၏ ညီအစ်ကိုများနှင့် ချစ်ရသူများကိုသာ တွေ့ရပေတော့မည်။
သူတို့လိုလားသော အနာဂတ်၊ သူတို့ ရှာဖွေနေခဲ့သော မဟာလမ်းစဉ်သည် အမှန်တကယ်ပင် အဓိပ္ပာယ်ရှိလေသလော။
“သို့သော်… သူတို့က သူတို့ ၊ ငါက ငါသာ ဖြစ်သည်”
“ အဆုံးမရှိသောလမ်းကို လျှောက်လှမ်းရင်း အမတအဖြစ် ဂုဏ်သတင်းကျော်ကြားမည် “
“ထိပ်ဆုံးနေရာကို တတ်ရောက်၍ ရှေးကာလများကို ကြည့်ရှုကာ ၊ တတ်လှမ်းသည် ယခုမှစ၍ စတင်ပေတော့မည် “
(T/N --- အောင်မြင်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိလာချိန် သမိုင်းတစ်လျှောက် အတွေ့အကြုံများကို သုံးသပ်ရင်း ၊ အနာဂတ်အောင်မြင်မှုသည် ယခုအချိန်ကစပြီး စတင်ပေတော့မည် )
စူးချန်ကဲ၏ တီးတိုးရေရွတ်သံအပြီးတွင် ၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များစွာသည် တုန်လှုပ်မြည်ဟည်းလျက် ၊ ကြီးမားသော သွေးစွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
အမတ၊ နတ်ဘုရားနှင့် နတ်ဆိုးစသည့် လမ်းစဉ်သုံးရပ်တို့၏ မှော်သင်္ကေတများသည် သူ၏ ဘေးတဝိုက်တွင် ဝန်းရံနေကြပြီး ၊ မဟာလမ်းစဉ်၏ မီးဖိုကြီးကဲ့သို့ စူးချန်ကဲ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေကြသည်။
စူးချန်ကဲသည် ၎င်းတို့၏အလယ်တွင် တင်ပျဉ်ခွေလျက် ရှိနေပြီး ၊သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် ကျောက်မျက်ရတနာကဲ့သို့ ကြည်လင်တောက်ပနေသည်။ မရေမတွက်နိုင်သော ရှေးကြယ်အစုအဝေးများ၏ လှည့်ပတ်မှုများသည် စကြဝဠာကြီး၏ ရစ်ပတ်ဖွဲ့နှောင်မှုကို သရုပ်ဖော်ပြနေသယောင်ယောင် ထင်ရသည်။
အပိုင်း(၅၈၉): အမတနယ်မြေ ကျရောက်လာတော့မယ် ( Part -1)
ဝုန်း !!
အမတတန်ခိုးစွမ်းအားများသည် ပို၍ ထွန်းလင်းတောက်ပလာပြီး ၊ အမျိုးမျိုးသောရူပါရုံများကို ပြောင်းလဲဖန်တီးနေသည်။
ထို့နောက်တွင် ၊ ၎င်းတို့သည် လင်းလက်တောက်ပသော နိယာမသမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားပြီး လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
မူလဇာတ်မြစ် ဗလာနိတ္ထိ ဟူသည် သုံးထောင်သော ချုပ်ငြိမ်းခြင်းပေတည်း။
ဤသည်မှာ စူးချန်ကဲ လက်ရှိ ပိုင်ဆိုင်ထားသော အလွန်အစွမ်းထက်သည့် စွမ်းအားဖြစ်ပြီး၊ သူ၏လမ်းစဉ်သည် အရာအားလုံး၏ အမြင့်ဆုံးနေရာကို ရောက်ရှိစေသော လမ်းစဉ်ဖြစ်သည်။
အတွေးတစ်ချက်တည်းဖြင့် သက်ရှိသတ္တဝါအားလုံး၏ မူလဇာစ်မြစ်ကို ချုပ်ငြိမ်းစေနိုင်သည်။
အတွေးတစ်ချက်တည်းဖြင့် မဟာလမ်းစဉ်၏ ပန်းကို ပွင့်ဖူးနိုင်သည်။
( 🍁T/ N - နက်နဲသော နိယာမတရားများကို နားလည်သဘောပေါက်ခြင်း ၊ ဖန်တီးနိုင်မှု စွမ်းအားမြင့်မားခြင်း ၊ စကြဝဠာနဲ့ နက်ရှိုင်းစွာ ဆက်သွယ်နိုင်ခြင်း …..)
အတွေးတစ်ချက်တည်းဖြင့် ၊ ထာဝရကာလတစ်ခုလုံးကို စည်းမျဉ်းချမှတ်နိုင်သည် ။
( 🍁T/ N - အတွေးနဲ့တင် အချိန်နဲ့ သမိုင်းကြောင်းကို ပြောင်းလဲပစ်နိုင်ခြင်း )
အတွေးတစ်ချက်တည်းဖြင့် ၊ လောကအရှင်သခင် ဖြစ်လာနိုင်သည်။
“ တားမြစ်ကံကြမ္မာအဖြစ် ၊ ထာဝရ ထျန်းတိ့အဖြစ် ... “
“ယခုတွင် ၊ ငါသည် အမတလမ်းစဉ်ထဲသို့ ဝင်ရောက်လာခဲ့ပြီ .. အတိတ်ကာလက ဂုဏ်သတင်းကို ပြန်လည်ထွန်းလင်းစေပြီး.... ထာဝရကာလကို ဖျက်ဆီးကာ ၊ ဒေဝလောကတစ်ခုလုံးကို နင်းချေမယ် “
“ထာဝရ စစ်မှန်အမတဖြစ်လာစေရမယ် !”
စူးချန်ကဲ၏ စကားအဆုံးတွင် ၊ သန်းပေါင်းများစွာသော မဟာလမ်းစဉ်ရောင်ခြည်တော်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ထွန်းလင်းတောက်ပလာလေသည်။
ထို့နောက်တွင် ၊ ကြီးမားကျယ်ပြန့်လှသော မဟာလမ်းစဉ်၏ ဆူနာမီလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားလေတော့သည်။
ဤအခိုက်အတန့်တွင်၊ အဆုံးမရှိ နက်နဲသိမ်မွေ့သော မဟာလမ်းစဉ်၏ပန်းများ( စကြဝဠာကြီး၏ အနှစ်သာရ၊ နိယာမတရားများ) ပွင့်လန်းလာပြီး ကောင်းကင်ယံတွင် အမြစ်တွယ်ကာ ထွန်းလင်းတောက်ပလျက်ရှိသည်။
အဆုံးတွင်၊ လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အထိ များပြားစွာ ပေါက်ဖွားလာပြီး အဆုံးမသတ်နိုင်တော့ချေ။
ဗလာနိတ္ထိ ၊ သံသရာစက်ဝန်း၊ အချိန်နှင့် အာကာသ ၊ ဖန်ဆင်းခြင်း စသည့် အဆုံးမရှိ လျို့ဝှက်ဆန်းကြယ်သော အရာများသည် ဤအချိန်တွင် ထင်ရှားစွာဖြင့် ထွက်ပေါ်လာသည်။
မဟာလမ်းစဉ်၏ တုန်လှုပ်မြည်ဟည်းသံနှင့်အတူ၊
အမတ၊ နတ်ဘုရား၊ နတ်ဆိုးတို့၏ အသွင်ပုံရိပ်များသည် ဤအခိုက်အတန့်တွင် ၊ ကြွရောက်လာပြီး စူးချန်ကဲ၏ခန္ဓာကိုယ်၌ ပေါင်းစည်းဝင်ရောက်သွားလေတော့သည်။
…….
အဆိုပါစွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်သွားသည်နှင့် တစ်ချိန်တည်းမှာပင်။
ဘုန်း !!
အမတ လျှောက်လှမ်းတစ်ခုလုံးသည် အကြီးအကျယ် တုန်ခါသွားပြီး၊ အဆုံးမရှိသော နတ်အလင်းရောင်များသည် ထွန်းလင်းတောက်ပသော အလင်းလှိုင်းတံပိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဒါတင်မက အမတလျှောက်လှမ်းကို ဗဟိုပြု၍ ၊ အလင်းလှိုင်းတံပိုးများသည် တိုက်မြေသုံးထောင်တစ်ခုလုံးဆီသို့ အရူးအမူး ပျံ့နှံ့ရိုက်ခတ်သွားခဲ့သည်။
အလင်းလှိုင်းတံပိုးများ ရိုက်ခတ်ဖြတ်သန်းသွားသော နေရာတိုင်းတွင် ၊ တိုက်မြေ သုံးထောင်ရှိ နိယာမတရားများသည် သံစုံတီးဝိုင်းသဖွယ် ဟောက်သံပြုလို့နေသည်။
မိုးကောင်းကင်မှ အဆုံးမရှိသော အလင်းတန်းများ ကျရောက်လာပြီး ၊ လောကကြီးတစ်ခုလုံးသည် ထိန်လင်းတောက်ပလို့နေခဲ့သည်။
“ဒါက.... ဘုရားရေ! တိုက်မြေသုံးထောင်ရဲ့ နိယာမတွေက အသွင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာပဲ “
“ဒါက အမတအလိုဆန္ဒပဲ ! တကယ်ကို အမတအလိုဆန္ဒပဲ !!”
“ ခေတ်ကာလအဆုံးသတ်နောက်ပိုင်း ... ပထမဆုံးသော ထာဝရ စစ်မှန်အမတ ပေါ်ထွန်းလာခဲ့ပြီလား “
“ မမှားနိုင်ဘူး.... မမှားနိုင်ဘူး!!”
“ သေချာပေါက် ချန်ကဲထျန်းတိ့ပဲ ဖြစ်ရမယ် ! ချန်ကဲ ထျန်းတိ့ အမတဖြစ်သွားပြီ !”
“……..”
တိုက်မြေသုံးထောင်တစ်ခုလုံးရှိ ကျင့်ကြံသူများနှင့် သက်ရှိသတ္တဝါအားလုံးသည် လောကကြီး၏ပြောင်းလဲမှုကို စောင့်ကြည့်ရင်း၊ ၎င်းတို့၏မျက်လုံးများသည် အကြောက်တရားများ ၊ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုနည်းတူစွာ၊ ကွေးယွမ်သူတော်စင်နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်း၌ ၊
ဘိုးဘေးများ အားလုံးသည် ဖြစ်ပေါ်နေသော အဆုံးမရှိသော ထူးဆန်းသည့်မြင်ကွင်းများကို စောင့်ကြည့်နေကြသည်။
ကျယ်ပြန့်လှသော တိုက်မြေသုံးထောင်တစ်ခုလုံးသည် ရွှေဝါရောင်အလင်းများဖြင့် လွှမ်းခြုံနေပြီး ထိန်လင်းတောက်ပနေခဲ့သည်။
အမတအလိုဆန္ဒတို့သည် ကောင်းကင်ပြင်တစ်ခွင် လွင့်မျောပျံ့လွင့်နေခဲ့ပြီး ၊ မူလက ခန်းခြောက်နေခဲ့သော မဟာလမ်းစဉ်၏ နိယာမတရားတို့သည် အဆိုပါစွမ်းအားများ၏ သန့်စင်မှုအောက်တွင် ပို၍ ပြည့်စုံလာသည်။
“တိုက်နယ်မြေ ပြန်လည်ရှင်သန်လာခဲ့ပြီ ၊ အမတအလိုဆန္ဒတွေလည်း ပြန်လည်ပေါ်ထွန်းလာခဲ့ပြီ ၊ နိယာမတရားတွေလည်း ပြီးပြည့်စုံလာပြီ......”
“ သေချာတယ် ဒါဟာ ချန်ကဲထျန်းတိ့ အမတဖြစ်ဖို့ စတင်နေပြီ ... အမတနယ်မြေ ကျရောက်လာတော့မယ် ....”
“အမတလျှောက်လမ်း၊ အမတနယ်မြေ... အခုကစပြီး တိုက်မြေသုံးထောင်ဟာ စက္ကူပေါ်က ဒဏ္ဍာရီပုံပြင်တင် မဟုတ်တော့ဘဲ.... ခေတ်သစ်ကို စတင်တော့မယ် “
“……..”
ကွေးယွမ်သူတော်စင်နယ်မြေရှိ ဘိုးဘေးများသာမက ၊ တိုက်မြေသုံးထောင်ရှိ အင်အားစုအားလုံး၏ ဘိုးဘေးများပင်လျှင် သီးသန့်ကျင့်ကြံအားထုတ်နေရာမှ ထွက်လာကြသည်။
ဘယ်နေရာကိုပင်ကြည့်ကြည့် ၊ ထိန်လင်းတောက်ပနေပြီး အမတတန်ခိုးစွမ်းအား၏ အလင်းရောင်များက လောကတစ်ခွင်လုံးကို ခြယ်လှယ်နေခဲ့သည်။
မိုးကောင်းကင်မှ အလင်းမိုးများရွာကျနေပြီး၊ အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် အဆက်မပြတ်စုဝေးကာ မျောလွင့်နေကြသည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်ပြင်၌ တိမ်တိုက်များသည် ထူထပ်စွာဖြင့် မျောလွင့်နေပြီး ၊ မြေပေါ်၌ ရွှေကြာပန်းများ ပွင့်ဖူးလာသည်။
အထက်ကောင်းကင်တွင် အရောင်အသွေးစုံသော မဟာလမ်းစဉ်၏ နိယာမစည်းမျဉ်းများသည် မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။
အရောင်အသွေးစုံသော အလင်းကန့်လန့်ကာများကြား ၊ ခမ်းနားထည်ဝါသော အမတမျှော်စင်နန်းဆောင်များ၏ အသွင်ပုံရိပ်များသည် တဖြည်းဖြည်း ထင်ရှားလာသည်။
ရိုက်ခတ်လှုပ်ရှားနေသော အမတလမ်းစဉ်မြစ်သည် အထက်ကောင်းကင်တွင် တရွေ့ရွေ့စီးဆင်းနေသည်မှာ လျို့ဝှက်ဆန်းကြယ်ပြီး ကျယ်ပြောသော ကမ္ဘာကြီးတစ်ခုလိုပင်။
(T/N - အမတလမ်းစဉ်မြစ် - အမတလမ်းစဉ်နှင့် သက်ဆိုင်သော ပင်မအရင်းအမြစ် )
ဝီ~!!
အမတရောင်ခြည်များသည် တလက်လက် တောက်ပနေပြီး ၊ ရွေ့လျားလှုပ်ရှားနေသော ရောင်စုံတိမ်တိုက်များထဲတွင် ပျံဝဲနေကြသော အမတငှက်များ ၊ မိုးများသွန်းချနေသည့် နဂါးများ ၊ ကောင်းချီးပေးသော သားရဲများနှင့်အတူ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများသည် လူတိုင်း၏ မျက်စိအောက်တွင် မြန်မြန်ဆန်ဆန် ရောက်ရှိလာသည်။
လူကို ပို၍ထူးဆန်းစေသည်မှာ၊
အမတနန်းဆောင်များပေါ်တွင် တစ်ကိုယ်လုံး ထိန်လင်းတောက်ပလျက် ကြီးကျယ်ခမ်းနားသော ရုပ်သဏ္ဍာန်များ ရပ်နေကြပုံပေါ်သည်။
မန္တန်သံနှင့် သက္ကတသံစဉ်များ ရောယှက်နေသည်မှာ နတ်ဘုရားများ၏ တီးတိုးရွတ်ဆိုသံနှင့် တူလှသည်။
ခမ်းနားထည်ဝါသော အမတစွမ်းအားများနှင့် အမတရောင်ခြည်တော်တို့သည် အထက်ကောင်းကင်တွင် ပျံလွင့်နေသည်မှာ အမတများ ကြွမြန်းလာသကဲ့သို့ပင်။
ထိုသူတို့သည် မှုန်ဝါးဝါးအသွင်ပုံရိပ်မျှသာ ဖြစ်သော်လည်း သို့သော် လူတို့အား အဆုံးမရှိသော စိတ်လှုပ်ရှားမှုကို ဖြစ်စေသည်။
အဆိုပါလျို့ဝှက်ဆန်းကြယ်သော အသွင်ပုံရိပ်များ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို တိုက်မြေ သုံးထောင်တစ်ခုလုံးသည် နောက်တစ်ကြိမ် ပြောင်းလဲမှုဖြစ်စဉ်များကို ကြုံတွေ့ခဲ့ရသည်။
နေ လနှင့် ကြယ်တာရာများ ၊ တောင်တန်းများနှင့် မြစ်ချောင်းများ၊ ဌက်များနှင့် တိရစ္ဆာန်များ ၊ သစ်ပင်ပန်းပင်များနှင့်ပိုးမွှားများ စသည်တို့သည် ဤကြီးကျယ်ခမ်းနားသော စွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင်၊ အရည်အသွေး ဆင့်ကဲပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး၊
လောကရှိ ဝိညာဉ်စွမ်းအင်နိယာမတရားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြီးပြည့်စုံသော အခြေအနေတစ်ခုအဖြစ် ပြောင်းလဲရောက်ရှိလာခဲ့သည်။
……..
အပိုင်း(၅၈၉): အမတနယ်မြေ ကျရောက်လာတော့မယ် ( Part -2)
ဤမြင်ကွင်းသည် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များကိုပင် မျက်ရည်ကျစေခဲ့ပြီး ၊ အချို့မှာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ကြသည် ။
“အမတနယ်မြေ ကျရောက်လာတော့မယ်! အမတနယ်မြေ ကျရောက်လာတော့မယ်!”
“အစ်ကိုကြီး! အဖေ! အမေ! ယန်အာ ! ဟောက်အာ ! မင်းတို့မြင်ရဲ့လား!? မင်းတို့မြင်ရဲ့လား!?”
“ငါ အမတလျှောက်လမ်းကို မလျှောက်လှမ်းရသေးပေမယ့် ဒါပေမဲ့ ငါဟာ ဒဏ္ဍာရီလာ ထာဝရ စစ်မှန်အမတဖြစ်နိုင်မယ့် အလားအလာ ရှိခဲ့ပြီ... မသေမျိုးအဖြစ် ဘယ်တော့မှ မပျက်စီးနိုင်တော့ဘူး !”
ပိန်လှီသော အဖိုးအိုတစ်ဦးသည် မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ကာ ငိုကြွေးနေလေ၏။
သူ၏အမည်မှာ ချန်ရွှယ်တာအိုသခင် ဖြစ်ပြီး၊ သူသည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက လူသားလမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်ကို ကျော်လွန်ခဲ့သော လွတ်မြောက်သူတစ်ဦး ဖြစ်သည်။
မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက ၊ သူသည် ဒဏ္ဍာရီလာ မသေမျိုး အမတတစ်ပါးဖြစ်ရန်အတွက် မဟာလမ်းစဉ်လမ်းကြောင်းပေါ်တွင် ရှေ့ဆက်ခရီးနှင်ခဲ့သည်။
သူ၏မိဘဇနီးဖြစ်သူတို့သည် အရည်အချင်း မလုံလောက်မှုကြောင့် မဟာလမ်းစဉ်လမ်းကြောင်းပေါ်တွင် ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီပင်။
ယခုတွင်မူ၊ သူသည် အမတဖြစ်လာနိုင်မည့် အခွင့်အလမ်းကို မြင်ခဲ့ရသော်လည်း ၊ သို့သော် ..သူမှလွဲ၍ ဤကမ္ဘာပေါ်တွင် အခြားမည်သူမျှ မကျန်ရစ်ခဲ့တော့ပေ။
“ဟားဟား... အမတနယ်မြေ... အမတနယ်မြေ ကျရောက်လာပြီ!”
“ချန်ရှန်းဂိုဏ်း၊ ဆရာသခင် ၊ ပိုင်လင် ... နောက်ဆုံးတော့ အမတနယ်မြေကို မြင်ခွင့်ရခဲ့ပြီ”
တစ်ခေါင်းလုံး ဖြူဖွေးနေသော နောက်ထပ် အဘိုးအိုတစ်ဦးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
“ချန်ရှန်းဂိုဏ်း၊ ငါတို့ ချန်ရှန်းဂိုဏ်းက နောက်ဆုံးတော့ အမတတစ်ပါးကို မွေးထုတ်ပေးနိုင်တော့မယ်!”
“အားလုံးပဲ... မင်းတို့ စိတ်အေးလက်အေးနဲ့ သွားနိုင်ပြီ “
သူသည် ရယ်မောရင်းဖြင့် ၊ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။
သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျက်ဆီးသွားခဲ့ပြီဖြစ်သော ချန်ရှန်းဂိုဏ်း၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်သည်။
အချိန်ကာလတို့ ကြာမြင့်ခဲ့သည်နှင့်အမျှ အရာအားလုံးတို့သည် ပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ညီအစ်ကိုများ ၊ သူ၏ဆရာသခင် ၊ သူ၏တပည့်များနှင့် ခေတ်ကာလပေါင်းများစွာ အတူရှိခဲ့ကြသော မိတ်ဆွေအပေါင်းတို့သည် ကွယ်လွန်သွားခဲ့ပြီး အချိန်ကာလ၏အမှတ်တရအဖြစ်သာ ကျန်ရစ်ခဲ့လေသည်။
မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက်တွင် ၊ နောက်ဆုံးမှာတော့ သူသည် အမတနယ်မြေ၏ ပေါ်ထွက်လာမှုကို မျက်မြင်ကြုံတွေ့ခဲ့ရချေပြီ။
သို့သော် သူသည် ထာဝရ စစ်မှန်အမတအဖြစ် အောင်မြင်ခဲ့သော်ငြား ၊ ဤလောကတွင် သူသိကျွမ်းသူ တစ်ဦးတလေမျှ မရှိတော့သလို၊ သူ့အနားတွင် အဖော်ပြုမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
တစ်ချိန်တည်းမှာပင်၊ တိုက်မြေ သုံးထောင်တစ်ခုလုံးသည် အမတနယ်မြေ၏ ထွက်ပေါ်လာမှုမြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။
လူတိုင်း၏ စိတ်ထဲတွင် ခံစားမျိုးစုံဝင်ရောက်လာကာ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်များဖြစ်ပေါ်လာကြသည်။
သူတို့သည် ဤခေတ်ကာလအထိ အသက်ရှင်ကျန်ရစ်ခဲ့ပြီး၊ ဒဏ္ဍာရီလာ အမတနယ်မြေ၏ ထွက်ပေါ်လာမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
……
ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားသော လွတ်မြောက်သူတစ်ဦးသည် ခါးတွင်ချိတ်ဆွဲထားသော အရက်ဗူးကို ထုတ်ကာ အားရပါးရ မော့သောက်လိုက်သည်။
သူ၏ နှုတ်ကနေ တီးတိုးရွတ်ဆိုနေခဲ့သည်။
“ နောက်ပြန်လှည့်ကြည့်လျှင်ဖြင့်... ချစ်ရသူကို ထာဝရ ဆုံးရှုံးခဲ့လေပြီ...”
ထိုစကားသံအဆုံးတွင် ၊ သူ၏အရက်အိုးထဲက အရက်တစ်ဝက်ကို ရှေ့တွင် လောင်းချလိုက်သည်။
သူ၏ကိုယ်ဟန်မှာ ယိုင်နဲ့နဲ့ဖြစ်နေသည်။
မူးနေသလား ဝမ်းနည်းနေသလား မသိ။
“ မျက်စိရှေ့ကမြင်ကွင်းတို့သည် မနေ့ တစ်နေ့ကလို ထင်ရသော်လည်း ၊ လွမ်းဆွတ်ရသော မိတ်ဆွေဟောင်းတို့သည် အရင် သွားခဲ့လေပြီ”
“ ဆောင်းဦး မိုးသစ်ခက်များကို ငါနဲ့အတူ ကြည့်ရှုရန် အဘယ်သူများ ရှိဦးမည်နည်း”
“ အတူတူ ခရီးဆက်ခဲ့ပါသော်လည်း ၊ အခုတော့ ဘယ်မှာမှ ရှာမတွေ့တော့ချေပြီ!”
ထိုအနှီလွတ်မြောက်သူသည် ဤစကားများကို ညည်းညူရင်း ၊ အရက်အိုးထဲက နောက်ဆုံးအရက်ကို အကုန်မော့လိုက်သည်။
တောက်..တောက်...
ရေစက်ကျသံသည် တိုးညှင်းစွာ ထွက်ပေါ်လာသည်။
ထိုအနှီလူ၏ မျက်လုံးထောင့်မှ ကြည်လင်တောက်ပသော မျက်ရည်စက်များသည် အောက်သို့ စီးကျသွားသည်။
အထီးကျန်ဆန်သော ကျောပြင်တစ်ခုသာ မြင်လိုက်ရပြီး ၊ အဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
ဖြစ်နိုင်သည်မှာ -
သူသည် လောကသားများ ထင်ထားသည့်အတိုင်း စစ်မှန်အမတ အဖြစ်သို့ ကူးပြောင်းသွားခဲ့လေပြီ။
သို့မဟုတ် ဤအတိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လက်ရှိ သူစိတ်ထဲကအတွေးအတိုင်း ၊ ပျောက်ကွယ်သွားပြီ ဖြစ်သော သူ၏စွဲလမ်းမှုကို ရှာဖွေရန် ထွက်ခွာသွားပေမည်။
သို့သော်လည်း၊ ယခုတွင်မူ အမတနယ်မြေ၏ ထွက်ပေါ်လာမှုကြောင့် သူ၏နောင်တများသည် အတိတ်ကာလ၏လေညှင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားပေလိမ့်မည်။
……..
အမတနယ်မြေ၏ ပေါ်ထွက်မှုသည် လူတိုင်းအတွက် စိတ်ခံစားချက် အမျိုးမျိုးဖြစ်စေသည်မှာ သေချာသည်။
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တိုင်တွေ့ရှိရန် ခေတ်ကာလအဆက်ဆက် လူပေါင်းမည်မျှအားထုတ်ကြိုးပမ်းခဲ့လေသနည်း။
ယခုအခါတွင် အမတနယ်မြေ၏ ပေါ်ထွက်လာမှုသည် ဒေဝလောကကြီးတစ်ခုလုံးကို တစ်ဖန်ပြန်လည်စတင်ရန် နိမိတ်ပြလိုက်သလိုပင်။
သို့သော်လည်း အမတဖြစ်လာခြင်းသည် နောက်ဆုံးပန်းတိုင်မဟုတ်။
နောက်လာမည့် အကျပ်အတည်းများတွင် ၊ လောကအမြင်၌ မသေနိုင် မပျက်စီးနိုင်သော အမတ ဖြစ်လျှင်တောင် ၊ ပျက်သုန်းခြင်း၏ အကြပ်အတည်းကို ရင်ဆိုင်ရပေလိမ့်မည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ယင်ကောင်ငယ်မျှသာ ဖြစ်သကဲ့သို့ ၊ အမတများသည်လည်း ထိုနည်းတူစွာပင် ခြွင်းချက်ရှိမည်မဟုတ်။
သို့သော် တိုက်မြေသုံးထောင်ရှိ လူအများ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက ၊
တိုက်မြေသုံးထောင်ရှိ လော့ဟယ်ဓားဂိုဏ်းတွင် ၊
လက်ရှိအချိန်တွင် နေရာတစ်ခုလုံးက ဆိတ်ငြိမ်စွာဖြင့် ရှိနေသည်။
ဤနှစ်များအတွင်း၊ တိုက်မြေ သုံးထောင်သည် စစ်ပွဲကြီးငယ်များစွာကို ကြုံတွေ့ခဲ့ရသည်။
မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အင်အားစုများစွာ ပျောက်ကွယ်သွားခဲ့သည်။
ဥပမာအားဖြင့် အင်အားကြီးမားသော မျိုးနွယ်စုများဖြစ်သည့် ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်း ၊ ရှေးနဂါးမျိုးနွယ်စု ၊ ရှေးဖီးနစ်မျိုးနွယ်စု အစရှိသော အင်အားစုများစွာသည် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီး၊ လောကတွင် အရိပ်အယောင်ပင် မကျန်ရစ်ခဲ့ပေ။
သို့ရာတွင် ၊ လော့ဟယ်ဓားဂိုဏ်း၏ ဓားသမားများသည် ၎င်းတို့၏ အဓိကတပည့်အများစုကို ထိန်းသိမ်းနိုင်ခဲ့သည့်အပြင် စိတ်ကျေနပ်ဖွယ်ရာ ဘဝများကိုပါ ပိုင်ဆိုင်ရရှိခဲ့သည်။
ဤသည်မှာ ဝူကျီအောက်ထျန်းရေးသားခဲ့သော ကုံ ကျမ်းစာအုပ်၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ လော့ဟယ်ဓားဂိုဏ်းသည် မူလအစက မကျေနပ်ရင် ချက်ချင်းတိုက်ခိုက်တတ်သော ဓားလမ်းစဉ် ဂိုဏ်းအဖွဲ့အစည်းမှ ယခုအခါတွင် အခြေအနေမဟန်ရင် ရှောင်ပုန်းတတ်သော လိမ္မာပါးနပ်သော ဂိုဏ်းအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
……..
အပိုင်း(၅၉၀): ကုံ ကျမ်းစာ : မျိုးရိုး - စူး ၊ အမည် - ချန်ကဲဆိုတဲ့လူကို တွေ့ရင် ဖင်ပိတ်ပြီးပြေးပေတော့
လော့ဟယ်ဓားတောင်ပေါ်တွင် ၊
ဝူကျီအောက်ထျန်းသည် လေတဖြူးဖြူး တိုက်ခတ်နေသော နေရာတွင် လေညင်းခံလျက် ရှိနေသည်။ သူ၏ ဝတ်စုံသည် တဖျပ်ဖျပ် ခတ်နေပြီး ဆံနွယ်များက လေထဲတွင် လွင့်မျောနေသည်။
သူသည် ပြည့်စုံလာသော တိုက်မြေ သုံးထောင်ရှိ လောကနိယာမများကို ကြည့်ရင်း ၊ တစ်ဖန် အထက်ကောင်းကင်ရှိ အမတနယ်မြေ၏ မြင်ကွင်းပုံရိပ်များကို ငေးမျှော်ကြည့်ရှုလိုက်သည်။
ဝူကျီအောက်ထျန်းသည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် သူသည် ခေတ်ကာလ၏ ဝမ်းနည်းစရာ အဖြစ်အပျက်များကို ဝမ်းနည်းငိုကြွေးနေခြင်း မဟုတ်။
“ အတော်လေး ဉာဏ်ကောင်းတဲ့ငါ.... ဒီနှစ်တွေမှာ ငါ့ ကုံကျမ်းစာအုပ်ရဲ့ အနှစ်သာရ သဘောတရားတွေကို အပြည့်အဝ ကျင့်သုံးနိုင်ခဲ့တာပဲ “
“မဟုတ်ရင်၊ ဒီအချိန်လောက်ဆို ငါ့အုတ်ဂူပေါ်က မြက်ပင်တွေတောင် အမြင့်ကြီးဖြစ်နေလောက်ပြီ “
ထိုသို့ဆိုလိုက်ရင်း၊ ဝူကျီအောက်ထျန်းသည် သူ့ ရင်ဘတ်ထဲကနေ အဝါရောင်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
၎င်းအပေါ်တွင် ထင်ထင်ရှားရှား ရေးသားထားသော စာလုံးသုံးလုံးရှိသည် - ကုံ ကျမ်းစာ !
ဤသည်မှာ ဝူကျီအောက်ထျန်းအတွက် အကြွင်းမဲ့ ဂုဏ်ယူဝင့်ကြွားရသော လက်ရာတစ်ခုပင် ဖြစ်သည်။
စိတ်စွမ်းအားကို စာရေးကိရိယာအဖြစ် အသုံးပြုကာ ၊ ဝူကျီအောက်ထျန်းသည် သူ့စာအုပ်ထဲတွင် စတင်ရေးသားလိုက်သည်။
အချိန်အတော်ကြာ စာရေးပြီးနောက်တွင် ၊ ဝူကျီအောက်ထျန်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
မူရင်း ရေးသားထားသော ရှေးဟောင်းစာအုပ်ပေါ်တွင် ဤစကားလုံးများကို ရေးသားထားသည် ——《 ကုံ ကျမ်းစာ : တိုက်မြေ သုံးထောင် အခန်းဆက် 》
“အခု အမတနယ်မြေထွက်ပေါ်လာပြီ ... မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်လာမှာကို ကြောက်မိတယ်...”
“အချိန်တန်ရင် ၊ အမတနယ်မြေကို သွားရောက်ဖို့ လူစားထိုး စေလွှတ်ပြီး အမတနယ်မြေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို စုဆောင်းခိုင်းရမယ် “
“ အမတနယ်မြေနဲ့ ပတ်သတ်ပြီး ...《 ကုံ ကျမ်းစာ : အမတနယ်မြေ အခန်းဆက် 》 ဆိုပြီး နောက်တစ်အုပ်ရေးသားရမယ် “
ဝူကျီအောက်ထျန်း၏အမြင်တွင် ၊ သူသည် ကုံလမ်းစဉ်ကို ကျင့်သုံးသူတစ်ယောက် ဖြစ်သော်လည်း သို့သော် သူသည် ခေတ်နှင့်အညီ လိုက်လျောညီထွေရှိရပေမည်။
( T/N - ကုံလမ်းစဉ် (လျစ်လျူရှုခြင်းလမ်းစဉ်)--- စောစောစီးစီး မသေအောင် တိတ်တိတ်ပုန်း ကျင့်ကြံအားထုတ်ခြင်းလမ်းစဉ် )
တကယ်လို့များ အမတနယ်မြေမှာ တားမြစ်ချက်တွေ ရှိနေခဲ့ရင် ဘယ်လိုလုပ်မလဲ !?
တကယ်လို့များ တစ်စုံတစ်ယောက်က သူ့အပေါ်မှာ မကောင်းကြံလိုစိတ်ရှိနေခဲ့ရင်ရော !?
ထို့အပြင်၊ ကုံကျမ်းစာအုပ်၏ ပထမစာကြောင်းမှာ ဤအတိုင်းဖြစ်သည်----ကုံလမ်းစဉ်ဟူသည် ခေတ်နှင့်အညီ နေထိုင်လျက် အညစ်အကြေးများကို ရှောင်ဖယ်ကာ အနှစ်သာရကိုသာ ထိန်းသိမ်းခြင်း ဖြစ်သည်။
ဒါဘာကိုဆိုလိုတာပါလဲ?
ကုံလမ်းစဉ်လည်း ခေတ်နဲ့အညီ နေထိုင်ရမယ်လို့ ဆိုလိုတာပဲလေ !
ကျင့်ကြံသူမိတ်ဆွေများအနေဖြင့် ၊ ကုံ ကျမ်းစာအုပ်၏ အကြောင်းအရာအပြည့်အစုံကို သိရှိလိုပါသလား?
များလွန်းတယ်!
များလွန်းလို့ သူ့အနေနဲ့ ပြောပြရမှာတောင် ပျင်းတယ်!
ဒါပေမဲ့ နောက်ဆုံးတစ်ကြောင်းကိုတော့ ပြောပြပေးလိုက်မယ် --- မျိုးရိုး - စူး ၊ အမည် - ချန်ကဲဆိုတဲ့ ဒီလူက လှည့်စားတတ်တယ်လို့ သံသယရှိတယ် ၊ တွေ့ခဲ့တယ်မလား ဖင်ပိတ်သာပြေးပေတော့ !
……..
ထိုအချိန်တွင်။
ယောင်ချီတိုက်မြေ ၊ ယောင်ချီသူတော်စင်နယ်မြေ၌
အမတနယ်မြေ၏ ရောက်ရှိလာမှုနှင့်အတူ၊ ယောင်ချီ သူတော်စင်နယ်မြေရှိ အထက်ကောင်းကင်ယံ၌ နီညိုရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော မှော်သင်္ကေတများသည် ပြိုးပျက်စွာ တောက်ပနေပြီး ၊ ကောင်းချီးပေးသော သားရဲများက ၎င်းတို့၏ရောင်ခြည်များကို သွန်းလောင်းချနေသည်။
သို့ရာတွင် ယောင်ချီ သူတော်စင်နယ်မြေမှ တပည့်များ နှင့်အကြီးအကဲများသည် ဤမျှ ဆန်းကြယ်သောမြင်ကွင်းကို လုံးဝမှ အလေးမထားဘဲ ခန်းမဆောင်ကြီး၏ရှေ့၌ စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
“လော့နတ်ဘုရားမ ဝင်သွားတာ လအနည်းငယ် ကြာသွားပြီ..ဘာလို့လှုပ်ရှားမှု မရှိသေးတာလဲ ? တစ်ခုခုများ ဖြစ်နေလား “
“ ပါးစပ်ပိတ်စမ်း! စကားမပြောတတ်ရင် မပြောနဲ့ ! လော့နတ်ဘုရားမရဲ့ ပါရမီနဲ့ အရည်အချင်းအရ တစ်ခုခုဖြစ်စရာလား “
“ အခု အမတနယ်မြေ ထွက်ပေါ်လာပြီ ၊ လော့နတ်ဘုရားမရဲ့ ပါရမီအရ ၊ သူမက သေချာပေါက် စစ်မှန်အမတ ဖြစ်လာလိမ့်မယ်!”
“…….”
တပည့်များသည် သူသူကိုယ်ကိုယ် ဆွေးနွေးနေကြသည်။
သူတို့စောင့်ဆိုင်းနေသော ခန်းမကြီးသည် ယောင်ချီသူတော်စင်နယ်မြေ၏ အဓိကခန်းမဆောင်ဖြစ်သော ယောင်ချီ အမတခန်းမဆောင် ဖြစ်သည်။
ယောင်ချီ အမတခန်းမဆောင်အတွင်းတွင် ၊ ယောင်ချီ သူတော်စင်နယ်မြေတစ်ခုလုံးရှိ နိယာမ စွမ်းအားများ စုဝေးလျက်ရှိသည်။
ဤမျှပြင်းထန်သော စွမ်းအားများ၏ ကောင်းချီးပေးမှုအောက်တွင် ၊ လော့ရန်ယွီသည် သူမ၏ချုပ်နှောင်မှုများကို ချိုးဖျက်နိုင်ခဲ့ပြီး မြင့်မားသော နယ်ပယ်အဆင့်ကို တတ်လှမ်းရန် အခွင့်အရေးရှိခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ယောင်ချီ သူတော်စင်နယ်မြေ၏ အရှင်သခင်ဖြစ်သူမှာ စိုးရိမ်ပူပန်နေပုံရသည်။ ထိုစဥ် သူမ၏ ဘေးနားတွင် ရှိနေသော ယောင်ချီ သူတော်စင်နယ်မြေ၏ဘိုးဘေးတစ်ဦးက တရိုတသေ မေးမြန်းလိုက်သည်။
“ ဘိုးဘေး.... အခု အမတနယ်မြေလည်း ကျရောက်လာပြီ ၊ ရန်ယွီက ခုထိ မထွက်လာသေးဘူး..ဘယ်လိုလုပ်သင့်လဲ “
“အထက်က လူကြီးတွေ အပြစ်တင်နေမလား”
ဤမျှများပြားလှသော နိယာမစွမ်းအားများ၏ အကူအညီအောက်တွင် ၊ ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ဝက်တစ်ကောင်တောင်ပင် ကျင့်ကြံအားထုတ်မည်ဆိုပါက လွတ်မြောက်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်သည်။
သို့သော် ၊ လော့ရန်ယွီသည် အဘယ်ကြောင့် လှုပ်ရှားမှုမရှိသနည်း။
ထိုစကားကို ကြားတော့ ဘေးနားတွင် ရှိနေသော နောက်ဘိုးဘေးတစ်ဦးက ပြုံးရယ်ကာ ဆိုလိုက်သည်။
“စိုးရိမ်စရာမလိုပါဘူး ၊ ရန်ယွီရဲ့ ရောင်ဝါကနေတဆင့် ငါ ခံစားသိရှိနိုင်တယ်”
“ ဒီတစ်ခေါက် တံခါးပိတ်လေ့ကျင့်တာ သူမအနေနဲ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရမယ်ဆိုတာ ငါ ယုံကြည်တယ် ၊ ငါတို့ သတင်းကောင်းကို အေးအေးဆေးဆေး စောင့်ကြည့်ကြတာပေါ့ “
ထို့အပြင် ၊ အမတနယ်မြေရှိ ယောင်ကွမ်အမတဂိုဏ်းမှ ဘိုးဘေးသည် သူတို့ကို ညွှန်ကြားထားပြီးဖြစ်သည်။ ၎င်းတို့သည် လော့ရန်ယွီအား ယောင်ကွမ်အမတဂိုဏ်းသို့ ခေါ်ဆောင်ကာ ဆက်ခံသူတစ်ယောက်အဖြစ် ဆက်လက်တင်မြှောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
အမတနယ်မြေနှင့် တိုက်မြေ သုံးထောင်ရှိ နိယာမများ အပြည့်အဝ ပေါင်းစည်းသွားပြီး ကမ္ဘာနှစ်ခု အပြည့်အဝ ဆက်သွယ်သွားသည့်နှင့် ၊ သူတို့သည် လော့ရန်ယွီအား အမတဂိုဏ်းထဲသို့ ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်မည် ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် ၊ ဤကိစ္စသည် အကြောင်းရင်း နှစ်ချက်ကြောင့် ဖြစ်သည်။
ပထမအချက်မှာ လော့ရန်ယွီ၏ ကြီးမားထက်မြက်သော ပါရမီနှင့် နားလည်နိုင်စွမ်းသည် အမတနယ်မြေတစ်ခုလုံးတွင်ပင် ထိပ်ဆုံးများထဲမှ တစ်ဦးဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ဒုတိယအချက်မှာ သူမသည် စူးချန်ကဲ အချစ်ရဆုံးသူ အလှလေးတစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
စူးချန်ကဲရဲ့ အထောက်အထားက ဘာလဲ ၊ သူတို့ ယောင်ကွမ်အမတဂိုဏ်းက မသိစရာလား!?
အမတနယ်မြေရဲ့ ခေါင်းဆောင် ၊ တားမြစ် အင်အားစုသုံးဖွဲ့ရဲ့ ဆက်ခံသူလေ !!
ဘယ်ခေတ်ကမှ မရှိခဲ့တဲ့ အတုမရှိတဲ့ ပါရမီ၊ အမတ နယ်မြေတစ်ခုလုံးမှာတောင်မှ လက်တစ်ဆုပ်စာလောက်ပဲ ရှိနိုင်တယ် !
ဒီလောက်ထိ အဖိုးတန်တဲ့ရတနာလေးကို လက်လွတ်ခံရအောင် သူတို့ ယောင်ကွမ်အမတဂိုဏ်းက အရူးမှ မဟုတ်တာ!!
ဒါတင်ပဲလား ၊ ကွေးယွမ်အမတဂိုဏ်း နဲ့ တားမြစ် စူးမိသားစုရဲ့ အာဏာက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ သူတို့ မသိဘဲနေမလား!?
မကြာသေးခင်က ရထားတဲ့သတင်းအချက်အလက်အရ ၊ စူးချန်ကဲက ထျန်းချီတိုင်းပြည်က ထျန်းရှီဘုရင်မနဲ့တောင် ဆက်နွယ်မှုရှိသတဲ့လေ !!
ယခင်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီးမှတစ်ဆင့်၊ သူတို့သည် တားမြစ် စူးမိသားစု ၊ ကွေးယွမ်အမတဂိုဏ်းနှင့် ဆက်သွယ်မှုများ ရရှိထားပြီးဖြစ်သည်။
လက်ရှိတွင် လော့ရန်ယွီနှင့် စူးချန်ကဲတို့၏ ဆက်ဆံရေးသည် ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ သူတို့သည် မီးစာထဲသို့ လောင်စာထည့်ပေးခြင်းအားဖြင့် အဆုံးတွင် ထိုကဲ့သို့သော အင်အားစုကြီးများနှင့် ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်နိုင်ပေတော့မည်။
ဒီလိုလုပ်တာ သူတို့အလွန်တော့မဟုတ်ဘူးမလား?
……..
တစ်ချိန်တည်းမှာပင်။
ယောင်ချီအမတခန်းမဆောင်ထဲ၌ ၊
အမတနယ်မြေ ကျရောက်လာတော့မည့် အကြောင်းရင်းကြောင့်၊ မိုးမြေတစ်ခွင်တွင် အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒအရိပ်အယောင်များ စတင်ပေါ်ပေါက်လာခဲ့သည်။
ဝိညာဉ်စွမ်းအား ရှေးအစီအရင်ဖွဲ့စည်းမှု၏ ကောင်းချီးပေးမှုအောက်တွင် ယောင်ချီ အမတခန်းမဆောင်သည် သိမ်မွေ့နက်နဲသော အမတစည်းချက်များဖြင့် ပျံ့လွင့်နေကာ ကြည်လင်သာယာပြီး နားထောင်ကောင်းလှသည်။
မရေမတွက်နိုင်သော မဟာလမ်းစဉ်၏ ကြာပွင့်ဖက်များသည် တောက်ပသော အလင်းမိုးများအဖြစ် ဤနေရာ၌ မျောလွင့်လျက်ရှိသည်။
လှိုင်းထနေသော မြူခိုးများ၏ အလယ်တွင် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားပြီး ဖြူဖွေးချောမောလှပသော အမျိုးသမီးတစ်ဦးသည် တင်ပြင်ခွေလျက် ကျင့်ကြံအားထုတ်နေသည်။
နက်နဲသိမ်မွေ့သော နတ်အလင်းများ၏ သန့်စင်မှုအောက်တွင် ၊ လော့ရန်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်နေပုံရသည်။ သူမသည် နေရာတွင် တင်ပြင်ခွေလျက် အားထုတ်နေရုံဖြင့် ၊
လောကရှိ စည်းမျဉ်းနိယာမများသည် သူမထံသို့ လာရောက်စုဝေးနေကာ ၊ စကြဝဠာကြီးသည် သူမကို ဗဟိုပြုနေသကဲ့သို့ပင် ၊ နိယာမများသည် နေ လ ကြယ်များအဖြစ်သို့ ပြောင်းလဲ၍ သူမ၏ဘေးပတ်ပတ်လည်တွင် ဝန်းရံလှည့်ပတ်နေသည်ဟု ထင်ရသည်။