အခန်း (၅၉၁-၅၉၅)
Vol. 44 Ch. 591-595
အပိုင်း(၅၉၁): တိုက်မြေအသီးသီးမှ ထူးဆန်းသော ဖြစ်စဉ်များ ၊
စူးချန်ကဲသည် အမတလျှောက်လှမ်းသို့ ဝင်ရောက်နေချိန်အတွင်း ၊
လော့ရန်ယွီသည် အသက်အန္တရာယ်ရှိသော ယောင်ချီစမ်းသပ်မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ရုံသာမက ၊ ဤအခွင့်အရေးတွင် သူမသည် ထိပ်တန်း ကောင်းကင်လမ်းစဉ် လွတ်မြောက်သူအဖြစ်သို့ ရောက်ရှိခဲ့သည်။
ကျန်ရှိနေသေးသော အချိန်ကို အသုံးချ၍ သူမသည် ယနေ့ထိတိုင် ဉာဏ်အလင်းဝင်စားနေခဲ့သည်။
ဝီ!!
ထိုစဉ်၊ လော့ရန်ယွီ၏ ဦးခေါင်းထက်၌ ကမ္ဘာဦးအစ စွမ်းအင်များနှင့် ကြယ်တာရာများ လှည့်ပတ်စုဝေးနေသော စွမ်းအင်စက်ကွင်းတစ်ခုသည် ထိန်လင်းတောက်ပကာ ဖြစ်ပေါ်လာခဲ့သည်။
သောင်းချီလေးလံသော ဟုန်မုန်စွမ်းအင်နှင့် ကောင်းကင်ဘုံ၏ အလင်းတန်းများသည် ဤအခိုက်အတန့်တွင်၊ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။
(🍁T/N - ဟုန်မုန်စွမ်းအင် - စကြဝဠာ မတည်ရှိမီ မူလစွမ်းအင် )
ဤစွမ်းအင်စက်ကွင်းသည် လော့ရန်ယွီ၏ ဟွိုင့်တွိုင့်ကိုယ်ထည် မူလရင်းမြစ် စွမ်းအင်နှင့် အန္တိမအရိုး၏ မူလအသွေးတို့ဖြင့် စုစည်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
ရက်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုမှ တဆင့် ၊ နောက်ဆုံးတွင် လော့ရန်ယွီသည် ယင်း၏အတွင်း၌ ဆင့်ကဲပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်ကို ခံစားမိခဲ့သည်။
လော့ရန်ယွီ၏ ပန်းနုရောင်နှုတ်ခမ်းများသည် ပွင့်ဟသွားပြီး ၊ သူမသည် နူးညံ့စွာဖြင့် မန္တန်တစ်လုံးကို ရေရွတ်လိုက်သည်။
“စုစည်း!”
ဝုန်း !!
ချက်ချင်းဆိုသလိုပင် ၊ သူမ၏ပတ်ဝန်းကျင်တွင် စုဝေးနေသော နိယာမစွမ်းအားများသည် လှိုင်းလုံးကြီးများ ကမ်းခြေကို ရိုက်ခတ်သကဲ့သို့ အသံမြည်ဟီးလာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ရွှေရောင်လှိုင်းတံပိုးများကဲ့သို့ မဟာလမ်းစဉ်ရောင်ခြည်တန်းများသည် ခေတ်ကာလတစ်လျှောက်လုံး တောက်ပနေမည့် တောက်ပမှုနှင့်အတူ ထွက်ပေါ်လာသည်။
ဤစွမ်းအားများသည် ဟွိုင့်တွိုင့်ကိုယ်ထည် နှင့် အန္တိမအရိုးတို့၏ သဘောသဘာဝ စွမ်းအင်များ ဖြစ်ပေသည်။
လော့ရန်ယွီ၏ ထိန်းချုပ်မှုအောက်တွင် ၊ အဆိုပါ စွမ်းအားနှစ်မျိုးသည် ပေါင်းစည်းသွားပြီး စွမ်းအားသစ်တစ်ခုကို မွေးဖွားစေခဲ့သည်။
ဤကာလအတွင်း၌ ၊ လော့ရန်ယွီသည် သူမ၏ခန္ဓာကိုယ်အတွင်း၌ တန်ပြန်သက်ရောက်မှုများ ဖြစ်ပေါ်လာသည်ကို ခံစားမိခဲ့သည်။
သူမအနေဖြင့် ၊ ခန္ဓာကိုယ်ထဲက စွမ်းအင်အားလုံးကို အသုံးပြုမှသာလျှင် ဤစွမ်းအားနှစ်မျိုး၏ တွန်းကန်မှုကို ခက်ခက်ခဲခဲ နှိပ်ကွပ်ထားနိုင်မည် ဖြစ်သည်။
“ချန်ကဲက သူ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေနိုင်ခဲ့ပြီ....”
“ ငါဟာလည်း မွေးရာပါ ဟွိုင့်တွိုင့် ကိုယ်ထည်နဲ့ အန္တိမအရိုးတို့ကို ပိုင်ဆိုင်ထားသူပဲ ...ခေတ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ပြီး မိမိကိုယ်ပိုင် မဟာလမ်းစဉ်ကို တည်ထောင့်သင့်ပြီ...”
လော့ရန်ယွီသည် သွားများကို တင်းကျပ်စွာ အံကြိတ်ထားသည်။ သူမ၏ နက်မှောင်သော ဆံနွယ်များက မဟာလမ်းစဉ်၏ လေပြင်းတိုက်ခတ်မှုအောက်တွင် မျောလွင့်နေသည်။
သူမ၏ ကြည်လင်တောက်ပသောမျက်ဝန်းများထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်များ ရှိနေခဲ့သည်။
“ငါ.... လော့ရန်ယွီဟာ... ချန်ကဲအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရဘူး !”
“ငါဟာလည်း... ငါ့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းသင့်တယ် “
“ဟွိုင့်တွိုင့်ကိုယ်ထည်.... အန္တိမအရိုး.... ဖွင့်!”
လော့ရန်ယွီ၏ စကားသံအဆုံးတွင်။
ဝုန်း !!
ဟွိုင့်တွိုင့်ကိုယ်ထည်၏ စွမ်းအားများသည် အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။
ဟူး——!!
ယောင်ကွမ် အမတခန်းမဆောင် တည်ရှိရာ အထက်ကောင်းကင်တွင် ထုထည်ကြီးမားသော နိယာမစွမ်းအားများသည် သမုဒ္ဒရာသဖွယ် စုဝေးလာပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။
လှိုင်းတံပိုးများ လှုပ်ခတ်နေစဉ် ၊ နိယာမစွမ်းအင်သမုဒ္ဒရာကြီးအတွင်းမှ တောက်ပသော လပြည့်ဝန်းတစ်စင်းသည် ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။
ဤသည်မှာ ဟွိုင့်တွိုင့်ကိုယ်ထည်၏ ရူပါရုံမြင်ကွင်းဖြစ်သည့် ပင်လယ်ထက်က လပြည့်ဝန်း ဖြစ်သည်။
သို့သော် ရူပါရုံ မြင်ကွင်းသည် ဒါနဲ့တင် မပြီးသေးချေ။
နောက်ထပ် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော ရူပါရုံမြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော မှော်သင်္ကေတတို့၏ ဟောက်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး ၊ အဆုံးမရှိသော ခရမ်းစွမ်းအင်စီးကြောင်းသည် ဤနေရာတွင် လာရောက်ဆုံစည်းကာ အထက်ကောင်းကင်တွင် အဆက်မပြတ် စုဝေးရိုက်ခတ်နေလေ၏။
နောက်ဆုံးတွင် ၎င်းတို့သည် တောင်တန်း၊ မြစ်ချောင်းများ၏ အနှိုင်းမဲ့ ခမ်းနားသောရှုခင်းအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ယင်းပန်းချီကားပေါ်တွင် နေ၊လ၊ကြယ်၊တောင်နှင့် မြစ်များကို ရေးထွင်းထားသည်။
ထို့နောက်တွင် ၊ လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် စွမ်းအင်များသည် အောက်သို့ ဖြာကျလာသည်။
ဤသည်မှာ ဟွိုင့်တွိုင့်ကိုယ်ထည်၏ နောက်ထပ် ရူပါရုံမြင်ကွင်းတစ်ခု ဖြစ်သည့် တောတောင်ရေမြေအလှ ပင်ဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုများသည် လူတော်တော်များ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည် ။
“ယောင်ချီ သူတော်စင်နယ်မြေမှာ ဘာတွေဖြစ်နေတာလဲ... ဒီလောက်ထိတ်လန့်စရာကောင်းတဲ့ ရူပါရုံမြင်ကွင်းတွေ ဘယ်လိုဖြစ်ပြီး ပေါ်ထွက်လာတာလဲ?”
“ဒီရောင်ဝါက ဟွိုင့်တွိုင့်ကိုယ်ထည်ရဲ့ စွမ်းအားနဲ့တူတယ်! ယောင်ချီ သူတော်စင်နယ်မြေက နတ်ဘုရားမက ဒီထက်ပိုမြင့်တဲ့ နယ်ပယ်အဆင့်ကို တတ်လှမ်းတော့မှာလား “
“မဖြစ်နိုင်ဘူး.... ဒါကအဆင့်တက်တဲ့ လက္ခဏာမဟုတ်ဘူး.... သွေးသားဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နဲ့တူတယ် “
ထိုစကားသံထွက်လာသည်နှင့် ၊ မရေမတွက်နိုင်သော စွမ်းအားရှင်များစွာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သွေးသားဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် ?
လော့ရန်ယွီသည် ဟွိုင့်တွိုင့်ကိုယ်ထည်နှင့် အန္တိမအရိုးကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ အဘယ့်ကြောင့် သွေးသားဆင့်ကဲပြောင်းလဲမှုကြီး ဖြစ်ပွားရသနည်း။
သို့သော် လူတိုင်း ထပ်မံဆွေးနွေးလို့မပြီးဆုံးသေးခင် ၊
ဝုန်း !!
ကောင်းကင်ကြီးသည် ထပ်ပြီးဂနာမငြိမ်ဖြစ်ကာ အလင်းလှိုင်းတံပိုးများ ပေါက်ကွဲထွက်လာခဲ့သည်။
မဟာလမ်းစဉ်၏ ရွှေရောင်အမှတ်အသားများသည် အထက်ကောင်းကင်တွင် ရုတ်တရက် ထွက်ပေါ်လာသည်မှာ ကောင်းကင်တွင် တောက်ပလင်းလက်နေသော ကြယ်များ တစ်လုံးပြီးတစ်လုံး ဖြစ်ပေါ်လာသကဲ့သို့ပင်။
နောက်ထပ် ရူပါရုံမြင်ကွင်းတစ်ခု ကျရောက်လာမည့်ပုံပေါ်သည်။
ဝီ!!
ဤအခိုက်အတန့်တွင်၊ ကောင်းကင်မှ နတ်အလင်းများ ကျဆင်းလာပြီး နေနှင့်လသည် တစ်ချိန်တည်း ပေါ်ထွန်းလာသည်။
အလွန်လှပသော ရောင်စဉ်တန်းများသည် ယောင်ချီ သူတော်စင်နယ်မြေ၏ အထက်ကောင်းကင်အနှံ့ ဖြန့်ကျတ်သွားသည်မှာ အဆုံးမရှိသော အမှောင်ထုကို ပျောက်ကွယ်စေနိုင်သည့်အထိပင်။
ဤသည်မှာ အန္တိမအရိုး၏ ရူပါရုံမြင်ကွင်းဖြစ်သည့် ကောင်းကင်ဘုံကပ်ဘေးအလင်း ပင်တည်း။
ခရမ်းရောင်စဉ်တန်းများသည် အရှေ့အရပ်မှ ထွက်ပေါ်လာပြီး ၊ လောကကြီးသည် တုန်လှုပ်မြည်ဟည်းလျက် ရှိနေသည်။
လော့ရန်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဟွိုင့်တွိုင့်ကိုယ်ထည်၏ စွမ်းအားများက လွှမ်းခြုံထားသည်။ ဤအခိုက်အတန့်တွင် သူမသည် ကြီးမားသော အလင်းပိုးအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသလား ထင်မှတ်ရသည်။
အန္တိမအရိုး နှင့် ဟွိုင့်တွိုင့်ကိုယ်ထည်၏ စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပေါင်းစပ်ညှိနှိုင်းလျက်ရှိနေပြီး ၊ ပို၍အားကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအဖြစ်သို့ ဆင့်ကဲပြောင်းလဲကာ တိုးတတ်လာပုံရသည်။
…….
ထိုကဲ့သို့ဆန်းကြယ်သော ဖြစ်စဉ်များသည် ဤနေရာတည်းတင်သာ ဖြစ်ပွားနေခြင်းမဟုတ် ။
အမတအလိုဆန္ဒများ ပြန်လည်အသက်ဝင်လာခြင်းကြောင့် အမတနယ်မြေသည် မကြာခင် ရောက်ရှိလာတော့မည် ဖြစ်သည်။
မရေမတွက်နိုင်သော ပါရမီရှင်များနှင့် စွမ်းရည်အလွန်မြင့်မားသူများသည် ဤလျို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် မိမိ၏အသွေးအသားများကို မြှင့်တင်ခဲ့ကြသည်။
ဝုန်း !ဝုန်း !ဝုန်း !
အခြားတဖက်တွင်၊ ကွေးယွမ်သူတော်စင်နယ်မြေ တည်ရှိရာနေရာဘက်ခြမ်း၌ မရေမတွက်နိုင်သော အလင်းတန်းများသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားကြသည်။
သွေးစွမ်းအားများသည် ကောင်းကင်တစ်ခွင် ပျံ့လွင့်နေပြီး ရွေရောင်မှော်သင်္ကေတများက တဖျပ်ဖျပ် တောက်ပနေသည်။
ရိုက်ခတ်နေသော နိယာမလှိုင်းတံပိုးများကြားတွင် နဂါးများက ဟောက်သံပြုလျက်၊ ကြိုးကြာများသည် ကောင်းကင်တွင် လှည့်ပတ်ပျံသန်းလျက် မြည်တမ်းနေကြသည်။
လူတိုင်း ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေရသည့်မြင်ကွင်းများအနက် ၊ ကောင်းကင်ပြင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းထားသလား အောက်မေ့ရသော ကြာပန်းတစ်ပွင့်သည် ရိုက်ခတ်နေသော နိယာမလှိုင်းတံပိုးများကြားမှ ပေါ်ထွန်းလာခဲ့သည်။
ညင်သာစွာ လှုပ်ခတ်သွားသည်နှင့် ၊ ကြာပွင့်ချက်များပေါ်မှ အလင်းမိုးများ ရွာချလာပြီး ၊ လွင့်မျောနေသော မြူတိမ်များပေါ်တွင် ရောင်ခြည်တစ်သောင်း ဖြာထွက်လျက်ရှိသည်။
“ ဒါက.... ရှေးဟောင်းသူတော်စင် ကိုယ်ထည်ရဲ့ ရူပါရုံ ကမ္ဘာဦးအစကြာပန်းပဲ “
ရှေးခေတ် စွမ်းအားရှင်တစ်ဦးက အံ့အားသင့်စွာဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
“အဲ့ဘက်က ကွေးယွမ်သူတော်စင်နယ်မြေ ရှိတဲ့ဘက် မဟုတ်လား ၊ မဟုတ်မှလွဲရော... ဒါက ကွေးယွမ်ရဲ့ သူတော်စင်ကိုယ်ထည် ပါရမီရှင် လီဟောက်ထျန်းက အမတနယ်မြေရဲ့ ပေါ်ထွက်မှုကို အခွင့်ကောင်းယူပြီး အသွေးအသားပြောင်းလဲနေပြီလား “
လူတိုင်း အံ့အားသင့်တွေဝေနေကြစဉ် ၊
ဝုန်း !!
ထပ်မံ၍ နိယာမအလင်းတန်းသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားခဲ့သည် ။ မိုးမြေ ၊ နေလတို့၏ စွမ်းအင်များသည် ယင်းအတွင်း၌ လွင့်မျောနေပုံရသည်။
သိပ်မကြာမီ ၊ လူအုပ်ကြီးသည် ရိုက်ခတ်နေသော အလင်းလှိုင်းတံပိုးများကြားတွင် ကြီးကျယ်ခမ်းနားပြီး တောက်ပနေသော ရုပ်သဏ္ဍာန်တစ်ခုကို မြင်တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက် ပြုနေစဉ်အတွင်းမှာပင် ၊ ထောင်သောင်းချီသော လျှပ်စီးမိုးကြိုးများသည် ပြင်းပြင်းထန်ထန် ပေါက်ကွဲလာကာ အာကာသဟင်းလင်းပြင်ကို ရက်ရက်စက်စက် ချေမှုန်းပစ်လေသည်။ လှိုင်းထနေသော တာအိုစည်းချက်များက နတ်ပုဆိန်ကို ကိုင်ဆောင်ထားသော လူနတ်ဘုရားတစ်ဆူအဖြစ် စုစည်းပေါ်ပေါက်လာခဲ့ပြီး ၊ သူ၏ နတ်ပုဆိန်ကို လွှဲယမ်းလိုက်သည်နှင့် မိုးမြေတစ်ခုလုံး ကွဲထွက်သွားသည့်အလား ထင်မှတ်ရသည်။
ဤသည်မှာ ရှေးဟောင်း မျက်စံနှစ်မြွာ၏ ရူပါရုံမြင်ကွင်းဖြစ်သည့် မျက်စံနှစ်မြွာလောကကို ဖွင့်လှစ်ခြင်း ပင်ဖြစ်သည်။
ပြောစရာပင်မလို၊ ဤသည်မှာ ကွေးယွမ် သူတော်စင်နယ်မြေမှ ယဲ့လင်ထျန်းသည် မိမိ၏ အသွေးအသားများကို ပြောင်းလဲကာ ချုပ်နှောင်မှုများကို ချိုးဖျက်နေခြင်း ဖြစ်သည်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ သူတော်စင်ကိုယ်ထည်ပိုင်ရှင် သုံးဦးအနက် အမျိုးသမီးဖြစ်သူ၊ မြင့်မြတ်သော ဘုရင်ကိုယ်ထည်ပိုင်ရှင် ပီချင်းရှသည်လည်း အခြားသူများထက် အားမနည်းပေ။
နောက်တစ်ဖန် ထွန်းလင်းတောက်ပသော အလင်းတန်းတစ်စင်းသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားပြန်သည်။ ၎င်းသည် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား အရှိန်အဟုန်ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ နေ လ ကြယ်စင်တို့၏ ဖွဲ့စည်းပုံများသည် ရောယှက်နေပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် ပဲ့တင်ထပ်နေသည်။
အဆုံးတွင် ၊ နေနှင့် လ ၊ တောင် နှင့် မြစ် ၊ နန်းဆောင်များနှင့် ရဲတိုက်များ ဖြစ်ပေါ်လာသည်မှာ ရွှေရောင် တဖိတ်ဖိတ် တောက်ပနေသော နတ်ဘုရားတိုင်းပြည်ကြီးတစ်ခုနှင့် တူလှသည်။
ဤသည်မှာ မြင့်မြတ်သော ဘုရင်ကိုယ်ထည်၏ ရူပါရုံမြင်ကွင်းဖြစ်သည့် နတ်ဘုရားတို့စံရာပြည် ပင်ဖြစ်သည်။
……….
သူတော်စင်ကိုယ်ထည်ပိုင်ရှင် ပါရမီရှင်သုံးယောက်သာမက၊ တားမြစ်ချက်များ ဖြစ်သည့် စွမ်းရည်မြင့်မားသူများသည်လည်း ဤအခိုက်အတန့်တွင်၊ ၎င်းတို့၏ ချုပ်လှောင်မှုများကို ချိုးဖျက်ခဲ့ကြသည် ။
မိုးမြေတစ်ခွင်တွင် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်စဉ်များစွာ ပေါ်ထွန်းနေပြီး ၊ ရွှေရောင်တိမ်တိုက်များနှင့် ခရမ်းရောင်စဉ်တန်းများက တစ်ပြိုင်နက် ဖြစ်ပေါ်လျက်ရှိသည်။
တိုက်မြေအသီးသီးမှ မရေတွက်နိုင်သော သက်ရှိသတ္တဝါတို့သည် ဤမြင်ကွင်းများကို ပါးစပ်အဟောင်းသားဖြင့် ရပ်ကြည့်နေကြသည်။ တရားဓမ္မ၏ အဆုံးသတ်ခေတ်တွင် မိုးမြေတစ်ခွင်၌ ဤမျှကြီးကျယ်ခမ်းနားသော မြင်ကွင်းများ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူကများ စိတ်ကူးယဉ်နိုင်မည်နည်း။
သေချာသည်။ သူတို့အားလုံးသည် ဤကောင်းကင်ဖြစ်စဉ်များကို မြင်တွေ့နေရသည့် အတောအတွင်း မရေမတွက်နိုင်သော ဒဏ္ဍာရီများကို ဖန်တီးခဲ့သော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို မတွေးဘဲ နေနိုင်မည်မဟုတ်ပေ။
အမတနယ်မြေ ထွက်ပေါ်တော့မည့် ဖြစ်စဉ်များသည် မိုးမြေတစ်ခွင်၌ ဖြစ်ပေါ်နေသော်လည်း ၊ ပထမဆုံးသော စစ်မှန်အမတသည် အဘယ်ကြောင့် မထွက်ပေါ်လာသေးသနည်း။
သို့မဟုတ် စူးချန်ကဲသည် ဤကမ္ဘာမြေကြီးကို စတင်ဖန်တီးခဲ့စဉ်အချိန်က ကဲ့သို့ပင်၊ တစ်ဖန် တိုက်မြေ သုံးထောင်တစ်ခုလုံးကို လှုပ်ခတ်သွားစေမည့် အံ့ဩဖွယ်ရာ ဖြစ်ရပ်များကို ပြန်လည်ဖြစ်ပေါ်စေမည်လော။
အပိုင်း(၅၉၂): အမတမိုးကြိုးကပ်ဘေးဖြင့် ခန္ဓာကိုယ်ကို သန့်စင်စေကာ အမတခန္ဓာအဖြစ် ဖွဲ့စည်းမည်
တစ်ချိန်တည်းမှာပင်။
အမတလျှောက်လှမ်း ကမ္ဘာထဲ၌ ၊
စူးချန်ကဲသည် တင်ပျဉ်ခွေထိုင်လျက် ရှိနေပြီး၊ အမတလမ်းစဉ်၏ အလင်းမိုးများသည် သူ၏ ဘေးတဝိုက်တွင် လှိုင်းထလျက်ရှိနေသည်။
အမတဂိတ်တံခါးထဲရှိ လောကကြီးတစ်ခုလုံးသည် ကျယ်လောင်စွာ တုန်ခါနေသည်။ သူ၏ ခန္ဓာကိုယ်ကို အမတခန္ဓာအဖြစ် ဖန်ဆင်းရန် ဤလောကကြီးတစ်ခုလုံး၏ စွမ်းအားများကို စုစည်းကာ အသုံးပြုနေပုံရသည် ။
အမတ ၊ နတ်ဘုရား၊ နတ်ဆိုးစသည့် ဤစွမ်းအင်သုံးမျိုးသည် ပို၍ ခိုင်ခံ့လာပြီး ၊ စကြဝဠာတစ်ခွင်လုံးကို ရောင်ပြန်ဟပ်လျက်ရှိသည်။
သူ၏ခန္ဓာကိုယ်သည် ပို၍ပင် ထိန်လင်းတောက်ပြောင်လာကာ ၊ လောကီကို လွန်မြောက်ပြီး ဒီထက်မြင့်မားသောအဆင့်ကို တတ်လှမ်းနေပုံရသည်။
“ ထွက်သက်ဝင်သက်သည် အနှစ်တစ်သောင်း ကြာမြင့်ပြီး ၊ အတွေးတစ်ခုက ထာဝရပေတည်း....”
စူးချန်ကဲသည် သူ၏ တောက်ပသော မျက်ဝန်းတစ်စုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အဆုံးမရှိသော အမတအလင်းတို့သည် ထိုမျက်ဝန်းထဲ၌ လူးလိမ့်ရိုက်ခတ်နေသည်။
ထာဝရ စစ်မှန်အမတ ဟူသည် ဆုံးခန်းတိုင်မရှိသော သက်တမ်းကို ပိုင်ဆိုင်ထားပြီး၊ မပျက်ဆီးမယိုယွင်းနိုင်ပေ ။
အနှစ်တစ်သောင်းသည် သူတို့၏မျက်လုံးထဲတွင် မျက်စိတစ်မှိတ်မျှသာဖြစ်သည်။
သာမန်လူသားများအတွက် ဆယ်နှစ်သည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံးကို တွေ့မြင်နိုင်သလို ၊ နှစ်တစ်ရာသည် သူတို့အတွက် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေဆုံးခြင်းကို တွေ့မြင်ရပေမည်။ မင်းဆက်များသည်လည်း အနှစ်တစ်ထောင်တိုင်း ပြောင်းလဲနေသလို အနှစ်တစ်သောင်းတိုင်းမှာလည်း ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို တွေ့မြင်ရနိုင်သည်။
ထာဝရ စစ်မှန်အမတ၏မျက်လုံးထဲ၌ ၊ ဤအရာအားလုံးသည် မဟာလမ်းစဉ်လမ်းကြောင်းပေါ်ရှိ ပုံမှန်မြင်တွေ့နေရသော မြင်ကွင်းမျှသာ ဖြစ်သည်။
နာရီအနည်းငယ်ကြာ အားထုတ်ပြီးနောက်တွင် ၊ ဤအချိန်ကာလသည် သူ့အတွက်တော့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သလိုပင်။
ယခုအချိန်တွင် သူသည် ကိစ္စအချို့ကို နားလည်သဘောပေါက်လာခဲ့သည်။ လူအချို့သည် အမတခန္ဓာကိုယ်ကို မဖွဲ့စည်းနိုင်ဘဲ အဆုံးတွင် ကြွင်းကျန်အမတ အဖြစ်သို့ အဘယ့်ကြောင့် ရောက်ရှိသွားသည်ကို သူသည် နားလည်သွားခဲ့ပြီ ဖြစ်သည်။
အမတအလိုဆန္ဒကို နားလည်သဘောပေါက်ရန် ကျင့်ကြံအားထုတ်နေစဉ် အတောအတွင်း ၊ လူတိုင်းသည် မရေမတွက်နိုင်သော ခေတ်ကာလများကို ဖြတ်သန်းရပြီး၊ မရေမတွက်နိုင်သော သံသရာဖြစ်စဉ်များကို ကြုံတွေ့ရသည်။
နွေဦးလွန်၍ ဆောင်းဦးရောက်လာသည်ကို ကြည့်ရင်း ၊ဘဝ၏ မွေးခြင်း အိုခြင်း နာခြင်း သေခြင်းများကို ခံစားတွေ့ကြုံကာ လောကကြီး၏အပြောင်းအလဲများကို နားလည်ရမည်။
ထာဝရသက်တမ်းထဲသို့ ခြေမလှမ်းမီ ၊ စိတ်နှလုံးသားသည် ထာဝရ အထီးကျန်ခြင်း အဆင့်ခုနှစ်ဆင့်ကို အပြည့်အဝ လက်ခံနိုင်မှသာလျှင် ဉာဏ်အလင်းကို ရရှိပြီး အမတ အဖြစ်သို့ အောင်မြင်နိုင်မည်။
စူးချန်ကဲသည် ဤသဘောတရားကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သဖြင့် ၊ အဆုံးတွင် အမတခန္ဓာကိုယ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။
နောက်ဆုံးအဆင့်အနေဖြင့် သူသည် အမတမိုးကြိုးကပ်ဘေးကို ခံယူရန်လိုအပ်ပြီး ၊ အဆုံးတွင် အမတခန္ဓာအဖြစ် ဖန်တီးနိုင်ပေတော့မည်။
“ ဂျိန်း!!”
ရုတ်တရက်ဆိုသလို ၊ လက်ရှိနေရာ၌ အမျက်ဒေါသထွက်နေသော မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အဖျက်သဘောဆောင်သော လျှပ်စီးကြောင်းများသည် ကောင်းကင်ကြီးကိုပင် တုန်လှုပ်စေသည့် စွမ်းအားများဖြင့် ရောက်ရှိလာခဲ့သည်။
“ရောက်လာပြီလား?”
စူးချန်ကဲသည် သူ၏ဦးခေါင်းထက်တွင် တသိမ့်သိမ့် ရိုက်ခတ်နေသော လျှပ်စီးမိုးကြိုးများကို မော့ကြည့်လိုက်သည်။
ဤသည်မှာ နောက်ဆုံးသော စစ်ဆေးမှုအဆင့်ဖြစ်ပြီး၊ အခက်ခဲဆုံးသော အဆင့်ဟုလည်း ဆိုနိုင်သည်။
မိုးကြိုးကပ်ဘေးကို ခံယူပြီး ၊ သင်၏ ခန္ဓာကိုယ်အား လောကီလောကကို လွတ်မြောက်သော မပျက်စီးမယိုယွင်းစေသည့် စစ်မှန်အမတ ခန္ဓာကိုယ်ကို ရရှိမှသာလျှင် ၊ သင်သည် အမတလမ်းစဉ်ထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဝုန်း !!
ကြမ်းတမ်းစွာရိုက်ခတ်နေသော မိုးကြိုးများသည် စူးချန်ကဲအား ပြင်ဆင်ခွင့် အနည်းငယ်မျှပင် မပေးခဲ့ချေ။
ကြောက်ခမန်းလိလိ မိုးကြိုးပင်လယ်ပြင်ကြီးသည် ရွှေရောင် လျှပ်စီးကြောင်းများအဖြစ် ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၊ အမျက်ဒေါသထွက်နေသော နဂါးကြီးတစ်ကောင် ပြေးဆင်းလာသကဲ့သို့ပင် စူးချန်ကဲဆိီသို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
စူးချန်ကဲသည် ခုခံတွန်းလှန်ခြင်းမရှိခဲ့ပေ။ကြောက်စရာကောင်းသော လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ပေးခြင်းနှင့်မတူသည့်အချက်မှာ ဤလျှပ်စီးကြောင်းများ၌ အဖျက်စွမ်းအားများသာမက ဖန်ဆင်းခြင်းစွမ်းအားများလည်း ပါဝင်ပြီး ကျင့်ကြံသူ၏မူလရင်းမြစ်ကို ဆင့်ကဲတိုးတတ်ပြောင်းလဲစေနိုင်သော နိယာမတရားများရှိသည်။
ဝုန်း ——!!”
လျှပ်စီးမိုးကြိုးများ၏ ပေါက်ကွဲမှုသည် ပို၍ပြင်းထန်လာပြီး အမတဂိတ်လောကရှိ အာကာသအလွှာများကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲပစ်လိုက်သည်။ ပင့်ကူမျှင်များကဲ့သို့ လျှပ်စီးကြောင်းများသည် အက်ကွဲကြောင်းတစ်လျှောက် ပျံ့နှံ့သွားသည်။
စူးချန်ကဲသည် သူ၏အတွင်းအင်္ဂါ ၊ နတ်အရင်းအမြစ် တည်ရှိရာနေရာ ၊ ဝိညာဉ်စံအိမ် ၊ ထောင်နှင့်ချီသော သွေးကြောမျှင်များ၌ လျှပ်စီးကြောင်းများသည် ရူးသွပ်စွာ စီးဝင်နေသည်ကို ခံစားရသည်။
မိုးကြိုးကပ်ဘေးကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်လာသည့် နာကျင်မှုများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မခံမနိုင်ရပ်အောင် တုန်ယင်သွားစေသည်။
ပုရွက်ဆိတ်ထောင်ပေါင်းများစွာသည် မိမိ၏ နှလုံးသားကို ကိုက်ဖြတ်စားသောက်နေသကဲ့သို့ ၊ ထောင်ပေါင်းများစွာသော ဓားအစင်းများစွာသည် မိမိအား လှီးဖြတ်နေသကဲ့သို့ ဤနာကျင်မှုသည် အလွန်ပြင်းထန်လှသည်။
…….
စူးချန်ကဲ၏ဝတ်ရုံသည် လျှပ်စီးမိုးကြိုးများ၏ ပစ်ခွင်းမှုကြောင့် အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲကာ ပြာအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် မိုးကြိုးပင်လယ်ထဲတွင် အဝတ်ဗလာဖြင့် ထိုင်လျက်ရှိသည်။
မိုးကြိုးများ၏ အဆက်မပြတ် သန့်စင်မှုအောက်တွင် ၊
စူးချန်ကဲ၏ အရေပြားမျက်နှာပြင်ပေါ်၌ အလင်းစီးကြောင်းများ ထွက်ပေါ်လာသည်။ ပြန်လည်မွေးဖွားခြင်း နှင့် ဖန်တီးနိုင်စွမ်းရှိသော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး စူးချန်ကဲ၏ ဆဲလ်ပေါင်းများစွာကို အဆက်မပြတ် ပြောင်းလဲပေးနေပုံရသည်။
မူလ လောင်ကျွမ်းနေသော အရေပြားဟောင်းများသည် ဖြည်းညှင်းစွာ ကွာကျလာပြီး ၊ ပို၍ပင် ကြည်လင်တောက်ပသော အသားအရေအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မလုံလောက်သေးဘူး...မလုံလောက်သေးဘူး... “
စူးချန်ကဲသည် ရုတ်တရက် ညည်းညူလိုက်သည်။
မိုးကြိုးပမာဏသည် ကြီးမားသော်လည်း ၊ သို့သော် ၎င်းတို့၏ အသွင်ပြောင်းလဲခြင်း၏အကျိုးသက်ရောက်မှုသည် စူးချန်ကဲ မျှော်မှန်းထားသောပန်းတိုင်ကို မရောက်ခဲ့ချေ။
သမိုင်းတွင် တစ်ခါမျှပင်မကြုံဖူးသော ထာဝရ စစ်မှန်အမတတစ်ပါး ဖြစ်လိုပါက ၊ ဤအမတဂိတ်လောကရှိ မိုးကြိုးအားလုံးကို စုပ်ယူကာ မိမိကိုယ်ကို သန့်စင်ခြင်းဖြင့် ချုပ်နှောင်မှုများကို ချိုးဖျက်ပစ်ရမည်ဖြစ်သည်။
သို့မဟုတ်ပါက၊ သူ အောင်မြင်ခဲ့သော အမတလမ်းစဉ်သည် အရင်က အမတလမ်းစဉ်များနှင့် ဘာကွာခြားတော့မည်နည်း။
စစ်မှန်အမတဟူသည် အမတနယ်မြေတွင် ကနဦးအဆင့်ဖြစ်ရုံသာမက အရေးအကြီးဆုံးသော အဆင့်လည်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားမှသာလျှင် အနာဂတ်တွင် ပိုမိုမြင့်မားသော အောင်မြင်မှုများ ရရှိနိုင်မည် ဖြစ်သည်။
“လောကတစ်သောင်း စုပ်ယူခြင်း!”
စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ စုပ်ယူ သူတော်စင်ကိုယ်ထည်၏ ပင်ကိုယ်မှော်စွမ်းအားကို ချက်ချင်းလက်ငင်း အသက်သွင်းခဲ့သည်။
ဝုန်း!!
ချက်ချင်းဆိုသလို၊ အဆုံးမရှိသော စုပ်ယူဝါးမျိုခြင်းဆိုင်ရာ မှော်သင်္ကေတများသည် တောင်နှင့် မြစ်များကိုပင် စုပ်ယူဝါးမျိုနိုင်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့သည် ။
စူးချန်ကဲ၏ ဘေးပတ်ဝန်းကျင်တွင် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသလား အောက်မေ့ရသည့် အနက်ရောင် ဝဲဂယက်ကြီးကိုးခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် စကြဝဠာထဲက တွင်းနက်ကြီးကဲ့သို့ပင် အရာအားလုံးကို စုပ်ယူပစ်နိုင်သည်။
စူးချန်ကဲ၏ စွမ်းရည်များသည် ပို၍တိုးတက်လာသည်နှင့်အမျှ၊ စုပ်ယူသူတော်စင်ကိုယ်ထည်သည်လည်း ပြောင်းလဲမှုရှိလာခဲ့ပြီး ၎င်း၏ ပင်ကိုယ်မှော်စွမ်းအားများသည် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။
ဤတွင်းနက်ကြီး ကိုးခု ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၊ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူစွမ်းအားသည် ဤနေရာရှိ အရာအားလုံးကို စုပ်ယူနေသဟန် တူသည်။
မူလက ပျောက်ကွယ်တော့မည့် မိုးကြိုးများသည် ဤကြောက်စရာကောင်းသော စုပ်ယူစွမ်းအားကြောင့် ဆွဲငင်ခံလိုက်ရပြီး ၊ ၎င်းတို့သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်မံ၍ ပစ်ခတ်လေတော့သည်။
ဂျိန်းး!!
စူးချန်ကဲ၏လုပ်ရပ်သည် ဤအမတဂိတ်ရှိလောကကြီးကို နှိုးဆော်လိုက်ပုံရသည်။
ပို၍များပြားလှသော လျှပ်စီးမိုးကြိုးများသည် အဆက်မပြတ် ထွက်ပေါ်လာပြီး စူးချန်ကဲ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။
တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ပါက ၊ စူးချန်ကဲသည် အရူးတစ်ယောက် ဖြစ်သည်ဟု ကျယ်လောင်စွာ အော်ဟစ်မိမည်မှာ သေချာသည်။
အမတမိုးကြိုးကပ်ဘေးတွင် ၎င်း၏သန့်စင်မှုကို ခံနိုင်ရည်ရှိပါက၊ သင်သည် အမတခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ပြီး အမတလမ်းစဉ် နယ်ပယ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ယူဆနိုင်သည်။
သို့သော် စူးချန်ကဲသည် ထိုအရာနဲ့တင် မလုံလောက်သေးဘဲ လျှပ်စီးမိုးကြိုးများကို သူ့ဘက်ကနေ ဦးဆောင်ကာ ဖိတ်ခေါ်ခဲ့သည်။
ဤအရာသည် မိမိ၏အသက်ကို ဂရုမစိုက်တတ်သော အရူးတစ်ယောက်၏လုပ်ရပ်ပင်ဖြစ်သည်။
အမျက်ဒေါသထွက်နေသော လျှပ်စီးမိုးကြိုးများ၏ တိုက်ခတ်မှုအောက်တွင်၊ စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ပို၍ပင် တောက်ပလာသည်။ ထိုတောက်ပမှုသည် စကြဝဠာရှိ ကြယ်ကဲ့သို့ ထွန်းလင်းတောက်ပြောင်နေကာ လောကကြီးကိုပင် အရောင်မှိုင်းဖျော့သွားစေသည်။
စူးချန်ကဲ မသိသည်မှာ၊ သူ၏လုပ်ရပ်သည်အခြားသော အမတဂိတ်လောကရှိ မိုးကြိုးများကို တဖြည်းဖြည်း အားနည်းလာစေပြီး ၊ စူးချန်ကဲရှိရာ အမတဂိတ်လောကဆီသို့ စုဝေးရောက်ရှိလာကြခြင်းပင်ဖြစ်သည်။
ဤအခြေအနေကြောင့် အမတမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေသော လွတ်မြောက်သူများမှာ အော်ဟစ်ညည်းတွားလေတော့သည်။
သူတို့၏ခန္ဓာကိုယ်ကို သန့်စင်ပေးသော လျှပ်စီးမိုးကြိုးများသည် တစ်စုံတစ်ခုက စုပ်ယူသွားသကဲ့သို့ ခံစားလိုက်ရသည်။
အမတမိုးကြိုးကပ်ဘေး၏ သန့်စင်ခြင်းကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရသော အချို့သော လွတ်မြောက်သူများမှာ ပြုံးရွှင်သွားကြသည်။
“အမ်.... ဒီမိုးကြိုးသန့်စင်ခြင်းက မပြီးဆုံးသေးဘူး ဒါပေမဲ့ ပျောက်ကွယ်သွားတော့မှာလား “
“ မဟုတ်မှလွဲရော ... ကောင်းကင်ဘုံက ငါ့ရဲ့ ပါရမီကိုမြင်ပြီး ကူညီပေးလိုက်တာများလား!? “
“ဟားဟား...!ငါ ဝူလီက လူတော်တစ်ယောက်ပါ့လား ...အမတဂိတ်ကတောင် ငါ့အတွက် နောက်ပေါက်ဖွင့်ပေးနေတာပဲ “
သို့သော် အချို့သော အင်အားကြီးမားသူများအဖို့ ၊ ဤအရာသည် သူတို့အတွက် အရှုံးကြီးရှုံးသည်ဟု ခံစားရပြီး အော်ဟစ်ဆဲဆိုနေကြသည်။
“ ဒုက္ခပဲ...!?မိုးကြိုးတွေက ဘယ်ပျောက်သွားတာတုန်း ? ငါ့ရဲ့ မိုးကြိုးလေးတွေ ဘယ်ပျောက်ကုန်ပြီလဲ!?”
မိုးကြိုးသန့်စင်ခြင်းကို ခံယူနေကြသော တိ့ကျန့် မဟာဧကရာဇ်မင်း၊ ရွှမ်ယွီဧကရီ စသော ကွေးယွမ် သူတော်စင် နယ်မြေမှ ထိပ်တန်းမဟာဧကရာဇ်မင်းတို့သည် မျက်မှောင်ကြုတ်ကာ ဒေါသဖြစ်နေကြသည်။
“ ငါ့အထင်... ဒီမှာရှိတဲ့ မိုးကြိုးတွေက အင်အားတစ်ခုရဲ့ လမ်းညွှန်မှုနဲ့ စုပ်ယူခံလိုက်ရသလိုပဲ “
“ဘယ်သူလဲ ...ဒီလိုထူးဆန်းတဲ့အရာကို ပြုလုပ်နိုင်တာ ....ဒါ အမတမိုးကြိုးကပ်ဘေးက မလုံလောက်သေးဘူးလို့ ထင်လို့လား “
အမတမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေကြသော ကွေးယွမ်သူတော်စင်နယ်မြေ၏ ပုဂ္ဂိုလ်များသည် သံသယများစွာ ဖြစ်ပေါ်လာကြသည်။
ထိုသို့သော လုပ်ရပ်ကို လုပ်နိုင်သူမှာ စူးချန်ကဲတစ်ဦးတည်းသာ ရှိမည်ဟု သူတို့တွေးမိသည်။
ဤမျှထိတ်လန့်စရာကောင်းသော လုပ်ရပ်ကို သူတစ်ဦးတည်းကသာလျှင် လုပ်နိုင်ပေလိမ့်မည်။
အပိုင်း(၅၉၃): အမတ တစ်ယောက်ဖြစ်လာကာ အမတလမ်းစဉ်သို့ ဝင်ရောက်ခြင်း
တစ်ချိန်တည်းမှာပင်၊ ရိုက်ခတ်နေသော အမတမိုးကြိုးများကြားတွင် စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိန်လင်းတောက်ပလို့နေပြီး တင်ပျဉ်ခွေထိုင်လျက်သား ရှိနေသည်။
မိုးကြိုးနဂါးကဲ့သို့ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေသည်။
ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ခန္ဓာကိုယ်သည် နတ်အလင်းရောင်များဖြင့် တောက်ပနေပြီး၊ လျှို့ဝှက်ဆန်းကြယ်သော လျှပ်စီးမိုးကြိုးများက သူ၏အရိုးများ ၊ အတွင်းအင်္ဂါများနှင့် ထောင်ပေါင်းများစွာသော သွေးကြောများကို ပြန်လည်ပုံသွင်းနေခဲ့သည်။
“ဝုန်း!ဝုန်း !ဝုန်း !”
သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်ပေါင်းများစွာသည် လောကီကို လွန်မြောက်သောအဆင့်သို့ ရောက်ရှိသွားကာ ၊ နတ်ဘုရားဂုဏ်သတ္တိများဖြင့် ပြည့်နှက်နေရုံသာမက အကန့်သတ်မဲ့ ကျယ်ပြန့်သော စကြာဝဠာကြီး၏ သဘောသဘာဝများကိုပါ ပေါင်းစည်းထားသည်။
စူးချန်ကဲ၏ ရောင်ဝါသည် အမတဂိတ်ရှိ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
တစ်ဟုန်ထိုး အရှိန်မြှင့်တတ်လာသော နိယာမလှိုင်းတံပိုးများကြား အချိန်၏စီးဆင်းမှုကို ယောင်ဝါးဝါးမြင်တွေ့နေရသည်။
ဝီ!
စူးချန်ကဲ၏မျက်ခုံးများကြားတွင် ရှေးဝိညာဉ်အမှတ်လက္ခဏာသုံးခုသည် တောက်ပစွာ ထွက်ပေါ်လာသည်။
အနီးကပ်ကြည့်လျှင်ဖြင့် ၊ ရိုက်ခတ်လှုပ်ရှားနေသော အမတအလင်းတန်းများအတွင်း၊ ခမ်းနားထည်ဝါသောရောင်ဝါများကို ဖြန့်ကျတ်ကာ တင်ပျဉ်ခွေထိုင်နေသော ဝိညာဉ်ငယ်သုံးပါးကို မြင်ရပေလိမ့်မည်။
ထို့အပြင် အမတ ၊ နတ်ဘုရား ၊ နတ်ဆိုးတို့၏ စွမ်းအားများသည် မရဏကမ္ဘာ ကိုးပါးကို ဖြတ်၍ စကြဝဠာတစ်ခွင်လုံးကို တုန်လှုပ်စေခဲ့သည်။
လူသားလမ်းစဉ်မှ အမတလမ်းစဉ်ထဲသို့ ခြေလှမ်းစတင်သည့်အခါ၊ ကျင့်ကြံသူတိုင်းသည် အမတလမ်းစဉ်ဆိုင်ရာ ဝိညာဉ်အမှတ်လက္ခဏာများ နိုးကြားလာတတ်ကြသည်။
သို့သော် စူးချန်ကဲသည် ခြွင်းချက်ဖြစ်သည်။ သူသည် အမတလမ်းစဉ်ဆိုင်ရာ ဝိညာဉ်အမှတ်လက္ခဏာသာမက ၊ နတ်ဘုရား နတ်ဆိုးလမ်းစဉ်နှစ်ခု၏ ဝိညာဉ်အမှတ်လက္ခဏာများကိုပါ နိုးကြားစေခဲ့သည်။
သူ၏စွမ်းအင်များသည် အဆက်မပြတ် မြင့်တက်လာနေပြီး အထွတ်အထိပ်သို့ ရောက်ရှိလာသည့်အခါတွင် ၊ စူးချန်ကဲသည် ကုန်ခမ်းခြင်းမရှိသော နတ်အလင်းများဖြင့် တောက်ပနေသော သူ၏မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်သည်။
“ဒီနေ့၊ ငါဟာ အမတတစ်ယောက် ဖြစ်လာပြီး အမတလမ်းစဉ်ထဲကို ဝင်ရောက်မယ်!”
ဝုန်း !!
ဤအခိုက်အတန့်တွင်၊ လင်းလက်တောက်ပသော လျှပ်စီးမိုးကြိုးများသည် အပြင်းအထန် ပေါက်ကွဲလျက်ရှိနေပြီး ၊ လောကကြီးတစ်ခုလုံးကို နေ့ခင်းဘက်သဖွယ် ထိန်လင်းတောက်ပစွာ လွှမ်းခြုံထားလေ၏။
ဤနေရာရှိ အချိန်နှင့်အာကာသ၏ နိယာမများသည် ပ်ိတ်ပင်တားမြစ်ထားသော အာကာသထဲသို့ ဆွဲငင်ခံလိုက်ရသည့်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤသို့ စက္ကန့်အနည်းငယ်ကြာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်။
ဤနေရာရှိ အရာအားလုံးသည် အသိစိတ်ပြန်လည် ဝင်ရောက်လာသကဲ့သို့ ၎င်းတို့အားလုံးသည် လင်းလက်တောက်ပသော အလင်းစီးကြောင်းအဖြစ် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။
ပြင်းထန်သော လျှပ်စီးမိုးကြိုးများကြား၊ လူးလိမ့်ရိုက်ခတ်နေသော မှော်သင်္ကေတ ၊ အမတဆိုင်ရာ ရောင်စဉ်အလင်းတန်းများ ၊ ဒါတင်မက ဤအမတဂိတ်လောကသည်ပင် အလင်းမိုးများအဖြစ် ပြောင်းလဲသွားပြီး တစ်စစီ ပျောက်ကွယ်သွားလေတော့သည်။
ပြန့်ကျဲနေသော အလင်းမိုးများကြား ၊ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦးသည် အလင်းလှိုင်းတံပိုးများကြားတွင် နတ်ဘုရားတစ်ပါးကဲ့သို့ တည်တံ့စွာ ရပ်နေခဲ့သည်။
နေရာတွင် ရပ်နေရုံမျှဖြင့် ၊ ဤနေရာရှိ အမတစွမ်းအင်များသည် ညွှန်ကြားခံရသကဲ့သို့ အရူးအမူး စုဝေးရောက်ရှိလာကြသည်။
သာမန်စစ်မှန်အမတများနှင့် မတူညီသည့် အချက်မှာ အုံ့ဆိုင်းနေသော အမတရောင်စဉ်အလင်းတန်းများသည် သူ့ဆီသို့ စုဝေးရောက်ရှိလာရုံသာမက၊
နတ်ဘုရားနှင့်နတ်ဆိုးတို့၏ လျို့ဝှက်ဆန်းကြယ်သော ရောင်ခြည်နှစ်ဖြာသည်လည်း စူးချန်ကဲ၏ ဝင်သက်ထွက်သက်ကြားတွင် နိမ့်ချေမြင့်ချေ တောက်ပနေသည်။
“ ဒါက အမတလမ်းစဉ်ဆိုတာလား....”
စူးချန်ကဲ၏ ရေရွတ်သံအပြီးတွင် ကြီးမားကျယ်ပြန့်သော အလင်းလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
သူ့လက်ချောင်းထိပ်ဖျားကို အနည်းငယ်မြှောက်ကာ ရှေ့မျက်နှာရှိ ကွက်လပ်ဆီသို့ ညွှန်လိုက်သည်နှင့် ။
ဝီ!!
ထောင်ပေါင်းများစွာသော ပရမ်းပတာအလင်းများ ပြန့်ကျဲမျောလွင့်နေကာ ၊ လောကရှိ မဟာလမ်းစဉ်၏ သက်ဝင်ရှင်သန်မှုကို သူသည် ချုပ်ကိုင်ထားနိုင်သကဲ့သို့ ခံစားရသည်။
အထူးသဖြင့် ၊ သူ၏ကိုယ်တွင်း၌ ပြင်းထန်စွာ လှိုင်းထနေသော စွမ်းအားများသည် အလွန်ကြီးမားပြီး နက်ရှိုင်းလှသဖြင့် ၊ ယင်းစွမ်းအား၏ လှုပ်ရှားမှုတိုင်းတွင် စကြာဝဠာအသစ်များကို ဖန်တီးနိုင်သကဲ့သို့ သူ ခံစားရသည်။
ဤစွမ်းအားများသည် ယိုယွင်းပျက်စီးနေသော အရာတစ်ခုကို အံ့ဩဖွယ်ကောင်းသော အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး ၊ မဖြစ်နိုင်သော အရာအားလုံးကို အမှန်တကယ်ဖြစ်လာအောင် ပြောင်းလဲပစ်နိုင်သည်။
ဤစွမ်းအား၏ ပြင်းထန်မှုသည် စူးချန်ကဲပင်လျှင် အနည်းငယ် စိမ်းသက်သည်ဟု ထင်မှတ်ရသည့်အထိပင်။
သာမန်လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦးသည် သူ့ရှေ့တွင် ရပ်နေပါက၊ နတ်အသိစိတ်ကို ဖြန့်ကျတ်ရန်ပင် မလိုဘဲ သူ၏ခံစားမှုနဲ့တင် ထိုအနှီကျင့်ကြံသူ၏ စိတ်ထဲက ဖုံးကွယ်ထားသော အရာအားလုံးကို မြင်တွေ့နိုင်သည်။
သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် တိုက်မြေ သုံးထောင်တစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်ပြီး ၊ နယ်မြေများစွာရှိ သတ္တဝါအပေါင်းတို့မှ ဖြာထွက်လာသည့် ရောင်ဝါမှန်သမျှကို သူ၏ အာရုံခံစားမှုဖြင့် သိရှိနိုင်သည်။
သူအလိုရှိပါက လက်ချောင်းတစ်ချောင်းကို ကွေးညွတ်လိုက်ရုံဖြင့် အာကာသအကွာအဝေးကို လျစ်လျူရှုနိုင်ပြီး ၊ သူ၏အမတစွမ်းအားဖြင့် တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်သည်။
“စစ်မှန်အမတ တစ်ယောက်ကတောင် ဒီလောက်ထိကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ရင်.... ဒါဆို ဒဏ္ဍာရီလာ အမတဧကရာဇ်မင်း ဖြစ်လာခဲ့ရင်...”
စူးချန်ကဲအနေဖြင့် ဆက်ပြီး မတွေးဝံ့ပေ။ အတွေးတစ်ချက်တည်းဖြင့် ကမ္ဘာလောက ထောင်ပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်မည် သို့မဟုတ် ဤထက်မက ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု သူ ယူဆမိသည်။
သို့သော်လည်း ၊ ဤအရာသည် သူနှင့် သက်ဆိုင်လေသလော။
ကမ္ဘာသစ်သည် ယခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူသည် အမတနယ်မြေသို့ခရီးသစ်ကို စတင်ရန် အချိန်တန်ခဲ့ချေပြီ။
စူးချန်ကဲမှ ခြေတစ်လှမ်း ချလိုက်သည်နှင့် တပြိုင်နက်၊ လင်းလက်နေသော အမတဆိုင်ရာ မှော်သင်္ကေတများသည် သူ၏ခြေရင်းတွင် စုဝေးရောက်ရှိလာပြီး အမတဂိတ်လောကရှိ အတွင်းပိုင်းကို ဦးတည်ထားသော အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝူးးး!
သူ၏ခြေထောက်ကို အလင်းစီးကြောင်းပေါ်သို့ ခြေချလိုက်သည့်အခိုက်တန့်တွင်၊
မရေမတွက်နိုင်သော မဟာလမ်းစဉ်ပန်းများ ၊ အမတဆေးဖက်ဝင်အပင်များ ၊ ယခင်က သူတွေ့ဖူးသော မဟာလမ်းစဉ်လက်ဖက်ရွက်များပင်လျှင် သူ့အနားသို့ သူ့ထက်ငါအပြိုင် ပွင့်ဖူးလာကြသည်။
သူ၏ခြေလှမ်းများကို ရှေ့ဆက်လှမ်းလိုက်သည်နှင့် ၊ သူ့နောက်တွင် ကျန်ရစ်ခဲ့သော အလင်းစီးကြောင်းသည် ကြယ်စင်မှုန်များအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဤကာလ၌၊ အမတလျှောက်လှမ်းပေါ်ရှိ မရေမတွက်နိုင်သော ကြွင်းကျန်အမတများသည် ကောင်းကင်ယံတွင် လှိုင်းထနေသော အမတရောင်ခြည်များကို မော့ကြည့်နေကြသည်။
“ ဒီဟာက.... ဒဏ္ဍာရီထဲက ပရမ်းပတာအမတမိုးလား.....?”
“စစ်မှန်အမတ ထွက်ပေါ်လာပြီ... အမတလမ်းစဉ်က ကောင်းချီးပေးနေပြီ.... မမှားနိုင်ဘူး၊ တရားဓမ္မအဆုံးသတ်ခေတ်မှာ ပထမဆုံးသော စစ်မှန်အမတ ထွက်ပေါ်လာခဲ့ပြီ “
“နှစ်ပေါင်းမရေမတွက်နိုင်အောင် တိတ်ဆိတ်နေခဲ့ပြီးနောက်မှာ ..နောက်ဆုံးမှာတော့ ပြန်ကောင်းလာတော့မှာလား “
မရေတွက်နိုင်သော ကြွင်းကျန်အမတများသည် ဤမြင်ကွင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေကြသည်။
ပထမဆုံးသော စစ်မှန်အမတထွက်ပေါ်လာခြင်းသည် တိုက်မြေ သုံးထောင်နှင့် အမတနယ်မြေကြား တံတားတစ်စင်းဖြင့် ချိတ်ဆက်လိုက်သလိုပင်။
မရေမတွက်နိုင်သော နှစ်ကာလများစွာ ကွဲအက်နေခဲ့သော ကမ္ဘာကြီးသည် နောက်ဆုံးတွင်မူ ၊ ဤအခိုက်အတန့်တွင် လုံးဝ ပြီးပြည့်စုံသွားခဲ့ပြီဟု ဆိုရပေတော့မည်။
အမတခေတ် ရောက်ရှိလာခဲ့ချေပြီ။
……..
ဤသို့ဖြင့် တစ်ချိန်တည်းမှာပင်၊ များပြားလှသော လွတ်မြောက်သူများသည်လည်း အမတများ ဖြစ်လာကြသည်။
အမတလျှောက်လှမ်းတစ်ခုလုံးတွင် ရွာသွန်းနေသော အမတအလင်းမိုးများသည် မဟာလမ်းစဉ်မှ ကျေးဇူးပြုသကဲ့သို့ သက်ရှိသတ္တဝါအားလုံးအပေါ်တွင် ကောင်းချီးပေးသနားခဲ့သည်။
မူလက တိုက်မြေသုံးထောင်တွင် ရိုက်ခတ်လှုပ်ရှားနေသော အမတဆိုင်ရာ မှော်သင်္ကေတများသည် ပို၍ပင် တောက်ပလာခဲ့ပြီး၊ လောကကြီးတစ်ခုလုံး ကြည်လင်စွာ တောက်ပနေခဲ့သည်။
အထက်ကောင်းကင်တွင် စုဝေးနေသော အမတနယ်မြေ၏ ပုံရိပ်သဏ္ဍာန်သည် ဤအချိန်တွင် ပို၍ထင်ရှားလာခဲ့ပြီး၊ နောက်ဆုံးတွင် အစစ်အမှန်အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ နှင်းဆီရောင်တိမ်တိုက်များ ထွက်ပေါ်လာပြီး အမတရောင်ခြည်အလင်းတန်းများက ထိန်လင်းတောက်ပလျက် ရှိနေသည်။
တိုက်မြေသုံးထောင်ရှိ သက်ရှိသတ္တဝါအားလုံးသည် အထက်ကောင်းကင်ယံ၌ တည်ရှိနေသော ကျယ်ပြန့်သောလောကကြီးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ၎င်းသည် ကမ္ဘာ့အလွှာများခြားကာ တည်ဆောက်ထားပုံရသည် ။
၎င်းသည် အကန့်အသတ်မရှိ ကျယ်ပြန့်ပြီး အတိုင်းအဆမရှိသော ကောင်းကင်သုံးဆယ့်သုံးထပ်နှင့် တူသည်။
အမတနယ်မြေမှ ဆင်းသက်လာသောလေညင်းငယ်တစ်စသည် တိုက်မြေသုံးထောင်ရှိ လူပေါင်းများစွာ၏ စိတ်နှလုံးသားကို ကြည်နူးရွှင်လန်းစေခဲ့သည်။
“ဟားဟားဟားဟား! အမတ နယ်မြေနှင့် ငါတို့တိုက်မြေ နောက်ဆုံးတော့ ချိတ်ဆက်သွားပြီပဲ!”
“ပိုကြီးမားတဲ့ လောကကြီးရေ၊ မင်းအဖိုး ငါလာပြီ!”
“ အမတလျှောက်လှမ်းထဲ မဝင်ခဲ့ပေမယ့် ငါဟာလည်း အမတတစ်ယောက် ဖြစ်ဖို့အခွင့်အလမ်း ရှိခဲ့ပြီ !”
စိတ်မရှည်သော လူတစ်ချို့သည် ၎င်းတို့၏ စွမ်းအားများကို အပြင်းအထန် အသုံးပြုကာ၊ ဒဏ္ဍာရီလာ အမတကမ္ဘာဆီသို့ တန်းစီကာ ပျံတက်သွားကြသည်။
ဝီ!!
သို့သော် ထိုအချိန်တွင် ၊ ကောင်းကင်ပြင်မှ နတ်တန်ခိုးရောင်ခြည်တစ်ခုသည် လျှပ်တစ်ပြက် လင်းလက်သွားသည်။ ထောင်ပေါင်းများစွာသော နိယာမများနှင့် မှော်သင်္ကေတများသည် ဟင်းလင်းပြင် ကွက်လပ်တွင် ပေါ်ထွက်လာပြီး ထိုအနှီလူများကို ချက်ချင်းပင်တားဆီးပိတ်ဆို့ခဲ့သည်။
အမတ နယ်မြေ နှင့် တိုက်မြေသုံးထောင်ကြားတွင် ဖန်သားတစ်ချပ်ကဲ့သို့ မမြင်ရသော အတားအဆီးတစ်ခုရှိနေပုံရကာ ၊ ၎င်းသည် နှစ်ဘက်စလုံးကို ပိတ်ဆို့ထားသည်။
တိုက်မြေမှ စွမ်းအားရှင်များသည် ၎င်းတို့၏ စွမ်းအားများကို အစွမ်းကုန် အသုံးချခဲ့သော်လည်း၊ အမတနယ်မြေအတွင်းသို့ ခြေတစ်လှမ်းမျှ ဝင်ရောက်ခွင့်မရခဲ့ပေ။
ဤသို့ဖြစ်ရခြင်းမှာ ၊ အမတနယ်မြေ တည်ရှိရာ ကမ္ဘာသည် တိုက်မြေသုံးထောင်ကဲ့သို့ ထိရှလွယ်ခြင်းမရှိဘဲ၊ ယင်း၌ရှိသော အမတလမ်းစဉ်ဆိုင်ရာ နိယာမများသည် ပိုမိုအားကောင်းရုံသာမက ပို၍ခိုင်မာသောကြောင့်ဖြစ်သည်။
ယခုအခါ အမတနယ်မြေနှင့် တိုက်မြေတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော်လည်း၊ စွမ်းအားကြီးမားသော အမတများသာလျှင် တိုက်မြေဆီသို့ ဆင်းသက်နိုင်သည်။
ထိုနည်းတူစွာ တိုက်မြေသုံးထောင်မှ လူများသည် အမတနယ်မြေသို့ သွားရောက်လိုပါက၊ ထာဝရ စစ်မှန်အမတအဆင့်သို့ ရောက်ရှိရပေမည်။
သို့မဟုတ်ပါက၊ အမတနယ်မြေမှ ကြိုဆိုရေးတမန်တော်များကို စေလွှတ်ကာ ၎င်းတို့ကို ခေါ်ဆောင်သွားသည်ကို စောင့်ဆိုင်းရမည်။
သို့ရာတွင်၊ ယေဘုယျအားဖြင့် အမတနယ်မြေမှ ကြိုဆိုရေးတမန်တော်များကို စေလွှတ်ခြင်းမှာ တိုက်မြေအသီးသီးမှ ထူးချွန်ထက်မြက်သော တပည့်များကို ရှာဖွေ၍၊ ၎င်းတို့နောက်ကွယ်ရှိ အဖွဲ့အစည်းများတွင် ထည့်သွင်းရန် ဖြစ်သည်။
ထို့ကြောင့် ၊ ပါရမီနှင့် အရည်အချင်းမရှိသူများအဖို့၊ နောင်တစ်ချိန်တွင် တိုက်မြေတစ်ခုလုံး ပြန်လည်ရှင်သန်ပြီး ကမ္ဘာကြီးတွင် ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာသည့်အခါမှသာလျှင် ခေတ်၏ကြီးမားသော အရှိန်အဟုန်ဖြင့် အမတတစ်ယောက် ဖြစ်အောင် ဖြစ်ကျော်နိုင်ပါစေဟု ဆုတောင်းပေးရုံသာ တတ်နိုင်သည်။
သို့မဟုတ်ပါက၊ ဤအရာအားလုံးသည် ၎င်းတို့နှင့် မည်သို့မျှ သက်ဆိုင်မည်မဟုတ်ပေ။
…….
အပိုင်း(၅၉၄): တိုက်မြေ၏ လျို့ဝှက်ချက် ၊ ချိတ်ပိတ်ခံထားရသော ဗဟိုအမတနယ်မြေ
တိုက်မြေသုံးထောင်၌ အမတနယ်မြေ ရောက်ရှိလာခြင်းကို ပျော်ပွဲရွှင်ပွဲများဖြင့် အတူတကွ ဂုဏ်ပြုနေကြစဉ်။
တစ်ချိန်တည်းမှာပင် ၊ အမတနယ်မြေ၌လည်း လုံးဝ အေးချမ်းငြိမ်သက်နေသည်တော့ မဟုတ်။
မရေမတွက်နိုင်သော အင်အားစုများသည် အမတတမန်တော်များကို တိုက်မြေသုံးထောင်သို့ စေလွှတ်ရန် ဆွေးနွေးတိုင်ပင်နေကြသည်။
အထူးသဖြင့် လက်ရှိအချိန်တွင် တားမြစ်အင်အားစုကြီးများသည် အပေါ်ယံတွင် ရေပြင်ညီကဲ့သို့ အေးဆေးငြိမ်သက်နေဟန်ရှိသော်လည်း၊ သို့သော် ရေမျက်နှာပြင်အောက်တွင်မူ အားလုံးလိုလို ကြီးမားသော လှုပ်ရှားမှုများ ရှိနေကြသည်။
တောက်ပပြီး ကျယ်ပြန့်သော စကြဝဠာကြီးအတွင်း၌ ၊
ရှေးကြယ်တာရာများသည် စကြဝဠာအတွင်း၌ မျောလွင့်နေကြပြီး ၊ မိစ္ဆာစွမ်းအင်စီးကြောင်းသည် အာကာသတစ်ခုလုံးကို လွှမ်းခြုံထားလျက် ရှိသည်။
ကြယ်တာရာများကို ရွှံ့စေးလုံးကလေးများသဖွယ် ဆော့ကစားနေသော ထာဝရ စစ်မှန်နဂါးမင်းများလည်း ရှိသလို၊
အတောင်ခတ်လိုက်သည်နှင့်တပြိုင်နက် ၊ ကြယ်တာရာစကြဝဠာတစ်ခုလုံးကို မီးတောက်များဖြင့် လောင်ကျွမ်းစေနိုင်သော ဇာမဏီဌက်လည်း ရှိသည်။
ဒါတင်မက ၊ ပါးစပ်ဟလိုက်ရုံဖြင့် မိုးကောင်းကင်နှင့် မြေကြီးကိုပါ ဝါးမျိုချနိုင်သော ခွင်းဖိန်လည်း ရှိသေးသည်။
ဟင်းလင်းပြင်တစ်ခုလုံးတွင် လှိုင်းထနေသော မိစ္ဆာစွမ်းအင်များကို ကြည့်လိုက်လျှင်ဖြင့် ဤနေရာသည် မိစ္ဆာမျိုးနွယ်စုများ၏ လောကကြီးမှန်း သိနိုင်သည်။
ဤလောကကြီးကို ကောင်းကင်မိစ္ဆာအမတနယ်မြေဟု ခေါ်ဆိုပြီး၊ တားမြစ်အင်အားစုကြီး ကိုးခုအနက်မှ နှစ်ခုဖြစ်သည့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက် နှင့် သုံဟွမ်မိစ္ဆာမဟာမိတ် တို့က အုပ်ချုပ်သည်။
မြင်ကွင်းကို ဆက်လက်၍ ချဲ့ထွင်ကြည့်ရှုမည်ဆိုပါက ၊
ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ရွှေရောင် တဖိတ်ဖိတ်တောက်ပနေသော ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခုအတွင်း၌၊
မိစ္ဆာအင်အားစုနှစ်ဖွဲ့၏ ခေါင်းဆောင်များသည် ခန်းမဆောင်အတွင်း၌ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းနေပုံရသည်။
ကြီးမားကျယ်ပြန့်လှသော ခန်းမဆောင်အတွင်းရှိ ရာဇပလ္လင်ခုံပေါ်တွင် လူနှစ်ဦး ထိုင်နေကြသည်။
ရွှေပလ္လင်ပေါ်တွင် ထိုင်နေသူမှာ ရွှေနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ အနီရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသော လူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်ဖြစ်ပြီး ၊ သူသည် လက်ရှိ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ တိုင်းပြည်သခင် တိ့ကျွင်းအမတဧကရာဇ်မင်း ပင်ဖြစ်သည်။
သူနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေသူမှာ ခရမ်းနက် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ဖြူဖွေးသော အသားအရေ ၊ ဦးခေါင်းထက်တွင် အနက်ရောင် နဂါးချိုတစ်စုံနှင့် ဆံပင်ဖြူများကို ပိုင်ဆိုင်ထားသော လူငယ်အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် လက်ရှိတွင် သုံဟွမ်မိစ္ဆာမဟာမိတ်၏ ခေါင်းဆောင် သုံဟွမ် အမတ ဧကရာဇ်မင်း ပင်ဖြစ်သည်။
တိ့ကျွင်း အမတဧကရာဇ်မင်းက လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။
“ငါ တိုက်မြေသုံးထောင်ထဲမှာ ချန်ထားခဲ့တဲ့ ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်းက ကွေးယွမ် အမတဂိုဏ်းက ကောင်တွေကြောင့် ဟိုးကတည်းက ပျက်သုန်းသွားခဲ့ပြီ”
“လက်ရှိမှာ တိုက်မြေသုံးထောင်ရဲ့ကိစ္စတွေထဲ ထပ်ပြီးဝင်ရောက်စွက်ဖက်ဖို့ဆိုတာ ခက်ခဲသွားပြီပဲ “
ယခင်က၊ ကောင်းကင်ဘုံမကောင်းဆိုးဝါးတောင်တန်းမှ သကောင့်သားများသည် သူတို့ မဖျက်ဆီးခံရသေးခင် သူ့ထံ သတင်းစကား ပေးပို့ခဲ့ဖူးသည်။
သူတို့အတွက် လက်စားချေပေးရန် တောင်းဆိုနေပုံရသည်။
အကယ်၍ တိ့ကျွင်း အမတဧကရာဇ်မင်း၏ သတိထားကိုင်တွယ်တတ်သည့် လုပ်ဆောင်မှုပုံစံကြောင့်သာ မဟုတ်ပါက ၊ ယခင်ကတည်းက ပျက်သုန်းကိန်းစိုက်ရမည်မှာ တားမြစ်ကုန်းပြင်မြင့် မဟုတ်ဘဲ သူတို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် ဖြစ်သွားနိုင်သည်။
သို့ဆိုသော်ငြား ၊ အရေးကြီးဆုံးအချက်မှာ တိ့ကျွင်း အမတဧကရာဇ်မင်းသည် တိုက်မြေသုံးထောင်ကို စူးစမ်းရှာဖွေရန် အင်အားစုအသစ်တစ်ခုကို ထပ်မံမွေးထုတ်လိုစိတ် မရှိခြင်းပင် ဖြစ်သည်။
အကြောင်းမှာ၊ ကွေးယွမ်အမတဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သော ကွေးယွမ် သူတော်စင် နယ်မြေသည် တိုက်မြေ သုံးထောင်တွင် အခြေချထားသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် သူတို့ မိစ္ဆာမျိုးနွယ်စု၏ အုပ်စိုးရှင်အင်အားစုဖြစ်သော ဘိုးဘေးမိစ္ဆာခန်းမဆောင်သည် နှစ်ကာလပေါင်းများစွာ ကြာသည့်တိုင် လှုပ်ရှားမှုတစ်စုံတစ်ရာမှ မရှိခဲ့သလို ထို့အပြင် နောက်ကွယ်တွင် မှီခိုအားထားရမည့် အင်အားကြီးမားသော အကူအညီလည်း မရှိချေ။
အကယ်၍ ကွေးယွမ်အမတဂိုဏ်းနှင့် စစ်ဖြစ်ပွားခဲ့မည်ဆိုပါက ၊ ဤသည်မှာ ကိုယ့်သေလမ်းကို ရှာဖွေခြင်းပင် ဖြစ်သည်။
သို့သော် သုံဟွမ်အမတ ဧကရာဇ်မင်းဆိုသော ဤလူသည် ခေါင်းမာလွန်းသည့်အပြင် တိုက်မြေသုံးထောင်သို့ သွားရောက်ကာ လည်ပတ်ချင်နေသေးသည်။
“တိ့ကျွင်း၊ မင်းဘယ်တုန်းကစပြီး ဒီလောက်ကြောက်တတ်သွားတာလဲ .. ဒါက မင်းပုံစံနဲ့ မတူဘူး “
သုံဟွမ် အမတဧကရာဇ်မင်းသည် လက်ဖက်ရည်တစ်ခွက်ကို အေးအေးလူလူ မော့သောက်ရင်း ပြုံးရွှင်ရွှင်ဖြင့် ဆိုလိုက်သည်။
“ငါ ရထားတဲ့အချက်အလက်တွေအရ တိုက်မြေသုံးထောင်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်၊ မင်း သွားကြည့်ချင်စိတ်မရှိတာ သေချာလား “
ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် ၊ တိ့ကျွင်း အမတဧကရာဇ်မင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူ၏အဖော်သည် ဉာဏ်နီဉာဏ်နက်ထုတ်သုံးလာပြီ ဖြစ်သည်။
“ အမတနယ်မြေနဲ့ တိုက်မြေသုံးထောင်ကြားက ချိတ်ဆက်မှုက အခုမှစတာ ၊ အခုချိန် လူလွှတ်ပြီး တိုက်မြေသုံးထောင်ကို ဆင်းသက်မယ်ဆိုရင်၊ အခြားအရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်”
တိ့ကျွင်း အမတဧကရာဇ်မင်းက ပြန်ပြောလိုက်သည်။
“ ပြီးတော့၊ ဒီကိစ္စက မင်းပြောစရာတောင် မလိုဘူး၊ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က ကောင်နှစ်ကောင်က အရင်ကတည်းက အောက်ကမ္ဘာကို လူလွှတ်ထားပြီးပြီ”
“သူတို့နဲ့ ပဋိပက္ခဖြစ်မှာကို အရင်မပြောခင် ၊ ပြီးတော့ ငါ ရထားတဲ့ သတင်းအချက်အလက်တွေအရ တားမြစ်စူးမိသားစု နဲ့ ကွေးယွမ်အမတဂိုဏ်းတို့ကလည်း သူတို့ရဲ့ သခင်ငယ် နဲ့ ဆက်ခံသူကို ကြိုဆိုဖို့အတွက် လူစေလွှတ်ထားပြီးပြီ”
“လက်ရှိအချိန်မှာ အားလုံးက မတည်မငြိမ်ဖြစ်နေတာ ငါ့အမြင်တော့ ဒီကိစ္စကို ခဏနှောင့်နှေးထားတာ ပိုကောင်းမယ်လို့ ထင်တယ်”
ထို့အပြင်၊ လက်ရှိအချိန်တွင် အမတနယ်မြေ နှင့် တိုက်မြေသုံးထောင်ကြားက ချိတ်ဆက်မှုကြောင့် အမတနယ်မြေရှိ အမတလမ်းစဉ်၏ တန်ခိုးစွမ်းအား သိပ်သည်းမှုသည်လည်း မြင့်မားသော အဆင့်သို့ တစ်ဖန်ရောက်ရှိသွားခဲ့သည်။
ယခုလိုအခြေအနေအတိုင်း ဆက်သွားမည်ဆိုပါက ၊ အမတကျဆုံးခေတ် နှင့် အမတစိုးစံရာခေတ်က ရှေးအမွေအနှစ်များပင်လျှင် ပေါ်ထွက်လာနိုင်သည်။
ယခင်က ကောင်းကင်ဂူ ၇၂ ဂူ ၊ ပြိုင်ဘက်ကင်း အမတဂိုဏ်း ၃၆ဂိုဏ်းတို့သည် အချိန်စီးကြောင်းထဲတွင် တော်တော်များများ ဖျက်ဆီးခံခဲ့ရသည်။
သူတို့ဂိုဏ်း၏ ရှေးအမွေအနှစ်များသည်လည်း ယနေ့ခေတ်တွင် ပြန်လည်ထွက်ပေါ်လာနိုင်ချေ ရှိသည်။
အဆင်သင့်ရှိနေသော ရှေးအမွေအနှစ်များကို အသာလေးယူဆောင်ကာ ကောင်းကင်ဘုံကို အန်တုခြင်းက ပို၍ ကောင်းသည်မဟုတ်လော။
ရုတ်ရုတ်သဲသဲ ဖြစ်နေသော တိုက်မြေသုံးထောင်ဆီသို့ သွားရန်ကြိုးစားနေခြင်းသည် တိ့ကျွင်း အမတဧကရာဇ်မင်း၏ အမြင်ထဲတွင် မတွေးတောမဆင်ခြင်သည့် လုပ်ရပ်သာ ဖြစ်သည်။
“ဟမ်.... မင်း ပြောင်းလဲသွားပြီ တိ့ကျွင်း၊ အခုအချိန်မှာ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ ဂုဏ်သတင်းကို အဖက်ဆယ်နိုင်တာ မင်းနဲ့ငါ နှစ်ယောက်ပဲ ကျန်တော့တယ်၊ မင်းက ဒီလောက်တောင် ကြောက်နေရသလား”
သုံဟွမ် အမတဧကရာဇ်မင်းသည် မထီမဲ့မြင်ပြုံးကာ ဆက်ပြောသည်။
“ လူသားမျိုးနွယ်စုတွေသာ ဒါကိုမြင်ရင်၊ ငါတို့ မိစ္ဆာမျိုးနွယ်စုမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်ကုန်လိမ့်မယ်”
( T/N - မကောင်းဆိုးဝါး မျိုးနွယ်စု အစား မိစ္ဆာမျိုးနွယ်စု လို့ ပြောင်းသုံးမယ်နော်)
သို့ဆိုသော်ငြား ၊ သူတို့သည် တားမြစ်စူးမိသားစု နှင့် ကွေးယွမ်အမတဂိုဏ်းတို့၏ လှုပ်ရှားမှုများကို အထူးတလည် ဂရုတစိုက်စောင့်ကြည့်လျက် ရှိသည်။
“မကြာခင်က အဲ့ဒီအင်အားစုကြီးနှစ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေက ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့တယ် .. တားမြစ်ကုန်းပြင်မြင့် ဖျက်ဆီးခံရတာကလည်း သူတို့နှစ်ဖွဲ့ရဲ့ တူညီတဲ့ဆက်ခံသူတစ်ဦးကြောင့် ဖြစ်ခဲ့ရတာပဲ “
“ စိတ်ဝင်စားဖို့ကောင်းသားပဲ....”
သုံဟွမ်အမတဧကရာဇ်မင်း၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားသည် ။
“ ဘယ်လိုပုဂ္ဂိုလ်မျိုးကများ အင်အားစုကြီးနှစ်ဖွဲ့ကို ဒီလိုကြီးမားတဲ့စစ်ပွဲကြီးကို ဆင်နွှဲစေခဲ့တာလဲ ၊ ဘယ်လိုလူလည်းဆိုတာ ငါ ကြည့်ကြည့်ဦးမယ် “
……..
ပရမ်းပတာ အမတစွမ်းအင်ရင်းမြစ် ပင်လယ်၊
ဤကျယ်ပြန့်လှသော ကမ္ဘာလောကကြီးသည် ပျက်စီးသွားသော အမတနယ်မြေနှစ်ခုမှ ပေါင်းစပ်ဖွဲ့တည်လာခြင်း ဖြစ်သည်။
နတ်အလင်းမြူထုကြီးသည် နေရာအနှံ့ ပျံ့လွင့်နေပြီး ၊ ပျက်စီးနေသော ကြယ်အပိုင်းအစများက ၎င်းတို့အတွင်း၌ မျောလွင့်လို့နေသည်။ အချင်းချင်း အပြိုင်အဆိုင် တောက်ပနေသည်မှာ ဖော်ပြ၍မရသော ကမ္ဘာကြီးတစ်ခုကို ပုံဖော်ထားသလိုပင်။
ဤနေရာရှိအမတစွမ်းအင်များသည် ကျန်ရှိသော အမတနယ်မြေ လေးခုလောက် သိပ်သည်းမှု မရှိသော်လည်း၊ သို့သော် ဤလောကတွင်မူ နတ်ဘုရားစွမ်းအင်များနှင့်နတ်ဆိုးစွမ်းအင်များက သိပ်သည်းစွာဖြင့် ပြည့်နှက်နေသည်။
ပရမ်းပတာအမတစွမ်းအင်ရင်းမြစ် ပင်လယ်ကို တာဝန်ယူထားသော အင်အားစုကြီး နှစ်ခုမှာ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ တို့ဖြစ်သည်။
၎င်းတို့အထဲတွင် ထိပ်တန်းအင်အားစု ဆယ့်ရှစ်ခုအနက် လေးခုဖြစ်သည့် ထျန်းရှန်းတောင်၊ မော့ယွမ်တောင်ကြား ၊ ဖုဟိုင်ရှေးမင်းဆက် နှင့် သွေးလနတ်ဆိုးဂိုဏ်းတို့လည်း ပါဝင်သည်။
ထိပ်တန်းအင်အားစု ဆယ့်ရှစ်ခုဆိုသည်မှာ တားမြစ်အင်အားစုကြီး ကိုးခုမှအပ ထိပ်တန်းအင်အားစုများ ဖြစ်ကြသည်။
အကြောင်းမှာ၊ ယခင်က အမတနယ်မြေ ကိုးခုရှိခဲ့သော်လည်း ယခုအခါတွင် လေးခုသာကျန်ရှိတော့သည်။ သို့သော် အာကာသထဲတွင် လွင့်မျောနေသော အပိုင်းအစများစွာ ကျန်ရှိနေသေးသည်။
တားမြစ်အင်အားစုကြီး ကိုးခုမှလွဲ၍ ၊ ထိပ်တန်း အင်အားစုများစွာ ထွက်ပေါ်လာခဲ့သဖြင့် ယင်းတို့ကို ထိပ်တန်းအင်အားစု ဆယ့်ရှစ်ခုဟု ခေါ်ဆိုကြသည်။
သို့သော်လည်း ၎င်းတို့၏အခြေခံအုတ်မြစ်သည် အမတစိုးစံရာခေတ်နှင့် မယှဉ်နိုင်ပေ။
အကြောင်းမှာ၊ အမတစိုးစံရာခေတ်ဆိုသည်မှာ တစ်ချိန်က အထွတ်အထိပ်ခေတ်ကာလတစ်ခု၏ အထွတ်အထိပ်ပင် ဖြစ်သည် ။
အမတသခင်တရားစီရင်ရေးရုံးတော်၏ အရှင်သခင် ထျန်းယွီ့ အမတဧကရာဇ်မင်း နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ ၏ အရှင်သခင် တောက်ခွင်း အမတဧကရာဇ်မင်းတို့သည်လည်း၊ အမတနယ်မြေနှင့် တိုက်မြေသုံးထောင်ကြားက ချိတ်ဆက်မှုနှင့် ပတ်သတ်၍ အရေးတကြီး ဆွေးနွေးတိုင်ပင်နေကြသည်။
“ နတ်ဘုရားတရားစီရင်ရေးအဖွဲ့ ကတော့ ပြောလိုက်ပြီ၊ ဗဟိုအမတနယ်မြေက လက်ရှိ တိုက်မြေသုံးထောင်ထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်ခြေအများကြီးရှိတယ်တဲ့”
ထျန်းယွီ့ အမတဧကရာဇ်မင်းက ဦးဆောင် ဆွေးနွေးလိုက်သည်။
“ ကြည့်ရတာ တိုက်မြေသုံးထောင်ကို ငါတို့ စူးစမ်းရှာဖွေဖို့ လိုပြီ... ပြီးတော့ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ် “
“ဒါပေမဲ့၊ တိုက်မြေသုံးထောင်ကို အခုချိန်ထိ ကွေးယွမ်အမတဂိုဏ်းက ချုပ်ကိုင်ထားတယ်ဆိုပဲ...”
တောက်ခွင်း အမတဧကရာဇ်မင်း၏ အမူအရာသည် စိုးရိမ်ပူပန်နေပုံရသည်။
“သူတို့လက်ထဲကနေ ပြန်သိမ်းယူဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ကိစ္စကြီးဖြစ်လိမ့်မယ်...”
“ဟေ့၊ တိုက်မြေသုံးထောင်က အမတ နယ်မြေတစ်ခုလုံးအတွက်ရော၊ ဒီခေတ်ရဲ့ သက်ရှိသတ္တဝါအားလုံးအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်!”
“ဗဟိုအမတနယ်မြေဆိုတာက အရင်က အမတနယ်မြေကိုးခုထဲမှာ အကြွယ်ဝဆုံးနယ်မြေတစ်ခု ဖြစ်ခဲ့တာ ၊ ကွေးယွမ်အမတဂိုဏ်းက သူ့တစ်ကိုယ်တည်းစာ လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေတာ ဒါ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက်ပဲ!”
ထျန်းယွီ့ အမတဧကရာဇ်မင်းသည် အေးစက်စွာ နှာမှုတ်လိုက်ရင်း ဆိုလိုက်သည်။
“သူတို့က တားမြစ်စူးမိသားစု နဲ့ လက်တွဲထားတယ်ဆိုတောင် ဘာဖြစ်လဲ? ဒေဝလောကကြီး တစ်ခုလုံးက သူတို့ပြောသလို ဖြစ်မတဲ့လား !”
“အဆိုးဆုံးကွာ ငါတို့ မိစ္ဆာရှေးအင်အားစုတွေနဲ့ ပုန်းအောင်းနေတဲ့ အင်အားစုတွေအကုန်လုံးကိုပါ ဆွဲထည့်ပစ်လိုက်မယ်!”
“ကွေးယွမ်အမတဂိုဏ်းနဲ့ တားမြစ် စူးမိသားစုလောက်ကတော့ ဒေဝလောကကြီးတစ်ခုလုံးရဲ့ စုပေါင်းအင်အားကို တားဆီးနိုင်မှာတဲ့လား!?”
ထျန်းယွီ့ အမတဧကရာဇ်မင်း၏ မျက်လုံးများသည် ဝင်းလက်တောက်ပနေသည်။ ဗဟိုအမတနယ်မြေသည် အလွန်အရေးပါသော အရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၊ သူတို့အနေဖြင့် အလွယ်တကူ လက်လျှော့ပေးမည် မဟုတ်။
အပိုင်း(၅၉၅): သင်္ဘောကြီးနဲ့ အုပ်စုလိုက် ကြိုဆိုခြင်း
အခြားတစ်ဖက်တွင် ၊
ဟွမ်ကျီအမတနယ်မြေ ၊ တားမြစ် စူးမိသားစု ။
ဝေဟင်ထက်တွင် ထိန်လင်းတောက်ပသော နတ်သင်္ဘောလှေများစွာ ပျံသန်းနေကြပြီး ၊
ထောင်ပေါင်းများစွာသော နတ်မျိုးနွယ်ဝင် သားရဲဌက်များသည် စူးရှစွာ ဟစ်အော်နေကြသည်။ ၎င်းတို့၏ အော်သံများသည် မိုးကောင်းကင်ကိုပင် လှုပ်ခတ်သွားစေနိုင်သည်။
မိုးကောင်းကင်၌ မျိုးနွယ်စု အလံများဖြင့် ပြည့်နှက်နေပြီး ၊ ရောင်စဉ်တန်းများသည် အောက်သို့ ဖြန့်ကျတ်လို့နေသည်။
ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ တားမြစ် စူးမိသားစုဝင်များသည် ထိုနတ်သင်္ဘောကြီးများပေါ်တွင် ခမ်းနားထည်ဝါစွာ ရပ်နေကြသည်ကို မြင်ရပေလိမ့်မည်။
၎င်းတို့၏ အရှိန်အဝါသည် အလွန်ပြင်းထန်ပြီး ၊ တစ်ကိုယ်လုံး တဖိတ်ဖိတ် တောက်ပနေကာ စနစ်တကျ ဝတ်ဆင်ထားကြသည်။
အမျိုးသားများမှာ တည်ကြည်ခန့်ညားပြီး ၊ အမျိုးသမီးများမှာလည်း တိုင်းပြည်အလှလေးဟု တင်စားခေါ်ဝေါ်ရပေမည်။
လှုပ်ရှားမှုတိုင်းက အထက်တန်းဆန်လွန်းသည်။ တားမြစ် စူးမိသားစုဝင်များအဖြစ်၊ သူတို့သည် မွေးကတည်းထူးကဲပေသည်။
ယနေ့တွင်၊ သူတို့သည် အလွန်အရေးကြီးသော အမှုတစ်ခုကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သူတို့ထက် ပိုမိုထူးကဲသောပုဂ္ဂိုလ်တစ်ဦးကို ကြိုဆိုရပေမည်။
အရှေ့ဆုံးနေရာရှိ စစ်သင်္ဘော၏ ထိပ်ဆုံးပိုင်းတွင်၊ ရွှေရောင်နှင့်နှင်းဆီရောင် ပေါင်းစပ်ထားသော ဝတ်ရုံထည်ကို ဝတ်ဆင်ထားပြီး ရတနာအဆင်တန်ဆာများဖြင့် တင့်တယ်နေသော စူးယွင်ယွဲ့သည် သင်္ဘောထိပ်တွင် ရပ်နေသည်။
တောက်ပသော သူမ၏ မျက်ဝန်းများသည် လူတိုင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက်။
ပန်းရောင်နုနုနှုတ်ခမ်းများသည် အသာယာ ပွင့်ဟသွားပြီး စတင်ပြောဆိုလိုက်သည်။
“ဒီနေ့၊ ငါတို့ အမတနယ်မြေနဲ့ တိုက်မြေ သုံးထောင်က ချိတ်ဆက်သွားပြီ.. ငါတို့ တားမြစ် စူးမိသားစုအတွက် အရေးအကြီးဆုံး အချိန်ကာလကို ရောက်ရှိလာခဲ့ပြီ”
“ မင်းတို့တွေ သိပြီးကြပြီလား “
“ ဒီနေ့ တိုက်မြေသုံးထောင်ကို ဆင်းသက်ပြီး၊ ချန်ကဲသခင်ငယ်ကို သွားရောက်ကြိုဆိုကြမယ်!”
လက်အောက်ငယ်သားများ၏ ဟစ်ကြွေးသံများသည် တခဲနက်ထွက်ပေါ်လာသည်။ ၎င်းတို့၏ လေသံထဲတွင် ရိုသေလေးစားမှု အပြည့်ပါဝင်သည်။
သူတို့တားမြစ် စူးမိသားစု၏ သခင်ငယ် ၊ ထိုကြီးမြတ်သော ပုဂ္ဂိုလ်၏ သား၊ တိုက်မြေသုံးထောင်တွင် ဒဏ္ဍာရီပုံပြင်များကို ဆက်တိုက် ဖန်တီးပြခဲ့သော မိမိတို့၏ သခင်ငယ်ဖြစ်သည်။
“ကောင်းပြီ၊ ထွက်ခွာကြစို့!”
စူးယွင်ယွဲ့သည် သူမလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မိုးမြေတစ်ခွင် ခြိမ့်ခြိမ့်ညံလျက် ၊ ထောင်ပေါင်းများစွာသော နတ်သင်္ဘောများ၊ မိုးနဂါးများနှင့် ဇာမဏီဌက်တို့သည် ကောင်းကင်ပြင်ကို ဝင်ရောက်စီးနင်းကာ ထွက်ပေါ်လာကြသည်။
စူးချန်ကဲသည် သူတို့ တားမြစ် စူးမိသားစု၏ သခင်ငယ်တစ်ဦး ဖြစ်သည်။ ယခုအခါတွင် နယ်မြေနှစ်ခုလုံး ဆက်သွယ်မိပြီဖြစ်သောကြောင့်၊ သူ့ကို အမြင့်ဆုံး စံချိန်စံညွှန်းများဖြင့် တားမြစ်စူးမိသားစုဆီသို့ ပြန်လည်ခေါ်ဆောင်ရပေမည်။
ဤမျှကြီးမားသော လှုပ်ရှားမှုကြီးသည် ဟွမ်ကျီအမတနယ်မြေရှိ များပြားလှသော အင်အားစုများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ လက်ရှိတွင် ၎င်းတို့သည် အချင်းချင်း စိတ်ချင်းဆက်သွယ်ကာ တီးတိုးပြောဆိုနေကြသည်။
“ ဟေး.... တားမြစ် စူးမိသားစုက ဘာကြံနေပြန်တာတုန်း ၊ ဘာလို့ဒီလောက်ထိ ကြီးကြီးကျယ်ကျယ်လုပ်နေတာတုန်း “
“ ကံဆိုးရှာတဲ့ အင်အားစုကို ပြန်လည်သိမ်းယူဖို့ ဖြစ်မှာပေါ့”
“မဖြစ်နိုင်ဘူး၊ ဒီနတ်သင်္ဘောကြီးတွေပေါ်မှာ ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်ရော ၊ စကြဝဠာကို ခြိမ်းခြောက်နိုင်တဲ့ သတ်ဖြတ်ရမယ့် ရည်ရွယ်ချက်ရော မရှိဘူး ၊ တားမြစ်စူးမိသားစုအနေနဲ့ စစ်တိုက်ဖို့ တပ်ဖွဲ့စေလွှတ်တာ လုံးဝမဖြစ်နိုင်ဘူး “
ခေတ်ဟောင်းပုဂ္ဂိုလ်တစ်ဦးက ပြောဆိုလိုက်သည်။
“နောက်ပြီး ခင်ဗျားတို့ ကြည့်ကြည့်၊ ဒီနတ်သင်္ဘောကြီးတွေပေါ်မှာ ရပ်နေတဲ့သူတွေက တားမြစ်စူးမိသားစုရဲ့ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး၊ တားမြစ် စူးမိသားစုရဲ့ မိသားစုဝင်တွေချည်းပဲ”
“သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေက ခမ်းနားကြွယ်ဝပြီး၊ စနစ်တကျရှိနေတာကို ကြည့်လိုက်စမ်း ၊ သူတို့အားလုံးက တားမြစ် စူးမိသားစုရဲ့ လူငယ်ပါရမီရှင်တွေချည်းပဲ....!”
“ငါကတော့ သူတို့တွေ တစ်စုံတစ်ယောက်ကို ကြိုဆိုဖို့သွားနေကြတယ် ထင်တယ်.....”
ထိုစကားများကို ကြားလိုက်ရသည်နှင့် ၊ များပြားလှသော စွမ်းအားရှင်များမှာ အမောဆို့သွားကြသည်။
လူတစ်ယောက်ကို ကြိုဆိုဖို့လား?
ဘယ်လိုလူမျိုးကို ကြိုဆိုဖို့အတွက်နဲ့ တားမြစ် စူးမိသားစုက ဒီလိုမျိုး အဆင့်အတန်းမြင့်မြင့် ကြိုဆိုဖို့ လိုအပ်ရတာလဲ?
“ကြည့်ရတာ.... အတော်လေး ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ရောက်လာတော့မယ်နဲ့တူတယ်.....”
……
တစ်ချိန်တည်းမှာပင်၊ ဤနေရာမှ မိုင်ပေါင်းထောင်ချီကွာဝေးသော ကြယ်စုနယ်မြေ၌ ၊
ကြီးမားသော နတ်မိုးမခပင်သည် ကျယ်ပြန့်လှသော အာကာသဟင်းလင်းပြင်အတွင်း၌ အမြစ်တွယ်နေပြီး ၊ တောက်ပသော ရောင်စဉ်အလင်းတန်းများ လှုပ်ခတ်သွားလေတိုင်း အလင်းမှုန်လေးများ ပျံ့လွင့်သွားတတ်သည်။
၎င်းသည် ကွေးယွမ်အမတဂိုဏ်း၏ ဘိုးဘေးများမှ မှတ်တမ်းတင်ထားသည့် ဒေဝလောက နတ်မိုးမခပင် ဖြစ်ပြီး ၊ စကြဝဠာကြီး၏ နိယာမတရားများနှင့် သံသရာစက်ဝန်းဖြစ်စဉ်ကို ကိုယ်စားပြုသည်။
လက်ရှိအချိန်တွင် ကွေးယွမ်အမတဂိုဏ်းသည်လည်း ငြိမ်သက်မနေနိုင်တော့ပေ။
ဝေဟင်တွင် တွဲလောင်းကျနေသော နတ်ကျွန်းစုများစွာကို ဖြတ်၍ မျက်စိတစ်ဆုံး ကြည့်ရှုလိုက်လျှင်ဖြင့် ၊
ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာ၌ ၊ မဟာလမ်းစဉ်၏ မူလရင်းမြစ် တာအိုစည်းချက်များက တသိမ့်သိမ့် ရိုက်ခတ်လျက်ရှိသည်။
မှုန်ဝါးဝါး ပုံရိပ်နှစ်ခုသည် ၎င်းတို့၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အကယ်၍ စူးချန်ကဲသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ၊ ဤပုဂ္ဂိုလ်များသည် ကွေးယွမ် သူတော်စင် နယ်မြေမှ မျဲ့ရှန်း ရှေးဘိုးဘေး နှင့် မျဲ့ရှိန် ရှေးဘိုးဘေးတို့ ဖြစ်သည်ကို သေချာပေါက် သိရှိသွားပေလိမ့်မည်။
နယ်မြေနှစ်ခု ချိတ်ဆက်သွားပြီးနောက်တွင် ၊ ကွေးယွမ်အမတဂိုဏ်း၏ နောက်ဆက်တွဲကိစ္စရပ်များအတွက်၊ ရှေးဘိုးဘေးနှစ်ဦးသည် ကွေးယွမ်အမတဂိုဏ်းအတွင်း၌ ချန်ရစ်ထားခဲ့သော ၎င်းတို့၏ ဓမ္မကိုယ်ထည်များကို နှိုးထစေခဲ့သည်။
မျဲ့ရှန်း ရှေးဘိုးဘေးက ဆိုလိုက်သည်။
“ တားမြစ် စူးမိသားစုက စနေပြီ၊ ကြည့်ရတာ အတော်လေး ခမ်းနားပုံရတယ်...”
“သူတို့ရဲ့ ပုံစံကို ကြည့်ရတာ ၊ စူးချန်ကဲကို တားမြစ် စူးမိသားစုထဲကို ပြန်ခေါ်ဆောင်သွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံပေါ်တယ် “
“ဟား... ဒီလောက်ကတော့ ငါတို့ ကွေးယွမ်အမတဂိုဏ်းကရော မထုတ်ပြနိုင်လို့လား “
မျဲ့ရှိန် ရှေးဘိုးဘေးသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ၊ သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
ဝီ!!
အကန့်အသတ်မရှိသော အမတစွမ်းအင်အလင်းတန်းများသည် ကွေးယွမ်အမတဂိုဏ်း၏ ဝေဟင်ထက်၌ စုစည်းသွားသည်မှာ ကောင်းကင်မှ ကျရောက်လာသော ကြယ်တာရာအလင်းကန့်လန့်ကာ တစ်ခုနှင့် တူပေသည်။
ထိုအလင်းကန့်လန့်ကာကြီးပေါ်တွင် အလင်းလှိုင်းတံပိုးများ သက်ဝင်လှုပ်ရှားလာသည်နှင့် အမျှ ၊ အလွန်တောက်ပသော နတ်ရောင်ခြည်များ ဖြာထွက်နေသည့် မရေမတွက်နိုင်သော ပျံသန်းယာဉ် နတ်သင်္ဘောများစွာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထို့နောက်တွင်၊ မျဲ့ရှိန် ရှေးဘိုးဘေး၏ ကျယ်လောင်သောအသံသည် ဤလောကတစ်ခွင်လုံးတွင် ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
“ ကွေးယွမ်အမတဂိုဏ်းက အတွင်းဂိုဏ်းတပည့်တို့ နားထောင်ကြလော့ ၊ ခုချက်ချင်း နတ်သင်္ဘောပေါ်ကို တက်ပြီး၊ တိုက်မြေသုံးထောင်ကို ချီတက်ကြ ၊ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူကို ကြိုဆိုကြလော့!”
“ တိ့ထျန်း ၊ ငါ ရှေးဘိုးဘေးရဲ့နာမည်နဲ့ မင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်”
“အကယ်၍ မင်း တားမြစ် စူးမိသားစုကကောင်တွေကို မယှဉ်နိုင်ခဲ့ဘူးဆိုရင် ၊ မင်း ပြန်မလာနဲ့တော့!”
တစ်ချိန်တည်းမှာပင်။
လျှို့ဝှက်လှိုဏ်ဂူတစ်ခုတွင်၊ မိုးကောင်းကင်ထိ တိုးဝင်နေသော ရှေးဟောင်းသစ်ပင်တစ်ပင်၏ အောက်တွင်။
အနက်ရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ကျောက်စိမ်းဖြူ ခေါင်းအဆင်တန်ဆာနှင့် ထုံးဖွဲ့ထားသော ပုဂ္ဂိုလ်တစ်ဦးသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏အသွင်အပြင်မှာလည်း ခန့်ညားချောမောပေသည်။ သေချာကြည့်မည်ဆိုပါက ၊ သူသည် တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အနည်းငယ် ဆင်တူသည်ကို မြင်တွေ့နိုင်သည်။
“ ဆရာတူညီလေး ချန်ကဲကို သွားကြိုဆိုရမှာလား.....?”
တိ့ထျန်း၏ မျက်နှာသည် ခါးသီးသော အမူအရာဖြင့် ရှိနေသည်။ ယခင်က သူသည် ဗေဒင်အတတ်ဖြင့် တွက်ချက်ကြည့်ရှုခဲ့ရာ ၊ ဤတစ်ကြိမ်တွင် တားမြစ် စူးမိသားစုမှ ကြိုဆိုသူမှာ စူးမိသားစု၏ အကြီးအကဲဖြစ်သူ စူးယွင်ယွဲ့ ဖြစ်ကြောင်း သိရှိခဲ့ရသည်။
တစ်ချိန်က အမတနယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်ဟောင်းနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့.. ဒါသူ့ကို တမင်တကာ ခက်ခဲအောင်လုပ်နေတာပဲ မဟုတ်လား!?
ထို့အပြင် သူသည် အမတဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသေးသည်။ သို့သော် စူးယွင်ယွဲ့ သည် အမတ ဧကရာဇ်နယ်ပယ်အဆင့်ကိုပင် ချိုးဖျက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
သူမကို သူ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ!?
ထိုအချိန်တွင်၊ တောက်ချန်ခုန်းသည် သူ့အနားသို့ရောက်လာပြီး၊ သူ့ပခုံးကို ပုတ်လျက် ပြုံးရယ်ကာ ဆိုလိုက်သည်။
“ ညီလေး တိ့ထျန်း၊ မင်းက အနည်းဆုံးတော့ ယောကျာ်းတစ်ယောက်ပဲလေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ!”
“မယှဉ်နိုင်ဘူးဆိုတောင် ကြိုးစားကြည့်ရမှာပေါ့!”
“ဘယ်လိုပဲဖြစ်ဖြစ် ဆိုးဆိုးရွားရွား ဒဏ်ရာရရုံလောက်ပါပဲ သေတဲ့အထိတော့ မဖြစ်ပါဘူး”
ထိုစကားကိုကြားလိုက်ရပြီးနောက် ၊
တိ့ထျန်း၏ မျက်နှာသည် ပို၍ပင် မှုန်ကုတ်သွားတော့သည်။
ဒါ လူကထွက်တဲ့စကားလား!?
သူ့အနေဖြင့် အားကိုးရာမဲ့ဖြစ်နေသည်။ အကယ်၍ သူသည် သွားရန်ငြင်းဆိုခဲ့မည်ဆိုပါက ၊ မျဲ့ရှိန်ရှေးဘိုးဘေးသည် သူ့ကို ယခုချက်ချင်း သတ်ပစ်မည်မှာ သေချာသည်။
“ငါ့ရဲ့ ဒီညီလေးကို အားကျမိပါတယ်...”
“ငါ အမတနယ်မြေကို ရောက်လာခဲ့တုန်းကဆို....”
ပြောရင်းဖြင့် ၊ တိ့ထျန်းသည် ယခင်က အဖြစ်အပျက်များကို ပြန်သတိရလာသည်။
သူကိုယ်တိုင် အမတနယ်မြေသို့ တက်လှမ်းခဲ့စဉ်က၊ အမတဂိုဏ်းသည် ဤသို့ချော့မော့ပြောဆိုခဲ့ဖူးသည်။
“အမတဂိုဏ်းကို ရောက်ရှိလာနိုင်တဲ့ ဖြစ်စဉ်က တကယ်ကို ရှားပါးတဲ့ ဖြစ်စဉ်ပဲ”
ထို့ကြောင့် သူတို့သည် ကြိုဆိုရေး တမန်တော်များကို မစေလွှတ်ဘဲ သူ့ကို တစ်ကိုယ်တည်း ရုန်းကန်စေခဲ့သည်။ မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ပြီးနောက်မှသာလျှင် သူသည် ကွေးယွမ်အမတဂိုဏ်းသို့ ရောက်ရှိလာနိုင်ခဲ့သည်။
အမှန်စစ်စင် ၊ သူတစ်ယောက်တည်းသာမက၊ စစ်မှန်အမတအဆင့်သို့ ရောက်ရှိကာ အမတနယ်မြေရှိ အင်အားစုများထဲသို့ ဝင်ရောက်လိုသူတိုင်း အမတနယ်မြေသို့ တစ်ကိုယ်တည်း သွားရောက်ရပေမည်။
ကြည့်လေ စူးချန်ကဲကတော့ ဘယ်လောက်ကံကောင်းလိုက်လဲ! ကြိုဆိုရေး တမန်တော်တွေတောင်မဟုတ်ဘူး သင်္ဘောကြီးနဲ့ အုပ်စုလိုက်ကို ချီတတ်လာကြတာ !!
တစ်ဖွဲ့တောင် မဟုတ်ဘူး နှစ်ဖွဲ့တောင်ပဲ !
သို့သော်လည်း၊ ဤသည်မှာ သူ တောင်းဆို၍မဖြစ်နိုင်သော အရာသာပင်။ စူးချန်ကဲ၏ အဆက်အသွယ်နဲ့နောက်ခံက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ!?
အကယ်၍ သူတို့ ကွေးယွမ်အမတဂိုဏ်းသည် ကြီးကျယ်ခမ်းနားစွာ စေလွှတ်ခြင်းမပြုပါက ၊ တားမြစ် စူး မိသားစုသည် စူးချန်ကဲကို အသာလေး ခေါ်ဆောင်သွားပေတော့မည်။